ဆိုင်သစ်ဖွင့်ပွဲအထိမ်းအမှတ်

>> Wednesday, December 12, 2007

ပြင်ဦးလွင်မြို့ နာရီစင်အနီးမှ အသစ်ဖွင့်လှစ်လိုက်သော ဆံသဆိုင်တစ်ဆိုင်တွင်ဖြစ်သည်။
တစ်နေ့ ကန်တော်ကြီးအနီးနှင်းဆီမှခြံမှ အလုပ်သမားတစ်ဦး ဆံပင်ညှပ်ရန်ရောက်လာလေသည်။ ဆံပင်ညှပ်အပြီး နံရံတွင်ချိတ်ဆွဲထားသော ဈေးနှံးအတိုင်း ကျသင့်ငွေကို ထုတ်ပေးရာ ဆံပင်ညှပ်ဆရာက “ နောင်ကြီးပိုက်ဆံကို ပြန်ယူသွားပါခင်ဗျာ။ ကျွန်တော်တို့ဆိုင်က ဆိုင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ပထမဆုံးလာတဲ့ ဖေါက်သည် ၁၂ ယောက်တိတိကို မေတ္တာနဲ့ အခမဲ့ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ” ဟုပြန်ပြောပြီး ပိုက်ဆံကိုပြန်ပေးလိုက်လေသည်။

ခြံလုပ်သားလည်း လေတစ်ချက်ချွန်လိုက်ပြီး ၀မ်းသာသောမျက်နှာနှင့် ပိုက်ဆံကိုပြန်ယူကာ ဆိုင်ထဲမှထွက်သွားလေသည်။
နောက်တစ်နေ့မနက် ဆံပင်ညှပ်ဆိုင်ကိုဖွင့်ရန် ဆိုင်ဝန်ထမ်းများရောက်လာချိန်တွင် ဆိုင်ရှေ့တံခါးဝ၌ အလွန်လှပသော နှင်းဆီပွင့် ၁၂ ပွင့်ပါ ပန်းစည်းကြီးနှင့် ကျေးဇူးတင်ကြောင်း ကဒ်ပြားတစ်ခုတွေ့ရလေသည်။

နောက်တစ်နေ့တွင် ဈေးထဲမှဘရာကြော်ရောင်းသော ကုလားကြီးတစ်ယောက် ထိုဆံပင်ညှပ်ဆိုင်သို့ရောက်လာလေသည်။ ဆံသဆရာသည် ကုလားကြီးအား ဆံပင်ညှပ်ပေးယုံတင်မက မညီမညာဖြစ်နေသော မုတ်ဆိတ်ပါအဆစ် ပုံဖော်ပေးလိုက်လေသည်။ ကုလားကြီးက ကျသင့်ငွေထုတ်ပေးရာ ဆံသဆရာက “ မာမူကြီး၊ ဆံပင်ညှပ်ခမယူပါရစေနဲ့။ ကျွန်တော်တို့ဆိုင်က ဆိုင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ပထမဆုံးလာတဲ့ ဖေါက်သည် ၁၂ ယောက်တိတိကို မေတ္တာနဲ့ အခမဲ့ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ” ဟုရှေးနည်းအတိုင်းငြင်းဆန်ပြီး ကုလားကြီးအား ပိုက်ဆံကိုပြန်ပေးလိုက်လေသည်။

ကုလားကြီးလည်း ခေါင်းတခါခါနှင့် ၀မ်းသာစွာ ထိုင်ထဲမှထွက်သွားလေတော့သည်။ နောက်နေ့မနက် ဆိုင်ဖွင့်ချိန်တွင် ဆိုင်ရှေ့တံခါးဝ၌ ဆီဝနေသော စက္ကူအထုပ်ကြီးတစ်ခု စောင့်ကြိုနေသည်ကို ဆိုင်ဝန်ထမ်းများ တွေ့ရလေသည်။ အထုပ်ကြီးကိုဖြေကြည့်ရာ ဘရာကြော်ကွင်းကြီး ၁၂ ခုနှင့်အတူ ပူစီနာ၊ ကြက်သွန်ဖြူနီ၊ မဆလာနံ့သင်းနေသော မန်ကျီးသီး အချဉ်နှစ်တစ်ထုပ်တွေ့ရလေသည်။

တတိယမြောက်ဆိုင်ဖွင်သောနေ့။ ထိုနေ့သည် ဗိုလ်လောင်းတို့ အောက်ပတ်(စ) ထွက်သော စနေနေ့ဖြစ်သည်။ ဆိုင်သို့ ဆံပင်ညှပ်ရန် ဗိုလ်လောင်းတစ်ယောက်ရောက်လာလေသည်။ ဆံသဆရာသည် ဆံပင်ညှပ်ပေးအပြီး “ ညီလေး၊ အစ်ကိုတို့ဆိုင်က ဆိုင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ပထမဆုံးလာတဲ့ ဖေါက်သည် ၁၂ ယောက်တိတိကို မေတ္တာနဲ့ အခမဲ့ဝန်ဆောင်မှုပေးပါတယ်။ ပိုက်ဆံပေးစရာ မလိုပါဘူး” ဟု ထုံးစံအတိုင်း ပြောလိုက်လေသည်။

ဗိုလ်လောင်းလည်း ယူနီဖောင်းကို ဆန့်ရန့်အောင်ပြန်ပြင်၍ စမတ်ကျစွာဆိုင်ထဲမှ ထွက်ခွာသွားလေသည်။ နောက်နေ့မနက် ဆိုင်ဖွင့်ချိန်တွင် ဆိုင်ရှေ့၌ ၀န်ထမ်းများအား မည်သည့်အရာ စောင့်ကြိုနေမည် သင်ထင်ပါသလဲ။

ဆိုင်ရှေ့လှေခါးထစ်တွင် ဗိုလ်လောင်း ၁၂ ယောက် ဆံပင် အခမဲ့ညှပ်ရန် စောင့်ကြိုနေကြလေသည်။

.

3 comments:

မောင်ဖြူ December 12, 2007 at 9:53 AM  

ကိုပီဆာကျယ်ရေ
ဂွဒ်တယ်ဗျို့။
ဒါနဲ့စကားမစပ်၊ အဲဒီဆံပင်ညှပ်ဆိုင်ဘယ်နားမှာလဲဗျ။
ကျွန်တော်တို့လဲ သွားညှပ်ချင်လို့။ :D

Anonymous December 12, 2007 at 9:54 AM  

အစ်ကိုကြီး..ပီဆာကျယ်...တွေးလေရယ်ရလေပဲဗျာ...ကောင်းတယ်...မျှော်နေအုံးမယ် နောက်ထပ်ဟာသတွေ...

PAUK September 15, 2008 at 10:42 PM  

ကျွန်တော်လည်းပြန်ရင်သွားညှပ်ချင်လို့
ဆိုင်လိပ်စာလေးပေးပါ..
အဟီးး...မနှစ်ကဒီဇင်ဘာက ပို့စ်ကြီးကို
အရသာရှိရှိလိုက်ဖတ်နေတာ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP