ကွေကွင်းရက်

>> Friday, March 27, 2009

နှုတ်ဆက်ကြစဉ်၊ ဝေ့ရွှန်းမျက်ရည်၊
အလွမ်းတွေကို၊ မောင့်ရင်ထဲထိ
မငြိစေချင်၊ မျက်ဝန်းဖယ်လွှဲ၊
မကြည့်ဘဲနေ၊ နှုတ်လဲတိတ်ဆိတ်၊
ကြိတ်မှိတ်နင့်နဲ၊ ရင်ထဲဘဲငို၊
ပြိုသွားခဲ့ရ၊ အိပ်မက်လှများ၊
သယ်ယူသွားရင်း၊ လှိုင်းနဲ့လေပြေ
ကြာတွေရနံ့၊ သင်းပျံ့ဆွတ်ကြင်၊
ကန်ရေပြင်ထိပ်၊ မှုန်မှေးမှိတ်ပေါ့၊
ဆောင်းလဆည်းဆာပုံရိပ်များ ။ ။
ခိုင်ခင်အင်ကြင်း


Read more...

သည်သောင်ယံမှ

>> Monday, March 23, 2009

နွေ၏ နေသည်၊
ပင်လယ်ဆီသို့၊လာစေညှို့လို့၊
ကမ်းသို့သက်ကာ၊
ဆင်းခဲ့ရာ၌....
သဲညီပုလဲ၊ နေရောင်ထဲမှာ၊
လင်းလက်ဖြာလို့၊ အုန်းပင်ညှို့ရိပ်၊
ချွေးကိုသိပ်ခဲ့၊ စိတ်ပျော်ထိတ်လျက်၊
ရင်ခုန်ရက်နှင့်၊ အိမ်မက်နှင်နှင်၊
တူ၏ ထင်၍၊ ရွှင်ရင်းပျော်ရင်း၊
လန်းဆန်းခြင်းများ၊ ဆင့်ကာပွားမို့၊
ဤသည့်မြေကား၊ နတ်နေဥယျာဉ်၊
ထပ်တူထင်၏၊
မြင်ကွင်းကျယ်ပြန့်၊ မျှော်တိုင်းဆန့်သည့်၊
အဝေးဆီထိ၊ ကြည်လင်ဘိသား၊
ပြာသည့်ပင်လယ်...
လာခဲ့ကွယ်နော်၊ တူပျော်ရွှင်ပြုံး၊
ရေကူးဦးမည်၊ စောင့်ပါမည်ကွယ်၊
နွေ၏ပတ်လုံး၊ မဆုံးသမျှ၊
စောင့်ပါရစေ။

ခိုင်ခင်အင်ကြင်း


Read more...

“ သူရိန်ကျေးဇူး”

>> Sunday, March 22, 2009

အာရုံတက်ချိန်၊
ဆွမ်းချက်ချိန်တည့်၊
အရှေ့တစ်ခွင်၊ ပန်းဆီလွင်ပြီ၊
မင်္ဂလာအတိ သာယာဘိမို့ ၊
ကြည်နူး နိုးထနိုင်ခဲ့သည်။
တက်နေခြည်မှ၊ အလင်းရသား၊
အင်အားတွေက၊ ပြည့်ခဲ့ရ၍၊
တဓူဝနေ့၊ ဘုံဓလေ့တွင်၊
ဝမ်းစာပြည့်ရန် ရှာနိုင်သည်။
နေချိုသိမ်းလျင်၊ အိမ်ဆီအပြန်၊
မောပြေရန်မှာ၊ ဝတီံသာတွင်၊
မကာရ်ကွက်နှင့်၊ မိုးပြာတင့်ကာ၊
ရောင်စုံဖြာဝေ၊ ပုံရိပ်တွေသည်၊
တောနှင့်တောင်သွင်၊ သဏ္ဍန်ထင်ကာ၊
နဂါး၊ကျား၊ဆင် ထပ်တူပင်တည့်၊
ပီပြင်စုတ်ချက်ပိုင်တော့သည်။
ရွေ့ကပြယ်လျား၊ နဂါး ကျားတွေ၊
မှုန်ကာဝေတော့၊ လေဗွေနော့ရာ၊
တစ်နေ့တာသည်၊ ရွှင်ကာချမ်းမြေ့စေတော့သည်။
ခိုင်ခင်အင်ကြင်း

Read more...

“ နေရာမဲ့ ”

>> Friday, March 20, 2009

သက္ကရာဇ် မှားပြီး
လောကထဲရောက်တော့
တာထွက်နောက်ကျတယ်....။
ပန်းတိုင်မှာ..
ပထမသာ မက
အဆင့်ဆင့်နေရာ
ရသူတွေ...
အို! ...တန်းစီလို့.....
သစ်ပန်းခက်သရဖူ၊
အော်! လှမ်းယူဖို့ဝေးးးး။

ခိုင်ခင်အင်ကြင်း

Read more...

အညောင်းပြေ

>> Wednesday, March 18, 2009


ခေါင်းငြိမ့်ရခြင်း၊
အစဉ်အလာကြောင့်၊
ပင်ပမ်းတာကြာပြီ ။
ပဝေသဏီထဲကသာ၊
ခေါင်းခါခြင်း အမူအယာအား၊
ငြင်းပါယ်ခြင်း မဟုတ်ဟု၊
သတ်မှတ်ခဲ့ပါက ။
ငါ အမြဲမကြာ...
ခေါင်းခါကာလဲ နေချင်ပါတယ်။
ခိုင်ခင်အင်ကြင်း


Read more...

နွေ.. .ကြွေ..လေ

>> Sunday, March 15, 2009


နွေ အဦး
ပုရစ်ဖူး စီအရီ..
ညှာ အသစ်
လွှာဝတ် ငုံတံချီနှင့်
အင်ကြင်း သန္တာနီက
ထွန်းရောင်ရှိန် သူရိန်မင်းကို
ပူအဆင်း ကင်းလျော့စေပြီ။

ကြွေ အသစ်
ဝေလှစ်ကယ် ဖြာရီ..
လက်ပံနီ ညှာတံချို့ရယ်က
ယှက်ပျံချီ ကမ္ဗလာနီ စို့
မခို့တရို့  သစ်သစ်လွင်။

လေ အနော့
ပြေ လျော့ခွေ
ဆွေကျော့ကေ တစ်မေပန်းတာမို့
ငွေ့ခန်း ရွှေရင်အုံက
အပူစုံ လွမ်းပုံသစ်ကိုဖြင့်
မယူတုံ လမ်းဆုံပစ်ချင် ရဲ့
မြင်လှည့်..
တွက် ဆ ပြစ်မယူ
သက်မျှ ချစ်သူ။

Read more...

?..??...???....????

>> Friday, March 6, 2009


ကျွန်တော်တို့ ဂျပန်ကပြန်ရောက်တော့ စုမိလာတဲ့ ငွေလေးနဲ့ သူငယ်ချင်းသုံးယောက် ရှယ်ယာမိတ္တူဆိုင် ဖွင့် ပါတယ်။ မိတ္တူဆိုင်မှာ စက်ပစ္စည်း တွေက အကုန်လုံး ဂျပန်ပစ္စည်း အကောင်းစား တွေချည်းပါ။ တိုက်ခန်းကို ဆေးရောင်ကောင်းကောင်း (ဂျပန်စတိုင်) သ,ပြီး ၊စက်တွေကို အကျအန နေရာချ ပြင်ဆင် ထားပါတယ်။
ဆိုင်မှာလုပ်ဖို့ လူရှာရမယ်ဆိုတော့ ၃ယောက်သား တိုင်ပင်ပြီး သတင်းစာမှာ ကြော်ငြာထည့်လိုက်တယ်။ ဆိုင်ရှေ့မှာ လျှောက်ထားသူတွေရဲ့ လိုအပ်တဲ့ အရည်အချင်းနဲ့ အလုပ်ခေါ်စာကိုလည်း ထင်ထင်ရှားရှား ဆိုင်းဘုတ် ထောင်ထားပါတယ်။ ဒါပေမဲ့ခက်တာက ၃ရက်ကြာတဲ့ထိ ဘယ်သူမှ အလုပ်လျှောက် မလာပါ ဘူး။ ၃-ယောက်သား ဦးနှောက် ခြောက်နေရတယ်။ ၅-ရက်မြောက်နေ့မှာ တော့ လျှောက်သူ ဦးရေ ၃-ဦးရှိလာလို့ ကျွန်တော်တို့ အင်တာဗျူးထိုင်ကြရတယ်။


အင်တာဗျူးခန်းမက မီးဖိုချောင်ထဲမှာပါ။ သူငယ်ချင်းနှစ်က မဆေးရသေးတဲ့ ပန်းကန်ပုံကို ကြောင်အိမ်ဘက် တွန်းရွှေ့ရင်း “ ဘယ်သူ့ မီးဖိုချောင်လဲကွ ဒီလောက်ညစ်ပတ်လို့ ဟင်း” မကျေမနပ် တောက်ခေါက် လိုက်ပါတယ်။ ကျွန်တော်လည်း ဘေစင်ထဲမှာ အိုင်နေတဲ့ ရေညစ်တွေကို ကြည့်ရင်း “ငါလဲ ဘယ်သိပါ့မလဲကွ ”ဟု ပြန်ပြီး ဘုတောလိုက်ရ၏။
အခန်းအတွင်းရှိ ဆက်တီပေါ်တွင် အမျိုးသမီးခန့်ခန့်ကြီး တစ်ဦးနှင့် လူရွယ်တစ်ဦးက ထိုင်နေပြီး ကျန်နှစ်ဦး မှာ သူတို့ နောက်နားတွင် ရပ် ၍ စောင့်လျက်။
ကျွန်တော်တို့ ၃-ယောက်လည်း သူတို့ရှေ့နားရှိတဲ့ ဆေးရုံတွင် လူနာစောင့်များထိုင်ရန် ချထား လေ့ရှိ သောခုံတန်း ရှည်ပေါ်မှာ နေရာယူလိုက်ကြတယ်။ ကဲ အလုပ်လျှောက်လာသူတွေကို ဘယ်သူအရင် စနှုတ်ဆက်မလဲ လို့ အရိပ်အကဲနဲ့ သုံးယောက်သားတိုင်ပင်ပြီး ဆုနဲ့ နက်ကတိုင် အကျအနဝတ်ထားတဲ့ သူငယ်ချင်းသုံးကို တာဝန်ပေးလိုက်တယ်။
“ဘာဟင်းချက်လဲ ”
ကျွန်တော့် သူငယ်ချင်းသုံးရဲ့ နိဒါန်းပျိုး နှုတ်ဆက်သံပါ။
အလုပ်လျှောက်လာသူ သုံးယောက်ထဲက ကျွန်တော်တို့ကို ကျောပေးထား တဲ့လူက “အလကား သိပါ့မလားဗျ” လို့ အော်လိုက်ပါတယ်။ ကျွန်တော်လည်း ဒေါသကြီးတတ်တဲ့ သူငယ်ချင်းသုံးကို လက်တို့ပြီး ပဲကုလားဟင်းနေမှာပေါ့ကွာ ဒီလောက် မဆလာနံ့တွေထွက်နေတာ လို့ ကျိတ်ပြီးတိုးတိုးလေး ဖြေပေး လိုက်ရတယ်။
ကျေနပ်သွားဟန်တူတဲ့ သူငယ်ချင်းက နက်ကတိုင်ကို နည်းနည်းပြန်ဆွဲပြီး
“အဟမ်း အင်တာဗျူးစ မယ်”
ပြီးနောက် ကျွန်တော်တို့ဘက် လှည့်ပြီး ဘာမေးရမလဲ မသိဘူး ဟု တိုးတိုးမေး၏။ ကျွန်တော်က နာမည် အရင် မေးလိုက်ဟု တိုးတိုးပြန်ပြောလိုက်၏။သူငယ်ချင်းသုံး ဒုတိယအကြိမ် အဟမ်း ခိုက်
“ကျွန်တော့်နာမည်……………………
ဆေးကျောင်း……………………………………………
ဘွဲ့လွန်………………….
……………………………………..
………………………….
သူ့ အကြောင်းများကို တသီကြီး ပြောပြသွား၏။ သူ့ဘေးမှ အမျိုးသမီးကြီးက “ဟုတ်ပါတယ်ရှင် ကျွန်မ သားက ဆေးကျောင်း နောက်ဆုံးနှစ်မှာ ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်ခဲ့တာ။ ခုဘွဲ့လွန် ဆက်တက် မှာလေ” ဟု ရုပ်ရှင်မင်းသား လူပျိုတွေ အင်တာဗျူး လုပ်လျင် ဝင်ရောက်ပြောဆိုလေ့ ရှိသော မိခင်ကြီးများ လေသံ အမူအယာနှင့် ဝင်ပြောလေသတည်း။
ကျွန်တော်လည်း အံ့သြပြီး ဖြည့်ထားသော လျှောက်လွှာများကို ကြည့်လိုက်၏။ ထိုဆရာဝန်လောင်း အား ပညာအရည်အချင်းအရတော့ အလုပ်မခန့်နိုင်စရာ အကြောင်းမရှိဟု သုံးယောက်သားခေါင်းချင်းဆိုင် မှတ်ချက်ချလိုက်တယ်။
ကျန်လူ နှစ်ယောက်မှာ ဟိုကောင်တော့ ကျိန်းသေ အလုပ်ရတော့မည်ဟု တွေးပြီး အားမရှိသော မျက်နှာလေးတွေနှင့် ဖြစ်နေ၏။
“ဒါနဲ့ မင်းနာမည်က ဘယ်သူ”
ကျွန်တော် ဆေးကျောင်းသားကို မေးလိုက်၏။
ဆေးကျောင်းသားက ကျွန်တော်ကို မိုက်ကန်းကန်း စွေကြည့်ပြီး
“သူဌေးကို ဖြေပြီးပြီလေ..ခင်ဗျား မကြားလိုက်ဘူးလား။ ထပ်မမေးနဲ့ ဒါပဲ”ဟု စိတ်ဆိုးမာန်ဆိုး ဖြေလေ၏။
အလို ဆေးကျောင်းသားမျက်နှာတွင် ပတ်တီးတွေ ကွက်ကြားစီးထားပါရောလားးးးးး
ဤတွင် မနေ့ညက မက်သော တစ်ခန်းရပ် အိပ်မက်ကြီး ပြီးဆုံးသွားလေ၏။

Read more...

ရွာအခြေ သာစေကြောင်း….

>> Sunday, March 1, 2009

နွေကျောင်းပိတ်ရက် ရောက်၍ အဖေရွာသွားမည့် အသံကြားလျင် အပျော်ဆုံးက ကျွန်မဖြစ်၏။

အဖေက ခေါ် မခေါ်မသိသေး။ ကျွန်မက အိတ် တပြင်ပြင်လုပ်၏။ ကြာတော့လည်း သနားလာပြီး အဖေက လိုက်ခွင့်ပြုသည်ပင်။ မုံရွာရောက်အောင် ကားက ၃နာရီလောက် အရင် စီးရသေးသည်။ မုံရွာရောက်လျင် တစ်ည (သို့) နှစ်ညအိပ်မျှ မုံရွာတွင် ဘုရားဖူး ၊ အမျိုးတွေအိမ် လျှောက်လည်ရပြီး နောက်နေ့ နံနက်စောစောမှ ရွာသို့အရောက်သွားကြမြဲ။ မုံရွာမှ ကား နာရီဝက်စီး မြင်လှည်း နာရီဝက်စီး၊ ကူးတို့လှေ မိနစ်နှစ်ဆယ်လောက်စီး ၊လမ်း နာရီဝက်လောက် လျှောက်ပြီးသောအခါ ရောက်လေသော ရွာကလေးမှာ အဖေ၏ ချက်မြုပ်၊ (ယခုတော့ ခေါင်းချသွားရာ) ဇာတိ ရွာကလေးပင်။

“ဟော မြို့သူပါလာတယ်ဟေ့၊ အရပ်ကတော့ တနှစ်ကနဲ့ သိပ်မကွာလှပါလား ၊ လာ လာ ဟန်ကျသဟေ့၊ ကိုကြီး မင်းကလည်း မနှစ်ကဘာဖြစ်ရတာလဲ။ မင့်မေကလွှားမှပဲ ငါ့တို့ဖြင့် မျှော်လိုက်ရတာ” တူမ ကျွန်မကို မြို့သူဟု ခေါ်သော အဖေညီ လေးလေးကြီး၏ ဆီးကြို နှုတ်ဆက် ဆဲသံကို ကြားရလေ၏။( နှုတ်ဆက်ဆဲ၊ ဝမ်းသာဆဲ ..ဆဲ ဆဲ၊ ဘာပဲပြောပြော ဆဲပါသည်။ အဆဲမပါလျင် စကားဖြောင့်အောင် မပြောတတ်သည်မှာ ကျွန်မတို့ ရွာဓလေ့ ပင်ဖြစ်လိမ့်မည်)

ရွာရောက်လျင် ခဏနားပြီးသည်နှင့် အစ်မကြီးလက်ရာ ထမင်းဝိုင်းက အဆင်သင့် ။ ချက်ပြီးသည့် ပုံမှန် ဟင်းအပြင် ကျွန်မတို့ရောက်သည်နှင့် ငါးသေတ္တာ သို့မဟုတ် (လေးခွနှင့် ပစ်လိုက်သော ) ကြက်သားဟင်းတစ်ခွက် ထပ်ဖြည့်လိုက်မြဲ။ အစကတော့ ကြက်သားဟင်းလည်း ကျွန်မက စားကောင်းကောင်းနှင့် စားပါသည်။ နောက်သိတတ်လာတော့ မစားဖြစ်တော့။ (ကျွန်မကကြက်တွေ မွေးထားသည်ကိုး)။

ယခုထိ ကျွန်မမှတ်မိနေသော ဟင်းများမှာ
ဥသျှစ်ရွက်ဟင်းချို၊ ဝက်သားချက်၊ငါးပိကြော် ၊ သံပုရာသီးအတို့
မန်ကျီးရွက်ထောင်း၊ ငါးသေတ္တာကြော်၊ ပဲဟင်း၊။
ဂွေးတောက်ရွက်ဟင်း၊ ငါးပိကြော်၊ ကြက်သားချက်၊ပဲကြော်။
ပန်ထွေဖျော်၊ ငါးကြော်၊ ပဲနှပ်။
ငါးခြောက်ကြော်၊ခရမ်းသီးချက်၊ သရက်သီးသနပ်၊ ပဲဟင်း။
ငါးပိကြော်၊ ကြက်သားချက် ၊ကုလားပဲဟင်းချိုပြစ်ပြစ်နှင့် ခံသီးဆားရည်စိမ် တို့ ဖြစ်၏။

ကြက်သွန်ဖြူများများ၊ ငါးခြောက်မှုန့်၊ ပုဇွန်ခြောက်သေးသေး၊ ငါးပိနှင့် ငရုပ်သီးမှုန့်ကို ဆီစိုစို နှင့်ကြော် ထားသော ငါးပိကြော်မှာ မီးဖိုစားပွဲအုပ်ဆောင်း အောက်တွင်၊ နေ့တိုင်းရှိသော ဟင်းအမယ် ဖြစ်၏။ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ကြော်ထားရသော ထိုဟင်းကို….အငံကြော်..ဟုခေါ်တွင်လေ၏။

ဒို့မှာ (xx)ထဲမှ အဝတ်ကောင်းလဲ မလိုဘူး၊ ဖဲ၊ ရုပ်ရှင်၊ ဇာတ်ပွဲလဲ ငွေကုန်မရှိဘူး။ တောအလုပ် ပင်ပင်ပန်းပန်းလုပ်ရတာ၊ အစားကတော့ ကောင်းကောင်းစားရမကွာ။ (xx= ဆဲသံ)
ဟုပြောလေ့ရှိသော လေးလေး၏ အဆိုမှာ တကယ်တော့ မှန်လှ၏။ အလုပ်ပန်း အစားပန်းဆိုလျင်လည်း တောင်သူအလုပ်က သက်ဆိုးမရှည်နိုင်။
ကိုင်းထွက် မြေပဲ နှမ်းတို့မှ ဆီရသည်။ ခြံထဲမှ ဟင်းသီးဟင်းရွက် စိုက်ထားသည်.။ကြက်သွန်ဖြူနီ၊ ငရုပ်၊ ကုလားပဲ၊ ပဲနီဝါပြာ၊ ယာကထွက်သည်။ ကြက်သားအုပ်မတွေ မွေးထားသည်၊ ။ ဝယ်ရသည်မှာ ၊ဆန်၊ ငါးခြောက် ပုဇွန်ခြောက်၊ငါးပိမျှသာ။

ကျွန်မသည် ကျွန်မရှေ့မှ ထမင်းပန်းကန်ကို မစားဖြစ်သေးပဲ ငေးနေ တွေးနေမိ၏။
ရွာကလေးသို့ မရောက်ဖြစ်တော့သည်မှာ ၁၀နှစ်နီးပါးရှိလေပြီ။
အလုပ်ပန်း အစားပန်းဆိုလျင် သက်ဆိုးမရှည်နိုင်သော တောင်သူလုပ်သားတို့၏ နေတိုင်စားသောက်မှု့တို့ ဟိုတုန်းကနှင့် တူနိုင်ပါဦးမည်လား၊ မည်သို့ကွာခြားလာနိုင်သနည်း…စသည်ဖြင့်……….

တောင်သူတွေ ကျပ်တည်းရှာကြတယ်…ဆိုသော သတင်းစကား၏ အခြေတွင်
တိုးတက်လှသော ကမ္ဘာရွာကြီးထဲက အိမ်လေးတစ်အိမ်ဖြစ်သည့် ကျွန်မတို့ရွာကလေး၏ အခြေအနေမှန် က ရော မည်သို့ ရှိပါလေစ။

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP