နိပွန်ပြည်နဲ့ကျွန်မ

>> Tuesday, May 27, 2008


(နိပွန် ခေါ် ဂျပန်ပြည်ကို Kanji ဖြင့်ရေးထားပုံ။)

“နိပွန်ကြီးက တိုကျိုခေါ်၊ ဘိရုမာတွေ အရမ်းပဲပျော်။“ ..ဒီသီချင်းထဲကလို နိပွန်ခေါ် ဂျပန်ပြည်မှာ ဘိရုမာသူတွေ ပျော်နေကြတယ်။ ကျွန်မနဲ့တော့ အတော့်ကို သဟဇာတမတည့်တာလေးတွေရှိပါတယ်။ ကျွန်မကပဲ အများနဲ့ မတူနေလို့လား။ ကာလံဒေသံဆိုတဲ့ ကာလဒေသနဲ့များ လိုက်လျောညီထွေအောင် အနေမတတ်ဘူးလား။ နိပွန်ပြည်သားတွေကပဲ တခုခုလွဲနေလား။

ပြောရရင်တော့ စရောက်တဲ့နေ့ကတည်းက ဒီနေ့ထိဆိုပါတော့။ ကျွန်မစရောက်တော့ လေဆိပ်ကို ကျူတာလာကြိုပါတယ်။ သူကတော့ အသက် ၂၃ နှစ် ဂျပန်မ ၀တုတ်တုတ်လေးပါ။ သူက ခုချိန်ထိ ကျွန်မလိုအပ်တာ ကူညီပေးရမယ့် ကိုယ်ပိုင်ကျူတာဆိုပါတော့။ စရောက်တဲ့နေ့က လာကြိုပြီး အဆောင်လိုက်ပို့တယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာ။ ပင်ပမ်းလာတော့ အိပ်လိုက်ချင်တာ။ အဆောင်ရုံးက မမဂျပန်ကြီးလေ ၁ နာရီလောက်ကြာအောင် မှာတမ်းခြွေနေလို့။ သူ့စကားလဲ ဆုံးရော သူ့လက်ကလွတ် ကျွတ်ပြီထင်တာ။ ဘယ်ဟုတ်မလဲ။ မရွှေကျူတာက အခန်းမှာ ပစ္စည်းထားပြီးရော လာသွားကြမယ် ရပ်ကွက်ရုံးတဲ့။ သူ့မှာပါလာတဲ့ အစီအစဉ်တွေ ကြည့်လိုက်တော့ သွားစရာတွေအများကြီး။ သေသာသေလိုက်ချင်တော့တယ်။ လေယာဉ်ပေါ်မှာ ချမ်းလွန်းလို့ အိပ်မပျော်ခဲ့ပါဘူးဆို။ ကဲ ဘယ်တတ်နိုင်မလဲ။ သွားကြတာပေါ့။ အဲဒီနေ့ တနေကုန်သွားရတော့တာပဲ။ ဘာမှလည်းမစားရဘူး။ နောက်ဆုံးမှ ဗိုက်ဆာပြီလားတဲ့။ အမလေး မေးဖေါ်ရသေးပလို့ ကိုယ့်လည်း ၀မ်းသာအားရ ခေါင်းငြိမ့်မိတယ်။ ဒုက္ခနဲ့စတွေ့တော့တာပဲ။ ဘယ်လိုအနံ့မှန်းမသိတဲ့ ခေါက်ဆွဲကို ငါးအစိမ်းတွေနဲ့။ ဗိုက်ဆာတာတွေတောင် ဘယ်ဆီပြေးကုန်လဲ မသိတော့။ ဒီလိုနဲ့ အဲဒီနေ့က ခြေတိုအောင်သူ့နောက်က လိုက်နေခဲ့ရတာ။ နောက်မှသိလာရတယ်။ အတော်လမ်းလျှောက်နိုင်တဲ့ ဂျပန်မတွေပါလားလို့။ ဒေါက်ဖိနပ်အမြင့်နဲ့ လက်ကိုင်အိတ်နဲ့ အလှမပျက် ပြေးလွှားနေတာ သူတို့တွေပဲ။

အရေးကြီးတာ ပြောရရင် ကျွန်မနဲ့ ပါတီဒုက္ခ။ ကိုယ်က အလိုလိုမှ မြန်မာပြည်မှာ အကျင့်မှ မရှိတာ။ သူတို့က တော်ရုံလည်း မဟုတ်ဘူး။ တစ်လကို ၄ ခါ ၅ ခါ လုပ်တယ်။ တစ်ခါကို ယန်း၃၀၀၀ ဆိုတာ အနည်းဆုံး။ ပိုက်ဆံပေးရပြီး စိတ်ဝင်စားရင် တော်သေးတယ်။ ကိုယ့် lab ခန်းမှာက ကျူတာရယ် ဆီးရီးယားက မိန်ကလေးရယ် ကျွန်မရယ်ပဲ မိန်းကလေးရှိတယ်။ အားလုံးပေါင်း ၂၅ ယောက်လောက်ရှိတာပါ။ ကျူတာက ပါတီမှာ လိုတာတွေ စီစဉ်ရတယ်။ ဆီးရီးယားသူက သူ့အမျိုးသားက ဂျပန်ဆိုတော့ သူက အားလုံးကို သိပြီးသား။ အရက်လဲ အိုကေတဲ့သူ။ ကိုယ်က ဘာလုပ်လို့ ဘာလုပ်ရမှန်းကို မသိအောင် စိတ်ညစ်ရတယ်။ ပါတီမှာ အရက်သောက်ကြတာတော့ အံ့တွေများသြောလို့။ အရက်ပုလင်းဆိုတာ တောင်ပုံရာပုံ။ လာပို့တဲ့လူ မနိုင်အောင်ကုန်တာ။ သူတို့ယဉ်ကျေးမှူဆိုပြီး အချင်းချင်း အရက်ထည့်ပေးရသေးတယ်။ စဉ်းစားသာကြည့်ပေတော့။ သူတို့အရက်မြည်းတဲ့ စားစရာကို ကိုယ့်မှာ မကြိုက်လဲစား ကြိုက်လဲစားရတယ်။ ဆရာတွေ ကျေနပ်အောင် စားပြနေရတယ်။ တခါတလေတော့ ရူးရူးမိုက်မိုက်တွေးမိတယ် ငါဘာလို့ ဒီအရက်ဝိုင်းမှာလာပြီး အရက်မြည်းတွေ စားနေရလဲလို့။ နောက်တော့လည်း စိတ်ကို ပြောင်းလဲယူတတ်လာပါပြီ။ သူ့အရပ်နဲ့ သူ့ဇာတ်လိုက်အောင် ကရတော့မယ်လို့လေ။

မပျော်လဲ ပျော်ချင်ယောင်ဆောင်ပြီး ပါးစပ်မပိတ် ပြုံးနေရတယ်။ ရယ်စရာမကောင်းတဲ့ စကားတလုံးကို အတင်းလိုက် ရယ်နေရတယ်။ စိတ်ဝင်စားစရာ ဘာမှမရှိတဲ့ အကြောင်းအရာကို လူပေါင်းများစွာ စိတ်ဝင်စားနေကြတယ်။ အဲဒီ အချိန်လေးမှာပဲ စိတ်ဝင်စားချင်ယောင်ဆောင်နေကြတာပါ။ အပြင်မှာဆို သူများကိစ္စ ဘယ်လောက်အရေးကြီးကြီး စိတ်ဝင်စားမပေးဘူး။ အတော်အသဲမာတယ်။ ဟန်ဆောင်တတ်တယ်လို့ အနောက်နိုင်ငံသားတွေနဲ့ ကျွန်မတို့ ပြောလေ့ရှိကြတယ်။ အဲ ပထမပါတီက ၂ နာရီလောက် ကြာတတ်တယ်။ အစားအစာတွေ အဲဒီမှာ ဗိုက်ပြည့်အောင် အတော်အသင့် စားကြတယ်။ သိပ်မပြင်းတဲ့ အရက်၊ ဘီယာလောက် သောက်ကြတယ်။ ဂျပန်မတွေလည်း အတော်သောက်တယ်နော်။ သူတို့မျက်နှာလှလှတွေ နီရဲနေအောင် သောက်ကြတယ်။ ကျွန်မကတော့ နာရီကြည့်နေရတယ်။ ပျင်းလွန်းလို့ လိမ်ဖည်နေပြီ။ မဟုတ်လဲ ဖုန်းမက်ဆေ့ခ်ျရိုက်နေရတယ်။

အစားအစာတခုစားပြီဆိုရင် အရသာမကောင်းလဲ “အိုအိရှိ“ လို့ပြောကြတယ်။ သူတို့မျက်နှာကတော့ ရှုံ့မဲ့နေတာ။ ဒါကြောင့် ဟန်ဆောင်ကောင်းတယ် မျက်နှာ ၂မျိုးရှိတယ်လို့ပြောကြတယ်။ ရှေ့မှာတော့ အရမ်းတော်တယ်ပြောပေမယ့် ဒီလူကွယ်သွားရင် မျက်နှာမဲ့တတ်တယ်။ လူတိုင်းတော့ မဟုတ်ဘူးပေါ့။ အတော်များများကတော့ စက်ရုပ်လူတွေများတယ်။ဘာသာစကားအတန်းတက်ရင်တော့ ဂျပန်တစ်ယေက်မှမပါဘူး။ ကျွန်မတို့က သူတို့အကြောင်းတွေ ပြောကြတော့တာ။ မုန့်တခုစားရင် မျက်နှာက ရှုံ့မဲ့နေပြီး ပါးစပ်ကတော့ အိုအိရှိ လို့ ပြောပြီး ရယ်ကြတယ်။ အနောက်နိုင်ငံက သူငယ်ချင်းတွေက ပြောပါတယ်။ မကြိုက်ရင် မကြိုက်ဘူးပေါ့တဲ့။ အရသာမရှိဘဲတော့ ကောင်းတယ်လို့ မပြောနိုင်ဘူးတဲ့။ ပစ္စည်းတစ်ခု၊ ကလေးတစ်ယောက်တွေ့တဲ့အခါ ဂျပန်မတွေလို “ခ၀အိအိ“လို့ လှလိုက်တာလို့ ကျွန်မတို့ အတန်းဖော်တွေ အော်တတ်လာတယ်။ အော်ပြီးရင် တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး ပြိင်တူရယ်ပစ်လိုက်တာပဲ။

ပါတီက တစ်ညကို ၄ခါလောက်လုပ်တယ်။ အတော်တော့ ထူးဆန်းမိတာပဲ။ ကျွန်မတို့ နိုင်ငံခြားကျောင်းသူ ကျောင်းသားတွေက အများအားဖြင့် ပတမပါတီပြီးရင် ပြန်ပြေးကြတာ။ နိုင်ငံခြားကျာင်းသားတချို့ အရက်ကြိုက်တဲ့သူကတော့ နောက်ပါတီတွေပါ တက်လေ့ရှိကြတယ်။ နောက်ပါတီတွေမှာ စားစရာသိပ်မပါတော့ဘူး။ အရက်ခပ်ပြင်းပြင်းတွေသောက်တယ်။ ကာရာအိုကေဆိုတယ်။ ဂိမ်းကစားကြတယ်။ တချို့ညတွေဆို မနက် ၅နာရီလောက်မှ ပြန်လာကြတယ်တဲ့။ ကျွန်မအတွက်တော့ ပါတီရှိတယ်လို့ လာခေါ်မှာ အကြောက်ဆုံးပဲ။ ငြင်းလို့လဲ မရဘူး။ မသွားရင် ဆရာတွေကလဲ မကြိုက်ဘူး။ လူမှူရေးမရှိဘူးလို့ ယူဆကြတယ်။ အဲတော့ မပျော်လည်းသွား ပျော်လည်းသွားနေရတယ်။ ကျောင်းမြန်မြန်ပြီးချင်နေပြီ။ ပါတီမသွားချင်လို့။


(ဂျပန်ယောက်ျားလေးတွေပုံကို မြင်ဖူးရအောင် အင်တာနက်မှာ ရှာတွေ့တာကို တင်လိုက်တာပါ။)
နောက်တစ်ခုက ဂျပန်ကောင်လေးတွေ ရှက်တတ်တာ။ ကျောင်းမှာ သူတို့က ကိုယ့်လာပြီး ရှက်နေလို့ ဘယ်လိုစကားပြောရမှန်းတောင် မသိဖြစ်ရပါ့။ သူတို့က တခြားယောက်ျားလေးတွေနဲ့ အပြင်အဆင် အတော်ကွာတယ်။ မိန်းကလေးကိုင်တဲ့ လက်ကိုင်အိတ်တွေ သူတို့က စတိုင်နဲ့လွယ်တယ်။ လက်ကိုင်အိတ်မျိုးစုံကိုင်တယ်။ လမ်းလျှောက်ရင် နွဲ့နွဲ့လေးလျှောက်တယ်။ ရောက်စကတော့ အတော်ထူးဆန်းတာ။ တနေ့က မြန်မာက သူငယ်ချင်းလာလို့ သူ့ကို ကွန်ပြူတာဆိုင်လိုက်ပို့ပါတယ်။ သူနေရတဲ့ကျောင်းက နည်းနည်းမြို့အစွန်ဆိုတော့ လူသိပ်မရှုပ်ဘူးတဲ့။ ကွန်ပြူတာဆိုင်သွားတော့ ဟာ..ခေါင်းလဲ မဖြီးကြဘူး နော်တဲ့။ တလမ်းလုံး ဒီစကားပဲ ထပ်ထလဲလဲ ပြောနေလို့ ကျွန်မ ရယ်ခဲ့ရတယ်။ သူက မြန်မာပြည်ပြန်ရင် သူများကို ပြမယ်ဆိုပြီး ခေါင်းစုပ်ဖွားနဲ့ ကောင်လေးကောင်မလေးတွေဆို ဓါတ်ပုံလိုက်ရိုက်နေတော့တာ။ ကောင်လေးတွေကိုလဲ အခြောက်လေးတွေလားလို့ မေးလာသေးတယ်။ သူငယ်ချင်းကတော့ လေဆိပ်ကနေ သူနေတဲ့ဆီ သူ့ဟာသူ သွားရတော့ ရထားမစီးခင် လက်မှတ်ဝယ်ရတယ်။ သူက မ၀ယ်တတ်၊ မေးတော့လဲ သူပြောနားမလည် ကိုယ်ပြောနားမလည်နဲ့ မ၀ယ်ပဲ သူ့ဟာသူ ပိတ်ထားတဲ့ လက်မှတ်ပေါက်က်ု တိုးဝင်လာခဲ့တာတဲ့။ သူ့နည်းကလည်း အကောင်းသား။ ယန်း ၂၀၀၀ လောက်ကုန်မယ့်ခရီး အလကားရောက်လာတာ။ ဒါလဲ သူ့ကို ဘယ်လို လွှတ်ပေးလိုက်တယ် မသိ။ တကယ်တော့ အဲဒီ တံခါးတွေတိုးဝင်ရင် ရထားတာဝန်ရှိတွေက လှမ်းခေါ်တာပါ။ သူကတော့ ကံကောင်းလို့ နေပါလိမ့်မယ်။

တခါကလဲ မြန်မာ အစ်မကြီးတယောက်နဲ့ ဖုန်းဘီလ်တွေ များနေလို့ သွားပြောကြတယ်။ ရောက်စဆိုတော့ ဂျပန်စကားက သိပ်မပြောတတ်ဘူး။ ဆိုင်က ကောင်မလေးက ဖုန်းတွေဆက်ပြီး အကြာကြီးလုပ်နေတယ်။ အဖြေက ပေါ်မလာဘူး။ အစ်မကြီးကလဲ စိတ်ကမရှည်တော့ is it ok? ဆိုတဲ့ စကားကို မျက်လုံးကြီးပြူးပြီး သွားအော်နေလို့ မနည်းဆွဲခေါ်ခဲ့ရသေးတယ်။ သူတို့က တချို့က လုံးဝနားမလည်ဘူးလေ အင်္ဂလိပ်စကားကို။ တချို့ကတော့ နားလည်တယ်။ ပြောလဲပြောတတ်တယ်။ ပြောရမှာ ရှက်နေတာ။ ကိုယ်ကလဲ သူတို့စကား ရေလည်အောင်မပြောတတ်၊ သူတို့ကလည်း နားမလည်နဲ့ အတော် ဒုက္ခရောက်ရတယ်။ ဆံပင်ညှပ်ဆိုင်များသွားမယ်ဆို စကားမပြောတတ်ရင် ပြန်လွှတ်တယ်။ မြန်မာပြည်မှာလို ကြည့်ကောင်းသလိုညှပ်ပေးနော်လို့ ပြောလို့မရဘူး။ ရှေ့က ဘယ်လောက် စင်တီမီတာ နောက်နားက ဘယ်လောက်ပါဆိုတာ ပြောရတယ်။ ကိုယ်က ယောင်ချာချာဆိုရင် သူတို့က အရမ်းညှပ်မပေးဘူး ပြန်လွှတ်တာ။ ပိုက်ဆံပေးပါမယ်ဆိုတာကို မယူဘူး။

နောက်တခုထူးဆန်းတာက မင်္ဂလာဆောင်၊ မွေးနေ့ အခမ်းအနား။ ဖိတ်ခံရပြီဆိုရင် ယန်း ၂ သောင်းလောက်ကတော့ အနည်းဆုံး။ ခန်းမ၀င်ကြေး၊ အစားအသောက်ကြေးကို ကိုယ်က ပေးရတယ်၊ ကာယကံရှင်က ပေးစရာမလိုဘူး။ အဲဒီမှတင် ၁ သောင်းက အနည်းဆုံးပေးရတယ်။ လက်ဆောင်ပစ္စည်းက ၁ သောင်းဆိုရင်တော့ မြန်မာပိုက်ဆံ ၂ သိန်းလောက် ကုန်ပြီသာမှတ်တော့။ နောက်ဂျပန်မတွေ အလှပြင်တာတော့ ပြောမနေနဲ့။ သူတို့ နဂိုရုပ်ကို မမြင်ရဘူး။ မြန်မာက အစ်ကိုကြီးတယောက်ပြောတာ သတိရမိတယ်။ သူဒီကိုရောက်စက ဂျပန်မတွေက အားလုံးရုပ်တူနေလို့တဲ့။ စက်ရုံတစ်ခုထဲက ထွက်လာတဲ့လူတွေလိုပဲ သူမခွဲခြားတတ်ဘူးတဲ့။ သူတို့အလှပြင်တာက အရုပ်မတွေလိုကို ပြင်တာ။ အဆင့်ဆင့်နဲ့။ မျက်တောင်ကလဲ အတုတပ်တဲ့သူများတယ်။ သူတို့က မနက်ဆို ရထားပေါ်ရောက်မှ အလှပြင်တာ။ သူတို့ စလင်းဘက်အိတ်ထဲမှာ မိတ်ကပ်ပစ္စည်းအစုံပါတယ်။ မျက်တောင်တုတပ်တယ်။ တမျိုးပြီးတမျိုး ချနေတော့တာ။ ဘေးကလူလဲ ဂရုကို မစိုက်ဘူး။ ထိုင်စရာနေရာမရလည်း သူတို့က ကိစ္စမရှိဘူး။ မတ်တတ်ရပ်ကို အလှပြင်တတ်တယ်။ ကိုယ်ကံမကောင်းရင်တော့ သူတို့ရဲ့ ၃ လက်မလောက် ဒေါက်ဖိနပ်စာ မိတတ်တယ်။ တက်နင်းလဲ တောင်းပန်ချင်မှ တောင်းပန်တာ သူတို့က အရေးကြီးတဲ့ အလှပြင်အလုပ်လုပ်နေတာဆိုတော့လေ။ကိုယ်ကပဲ ကြည့်ရှောင်ပေါ့နော်။

အမျိုးမျိုးသော ဒုက္ခတွေကိုတော့ နောက်များမှ ကြုံရင် ပြောပြအုံးမယ်။ ကိုဇနိ၊ ကိုမောင်ဖြူ၊ ကိုမောင်လုံးနဲ့ ကိုလူအေးတို့လို အရက်ကြိုက်တတ်တဲ့သူတွေနဲ့ နေရာချင်းသာ လဲလိုက်ချင်တော့တယ်။ မနက်ဖြန်များစွာမှာလည်း ပါတီတွေ သွားနေရအုံးမယ်။ အင်း…ဘယ်တော့များမှ ဒီသံသရာဆုံးပါ့မလဲ။

မဇနိ


12 comments:

Anonymous May 27, 2008 at 10:43 AM  

မဇနိရေ
တယ်ဟုတ်နေပါလား။ ရေးနိုင်လိုက်တာ။ အားကျတယ်။ မရေးနိုင်သေးဘူး။ သူတို့တွေရဲ့ပါတီတွေက စစ်ကိုင်းသူတို့လို အညာသူတွေနဲ့ ဘယ်လိုမှ ကီးမကိုက်တာတော့ သေချာတယ်။ စစ်ကိုင်းသူလဲ ပါတီဆိုရင် ထွက်ပြေးနေရတယ်။ ဒီမှာက အများအားဖြင့် ဆရာတွေ သိပ်မပါလို့ ထွက်ပြေးလို့ ရတယ်။ ဆရာတွေ ပါရင်တော့ မရဘူးပေါ့။ သူတို့က သောက်ရုံတင်မက ကလဲ ကကြသေးတာ။ ပထမ တစ်ခေါက်နှစ်ခေါက် အတင်း အကြောက်အကန်ငြင်းထားတော့ နောက်ပိုင်း နားလည်ပေးပြီး အတင်းမခေါ်ကြလို့ ကျေးဇူးတင်ရသေးတယ်။ ကြုံမှ အဲဒီအကြောင်းတွေ ရေးပါဦးမယ်။

Anonymous May 27, 2008 at 10:49 AM  

အလိုက်တသိ မခေါ်ရင် ဘယ်လောက်ကောင်းမလဲနော်
ဒီမှာတော့ မလိုက်ရင် ဆ ဆရာ စိတ်ဆိုးမယ်
ကြောက်ကြောက် စစ်ကိုင်းသူရေ....

ဖိုးသောကြာ May 27, 2008 at 2:32 PM  

ဖတ်လို့ကောင်းတယ် မဇနိရေ။ ကိုဇနိလည်း မဇနိရဲ့ ဒုက္ခတွေကို သနားနေမှာပါ။ မဇနိက နေရာမှားရောက်နေတာကိုး။ ကျွန်တော်နဲ့သာ နေရာချင်းလဲပေးချင်တော့တယ်။ :p

tmn May 27, 2008 at 3:28 PM  

ဒါမျိုးပွဲတွေများ နွှဲလိုက်ချင်ပါပေ့ဆိုပီး ကိုဇနိတစ်ယောက်တော့ အံတကြိတ်ကြိတ်နဲ့ ဖြစ်နေရော့မယ်... :p... ဖတ်လို့ကောင်းတယ် မဇနိ... နောက်အတွေ့အကြုံလေးတွေကို အားပေးမယ်ဗျို့...

Anonymous May 27, 2008 at 3:35 PM  

အိုအိရှိ!!!!
ကောင်းမှကောင်း
မဇနိရေ ပါတီတက်ထား။ မြန်မာရောက်မှ ပါတီထောင်ရအောင်။ ကိုဇနိကို ငှက္ကဋ္ဌခန့်မယ်။ :P
ဒါနဲ့စကားမစပ် နီပွန်တွေ အချိုမှုန့်သုံးလားဗျ။

Anonymous May 27, 2008 at 3:47 PM  

ကိုသောကြာရေ နေရာချင်းတော့ လဲချင်သား။
ကိုဇနိအံကြိတ်နေလား စောင့်ကြည့်ထားအုံးနော် ကိုမောင်လုံး။
ကိုမောင်ဖြူရေ အချိုမှုန့်သုံးတယ်ဗျ။
ဆိုင်တိုင်းမှာ ၀ယ်လို့ရတယ်။
ဒါနဲ့ ထူးဆန်းတာက ကျွန်မတော့ ဒီရောက်ကတည်းက
အချိုမှုန့်မသုံးဖြစ်တော့ဘူး။ ချိုတဲ့အရသာတွေပဲ စားနေရလို့ထင်တယ်။
စစ်ကိုင်းသူရေ အညာသူနဲ့ ပါတီကတော့ စဉ်းစားသာကြည့်ပေတော့။

တားမြစ် ထားသော... May 27, 2008 at 4:37 PM  

မဇနိ၊
ပိုစ့်တွေက များလွန်းလို့ ဒီနေရာကနေပဲ။ ကောင်းချီးပေးတယ်ဗျာ။ နောက်ထပ် နောက်ထပ်၊ အသစ် အသစ်တွေကိုလည်း စောင့်မျှော်နေကြောင်းပါ။ ခရီးသွား မှတ်တမ်းလေးတွေရောပေါ့။
အမြဲအားပေးနေကြောင်းပါ။

Anonymous May 27, 2008 at 7:02 PM  

ညီမလေးရယ်
ရောက်တဲ့အရပ်မှာပျော်အောင်နေ
တွေ့တဲ့လူနဲ့သင့်အောင်ပေါင်း
မြန်မာဝန်ထမ်းကောင်း
......အဆိုတောင်ရှိသေး။

Anonymous May 28, 2008 at 4:35 AM  

ကိုဖြူတို့ကိုသာ နေရာလဲချင်လဲပါကွယ်
အီစကိုက အတူလာနေချင်တာပါ..
း)

အညာသား May 28, 2008 at 6:33 AM  

အိုအိရှိ !
ဟီးဟီး
ပါတီပွဲတွေက စိတ်ညစ်စရာကောင်းမယ်မထင်ဘူးဗျ။ ပါတီမှာ တိုက်တဲ့ အရက်ပုလင်းတွေကိုစု။ ပြီးတော့ပြန်ရောင်းစား။ ဟီးဟီး မမိုက်ဘူးလား။ အသုံးစရိတ်တောင် ရသေး.... :D

မောင်ဂျင် May 29, 2008 at 4:12 AM  

ဖတ်ရတာနဲ့ကို တံတွေးနင်တယ်ဗျ။
အရက်လေးသောက်ရင်း နိပွန်မလေးတွေနဲ့ xxx အဟိ။
စကားလေးဘာလေး ပြောရရင် အိုအိရှိ။ ဟီးဟီး။
လူ့ဘ၀များ ရတာမလို၊ လိုတာမရဆိုတာ
ဒါမျိုးနေမှာပါ့။
တို့များကျတော့လည်း ခိုးကြောင်ခိုးဝှက်သောက်ရတဲ့
နိုင်ငံကိုရောက်ရတယ်။

Unknown June 9, 2008 at 6:10 PM  

I wanna to go there and received sake.Show me the way how to drink it. I do really like liquors, that's right.

Rgds
NNO

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP