?..??...???....????

>> Friday, March 6, 2009


ကျွန်တော်တို့ ဂျပန်ကပြန်ရောက်တော့ စုမိလာတဲ့ ငွေလေးနဲ့ သူငယ်ချင်းသုံးယောက် ရှယ်ယာမိတ္တူဆိုင် ဖွင့် ပါတယ်။ မိတ္တူဆိုင်မှာ စက်ပစ္စည်း တွေက အကုန်လုံး ဂျပန်ပစ္စည်း အကောင်းစား တွေချည်းပါ။ တိုက်ခန်းကို ဆေးရောင်ကောင်းကောင်း (ဂျပန်စတိုင်) သ,ပြီး ၊စက်တွေကို အကျအန နေရာချ ပြင်ဆင် ထားပါတယ်။
ဆိုင်မှာလုပ်ဖို့ လူရှာရမယ်ဆိုတော့ ၃ယောက်သား တိုင်ပင်ပြီး သတင်းစာမှာ ကြော်ငြာထည့်လိုက်တယ်။ ဆိုင်ရှေ့မှာ လျှောက်ထားသူတွေရဲ့ လိုအပ်တဲ့ အရည်အချင်းနဲ့ အလုပ်ခေါ်စာကိုလည်း ထင်ထင်ရှားရှား ဆိုင်းဘုတ် ထောင်ထားပါတယ်။ ဒါပေမဲ့ခက်တာက ၃ရက်ကြာတဲ့ထိ ဘယ်သူမှ အလုပ်လျှောက် မလာပါ ဘူး။ ၃-ယောက်သား ဦးနှောက် ခြောက်နေရတယ်။ ၅-ရက်မြောက်နေ့မှာ တော့ လျှောက်သူ ဦးရေ ၃-ဦးရှိလာလို့ ကျွန်တော်တို့ အင်တာဗျူးထိုင်ကြရတယ်။


အင်တာဗျူးခန်းမက မီးဖိုချောင်ထဲမှာပါ။ သူငယ်ချင်းနှစ်က မဆေးရသေးတဲ့ ပန်းကန်ပုံကို ကြောင်အိမ်ဘက် တွန်းရွှေ့ရင်း “ ဘယ်သူ့ မီးဖိုချောင်လဲကွ ဒီလောက်ညစ်ပတ်လို့ ဟင်း” မကျေမနပ် တောက်ခေါက် လိုက်ပါတယ်။ ကျွန်တော်လည်း ဘေစင်ထဲမှာ အိုင်နေတဲ့ ရေညစ်တွေကို ကြည့်ရင်း “ငါလဲ ဘယ်သိပါ့မလဲကွ ”ဟု ပြန်ပြီး ဘုတောလိုက်ရ၏။
အခန်းအတွင်းရှိ ဆက်တီပေါ်တွင် အမျိုးသမီးခန့်ခန့်ကြီး တစ်ဦးနှင့် လူရွယ်တစ်ဦးက ထိုင်နေပြီး ကျန်နှစ်ဦး မှာ သူတို့ နောက်နားတွင် ရပ် ၍ စောင့်လျက်။
ကျွန်တော်တို့ ၃-ယောက်လည်း သူတို့ရှေ့နားရှိတဲ့ ဆေးရုံတွင် လူနာစောင့်များထိုင်ရန် ချထား လေ့ရှိ သောခုံတန်း ရှည်ပေါ်မှာ နေရာယူလိုက်ကြတယ်။ ကဲ အလုပ်လျှောက်လာသူတွေကို ဘယ်သူအရင် စနှုတ်ဆက်မလဲ လို့ အရိပ်အကဲနဲ့ သုံးယောက်သားတိုင်ပင်ပြီး ဆုနဲ့ နက်ကတိုင် အကျအနဝတ်ထားတဲ့ သူငယ်ချင်းသုံးကို တာဝန်ပေးလိုက်တယ်။
“ဘာဟင်းချက်လဲ ”
ကျွန်တော့် သူငယ်ချင်းသုံးရဲ့ နိဒါန်းပျိုး နှုတ်ဆက်သံပါ။
အလုပ်လျှောက်လာသူ သုံးယောက်ထဲက ကျွန်တော်တို့ကို ကျောပေးထား တဲ့လူက “အလကား သိပါ့မလားဗျ” လို့ အော်လိုက်ပါတယ်။ ကျွန်တော်လည်း ဒေါသကြီးတတ်တဲ့ သူငယ်ချင်းသုံးကို လက်တို့ပြီး ပဲကုလားဟင်းနေမှာပေါ့ကွာ ဒီလောက် မဆလာနံ့တွေထွက်နေတာ လို့ ကျိတ်ပြီးတိုးတိုးလေး ဖြေပေး လိုက်ရတယ်။
ကျေနပ်သွားဟန်တူတဲ့ သူငယ်ချင်းက နက်ကတိုင်ကို နည်းနည်းပြန်ဆွဲပြီး
“အဟမ်း အင်တာဗျူးစ မယ်”
ပြီးနောက် ကျွန်တော်တို့ဘက် လှည့်ပြီး ဘာမေးရမလဲ မသိဘူး ဟု တိုးတိုးမေး၏။ ကျွန်တော်က နာမည် အရင် မေးလိုက်ဟု တိုးတိုးပြန်ပြောလိုက်၏။သူငယ်ချင်းသုံး ဒုတိယအကြိမ် အဟမ်း ခိုက်
“ကျွန်တော့်နာမည်……………………
ဆေးကျောင်း……………………………………………
ဘွဲ့လွန်………………….
……………………………………..
………………………….
သူ့ အကြောင်းများကို တသီကြီး ပြောပြသွား၏။ သူ့ဘေးမှ အမျိုးသမီးကြီးက “ဟုတ်ပါတယ်ရှင် ကျွန်မ သားက ဆေးကျောင်း နောက်ဆုံးနှစ်မှာ ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်ခဲ့တာ။ ခုဘွဲ့လွန် ဆက်တက် မှာလေ” ဟု ရုပ်ရှင်မင်းသား လူပျိုတွေ အင်တာဗျူး လုပ်လျင် ဝင်ရောက်ပြောဆိုလေ့ ရှိသော မိခင်ကြီးများ လေသံ အမူအယာနှင့် ဝင်ပြောလေသတည်း။
ကျွန်တော်လည်း အံ့သြပြီး ဖြည့်ထားသော လျှောက်လွှာများကို ကြည့်လိုက်၏။ ထိုဆရာဝန်လောင်း အား ပညာအရည်အချင်းအရတော့ အလုပ်မခန့်နိုင်စရာ အကြောင်းမရှိဟု သုံးယောက်သားခေါင်းချင်းဆိုင် မှတ်ချက်ချလိုက်တယ်။
ကျန်လူ နှစ်ယောက်မှာ ဟိုကောင်တော့ ကျိန်းသေ အလုပ်ရတော့မည်ဟု တွေးပြီး အားမရှိသော မျက်နှာလေးတွေနှင့် ဖြစ်နေ၏။
“ဒါနဲ့ မင်းနာမည်က ဘယ်သူ”
ကျွန်တော် ဆေးကျောင်းသားကို မေးလိုက်၏။
ဆေးကျောင်းသားက ကျွန်တော်ကို မိုက်ကန်းကန်း စွေကြည့်ပြီး
“သူဌေးကို ဖြေပြီးပြီလေ..ခင်ဗျား မကြားလိုက်ဘူးလား။ ထပ်မမေးနဲ့ ဒါပဲ”ဟု စိတ်ဆိုးမာန်ဆိုး ဖြေလေ၏။
အလို ဆေးကျောင်းသားမျက်နှာတွင် ပတ်တီးတွေ ကွက်ကြားစီးထားပါရောလားးးးးး
ဤတွင် မနေ့ညက မက်သော တစ်ခန်းရပ် အိပ်မက်ကြီး ပြီးဆုံးသွားလေ၏။

6 comments:

မီယာ March 6, 2009 at 8:37 PM  

အိပ်မက်လား... တကယ်ထင်လို့။ :)

sonata-cantata March 8, 2009 at 4:22 AM  

ဒီမှာ "အလကား သိပါ့မလား"နဲ့ ဒွတ်ခရောက်နေတာ ယောက္ခမမို့ ပြန်မပြောရဲလို့ စိတ်ထဲကနေ "ပိုက်ဆံပေး သိပါလား"လို့ ကျိတ်ကျိတ်ပြောနေတာ (အဟိ ပေါ်ကုန်ပြီ)

(မြန်မာစကားပေမဲ့ ဒေသလိုက်ပြီး အဓိပ္ပါယ်၊ အတိမ်အနက် ကွာသွားတာလေးတွေကို ကြုံတုန်းလေး ၀င်ရေးလိုက်တာပါ။)

khin oo may March 9, 2009 at 4:19 PM  

နံဲံနဲတော့တွေးရတယ်။

မသက်ဇင် March 11, 2009 at 2:39 PM  

ပိုစ့်လေး လာဖတ်ရင်း ရယ်မောသွားပါတယ်---
ပျော်ရွှင်ပါစေ--

မာရေးသျှင် March 13, 2009 at 5:05 PM  

မိတ္တူဆိုင်မှာလုပ်ဖို့ အင်တာလာဗျုးလာတဲ့ ပတ်တီးကွက်ကြားနဲ့ ဘွဲ့လွန်ဆေးကျောင်းသားက ဆက်တီမှာထိုင်ပြီး အင်တာဗျုးမယ့် ဂျပန်ပြန်အလုပ်ရှင်တွေက လူနာစောင့်တဲ့ ခုံတန်းရှည်လေးပေါ်မှာ ထိုင်ကြပြီး “ဘာဟင်းချက်လဲ” ဆိုတဲ့ နိဒါန်းပျိုး နှုတ်ဆက်ခြင်း …..
ကမူးတို့ ကပ်ဖကာ တို့အကူအညီနဲ့ ဆက်လက်စောင့်ဖတ်ရမှာပါပဲ။ ကောင်းကျိုးအထွေထွေ ချွန်စေမြစေသား…. ဒေါင်းအိုးတဝေဝေ တွန်စေကြစေဗျား။။။။။။

Nya Lay March 29, 2009 at 4:19 PM  

အာ ဂယ်လားလို့ဗျာ။ အဟုတ်မှတ်ပြီး အဆုံးထိဖတ်လိုက်တာ ဆိုင်ဖွင့်တယ်ဆိုတော့ ညလေး အလုပ်လာလျှောက်ရ ကောင်းမလားလို့ မေးမို့ရှိသေး ဟွန့် လာနောက်တယ်။ :P

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP