ကြားဖူးနားဝ ရယ်စရာများ (၁၁)

>> Friday, May 30, 2008




ကိုမောင်ဖြူရယ်စရာပို့စ်တင်လိုက်မှ သတိရလို့ ကြားဖူးတာလေးတွေ ပြန်တင်ပေးလိုက်ပါတယ်။ တခါရယ်ဖူးပြီးသားဆိုရင်လည်း နောက်ထပ်ပြီး အိုးဝေစာမျက်နှာပေါ်မှာ ပျော်ပျော်ပါးပါး ရယ်သွားလိုက်အုံးနော်။

ဟာသ(၁) တခါက ဘုန်းဘုန်းတစ်ပါးဟာ ဆွမ်းခံရပ်ကြွလာတယ်။ အိမ်တအိမ်ရှေ့မှာ ရပ်တော်မူနေတာ အတော်ကြာတဲ့အထိ အိမ်ရှင်တွေက အလုပ်ရှုပ်နေတာနဲ့ သတိမပြုမိဘူး။ အဲတော့ ဘုန်းကြီးဆိုတော့လဲ ရောက်နေတာ ဘယ်လိုပြောရမလဲ မသိဘူပေါ့။ ဒါနဲ့ သီချင်းတပိုဒ် ကောက်ဆိုလိုက်ပါတယ်။ အိမ်ရှင်တွေ သတိပြုမိအောင် လုပ်လိုက်တာတဲ့။ ကဲ စဉ်းစားပြီး ဖြေကြပါအုံး။ ဘာသီချင်းလေးများ ဖြစ်မလဲ။
အဖြေလေးရောပေးလိုက်ပါတယ်ကွယ်။ “ခြေစုံကိုရပ်လို့ တွေဝေနေဆဲကွယ်၊ ဒီကစ ရှေ့ဆက်ဖို့ မနက်ဖြန်များစွာကျန်သေးတယ်…“တဲ့။

ဟာသ(၂) လူတယောက်က သူ့ မိန်မရဲ့ကလေးကို ပုခက်ထဲမှာ ချော့သိပ်နေတယ်၊ သူ့နဲ့ရတဲ့ကလေး မဟုတ်ပါဘူး။ အဲဒီလူက သီချင်းလေးနဲ့ ချော့သိပ်နေတယ်ဗျ။ ဘာသီချင်းလေးများလဲ စဉ်းစားကြည့်မယ်နော်။
“တို့သွေးလဲမဟုတ် တို့သားလဲမဟုတ်……“ဒီသီချင်းလေးနဲ့ ပုခက်လွှဲနေပါတယ်တဲ့နော်။

ဟာသ(၃) အတန်းထဲမှာ အဆင့်(၁) ရလာတဲ့ မောင်ရိုးကလေးက အိမ်ကို အပြေးလေးပြန်လာပြီး သူ့အမေကို ရီပို့ကဒ်ပြတယ်။
မောင်ရိုး။ ။“မေမေရေ သားသား အဆင့်(၁)ရတယ်ဗျ“
မောင်ရိုးအမေ။ ။“သားရယ် နောက်တခါ စာမေးပွဲဆို အဆင့်(၀)ရအောင် ကြိုးစားခဲ့နော်။ ဒါမှ အဆင့်(၁)ရှေ့ရောက်မှာသားရဲ့“ဟူသတည်း။

ဟာသ(၄) ရွာက ဘကြီးမောင် မြို့ကိုတက်မယ်ဆိုတော့ လူတိုင်းမှာချင်တာပေါ့။ ဒွေးလေးမြလည်း သူ့မြေး ဖိုးမောင်အတွက် ဒုတိယတန်းဖတ်စာအုပ် မှာလိုက်တယ်။ ကျောင်းပြန်ဖွင့်တော့မှာဆိုတော့ မြို့ကို သွားသူရှိတုန်းမှာရတာကိုး။ မြို့ရောက်တော့ စာအုပ်ဆိုင်မှာ ဘကြီးမောင် လိုက်ကြည့်တယ်။ ဖတ်စာအုပ်တွေက ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းဆိုပြီး သူ့အပုံနဲ့သူရှိနေတယ်။ ဘကြီးမောင် ရွေးဝယ်လိုက်တာကတော့ ပထမတန်းဖတ်စာအုပ်တဲ့။ ဈေးချင်းတူလို့ကတော့ ပထမတန်းစားပဲ သုံးမယ်ဆိုပြီး ၀ယ်ချလာပါတော့တယ်။

ဟာသ(၅) ငါးချဉ်သည် မိအေး ငါးချဉ်ရောင်းထွက်ရင်း စဉ်းစားမိလာတယ်။ သူများတွေ မြို့က တရားပွဲမှာ တရားနာနေတာ သီတင်းတပတ်ရှိတော့မယ်။ သူ့ကို တရားမနာဘူးလားလို့ လူတိုင်းကလဲ မေးနေကြပြီ။ ဒီနေ့တော့ နောက်ဆုံးနေ့ သွားနာလိုက်အုံးမယ်ဆိုပြီး မကုန်သေးတယ် ငါးချဉ်တောင်းလေးနဲ့ နောက်နားမှာ သွားဝင်ထိုင်နေလိုက်တယ်။ တနေကုန် ပင်ပန်းလာတော့ ခဏနေ အိပ်ပျော်သွားတော့တယ်။ အိပ်မက်ထဲမှာ သူ့ငါးချဉ်တွေပဲ မက်နေတော့တယ်။ ဒါနဲ့ နောက်ဆုံး ဘုန်းကြီးက ဆဒ္ဒန်ဆင်မင်းတရားကို နိဂုံးချုပ်ပြီး အမျှဝေတော့တယ်။ ကဲ ကဲ အမျှဝေကြစို့လို့ပြောတာနဲ့ ငါးချဉ်သည်မိအေးလဲ လန့်နိုးလာပြီး
“ဟောဒီက ကျွန်မ ငါးချဉ်လေးတွေ ၀ယ်ကြပါအုံးတော့“ ဆိုပြီး ထအော်တယ်။ လူအများလည်း အမျှမဝေနိုင်ဖြစ်ပြီး ပွဲကျသွားရတယ်။ ဒါနဲ့ မိအေးလဲ ရှက်ရှက်နဲ့ အိမ်ပြန်လာတော့ အိမ်က အမျိုးသားက
“ဟဲ့ မိန်းမရေ ဒီနေ့တရားကောင်းလား ဟေ့၊ ဘာအကြောင်းတွေများလဲကွ“ လို့ မေးလိုက်တယ်။ မိအေးပြန်ဖြေပုံကတော့ “ဆားတန်းကြီး ဆင်နင်းသွားတာ သနားစရာကောင်းလိုက်တာတော်“ တဲ့။ တကယ်တော့ တရားအဆုံးသတ်က ဆန္ဒန်ဆင်မင်း အစွယ်ဖြတ်ခံရတဲ့အကြောင်းနဲ့ တရားနာပြန်လာတဲ့လူတွေကလည်း လမ်းတလျှောက်မှာ ဆန္ဒန်ဆင်မင်းသနားစရာကောင်းကြောင်း မိအေးက အဖျားအနားကြားလာတာနဲ့ ရောချလိုက်တာဆိုပဲ။

မဇနိ

4 comments:

ဇနိ May 30, 2008 at 4:12 PM  

မဇနိရယ် မောင်ကြီးဇနိမှာ ရီလိုက်ရတာ...
ဟီးဟီး
ကျောင်းပြန်လာ ရီလိုက်ရတာ - အမောပြေသွားတယ်။

စစ်ကိုင်းသူ May 30, 2008 at 4:14 PM  

မဇနိရေ
ဟာသလေးတွေ ဝေမျှပေးတာ ကျေးဇူးပါနော။ ရီလိုက်ရတဲ့အတွက် ပင်ပန်းနေတာတွေ အနည်းနဲ့ အများတော့ လျှော့သွားကြမှာပါ။
ကြားဖူးတဲ့ ဟာသတစ်ခု ဒီမှာပဲ ပြောပြရစေတော့။
သီချင်းဆိုတာပါပဲ။ သမီးရည်းစားနှစ်ယောက် အင်းယားကန်ပေါ်မှာ ချိန်းတွေ့ပြီး ပြန်ဖို့ထလိုက်တဲ့အခါမှာ ကောင်လေး ပုဆိုးက ခုံနဲ့ညပ်နေသလို၊ ကောင်မလေး ဆံပင်ကလဲ နောက်မှီမှာ ညပ်နေတယ်ဆိုပဲ။ အဲဒီ အချိန်မှာ ကောင်လေးက သီချင်းဆိုလိုက်တာက ဒီလိုပါ။
“ချစ်သူ ညနေ တို့ညနေ တို့နှစ်ယောက်ညနေ“
အဲဒီသီချင်းမှာ ဘယ်လို အသံထွက်ဆိုထားတယ်ဆိုတာသိရင် ခံစားလို့ ရမှာပါ။

ဒိုးကလေး May 30, 2008 at 4:15 PM  

မဇနိရယ် ကျွန်တော်လဲ ရီလိုက်ရတာ ... ဗိုက်ဆာသွားတယ်... :P

မောင်ဖြူ May 30, 2008 at 4:20 PM  

မဇနိရေ
ရယ်လိုက်ရတာ ဝက်ဝက်ကွဲပဲ။
ဟာသ(၁)
ကျွန်တော်သာဘုန်းကြီးဆိုရင် ဒီသီချင်းကို ကြာနီကန်ဆရာတော်လေသံနဲ့ဆိုမှာဗျ။ အဟမ်...
~~ဘုန်းကြီးတွေရွာထဲရောက်လာတော့၊ သပိတ်ချပြီး hammer ကနေတယ်.. ရိုးသားတဲ့ဒကာမလေးရယ်... ဘုန်းကြီးနဲ့တစ်ပိုဒ်လောက်ကပါကွယ်~~ဆိုပြီးလေ။ ဆွမ်းမရတောင် သွေးပူလေ့ကျင့်ခန်းပေါ့။ :D

ဟာသ(၂)
တို့သွေးလဲမဟုတ်၊ တို့သားလဲမဟုတ်၊ တို့တင်ထားတဲ့လူလဲမဟုတ်၊ တို့မဲပေးထားတာလဲမဟုတ်၊ (ကျောင်းတုန်းက ကျောင်းသားခေါင်းဆောင်ရွေးတာကို ပြောတာနော် အဟီး :P)

ဟာသ(၃)
တစ်ခါက ဂျော်နီဆိုတဲ့သားတစ်ယောက်ကို သူ့မိဘကတွေ့ချင်လို့ ကျောင်းကိုလိုက်လာတယ်။ ကျောင်းကစည်းကမ်းရှိတော့ ကျောင်းသားတွေကို အတော်၊ အညံ့အဆင့်အလိုက် ကြော်ငြာသင်ပုန်းမှာ ကပ်ပေးထားတယ်။ မိဘတွေက ငါ့သားများအတော်ဆုံးအဆင့်မှာများရှိမလားလို့ အပေါ်ဆုံးမှာကြည့်တယ်... မတွေ့ဘူး။ အားတစ်ထစ်လျှော့ပြီး အလယ်အလတ်တန်းစာရင်းမှာကြည့်တယ်၊ မျှော်လင့်ချက်လေးနဲ့ပေါ့။ ဒါလဲမရှိဘူး။ ဒါဆိုရင်တော့ အညံ့ဆုံးအဆင့်မှာတော့ရှိမှာပဲဆိုပီး ဆက်ရှာတယ်၊ ဒါလဲမတွေ့ဘူး။ အဲဒါနဲ့ မိဘနှစ်ပါးလုံးလက်လျှော့ရမလိုဖြစ်နေတုန်း၊ အဖေလုပ်တဲ့သူက 'ဟ မိန်းမ၊ အညံ့ဆုံးအဆင့်အောက်မှာ နောက်တစ်ဆင့်ကျန်သေးတယ်ဟ ကြည့်ပါဦး' ဆိုပြီး အောက်ဆုံးမှာကျန်နေတာကို နှစ်ယောက်သားဝိုင်းဖတ်ကြတယ်။ အဲဒီအဆင့်နာမည်က "ဂျော်နီ"တဲ့။ သူ့ကိုအညံ့ဆုံးစာရင်းထဲမှာတောင်ထည့်လို့မရလို့၊ တစ်ယောက်တည်း တစ်ဆင့်ခွဲပေးထားတာ၊ ဂျော်နီဆင့်ဆိုပြီး။ ခုလဲ မဇနိဟာသထဲက အမေက သူ့သားကို သုညဆင့်မှာ တစ်ယောက်တည်းထားချင်လို့နေမှာ။

ဟာသ(၄)
တို့လဲပထမတန်းပဲ။ လုံးဝလျှော့ဘူး။ ငယ်ငယ်ကရုပ်ရှင်ကြည့်တုန်းကတောင် ပထမတန်းပဲ၊ တစ်ပြားမှမလျှော့ဘူး (ပိုက်ဆံသက်သာသလို၊ ပိတ်ကားနဲ့လဲပိုနီးလို့လေ အဟီး)

ဟာသ(၅)
ဟဟဟ ဆားတန်းကြီး ဆင်နင်းသွားလို့ထင်တယ်။ လပွတ်တာမှာ ဆားဈေးတွေတက်နေတာ။ :D

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP