ပန်းမြတ်မဉ္စူ

>> Tuesday, June 30, 2009

သူငယ်ချင်းသစ်များတချို့တွင် ခပေါင်းရွာမှကျောင်းတက်လာသူသန်းသန်းမြင့်နှင့် ထီးနီကုန်းမှလာသူချိုချိုတို့
နှင့်စကားပြောဖြစ်ချိန်တချိန်တွင် အတန်းတွင်းမှကိုတင်အောင့်အကြောင်းပြောပြသည်။ ကိုတင်အောင်မှာဘုန်း
ကြီးကျောင်းသားဖြစ်လျှက် ဗေဒင်ကောင်းစွာတွက်တတ်ကြောင်းစကားစပ်မိရာ သဇင်ဝေစိတ်ဝင်စားသွားပြီး
"သဇင်လဲဗေဒင်တွက်ချင်တယ်"
"တွက်ချင်ရင်ပြောပေးမယ်...သိပ်မှန်တာသဇင်ရဲ့"
"ဟုတ်တယ်...ချိုလဲတွက်ကြည့်ပြီးပြီ..တကယ်မှန်တယ်"
"ဒါဆိုပြောပေးထားနော်...ချက်ချင်းတော့မဟုတ်ပါဘူး"
နောင်ရေးအားပူပင်နေ၍ဗေဒင်တွက်ကြည့်ချင်သော်လည်းမတွက်ဖြစ်ခဲ့သလို အသင်းအစည်းအဝေးများကို
မတက်ဘဲကျောင်းဆင်းလျှင်ချက်ချင်းမပြောမဆိုအိမ်ပြန်သွားတတ်သည်များကို ဆရာမည်သို့ထင်မည်မသိ။
အသင်းခေါင်းဆောင်အစားထိုး ရွေးချယ်ရသည်ကိုလဲ သဇင်ဝေလျစ်လျူရှုခဲ့မိသည်အထိထင်ရာစိုင်းနေခြင်း
တွင်လဲ ဆရာသည်တစုံတရာမပြောဘဲနေ၍အေးချမ်းလှသောမေတ္တာတို့နှင့် တိတ်ဆိတ်စွာနေနိုင်လွန်းလှ
ဘိသည်။
ကုက္ကိုလ်ပွင့်ပန်းနုရောင်ကမ္ဗလာသည် အညိုရောင်ကမ္ဗလာအဖြစ်ပြောင်းလဲသွား၍ ကုက္ကိုလ်ရွက်တို့ကရွှေဝါရောင်
အဖြစ်ပြောင်းလဲဖန်ဆင်းပြီး ဝေ့ကာဝေ့ကာ ကနွဲ့ကလျကြွေသက်လျက် ကျောင်းတော်ကြီးမှအပြီးပိုင်ခွဲခွာသွား
ကြတော့မည့် ပန်းကလေးတချို့ကိုရွှေကမ္ဗလာခင်းလို့နှုတ်ဆက်နေကြတော့သည်။ တက္ကသိုလ်ဝင်တန်း
နောက်ဆုံးဖိုင်နယ် စာမေးပွဲဖြေမည့်ကျောင်းသူကျောင်းသားတို့အားသွားရောက်ဖြေဆိုရမည့် ကျောင်းအမှတ်၊
ခုံနံပါတ်တို့ချပေးပြီးဖြစ်သည့်အပြင် စာကျက်ချိန်အတွက်ကျောင်းပိတ်ပေးလိုက်သောတနေ့။ တကယ်တမ်း
ကျောင်းတော်ကြီးကိုအပြီးနှုတ်ဆက်ရမည်အဖြစ်ကိုရင်ဆိုင်ရတော့သည်၌ အမြဲအိမ်သို့အလျင်စလိုပြန်တတ်သူ
သဇင်ဝေအဖို့ တွယ်တာလွမ်းဆွတ်မှုတို့နှင့် ကျောင်းဝန်းကြီးအတွင်းတယောက်ထဲလျှောက်သွားနေမိသည်။
ချိုမြသောရေကြည်ရေစင်ကိုကမ်းလှမ်းခဲ့သည့်ရေချိုတွင်းကလေးအနား ရစ်ဝဲနေရင်းကုက္ကိုလ်ပင်စုကြီးများ
အောက် သွားရောက်မည့်ခြေဦးတည်ခိုက် မျက်နှာချင်းဆိုင်မှသဇင်ဝေကဲ့သို့လွမ်းနေကြသူများဟိုတချို့သည်
တချို့တွေ့နေရသည်။ ထိုအထဲတွင်အတန်းသားကိုတင်အောင်နှင့်မျက်နှာစိမ်းကျောင်းသား
နှစ်ဦးကိုတွေ့ရာ
"သဇင်ဝေ...နင်အိမ်မပြန်သေးဘူးလား" ဟု ကိုတင်အောင်ကမေးသဖြင့်
"မပြန်သေးဘူး...ကိုတင်အောင်ကော"
"ငါလဲမပြန်သေးဘူး"
ကျောင်းမှချက်ချင်းမပြန်သေးသူများတို့ အချင်းချင်းအလွမ်းဝေဒနာတို့ကိုမပြောဘဲနားလည်ကြ၏။
"မပြန်သေးရင်ဗေဒင်တွက်တတ်တယ်လို့ မသန်းသန်းမြင့်ကပြောတယ်။ တွက်ပေးပါလား"
"အေး...တွက်ပေးမယ်"
အနီးရှိတဲကြီးဆောင်အပြင်တွင်စားပွဲစားပွဲတလုံးနှင်းကုလားထိုင်သုံးလုံးအဆင်သင့်
တွေ့သည့်အတွက်ဝင်ထိုင်
ကာဗေဒင်တွက်ကြတော့သည်။ တွက်နေရင်းနောက်ဆုံးပြောသောအချက်တစ်ချက်တွင်
"နင်ဒီနှစ်သိပ်ညံ့တာပဲ။ ရှားမီးကိန်းကျတယ်။ ရှားမီးထွန်းရမယ်"
"ရှားမီးထွန်းတယ်ဆိုတာ ဘယ်လိုထွန်းရတာလဲ"
"ငါလဲထွန်းပေးဖို့အချိန်မရှိဘူး...ကိုယ့်ဘာသာမေးမြန်းပြီးထွန်းပေါ့"
"မထွန်းတတ်ပါဘူးဆိုမှ"
ပြော၍မဆုံးခင် မည်သည့်အချိန်ကတဲကြီးဆောင်အ၀င်ဝမလှမ်းမကမ်း၌
ရောက်နေပြီးထိုင်နေသည့်ဆရာအား
သတိပြုမိလိုက်သည်နှင့်လန့်သွားကြကာ လှုပ်လှုပ်ရှားရှားနှင့်ယောက်ျားလေးများကနှုတ်မဆက်ဘဲပြန်သွားသည်။ ထိုတပြိုင်နက် ထိုင်နေသောနေရာမှ
ဆရာသည်သဇင်ဝေ့အား "ကောင်မလေးနော်...ကောင်လေးတွေနဲ့ရောရော၊ရောရောလုပ်မနေနဲ့"
ဟု ဆူသလိုပြောသဖြင့်ကိုယ်လေးကျုံ့သွားသလိုဖြစ်၍ဆရာ့အားမရဲတရဲလှမ်းကြည့်ကာ "ဟုတ်ကဲ့" ဆိုသည့်
အသံပင်လည်ချောင်းတွင်းပျောက်ကွယ်သွားပြီးခြေလှမ်းတို့
ဖော့နင်းပြန်ခဲ့လေတော့သည်။
ဆရာ့အားလှမ်းအကြည့်ကိုပြန်လည်ပုံရိပ်ထင်သည့်အခါ ဆရာ၏မျက်ဝန်းတို့ညှိုးလျော်နေသည်အားလဲ
တစုံတရမထင်မှတ်မသိတတ်စွာကျောခိုင်းထွက်လာခဲ့သည်။ထိုနောက်ဆုံးနေ့ကို သဇင်ဝေရင်တနင့်နင့်
ပြန်လည်တသလွမ်းဆွတ်နေသည်။
ဘ၀၌မေတ္တာဆိုသည်အား ပိုင်ဆိုင်ရန်စဉ်းစားနိုင်ခွင့်ရှိခဲ့လေလျှင် ရတုမြေသူလေး၏ဘ၀င်ဝယ်အမြစ်တွယ်
နေသည့် မင်းနတ်သျှင်မှ ရာဇဓာတုတစ်ဦးတည်းအပေါ်သာမေတ္တာတော်ထားခဲ့သော.....
တစ်သက်တွင်တစ်ကြိမ်သာပေါ်ပေါက်တတ်မည့်မေတ္တာအမျိုးအစားမှာ ဆရာ့နှလုံးသား၌သာရှိနိုင်လေမည်
ဖြစ်ကြောင်းသိခွင့်ရလေသည့်တိုင်အောင်....
ဆရာကဲ့သို့ကြည်စင်လင်းလက်လွန်းအလင်းပြကြယ်တာရာ
တစ်ပွင့်ပမာထက်ပင်လွန်မြတ်၍ ခူးဆွတ်ပန်ဆင်
ခွင့်မရှိသည့် "ပန်းမြတ်မဉ္စူ" တပွင့်ဖြစ်လေသော ဆရာ၏မေတ္တာကို သဇင်ဝေဆွတ်ချူပန်ဆင်ရန်ဝံ့စားနိုင်
လိမ့်မည်မဟုတ်။ သို့ဖြစ်ရာ အတိတ်ဘ၀သံသရာမှ ဒါနအတူမပြုခဲ့ဖူးရုံမကဆုတောင်းဆုယူတို့လွဲခဲ့ကြခြင်း
ကြမ္မာအဖြစ်တသက်တာကြေကွဲနေရပါလေတော့မည်။ ။

ခိုင်ခင်အင်ကြင်း

Read more...

ပန်းမြတ်မဉ္စူ (၄)

>> Monday, June 29, 2009

နောက်စာသင်နှစ်တစ်နှစ်ပြန်စချိန်သည် အဌမတန်းဖြစ်သည်ကြောင့်ရည်မှန်းချက်တို့အောင်မြင်ဖို့ ပထမ
ခြေလှမ်းဖြစ်နေ၍ မြို့နှင့်အနီးအနားရှိအလယ်တန်းကျောင်းအောင်ကြသူများရောက်လာကာ တန်းခွဲများပြီး
ကြည်ကြည်လွင်နှင့်ထွေးထွေးအောင်တို့
မည်သည့်အတန်းများသို့ရောက်သွားကြောင်းပင်ချက်ချင်းမသိရုံမက

စာသင်နှစ်ကုန်ဆုံးချိန်တိုင်အောင်အတွေ့နည်းသွားကြစဉ် ဆရာသည်အထက်တန်းနောက်ဆုံးနှစ် ဒဿမတန်း
များ၌တာဝန်ကျနေကြောင်းလောက်သာသိရကာ
ဆရာ့အကြောင်းများကိုသယ်ဆောင်လာတတ်သူများနှင့်လည်း
ဝေးလျှက်သဇင်ဝေဆိုသည်မှာ ကျောင်းတော်ကြီးတွင်ရှိနေသည်ဟုပင်နောက်ထပ်စာသင်နှစ်တစ်နှစ်အကုန်အထိ
ဆရာမသိသေးဘဲရှိခဲ့သောကဏ္ဏဖြစ်နေခဲ့ပါသည်။
ရိပ်ကနဲတက္ကသီလာမှကံ့ကော်တောနှင့်နီးတော့မည့်စာသင်နှစ်ရောက်ခဲ့လျှင် သိပ္ပံကျောင်းကြီးဖြစ်သောကြောင့် မြို့နှင့်အနီးတ၀ိုက်သာမက ခရိုင်မြို့လေးများကတချို့ပင် ကျောင်းတော်ကြီးသို့စုရုန်းပြောင်းရွှေ့လာသူတို့ပွားများလာခြင်းကြောင့် သူငယ်ချင်းဟောင်းများလဲနည်းကုန်
သလောက် မျက်နှာစိမ်းသူငယ်ချင်းသစ်များအားအများဆုံးမြင်နေရသည့်ကြားတွင် ကြည်ကြည်လွင်နှင့်တတန်းထဲဖြစ်၍၀မ်းသာရသော်လည်း လူခံဖြစ်နေကြောင်းသိသူ၊ သူငယ်ချင်းသစ်များက
ဝိုင်းဖွဲ့စကားပြောနေကြသည်ကိုလှမ်းမြင်ရသလို၊ သဇင်ဝေကိုလဲတချို့ကနာမည်မေးပြီးမိတ်ဆက်နေကြစဉ်
အတန်းပိုင်ဆရာမဒေါ်ခင်မြင့်မြင့်မှသဇင်ဝေတို့စာသင်ခန်းရှိရာညွှန်ကြားရာ၌ "မင်းတို့ C တန်းအခန်းက အရှေ့
ဘက်အစွန်ဆုံးအပေါ်ထပ်အခန်းမှာကျတယ်။ အားလုံးသွားနှင့်ကြတော့။ တီချယ်နောက်ကမကြာခင်လာခဲ့မယ်"
ဆို၍ကြိတ်ပြီးဝမ်းသာသွားရင်း အတန်းမှမြစ်ကွေ့ရှုခင်းအားတိုက်ရိုက်မြင်ရမည့်အတွက် "အတန်းရှေ့ပိုင်းပြူတင်းပေါက်ဘေးထိုင်ခုံမှာထိုင်မယ်" ဟုဆုံးဖြတ်လိုက်ကာကြည်ကြည်လွင်ကိုခေါ်ရန်လှမ်းကြည့်လိုက်လျှင် သဇင်ဝေလိုနေရာအတွက် မစဉ်းစားသလို
သူငယ်ချင်းသစ်များနှင့်အေးအေးဆေးဆေးစကားတပြောပြောဖြစ်နေရာ မတတ်သာဘဲအရင်စလိုထွက်လာရ
တော့၏။
ထိုင်ချင်သောနေရာကိုရအောင်ထိုင်ပြီးလျှင်ပြီးခြင်း မြစ်ကွေ့ရှုခင်းအလှကိုကြည့်မိသည်တွင် အရှေ့ဘက်ကမ်းပါး၌ နေရောင်နှင့်ငွေသောင်ယံတို့တလက်လက်ဖြစ်ကာ၊ အနောက်ဘက်ကမ်းပါးမှာကျောက်
ဆောင်များနောက်တွင်စိမ်းစိမ်းစိုစိုသစ်ပင်များအပြင်၊ မြစ်ပြင်မှာလှေကလေးတချို့လှော်ခတ်နေ၍ မြစ်ယံပေါ်၌
ကျေးငှက်သာရကာတို့ပျံသန်းနေကြသည်တို့က သာယာကြည်နူးစရာမြင်ရသော်လည်း ဤနေရာကိုရွေးခဲ့ရင်း
အကြောင်းသည် သဘာဝအလှအပများအား ခုံမင်လှသကဲ့သို့ အခါအခွင့်သင့်ချိန်ကြုံပါက မြစ်ကွေ့သို့ငေးမော
တွေးတောရင်းသောကများကိုလွှတ်ထားလိုသဖြင့်ဖြစ်ပါသည်။
ကြည်ကြည်လွင်ကိုနောက်ဆုံးတန်းတွင်မြင်၍အလှမ်းဝေးနေပြီး၊ ထိုနှစ်မှာသင်ခန်းစာများ၊အိမ်စာများပိနေသကဲ့သို့ သူငယ်ချင်းသစ်များနှင့်လုံးထွေးရစ်ပတ်လျက် တယောက်နှင့်
တယောက်မဆုံဖြစ်လှဘဲရှိလေသောနှစ်ဖြစ်ခဲ့လေသည်။
အလှည့်ကျအချိန်ဇယားအရ သဇင်ဝေတို့အတန်းသို့ ဆရာရောက်လာသည့်အခါ ထွေးထွေးအောင်၊
ဝင်းဝင်းလင်း နှင့်သီတာထွန်းတို့အားသတိရလာ၍ ဆရာ့တပည့်ဖြစ်ရပြီကိုကျေနပ်ပီတိဖြစ်နေရပါ၏။
အတန်းများအားအသင်းလေးသင်းဖွဲ့ရမည့်နေ့၌ သဇင်ဝေတို့အတန်းသို့အသင်းလေးသင်းဖွဲ့ပေးရန်
တာဝန်နှင့်ဆရာရောက်လာလျက် အတန်းရှေ့မှရပ်ကာတတန်းလုံးကိုခြုံကြည့်ရင်းမှ "ဒီနေ့အတန်းမှာအသင်း
လေးသင်းဖွဲ့ရမယ်။ ကျန်စစ်သား၊ဘုရင့်နောင်၊အလောင်းဘုရားနှင့် ဗန္ဓုလအသင်းဖွဲ့ပြီးရင် အသင်းခေါင်းဆောင်
တွေလဲရွေးရမယ် " အတန်းသားများအားဆရာမှအသင်းလေသင်းဖွဲ့ရာတွင်
အမည်စာရင်းအားကြည့်ရင်းဖွဲ့ပေး
ပြီးသောအခါ အတော်အတန်စိမ်းနေကြသည်ဖြစ်ပေမယ့် အဖွဲ့ဝင်ချင်းတဦးနှင့်တဦးအသိအမှတ်ပြုခေါင်းငြိမ့်ပြ
ကြပြီးနောက် "အသင်းဖွဲ့ပြီးရင် အသင်းခေါင်းဆောင်ရွေးရလိမ့်မယ်။ကိုယ့်အသင်းကဘယ်သူ့ကိုခေါင်းဆောင်
တင်မလဲဆိုတာကြည့်ပြီးစဉ်းစားကြ" ဟုဆရာကဆက်လက်ပြောသောအခြေအနေ၌ သူငယ်ချင်းအသစ်တွေလိုချည်းဖြစ်နေ၌ အတန်းသားအားလုံးတယောက်ကိုတယောက်ကြည့်လျက်အရွေးခက်
နေပြီး ခေတ္တငြိမ်သွားရင်း သွက်လက်သည့်ကျောင်းသားတချို့အပိုင်းမှ အချင်းချင်းခေါင်းဆောင်ရွေးတင်ကြပြီး
သော် သဇင်ဝေတို့အလောင်းဘုရားအသင်းအဖွဲ့မရွေးရသေးသဖြင့် ရွေးမည့်ဟန်ဖြင့်အကဲခတ်နေကြစဉ်
"အလောင်းဘုရားအသင်းခေါင်းဆောင်ကို သဇင်ဝေ့ကိုရွေးလိုက်မယ်" ဟုဆရာကအရင်ဆုံးပြောလိုက်သော
အခါ အသင်းသားအားလုံးအနည်းငယ်အံ့အားသင့်သလိုဖြစ်သွားပြီး ဆရာရွေးသည့်အတွက်လက်ခံလိုက်ကြလေ
သည်။
သဇင်မလုပ်ချင်ဘူး လို့ဆရာ့ကိုစိတ်ထဲမှသာပြောရဲသည်ဖြစ်ကာ ငြိမ်နေရာမှအသင်းဖွဲ့ခြင်းကိစ္စပြီးဆုံး၍
ဆက်လက်ပြီးအသင်းဝင်၏တာဝန်တို့ရှိကြောင်းဆရာမှပြောကြားရာတွင် အချင်းချင်းစည်းလုံးညီညွတ်ရေး၊ တိုး
တက်ဖွဲ့ဖြိုးရေးနှင့်အစည်းအဝေးပြုလုပ်ရန်များဖြစ်ပါလိမ့်မည်။
ဖခင်ကျန်းမာရေးညံ့သောကြောင့် အိမ်ဒစီးပွားရေးတို့တနှစ်ထက်တနှစ်တရှိန်ထိုးကျဆင်းလာသည့်အတွက်
ရည်မှန်းချက်ပျောက်ဆုံးနေပြီဖြစ်သည့်သဇင်ဝေအနေနှင့် အသင်းအကြောင်းသာမကကျောင်းစာများကိုပင်
စိတ်မ၀င်စားဘဲသောကတို့၌နစ်မွမ်းနေကြောင်းကိုမူ မည်သူ့အားမှမပြောနိုင်သောဘ၀ဖြစ်သည်။ အတတ်နိုင်
ဆုံးသူငယ်ချင်းများနှင့်အတန်းကိစ္စတို့ဖြစ်သောသောက်ရေခပ်၊
သန့်ရှင်းရေးများကိုလိုက်လျောညီထွေလုပ်နေ
သော်လည်း သင်ခန်းစာများအားမကြိုးစားလှဘဲနေသည့်ကြားတွင်
ဆရာသည်တခါတခါသဇင်ဝေ့ကိုရွေးလျက်
သင်ပြပြီးသည့်သင်ခန်းစာများမေးတတ်လေ့ရှိရာ၌ ကောင်းစွာမဖြေနိုင်လျှင်ဖေးဖေးမမပြုတတ်ပြုတတ်သည့်
ပုံရိပ်တို့ပြတ်ပြတ်ထင်ထင်မြင်ယောင်ပြန်သောအခါ ရင်ထဲ၌တရှိုက်ရှိုက်ဖြစ်နေတော့၏။
ဆက်ရန်.......

ခိုင်ခင်အင်ကြင်း
့်

Read more...

ပန်းမြတ်မဉ္စူ (၃)

>> Saturday, June 27, 2009

အစကသူငယ်ချင်းတွေသည် သဇင်ဝေကဆရာ့အပေါ်သိလျက်နဲ့မသိကျိုးကျွန်ပြုလျက် စိမ်းကားနေသည်ဟုထင်
မြင်ခဲ့ကြစရာရှိကာ သူတို့ချစ်သောဆရာ၏နှလုံးသားကိုစာနာစွာကြိတ်၍ အကြင်နာပိုနေခဲ့ကြပေလိမ့်မည်။
သဇင်ဝေမှာမူ ဆရာသည်မိမိအပေါ်ပန်းမျိုးစုံဖူးပွင့်ဝေဆာစေရန် ရေလောင်းပြုစုပျိုးထောင်နေသည့်ဥယျဉ်ထဲက
ပန်းကလေးတစ်ပွင့်အဖြစ်မှလွဲကာ အမှတ်မထင်ရှိနေလိမ့်မည်ဟုသာ မှတ်ထားနေခဲ့မိ၍တကြိမ်တခါမှထူးခြား
သည်ဟုမထင်မိခဲ့တာအမှန်ဖြစ်ပါလေ၏။
ဤတွင် ကြည်ကြည်လွင်သည်ဝေးကျန်ခဲ့သောနှစ်တို့ကိုမေ့လျော့၍မမြိုသိပ်နိုင်တော့ဘဲ သဇင်ဝေ၏ရင်အားမြှား
တစင်းနှင့်ရုတ်ချည်းပင်ပစ်ခွင်းလိုက်လေပြီ။
လောလောဆယ် ကြည်ကြည်လွင်အားဆရာနှင့်ပတ်သက်ပြီးပြောပြချင်သည်တို့ကိုပြောပြရန် အင်အားမရှိတော့
သောကြောင့် "သဇင်ပြန်လိုက်ဦးမယ်နော်"
လွင်က "ပြန်ချင်ပြန်လေ..အိမ်အထိလိုက်ပို့မယ်"ဟုပြောသဖြင့်
"ရပါတယ် လွင်ရယ်" ဘာဆက်ပြောရမည်မသိတော့သည်ကြောင့် ကြည်ကြည်လွင်ကအိမ်ရှေ့အထိလိုက်ပို့၍
ပြန်လာခဲ့၏။
စိတ်ကူးနှင့်ပျော်မွေ့ခြင်း၊ လွမ်းဆွတ်ဖြင်းတို့၌ထုံရစ်နေတတ်သူ သဇင်ဝေအဖို့ အရင့်အရင်အခါသမယတို့၌
ဆရာမသိဘဲဆရာ့အကြောင်းများကိုသိနေခဲ့ဖူးပြီး၊ သဇင်ဝေ့အကြောင်းများကိုဆရာမသိခဲ့ဘဲလောကတရားတို့
အားပွေ့ပိုက်ထားခြင်းကြောင့် မမြင်ရသောတံတိုင်းများခြားနားနေရလျှက်ကိုယ်ပိုင်အမေးပုစ္ဆာတို့
ထုတ်နိုင်ခွင့်ကိုစွန့်လွှတ်သွားခဲ့သူဆရာ၏စွမ်းပကားများကြောင့် တနင့်တပိုးခံစားရခြင်းဖြစ်ပါတော့သည်။
တာဝန်ကျရာသို့ပြန်ေ၇ာက်သည့်အခါ တောင်လေးလုံးတွင်ညနေခင်းနှင်းများဝေဆာနေပုံမှာ သဇင်ဝေတို့
ကျောင်းအသွားဆောင်းမနက် ရံဖန်ရံခါမြရည်နန္ဒာဘေးလမ်းကလေးတလျှောက်
စမ်းတ၀ါးဝါးသွားခဲ့ရဖူးသည်
နှင့်တူလှနေသောကြောင့် စေတသိတ်တို့မှကျောင်းတော်ကြီးသို့ပြန်သွားနေမိတော့သည်၌......

ကျောင်းတက်ခေါင်းလောင်းထိုးချိန်နီးနေသည့်အတွက် ကျောင်းမြောက်ဘက်အားမျက်နှာမူရာ
သတ္တမတန်းခွဲခန်းမတွင် သဇင်ဝေတို့စုရုန်းပြီးထိုင်နေကြရချိန်မှာပဲ၊ အတန်းရှေ့တည့်တည့်မှညာဘက်
ဆယ်ကိုက်လောက်ကိုလှမ်းကြည့်ပါကမြင်နေရရာ၊ အတန်းတူကျသူ့နံဘေး၌ထိုင်နေသည့် ထွေးထွေးအောင်က
"သဇင်ရေ အခုဂိတ်ဝက၀င်လာတဲ့ဆရာအသစ်ကိုကြည့်လိုက်စမ်းပါ"
ဆိုသဖြင့်ကြည့်လိုက်မိရာဝယ် ခဲသားရောင်တိုက်ပုံအားဖြူဖွေးသောလည်ကတုံးရှပ်အ
င်္ကျီအပေါ်ထပ်ဝတ်ထားပြီး အသားဖြူဝင်းကာအရပ်ရှည်
ရှည်နှာတံမြင့်လျှက်အာရိယန်နွယ်ဆန်သလိုမဲနက်ကော့ညွတ်တဲ့
မျက်တောင်များဝန်းရံနေသည့်မျက်ဝန်းလှလှ
များနဲ့ဆရာ့အသွင်မှာအဝေးကပင်ဖြစ်သော်လည်းအထင်းသားမြင်နေရစဉ်၊ တပြိုင်ထဲလိုမိန်းခလေးတချို့လဲအကြည့်ရောက်နေကြသည်ဖြစ်ပြီး ဖူးငုံသစ်စလွင့်ဖက်ညှာဝင့်လွှာစိမ်းတထပ်ကိုခွာလှစ်လို့ လောကကိုချောင်းကြည့်စပြုနေပြီဖြစ်သော ပန်းကလေးတို့မှာ ဟိုသည်ယိမ်းနွဲ့တသွဲ့သွဲ့မခိုင့်တယိုင်စကားသီဖွဲ့မြိုင်ကြပုံကား "ပဲခူးကပြောင်းလာတဲ့
ဦးမောင်မောင်ကျော်ဆိုတာအဲဒီဆရာပဲ။ မိုင်ဒါကွင်းရှေ့ကအစိုးရတိုက်ခန်းမှာတစ်ယောက်ထဲနေတယ်တဲ့...
ဘီအက်စ်စီဘွဲ့ရပြီးလို့အထက်တန်းပြဆရာအလုပ်ဝင်ရတယ်တဲ့" ကျောင်းတက်ပြီဖြစ်သဖြင့်ရှေ့ဆက်ပြောမည့်
စကားတို့ရပ်သွားကြ၏။
ကျောင်းဝန်းကြီးထဲကကုက္ကိုရွက်စိမ်းများကြားမှသင်းပျံ့ပျံ့ရနံ့လေးများနဲ့
ပန်းနုရောင်ကုက္ကိုပွင့်လေးများထွက်
လာကြပြီးစာသင်ချိန်ခဏအနားယူခိုက် ပင်စည်ကြီးများဘေးအရိပ်အောက်ကိုစုရုန်းနားခိုလာသမျှငယ်နုသူလေး
များရဲ့ရယ်သံလွင်လွင်လေးများကိုနားစွင့်ငုံ့ကြည့်နေချိန်ရောက်လာလျှင်၊ မြောက်ဘက်ဆုံးကျောင်းဆောင်ကြီး
ရဲ့အထက်တန်းစာသင်ခန်းတွေထဲ တတန်းဝင်တတန်းထွက်သင်ခန်းစာပို့ချနေသူဆရာ့ကို ရှေ့တည့်တည့်
အတန်းတွေထဲဝင်ရင်မြင်နေရတတ်လေ့ရှိကြတော့လဲ ဆရာ့အကြောင်းများကိုသိချင်လာသူတွေအနေနဲ့စုံစမ်း
ကြ၍သောကြာနေ့နှင့်အနီးဆုံးမွေးဖွားလာသည့်ထွေးထွေးအောင်ပင် ဆင်အိပ်ရာဆိတ်နှိုးအစပျိုးကာ
"သဇင်၊ ဟိုဘက်ဆောင်အလယ်လှေခါးအရှေ့ဘက်ဘေး ကိုးတန်း(D)ထဲသွားနေတဲ့မမတစ်ယောက်ကိုကြည့်ပါ
ဦး" ဟုပြောလာသဖြင့် ရှေ့တည့်တည့်လဲဖြစ်နေသောကြောင့်လှမ်းကြည့်လိုက်ရာ မျက်လုံးဝိုင်း၍နှာတံမပေါ်
လွင်လှသော်လည်း အသားဖြူကာအရပ်မြင့်ပြီးကျစ်လစ်သွယ်လျအချိုးကျမှုရှိသည့်တိုင်အောင်
သဇင်ဝေ့ထံမှမည်သည့်စကားမျှထွက်မလာသော်လည်းတခြားသူငယ်ချင်းတွေက
အတိုင်းသားကြားလိုက်၍ ၀ိုင်းကြည့်နေကြ၏။ "အဲဒီမမက ဆရာဦးမောင်မောင်ကျော်ကိုကြိုက်နေလို့တဲ့"
"ထွေးထွေးအောင် ဘယ်လိုလုပ်သိသလဲ"
"ထွေးအစ်မ အေးအေးအောင်ကကိုးတန်း(D)မှာရှိလို့သိတာဖြစ်မယ်"
"ဟုတ်တယ်...မမကိုမေးလို့သိရတာတွေကြားရင်အံ့သြသွားကြမယ်"
တယောက်တစ်ပေါက်ဖြစ်လာရင်း
"ပြောပြစမ်းပါ ထွေးထွေးရဲ့...ဘယ်လိုတဲ့လဲ"
"ဘယ်သူမှလျှောက်မပြောကြနဲ့နော်"
"အေးပါ...မပြောပါဘူး...စိတ်ချပါ"
" အဲဒီမမကကျောင်းပိတ်ရက်ဆိုရင် စားမေဖို့ဆိုပြီးဆရာ့ဆီအမြဲသွားတယ်တဲ့"
"ဆရာက စာပြပေးတယ်တဲ့လား"
"အတင်းသွားနေလို့ ဆရာကလဲတပည့်တစ်ယောက်ဖြစ်နေတာနဲ့စာပြပေးပါတယ်တဲ့"
"သူ့အိမ်ကကျောင်းပိတ်တိုင်းသွားနေတာ မဆူဘူးလား"
"အဲဒီမမက အဖွားနဲ့နှစ်ယောက်ထဲနေလို့အဖွားကအိုလှနေတော့ ပြောသမျှခေါင်းငြိမ့်နေတာဘဲလို့ကြားတယ်"
"အဲဒီမမနာမည်ဘယ်လိုခေါ်လဲ"
"မေသက်နိုင် တဲ့"
"နာမည်လေးကကောင်းတယ်နော် "
"ဟေ့....ဆရာဦးစိုးမြင့်လာနေပြီ" သင်္ချာသင်ချိန်ဖြစ်ရာငြိမ်သက်သွားကြသည်။
ကုက္ကိုပွင့်လေးများပင်ယံမြင့်ကခုန်ဆင်းလို့ပန်းနုရောင်ကမ္ဗလာခင်းပေးချိန်သို့
ရောက်လာလျှင် ဆက်လက်
ပျံ့လွင့်လာသောဆရာ့သတင်းတို့သည် "မမမေသက်နိုင်အလာများလွန်းလို့ ဆရာကခဏခဏမလာဘို့ပြော
တယ်တဲ့"
"အဲဒီမမအိမ်ကဆရာ့အိမ်နဲ့နီးလို့လားဟင်"
"မြို့ကြီးမှာနေတော့ သိပ်မဝေးဘူး" အတွေးကျယ်သူဝင်းဝင်းလင်းဆိုသည့်သူငယ်ချင်းမှ "ဆရာနေတဲ့တိုက်ခန်း
မှာ နှစ်ယောက်ထဲဖြစ်နေမှာဘဲနော်"
ငယ်သူငယ်ချင်းများဖြစ်နေသောကြောင့် သီတာထွန်းက၀င်ပြီး "နင်ကလဲ...ဆရာကခဏခဏမလာဘို့ပြော
တယ်ဆိုထဲက တပည့်တယောက်ထပ်မပိုလို့ဘဲပေါ့"
ကြားရသည်နှင့်အညီ နောက်ပိုင်းတွင် မေသက်နိုင်ငိုသော်လည်း "အိမ်မှာစာပြမပေးဘူး" ဆိုသော
တင်းကြပ်စွာတားမြစ်ခြင်းကိုသိရသည့်အပြင် မည်သူတစုံတဦးနှင့်မှ မေတ္တာရေးရာတွင်မပတ်သက်ဘဲ
နေကြောင်းသိရသေးသည်ကြောင့် သိက္ခာဆိုသည်၌တန်ဘိုးထားတတ် အလင်းပြာကြယ်တာရာများထဲမှ ကြည်
စင်လင်းလက်လွန်သော ကြယ်တစ်ပွင့်အဖြစ်လေးစားမြတ်နိုးခဲ့ပြီး ကျောက်ထက်အက္ခရာတင်သည့်အလား
ရင်ထဲတွင်စွဲမှတ်ထားခဲ့ပါ၏။
ဆက်ရန်...
့်
ခိုင်ခင်အင်ကြင်း

Read more...

ပန်းမြတ်မဉ္စူ (၂)

>> Friday, June 26, 2009

သတိရခြင်းဟူသောဝေါဟာရနောက်ကွယ်တွင် လွမ်းနုနုတို့ပုန်းလျှိုးပုန်းကွယ်ရှိနေတတ်သောသဘောကြောင့်
တွေ့ကြုံဆုံကွဲဖြစ်မြဲဓမ္မတာဟု နှလုံးသွင်းလျှက်မေ့ထားရပြန်လေ၏။
ငယ်ကျွမ်းဆွေများတွင်ကျောင်းတော်ကြီးသို့ရောက်စအချိန်၊ပကတိခလေးငယ်များအဖြစ်မှ ကြီးပြင်းသည့်အထိ
အရင်းနှီးဆုံးသူငယ်ချင်းတို့တွင် ထွေးထွေးအောင်မှာသဇင်ဝေနေထိုင်ရာ၏အနောက်ဘက်ရပ်ကွက်၌နေပြီး ဇာတိတွင်ပင်အမြတ်ခွန်ရုံး၌ အလုပ်ဝင်သဖြင့်တခါတရံတွေ့နိုင်သေးလေသည်။
ကြည်ကြည်လွင်ကမူ ထွေးထွေးအောင်ရှိသည့်ဘက်နှင့်ပြောင်းပြန်ဖြစ်သည့်အရှေ့ဘက်ရပ်ကွက်၌နေ၍ သူနာပြုဆရာမသင်တန်းသုံးနှစ်တက်ပြီးနောက်မော်လမြိုင်တွင်တာဝန်ကျနေသောကြောင့် တခါတရံပြန်လာမှသာဆုံဖြစ်ရတော့သည်။
နှစ်ဦးလုံးဇာတိမြို့နှင့်ဝေးကွာကြသောအခါ ကြည်ကြည်လွင်ကိုမတွေ့ရသည်မှာကြာပေပြီ။ မတွေ့ရသည့်နှစ်ထက်နှစ်တို့ရှည်လျားလှသည်ဟုအောက်မေ့နေစဉ် ကြည်ကြည်လွင်ကမိသားစုထံဒီဇင်ဘာလဒုတိယပတ်၌ ပြန်လာမည်ဖြစ်သည့်အကြောင်းနှင့် သဇင်ဝေ့ကိုလည်းတွေ့ချင်ကြောင်းသိရသဖြင့် ထိုရက်များကိုရွေး၍ ခွင့်ဖြင့်ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်လျှင်အအေးဆုံးအရိပ်အဖြစ် ချမ်းမြေ့မှုများနှင့်နားနေလိုက်ပြီး၊ ကြည်ကြည်လွင်ရောက်မည်ဖြစ်သောရက်ကိုသိထားသောကြောင့်သွားရာ၊ အိမ်ပေါ်မှအမြန်ဆင်းလာကာ လက်ဆွဲကြို၍ လှေကားပေါ်တက်ရင်း " သဇင် ဘယ်တုန်းကရောက်လဲ" ၊ " တမြန်နေ့က လွင်" ၊ " လွင်တော့ ညကရောက်တယ် "
အိမ်ပေါ်ရောက်လျှင် လွင်က "ထိုင်ဦးနော် ၊မစားရတာကြာတဲ့ လွင်တို့မြို့ကမုံ့ဟင်းခါးချက်ထားတယ် ဟင်းရည်သွားနွှေးလိုက်ဦးမယ် " လွင်ကပြောပြောဆိုဆိုမီးဖိုခန်းဘက်ထွက်သွားစဉ် နောက်မှလိုက်သွားလျှက် " လွင်ကလဲ သဇင်တယောက်ထဲထိုင်စောင့်မနေချင်ပါဘူး ၊ ပဲသီးတို့ဘာတို့လှီးစရာရှိ၇င်ကူပေးမယ်"
"ဟင်းရည်နွှေးရုံပဲကျန်ပါတော့တယ် သဇင်ရဲ့၊ပြီးရင်စားရုံဘဲ"
ကူစရာမလိုတော့သည့်အတိုင်း စားပွဲပေါ်မှာ လှီးပြီးသားပဲတောင့်ရှည်သီးတစ်ပန်းကန်၊ ခရမ်းချဉ်သီးတစ်ကန်းကန်၊နံနံပင်၊ကြက်သွန်ဖြူဆီချက်၊သံပုရာသီး၊ဆန်လှော်မှုန့်နှင့် ငရုပ်သီးမှုန့်တို့အပြည့်အစုံရှိနေလေသည်။
သဇင်က " ဒေါ်လေးတို့တော့ဥပုသ်နေ့မဟုတ်လို့ဈေးထွက်နေကြမှာပေါ့နော် "
" ဟုတ်တယ်၊ ညနေမှလူစုံမယ်လေ"
" အင်း...အခုချိန်ကတော့ လွင်နဲ့နှစ်ယောက်ထဲကကောင်းပါတယ်။ သဇင်လဲတောင်လေးလုံးကိုပြန်ရင် ဒေါ်လေးတို့ဆိုင်က ဂျင်းလ္ဘက် ပဲလှော်တွေကို လက်ဆောင်ပေးဖို့အမြဲသွားဝယ်နေတော့ ဒေါ်လေးနဲ့ကအမြဲတွေ့နေပါတယ်"
" အဲဒါတွေကတန်ဖိုးမကြီးပေမယ့် ပေးရတာမျက်နှာပန်းလှတယ်နော်"
" ဟုတ်တယ်လွင်ရဲ့၊ လက်ဆောင်ရတဲ့သူတိုင်းနောက်လဲပေးပါဦးတဲ့လေ။ အားမနာကြဘူး " ဟု သဇင်ဝေကဌာနကလူတွေကို နောက်ကွယ်၌အရွှန်းဖောက်ရာ ကြည်ကြည်လွင်ကတခိခိရယ်ပြီး
" လွင်လဲ မော်လမြိုင်ပြန်တိုင်း အဲဒါတွေဘဲယူသွားတာ၊ ရွှေချဉ်ပေါင်တုံးကာမှလို့မပြောကြတဲ့အပြင် အဲဒါတွေပဲမှာနေကြတာလေ။ ဒီတနယ်လုံးအလှူအတွက်ကအစ လာလာဝယ်နေကြတော့ ဆိုင်ကလက်မလယ်ဘူး။ အဓိကကတော့ ပဲလှော်ထုပ်တွေရောင်းအရဆုံးပဲ"
"ရောင်းကောင်းတာမပြောနဲ့လေ ပဲလှော်က၀ါးလိုက်ရင်ရွရွမွမွလေး လွင်ရဲ့"
ဟင်းရည်များပွက်လာပြီဖြစ်ရာ မုန့်ဟင်းခါးစားရန်စိတ်ရောက်သွားကြလျှက်
"ဟင်းရည်ပူတုန်းစားနော်သဇင်၊ လွင်လဲမစားရတာကြာပြီ"
"သဇင်တော့နှစ်တိုင်းအ၀စားရပေမယ့်အခုလဲအ၀စားရလိမ့်မယ်"
"ဒါဆိုအားမနာနဲ့ အားရပါးရစားနော် သဇင်"
နှစ်ယောက်သားပျော်နေကြပြီးရွှတ်နောက်နေကြရာ၊ကြည်ကြည်လွင်ကမုန့်ပွဲပြင်၍လှမ်းပေးရာမှ "ဟုတ်ပါရဲ့၊လွင်တို့မြို့ကမုန့်ဟင်းခါးမျိုးကတခြားဘယ်မြို့မှာမှမရဘူးနော်"
"ဟုတ်ပါရဲ့လွင်ရယ်၊တောင်ငူဘက်ရောက်ဖူးတဲ့လူတွေက ဒီမြို့မုန့်ဟင်းခါးဟင်းရည်နဲ့ဆန်လှော်မှုန့်ကိုအထူးအဆန်းဖြစ်ပြီး စားလို့ကောင်းလွန်းလို့တဲ့"
"အင်းဟုတ်တယ်၊ မုန့်ဟင်းခါးဟင်းရည်ကငါးအသားတွေချည်းနဲ့ချက်ထားပြီး၊ဟင်းရည်ထဲကိုပဲမှုန့်တို့ ဆန်မှုန့်တို့လုံးဝမထည့်ဘဲ၊ မုန့်ပွဲပြင်ပြီးမှဆန်လှော်မှုန့်သက်သက်ထည့်စားရတာတမျိုးကောင်းနေလို့တဲ့ ။ နောက်ပြီး ဆန်လှော်မှုန့်ကလဲဆန်နဲ့ပေါက်ပေါက်ပွင့်လှော်ထားတာဖြစ်တော့ဖွေးရွပြီးမွှေးနေတာပဲလေ။ တခြားမြို့တွေမှာအဲဒီဆန်လှော်မှုန့်မရလို့ချက်မစားနိုင်ဘူးနော်"
"ဟုတ်တယ်နော်၊ ဆန်လှော်မှုန့်ကအဓိကဖြစ်နေတယ်"
နှစ်ယောက်သားစား၍အတော်ဝလာသလိုဖြစ်လျှင် ကြည်ကြည်လွင်သည် သဇင်ဝေ့ကိုစေ့စေ့ကြည့်ရင်း "သဇင်လဲအသားတွေဖြူပြီးဝလာတော့ ပိုလှလာတယ်"
"မုန့်ဟင်းခါးထပ်စားနော် အားမနာနဲ့...ဟိ..ဟိ..."
"မြှောက်ပြောတမဟုတ်ပါဘူး။ အရင်ကထဲကမေမေကဆို သဇင့်ကလှလဲလှ ချစ်စရာလဲကောင်းတယ်လို့ ခဏခဏပြောနေသားပဲ"
လွင်ရဲ့မိခင်သည်အလှအပအလွန်ကြိုက်၍ပွင့်လင်းလှစွာပြောတတ်လေ့ရှိသဖြင့်စောဒကမတက်တော့ဘဲ "လွင်လဲလှပါတယ်၊ ဒေါ်လေးကကိုယ့်သမီးမို့မပြောတာနေမှာပါ"
ကြည်ကြည်လွင်လှသည်မှာအမှန်ဖြစ်သလို၊ မိန်းမပျိုလေးတိုင်း နှင်းဆီ စံပါယ် ချယ်ရီ ခွာညိုနှင့်ခရေ ပန်းအလှတို့လိုပင် အလှတမျိုးစီပိုင်ဆိုင်နေကြရာဝယ် တန်ချူရှင်သည်မည်သည့်ပန်းအား ခူးဆွတ်လိုသည်ကသာပဓာနကျပါသည်။
"ကဲ...ဒီလိုဆို ကျေနပ်ပြီထားပါတော့သဇင်ရယ်...ဒါနဲ့..တောင်လေးလုံးဆိုတာဘယ်နားမှာလဲ။ လွင်တော့တခါမှမကြားဖူးပါဘူး "
"တောင်လေးလုံးဆိုတာ တောင်ကြီးမြို့ကနေအတော်ဝေးဝေးထပ်သွားရသေးတယ်"
"တော်တော်ဝေးတယ်နော်...မော်လမြိုင်ကမှနီးသေးတယ်ကွယ်"
"ဟုတ်တယ်...ဝေးလဲဝေး မိုးတွင်းဆိုရင်မိုးစွေတတ်တဲ့အခါတွေမှာချမ်းချမ်းနဲ့ကွေးရင်းလွမ်းလွမ်းနဲ့တွေးပြီး အိပ်နေရတော့တယ်"
သဇင်ဝေ့အပြောတွင် ကြည်ကြည်လွင်ကခပ်တွေတွေစဉ်းစားနေရင်းငိုင်သွားရာမှ ရုတ်တရက် "သဇင်၊ ဆရာဦးမောင်မောင်ကျော်ကိုသတိရသေးရဲ့လား" ဆိုသည့်အမေး၌ မေးရိုးမေးစဉ်နဲ့မတူဘဲ အမည်နာမနှင့်တကွကွက်၍အထူးပြုမေးပုံအားလှစ်ခနဲသံသယ၀င်သော်လည်း ဘာကြောင့်ဟုထင်စရာအကြောင်းမရှိသည်ကြောင့် အမှန်အတိုင်းပင် "သတိရတယ်လေ။ ဆရာဆရာမတွေအကုန်လုံးကိုသတိရတာပဲ။ ဘာဖြစ်လို့လဲလွင်"
ကြည်ကြည်လွင်ကသဇင်ဝေ၏အဖြေနဲ့အမေးကိုသဘောမကျပုံမျိုးနှင့်ခေါင်းယမ်းနေရာမှ "မဟုတ်ဘူးလေ။ဆရာက သဇင့်ကိုသိပ်ချစ်တာ"ထိုစကားမျိုးမဟုတ်ဘဲ
"ဆရာကသဇင့်ကိုချစ်နေတဲ့ဆရာမဟုတ်လား" ဆိုလျှင်ပင် လုံးဝမထင်မှတ်မရိပ်မိခဲ့သူ သဇင်ဝေတုန်လှုပ်သွားလိမ့်ဦးမည်ဖြစ်သေး၍ ပိုလေးနက်စွာဆရာ၏မေတ္တာသင်္ကေတတို့များပြားကြောင်းဖြစ်သော 'သိပ်' ဟူသည့်စကားတလုံးအတွက် သဇင်ဝေတုန်လှုပ်သွားရုံမကချောက်ခြားသွားပြီး ဦးနှောက်တွင်းသွေးများတဒိန်းဒိန်းတိုးဝင်လာကာ ရင်ဝယ်ငလျင်လှိုင်းတံပိုးများအပြင်းအထန်လှုပ်သွားသည့်အလား မူးဝေသွားရလေသည်ကိုထိန်းလျှက်၊ နားနဲ့ဆတ်ဆတ်ကြားရပါလျှက်မယုံရဲသဖြင့် "ဆရာက သဇင့်ကိုသိပ်ချစ်တာ..ဟုတ်လား...လွင်" ဟုဆိုကာအယောင်ယောင်အမှားမှားပြန်မေးနေမိခြင်းအား ကြည်ကြည်လွင်ပင်တအံ့တသြဖြစ်သွားသလို
"ဟုတ်တယ်လေ...သဇင်မသိဘူးလား"
"ဟင့်အင်း...သဇင်မသိဘူး"
တဖန် ကြည်ကြည်လွင်မှာလဲ မယုံနိုင်ပုံနဲ့ "မသိဘူး ! ဟုတ်လား...သဇင်" ဟုထပ်ပြီးပြန်မေးနေသည်၌ လှိုက်တက်တစ်ဆို့လာသောဝေဒနာများ အခံရသက်သာချင်သည့်အတွက် ကြည်ကြည်လွင်တစ်ဦးထဲအမြင်သာဖြစ်လိမ့်မည်ဟု တွေး၍
"သူငယ်ချင်းတွေရော သိကြသလား"
"သိတယ်လေ...သူငယ်ချင်းတွေအကုန်သိတယ်" ကြည်ကြည်လွင့်စကားများတွင် 'ဟုတ်တယ်လေ' 'သိတယ်လေ' ဆိုသောရင်မောကာဆွဲဆွဲငင်ငင်ပြောနေသည့်အခါ မယုံနိုင်ခြင်းဟူသမျှတို့အား အခိုင်အမာချေဖျက်လိုက်သည်ဖြစ်သဖြင့် တနင့်တပိုးခံစားသွားရခြင်းကြောင့် မျက်နှာဖြူရော်လာကာ ကုလားထိုင်ကိုခွေမှီနေသောပုံ မြင်ရမှကြည်ကြည်လွင်မှာ သဘောပေါက်သွားသကဲ့သို့ ခေါင်းညိမ့်လိုက်ခေါင်းခါလိုက် ဖြစ်နေတော့၏။

ခိုင်ခင်အင်ကြင်း



Read more...

ချစ်အပ်သော တို့မြေယာ

>> Tuesday, June 16, 2009

နေကြာတစ်မှုံ ၊ ဂျုံနှံတစ်အာ
ဤယာဝိုးဝင်း ၊ထိုယာတွင်း။

နေကြာဝါ၀င်း ၊ ဂျုံနံ့သင်းနှင့်
ယာခင်းသာစွ ၊မုံအာကြ။

ပြောင်းကတစ်ဖူး ၊ လူးကတစ်နှံ
မြေယံလဲ့စိမ်း ၊ပြာနွဲ့ရှိန်းသည်
လေသိမ်းလှုပ်က ၊ယိမ်းသမ။
နဘူးတစ်ချုံ ၊ ဆူးတစ်ချုံမှာ
ယာတစ်ကွက်ခြား ၊ နှစ်ကွက်ခြားလျင်
ပိုင်းခြားကန့်ကန့် ၊ ယာကိုသန့်။

ကန်စွန်းကြီးရုံ၊ ချင်းယားရုံလည်း
ဟိုရုံသည်ရုံ ၊ ယာစပ်ရုံကာ
ခိုလှုံယာငွေ့ ၊ ရင်ခွင်မွေ့။

ယာတစ်ကွက်တွင်
ဗူးပင်တစ်အုံ
သီးမျိုးစုံ ။

ယာတစ်ကွက် ၌
ပဲစိုက်တိုင်ထောင် ၊ သီးမျိုးအောင် ။

ယာတစ်ကွက် ထဲ
ဖရဲ ဖရုံ
ကင်းပုံ သခွား ၊ သီးမျိုးထွား။

ဤမြေဤယာ၊
ဘယ်သူ့ ယာ......
ဤယာဤမြေ ၊
ဘယ်သူ့မြေ.......
တို့မြေတို့ယာ...တို့မြေသာတည့်။

တို့ယာမြေကြော ၊ စာရေပေါလည်း
တို့တောဘ၀ ၊ ယာအလှကို
တို့က မေ့ပြီ ဆိုမှဖြင့်.......။

ယာမေ့ ရွာမေ့ ၊ မြို့ကိုမေ့
မြို့မေ့နယ်မေ့ ၊တိုင်းကိုမေ့ကာ
ပြည်မေ့ ထိုကျိုး ၊အဖြစ်ဆိုး
အမျိုးဘယ်မှာ ၊ခိုင်တော့အံ့ ......။ ။

မေအောင်

Read more...

ပျို့တောလား

>> Sunday, June 14, 2009

ဘလော့စာမျက်နှာတွေကို ရအောင် မဖမ်းယူနိုင်သည့် ကျွန်မ၏ မကျွမ်းကျင်သော
အင်တာနက်အသုံးပြုပုံ…………
အချိန်များများတွင် အာရုံစိုက်ရသော ကျွန်မ၏ အလုပ်တာဝန်တို့ကြောင့်….
အရင်က အင်တာနက်မှ တဆင့် အိုးဝေ အိုးဝေမှတဆင့် ကျွန်မသွားခဲ့ဖူးသော
ရသ၊ဗဟုသုတပေးရာ…..များစွာသော ဘလော့စာမျက်နှာတို့ကို မြင်ယောင်တိုင်း
ပြန်မရနိုင်သေးသော အိပ်မက်ချိုတို့အတွက် ကျွန်မပူလောင်ခံစားရ၏။
ဘယ်သူတွေ ဘာတွေးရေးနေမလဲ?
ဖတ်ချင်စိတ်က မခံနိုင်အောင် နှိပ်စက်တတ်၏။
လက်တွေ့မှာ ကိုယ်ရေးသော စာမျက်နှာကိုပင် မြင်ခွင့်မရ။
သွားနေကြ ဘလော့များတွင်လည်း E mail မှတစ်ဆင့် ဖတ်လိုကြောင်းမချိတ်ခဲ့ရ။
နောင်တတွေ ရနေမိ၏။
ဒီစာရေးရင်း ကျွန်မ၏ moonbright2007@gmail.com သို့ ကျွန်မအား
ဖတ်စေချင်သော ဘလော့ပို့စ် များပို့ပေးရန် အိုးဝေ၏မိတ်ဆွေဘလော့ဂါများကို
လေးစားစွာတောင်းဆိုချင်ပါသည်။
ကျွန်မ ရေးဖြစ်သော စာများကိုလည်း ညီမလေးမှတဆင့် အိုးဝေတွင် ဆက်လက်တင်သွားပါမည်။
အဖိုးတန်စာပေလင်္ကာ ရတနာများ ဖြန့်ဝေနိုင်ပါစေ…
မေအောင်

ပျို့  တောလား

ပျိုတစ်မေ့
လျှိုအကွေ့
မှိုတွေ့ရင် နှုတ်ရအောင်….။

မိုးတစ်ဖြိုက်
ရိုးတစ်ဝိုက်
ဆိုးမိုက်တဲ့ ဆူးတွေရှောင်..။

မှိုမရလည်း
ကိုယ်ကတော့ မပူပေါင်
တောချောင်မှာ ချုံစဉ်ကူး…။

ကန်စွန်း ဆူးပုတ်နဲ့
ကျီးအာနွယ် တစ်ဆုပ်နှစ်ဆုပ်..
မိုးချုပ်လို့ ပြန်ချိန်နီးလာတော့
သီးကင်းပုံ ဗုံလုံခါးကိုလ
ဝါးတံချူ အားကူလို့
နားမပူ ……
စားသူမွေ့စေဖို့
တွေ့သမျှ ခူး ။ ။

မေအောင်

Read more...

ပန်းမြတ်မဉ္စူ

ဒီအိုးဝေကို လာဖတ်ကြသောအပေါင်းအသင်းများအားလုံး မင်္ဂလာပါ။ ဒီအိုးဝေမှာ ကဗျာတွေချည်းဖတ်နေရတာငြီးငွေ့နေမှာစိုးတဲ့အတွက် ခံစားမှုရသ၀တ္ထုတိုလေးတစ်ပုဒ်ကိုတတ်နိုင်သလောက် ကြိုးကြိုးစားစားရေးဖွဲ့တင်ပြလိုက်ပါတယ်ရှင်...
ဝတ္ထုတစ်ပုဒ်လုံးကိုတခါထဲတင်လိုက်ရင်
စာလာဖတ်သူအတွက်အချိန်အဆင်မပြေမှာစိုးသည့်အတွက်
နဲနဲစီတင်ပြပါရစေ...
အချိန်ယူပြီးလာဖတ်ကြတဲ့အတွက်
အားလုံးကို ကျေးဇူးတင်ပါတယ်...
ခိုင်ခင်အင်ကြင်း

'' ပန်းမြတ်မဉ္စူ ''


ယမုံနာပေါင်းလောင်းစစ်တောင်းမြစ်ရစ်ခွေစီးဆင်းနေသော နဒီမြစ်ဝှမ်းတွင် အလွမ်းရတုဘုရင် မင်းနတ်သျှင် စိုးမိုးပိုင်သခဲ့ဖူးသည့် ကေတုမတီမြို့သည်သဇင်ဝေ၏ဇာတိမြို့။
အခြေအနေအရဇာတိမြို့တွင်အလျဉ်းသင့်သလိုအလုပ်ဝင်ခဲ့ရာ အကျဉ်းဦးစီးဌာန၌တာဝန်ထမ်းဆောင်နေရင်းမှ အဝေးသင်ဖြေပြီးနောက်၊ နှစ်မကြာမီတောင်လေးလုံးသို့ပြောင်းရွှေ့ခဲ့ရ၍၊ အဝေးမှလွမ်းတိုင်းဇာတိမြေသို့ ခွင့်ယူကာ ခဏခဏမပြန်နိုင်သည့်တိုင်အောင်၊သဇင်ဝေကတနှစ်တခါပြန်ဖြစ်အောင်ပြန်သည်။
ဖြစ်နိုင်ရင် တနှစ်တွင်နှစ်ခါလောက်ပြန်မှ၊အလွမ်းသက်သာမှာဖြစ်ပေမယ့် သည်းခံနေရလေသည်။
သဇင်ဝေ၌လွမ်းစရာတို့များလှပါ၏၊အစ်ကိုနှင့်မောင်ငယ်လည်း အဝေးတွင်တာဝန်ကိုယ်စီဖြစ်ပြီး၊နာတာရှည်ဖြစ်လာသူဖခင်အား စောင့်ကြည့်ပြုစုနေရလျက်..သူတကာထက်အကြင်နာပိုသူမိခင်ကြီးစောင့်စားနေရာမြို့၊ထီးမွေနန်းမွေအဖြစ် ကြွင်းကျန်ရစ်သည့်ကျုံးလေးတန်ထဲမှ တစ်တန်သာပဲမြစိမ်းရောင်ရေကြည်တို့အခါမလပ်ပြည့်လျှမ်းလျက် ညှင်းလေပြေသုတ်ဖြူးနေတတ်သောကျုံးကလေး၊ အဲဒီကျုံးကလေးအနီးမှာကြီးပြင်းနေထိုင်ခဲ့လေရာဖြစ်သည့်အတွက
်ကျောင်းနေစဉ်ဘ၀တလျှောက်နဲ့
ဝာာဝန်ကိုထမ်းဆောင်ချိန်တိုင်၊
ကျုံးကလေးရဲ့သုံးဘက်သုံးတန်ရှင်းလင်းနေသောလမ်းဖြူးဖြူးလေးများမှ
ဖြတ်သန်းသွားတိုင်းအလိုလိုပျော်မွေ့မှုများခံစားရရင်း သဘာဝရဲ့သာယာမှုများအပေါ်အမှတ်ထင်ထင
်ရင်ထဲဝင်တတ်စပြုတဲ့အရွယ်ကစတင်လို့ စိတ်ကူးထဲကကျုံးကလေးကိုမြရည်နန္ဒာဆိုပြီး အမည်ပေးခဲ့လေတော့ကျုံးကလေးကလဲကျေနပ်ပီတိဖြစ်နေဘိအလား လျှောက်လှမ်းသွားစဉ်တွေမှာ မြစိမ်းရောင်ပိုမိုလဲ့နေသလိုမြင်ရသောကျုံးကလေး မြရည်နန္ဒာ၊
ပြီးတော့ ကေတုမတီရတုမြေ၌ကျောင်းတော်ကြီးတွေအမှတ်စဉ်များစွာ၊သူ့အလှ၊
သူ့ပသာဒရှိကြတဲ့အထဲက အမှတ်စဉ်(၁)၊အ.ထ.ကကျောင်းတော်ကြီးအားဗိသုကာရှင်များစိတ်ကူးယဉ်လျက် ပေါင်းလောင်းမြစ်နဒီ စစ်တောင်းမြစ်အကွေ့ကမ်းနဖူးထိပ်မှာမှ တမင်ရွေးချယ်တည်ဆောက်ခဲ့လေသည့်အလား ဥတုသုံးလီတွင်သုံးပန်လှရှုခင်းတွေနဲ့သာယာကြည်နူးဖွယ်မြင်ခဲ့ရလေသူတိုင်း ပြန်လည်မြင်ယောင်လွမ်းဆွတ်စေမယ့် ကျောင်းတော်ကြီး၊
ဒါတင်မက နှစ်များစွာရဲ့နေ့ရက်တို့တွင်မနက်ကညနေအထိ၊
တနေ့လုံးလိုဘ၀ခရီးကိုလျှောက်လှမ်းနိုင်မယ့် ပညာများအား တဆင့်စီမြှင့်တင်ပေးဝေခဲ့လေသူ
ဆရာဆရာမများနှင့်ကျောင်းတော်ကြီးရှိ ပင်မအဆောင်ကြီးသုံးဆောင်အပါအ၀င် အဆောက်အအုံငယ်လေးများထဲ၌တလှည့်စီရောက်ခါတမိုးတယံထဲအောက်တွင် အခြေခံနှင့်အဆင့်မြင့်ဘာသာရပ်အစုံစုံတို့ အတူသင်ယူနေထိုင်ခဲ့ကြသည်ကြောင့် သဇင်ဝေလိုတွယ်တာတတ်သူများအဖို့ မည်သည့်ပြိုင်ဘက်မှမဟုတ်ဘဲ၊မောင်နှမညီမများသဖွယ်တူသည့်သူငယ်ချင်းများ။
သို့တစေလည်း ကိုယ်စီဘ၀အကြောင်းများအရ သူငယ်ချင်းအတော်များများကိုမတွေ့တော့၊ ဇာတိမြို့ကပြောင်းရွှေ့များသူများအပြင် မိဘများအလုပ်တာဝန်ကျ၍နှစ်အနည်းငယ်နေထိုင်ပြီး၊ အခြားတာဝန်ကျရာမြို့များသို့လိုက်ပါသွားရသူသူငယ်ချင်းများရှိရာ၊ တတန်းတည်းနေကာတခင်တမင်ရှိခဲ့သောသူငယ်ချင်းများကိုလဲ ရံဖန်ရံခါသတိရနေမိသည်။
ဆက်ရန်...

Read more...

လွတ်ခွင့်ရည်သန်

သံသရာနှောင်အတွင်းမှာလ၊
ဝပ်စင်းလို့လွမ်းစိတ်ကြွယ်၊
အားငယ်သမို့တရားတွယ်ကာ၊
ရုန်းဖယ်မယ်စိတ်ကူး။
သနစ်ထူးဖြစ်ထွေထွေကို၊
ဝဋ်တွေသာဖြေဖို့ရည်စူး။
နတ်လူသခင့်တရားရှင်တွင်၊
နေ့စဉ်ပင်မျှော်ဖူး၊
ဆွမ်းဦးနှင့်ရေချမ်းတင်၊
အေးစွဘ၀င်။
ဒုက္ခဘုံလောကီအကွေ့မှာတော့၊
ယောဂီဓလေ့ခုံမင်မည်၊
ကုသိုလ်တွေဖွေရှာပြုနေလျက်၊
ဘယ်ကံကွက်ကြေကွဲစေသည်၊
ဖြေမဆည်သေစေညွှန်းသည်သို့၊
ဘ၀င်ကျွမ်းနာကြွေ။
ပန်းဖွက်သူ့ဝင်္ကဘာဗွေနယ်၊
ရှောင်သွေဖယ်နေအုံးမည်ကွဲ့လေး။

ခိုင်ခင်အင်ကြင်း

Read more...

ဒီရေလှိုင်းပဲ့တင်သံ

မဟာ...
အော်...သမုဒ္ဒရာတို့၊
ခြားအောင်။
ဝေးကွာသွားတဲ့၊
ဘ၀။
ယိုးမယ်ဖွဲ့သမျှ၊
ကြမ္မာကို။
မျက်ရည်ခံထိုးရင်း၊
ချောက်ချား။
ဘ၀င်ကြွေအသဲ၊
နဲ့သာ။
ရင်စည်းရင်းဘဲခံ၊
လွမ်းတယ်။
ချစ်သူမောင်တပါး၊
နားထောင်။
လှိုင်းဂယက်တွေတောင်၊
ရှိုက်နေ။

ခိုင်ခင်အင်ကြင်း

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP