နှစ်သစ်

>> Monday, December 31, 2007



နှင်းမှုန်နှင်းမွှား ပါးလျလျလိမ်းကျံ
ချမ်းလှ၊အေးလှတဲ့ဟော..ဒီဇင်ဘာ
သူ့တံခါးဝမှာ မတ်မတ်ရပ်
နှစ်ဟောင်းကို လက်ပြနှုတ်ဆက်
နှစ်သစ်ကို ကြိုဆို။

ကဲ...ချစ်သူ
အပြုံးနုတချက်...အားဆေးတခွက်ပဲ
ဖေးမမဲ့လက်နှစ်ဖက်..တစ်သက်တာအတွက်ပေါ့..
အချစ်ဆီ ခြေလှမ်း ..လက်တစ်ကမ်းတောင် မဝေးနေချင်ဘူး။

ပျံသန်းမယ် အဝေးနှစ်....
ဒီနှစ်ကုန်ရင် နောက်နှစ်
ဆက်ပြီးတံတားခင်းမယ်...
မဝေးဘူး နှစ်ယောက်ပန်းတိုင်...
မယိုင်မလဲ ရောက်အောင်သွားကြမယ်။

31-12-07
Monday


Read more...

ငယ်သူငယ်ချင်း

>> Sunday, December 30, 2007

‘’ငါတို့ရွာရဲ့မြို့ရိုးဟောင်းကြီးပေါ်ကိုထိုင်ပြီး ကျွန်းထဲမှာစိုက်ထားတဲ့ စိုက်ခင်းတွေကျွန်း ရွာတွေကိုကြည့်ရတဲ့အရသာကြောင့် အီဗယ်မျှော်စင်ကို..စိတ်မ၀င်စားသလို.လတ်ဆတ်တဲ့တော ပန်းရနံ့ကိုလည်း ရှယ်နယ်နံပါတ် 5..ရေမွှေးနဲ့ မလဲနိုင်တာအမှန်ပဲ ‘အိမ်ရှေ့တဲဆီမှ ကျယ်လောင်စွာ အော်ပြောနေသော စိန်ကြီး၏ အသံသည် အိမ်ပေါ်မှ စုကြားအောင်တမင်ပြောခြင်းဖြစ်သည်။ အာလူး…. စုသည်စိတ်ထဲမှ ရေရွတ်လိုက်ပြီး ဓာတ်စက်နားထောင်မလို့ ဓာတ်ပြားတွေဖုန်သုတ်နေရာမှ ရပ်လိုက်သည်။ ဒီတစ်ချပ်ဆိုရင် စိုးမိုးမေတ္တာနားထောင်လို့ရပြီ။ ဒါပေမဲ့ဖုန်သုတ်ရတာလက်ညောင်း၍ ဓာတ်စက်ကိုလည်း လှည့်နိုင်မည်မထင်တော့။ ပြီးတော့…စုသည်ဓာတ်ပြားတွေကိုထားခဲ့ပြီး ဘုရားခန်းသို့ဝင်လိုက်သည်။ နမောတဿ အစချီကာ ဓမ္မစင်္ကြာဖြင့် ကျယ်ကျယ်လေးဘုရားကန်တော့သည်။’ သူတော်ကောင်း သူမြတ်လောင်းတို့ ပို့သသောမေတ္တာ ပေးဝေငှသောကုသိုလ်အဖို့ဘာဂကို အကျွန်ုပ်ကလည်း ကောင်းစွာခံယူ၍ သာဓုအနုမောဓနာခေါ်ဆိုပါ၏ သာဓုသာဓုသာဓ’ု’ အမျှဝေပြီးသာဓုခေါ်သည်။ ကြေးစည်လေးကိုရိုက်ပြီးနောက် အိမ်ပေါ်မှအိနြေ္ဒဖြင့် ဆင်းလာခဲ့၏။ ဟင်း…ဘယ်ရမလဲ စုပဲ။

‘’စုကြီးပြန်ရောက်နေပြီကိုး။အိမ်ပေါ်တက်ပြီးဘာလုပ်နေတာတုန်း’’သိရက်သားနှင့်မေးသောကျော်ကြီးကိုစုမျက်စောင်းထိုးလိုက်ရင်း’’ဓမ္မစင်္ကြာရွတ်နေတာပေါ့ ။တရားဦးဓမ္မစင်္ကြာ ၊နင်တို့ အလွတ်မရဘူးမို့ လား ငါကအလွတ်ဆိုတာ ‘’ ဟုဂုဏ်လုပ်ကာပြောလိုက်သည်။(သူတို့က ဓဇဂ္ဂသုတ်တောင်မရသူတွေ)။
‘’နေပါဦး နင်က ဓမ္မစင်္ကြာတော့ရွတ်တာဟုတ်ပါပြီ၊ ဓရှည်စင်္ကြာရောအလွတ်ရလို့လား’’‘’ဟင်း ဘုရားကိုနော် နင်ငရဲကြီးလိမ့်မယ်။ တွေ့တွေ့ခြင်းနင်တို့နဲ့ရန်မဖြစ်ချင်ဘူးဟာ’’
‘’သြော ရန်ဆိုမှသတိရတယ် လူဆိုတာခြွေမှရံတာ နင်ပါလာတဲ့မုန့်တို့ကိုကျွေးဦးလေ။ ဒါမှဒို့ကိုနင့်အခြွေအရံလို့ သတ်မှတ်နိုင်မှာနော်’’ သူတို့သည် မုန့်စားချင်တိုင်း စုကိုမြှောက်ပြောလေသည်။ စုသည် ကြောင်အိမ်ထဲမှမုန့်ထုပ်ကိုသွားယူပြီး ကျွေးလိုက်ရသည်။
မုန့်စားရင်း သူတို့ခေါင်းစဉ်က ရွာအကြောင်းပြောင်းသွားသည်။ တစ်နှစ်လျင် ရွာနှင့် ကိုးလလောက် ခွဲခွာနေရသော စုသည် ရွာကြောင်းရပ်ကြောင်းများကို တမေ့တမောနားထောင်တတ်သည်။ သူတို့က ဒေါသဖြစ်စရာအကြောင်းကိုပြောလျင်လည်း ရယ်စရာနှင့်ဇာတ်သိမ်းသည်။ ရင်နာစရာအကြောင်းကို ပြောလျင်လည်း ရယ်စရာနှင့်နိဂုံးချုပ်သည်။ ရယ်စရာအကြောင်းကိုပြောလျင်တော့ရယ် စရာနှင့်ဇာတ်မသိမ်းပဲ တမင်ကြေကွဲအောင် လုပ်ကြံဖန်တီးပြောကြပြန်သည်။
‘’ဒါနဲ့ စကားမစပ် နင်မြို့မှာကျောင်းသွားတက်တာ မဝေလွင်လိုလဲလှမလာဘူး’’ မုန့်ကုန်ကာနီးတော့ သူတို့က ဖောက်လာသည်။’’မလှရင်လဲ ဘာဖြစ်လဲ’’ စုသည် စကားလုံးကြီးကြီးဖြင့်ပြန်ပြောချင်သော်လည်း ရုတ်တရက်စဉ်းစားမရတော့ မပြောနိုင်ပေ။
‘’စကားလက်အိုဟာရာနဲ့ မတူတာပေါ့ ဟ’’
ဤသို့စာာသံပေသံစကားလုံးများကို ရွေးချယ်သုံးနှုန်းတတ်သော၊ စကားပြောရာတွင် လှတောသား၏ အဘိုးဟုယူဆနိုင်သော၊ စာဖတ်ကျူးသည့် အထူးများ (အရူးများဟုမဆိုပါ) သည်စု၏ငယ်သူငယ်ချင်း များဖြစ်ပါသည်။ အမည်ရင်း စိန်နိုင် ကျော်နိုင် ကိုသူတို့ ဘာသာအပြန်အလှန်စိန်ကြီး ကျောက်ကြီးဖြစ်သွားပြီး စုသည်လည်းသူတို့ ပါးစပ်ဖျားတွင်အလိုလို စုကြီးဖြစ်သွားသည်။ စုမေမေသည် စာသင်ကျောင်းမရှိပဲ ဘုန်းကြီးကျောင်းသာရှိသောရွာတစ်ရွာတွင် အစိုးရကျောင်းစဖွင့်ခဲ့ရာမှ၊ ဘုန်းကြီးကျောင်းတွင် စာတော်သော စိန်ကြီးကျောက်ကြီးတို့သည် လေးတန်းမှစတက်ခွင့်ရခဲ့သည်။ ထိုမှစ၍ စုနှင့်အတန်းတူဖြစ်သွားပြီး စာပြိုင်ဘက်တွေလဲဖြစ်သည်။ အလယ်တန်း အထက်တန်းရာက်တော့ စုကအဖိုးအဖွားများရှိသောမြို့မှာ ကျောင်းသွားတက်သည်။ သူတို့က အထက်တန်းကျောင်းရှိသော စုတို့ရွာတွင်ကျောင်းတက်ခါ တစ်ပတ်လျင် စနေ၊တနင်္ဂနွေနှစ်ရက်သာ သူတို့ရွာပြန်၍ စုတို့အိမ်မှာပင်နေသည်။ မေမေသည် သူ့ချစ်တပည့်များကို.စာအုပ်စဉ် အပိုင်ပေးထားဟန်ရှိသည်။ စာအုပ်တွေထဲမှ စကားလုံး ကြီးကြီးများကို (စုရှေ့ဆိုလျင်ပိုပြီး) ပြောတတ်ကြသည်။ စုကလည်းသူတို့ကိုအရှုံးပေးလေ့မရှိပါ။ ရွာမှာမရှိသော နေ့စဉ်ထုတ်သတင်းစာထဲမှ အကြောင်းအရာများကိုတဖွဲ့တနွဲ့ပြောပြလိုက်သည်။ (ဒီတော့သူတို့ထက် uptodate ဖြစ်သွားရောမဟုတ်လား)
‘’စုကြီး နင်ဦးသြကျောင်းကိုသွားလိုက်ဦးနော်၊ ဆယ်တန်းဖြေရက်နောက်ကျတာမသိတော့ ဦးသြနင့်ကို ခဏခဏမေးနေတယ်၊ မနက်ဖန်သွားမလား၊ ဘယ်အချိန်လောက်သွားမလဲ’’
‘’အင်း မနက်ဖန်သွားမယ်လေ ဆွမ်းမစားခင်အချိန်လောက်ပေါ့ အဘွားတို့လှူလိုက်တာတွေ သွားကပ်ရင်းနဲ့ ’’
ဦးသြသည် စုတို့ကိုးကွယ်သော ဘုန်းဘုန်းကြီးဖြစ်သည်။ သူတို့ကကွယ်ရာတွင် ဦးသြ ဟုခေါ် ကြသည်။ ရှေ့ဆိုလျင်တော့ နားရွက်မခတ်ရဲအောင်ကြောက်ဒူးတုန်နေပြီ။
‘’ငါတို့တွေမနေ့ ကမှပြန်လာတာ။လက်ပံပင်ကြီးအောက်ရောက်တော့ နင့်ကိုသတိရနေကြတယ်
လက်ပံလဲဖူး စုကြီးလဲ……ပြန်မလာသေးဘူးလို့ ပါ’’
စုသည်လက်သီးပြလိုက်ပြီး’’လက်ပံပွင့်တွေကြွေနေပြီမို့လား မနက်ဖန်ကျရင် လက်ပံပွင့်လဲကောက်ခဲ့မယ်’’
‘’လက်ပံပွင့်ပဲကောက်မလား လက်ပံပင်ကြီးပဲပတ်ပြေးမလား ဟား ဟား ဟား’’
ကျောက်ကြီးကစုကိုနှိပ်ကွပ်လိုက်သည်။ စုသည်အရင်နှစ်တွေက ဘုန်းကြီးကျောင်းတက်ခဲ့ရသည်။
နွေကျောင်းပိတ်လျင် မေမေ့အစီအစဉ်အရ ဘုန်းကြီးကျောင်းတွင်စာတက်ရသည်။ ယဉ်ကျေးမှုမြန်မာ၊ အဘိဓမ္မာစာမေးပွဲများဖြေရန်အတွက်ဖြစ်သည်။ ကျောက်ကြီး၊ စိန်ကြီး၊ စုနှင့်မောင်လေးသာ အပြင်ကလာတက်သူတွေဖြစ်၍ ကျန်စာသင်သားများမှာ ဘုန်းကြီးကျောင်းသားများသာဖြစ်သည်။ စုသည် ဘုန်းကြီးကျောင်းတက်ရသည်ကို အလွန်ပျော်သည်။ ’’အလဿသကုတောသိပ္ပ အသိပ္ပဿကုတောဓနံ’’ ဘုန်းဘုန်းကြီးကချပေးပြီး စုကလိုက်ဆိုတော့ ထစ်အထစ်အ။ ဘုန်းဘုန်းက’’ နာနာရွတ် နာနာအံ’’ဟုမိန့်သည်ကိုလည်း စုကရယ်ချင်သေးသည်။ စုအပျော်ဆုံးနေ့မှာ နေ့ခင်းသုံးနာရီလောက်တွင် ဘုန်းဘုန်း၏ ‘’သျှန်….ရေး’’ ဟူသော အသံကြားရသည့်နေ့ ဖြစ်သည်။ ‘’တင်ပါ့ ဘုရား’’ဟု ကိုရင်ငသျှန်ပြန်လျှောက်လိုက်ပြီဆိုလျင် စုသည် အပျော်မျက်နှာကို မနည်းပဲထိန်းသိမ်းနေရသည်။ ‘’သျှန်ရေး’’ ဟူသော တိုတိုတုတ်တုတ် ဘုန်းဘုန်းအသံမှာ ဆွမ်းဟင်းကျန်များကို စုပေါင်းပြီး သရက်သီးခြောက်၊ ဗူးသီးခြောက်တို့နှင့် ဟင်းလေးချက်ရန် ကိုရင်ငသျှန်ကိုတာဝန်ပေးသံဖြစ်သည်။ မကြာခင် စုတို့ဟင်းလေးချက်နှင့် ထမင်းစားရတော့မည်ဖြစ်သည်။ စားဖူးသမျှဟင်းများတွင် ဘုန်းကြီးကျောင်းမှဟင်းလေးချက်သည် စုအမက်ဆုံးဟင်းဖြစ်သည်။
မေမေက စုညနေစာကောင်းကောင်းမစားလျင် ‘’ဘုန်းကြီးကျောင်းကစားလာပြန်ပြီလား။ သမီးရယ် အဲဒါ ဘုန်းကြီးကျောင်းသားလေးတွေစားဖို့ ချက်တာ သူတို့၀၀လင်လင်စားပါစေ။ နောက်တစ်ခါမစားခဲ့နဲ့ မေမေမကြိုက်ဘူး’’ ဒီလိုနေ့ တွင်စုသည် မေမေနှင့်အခက်ကြုံရသည်။ ကျောင်းမှာလည်းစားရအောင် အိမ်မှာလည်း မေမေမရိပ်မိအောင် သူတို့နှစ်ယောက်ကအကြံပေးသည်။ စုတို့ရွာနှင့်ဘုန်းကြီးကျောင်းကြား လမ်းတွင် လက်ပံပင်အကြီးကြီးတစ်ပင်ရှိသည်။ ကျောင်းမှ ထမင်းစားခဲ့သောနေ့ဆိုလျင် အိမ်ကိုတန်းမပြန်ကြပဲ၊ စုက ထိုလက်ပံပင်ကြီးကိုပတ်ပြေးရသည်။ သူတို့ကထိုင်စောင့်နေကြသည်။ ပင်ပန်းပြီး ဗိုက်ချောင်လာမှအိမ်ပြန်ကြသည်။ လျှို့ဝှက်ချက်တစ်ခုကို သူတို့ကိုယ်တိုင်အကြံပေးပြီး အခွင့်သင့်တိုင်း စုကိုနှိပ်ကွပ်တတ်သော သူငယ်ချင်းကောင်းများဖြစ်သည်။ တစ်ခါတလေညောင်း၍ ’’ငါမပြေးချင်ဘူးဟာ’ ပြောလျင်’’မပြေးချင်ရင်မစားပဲနေပါ့လား၊ ဆရာမကြီးဆူရင်တော့ဒို့လဲမတတ်နိုင်ဘူး၊ အမှန်အတိုင်းတင်ပြရမှာပဲ’’ ဟုအကြပ်ကိုင်ကြသေးသည်။
စုသည် RIT တက်နေသည့် အစ်ကိုကြီးတစ်ယောက်ကို သံယောဇဉ်တွေပိုကာ စာတွေအပြန်အလှန်ရေးမိသည်။ စာကို ရွာက စာတိုက်ပုံးမှာမထည့်ပဲ စိန်ကြီးနှင့်ကျောက်ကြီးကို စက်ဘီးနှင့် စာတိုက်ရှိသည့်မြိုလေးသို့ သွား၍ထည့်ခိုင်းသည်။ ကဲသောစုက တစ်ပတ်လျင်နှစ်ခါလောက်စာထည့်ခိုင်းတော့လည်း သူတို့ ကမငြိုငြင်ကြပါ။
ဒါပေမဲ့ ညလသာသာမှာ ဂစ်တာတီးရင် မောင့်အရိုင်းပန်းသီချင်းကိုဆို၍ ‘’ကံဇာတာကြွေချိန်လား ၀ဋ္ဋ်ကြွေးတွေမကုန်လို့ လား ရေတိမ်မှာ နစ် မွန်းရပြီ’’ ဟုစုကိုစောင်းမြောင်းလေသည်။ စုကတော့ ရေတိမ်နစ်ချင်တာတောင် ရေနဲ့ ဝေးတဲ့ ကန္တာရထဲရောက်နေသည့်ကိုယ့်အဖြစ်ကို လျို့ ဝှက်ထားရသည်။
ဒါကို သူတို့ သိရင်လက်ပံပင်ကြီးကိုပဲပတ်ပြေးခိုင်းဦးမလား…စိုးရိမ်ရသည်။
နှစ်တွေရှည်ကြာပြီဖြစ်၍ ယခုအခါစိန်ကြီးသည် ဒေါက်တာဘွဲ့ ယူရန်ကြိုးစားနေသည့် တက္ကသိုလ်မှ လက်ထောက်ကထိက။ ပညာလဲစုံကြင်ယာလဲစုံ သားလေးတစ်ယောက်ရနေပြီ။ ရှေ့ နေလုပ်ချင်လွန်း၍ ဥပဒေအထူးပြုယူခဲ့ရာမှ မာစတာဝင်ပြီးတက္ကသိုလ်ဆရာဖြစ်သွားသည်။
ရှေ့ နေဖြစ်ချင်သော စိန်ကြီးသည် မှန်ကန်သောဘက်မှ ရပ်တည်ကာ ရှေ့နေတစ်ဦးလို ပညာရေးစနစ် ကို အပြစ်မှကွင်းလုံးကျွတ်လွတ်အောင် စီရင်ထုံးနှင့်အညီ သင်ကြားနေသလား…စုမသိတော့ပါ။
ကျောက်ကြီးသည် ပညာရေးတက္ကသိုလ်တက်မည်၊ ကျောင်းဆရာလုပ်မည်တကဲကဲလုပ်သော်လည်း ဒ.လ.မ တက်၍ ယခုအခါဒုတိယမြို့တော်တွင် ဗိုလ်ဖြစ်နေပြီ။ ပညာရေးဘွဲ့ကို ကိုယ်တိုင်မယူခဲ့သော်လည်း B.ed ဘွဲ့ ရဆရာမကိုတော့ ရအောင်ဆွတ်ခူးထားသည်။ ဒီအချိန်ဆို ရဲစခန်းတွင် သူသည် ကျောင်းဆရာစိတ်ရင်း လေသံ ဟန်ပန်နှင့် သမာသမတ်ကျကျ ပြည်သူတွေကို ကူညီနေမည်လား…ဒါမှမဟုတ်……စုမသိတော့ပါ။
စုကတော့ မေမေ့အိမ်ကို ရောက်လို့ ဓာတ်စက်ကလေး ဖွင့်နားထောင်တိုင်း ငယ်သူငယ်ချင်းများကို လွမ်းမိပါသေးသည်။
မေအောင်

Read more...

Merry Christmas!

>> Monday, December 24, 2007

ခရစ္စမတ်လက်ဆောင် အဖြစ် ရုရှားက ဟာသတွေကို You tube မှာတွေ့လို့ အမှတ်တယ လက်ဆောင်ပေးလိုက်ပါတယ်။ ရုရှားစကားကို နားမလည်းဘူးဆိုရင်တောင်မှ သူတို့ သရုပ်ဆောင်တာတွေကို ကြည့်ပြီး ရယ်မောနိုင်ကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

Part 1


Part 2


Part 3


Part 4


Part 5


Part 6


Part 7


Part 8


Part 9

Read more...

အမည် …နာမ..၀ိသေသ

>> Sunday, December 23, 2007

''ဇေသော်''ဆိုသောနာမည်မှာ ဖေဖေဆီမှ သော် ပထမဦးဆုံးရရှိခဲ့သည့် အမွေတစ်ခုဖြစ်သည်။ နာမည်များ၏အဓိပ္ပါယ်ကို သော်စဉ်းစားတတ်သောအရွယ်ရောက်တော့ ``ဖေဖေသော့်နာမည်ရဲ့ အဓိပ္ပါယ်ကို သော်မရိပ်မိဘူး။ ပြောပြပါ။``ဟုပြောသည်။`မရိပ်မိဘူးလို့မပြောရဘူးသမီးရဲ့ နားမလည်ဘူး မရှင်းဘူးလို့ ပြောရတယ်`ဟု ဝေါဟာရကိုအလွန်တန်ဖိုးထားသောဖေဖေက ပြောခဲ့သေးသည်။ ပြီးမှဖေဖေက``သမီးနာမည်ရဲ့ရှေ့မှာ ၀ှက်ထားတဲ့အဓိပ္ပါယ်တစ်ခုရှိတယ်။ ဆိုပါတော့သမီးရယ် သမီးကိုမွေးလာတော့ သမီးလေးကိုဖေဖေက ကျန်းမာစေချင်တယ်၊ အဲဒီတော့ သမီးနာမည် မာစေသော်ပေါ့ သမီးမေမေကသမီးကို ချောချောလှလှလေး ဖြစ်စေချင်တယ် ဒီတော့ ချောစေသော် လှစေသော် ပေါ့ ။`စေ`ကိုအသံအတိုင်း `ဇေ`လို့ ပြောင်းထားတာ။ အဲဒီလိုစဉ်းစားကြည့်လိုက်။ ပြီးရင် သမီးစဉ်းစားတဲ့နာမည်လေးတွေဖေဖေ့ကိုစာရွက်တစ်ရွက်မှာရေးပြ``ဟုပြောပါသည်။ ဒီတော့မှ သော်သဘောပေါက်လာပြီး ဆယ်တန်းစာမေးပွဲကိုအောင်တော့မှာဆိုတော့ အောင်ဇေသော် ဟုသောနာမည်ကိုပထမဆုံးရေးသည်။ သူငယ်ချင်းများအတွက် ချစ်ဇေသော် ခင်ဇေသော်မြတ်နိုးဇေသော် စသဖြင့်ကောင်းကောင်းလေးများပဲမှည့်လိုက်သည်။ သော့်မောင်လေးက`မင်္ဂလာရှိဇေသော် မင်္ဂလာရှိဇေသော် ` ဟု ဘိသိတ်သွန်းလောင်းသည့် ဆရာကြီးဟန်ဖြင့် နောက်ပြောင်ခဲ့သေးသည်။ သော်သည် ကျက်သရေရှိလှသော သော့်နာမည်လေးကို တိတ်တိတ်လေးကိုယ်တိုင် နှစ်ချိုက်ခဲ့ ပါသည်။
******** ******** *******
သမီးနာမည်က`ရတနာ` ပါ။ အိမ်က တာမွေထဲကပေမဲ့ သမီးအိမ်မှာအိပ်ယုံပဲအိပ်ရပါတယ်။ နေတာကတော့ မနက်ခင်း အမဲဈေးလို့ခေါ်တဲ့မင်္ဂလာတောင်ညွန့် ဈေးမှာပါ။ ငါး(စိမ်း)ရောင်းပါတယ်။ (အမဲဈေးလို့ ဘာလို့ခေါ်မှန်းမသိပေမဲ့ သမီးအတွက်တော့ ဒီဈေးဟာ သမီးဘ၀ကို မဲမှောင်သွားစေလို့ ဒီနာမည်နဲ့သိပ်လိုက်တယ်လို့ထင်ပါတယ်။) ညနေပိုင်းမှာတော့ ကုန်ရှာရင်းဆိပ်ကမ်းတွေဘက်ကိုပဲအနေများပါတယ်။ ကျောင်းမှာစာတော်ခဲ့ပေမဲ့ ကိုးတန်းရောက်တဲ့နှစ်မှာ ငါးရောင်းတဲ့အမေကလေဖြတ်သွား လို့ သမီးကြီးဖြစ်တဲ့ သမီးကကျောင်းထွက်ခဲ့ ရပါတယ်။ ကျောင်းကထွက်ပြီး အမေရောင်းတဲ့ ဒီအမဲဈေး မှာသမီးလဲအမေ့ အမွေကိုခံယူပြီး အလုပ်သင်စလုပ်ခဲ့ရတယ်။ သမီးဟာညဏ်ကောင်းသူတစ်ယောက်ဖြစ်တဲ့အတွက် အလုပ်ကိုကြာကြာမသင်လိုက်ရဘူး။ အချိန်တိုအတွင်းမှာပဲ အလေးချိန်ခွင်ပညာရယ် အရှင်လတ်လတ်ငါးတွေကို စားဖို့ အဆင်သင့်ဖြစ်အောင်လုပ်တဲ့နေရာမှာရယ် သူမတူအောင်ကျွမ်း ကျင်လာခဲ့တယ်။
သမီးရဲ့ဖောက်သည်တွေဟာ ကျန်းမာရေးကိုအင်မတန်လိုက်စားသူတွေလား ရက်စက်လှတဲ့ အသဲနှလုံးပိုင်ရှင်တွေလား သမီးမခွဲခြားတတ်ပါ။ ဒါပေမဲ့ ရေဇလုံထဲကငါးအရှင်တွေကိုလျင်လျင်မြန်မြန်ရက်စက်တတ်သူကတော့ သမီးပဲဖြစ်ပါတယ်။ ပုံစံမပျက်ပဲဘ၀ပြောင်းသွားတဲ့ငါးတွေနဲ့သမီးကရော ဘာများကွာခြားလို့လဲဟု တစ်ခါတစ်ခါတွေးဖြစ်ပါတယ်။ ``ကောင်မလေး အကောင်လတ်လတ်တစ်ပိဿာ လတ်ပစေနော် ဟိုအကောင် ဟိုအကောင် ``လက်ညှိးတထိုးထိုး မျက်လုံးတ၀င်းဝင်းနဲ့ ရွှေဆိုင်ကအန်တီကြီး။ ကူးခတ်နေတာမမြင်လို့နေမှာပေါ့လေ တစ်ကောင် နှစ်ကောင် …...တစ်ပိဿာပြည့်ပြီဟုအသိကြောင့်ရပ်လိုက်၏။``အန်တီက ရတနာရွှေဆိုင်ကမို့လား၊ ကျွန်မတို့က ရတနာမှာပဲ ပစ္စည်းအပ်နေကြပါ။ အရင်နေ့တွေကလဲ မြင်တယ်။ တူပါတယ်လို့တော့ထင်သား`အမျိုးသမီးငယ်ငယ် နှစ်ယောက်ရောက်လာပြီး အန်တီကြီးနှင့်မိတ်ဖွဲ့ကြ၏။` သမီးဖောက်သည်အန်တီကြီးရွှေဆိုင်နာမည်က`ရတနာ` ဆိုပါလား။ သူတို့ဆိုင်နာမည်က ဘာအဓိပ္ပါယ်နဲ့ `ရတနာ` လို့မှည့်တာလဲ။ စိန်ရွှေ ရတနာတွေပြည့်စုံတဲ့သဘောပေါ့နော်။ သမီးရဲ့နာမည်ကရော`ရတနာ`လို့ ဘာဖြစ်လို့မှည့်ပါလိမ့်။ အန်တီကြီးအတွက် ပူပူနွေးနွေးငါးတွေကို အင်ဖက်ထဲထည့်ပြီးထုပ်မယ်လုပ်တော့ ငါးတွေက ပါးစပ်တွေဟပြီး ``အပါယ်ရတနာ`` တဲ့ ………..သမီးကို။

မေအောင်


Read more...

ပုဆိန်ပြုတ်

>> Friday, December 21, 2007

လူငယ်လေးတစ်ယောက်က တောထဲတောင်ထဲမှာ အစာငတ်ပြတ်ပြီးပြန်လာတယ်။ အပြန်လမ်းမှာ အိမ်တစ်အိမ်တွေ့တယ်။ ၀င်ပြီး အစားအသောက်တောင်းရမ်းစားမယ်ပေါ့။ အိမ်ထဲရောက်တော့ အဘွားကြီး တစ်ယောက်နဲ့တွေ့တယ်။ အဘွားကြီးနဲ့ စကားပြောကြည့်လိုက်တော့ အဘွားကြီးက ကပ်စီးနှေးကြီး။
" မင်းတစ်ခုခုလုပ်စားချင်ရင်တော့ ဟိုမှာ မီးဖိုနဲ့ အိုးတော့ ရှိတယ်၊ ချက်ပြုတ်စား။"
ဘာမှထုတ်ပေးမယ့်ပုံကလည်း မပေါ်ဘူး။
ဒီတော့လည်း ကောင်လေးက - " အဘွား ပုဆိန်ရှိသလား။"
"ဘာလုပ်မလို့လဲ။"
"ပုဆိန်ပြုတ်လုပ်စားမလို့ခင်ဗျ။"
အဘွားကြီးကလည်း အံ့သြသွားတာပေါ့။
"ပုဆိန် ဒီမှာရော့"
လူငယ်လေးက ပုဆိန်ကို သေသေချာချာကို ရေနဲ့ဆေးတယ်။ ပြောင်ရောင်နေပြီဆိုမှ မီးဖိုပေါ်က အိုးလေးထဲ ရေနွေးပွက်ပွက်ဆူထဲကိုထည့်တယ်။ အဘွားကြီးလည်း ကောင်လေး ဘာလုပ်မှာပါလိမ့်ပေါ့။ တအံ့တသြဆက်ကြည့်တယ်။ အဲ…ကောင်လေးက ခဏကြာတော့ အိုးထဲက ပုဆိန်ပြုတ်ရည်ကို ဇွန်းတစ်ချောင်းနဲ့ခပ်သောက်ကြည့်တယ်။ ပြီးတော့ အဘွားကြီးကို - " အဘွား ဆား မရှိဘူးလား။ နည်းနည်း ပေါ့နေလို့။"
အဘွားကြီးလည်း ဒီမှာဒီမှာရော့ပေါ့။ အင်းမဆိုးဘူးတဲ့။ ခဏဆိုရမယ်တဲ့။ ခဏနေတော့ အရည်ကိုခပ်သောက်ပြီး ဆန်လေးနည်းနည်းလောက်ရမလားတဲ့။ ဆန်လေးပါရင် ပိုကောင်းမယ်ပေါ့။ အဘွားကြီးကလည်း ဒီပုဆိန်ကို ဘယ်လိုစားမှာလဲဆိုတာကို ပိုစိတ်ဝင်စားနေတာဆိုတော့ကာ ရော့ရော့ ဆန်ဒီမှာ- ဆိုပြီး ဆန်ပေးလိုက်တာပေါ့။ အဲသလိုနဲ့ ဆီနည်းနည်းလည်း တောင်းထည့်လိုက်သေးတယ် အိုးထဲကို။ အတန်ကြာတော့ ကောင်လေးက ပုဆိန်ပြုတ်ရပြီတဲ့။ ပန်းကန်ထဲကို ဆန်ပြုတ်တွေ ခပ်ထည့်ပြီး သောက်တယ်။ ပုဆိန်ကတော့ အိုးမှာပဲပေါ့။ အရသာရှိလိုက်တာတဲ့။ အဘွားသောက်ဦးမလားဆိုပြီး လောကွတ်လုပ်လိုက်သေးတယ်။ အဘွားကြီးကတော့ လူငယ်လေး ပုဆိန်ကို ဘယ်လိုစားမလဲဆိုတာပဲစိတ်ဝင်စားနေတာ။ စားသောက်နေတုန်းကို မေးလိုက်တယ်။ ဒီပုဆိန်က ဘယ်လိုစားမှာလဲဆိုတော့ ကောင်လေးက ဒီကောင်ကနည်းနည်းမာသေးတယ်တဲ့။ နောက်နေ့မှ စားတော့ဆိုပြီး ဆန်ပြုတ်သောက်ပြီး လိုရာခရီးကို ဆက်ထွက်သွားလေရဲ့။

Read more...

အမှတ်တရ

>> Thursday, December 20, 2007

ကိုမောင်လုံး




ကိုမောင်ဖြူ





ကိုဇနိ

အခု ဒီBlogက Contributor ၃ ယောက်ရဲ့ ပုံတွေကို တင်လိုက်ပါတယ်။
ဒီBlog က လာဖတ်တဲ့သူနည်းပါတယ်။
Contributors တွေပဲ အချင်းချင်း ဖတ်ရှုအားပေးကြ၊ comments တွေဆိုလည်း အချင်းချင်းရေးကြတာများပါတယ်။ ရှားရှားပါးပါးလာလည်ကြတဲ့ မိတ်တွေတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဆိုပါရစေ။
- ဒီတော့ ဓာတ်ပုံ Sketchတွေ ဘာလို့တင်သလဲလို့ မေးစရာရှိလာပါတယ်။
မောင်ဖြူကပြန်ဖြေပါတယ်။
" ရှားရှားပါးပါးလာလည်တဲ့သူတွေက ဒီပုံလေးတွေမြင်ပြီး အပြင်မှာတွေ့တယ်ဆိုရင် အိမ်ခေါ် ထမင်းလေးဘာလေးကျွေးချင်ရင် ကျွေးနိုင်အောင်လို့ပါ။ "
Blogကို လာရောက်လည်ပတ် ကြည့်ရှုသူအပေါင်းကို ကျေးဇူးတင်ပါတယ်။

Read more...

ညီမလေးရေ…..

>> Wednesday, December 19, 2007

ညီမလေးရေ
သူတို့ နဲ့ ဒို့ အကြား
တံခါးလေးတစ်ချပ်သာ
အမှတ်သညာမပါလဲ
မှော်ဆရာတံခါးဟာ
မှော်ဆရာတံခါးပါပဲ
ဖွေးသလားဖြူသလားသိပေမဲ့ 
မွှေးသလား ကြူသလားမသိ
…… .မသိ
………မသိ
မသိတာတွေကို
ညှိရအောင်လဲ
အထဲကိုဘယ်လိုဝင်
အပြင်ကိုဘယ်လိုထွက်
ခဲခက်ခြင်းရဲ့ သံသရာ..။
ဒီတော့
အဆိပ်လူးတဲ့ပန်းတွေ
ရနံ့ မသင်းတဲ့ပန်းတွေ
မာယာများတဲ့ပန်းတွေ
ပန်းမဟုတ်ပဲ
ပန်းယောင်ဆောင်တဲ့ပန်းတွေကို
ချန်ပစ်ပြီး
ပန်းခင်းသစ်ဆီသွားရအောင်
ညီမလေးရေ ငေးမနေပါနဲ့ ညီမလေးရေငေးမနေပါနဲ့ ကွယ်။

မေအောင်

Read more...

ဒေါက်လုံး၊ မာမြင်း၊ မာဖြူ နှင့် မစ်ရှင်

>> Sunday, December 16, 2007

တတီတီအသံကြား၍ လက်ကိုင်ဖုန်းအား ထောင်ကြည့်လိုက်ရာ၊ ဖုန်းစကရင်ပေါ်တွင် စာတိုတစ်ကြောင်းပေါ်လာသည်။
"စု ခန်း မစ်"


အော် မစ်ရှင်တစ်ခုရှိ၍၊ ခေါင်းဆောင်ကြီး၏ အခန်းထဲတွင် လူစုရန်အကြောင်းကြားသော မက်ဆေ့ရောက်လာခြင်းဖြစ်လေသည်။ ခေါင်းဆောင်ကြီးမှာကား ဒေါက်လုံးဟုခေါ်သတတ်။ ဒေါက်သည်ကား ဒေါက်တိုင်ကြီးကဲ့သို့ မယိုင်မလဲထောက်ကန်ပေးမည့် ခေါင်းဆောင်ကြီး သူ့အား ဂုဏ်ပြုသည့် အနေဖြင့် အထက်အမိန့်ဖြင့်ပေးအပ်ခြင်းခံရသည်ဟု သူဟာသူပြောကာ သူ့ဟာသူခေါင်းဆောင်လုပ်နေပေတော့၏။ ဘယ်အထက်ကမှန်းမသိသော်ငြား ကျွန်ုပ်တို့သည်လည်း သူ့ထံမှ ယူထားသော အကြွေးများကလည်း ပြန်မဆက်ရသေးသည်ကတစ်ကြောင်း၊ အပြင်သွားစရာရှိ၍ ၀တ်စရာမရှိလျှင်လည်း သူ့ထံမှ အ၀တ်အစားများကို ငှား၍၀တ်လို့ရသည်ကတဖုံ၊ အိမ်တွင်တင်ကာ ကျွေးမွေးထားသည်ကို မျက်နှာထောက်ရသည်ကတစ်မျိုးနှင့် သူ့အား မျက်နှာသာပေးထားရလေသည်။ သူကလည်း အလိုက်သိပေသည်။ မနက်မနက်လည်း စောစောထကာ တပည့်ကျော်များ စားသောက်ရန်အတွက် အရံသင့်ချက်ပြုတ်ထားတတ်လေသည်။ ပေးကျွေးထားမှသာ ကျွန်ုပ်တို့ သူ့ထံမှာ ကြာကြာမြဲပေလိမ့်မည်ကို ဒေါက်လုံးကြီး သိထားလေသည်။

" ဒေါက် ဒေါက် ဒေါက်"
"မာဖြူ ၀င်ခဲ့"
ဒေါက်လုံးကား ဤကဲ့သို့တော်လှပေသည်။
ဘယ်နှချက်ခေါက်လျှင် မည်သူဆိုတာအတပ်သိလေသည်။
အခန်းထဲတွင်ကား အင်္ကျီကြယ်သီးများ အပြည့်အစုံတပ်ထားသော မတ်မတ်ကြီးလုပ်ကာ ရင်တကော့ကော့နဲ့ မာမြင်းအား မြင်ရပေသည်။
"မာဖြူ၊ ဒီမြင်းကို စီးသွား၊ ဟာ ဟုတ်သေးပါဘူး။ မာမြင်းနဲ့အတူ မစ်ရှင်တစ်ခုကို ပြီးအောင်လုပ်ရမယ်။"
ဒေါက်လုံးပြောသည်မှာကား ကျွန်ုပ်တို့အား မာမာချာချာရှိစေရန်၊ မာဘွဲ့များနှင်းအပ်ထားသည်ဟူ၍ု။ မာဖြူသည်လည်း ခေါင်းလေးတငြိမ့်ငြိမ့်လုပ်ကာ "Yes ဒေါက်လုံး" ဟုဆိုကာ မည်သို့သော မစ်ရှင်ဖြစ်သည်ကို မမေးမြန်းတော့ဘဲ၊ အကျင့်ပါနေသော ခေါင်းကြီးအား တစ်ငြိမ့်ငြိမ့်လုပ်နေလေသည်။

ဒေါက်လုံးသည်ကား အလုပ်လုပ်လျှင် အလွန်တိကျပေသည်။ တိကျမှန်မြန် - သည် သူ၏ လက်ကိုင်ဆောင်ပုဒ် ဖြစ်လေသည်။ ကျွန်ုပ်တို့က ယင်းဆောင်ပုဒ်၏ နောက်တွင် "ပြန်"တစ်လုံးလည်းထပ်ထည့်ပေးထား၍ ယခုအခါတွင် တိကျမှန်မြန်ပြန် ဖြစ်နေလေပြီ်။ အလုပ်ပြီးလျှင် သတင်းပြန်ပို့ မှ ပြန် အား ထပ်ထည့်သည်ဟု ဒေါက်လုံး ထင်နေလေသည်။ အမှန်ကား သူငယ်စဉ်အခါ ကျောင်းတက်တုန်းက အိမ်ကိုပို့သော စာအိတ်မှ "သို့"နေရာတွင် သူနေထိုင်ရာလိပ်စာထည့်ကာ၊ "မှ"နေရာတွင် အိမ်လိပ်စာထည့်မိသဖြင့် သူထည့်သော စာတစ်စောင်၊ သူ့ထံပြန်ရောက်လာသည်ကို ဂုဏ်ပြုထားသောအားဖြင့် "ပြန်"ထပ်ထည့်ခြင်းသာဖြစ်လေသည်။

" မင်းတို့ မျက်လုံးတွေ၊ နားတွေကို ဖွင့်ထားကြ"
"Yes ဒေါက်လုံး"
ဘာပြောချင်မှန်းမသိသော်လည်း မာမြင်းနှင့် မာဖြူ သည် "Yes ဒေါက်လုံး" ဟု အသံပြိုင်ထွက်သွားကြသည်။
မာဖြူသည် ငါက မျက်လုံးဖွင့်လျှက်လည်း အိပ်တတ်တယ်ဟု စိတ်ထဲတွင်တွေးနေသေးသည်။
ဆက်ပြောသေးသည်။
"လူ့ပြည်က သတင်းတွေ အဆက်မပြတ်စေနဲ့"
ခက်ပါရောလား။ လူပြည်ကလို့ ပြောရအောင် သူနေတာ လူပြည်မှာမဟုတ်လို့ ဘယ်ပြည်သွားနေသလဲမသိဘူး။ ဘ၀င် လေ... ဘ၀င်။ သူ့ကို အကောင်ကြီးနေရာပေးထားလို့ ဘ၀င်လေဟပ်နေတာ။ သူ့ဟာသူဆို ဘာမှဖြစ်အောင်လုပ်တတ်တာမရှိဘူးရယ်။ မာမြင်းရယ်၊ မာဖြူရယ်ပဲ။ ဟိုဆိုသွားလိုက်ရ၊ ဒီဆိုသွားလိုက်ရ။ ဟိုဟာဆိုလုပ်လိုက်ရ၊ ဒီဟာဆိုလုပ်လိုက်ရ။

မာဖြူဆိုတာကလည်း ဒေါက်လုံးနဲ့နေလာတာကြာပြီ။ ဒေါက်လုံးက ဤကဲ့သို့ ကွေ့ပတ်ပြီး၊ အူကြောင်ကြောင်တွေ ပြောနေလျှင် အရေးမကြီးတဲ့ ကိစ္စသာဖြစ်ရမည်ဆိုတာကို အတတ်သိပြီးသားဖြစ်လေသည်။ ရှည်ရှည်ဝေးဝေးပြောနေလျှင် ကြောင်ရေချိုးနေသည်ဟု အလိုလိုသိပေသည်။ သူ၏ မွေးသမိခင်နှင့်ဖုန်းဆက်လျှင်လည်း ကြောင်ဖြူလေးဘယ်နှကောင်၊အမည်းလေးကဘယ်လို၊ အထီးလေးကဘယ်နှကောင်း၊အမလေးကဖြင့်မည်သို့ အရေးမပါအရာမရောက်သည်များကို အရေးတကြီးလုပ်တတ်သေးသည်။ ဒေါက်လုံးသည် ဤသို့သော အရေးမကြီးသော ကိစ္စများကို စကားလုံးခန့်ခန့်ထည်ထည်များသုံးကာ ပြောတတ်ဆိုတတ်ဖြစ်နေပြီမှာ ကြာလေပြီ။ ဥပမာဆောင်ရသော် သူချစ်ကြိုက်နေသော ကောင်မလေးအား ရင်တုန်၊ ပန်းတုန်အောင် ချစ်ရပါသော သက်လျာခင်ထိပ်ထား ဟု စကားလုံးဖောင်းကားအောင်ခေါ်တတ်သလို၊ အချိန်ကုန်ခံ၍ သူရထားသောဘွဲ့ကြီးအားလည်း သုတစုံလင်နည်းပညာတခွင်မှာ လူတွင်ကျယ်လုပ်စေဖို့၊အဟုတ်တကယ်မတတ်သော်လည်း၊ အမှန်တကယ်၊ ဟန်ထည်စေဖို့ရည်ကာမှန်း၊ ဆွတ်ယူလှမ်းထားတဲ့ ဘီအီး(အိုင်တီ)ရယ်ဟုပြောတတ်လေသည်။

မာဖြူသည်ကား ပြောရလျှင် အကုန်သိ၊ အကုန်တတ်သော်လည်း လူမုန်းဘယ်တော့မှ မခံ။ လူတိုင်းသည် သူဟန်နဲ့သူ သူ့ဆန်စားပြီး သူဟာသူသွားမည်ဟု ခံယူထားလေသည်။ အားလုံးကိုထောက်ခံသည်။ မာဖြူထံတွင် ငြိမ့်တာကိုအကျင့်ပါနေသောခေါင်းနဲ့၊ ကွမ်းများအပြည့်ထည့်ပြီးဝါးနေကာ စကားမပြောရအောင် အလုပ်ရှုပ်ချင်ယောင်ဆောင်ထားသော ပါးစပ်ကြီး တစ်ပေါက်ရှိလေသည်။ ထိုခေါင်းနဲ့၊ ပါးစပ်သည် အလုပ်အတော်ဖြစ်၏။ တစ်ယောက်ယောက်ကပြောလို့ ကွမ်းဝါးကာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေလျှင် လူအများက သူအား ပညာရှိကြီးဟု ထင်ကြလေသည်။ ခေတ်ကာလနှင့်ကိုက်ညီသော အကျင့်များကို ရထားခြင်းဖြစ်လေသည်။

မာမြင်းသည်ကား မာဖြူကဲ့သိုမဟုတ်။ မြင်သမျှလူကိုဆရာလုပ်တတ်သည်။ ကာလ၊ဒေသ ကလည်း လုပ်လည်းလုပ်လောက်သည်။ တပည့်ခံမည့်သူများကလည်း ပေါများပေသည်။ ပိုက်ဆံရလျှင် အကုန်လုပ်မည်ဆိုသော လူစားများ ပေါများသော ခေတ်ကြီးတွင် ဘိုးတော်လေသံဖမ်းကာ ၁ လုံးမှစကာ၊ ၂ လုံး၊ ၃ လုံး ဂဏန်းများပေးကာ ဆရာအခေါ်ခံရနိုင်သောခေတ်ကြီးပေကိုး။ သူဟာသူမထိန်းနိုင်လို့ "ဘူ"ကနဲ အသံထွက်သည်ကိုပင် ဒီနေ့ ၀မ်း၊ ဇီးရိုးကွာ ဟုမှတ်ယူသူကယူသည်။ ယတြာလည်း အပေးကောင်းလှပေသည်။ "ဒါန်းကလေးပေါ်စီးနေတဲ့ မိန်းကလေး၏ အချစ်ကိုလိုချင်လျှင် ဒါန်းညွှန့်ကို ဘုရားသွား၊ကိုယ့်မွေးနေ့ထောင့်မှာသွားလှူ" ဆိုတာမျိုးတွေကလည်း တတ်သည်။ သူများသာ ယတြာ ပေးသည်၊ သူ့ယတြာက သူအားပင် အကူအညီမပေးသည်ကို မိတ်ရင်း၊ဆွေရင်းများက သိပြီးသားဖြစ်လေသည်။

ဆက်ပါဦးအံ့။
ကျွန်ုပ်တို့တွေ စုံလင်သောအခါ ဒေါက်လုံးသည်ကား မျက်စိများ၊ နားများကို အဖွင့်ခိုင်းပြီးသကာလ လူပြည်ကိုလည်း အဆက်မပြတ်စေနဲ့ဟုပြောပြီးကာ လိုရင်းကိုဆက်ပြောလေသည်။
" ငါ့မှာ အကုန်ရှိတယ်။ မရှိသေးတာက အချစ်။ ငါဘယ်လိုသူကို ချစ်တယ်ဆိုတာလည်း မင်းတို့ အသိ။ ဘယ်လို စကားပြောပြီး၊ ဘယ်လို ချစ်သူရအောင်လုပ်ရမည်နည်း။ ငါ့မိတ်ဆွေကြီး မာနိဆီသွားပြီး နည်းနာခံစေ။"
မာနိဆိုသူကား သူ၏ဆရာကြီးများဖြစ်သော ဒေါက်ငြိမ်း၊ ဒေါက်ဝင်းတို့ထံတွင် နည်းနာခံကာ မိမိကိုယ်ကိုယ် အချစ်ရေးရာ ကျွမ်းကျင်သူဟု အထင်ရောက်နေသော သူတစ်ယောက်သာဖြစ်လေသည်။ အထင်ကြီးမည်ကလည်း ထင်လောက်ပေသည်။ မာနိ၏ဆရာကြီးများသည် အိုကြီးအိုမ အရွယ်ရောက်ကာမှ ချစ်ပန်းများဖုးပွင့်ကြသူများ ဖြစ်လေသည်။ ဆရာကောင်းတပည့်ပန်းကောင်းပန် ဆိုသည့်စကားကလည်း ရှိသောကြောင့် မာနိအားလည်း ပန်းကောင်းပန်နေမည့်သူဟု ဒေါက်လုံးအထင်ရောက်နေခြင်းသာဖြစ်သည်။
မာမြင်းနှင့် မာဖြူကလည်း တကယ်တမ်းတော့ မာနိထံတွင် နည်းနာခံဟုသွားလျှင်လည်း မာနိက ကြီးကြီးကျယ်ကျယ်တွေ ပြောဆိုကာ ပန်းတိုင်မရောက်နိုင်သော အချစ်လမ်းပြမြေပုံအား အဆင့်ပေါင်းများစွာထည့်ရေးပေးမည်သာ ဖြစ်လေသည် ကို သိပြီးသားဖြစ်လေသည်။
ဤသို့ဖြင့် "Yes ဒေါက်လုံး" ဟုပြောကာ မအောင်မြင်မည်မှန်းသိပြီးသားဖြစ်သော မစ်ရှင်တစ်ခုအား ဦးဆွေးဆံမြည့်ထမ်းဆောင်မည့် ရုပ်ကလေးများဖြင့် ဒေါက်လုံးအခန်းမှထွက်လာခဲ့ကြလေတော့သည်။

Read more...

အချစ်သည်ကာ ထူးဆန်းပေစွ။

>> Saturday, December 15, 2007

ကျနော်၏ ဇာတ်လိုက်ကျော်ကြီးသည် ယခုအခါတွင် ချစ်ရသော မူပိုင်ရှင်မိန်းကလေးမှ မူပိုင်ခွင့်သိမ်းသည်လား၊ မသိမ်းသည်လား မသိ၊ စာမလာ၊ အကြောင်းမကြား၊ ဖုန်းမခေါ်၊ ခေါ်သည့်ဖုန်းလည်း မကိုင်။ ဖြတ်တော့တာလား၊ ပြတ်သွားပြီးလား မသိ။ လွမ်းရဆွေးရတာ အရသာပိုရှိအောင် စိုင်းထီးဆိုင်ကိုလည်း သီချင်း အဆိုခိုင်း၊ သူကိုယ်တိုင်လည်း လိုက်အော်နေလေတော့သည်။
~~~~~ ပျော်ချင်တိုင်းလည်း မပျော်ရပါ ~~~~~
~~~~~ ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ ~~~~~
~~~~~ မသိသေးတဲ့ ဒီလောကရဲ့အထာ ~~~~~
~~~~~ အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ ~~~~


တစ်ခါတုန်းကလည်း ကောင်မလေးနှင့် ကတောက်ကဆဖြစ်ကာ အနေဝေးခဲ့ဖူးသေးသည်။ ထိုစဉ်ကလည်း သီချင်းတစ်ပုဒ် ညဉ်းလေသည်။ ခင်မောင်ထူး၏ အချစ်အယူခံ ဖြစ်လေသည်။
~~~~~ ကြင်သူရေ ကိုယ်တစ်ယောက်တည်းဆွေးပြီ၊ အချစ်ကြီးချစ်ခဲ့မိလို့ အမုန်းကြီးမုန်းပြီလား တယူသန်ပဲ ဆုံးဖြစ်တော့မှာလား ~~~~~
~~~~~ ကြင်သူရေ ခေါ်သံလေးကြားရင် အချစ်ဟောင်းလေးကို ခဏလောက် လှည့်လို့ကြည့်ပါဦး ~~~~~

ပြန်၍အဆင်ပြေသောအခါတွင် သီချင်းပြောင်းသွားလေသည်။
~~~~~ တိုးတိုးလေးပြောလို့ တကယ်အားမရနိုင်တယ် ~~~~~

အချစ်သည် ဓူဝံကြယ်ဆို လိုချင်တယ်ဆိုလျှင် ခူးပေးနိုင်၊ မပေးနိုင်တော့ မသိ။ အချစ်သည် သီချင်းတွေအား စိတ်ခံစားမှုအလိုက် ပြောင်းလဲသိဆိုစေတာကတော့ သေချာပေသည်။ သူငယ်ချင်းတစ်ယောက် အဆင်ပြေပါစေ။

သူငယ်ချင်းတစ်ယောက်က ယင်းသို့ပြောပြလေသည် - အီတလီဘောလုံးလောက စကားနဲ့ပြောရရင် အခု ငါတို့နဲ့ ရွယ်တူတွေကိုချစ်ကြိုက်သောသူများအား စီးရီ-A တွင်ကစားသည်ဟုခေါ်မည့် အကြောင်း၊ ငယ်သူကိုလိုက်လံချစ်ရေးဆိုသူများအား စီးရီး-B တွင်တန်းဆင်းပြီးကန်နေသည်ဟုလည်းကောင်း၊ ယင်းထက်ငယ်သူ ကိုယ်မွေးထားသော သမီးလေးကိုချစ်သလိုချစ်မှာပါဟုပြောသူကိုကား စီးရီး- C တွင် အသင်းထောင်နေသည်ဟု သတ်မှတ်မည်ဟုပြောလေသည်။ စီးရီးအေတွင် ကန်ရာအဆင်မပြေသဖြင့်စီးရီ ဘီတွင်ကန်နေသော သူငယ်ချင်းများလည်း အဆင်ပြေပါစေ။ အချစ်မှာ အရွယ်မရှိပါဘူးကိုကိုရယ်- ဆိုသော ညီမလေးများကလည်း အသင်းထောင်နေသာ အကိုကြီးအား ချစ်နေနိုင်ကြပါစေ။ တန်းတူ၊ရွယ်တူသူငယ်ချင်းမိန်းကလေးများကိုချစ်ကြိုက်သော်လည်း တစ်ယောက်ကမှ ပြန်စာမလာသောအခါ၊ ဘ၀မှာ တစ်ယောက်တည်းတော့ မနေနိုင်ပါဘူးကွာ- ဟုဆိုကာ တစ်ခြားကျောင်းများသွားကာ မိန်းကလေးများကိုလိုက်ပတ်ကာ ကလပ်ပြောင်း၍ ကန်သူတွေလည်းကန်ကြလေသည်။ ကလပ်အသင်းသစ်မှာ ကန်နေတဲ့သူငယ်ချင်းများလည်း အဆင်ပြေကြပါစေ။

ရှိသေးသည်။ ငယ်ရွယ်စဉ် တက္ကသိုလ်ကျောင်းသားဘ၀က သူငယ်ချင်းများစုကာ ကောင်မလေးများတွေ့လျှင် ဟေ့ကောင်တွေ ဖိုသံပေးကြမယ်ဟေ့ ဆိုကာ ဖို၊ ဖို နှင့် တဖိုဖို အော်ခဲ့၊ လှောင်ခဲ့သော သူငယ်ချင်းသည်လည်း ကိန္နရီ၊ကိန္နရာမောင်နှံ တစ်ရက်ဝေးတာနဲ့ ရက်ပေါင်း ၇၀၀ ငိုတယ်ဆိုတောဟုတ်လောက်တယ်ဟ၊ ငါတော့ တရက်ဝေးတာ ဘယ်လိုနေရမှန်းတောင် မသိဘူး- ဟု ဆိုကာ စေ့စပ်ပြီးသား ကောင်မလေးနားက မခွာနိုင် တစ်ကပ်ကပ်ဖြစ်နေသော သူငယ်ချင်းလည်း တစ်သက်တာမက ချစ်နိုင်ကြပါစေ။

Read more...

တူလေး မောင်ရွှေသွေး

>> Thursday, December 13, 2007


ကျနော်တူလေး မောင်ရွှေသွေး
အသားလေးက ဖွေး
အသားဖွေးတဲ့ ရွှေသွေးငယ်
နဖူးလေးက ကျယ်
နဖူးကျယ်တော့ ဥာဏ်ထက်မြက်
ပညာရှိလို့မှတ်။

azo ရေးသည်။

Read more...

ဆိုင်သစ်ဖွင့်ပွဲအထိမ်းအမှတ်

>> Wednesday, December 12, 2007

ပြင်ဦးလွင်မြို့ နာရီစင်အနီးမှ အသစ်ဖွင့်လှစ်လိုက်သော ဆံသဆိုင်တစ်ဆိုင်တွင်ဖြစ်သည်။
တစ်နေ့ ကန်တော်ကြီးအနီးနှင်းဆီမှခြံမှ အလုပ်သမားတစ်ဦး ဆံပင်ညှပ်ရန်ရောက်လာလေသည်။ ဆံပင်ညှပ်အပြီး နံရံတွင်ချိတ်ဆွဲထားသော ဈေးနှံးအတိုင်း ကျသင့်ငွေကို ထုတ်ပေးရာ ဆံပင်ညှပ်ဆရာက “ နောင်ကြီးပိုက်ဆံကို ပြန်ယူသွားပါခင်ဗျာ။ ကျွန်တော်တို့ဆိုင်က ဆိုင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ပထမဆုံးလာတဲ့ ဖေါက်သည် ၁၂ ယောက်တိတိကို မေတ္တာနဲ့ အခမဲ့ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ” ဟုပြန်ပြောပြီး ပိုက်ဆံကိုပြန်ပေးလိုက်လေသည်။

ခြံလုပ်သားလည်း လေတစ်ချက်ချွန်လိုက်ပြီး ၀မ်းသာသောမျက်နှာနှင့် ပိုက်ဆံကိုပြန်ယူကာ ဆိုင်ထဲမှထွက်သွားလေသည်။
နောက်တစ်နေ့မနက် ဆံပင်ညှပ်ဆိုင်ကိုဖွင့်ရန် ဆိုင်ဝန်ထမ်းများရောက်လာချိန်တွင် ဆိုင်ရှေ့တံခါးဝ၌ အလွန်လှပသော နှင်းဆီပွင့် ၁၂ ပွင့်ပါ ပန်းစည်းကြီးနှင့် ကျေးဇူးတင်ကြောင်း ကဒ်ပြားတစ်ခုတွေ့ရလေသည်။

နောက်တစ်နေ့တွင် ဈေးထဲမှဘရာကြော်ရောင်းသော ကုလားကြီးတစ်ယောက် ထိုဆံပင်ညှပ်ဆိုင်သို့ရောက်လာလေသည်။ ဆံသဆရာသည် ကုလားကြီးအား ဆံပင်ညှပ်ပေးယုံတင်မက မညီမညာဖြစ်နေသော မုတ်ဆိတ်ပါအဆစ် ပုံဖော်ပေးလိုက်လေသည်။ ကုလားကြီးက ကျသင့်ငွေထုတ်ပေးရာ ဆံသဆရာက “ မာမူကြီး၊ ဆံပင်ညှပ်ခမယူပါရစေနဲ့။ ကျွန်တော်တို့ဆိုင်က ဆိုင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ပထမဆုံးလာတဲ့ ဖေါက်သည် ၁၂ ယောက်တိတိကို မေတ္တာနဲ့ အခမဲ့ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ” ဟုရှေးနည်းအတိုင်းငြင်းဆန်ပြီး ကုလားကြီးအား ပိုက်ဆံကိုပြန်ပေးလိုက်လေသည်။

ကုလားကြီးလည်း ခေါင်းတခါခါနှင့် ၀မ်းသာစွာ ထိုင်ထဲမှထွက်သွားလေတော့သည်။ နောက်နေ့မနက် ဆိုင်ဖွင့်ချိန်တွင် ဆိုင်ရှေ့တံခါးဝ၌ ဆီဝနေသော စက္ကူအထုပ်ကြီးတစ်ခု စောင့်ကြိုနေသည်ကို ဆိုင်ဝန်ထမ်းများ တွေ့ရလေသည်။ အထုပ်ကြီးကိုဖြေကြည့်ရာ ဘရာကြော်ကွင်းကြီး ၁၂ ခုနှင့်အတူ ပူစီနာ၊ ကြက်သွန်ဖြူနီ၊ မဆလာနံ့သင်းနေသော မန်ကျီးသီး အချဉ်နှစ်တစ်ထုပ်တွေ့ရလေသည်။

တတိယမြောက်ဆိုင်ဖွင်သောနေ့။ ထိုနေ့သည် ဗိုလ်လောင်းတို့ အောက်ပတ်(စ) ထွက်သော စနေနေ့ဖြစ်သည်။ ဆိုင်သို့ ဆံပင်ညှပ်ရန် ဗိုလ်လောင်းတစ်ယောက်ရောက်လာလေသည်။ ဆံသဆရာသည် ဆံပင်ညှပ်ပေးအပြီး “ ညီလေး၊ အစ်ကိုတို့ဆိုင်က ဆိုင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ပထမဆုံးလာတဲ့ ဖေါက်သည် ၁၂ ယောက်တိတိကို မေတ္တာနဲ့ အခမဲ့ဝန်ဆောင်မှုပေးပါတယ်။ ပိုက်ဆံပေးစရာ မလိုပါဘူး” ဟု ထုံးစံအတိုင်း ပြောလိုက်လေသည်။

ဗိုလ်လောင်းလည်း ယူနီဖောင်းကို ဆန့်ရန့်အောင်ပြန်ပြင်၍ စမတ်ကျစွာဆိုင်ထဲမှ ထွက်ခွာသွားလေသည်။ နောက်နေ့မနက် ဆိုင်ဖွင့်ချိန်တွင် ဆိုင်ရှေ့၌ ၀န်ထမ်းများအား မည်သည့်အရာ စောင့်ကြိုနေမည် သင်ထင်ပါသလဲ။

ဆိုင်ရှေ့လှေခါးထစ်တွင် ဗိုလ်လောင်း ၁၂ ယောက် ဆံပင် အခမဲ့ညှပ်ရန် စောင့်ကြိုနေကြလေသည်။

.

Read more...

ဂျပန်ဝန်ကြီးချုပ် မောရိနဲ့ အမေရိကန်သမ္မတ ကလင်တန်

>> Tuesday, December 11, 2007

ဂျပန်ဝန်ကြီးချုပ် ယောရှိရော့မောရိအား အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့ရှိ ဂျပန်သံရုံးတွင် အမေရိကန်သမ္မတကြီး ဘီ(လ်)ကလင်တန် လာရောက်တွေ့ဆုံရန်ရှိရာ အင်္ဂလိပ်စကား လုံးဝမပြောတတ်သော ဂျပန်ဝန်ကြီးချုပ်အား အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ပို့ချရလေသည်။

အင်္ဂလိပ်စာဆရာ။ ။ ၀န်ကြီးချုပ်ခင်ဗျား အမေရိကန်သမ္မတကြီးနဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါ "How are you?" (ကျန်းဂန်သာလို့ မာပါစွ မိတ်ဆွေ) လို့ပြောပါခင်ဗျာ။

သမ္မတကလင်တန်က "I'm fine, and you?" (ကျန်းမာပါတယ်၊ သင်ရော) လို့ပြန်ဖြေတဲ့အခါ ၀န်ကြီးချုပ်ကြီးက "Me too " (ဒီကလည်း မိတ်ဆွေကြီးလိုပါပဲ) လို့ ပြန်ပြောဖို့ လိုအပ်ပါတယ်ခင်ဗျား။

ဒီနောက်မှာတော့ ၀န်ကြီးချုပ်ကြီးပြောလိုရာကို ဂျပန်လိုပဲ ပြောနိုင်ပါပြီ။ လူကြီးမင်း ပြောသမျှကို ကျွန်တော်တို့ဘာသာပြန်များက အမေရိကန်သမ္မတကြီးအား အင်္ဂလိပ်လိုပြန်ဆိုပေးပါ့မယ်။

ဝန်ကြီးချုပ် ။ အင်း ... ဒီလိုဆိုတော့လည်း အင်္ဂလိပ်စာက လွယ်သားပဲ။

********************************************************

ဘီ(လ်)ကလင်တန်ဂျပန်သံရုံးရောက်လာတဲ့အခါ ဂျပန်ဝန်ကြီးချုပ် မောရိက "How are you?" လို့မေးရမဲ့အစား မှားပြီး "Who are you?" (မင်းဘယ်သူလဲ)လို့ မေးချလိုက်ရာ အမေရိကန်သမ္မတကြီး ကြောင်အန်းအန်းဖြစ်သွားရလေသည်။

ချက်ချင်းဆိုသလို ကလင်တန်သည် အခြေအနေကိုထိန်းသိမ်းသည့် အနေဖြင့် ဟာသစွက်ကာ

"Well, I am Hilary's husband, ha ha..."

(ကျုပ်လား၊ ဟယ်လာရီရဲ့ ယောင်္ကျားလေဗျာ၊ ဟား....ဟား) လို့ပြန်ပြောလိုက်လေသည်။

ဒီတော့မောင်မင်းကြီးသား ဂျပန်ဝန်ကြီးချုပ်ကြီးက ယုံကြည်မှုအပြည့်နဲ့ သူပူပူနွေးနွေး သင်ယူတတ်မြောက်ထားတဲ့အတိုင်း

"Me too, ha ha...." (ဒီကလည်း မိတ်ဆွေကြီးလိုပါပဲ၊ ဟဲ...ဟဲ) လို့ ပြန်ပြောလိုက်လေရာ အမေရိကန်သမ္မတကြီး ကလင်တန့်မျက်နှာကြီး ချယ်ရီသီးမှည့်ကြီးလို ညိုပုတ်သွားရလေသည်။

********************************************************

Read more...

ကျောင်းတော်ရာ၏နိဒါန်း

>> Monday, December 10, 2007

ကျောင်းအကြောင်းရေးထားတဲ့ ဘလော့စာမျက်နှာလေးတွေဆီ မထင်မှတ်ဘဲရောက်မိတော့ တစ်ချိန်က ကျောင်းတော်ကြီးကို စိတ်ကရောက်သွားမိတယ်။ ဆရာမင်းလူတို့လို ရန်ကုန်တက္ကသိုလ်ကြီးမှာ မတက်ခဲ့ရပေမယ့် သူရေးလေ့ရှိတဲ့ ကျောင်းအကြောင်းနောက်ခံရေးထားတဲ့ ဝတ္ထုတွေဖတ်ရတိုင်း ကျောင်းသားဘဝကို ပြန်လည်လွမ်းမိတယ်။ မူလတန်းကျောင်းသားကလေးဘဝဆိုတာတော့ ဘာမှန်းကိုမသိအောင် မမှတ်မိတော့ပါဘူး။ အထက်တန်းကျောင်းသားဘဝမှာတော့ နောက်ဆုံးခုံမှာ ခပ်ကုပ်ကုပ်ထိုင်ရင်း အပေါင်းအသင်း တစ်ယောက်စ၊ နှစ်ယောက်စနဲ့ အချိန်ကုန်ရင်း အထက်တန်းကျောင်းသားဘဝကို ကုန်လွန်စေခဲ့တယ်။ လုံချည်အစိမ်း၊ အင်္ကျီအဖြူလေးနဲ့ အသားဖြူဖြူ ပါးဖောင်းဖောင်း ကောင်မလေးတစ်ယေက်ကိုလည်း တစ်ခါတရံ သတိတယရှိမိပါတယ်။ ခုတော့ သူလဲ ဘယ်သောင်ဘယ်ကမ်းမှာဆိုက်လို့၊ ဘယ်သူနဲ့နှစ်ပါးသွားနေလဲ မသိတော့ပါဘူး။
ဆောင်းကုန်စနွေအကူး
လေရူးတွေဝေ့တုန်းက
နီရဲရဲလက်ပံတွေနဲ့အတူ
စိတ်တွေလေခဲ့ဖူးတယ်….
ဆယ်ကျော်သက်အရွယ်က
ငါ့ရင်ထဲ ခုန်ဆွဆွလုပ်ခဲ့ဖူးတဲ့
တစ်ခါက ယုန်ဖြူလေးရေ
မုန်လာဥတွေမြင်တိုင်း နင့်ကိုသတိရတယ်။
အချို့ညနေခင်းတွေမှာ ရေဖြန်းထားတဲ့ ဖုန်သင်းနံ့လေးတွေကို ရှူရှိုက်ရင်း သူငယ်ချင်းတစ်ယောက်နဲ့အတူ သူလိုက်နေတဲ့ကောင်မလေးအိမ်ရှေ့မှာ စက်ဘီးခဏခဏ ဖြတ်စီးဖူးတယ်။ နှစ်ယောက်တစ်စီးစီးကြတာပေါ့။ သူကရှေ့ဘားတန်းကနေထိုင်လို့၊ အဲဒီအိမ်နားရောက်တယ်ဆိုရင်ပဲ ရင်တုန်ပန်းတုန်ဖြစ်တယ်ဆိုပဲ။ စက်ဘီးကို ဖြေးဖြေးနင်းဖို့လဲ ရှေ့ကနေတဖွဖွပြောတယ်။ ဘားတန်းပေါ်မှာစီးရင်းနဲ့ ခေါင်းက လမ်းညာဖက်ခြမ်းက ကောင်မလေးအိမ်ကို ခပ်စွေစွေကြည့်တယ်။ ကျွန်တော်မှတ်မိသလောက်တော့ ကောင်မလေးကို အိမ်ထဲမှာရိပ်ကနဲတွေ့လိုက်ရတဲ့အချိန်က စက္ကန့်ပိုင်းလောက်လေးပဲ။ ဒါပေမယ့် ကျွန်တော်နဲ့သူ ညနေတိုင်း အဲဒီအိမ်ရှေ့က စက်ဘီးဖြတ်နင်းတာ မပျက်ခဲ့ဘူး။ ဈေးသွားစရာရှိရင်လဲ အဲဒီလမ်းဖက်ကနေ မဖြစ်မနေသွားတယ်။
မန္တလေးမှာ ကျောင်းတက်နေတုန်းလဲ ကျွန်တော့်ဆီစာတွေရေးရင် အဲဒီကောင်မလေးအကြောင်း အမြဲပါတယ်။ နောက်တော့ သူ့ဆီကစာလဲမရတော့ဘူး။ သင်္ကြန်ရက်ကျောင်းပိတ်လို့ ကျွန်တော်အိမ်ပြန်တော့၊ သူငယ်ချင်းနဲ့တွေ့တယ်။ မင်းကောင်မလေးရောဆိုတော့ ယောင်္ကျားရသွားပြီတဲ့။ ဒီလိုနဲ့ ကိုယ်နဲ့တစ်စိတ်တစ်ပိုင်းပတ်သက်နေတဲ့ အထက်တန်းကျောင်းတော်က ဇာတ်လမ်းလေးတစ်ပုဒ် နိဂုံးချုပ်သွားခဲ့ရတယ်။
မန္တလေးကျောင်းတော်ကြီးကိုရောက်တဲ့နေ့၊ လွန်ခဲ့သော ကိုးနှစ်ခန့်ကာလကိုတော့ ခုထိမြင်ယောင်နေတုန်းပဲ။ အဖေရယ်၊ အစ်ကိုဝမ်းကွဲတစ်ယောက်ရယ်၊ ကျွန်တော်ရယ် သုံးယောက်သား မန္တလေးက အသိတစ်ယောက်အိမ်မှာတည်းကြတယ်။ အဲဒီအိမ်က ကျွန်တော်တို့ရောက်ရောက်ချင်း နာနတ်သီးတွေကို အိမ်မှာဖျော်တိုက်တယ်။ အဲဒီတည်းက မန္တလေးမှာ နာနတ်သီးပေါမှာပဲဆိုတာ သတိထားမိသွားတယ်။ မန္တလေးနေကလဲ အတော်ပူပါတယ်။ နေ့လည်ရောက်တော့ အသိက သူ့ကားလေးနဲ့ ကျောင်းကိုလိုက်ပို့တယ်။ ကျုံးဘေးကိုဖြတ်တော့၊ ကားပျက်ပြီး အချိန်ကြာလို့ စိတ်ပူမိတာ သတိရမိသေးတယ်။ ကျောင်းကလဲအတော်ဝေးတယ်။ လယ်ကွင်းတွေကို ဖြတ်မောင်းတော့ အခြားမြို့တစ်မြို့ကို သွားနေတာများလားလို့တောင် စိတ်ကထင်မိသေးတယ်။ ဒီလိုနဲ့ ကျောင်းဂိတ်ပေါက်ထဲဝင်တော့ တမာတန်းတွေ တစ်အုပ်တစ်မကြီးတွေ့လိုက်ရတယ်။ အိုး.. လမ်းဘေးဝဲယာ မြင်မြင်ရာမှာ တမာတွေချည်းပဲ။ တမာနံ့သင်းတဲ့လေကိုရှူရှိုက်ရင်း လမ်းပေါ်မှာပူခဲ့ရတဲ့စိတ်တွေ ပြေပျောက်ခဲ့ရတယ်။
တမာတောမှာ ပျော်တယ်ဆို
တမာတန်းကို လွမ်းတယ်ဆို
တမာနံ့က သင်းတယ်ဆို
ခုတော့
တမာပင်တွေအောက်ကသက်သေ
ခါးသက်လို့နေပြီလား…….
အဝေးကသူတစ်ယောက်ရေ။
ကျောင်းထဲရောက်တော့ ဘယ်အဆောင်မှာနေရမှန်းမသိ လိုက်ရှာရတာကအမော။ အဖေကတော့ အားပေးပါတယ်။ မင်းတို့နေရမှာကမဆိုးဘူး၊ တောရိပ်တောင်ရိပ်ရှိတယ်တဲ့။ ဒီလိုနဲ့ ဘီ-ဆောင်ဆိုတာကိုရှာတွေ့တယ် (အခုတော့ မန်းသီရိပေါ့)။ အဆောင်ပုပုလေးတွေ၊ ဟိုတစ်စုဒီတစ်စုနဲ့ ပုနေလိုက်ပုံများ ချုံတွေကြားထဲမှာ မြုပ်နေလားထင်ရတယ်။ တစ်ထပ်ဆောင်လေးတွေ။ အေ၊ဘီ၊စီ၊ဒီ စသည်ဖြင့် နာမည်လေးတွေပေးထားတာ။ ကျွန်တော့်နာမည်တွေလိုက်ရှာရင်း နောက်ဆုံး ဘီ-၅ ဆိုတာမှာ မျက်လုံးကရပ်သွားပြီ။ ဒါငါ့ဗိမာန်ပဲဆိုပြီး၊ အထဲကိုချင်းနင်းဝင်ရောက်လိုက်တော့၊ အထဲမှာက ဗိမာန်စောင့် နတ်သားတစ်ကောင်က ကြိုရောက်လို့။ ဒင်းကမန္တလေးသားဆိုတော့ အစောကြီးရောက်နေတာ။ အခန်းက ရှစ်ယောက်ခန်း။ ဒါပေမယ့် ကံကောင်းစွာပဲ တစ်ယောက်ကမလာတော့ ခုနှစ်ယောက်ပဲနေရတယ်။ ဒင်းက ဘီ-၅ကမဟုတ်ဘူး။ ဘီ-၇ က။ ဟိုဖက်မှာတစ်ယောက်မှမရှိလို့ ဒီဖက်ကိုလာခွေနေတာ။ ကျွန်တော်တို့လဲရောက်ရော၊ သူလဲဘုံပျောက်၊ သူ့ဗိမာန်ဆီသူယွန်းပေါ့။ (စိတ်ထဲကတော့ ဒီကောင့်ကို နှုတ်ဆက်လိုက်တယ်။ နာမည်ကလဲ မသိတော့ ဟယ်လို မစ္စတာပိန်၊ နေကောင်းလားပေါ့။ အဲဒီတုန်းက ဒီကောင်က ပိန်ပိန်လေး၊ ခုတော့ မစ္စတာပိန်မဟုတ်တော့ဘူး)
ပထမဆုံးအခက်အခဲက ကုတင်ကိစ္စ။ ကုတင်ကိစ္စစဉ်းစားနေတုန်း၊ တောင်ငူက မောင်ရင်က၊ ဖခမည်းတော်နဲ့ ကျွန်တော်တို့ဗိမာန်ဆီယွန်းလာပြန်တယ်။ အဲဒီတော့မှ၊ ဟိုဖက်က ဆရာမတွေနေတဲ့အဆောင်ရှေ့က အပြင်ထုတ်ထားတဲ့ ကုတင်ကို တောင်ငူသားနဲ့အတူ နှစ်ယောက်သားသွားမပြီး၊ ကျွန်တော်တို့ဗိမာန်ထဲသွင်းလိုက်တယ်။ ခြောက်ယောက်စာအတွက် စာကြည့်စားပွဲကတော့ တစ်လုံးပဲ။ ခြေတိုင်တွေကယိုင်နဲ့နဲ့။ နောက်တော့ ဘယ်သူမှလဲ အဲဒီစာကြည့်စားပွဲမှာ စာမကြည့်ကြပါဘူး။ တစ်ခါတလေ ညဖက်ပျင်းရင် စာကြည့်စားပွဲကို ဒရမ်လုပ်ပြီးခေါက်၊ သီချင်းတွေအော်ဆိုကြတယ်။ ကျွန်တော်တို့ဗိမာန်ရဲ့ တတိယမြောက်နတ်သားကြီးကတော့ အသားညိုညို၊ ပုဆိုးတိုတိုနဲ့၊ မင်းကင်းသား မောင်ဖိုးညို။ သူ့နာမည်က တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်နာမည်နဲ့တစ်လုံးပဲကွဲလို့ ချက်ချင်းခင်သွားကြတယ်။ နောက်တစ်ယောက်က လောင်းလုံက လောရှည်။ ဒီကောင်က လူရည်လယ်တယ်။ လောင်းလုံလို မြန်မာပြည်အောက်ပိုင်း တနင်္သာရီတိုင်းကနေ မန္တလေးကို တစ်ယောက်တည်း ကျောင်းလာတက်တာ။ လိုအပ်တဲ့အသုံးအဆောင်တွေတောင်၊ မန္တလေးရောက်မှဝယ်တယ်။ သူကသေတ္တာကိုအခန်းထဲမှာထားပြီး ခြေစင်္ကြာဆန့်နေတာ။ နတ္တလင်းသားလေးတွေကတော့ နှစ်ယောက်ပါတယ်။ တစ်ယောက်က ညိုညိုတုတ်တုတ် ဖိုးဝရုပ်၊ နောက်တစ်ယောက်က ပိန်ပိန်ညှက်ညှက် ကိုပိစိ။ ကိုပိစိက ဂစ်တာတီးတော့ကောင်းတယ်။ နောက်ထပ်ပုဂ္ဂိုလ်က ကယားလေး။ ကယားလူမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် ကယားလေးပဲခေါ်ကြတယ်။ သိုင်းပညာမှာတော့ တစ်ဖက်ကမ်းခပ်တတ်တယ်။ ကျွန်တော်တို့တောင် သူ့ဆီက သိုင်းသင်ဖို့ကြိုးစားကြသေးတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့၊ သူ့ဆီက ဖဲသားနဲ့ချုပ်ထားတဲ့ ရွှေရောင်သိုင်းဝတ်စုံပဲ။ နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီး၊ ကိုကိုချစ်။ ဗိုလ်အောင်ဒင်ဇာတ်လမ်းကို သိတဲ့သူတွေကတော့၊ ကိုကိုချစ်ဆိုရင် တာဝန်ဝတ္တရားနဲ့ပတ်သက်ရင် ချစ်သူကိုတောင် စွန့်လွှန့်နိုင်တဲ့ ရဲအရာရှိကိုကိုချစ်ကို သတိရကြလိမ့်မယ်။ ကျွန်တော်တို့ ကိုကိုချစ်ကတော့ အဲလိုမဟုတ်ဘူး။ မမြဝင်းလဲမရှိရှာပါဘူး။ သူ့ရဲ့ ”ချစ်”ဆိုတဲ့ စကားလုံးက လူရွှင်တော်ကြီးတစ်ယောက်ဆီကနေယူထားတာ။ ဒါတောင်သူကသိပ်လက်ခံချင်တာမဟုတ်ဘူး၊ အင်တင်တင်လုပ်သေးတာ။ ကျွန်တော်တို့က အတင်းထိုးပေးမှ မအီမလည်နဲ့ လက်ခံလိုက်ရတယ်။ ဒါတွေထားတော့၊ အသေးစိပ်တွေလျှောက်ရေးနေရင်၊ ကျွန်တော့်ကိုသတ်လိမ့်မယ်။ သူကလူတာအဝှာပြုတာ၊ စိတ်ကကြီးတယ်။ သူကအစွန်ဆုံးကုတင်မှာနေရတာရယ်၊ ကျွန်တော်တို့ထက် အသက်တစ်နှစ်ကြီးတာရယ်ကြောင့်၊ သူ့ကိုအဆောင်မှူးက ”အင်ချပ်”ခန့်လိုက်တယ်။
ညနေဖက် အဆောင်မှာထမင်းသွားစားရမယ်ဆိုတော့၊ အဖေက အမေလုပ်ပေးလိုက်တဲ့၊ အခြောက်အခြမ်းတွေယူသွားဖို့ပြောတာကို ကျွန်တော်ကမလိုပါဘူးဆိုပြီးသွားစားလိုက်တာ၊ ပဲဟင်းတစ်ခွက်၊ ဝန်ထမ်းဆန်တစ်ပန်းကန်နဲ့တိုးတော့တယ်။ မဆိုးပါဘူး၊ ပဲဟင်းက အရည်ကျဲတော့ ထမင်းနဲ့ရောပြီးမြိုချရင်၊ လည်ချောင်းမနင်တော့ဘူးပေါ့။
ညဖက်ရောက်တော့ ဘီ-၈ကသူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ကြရင်း ချက်ချင်းလိုရင်းနှီးသွားတယ်။ သူတို့က ကောင်မလေးတွေနေတဲ့အဆောင်ရှေ့ ဂစ်တာတီးသွားကြမယ်ဆိုတာနဲ့၊ ရောင်လည်လည်နဲ့ပါသွားခဲ့တယ်။ ဒါပေမယ့် အဆင်မပြေပါဘူး၊ ဂစ်တာတီးတဲ့ပုဂ္ဂိုလ်ကအစွမ်းပြလိုက်တာ၊ ဂစ်တာကြိုးပြတ်သွားလို့ စောစီးစွာတပ်ခေါက်ခဲ့ရတယ်။ ဒီလိုနဲ့ ကျောင်းတော်ကြီးရဲ့ပထမနေ့ ပျော်ရွှင်စွာနဲ့ပြီးဆုံးခဲ့လေသတည်းပေါ့။
ဟိုးရှေ့ဖက်မိုးကုပ်စက်ဝိုင်းရဲ့အခြေ
တောင်တန်းရှည်ကြီးတွေလဲလျောင်းနေကြတယ်
ဘယ်ချိန်တည်းကလဲလျောင်းခဲ့ကြတယ်မသိ
ညောင်းပါဘိသနဲ့
ကိုယ်လုံးရှည်ကြီးတွေရဲ့အကြား
ဖြူတူတူအက်ကြောင်းလေး
ဟိုးအောက်ခြေအထိ
မြွေလိမ်ကောက်စီးသွားလေရဲ့။
ထုံးဖြူဖြူစေတီလေးတွေနဲ့
ငြိမ်းချမ်းပါ၏ သည်ဌာနေ…..
ကောင်းကင်ပြာကြီးထက်မှာပေါ့
တိမ်ဖြူတွေအဆုပ်လိုက်ပွင့်လို့
ခဲသားရောင်အနားသတ်မျဉ်းတွေနဲ့
ဦးတည်ရာမဲ့ လွင့်မျောနေလိုက်ကြပုံများ
ဂျစ်ပစီခရီးသွားကြီးတွေအလားပဲ…
အိပ်တန်းပြန်ငှက်တွေ တောင်ပံခပ်ကြရင်
ငါလေတကယ်လွမ်းမိပါရဲ့
တစ်ခါတုန်းက အမိရင်ခွင်ကြီးရယ်…..။
မောင်ဖြူ (8:00pm 10th Dec, 2007)

Read more...

စကိတ်ပုံပြင်

>> Sunday, December 9, 2007

“စကိတ်အရင်ကစီးဖူးလား`ဟုသူငယ်ချင်းများကမေးတော့ ဒီလိုရေခဲပြင်ကြီးကိုတောင် ခုမှမြင်ဖူးကြောင်းဖြေလိုက်ရ၏။ ကျွန်မ၏ခပ်ဆတ်ဆတ်နိုင်သောအသံကိုသဘောကျသည့်အလား ရယ်ကြရင်း စကိတ်စီးဖို့တက်ကြွနေကြသည်။ ကေးကတော့အေးစက်စက်နိုင်လှသောကျွန်မ၏ ဒဏ်ကိုခံနေကြပီပီ သူ့အတွက်သူမြန်မြန်ပြင်ဆင်နေ၏။ ပြီးလျင်သူများတွေနှင့်ကျွန်မပါ ပါနိုင်အောင် သူကျွန်မကိုကူညီရဦးမည်လေ။
ကျွန်မကတော့ ရေခဲပြင်ဖွေးဖွေးကြီးကိုကြည့်ရင်း ရေခဲပြင်ကြီးထက်ပိုပြီးအေးခဲမာထန်နေနေသည့် ကျွန်မနှလုံးသားကို ဆန်းစစ်နေမိသည်။ ကေးကသူ မကူညီနိုင်သည့်ကိစ္စကို ခေါင်းထဲမထားပဲ ကျွန်မဖိနပ်ကြိုးမျာကို သေချာချည်နှောင်ပေးနေသည်။ သူများတွေကထွက်ဖို့ အဆင်သင့်ဖြစ်ပြီ။ ကေးလက်ကိုလှမ်းဆွဲရင်းကျွန်မက ``ကေးသွားတော့ ကျွန်မကဖြည်း ဖြည်း ပဲနော် လို့ ပြောတော့ မင်းလုပ်နိုင်ပါတယ် လို့ ကျွန်မကိုအားပေးပြီး ကေးကထွက်သွားတယ် ကေးရဲ့ လှလှပပစကိတ်စီးပုံကို မျက်စေ့တဆုံးငေးကြည့်နေမိတယ်။ ကျွန်မကရော………..ကျွန်မက မြန်မြန်လမ်းလျှောက်ရင်၊ မိုးရွာထဲလမ်းလျှောက်ရင်တောင် မှောက်လဲလို့ ခြေသည်းခွံတွေမှာသွေးခြေဥမပြတ်ရှိသူ။ ဒူးမျာဒဏ်ရာဟောင်းတွေနှင့်။ (ဖေဖေ မရှိတော့သည့်နောက်ကျန်ခဲ့သည့်အမာရွတ်တွေ၊ ဖေဖေကကျွန်မလဲရင်ဒဏ်ရာတွေကိုပျား ရည်မကြာခဏလူးပေးလို့ ကျွန်မမှာအမာရွတ်မရှိခဲ့ဖူးဘူး) ဒဏ်ရာရမှာစိုးတာရော၊ ရှက်တာ ရောကြောင့် လဲမှာသိပ်ကြောက်သူပါ။ ဒါပေမဲ့ ဒီနေ့ မှာကျွန်မဟာမှောက်လဲချင်နေတယ်။ ဘယ်လိုပဲလဲလဲ…. ဘာဒဏ်ရာတွေပဲရရ ကျွန်မခံယူနေချင်မိတယ်။ ဘယ်လောက်ယိမ်းယိုင်မလဲ….. ဘယ်လိုပြိုလဲမလဲ…. ဘယ်အခြေ အနေထိရောက်မှ ကျွန်မခန္ဓာကိုယ်ဟာ တိမ်စောင်းယိုယွင်းနေတဲ့ကျွန်မရဲ့စိတ်ဓာတ်တွေနဲ့  လိုက်ဖက်သွားမလဲ။ စကိတ်ခုံလေးသွားရာကိုကျွန်မလိုက်ပါရသည်မှာ ခက်ခဲမည်မထင်ပါ။ ပျံလွင့်သောစိတ်အစဉ် နောက်သို့ လိုက်ရသည်မှာပင်ပန်းလှသည်မဟုတ်လား။
ရှေ့မှကလေးတစ်ယောက်ကိုကြည့်ရင်း ကျွန်မစထွက်လိုက်သည်။ သူ့ ခြေထောက်တွေ ကိုလိုက်အတုခိုးရင်း ကျွန်မ၏တာထွက်ခရီးကမဆိုးလှ။ ပြီးရင် သတ်မှတ်လမ်းကြောင်းအတိုင်းမဟုတ်ပဲ ကျွန်မစီးချင်သလိုစီးမည်။ အတားအဆီးမရှိလွတ်လပ်ချင်သူအတွက် သတ်မှတ် လမ်းကြောင်းမရှိသင့်ပါ။ ဒါမှလဲလွတ်လပ်စွာလဲပိုင်ခွင့်ကိုရရှိမည်။
စထွက်လာကတည်းကရှေ့ကိုတည့်တည့်မသွား။ ဟိုဘက်ရောက်လိုက် ဒီဘက်ရောက် လိုက်။ သို့ ပေမဲ့ မရပ်မနားပါ။ ကျွန်မရပ်လဲမရပ်တတ်ပါ။ အရှိန်ရလာပြီးစိုစွတ်အေးစက်သော လေတို့ ကခပ်ကြမ်းကြမ်းတိုးဝှေ့ လာကြသည်။ကုန်းကလေးကိုအကွေ့ သစ်ပင်ကြီးနှစ်ပင်ကို မြင်ရတော့ ကြည့်ချင်လာ၍ ကျွန်မရုတ်တရက်ရပ်ရန်ကြိုးစားလိုက်သည်။ခြေထောက်တစ် ဖက်ကိုအနေအထားအပြောင်း ခန္ဓာကိုယ်လဲကျတော့ မည်ကိုစိတ်လှုပ်ရှားစွာသိလိုက်ရသည် တကယ်လဲတော့မည်..။ကျွန်မပျော်သည်။ ဒီနေ့ သည်မှောက်လဲဖို့ ပျော်ရွှင်စွာတောင့်တနေသူ ကျွန်မ၏နေ့ ဖြစ်သည်။
ခြေထောက်တွေကအရင်မကျပဲ ခေါင်းကိုပွန်းတိုက်ခိုက်မိကာ ညာဘက်ပခုံးနှင့်ပစ် အကျတွင်။ ဘုရားဘုရား……….ကျွန်မသည်ပခုံးကိုလက်နှင့်ဖိရင်းနာလွန်း၍မျက်ရေများကျ လာသည်။ အရိုးတွေများကျိုးကုန်ပြီလား။ပခုံးအောက်ရောက်ခါစဆံပင်ရှည်အချို့ ကျိုးပြတ် ထွက်ကုန်ကာဦးရေပြားလည်းနာသည်။ ခေါင်းကိုစမ်းကြည့်တော့နည်းနည်းအိသွားပြီ။ ကျွန်မ ပခုံးကိုပဲဖိထားရမလား ခေါင်းကိုပဲကိုင်ထားရမှာလား……။ လက်တွေ့ ကတော့ ခန္ဓာကိုယ်ကိုပင်ပြန်မထူနိုင်သေး။ မေးရိုးနားလဲပွန်းသွားပြီထင်သည်။ ထိခိုက်ဒဏ်ရာရရင် ချက်ချင်းရေခဲကပ်ပေးရတယ်တဲ့..။ကျွန်မမေးကိုရေခဲကသူ့အလိုလိုကပ်နေပြီဆိုတော့ မဆိုးလှဘူးထင်ပါရဲ့ ။ ကျွန်မပခုံးကရော ရေခဲကပ်ပေးလိုက်ရုံနဲ့ ကောင်းသွားမလား…….။ ပခုံးတစ်ဖက်စောင်းနေတဲ့ ဒုက္ခိတမလေးကျွန်မပုံကို တွေးရင်းကျွန်မ၀မ်းနည်းလာသည်။
“ဟေးဗီးနပ်စ်လဲနေပြီကွ ရထားစီးရတာပင်ပန်းလို့ အိပ်နေသလားထင်ရတယ်စောင်း စောင်းလေး ထူပေးလိုက်ကြဦး` အသံဝါကြီးနဲ့ ဆစ်ခ်အသံကြားရတော့ကျွန်မအတိုင်းမသိဝမ်း သာမိတယ်။``ကေးရေကျွန်မကိုမြန်မြန်ထူပေးပါ ဆေးခန်းပို့ ပေးပါ` လို့ ကျွန်မအော်လိုက် တယ်။ ကေးကသူ့ ရဲ့ တုတ်ခိုင်လှတဲ့ လက်တွေနဲ့ ကြင်ကြင်နာနာကျွန်မကိုပွေ့ ပိုက်ပြီး``ရှင်ဟာ အင်မတန်ခေါင်းမာတယ်``လို့ အပြစ်တင်ပြောလိုက်တယ်။``ကေးကျွန်မအခုခေါင်းပျော့သွား ပြီလို့ ပြောရင်းဒဏ်ရာရထားတဲ့ ခေါင်းပေါ်ကိုသူ့ လက်တင်ပေးလိုက်တယ်။``အိုးမိုင်ဂေါ့ `လို့  ကေးကရေရွတ်ရင်း ဂျူနိုက်ဒါကားပေါ်ကိုပွေ့ တင်ကြတယ်။
ဆေးခန်းရောက်တော့  ဆရာဝန်က စစ်ဆေးပြီးတာနဲ့ “ချက်ချင်းခွဲစိတ်ပြီးလက်ကိုပခုံးနား အထိဖြတ်ပစ်ရမယ်“လို့ ကျွန်မကြားအောင်အော်ပြောလိုက်တယ်။ကျွန်မဟာကြောက်လွန်း တာနဲ့ နာကျင်တာရောပြီးအသံတွေမထွက်နိုင်တော့ဘူး။ကျွန်မကိုလူနာတွေဝတ်တဲ့ အင်္ကျီ ရှည်ကြီးဝတ်ပေးနေကြတယ်ပြီးတော့ ကျွန်မမျက်လုံးတွေကိုတစ်ခုခုနဲ့ ဖုံးအုပ်လိုက်တယ်။ သူတို့ ကျွန်မလက်ကိုဖြတ်ကြတော့ မယ်။……..မဖြတ်ဖူး မဖြတ်ဖူး။မဖြစ်တော့ ဘူး ကျွန်မ ဘုရားကိုဆုတောင်းရမယ၊်လက်တစ်ဖက်မရှိပဲ……….။``အရှင်ဘုရား`` အရှင်ဘုရား ``ကျွန်မအရမ်းအော်လိုက်တယ်။ အသံတွေကထွက်မလာဘူး။ တစ်ခါ``မေမေရေမေမေရေ``ကျွန်မထပ်ပြီးအော်လိုက်တယ်။ ``ဗီးနပ်စ် ဗီးနပ်စ်နိုးတော့လေ ``ကျွန်မနဖူးကိုလက်နဲ့စမ်းရင်းကေးကကျွန်မကိုကြောင် တောင်တောင်ငေးကြည့်နေတယ်။ ကျွန်မထနိုင်ပါ့ မလားကေးရယ် လို့ ပြောလိုက်တော့ ကေး ကဘာဖြစ်လို့ လဲ လို့ ထပ်မေးပြန်တယ်။ ကျွန်မဟာဆေးရုံပေါ်မှာလေ….အိုဟုတ်ပါဘူးကေးရဲ့ အခန်းမှာပဲဟာ။``ယူ အိပ်မက်ဆိုးမက်သလား``လို့ ကေးမေးလိုက်မှ ကေးခုတင်ပေါ်က အမြန် ခုန်ထလိုက်ပြီး ကျွန်မအိပ်မက်မက်နေတာပါလားဆိုတာသိလိုက်ရတယ်။ လက်နှစ်ဖက်ကိုစိမ်း စိမ်းကြည့်ရင်း ကျွန်မကိုယ်လက်အဂါစုံစုံလင်လင်ရှိတာကိုအရမ်းကျေနပ်မိသွားတယ်။ဒါ…တကယ်အိပ်မက်ပဲ။
“ယူကြည့်ချင်တယ်ဆိုလို့ စကိတ်စီးတာတွေ အင်တာနက်ကစုထားတယ်။ယူအိပ်နေတာ နှစ်နာရီလောက်ရှိပြီ။ကျောင်းကပြန်ရောက်ကတည်းက ခုအကျီတွေသွားလဲတော့ ။ ကိုးနာရီမှ ပြန်လာခဲ့ ``ကေးကကျွန်မကျောပိုးအိတ်ကိုပခုံးမှာချိတ်ပေးရင်းပြန်ဖို့ ပြောတယ်။ ဟုတ်ကဲ့ လို့
ပြောရင်း``ကေး စကိတ်စီးရင်မှောက်လဲတတ်သလား ဒဏ်ရာတွေရောရတတ်သလားဟင်“ လို့ မေးလိုက်တော့ ကေးက ပြဿနာမရှိပါဘူးအိုကေသွားမှာပါလို့  လက်မလေးထောင်ပြီးဖြေ လိုက်တော့ မှကျွန်မစိတ်နည်းနည်းအေးသွားသည်။ အိပ်မက်ထဲကလိုမဖြစ်နိုင်လောက်ပါ။ (ဒီဇင်ဘာကျောင်းပိတ်ရက်မှာနှင်းလျှောသွားစီးဖို့  ဒီနေ့ ကျောင်းမှာသူငယ်ချင်းတွေ တိုင်ပင် ကြတယ်။ ကျွန်မက ကျွန်မရဲ့ ရင်ထဲက ဒဏ်ရာတွေ၊ပျံ့ လွင့်နေတဲ့ စိတ်တွေကိုပေါက်ကွဲ ခွင့်ပေးလိုက်ချင်တယ်။```အကယ် ၍များ ကိုနဲ့ ဗီးနပ်စ်ရေစက်ဆုံခွင့်ရခဲ့ ရင်``လို့ ရေးလိုက်တဲ့ ကိုရဲ့ စာဟာ ကိုနဲ့ ကျွန်မရေစက်မဆုံနိုင်တော့ ကြောင်း ကိုရဲ့ ကြေငြာချက်တစ်ခုပဲဆိုတာ နား လည်လာကတည်းက ကျွန်မဟာကိုနဲ့ ပတ်သက်ရင် အကြိမ်ကြိမ်လဲကျနေခဲ့ သူပဲဆိုတာသိ လိုက်ရတယ်။ဒါကြောင့် ကျွန်မတစ်ခါမှမစီးဖူးတဲ့ နှင်းလျှောစီးဖို့ သဘောတူလိုက်တယ်)

စာကြွင်း။ ။နှင်းလျှောစီးဖြစ်တဲ့ နေ့ မှတော့ ကျွန်မဟာ စိတ်ရောကိုယ်ပါဘာဒဏ်ရာမှရှိမ နေချင်ပါဘူး။ရေခဲပြင်ကြီးတောင် သူ့ကိုဘယ်သူကဘယ်လိုပဲ နင်းဖြတ်လို့သွား သွား ဘာမှပြောင်းလဲမသွားတာနော်။
မေအောင်

Read more...

မှတ်ဥာဏ်မကောင်းပုံ


အမျိုးသမီးတစ်ယောက် ပစ္စည်းတစ်ခုခုကို အသုံးပြုပြီးလျှင် ဘယ်နေရာကိုထားရှိမိမှန်းမသိသဖြင့် မိမိ၏မှတ်ဥာဏ် ပြဿနာနှင့်ပတ်သက်လို့ ဆရာဝန်နှင့်တိုင်ပင်ရန် ဆေးခန်းသို့သွားလေ၏။
အမျိုးသမီး။ ။ ဒေါက်တာ ကျွန်မမှာ မှတ်ဥာဏ်နှင့်ပတ်သက်လို့ အခက်အခဲရှိနေပါတယ်။ ဥပမာ ဒေါက်တာရယ်… ကျွန်မ ကားယူလာတဲ့အခါ ကားကိုတစ်နေရာရာမှာရပ်ထားခဲ့တယ်၊ ပြီးတော့ ကျွန်မ ကားကိုပြန်ရှာတော့ ဘယ်ကားဟာ ကျွန်မရဲ့ကားဆိုတာ မမှတ်မိဘူး။ နောက်တစ်ခုက ကျွန်မ မျက်မှန်ကို တစ်နေရာရာမှာထားပြီးရင် ဘယ်နေရာမှာထားမိမှန်း မမှတ်မိလို့ ရှာမတွေ့ဘူး။ နောက်တစ်မျိုးက ကျွန်မရဲ့ကလေးကို တစ်နေရာရာမှာ ထားခဲ့တယ်… နောက်မိနစ်အနည်းငယ်ကြာတော့ ပြန်ရှာတော့ ဘယ်နေရာမှာ ထားခဲ့မိမှန်း မသိတော့ဘူး။
ဒေါက်တာ။ ။ အင်း… ရှင်ရဲ့ရောဂါက တော်တော်ဆိုးနေပြီပဲ။ ဒီသုံးမျိုးတည်းပဲလား… နောက်ထပ်ပြဿနာတွေရှိရင်ပြောပအုံး… မှတ်ဥာဏ်မကောင်းတာနဲ့ပတ်သက်လို့ပေါ့။
အမျိုးသမီး။ ။ မှတ်ဥာဏ်မကောင်းတာနဲ့ပတ်သက်တဲ့ပြဿနာ… ဟုတ်လားဒေါက်တာ… ကျွန်မ စောစာက ဘယ်လိုပြဿနာတွေကို ပြောခဲ့မိလို့လဲ ဒေါက်တာ။

Read more...

ခရစ္စမတ်လက်ဆောင်

>> Wednesday, December 5, 2007

တစ်ထောင်နှင့် ရှစ်ဆယ်ကျပ်။ သူမမှာရှိတဲ့ ငွေအသပြာက အဲဒါအကုန်ပဲ။ အဲဒီငွေထဲက ခြောက်ဆယ် ကျပ်မှာတော့ တစ်ကျပ်တန်အရွက်ခြောက်ဆယ်။ ဒီကျပ်တန်အရွက်လေးတွေဟာ သူမ ဈေးဝယ်တဲ့အခါ ဈေးသည်က အမ်းလိုက်တဲ့ ငွေစလေးတွေကို စုထားတာပါ။ မေရီ သူ့မှာရှိတဲ့ငွေကို သုံးကြိမ်တိတိရေကြည့်တယ်။ အားလုံးဟာ တစ်ထောင်နှင့် ရှစ်ဆယ်ကျပ်။ မနက်ဖြန်ဆိုရင် ခရစ္စမတ်နေ့။
စိတ်ညစ်တာတွေ တခဏပျောက်ပြယ်သွားအောင် ခုတင်ပေါ်ကို ပစ်လဲပြီး ကျယ်လောင်စွာ
အော်ပစ်လိုက်ချင်တယ်။ သူမ အဲဒီအတိုင်းပဲ လုပ်ပစ်လိုက်တယ်။ စိတ်ပညာရှုထောင့် ကနေကြည့်မယ်ဆိုရင် ဘ၀ဟာ ၀မ်းနည်းငိုကြွေးမှုတွေ၊ အကဲ့ရဲ့ခံရမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နက်နေတယ်။ အဲဒီအထဲမှာ အကဲ့ရဲ့ခံရမှုက ရာခိုင်နှုန်းအများဆုံးပေါ့။
သူမခင်ပွန်းးနာမည်က ကိုငှက်ကြီး။ ကိုငှက်ကြီးက ကွန်ပြူတာအရောင်းဆိုင်မှာအလုပ်လုပ်တယ်။ သူ့ရဲ့တစ်ပတ်ဝင်ငွေက သုံးသောင်းကျပ်ရှိတယ်။ ၀င်ငွေလေးကကောင်းတော့ သုံးနိုင်ဖြုန်းနိုင်ဆိုပါတော့။ အပေါင်းအသင်းတွေကလဲ ခင်မင်ကြသပေါ့။ ဒီလိုနဲ့ အလုပ်အကိုင်အဆင်မပြေဖြစ်လာပြီး ငွေကြေးအဆင်မပြေဖြစ်တဲ့အခါ သူ့ကို ဘယ်သူမှ အပေါင်းအသင်းမလုပ်ချင်ကြတော့ဘူး။ မိန်းမဖြစ်သူကတော့ ၀င်ငွေနည်းသွားပေမယ့် သူ့ခင်ပွန်းအပေါ်မှာ မေတ္တာမပျက်ပါပဲ။ ယောက်ကျားဖြစ်သူကမိန်းမကို အရီ လို့ပဲခေါ်တယ်။ သူမကတော့ ကိုငှက် လို့ပဲခေါ်တယ်။ သူတို့နှစ်ယောက်အတွက်တော့ အခုလိုကြင်ကြင်နာနာ အခေါ်အဝေါ်လေးတွေကိုက ပျော်ရွှင်စရာပါပဲ။
သူမငိုနေတာကိုရပ်ပြီး မျက်ရည်တွေကိုသုပ်လိုက်တယ်။ ပြီးတော့ ပြတင်းပေါက်မှာရပ်နေပြီး ခြံစည်းရိုးပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ ကြောင်ကလေးကို ငေးကြည့်နေမိတယ်။ မနက်ဖြန်ဆိုရင် ခရစ္စမတ်နေ့၊ ခင်ပွန်းအတွက် လက်ဆောင်ဝယ်ပို့က တစ်ထောင်နှင့် ရှစ်ဆယ်ကျပ်တိတိပဲ ရှိတယ်။ ဒီအသပြာလေးရပို့ကိုသူမ လပေါင်းများစွာ စုခဲ့ရတယ်။ တစ်ပတ်ကို ငွေနှစ်သောင်းနှင့် လောက်ငှအောင်သုံးပို့ဆိုတာကလဲ မလွယ်ဘူး။ တိုလီမိုလီအသုံးစရိတ်က သူမတွက်ထားတာထက် အမြဲပိုများနေတယ်။ အခုလက်ရှိငွေနဲ့ လက်ဆောင်ပစ္စည်းဘယ်လိုလုပ်ဝယ်ရမလဲ။ ၀ယ်လိုက်တဲ့လက်ဆောင်ပစ္စည်းကလဲ ကိုငှက်နဲ့ လိုက်ဖက်ရမယ်၊ သင့်တော်ရမယ်၊ အမှတ်တရလဲဖြစ်ရမယ်။ ခင်ပွန်းကို လက်ဆောင်ဝယ်ပေးပို့စဉ်းစားရင်း ပျော်စရာအချိန်တွေကို သူမဖြုန်းတီးနေမိတယ်။
သူမ ပြတင်းပေါက်နားရပ်နေရာမှ ရုတ်တရက် မှန်ရှိတဲ့နေရာကို လျှောက်သွားတယ်။ မှန်ရှေ့မှာရပ်နေရင်း သူမရဲ့မျက်လုံးတွေ တောက်ပလာတယ်။ ဒါပေမယ့် အဲဒီတောက်ပမှုတွေက မိနစ်နှစ်ဆယ်အတွင်း ပျောက်ပြယ်သွားခဲ့တယ်။ သူမ ဆံတုံးကို ဖြည်ပြီး ဆံပင်တွေကို ဆွဲဆန့်လိုက်တယ်။
သူတို့ ဇနီးမောင်နှံမှာ တန်ဖိုးကြီးပစ္စည်းဆိုလို့ နှစ်ခုပဲရှိတယ်။ တစ်ခုက ကိုငှက်ကြီးရဲ့ အိတ်ဆောင်ရွှေနာရီလေးပါ။ အဲဒီနာရီလေးက အဖိုး၊ အဖေ တို့ကပေးခဲ့တဲ့ အမွေပစ္စည်းလေးပါ။ နောက်တစ်ခုက မေရီရဲ့ ဆံပင်ပါ။ သူမရဲ့ဆံပင်တွေက မည်းမှောင်လို့ အရောင်တွေတောက်ပလို့နေတယ်။ မိန်းမတို့ဘုန်း ဆံတုံးဆိုသလို သူမရဲ့ဆံပင်က ဒူးဆစ်အောက်ဘက်ထိရောက်အောင်ရှည်လျားလှတယ်။ သူမ စိတ်လှုပ်ရှားစွား ဆံပင်တွေကို ထုံးလိုက် ဖြည်ချလိုက် လုပ်နေမိတယ်။ မလှုပ်မယှက်ရပ်နေမိပြီး မျက်ရည်များပင်ကျလို့နေတယ်။
သူမ အ၀တ်အစားလဲ၊ ဦးထုပ်ဆောင်းပြီး မြို့ထဲကိုထွက်သွားတယ်။ တစ်နေရာကိုရောက်တော့ သူမမြင်လိုက်မိတာက ‘ဆံပင်တုအမျိုးမျိုးရနိုင်သည်’ ဆိုတဲ့စတိုးဆိုင်တစ်ဆိုင်ကိုပါ။ သူမဆိုင်ထဲကိုဝင်သွားလိုက်တယ်။ ဆိုင်ထဲက အလုပ်သမတစ်ယောက်ကို
“ကျွန်မဆံပင်ရောင်းချင်လို့ပါ။ ကျွန်မဆံပင်ကိုဝယ်မယ်မဟုတ်လား…” လို့မေးလိုက်တယ်။
အလုပ်သမက
”ကျွန်မတို့ ၀ယ်ပါ့မယ်။ ရှင့်ရဲ့ဦးထုပ်ကိုချွတ်လိုက်ပါ။ ကျွန်မဆံပင်ကိုကြည့်ချင်လို့..”
ဆံပင်ကိုကိုင်ကြည့်ပြီးနောက် အလုပ်သမက
”ကျွန်မ တစ်သိန်းပေးပါ့မယ်”
မေရီ ချက်ချင်းသဘောတူလိုက်တယ်။ ကျွန်မကို ငွေတစ်သိန်းမြန်မြန်ပေးပါ။ နှစ်နာရီလောက်ကြာပြီးနောက် သူမ ကုန်တိုက်တွေ တစ်တိုက်ပြီးတစ်တိုက် လှည့်လည်ကာ လက်ဆောင်ပစ္စည်းကို လိုက်ရှာနေမိတယ်။ နောက်ဆုံး သူမလိုချင်တဲ့ပစ္စည်းကို စူပါဝမ်းကုန်တိုက်မှာရှာတွေ့တယ်။ အဲဒါကတော့ အိပ်ဆောင်နာရီတွေအတွက် ထုတ်လုပ်ထားတဲ့ ပလက်တီနံ ချိမ်းကြိုးလေးပေါ့။ ဒီပစ္စည်းကသာ သူမခင်ပွန်းအတွက်အသင့်တော်ဆုံးပဲလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီပလက်တီနံချိမ်းကြိုးလေးနဲ့ဆိုရင် ကိုငှက်တစ်ယောက် လူတွေအလည်မှာ မရှက်ရတော့ဘူးပေါ့။ ကိုငှက်ခမျာ နာရီကိုထုပ်ရံဖန်ရံခါပဲ ထုတ်ကြည့်ရဲတယ်။ ဘာလို့လဲဆိုတော့ နာရီမှာ တပ်ထားတဲ့ သားရေကြိုးက စုတ်ပြဲနေပြီ။ ချိမ်းကြိုးလေးအတွက် ကုန်ကျငွေတစ်သိန်းကို ကောင်တာမှာပေးချေပြီး အိမ်ကို ပြန်လာတယ်။
အိမ်ကိုပြန်ရောက်တာနဲ့ ဆံပင်ဖြတ်ရောင်းလိုက်ရတဲ့အတွက် တစ်ခုခုအကြောင်းပြချက်ပေးပို့ အလျှင်အမြန်စဉ်းစားနေမိတယ်။ တချိန်ထဲမှာပဲ အ၀တ်အစားတွေ မီးပူတိုက်၊ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်နေတယ်။ တစ်ယောက်တည်းလုပ်ရတာဆိုတော့ သူမတော်တော်လေး ပင်ပန်းသွားတာပေါ့။ ခင်ပွန်းပြန်လာတဲ့အခါ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်နေတာကိုမြင်ရတော့ စိတ်ကြည်လင်မှုရှိသွားတာကိုက သူမအတွက်ပျော်ရွှင်စရာပါပဲ။
သန့်ရှင်းရေးလုပ်လိုက်တာ မိနစ်လေးဆယ်လောက်ကြာသွားတယ်။ သူမရဲ့ ဦးခေါင်းကိုလည်း ဆံပင်ဖြတ်ထားတာမသိအောင်၊ လှလှပပလဲ ဖြစ်အောင် ပြုပြင်လိုက်တယ်။ ပြီးတော့ မှန်ရှေ့မှာရပ်ပြီး သူမကိုယ်သူမ ခြေဆုံးခေါင်းဆုံးကြည့်နေမိတယ်။ သူမတစ်ယောက်တည်း ပြောမိနေတာက…
”ကိုငှက် ငါ့ကို မြင်မြင်ချင်း မသတ်လောက်ပါဘူးလေ။ ငါ့မှာလဲ လက်ဆောင်ဝယ်ပေးပို့ငွေမှမရှိတာ။ သူ ငါ့ကို နားလည်ပေးနိုင်မှာပါလေ…”
ညနေ ခုနှစ်နာရီထိုးတော့ ညနေစာအတွက်အားလုံးပြင်ဆင်လို့ ပြီးသွားတယ်။ ခင်ပွန်းဖြစ်သူက ညနေခုနှစ်နာရီဆိုရင် အိမ်ကိုပြန်ရောက်လာတယ်။ သူက ဘယ်တော့မှနောက်ကျလေ့မရှိဘူး။ မေရီ ပလက်တီနံချိမ်းကြိုးလေးကို လက်ထဲမှာ ကျစ်ကျစ်ပါဆုပ်ကိုင်ရင်း တံခါးနားမှာရပ်ကာ နေမိတယ်။ မကြာခင်မှာပဲ ခင်ပွန်းဖြစ်သူ လှေကာအတိုင်းတက်လာတဲ့ ခြေသံကိုကြားနေရတော့ သူမတစ်ကိုယ်လုံး ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ ပြီးတော့ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ရွတ်နေမိတာက…
”အရှင်ဘုရား… တပည့်တော်ကို ကယ်တော်မူပါ… ကျွန်မရဲ့ခင်ပွန်းကို ကျွန်မမှာ ဆံပင်မရှိသော်လည်း အရင်အတိုင်းလိုပဲ လှပနေတယ်လို့ထင်အောင် လုပ်ပေးတော်မူပါ”
မကြာခင်ပဲ တံခါးပွင့်လားပြီး ကိုငှက်ကြီးအိမ်ခန်းထဲကိုဝင်လာတယ်။ တံခါးကိုပိတ်လိုက်တယ်။ ကိုငှက်ကြီး ယခင်ကထက်စာရင် ပိန်သွားတယ်။ သူကတည်ကြည်လေးနက်တဲ့ လူတစ်ယောက်။ အသက်က နှစ်ဆယ့်နှစ်နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် အိမ်ထောင်မှုအတွက်ရုန်းကန်နေရတော့ သူမျက်နှာက လူငယ်တစ်ယောက်လိုမနုပျိုတော့ဘူး။ သူ့မှာ အခုလက်ရှိအ၀တ်အစားကလဲ ဟောင်းနွမ်းနေတာ့ အသစ်တစ်စုံဝယ်ပို့လဲလိုတယ်။
တစ်ခါးပိတ်ပြီး မလှုပ်မယှက်ရပ်နေရင်း ဇနီးဖြစ်သူကို စိုက်ကြည့်နေတယ်။ သူမအဲဒီအကြည့်တွေကို နားမလည်နိုင်ဘူး။ ပြီးတော့ သူမတစ်ကိုယ်လုံးလည်း ပူထူနေတယ်။ ရုတ်တရက်သူမ သတိပြန်ဝင်လာပြီး ခင်ပွန်းလက်ကိုဆွဲလျက် အစားအသောက်တွေပြင်ထားတဲ့ စားပွဲရှိရာကိုခေါ်သွားတယ်။ သူမ စိတ်မထိန်းနိုင်ပဲ ငိုလျက်…
”ကိုငှက် ကျွန်မကို အဲဒီလိုအကြည့်မျိုးနဲ့မကြည့်ပါနဲ့။ ကျွန်မ ဆံပင်တွေကိုဖြတ်ပြီး ရောင်းလိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီနှစ် ခရစ္စမတ်မှာ ကိုငှက်ကို လက်ဆောင်ပေးချင်လို့ပါ။ ကျွန်မကို စိတ်မဆိုးပါနဲ့နော်။ ကျွန်မရဲ့ဆံပင်တွေက ပြန်ရှည်လာအုံးမှာပါ။ ကျွန်မမှာ တခြားရွေးစရာနည်းလမ်းလဲ မရှိဘူးလေ။ ကျွန်မကို နားလည်ပေးနော်။ ဆံပင်ကသန်တော့ မကြာခင် အရင်ကလိုပဲ ပြန်ရှည်လာမှာပါ။ ကျွန်မကို ပျော်ရွှင်ပါစေ၊ Merry Christmas! လို့ ပြောအုံးလေ။ ကျွန်မ ကိုငှက်အတွက် ဘယ်လိုလက်ဆောင်ပစ္စည်းဝယ်လာတယ်ဆိုတာ ကိုငှက်သိမှာမဟုတ်သေးဘူး…”
အဲဒီအခါ ကိုငှက်ကြီးမှာ အသံတွေတုန်လို့ မေးလိုက်တာက…
”ဆံပင်တွေကို ဖြတ်ပစ်လိုက်တယ်… ဟုတ်လား မေရီ…”
”ဟုတ်တယ်… ကျွန်မ ဆံပင်ကို ဖြတ်ရောင်းလိုက်တယ်။ အဲဒီလိုလုပ်မိတဲ့အတွက် ကိုငှက် ကျွန်မအပေါ်မှာ အချစ်တွေ လျှော့မသွားပါဘူးနော်။ ဆံပင်တိုနေတာကလွဲလို့ ကျွန်မက အရင်ကလိုပဲ လှပနေပါတယ်။ ဟုတ်တယ်နော် ကိုငှက်…”
ကိုငှက်ကြီးရဲ့မျက်လုံးတွေ အိမ်နံရံတွေဆီကို ရောက်သွားတော့တယ်။ သူ့နားတွေကို မယုံနိုင်လို့…
”မေရီ… ဆံပင်တွေမရှိတော့ဘူးလို့ ပြောလိုက်တာလား…”လို့ထပ်မေးလိုက်တယ်။
”ဆံပင်တွေကိုမရှာနဲ့တော့။ ကိုငှက် တွေ့မှာ မဟုတ်တော့ဘူး။ ကျွန်မပြောပြီးပြီပဲ… ဖြတ်ရောင်းလိုက်ပြီးလို့။ ကိုငှက် ဒီနေ့ ခရစ္စမတ် အကြိုနေ့… ကိုငှက်ကို လက်ဆောင်ဝယ်ပေးချင်လို့ ပါ။ ကျွန်မကိုနားလည်ပေးနော်… ” ပြီးတော့ ပျားသကာလိုချိုသာသောအသံနဲ့ …
”ကိုငှက်အပေါ်မှာ ထားရှိတဲ့ ကျွန်မအချစ်မေတ္တာကို ဘယ်သူကမှမတိုင်းတာနိုင်ပါဘူး… ကျွန်မ ဟင်းနွေးလိုက်တော့မယ်နော်…”
ကိုငှက်ကြီး မေရီစကားတွေကိုကြားလိုက်ရတော့ တွေဝေလို့နေတယ်။ ရုတ်တရက်သတိပြန်ဝင်လာပြီး အင်္ကျီအိပ်ထဲက အထုပ်လေးကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်မှာ တင်ထားလိုက်တယ်။ ပြီးတော့ မေရီကို ဖက်ထားလျက်…
”မေရီ.. ကို့အတွက်နဲ့ပတ်သက်ပြီး နောက်ထပ်အမှားတွေမလုပ်ပါနဲ့တော့ကွာ။ မေရီ ဆံပင်တွေကို ဖြတ်ရောင်းပြီး လက်ဆောင်ပေးမယ်လို့ မျှော်လင့်မထားဘူး။ ဘယ်လိုဆံပင်ပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် မေရီအပေါ်ထားတဲ့ ကို့ရဲ့ချစ်မေတ္တာတွေက ထာဝရ ခိုင်မြဲနေမှာပါ။ အဲဒီအထုပ်လေးကို ဖြည်ကြည့်လိုက်လေ။ ဆံပင်တွေမရှိတော့ဘူးလို့ကြားလိုက်ရတဲ့အချိန်မှာ ဘာကြောင့် ဇဝေဇ၀ါဖြစ်သွားတယ်ဆိုတာ မေရီသဘောပေါက်သွားမှာပါ…”
အထုပ်ကို ဖြည်နေတဲ့ မေရီရဲ့လက်ချောင်းလေးတွေ တုန်လို့နေတယ်။ သူမ အရမ်းကိုပျော်သွားတယ်။ သူမရဲ့မျက်နှာမှာ ပေါ်လွင်နေတဲ့ ပျော်ရွှင်မှုတွေက ဘယ်လိုမှကို ဖုန်းကွယ်လို့မရနိုင်ဘူး။ သူမအရမ်းကိုလိုချင်နေတဲ့ ပစ္စည်းလေးပေါ့။ အဲဒီပစ္စည်းလေးကို သူမအခုရလိုက်ပြီလေ။ အဲဒါကတော့ လိပ်ခုံးဘီး လေးပါ။ ဘီးအနားသပ်မှာ ကျောက်မျက်ရတနာတွေနဲ့ကွပ်ထားတယ်။ သူမရဲ့ဆံပင်နဲ့ဆိုရင် အရမ်းလိုက်ဖက်မှာပါ။ လိပ်ခုံးဘီးလေးရဲ့ တန်ဘိုးကြီးမားတာ သူမသိပါတယ်။ သူမလိုချင်ခဲ့ပေမယ့် မျိုသိပ်ခဲ့ရတာလဲ ကြာခဲ့ပြီးပေါ့။ အခုတော့ သူမ အဲဒီဘီးလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ။ ဘီးလေးကို ရင်ခွင်မှာပိုက်ကာ မျက်ရည်များဝဲလျက်…
”ကိုငှက် ကျွန်မဆံပင်တွေက အရမ်းသန်ပါတယ်… မကြာခင် ပြန်ရှည်လာမှာပါ…”
ပြီးတော့ မေရီ ကြောင်လေးတစ်ကောင်လို ပေါ့ပါးသွက်လက်စွာခုန်လျက်…
”အိုး… ကိုငှက် ကျွန်မပေးမယ့် လက်ဆောင်ကို မမြင်ရသေူးဘူးနော်… ဟောဒီမှာဆိုပြီး သူမလက်ကို ဖြန့်ပြလိုက်တယ်…”
သူမလက်ထဲက ပလက်တီနံချိမ်းကြိုးလေးဟာ သူမရဲ့ပျော်ရွှင်မှုတွေကြောင့် အရင်ကထက်ပိုမိုတောက်ပနေသလိုပဲ။ ပြီးတော့ သူမက…
”ချိမ်းကြိုးလေးက ဘယ်လောက်ခန့်ညားလိုက်လဲ။ ကျွန်မ တစ်မြို့လုံးမှာရှိတဲ့ ကုန်တိုက်တွေကို လိုက်ရှာပြီး ၀ယ်ခဲ့ရတာ။ ဒီချိမ်းကြိုးလေးကိုသာတပ်လိုက်ရင် ကိုငှက်တစ်နေ့ကို အကြိမ်ပေါင်းတစ်ထောင်လောက်နာရီကို ထုတ်ကြည့်လို့ရပြီ။ ကျွန်မကို နာရီလေးပေးစမ်းပါ။ ချိမ်းကြိုးလေးနဲ့နာရီ ဘယ်လောက်လိုက်ဖက်လဲဆိုတာ ကျွန်မကြည့်ချင်လို့ပါ…”
မေရီပြောတာကို မကြားချင်ဟန်ဆောင်ပြီး ဆိုဖာပေါ်ကို ထိုင်လိုက်တယ်။ ပြီးတော့ ပြုံးရ်ီလျက် လက်တွေကို ခေါင်းပေါ်တင်ထားလိုက်တယ်။
”မေရီ… အဲဒီပစ္စည်းလေးတွေကို ငါတို့နဲ့အဝေးမှာထားလိုက်ပါကွာ… ခဏသိမ်းထားလိုက်တာ ပိုကောင်းမယ်ထင်တယ်ကွာ။ ဒီလက်ဆောင်ပစ္စည်းတွေက တို့အတွက်တန်ဘိုးကြီးမားလွန်းလှတယ်။ ကို… မေရီအတွက် လိပ်ခုံးဘီးဘေးဝယ်ပို့ဆိုပြီး နာရီကိုရောင်းလိုက်တယ်ကွာ။ ထမင်းတွေ ဟင်းတွေခူးခပ်တော့ကွာ။ မေရီလည်းဗိုက်ဆာရော့ပေါ့။ ထမင်းစားကြရအောင်…”
ဇနီးမောင်နှံနှစ်ယောက် ထမင်းလက်ဆုံစားရင်း လက်ဆောင်အကြောင်းကို မပြောဖြစ်တော့ပဲ တခြားအကြောင်းအရာများကိုသာ ပြောဆိုနေရင်း ခရစ္စမတ်ကို ကြိုဆိုလိုက်ပါတော့တယ်။

O. Henry ရဲ့ “The Gift of the Magi” ၀တ္ထုတိုကို ဘာသာပြန်ထားတာပါ။ ဇာကောင်နာမည်တွေကိုတော့ ပြောင်းထားပါတယ်။ စာဖတ်သူအပေါင်း ပျော်ရွှင်ကြပါစေ။ ကျေးဇူးတင်ပါသည်။
မောင်လုံး

Read more...

ဒီခေတ်ကြီးထဲမှာ

>> Tuesday, December 4, 2007

အိုင်တီခေတ်ကြီးမှာ အရှိန်အဟုန်နှင့် တိုးပြီးရင်းတိုးတက်လို့သာ လာနေချေပြီ။ (ကုန်ဈေးနှုန်းနှင့်အတူ တိုက်ရိုက်အချိုးကျနေခြင်းမှာတော့ ဖန်ဆင်းရှင်၏ ကျီစယ်မှုလေလားမပြောတတ်) အိုင်တီနည်းပညာတိုးတက်မှု၏ အဓိကအခန်းတွင် မဖြစ်မနေပါဝင်သရုပ်ဆောင်နေသူတစ်ယောက်မှာ အင်တာနက်ဖြစ်သည်။ ထိုပုဂ္ဂိုလ်၏အစွမ်းပကားဖြင့် ကမ္ဘာတစ်ခွင် ပြဲပြဲစင်အောင် ခြေစင်္ကြာဆန့်လို့ရပြီ။ GoogleEarth လိုအရာမျိုးဖြင့် ရွာမှာနေသော ဆွေမျိုးတွေ၏ နွားတင်းကုတ်ကိုပင် အလွမ်းပြေကြည့်လို့ရနေပြီ်။ အမေရိကားလိုနိုင်ငံမျိုးကိုတော့ maps.google.com မှ အပြင်မှာမြင်နေရသည့်အတိုင်း ကြည့်လို့ရနေချေပြီ။ ကျွန်တော်တို့မှာလည်း ထိုထိုသော ထူးဆန်းထွေလာ နည်းပညာခေတ်ကြီးတွင် မွေးဖွားကြီးပြင်းလာကြသူများနည်းတူ၊ ငါတို့လဲ တစ်ခန်းတစ်နေရာကတော့ ပါဝင်ကြမယ်ဟဲ့လို့ ကြွေးကြော်ကာ အင်တာနက်ဆိုတာကြီးကို လှန်လိုကလှန်၊ မှောက်လိုကမှောက်ဖြင့် သုံးစွဲနှိပ်စက်ကလူ ပြုမူနေကြသည်မှာ နှစ်အတော်ကြာပင် ခရီးပေါက်ခဲ့လေပြီ။ မကြာသေးမီခေတ်များကတော့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ အလုပ်အကိုင်ကိစ္စဖြင့်လည်းကောင်း၊ ပညာရှာမှီးရန်အတွက်လည်းကောင်း ထွက်ခွာလာရသူများမှာ၊ အဆိုတော် ဒေါ်နွဲ့ယဉ်ဝင်း၏ “ရွှေပင်လယ်ကြီး ကာဆီးထားလို့ ဆုံဆည်းရဖို့ ဘယ်လောက်ထိစောင့်ရမယ်မသိဘူး” ဆိုသော သီချင်းစာသားလေးအတိုင်း ပြန်မလာခင်အချိန်အထိ ချစ်သူမျက်နှာတွေ့ဖို့မလွယ်တော့။ အသံလေးကိုပင် တစ်လမှ နာရီဝက်လောက် ကြားခွင့်ရနိုင်မည်။ (ဒါတောင် ထိုခေတ်ထိုအခါက ဖုန်းဘိုးမှာ နည်းမည်မဟုတ်) ရုပ်ဆိုရင်တော့ ဝေလာဝေး။ တချို့ချစ်သူရည်းစားတွေကတော့ ဓါတ်ပုံလေးတွေရိုက်ပို့ရသည်။ စာပို့ရတာလည်း သိပ်တော့မလွယ်လှ။ ဆယ်စောင်ပို့လျင် ငါးစောင်ခြောက်စောင်ရောက်ဖို့ပင် သိပ်မသေချာလှပေ။
ယခုတော့ ဒီလိုမဟုတ်တော့။ ပင်လယ်ကြီးကာဆီးထားလဲ ဂရုမစိုက်၊ သမုဒ္ဒရာကြီးဆီးတားထားလဲ စိတ်ပူစရာမလိုတော့။ ကမ္ဘာဆိုတာ ရွာကြီးတစ်ရွာလိုပင် ဖြစ်နေချေပြီဟု၊ ပညာရှင်တို့ ခေါ်ဝေါ်သမုတ်နေကြလေပြီ။ မြန်မာပြည်မှ စင်္ကာပူသို့ ကျောင်းသွားတက်သည်ဆိုလျင်ပင်၊ ရွာတောင်ပိုင်းမှ ရွာမြောက်ပိုင်းသို့ မန်ကျည်းရွက်သွားခူးသလို ဖြစ်နေသည်။ ချစ်သူရည်းစားဆိုလျင်လည်း၊ online မှာ အချိန်ပြည့်တွေ့လို့ရသည်။ ရွာမှာကောက်စိုက်သည့်လက်များသည်၊ ကီးဘုတ်ပေါ်မှာ တဖြောင်းဖြောင်း။ ရွာထိပ်က မန်ကျည်းပင်ရိပ်အောက်မှ အတင်းပြောသံများသည်၊ အွန်လိုင်းပေါ်မှာတညံညံ။ စာပို့လျင်လည်း ယခင့်ယခင်ခေတ်များကလို တစ်လကိုးသီတင်းစောင့်ဖို့မလို။ ကလစ်ဆိုတာနှင့် ရောက်သွားချေပြီ။ (တစ်ခါတလေ ကလစ်တာမှားပြီးပင် ရောက်တတ်သေးသည်)။ အသံလေးကြားဖို့ဆိုတာလဲ မခဲယဉ်းတော့။ (ခဲယဉ်းအောင်လုပ်ထားသော အချို့အချက်အလက်များကိုတော့ သည်းခံစိတ်ဖြင့်သာ မသိကျိုးကျွံပြုကြကုန်လော့) ဂျီတော့၊ ဒီတော့စသည်ဖြင့် တော့တွေက စုံလင်လှသည်။ ဒီတော့ဖြင့်အဆင်မပြေလျင် ဟိုတော့ကို ပြောင်းလို့ရသည်။ ဟိုတော့ကို ဟိုလိုလုပ်ထား၍ တော့မရလျင်၊ ဟိုလိုကျော်၍တော့ရပြန်သည်။ ဘယ်လိုပင်ဆိုစေကာမူ၊ တော့လို့ရနေတာတော့အမှန်ပင်။ တချို့က တစ်နေကုန်တော့သည်။ တချို့က အခန်းဖော်ကျောင်းသွားတုန်းတော့သည်။ တချို့က အလုပ်အားချိန်၊ ကျောင်းအားချိန်မှာတော့သည်။ တော့ရတာအားမရသူများကတော့ အလုပ်ဖျက်၊ ကျောင်းလစ်၍ပင် တော့နေကြလေပြီ။ တော့ကမ္ဘာကြီးသည်လဲ တော့သံများဖြင့် ဖုံးလွှမ်း၍နေလေပြီ။
လူ့လောဘဆိုတာလဲ အခက်သား၊ ဘယ်တော့မှ ရောင့်ရဲတင်းတိမ်နိုင်မှုမရှိကြ။ အသံလေးကြားရယုံနှင့် မကျေနပ်နိုင်။ သောတအာရုံခံစားမှုဖြင့် မတင်းတိမ်နိုင်ကြတော့။ စက္ခုအာရုံလေးလဲ ခံစားချင်လာကြသည်။ လူသားတို့၏လိုအပ်ချက်ကို စဉ်ဆက်မပြတ်ဖြည့်စွမ်းပေးရင် သတ္တလောကကြီးကို အကျိုးပြုနေကြသော ပညာရှင်များမှာ ဒီတိုင်းထိုင်နေလို့မဖြစ်တော့။ ရုပ်ပါမြင်ရသော “ဝက်ကန်” ဆိုတာလေးတွေတီထွင်လာကြသည်။ အသုံးပြုသူမောင်မင်းကြီးသား၊ မယ်မင်းကြီးသားတို့မှာလည်း၊ ရေငတ်တုန်းရေတွင်းထဲပြုတ်ကျ ဆိုသည့်နည်းတူ၊ အလုအယက်ဝယ်ယူသုံးစွဲကြလေပြီ။ ဗွီဇက်အို၊ ဒီဇက်အိုစသည်ဖြင့် အိုပေါင်းများစွာကလည်း၊ လူသားတို့၏လိုအပ်ချက်အလျောက် ပေါ်ပေါက်လာကြပြန်လေသည်။ ဤသို့ဖြင့် အိုင်တီခေတ်ကြီးတွင် အိုင်တီလူသားတို့မှာ တော့လိုက်၊ ကန်လိုက်ဖြင့်၊ တော့ကန်သဘောတရားထဲတွင် စီးမျောရင်း နည်းပညာ၏အသီးအပွင့်များကို မြိန်ယှက်စွာ ဆွတ်ယူစားသုံးလျက် နေကြလေပြီ။
သို့သော် တော့လိုက်၊ ကန်လိုက်ဘဝကို ရောင့်ရဲတင်းတိမ်နေကြလေပြီလောဆိုသော်၊ ထိုသို့မဟုတ်။ ပညာရှင်များကလဲ တချိန်ချိန်မှာ လိုအပ်လာမည့် အိုင်တီလူသားတို့၏ တောင့်တမှုများကို ကြိုတင်တွေးခေါ်ကြံစလာကြလေချေပြီ။ ယခုလည်း တော့ကန်ဖြင့်သာ မရောင့်ရဲနိုင်သူတို့အဖို့ ပညာရှင်တို့ တီထွင်လိုက်သည်မှာ ဂန္ဓာရုံကိုပေးစွမ်းနိုင်သော ကိရိယာလေးပင်။ ထိုကိရိယာလေးကို ကွန်ပြူတာနောက်ဖက်ပေါက်မှတပ်ဆင်လိုက်လျင် ကြိုးလေးတန်းလန်းနှင့် ကြိုးအဆုံးတွင် သံဇကာကွက်လေးတွေနှင့်ယက်ထားသော အဝအနည်းငယ်ကျယ်သည့် smelling sensor လေးကိုတွေ့ရမည်။ ထို sensor လေးနားတွင် အသုံးပြုသူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို ကပ်လိုက်လျင်၊ ထိုခန္ဓာကိုယ်မှ အနံ့အသက်လေးမှာ sensor မှတစ်ဆင့် အသုံးပြုသူ၏ကွန်ပြူတာ၊ ထိုမှတစ်ဆင့် တစ်ဖက်လူ၏ receiver ထဲသို့တိုက်ရိုက်ရောက်သွားသည်။ receiver ၏ ကြိုးအဆုံးတွင် နှာခေါင်းနှင့်ဆင်တူသော အပေါက်နှစ်ပေါက်ပါသည့်ကိရိယာလေးရှိသည်။ အသုံးပြုသူက ထိုအရာလေးကို မိမိနှာခေါင်းတွင် တပ်ဆင်လိုက်လျင်၊ တစ်ဖက်လူ၏အနံ့ကို တိုက်ရိုက်ခံစားရပေလိမ့်မည်။ အသုံးပြုနေချိန်အတွင်းတွင်၊ နှာရှူဆေးဗူးမရှူရ၊ ဆေးလိပ်မသောက်ရ၊ ငပိတွေဘာတွေလဲမကြော်ရ။ ငပိချက်လိုမျိုးနှင့်ထမင်းစားထားလျင်လဲ၊ လက်တို့၊ ပါးစပ်တို့ကို စင်ကြယ်အောင်ဆေးပြီးမှ အသုံးပြုသင့်သည်။ သို့မဟုတ်ပါက၊ အနံ့ခံအာရုံမှားယွင်းမှုများနှင့် ကြုံတွေ့ကာ တစ်ဖက်လူ၏နှာခေါင်းကို ဒုက္ခပေးတတ်သည်။ ဤနည်းအားဖြင့် အသုံးပြုသူ မောင်မင်းကြီးသား၊ မယ်မင်းကြီးသားတို့မှာ၊ အသံလေးကြားရဖို့နှင့် ကိုယ်ကပြန်ပြောဖို့ headset လေးကို ခေါင်းမှာတပ်ထားရမည်။ screen ပေါ်မှာက “ဝက်ကန်” လေး ကန်ထားမည်။ smelling sensor ကို ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုခုတွင် ကပ်ထားမည်၊ receiver ကို နှာခေါင်းနှစ်ပေါက်တွင် တပ်ဆင်ထားမည်ဆိုပါက၊ တော့ကန်နမ်းလေးလုပ်လို့ရပေပြီ။
တီထွင်သူရှိတော့လဲ အသုံးပြုသူရှိပေမပေါ့။ မကြာသေးမီရက်တစ်ရက်က သူငယ်ချင်းတစ်ယောက်၏မွေးနေ့။ မွေးနေ့ဆိုတော့လည်း ချစ်သူရည်းစားကို တော့ကန်လေးလုပ်ချင်သည်။ ကျွန်တော်က တော့ကန်လောက်တော့လုပ်မနေနဲ့၊ ဟိုကိရိယာလေးပါထည့်လိုက်ပေါ့ကွာ၊ တော့ကန်နမ်းလေးလုပ်လို့ရတာပေါ့ ဆိုတော့၊ သူသဘောခွေ့ကာ နမ်းကိရိယာလေးကိုပါ တပ်ဆင်လိုက်သည်။ “ဝက်ကန်“မှာ ကောင်းကောင်း ကန်နိုင်အောင် အပြတ်ဖီးလိမ်းသည်။ အဆင်ပြေမပြေ “ဝက်ကန်”မှာ ကိုယ့်ရုပ်ကို ပြန်ကြည့်လိုက်သေးသည်။ သေချာပြီဆိုတော့မှ အသံစမ်းသည်။ ချောင်းလေးတစ်ချက်နှစ်ချက်ဟန့်လိုက်တော့ အသံက ဘောက်ကထွက်လာသည်။ ထိုအခါကျမှ ဘောက်ကိုဖြုတ်ပြီး headset တပ်ဖို့သတိရသည်။ အားလုံးအိုကေပြီလား၊ မဟုတ်သေး။ ဒီနေ့ကထူးခြားသည်။ smelling sensor လေးပါတပ်ထားတာဆိုတော့၊ အမွှေးအကြိုင်လေးကလဲ လိုသေးသည်။ ရှိသမျှရေမွှေးတွေအကုန်ဆွတ်သည်။ အော်ဒီကလုံး၊ ဒေါ်ကြည်ကလုံးစသည်ဖြင့် ကလုံးတွေစုံလင်လှသည်။ နောက်ဆုံးအားမရသဖြင့်၊ air fresher ဗူးလေးနှင့်ပင် ခန္ဓာကိုယ်တစ်ခုလုံး တရှူးရှူးဖြန်းလိုက်သေးသည်။ အဆင်ပြေပြီဆိုမှ ချစ်သူနှင့် တော့ကန်နမ်း ဇာတ်လမ်းစတော့သည်။ အစကတော့ အဆင်ပြေလို့။ ဒီဖက်ကလည်း တရှူးရှူး၊ ဟိုဖက်ကလည်း တရှူးရှူးနှင့် ချစ်လိုက်ကြတာ၊ ပညာရှင်များကိုကျေးဇူးတင်ဖို့ပင်မေ့နေမိသည်။ သိပ်မကြာလိုက်ပါ၊ ဟိုဖက်ကရည်းစားက အပြတ်ကောတော့သည်။ “ရှင်က ချစ်သူနဲ့စကားပြောနေတာတောင်၊ ထိန်းမထားနိုင်ဘူးလား၊ ထိန်းမထားနိုင်ရင်လဲ အပြင်လေးခဏထွက်ပြီး ကိစ္စရှင်းပါလား“ စသည်ဖြင့် ပြသနာရှာတော့သည်။ သကောင့်သားမှာ မျက်လုံးလေးကလယ်ကလယ်နှင့်၊ သူလဲဘာမှမလုပ်လိုက်ရ။ လေလည်ရအောင်လဲ၊ အဲလိုမျိုးဖြစ်မှာစိုးလို့ကို၊ စောစောစီးစီးတည်းက ရှင်းထားပြီးသား။ နောက်ဆုံးတော့ တရားခံပေါ်သွားသည်။ အခြားလူမဟုတ်၊ အိုင်တီခေတ်၏ မာန်နတ်မင်းသားကြီး ကိုကိုhacker ဖြစ်သည်။ ပစ္စည်းက ပေါ်ကာစဆိုတော့၊ ပညာရှင်များက လုံခြုံမှုကိစ္စကို သေချာမစဉ်းစားရသေး။ ဈေးကွက်ကလဲ တောင်းဆိုနေ၊ ထုတ်လုပ်သူကလဲလောနေသဖြင့်၊ အမြန်ထုတ်လိုက်ရခြင်းဖြစ်သည်။ hacker များက ထိုအခွင့်အရေးကို ကောင်းစွာအသုံးချလျက်၊ အနံ့ခံ code များကို ဝင် change သွားခြင်းဖြစ်သည်။ ဘုရားပွင့်တာတောင်၊ မာန်နတ်ကနှောက်ယှက်လေ့ရှိရာ၊ အကောင်းရှိလျင် အဆိုးရှိတတ်သည်မှာ လောက၏ နိယာမသဘောတရားတစ်ခုလေလောဟု ထင်မိလေမည်လား မပြောတတ်တော့ပါ။ ။
မောင်ဖြူ (2:20pm, 04.12.2007)

Read more...

သူတို့ စကား

>> Sunday, December 2, 2007

သစ်ပင်ကြီး(ခိ)
ဒင်းကလေးကိုလေ……ကျုပ်ကရင်ဘတ်ကြီးထဲမှာသိမ်းထားချင်တဲ့ကောင်ပါဗျ။ လောကကြီးကမာယာများတယ်လောကကြီးနဲ့ မပတ်သက်အောင် ဒင်းကလေးကို ကာကွယ်ပေးချင်တဲ့သူ။ ဒါကိုအလိုက်ကမ်းဆိုးမသိ ဒင်းကလေးက ကြွေရမှာကိုကြောက်ပေမဲ့ တစ်ဘ၀မှတစ်ခါတော့ ဝေပါရစေနော်တဲ့ ဘယ်ကညဉ်ဆိုးတွေရလာတယ်မသိဘူး။ ခဏခဏတောင်းဆိုနေတော့လဲ ကျုပ်ကချစ်တဲ့ကောင်လေ၊ ခွင့်မပြုပဲနေနိုင်ပါ့မလား။ ဟော ခွင့်လဲပြုလိုက်ရော ဒင်းကလေးက မာနတွေနဲ့ လှလှပပကြီးကို ပျော်နေတော့တာ ဗျို့။ ကျုပ်လဲသူ့အပျော်တွေကူးစက်ခံရပြီး ကိုယ်ကိုကိုယ်မေ့နေမိတယ်။ ခုနက MP3နဲ့လူတစ်ယောက်ဟာ “လေယူနှင်လာ ကြွေကာဝဲကာဆင်း ရွှေမှုံရောရာမြေသို့သက်လျော လွမ်းဘွယ်သာမောစွာ”ဆိုတဲ့သီချင်းနဲ့ ကျုပ်ခြေရင်းမှာလာထိုင်တယ်။ ရီဝေေ၀သူ့မျက်လုံးတွေက ၀ါဖျော့နွမ်းနေတဲ့ ဒင်းကလေးကိုကြည့်လို့။ အဲဒီတော့မှ ဒင်းကလေး ကျုပ်ကိုစွန့်ခွာသွားပြီဆိုတာ သိလိုက်ရတယ်။ MP3နဲ့လူရေ တစ်ကယ်ရင်နာဖို့ကောင်းတာက ကျုပ်ပါဗျ။ မခေါ်ဘဲလာ မနှင်ဘဲပြေးတဲ့ ဒင်းကလေးအကြောင်း ခင်ဗျားကောင်းကောင်းမသိသေးလို့နော်။


ကြွေ့ အကြောင်း(သစ်ရွက်လေး)
နောက်ဆုံးအချိန်ဆိုတာ ကျွန်မသိပါတယ်။ ရှိသမျှအင်အားတွေကို ဖမ်းဆုပ်ယူပြီး ကျွန်မခိကိုကြည့်လိုက်တယ်။ ” ဒီမယ်ခိ (ကျွန်မကသူ့ကိုဂျပန်လိုချစ်စနိုးခေါ်တယ်) ရှင်ဟာသိသိရက်နဲ့ ကျွန်မကိုခွန်အားတွေဖြတ်တောက်ပစ်ခဲ့တာ၊ ရှင့်အနားကထွက်ခွာသွားစေချင်လို့မဟုတ်လား။ ရှင်ဟာအသစ်အသစ်တွေနဲ့ မကြာခင်ပျော်နေတော့မှာလို့ ကျွန်မခန့်မှန်းလို့ရတယ်” လို့ပြောပစ်လိုက်တယ်။ ခိကမကြားချင်ယောင်ဆောင်နေတယ်။ ကျွန်မအနားမှာ ကောင်မလေးတစ်ယောက် ကဗျာရေးနေတယ်။
“သစ်ရွက်မစို
ရိုးတံအိုနှင့်
မချိုအနှစ်
ကျွန့်အဖြစ်မှာ” တဲ့။
ကျွန်မအဲဒီထိပဲဖတ်နိုင်တော့တယ်။ သူ့ရဲ့အထီးကျန်ဘ၀ကို ခိနဲ့နှိုင်းပြီးမျက်ရေကျနေတယ်။မငိုပါနဲ့ကွယ်။ ကောင်မလေးရေ ရွက်ကြွေလေးရဲ့ခွဲခွာခြင်းကသာ ထာဝရခွဲခွာခြင်းပါ။ ခိဟာ စိမ်းစိုနုသစ်တဲ့အချစ်တွေနဲ့ မကြာခင်မှာ ပြန်လည်နိုးထ အသက်ဝင်လာဦးမှာပါ။ မင်းလည်းပဲလေ…..ပြောရင်းနဲ့ ကြွေဟာခိအနားမှာပဲ….သူ့ကိုယ်သူတစ်စစီ သဂြိုဟ်ပစ်လိုက်တယ်။ ။
မေအောင်

Read more...

အိပ်မက်ချို

ကိုယ်...လိပ်စာလဲမပေးပဲနဲ့
ကိုယ့်ဆီကို
အလွမ်းပါဆယ်ထုပ်ကြီးကြီးတစ်ခုရောက်လာတယ်
နှလုံးသားတစ်ခုလုံးနဲ့  ရွေးယူလိုက်ရတာ
တဆိတ်တော့လွန်လွန်းတာပေါ့။
ရတဲ့နေ့ ကစလို့ 
ထိန်းသိမ်းစောင့်ရှောက်နေရတာ
ဒီနေ့အထိ
ထမင်းမေ့
ဟင်းမေ့
ကော်ဖီလဲမေ့….
ဝမ်းရေးထက် လွမ်းရေးခက်နေတယ်။
အဲဒီတုန်း
“ဗြုန်း’’ ဆို
ရေနည်းငါးတွေဆီက
လွတ်မြောက်ရေးအတွက်
အချက်ပေးလိုက်သံ
ကိုယ်ထံရောက်ရှိ
မနက်ဖြန်
ဆက်ရန်
လက်ကျန်အလွမ်းမရှိ(နဲ့)။
ဖောင်ဖွဲ့ပါ။
တက်ကျိုးရင်
လက်ထိုးလှော်စရာမလို
လျှော်တွေဟာအပိုပါပဲ။
တစ်စစီဆွဲဖျက်
တစ်ယောက်စီခွဲထွက်
ဆက်လက်တိုက်ပွဲဝင်
အသက်ရှင်နေသရွေ့ 
ပြန်တွေ့ မယ် “” ဧရာဝတီ “” မှာလေ။
မေအောင်

Read more...

မိုးသေနတ်တွေ...


ရုရှားသီချင်းပါ။ အဆိုတော်နာမည်ကတော့ ဇဗျဲရီပါ။ နာမည်ကျော်တစ်ယောက်ပါပဲ။
ကျနော်ကတော့ နားထောင်ရတာ အတော်ကိုကြိုက်ပါတယ်။
ကြိုးစားပြီး ဘာသာပြန်လိုက်ပါတယ်။
ဝေးနေခဲ့ရင် ဘာသာပြန်အားနည်းတာဖြစ်ပါလိမ့်မယ်။
နားထောင်သွားကြပါဦး။
ကျေးဇူးတင်ပါတယ်။

Дожди-пистолеты
မိုးသေနတ်တွေ...

Не заплачу, не грузи,
Не утонет в речке мячик.
От Версаче эксклюзив
Больше ничего не значит

မငိုကြွေးဘူး၊ မပူဆွေးဘူး။
ဘောလုံးလေး ရေထဲမှာ နှစ်မြုတ်မသွားဘူး။
အံ့သြစရာကောင်းတာကလွဲပြီး ဘာအဓိပ္ပါယ်မှ ပိုမရှိပါဘူး။

Тук-тук здравствуй это я
Потерялся ключ в кармане
Губы тают на губах
Не обманет не обманет

ဒေါက် .... ဒေါက်
ပြန်လာပါပြီ
ငါပါ
အိတ်ကပ်ထဲက သော့ကျပျောက်သွားလို့
နှုတ်ခမ်းတွေက နှုတ်ခမ်းတွေကိုလွမ်းလို့ အရည်ပျော်ကျ
မလိမ်ပါဘူး၊ မညာပါဘူး။

Любовь зарядила дожди-пистолеты
Любовь зарядила холодное лето
Не жалко не жалко летит твоё лето
Щелчок зажигалки дожди-пистолеты

အချစ်မှာ မိုးသေနတ်ကျည်တွေဖြည့်ထားတယ်။
အချစ်မှာ ချမ်းစိမ့်တဲ့နွေကျည်တွေဖြည့်ထားတယ်။
မင့်ရဲ့နွေရာသီပျောက်ဆုံးသွားလည်း ၀မ်းမနည်းဘူး။
ဂျောက်ကနဲ မီးခြစ်ခြစ်သံ - မိုးသေနတ်တွေပေါ့။

Нам с тобой грустить нельзя
Паровоз мой на верёвках
Здравствуй лето без тебя
На стеклянных остановках

မင်းနဲ့ငါလည်း ပူဆွေးနေလို့ မဖြစ်သေးပါဘူး
ငါ့အချစ်စက်က ဒီသံယောဇဉ်ကြိုးနဲ့ချိတ်ဆက်။
မင်းမရှိဘဲ နွေရာသီကို နှုတ်ဆက်ရဦးမယ်
တလက်လက်ထ ဒီမှတ်တိုင်တွေကနေပြီးတော့။

Разлетаются звеня
Мимо сердца мимо мимо
Капли летнего дождя
По витринам, по витринам

ခေါင်းလောင်းသံတွေ ပျံ့လွင့်လာတယ်
ငါ့အသည်းနားကကို ဖြတ်သွားတာ
နွေမိုးစက်တွေ ရွာချ
ပြတင်းပေါက်လေးအတိုင်းကနေပြီးတော့လေ၊ ပြတင်းပေါက်လေးအတိုင်းကပေါ့။

Любовь зарядила дожди-пистолеты
Любовь зарядила холодное лето
Не жалко не жалко летит твоё лето
Щелчок зажигалки дожди-пистолеты

အချစ်မှာ မိုးသေနတ်ကျည်တွေဖြည့်ထားတယ်။
အချစ်မှာ ချမ်းစိမ့်တဲ့နွေကျည်တွေဖြည့်ထားတယ်။
မင့်ရဲ့နွေရာသီပျောက်ဆုံးသွားလည်း ၀မ်းမနည်းဘူး။
ဂျောက်ကနဲ မီးခြစ်ခြစ်သံ - မိုးသေနတ်တွေပေါ့။




Read more...

ဆောင်းဦးပေါက်အသွေးစုံအရောင်များကို ခံစားခြင်း (၂)

>> Saturday, December 1, 2007


ကမကုရဘုရားကို ရောက်သွားတော့ ဆောင်းဦးပေါက် အရောင်အကြောင်းကို ရေးပြီးသားဖြစ်ပေမယ့် ထပ်ပြီးရေးချင်စိတ်တွေ၊ ဝေမျှချင်တဲ့စိတ်တွေ ပေါ်လာပါတယ်။ ဒီနေ့ကတော့ အနီရောင်မေပယ်(လ်)ပင်တွေအပြင်၊ Ginkgo-ပင်တွေကလည်း အ၀ါရောင်တွေ ပြောင်းပြီးတော့ ဆောင်းဦးပေါက်ကို အလှတစ်မျိုးဆင်ထားပြန်တယ်။ ပထမဆုံးကျောင်းထဲကိုသွားတော့ အ၀ါရောင်လမ်းတွေအပေါ်မှာ လျှောက်ခဲ့ရတယ်။ ခြေထောက်နဲ့မြေကြီး တကယ့်ကို မထိခဲ့ဘူး။ အ၀ါရောင်လမ်းလေးအပေါ်မှာ အလွမ်းစိတ်တွေနဲ့အတူ အချိန်အကြာကြီးမျောပါခဲ့ရတယ်။ ဘယ်ဆီကို လွမ်းမှန်းတော့မသိဘူး။ လွမ်းလို့တော့ အရသာက အရှိသား။ အလွမ်းဓာတ်ခံရှိ၊ မရှိကတော့ အဓိကဟုတ်မယ် မထင်ဘူး။ ပိုကဲလှတဲ့ ဆောင်းဦးပေါက်သဘာဝတရားက ဆွဲဆောင်သွားတာဖြစ်မယ်လို့ ထင်မိတယ်။ အ၀ါရောင်လမ်းကလေးက လွန်လာတဲ့အခါမှာ မေပယ်(လ်)နီနီတွေကိုလည်း သံယောဇဉ်မပြတ်တော့ တစ်ချက်ကြည့်မိတယ်။
ကမကုရဘုရားကို ရောက်သွားတဲ့အခါမှာလည်း အ၀ါရောင်၊ အနီရောင်အရွက်စုံ၊ အရောင်စုံကြားမှာ ကြည်ညိုစရာကောင်းလှတဲ့ ရုပ်ထုတော်ကို ဖူးတွေ့ရပြန်ပါတယ်။
ကမကုရဘုရားကိုဖူးမြော်ရင် ဂျပန်ကိုလာရတတ်တယ်လို့ဆိုကြပါတယ်။ ဂျပန်ကို အရောက်လာချင်ကြရင်တော့ ဒီကဝေမျှထားတဲ့ဓာတ်ပုံကို ဖူးမျှော်ကြပါလို့။













Read more...

Akashi-KaiKyo Bridge

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဆရာရယ်၊ သူငယ်ချင်းတွေနဲ့အတူ တကမဆု(Takamatsu) နဲ့ မဆုရာမ(Masuyama)မြို့ တွေမှာနေပြီး အကရှိကိုင်ကျို တံတား(Akashi-KaiKyo Bridge)ကို လေ့လာရေးရောက်ခဲ့ပါတယ်။ တကမဆုလေဆိပ်ကနေ ကားနဲ့တစ်နာရီကြာ စီးရပါတယ်။ တစ်နာရီကြာလောက်ကားစီးပြီးတာနဲ့ တံတားအောက်ခြေက ဆောက်လုပ်ရေးရုံးကို ရောက်ပါတယ်။ ကားပေါ်က ဆင်းတာနဲ့ မြေပြင်ကနေ တံတားကို မြင်တော့ တအံ့တသြဖြစ်သွားရပါတယ်။ ဓာတ်ပုံတွေလည်း ရိုက်ပါတယ်။ တိုင်ထိပ်ကိုတပ်ရမယ်ဆို ဂရုစိုက်ရပါတယ်။ Safetyအတွက် လက်အိပ်တွေစွပ်၊ ဦးထုပ်တွေဆောင်းလုပ်ရပါတယ်။ ပြီးတာနဲ့ တံတားတိုင်ထိပ်ကိုတက်ဖို့ ပြင်ဆင်ကြပါတယ်။ လူတိုင်းတက်ခွင့်မရပါဘူး။ တာဝန်ရှိသူတွေရယ်၊ ခွင့်ပြုချက်ရထားတဲ့သူတွေပဲ တိုင်ထိပ်ကို တက်ခွင့်ရတာပါ။ စက်သီးတွေနဲ့ဆွဲထားတဲ့ စက်လှေကားကနေတက်ရတာ အသည်းယားစရာ ကောင်းလှပါတယ်။ ပြီးတော့လည်း လူအများကြီးမတက်ရပါဘူး။ ငါးယောက်တစ်အုပ်စုပဲတက်ရပါတယ်။ အင်ဂျင်နီယာတွေက တံတားတိုင်ထိပ်ကို ခေါ်သွားတော့ မြေပြင်ကနေမြင်ပြီး အံ့သြတာတွေထက်ကို ပိုပြီး မြင်ရ၊ကြည့်ရတာတွေက အံ့သြစရာကောင်းနေပါတယ်။ ကြိုးတံတားနဲ့ပတ်သတ်တဲ့ သီအိုရီတွေအားလုံး Safetyအတွက် စဉ်းစားပြီး ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ကြိုးတံတားနည်းပညာကို လေ့လာချင်တယ်ဆိုရင် ဒီတံတားတစ်ခုကိုလာပြီး လေ့လာလိုက်ရင်ကို ပြောစုံပါတယ်လို့ ရှင်းပြပါတယ်။ ကြိုးတံတားကိုစိတ်ဝင်းစားတဲ့ သူတွေအတွက်ကတော့ ဒီတံတားကို ရောက်ရ၊ မြင်ရ၊ ရှင်းပြတာတွေကို နားထောင်ရတာကိုက တန်ဖိုးကြီးလှပါတယ်။ ဓာတ်ပုံတွေကို ဝေမျှလိုက်ပါတယ်။ နိုဝင်ဘာလကသွားခဲ့တဲ့ လေ့လာရေးခရီးတစ်ခုကို ဒီဇင်ဘာတစ်ရက်မှပဲ အမှတ်တယ ရေးဖြစ်ပါတော့တယ်။

Akashi-KaiKyo Bridge ကို Pearl Bridge လို့လည်းခေါ်ပါတယ်။ ကမ္ဘာအရှည်ဆုံး ကြိုးတံတား(suspension bridge)ပါ။ ပင်မအလျားကတော့ ၁၉၉၁မီတာ(၆၅၃၂ပေ) ရှိပါတယ်။ အကရှိ ရေလက်ကြား(Akashi Strait)ကို ဖြတ်ပြီး ဟွန်းရှုး ကျွန်းပေါ်(Honshu)က ကိုဘေး(Kobe) နဲ့ အ၀ါဂျိကျွန်းပေါ်(Awaji Island)က အိဝရ(Iwaya)မြို့တို့ကို ဆက်ထားတာပါ။

အဲဒီတံတားကြီး မဆောက်ခင်ကဆို ဒီရေလက်ကြားကို ဖယ်ရီသင်္ဘောတွေတွေနဲ့ပဲ ခရီးသွားကြတာပါ။ အန္တရာယ်ကြီးလှပါတယ်။ ၁၉၅၅ ခုနှစ်တုန်းက ဖယ်ရီသင်္ဘောနှစ်စီး မုန်တိုင်းမိလို့ နှစ်မြုတ်သွားတာ ကလေး ၁၆၈ယောက်သေဆုံးခဲ့ပါတယ်။ ဒီလိုဒီလို အဖြစ်အပျက်တွေကပဲ ဂျပန်အစိုးရကို ဒီတံတားဆောက်ဖြစ်စေတာပါ။ တံတားကို ၁၉၉၈၊ ဧပြီ ၅-ရက်မှာ ခြောက်လမ်းသွားပါတဲ့၊ ၁၀နှစ်ကြာဆောက်ခဲ့တဲ့ အဲဒီတံတားကို ဖွင့်လှစ်ခဲ့ပါတယ်။ ကုန်ကျငွေကတော့ ယန်း ၅၀၀ ဘီလီယံ( ~US$ 5 Billion) လောက်ရှိပါတယ်။




Read more...

Happy Birthday!

>> Thursday, November 29, 2007


Happy Birthday!

ဒီနေ့ကတော့ ကျွန်တော်တို့ သူငယ်ချင်းကြီး MHZ ရဲ့ မွေးနေ့မင်္ဂလာပါ။
ကျွန်တော်ကတော့ အဝေးကနေပြီးတော့ သူရဲ့မွေးနေ့မှာ ကျွေးမွေးဧည့်ခံတာကို မစားရပေမယ့် မွေးနေ့အကြိုဒါန်ပေါက်ဓာတ်ပုံစားရတာကိုဝမ်းသာလှပါပြီ။
သူငယ်ချင်းMHZ တစ်ယောက် ယနေ့မွေးနေ့မင်္ဂလာမှသည် နောင်နှစ်ပေါင်းများစွာထိ အသက်ရှည်ပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။ လက်တွေ့နဲ့ ဆန္ဒတစ်ထပ်တည်းကျပါစေ။

ဇနိနှင့်ဇနိ၏သူမ


မစ္စတာမြင်းတစ်ကောင် (အဲလေတစ်ယောက်) အဝေးဆုံးကို ပြေးနိုင်ပါစေဗျာ။ ဒီနေ့ဒံပေါက်လိုပဲ ဘဝမှာ စုံစုံလင်လင် (လိုအပ်နေတာလေးတွေပေါ့) နဲ့ ပျော်ရွှင်နိုင်ပါစေဗျာ။
မောင်ဖြူနှင့်မောင်ဖြူ၏မောင်ဖြူ (အဟီး)

သူငယ်ချင်းကြီး MHZ ယခုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကျန်းမာ ချမ်းသာ ပျော်ရွှင်နိုင်ပါစေ လို့ဆုတောင်းပေးပါတယ်...
သူငယ်ချင်း MHZ မွေးနေ့က ဒံပေါက်ထမင်းကို ဝေမျှလိုက်ပါတယ်ခင်ဗျား...




မောင်လုံး

Read more...

Игорь Крутой

Ты в моём сентябре


Печальный Ангел

Read more...

လမင်း၊ နှင်းနှင့်သူမ

>> Wednesday, November 28, 2007


စိတ်ကူးယဉ်သော သူမက နှင်းရည်နှင့်လရောင်ပေါင်းစပ်ထားခြင်းဟာ သူမရဲ.ဘ၀တစ်ခုပဲလို.ယုံကြည်ထားသည်။ အိမ်ရှေ့ညမွှေးပင်က ပန်းရနံ့တွေ၊ သူမစိုက်ထားသည့်နှင်းဆီပွင့်များ၏ ရနံ့တွေဖြင့် ဆောင်းညတို.သည် လှပမြဲ။ မဇ္ဈူပင်ပုပုအုပ်အုပ်လေးတွေဆီမှ လှပသောရောင်စုံပန်းပွင့်များ၏ အဆင်းနှင့်အချင်းတို့ကလည်း ဆွတ်ပျံ.လွမ်းမောဘွယ်ရာ။ လရိပ်မှာပျော်ရွှင်တတ်တဲ့ သူမအတွက် ခုံတန်းရှည်လေးဟာလည်း ချမ်းမြေ.မှုကို ပေးခဲ.ဖူးသည်လေ။



ငယ်ငယ်တုန်းကတော့ သူမဟာ ခုံတန်းရှည်လေးပေါ်မှာ ထိုင်ရင်း လမင်းကြီးကို ကြည့်ကာ လမင်းကြီးရဲ့မျက်နှာပေါ်မှာ သူမချစ်သော အဖေ၊အမေ၊ကိုကို၊ညီမလေး၊မောင်လေးတွေနှင့် သူမ၏ပျော်ရွှင်နေသောပုံရိပ်ကို မြင်သည်။ ပြီးတော့ လမင်းမိသားစုထဲမှာ အဖေ ပထမဦးဆုံးဖတ်ခိုင်းသည့် ဘာသာပြန်ဝတ္ထုထဲမှ တောတွင်းသားလေး မောဂလိလည်း ပါသည်။ တစ်ခါတစ်လေ သူမစာအုပ်တွေ အများကြီးဖတ်ပြီး ရေမချိုးဖြစ်လျှင် ထိုနေ့တွင် အမေစိတ်ဆိုးသည်။ မဆူပေမဲ့ အမေ့မျက်နှာသည် လမင်းထဲမှာ သူမကို အပြစ်ပေးမှာစိုးသည့်အတွက် သူမရေချိုးဖို့မမေ့တော့ပါ။ အပြစ်ကင်းသောမျက်နှာနှင့် လမင်းကို ရင်ဆိုင်တတ်သော သူမဖြစ်သည်။ သူမရှစ်တန်းနှစ်ရောက်တော့ အဖေ၏တပည့်တစ်ယောက်က သူမကိုကြက်တူရွေးလေးနှစ်ကောင် လက်ဆောင်ပေးပါသည်။ အိမ်မြဲသောသူမအတွက် စကားပြောရန်ဟုဆိုသည်။ (သူမကစာတွေပဲဖတ်ချင်နေသည်။ ဒါပေမဲ့မျက်လုံးဝိုင်းဝိုင်းနှင့် သူတို့နှစ်ကောင်အကြည့်က သူမကို တာဝန်ကျေပြွန်စွာ ထမ်းဆောင်စေသည်။ ပြေနှင့်ပြည့်ဟု သူမကအမည်ပေးကာ သူတို့ကလည်း သူမနာမည်ကိုအရင်ဆုံးခေါ်တတ်ဧ။်။ လသာသောညများတွင် လမင်းကြီးကိုမော့ကြည်လိုက်တော့ ချမ်းမြေ့ဖွယ်ရာသူမတို့မိသားစုရယ် မောဂလိရယ် ပြေနှင့်ပြည့်ရယ်ပေါ.။ သူမကောင်းကောင်းစိုက်တတ်ပြီဖြစ်သော နှင်းဆီပင်များက လမင်းကြီးဆီထိ မွှေးရနံ့တွေသင်းပျံ့လို့ သူမဟာလည်းပျော်ရွှင်လို့ပေါ့။ သူမဆယ်တန်းရောက်တော့ မြို့တွင်ကျောင်းတက်ရသည်။ ကျောင်းပိတ်ရက်တစ်ရက်မှာ သူမနှင်း ဆီပင်တွေနေရာရွှေ့နေစဉ် ခြေထောက်တစ်စုံဟာ သူမရှေ့ကို ရောက်ရှိလာခဲ့သည်။ အဲဒီကတည်းက သူ့ခြေအစုံသည်မရပ်မနားပဲ သူမနှလုံ့းသားဆီထိ ဖြတ်ကျော်ဝင် ရောက်လာကာ နှင်းတွေဝေတဲ့ညခင်းကိုရောက်တော့ လမင်းကြီးပေါ်မှာသူ့ကိုတွေ့ရသည်။ ခုံတန်းလေးပေါ်က မော့ကြည့်ရင်း အရှင်သခင်တစ်ပါးလို့ သူမစိတ်ထဲမှာ မှတ်ယူသည်။ သူသိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူမ၏ ဘ၀တစ်ခုလုံးကို သူ့ထံမြှုပ်နှံသည်။ နှင်းဆီပန်းရနံ့တွေရယ် ဘုရားရင်ပြင်တော်ပေါ်က တရုတ်စကားပန်းရနံ့တွေရယ်က သူမကိုအားပေးသည်လား၊ တားမြစ်သည်လားသူမမသိတော့။ သူမကတော့ သိပ်ချစ်သွားခဲ့ပြီ။ ရိုးသားဖြူစင်သော သူ့နှလုံးသားကိုချစ်သည်။ ထက်မြက်ထူးချွန်သော သူ့အရည်အချင်းများကို မြတ်နိုးသည်။ ခပ်ငေးငေးနှင့်သူ့အကြည်.တွေကို တစ်သက်လုံးပိုင်ဆိုင်လိုသည်။ နှင်းတွေနှင့်ဝန်းရံလှပနေသော လမင်းကြီိးပေါ်မှာတော့ သူ့ရဲ့ပုံရိပ်အပြည့်ခပ်နှိပ်ထားပါရောလား။ သူ သူမကိုကြည့်နေတယ်။ ကြင်နာသောမျက်ဝန်းများနှင့်ပေါ့။ ဒါပေမဲ့ လမင်းကြီးနဲ့သူမအလှမ်းဝေးတော့ သူမကိုကြည့်နေတာသေချာရဲ့လားမသိပါ။ လမင်းကြီးဆီကအားအင်တွေ သူမထံရောက်ရှိလာသည်။ လမင်းကြီးဆီကိုလှမ်းချင်သူ သူမစွန့်စားဖို့လိုအပ်လာပြီလား။ ဒီတစ်ခါ သူမလမင်းကြီးကိုကြည့်ရတာ စွဲလန်းမက်မောမှုတွေနဲ့လောင်မြှိုက်လို့ မောပန်းလို့ပေါ့။ ဒါပေမဲ့ လမင်းရယ် သူမတို့ကိုဆုံခွင့်ပေးပါ နှင်းတွေရယ် သူမတို့ဆုံပါရစေဟု အကြိမ်ကြိမ် ဆုတောင်းနေမိသည်။ လမင်းပေါ်က သူ့ဆီကိုသွားဖို့ သူမကြိုးစားရမည်။ ခုံတန်းလေးနှင့်ပန်းလေးတွေကို ခဏခွဲခွာရမည်။ သူ့ကိုတော့ဖြင့်ဆွဲမခေါ်ရက်ပါ။ သူမပဲအမြင့်ကိုပျံသန်းသွားနိုင်ရမည်လေ ။ဆောင်းလေက သူမရဲ့နှင်းဆီပင်ကအရွက်စိမ်းစိမ်းတွေကို ခြွေတော့သူမစိတ်မကောင်း။ သူမခွဲခွါခဲ့တာငါးနှစ်ရှိပြီလေ။ ပြီးတော့ သူမဟာချစ်တဲ့သူရှိရာကိုလိုက်ပါဖို့ ဆုံးဖြတ်ပြီးပြီမို့ သူတို့ကိုပစ်ခွာ သွားရဦးမည်။ သူမလာခဲ့တော့မည် သိရဲ့လား။ ထိုညလသာတော့ သူမခုံတန်းလေးပေါ်မှာထိုင်ခဲ့သည်။ လမင်းကြီးကိုကြည့်ရင်း သူမရင်တွေခုန်လာသည်။ ခုံတန်းရဲ့တစ်ဖက်လွတ်တဲ့နေရာမှာ အန်တီလေးလာထိုင်တော့ လရောင်ကိုအန်တီလေးလဲ ချစ်တယ်မို့လားလို့ သူမကပျော်မြူးစွာမေးခဲ့သေးသည်။ အန်တီလေးက သက်ပြင်းရှည်ရှည်တစ်ချက်ချရင်း သမီး မကြားသေးဘူးထင်တယ်။ အဲဒီကလေး အိမ်ထောင်ပြုလိုက်ပြီတဲ။ “အန်တီလေးလဲဒါတွေ ဘာလို့ ၀င် ပြောမိပါလိမ့်” ပြောပြီးတော့အန်တီလေးထပြန်သွားတယ်။ သူမဟာလမင်းကြီးနဲ့နှင်းမှုန်တွေကို ရှက်ရွံစွာနဲ့ အိမ်ထဲကိုပြေးဝင်ခဲ့မိတယ်။ တံခါးပိတ်ပေမဲ့ လရိပ်တွေဖြာနေတဲ့အခန်းထဲမှာ ခေါင်းအုံးနဲ့မျက်နှာကိုအပ်ပြီး အမှောင်ကိုအားကိုးတိုးဝင်မိတယ်။ နာရီပေါင်းများစွာငိုကြွေးနေမိတယ်။ တစ်ခါကစာဖတ်လို့ သူအထင်ကြီးတယ်လို့ပြောခဲ့ဖူးတဲ့ အတွက်စာတွေပိုပိုပြီးဖတ်လို့ သိပ်မကောင်းတော့တဲ့မျက်လုံးတွေဟာ မျက်ရေတွေနဲ့ တစ်မျိုးဒဏ်ခတ်ခံရပြန်တယ်။ သူဟာ စည်းရဲ့တစ်ဖက်မှာ ချစ်ခွင့်မပေး၊ လွမ်းခွင့်မပေး၊ တမ်းတခွင့်မပေး။ လမင်းကြီးရဲ့ရင်ခွင်မှာ သူ့ချစ်သူနှင့်ပျော်ရွှင်စွာ။ သူမဟာ ကျန်ရစ်(သို့မဟုတ်) ချန်ရစ်ခဲ့ကာ နှလုံးသားမရှိ၊ ပျော်ရွှင်ခြင်းမရှိ။ သို.သော် ရင်နှင့်အမျှချစ်နေသေးရွေ.-မမေ့နိုင်သောအခါ လမင်းကြီးကိုအပြစ်ကင်းသောမျက်နှာနှင့် ရင်မဆိုင်ရဲတော့ပါ။ ဖြူစင်သောနှင်းမှုန်များကို မကြည့်ရဲပါ။စိတ်ကူးယဉ်သောသူမက နှင်းရည်နှင့်လရောင်ပေါင်းစပ်ထားခြင်းဟာ သူမရဲ.ဘ၀တစ်ခုပဲလို့ ယုံကြည်ထားခဲ့သည်။ လက်တွေ.ဘ၀မှာတော့ လမင်းမသာနှင်းရည်မဖြာသော ကမ္ဘာတစ်ခြမ်းမှာ သူမနေထိုင်နေပါသည်။ ။
မေအောင်

Read more...

ချစ်ပန်းရနံ့


မောင်
ကိုယ့်ဝိညဉ်ဟာ
မောင့်အပါးမှာ
ခစားကျန်နေခဲ့ပြီမောင်။
မောင်
ကိုယ်သွားနေတာ
ဝိညဉ်မပါ
ကိုယ့်ခန္ဓာသာ။
မောင်
ကိုယ့်တွက်မကြည့်
မောင့်တွက်ချည်းပါ
မောင်ပျော်လျင်လည်း
ကိုယ်ပျော်မြဲနော်။
မောင်
နေရစ်တော့မောင်
ပျော်တော့မောင်
ကိုယ်ကချစ်၍ သွားပြီမောင်။ ။

မေအောင်

Read more...

ဆောင်းဦးပေါက်အသွေးစုံအရောင်များကို ခံစားခြင်း

ဆောင်းဦးပေါက်ပြီ။

အရောင်အသွေးစုံစုံလင်လင် အလှသွေးကြွယ်နေတဲ့ သစ်ပင်တွေက ဂျပန်နိုင်ငံရဲ့ လမ်းတော်တော်များများမှာ အသက်ဝင်စပြုလာပါပြီ။ မေပယ်(လ်)ပင်တွေက အနီရောင်ကို ပြောင်းလာပြီဆိုရင် ဂျပန်လူမျိုးတွေက တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးနေကြတာကို တွေ့ရတယ်။ ဆောင်းဦးပေါက်မှာ အပင်တွေအရောင်ပြောင်းတာက တစ်နိုင်ငံလုံး တစ်ချိန်တည်း မဟုတ်ပါဘူး။ မြောက်ပိုင်းဟော့ကိုင်းဒိုးကျွန်းကနေစပြီး တောင်ပိုင်းကျွန်းတွေအထိ တစ်ဖြည်းဖြည်း အရောင်ပြောင်းချိန်တွေ မတူတာပါ။ မေပယ်(လ်)ရွက်တွေရဲ့ အလှဆုံးအရောင်ကတော့ အနီရောင်ဖြစ်ပြီး ဆောင်းဦးပေါက်နှောင်းပိုင်းမှာ အဲဒီအရောင်ကို ပြောင်းလဲသွားပါတယ်။ စက်တင်ဘာလကနေ အောက်တိုဘာလအတွင်းဆို ဟော့ကိုင်းဒိုးဒေသ၊ အောက်တိုဘာကနေ နိုဝင်ဘာလအထိဆို တို့ဟိုးကူး(Tohoku)၊ နိုဝင်ဘာကနေ ဒီဇင်ဘာအထိကတော့ တောင်ပိုင်းဒေသတွေမှာ မေပယ်(လ်)ရွက်တွေအပါအ၀င် သစ်ပင်အစုံက အရောင်ပြောင်းကြပါတယ်။ အခုဆောင်းဦးပေါက်ကို ရောက်လာတော့ သစ်ရွက်တွေ အရောင်ပြောင်းလာတာက အရမ်းလှတော့ မကြည့်ဘဲမနေနိုင်၊ ဓာတ်ပုံမရိုက်ဘဲမနေနိုင်ဖြစ်လို့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အခု ဓာတ်ပုံတွေကို ဝေမျှလိုက်ပါတယ်။ ပျော်ရွှင်ကြည်နူးကြပါစေ။

နွေရာသီတုန်းကလည်း ဒီလိုစိမ်းစိမ်းလန်းလန်းနဲ့လှပြီး နေတာပါပဲ။လွမ်းစရာတွေကိုလွမ်းတဲ့အခါ ဒီခုံလေးပေါ်မှာထိုင်ပြီး သစ်ရွက်လှလှလေးတွေကို ငေးကြည့်တတ်ပါတယ်။ ခင်ဗျားတို့လည်း ဒီမှာထိုင်ပြီးလွမ်းလိုက လွမ်းသွားကြပါဦး။

Read more...

လေထီးသမား

>> Tuesday, November 27, 2007


လူငယ်တစ်ယောက်က သည်းထိတ်ရင်ဖိုအားကစားနည်းတစ်မျိုးကို ကစားချင်နေတဲ့ ဆန္ဒရှိနေတယ်။ ပြီးတော့ တစ်နေ့ကျရင်တော့ အောင်မြင်ကျော်ကြားတဲ့ လေထီးခုန်သမားတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတယ်။ ဒါကြောင့် လေထီးအရောင်းဆိုင်ကို သွားပြီး လေထီးတစ်ခုဝယ်ခဲ့တယ်။ နောက်တစ်နေ့ သူငယ်ချင်းတွေနဲ့ဆုံတော့
လူငယ်။ ။ငါ အောင်မြင်တဲ့ လေထီးခုန်သမားတစ်ယောက်ဖြစ်ပို့ ကြိုးစားနေတယ်ကွ…
သူငယ်ချင်းများ။ ။ ဟေ့ကောင်… လူကြီးတွေကို စိတ်ပူအောင် မလုပ်ပါနဲ့ကွာ… လေထီးခုန်တယ်ဆိုတာ အရမ်းအန္တရာယ်များတယ်ကွ… တကယ်လို့ လေထီးကမပွင့်ဘူးဆိုရင် မင်းဘယ်လိုလုပ်မလဲကွ…

လူငယ်။ ။ ဟာကွာ… မင်းတို့ကလည်းညံ့ပကွာ… လေထီးမပွင့်ဖူးဆိုရင် အဲဒီလေထီးကို ဆိုင်ကိုပြန်ပေးမယ်… ဟဲဟဲ… ပြီးတော့ ငါ့ပိုက်ဆံကိုပြန်တောင်းမှာပေါ့ကွ။

Read more...

မွေးနေ့လက်ဆောင်

>> Monday, November 26, 2007


ချမ်းသာတဲ့ မိန်းမကြီးတစ်ယေက် ကော်ဖီသောက်ရင်း သူ့အမေအကြောင်းကို စဉ်းစားနေတယ်။ ဒီနေ့က မိခင်ကြီးရဲ့မွေးနေ့ပဲ။ ဒီတော့ မွေးနေ့လက်ဆောင်ကောင်းကောင်းလေးပို့ရဦးမယ်ပေါ့။ ဒါနဲ့ပဲ အိမ်မွေး တိရစ္ဆာန်ရောင်းတဲ့ဆိုင်ကို သွားခဲ့တယ်။ ဘယ်လိုတိရစ္ဆာန်လေးတွေကို ၀ယ်ပေးရရင်ကောင်းမလဲဆိုပြီး ဆိုင်အနှံ့လိုက်ကြည့်နေရင်း အလွန်လှပတဲ့ ငှက်ကလေးတစ်ကောင်ကို တွေ့ခဲ့တယ်။ အဲဒီငှက်ကလေးက သီချင်းဆိုတတ်တယ်၊ ဘာသာစကား ခုနှစ်မျိုးပြောနိုင်တယ်။ ဒီတော့ သူ့အမေအတွက် အကောင်းဆုံးလက်ဆောင်ပဲဆိုပြီး ငှက်ကလေးကို ဒေါ်လာငါးထောင်နဲ့ ၀ယ်ခဲ့တာပေါ့။ အိမ်ကိုပြန်ရောက်တော့ ငှက်ကလေးကို ရေချိုးပေးတယ်၊ ပြီးတော့ မိခင်ဆီကို ပို့လိုက်တယ်။ နောက်တစ်နေ့ကြတော့ မိခင်ဆီကို တယ်လီဖုန်းဆက်တာပေါ့…
သမီး။ ။ မေမေ သမီးပို့လိုက်တဲ့ ငှက်ကလေးကို သဘောကျရဲ့လား။
မိခင်။ ။ အင်း… သဘောကျတယ်… ငါအခု ဒီငှက်ကိုကြော်စားနေတာ… ငှက်ကလေးရဲ့အသားက တော်တော်ကောင်းတယ်တဲ့။

Read more...

အညာဒေသက ကထိန်ပွဲ အလွမ်းပြေ

>> Friday, November 23, 2007



ပုံများကို ထိုနေရာမှ ကူးယူသည်။

အညာဒေသက ကထိန်ပွဲ အလွမ်းပြေ
ဆယ်တန်းအောင်ပြီးကတည်းက အိမ်နဲ့ခွဲနေလိုက်ရတာ၊ တက္ကသိုလ်တွေ ပြောင်းပြောင်းတတ် အိမ်ကို အတော်အတန်ကို ပြန်ဖို့ခက်ရတော့တာပေါ့။ မွေးကတည်းကနေလာတဲ့ အိမ်၊ မခင်တွယ်ဘဲ ရှိပါ့မလားဗျာ။ ကျွန်တော် အိမ်နဲ့ ခွဲနေရတာက ကြာတော့ အမေ့ကို ပြောသတဲ့၊ သူ့ အကိုကြီး ကျုပ်ဦးလေးကြီးက ဟေ့ ငါ့ညီမ မင်းမွေးထားတဲ့သားတွေ၊ သမီးတွေကတော့ မင်းကိုစခွဲနေပြီ။ နောက်ကြာလာလေလေ မင်းတို့တော့ နှစ်ယောက်တည်းပဲ နေရတော့မယ်ဆိုပြီး ပြောတော့ အမေက မျက်ရည်တွေကျပြီး ငိုသတဲ့။ အခုမနက်ခင်းတော့ ကျောင်းကလည်း မသွားဖြစ်ဘူး။ အိမ်ကိုလည်း သတိကလည်းရနေတာဆိုတော့ အိမ်ကိုဖုန်းဆက်ဖြစ်တယ်။ အမေတို့ကဗျာ ကျွန်တော့်ကို စကားကြာကြာ မပြောဘူး။ အလုပ်ရှုပ်နေလို့တဲ့။ ညကျမှ ဖုန်းပြန်ဆက်တဲ့။ အရင်ကဆို ဖုန်းများဆက်မိပြီဆို အမေကဖုန်းချဖို့ မနည်းပြောရတာ။ ဘာတွေများရှုပ်နေပါလိမ့်ဆိုပြီး မေးမိတော့ ပဒေသာပင်ကိစ္စတဲ့။ အဲဒီတော့ကျမှပဲ ကျွန်တော်လည်း တန်ဆောင်မုန်းလတောင်ရောက်ပါပေါ့ပဲဆိုပြီး စိတ်ထဲတွေးမိလိုက်သေးတယ်။ ဘယ်လောက်ပဲ နှစ်တွေကြာကြာ ငယ်ငယ်ကတည်းက တွေ့ကြုံဆင်နွှဲခဲ့ရတဲ့ အညာဓလေ့ ရာသီပွဲနဲ့ အဖြစ်အပျက်လေးတွေကတော့ ရင်ထဲမှာ ရင်နှီးနေဆဲပါပဲ။

ဒီနေ့ အိမ်က မိသားစုက ပဒေသာပင် သီးကြတယ်တဲ့။ ပဒေသာပင်ကိုညနေ လေးနာရီ အမှီသွားပို့ချင်လို့ အလုပ်များနေကြတာတဲ့။ အခုလို တန်ဆောင်မုန်းလမှာ လပြည့်နေ့ထိ ရပ်ကွက်စုပေါင်းဘုံကထိန်၊ ဈေးစုပေါင်းဘုံကထိန်၊ ကုန်သည်ကြီးများ အသင်း စုပေါင်းဘုံကထိန် စသည်ဖြင့် အသင်းအဖွဲ့ အမျိုးမျိုးက စုပေါင်းဘုံကထိန်တွေလုပ်ကြပြီး လှူဒါန်းကြတယ်။ ပဒေသာပင်ဆိုတာက ၀ါး၊ ဒါမှ မဟုတ် သစ်သားပြားတွေနဲ့ ထိပ်ချွန်ယပ်တောင် အကြီးကြီးပုံစံလုပ်၊ ပြီး အဲဒီ ဖရိမ် ပေါ်မှာမှ ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏအလျောက် လှူဖွယ်ပစ္စည်းမျိုးစုံကို ချိတ်ဆွဲပြီး ရပ်ကွက်က သတ်မှတ်ထားတဲ့နေရာမှာ ရပ်ကွက်ဓမ္မာရုံဘေးပတ်ပတ်လည်မှာ ပဒေသာပင်တွေစီချပြီး နှစ်ရက်လောက် ပြထားသေးတယ်။ ဒီလိုပြထားတာက အလှကြည့်ရုံတင်မဟုတ်ပဲ လှူဒါန်းတဲ့သူတွေရော၊ လာကြည့်ကြတဲ့သူတွေပါ ကြည်ညိုသဒ္ဓါပွားနိုင်အောင်လို့တဲ့။ ပိုက်ဆံချမ်းသာတဲ့ အိမ်က ပဒေသာပင်တွေကတော့ အောက်ခံ ပဒေသာပင်အချပ်ကြီးမှာ နေရာလပ်မကျန်အောင် လှူဖွယ်ပစ္စည်းတွေပြည့်နေတာတွေ့ရတတ်တယ်။ ငွေကြေးအဆင်သိပ်မပြေတဲ့ အိမ်တွေကတော့ သူတို့တတ်နိုင်သလောက် ပမာဏနဲ့ လှလှပပဖြစ်အောင်တော့ တန်ဆာဆင်ထားကြပါတယ်။ ပဒေသာပင်တိုင်းမှာတော့ သင်္ကန်းတစ်စုံတော့ ပါပါတယ်။ တော်တော်လေးကို စီးပွားရေးအဆင်မပြေကြတဲ့ အိမ်ထောင်စုတွေကတော့ နှစ်အိမ်ပေါင်းတစ်ခုတို့၊ သုံးအိမ်ပေါင်းတစ်ခုတို့ လှူကြတယ်ဗျ။ ပဒေသာပင်လုံးဝကို မလုပ်နိုင်တဲ့ အိမ်က ကလေးတွေကတော့ ကျောင်းသားလေးတွေကလည်းဖြစ်ဆိုတော့ သူတို့မုန့်ဖိုးထဲက စုဆောင်းပြီးဝယ်ထားတဲ့ ဗလာစာအုပ်လေးတွေလာပေးကြတယ်။ ငွေကြေးချို့တဲ့ပေမယ့် စေတနာ သဒ္ဓါတရာမချို့တဲ့ကြပါဘူး။ ဒီရက်ပိုင်းတော့ ကျွန်တော်တို့မြို့က လူတွေလည်း လူတစုစုနဲ့ ဈေးတွေ အတူတူသွားဝယ်ကြနဲ့ မအားနိုင်ဖြစ်နေတတ်ကြတာပေါ့လေ။ ရပ်ကွက် ကထိန်ပွဲနေ့ဆိုရင်တော့ ရပ်ကွက်ထဲကအိမ်တွေက မုန့်ဟင်းခါးလုပ်တဲ့သူကလုပ်၊ ဂျင်းသုပ်တဲ့အိမ်ကသုတ်၊ မုန့်လုံးရေပေါ်လုပ်တဲ့ အိမ်ကလုပ်ပေါ့ဗျာ။ ရပ်ကွက်ကထိန်ပွဲ လာတဲ့ တစ်ခြားရပ်ကွက်ကဧည့်သည်တွေကို ကျွေးမွေဧည့်ခံဖို့ပေါ့။

ညနေမှောင်ရီပျိုးလာပြီဆိုရင် ရပ်ကွက်ဓမ္မာရုံဘေးပတ်ပတ်လည်မှာ လှလှပပ စီစီရီရီချထားတဲ့ ပဒေသာပင်တွေဘေးမှာ အစီအရီချိတ်ဆွဲထားတဲ့ လျှပ်စစ်မီးရောင်စုံတွေကိုထွန်းလိုက်တော့ နတ်ပြည်က ပဒေသာပင်တွေလား ထင်ရလောက်တယ်။ လှလိုက်ကြတာ အပြိုင်အဆိုင်ပါပဲ။ ပဒေသာပင်မှာလည်း လှူဒါန်းတဲ့သူတွေရဲ့ နာမည်ကဒ်ပြားတွေ ချိတ်ထားတော့ လှည့်လည်ကြည့်တဲ့သူတွေကလည်း ဟေး ဘယ်သူ့ ပဒေသာပင်ကတော့ ဘယ်လိုလှတယ်၊ ဘယ်အိမ်ကတော့ ဘယ်လိုပဲဟဆိုပြီး ပြောဆိုသံတွေလည်းရပ်ကွက်ထဲမှာညံနေတော့တာပေါ့။ ပဒေသာပင်တွေကိုလှည့်ကြည့်ရတာမောလို့ ခြေညောင်းလို့ကတော့ အသိတစ်အိမ်အိမ်သာ ၀င်လိုက်။ စားစရာ သောက်စရာ အစုံအလင်နဲ့ ဧည့်ခံပြီးသားပဲ။ တစ်ခြားရပ်ကွက်က လူပျိုကောင်လေးတွေကလည်း ဒီရပ်ကွက်က သူတို့ သဘောကျနေတဲ့ကောင်မလေးရှိလို့ကတော့၊ ဒီလိုအချိန်က ကောင်မလေးအိမ်ကိုသွားဖို့ မဟာ အခွင့်အရေးပေါ့။ ကောင်မလေးက နှင်မထုတ်ဘဲ တပြုံးပြုံးနဲ့ ချပြီးဧည့်ခံတာတွေကို စား၊ ပြီးတော့ ရိသဲ့သဲ့ပြော၊ ပျော်စရာပါပဲဗျာ။

ပဒေသာပင်ကို နှစ်ရက်ဖြစ်ဖြစ်၊ သုံးရက်ဖြစ်ဖြစ် ခင်းကျင်းပြသပြီးရင် သွားလှူမယ့်ကျောင်းကို ပို့ရတော့မှာကိုး။ အဲဒီတော့ကာ သွားလှူရမယ့်ကျောင်းက နီးရင်လည်း ပဒေသာပင်တွေကို ဆိုင်ရာအိမ်ကမပြီးပို့ပေါ့။ လှူရမယ့်ကျောင်းက ဝေးတော့လည်း ကားတွေဘာတွေနဲ့ ပို့ကျပေါ့။ ပဒေသာပင်တွေကိုသယ်ပြီးစီတန်းလှည့်နေတုန်းကတော့ အိုးစည်၊ဒိုးပတ်တွေနဲ့ တီးကြ၊ မောင်ရွှေရိုး၊ဒေါ်မိုးကတဲ့သူက ကကြပေါ့။ ပျော်စရာပါပဲ။ ရပ်ကွက်တည်းက ကာလသားတွေကလည်း ကိုယ်သဘောကျတဲ့ ကောင်မလေးအိမ်က ပဒေသာပင်ကို မှတ်ထား။ ပြီး လှည့်ပြီးပြတဲ့အချိန်ကြတော့ ဇွတ်ရော၊ အတင်းရော သွားပြီး ပဒေသာပင်ကိုမပြီးသယ်ပေါ့လေ။ သူ့အိမ်က ပဒေသာပင်လိုလိုနဲ့ပေါ့။ တကယ့်ကိုပါပဲ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ကိုသိုလ်လည်းရ၊ နောက်လည်းပိုးပေါ့။ ဘုန်းကြီးကျောင်းကို ရောက်ပြီဆိုရင်လည်း ဂျင်းသုပ်ဖြစ်ရင်လည်း ဂျင်းသုပ်ပေါ့၊ စားစရာတွေနဲ့ ဧည့်ခံကျွေးမွေးတတ်ကြပါတယ်။ မောကလည်းမော၊ ဗိုက်ကလည်း ဆာဆိုတော့ တိုးဝှေ့စားသောက်ကြပေါ့။ ပြီးဘုန်းကြီးတွေကို လှူဖွယ်ပစ္စည်းတွေဆက်ကပ်လှူဒါန်းပြီး ရေစက်ချ သာဓုခေါ်လိုက်ရင်ဖြင့် ရပ်ကွက်အလှူကြီး အောင်မြင်ပြီးမြောက်သွားပါတော့တယ်။

သြော် ပြောရဦးမယ်ဗျာ။ သီတင်းကျွတ်တုန်းက မင်္ဂလာဆောင်ထားတဲ့ စုံတွဲတွေကလည်း သူတို့လည်း အိမ်ထောင်တစ်စုဖြစ်ပြီဆိုတော့ ပဒေသာပင်ကိုသီးသန့်သီး၊ မောင်ဘယ်သူ၊ မဘယ်ဝါ တို့ကောင်းမှုပေါ့၊ စာလုံးအကြီးကြီးရေးပြီးမဏ္ဍပ်တိုင်လည်းတက်ရပေါ့လေ။ ကျွန်တော်တို့လည်း ဘယ်အချိန်ရောက်ခါမှ အမေ့ရင်ခွင်ကိုပြန်၊ ဘယ်သောဘယ်အခါမှ ရပ်ကွက်ကထိန်ပွဲကိုဆင်နွှဲရ၊ မဏ္ဍပ်တိုင်တက်ရမလဲမသိပါဘူးဗျာ။

ဇနိနဲ့သူ၏သူမ

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP