ပန်ထွေဖျော်

>> Saturday, November 29, 2008


တနေ့က မနက်စာကို ဒီလိုလေး လုပ်စားကြည့်တယ်။ ထမင်းပူပူလေးနဲ့ ပန်ထွေဖျော်လိုက်ဖက်တယ်ဆိုပြီး စိတ်ကူးပေါက်လို့ အလွယ်လေး လုပ်စားတာပါ။



ခရမ်းချဉ်သီးကိုပြုတ် အခွံနွှာထားတယ်။ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ မြေပဲဆံကိုထောင်းထည့်၊ ကြက်သွန်နီ၊ ငရုပ်သီးလှော်၊ နံနံပင်နဲ့ ဆီအနည်းငယ်ပါထည့်ပြီး ဇွန်းနဲ့ခေါက်လိုက်တဲ့ ပန်ထွေဖျော်ပါ။ ထမင်းပူပူလေးနဲ့တွဲစားရင် မနက်စာက စားလို့အဆင်ပြေသွားနိုင်ပါတယ်။ အိမ်မှာဆိုရင်တော့ ခရမ်းချဉ်သီးကို မီးဖုတ်တယ်။ အဲလိုကတော့ ပိုမွှေးတာပေါ့။ အဆောင်ရောက်ကတည်းက ခရမ်းချဉ်သီးကို ပြုတ်ပြီးတော့ပဲ ပန်ထွေဖျော်လုပ်တော့တယ်။ အဲဒီနေ့ဆို သူငယ်ချင်းတွေ ထမင်းစားလို့မြိန်တယ်လို့ ပြောကြတယ်။




တရက်ကတော့ ထမင်းကို ဒီလိုလေးချက်ပြီး ငါးခြောက်သေးသေးလေးကြော်နဲ့ စားဖြစ်တယ်။ ပန်ထွေဖျော်လေးပါ အဲဒီနေ့က အတူတူလုပ်စားရမှာ။ ဒီလိုထမင်းနဲ့လည်း ပန်ထွေဖျော်က စားကောင်းမယ်ထင်တယ်။ မနက်အစောစာလည်းဖြစ် ထမင်းက အရသာရှိပြီးသားဆိုတော့ အသားဟင်းမလိုဘူးထင်လို့ပါ။

မဇနိ

Read more...

နှုတ်ဆက်ခြင်း

>> Thursday, November 27, 2008





ဒီနေ့ ဆရာတယောက်ကို နှုတ်ဆက်ပွဲလုပ်ကြမယ်။ ခါတိုင်းလိုပဲ ပါတီလုပ်မယ်ဆိုတာ သိနေခဲ့ပေမယ့် တကယ့်တကယ် ကိုယ့်ရှေ့ကို ကျောင်းသားလေးတယောက် ရောက်လာတဲ့အခါမှာ အံ့သြသွားမိတယ်။ ပြီးတော့လည်း စိတ်မကောင်းဖြစ်ကျန်ခဲ့တယ်။

တကယ်တော့ ကိုယ်က သံယောဇဉ်ကြီးတတ်လွန်းလို့ ခင်မိပြီးသားလူတွေနဲ့ နှုတ်ဆက်တယ်ဆိုတာမျိုး မလုပ်ချင်ပါဘူး။ မဖြစ်မနေနှုတ်ဆက်ရရင်လည်း စိတ်မကောင်းဖြစ်မိတယ်။ တွေ့ကြုံဆုံကွဲလောကကြီးမှာ ဒါတွေကို ရှောင်လွှဲမရဘူးဆိုတော့လည်း တနေ့တော့ ကြုံတွေ့ကြရမှာပဲ။ အခုဆရာကတော့ ထိုင်းလူမျိုးဆရာပါ။ သူရှိနေတော့လည်း နိုင်ငံခြားသား ကျောင်းသားကျောင်းသူတွေအနေနဲ့ တအားရှိတာပါပဲ။ ဂျပန်စကားနဲ့ပြောလို့ လိုရာမရောက်တော့ဘူးဆိုရင် အင်္ဂလိပ်လို ပြောလိုက်ချင် မေးလိုက်ချင်တယ်။ တနေ့ကလည်း နိုင်ငံခြားကျောင်းသူတယောက်က ဂျပန်ကျောင်းသာလေးကို စာမေးနေတာကြားတယ်။ သူလည်းစာမေးနေရင်း လိုရာမရောက်တော့ အင်္ဂလိပ်လိုတွေပြောလာတယ်။ ဒါလည်း ကျောင်းသားလေးက နားမလည်ဘူး။ ကြားနေတဲ့ကိုယ်က သူတို့ပြောချင်တာတွေ ခန့်မှန်းလို့ရနေပြီ။ ဒီလို အခက်အခဲတွေကို ထိုင်းဆရာတယောက်က အများဆုံးအကူအညီပေးပါတယ်။ မြန်မာမရှိတဲ့ဌာနတခုမှာ ဒီဆရာက ကိုယ့်အတွက် အတော်လေးကူညီပေးတယ်။ ထိုင်းနဲ့ မြန်မာနှစ်ယောက် ဒီနေရာမှာလာဆုံကြတော့ ကျွန်မအပေါ်ကို မြန်မာလူမျိုးတယောက်လို နားလည်မှုပေးပါတယ်။ အခက်အခဲတွေ့လာတဲ့အခါ တိုက်ရိုက်တော့ ဖြေရှင်းမပေးတတ်ဘူး။ ပြဿနာနဲ့ဆိုင်တဲ့ လက်ချာခေါ်ပေးပါတယ်။ သူပေးလိုက်တဲ့လက်ချာတချိန်ကလည်း တချိန်ဆိုသလောက် အသုံးဝင်တယ်။ နားလည်လွယ်အောင်လည်း ရှင်းပြတတ်တယ်။ စာအုပ်ကောင်းတွေလည်း လမ်းညွှန်ပေးတယ်။

ညနေခင်းမှာ ပါတီလုပ်ဖို့အတွက် လက်ဆောင်သွားဝယ်ကြတဲ့အထိ သိပ်မထူးဆန်းပါဘူး။ ရောင်စုံခဲတံလေးတွေနဲ့ ရွှေရောင်စာရွက်ပြားလေးလာချမှ အမှတ်တရစကားရေးပေးဖို့ဆိုတာ သိရတယ်။ ဒါတွေဟာ သူတို့လူမျိုးမှာလည်း ရှိတဲ့အတွက် ၀မ်းသာကြည်နူးမိပါတယ်။ ငြိမ်းချမ်းခြင်းကိုဆောင်တဲ့ အပြာရောင်ခဲတန်လေးနဲ့ ကျန်းမာပျော်ရွှင်ပါစေလို့ ရေးပေးလိုက်တယ်။ ဆရာက ကျွန်မဆုတောင်းလေးကို သဘောကျတယ်လို့လာပြောတယ်။ တခါကလေည်း တခြားလူမျိုးက ကျွန်မကို အသက်နဲ့စာရင် ငယ်တယ်ထင်ရတယ်လို့ ပြောလာတဲ့အခါ မြန်မာတွေမှာ လျှို့ဝှက်ချက်ရှိတယ်လို့ ထိုင်းဆရာက ၀င်ပြောဖူးပါတယ်။ မြန်မာတွေဟာ တရားထိုင်လို့ မျက်နှာလေးတွေအေးချမ်းပြီး နုပျိုနေတာပါတဲ့။ တကယ်တော့ သူပြောသလို နေ့တိုင်းတော့ ကျွန်မတရာမထိုင်ပါဘူး။ ဒီလိုပြောခံရတဲ့အတွက်တော့ မြန်မာလူမျိုးအပေါ်အမြင်ကို သိခွင့်ရလို့ ကျေနပ်မိပါတယ်။

ဆယ်တန်းစားမေးပွဲဖြေခါနီး ကျောင်းပိတ်ရက်ရောက်တော့မယ်ဆိုရင် အခန်းထဲမှာ အော်တိုစာအုပ်တွေ ဗြောင်းဆန်နေခဲ့တယ်။ စာအုပ်လေးမှာရေးလိုက်တဲ့ စာတကြောင်းက နှစ်အတော်ကြာခွဲခွာဖို့ နှုတ်ဆက်တယ်ဆိုတာ မတွေ့ရတာကြာမှ သိလိုက်ရတယ်။ “မြေဖြူနှင့်တုတ် လက်နှင့်မကွာ ကလေးများကို ပညာသင်တဲ့ ဆရာမလေးဖြစ်ပါစေ” ၊ “ဆေးထိုးအပ်ပိုင် နားကြပ်ကိုင် လူနာချစ်တဲ့ ဆရာဝန်မကြီး ဖြစ်ပါစေ”၊ ဒီလိုဆုတောင်းလေးတွေနဲ့ ခွဲခွာခဲ့ကြရတယ်။ ဆုတောင်းအတိုင်း ကျောင်းဆရာမဖြစ်နေသူတွေ ဆရာဝန်ဖြစ်နေသူတွေ ဘ၀လမ်းတွေခွဲကုန်ကြတယ်။ ဆုတောင်းနဲ့လွဲခဲ့တာတွေလည်း ရှိတယ်။ ဒါပေမယ့် သူငယ်ချင်းတွေအားလုံးကို ပြန်ဆုံဖို့ဆိုတာတော့ ဘယ်လိုမှ မသေချာတော့ပါဘူး။ တချို့တွေနဲ့ ခဏတဖြုတ်ပြန်တွေ့နိုင်ပေမယ့် တချို့သူတွေကို နှစ်ပေါင်းများစွာ ပြန်မတွေ့တော့ပါဘူး။ ဆယ်တန်းနှစ်က အတူထိုင်ခဲ့တဲ့ သူငယ်ချင်းသုံးယောက်မှာ သူ့လက်ကိုယ့်လက်ထောင်ကြည့်ရင်း ငါ့လက်က ဖောင်းဖောင်းလေးတွေ ဆရာဝန်ဖြစ်မည့်လက်၊ ငါ့လက်ကမှ အင်ဂျင်နီယာဖြစ်မည့်လက်နဲ့ အပျော်တမ်းငြင်းခုံခဲ့ကြဖူးတယ်။ ခွဲခွာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတို့လည်း လိုရာဆနွအတိုင်း ဖြစ်ခဲ့ပေမယ့် တနေရာစီ ဝေးကွာခဲ့ရတယ်။

တလမ်းထဲအတူနေတဲ့ အိမ်နားနီးချင်းတွေနဲ့လည်း ခွဲခွာကြရတာပါပဲ။ ကျွန်မတို့ငယ်ငယ်က ဆွေမျိုးလိုနေခဲ့တဲ့ အိမ်းနားနီးချင်းတွေကို တသက်လုံးအတူနေရမယ်လို့ မျှော်လင့်ခဲ့ဖူးတယ်။ တကယ်တမ်းခုချိန်မှာ ကျွန်မတို့လမ်းနဲ့ဝေးရာကို ပြောင်းသွားသူတွေ ချန်ထားခဲ့သူတွေ မနည်းတော့ပါဘူး။ သူတို့အိမ်ပြောင်းခါနီးလို့ လာနှုတ်ဆက်တဲ့အခါ ၀မ်းနည်းဝမ်းသာခံစားရပါတယ်။ တချို့တော့လည်း ဘ၀အခြေမြင့်သွားလို့ ပြောင်းတယ်ဆိုရင် သူတို့အတွက် ၀မ်းသာကြရတယ်။ တနယ်ကို ပြောင်းကြမယ်ဆို အတော်လေးစိတ်မကောင်း ဖြစ်ကြရပါတယ်။ ဒီကြားထဲ တချို့တွေအတွက် ပိုစိတ်မကောင်းဖြစ်ရတာက ဘ၀တွေနိမ့်သွားလို့ ဒီအိမ် ဒီလမ်းလေးကို စွန့်ခွာဖို့ လာနှုတ်ဆက်ကြတဲ့အတွက်ပါ။

ကျွန်မတို့မြန်မာလူမျိုးတွေနည်းတူ သူတို့တွေလည်း နှုတ်ဆက်ခြင်းကို ခံစားတတ်ကြလို့ ကြည်နူးဝမ်းသာမိပါတယ်။ ၀မ်းနည်းခံစားမှုက စိတ်ပင်ပန်းစေလို့ ခင်မင်သူများကို နှုတ်မဆက်ချင်ပါဘူး။ မဖြစ်မနေနှုတ်ဆက်ရတော့မယ်ဆိုရင်လည်း တနေ့မှာ ပြန်ဆုံကြရတဲ့ နှုတ်ဆက်ခြင်းတွေနဲ့ပဲ ကြုံတွေ့ချင်ပါတယ်။

မဇနိ

Read more...

Nabe

>> Tuesday, November 25, 2008


မနေ့က မြန်မာမိသားစုအိမ်မှာ နဘဲနဲ့ အကြော်မျိုးစုံ၊ ခေါက်ဆွဲကြော်နဲ့အတူ ဘီယာသောက်ကြတယ်။ မဇနိကတော့ နဘဲကြိုက်လို့ ဗိုက်တင်းအောင်စားခဲ့တယ်။ မဇနိကြိုက်တဲ့အစားက ရှားပါးတော့ နဘဲတွေတအားစားတဲ့ မဇနိကို သူတို့အံ့သြနေတယ်။ အစားဂျီးများတာ သူတို့တွေသိနေတာကိုး။ ဒါနဲ့ အပြန်မလေးခေါက်ဆွဲကြော်ထည့်ပေးလိုက်တဲ့အပြင် ဒီနေ့စားဖို့ နဘဲတခါချက် အစုံအလင်ထည့်ပေးလိုက်သေးတယ်။
မိဆိုးဟင်းအနှစ်၊ ကြက်သားမှုန့်၊ ကင်မ်ချီအနှစ်၊ အသီးအရွက်အစုံ ထုတ်ပိုးသယ်လာလို့ ခုပဲ ချက်လိုက်တယ်။
နဘဲက ပါတီတွေမှာလဲ ဂတ်စ်မီးဖိုတည်ပြီး အိုးကြီးထဲကနေ ပန်းကန်အသေးလေးတွေနဲ့ တပျော်တပါးစားကြရတယ်။
ဂျပန်ရိုးရာအရတော့ ချစ်ခင်မှုနဲ့ အိုးတလုံးထဲကနေ အတူတကွ ခပ်စားကြတယ်လို့လည်း ပြောပါတယ်။
အဓိက မိဆိုးဟင်းနှစ်ပါပဲ။
မဇနိက အသားမကြိုက်လို့ လုံးဝမထည့်ပါဘူး။
ငါးသေးသေးလေးတွေနဲ့ ငုံးဥပဲ ထည့်ပါတယ်။
ရာသီဥတုအေးရင် မီးဖိုပေါ်က ပူပူလေးခပ်စားရတာ မဇနိကတော့ ကြိုက်လှပါတယ်။
ဒီနေ့လည်း တကယ်က ပါတီပြန်လာလာချင်း ချက်လိုက်တာပါ။
ပါတီမှာ ဆုရှီအ၀စားပါတီဖြစ်ပေမယ့် ဘယ်လိုမှမကြိုက်တော့ သိပ်မစားခဲ့ပါဘူး။
ပိုက်ဆံကတော့ ယမ်း ၅၀၀၀ ပေးခဲ့ရပါတယ်။
ကိုယ်ကြိုက်တာ မစားရရင် ဗိုက်မပြည့်တဲ့အကျင့်အတိုင်း နဘဲချက်လိုက်တယ်။
မနက်ကချက်တဲ့ ဒန်ပေါက်လိုလို ပဲထမင်းလိုလိုကို နွှေးစားလိုက်ပါတယ်။
ထမင်းကြော်နဲ့လည်း တွဲစားလို့ကောင်းမယ်။
ထမင်းကို ကြက်သား၊ အသီးတချို့နဲ့ မနက်က ချက်ခဲ့တာပါ။
သူနဲ့ ဝေးကွာနေလို့ အားငယ်နေတဲ့ မဇနိကို ချစ်ခင်စွာလာရောက် အားပေးစကားပြောပေးကြတဲ့ အကို၊ အမ၊ မောင်လေး၊ ညီမလေး၊ မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မဇနိကလည်း ချစ်ခင်စွာချက်ကျွေးလိုက်ပါတယ်။
ပျော်ရွှင်ကြပါစေ။









မဇနိ

Read more...

မျှော်လင့်ခြင်းနဲ့ အချိန်ကာလ

>> Sunday, November 23, 2008





ဒီနေ့ အမနုစံဆီက လှပနေတဲ့ လမ်းကလေးကို မြင်တဲ့အခါ စိတ်ထဲမှာ လွမ်းဆွေးသွားတာ အတော်လေး ခံစားလိုက်ရတယ်။ တနေ့က ဈေးဝယ်သွားတော့လည်း ခရစ်စမတ်အလှဆင်တွေ မြင်ခဲ့တော့ စိတ်ထဲမှာ သတိရတယ်။ ဒါနဲ့ ပြန်လာတဲ့အခါ ကိုဇနိရေ အလည်လာပါလားလို့ ပြောကြည့်တော့ သူက မလာနိုင်ဘူး။ မလာနိုင်တာလည်း သိပေမယ့် ခေါ်မိတယ်။ ခေါ်မိတော့လည်း နှစ်ယောက်လုံး စိတ်မကောင်းဖြစ်ကြရတာပါ။

ဟိုးအရင်က ဂျူးရဲ့စောင့်ဆိုင်းခြင်းနိယာမ ဝတ္ထုတိုလေးကို ဖတ်ဖူးပါတယ်။ အဲဒီဇာတ်လမ်းအတိုချုပ်အရဆိုရင် သူ့အမျိုးသားက နိုင်ငံခြားကို အလုပ်သွားတာ နှစ်တွေကြာတော့ သူက တယောက်ထဲနေရတဲ့ အရသာကို တွေ့သွားတယ်။ သူစားချင်တဲ့လမ်းဘေးအစာတွေစား၊ သူသွားချင်ရာတွေသွားရတဲ့ အရသာကို ကြိုက်သွားရင်း ပျော်မွေ့သွားရင်းနဲ့ပဲ သူ့အမျိုးသားပြန်လာခါနီးတဲ့အချိန် ရောက်လာခဲ့တယ်။ သူ့ရုံးက လုပ်ဖော်ကိုင်ဖက်များက အမျိုးသားပြန်လာခါနီးလို့ ပျော်နေပြီလားဆိုရင် သူဘာပြန်ဖြေရမှန်းမသိဖြစ်နေတော့တယ်တဲ့။ တကယ်တော့ သူဟာ အချိန်တွေကြာသွားတော့ သူနေရတဲ့နေရာအခြေအနေလေးပေါ်မှာ နေတတ်သွားတယ်ထင်ပါတယ်။ အဲဒီစာလေးဖတ်လိုက်ရတော့ ကျွန်မရင်ထဲမှာ မကောင်းဘူး။ ဒီလိုသာ ဝေးသွားတာကြာရင် သွေးအေးသွားကြမယ်ဆိုရင် ဘယ်လိုလုပ်ပျော်စရာကောင်းတော့မလဲ။ အမှန်တကယ်တော့ နှစ်ကာလအများကြီးခွဲခွာနေရသူကို မျှော်လင့်တမ်းတမှုတွေနဲ့ ကြိုဆိုနေတာပဲ ဖြစ်သင့်တယ်လို့ တွေးမိခဲ့တယ်။ အခုချိန်ထိ အဲဒီအကြောင်းအရာလေးကို စဉ်းစားမိနေတယ်။

တကယ်တော့ တယောက်နဲ့တယောက် ဆက်သွယ်တယ်ဆိုတာ စိတ်အပေါ်မူတည်ပါတယ်။ ဆက်သွယ်ရတာ လွယ်ကူတယ် ခက်ခဲတယ်ဆိုတာလည်း ရှိတော့ရှိမယ်။ တချို့ခက်ခဲတယ်ထင်တာတွေလည်း အားစိုက်ထုတ်ရင် လွယ်ကူသွားတာပါပဲ။ ကျွန်မနဲ့သူနဲ့ ဝေးကွာနေကြရတာ အခုဆို ခြောက်နှစ်ကျော်နေပြီလို့ ပြောလို့ရတယ်။ ကျွန်မလည်း ရန်ကုန်မှာ နေရတဲ့အခါတွေရှိသလို နယ်တွေရောက်နေတဲ့အခါလည်း ရှိတတ်ပါတယ် အင်တာနက်ရရင်လည်း အင်တာနက်သုံးပေါ့။ မရတော့လည်း ဖုန်းဆက်။ ဖုန်းလည်းမရှိတဲ့နေရာမှာ (၃)လလောက် သွားနေရတယ်။ သူက စာပို့ပေးတော့ ရန်ကုန်ကနေတဆင့် အဆင့်ဆင့်တွေကြောင့် တစ်လကို တစ်စောင်လောက် စာဖတ်ရပါတယ်။ တခါကတော့ ပိုက်ဆံအခက်အခဲကြောင့် ဖုန်းမဆက်တာ တစ်လလောက်ကြာသွားတယ်။ မနက်ခင်းတခုမှာ သူ့ဆီက ဖုန်းလာတာကို မောင်လေးလား ပြောပြောနဲ့ လုပ်မိတဲ့အထိ ကျွန်မခေါင်းထဲမှာ သူဖုန်းခေါ်နိုင်တယ်ဆိုတဲ့အသိ ရောက်မလာခဲ့ပါဘူး။ သူက သူ့အသံကို မမှတ်မိတာ စိတ်ဆိုးချင်သတဲ့။ ကျွန်မကလည်း ဘာလို့အကြာကြီးဖုန်းမဆက်လဲလို့ ငိုလိုက်တော့ သူလည်း နောက်ဆို ဖုန်းအကြာကြီးမဆက်ဘဲ မနေရဲတော့ပါဘူး။

ရန်ကုန်မှာနေစဉ်တုန်းကတော့ နေ့တိုင်းနီးပါး အဆက်အသွယ်ရပါတယ်။ သူကကြိုးစားဆက်သွယ်ရသလို ကျွန်မက အပင်ပန်းခံရတာတွေလည်း ရှိပါတယ်။ နေပူပူမှာ အင်တာနက်ဆိုင်သွားသုံးရတာတွေဟာ နေ့လည်ခင်းအိပ်ချိန်တွေကို ဖဲ့ပေးခဲ့ရတာပါပဲ။ ဒီလိုနဲ့ သူထွက်သွားပြီး အလည်ပြန်လာမယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မကတော့ ပျော်ရွှင်သွားတာ အမှန်ပါ။ အရင်ကတော့ သူပြန်လာရင်ကောင်းမယ်လို့ မျှော်လင့်ခဲ့တာ မရှိပါဘူး။ မျှော်လင့်လို့ရတဲ့အခြေအနေဆိုရင် မျှော်လင့်မိမယ်ထင်ပါတယ်။ မရနိုင်မှန်းသိတော့ မမျှော်လင့်တော့ဘူးပေါ့။ သူရောက်လာမည့်အရင်ညက အိပ်လို့တော်တော်နဲ့မပျော်ဘူး။ လေဆိပ်ကိုသွားကြိုတော့လည်း မြူတွေဆိုင်းနေလို့ လေယာဉ်က ခေါင်းပေါ်မှာဝဲနေတာနဲ့ နောက်ထပ် နာရီဝက်လောက်စောင့်နေခဲ့ရတယ်။ တကယ့်တကယ်ရောက်လာတဲ့အခါ လူက စိမ်းစိမ်းကြီး။ အရင်ကထက် အနည်းငယ်ပိုဝလာပြီး အသားဖြူဖတ်ဖတ်ဖြစ်နေတဲ့ သူ့လက်ဖြူဖောင်းဖောင်းတွေကမ်းလာတဲ့အခါ တော်တော်နဲ့ လက်ပြန်မကမ်းမိဘူး။ လက်ကမ်းပေးပြီး ဝမ်းသာအားရဖြစ်ရမယ့်အစား မမြင်ဖူးတဲ့ သူစိမ်းတယောက်လက်လို ပြန်ကြည့်မိခဲ့တာ ကျွန်မအလွန်များဖြစ်နေမလား။

ဒီလိုနဲ့ သူ့ကိုကြို၊ နေရမည့်အဆောင်ကို လိုက်ပို့အပြီး ပစ္စည်းတွေချမယ်လုပ်တော့ သူ့ကုပ်အကျီင်္င်္ကမ်းပေးလာတဲ့အခါမှာတော့ အရင်လိုနွေးထွေးမှုပြန်ရလိုက်သလို ခံစားလာရတယ်။ ကျောင်းအတူတက်ခဲ့စဉ်အခါက တနေရာကို ခရီးထွက်ကြရင် ဒါမှမဟုတ် ကျောင်းပိတ်လို့ အိမ်ပြန်ကြရင် သူ့အကျီင်္ သူ့လွယ်အိတ်တွေကို ကျွန်မကိုင်ထားပေးခဲ့ရတာတွေဟာ အနေဝေးသွားတာတွေကို ပြန်နွေးစေခဲ့တဲ့ သတိရစရာတွေဖြစ်ပါတယ်။ အတူစားခဲ့ဖူးတဲ့ ထမင်းဆိုင်ရောက်တော့လည်း စားစရာတွေကို မစားနိုင်ကြဘူး။ စကားလည်း မပြောနိုင်ဘဲ ဘေးက သူငယ်ချင်းတွေ စားခိုင်းမှ သတိတရ စားမိကြတယ်။ မှတ်မှတ်ရရပြောရရင် မှာထားတဲ့ခေါက်ဆွဲသုပ်ပန်းကန်ကို ဇွန်းနဲ့ခေါက်ရင်း ထပြန်လာခဲ့တာပါပဲ။ ပြန်ရောက်စနှစ်ရက်လောက်က အပြင်သွားလည်း စကားတွေတော်တော်နဲ့ မပြောဖြစ်ဘူး။ သူက အရှေ့ဖက်လှည့်ရင် ကိုယ်က အနောက်ဖက်လှည့်ပြီး စိမ်းနေကြတယ်။ ဒါတွေပြန်တွေးမိရင် ကျွန်မနောက်ထပ် သူနဲ့အကြာကြီး ဝေးမနေချင်တော့ပါဘူး။ ဝေးနေတာကြာတဲ့အခါ မျှော်လင့်ရတာတွေ ကြာရှည်လာမယ်။ မျှော်လင့်လို့ဖြစ်မလာတဲ့အခါ အနေစိမ်းသွားမယ်။ အဲဒါတွေကို ကြောက်မိပါတယ်။

မျှော်လင့်လို့ မရနိုင်တာ သိတဲ့အခါ မမျှော်လင့်မိပါဘူး။ လုပ်စရာအလုပ်တွေ လုပ်ရင်း အားလုံးကိုမေ့ထားလိုက်တယ်။ ဒါပေမယ့် တခါတရံတော့ ကျွန်မဆီရောက်လာရင် ကောင်းမယ်လို့ သတိရမိတတ်ပါတယ်။ အချိန်အကြာကြီး ဝေးနေရတာတွေဟာ မျှော်လင့်ချက်ကို လျော့နည်းစေတယ်လို့လည်း တွေးမိလာတယ်။ အဲဒါကြောင့် အချိန်အကြာကြီမျှော်လင့်နေရတာတွေ သတိရနေရတာတွေကို ကုန်စေချင်လှပါပြီ။

မဇနိ

Read more...

Confession





ဝန်ခံခြင်း

သင့်ကို အကျွန်ုပ် ချစ်ပါ၏ - အကျွန်ုပ် ရူးသွပ်နေပါသော်လည်း၊
ထိုအရာသည် အကျိုးမရှိသောအလုပ်၊ ရှက်ဖွယ်ဖြစ်ပါသော်လည်း၊
ဝမ်းနည်းဖွယ် ဤမိုက်မဲမှုအတွင်း
အသင့်ခြေရင်း၌ အကျွန်ုပ်ဝန်ခံပါရစေ။
အကျွန်ုပ်အနေဖြင့် မသင့်တော် မလိုက်ဖက်ပါ
ထက်ထက်မြက်မြက် ပိုသိနားလည်တတ်သင့်ပါသည်။
သို့သော် အတိတ်နိမိတ်အားလုံးဖြင့်သာ အကျွနိုပ်သိလာပါမည်
အကျွန်ုပ်ရင်တွင်းမှ အချစ်ရောဂါ၊
အသင်မရှိလျှင် အကျွန်ုပ် ပျင်းရိစွာ - သမ်းဝေပါသည်၊
အသင့်ရှေ့မှောက်တွင် အကျွန်ုပ် ဝမ်းနည်းစွာ - ခံစားရပါသည်၊
အားအင် မရှိ၊ စကားပြောလို၏၊
အကျွန်ုပ်၏ နတ်သမီး အကျွန်ုပ် သင့်အား အလွန်ချစ်မြတ်နိုးပါသည်။
ဧည့်ခန်းမှ အကျွန်ုပ်ကြားရလျှင်
အသင်၏ ညင်သာခြေလှမ်း၊ သို့မဟုတ် သင့်ဝတ်ရုံ၏ ပွတ်တိုက်သံ၊
သို့မဟုတ် အသင့်၏ အပြစ်ကင်းစင်သော အပျိုစင်အသံ၊
အကျွန်ုပ် မိမိ၏ အသိဉာဏ် ရုတ်ချည်း ထိန်းချုပ်မရပါ။
အသင် ပြုံးနေလျှင် အကျွန်ုပ် ပျော်ရွှင်မိပါသည်၊
အသင် လှည့်ထွက်သွားလျှင် အကျွန်ုပ် စိတ်ဓာတ်ကျဆင်းရပါသည်၊
တနေ့စာ ညှင်းပန်းခံရမှု - ဆုလာဘ်ဖြစ်ကာ
အသင့်၏ ဖြူဖွေးလက်ကို အကျွန်ုပ်အား ကမ်းလင့်ပါ။
လိုက်ကာဇာပေါက်နောက်မှာ အူလိုက်သည်းလိုက်
ခပ်ကြမ်းကြမ်း အသင်ကိုယ်ခန္ဓာစောင်း၍ ထိုင်လိုက်သောအခါ
အကျွန်ုပ် နက်ရှိုင်းစွာ၊ တိတ်ဆိတ်စွာ၊ နူးညံ့စွာ၊
ကလေးတစ်ယောက်လို အသင့်ကို ချစ်မိပါသည်။
အသင့်ကို အကျွန်ုပ်၏ ဝမ်းနည်းဖွယ်များ ပြောပြရမည်လား၊
အကျွန်ုပ်၏ မနာလိုဝမ်းနည်းမှုများကို ပြောရမည်လား၊
မကြည်လင်ရာသီမှာ နှစ်ယောက်သား လမ်းလျှောက်တဲ့အခါ
အသင် အဝေးကို ထွက်ပြေးသွားမှာလား။
အသင့်၏ မျက်ရည်များ အထီးကျန်သူထံ
နှစ်ယောက်သား စကားသံများသည် ချောင်ကြားလေးထံ
အပိုချကာမြို့သို့ အလည်ခရီး၊
ညနေခင်း စန္ဒယားသံလား။
အာလီနာ! အကျွန်ုပ်အား သနားကြင်နာလှည့်ပါ။
အချစ်အား မတောင်းဆိုဝံ့ပါ။
အကျွန်ုပ်၏ အပြစ်များကြောင့် ဖြစ်နိုင်ပေ၏
အကျွန်ုပ်၏ နတ်သမီး၊ ကျွန်ုပ်သည် အချစ်ဖြင့် မထိုက်တန်ပေ။
သို့သော်လည်း ဟန်ဆောင်လိုက်ပါ၊ အဲဒီအကြည့်တွေက
အားလုံးဟာ အံ့အားသင့်ဖွယ် ပုံဖော်နိုင်ပါလိမ့်မယ်။
အိုး အကျွန်ုပ်အား လှည့်စားရန်ကား မခက်လှပါ
အကျွန်ုပ် မိမိကိုယ်တိုင် လှည့်စားရခြင်းအား ပျော်ရွှင်ပါသည်။

ပုရှကင်

မူရင်း:

ПРИЗНАНИЕ

Я вас люблю, — хоть я бешусь,
Хоть это труд и стыд напрасный,
И в этой глупости несчастной
У ваших ног я признаюсь!
Мне не к лицу и не по летам...
Пора, пора мне быть умней!
Но узнаю по всем приметам
Болезнь любви в душе моей:
Без вас мне скучно, — я зеваю;
При вас мне грустно, — я терплю;
И, мочи нет, сказать желаю,
Мой ангел, как я вас люблю!
Когда я слышу из гостиной
Ваш легкий шаг, иль платья шум,
Иль голос девственный, невинный,
Я вдруг теряю весь свой ум.
Вы улыбнетесь, — мне отрада;
Вы отвернетесь, — мне тоска;
За день мучения — награда
Мне ваша бледная рука.
Когда за пяльцами прилежно
Сидите вы, склонясь небрежно,
Глаза и кудри опустя, —
Я в умиленье, молча, нежно
Любуюсь вами, как дитя!..
Сказать ли вам мое несчастье,
Мою ревнивую печаль,
Когда гулять, порой, в ненастье,
Вы собираетеся вдаль?
И ваши слезы в одиночку,
И речи в уголку вдвоем,
И путешествия в Опочку,
И фортепьяно вечерком?..
Алина! сжальтесь надо мною.
Не смею требовать любви.
Быть может, за грехи мои,
Мой ангел, я любви не стою!
Но притворитесь! Этот взгляд
Всё может выразить так чудно!
Ах, обмануть меня не трудно!..
Я сам обманываться рад!

А.С.Пушкин

Read more...

ဆရာ နန္ဒာစိုး (ဆင်ဖြူကျွန်း) ရဲ့ “ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်”

>> Saturday, November 22, 2008


ဆရာ နန္ဒာစိုး (ဆင်ဖြူကျွန်း) ရဲ့ “ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်” ဆိုတဲ့ ဝတ္ထုတိုကို ကျနော် ဧရာဝတီအင်တာနက် မဂ္ဂဇင်းရဲ့ စာမျက်နှာမှာ ဖတ်ခဲ့ရတာပါ။ ကျနော်အဲဒီဝတ္ထုတိုကို ဖတ်တုန်းက အူတက်အောင်၊ မျက်ရည်ထွက်အောင် ရီခဲ့ရပါတယ်။ ဒီဝတ္ထုတိုလေးကို ဝေမျှဖို့လည်း စဉ်းစားပြီးသားပါ။ ဒီစာရှိတဲ့ ဧရာဝတီက လင့်ကိုလည်း ကျနော်မှတ်ထားပေမယ့် အခုသွားတော့ ပြန်ရှာမရပါဘူး။ ကျနော် ပီဒီအက်ဖ်လေးလုပ်ပြီး သိမ်းထားတာ ရှိလို့ သူငယ်ချင်းတွေ ဖတ်ရအောင် ဝေမျှတာပါ။ အလုပ်တွေက ပင်ပန်းလို့ စိတ်တွေ ဖိစီးနေရင် ဒီဝတ္ထုတိုလေးကို ဖတ်ဖြစ်အောင် ဖတ်လိုက်ပါလို့ ပြောပါရစေ။ ဒီစာအုပ်ကို ဝေမျှဖို့ ဘယ်သူ့ဆီကိုမှ ခွင့်မတောင်းလိုက်ရပါဘူး။ စာရေးဆရာ ဆရာ နန္ဒာစိုး (ဆင်ဖြူကျွန်း)ရယ်၊ ဧရာဝတီအင်တာနက် မဂ္ဂဇင်းကို အထူးကျေးဇူးတင်ပါတယ်။


Nandasoe

Mediafire ကနေလည်း download လုပ်နိုင်ပါတယ်။ [87.2KB]

Read more...

ပဲ့ပဲ့

>> Friday, November 21, 2008


ညီလေး ပဲ့ပဲ့
အကိုကြီး ပဲ့ပဲ့
ဆရာကြီး ပဲ့ပဲ့
တပည့်ကြီး ပဲ့ပဲ့
အပဲ့ သံသရာ
အပဲ့ ဒီကမ္ဘာမှာ
အပဲ့များစွာ နေကြလေသတည်း။

ငါပဲ့နေလည်း
သူသိသားပဲ
သူပဲ့နေလည်း
ငါသိသားပဲ
သို့သော်ပေငြား
ငါပဲ့တာကို
သူမသိသလို
သူပဲ့တာကို
ငါမသိသလို
ဟန်ဆောင် ပဲ့ကြပါလေသည်။

ဤသို့ဖြင့်…
ပဲ့ခြင်းကမ္ဘာ
ပဲ့ဒေသမှာ
ပဲ့ခြင်းတေးသံ
ပဲ့ညံနေလျက်
ပဲ့ခြင်း ရွဲ့ခြင်း
ထုံထုံသင်း၍
နှစ်ပေါင်းများစွာ
အပဲ့သံသရာ
ပဲ့ကာ ပဲ့ကာ လည်တော့သည်။

Read more...

အဆုံးများစွာ ရဲ့ ရင်ခွင်

>> Thursday, November 20, 2008

ဒီရင်ခွင်ဟာ..
ကိုယ့်ဘဝရဲ့
ပထမဦးဆုံး ရင်ခွင်ဖြစ်သလို
ဘဝအဆုံးထိ
နောက်ဆုံးခိုလှုံသွားမဲ့
အတွယ်တာဆုံးရင်ခွင်..ဖြစ်တယ်။
ဒီရင်ခွင်မှာ
အမြတ်နိုးဆုံးတွေကို
အနွေးထွေးဆုံး မြှူပ်နှံ
ရင်ခုံသံတွေ အဆုံးမှာ
အမုန်းတွေလည်း
ပြိုလဲကျဆုံးသွားခဲ့။
ဒီရင်ခွင်မှာ
အဆိုးရွားဆုံး ..ဆိုတာတွေ
ကြုံတွေ့လာခဲ့ရင်
အရှုံးကျိန်စာသင့်သူလို့သာ
ကိုယ့်ကိုကိုယ်ယူဆ
မည်သူ့ကိုမှ
တုံ့မယူလို ပါ။
……
ဒီရင်ခွင်ကနေပဲ
မဂ်လမ်းဆုံးဆီကိုသွားဖို့
အဆုံးမရှိတဲ့
သံသရာမှာ
ခဏသာကျင်လည်မယ်လေ။

Read more...

ဆောင်း

>> Wednesday, November 19, 2008



ဒီနေ့ အပြင်မှာ လေတဖြူးဖြူးတိုက်လာတော့ အအေးဓါတ်ပိုလာသလိုလို။ စောင်ထဲက တနေကုန်မထွက်ဘဲ ကွေးနေမိတယ်။ အရင်တုန်းက အဖေ့စောင်ထဲမှာ မောင်နှမတွေ ဝင်ရောက်ကွေးနေရတုန်းက ပိုနွေးသလား။ ပြန်တွေးလိုက်တော့ ဆောင်းတွင်းဆို ကိုယ်ပေါ်မှာ ဘယ်လောက်ပဲ စောင်ထူထူ ခဏနေရင် အဖေ့စောင်ခြုံထဲရောက်ရောက်သွားတာ ပိုနွေးလို့ ဖြစ်မှာပါပဲလေ။


အညာမှာ ဆောင်းတွင်း ချမ်းလာပြီဆိုရင် “မြို့တုန်အောင် လမ်းဆုံကသာ ဟစ်ချင်စိတ်ပေါက်တော့တယ်” လို့ ညည်းလိုက်ချင်တယ်။ အခုနေရာဒေသတွေနဲ့ ဘယ်ကပိုအေးသလဲဆို စိတ်ထဲမှာတော့ ကိုယ့်ဆီက ပိုအေးသလိုလို။ အညာဒေသ ချမ်းအေးတယ်ဆိုတာ တကယ်တော့ ရာသီဥတုထက် နေရတဲ့ ပတ်ဝန်းကျင်တွေလည်း ကွာခြားလို့ ဖြစ်ပါလိမ့်မယ်။ လေလုံတဲ့တိုက်ခန်းတွေမှာ အနွေးတွေလွှတ်ထားမယ်ဆို အတော်အတန်အေးတဲ့ ရာသီဥတုကို ကာကွယ်နိုင်ပါလိမ့်မယ်။ ဓနိမိုး ထရံကာအိမ်လေးတွေမှာတော့ အအေးဓါတ်ကို ပိုလို့တိုးလာစေတယ်ထင်မိတယ်။ ထရံကြားက စိမ့်လာတဲ့ လေအေးတွေကို ဘယ်လိုအင်အားနဲ့ တွန်းလှန်နိုင်ပါ့မလဲ။ တိုက်အိမ်တွေမှာလည်း heater သုံးတယ်ဆိုတာ အင်မတန်နည်းပါးသေးတယ်။ သုံးနိုင်တယ်ဆိုထား မီးက လာပါ့မလား။ အိမ်တအိမ်နဲ့တအိမ်က အတန်ကျယ်တဲ့ဝန်းတွေဆိုတော့ ပိုဆိုးတာပေါ့။ ဆင်းရဲလို့ စောင်မလုံလောက်ဘူးဆိုရင် ဘယ်လိုများနေပါ့မလဲ။ ဆောင်းတွင်းဆိုရင် အိမ်ရှေ့ကို လာတောင်းတတ်တဲ့ ကလေးတွေရှိတယ်။ အမေက သူ့တို့ကို အဝတ်လေးတွေ ဂရုတစိုက်ပေးပါတယ်။ အမေတို့ ခြုံစရာစောင်ရှိတဲ့သူတွေ ဒီလောက်ချမ်းနေတာ သူတို့တွေ ပိုဆိုးမယ်လို့ အမေပြောတယ်။

ဘယ်လောက်ပဲချမ်းအေးအေး “မြေပဲပြုတ် ပူပူလေး” “မုန့်ပေါင်း ပူပူလေး” ဆိုတဲ့ အော်သံတွေနဲ့အတူ အညာဆောင်းကို အံတု စီးပွားရှာနေတဲ့ ဈေးသည်လေးတွေ ညနက်သည်အထိရှိပါတယ်။ တကယ်လည်း သူတို့ခေါင်းပေါ်က မြေပဲပြုတ်တောင်းကိုဖွင့်လိုက်ရင် အငွေ့တထောင်းထောင်းထနေတာ မြင်ရမယ်။ ဒါတွေကိုက ဆောင်းအရသာကို ပိုပီပြင်စေသလား။ ကျွန်မကတော့ ကိုယ်နေခဲ့ရတဲ့ မြို့လေးက ဆောင်းကို ချစ်ပါတယ်။ ကျွန်မတို့အဖေက စောင်တွေထူထူကြီးခြုံပြီး ငယ်ငယ်ကကျွန်မကို သူ့ရင်ခွင်ထဲမှာ ထည့်ထားတယ်။ အသက်ရှုမကြပ်အောင်လို့ အဖေလက်တံတောင်တွေ ထောင်ထားပြီး လိုဏ်ခေါင်းလို လုပ်ပေးထားသေးတယ်။ မောင်လေးတွေရလာတော့ အဖေ့စောင်ထဲမှာ တယောက်က တိုးလိုက်၊ တယောက်ခြေထောက်ပေါ်သွားလိုက်၊ ဟာ အဖေ သမီး ခြေထောက်အေးနေပြီ၊ ဒါဆို ကိုယ်က ဝင်လိုက် မောင်လေးတွေအေးလိုက်နဲ့ ပျော်စရာကောင်းလှတယ်။ စိုးရိမ်လွန်တဲ့အမေက ကျွန်မတို့ကို အနွေးထည်အများကြီး ဝတ်ပေးတယ်။ ခြေစွပ်၊ ခေါင်းစွပ်လည်း အမြဲဝတ်ရတယ်။ နေမြင့်လာသည်အထိ အကျီင်္တွေမချွတ်ပေးဘူး။ ကြီးလာတော့ ကျွန်မတို့မောင်နှမတတွေ ချူချာတယ်။ အဲဒါ အမေက အစိုးရိမ်လွန်ပြီး ဂရုစိုက်လွန်းလို့ဖြစ်တာလို့ အဒေါ်ကပြောတယ်။

ဆောင်းကိုဝင်တော့မယ်ဆိုရင် မြို့လေးဆီကို အနီးအနားရွာက ထင်းလှည်းတွေတက်လာတယ်။ လှည်းတစီးမှ သိပ်မပေးရပါဘူး။ အိမ်အတော်များများက ထင်းလှည်း ဝယ်ထားကြတယ်။ တခါတလေဆိုရင် ထင်းလှည်းတန်းကြီးက ကျွန်မတို့တလမ်းထဲထင် ကုန်သွားရော။ ဆောင်းမနက်ခင်းရောက်ရင် ကျွန်မတို့လမ်းမှာ မီးဖိုကြီတွေဖိုထားတယ်။ အရင်အိပ်ယာနိုးတဲ့သူက မီးဖိုထားနှင့်တာ။ မီးဖိုရှိတဲ့ဆီကို အိမ်နီးချင်းတွေ စုဖြစ်တာများပါတယ်။ တချို့တော့လည်း ကိုယ့်အိမ်ထဲမှာတင် မီးဖိုကြတယ်။ ကြုံသလို ထင်းချောင်းဆွဲလာကြတော့ မီးဖိုဘေးမှာ ထင်းတွေပုံလို့။ လူကြီးတွေက စောင်ခြုံတွေလည်း ပါသေးတယ်။ ထန်းပင်မြစ်မီးဖုတ်စားရတာ စားလို့သိပ်ကောင်းပါတယ်။ ဆီနဲ့ဆားကို ပန်းကန်တခုမှာထည့်ထားပြီး အမေက ထန်းပင်မြစ်ကို မီးဖုတ်၊ အခွံနွှာပေးတာနဲ့ တို့စားရတယ်။ အမေအလုပ်မများရင် ငရုတ်ဆုံမှာထောင်းပေးတယ်။ ထန်းပင်မြစ်က စေးကပ်နေတဲ့အခါ ငရုတ်ကျည်ပွေ့ကို မ ရတာ တချက်တချက် အတော်ခက်လှတယ်။ ထန်းပင်မြစ်ထောင်းလေးကို ဆီဆားနဲ့ မီးလှုံရင်း စားကြရတယ်။ ထန်းပင်မြစ်ထဲက အူတံကိုတော့ ယပ်တောင်လေးတွေ ရက်ကြတယ်။ ထန်းပင်မြစ်ပေါတဲ့ဒေသဖြစ်လို့ သေးတာ ပိန်တာဆို မစားချင်ပါဘူး။

နေအတန်မြင့်လာရင် မီးဖိုကိုငြိမ်း နေပူစာလှုံကြတယ်။ မျက်နှာသစ်ရင်လည်း ရေနွေးစပ်သစ်ရတယ်။ အမေက ရေနွေးတွေ တည်ပေးထားပြီး အမြန်အမြန်သစ်ရတာ။ ပါးစပ်တွေဟလိုက်ရင် အငွေ့ထွက်တော့ ကလေးတွေတသိုက် အဲဒါပဲ လုပ်ကြည့်နေကြသေးတာ။ မျက်နှာသစ်ပြီးရင် သနပ်ခါးလေး တချက်နှစ်ချက်သွေး လိမ်းထားလိုက်တာနဲ့ မျက်နှာမှာ ပိုနွေးသလို ခံစားရပြီး စိတ်လည်း ကြည်အေးသွားမိတယ်။ အမေတို့က သနပ်ခါးပေါတဲ့ဒေသဆိုတော့ သိပ်ချေးများတာ။ သုံးထပ်ပွေးမှလိမ်းချင်သလို သနပ်ခါးအဖြူကိုလည်း ရှာဝယ်ရသေးတယ်။ တကယ်ပိုမွှေးတာကလည်း အဖြူလို့ စိတ်မှာထင်မိပါတယ်။ အ၀ါရောင်က နေပူလာရင်လည်း မဲသွားတတ်တော့ မကြိုက်ပါဘူး။ အပွေးကုန်သွားရင် မလိမ်းချင်တော့ဘူး ဖြစ်ရသေးတာ။ အပွေးကုန်သွားတဲ့ သနပ်ခါးအနှစ်တုံးတွေကို စုထားပြီး သနပ်ခါးစက်မှာ သွားကြိတ်ခိုင်းရင် ခြေထောက်တွေလိမ်းဖို့ သနပ်ခါးခဲစစ်စစ်လေးတွေ ရပါတယ်။

အတန်နေထွက်လာရင် အရှေ့ဆီကလာတတ်တဲ့ မုန့်ပေါင်းသည်ကို မျှော်တတ်နေပြီ။ မုန့်ပေါင်းကို မြေအိုးလေးမှာထည့်လာရောင်းတဲ့ ငချိတ်မုန့်ပေါင်းသေးသေးလေးတွေ စားလို့အတော်ကောင်းပါတယ်။ မုန့်ပေါင်းတခုလုံးကို ဆီနစ်အောင်ဆမ်းပြီး ဘယာကြော်လေးနဲ့ တွဲစားရတဲ့အခါလည်းရှိတယ်။ မုန့်ပေါင်းပေါ်မှာပါတဲ့ ပဲလွန်းလေးတွေ မောင်လေးက မကြိုက်တော့ ကျွန်မ ပဲပိုစားရတယ်။ မုန့်ပေါင်းမစားဖြစ်ရင် ငချိတ်ပေါင်းနဲ့ ပဲပြုတ်လည်း စားလို့ရတယ်။ “ဒေါ်မြ ပဲပြုတ်” ဆိုတာ ကျွန်မတို့လမ်းရဲ့ ဖောက်သည်။ တခြားပဲသည်တွေကို ဝယ်စားတယ်လို့ ထုံးစံမရှိပါဘူး။ တခါတလေသူများဆီက ပဲပြုတ်ဝယ်မိရင် ပဲက မနပ်ဘူး၊ အနံ့က တမျိုးလား မသိဘူးနဲ့ ပြောလို့မဆုံးဖြစ်ကြတယ်။ အမေတို့ ပဲပြုတ်ဝယ်ရင် ကျွန်မက ဘေးနားသွားနေတတ်တယ်။ အဲဒါဆို ဒေါ်မြက လက်ဝါးဖြန့်၊ ရော့ ဆိုပြီး ပဲပြုတ်လေးတွေ ထည့်ပေးတယ်။ သူ့ပဲပြုတ်ဒန်အိုးကြီးက ဖွေးလက်နေတာ။ လူကလည်း သနပ်ခါးမွှေးနေအောင်လည်း လိမ်းထားတော့ ၀ယ်စားရသူတွေ စိတ်ချမ်းသာတာပေါ့။

မောင်လေးကတော့ မုန့်ဟင်းခါးအကြိုက်။ မုန့်ဖတ်သေးသေးမျှင်မျှင်လေးတွေကို ဟင်းရည်မှာထည့်၊ ဆီချက်လေးတဇွန်းကို ဇွန်းဖင်လေးနဲ့ ဟင်းရည်ပေါ်ပွတ်၊ ပဲကြော်လေးချေထည့် နံနံပင်လေးထည့်လိုက်တဲ့ မုန့်ဟင်းခါးကို နေ့တိုင်းဝယ်ရတယ်။ ဘာမှထူးထူးတွေထွေမပါပေမည့် မုန့်တွန်းလှည့်ခေါင်မိုးထိမြင့်တဲ့ မုန့်ဖတ်တွေက ခဏချင်းကုန်သွားတာပါ။ ကြက်သွန်နီဥထည့်ပေးပါ၊ ငှက်ပျော်အူမကြိုက်ဘူးလို့ ဟင်းရည်အိုးကြီးကို ခြေဖျားထောက် မမှီ့တမှီချောင်းတတ်တဲ့ မောင်လေးက ပင်တိုင်ပရိသတ်။ သူ့ဖောက်သည်ဦးလေးကြီးရဲ့ မုန့်တွန်းလှည်းကို လမ်းထိပ်ရောက်အောင်လည်း အတူတွန်းပို့သေးတာ။ အဲဒီဦးလေးကြီးက “တပင်တိုင်မုန့်ဟင်းခါး” လို့ အော်ရောင်းပေမည့် ဝယ်နေကျတွေဆိုတော့ သိပ်အော်စရာမလိုဘူး။ အဲတော့ သူကလည်း လေသံလေးနဲ့ “ တပင်တိုင် မုန့်…” ဆိုပြီး နောက်က ဟင်းခါးကို ဖော့အော်တတ်သေးတယ်။ လမ်းထဲက ကလေးတွေလည်း တွန်းလှည်းကူတွန်းရင်း သူ့လိုလိုက်အော်ပေးကြတာလည်း ရှိတယ်။

အဖေကတော့ အများအားဖြင့် ထမင်းကြော်နဲ့ ငါးခြောက်ဖုတ်စားတတ်တယ်။ ရေနွေးကြမ်းကလည်း ဆောင်းတွင်းဆို တနေကုန်မပြတ် တည်ထားရတယ်။ ကြမ်းပြင်တွေ ဖျာတွေက မထိရဲအောင် အေးစက်နေတော့ ကလေးတွေ လူလည်ကျတယ် အဖေ့ပေါင်ပေါ် နေရာဦးကြတာပေါ့။ “နတ်တော် ပြာသို ကြံဖျားချို” တဲ့ သမီးရေ ဆိုပြီး ကြံချောင်းတွေ အဖေ့စက်ဘီးပေါ်တင်လာတတ်တယ်။ စက်ဘီးကယ်ရီယာခုံနဲ့ လက်ကိုင်ပေါ်ကို တင်လာတဲ့ ကြံချောင်းညိုညိုတွေကို မြင်ရင် နေ့လည်ခင်း ကြံစားရတော့မယ်လို့ သိတယ်။ စိတ်ရှည်တဲ့အဖေက ကြံကိုအဆစ်လိုက်ခုတ်၊ အခွံနွှာ၊ လေးခြမ်းခြမ်းပြီး အတုံးအသေးလေးတွေတုံးပေးတယ်။ ပန်းကန်တခုက ကြံတုံးလေးတွေနဲ့ နောက် အခွံထည့်စရာလည်း အဖေက ပေးထားတယ်။ နေ့လည်နေ့ခင်းဆို အဖေကြံခုတ်တဲ့နားမှာ ဇိမ်ကိုကျလို့။ နတ်တော်၊ ပြာသိုလ အေးအေးချမ်းချမ်းမှာ ဘုရားပွဲတွေရှိတော့ ဈေးတန်းမှာ ကြံချောင်းအစည်းလိုက်ရောင်းတာတွေ ရှိပါတယ်။ အဖေက ဘယ်နားရောက်ရောက် ကလေးအတွက် ဝယ်လာတတ်တော့ အဖေပြန်လာရင် ဘာပါလာမလဲ မျှော်နေတော့တာ။ အဖေက အိမ်နားရောက်ရင် စက်ဘီးဘဲလ်တီးတယ်။ ဒါဆို အမေက တံခါးဖွင့်ပြီးသား။ ဆောင်းညနေခင်းတွေဆို ညနေစောင်းနေဝင်မြန်တော့ မှောင်လာရင် အဖေ့ကို မျှော်နေကြတာ။ တခါတလေ စက်ဘီးဘဲလ်သံကြားရင် အမေက တံခါးသွားဖွင့်မယ်လုပ်လို့ အနောက်အိမ်က အစ်ကိုတွေ စကြတယ် စက်ဘီးဘဲလ်သံကြားတိုင်း ဦးလေးဟုတ်ဘူးနော် လို့။ အမေက အဖေ့စက်ဘီးဘဲလ်သံကို သိပေမယ့် တချို့အသံတွေက ဆင်တူတော့ လွဲတဲ့အခါလွဲကုန်တာပေါ့။

အညာဒေသရဲ့ ဆောင်က ချမ်းအေးတယ်။ နွေက ပူပြင်းတယ်ဆိုပေမယ့် ကိုယ်မွေးရပ်ဒေသဆိုတော့ ဘယ်ရောက်ရောက် ချစ်ခင်နေမိတာပါပဲ။ မနှစ်ကဆောင်းတုန်းကလည်း တအားအေးလာရင် အိမ်ကိုပဲ သတိရမိနေတာ။ အခုလည်း အရမ်းအေးလာရင် သတိရမိနေမှာ။ အခုလောက်ဆို အိမ်မှာ အတော်အေးနေပြီလား။ အဖေတို့ အမေတို့လည်း သူတို့ရင်ခွင်မှာ ခိုခဲ့တဲ့ ကလေးငယ်တွေကို လွမ်းနေမလားလို့ တွေးမိရင်း ရင်မှာ ပိုနွေးလာသလို ခံစားမိပါတယ်။

မဇနိ

Read more...

အရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာရေး

>> Tuesday, November 18, 2008



အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာရေး စာအုပ်ကို ဝေမျှလိုက်ပါတယ်။
စာအုပ်ကို ပီဒီအက်ဖ် ပုံစံ ဘယ်သူ စလုပ်ထားမှန်းမသိပါဘူး။ စတင်လုပ်သူတွေရော အခြားပိုင်ရှင်တွေရော ခွင့်တောင်းပါတယ်။ သူငယ်ချင်းဖိုးသောကြာက ပေးလို့ ကျနော်ဆီရောက်လာတာပါ။ အခုမှ ကျနော်လည်း စဖတ်တုန်းရှိပါသေးတယ်။ သူငယ်ချင်းက ပြောတာက ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ ဆိုပါတယ်။ စာအုပ်ကို အပူတပြင်းလိုချင်နေသူတွေ၊ ညွှန်းရင်တော့ ဖတ်မယ်ဆိုသူတွေ ...ဘယ်လိုပဲနေနေပါ... စိတ်ဝင်စားသူတွေ ဖတ်နိုင်အောင် အဆင်သင့် ဒေါင်းလုပ်လုပ်နိုင်အောင် တင်ပေးလိုက်ပါတယ်။
ဒီမှာ [9.95 MB] ကလစ်ပြီး ဒေါင်းလုပ်လုပ်ပါ။

Read more...

Audrey Tautou

>> Monday, November 17, 2008


Audrey Tautou ရဲ့ ပုံတွေကိုတင်လိုက်ပါဦးမယ်။ နိနိနဲ့ တူတယ်ပြောထားတော့ နိနိဘယ်လို ပုံလည်း ခန့်မှန်းလို့ ရအောင်လို့နော်။













Read more...

The Valet and Priceless


အခု စနေ၊ တနင်္ဂနွေ ၂ ရက်မှာ ကျနော်တစ်ယောက် မဇနိကို ဇာတ်ကား ၂ ကား အောင်မြင်စွာ ပြလိုက်နိုင်ပါတယ်။ သူမက နိုင်ငံခြားကားတွေ အကြည့်နည်းသလို နိုင်ငံခြားမင်းသားတွေကိုလည်း အသိနည်းပါတယ်။ သဘောကတော့ ဇာတ်ကားတွေကို သူ့ရွေးချယ်မှု မပါဘဲ ကျနော် ပြချင်သလို ပြလို့ရတယ်လို့ အဓိကပြောချင်တာပါ။ မမွန်ပြောသလို သူမသည်လည်း မဟာဗန္ဓုလ မြင်းမြီးက သန်းပါပဲ။


သူကို ပြဖို့ရာ ဇာတ်ကားရွေးချယ်ရာမှ ဒီအချက်တွေကို သတိထားဆင်ခြင်ရပါတယ်။

၁။ ဒုန်းဒုန်းဒိုင်းဒိုင်း သတ်တာဖြတ်တာတွေကို မပါသလောက် နည်းရပါမယ်။
၂။ အကောင်တွေ သတ္တဝါတွေ မသတီစရာတွေ မပါတဲ့ ဇာတ်ကားကို ရွေးရပါတယ်။
၃။ ခြောက်တာ လှန့်တာတွေ များတဲ့ ဇာတ်ကားကို ရှောင်ရပါတယ်။
၎။ ဇာတ်လမ်းအဆုံးသတ်က ပျော်ရွှင်စွာနဲ့ အဆုံးသတ်ရင် ရွေးချယ်ဖို့ ပိုကောင်းပါတယ်။


နိဂုံးချုပ်လိုက်တော့ သူမကို ပျော်စရာဇာတ်ကားလေးတွေကို ပြရမယ်လို့ အဖြေထွက်ပါတယ်။ ကျနော်နဲ့သူ အကြာကြီး စခွဲရတော့မယ်ဆိုတုန်းက အဖြစ်အပျက်လေးတခုက ရီစရာကောင်းပါတယ်။ အဲဒီတုန်းက Mel Gibson ပါတဲ့ We were soldiers ဆိုတဲ့ ဇာတ်ကား ရုံတင်နေတုန်းပါ။ သတ်တာတွေ ဖြတ်တာတွေ ပါပေမယ့် ကျနော်က အဲဒီဇာတ်ကားကို အတင်းကြည့်ချင်နေတော့ သူမလည်း ကျနော်နဲ့ အတူ ကြည့်ရတာပေါ့။ အော် သူ့ခမျာ အလိုလိုမှ ဝမ်းနည်းနေပါတယ်ဆို စစ်သွားတိုက်ဖို့ ခွဲခွာရတာတွေ၊ စစ်တိုက်ရင်း သေတာကြေတာတွေ၊ စိတ်မကောင်းစရာတွေ တပုံတပင်ကို သွားပြမိလေတယ်လို့ ကြည့်ပြီးကာမှ ဆင်ခြင်မိတယ်။ ပြီးတာတွေလည်း ရှိပါစေတော့ နောက်တော့ ဆင်ခြင်ပါ့မယ်လို့ စိတ်ထဲထားလိုက်ရတယ်။

အခု ပြီးခဲ့တဲ့ ၂ ရက်မှာ အောင်မြင်စွာ ပြနိုင်လိုက်တဲ့ ဇာတ်ကား ၂ ကားကတော့ Priceless (French: Hors de prix) နဲ့ The Valet (French: La Doublure) ဆိုတဲ့ ၂ ကားပါ။ ၂ ကားလုံးမှာပါတဲ့ သရုပ်ဆောင် မင်းသားက Gad Elmaleh ဆိုသူဖြစ်ပါတယ်။ ကျနော် သူ့ကို စပြီး သိတာက Priceless ဆိုတဲ့ ဇာတ်ကားမှာ သိတာပါ။ မျက်လုံးပြူးပြူးနဲ့ အူကြောင်ကြောင် သရုပ်ဆောင်တာကို အလွန်သဘောကျတာပါ။ အဲဒီကားကြည့်တုန်းက သူငယ်ချင်းက “သူက အပြင်မှာလည်း အဲသလိုပဲလား မသိဘူး” ဆိုတော့ ကျနော်က သူကို ပြောလိုက်သေးတယ် “မဟုတ်လောက်ပါဘူး ဒီကားထဲမို့ ဒီလို သရုပ်ဆောင်တာနေမှာပါ” လို့။ နောက် The Valet ဆိုတဲ့ ကားကို ကြည့်မိတော့မှ “အင်း သူက အဲသလို လူထင်တယ်၊ သူနဲ့ အူတူတူ ဇာတ်လမ်းတွေက သိပ်လိုက်တယ်” လို့ သဘောပေါက်ပါတယ်။
Priceless (French: Hors de prix)

The Valet (French: La Doublure)



မဇနိကို ပထမစပြတဲ့ကားက The Valet ဆိုတဲ့ကားပါ။ မင်းသမီးကတော့ Alice Taglioni ဆိုတဲ့ ပြင်သစ် မင်းသမီးပါ။ ဇာတ်လမ်းအကျဉ်းကို ဒီမှာဖတ်ကြည့်ပါ။ အကျဉ်းဆုံပြောရရင် သူဌေးကြီးတစ်ယောက်နဲ့ မော်ဒယ် Alice Taglioni တွဲနေတာကို သူဌေးကတော်က သိသွားလို့ Gad Elmaleh ကို Alice Taglioni နဲ့ သမီးရည်းစားယောင်ဆောင်ပြီး တွဲရတာပါ။ Gad Elmaleh က ကြိုက်နေတဲ့သူ မိန်းကလေးက အထင်တွေလွဲတာတွေ ဖြစ်ပေမယ့် နောက်ဆုံးတော့ ပြေလည်သွားပါတယ်။ ဇာတ်လမ်းက ကြည့်ရတာ မဆိုးပါဘူး။ မင်းသမီးလုပ်သူ Alice Taglioni က အတော်လှပေမယ့် မင်းသားလုပ်သူ Gad Elmaleh က အချောကြီး မဟုတ်ရပါဘူး (ပြူးကြောင်တောင်ကြီးပါ။ :D)။ ဒီကားမှာ မဇနိက ဘာမှ အထွေ အထူး မပြောပါဘူး။ ကြည့်ပျော်တယ်ပေါ့။ အဲသလောက်ပါပဲ။


ဒီတော့ ဒုတိယ အဆင့်အနေနဲ့ မင်းသား Gad Elmaleh ပါတဲ့ Priceless ဆိုတဲ့ကားကို ပြတော့ သူမ နည်းနည်းတော့ ပြောလာပါတယ်။ ဇာတ်လမ်းအကျဉ်းကို ဒီမှာ ဖတ်ပါ။ အဲဒီကားမှာ Gad Elmaleh နဲ့အတူ သရုပ်ဆောင်တဲ့ မင်းသမီးကတော့ The Da Vinci Code မှာပါတဲ့ Audrey Tautou ပါ။ ဒီတခါတော့ ဇာတ်လမ်းဆုံးအောင် မစောင့်တော့ပါဘူး။ သူမက ကျနော့်ကို မေးပါလေရော “မင်းသားက နောက်တစ်ယောက် ပါဦးမှာလား”တဲ့။ ကျနော့်မှာ ရီလိုက်ရတာ။ “ငါက မင်းကို မင်းသားချောချောတွေပါတဲ့ ဇာတ်ကားကို တမင်မပြတာကွ” ဆိုပြီး မဇနိကို ကျနော် ပြန်ပြောလိုက်တယ်။ “သူကျတော့ မင်းသမီးချောချောတွေ ကြည့်ပြီးတော့” နှုတ်ခမ်းစူပါတယ်။ (နှုတ်ခမ်းစူတာကို မမြင်ရပါဘူး၊ စိတ်ကူးနဲ့ မြင်တာပါ။) ဒီတော့ ကျနော်လည်း ပြောရတာပေါ့ မဇနိကို - “မင်းက Audrey Tautou နဲ့ ဆင်လို့ ငါက အလွမ်းပြေ ကြည့်တာပါ” လို့။

Read more...

ရှောက်သီးသုပ်နဲ့ကြာဇံဟင်း

>> Sunday, November 16, 2008


မိုးတွေရွာနေတယ်။ ရာသီဥတုအေးလှတယ်။ မြန်မာအမတွေက အိမ်အသစ်ပြောင်းလို့ အိမ်သစ်တက်ပွဲလုပ်တယ်ဆိုပါတော့။ ဒါနဲ့ သူတို့လုပ်ကျွေးတဲ့ ရှောက်သီးသုပ်နဲ့ ကြာဇံဟင်းကို သွားစားတယ်။ နေ့လည်စာရော ညစာပါ စားလာခဲ့တာ။ ကြာဇံက နှစ်အိုးတောင်ချက်ထားတာဆိုတော့ အ၀စားခဲ့တယ်။ ပြန်ခါနီးလည်း ထပ်တီးလိုက်သေးတာ။ ကိုယ်က အငယ်ဆိုတော့ ဘာမှကူမလုပ်ရဘူး။ အစားပဲ စားရုံဆိုတော့ အရမ်းပျော်ပေါ့။ ရှောက်သီးသုပ်ကစပ် ကြာဇံဟင်းကပူ စပ်ပူ ပူစပ် ကောင်း၏။







မဇနိ

Read more...

သူနဲ့ကျွန်မ

>> Saturday, November 15, 2008




အသက်တွေ တဖြည်းဖြည်း ကြီးလာပြီဆိုတဲ့အကြောင်း ညက ပြောဖြစ်ကြတယ်။ ဘယ်ချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မနေ့တနေ့ကမှ ဆယ်တန်းအောင်သလို ထင်နေတော့တာ။ ခုမှ သိတဲ့သူအချင်းချင်း တွေ့လိုက်ရင် ကျွန်မက ဘယ်နှစ်က ဆယ်တန်းအောင်တာလေလို့လည်း ပြောတာ အကျင့်ပါနေပြီ။ အရင်တချိန်ုတုန်းကတော့ ဒီလိုပြောလိုက်ရင် “အသက် ငယ်သေးတာပဲ” နဲ့ မှတ်ချက်ပြန်ရခဲ့တာကိုး။ အခုတော့ မဟုတ်တော့ဘူး “ ဟင် သမီးက၂ဝဝ၄ အောင်တာလေ” တဲ့။ သွားပြီဟ ဘယ့်နှယ့်ရှိစနဲ့ ဖြစ်ရတော့တာ။



မြန်မာပြည်မှာ ကျောင်းတက်စဉ်ကတော့ အသက်ငယ်တယ် အပြောခံရပါတယ်။ အခုဒီလည်းရောက်ရော ကိုယ်က ဂျပန်ကလေးတွေနဲ့ အသက်ရွယ်တူထင်မိတာ။ သူတို့က မာစတာကျောင်းသားတွေတောင် အလွန်ဆုံး အသက် ၂၄ များတယ်။ အခုတော့ စိတ်ကို ပြင်ယူပါတယ်။ သူတို့နဲ့စကားပြောတဲ့အခါ ကိုယ်ကအကြီးလိုဖြစ်အောင် ပြောယူရပါတယ်။ အသက် ၃ဝ နားကပ်နေပြီး ကိုယ်က ခလေးလိုသွားလုပ်နေလို့ မဖြစ်သေးပါဘူးလေလို့ ပြင်ယူရတာပေါ့။ တချို့ကျောင်းသားတွေက ၂၁၊ ၂၂။ အသက်တွေကြီးလာတော့လည်း တာဝန်ယူရတဲ့အပိုင်းတွေ ပြောင်းလာတယ်။ အိမ်မှာ လက်ဖြန့်တောင်းလို့ မရတော့ဘူးဆိုတာလည်း နားလည်လာရတာပေါ့။ အိမ်ကလည်း ကိုယ့်ဆုံးဖြတ်တွေကို အလေးထားလာတယ်။ တချို့တာဝန်တွေက အလိုလို ကိုယ့်အပေါ်ကို ပြောင်းလာသလိုလို သတိထားမိပါတယ်။ ဒါတွေ ကိုဇနိကို ပြောပြတော့ အဖြေက အသက်တွေ ကြီးလာတာကိုးတဲ့။ အသက်ကြီးလာလို့လည်း မင်းအိမ်ကို လာလည်တော့ ဘယ်သူ့မှ မကြောက်တော့ဘူးလေလို့ ပြောတယ်။

တကယ်တော့ သူငယ်ချင်းတအုပ်စုကြီး အိမ်ကို ဝင်ထွက်နေတုန်းက အဖေနဲ့အမေ ကိုဇနိကို သိပ်ချစ်တာ။ ဆယ်တန်းအောင်ပြီး ကျောင်းသွားတက်ရတာဆိုတော့ ကျောင်းပိတ်လို့ အိမ်ပြန်ရင် သူငယ်ချင်းတွေအကြောင်းက ပြောလို့မကုန်ဘူး။ အမေလည်း နားထောင်ရတာ မရိုးနိုင်ဘူး။ ကျောင်းမှာလဲ တတွဲတွဲ၊ အိမ်ကို ခဏပြန်တော့လည်း အိမ်လာလည်လိုက်၊ တပြုံကြီး ပုဂံဖက်အလည်တွေသွားလိုက်နဲ့ ခွဲတယ်မရှိဘူး။ ဒါနဲ့ပဲ နောက်ဆုံး ကိုဇနိရဲ့ မာယာကွန်ယက်မှာ ပါသွားတယ်ဆိုပါတော့။ ကျွန်မက အိမ်မှာ အကြီးဆုံးလည်းဖြစ် ဗီဇကိုက လူကြီးလိုနေတာဆိုတော့ သူ့ကို ကျွန်မက ဂရုစိုက်ရတယ်။ တကယ့်တကယ် အရေးကြုံလာရင်တော့ သူက လူကြီးနေရာယူပါတယ်။ သူက ခေါင်းအေးတယ်။ စီမံတတ်တယ်။ ကျွန်မက စိတ်မရှည်ဘူး။ အမြန်ပြီးချင်တယ်။ စိတ်စောတတ်တယ်။

ငယ်ငယ်တုန်းက ရည်းစားထားတယ်ဆိုတဲ့ သူငယ်ချင်းတွေကို အတူမတွဲချင်ဘူး။ ပြောရရင် သမီးလိမ်မာပေါ့။ အိမ်နားက သမီးလေး သိပ်လိမ်မာတယ်လို့ အဖေအမေတို့ကို ချီးမွမ်းခံခဲ့ရဖူးတာ။ ဒါတွေက သူနဲ့ကျွန်မတွေ့တော့ ပြောင်းပြန်ဖြစ်ကုန်ရော။ သူကလည်း အိမ်ကို ခဏခဏ လာလည်ချင်နေတာ။ ကိုယ်ကလည်း သူမလာရင် ပျင်းနေရော။ အမေတို့က ကြာတော့လည်း ရိပ်မိလာမှာပေါ့။ တနေ့တော့ အိမ်နားက ခင်နေတဲ့အမတယောက်က စကားပြောချင်လို့ လှမ်းခေါ်တယ်။ အဲဒီနေ့က ကျွန်မ ဥပုသ်စောင့်ထားခဲ့တာ သူသိနေလို့ ခေါ်မေးတယ်။ ညီမလေး ရည်းစားရှိတယ်ဆို ရာထူးအကြီးကြီး လူအကြီးကြီးဆို တဲ့။ ကျွန်မ သူ့ကို ဟုတ်တယ် မဟုတ်ဘူး အဖြေမပေးခံပါဘူး။ ဥပုသ်စောင့်ထားတာကို အခွင့်ကောင်းယူပြီး လာအစ်ဖို့ ကြိုးစားတာ မအောင်မြင်ရှာဘူး။ ဒါနဲ့ ကိုဇနိကို ပြန်ပြောတော့ “ဟုတ်တယ်လေ လူက ဝတော့ အကြီးကြီးပေါ့” တဲ့ ဟီး ဟီး ရာထူးတော့ ဘယ်ကနေ ကြီးနေသလဲ မသိဘူးဆိုပြီး ရယ်မိကြတယ်။ နောက် အဲဒီအမက ထပ်ပြောလိုက်တာက “သူများတွေဆီက ကြားလို့မေးတာပါ ညီမရည်းစားထားတာ မဖြစ်နိုင်ပါဘူး တကယ်လို့ထားရင်လည်း ရာထူးကြီးတဲ့သူတွေ ဖြစ်မှာပါလို့ အမသိပါတယ်” တဲ့။ ကောင်းကြလေရော့။ ငါ့နှယ်နော် ခက်တော့နေပါပြီလို့။

အခုနောက်ပိုင်း ကိုဇနိအလည်ပြန်လာတော့လည်း အိမ်ကို ခဏခဏလာတယ်။ သူကလည်းပြောတယ် နေ့ခင်းထမင်းစားပြီးရင် ကျွန်မအိမ်ကို လာချင်လို့ တပြင်ပြင်လုပ်နေတာတဲ့။ တခါကလည်း နေမကောင်းဘူးဆိုပြီး ရောက်လာတယ်။ တော်တော်နဲ့မပြန်ဘူး စကားထိုင်ပြောနေတာ။ ကျွန်မလည်း အမေရေ နေမကောင်းလို့တဲ့ ဆိုတော့ အမေက သူ့ကို ဆေးတိုက်လိုက်တယ်။ သူပြန်သွားတော့ နေမကောင်းတာ ဒီလာတော့ နေကောင်းသလား လေတိုက်ရင် ပိုဆိုးမယ်လို့ ရွဲ့ပြောပါတယ်။ အဖေကတော့ သူလာရင် နေကာမျက်မှန်အမဲကိုတပ် အိမ်ကထွက်သွားတယ်။ အတန်ကြာရင် အရှေ့ကနေပြန်လာတယ်။ အိမ်ဖက်ကို မျက်မှန်အောက်ကနေ တချက်လေးလှမ်းကြည့် ရှိသေးလား ရှိသေးရင် အနောက်ကို ဆက်သွားတယ်။ ပြန်မလာသေးဘူး။ သူမပြန်မချင်း အဖေက ပြန်မလာဘူး။ သူပြန်သွားရင်လည်း ကျွန်မကို တနေ့လုံး စကားမပြောပါဘူး။ ကိုဇနိကတော့ အဖေ့ကို ကြိမ်းနေတယ် အိမ်ထောင်ပြုပြီးရင် တွေ့မယ်တဲ့လေ။ တကယ်တော့ အဖေတို့က သူ့ကိုလဲ ချစ်မှာပါ။ သမီးဆိုတော့ နှမြောတာဖြစ်မယ်လို့ နားလည်ပါတယ်။

ကျွန်မက သူ့ထက် အသက်တစ်လတိတိ ကြီးပါတယ်။ မနေ့ညကတော့ မသိချင်ယောင်ပြီး “ကိုဇနိနော် အဖိုးကြီးဖြစ်နေပြီ ကိုယ့်ဟာကိုယ် သိရဲ့လား” နဲ့ ဦးအောင်ပြောလိုက်တာ။ သူကလည်း မရဘူး “အင်းပါ အဖွားကြီးရယ် သိပါတယ်” တဲ့။ ကျွန်မမှာ လုပ်စရာအလုပ်တွေ များလာရင် သူလည်း မနေရဘူး ဝိုင်းကူရပါတယ်။ ကျွန်မက စိတ်ပင်ပန်းနေရင် စာရေးထားတာမျိုးဆို ပြန်မစစ်နိုင်တော့ဘူး။ သူက စိတ်ရှည်တော့ အားလုံး အချောသတ်အောင်လုပ်ပေးတယ်။ ဒါမျိုးလိုချင်တာလေ လို့ ပြောလိုက်ရင် သူက အင်တာနက်မှာ ဟိုရှာဒီရှာ ကြာနေတဲ့အခါ မရသေးဘူးလား ဒါလေးကို ကြလိုက်တာ လို့ ကျွန်မစိတ်တိုမိတတ်တယ်။ သူကလည်း ဘယ်လောက်ဆူဆူ ဘာမှမပြောဘူး။ သည်းခံတယ်။ ကျွန်မစိတ်ညစ်နေတာသူသိတော့ သူဘာမှမပြောရှာပါဘူး။ အဲ ကိစ္စတွေပြီးလို့ အဆင်ပြေသွားပြီ ရာသီဥတုသာယာလာရင်တော့ သူက ဟိုနေ့က ငေါက်လိုက်တာနော် တဲ့။ အာ စိတ်တွေ ညစ်နေလို့ပါ အခုပြန်ချော့မယ်နော်နဲ့ လုပ်လိုက်တော့လည်း ပြေလည်သွားတာပါ။

အသက်ကြီးတဲ့ကျွန်မက ဘယ်လိုကနေဘယ်လို ပြောင်းလဲသွားတယ်မသိဘူး။ သတိထားလိုက်မိတော့ သူ့ကို သမီး သမီးနဲ့ ပြောတာ အကျင့်ပါနေပြီ။ တခါတလေလည်း ငါ့သမီးလေးက ဆိုးလိုက်တာ တာတေလေးတဲ့။ သူပြောချင်ရာပြော ကျွန်မကို အလိုလိုက်နေသမျှ ဆိုးနေအုံးမှာပါပဲ။ ပြီးခဲ့တဲ့သုံးရက်ဆက်တိုက် ကျွန်မစာတွေ သူကူလုပ်ပေးနေရတာ အိပ်ယာနိုးကတည်းက ကျွန်မအိပ်ချိန်ထိ သူမအိပ်ရသေးပါဘူး။ မနေ့ကတော့ အားလုံးပြီးသွားလို့ သူ့ကို ပြန်ချော့ရတယ်။ ဒါနဲ့ သမီးကို ဆိုးလွန်းလို့ လွှင့်ပစ်ချင်နေပြီလား လို့ မေးမိတော့ လွှင့်မပစ်ချင်ပါဘူးတဲ့။ လွှင့်ပစ်လည်း ပြန်ကောက်ရမှာလေ၊ ကြာကြာမှ မပစ်နိုင်တာနော် လို့ ပြောရှာတယ်။ ကိုယ်ကလည်း ကိုယ့်အဆိုးဆိုတော့ သူ့ကို ပြန်ချော့ပါတယ်။ နောက်တပတ်သူစာမေးပွဲရှိတော့ သူ့ကိုဂရုစိုက်ရမည့် အလှည့်ရောက်ပြီပေါ့။

မဇနိ

Read more...

ခေါက်ဆွဲပြုတ်

>> Friday, November 14, 2008


ခုရက်ပိုင်း အလုပ်တွေရှုပ် စိတ်တွေညစ် ညတွေ မအိပ်ရ၊ အိပ်မပျော်ဘူးပေါ့။ ဟင်းလည်းချက်မစားနိုင်။ ဒါနဲ့ပဲ ခေါက်ဆွဲနဲ့ အသီးအရွက်လေးတွေ ဖြစ်သလိုစားနေတာပါ။ ဒီနေ့တော့ ဟင်းချက်စားမယ်။ မစားရသေးဘူးပေါ့လေ။ ရာသီဥတုအေးနေတော့လည်း ခေါက်ဆွဲပူပူလေးက စားလို့ကောင်းပါတယ်။ ပဲငံပြာရည်နဲ့ ကိုယ်ဟာကိုယ်လုပ်တဲ့ ramen ခေါက်ဆွဲပေါ့။ နောက်တမျိုးကတော့ ခေါက်ဆွဲချက်လို့ ခေါ်ရမလား။ အသားနဲ့ အသီးအရွက်တွေနဲ့ ချက်စားလိုက်တာပါ။


ဒါက ဆိုင်မှာ စားဖြစ်တဲ့ ခေါက်ဆွဲ..


ဒါတွေကတော့ အိမ်မှာ လုပ်စားဖြစ်တဲ့ ခေါက်ဆွဲပြုတ်..



စားစရာလာမေးတဲ့ မေမိုးနဲ့တကွ အလည်လာသူတွေ အားလုံးပဲ ဓာတ်ပုံတွေကြည့်ပြီး အဝစားသွားကြပါ...
မဇနိ

Read more...

ဆေးပေါင်းခတဲ့ည

>> Wednesday, November 12, 2008



“ချွင် ချလွန်”။ “ဟာ ဟိုဖက်မှာ ဟ” ။ “မဟုတ်ဘူး ဟိုကောင့်ခြေထောက်အောက်မှာ” “အမေရေ အီး ဟီး ဟီး သမီးခြေထောက်တက်နင်းခံလာရလို့” တချိန်က အသံတွေ ပြန်ကြားနေမိတာပါ။ တန်ဆောင်မုန်းလပြည့်ညရဲ့ လရောင်အောက်မှာ ကလေးတသိုက် ပျော်မြူးသံတွေနဲ့ မြို့လေးဟာ အသက်ဝင်နေတယ်။


အိမ်ကိုဖုန်းဆက်လိုက်တော့ မိသားစုတွေ မဲဇလီဖူးသုပ်စားဖို့ ပြင်ဆင်နေကြဆိုပဲ။ “သမီးလည်း စားချင်တယ် အမေ” လို့ ညည်းမိတော့ “ပြန်လာတော့ စားရမှာပါ သမီးရယ် အမေလည်း ကျွေးချင်တာပဲလေ”တဲ့။ “သမီးအမေက သမီးငယ်ငယ်တုန်းက ပိုက်ဆံကောက်၊ ဒူးပြဲပြန်လာတဲ့အကြောင်းတွေ အခုပဲပြောနေတာလေ” လို့ အဖေက ဆိုလာတော့ “ဟုတ် ငယ်ငယ်ကပါ အဖေ” လို့ ရယ်ပြောပြောရသေးတယ်။ အခုချိန်မှာတော့ ပြန်တွေးမိရင် နည်းနည်းရှက်တာပေါ့။ တကယ်ကို အိမ်ပေါက်စေ့လိုက်ပြီး ပိုက်ဆံတောင်းခဲ့ကြတာတွေ အသုပ်စားခဲ့ကြတွေ ပျော်ပါးလွတ်လပ်ခဲ့တာတွေပါ။

ကျွန်မတို့မြို့လေးမှာ ညနေစောင်းလာတာနဲ့ ကြေးစည်သံကြားလာရပြီ။ လူငယ်နှစ်ယောက်က ကြေးစည်လေးထမ်း၊ ဘေးက သူငယ်ချင်းတသိုက်က ထန်းလျှော်တောင်းထမ်း၊ တချို့က လွယ်အိတ်လွယ်ပြီး ပိုက်ဆံအပျော်တမ်းလိုက်အလှူခံကြပါတယ်။ “ကျွန်တော်တို့ ပျော်ပွဲစားချင်လို့ပါ ခင်ဗျာ” ဆိုရင် အိမ်တိုင်းက ပေးကြတယ်။ “ကျန်းမာပါစေ ချမ်းသာပါစေ တန်ဆောင်မုန်းလမှာ ဆေးပေါင်းခပါစေ” လို့ ဆုတွေတောင်းပေးသွားကြရင် အလှူလုပ်လိုက်ရတဲ့အိမ်က သဘောတွေကျလို့။ တချို့အိမ်ကလည်း ဆန်နို့ဆီတဗူး၊ တချို့အိမ်ကတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီပေါ့။ အိမ်မှာရှိတဲ့စားစရာ ဟင်းချက်စရာ ဘာပေးပေး ကျေနပ်နေကြတာပါပဲ။ အားလုံးက အပျော်လိုက်လုပ်နေကြတာကိုး။ ညဖက်ရောက်လာရင်တော့ အိုးစည်၊ ဒိုးပတ်တွေနဲ့ ကားတွေနဲ့ လည်အလှူခံထွက်ကြတယ်။ ကိုယ်နဲ့သိတဲ့အိမ်ဆို “ဦးလေးဝင်း ပျော်ပွဲစားချင်လို့ပါဗျို့” နဲ့ အိမ်ရှေ့ကနေ အော်ကြတယ်။ ဦးလေးဝင်းကလည်း မီးအားလုံးမှိတ်ပြီး အိမ်ထဲမှာ ပုန်းနေတတ်တယ်။ ဒါဆိုလည်း ထွက်မလာမချင်း အော်နေတော့တာ။ နောက်ဆုံးတော့ နားမခံသာတာနဲ့ မုန့်ဖိုးထွက်ပေးရတာပဲ။ “ဦးလေးဝင်းကြီး ကျန်းမာပါစေ ချမ်းသာပါစေ မိန်းမချောချောလေးရပါစေ” လို့ အိုးစည်တွေတီး ဆုတောင်းရင်းနဲ့ နောက်တအိမ်ကို ကူးသွားကြတယ်။

စတိုးဆိုင်တွေက ညနေဆို အကုန်ပိတ်တာများပါတယ်။ တချို့ဆိုင်တွေကတော့ ညဖက်မှာ ခဏဖွင့်ပြီး ပိုက်ဆံတွေကျဲတယ်။ မုန့်တွေ အလှပြင်ပစ္စည်းတွေကျဲတာလည်း ရှိတယ်။ ဒါမျိုးဆို မယ်မျှင်တို့က ညနေကတည်းက သတင်းစုဆောင်းထားရတယ်။ အိမ်နားက ကလေးတွေနဲ့ ညရောက်ရင် ပိုက်ဆံကောက်ဖို့ ဟန်ရေးတပြင်ပြင်ပေါ့။ ပြောသာပြောတာပါ ဘယ်တော့မှ ပိုက်ဆံမရခဲ့ပါဘူး။ လုကောက်လို့ရတဲ့နေရာမျိုးဆို မနေနိုင်ဘူး သွားလုကောက်တယ်။ အတွန်းခံရတဲ့အခါရှိသလို ခြေထောက်တက်နင်းခံရတဲ့အခါလည်း ရှိပါရဲ့။ မောင်လေးတွေမရှိတုန်းက အမေတို့ရဲ့ အသည်းကျော်ဆိုတော့ လူတိုးမှာ စိုးရိမ်ကြတယ်။ သမီးရယ် သွားတိုးမကောက်နဲ့နော်ဆို ဘယ်တော့မှတားမရဘူး။ လိုက်သွားတာ။ ငိုပြန်လာတာလည်း အခါခါ။ တချို့အလုပ်သမားတွေ အများကြီးနဲ့လုပ်ရတဲ့ စီးပွားရေးသမားတွေက ညဖက်မှာ သူတို့အလုပ်သမားတွေရော အပြင်လူတွေရော ပေးရတယ်။ ကြာတော့ မနိုင်တော့မှာစိုးလို့ တအိမ်လုံးမီးမှိတ်၊ သော့ခတ်ပြီး တခြားသွားပုန်းနေရတာတွေလည်း ရှိသေးတယ်။ ဒီည ပိုက်ဆံဘယ်လောက်ကုန်ရင် အိမ်တံခါးပိတ်မယ်ဆိုတာလည်း ရှိကြသေး။

ကျွန်မကတော့ လူလည်ကျတတ်တယ်။ ကိုယ့်ကိုချစ်တဲ့သူတွေအိမ်သွားတောင်းတယ်။ အကြွေစေ့ပေးလို့ကတော့ မယူဘူး။ အတန်ကြီးမပေးသရွေ့ အနားကပ်နေတော့တာနဲ့ သူတို့လည်း မနေသာ ပေးလိုက်ရတယ်။ ကိုယ့်ဟာကိုယ် ပိုက်ဆံသွားတောင်းနေရင်း အိမ်ကိုပြန်ပြေးလာ “အမေရော့ ယူထားနော်“ “အမေ ဘယ်လောက်ရနေပြီလဲ” နဲ့ ပေါင်းရတာ တွက်ရတာလည်း အမောပဲ။ အိမ်ကိုလာမုန့်ဖိုးတောင်းတဲ့ကလေးတွေလည်း ရှိတော့ အမေက သူ့လက်ထဲလွယ်တဲ့ ကျွန်မအပ်ထားတာလေးတွေ ပေးလိုက်ရင် ငိုရတာလည်း အမောပါပဲလေ။ အမေတို့က ညနက်လို့ အိပ်ချင်လှပြီဆိုလည်း မယ်မျှင်က လှစ်ဆို ပျောက်ပျောက်သွားလို့ လူကြီးတွေ မအိပ်ရရှာပါဘူး။ ကတ္တရာလမ်းပေါ်မှာ စက်ဘီးတွေနောက်ပြေးလိုက်ရင်း ပိုက်ဆံလုကောက်လို့ ဒူးပြဲရင်တော့ မချောင်ဘူး။ နောက်တနေ့လင်းရင် ဒူးပြဲက မခံမရပ်နိုင်အောင် နာလှတယ်။ အိမ်နဲ့မျက်စောင်းထိုးက အဒေါ်တယောက်ကို ညညဆို ချောင်းနေရတာ။ သူက ပိုက်ဆံတွေအများကြီး လက်ကိုင်ပ၀ါနဲ့ထုပ်၊ သစ်ပင်တွေပေါ်တင်တတ်တယ် “ပံ့သကူစွန့်တာ” တဲ့လေ။ အဲဒီအဒေါ်ကြီးအရိပ်အကဲကို ကလေးတသိုက် ဂျူတီချပြီး လိုက်ကြည့်ရတဲ့နှစ်တွေလည်း ရှိသေးတယ်။ ပိုက်ဆံသွားလုကောက်လိုက်၊ အိမ်ပြန်ပြေးလာ အမေ့ကိုအပ်ထားလိုက်၊ မဲဇလီဖူးသုပ်ကို ကမန်းကတန်းစား ရေသောက်လိုက်နဲ့ တယောက်ထဲအိမ်မှာ ဗြောင်းဆန်ခဲ့တာပါ။

ကျွန်မတို့မြို့က ကထိန်တွေ ရပ်ကွက်တိုင်းခင်းတော့ ပဒေသာပင်မှာ ပိုက်ဆံသီးတာတွေ ရှိတယ်။ တန်ဆောင်မုန်းညဆို ဘုန်းဘုန်းတွေက သူဌေးတွေပါ။ ဘုန်းဘုန်းတွေက သင်္ကန်းအိတ်ထောင်ထဲမှာ ပိုက်ဆံအသစ်အထပ်လိုက်ပါတယ်။ ကလေးတသိုက်ကလည်း သင်္ကန်းစဆွဲလိုက်ကြတာ။ ဘုန်းဘုန်းတွေက ပေးလိုက်ရင် အများကြီးပေးတာဆိုတော့ ပျော်တာပေါ့။ ကျွန်မကတော့ မနက်ကတည်းက အိမ်လာဆွမ်းခံကြွတဲ့ ဘုန်းဘုန်းဆီက ပံ့သကူပိုက်ဆံစွန့်ခိုင်းပြီးသား “ဘုန်းဘုန်း သမီးကို များများပေးနော် ညကျ သမီးက ဒူးပြဲမှာကြောက်လို့ မသွားရဘူးရယ်” နဲ့ ညာတောင်းထားသေးတယ်။ အမေတို့ကလည်း အတော်အတန် မုန့်ဖိုးတောင်းသူတွေကို ပေးပြီးရင် မီးမှိတ်နေရတယ်။ ကျွန်မက အိမ်ပြန်လာပြီဆို ဘေးဘယ်ညာတချက်လောက်ကြည့်၊ ဘယ်သူမှမလာရင် “အမေ သမီးပါ တံခါးဖွင့်ပေးအုံးနော်” လို့ တိုးတိုးလေးဆိုရတယ်။ အိမ်ကို ကလေးတွေ ၀ိုင်းအုံလာတောင်းမှာက ကြောက်ရသေးတာကိုး။ ကိုယ့်အိမ်ကို လာချောင်းနေတဲ့အုပ်စု ခပ်လှမ်းလှမ်းမှာရှိနေရင် “အမေရေ တံခါးမဖွင့်နဲ့နော် ပိုက်ဆံယူထားလိုက် ဟိုနားမှာ ဘယ်သူတို့အုပ်စုရှိနေတယ် သမီးပိုက်ဆံတွေ ပြန်မပေးရဘူးနော်” လို့ တံခါးကြားကနေ ပိုက်ဆံပေး ပြန်ပြေးခဲ့တာတွေလည်း ရှိတယ်။

ည (၁၂) နာရီတိတိမှာ မဲဇလီဖူးစားရင် ဆေးပေါင်းခတယ်ဆိုပေမယ့် မစောင့်နိုင်ပါဘူး။ ပြေးလွှားဒူးပြဲပြီး မောပမ်းအိပ်သွားတော့တာပါ။ အပျို၊ လူပျိုတွေ အသက်ကြီးသူတွေကတော့ ရလာတဲ့ မုန့်ဖိုးတွေနဲ့ ထမင်းတွေချက်စားကြတယ်။ အုန်းထမင်းနဲ့ ကြက်သားကာလသားချက်ပေါ့။ အရှေ့ဖက်အိမ်မှာ နှစ်တိုင်းထမင်းချက်စားကြတယ်။ အိမ်ကိုလည်း လာပေးပါတယ်။ ကျွန်မကတော့ ညစောစောအိပ်ပျော်သွားတာ အကြောင်းရှိတယ်။ မနက်စောစောနိုးပါလို့ အမေတို့ကို မှာပြီး အိပ်သွားတာပါ။ မနက်ကျတော့လည်း မနိုးပါဘူး။ မနက်အစောထပြီး လမ်းပေါ်ကို ပိုက်ဆံသွားကောက်ကြတာလည်း ကလေးတွေအများကြီးပါ။ ညက မမြင်လို့ကျန်နေတဲ့ ပိုက်ဆံတွေ သွားပြန်ကောက်ကြတာ။ စက်ဘီးတွေ ကားတွေပေါ်ကလည်းး ပိုက်ဆံကျဲသွားကြတာကိုး။ မနက်လင်းလာရင် လမ်းအရှေ့ထိပ်က တန်းလျားဟာ လမ်းအနောက်ထိပ်ကို ရောက်နေတတ်တာ။ အိမ်ရှေ့မှာ ပံ့သကူဘုရားဆိုပြီး ဘုရားလာချထားတာတွေနဲ့ အထူးအဆန်းမြင်ကွင်းတွေက ပျော်စရာကောင်းလှပါတယ်။ ဘုရားအိမ်ရှေ့မှာရောက်နေရင်တော့ ကျောင်းတိုက်ကိုပြန်ပင့်ဖို့ ဆွမ်းကပ်တာတွေ နောက်နေ့မှာ လုပ်ရပါတယ်။ သူငယ်ချင်းတို့ယောနယ်မှာတော့ မနက်လင်းရင် အပျိုအိမ်နဲ့ လူပျိုရှိတဲ့အိမ်ကို ထုံးတွေ တန်းပေးထားတာလည်း ရှိသတဲ့။ သူတို့ရွာထိပ်က သင်ပုန်းမှာ “ဖိုးမောင်+မယ်ချို” လို့ တွဲပေးထားတာတွေလည်း အများကြီးဆိုတယ်။

မန်းချယ်ရီအဆောင်ရောက်တဲ့အခါ ပလပ်စတစ်ရေပုံးကြီးတွေနဲ့ မဲဇလီဖူး၊ အာလူး၊ ကြာဇံ ရောပြီး သုပ်စားကြတယ်။ သူငယ်ချင်းတွေကို လိုက်ဝေကြတယ်။ အဆောင်ရှေ့မှာ ကောင်းလေးတွေဆိုတဲ့ “ဇော်ဝင်းထွဋ်ရဲ့ဆေးပေါင်းခတဲ့ည” ကို နားထောင်ပြီး ည(၁၂)တိတိထိ စောင့်ခဲ့ကြဖူးတယ်။ မန်းလေးတုန်းကလည်း မဲဇလီဖူးတွေ သိပ်ပေါတယ်။ အဆောင်ရှေ့က ထမင်းဆိုင်လေးမှာ မဲဇလီဖူးသုပ် ဒါနလုပ်လို့ တနေကုန်စားချင်သလောက်စား သွားစားလို့ရတယ်။ မန္တလေးကနေ ရန်ကုန်ကျောင်းလာတက်တဲ့အခါမှာတော့ မဲဇလီဖူးက သိပ်မပေါတော့လို့ ပန်းကန်လေးနဲ့ ဝေမျှစားခဲ့ကြရသေးတယ်။ ဒီည မဲဇလီဖူးသုပ်မစားရရင် ဆေးပေါင်းမခမှာ ကြောက်လို့ ငါ့လည်းကျွေးအုံးဆိုပြီး မဲဇလီဖူးသုပ်တပန်းကန်ကို အလုအယက်စားခဲ့ရတာ သတိရမိပါတယ်။ အခုတော့ တစ်ဇွန်းတောင် စားစရာ လမ်းမမြင်မိပါဘူး။ မဲဇလီဖူးရောင်းမည့်နေရာလည်း မသိလို့ ရနိုင်လား မရနိုင်လားကို မသိပါဘူး။ မဲဇလီဖူး ဘယ်လိုမှ မရနိုင်တော့လည်း “ကဲ ဆေးပေါင်းခချင်ခ မခချင်နေ” လို့ ကျိတ်မှိတ်မြိုသိပ် ပို့စ်လေးရေး အမြန်တင်လိုက်မိပါတယ်။ ဒူးပြဲချင်ရင်တော့ အခန်းထဲမှာ ကိုယ့်တယောက်ထဲ ပိုက်ဆံတွေကျဲ လိုက်ကောက်လုပ်ရမလား စိတ်ကူးနေမိတယ်။

မဇနိ

Read more...

South2North2 (စော့သ်တူး နော့သ်တူး)

>> Tuesday, November 11, 2008


ကဲ ခေါင်းစဉ်ကို ကြည့်ပြီး နားရော လည်ကြရဲ့လား။ တောင်တောင်မြောက်မြောက်လို့ ရေးတာပါ။ တောင်တောင် မြောက်မြောက်ဆိုတော့ စိတ်ကူးထဲ ပေါ်ရာတွေ ရေးတော့မှာပါ။ အခုတလော (ကြာပါပြီလေ…) ဘလော့ဂ်ကို မရေးဖြစ်တာ။ မဇနိလေး ရေးလို့သာ ဘလော့ဂ်အသက်လေး ထွက်မသွားတာလေ။ ကျေးဇူးတင်ရပါကြောင်း မဇနိကို ပြောကြားလိုပါတယ်။ အလည်လာတဲ့ ဘော်ဒါမိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်။


ညက သူငယ်ချင်းနဲ့ အာလာပ သလာပ ပြောတော့ သူက ကျနော်ပြောတဲ့ အထဲက “မတူး မတော်” ဆိုတဲ့ စကားကို သူအခုမှ စကြားဖူးတာ ဖြစ်ကြောင်းပြောပါတယ်။ တနယ်တည်း အတူတူကြီးတဲ့ သူချင်းကို ဒီစကားလုံး မကြားဖူးဘူးဆိုတော့ နည်းနည်းတော့ အံ့ဩသွားတယ်။ သူကပြောတယ် “မတူး မတော်”ဆိုတဲ့ စကားလုံးကို “မသင့်တော်တာမျိုး” ကို ပြောတယ်ဆိုတာ နားကလည်ပါတယ်တဲ့၊ ဒါပေမယ့် စကားလုံးတွေကို အနာလိုက်(ဇ) လုပ်လိုက်တော့ “မတော်”တာက ဟုတ်ပါပြီ၊ မကောင်းတာပေါ့၊ “မတူး”ကရော ကောင်းတာကို ပြောတာ မဟုတ်ဘူးလားတဲ့။ ဟင်းအိုး ထမင်းအိုးတွေ မတူးရင် ကောင်းတာပေါ့။ ဘာကိစ္စ ဒီ နှစ်လုံးကို လာတွဲ တာလဲတဲ့၊ ခက်ကျပါရောလား… ဒီနိုင်ငံက ကလေးတွေကို စကားလုံးတခုခုရဲ့ အဓိပ္ပါယ်ကို ကျနော်တို့က မသိလို့ မေးလိုက်ရင် ပြန်ဖြေတာမျိုး ဖြစ်နေတယ်။ “မတူးမတော် က မတူးမတော်လေ၊ ခင်ဗျားက စကားလုံးကို အဲသလို ခွဲမပြစ်နဲ့လေ၊ ခွဲလိုက်ရင်ကျ ကျနော်လည်း မသိဘူး” လို့ ပြန်ပြောရမလို ဖြစ်နေတယ်။ ခင်တဲ့ နိုင်ငံခြားသား ကလေးတွေကို သူတို့ဘာသာစကား တချို့စာလုံး အဓိပ္ပါယ်ကို မေးရတာ သူတို့က ပြန်ဖြေရင် တခါတခါကျ အလွန်ရီရတယ်။ “ဒါက ဒါလေ၊ ဒါ့ကြောင့် ဒါကို ဒါလို့ ပြောတာပေါ့” ဆိုတဲ့ ရှင်းတာမျိုးပဲ ကလေးတွေက လုပ်တတ်တယ်။ ကိုယ်က ဘာပဲနေနေ ဘာသာစကားတခုကို အသစ်စက်စက်သင်နေတာဆိုတော့ စကားလုံးတခုခုကို ကြားလိုက်ရင် ဝေဖန်ဆန်းစစ်ချင်တာကိုး။ ကလေးတွေကျတော့ အရှင်းရခက်နေတော့တာပေါ့။

အဲသလို အရှင်းအလင်း ကိစ္စကျတော့ ဘာသာစကားသင်တဲ့ ဆရာမတွေက သိပ်တော်တယ်။ အံ့ဩတောင် ယူရတယ်။ ကျောင်းသားက ပါးစပ်လှုပ်လိုက်တာနဲ့ ဘာပြောတော့မယ်၊ ဘာမေးတော့မယ်ဆိုတာကို သိနေတာကိုး။ ရှင်းအောင်လင်းအောင် တန်းပြောနိုင်တယ်။ ကြားခံ ဘာသာစကားတခုမပါဘဲနဲ့ သူတို့ဘာသာစကား အစိမ်းသပ်သပ်ကို ရအောင် သင်နိုင်ကြတယ်။ ပြီးတော့ ကျောင်းသားက ဒီလယ်ဗယ်ဆိုရင် စကားလုံး ဒီလောက်ပဲ သိတယ် ဆိုတာကို သိတယ်။ အဲသလောက် စကားလုံးလောက်နဲ့ ပြောချင်ရာကို ရအောင် ပြောတတ်တယ်။ ဆရာမတွေက ပြန်ပြောတတ်တယ်၊ ကျနော်တို့ကို စာသင်ပြီးသွားရင်၊ အပြင်ကျ စကားပြောရတာ အတော်ခက်သတဲ့။ ဘာလို့လဲဆိုတော့ စကားလုံးနည်းနည်းနဲ့ လိုချင်ရာရောက်အောင် သွယ်ဝိုက်ပြောရတာကို အကျင့်ပါနေတာကိုး။

ဘာသာစကားသင်တဲ့ ဆရာမတစ်ယောက်က ပြောဖူးတယ်။ တရုတ်ကျောင်းသားတွေ ကျောင်းလာတတ်ကြတာ၊ မိသားစုလိုက်တွေတဲ့။ ကလေးအဖေတွေက ကျောင်းမှာ ဘာသာစကားသင်ရတယ်။ ကလေးတွေက ပေါက်စဆိုတော့ ကလေးအချင်းချင်းက အတူ ကစားရင်းက စကားက တတ်သွားတတ်ကြတယ်။ မိဘလုပ်တဲ့သူက အသက်ကြီးတော့ သင်ပေမယ့် စကားမတတ်နိုင်၊ ဘာမှ သင်ပေးစရာ မလိုတဲ့ ကလေးက စကားကို မွှတ်နေတာ။ ဆရာမတွေက ကလေးတွေကို တွေ့ရင် “ဖေဖေ့ကို စကားသင်ပေးလိုက်ဦးလို့” ပြောပေးရသတဲ့။

မဇနိနဲ့ စကားပြောတော့ သူ့မောင်လေးငယ်ငယ်က အကြောင်းကို ပြောပြတယ်။ မိုးတွင်းမှာ ဖိနပ်တွေ အထမ်းတွေနဲ့ မြို့ထဲလည်ပြီး ရောင်းတတ်ကြတေယ်။ ရောင်းတဲ့သူက “မိုးစိုစီး၊ မိုးစိုစီး” ဆိုပြီးရောင်းသတဲ့။ သူ့မောင်လေးက အဲဒီအသံကြားတော့ သူ့အမေ့ကို ပူဆာသတဲ့ “အမေ မိုးစိုစီး စားချင်တယ်၊ အမေ မိုးစိုစီး စားချင်တယ်” လို့ ပူဆာသတဲ့။ ဒီတော့ ကျနော်ကလည်း အားကျမခံ မဇနိကို “နိုင်ဂျန်ဂါး စားချင်တယ်၊ နိုင်ဂျန်ဂါး”လို့ ပူဆာပါတယ်။ အခုတလော ကျနော်တို့ မြန်မာမှာလည်း “နိုင်ငံခြား” သွားတာတွေ ခေတ်စားနေတာမဟုတ်လား။

တောင်တောင်မြောက်မြောက်လည်း ဒီနားတင်ရပ်လိုက်ပါဦးမယ်ဗျာ။
ဇနိ

Read more...

ပန်းဂေါ်ဖီ

>> Monday, November 10, 2008






ဒီနေ့ညနေ ကျောင်းပြန်လာတော့ ဗိုက်ဆာနေပြီ။ ထမင်းက မချက်ခဲ့မိ။ ဆန်ဆေးထမင်းလေးချက်ထားနှင့်ပြီး မြန်မြန်ကျက်မည့်ဟင်းကို စဉ်းစားလိုက်ရတယ်။ ပန်းဂေါ်ဖီရှိနေတာနဲ့ သူ့ကိုကြော်စားမယ်ပေါ့။ ကြက်ဥနဲ့ပန်းပွင့်ကြော်တာမျိုး မကြိုက်ဘူးဆိုတော့ ခရမ်းချဉ်သီးလေးနဲ့ ကြော်ချက်လေးလုပ်လိုက်တာပါ။ ပဲသီး၊ ငရုပ်သီး၊ ပန်းပွင့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို သင်ထား ရေဆေးထားပြီး ဆီမှာထည့်ကြော်တာပါပဲ။ အသားမထည့်တော့ ပုဇွန်ထည့်တယ်။ ရေစပ်စပ်လေးထည့်ပြီး ခဏပဲထားတာပါ။ ပန်းပွင့်ဆတ်တောက်တောက်လေးမှ အရသာရှိတာမို့ မြန်မြန်ချ၊ ပူပူလေးနဲ့ ထမင်းစားလိုက်တော့လည်း မဆိုးပါဘူး။
မဇနိ

Read more...

အသုပ်စုံ

>> Saturday, November 8, 2008


ဒီနေ့ပျင်းပျင်းရှိတာနဲ့ အခန်းထဲမှာ အသုပ်စုံရောင်းတမ်းကစားလိုက်တယ်။ လုပ်ရတာလည်း မြန်ပါတယ်။ ခေါက်ဆွဲ၊ မုန့်ဟင်းခါးဖတ်၊ ကြာဇံ၊ အာလူး ပြုတ်ပြီး ကြက်သွန်ဖြူဆီချက်၊ ငရုပ်သီးဆီချက်၊ ဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ မန်ကျည်းမှည့်နဲ့ ချဉ်ငံစပ်သုပ်စားတာပါ။ ပထမတပွဲက ငရုပ်သီးမပါဆီဖြူနဲ့သုပ်တယ်။ ဗိုက်ဆာနေတော့ နောက်တပွဲလည်း ကုန်တာပဲ။ နောက်တပွဲကတော့ ကြက်သားလည်း ထည့်လိုက်သေးတယ်။ ငရုပ်သီးပိုစပ်တယ်။ ဟင်းချိုအတွက် ဂျင်း၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီ၊ နံနံပင်နဲ့အတူ ပုဇွန်လေးငါးကောင်လောက် ပစ်ထည့်လိုက်တယ်။ ဒါနဲ့ ပဲမှုန့်ကို တို့ဟူးမဖြစ်ခင် ခပ်ပျော့ပျော့ဖြစ်အောင် လုပ်ထားတာလည်း ထည့်သုပ်ပါတယ်။










မဇနိ

Read more...

မတူညီတဲ့အရာ

>> Friday, November 7, 2008



လူတွေ တဦးနဲ့တဦး အမြင်မတူကြသလို အလေးထားမှု၊ တန်ဖိုးထားမှုတွေလည်း ကွဲပြားနေတယ်။ တန်ဖိုးထားတာတွေမတူတာ သတိမထားမိဘူး။ ကိုယ်တိုင်လည်း ဘာကို “တန်ဖိုးထားသလဲ” ပြန်မစမ်းစစ်မိပါဘူး။ ကိုယ့်နီးစပ်ရာ အသိုင်းအဝိုင်းထဲမှာ ဘယ်လိုတွေ ဘယ်လိုတွေ စိတ်ဝင်စားကြပါလိမ့်လို့ တကယ်သတိထားမိတဲ့အချိန်မှာတော့ အော် သူတို့က ဒါတွေကို စိတ်မဝင်စားပါ့လားလို့ သိလာရတယ်။


စစချင်း သတိပြုမိတာ လွန်ခဲ့တဲ့လအနည်းငယ်ကပါ။ ကိုယ်ကိုယ်တိုင် အတ္တကြီးသူတယောက်ဖြစ်နေတယ်။ ကိုဇနိက နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေ ကြည့်စေချင်တယ်။ ဒေါင်းလုပ်လုပ်ပေးတယ်။ ကွန်ပြူတာ desktop ပေါ်မှာ တင်ထားပေးတယ်။ မြင်သာစေချင်လို့။ ဒါမှမဟုတ်လဲ ယောင်မှားပြီး ကလစ်လုပ်မိလေမလား မျှော်လင့်ထားပုံပေါ်တယ်။ ကိုယ်ကလည်း တနေ့လည်း မကြည့်၊ နောက်နေ့လည်း မကြည့်ပါဘူး။ ဖိုင်လေးကိုတွေ့လည်း ရှောင်ကွင်းသွားတတ်တယ်။ သူလုပ်ပေးထားတာသိပေမယ့် မမြင်ဟန်ဆောင်နေလိုက်တာ။ ဒါဆို desktop sidebar ပေါ်က notepad လေးမှာ လက်ရေးအလှလေးတွေနဲ့ “ဇာတ်ကားလေးကြည့်ချင် ….”၊ “ညက ညနက်ထိ ဘယ်ဇာတ်ကားလေး ဒေါင်းလုပ်လုပ်ထားတယ်၊ “အိပ်ယာနိုးလာလို့ပျင်းရင် ကြည့်ရန်…”လို့ ကိုယ့်ကို သွယ်ဝိုက်တဲ့နည်းနဲ့ သူ့ဆန္ဒလေးဖေါ်ထုတ်လာတယ်။ မရပါဘူး။ ဒီလိုရေးထားတဲ့ notepad ဆို တချက်လေးကြည့်ပြီး စိတ်မဝင်စားတော့ဘူး။ ကျွန်မကို အောင်မြင်စွာဆွဲဆောင်နိုင်တာ ကာတွန်းကားနဲ့ ဆင်လိမ်မာဗွီဒီယိုဖိုင်လောက်ပဲရှိတယ်။ ဆင်မလိမ်မာဗွီဒီယိုဖိုင်ကြည့်မိတာ စိတ်မချမ်းသာလို့ နောက်ဆင်လိမ်မာဗွီဒီယိုဖိုင်ကိုတောင် မကြည့်တော့ဘူး။

သူလည်းအစကတော့ မရိပ်မိဘူး။ အခုနောက်ပိုင်းတော့ သိပ်မတိုက်တွန်းတော့ဘူး။ လက်လျှော့သွားတာလား။ မောသွားတာလား။ သူကိုအလေးမထားလို့များ ဥပက္ခာပြုထားတော့တာလား ကိုဇနိပဲ သိမှာပါ။ သူအချိန်တွေ ပေးခဲ့တာတွေ ကိုယ့်အတွက် ကြိုးပမ်းပေးတာတွေကို အတ္တကြီးကြီးနဲ့ လျစ်လျူရူလိုက်မိတယ်။ အင်္ဂလိပ်စာတိုးတက်စေချင်တဲ့ သူ့စေတနာတွေလည်း သိတော့သိပေမယ့် ကိုယ်သက်သာဖို့က ပိုအရေးကြီးတာကိုး။ ကျောင်းကတမျိုး၊ တယောက်ထဲနေရတာက တဖုံ ဆိုတော့ ဘာမှကို အလေးအနက်မစဉ်းစားချင်ဘူး။ ဇာတ်ကားဆိုလည်း လိုက်စဉ်းစားနေရမှာမျိုးဆို မကြည့်ချင်။ ကြောက်စရာကောင်းတာဆို မကြည့်ရဲ။ အမှန်တော့ အပျင်းထူနေတာနေမယ်။ ကျောင်းပြန်လာလို့ ပင်ပန်းလာရင် ဘလော့ဂ်လေးဖတ်ဖို့လာမပေးပါနဲ့။ “ပင်ပန်းလာတယ် ဘာမှမဖတ်ချင်ဘူးနော် ဘာမှလည်းမကြည့်ဘူး”နဲ့ ညစ်ကျယ်ကျယ်ပြောထားလိုက်တယ်။

အိမ်ကမောင်လေးလာတော့ အမြဲသုံးရတဲ့ အင်တာနက်ကို အားစိုက်သုံးစေချင်တယ်။ ဟိုဟာလေးလည်း လုပ်တတ်စေချင်၊ ဒါလေးလည်း သိစေချင်နဲ့ စိတ်တွေများမောလို့။ သူတို့ကတော့ အေးအေးပဲ။ တခါတလေ ဖြစ်စေချင်လွန်းလို့ စိတ်တိုင်းမကျဖြစ်ရတယ်။ အိမ်ကို တရားခွေတွေထည့်ပေး။ တရားနာဖြစ်သလားမေးတော့လည်း “အေး မီးလာရင် နာပါတယ်” ဆိုတဲ့ ခပ်အေးအေးအဖြေရ။ ကိုယ်ကြားချင်တာက “တရားတွေလည်းနာတယ်” ဆိုတာမျိုး။ အိမ်က အလှူလုပ်တယ်။ ဘယ်သွားတယ်။ ပြန်လာရင် ဓါတ်ပုံကြည့်ချင်ရော။ သူတို့က မရိုက်လာဘူး။ ကင်မရာကိုလည်း သိမ်းထားချင်တာပဲသိတယ်။ ဓါတ်ပုံတွေကြည့်ချင်တဲ့ ကိုဇနိလည်း အိမ်ကို စိတ်တိုင်းမကျဖြစ်တော့တာ။ သူ့ညီအင်တာနက်လာသုံးရင် တောင်းရတဲ့ဓါတ်ပုံ။ တခါမှ မပို့ဘူး။ ကွန်နက်ရှင်မကောင်းတာအကြောင်းပြ လစ်ပြေးကြတာချည်းပဲ။ တကယ်တော့ သူတို့မှ ဒါတွေကို အလေးမထားချင်တာ။ စိတ်မဝင်စားဘူးလေ။

ချစ်လှစွာသော သူငယ်ချင်းမအတွက် ကင်မရာထည့်ပေးလိုက်တယ်။ ဖုန်းဆက်ဖြစ်ကြတော့ စတွေ့တာနဲ့ “ဖိနပ်လေးက ငါနဲ့အတော်ပဲ”၊ “ထီးလေးက ပေါ့ပေါ့လေး ကြိုက်တယ်” ဒါမျိုးလုပ်တော့တာ။ ကိုယ်မျှော်လင့်ထားတာက ကင်မရာကြိုက်တယ်။ ဘယ်တွေသွားလို့ ဘာတွေရိုက်ဖြစ်တယ်။ ကိုယ်လည်း “အင်း အင်း” နဲ့ ဘယ်အချိန်ကင်မရာကြောင်းပြောမလဲ စောင့်နေမိတာပေါ့။ မနေနိုင်တဲ့အဆုံးမှ “နင် ကင်မရာကြိုက်လား” လို့ ဖွင့်မေးရတယ်။ “အေးဟယ် အစမ်းရိုက်တာပဲရှိတာ မသုံးဖြစ်ဘူး၊ မအားတာနဲ့ လှည့်မကြည့်ဖြစ်ဘူး” တဲ့။ ကဲ ဘယ့်နှယ့်ရှိစ မဇနိ။ မျှော်လင့်တာတွေ ဖြစ်မလာတော့ ကိုယ်ကဖုန်းပြောရင်း “အင်း ဟို အော်” နဲ့ ထစ်အထစ်အဖြစ်လာရတယ်။ တကယ်တော့ ဒီသူငယ်ချင်းက စိတ်သဘောထား အတိုက်ဆိုင်ဆုံး။ ကိုယ်ဘာပြောပြော ကိုယ့်ဆန္ဒကို လိုက်လျောအပေးဆုံးပါ။ စိတ်ညစ်တဲ့အခါတိုင်း သူ့ဆီဖုန်းဆက်ဖြစ်တဲ့သူ။။ တဖက်က ကိုဇနိ ကိုယ့်ကိုအံ့သြပြီး “မင်းစကားတွေ အေးစက်စက်ကြီးတဲ့ မင်းသူငယ်ချင်းကို စိတ်တိုင်းမကျဖြစ်နေတာလား” လို့ ပြောလာတယ်။ တဆက်တည်း “မင်းက စိတ်ထဲမှာ တခုခုမကြိုက်သွားရင် ပြောလို့မထွက်တော့တာ သိနေတယ်” နဲ့ သူက မေးရော။ ဟုတ်တယ် အခုစိတ်မပျော်ဘူး။ စိတ်တိုင်းမကျတွေဖြစ်နေတယ်လို့ သူ့ကိုပြောရတော့တာ။

“မင်းနဲ့ငါသာ စိတ်တွေညှိယူလို့ရတာ၊ သူတို့တွေက အေးအေးဆေးဆေးနေတဲ့ဘဝထဲမှာ အသားကျနေပြီ၊ သွားပြီး ဆန္ဒတွေစောမနေနဲ့တော့”၊ “တန်ဖိုးထားတဲ့အရာ စိတ်ဝင်စားတဲ့အရာတွေ မတူတော့ဘူး” လို့ သတိပေးလာပါတယ်။ အဲဒီတော့မှ ကျွန်မလည်း ပြန်စဉ်းမိတယ်။ သတိထားလိုက်မိတဲ့အချိန်မှာ အတော်နောက်ကျနေပါပြီ။ ဒီလို စိတ်တွေလော ဖြစ်စေချင်တာတွေများနေလို့ လိုက်မလုပ်တဲ့ အငယ်တွေကို စိတ်ဆိုးခဲ့ရတာတွေ မနည်းတော့ဘူးလေ။ “သူတို့ကိုလိုက်ပြင်ဖို့ မကြိုးစားနဲ့တော့၊ ကိုယ်စိတ်ကိုယ်သာ ပြင်နိုင်အောင်ကြိုးစားနေ” လို့ ကိုဇနိဆိုလာတော့ သက်ပြင်းတွေ အခါခါချမိနေတော့တယ်။ စိတ်နဲ့လူနဲ့မကပ် ငူငူငိုင်ငိုင်ကြီးဖြစ်နေတုန်း မင်သက်မိစေမည့် စကားတခု ထပ်ဆိုလာပြန်တယ်။ “အခု မင်းဖြစ်နေတာ ဟိုဥပမာလေးနဲ့တူသကွ၊ ငါဇာတ်ကားလေးတွေကြည့်စေချင်တာကို လှည့်မကြည့်တတ်တဲ့မင်းလုပ်ပုံနဲ့လေ” လို့ ဆိုလိုက်တဲ့အခါ ကျွန်မမှာ ပြောစရာစကားဘာမှမရှိတော့သလို ဆွံ့အသွားခဲ့ရပါတယ်။

မဇနိ

Read more...

လမ်းကလေး

>> Tuesday, November 4, 2008



ဒီလမ်းကလေးက တခြားလမ်းတွေနဲ့ မတူဘူး။ ခင်မင်စရာမိတ်ဆွေတွေ ရှိသလို၊ ပျော်စရာကောင်းတဲ့ ဖြူစင်တဲ့အပြုအမူလေးတွေလည်း ရှိတယ်။ လမ်းကလေးနာမည်က “ရာဇပတ” တဲ့။ ငယ်ငယ်ကတော့ အဖေက ပြောတာပဲ “ဒို့လမ်းက နယ်နယ်ရရလမ်းမဟုတ်ဘူး မင်းစိုးရာဇာတွေ နေခဲ့ဖူးတဲ့ လမ်း” တဲ့။ တကယ်လည်း လမ်းဗိုလ်ကြီးတယောက်အဆက်အနွယ်တွေ နေတဲ့ အိမ်ကြီးတလုံးတော့ ခုထိရှိနေသေးတယ်။


ကျွန်မတို့လမ်းကလေးကို အရှေ့ဖက်အိမ်က အပျိုကြီးအမကတော့ “မယက လမ်း” လို့ ခေါ်ချင်လို့တဲ့။ ဘာဖြစ်လို့လဲ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီလမ်းလေးမှာ နေတဲ့ မိသားစုတွေကပဲ ဒီနာမည်လေးကို အသက်ဝင်စေခဲ့လား။ ဟုတ်မယ်နဲ့တူတယ်။ တခြားလမ်းတွေနဲ့မတူဘူးဆိုတာက လမ်းကလေးရဲ့ တောင်ဖက်ကပ်လျက်လမ်းမှာ ဘေးဘယ်ညာ တိုက်မြင့်ကြီးတွေ ခြံရံထားတယ်။ ပြောရရင် သူဌေးလမ်းပေါ့။ လမ်းကလေးမှာတော့ တိုက်မြင့်ကြီးတွေ မရှိပါဘူး။ ထရံကာ၊ ဝါးကပ်မိုးအိမ်လေးတွေနဲ့ အိမ်ပုလေးတွေရှိတယ်။ ဒါပေမယ့် လမ်းကလေးရဲ့မနက်ခင်းမှာ အိမ်ရှေ့တိုင်း တံမြက်စီးလှည်းနေတဲ့ အမျိုးသားကြီးတွေ။ အိမ်ရှေ့ကို ရေဖျန်းနေတဲ့ အိမ်ဦးနတ်ကြီးတွေ။ ပဲပြုတ်ထွက်ဝယ်နေတဲ့ အိမ်ထောင်ဦးစီးကြီးတွေနဲ့ စည်ကားနေတယ်။ ကျွန်မအဖေအပါအဝင် သူတို့အမျိုးသမီးတွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ အမျိုးသားကြီးတွေ ရှိတယ်။ ဒါကြောင့် အိမ်ရှေ့ဖက်က အမက စနောက်ပြောတာပါ “မယက လမ်း” လို့။ တကယ်တော့ သူတို့ကြောက်လို့လုပ်တာမဟုတ်ပါဘူး။ သူတို့တွေက သိပ်ချစ်တတ်ကြတာပါ။

ကျွန်မတို့မျက်စောင်းထိုးအိမ်က ဦးဝင်း။ သူ့အမျိုးသမီးက မချို။ သူတို့မှာ ကလေး (၄) ယောက်ရှိတယ်။ ဦးဝင်းက ကားလေထိုးတဲ့အလုပ် လုပ်တာပါ။ သူ့အိမ်မှာ ကားမျိုးစုံလေထိုးလာတယ်။ တခါတလေ ကားလေထိုးချင်တဲ့သူက သူ့အလုပ်ပြီးအောင် ထိုင်စောင့်ရတယ်။ သူ့အလုပ်က ကလေးထိန်းနေလို့လေ။ မနက်လင်းရင် ကလေးအငယ်ဆုံးလေးကို နောက်ကျောမှာပိုးရင်း တံမြက်စည်းလှည်းနေတာ တွေ့ရတယ်။ ညဆိုရင် “ကိုဝင်းရေ ကလေးက ရေဆာလို့တဲ့ ရေတိုက်လိုက်အုံး”၊ “ရော့ရော့ သားရေသောက် ပြန်အိပ်နော်” ဆိုတဲ့ သူတို့လင်မယားအသံတွေ ကြားနေရတယ်။ နေလေးအတော်မြင့်လာရင် ဂျစ်ကားလေးမောင်းပြီး ကော်ဖီ၊ အီကြာကွေး၊ ထပ်တရာအထုပ်တွေ ပါဆယ်ဆွဲလာတဲ့ ဦးဝင်း။ ကလေးတွေကို မုန့်ခွံ့ကျွေးနေတဲ့ဦးဝင်း။ နေ့လည်နေ့ခင်း အလုပ်လုပ်နေရင်း ကလေးငိုလို့ ထချော့နေတဲ့ဦးဝင်း။ မချိုကတော့ ထမင်းဟင်းလေးချက် သူ့ဟာသူ အလှစားလေးနေတာ။ ဘယ်ကလေးမှ သူက အကပ်မခံဘူး။ မကောင်းတဲ့အလုပ်တော့ တခုမှမလုပ်ပါဘူး။ သူကလည်း အေးကိုအေးတာ။ ဦးဝင်းကတော့ အတော်ချစ်တယ်။ သည်းခံလိုက်တာလဲလွန်ရော။ သူများလို မိန်းမက စီးပွားရှာနေလို့ သူအိမ်အလုပ်တွေ လုပ်နေရတာမဟုတ်ပါဘူး။ သူ့ဟာသူ စီးပွားရှာတယ်။ သူဟာသူ ကလေးထိန်းတယ်။ ချစ်လို့ ကူလုပ်တာလို့ ပြောတယ်။ အဲသလို လမ်းလေးကို အလှဆင်တဲ့ ဦးဝင်းပါ။

နောက်တယောက်ကတော့ ကျွန်မတို့အဖေ။ အဖေကလည်း မနက်ဝေလီဝေလင်းဆို အဝတ်လေးခေါင်းပေါ်တင်ပြီး အိမ်တွင်း၊ အိမ်ပြင်အားလုံး တံမြက်စည်းလှည်းတယ်။ ရေဖျန်းတယ်။ ဘုရားရေချမ်းကပ်လှူတယ်။ ဘုန်းကြီးဆွမ်းလောင်းတယ်။ တခါတလေလည်း မီးဖိုးထဲမှာ အမေ့ကို ဝင်ကူတယ်။ ဒါပေမယ့် ကျွန်မတို့အိမ်မှာလည်း တအိမ်လုံးကို စီးပွားရှာကျွေးနေတာ အဖေပါပဲ။ အမေကနိုင်တယ်တော့ မဟုတ်ပေမယ့် အဖေ့ကို ဆိုးချင်တယ်။ အဖေကလည်း အလိုလိုက်ရတယ်။ “စု သဘော” တော့မဟုတ်ဘူး ကျွန်မတို့အဖေက “အမေ့သဘော”ပါ။ တခါတလေ အပြင်ကပြန်လာတဲ့အဖေက အမေ့ကို ထမင်းခူးကျွေးရတာတွေမြင်ရင် အပျိုကြီးတို့ထုံးစံအတိုင်း “ကဲ ကြည့်လေ ဒို့လမ်းက မယက လမ်း ပါလို့ မပြောဘူးလား” နဲ့ ကျွန်မကို စနောက်တတ်ပါတယ်။ ဒါပေမယ့် အမေက အဖေ့ကို နိုင်နေတာ၊ ရန်ဖြစ်နေတာမရှိဖူးပါဘူး။ အဖေကိုယ်တိုင်က နှစ်သက်စွာကူညီနေတာပါ။

ကျွန်မတို့အိမ်နဲ့ ခပ်လှမ်းလှမ်းမှာနေတဲ့ အဘိုးကြီး အဘွားကြီးစုံတွဲကတော့ နည်းနည်းရယ်စရာကောင်းတယ်။ ပင်စင်စားအဘိုးကြီးဆိုတော့ အလုပ်မရှိအလုပ်ရှာ အမှိုက်လှဲတယ်။ အိမ်လာလည်ရင်လည်း သူ့မိန်းမကို ချီးမွမ်းခန်းတွေထုတ်တယ်။ သူတို့လင်မယားက ရပ်ရေးရွာရေး ကူညီကြလို့ အိမ်နားက လေးစားချစ်ခင်ကြပါတယ်။ တခုပဲပြောစရာရှိတယ်။ အဘိုးကြီးက သူ့အဘွားကြီးဘာလုပ်လုပ် အကောင်းမြင်ပုံတော့ အားလုံးက အူတက်အောင်ရယ်ရတယ်။ အဘွားကြီးက အီးပေါက်တတ်တယ်။ သူ့ကို ကလိသွားထိုးလည်း ယောင်ပြီး အီးပေါက်တာပါ။ သူက အသာပေါက်တာမဟုတ်ဘူး။ အီးမပေါက်ခင် “ဗုဒ္ဓေါ ဂေါတမ မြတ်စွာဘုရား” “အမလေး ဘူ” ဆိုပြီး လုပ်ချတာ။ သူက အဲလိုလုပ်တော့ သူ့အဘိုးကြီးက အကောင်းထင်တာလား၊ သူများမရယ်အောင် ကာကွယ်ပေးတာလားတော့ မသိပါဘူး “သာဓု သာဓု အနိစ္စ မမြဲဘူးပေါ့ကွယ်” နဲ့ ကပ်လျက်အသံထွက်ပြောလေ့ရှိတယ်။ ကျွန်မတို့ကလေးတွေက ဒါကိုပဲ သဘောကျပြီး အဘိုးကြီးအဘွားကြီးစုံတွဲကို ဘယ်ချိန်များ ယောင်မလဲချောင်းနေကြတာ။ သူတို့အဲလိုလုပ်ရင် တခွိခွိရယ်လို့ မဆုံးတော့ဘူး။

လမ်းကလေးရဲ့ထိပ်မှာတော့ လမ်းဗိုလ်ကြီးအိမ်ဆိုတဲ့ အိမ်ကျယ်ကြီးရှိတယ်။ အင်္ဂလိပ်ခေတ်က လမ်းဗိုလ်ကြီးလို့ ပြောတာပဲ။ သူတို့အိမ်သားတွေက အဲဒီအမျိုးအနွယ်တွေတဲ့။ အဖေ၊ အမေနဲ့ ခပ်ချောချောသမီးလေးရယ် သုံးယောက်ပဲရှိတာ။ အိမ်ကျယ်ကြီးမှာနေပြီး ပတ်ဝန်းကျင်နဲ့ အဆက်အဆံမလုပ်ပါဘူး။ သူတို့ကိုလည်း အပြင်ထွက်တာ တွေ့ရခဲပါတယ်။ အိမ်ကြီးထဲကို ရောက်ဖူးတဲ့သူတွေကတော့ အရမ်းခမ်းနားတယ်ပြောတာပဲ။ ကားစုတ်လေးတစီးလည်း သူတို့မှာ ရှိတယ်။ ကျွန်မတို့ငယ်ငယ်က အိမ်နားမှာ ရေတွင်းမရှိတဲ့သူတွေကို ရေအလကားပေးတယ်တဲ့ အမေကပြောဖူးတာပါ။ ရေပေးတယ်ဆိုပေမယ့် အဘွားကြီးက ရပ်ကြည့်နေပြီး “နင်တို့ ရေပုံးက အပေါက်တွေ ရေတွေဖိတ်တယ် နောက်အပေါက်ပါရင် လာမခပ်ပါနဲ့” လို့လည်း ငေါက်တတ်တယ်။ သင်္ကြန်တွင်းဆို သူတို့အိမ်ရှေ့မှာ စည်ပိုင်းကြီးတွေနဲ့ ခေါင်းလျှော်ရည်တော့ အလကားပေးတယ်။ သူတို့က အရင်တုန်းက လေသံတွေ ဝင်နေတော့ အတော်မောက်မာတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် သူတို့အိမ်ရှေ့ပတ်လည်မှာ အဘိုးကြီးနေ့တိုင်းလှည်းကျင်းထားလို့ လမ်းကလေးက သန့်ရှင်းနေတယ်။

ကျွန်မတို့အရှေ့ဖက်မှာနေတဲ့ မိသားစုကလည်း စိတ်ဝင်စားစရာ တမျိုးကောင်းနေပြန်တယ်။ သူတို့က သားအမိနှစ်ယောက်ထဲနေတာ။ ကျွန်မတို့ငယ်ငယ်က သူတို့ထိန်းပေးခဲ့တာပါ။ သူတို့သားအမိက ချမ်းသာတယ်။ ရွှေတွေကို နို့ဆီခွက်တွေနဲ့ ထည့်ပြီး ရေတွက်တာ ငယ်ငယ်က ချောင်းကြည့်ဖူးတယ်။ စေတနာလည်းပါ ချမ်းလည်းချမ်းသာတော့ လမ်းကလေးရဲ့ သာရေးနာရေးမှာ အန်တီမပါလို့ မပြီးအောင် အရေးပါလှတယ်။ သူ့သမီးလေးကို ကျွန်မတို့က မမမျိုးလို့ ခေါ်ကြတယ်။ မမမျိုး အသက် ၂၅ ပတ်ဝန်းကျင်က သိပ်လှတယ်။ မည်းမှောင်ထူထဲတဲ့ ဆံပင်တွေက ဒူးခေါက်ကွေးထိအောင် ရှည်လျားပြီး ခေါင်းလျှော်တဲ့နေ့ဆို အန်တီက ကူလျှော်ပေးတယ်။ မမမျိုးကို ကြိုက်ချင်သူတွေ အိမ်ရှေ့မှာ တဝဲလည်လည်။ တနေ့တော့ မမမျိုးက တခြားမြို့က တက္ကသိုလ်ကို ကျောင်းတက်သွားတယ်။ နေမကောင်းလို့ ပြန်လာခေါ်ခိုင်းရာကစပြီး ဒီနေ့ထိ မမမျိုးဘဝ နေပြန်မကောင်းတော့ပါဘူး။ ထူထဲလှပတဲ့ဆံပင်တွေ ကျွတ်ကုန်ပြီး လှပတဲ့မမမျိုးမှာ မျက်လုံးလေးပဲကျန်လောက်အောင် ပိန်ချုံးသွားတယ်။ တချို့ကလည်း တက္ကသိုလ်က သူ့ကိုမနာလိုတဲ့သူ ပြုစားလိုက်တာတဲ့။ တချို့ကလည်း သူက မာနကြီးလို့ ဖြစ်သွားတာတဲ့။ အမေတို့ကတော့ ပြောတယ် ကံမကောင်းလို့ပေါ့တဲ့။ သူတို့သားအမိရှိတဲ့ စည်းစိမ်တွေကုန်အောင် ဆေးတွေကုပေမယ့် ခုချိန်ထိနေပြန်ကောင်းမလာပါဘူး။ သူတို့ကိုခင်တဲ့သူတွေနဲ့ လမ်းကလေးကတော့ သူတို့အတွက် ဝမ်းနည်းနေကြတာပါ။ ခုတော့ သူတို့က လမ်းကလေးကို ခွဲသွားကြပြီလို့ အိမ်ကပြောပြတယ်။

တခြားအိမ်နားနီးချင်းတွေလည်း တအိမ်တမျိုးနဲ့ ခင်မင်စရာကောင်းပါတယ်။ ကျွန်မတို့တခြားမြို့ကို ခရီးထွက်ရင် အိမ်နားမှာ သော့အပ်ခဲ့တယ်။ အိမ်ကို စောင့်ရှောက်ပေးကြတယ်။ အိမ်နားနီးချင်းအလှူရှိရင် ဝိုင်းကူကြတယ်။ ကုသိုလ်ရေးလည်း တက်ညီလက်ညီပါဝင်ကြတယ်။ ချမ်းအေးလှတဲ့ဆောင်းရာသီမှာ လမ်းကလေးပေါ် နေပူစာလှုံရင်း ရေနွေးကြမ်းသောက်ကြ၊ စကားတွေပြောကြနဲ့ ပျော်စရာမနက်ခင်းလေးတွေ ရှိခဲ့ဖူးတယ်။ ဖုန်ထူထူကိုရေဖျန်းထားလို့ ဖုန်နံ့သင်းသင်းလေးမှာ ထုပ်ဆီးတိုးခဲ့ရင်း လမ်းကလေးနဲ့ ညပေါင်းများစွာ ရင်းနှီးခဲ့ရတယ်။ အခုတော့ ပြောင်းတဲ့အိမ်ကပြောင်း၊ မပြောင်းတဲ့အိမ်ကလည်း စိတ်တွေပြောင်း။ ဘဝအခြေအနေပြောင်းခဲ့လို့ အိမ်နားနီးချင်းတွေ အရင်ကလောက် မနွေးထွေးကြတော့ဘူးလို့ လူကြီးတွေပြောနေကြတယ်။ သေချာတာကတော့ ဖုန်ထူထူလမ်းကလေးလည်း ကတ္တရာလမ်းကို ပြောင်းလဲသွားခဲ့တာပါပဲ။

မဇနိ

Read more...

ယနေ့စားစရာ

>> Sunday, November 2, 2008


ဒီနေ့ ဘလော့ကြွလာ မိတ်သဟာ အပေါင်းကို မဇနိရဲ့ ထမင်းဟင်းတွေနဲ့ ဧည့်ခံပါတော့မယ်ဗျ။
ကျနော်ကတော့ ဒီဘလော့ဂ်ထမင်းဆိုင်က စားပွဲထိုး ကိုဇနိပါ။
ဒီဆိုင်မှာက မှာချင်ရာ မှာစားလို့ မရပါဘူး။
မဇနိရဲ့ ရင်တွင်းက ချင်ခြင်းဖြစ်လို့ စားချင်မှ ချက်တဲ့ ရင်းတွင်းဖြစ်ဟင်းတွေပဲ စားလို့ရတာပါ။
ကဲ စလိုက်ကြအောင်...
ဒီနေ့တင်မှာ ဘာဟင်းတွေပါလိမ့်...



ဒီနေ့ထမင်းဝိုင်းမှာကတော့
၁ ။ ထမင်းဖြူ
၂။ ခရမ်းကြွတ်သီး နဲ့ နံနံပင်
၃။ ဝက်သား၊ ဇီးဖြူသီးခြောက်၊ပုန်းရည်
၎။ ခရမ်းချဉ်သီးငပိချက်




ဒီလို ဟင်းလျာတွေက ကျနော် ရန်ကုန်ကို ပြန်တုန်းက မဇနိက နေ့တိုင်းလို ချက်ကျွေးခဲ့တာပါ။
အခုတော့လည်း သူသည်လည်း တစ်ယောက်တည်းစားလို့ ကျနော်သည်လည်း တစ်ယောက်တည်း ငေးလို့...
သနားစရာကောင်းလိုက်တာ...
ဒီမောင်နှံကို ခွဲထားတဲ့ ကံကြမ္မာရယ် ရက်စက်ပါပေ့...
(ကြုံတုန်းအလွမ်းသယ်နေတာ)


ကဲ ကဲ ကျနော်လေရှည်နေတာနဲ့ စာဖတ်သူတွေလည်း စားချင်တာ မစားရ ဖြစ်နေဦးမယ်...
ဓာတ်ပုံကိုသာ ကြည့်ပြီး တဝကြီးစားကြပေတော့ဗျာ..

ကိုဇနိ

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP