တပေါင်းလနဲ့ အညာရိုးရာပွဲ

>> Saturday, May 31, 2008


တပေါင်းလနဲ့ အညာရိုးရာပွဲ
မဇနိ
27 May 2008

အိမ်ကို ဖုန်းဆက်တော့ ဒီနေ့ ကျွန်မရဲ့ မြန်မာနှစ်မွေးနေ့တဲ့။ မုန့်မှုန့်တွေရှိတာနဲ့ မုန့်ဆီကြော်ကြော်ဖြစ်တယ်တဲ့။ အိမ်ကို ကြွလာတဲ့ သံတော်တွေကို ဆွမ်းနဲ့ မုန့်ကြော်ကပ်လှူတယ်ဆိုလို့ သတိရသွားမိတယ်။ မုန့်ဆီကြော်လည်း စားချင်လာတယ်။ ရန်ကုန်မှာဆိုရင်တော့ ၀ယ်စားလို့ရတတ်တယ်။ လှည်းတန်းဈေးနဲ့ သိမ်ကြီးဈေးမှာ တခါတရံတွေ့ရတယ်။ ကျွန်မတို့မြို့မှာတော့ မြို့ဈေးမှာ အမြဲဝယ်လို့ရပါတယ်။ အိမ်မှာကြော်တာလောက်တော့ စားလို့မကောင်းတာအမှန်ပဲ။ မုန့်ဆီကြော်ကိုတော့ အညာသူ အညာသားတွေ ပိုနှစ်သက်ကြမယ်ထင်ပါတယ်။ ကျွန်မတို့ အညာက အစားအသောက်၊ ဓလေ့တွေက အောက်ပြည်အောက်ရွာနဲ့ ကွာခြားမှုတွေ ရှိတတ်ပါတယ်။ အညာက ရိုးရာပွဲတော်တခုအကြောင်း ဖတ်ကြည့်ကြပါဦးနော်။


တပို့တွဲလကုန်ခါနီးပြီဆိုရင်တော့ ကျွန်မက အထုပ်ပြင်ပြီး အမေ့ အစ်မတွေ ရှိတဲ့ ရွာကို အစ်ကိုတွေလာခေါ်တာနဲ့ လိုက်တော့တာ။ အမေတို့ရွာက မြို့ကနေ လိုင်းကားနဲ့ဆို မိနစ် ၅၀ သာသာ စီးရတယ်။ နောက် ကားလမ်းဘေးကနေ ၁၅ မိနစ်လောက် ရွာဆီခြေလျင်သွားရတယ်။ ခြေလျင်သွားရလဲ မမောဘူးရယ်။ ကားပေါ်ကဆင်းပြီဆိုတာနဲ့ လမ်းဘေးတလျှောက်မှာ ထန်းပင်တန်းတွေ လှမ်းမြင်ရတယ်။ လေလေးများဝေ့လာရင် ထန်းလျက်နံ့သင်းလာပြီပေါ့။ ကိုဇနိကို အလည်ခေါ်သွားရင်တော့ ထန်းရည်နံ့သင်းတယ်လို့များ ပြောလေမလားတွေးမိတယ်။ လမ်းလျှောက်ရင်းမောရင် အမောပြေနားပါဦးဆိုတဲ့ အသံတွေက ဟိုတဲကခေါ် ဒီတဲကခေါ်ပေါ့၊ အသိဖြစ်လို့ခေါ်တာမဟုတ်ဘူးနော်။ လာတဲ့လူတိုင်းကို ဖိတ်ခေါ်တတ်တယ်။ ကဲ ထန်းလျက်လေးစားရင် ထန်းရည်လေးများ မြည်းချင်သပဆိုရင် အညာရွာကိုသာ အလည်လာခဲ့တော့နော်။



ရွာအ၀င်ရောက်ရင် လာကြိုတဲ့ ကလေးတသိုက်က ဆူဆူညံလို့။ အများအားဖြင့်ကျွန်မတို့ရောက်ပြီး နောက်တနေ့ဆို တပေါင်းလဆန်း ၁ ရက်နေ့ရောက်တော့တာပဲ။ အစ်ကိုတွေက မြို့ကို ငါးခြောက်အဓိက လာဝယ်ရတယ်။ တပေါင်းလမှာ ရွာသူရွာသားတွေအတွက် အင်မတန်ပျော်စရာကောင်းတဲ့ ရိုးရာပွဲတော်တခုရှိတယ်။ ဘယ်ဆီရောက်ရောက် တပေါင်းလဆို မုန့်ဆီကြော်စားချင်လိုက်တာလို့ တမ်းတမိတတ်ပါတယ်။ ကျွန်မတို့ အညာမှာ တပေါင်းလဆိုရင် မိရိုးဖလာ မိဆိုင်ဖဆိုင်နတ်များ ပူဇော်ပသတဲ့ပွဲဆိုပြီး ရွာတိုင်းအိမ်တိုင်း လုပ်ကြပါတယ်။ မြို့တွေမှာတော့ တချို့အညာဒေသက မဟုတ်ဘဲပြောင်းလာတာတို့ဆိုရင်တော့ အဲဒီဓလေ့သိပ်မရှိပါဘူး။ ဒါကတော့ အညာဒေသရဲ့ရိုးရာဓလေ့တခုပါ။

တပေါင်းလဆန်း ၁ ရက်နေ့မှာ ဆန်ရေစိမ်၊ ၂ ရက်နေ့မှာ မုန့်ထောင်း၊ ၃ ရက်နေ့ မုန့်ကြော် ပြီး ၄ရက်နေ့မှာ နတ်တင်ပွဲလုပ်ပါတယ်။ အရှင်ကြီးတင်တဲ့ပွဲလို့လဲ ခေါ်ကြတယ်။ ၁ ရက်နေ့ မနက်ဆို အမေ့အစ်မအကြီးဆုံး အဒေါ်က ပုဆိုးစခေါင်းပေါင်းပြီး ကောက်ညှင်ဆန်တွေ သန့်စင်တယ်၊ စပါးလုံးရွေးတယ်၊ ကျွန်မတို့ကတော့ သူသန့်စင်ပေးတဲ့ကောက်ညှင်းကို စပါးလုံးရွေးကူရတယ်။ ဆန်သန့်စင်ဖို့ကလည်း မိန်းမကြီး ၄ ယောက်လောက် လာကူပါတယ်။ အဒေါ်က အိမ်မှာ ယက္ကန်းယက်နေတဲ့ ကလေးတွေကို ဘယ်သူတွေကို မနက်ဆန်ပြာလာခဲ့ဆိုပြီး အခေါ်လွှတ်လိုက်တယ်။ မနက်ဆို သူတို့တွေလည်း လာကြတယ်။ သူတို့ကို ကျွေးဖို့ဆိုပြီး ထောပတ်ပဲနီပြုတ်ထားတဲ့အိုးကြီးက အငွေ့တထောင်းထောင်းနဲ့ တနေကုန်မီးဖိုပေါ်ထားပါတယ်။ မနက်ခင်းအတွက်က ဘယာကြော်နဲ့ မုန့်ပြားသလက် ရေနွေးကြမ်းဆိုပြီး လာသမျှလူတွေ အားမနာစားနိုင်အောင် ချက်ပြုတ်ထားတယ်။ အဒေါ်က မချက်ရပါဘူး။ လာကူတဲ့သူတွေ ဟိုလူက ထမင်းချက်၊ ဒီလူက ဆန်ပြာဆိုပြီးခိုင်းတယ်။ အဒေါ်က သူကြီးကတော်ဆိုတော့ ကူမယ့်သူက တရွာလုံးရှိတယ်။ ရွာထိပ်က အမေချစ်ကတော့ အိမ်ရှေ့တလင်းပြင်မှာ ပြောင်းဖူးဖက်နဲ့ ဆေးလိပ်တွင်တွင်လိပ်နေတော့တယ်။ သူ့အနားမှာလည်း လက်ဖက်ခွက်က မပြတ်ပို့ပေးထားရတယ်။ ကျွန်မကတော့ သိပ်ပျော်တာ။ ဟိုစပ်စပ် ဒီစပ်စပ်လုပ်ရလို့လေ။

၂ ရက်နေ့မနက်ခင်းဆိုရင် မိန်းမကြီးတွေက ဆန်တွေ ရေဆေးပြီး စကာကုံးတွေနဲ့ ရေစစ်၊ ပိတ်ဖြူစတွေ အုပ်ကြတယ်။ ည ၇ နာရီလောက်ဆို မောင်းထောင်းသွားဖို့ ပြင်ဆင်နေကြပြီ။ အိမ်တိုင်းအိမ်တိုင်း မုန့်ကြော်ဖို့ပြင်ဆင်ရတယ်ဆိုတော့ မောင်းကို နေရာမှတ်ထားရတယ်။ ဘယ်အိမ်က နံပါတ်စဉ်ဘယ်လောက်ပေါ့။ အပျိုချောတွေက မောင်းထောင်းကြမှာဆိုတော့ ဒီဟာကတော့ဖြင့် ရွာကာလသားတွေ ဂွင်မိပြီပေါ့။ ညဘယ်မှမထွက်ရလောက်အောင် စည်းကမ်းကြီးတဲ့အိမ်က အပျိုတွေလည်း မောင်းထောင်းထွက်မှာဆိုတော့ အချိန်းအချက် အတော်ဟုတ်နေပြီ။ တအိမ်နဲ့တအိမ်ကူထောင်းပေးကြတာပါ။ သူပြီး သူက ကူနဲ့ အလှည့်ကျ ကူသွားတယ်။ မမောတဲ့အပြင် ပျော်စရာအကောင်းသား။ အပျိုမတွေကလဲ လူပျိုကြောင်းပြောရင်း မောင်းထောင်းရတာဆိုတော့ မမောဘူးတဲ့။ ကျွန်မတို့ကတော့ သူတို့ပြောတာ ခိုးနားထောင်တယ်။ သူတို့က ညာညာပြီး နှင်ထုတ်တယ်။ မသွားပါဘူး။ နောက်ဆုံးမနိုင်တော့ သူတို့လဲ ပြောချင်ရာပြောတော့တာ။

ရွာမှာက မောင်းရှိတဲ့အိမ်က ၄ နေရာလောက်ရှိတယ်။ နီးစပ်ရာထောင်းကြတာပေါ့။ ကျွန်မ အစ်မကတော့ ရွာလယ်မောင်းမှာ ထောင်းကြတယ်။ တချို့တွေကလည်း ရွာအရှေ့ပိုင်းမှာ မောင်းရှိပေမယ့် ရွာလယ်ကိုလာကြတယ်။ ရွာလယ်က ပိုစည်ကားတာကိုး။ ရေနံဆီမီးကွက်လေးက လိုအပ်ရင်ထွန်းတယ်။ မလိုရင်တော့ လရောင်နဲ့ မောင်းထောင်းကြတယ်။ အဲ ရွာလယ်ဇရပ်မှာတော့ ကာလသားတွေ တတီတီတတောင်တောင် မယ်ဒလင်ခေါက်နေကြပြီ။ သူ့နှမကိုယ်ပိုး ကိုယ့်နှမသူပိုးပေါ့။ အဆင်ပြေတဲ့သူကတော့ အပြန် ဆန်မှုန့်ဘန်းကို ရွက်ရတယ်။ အဲဒီမှာ ဇာတ်လမ်းစတာက ကျွန်မအစ်မ မဌေး။ သူက တက္ကသိုလ်ကျောင်းသူ။ တောသူသာဆိုတယ် အသားကဖြူတယ်။ အိမ်မှာ တစ်ဦးတည်းသောသမီးပေါ့။ သူကြီးသမီးကျောင်းသူဆိုတော့ သူ့ခေတ်လို့ပြောရမှာပေါ့။ သူ့ကို ရွာက ကာလသားတွေ မကြိုက်ရဲဘူး။ တခါလယ်ထဲသွားတော့ သူ့ကို ရွာက ကောင်လေးက စကားလိုက်ပြောတော့ ဒီရွာမှာ ငါဘယ်သူ့မှ မစဉ်းစားဘူးဆိုပြီး ခုံဖိနပ်နဲ့ ချခဲ့တယ်တဲ့။ သူက စွာတေးလန်တယ်။

တညတော့ ကူတဲ့လူတွေကို မုန့်ထောင်းခိုင်းပြီး ကျွန်မကို သူ့လူပျိုကြည့်မလားတဲ့။ ကြည့်မယ်လို့ပြောတော့ သူက မောင်းရှိတဲ့အိမ်ပေါ်ကို ခေါ်သွားတယ်။ တွေ့တာပေါ့ သူ့လူပျို။ ကျွန်မက ငိုပြီး အတင်းအိမ်ပြန်ခေါ်တာ။ အဲဒီလူက ခဏလေးနေပါအုံး မုန့်ကျွေးမယ်တဲ့။ မရဘူး အစ်ကို့တွေတိုင်မှာဆိုပြီး ငိုတော့ အစ်မလည်း မနေရဲဘူး ပြန်လိုက်လာတာ။ တခြားရွာက အဲဒီလူက အရုပ်ကဆိုးတာ တာတေလန်လို့။ သူဌေးသားတဲ့။ အရပ်ကလန်ကလားနဲ့။ ကျွန်မက မမြင်ဘူးလို့ သူ့အကြောင်းကိုက ကြားကြားနေတာ။ အစ်မတို့ရွာနဲ့ အဲဒီလူရဲ့ရွာက ချောင်းခြားတယ်။ ဒါကို အဲဒီလူက ညတိုင်းလာတယ်တဲ့။ အစ်မက အိမ်ကနေ ဘယ်မှမသွားရဘူး။ အစ်ကို ၄ ယောက်ကို ကြောက်ရတယ်။ အစ်ကိုတွေကလဲ အဲကောင်ကို အမြင်ကပ်တယ်။ အစ်ကိုတို့က ကုန်သည်လုပ်တော့ စပါးတွေ အဲကောင်ရောင်းရင် လိုချင်ရင်တောင် မ၀ယ်ဘူးတဲ့။ အဲဒီလောက်ချစ်တာ။ ကျွန်မကလဲ ထင်တာပေါ့။ ဒီလူကြီးကိုတော့ အစ်မကြိုက်မယ်မထင်ဘူးလို့။ အမက တက္ကသိုလ်တက်ရင် ကျွန်မတို့အိမ်မှလာနေတော့ သူ့ကိုကြိုက်တဲ့လူတွေ ကျွန်မက သိထားတာကိုး။ ပြောချင်တာက တပေါင်းလရဲ့ ညတညမှာ မောင်းထောင်းဆိုပြီး အစ်မက အဲလူကြီးနောက် လိုက်ပြေးသွားတယ်တဲ့။ ကျွန်မက ကျောင်းသွားတက်နေရလို့ အစ်မတို့ဆီမရောက်တော့ အစ်မလည်း ပါသွားတယ်ထင်ပ။ အခုတော့ မတွေ့တာ ကြာကြာလှပြီလေ။

မောင်းထောင်းတဲ့အကြောင်း ဆက်သွားဦးမှ။ ၂ ရက်နေ့မောင်းထောင်းပြီး ၃ ရက်နေ့မနက်ဆို မုန့်ကြော်ဖို့ ပြင်ရတော့တယ်။ မနက် ၄ နာရီဆို လူစုပြီး ရွာအရှေ့ထိပ်က ထန်းတောကို သွားရတယ်။ လှည်းတွေနဲ့ လိုတဲ့ပစ္စည်းတွေတင်ပြီး။ ဒယ်အိုးကအစ ထင်းအဆုံးပေါ့။ ၃ နာရီလောက် အိပ်ယာထကြရတယ်။ အစ်မက အဒေါ်လိမ်းဖို့ သနပ်ခါးကို ကျောက်ပြင် ၂ ချပ်နဲ့သွေးပေးရတယ်။ နံ့သာဖြူနဲ့ ကရမက်ပါရောသွေးပေးရတယ်။ အဒေါ်က သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်းတယ်။ ညှော်နံ့ခံနိုင်အောင်လို့တဲ့လေ။ ရွာထိပ်က ထန်းတောမှာ အသီးသီး နေရာယူပြီး မုန့်ကြော်ဖို့ ပြင်ဆင်ရတယ်။ ထန်းလျက်အရည်ကျိုရတယ်။ မုန့်နယ်ရတယ်။ ပဲလွန်းပြုတ်ရတယ်။ ဂျင်း၊ ကြက်သွန်ဖြူထောင်းရတယ်။ ကြက်သွန်နီလှီးရတယ်၊ ခရမ်းသီးလှီးရတယ်။ ငါးသေးသေးလေးတွေ ရေဆေးရတယ်။ မြင်းခွာရွက်၊ ဆူးပုပ်ရွက်၊ ရုံးပတီသီးတွေကို ရေဆေးရတယ်။



ထန်းလျက်ရည်အေးရင် မုန့်ဆီကြော်အတွက် မုန့်နယ်ပြီး စကြော်ပါတယ်။ ဒယ်ပြားကြီးတွေနဲ့ ကြော်ရတယ်။ မုန့်ဆီကြော်ပြီးရင် မုန့်ကြက်ဥဆိုတာ ကြော်တယ်။ မုန့်ကြက်ဥက အ၀ိုင်းအကြီးကြီးတွေ။ နောက် ငါးပေါင်းကြော်၊ ကြက်သွန်ပေါင်းကြော်၊ ရုံးပတီသီးကြော်၊ ဆူးပုပ်ရွက်ပေါင်းကြော်၊ ခရမ်းသီးကို လေးစိပ်စိပ်ပြီး အပေါင်းကြော်ဆိုပြီး အမျိုးမျိုးလုပ်တယ်၊ ကျွန်မအကြိုက်ဆုံးကတော့ ပဲမုန့်လို့ခေါ်တဲ့ မုန့်အနှစ်မှာ ပဲလွန်းနီထည့် ဂျင်း၊ ကြက်သွန်ဖြူထောင်းထည့်ပြီး ကြော်ရတဲ့မုန့်ပါ။ မုန့်ကြော်တဲ့နေရာမှာ မုန့်ဖြူဆိုတာ မုန့်သားအဖြူကိုပဲ ကြော်တာပါ။ မုန့်ဆီကြော်ကိုတော့ မုန့်နီလို့ခေါ်ပါတယ်။ မုန့်ဖြူ၊ မုန့်နီက အရေးအကြီးဆုံးပါ။ နတ်တင်မြှောက်တဲ့အခါ မုန့်ဖြူ၊မုန့်နီက မပါမဖြစ်ပါရပါတယ်။ အဒေါ်က မုန့်ဖြူ၊ မုန့်နီထဲမှာ သူလိုချင်တဲ့ အရုပ်လေးတွေကို အရင်လုပ်ပါတယ်။ သားတွေ ကားလုပ်ငန်း ကောင်းအောင်ဆိုပြီး ကားရုပ်လေးတွေ၊ အိမ်ကဈေးဆိုင် ရောင်းကောင်းအောင်ဆိုပြီး ချိန်ခွင်ပုံစံ၊ လယ်ယာလုပ်ငန်းတွေ ကောင်းဖို့အတွက် နွားရုပ်၊ လှည်းရုပ်၊ တံစဉ်၊ ခမောက်စတဲ့အရုပ်လေးတွေ ပုံဖေါ်ပါတယ်။ ကျွန်မတို့အတွက်တော့ လူရုပ်လေးတွေ လုပ်ပေးပါတယ်။

မုန့်ကြော်ကြတာ တစီတတန်းကြီးဆိုတော့ ထိပ်ကနေကြည့်ရင် အတော်လှပါတယ်။ ကလေးတွေကတော့ အစုံလှည့်စားနေရတာ ပျော်စရာကောင်းလှတယ်။ လူကြီးတွေကလည်း ဘယ်အိမ်ကတော့ မုန့်ဆီကြော်ပြီးပြီဟေ့။ ဘယ်အိမ်ကတော့ မုန့်ဖြူစကြော်ပြီဆိုပြီး အော်ဟစ်ပြောရင်း တက်ညီလက်ညီ ကြော်နေတော့တာပဲ။ အားလုံးလက်စသပ်ပြီဆိုရင်တော့ ဒန်အိုး အဆင့်ဆင့်မှာ မုန့်တွေထည့်ရတယ်။ မီးဖိုတွေ ငြိမ်းသတ်ပြီး လှည်းနဲ့ ပြန်လာကြပါတယ်။ မပြီးသေးတဲ့အိမ်ကတော့ ဆက်ကြော်နေကြပါတယ်။ တချို့အိမ်ကျတော့ ဆင်းရဲလို့ ဒယ်အိုးမရှိတာမျိုးဆို သူများပြီးအောင်စောင့်ပြီး ကြော်ရပါတယ်။ လုံးဝမှ ပိုက်ဆံဆင်းရဲတဲ့သူတွေ အဒေါ်တို့အိမ်က အလုပ်သမားတွေဆို မုန့်ကြော်စရာမလိုပါဘူး။ တတ်နိုင်တဲ့အိမ်တွေက ပိုကြော်ပြီး ခွဲဝေပေးပါတယ်။

နောက်တနေ့ ၄ ရက်နေ့မှာတော့ မနက်အစော ထမင်းချက်ရတယ်။ ငါးရံ့ခြောက်ကို တုံးတစ်ပြီး ကြော်ရတယ်။ ငါးခြောက်က အမြီးစုံ၊ ခေါင်းစုံပါတာမှ နတ်တင်လို့ရတယ်လို့ ပြောကြတယ်။ ပဲကြီးဖြူကို ခပ်ပျစ်ပျစ်လေး နှပ်ရပါတယ်။ ပဲကြီးနှပ်ရင် အဒေါ်က မြေအိုးနဲ့နှပ်လို့ မှာတတ်ပါတယ်။ ပိုပြီး အရသာရှိတယ်၊ မနက် ၆ နာရီလောက်ဆိုရင် သင်ဖြူးတချပ်၊ သောက်ရေခွက် အဆင်သင့်ဖြစ်အောင် လုပ်ပေးထားရတယ်။ အရပ်မျက်နှာတိုင်းမှာ မိဆိုင်ဖဆိုင်နတ်မင်းများကို ထမင်း၊ ပဲနှပ်၊ ငါးခြောက်ကြော်နဲ့ မုန့်ဖြူ၊ မုန့်နီပါ တင်မြှောက်ရပါတယ်။ ကျွန်မကတော့ အဒေါ်လုပ်သမျှကို လိုက်ကြည့်ရတာပျော်တယ်။ ပြီးရင် ထမင်းစားရတော့မှာမလို့လဲပါတယ်။ အရပ်မျက်နှာကို တင်မြှောက်ပြီးရင် ဆန်အိုး၊ ဆီအိုး၊ စားပွဲ၊ ကုလားထိုင်၊ နွားလှည်း၊ ကား၊ ယက္ကန်းစင်၊ ပဲထည့်ထားတဲ့ကျီ၊ စပါးကျီတွေပေါ်မှာ ချိုင့်နဲ့ အစုံထည့်ပြီး အဲဒီမှာ စောင့်တဲ့ နတ်မင်းများကိုလည်း တင်မြှောက်ရပါတယ်။ “တပေါင်းလ အခါကြီးမှာ တင်ပါ၊ မြှောက်ပါတယ်၊ တိုးပါ၊ ပွားပါ၊ စောင့်ရှောက်ပါ“ဆိုပြီး ပါးစပ်က ပွစိပွစိနဲ့ အဒေါ်က နတ်တင်တာတွေ မှတ်မိပါတယ်။ ဆန်အိုးထဲမှာတော့ ပုန်းမကြည်မကို တင်မြှောက်ရတယ်။ သူက လယ်ယာလုပ်ငန်းတွေ အဆင်ပြေအောင် စောင့်ရှောက်တယ်လို့ ကြားဖူးတာပါ။ နေ့လည် ၁၂ နာရီ ထိုးခါနီးရင် ကျွန်မတို့က ပျော်လာတော့တာ။ အဲဒီမတိုင်ခင်ဆို ကျွန်မတို့ ကလေးတွေ မဆူရပါဘူး။ ပုန်းမကြည်မလန့်နိုးမှာ စိုးလို့တဲ့လေ။ ၁၂ ထိုးပြီဆို အဒေါ်က စပါးကျီတွေ ဆန်အိုးတွေထဲက ပုန်းမကျီမကို နှိုးရပါတယ်။ “ပုန်းမကြည်မ ထပါ၊ အပေါ့အပါးသွားပါ၊ စုံ့ပါ၊ မြုံ့ပါ၊ တိုးအောင် ပွားအောင် စောင့်ရှောက်ပါ“ ဆိုပြီး ပါးစပ်က တတွတ်တွတ်ဆိုတယ်။ ကလေးတွေမဆူညံမှ ပုန်းမကြည်မက အိမ်မှာပျော်ပြီး လယ်ယာလုပ်ငန်း၊ စီးပွားရေးတွေ ကောင်းမွန်အောင် မစမယ်လို့ ပြောတာပဲ။

နတ်တင်ပြီးပြီဆိုရင်တော့ မုန့်တွေ စားချင်တိုင်းစားရပါတယ်။ နောက်ပိုင်းရက်တွေမှ မုန့်က စားနိုင်တာပါ။ အစောပိုင်းက ညှော်နံ့တွေနဲ့ ဘာမှမစားချင်ဘူး။ မုန့်တွေက ဘယ်လောက်များလဲဆို ၁ လ၊ ၂ လစားလို့ မကုန်နိုင်တော့ပါဘူး။ ကြာလာလေ ရှားလာလေ စားကောင်းလာလေလို့ ထင်မိတယ်။ ကျွန်မတို့ အမေကတော့ ငြိမ်းပါတယ်။ ရွာကအဒေါ်က ပိုလုပ်ပြီး အဆင်သင့်အမေ့ဆီ ၄ ရက်နေ့ မတိုင်ခင်အရောက် ပို့ပေးပါတယ်။ သူက ညှော်နံခံစရာမလိုပါဘူး။ အခုနောက်ပိုင်းတော့ အမေလည်း သူ့ဟာသူမြို့မှာ မုန့်ကြော်တယ်ပြောတာပဲ။ အဒေါ်တို့ကလည်း အသက်ကြီးတဲ့အဘိုးအဘွားတွေကို မုန့်တွေနဲ့ လိုက်ကန်တော့ပါတယ်။ အဒေါ်တို့အိမ်မှာလည်း သူများက လာကန်တော့တာတွေ ပုံနေတော့တာ။ လာကန်တော့တဲ့သူတွေကို အဒေါ်ကလည်း မုန့်ဖိုးတို့ သူ့မုန့်တို့ ပြန်ပေးတတ်တယ်။ တချို့အိမ်တွေမှာ အရွက်တွေနဲ့ အပေါင်းကြော်တို့ ငါးကြော်တို့ကို အလုပ်ရှုပ်လို့ မကြော်တော့ အဲဒါတွေ ပြန်လက်ဆောင်ပေးလိုက်တာပေါ့။ ခုတော့ အဒေါ်လည်း မုန့်ကြော်ရမည့် တပေါင်းလရောက်ရင် သူ့သမီးကို စိတ်ဆိုးပြီး မုန့်ကို စိတ်မပါဘဲများ ကြော်နေမလားလို့ ကျွန်မတွေးကြည့်နေမိတယ်။ ကျွန်မကတော့ ဘယ်တော့ဖြစ်ဖြစ် အဲဒီမုန့်တွေပဲ စားချင်နေတော့တယ်။ လွမ်းမိတဲ့အရာတွေထဲမှာ အညာထန်းတောအောက်က မုန့်တွေလည်း တ၀ဲလည်လည်ပါနေတတ်တော့တယ်။

မဇနိ

14 comments:

ဇနိ June 1, 2008 at 12:44 AM  

မဇနိရယ်
ရွာအကြောင်းဖတ်လိုက်ရတာ ရွာအိမ်က အရီးကိုတောင် ပြေးသတိရတယ်။ မုန့်တွေဆို သူကြော်တာလေ၊ မြို့လာပြီး ဟိုတင် ဒီတင်လည်း သူပဲ။ မုန့်ဖြူ၊ မုန့်နီ အကုန်ကြိုက်တယ်။ ငါးကြော်လည်းကြိုက်တာပဲ။ မုန့်တွေတင်ရင် အရီးပါးစပ်က ပွစီပွစီ ရွတ်ဖတ်ပြီး တင်နေရင် ငယ်ငယ်တုန်းက ဒီစာတွေမရရင်တော့ တို့ကြီးလာရင် ဘယ်လိုလုပ်ပါ့လို့တွေးမိတာ။ မဇနိကရတယ်ထင်တယ် အဆင်ပြေသွားပြီ။ အခုတော့ အရီးလည်း အသက် ၈၀ ကျော်ပြီ။ လုပ်နိုင်မှာလည်း မဟုတ်တော့ပါဘူး။ အရီးလည်း မြို့သူဖြစ်သွားတော့ မုန့်ကြော်တာတွေကို တပေါင်းလရောက်ရင် လွမ်းနေမှာ အသေအချာပဲ။

Anonymous June 1, 2008 at 1:02 AM  

ကျွန်တော်က အညာက မဟုတ်ပေမယ့် မြန်မာမုန့်တွေကိုတော့ လွမ်းတယ်ဗျာ။ အကုန်အကုန်ကိုပဲ။ မုန့်လင်မယား၊ မုန့်ဆီကျော်၊ ဘူးသီးကျော်....

မပြောတော့ဘူးဗျာ... စားချင်လာလို့...

အဲ... ဘလော့ဂါ ကိုကိုလား မမလား သိချင်ပါတယ်။ အခုလောလောဆယ် ကျွန်တော့်ဆိုက်ဒ်မှာ ဘလော့ဂါကိုကို လို့ သတ်မှတ်ထားပါတယ်။

Anonymous June 1, 2008 at 1:10 AM  

ဟန်သစ်ငြိမ် ရေ
ကျွန်တော်ရေးတဲ့ စာတွေမှာဆိုရင် ဇနိလို့ အထူးတလည် မဖော်ပြတတ်သလို တခါတလေလည်း စာရဲ့အောက်ခြေမှာ ဇနိလို့ရေးထားရင် ရေးထားတတ်ပါတယ်။
မဇနိ ရေးတဲ့ စာဆိုရင်တော့ ကျွန်တော်ပဲ တင်ပေးပြီး စာရေးသူ မဇနိ လို့ ရေးပါတယ်။ အခု အညာပွဲက မဇနိ ရေးထားတာပါ။

တားမြစ် ထားသော... June 1, 2008 at 1:20 AM  

အညာကို ပြန်ရောက်သလိုပ။ ကိုဇနိနဲ့ မဇနိဆိုလို့သာရယ်၊ စာကိုဖတ်နေရတာ ဘေးနားမှာ ထိုင်ပြောပြနေသလိုကိုး။ လူထုဒေါ်အမာရဲ့ လေသံလေးတွေလိုပါပဲ။
အညာကို အလည်ရောက်ရင်တော့ မုန့်ကျွေးမယ်ထင်ပ။

Unknown June 1, 2008 at 1:47 AM  

နှုတ်ခမ်းနာလည်း မုန့်ဆီကြော် စားမှာပဲ။ လွမ်းလို့......

Anonymous June 1, 2008 at 5:15 AM  

အရေးကောင်းတယ်ဗျို့၊လေးစားပါတယ်ဗျာ၊၊

Anonymous June 1, 2008 at 9:16 AM  

ဖတ်လို့ကောင်းပ မဇနိရေ...
မြန်မာ့သရုပ်ကတော့ အညာမပါရင်မပြီးပါဘူးဗျာ။

Anonymous June 1, 2008 at 10:14 AM  

တပေါင်းလ နဲ့ အညာရိုးရာပွဲကတော့ ခွဲခြားလို့ကို မရဘူးနော်... ဖတ်လို့ကောင်းပဗျာ...
tmn

ညိမ်းညို June 1, 2008 at 10:51 AM  

ဒီပို့ကိုဖတ်မိတော့ မွေးရပ်မြေကို လွမ်းလွမ်းဆွတ်ဆွတ် သတိရမိပါရဲ့ဗျာ ။ ကျနော်လဲ ၆နှစ်သားလောက်ထိက အညာမှာကြီးခဲ့ရတာ :) အကုန်မမှတ်မိတော့ပေမဲ့ အခုလို စားစရာပွဲတွေတော့ မှတ်မိနေတယ်ဗျို့ မမေ့တော့ဘူးရယ် :)
ကိုဇနိနဲ့ မဇနိကို ကြုံတုန်းကြွားရဦးမယ် ကျနော့်အရီးလေးလုပ်တဲ့မုန့်တွေကလဲ ကောင်းချက်တော့ဗျာ။ နောက်ထပ် အညာအငွေ့အသက်သင်းတဲ့စာလေးတွေ မျှော်နေဦးမယ်ဗျို့ ။ သာသာအေးအေးလေးပြောပြသွားတာ ဆရာမကြီးလူထုဒေါ်အမာစာတွေဖတ်ရသလိုပဲဗျ။ ပျော်ရွှင်ပါစေ..

ဖိုးသောကြာ June 1, 2008 at 12:33 PM  

အညာက အခါ

မဇနိရေးထားတာတွေ ဖတ်ရတာ ရွာကိုသတိရတယ်ဗျာ့။ ကျွန်တော်တို့ဆီကတော့ လျှပ်စစ်ရှိတော့ မောင်းထောင်းတဲ့ နေရာက ဇာတ်လမ်းလေးတွေတော့ မရှိဘူးဗျာ့။ စိတ်တောင်မကောင်းဘူး။ ကျွန်တော်တို့ ငယ်ငယ်က အိမ်မှာလည်း အဲလိုပဲလုပ်တတ်တယ်ဗျာ့။ အားလုံးမဇနိပြောခဲ့သလို့ပါပဲ။ ဟိုးတုန်းကဆိုရင် သီတင်းကျွတ်အခါ တစ်ပေါင်းအခါ ဆိုပြီ တစ်နှစ်ကို ၂ ခါတောင်လုပ်တာ။ အခုတော့ မလုပ်ကြတော့ဘူး။ လုပ်ရင်လည်း အရှင်ကြီးတွေ၊ ပုန်းမဂျီတွေ မတင်တော့ဘူး။ အိမ်တင်စားတယ်။ ဘုရားလှူတယ်။ အခါဆွမ်းလောင်းတယ်။ အဲဒါပဲ။ အခါဆွမ်းကတော့ ပျော်စရာကောင်းတယ်။ ဘုန်းကြီးကျောင်းသားမဟုတ်တဲ့လူတွေလည်း လိုက်ခံကြတယ်။ ဘုန်းကြီးကျောင်းကိုညမှာသွားအိပ်တယ်။ မနက်ကျတော့ သပိတ်တစ်လုံးပိုက်ပြီး ဘုန်းကြီးနဲအတူ အခါဆွမ်းခံထွက်တယ်။ အပျော်ပေါ့ဗျာ။ ကျွန်တော်လည်း တစ်ခါလိုက်ဖူးသေးတယ်။

ကျွန်တော်တို့အိမ်မှာ လုပ်ရင် မုန့်ဖြူ၊ မုန့်နီနဲ့ ပဲမုန့်ဆိုပြီး သုံးမျိုးအမြဲပါတယ်။ အခေါ်အဝေါ်လေးတွေ မှတ်မိသလောက်ပြောပြဦးမယ်။ မုန့်နီဆိုရင် ထန်းလျက်နဲ့ ဆန်မုန့်နဲရောပြီး အိုးကြီးထဲမှာ ထည့်မွှေရတယ်။ နာနာမွှေလေ ပိုကောင်းလေပဲဆိုလို့ အဲဒါမျိုးတွေကို ကလေးတွေကိုခိုင်းတတ်တယ်။ အဲလိုမွှေပြီးမှ ဆန်မုန့်က ထွေးပြီးဖြစ်လာတဲ့ အခဲလေးတွေမရှိတော့ပဲ အရည်တစ်သားတည်းဖြစ်သွားပြီဆိုရင် မုန့်ကြော်မယ့်လူဆီကို ပေးလို့ရပြီ။ ကြော်တဲ့လူက ယောက်ဂျိုကြီးနဲ့ ခပ်ပြီး ဆီပူထဲကို ထည့်ကြော်တာ။ အဲလိုကြော်တာကိုတော့ ဂျိုသွင်းတယ်လို့ခေါ်တယ်။ မုန့်ဆီကြော်လို့ခေါ်တဲ့ မုန့်နီကတော့ ဂျိုသွင်းပြီးလုပ်တာများပါတယ်။

နောက်တစ်မျိုးက လက်ခပ်ပြားတဲ့။ လက်ခပ်ပြားလုပ်မယ်ဆိုရင်တော့ မုန့်နှစ်ကိုရေနဲ့ အရည်ပျော်ကြီးဖြစ်အောင်မလုပ်ဘူး။ လက္ဖက်ရည်ဆိုင်တွေမှာ ပလာတာ၊ ထပ်တရာလုပ်သလောက် အနေအထားလေးမှာထားတယ်။ အဲဒီလိုလုပ်တော့လည်း မုန့်နယ်တာ အားကောင်းလေ၊ အပင်ပန်းခံနိုင်လေ မုန့်ကပိုကောင်းလေပဲတဲ့။ များသောအားဖြင့်တော့ အစပိုင်းမှာ အားကောင်းမောင်းသန်ဖြစ်တဲ့ လူငယ်တွေကို ခိုင်းကြတယ်။ ကျွန်တော့ အကိုတွေနယ်ပေးကြတာများပါတယ်။ ကျွန်တော်တို့ကတော့ ငယ်သေးတော့ထိုင်ကြည်ရုံ၊ ရေ၊တို့၊ ဆီတို့၊ ဆားတို့ ယူပေးရုံ တောက်တိုမယ်ရလောက်ပဲ လုပ်နိုင်ပါတယ်။

အကိုတွေလုပ်ကြတယ် ဆိုပေမယ့်လည်း လူကြီးတွေက စိတ်တိုင်းမကျတာများပါတယ်။ နောက်ဆုံး အဆုံးသတ်တော့မယ်ဆိုရင် အမေ ဒါမှမဟုတ် လာကူညီတဲ့ အဒေါ်တစ်ယောက်ယောက်က သူတို့ကိုယ်တိုင် နယ်လိုက်ရမှ ကျေနပ်ကြတယ်။ နယ်လို့ပြီးသွားရင်တော့ အလုံးလေးတွေ လုံးပေးတယ်။ အဲဒီအလုံးလေးတွေကိုမှ ဇကောပြင်ကျယ်ကျယ်ပေါ်မှာ လက်နဲ့ခပ်ပြီး အပြားလေးတွေဖြစ်အောင်လုပ်တာပါ။ အဲလိုပြားရာမှာလည်း ပါးပါးလွှာလွှာလေးလည်းဖြစ်အောင် မပေါက်မပြဲအောင်လုပ်ကြရပါတယ်။ မုန့်ကပျက်သွားရင်တော့ ဇကောနဲ့ မုန့်မကပ်အောင် ဆန်ကြမ်းမုန့်တွေသုံပြီးကိုင်ထားလို့ နောက်ထပ်ပြန်ကိုင်ရခက်တယ်တဲ့။ လူကြီးတွေက ကလေးတွေလာကိုင်မှာကို မကြိုက်ကြဘူး။ ကလေးတွေကလည်း အဲဒီလိုဇကောပေါ်မှာ ဘုတ်ဘုတ်၊ ဘုတ်ဘုတ်နဲ့ အသံမြည်အောင်လုပ်ရတဲ့ လက်ခပ်ပြားအလုပ်ကို လုပ်ချင်ကြတယ်။

လက်ခပ်ပြားလုပ်ရတာက လူလည်းပင်ပန်းတယ် အချိန်လည်းကုန်တယ်။ အဲဒါကြောင့် ကျွန်တော့က အဒေါ့်ကိုမေးကြည့်။ ဘာလို့လက်ခပ်ပြားကြတာလဲ မုန့်ဖြူကို မုန့်နီလုပ်သလို ဂျိုသွင်းလို့ မရဘူးဘူးလားပေါ့။ အဲဒေါ်ကလည်း စိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။ လက်ခပ်ပြားတယ်ဆိုတာ မုန့်ကြွတ်ရချင်လို့တဲ့။ ဂျိုသွင်းရင် မုန့်သား အပျော့ပဲရတယ်တဲ့။ မင်းတို့နားလည်းအောင်ပြောရရင် ထပ်တရာနဲ့ ပလာတာကွာသလိုပေါ့တဲ့။

ထပ်တရာဆိုတဲ့ကောင်က အထပ်တွေအများကြိးနဲ့ အ၀ိုင်းလေးလုပ်ထားတော့ အပေါ်ယံက ကြွတ်နေပေမယ့် အထဲကအသားက ပျော့ပြီးနူးညံ့နေတာပေါ့။ ပလာတာကတော့ လေးထောင့် ပုံအပြားခပ်ကြီးကြီးဆိုတော့ နေရာတိုင်းကြွတ်ကြွတ်လေးဖြစ်နေပါတယ်။ ကျွန်တော်ကတော့ ၂ မျိုးလုံးကြိုက်တယ်။

အဲလိုဆိုတော့ ကျွန်တော်ကထပ်မေးတယ်။ မုန့်နီကိုရော လက်ခပ်ပြားလို့ရလားလို့။ ရပါတယ်တဲ့။ ဒါပေမယ့် မုန့်ဆီကြော်လို့ ဆီရွှဲရွှဲ အိအိလေးတော့ ရမှာမဟုတ်ဘူး။ ခပ်ကြွတ်ကြွတ်လေးပဲရမယ်တဲ့။ အဲဒါလည်းကောင်းတာပဲလို့ သားကို လုပ်ကြွေးပါလားလို့ပြောတော့ တစ်နှစ်လုပ်ပေးဖူးတယ်။ မုန့်နီ ကြွတ်ကြွတ်လေးလည်း တစ်မျိုးစားလို့ကောင်းတာပါပဲ။

အစကတော့ပို့စ်တစ်ခုတင်မလားလို့ စဉ်းစားသေးတယ်။ ဒါပေမယ့် မတင်တော့ပါဘူး။ ကွန်မန့်ရှည်ရှည်ပဲတင်လိုက်ပါတယ်။ သီးခံပြီး ဆုံးအောင်ဖတ်တဲ့အတွက်ကျေးဇူးပါ။

Anonymous June 1, 2008 at 2:44 PM  

မဇနိရေ အညာမုန့်တွေ လွမ်းတယ်။ စစ်ကိုင်းသူတို့က လယ်ကြီးနတ်အပိုင်ဒေသကမို့ လယ်ကြီးနတ်နဲ့ ဆိုင်တယ်ပြောပါတယ်။ ဒါပေမဲ့ အဖွားလက်ထက်ကတည်းက အဖွားက သူ့အမေကို အမေ့တစ်သက်ပဲ ပြီးရင် မလုပ်ဘူးဆိုပြီး အဲဒီ အစဉ်အလာကို မယူခဲ့လို့ အဲလိုမျိုးတွေဆို ဘာမှ မသိပါဘူး။ စာတွေထဲမှာ ဖတ်ဖူးတာပဲ ရှိတယ်။ ပျော်စရာတော့ အကောင်းသား။ တစ်ခါလောက် မဇနိရဲ့ရွာကို လိုက်လည်ချင်ပါသေးတယ်။

အညာသား June 2, 2008 at 3:52 AM  

ရွာကို သတိရအောင် လုပ်နေပြန်ပြီ.. အဟင့် အဟင့် :(

Anonymous June 2, 2008 at 9:08 AM  

ဖတ်လို့ကောင်းလိုက်တာမဇနိရယ်
နောက်ပို့စ်လေးတွေလဲမျှော်နေမယ်

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် June 2, 2008 at 9:52 PM  

မဇနိရေ မုန့်ဆီကြော်ကို ကျနော်တို့ အကြေသားတွေလည်း ကြိုက်ပဗျာ။ ရွာမှာလည်း သီတင်းကျွတ်တို့၊ တန်ခူးတို့လို အခါကြီး ရက်ကြီးတွေဆို မုန့်ဆီကြော်တို့၊ မုန့်ပန်းခွေတို့၊ ရွှေကြည် ဆနွင်းမကင်းတို့ လုပ်ကြ ဘုန်းကြီးကျောင်းမှာ ဒါနပြုကြပေါ့ဗျာ။ သူတစ်ကာတွေ ဆန်မှုန့်ကို စက်နဲ့ကြိတ်ပေမယ့် ကျနော့် ဒေါ်ကြီးတွေဆို ခုအထိ အိမ်မှာ မောင်းဆုံတည်ထားတုံးပဲ ။ ကိုယ်တိုင်လုပ်တာက အရသာပိုကောင်းတယ်လို့ပြောတာပါပဲ။ အခါတွင်း ရွာကို မရောက်တာတောင်ကြာပြီ ဗျာ။ မုန်းပန်းခွေလက်ရာကောင်းတဲ့ ဒေါ်ကြီးဝိုင်းလက်ရာတော့ အင်း . . . ပြောရင်းနဲ့ လွမ်းလာသဗျာ ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP