ခရစ္စမတ်လက်ဆောင်

>> Wednesday, December 5, 2007

တစ်ထောင်နှင့် ရှစ်ဆယ်ကျပ်။ သူမမှာရှိတဲ့ ငွေအသပြာက အဲဒါအကုန်ပဲ။ အဲဒီငွေထဲက ခြောက်ဆယ် ကျပ်မှာတော့ တစ်ကျပ်တန်အရွက်ခြောက်ဆယ်။ ဒီကျပ်တန်အရွက်လေးတွေဟာ သူမ ဈေးဝယ်တဲ့အခါ ဈေးသည်က အမ်းလိုက်တဲ့ ငွေစလေးတွေကို စုထားတာပါ။ မေရီ သူ့မှာရှိတဲ့ငွေကို သုံးကြိမ်တိတိရေကြည့်တယ်။ အားလုံးဟာ တစ်ထောင်နှင့် ရှစ်ဆယ်ကျပ်။ မနက်ဖြန်ဆိုရင် ခရစ္စမတ်နေ့။
စိတ်ညစ်တာတွေ တခဏပျောက်ပြယ်သွားအောင် ခုတင်ပေါ်ကို ပစ်လဲပြီး ကျယ်လောင်စွာ
အော်ပစ်လိုက်ချင်တယ်။ သူမ အဲဒီအတိုင်းပဲ လုပ်ပစ်လိုက်တယ်။ စိတ်ပညာရှုထောင့် ကနေကြည့်မယ်ဆိုရင် ဘ၀ဟာ ၀မ်းနည်းငိုကြွေးမှုတွေ၊ အကဲ့ရဲ့ခံရမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နက်နေတယ်။ အဲဒီအထဲမှာ အကဲ့ရဲ့ခံရမှုက ရာခိုင်နှုန်းအများဆုံးပေါ့။
သူမခင်ပွန်းးနာမည်က ကိုငှက်ကြီး။ ကိုငှက်ကြီးက ကွန်ပြူတာအရောင်းဆိုင်မှာအလုပ်လုပ်တယ်။ သူ့ရဲ့တစ်ပတ်ဝင်ငွေက သုံးသောင်းကျပ်ရှိတယ်။ ၀င်ငွေလေးကကောင်းတော့ သုံးနိုင်ဖြုန်းနိုင်ဆိုပါတော့။ အပေါင်းအသင်းတွေကလဲ ခင်မင်ကြသပေါ့။ ဒီလိုနဲ့ အလုပ်အကိုင်အဆင်မပြေဖြစ်လာပြီး ငွေကြေးအဆင်မပြေဖြစ်တဲ့အခါ သူ့ကို ဘယ်သူမှ အပေါင်းအသင်းမလုပ်ချင်ကြတော့ဘူး။ မိန်းမဖြစ်သူကတော့ ၀င်ငွေနည်းသွားပေမယ့် သူ့ခင်ပွန်းအပေါ်မှာ မေတ္တာမပျက်ပါပဲ။ ယောက်ကျားဖြစ်သူကမိန်းမကို အရီ လို့ပဲခေါ်တယ်။ သူမကတော့ ကိုငှက် လို့ပဲခေါ်တယ်။ သူတို့နှစ်ယောက်အတွက်တော့ အခုလိုကြင်ကြင်နာနာ အခေါ်အဝေါ်လေးတွေကိုက ပျော်ရွှင်စရာပါပဲ။
သူမငိုနေတာကိုရပ်ပြီး မျက်ရည်တွေကိုသုပ်လိုက်တယ်။ ပြီးတော့ ပြတင်းပေါက်မှာရပ်နေပြီး ခြံစည်းရိုးပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ ကြောင်ကလေးကို ငေးကြည့်နေမိတယ်။ မနက်ဖြန်ဆိုရင် ခရစ္စမတ်နေ့၊ ခင်ပွန်းအတွက် လက်ဆောင်ဝယ်ပို့က တစ်ထောင်နှင့် ရှစ်ဆယ်ကျပ်တိတိပဲ ရှိတယ်။ ဒီအသပြာလေးရပို့ကိုသူမ လပေါင်းများစွာ စုခဲ့ရတယ်။ တစ်ပတ်ကို ငွေနှစ်သောင်းနှင့် လောက်ငှအောင်သုံးပို့ဆိုတာကလဲ မလွယ်ဘူး။ တိုလီမိုလီအသုံးစရိတ်က သူမတွက်ထားတာထက် အမြဲပိုများနေတယ်။ အခုလက်ရှိငွေနဲ့ လက်ဆောင်ပစ္စည်းဘယ်လိုလုပ်ဝယ်ရမလဲ။ ၀ယ်လိုက်တဲ့လက်ဆောင်ပစ္စည်းကလဲ ကိုငှက်နဲ့ လိုက်ဖက်ရမယ်၊ သင့်တော်ရမယ်၊ အမှတ်တရလဲဖြစ်ရမယ်။ ခင်ပွန်းကို လက်ဆောင်ဝယ်ပေးပို့စဉ်းစားရင်း ပျော်စရာအချိန်တွေကို သူမဖြုန်းတီးနေမိတယ်။
သူမ ပြတင်းပေါက်နားရပ်နေရာမှ ရုတ်တရက် မှန်ရှိတဲ့နေရာကို လျှောက်သွားတယ်။ မှန်ရှေ့မှာရပ်နေရင်း သူမရဲ့မျက်လုံးတွေ တောက်ပလာတယ်။ ဒါပေမယ့် အဲဒီတောက်ပမှုတွေက မိနစ်နှစ်ဆယ်အတွင်း ပျောက်ပြယ်သွားခဲ့တယ်။ သူမ ဆံတုံးကို ဖြည်ပြီး ဆံပင်တွေကို ဆွဲဆန့်လိုက်တယ်။
သူတို့ ဇနီးမောင်နှံမှာ တန်ဖိုးကြီးပစ္စည်းဆိုလို့ နှစ်ခုပဲရှိတယ်။ တစ်ခုက ကိုငှက်ကြီးရဲ့ အိတ်ဆောင်ရွှေနာရီလေးပါ။ အဲဒီနာရီလေးက အဖိုး၊ အဖေ တို့ကပေးခဲ့တဲ့ အမွေပစ္စည်းလေးပါ။ နောက်တစ်ခုက မေရီရဲ့ ဆံပင်ပါ။ သူမရဲ့ဆံပင်တွေက မည်းမှောင်လို့ အရောင်တွေတောက်ပလို့နေတယ်။ မိန်းမတို့ဘုန်း ဆံတုံးဆိုသလို သူမရဲ့ဆံပင်က ဒူးဆစ်အောက်ဘက်ထိရောက်အောင်ရှည်လျားလှတယ်။ သူမ စိတ်လှုပ်ရှားစွား ဆံပင်တွေကို ထုံးလိုက် ဖြည်ချလိုက် လုပ်နေမိတယ်။ မလှုပ်မယှက်ရပ်နေမိပြီး မျက်ရည်များပင်ကျလို့နေတယ်။
သူမ အ၀တ်အစားလဲ၊ ဦးထုပ်ဆောင်းပြီး မြို့ထဲကိုထွက်သွားတယ်။ တစ်နေရာကိုရောက်တော့ သူမမြင်လိုက်မိတာက ‘ဆံပင်တုအမျိုးမျိုးရနိုင်သည်’ ဆိုတဲ့စတိုးဆိုင်တစ်ဆိုင်ကိုပါ။ သူမဆိုင်ထဲကိုဝင်သွားလိုက်တယ်။ ဆိုင်ထဲက အလုပ်သမတစ်ယောက်ကို
“ကျွန်မဆံပင်ရောင်းချင်လို့ပါ။ ကျွန်မဆံပင်ကိုဝယ်မယ်မဟုတ်လား…” လို့မေးလိုက်တယ်။
အလုပ်သမက
”ကျွန်မတို့ ၀ယ်ပါ့မယ်။ ရှင့်ရဲ့ဦးထုပ်ကိုချွတ်လိုက်ပါ။ ကျွန်မဆံပင်ကိုကြည့်ချင်လို့..”
ဆံပင်ကိုကိုင်ကြည့်ပြီးနောက် အလုပ်သမက
”ကျွန်မ တစ်သိန်းပေးပါ့မယ်”
မေရီ ချက်ချင်းသဘောတူလိုက်တယ်။ ကျွန်မကို ငွေတစ်သိန်းမြန်မြန်ပေးပါ။ နှစ်နာရီလောက်ကြာပြီးနောက် သူမ ကုန်တိုက်တွေ တစ်တိုက်ပြီးတစ်တိုက် လှည့်လည်ကာ လက်ဆောင်ပစ္စည်းကို လိုက်ရှာနေမိတယ်။ နောက်ဆုံး သူမလိုချင်တဲ့ပစ္စည်းကို စူပါဝမ်းကုန်တိုက်မှာရှာတွေ့တယ်။ အဲဒါကတော့ အိပ်ဆောင်နာရီတွေအတွက် ထုတ်လုပ်ထားတဲ့ ပလက်တီနံ ချိမ်းကြိုးလေးပေါ့။ ဒီပစ္စည်းကသာ သူမခင်ပွန်းအတွက်အသင့်တော်ဆုံးပဲလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီပလက်တီနံချိမ်းကြိုးလေးနဲ့ဆိုရင် ကိုငှက်တစ်ယောက် လူတွေအလည်မှာ မရှက်ရတော့ဘူးပေါ့။ ကိုငှက်ခမျာ နာရီကိုထုပ်ရံဖန်ရံခါပဲ ထုတ်ကြည့်ရဲတယ်။ ဘာလို့လဲဆိုတော့ နာရီမှာ တပ်ထားတဲ့ သားရေကြိုးက စုတ်ပြဲနေပြီ။ ချိမ်းကြိုးလေးအတွက် ကုန်ကျငွေတစ်သိန်းကို ကောင်တာမှာပေးချေပြီး အိမ်ကို ပြန်လာတယ်။
အိမ်ကိုပြန်ရောက်တာနဲ့ ဆံပင်ဖြတ်ရောင်းလိုက်ရတဲ့အတွက် တစ်ခုခုအကြောင်းပြချက်ပေးပို့ အလျှင်အမြန်စဉ်းစားနေမိတယ်။ တချိန်ထဲမှာပဲ အ၀တ်အစားတွေ မီးပူတိုက်၊ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်နေတယ်။ တစ်ယောက်တည်းလုပ်ရတာဆိုတော့ သူမတော်တော်လေး ပင်ပန်းသွားတာပေါ့။ ခင်ပွန်းပြန်လာတဲ့အခါ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်နေတာကိုမြင်ရတော့ စိတ်ကြည်လင်မှုရှိသွားတာကိုက သူမအတွက်ပျော်ရွှင်စရာပါပဲ။
သန့်ရှင်းရေးလုပ်လိုက်တာ မိနစ်လေးဆယ်လောက်ကြာသွားတယ်။ သူမရဲ့ ဦးခေါင်းကိုလည်း ဆံပင်ဖြတ်ထားတာမသိအောင်၊ လှလှပပလဲ ဖြစ်အောင် ပြုပြင်လိုက်တယ်။ ပြီးတော့ မှန်ရှေ့မှာရပ်ပြီး သူမကိုယ်သူမ ခြေဆုံးခေါင်းဆုံးကြည့်နေမိတယ်။ သူမတစ်ယောက်တည်း ပြောမိနေတာက…
”ကိုငှက် ငါ့ကို မြင်မြင်ချင်း မသတ်လောက်ပါဘူးလေ။ ငါ့မှာလဲ လက်ဆောင်ဝယ်ပေးပို့ငွေမှမရှိတာ။ သူ ငါ့ကို နားလည်ပေးနိုင်မှာပါလေ…”
ညနေ ခုနှစ်နာရီထိုးတော့ ညနေစာအတွက်အားလုံးပြင်ဆင်လို့ ပြီးသွားတယ်။ ခင်ပွန်းဖြစ်သူက ညနေခုနှစ်နာရီဆိုရင် အိမ်ကိုပြန်ရောက်လာတယ်။ သူက ဘယ်တော့မှနောက်ကျလေ့မရှိဘူး။ မေရီ ပလက်တီနံချိမ်းကြိုးလေးကို လက်ထဲမှာ ကျစ်ကျစ်ပါဆုပ်ကိုင်ရင်း တံခါးနားမှာရပ်ကာ နေမိတယ်။ မကြာခင်မှာပဲ ခင်ပွန်းဖြစ်သူ လှေကာအတိုင်းတက်လာတဲ့ ခြေသံကိုကြားနေရတော့ သူမတစ်ကိုယ်လုံး ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ ပြီးတော့ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ရွတ်နေမိတာက…
”အရှင်ဘုရား… တပည့်တော်ကို ကယ်တော်မူပါ… ကျွန်မရဲ့ခင်ပွန်းကို ကျွန်မမှာ ဆံပင်မရှိသော်လည်း အရင်အတိုင်းလိုပဲ လှပနေတယ်လို့ထင်အောင် လုပ်ပေးတော်မူပါ”
မကြာခင်ပဲ တံခါးပွင့်လားပြီး ကိုငှက်ကြီးအိမ်ခန်းထဲကိုဝင်လာတယ်။ တံခါးကိုပိတ်လိုက်တယ်။ ကိုငှက်ကြီး ယခင်ကထက်စာရင် ပိန်သွားတယ်။ သူကတည်ကြည်လေးနက်တဲ့ လူတစ်ယောက်။ အသက်က နှစ်ဆယ့်နှစ်နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် အိမ်ထောင်မှုအတွက်ရုန်းကန်နေရတော့ သူမျက်နှာက လူငယ်တစ်ယောက်လိုမနုပျိုတော့ဘူး။ သူ့မှာ အခုလက်ရှိအ၀တ်အစားကလဲ ဟောင်းနွမ်းနေတာ့ အသစ်တစ်စုံဝယ်ပို့လဲလိုတယ်။
တစ်ခါးပိတ်ပြီး မလှုပ်မယှက်ရပ်နေရင်း ဇနီးဖြစ်သူကို စိုက်ကြည့်နေတယ်။ သူမအဲဒီအကြည့်တွေကို နားမလည်နိုင်ဘူး။ ပြီးတော့ သူမတစ်ကိုယ်လုံးလည်း ပူထူနေတယ်။ ရုတ်တရက်သူမ သတိပြန်ဝင်လာပြီး ခင်ပွန်းလက်ကိုဆွဲလျက် အစားအသောက်တွေပြင်ထားတဲ့ စားပွဲရှိရာကိုခေါ်သွားတယ်။ သူမ စိတ်မထိန်းနိုင်ပဲ ငိုလျက်…
”ကိုငှက် ကျွန်မကို အဲဒီလိုအကြည့်မျိုးနဲ့မကြည့်ပါနဲ့။ ကျွန်မ ဆံပင်တွေကိုဖြတ်ပြီး ရောင်းလိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီနှစ် ခရစ္စမတ်မှာ ကိုငှက်ကို လက်ဆောင်ပေးချင်လို့ပါ။ ကျွန်မကို စိတ်မဆိုးပါနဲ့နော်။ ကျွန်မရဲ့ဆံပင်တွေက ပြန်ရှည်လာအုံးမှာပါ။ ကျွန်မမှာ တခြားရွေးစရာနည်းလမ်းလဲ မရှိဘူးလေ။ ကျွန်မကို နားလည်ပေးနော်။ ဆံပင်ကသန်တော့ မကြာခင် အရင်ကလိုပဲ ပြန်ရှည်လာမှာပါ။ ကျွန်မကို ပျော်ရွှင်ပါစေ၊ Merry Christmas! လို့ ပြောအုံးလေ။ ကျွန်မ ကိုငှက်အတွက် ဘယ်လိုလက်ဆောင်ပစ္စည်းဝယ်လာတယ်ဆိုတာ ကိုငှက်သိမှာမဟုတ်သေးဘူး…”
အဲဒီအခါ ကိုငှက်ကြီးမှာ အသံတွေတုန်လို့ မေးလိုက်တာက…
”ဆံပင်တွေကို ဖြတ်ပစ်လိုက်တယ်… ဟုတ်လား မေရီ…”
”ဟုတ်တယ်… ကျွန်မ ဆံပင်ကို ဖြတ်ရောင်းလိုက်တယ်။ အဲဒီလိုလုပ်မိတဲ့အတွက် ကိုငှက် ကျွန်မအပေါ်မှာ အချစ်တွေ လျှော့မသွားပါဘူးနော်။ ဆံပင်တိုနေတာကလွဲလို့ ကျွန်မက အရင်ကလိုပဲ လှပနေပါတယ်။ ဟုတ်တယ်နော် ကိုငှက်…”
ကိုငှက်ကြီးရဲ့မျက်လုံးတွေ အိမ်နံရံတွေဆီကို ရောက်သွားတော့တယ်။ သူ့နားတွေကို မယုံနိုင်လို့…
”မေရီ… ဆံပင်တွေမရှိတော့ဘူးလို့ ပြောလိုက်တာလား…”လို့ထပ်မေးလိုက်တယ်။
”ဆံပင်တွေကိုမရှာနဲ့တော့။ ကိုငှက် တွေ့မှာ မဟုတ်တော့ဘူး။ ကျွန်မပြောပြီးပြီပဲ… ဖြတ်ရောင်းလိုက်ပြီးလို့။ ကိုငှက် ဒီနေ့ ခရစ္စမတ် အကြိုနေ့… ကိုငှက်ကို လက်ဆောင်ဝယ်ပေးချင်လို့ ပါ။ ကျွန်မကိုနားလည်ပေးနော်… ” ပြီးတော့ ပျားသကာလိုချိုသာသောအသံနဲ့ …
”ကိုငှက်အပေါ်မှာ ထားရှိတဲ့ ကျွန်မအချစ်မေတ္တာကို ဘယ်သူကမှမတိုင်းတာနိုင်ပါဘူး… ကျွန်မ ဟင်းနွေးလိုက်တော့မယ်နော်…”
ကိုငှက်ကြီး မေရီစကားတွေကိုကြားလိုက်ရတော့ တွေဝေလို့နေတယ်။ ရုတ်တရက်သတိပြန်ဝင်လာပြီး အင်္ကျီအိပ်ထဲက အထုပ်လေးကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်မှာ တင်ထားလိုက်တယ်။ ပြီးတော့ မေရီကို ဖက်ထားလျက်…
”မေရီ.. ကို့အတွက်နဲ့ပတ်သက်ပြီး နောက်ထပ်အမှားတွေမလုပ်ပါနဲ့တော့ကွာ။ မေရီ ဆံပင်တွေကို ဖြတ်ရောင်းပြီး လက်ဆောင်ပေးမယ်လို့ မျှော်လင့်မထားဘူး။ ဘယ်လိုဆံပင်ပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် မေရီအပေါ်ထားတဲ့ ကို့ရဲ့ချစ်မေတ္တာတွေက ထာဝရ ခိုင်မြဲနေမှာပါ။ အဲဒီအထုပ်လေးကို ဖြည်ကြည့်လိုက်လေ။ ဆံပင်တွေမရှိတော့ဘူးလို့ကြားလိုက်ရတဲ့အချိန်မှာ ဘာကြောင့် ဇဝေဇ၀ါဖြစ်သွားတယ်ဆိုတာ မေရီသဘောပေါက်သွားမှာပါ…”
အထုပ်ကို ဖြည်နေတဲ့ မေရီရဲ့လက်ချောင်းလေးတွေ တုန်လို့နေတယ်။ သူမ အရမ်းကိုပျော်သွားတယ်။ သူမရဲ့မျက်နှာမှာ ပေါ်လွင်နေတဲ့ ပျော်ရွှင်မှုတွေက ဘယ်လိုမှကို ဖုန်းကွယ်လို့မရနိုင်ဘူး။ သူမအရမ်းကိုလိုချင်နေတဲ့ ပစ္စည်းလေးပေါ့။ အဲဒီပစ္စည်းလေးကို သူမအခုရလိုက်ပြီလေ။ အဲဒါကတော့ လိပ်ခုံးဘီး လေးပါ။ ဘီးအနားသပ်မှာ ကျောက်မျက်ရတနာတွေနဲ့ကွပ်ထားတယ်။ သူမရဲ့ဆံပင်နဲ့ဆိုရင် အရမ်းလိုက်ဖက်မှာပါ။ လိပ်ခုံးဘီးလေးရဲ့ တန်ဘိုးကြီးမားတာ သူမသိပါတယ်။ သူမလိုချင်ခဲ့ပေမယ့် မျိုသိပ်ခဲ့ရတာလဲ ကြာခဲ့ပြီးပေါ့။ အခုတော့ သူမ အဲဒီဘီးလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ။ ဘီးလေးကို ရင်ခွင်မှာပိုက်ကာ မျက်ရည်များဝဲလျက်…
”ကိုငှက် ကျွန်မဆံပင်တွေက အရမ်းသန်ပါတယ်… မကြာခင် ပြန်ရှည်လာမှာပါ…”
ပြီးတော့ မေရီ ကြောင်လေးတစ်ကောင်လို ပေါ့ပါးသွက်လက်စွာခုန်လျက်…
”အိုး… ကိုငှက် ကျွန်မပေးမယ့် လက်ဆောင်ကို မမြင်ရသေူးဘူးနော်… ဟောဒီမှာဆိုပြီး သူမလက်ကို ဖြန့်ပြလိုက်တယ်…”
သူမလက်ထဲက ပလက်တီနံချိမ်းကြိုးလေးဟာ သူမရဲ့ပျော်ရွှင်မှုတွေကြောင့် အရင်ကထက်ပိုမိုတောက်ပနေသလိုပဲ။ ပြီးတော့ သူမက…
”ချိမ်းကြိုးလေးက ဘယ်လောက်ခန့်ညားလိုက်လဲ။ ကျွန်မ တစ်မြို့လုံးမှာရှိတဲ့ ကုန်တိုက်တွေကို လိုက်ရှာပြီး ၀ယ်ခဲ့ရတာ။ ဒီချိမ်းကြိုးလေးကိုသာတပ်လိုက်ရင် ကိုငှက်တစ်နေ့ကို အကြိမ်ပေါင်းတစ်ထောင်လောက်နာရီကို ထုတ်ကြည့်လို့ရပြီ။ ကျွန်မကို နာရီလေးပေးစမ်းပါ။ ချိမ်းကြိုးလေးနဲ့နာရီ ဘယ်လောက်လိုက်ဖက်လဲဆိုတာ ကျွန်မကြည့်ချင်လို့ပါ…”
မေရီပြောတာကို မကြားချင်ဟန်ဆောင်ပြီး ဆိုဖာပေါ်ကို ထိုင်လိုက်တယ်။ ပြီးတော့ ပြုံးရ်ီလျက် လက်တွေကို ခေါင်းပေါ်တင်ထားလိုက်တယ်။
”မေရီ… အဲဒီပစ္စည်းလေးတွေကို ငါတို့နဲ့အဝေးမှာထားလိုက်ပါကွာ… ခဏသိမ်းထားလိုက်တာ ပိုကောင်းမယ်ထင်တယ်ကွာ။ ဒီလက်ဆောင်ပစ္စည်းတွေက တို့အတွက်တန်ဘိုးကြီးမားလွန်းလှတယ်။ ကို… မေရီအတွက် လိပ်ခုံးဘီးဘေးဝယ်ပို့ဆိုပြီး နာရီကိုရောင်းလိုက်တယ်ကွာ။ ထမင်းတွေ ဟင်းတွေခူးခပ်တော့ကွာ။ မေရီလည်းဗိုက်ဆာရော့ပေါ့။ ထမင်းစားကြရအောင်…”
ဇနီးမောင်နှံနှစ်ယောက် ထမင်းလက်ဆုံစားရင်း လက်ဆောင်အကြောင်းကို မပြောဖြစ်တော့ပဲ တခြားအကြောင်းအရာများကိုသာ ပြောဆိုနေရင်း ခရစ္စမတ်ကို ကြိုဆိုလိုက်ပါတော့တယ်။

O. Henry ရဲ့ “The Gift of the Magi” ၀တ္ထုတိုကို ဘာသာပြန်ထားတာပါ။ ဇာကောင်နာမည်တွေကိုတော့ ပြောင်းထားပါတယ်။ စာဖတ်သူအပေါင်း ပျော်ရွှင်ကြပါစေ။ ကျေးဇူးတင်ပါသည်။
မောင်လုံး

4 comments:

ဇနိ December 5, 2007 at 4:23 PM  

ကိုလုံးရေ ဖတ်လို့ကောင်းတယ်။
ရင်ထဲတစ်မျိုးကြီးဖြစ်သွားတယ်။
အချိန်ကုန်ခံ ဘာသာပြန်ပေးတာကျေးဇူးတင်ပါတယ်။
ကိုလုံးတို့ကျတော့ တိုင်ပင်ပြီးမှပဲ လက်ဆောင်ဝယ်တော့နော်။
(မ)ဇနိ

မောင်ဖြူ December 5, 2007 at 4:52 PM  

ကိုလုံးရေ
ထိတယ်ဗျို့။
ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ။
ကိုလုံးကောင်မလေးကတော့၊ ကတုံးလေးနဲ့ဆိုလည်း
အပြုံးလေးဆင်လိုက်ရင် လှမှာပါ။ :D

ပီဆာကျယ် December 6, 2007 at 9:26 AM  

ကိုလုံးရေ
ကောင်းပါတယ်ဗျာ။ ကိုလုံးလေဒီရော ဆံပင်ပြန်ရှည်နေပြီလား။

dare2fight May 27, 2008 at 8:02 AM  

Oscar Wilde !!! you never told us where did ya got reference :P

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP