>> Wednesday, April 30, 2008

ဘာမှန်းမသိခြင်း..

အချစ်ငှက်..
လည်ပင်းမှာအပြောက်နဲ့တဲ့..
(ဘာမှန်းမသိခဲ့..)

ခုတော့
အချစ်ငှက်..
လည်ပင်းမှာအပြောက်မရှိပေမဲ့..
အသည်းမှာ အပျောက်တွေနဲ့..

အချစ်တခု..အပြောက်တခုတဲ့..


အပြောက်…(အစက်အပြောက်ကိုဆိုလိုခြင်းဖြစ်သည်.)

လူးလူး

Read more...

ကဗျာငတ်နေတဲ့ကျွန်တော့ကို ကဗျာတောထဲမှ သူငယ်ချင်းတစ်ယောက်က စွန့်ကျဲတာလေးတွေ ဝေမျှလိုက်တယ်။

တေးများ

မုန့်ဝေစားသလို ဝေစားဖို့

ဟောဒီမှာ ရော့၊

ငါတို့ စိတ်ပျက်လက်ပျက် သွေးပျက်ခဲ့ကြပုံ

ငါတို့ ရယ်ကျဲကျဲ သွားဖြဲခဲ့ကြပုံ။

စကားလုံးတွေ ကုန်ခဲ့တယ်

အဖြစ်အပျက်တွေ မထူးဆန်းဘူး

နေမပူဘူး

ညမမှောင်ဘူး၊

နွေတွေ မိုးတွေ ဆောင်းတွေ

တောင်တန်းတွေ

လောင်းကြေးတွေ

အငမ်းမရ ဖျားနာခြင်းတွေ။

နာရီများ စိတ်မချရ

သမိုင်းဟာ အမောအပန်းမရှိ။

ကမ္ဘာကြီးနဲ့ ငါတို့အကြား

ဒီထက် မတတ်နိုင်တော့ပြီလား။

လူတွေသေခဲ့

လူတွေရှင်ခဲ့။

ငါ့ရဲ့ ပက်လက်ကုလားထိုင်လဲ အိုမင်းခဲ့။

မနေ့ကများ

ခြားလဲခြားနားခဲ့

တူလဲတူခဲ့။

အရေးကြီးသော သံဝေဂများ

အရေးမကြီးသော အရေးကြီးမှုများ

‘သောမတ်မိုး’ လဲ ‘သောမတ်မိုး’ အလျောက်

‘ဂျူယုံဂျီး’ လဲ ‘ဂျူယုံဂျီး’ အလျောက်

ငါလဲ ငါ့အလျောက်

စဉ်းစားရကြပ်ခဲ့။

‘ငါမှားသလား’ ဆိုတော့လဲ

မမှားဘူး။

ဘယ်သူဟာ ဘယ်သူနဲ့တူလဲ

ဘယ်သူဟာ ဘယ်သူဖြစ်စေချင်တဲ့အတိုင်း

ဖြစ်လာရတာလဲတဲ့

ငါတို့ကကော ဘယ်သူဖြစ်စေချင်တဲ့အတိုင်း

ဖြစ်ရမှာလဲ။

တရားမဲ့သူအတွက်လဲ

တရားရှိခဲ့။

တရားရှိသူအတွက်လဲ

တရားရှိခဲ့။

တရားနဲ့မဖြေနိုင်သူကတော့

ဝဋ်ရှိသမျှပေါ့။

ငါရှုံးပါစေ

တရားက နို်င်ပါစေ။

သူငယ်ချင်း အဘိုးကြီးနှစ်ယောက်လို

တစ်ယောက်ကို တစ်ယောက် လက်ဖက်ရည်တိုက်ကြ။

ဒီစာရွက်ပေါ်က ငါ့ ‘ခြစ်ရာ’ များ

ခင်ဗျားအသံကိုလဲ ကိုယ်စားပြုနိုင်ပါစေသား။ ။


အောင်ချိမ့်

၁၉၉၈၊ဇွန်၊ရနံ့သစ်

English for All,1998,July, No.134


သတိရတယ်သူငယ်ချင်း

တစ်ပတ်မှာ

၃၆ နာရီလက်ဖက်ရည်ဆိုင်ထိုင်ခဲ့တယ်

တဖြည်းဖြည်းနဲ့

လက်ဖက်ရည်ဆိုင်က ထိုင်ခုံတွေလို

တို့ဘ၀တွေ ပုဝင်နေခဲ့။

ရန်ကုန်မြို့ကြီးကို

၃ နှစ်လောက် အကြောပေးလိုက်ဦးမယ်ဆိုတဲ့

ငါ့ရဲ့ သူငယ်ချင်းရေ

အခု မင်းဘယ်ရောက်နေသလဲ။

ဘယ်လိုမှ မေ့ပျောက်လို့ မရတဲ့နေ့တွေ

တစ်ဟုန်ထိုး မောင်းထွက်သွားတဲ့ ဘ၀တွေ။

လက်ဖက်ရည်ဆိုင် ထိုင်တာကို ကြည့်ပြီး အထင်မသေးနဲ့

လက်ဖက်ရည်ဆိုင် ထိုင်တာကို ကြည့်ပြီး ၀မ်းမနည်းနဲ့

လက်ဖက်ရည်ဆိုင် ထိုင်တာကိုလဲ ဂုဏ်မယူနဲ့။

၁၉၉၈ ဟာအပေါင်ဆုံးခဲ့ပါပြီ

တစ်ဘ၀ လုံးပုံအောခဲ့တဲ့ ကစားဝိုင်းက မသိမ်းသေးပါဘူး။


လှသန်း

ရနံ့သစ်၊မတ်လ၊၁၉၉၉

English for All, 1999,May, No.144



Read more...

My "SHE" - A. P. Chekhov

>> Tuesday, April 29, 2008


ရှေ့ပိုင်းမှာ ချက်ဟော့(ဗ်)ရဲ့ paradox အတိုလေးတစ်ပုဒ်ဖြစ်တဲ့ “ခွင့်ပန်ခြင်း” ဆိုတာကို ဘာသာပြန်ခဲ့တုန်းက နောက်ထပ်ဒါမျိုးလေးတစ်ခု ဘာသာပြန်ဦးမယ်လို့ ကြော်ငြာဝင်ထားခဲ့ပါတယ်။ အခု အဲဒီကြော်ငြာထားတဲ့ အတိုလေးတစ်ခုပါ။ ဖတ်ကြည့်ကြပါဦး။ ချက်ဟော့(ဗ်)က အတိုရေးတဲ့နေရာမှာ ဆရာကြီးပါ။ သူပြောတဲ့ စကားတစ်ခုရှိပါတယ်။ “တိုတိုတုတ်တုတ်ရေးတတ်ခြင်းဟာ ပါရမီရဲ့အမပါ။”

ချက်ဟော့(ဗ်)က သူ့ညီဆီရေးတဲ့စာထဲမှာ အဲဒီစာကြောင်းကိုထည့်ရေးပါတယ်။
“Краткость — сестра таланта. Если бы мне прожить еще сорок лет и все эти сорок лет читать, читать и читать, и учиться писать талантливо, то есть коротко, я выпалил бы во всех вас из такой большой пушки, что задрожали бы небеса.”
“တိုတိုတုတ်တုတ်ရေးတတ်ခြင်းဟာ ပါရမီရဲ့ အမပါ။ တကယ်လို့ ငါသာနောက်နှစ်လေးဆယ် ထက်ပြီး အသက်ရှင်နေရဦးမယ်ဆိုရင် အဲဒီနှစ်လေးဆယ်မှာ စာတွေကိုဖတ်မယ်၊ အများကြီးကိုဖတ်မယ်၊ ပြီး ပါရမီရှင်ဆန်ဆန် ရေးတတ်အောင် သင်ယူမယ်၊ ဆိုလိုတာက တိုတိုတုတ်တုတ်ရေးတတ်အောင် သင်ယူပြီး ကောင်းကင်တစ်ခုလုံး တုန်ဟီးသွားလောက်အောင် အမြောက်ကြီးကနေပစ်လိုက်သလိုမျိုး မင်းတို့အားလုံးကို ငါပစ်လိုက်မယ်။”

နောက် ချက်ဟော(ဗ်)ပြောတဲ့ စကားရှိပါသေးတယ်။ “ဘူနင်”ကိုပြောခဲ့တာပါ။
“По-моему, написав рассказ, следует вычеркнуть его начала и конец. Тут мы, писатели, больше всего врём. И короче, как можно короче надо писать.”
“ငါ့အမြင်တော့ ၀တ္ထုတိုတွေရေးတဲ့နေရာမှာ အစနဲ့ အဆုံးကို ဖျက်ပြစ်ရမယ်။ တို့စာရေးဆရာတွေက အဲဒီနေရာတွေမှာ မုသားတွေအများကြီးပြောတာ။ တိုတိုပဲ ဖြစ်နိုင်သမျှတိုအောင်ရေးရမယ်။”

အတိုရေးရာမှာ ဆရာကျတဲ့ ချက်ဟော(ဗ်)ရဲ့ အတိုရေးရခြင်းအကြောင်းရင်းခံ စကားအချို့ပါ။ အခုတော့ ဖောင်းကားစကားလုံးများ(မြန်မာလိုရော ရုရှားလိုပါ မကျွမ်းကျင်မှုကြောင့်) သုံးထားတဲ့ ကျွန်တော့်ရဲ့ ဘာသာပြန်ကို ဖတ်ကြည့်ပါဦး။ အရင် “ခွင့်ပန်ခြင်း” မှာတုန်းက ဇာတ်ကောင် အမျိုးသမီးကို သဘောကျလို့ ဇာတ်လိုက်ဖြစ်ချင်ဇောနဲ့ “ဖြူရယ်ကြက်ကင်” ရယ်လို့တောင် နာမည် ပြောင်းဖို့ စဉ်းစားထားတဲ့ ကိုဖြူရေ အခု ဒီအတိုထဲက ဒီလို“သူမ”ကိုရော စွဲလမ်းလို့ မခွဲနိုင်ဖြစ်နေမယ်လို့ ထင်ပါတယ်။ ဖတ်ကြည့်ပါဦးဗျာ။


ကျွန်တော့်ရဲ့ သူမ

အင်း မိဘတွေ၊ လူကြီးသူမတွေက အသေအချာ ပြောပြတာတော့ သူမက ကျွန်တော့်ထက်စောပြီး မွေးတာတဲ့။ သူတို့ပြောတာ ဟုတ်မဟုတ်တော့ မသိဘူး၊ ကျွန်တော်သိတာကတော့ သူမရဲ့လွှမ်းမိုးမှုကို မခံရတဲ့နေ့၊ သူမကို သတိမရမိတဲ့နေ့ဆိုတာ တစ်နေ့တစ်ရက်မှ မရှိပါဘူး။ သူမက ကျွန်တော့်ဆီကနေ နေ့ရောညပါ ထွက်ခွာမသွားသလို ကျွန်တော်ကလည်း သူမကို ထွက်ပြေးစေလိုတဲ့ အရိပ်အရောင်တောင် မပြပါဘူး။ ဒီတော့ ကျွန်တော်တို့ နှစ်ဦးကြားဆက်ဆံရေးကတော့ ခိုင်မာသထက် ခိုင်မာဖြစ်လာတာပေါ့ဗျာ။ မနာလိုမဖြစ်ပါနဲ့ စာဖတ်သူမိန်းကလေးရေ။ အဲဒီနူးညံ့သိမ့်မွေ့လှတဲ့ ဆက်ဆံရေးက စိတ်ညစ်စရာကလွှဲပြီး တစ်ခြားအရာတွေကို သယ်ဆောင်မလာပါဘူး။ ပြီးတော့ ကျွန်တော့်ရဲ့သူမက နေ့ရော၊ညပါ ကျွန်တော့်အနားက မခွာတော့ကာ ကျွန်တော် အလုပ်တွေလည်းမလုပ်ရပါဘူး။ စာဖတ်တော့လည်း နှောင့်ယှက်တာပဲ၊ စာရေးတဲ့အချိန်ဆိုလည်း နှောက်ယှက်တာပါ။ သူမနှောင့်ယှက်လို့ လမ်းလျှောက်ပြီး သဘာဝပတ်ဝန်းကျင်က စိမ်းစိုလန်းဆန်းတဲ့ ရှုခင်းတွေလည်း ကောင်းကောင်းမခံစားရပါဘူး။ ကျွန်တော် အခု စာကြောင်းတွေ ရေးနေတော့လည်း တံတောင်ဆစ်ကို လာလာတိုးပြီး နှောက်ယှက်နေပါတယ်။ ဟိုဂန္ထ၀င်ဘုရင်မ “ကလိရိုပတ်တရာ” က “အန်တိုနီ”ကို သိမ်းသွင်းတာထက်မနည်းဘဲ ကျွန်တော့်ကိုလည်း အလိမ်အညာတွေ ပြောဖြစ်အောင် ဆွဲဆောင်ပါတယ်။ နောက်တစ်ချက်က သူမက ကျွန်တော့်ကို ပြင်သစ်အပျက်မတစ်ယောက်လို ဖျက်ဆီးတတ်ပါသေးတယ်။ သူမကို ဒီလောက်တောင်ဆွဲမက်နေမှတော့ အလုပ်အကိုင်တွေ၊ ဂုဏ်သတင်းကျော်ဇောမှုတွေ၊ အားလုံးသော ဇိမ်ခံပစ္စည်းတွေကိုလည်း စွန့်လွှတ်ရပါတယ်။ သူမရဲ့ ကြင်နာသနားတတ်မှုကြောင့်လားဗျာ ကျွန်တော်မှာ အ၀တ်လည်းကောင်းကောင်းမ၀တ်ရ၊ ဈေးပေါပေါအခန်းမှာနေရ၊ စုတ်စုတ်ပြတ်ပြတ်တွေစားရ၊ ရေးတော့လည်း ကလောင်တံအစုတ်နဲ့ပါ။ လောဘကြီးတဲ့သူမ အကုန်လုံးကို ငမ်းငမ်းတတ်စားသုံးဖျက်ဆီးတော့တာပါပဲ။ ကျွန်တော် သူမကို ရွံရှာမုန်းတီးနေပါပြီ။ သူမနဲ့လမ်းခွဲသင့်တာကြာလှပြီဆိုပေမယ့် အခုအချိန်အထိလည်း လမ်းမခွဲရသေးပါဘူး။ မော်စကိုက ရှေ့နေတွေက ကွာရှင်းပြတ်စဲမှုအတွက် ငွေ ၄၀၀၀ ယူကြလို့လည်းမဟုတ်ပါဘူး၊ ကျွန်တော်တို့မှာ သားမမီးလည်း မထွန်းကားသေးပါဘူး။ ကဲ သူမရဲ့နာမည်ကို သိချင်ကြလားဗျာ။ သူမနာမည်က ကဗျာဆန်ဆန် ဘာတွေနဲ့ဆင်သလဲဆိုတော့ လီလျာ၊ လျှိုလျာ၊ နယ်(လ်)လီ …….
….
….
သူမနာမည်က “လင်း(န်)” တဲ့ဗျ။

“လင်း(န်)”-ဆိုတာက ရုရှားဝေါဟာရ “feminine gender”ဖြစ်တဲ့ [Лень] ဆိုတဲ့ “ပျင်းရိမှု”ကိုပြောတာပါ။

အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်)

Read more...

ချစ်လိုက်ကြပုံများ…

>> Friday, April 25, 2008

ဟိုမှာကြည့်စမ်းအဖိုးနဲ့အဖွား မရိုးနိုင်တဲ့စကားတွေနဲ့ ကိုကိုတလဲ၊ မောင်မောင်တဖုံခေါ်နေကြပုံများ၊ မြင်ရသူဘဝင်အတွင်း၊ ရတနာပီတိဂွမ်းဆီထိသလိုခံစားရပါတယ်။ မောင်မောင်ဖိုးဖိုးက၊ မယ်မယ်ဖွားဖွားလက်ကိုချိတ်လို့၊ အရေတွန့်နေကြတဲ့လက်တစ်စုံ၊ မြဲမြံလိုက်ကြတာနော်၊ ဘယ်သူခွဲခွဲဒို့မကွဲ၊ အမြဲချစ်ကြတယ်ထင်ပ။ ရာသီဥတုလေးသာယာလို့ ကျောင်းကိုလမ်းလျှောက်သွားရင်းနဲ့၊ အဖိုးအဖွားစုံတွဲတစ်တွဲ လက်ချင်းချိတ်လို့လမ်းလျှောက်နေတာတွေ့ရင်း တွေးနေမိတာပါ။ ကျွန်တော်က ကျောင်းကိုဖြတ်လမ်းကနေလမ်းလျှောက်သွားလေ့ရှိပါတယ်။ လမ်းဘေးဝဲယာမှာအပင်တွေနဲ့၊ မနီးမဝေးမှာရှိတဲ့ လူနေတိုက်ခန်းတွေကြားထဲကနေဖြတ်ဖောက်ထားတဲ့ လူသွားလမ်းလေးကနေသွားရတာပါ။ လမ်းလေးက အတော်သာယာပါတယ်။ ခုလိုမျိုးအရမ်းမအေး၊ အရမ်းမပူသေးတဲ့အချိန်မျိုးဆို လမ်းလျှောက်လို့အလွန်ကောင်းတယ်။ ကျွန်တော်နဲ့ကိုမောင်လုံးလဲ စကားတပြောပြောနဲ့လမ်းလျှောက်လာကြရင်း ကျွန်တော်တို့ရှေ့မှာတလှုပ်လှုပ်နဲ့လျှောက်နေတဲ့ စောစောကကျွန်တော်ပြောတဲ့ အဖိုးအဖွားစုံတွဲနှစ်ယောက်ကိုသတိထားမိတယ်။ လမ်းလေးကကျဉ်းတော့ နှစ်ယောက်တွဲလျှောက်နေရင်နောက်လူက ကျော်တက်ဖို့နဲနဲခက်ပါတယ်။ ကျွန်တော်လဲ သူတို့နှစ်ယောက်ကိုကြည့်ရင်းနဲ့ စိတ်ထဲမှာကြည်နူးသလိုခံစားလာရပြီး၊ မျက်နှာကအလိုလိုပြုံးမိသွားတယ်။ အဲဒီအချိန်မှာ အဖိုးအဖွားနှစ်ယောက်လုံးကလဲ ကျွန်တော်တို့ကိုလမ်းဖယ်ပေးဖို့ နောက်ကိုလှည့်ကြည့်ရင်းနဲ့ပြုံးပြတယ်။ ကျွန်တော်တို့နှစ်ယောက်လဲ သူတို့ကိုနှုတ်ဆက်လိုက်တယ်။

- မင်္ဂလာပါခင်ဗျာ၊ လမ်းလျှောက်နေကြတာလားခင်ဗျ။
- အေးကွဲ့၊ ဒီနေ့ရာသီဥတုသာယာလို့ လမ်းထွက်လျှောက်ကြတာ။ - အဖွားကြီးက သွက်သွက်လက်လက်နဲ့ကျွန်တော့်အမေးကိုပြန်ဖြေတယ်။ အဖိုးကြီးက ကျွန်တော်တို့ကိုကြည့်ရင်း ဘာမှမပြောဘဲ အသာပြုံးနေတယ်။
ဘာလို့များစပ်စုချင်စိတ်ကဝင်လာရတာလဲမသိဘူး၊ ကျွန်တော်လဲဆက်မေးမိတယ်။
- အဖိုးနဲ့အဖွားနဲ့က အရမ်းချစ်ကြတယ်ထင်တယ်နော်။ မြင်ရတာကြည်နူးဖို့ အရမ်းကောင်းပါတယ်ဗျာ။
- ဟုတ်တယ်။ တို့နှစ်ယောက်ကသိပ်ချစ်ကြတယ်။ - အဖွားကြီးကပဲ ကျွန်တော်ကိုစကားပြန်ပြောတယ်။ ကျွန်တော့်စိတ်ထဲမှာလဲ၊ မြန်မာပြည်က အဖိုးအဖွားတွေကိုသွားသတိရမိတယ်။ မြန်မာကကျွန်တော်တို့အဖိုးအဖွားတွေဆိုရင် သူတို့အသက်အရွယ်နဲ့ ခုလိုအေးအေးလူလူလက်တွဲပြီး လမ်းလျှောက်ဖို့ စဉ်းစားကြမှာမဟုတ်ပါဘူး။ ဘုရားကျောင်းကန်ကို အတူသွားရင်တောင် ဘေးချင်းယှဉ်လျှောက်ကြတာမဟုတ်ဘူး။
- အဖိုးနဲ့အဖွားက သားသမီးတွေမရှိကြဘူးလား။ - ကျွန်တော်လဲအရှိန်ရလာတာနဲ့ ဆက်ပြီးလျှာရှည်မိတယ်။
- မရှိကြဘူးကွဲ့။ - အင်း.. သားသမီးမရှိပေမယ့်၊ သူတို့ရဲ့ချစ်သက်တမ်းကတော့ နည်းမှာမဟုတ်ဘူးလို့ စိတ်ထဲတွေးရင်းကြည်နူးမိတယ်။ ~~~အိုအောင်မင်းအောင်ပေါင်းသင်းလို့ ပျော်ရွှင်ကြစေချင်~~~ ဆိုတာဒါမျိုးနေမှာလို့လဲတွေးမိတယ်။ ပြီးတော့ ကျွန်တော်လဲ လျှာရှည်လက်စနဲ့မထူးတော့ပါဘူး၊ သိချင်တာလေးနောက်ဆုံးတစ်ခုတော့ မေးလိုက်ဦးမှဆိုပြီး ဆက်မေးမိတယ်။
- အဖိုးနဲ့အဖွားက ငယ်ချစ်တွေနေမှာပေါ့နော်။ အိမ်ထောင်သက်တမ်းဘယ်လောက်ကြာပြီလဲဗျ။ - ကျွန်တော့်အမေးကို သူတို့နှစ်ယောက်လုံးက အသာပြုံးကြည့်နေတယ်။ ဒီတစ်ကြိမ်မှာတော့ အဖိုးကြီးကကျွန်တော့်အမေးကိုဖြေတယ်။
- ငါတို့နှစ်ယောက်က ပြီးခဲ့တဲ့အပတ်ကမှ လက်ထပ်ထားတာငါ့လူရဲ့၊ ဟုတ်တယ်နော်… ဟန်နီ။ - အဖိုးကြီးက ကျွန်တော်အမေးကို အာဘောင်အာရင်းသန်သန်နဲ့ဖြေရင်း၊ သူ့ဟန်နီကြီးကိုပါ ထောက်ခံခိုင်းလိုက်တာ၊ ကျွန်တော့်မှာ ခေါင်းတစ်ခုလုံးချာချာလည်သွားပြီး၊ ဘယ်လိုကြီးဖြစ်သွားမှန်းကိုမသိတော့ပါဘူး။
- အော်… ဟုတ်လား - လို့ပြောရင်း တချိုးတည်းလစ်လာခဲ့ရတော့တယ်။ စာဖတ်သူတွေလဲ အဖိုးအဖွားစုံတွဲတွေတွေ့တိုင်း၊ ငယ်ချစ်လို့တော့တစ်ထစ်ချမယုံလိုက်ကြလေနဲ့ဗျ။ တော်ကြာ ချစ်စ၊ခင်စ၊ကြင်နာစ ဇနီးမောင်နှံအသက်စက်စက်စုံတွဲလေးတွေဖြစ်နေဦးမယ်နော်။

Read more...

ပြင်သစ်ဘာသာစကားချိန်များ

>> Thursday, April 24, 2008

ရပ်စ်ပူတင်အကြောင်းကို ဒီဘလော့ရဲ့တစ်နေရာမှာ ကျွန်တော်ရေးခဲ့ဖူးပါတယ်။ သူ့ဝတ္ထုတွေအများကြီးမဖတ်ဖြစ်၊ မဖတ်နိုင်ခဲ့ပေမယ့်၊ ဖတ်ဖူးခဲ့သမျှနဲနဲလေးထဲမှတော့ ကျွန်တော့်အကြိုက်လေးတွေချည်းပါပဲ။ အဲဒီထဲမှာ ပြင်သစ်ဘာသာစကားချိန်များဆိုတဲ့ ဝတ္ထုလေးကတော့ အကြိုက်ဆုံးတည်းကတစ်ခုလို့ ဆိုရမလားပဲ။ အဲဒီဝတ္ထုလေးကို ရုပ်ရှင်အနေနဲ့ရိုက်ထားတာလဲ ကြည့်လိုက်ရပါသေးတယ်။ ကျွန်တော်တို့မြန်မာမှာတော့ အောင်ထွန်းလေးလို ကလေးဇာတ်ဆောင်လေးက အဓိကအခန်းကနေ သရုပ်ဆောင်ထားတာပါ။ သူပဲသရုပ်ဆောင်ကောင်းလေသလား၊ ကျွန်တော့်အကြိုက်နဲ့ပဲ အချိတ်အဆက်မိသွားလေသလားမသိဘူး၊ ရုပ်ရှင်ကိုလည်းအရမ်းကြိုက်ပါတယ်။ အဲဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာ ကောင်လေးအမေက ကောင်လေးနေတဲ့မြို့ကိုလာတွေ့ပြီး အိမ်အပြန်မှာ ကောင်လေးက သူ့အမေစီးသွားတဲ့ ကုန်တင်ကားကြီးနောက်ပြေးလိုက်တဲ့အခန်းကိုကြည့်ရတော့ မျက်ရည်တောင်ဝဲရပါတယ်။ သူ့ဆရာမနဲ့သူနဲ့ကစားကြတဲ့အခန်းတွေ၊ အငြင်းပြိုင်ကြတဲ့အခန်းလေးတွေကလဲ ကြည်နူးစရာလေးတွေပါ။ ဒီဝတ္ထုလေးကို ဘာသာစပြန်ထားတာတော့ကြာပါပြီ။ နည်းနည်းလဲရှည်တော့ ဆက်မပြန်ဖြစ်တာနဲ့ပစ်ထားခဲ့မိတယ်။ မနေ့ကမှ ပြန်လှန်ဖြစ်လို့ ဘာသာပြန်ပြီးသလောက်လေးတင်ပေးလိုက်ပါတယ်။ အဆုံးထိပြန်နိုင်ဖို့လဲ ကြိုးစားပါဦးမယ်။

************************************
အပိုင်း(၁)
ထူးဆန်းတယ်နော်၊ ကျွန်တော်တို့တွေ ဘာလို့များ မိဘတွေရှေ့မှာ ဆရာတွေရှေ့မှာ ကိုယ့်အမှားအတွက် အမြဲမလုံမလဲ ခံစားရလဲ မသိဘူး။ အဲဒါတွေအားလုံးက ကျောင်းသားဘ၀မှာတင်မဟုတ်ပါဘူး၊ ကျောင်းပြီးတော့လဲ ဒီခံစားချက်တွေက ကျွန်တော်တို့နဲ့အတူ ကျန်ရစ်နေခဲ့တာပါပဲ။
ကျွန်တော် ငါးတန်းကိုစတက်တာ ၁၉၄၇-ခုနှစ်မှာပေါ့။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ရွာလေးမှာ မူလတန်းအထိပဲ ရှိတာလေ။ အဲဒီတော့ ရှေ့ဆက်ပြီး ကျောင်းတက်ဖို့ဆိုရင် ကျွန်တော်တို့ရွာလေးကနေ ကီလိုမီတာငါးဆယ်လောက်ဝေးတဲ့ မြို့လေးကို ထွက်ခွာဖို့ ကျွန်တော်ပြင်ဆင်ရပြီပေါ့။ အမေက လွန်ခဲ့တဲ့တစ်ပတ်လောက်တည်းက အဲဒီကိုကြိုသွားပြီး သူ့အသိ အမျိုးသမီးတစ်ယောက်ဆီမှာ ကျွန်တော်လာနေမယ့်အကြောင်းကို ကြိုအကြောင်းကြားထားပြီးသား။ သြဂုတ်လရဲ့ နောက်ဆုံးနေ့မှာတော့ ကျွန်တော့် ဦးလေး (ကျွန်တော်တို့ရွာရဲ့ တစ်ဦးတည်းသော ကုန်တင်ကားကိုမောင်းရတဲ့) ဂျာဂျာ ဗန်ညာ က သူ့ကုန်တင်ကားကြီးပေါ်ကို ကျွန်တော့်ကိုဆွဲတင်ပြီး ကျောက်ခင်းလမ်းတလျှောက် တောက်လျှောက်မောင်းတော့တာပါပဲ။ ကျွန်တော်နေရမယ့်အိမ်ရောက်တော့ ဂျာဂျာ ဗန်ညာက ကျွန်တော့်အတွက် အိပ်ယာခင်းတွေ စားစရာတွေကို ကျွန်တော်နေရမယ့် အိမ်ရဲ့ထောင့်လေးအထိ လိုက်ပို့ပေးတယ်။ ပြီးတော့ ကျွန်တော့်ပုခုံးကို တစ်ချက်ပုတ်ပြီး ထွက်သွားတော့တယ်။ အဲဒီအချိန် ကျွန်တော့်အသက် ဆယ့်တစ်နှစ်ကစလို့ ကျွန်တော့်ရဲ့ ကိုယ့်အားကိုယ်ကိုးရတဲ့ ဘ၀စခဲ့တယ်ဆိုပါတော့။
စစချင်းနှစ်မှာတော့ ဆာလောင်မွတ်သိပ်တဲ့ဒုက္ခတွေကို မခံရသေးပါဘူး။ အမေ့မှာ ကလေးသုံးယောက်ရှိပါတယ်။ ကျွန်တော်ကအကြီးဆုံးပေါ့။ နွေဦးပေါက်ရာသီ အခက်အခဲ အကြပ်အတည်းတွေစပြီဆိုရင် ကျွန်တော်တို့ကလေးတွေမှာ စားစရာက မရှိတော့ဘူး။ ကျွန်တော်နဲ့ ကျွန်တော့်ညီမလေး အာလူးတွေရဲ့အပေါ်မှာ ထွက်နေတဲ့ အတက်လေးတွေကို ဖဲ့စားကြတယ်။ မြင်းစားဂျုံစေ့တွေ ဂျုံရိုင်းစေ့တွေကို စားကြရတယ်။ ဗိုက်ထဲရောက်မှ အပင်တွေပေါက်လာလဲ စားဖို့အတွက်မပူရတော့ဘူးလေ။ နွေတစ်နွေလုံးပါပဲ ကျွန်တော်တို့ဗိုက်ထဲက သီးပင်စားပင်တွေကို ကျွန်တော်တို့ရွာလေးနားကဖြတ်စီးနေတဲ့ အန်ဂါမြစ်ရေတွေနဲ့ ကြိုးစားပန်းစား လောင်းတာပါပဲ။ ဒါပေမယ့် အထွက်ကပဲနည်းတာလားတော့မသိ၊ ဘယ်လိုနေလဲတောင် မခံစားလိုက်ရပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်စဉ်းစားကြည့်တယ်၊ တီထွင်ကြံဆမှုဟာ အကျိုးမယုတ်ဘူးလို့၊ တစ်ခါတလေမှာ လူတွေအတွက် အသုံးတောင်တည့်ချင်တည့်နေဦးမှာ။ ကျွန်တော်တို့ အတွေ့အကြုံ နုနယ်သေးလို့ အမှားတစ်ခုခု လုပ်မိလို့ အပင်မပေါက်တာပဲ ဖြစ်မှာပေါ့။
အမေဘာဖြစ်လို့များ ကျွန်တော့်ကို မြို့ကျောင်းကို စာသွားသင်ခိုင်းဖို့ ဆုံးဖြတ်လိုက်လဲဆိုတာတော့ ပြောရခက်တယ်။ ကျွန်တော်တို့ အဖေမရှိပဲနေခဲ့ရတယ်။ အဆိုးဝါးဆုံးကို နေခဲ့ရတာပါ။ အမေ့ကြည့်ရတာ ဒီထက်တော့ မဆိုးနိုင်တော့ဘူးလို့ စိတ်ကိုဆုံးဖြတ်ထားလားမသိပါဘူး။ ရွာကမူလတန်းကျောင်းမှာ ကျွန်တော်စာကြိုးစားခဲ့ပါတယ်။ ကျောင်းသွားရတာလဲပျော်တယ်လေ။ ရွာမှာတော့ ကျွန်တော် စာရေးတတ်ဖတ်တတ်လို့ အသိအမှတ်ပြုကြပါတယ်။ အသက်ကြီးကြီး အဘိုးအဖွားကြီးတွေအတွက် စာရေးတာ စာဖတ်တာလဲ ကျွန်တော်ပဲလုပ်ပေးရတယ်။ ရွာစာကြည့်တိုက်လေးကနေ စာအုပ်တွေ ရှာဖွေဖတ်ရှုပြီး ညနေတွေဆိုရင် ရွာကသူငယ်ချင်းတွေကို ပြန်ပြောပြရတယ်။ များသောအားဖြင့်တော့ စာအုပ်ထဲက အကြောင်းအရာထက် ကျွန်တော်ထင်တာတွေ ထည့်ပြောတာက ခပ်များများပေါ့။ ဒါပေမယ့် ကျွန်တော့်ကို တော်တော်များများယုံကြည်ကြပါတယ်။ စစ်အတွင်းက တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေကို နိုင်ငံတော်ကနေ ထောက်ပံ့ကြေးအနေနဲ့ ရမယ့်ပိုက်ဆံကို သတင်းစာကနေ နံပါတ်တွေနဲ့ ကြော်ငြာပေးတယ်။ သတင်းစာထဲမှာပါတဲ့ ဇယားကနေ သူတို့နံပါတ်တွေ ပါမပါ ကျွန်တော်ကကြည့်ပေးရတယ်။ ကျွန်တော့်မှာ ကံကောင်းတဲ့ မျက်စိတစ်စုံရှိတယ်ဆိုပြီး တော်တော်များများက ကျွန်တော့်ကိုပဲ လာလာကြည့်ခိုင်းကြတယ်။ မဲပေါက်တဲ့လူတွေလဲ ရှိကြပါတယ်။ အများစုကတော့ နည်းနည်းပဲ ပေါက်တာများပါတယ်။ ဒါပေမယ့် အဲဒီအချိန်က လယ်သမားတစ်ယောက်အတွက် ဘယ်လို အကြွေစေ့ပဲဖြစ်ဖြစ် ၀မ်းသာစရာပါ။ မဲပေါက်တဲ့ဆီကနေရတဲ့ ပျော်ရွှင်မှုကလဲ ကျွန်တော့်ဆီကိုပါ ကူးစက်လာတယ်။ ရွာကကလေးတွေကြားမှာ ကျွန်တော့်ကို ပိုခင်ကြပါတယ်၊ တတ်နိုင်သလောက်လဲ ကျွေးကြမွေးကြပါတယ်။ တစ်နေ့မှာတော့ ဂျာဂျာ အီလျာ (သူက တကယ့်ကို ကပ်စေးနည်းတဲ့ အဖိုးကြီးပါ) က ရူဘယ်လ်ငွေလေးရာ မဲပေါက်တာနဲ့ ကျွန်တော့်ကို အာလူးတစ်ပုံးပေးတယ်။ ကျွန်တော်တို့ မိသားစုအတွက်တော့ အဲလောက်အာလူးကလဲ မနည်းလှတဲ့ ကြွယ်ဝချမ်းသာမှုပါပဲ။
ဒီလိုနဲ့ ကျွန်တော်လဲ မဲပေါက်စဉ်ဂဏန်းတွေကြားမှာနေရင်းက လူတွေက အမေ့ကိုပြောလာကြတယ်။
- နင့်မှာ ထက်မြက်တဲ့ သားတစ်ယောက် အရွယ်ရောက်လာပြီ။ သူ့ကို စာဆက်သင်ပေးသင့်တယ်။ ဒီလိုတော်တဲ့ ကလေးတစ်ယောက်တော့ အလဟသ မဆုံးရှုံးစေချင်ဘူး။
ဒီလိုနဲ့ အမေလည်း စိတ်မကောင်းစွာနဲ့ ကျွန်တော့်ကို စာဆက်သင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်အရင် ဘယ်သူမှ အဲဒီမြို့မှာ စာသွားမသင်ဖူးကြပါဘူး။ ကျွန်တော်ပထမဆုံးပါပဲ။ ကျွန်တော်ကိုယ်တိုင်လဲ ဘယ်လိုဆက်နေရမယ်မသိသေးဘူး။ ဘယ်လိုမျိုးအခက်အခဲတွေများ စောင့်ကြိုနေဦးမယ် မသိနိုင်ဘူးလေ။ နေရာသစ်တစ်ခုက သနားစရာ သတ္တ၀ါတစ်ကောင်ပါပဲဗျာ။
အဲဒီမှာလဲ ကျွန်တော်စာကောင်းကောင်းသင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တခြားဘာအလုပ်များရှိလို့လဲ။ မြို့ကိုရောက်ကတည်းက ကျွန်တော့်မှာ ဘာလုပ်ရမှန်းမသိဘူး၊ ယောင်ချာချာနဲ့ နေသားမကျသေးဘူး။ ဘာသာရပ်တွေအားလုံးမှာ အဆင့်အမြင့်ဆုံးနဲ့ အောင်ခဲ့တာချည်းပါပဲ။ ဘာသာရပ်တစ်ခုကလွဲလို့ပေါ့။ အဲဒီဘာသာကတော့ ပြင်သစ်ဘာသာစကားပါပဲ။
ပြင်သစ်ဘာသာစကားမှာ ကျွန်တော့်အတွက် အခက်ခဲဆုံးက အသံထွက်ကိစ္စ။ စကားလုံးတွေကို ကျွန်တော် လွယ်လွယ်ကူကူနဲ့ မှတ်မိတယ်၊ ဘာသာပြန်နိုင်တယ်၊ ပြင်သစ်ဘာသာရဲ့ ခက်ခဲလှတဲ့ သဒ္ဒါတွေနဲ့ စာကောင်းကောင်းရေးနိုင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ ဦးခေါင်းကနေခြေဖျားအထိ အန်ဂါရွာအသံထွက်ကြီးက စိမ့်ဝင်နေတာလေ။ ကျွန်တော်တို့ရွာမှာက ဘာသာခြားဆိုလို့ စကားတစ်လုံးတောင် ပြောတတ်တဲ့သူမရှိဘူး၊ ကြားလဲမကြားဖူးပါဘူး။ တခြားဘာသာစကားတွေ ရှိတယ်လို့ပြောရင်တောင် သံသယရှိနေကြဦးမှာ။ ကျွန်တော်က ပြင်သစ်စကားကို ကျွန်တော်တို့ရွာမှာ လျှာသွက်အောင်ပြောလေ့ရှိတဲ့ စာကြောင်းတွေပြောတဲ့ပုံစံနဲ့ အသံတစ်ဝက်လောက်က အသုံးမ၀င်သလိုနဲ့ မြိုချရင်း၊ ကျန်တဲ့တစ်ဝက်ကိုတော့ ဗလုံးဗထွေးနဲ့ လျှာကိုအပူလောင်နေသလိုမျိုးပဲ ပြောတတ်တယ်။ ပြင်သစ်စာသင်တဲ့ ဆရာမ လီဂျီယာ မိဟာအိလော့ဗနာက ကျွန်တော်ပြောနေတာကိုကြည့်ရင်း မျက်မှောင်ကြီးကြုံ့ရင်း မျက်လုံးကိုမှိတ်ထားတယ်။ သူဘာမှကို သဲသဲကွဲကွဲ မကြားပါဘူး။ ဆရာမက နှာသံကို ဘယ်လိုထွက်ရမယ်၊ သရအတွဲတွေ ဘယ်လိုထွက်ရမယ်ဆိုတာ အထပ်ထပ်ရှင်းပြတယ်၊ ထွက်ပြတယ်။ ပြီးတော့ ကျွန်တော့်ကို အသံလိုက်ထွက်ခိုင်းတယ်။ ကျွန်တော့်လျှာက ပါးစပ်ထဲမှာ မာတောင့်နေပြီး တုပ်တုပ်မှမလှုပ်။ ဘယ်လိုမှကို အဆင်မပြေပါဘူး။ ဒါပေမယ့် တကယ့်အဆင်မပြေဆုံးကိစ္စက ကျွန်တော် ကျောင်းကနေပြန်ရောက်မှစတာ။ ကျွန်တော်နေတဲ့ အိမ်ပြန်ရောက်ရင် နေရတာ မလွတ်မလပ်နဲ့ ကျွန်တော့်မှာ အမြဲပဲ စိတ်ရှုပ်ရတယ်။ လုပ်စရာကလဲ တစ်ခုမဟုတ်တစ်ခု အမြဲရှိနေတတ်တယ်။ ကျွန်တော့်အရွယ်ကောင်တွေနဲ့ ကစားချင်ချင် မကစားချင်ချင် ကစားရတာတယ်။ ကျောင်းပြန်ရောက်ရင်တော့ စာပြန်လုပ်ရပြန်တာပေါ့။ တစ်ယောက်တည်းလည်း အိမ်နဲ့တစ်ခါမှ ခွဲမနေဘူးတော့ အိမ်ကိုလွမ်းတဲ့စိတ်၊ ရွာကိုလွမ်းတဲ့စိတ်နဲ့ စိတ်ဓာတ်ကျလာတယ်။ ဘယ်တုန်းကမှ အိမ်ကနေ တစ်ညတောင် ခွဲမနေဖူးဘူးလေ။ ကျွန်တော်မသိတဲ့ လူစိမ်းတွေကြားမှာ နေသားကျဖို့ ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး။ အဲဒီမှာနေရတာ ကျွန်တော့်အတွက်တော့ ခါးသီးဆိုးဝါးပြီး မုန်းတီးစရာ ကောင်းလှပါတယ်။ ရှိရှိသမျှရောဂါတွေထက်ကို ဆိုးရွားလှပါတယ်။ ကျွန်တော်တစ်ယောက်ထဲပဲနေချင်တယ်။ တစ်ယောက်ထဲနေရင်း အိမ်ကိုပဲ လွမ်းနေချင်တယ်။ ကျွန်တော် အရမ်းကို ပိန်သွားခဲ့တယ်။ အမေက စက်တင်ဘာလကုန်လောက်မှာ ရောက်လာရင်း ကျွန်တော့်အတွက် အရမ်းစိုးရိမ်သွားတယ်။ အမေ့ရှေ့မှာ ကျွန်တော့်စိတ်ကိုထိန်းထားတယ်။ ဘာမှလဲမငြီးဘူး၊ ငိုလဲမငိုဘူး။ ဒါပေမယ့် အမေလဲပြန်ရော ကျွန်တော်ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ပဲ အော်ဟစ်ငိုယိုပြီး အမေစီးသွားတဲ့ ကားနောက်ကို အတင်းပြေးလိုက်တော့တာပါပဲ။ အမေက ကုန်တင်ကားကြီးပေါ်ကနေ ကျွန်တော့်ကို လက်လှမ်းပြရင်း နေခဲ့ဖို့လှမ်းအော်ပြောနေတယ်။ ဒါပေမယ့် ကျွန်တော်ဘာကိုမှလဲ ရှက်ကြောက်မနေတော့ဘူး၊ ဘာကိုမှလဲနားမလည်ဘူး။ နောက်ဆုံးတော့ အမေက ကားကိုရပ်ခိုင်းလိုက်တယ်။
- ကဲ အထုပ်ပြင်တော့ - ကျွန်တော်အမေ့နားကပ်သွားတော့ အမေကပြောတယ် - ဒီလောက်ပညာသင်ရတာ လုံလောက်ပါပြီ၊ အိမ်ပဲပြန်လိုက်ခဲ့တော့။
ကျွန်တော်အသိပြန်ဝင်လာပြီး အမေ့ဆီကနေ ပြေးထွက်လာခဲ့တယ်။
ကျွန်တော် ပိန်ချုံးလာတာက အိမ်လွမ်းတဲ့စိတ် တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး။ အမြဲတမ်းလိုလို ၀၀လင်လင် မစားရတာလဲပါတယ်။ မိုးရာသီမှာ ဂျာဂျာ ဗန်ညာက ကျွန်တော်နေတဲ့မြို့နားဆီကို ပေါင်မုန့်တွေလာလာပို့ရတိုင်း အိမ်ကထည့်ပေးလိုက်တဲ့ စားစရာတွေ ကျွန်တော့်ဆီ တစ်ပါတ်တစ်ခါလောက် မကြာခဏ လာလာပို့ပေးတတ်ပါတယ်။ ဒါပေမယ့် ခက်တာက အဲဒီအစားအစာတွေက ကျွန်တော့်အတွက် မလုံလောက်ဘူး။ စားစရာဆိုတာကလည်း ဘာမှပါတာမဟုတ်ပါဘူး။ အာလူးတွေနဲ့ ပေါင်မုန့်ပါပဲ။ တစ်ခါတလေတော့ အမေက သူဘယ်သူ့ဆီကရမှန်းမသိတဲ့ ဒိန်ခဲလေးကို ဗူးလေးထဲမှာထည့်ပြီး ပေးတတ်ပါတယ်။ အမေ့မှာ နွားမှမရှိတာ ဘယ်ကဒိန်ခဲက ရမှာလဲ။ တစ်ခုပဲရှိတယ်၊ တစ်အိမ်အိမ်မှာ အလုပ်ကူလုပ်ပေးလို့ သူ့ကိုပေးလိုက်တဲ့ ဒိန်ခဲကို ကျွန်တော့်ဆီပို့ပေးတာနေမှာ။ ပို့ပေးလိုက်တာတော့ အများကြီးလို့ထင်ရတာပေါ့။ ဒါပေမယ့် နှစ်ရက်လောက်ပဲကြာပါတယ်၊ ဘာမှကိုမကျန်တော့ဘူး။ နောက်တော့ ကျွန်တော်သတိထားမိလာတယ်။ ကျွန်တော့်ဝေစုထဲက ပေါင်မုန့်တစ်ဝက်ကို တစ်ယောက်ယောက်ယူစားနေပြီဆိုတာကိုလေ။ အမှတ်အသားနဲ့ ကျွန်တော့်ပေါင်မုန့်လေးတွေကိုထားခဲ့တော့လဲ လက်ရာပျက်နေတယ်။ အာလူးတွေမှာလဲ ဒီတိုင်းပါပဲ။ ဘယ်သူများ အလစ်သုတ်နေတာပါလိမ့်။ အန်တီ နားဂျာလား၊ သူက အာကျယ်ကျယ်နဲ့ အမြဲတမ်း ယောက်ယက်ခတ်နေတတ်တဲ့ အမျိုးသမီးကြီး။ ဒါမှမဟုတ်၊ သူ့သမီးအကြီးမလား၊ အငယ်ကောင် ဖျော့ဒ်ကာလား။ ကျွန်တော်မသိတော့ဘူး၊ အဲဒီအကြောင်းကို ဆက်ပြီးတွေးဖို့တောင် ကြောက်လာမိတယ်။ အမေက သူမစားရက်မသောက်ရက်နဲ့ ညီမလေးဆီကဝေစုနဲနဲ၊ ညီလေးဆီက ဝေစုနဲနဲနဲ့ ပေါင်းပြီးမှ ကျွန်တော့်ဆီပို့ရတာ။ ဒီမှာဖြစ်ပျက်နေတဲ့အကြောင်းတွေပြန်ပြောပြရင်၊ သူလဲစိတ်ကောင်းမှာမဟုတ်ဘူး။ နောက်ဆုံးတော့ ကျွန်တော့်စိတ်ကိုပဲ ကျွန်တော်နှိမ့်ချပြီး မသိသလိုနေလိုက်တယ်။ အမှန်အတိုင်းသာ အမေသိလို့ကတော့ ဒီတိုင်းနေမှာမဟုတ်ဘူးလေ။
ဒီမှာခံစားနေရတဲ့ ဆာလောင်မှုက ရွာမှာတုန်းကနဲ့ လုံးဝမတူဘူး။ ရွာမှာက အမြဲတမ်း အထူးသဖြင့် မိုးရာသီဆိုရင် အန်ဂယ်လ်မြစ်ထဲမှာ ငါးလိုက်ဖမ်းမလား၊ တောထဲသွားပြီး ငှက်ပစ်မလား၊ သစ်ဥတွေလိုက်တူးမလား၊ အကုန်လုပ်လို့ရတယ်။ ဒီမှာတော့ ကျွန်တော့်ဝန်းကျင်တစ်ခုလုံးက ဗလာပါပဲ။ ကျွန်တော်မသိတဲ့ လူစိမ်းတွေ၊ သစ်ပင်တွေ၊ မြေကြီးတွေ။ မြစ်သေးသေးလေးမှာ ငါးထိုင်မျှားလဲ အလကားပါပဲ။ တနင်္ဂနွေလိုနေ့တွေမှာ ကျွန်တော် ငါးမျှားတံ တစ်ချောင်းနဲ့ တစ်နေကုန်အောင် ငါးမျှားခဲ့ဖူးတယ်။ လက်ဖက်ရည်ဇွန်းအရွယ်လောက်ပဲရှိတဲ့ ငါးလေး သုံးကောင်လားပဲရတယ်။ အဲဒီလောက်ငါးနဲ့တော့ ငါးဖမ်းသမားအတွက် အသုံးမတည့်ပါဘူးဗျာ။ နောက်တော့မသွားတော့ဘူး၊ အချိန်ကုန်တာပဲ အဖတ်တင်တယ်လေ။ ညနေတွေမှာတော့ လက်ဖက်ရည်ဆိုင်နားတ၀ိုက်မှာ ယောင်လည်လည်လုပ်တယ်။ တစ်ခါတလေတော့ ဈေးထဲမှာ ဘယ်ပစ္စည်းတွေ ဘယ်လောက်လဲဆိုတာလိုက်ကြည့်ရင်း၊ ကိုယ့်တံတွေးကိုယ် ပြန်မြိုမြိုချရတယ်။ အန်တီ နာဂျာရဲ့ မီးဖိုပေါ်မှာ ရေနွေးအိုးက ပွက်ပွက်ဆူလို့။ ဗလာဟင်းလင်း ရေနွေးနဲ့ ၀မ်းဗိုက်ကိုနွေးစေပြီး အိပ်ယာဝင်လိုက်တယ်။ မနက်ရောက်ရင်တော့ ကျောင်းသွားရဦးမယ်လေ။ ဒီလိုနဲ့ပဲ ကုန်တင်ကားကြီး ဂိတ်ဝရောက်လာပြီး ဂျာဂျာ ဗန်ညာတစ်ယောက် တံခါးလာခေါက်မယ့်အချိန်ကို စောင့်ရဦးတော့မှာပေါ့။ ဆာလောင်ငတ်မွတ်နေရင်းက ကျွန်တော်သိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့် ရိက္ခာတွေက ကျွန်တော်ပဲ မချွေတာပဲ စားပစ်သလို ကုန်သွားဦးမယ်ဆိုတာကိုပေါ့။ မထူးတော့ဘူးဆိုပြီး ရောက်လာသမျှအစာတွေကို ကျွန်တော့်ဗိုက်ကြီးကားလာတဲ့အထိ တ၀တပြဲစားပစ်လိုက်တယ်။ နောက်တစ်ရက် နှစ်ရက်လောက်နေရင်တော့ ကျွန်တော့်သွားတွေကို နံရံပေါ်က စာအုပ်စင်ပေါ်မှာ စိုက်ထားရဦးမယ်လေ။
(ဆက်ရန်)

Read more...

At the Lake - Htin Lin

>> Wednesday, April 23, 2008


ဒီနေ့တော့ ဆရာထင်လင်းရေးတဲ့ “ကန်တော်သာမှာ” ဆိုတဲ့ ၀တ္ထုတိုတစ်ပုဒ်ကို စကန်ဖတ်ပြီးတင်လိုက်ပါတယ်။ ဆရာက အရေးအသားကောင်းလွန်းလို့ ရီလိုက်ရတာလည်း မောလို့၊ သူပုံဖော်သမျှ မျက်လုံးထဲကွက်ကွက်ကွင်းကွင်းတွေမြင်လို့ ဖြစ်ရပါတယ်။ အခြားလူတွေကိုလည်း ဖတ်စေချင်လို့၊ ရီရစေချင်လို့ ဝေမျှလိုက်တာပါ။

ပုံတွေကို ဒီတိုင်းတင်တာ သေးသွားလို့ ပီဒီအက်(ဖ်) ပြောင်းပြီး တင်ထားပါတယ်။ စာအုပ်ကို ဒီမှာ ဒေါင်းလုပ်လုပ်ပြီး ဖတ်ကြပါ။
ဖတ်ပြီးရင်လည်း ပြန်လာပြောပါဦး။ ခင်ဗျားသာ ကိုကြီးခန့်နေရာမှာဆို ဘယ်လို ဖြေရှင်းမလဲလို့။



Read more...

Proposal - A. P. Chekhov

>> Tuesday, April 22, 2008


ခွင့်ပန်ခြင်း
အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်)

ဗာလန်တီ(န်) ပျယ်သရိုးဗိ(ခ်ျ) ပျယ်ရယ်ဂျိုး(ရ်)ကင်က ရုပ်ရည်ချောမောပြေပြစ်တဲ့ လူရွယ်တစ်ယောက်ပါ။ သူက ပွဲတက်ဝတ်စုံကို အသေအချာဝတ်၊ ပြောင်လက်နေအောင် တိုက်ထားတဲ့ အဖျားချွန်ပြီး ကော့ပြန်နေတဲ့  ရူးဖိနပ်ကိုစီး၊ အော်ပရာထဲမှာဆောင်တဲ့ ဦးထုပ်ကို လက်နက်တခုသဖွယ် ခေါင်းမှာတပ်ဆင်၊ စိတ်ကို မနည်းငြိမ်အောင်ထားပြီး၊ မြို့စားသမီးတော် ဗျယ်ရာ ဇာပိစကင်နာ ဆီကိုသွားတော့တာပေါ့။



အင်း၊ မြို့စားသမီးတော် ဗျယ်ရာ ဇာပိစကင်နာကို မသိဘူးလား၊ အော် စိတ်တောင်မကောင်းဘူး။ သူက ကောင်းကင်ပြာရောင်နူးညံ့မျက်ဝန်းလေးတွေနဲ့၊ ပိုးသားမျှင်လေးတွေလို လှိုင်းထပြီးနေတဲ့ ဆံနွယ်လေးတွေ အခွေလိုက်အခွေလိုက်နဲ့ ချစ်ခင်စွဲမက်စရာကောင်းတဲ့ ဖြည်တည်မှုလေးတစ်ခုပါ။

ပင်လယ်လှိုင်းလုံးတွေဆိုတာက ကျောက်ဆောင်နဲ့တွေ့ရင် ကွဲသွားကြတာ မဟုတ်လား၊ သူမရဲ့လှိုင်းလို ဆံနွယ်ခွေလေးတွေနဲ့ တွေ့ရင်ကြတော့ ပြောင်းပြန်၊ ဘယ်လိုကျောက်ဆိုင်ကျောက်သားပဲ ဖြစ်နေဖြစ်နေ ကွဲသွားပြီး၊ အမှုန်တွေအဖြစ် လွင့်စင်ထွက်သွားမယ်။ သူမရဲ့ အပြုံးနုတွေကို ရင်ဆိုင်နိုင်ဖို့ဆိုရင်၊ သေသေသပ်သပ်ထုဆစ်ထားသလို အပိုအလိုရှိ လှသွေးကြွယ်တဲ့ သူမရဲ့ သေးသွယ် ခန္ဓာကိုယ်လေးက အသက်ရှုလိုက်တိုင်း ပေါ်ထွက်လာတဲ့ သူမ၏နူးညံ့မှုတွေကို ခံနိုင်ရည်ရှိဖို့ဆိုရင်၊ ဘာကိုမှမခံစားတတ်တဲ့ လူ့ငတုံးတစ်ယောက်တော့ဖြစ်ဖို့လိုတယ်။ အဲ သူမစကားပြောတဲ့အခါ၊ မျက်စိတွေကန်းသွားလောက်အောင် ဖြူတဲ့ သွားတွေပေါ်အောင် သူမပြုံးတဲ့အခါ စိတ်ထဲပေါ်လာတဲ့ ကြည်နူးမှုတွေကို မခံစားချင်ဘူးဆိုရင်တော့ သစ်သားနဲ့ထုထားတဲ့ တိရိစ္ဆာန်တစ်ကောင်ဖြစ်နေရင်တော့ ရမယ်။

ပျယ်ရယ်ဂျိုး(ရ်)ကင် ကို မြို့စားသမီးတော်က လက်ခံစကားပြောပါတယ်။
သူက မြို့စားသမီးတော်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပါတယ်၊ စိတ်တွေအရမ်းလှုပ်ရှားနေပြီး စကားစပြောပါတယ်။

- မင်းသမီး၊ ကျနော်ပြောတာကို နားထောင်ပေးပါလားဗျာ။
- အော် ဟုတ်ကဲ့ပါရှင်။
- မင်းသမီးရဲ့ တောင်းပန်ပါတယ်၊ ဘယ်ကစပြောရမှန်းတောင် မသိတော့ပါဘူး၊ မင်းသမီးအတွက်တော့ မျှော်လင့်မထားတဲ့အရာဖြစ်နေပါ့မယ်၊ အမျက်တော်တော့ မထွက်စေချင်ပါဘူး။

သူက ချွေးသုတ်ဖို့ အိတ်ကပ်ထဲက လက်ကိုင်ပ၀ါကိုထုတ်နေတဲ့အချိန်မှာ မင်းသမီးက ချစ်စဖွယ်အပြုံးလေးနဲ့ ဘာတွေပြောမလို့ပါလိမ့်ဆိုတဲ့ အကြည့်နဲ့ သူ့ကို ကြည့်ပါတယ်။

- မင်းသမီးခင်ဗျာ၊ မင်းသမီးကိုမြင်လိုက်ပြီးကတည်းက ကျနော့်စိတ်ထဲ့မှာ တားမရဆီးးမနိုင်တဲ့ ဆန္ဒတစ်ခုပေါ်လာပါတယ်၊ ဒီဆန္ဒကြောင့်ပဲ နေ့လည်း အေးအေးချမ်းချမ်းမနေနိုင်၊ ညလည်းအိပ်မရ၊ တကယ်လို့သာ ဒီဆန္ဒသာမပြည့်ဝခဲ့ရင် ကျနော်အလွန့်ကို စိတ်မကောင်းဖြစ်ရမှာပါ။

မြို့စားသမီးတော် မျက်လွှာလေးကို အသာအယာချသွားပါတယ်။ ပျယ်ရယ်ဂျိုး(ရ်)ကင်တစ်ချက်ငြိမ်သွားပြီး စကားဆက်ပြောပါတယ်။

- တကယ့်ကို မင်းသမီး အံ့သြသွားမှာပါ၊ မင်းသမီးက နတ်သမီးတစ်ပါးပါ၊ အင်း ကျနော်နဲ့လည်း အသင့်တော်ဆုံးပါ။

နှစ်ယောက်လုံးတိတ်ဆိတ်သွားကြလေသည်။

- ပြီးတော့ကာ - ပျယ်ရယ်ဂျိုး(ရ်)ကင် သက်ပြင်းချပြီး ဆက်ပြောပါတယ် - ကျနော့်ရဲ့မြေယာတွေကလည်း မင်းသမီးရဲ့မြေယာတွေနဲ့လည်း တဆက်တည်းပါ၊ ကျနော်က လူချမ်းသာတစ်ယောက်ပါ။
- အော် အဲဒီတော့ ဘာဖြစ်လဲ။ - မြို့စားသမီးက တိုးတိုးညင်းညင်းမေးလိုက်ပါတယ်။
- ဘာဖြစ်ရလဲ မင်းသမီးရဲ၊ - ပျယ်ရယ်ဂျိုး(ရ်)ကင် ခေါင်းမော့လာပြီး အလောတကြီး ပြောပါတယ်။ - မင်းသမီးကို တောင်းပန်ပါတယ်ဗျာ။ မငြင်းဆန်စေချင်ပါဘူး။ မင်းသမီးငြင်းလိုက်ရင် ကျနော့်စိတ်ကူးအိပ်မက်တွေ အကုန်ပျက်ဆီးကုန်တော့မှာပါ။ မင်းသမီးခင်ဗျာ ကျနော် တစ်ခု ခွင့်ပန်ပါရစေ။

ပျယ်ရယ်ဂျိုး(ရ်)ကင် အမြန်ထိုင်လိုက်ပြီး မြို့စားသမီးတော်ဖက်ကို ခါးစောင်းကာ တိုးတိုးလေးပြောလိုက်လေသည်-

- ဒီခွင့်ပန်တာက မင်းသမီး အမြတ်အစွန်းကြီးကြီး ရစေမှာပါ၊ ကျနော်တို့ တစ်နှစ်ကို ၀က်ဆီတန်ချိန် သန်းချီပြီး ရောင်းရမှာပါ။ ကျနော်တို့ နှစ်ဦးပိုင်မြေကွက်မှာ ၀က်ဆီချက်စက်ရုံဆောက်ကြစို့။

မြို့စားသမီးသည် တချက်စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်လေသည်။

- ၀မ်းမြောက်ဝမ်းသာ လက်ခံပါတယ်ရှင်။

ပျော်ရွှင်စရာကောင်းတဲ့ ပြဇာတ်ဆန်ဆန်အဆုံးသတ်ကို မျှော်လင့်နေသော စာဖတ်သူမိန်းမပျိုသည်လည်း စိတ်လက်အေးချမ်းသွားနိုင်ပေလိမ့်မည်။




သူငယ်ချင်းကိုဖြူက “ဒူရှက်ချကာ” ရယ် “ပါပရီဂူညာ” ၀တ္ထုအတိုတွေထဲက ဇာတ်ကောင် အမျိုးသမီးတွေကို သဘောမကျဘူးတဲ့။ “ဒီနှစ်ယောက်နဲ့ သွေဖယ်တဲ့ တခြားစရိုက်လေး တစ်ပုဒ်လောက်လုပ်ပါဦး”လို့ဆိုလို့ အခုတစ်ခုကို ဘာသာပြန်ပြီးတင်လိုက်တာပါ။ ကိုဖြူရေ ဒီ Story ထဲကမြို့စားသမီးတော်ကို ဆိုရင်ရောဗျာ၊ သဘောကျရဲ့လား။ ချက်ဟော့(ဗ်)က ဒီလို paradox အတိုလေးတွေလည်း ရေးသဗျ။ နောက် ဒီလို paradox အတိုလေးတခုလည်း ဘာသာပြန်ဦးမယ်။ ကြော်ငြာကြိုဝင်ထားပေမယ့် ဖတ်ချင်သူတွေရော ရှိရဲ့လားမသိ။ ဘာပဲ ပြောပြော လာဖတ်သူအားလုံကို ကျေးဇူးတင်ပါတယ်။

Read more...

မြန်မာတို့စကား………….

>> Sunday, April 20, 2008

နိပွန်တို့ပြည်ကို ကျွန်မရောက်စက မိတ်ဆက်တော့ “မင်္ဂလာပါ“ နဲ့နှုတ်ခွန်းဆက်ရင်း၊ ဒီနိုင်ငံမှာသုံးတဲ့မနက်တစ်မျိုး၊ နေ့လည်တစ်ဖုံ၊ ညနေတစ်နည်း နှုတ်ခွန်းဆက်စကားတွေလို အချိန်လိုက်ပြီးမပြောင်းပဲ အမြဲသုံးတဲ့နှုတ်ခွန်းဆက်စကားဟာ “မင်္ဂလာပါ“ဖြစ်ကြောင်း ရှင်းပြထားလိုက်ပါတယ်။ ဒီနောက်ပိုင်းရက်တွေမှာ ခင်တဲ့သူငယ်ချင်းအချို့ဟာ ကျွန်မကို “မင်္ဂလာပါ“ လို့မပီမသအသံလေးတွေနဲ့ နှုတ်ဆက်လေ့ရှိကြတယ်။ ပရော်ဖက်ဆာကလည်း တစ်ပတ်တစ်ခါကျွန်မနဲ့ဆုံတိုင်း “မင်္ဂလာပါ“ လို့နှုတ်ဆက်တယ်။

ကျွန်မလည်း ကျောင်းစာတွေကလုံးချာလည်နေတော့ နှုတ်ခွန်းဆက်စကားတွေအပေါ် ထူးထူးခြားခြားအတွေးမရောက်မိပါ။ ကိုဇနိရဲ့ နှုတ်ခွန်းဆက်စကားဆောင်းပါးကို ဖတ်ရတော့လဲ အင်းဟုတ်ပါရဲ့ဆိုတဲ့အတွေးထက် ပိုမစဉ်းစား ဖြစ်ခဲ့ပါ။ ခုမှ လွန်ခဲ့နှစ်က ကျွန်မတို့ရဲ့ နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့မှာ စကားအသုံးအနှုံးတစ်ခုကြောင့် ကျွန်မဒုက္ခရောက်ပုံ ကိုပြောပြချင်လာတယ်။ မနှစ်က မြန်မာနှစ်ဆန်းတစ်ရက်နေ့ဟာလဲ အင်္ဂလိပ်လို၁၇ရက်နေ့ ဖြစ်ပါတယ်။ အကြောင်းတိုက်ဆိုင်စွာပဲ အဲဒီနေ့ဟာ ကျွန်မကိုကြိုဆိုပွဲလုပ်ပေးတဲ့ welcomeပါတီနေ့လည်း ဖြစ်ပါတယ်။ ပါတီဆိုတော့ ထုံးစံအတိုင်းညမှာပဲပေါ့။ ကျွန်မလည်းမြန်မာဝတ်စုံအပြည့်နဲ့လှအောင် ပုလဲပုတီးတွေဘာတွေဆွဲပြီး ရှိုးလုပ်သွားပါတယ်။ အဲဒီမှာ ပထမဆုံးပရော်ဖက်ဆာက သူတို့တက္ကသိုလ်ရဲ့ ကောင်းခြင်းများစွာကို အရင်ပြောပါတယ်။ နောက်မှ အဲဒီလို အင်မတန်ကောင်းတဲ့ ကျောင်းတော်ကြီးကိုရွေးခြယ်ရောက်ရှိလာတဲ့ ကျွန်မကို တာဝန်ရှိသူုများနဲ့ မိတ်ဆက်ပေးပါတယ်။ ကျွန်မဟာ အခန်းမှာကျက်ခဲ့လေ့ကျင့်ခဲ့သည့် သူတို့ဘာသာနှင့်မိတ်ဆက် စကားများအပြင် အပိုစိတ်ကူး ရလာပြီး ဒီနေ့ဟာ ကျွန်မတို့မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးနေ့ဖြစ်ကြောင်းကိုလည်း မတတ်တတတ်ပြောလိုက်မိပါတယ်။ ဒီမှာပဲ ကျွန်မဒုက္ခအိုးထဲမှာ ဇာက်ထိုးကျဖို့ အကြောင်းဖန်လာတော့တာပါ။ ဒီမှာက ပါတီအစမှာ သူတို့ လုပ်လေ့လုပ်ထရှိတာက ဖန်ခွက်တွေမှာ နှစ်သက်ရာဖျော်ရည်၊ အရက်စသည်ဖြင့်ထည့်ကာမြှောက်ကိုင်ပြီး သူတို့ဘာသာစကားဖြင့် ““ကန်ပိုင်“ ဟုရွတ်ဆိုကာခွက်ခြင်းတိုက်ပြီးမှ စပြီးစားကြသောက်ကြ တယ်။ ““ချီယားစ်““လုပ်သလိုမျိုးပေါ့။ ဒီနေ့မှာတော့ ထူးထူးခြားခြား မြန်မာနှစ်သစ်ကူးဖြစ်လို့ ကျွန်မကိုအထူးဂုဏ်ပြုရမယ်လို့ ပရော်ဖက်ဆာက ဆိုပါတယ်။ ဒါကြောင့်် သူတို့ပြောနေကြ ““ကန်ပိုင်““ လို့မပြောပဲ မြန်မာလိုပြောကြမယ်၊ ဘယ်လိုပြောရမလဲ၊ သူတို့ကိုအရင်သင် ပေးပါလို့ပြောပါတယ်။ တကယ်ပါ ကျွန်မဟာချက်ခြင်း ချွေးဇောတွေပြန်လာပါတယ်။ ဒီလိုတွေ မသောက်ကြဘူးဆိုပြန်ရင်လဲ ကျွန်မ ညာတာ၊ အဲလိုမျိုး ပြောလေ့မရှိဘူးလို့လဲပြောလို့မဖြစ၊် စာပေယဉ်ကျေးမှု့ဘာသာစကား အင်မတန်ထွန်းကားလှတဲ့ ကျွန်မတို့မြန်မာနိုင်ငံလေ။ သင့်တော်တာကို စဉ်းစားနေဖို့ကလဲ သူတို့ကျွန်မကိုဝိုင်းကြည့်နေကြတာနဲ့တင် တုန်ခိုက်လှပြီ။ ဒီမှာပဲ ကျွန်မမျက်စေ့ထဲမှာ ရုပ်ရှင်ထဲကလူတွေ ချကွာလို့ပြောပြီး ခွက်ခြင်းတိုက်တာမြင်ယောင်လာပြီး ချကွာ လို့ပါးစပ်ကလည်းထွက်သွားပါတယ်။ ပရော်ဖက်ဆာနှင့်တကွ ပရိတ်သတ်အယောက်နှစ်ဆယ်ဟာ ““ချကွာ““ ဟုအသံကိုတူအောင်တခဲနက် အော်ကာ ခွက်ခြင်းတိုက်ပြီး ပါတီကိုဖွင့်လှစ်လိုက်ပါတော့တယ်။ ဒါနဲ့ပါတီကတော့ အောင်မြင်စွာပြီးဆုံးသွားပါတယ်။ ပါတီပြီးတဲ့အထိ ကျွန်မမျက်နှာတွေထူပူနေရပါတယ်။

အခန်းပြန်ရောက်တော့ ရုပ်ရှင်ထဲမှာက အရက်ဝိုင်း၊ ထန်းရေ၀ိုင်းမှာပြောတာကြီးကို......မတတ်နိုင်ဘူး ရုတ်တရက်မျက်စေ့ထဲ ပေါ်လာတာပြောရတာကိုး….ဘယ်လိုပြောရမှန်းမှမသိတာနှင့်…အတွေးတွေရှုပ်ထွေးလို့။ ညဉ့်နက်နေပြီဖြစ်ပေမဲ့ သူများတွေရော ကျွန်မလိုကြုံလာရင် ဘယ်လိုပြောမလဲသိချင်စိတ်က မြိုသိပ်မရတာကြောင့် အနီးဆုံးညီမလေးဆီကိုဖုန်းခေါ်ပါတယ်။ (ကျွန်မဖြစ်ခဲ့တာမပြောပဲ) တကယ်လို့များအဲလိုကြုံတွေ့လာရင် ဘယ်လို ပြောမလဲလို့မေးတော့ သူကနာရီဝက်လောက်ကြာအောင် စဉ်းစားပြီး မှညီမကတော့ “လုပ်ဟေ့“ လို့ပြောမည် ဟုဆိုသည်။ အမ်....။ သြော်ငါလူကြီးတောင်စဉ်းစားရခက်နေတာ သူက ပိုဆိုးရှာမှာပေါ့ဟု တွေးသည်။ ဒါပေမဲ့ အမေးရှိရင်အဖြေရှိလာမှာပဲဟု စိတ်နှင့်ဖုန်းကိုပြန်ကောက်ကိုင်ကာ ဗဟုသုတစုံလင်လှသော စီနီယာအစ်မကြီးကို သန်းခေါင်သန်းနွှဲအလိုက်ကမ်းဆိုးမသိခေါ်လိုက်သည်။ အစ်မကြီးမှာ အင်တာနက်တွင်ဗဟုသုတများရှားမှီးနေ၍ မအိပ်သေးပါဟုဆိုမှ တော်ပါသေးရဲ့တွေးကာ ညီမလေးကိုမေးသည့်မေးခွန်းအတိုင်း မေးရသည်။ မေးခွန်းကို လေးလေးနက်နက်စဉ်းစားပြီးနောက် အစ်မကြီးက “သောက်စို့“ လို့ပြောရမယ်ဟု အမိန့်ချ၏။ ကဲ….ဒါကိုမှမကျေနပ်သေးလျင် ကျွန်မဘယ်သူ့ကို မေးရပါ့။ နောက်တစ်ခါပါတီလုပ်ရင် နေမကောင်းချင်ယောင်ဆောင်ပြီး မတက်တော့ဖို့ပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။

Read more...

သုံးရာသီ


ရင်ခွင်ဗလာဟင်းမှာ
လာပွင့်တဲ့ပန်းတစ်ပွင့်
အနမ်းခံမသင့်ပဲ
လေအဝှေ့မှာ
ရင်နင့်စွာကြွေကျခဲ့ဖူးတယ်။

ကြင်သူသက်ထား
ခွဲရက်ကြာရှည်
ဝေးကာနေတော့
နမ်းခဲ့သမျှ
လွမ်းဒဏ်သင့်ကာ
ဟိုးဝေးရာဆီ ပြေးထွက်သွားခဲ့ဖူးတယ်။

ရောက်ခဲ့ပြန်ပေါ့
နွေဦးပေါက်ရာသီလေး
ရွက်စိမ်းနုနုအချစ်ဖူးလေးတွေနဲ့အတူ
နောက်ဆုံး…..
ဆောင်းနှင်းရွက်ကြွေ
နှုတ်ဆက်နှင်းစက်တွေနဲ့
ထားခဲ့လေဦးမလား။ ။

မောင်ဖြူ

Read more...

စပျစ်ချဉ်ဖီလင်

>> Friday, April 18, 2008


အလိုလိုကျွတ်မဲ့အတောင်ပံနဲ့
ပျော်ရင်းနောက်ဆုံးပျံ
မာယာပိုးဖလံက
မီးကိုအပစ်ပုံချ
လှည့်စားတဲ့ ညပါ။
နှလုံးသားကို
အဆုံးထားကာ
ချစ်ပါရစေ
ဆို...........
သူတစ်ယောက်ဟာလည်း
အပြုံးများနဲ့တစ်ဖက်မှာ
တစ်မျက်နှာ.....။
ညမွှေးပန်းကနေ့မှာပွင့်
ရဲရင့်ခြင်းကိုဆောင်တာ
ဒီအနီရောင်တွေလား
.......သွားစမ်းပါ
ရင်ကွဲပက်လက်က
စက်စက်ကျတဲ့ သွေးတွေ.....။
မေအောင်

Read more...

Poprygunya - A. P. Chekhov


ပါပရီဂူညာ
“ပါပရီဂူညာ”ဆိုတာက အငြိမ်မနေ၊ ဟိုသွားဒီသွား၊ အပိုအလုပ်တွေနဲ့ရှုပ်နေရတာကို ပျော်တဲ့သူကို ခေါ်တာပါ။

“ဒီးမော့(ဗ်)” သည် ဇာဘုရင်၏အနိမ့်ဆုံးအဆင့် အရပ်သားအကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး အသက် သုံးဆယ့်တစ်နှစ်ရှိသော ဆရာဝန်တစ်ယောက်ဖြစ်လေသည်။ ဆေးရုံတစ်ခုတွင် အထူးကုဆရာဝန်သင်တန်းကို တက်ရောက်နေသူတစ်ယောက်အဖြစ်လည်းကောင်း၊ အခြားဆေးရုံတစ်ခုတွင် ခွဲစိပ်ဆရာဝန်အဖြစ်လည်းကောင်း တစ်ချိန်တည်းတွင် အလုပ်လုပ်နေသူဖြစ်လေသည်။ နံနက်ခင်းကိုးနာရီမှာ နေ့လည်အချိန်အထိ လူနာများနှင့် အလုပ်ရှုပ်နေပြီးနောက် ညနေစောင်းတွင် လူသေအလောင်းများကို ခွဲစိပ်ရန်အတွက်ပြေးရလေသည်။ သို့သော် သူ၏၀င်ငွေသည် သူ့အမျိုးသမီး “အော်(လ်)ဂါ အီဗန်နို(ဗ်)နာ”၏ အသုံးအဖြုန်းများကို အနိုင်နိုင်လောက်ငှယုံသာရလေသည်။ “အော်(လ်)ဂါ အီဗန်နို(ဗ်)နာ”သည် အနုပညာရှင်များ၊ သရုပ်ဆောင်များ၏ ကျော်ကြားအောင်မြင်မှုနှင့် ပါရမီများကို အထင်တကြီးရှိကာ ရူးရူးသွပ်သွပ်ဖြင့်နေ့တိုင်းပင် သူတို့အား အိမ်တွင် ဖိတ်ကြားဧည့်ခံလေ့ရှိသော အသက်နှစ်ဆယ့်နှစ်နှစ်အရွယ်ရှိသော ငယ်ရွယ်သည့်အမျိုးသမီးတစ်ဦးဖြစ်လေသည်။ ဧည့်သည်များထဲတွင် ရူခင်းပန်းချီဆရာ “ရရာဘော့(ဗ်)စကီး” ဆိုသူတစ်ယောက်လည်း လာလေ့ရှိသည်။ သူသည် ရွှေရောင်ဆံပင်များနှင့် အသက် ၂၅နှစ်ခန့်ရှိသော ပန်းချီပြခန်းများတွင် အောင်မြင်မှုရှိသော ပန်းချီဆရာတစ်ယောက်ဖြစ်လေသည်။ သူ၏နောက်ဆုံးရောင်းလိုက်ရသော ပန်းချီကားမှာ ရူဘယ် ၅၀၀ ရ၍ ဒီးမော့(ဗ်)၏ တစ်နှစ်စာဝင်ငွေမျှရှိလေသည်။



ဒီးမော့(ဗ်)သည် သူ့ဇနီးအား အလွန်ချစ်မြတ်နိုးလေသည်။ သူမ၏ဖခင်အား ဆေးကုစဉ် ညပိုင်းတာဝန်ချိန်များတွင် သူမနဲ့တွေ့ဆုံ ခင်မင်ချစ်ကြိုက်ခဲ့ခြင်းဖြစ်သည်။ သူမသည်လည်း ဒီးမော့(ဗ်)အား အလွန်ချစ်ပါသည်။ သူမက ဒီမော့(ဗ်)မှာ စွဲလမ်းစရာ တစ်ခုခုရှိကြောင်း၊ အလွန်အနစ်အနာခံတတ်ကြောင်း၊ ကြင်နာသနားတတ်မှုမှာလည်း အပြည့်အ၀ရှိကြောင်း၊ ဇွဲကောင်း၍ အားလုံးကိုလုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ကြောင်းများကို အပေါင်းအသင်းများအား ပြောလေ့ရှိသည်။ ပြောရခြင်းအရင်းခံမှာ အလွန့်ကို အနုပညာဗီဇအပြည့်ရှိသော သူမက ဘာ့ကြောင့် အလွန့်ကိုရိုးရှင်းပြီး အသွင်အပြင်မထူးခြားလှသော သူ့အား လက်ထပ်ခဲ့ကြောင်းကို ပေါ်လွင်စေရန် ရှင်းပြသလိုမျိုးပြောခြင်းသာဖြစ်ပေသည်။ သူမက ဒီးမော့(ဗ်)အား ရိုရိုသေသေလေးလေးစားစားမခေါ်ဘဲ တစ်ခါတစ်ရံ အိမ်ကအလုပ်သမားခေါင်းကဲ့သို့ပင် ခေါ်ဝေါ်တတ်လေသည်။ ဒီးမော့(ဗ်)သည် အမြည်းစားစရာများကို ပြင်ဆင်ပေးရသလို သူမအပေါင်းအသင်းများနှင့် အပျော်ခရီးထွက်ဖို့ရာအတွက် အ၀တ်အစားများကိုလည်း စီစဉ်ပေးရလေ့ရှိသည်။ သူမသည် အလွန့်ကို ယောက်ျားအားဂရုမစိုက်၊ အလေးမထားလွန်းသူတစ်ယောက်ဖြစ်သည်။ တစ်နေ့သောအခါ ဒီမော့(ဗ်)သည် ပင်ပန်းလွန်းသဖြင့် စားသောက်စရာအနည်းငယ်ကိုယူကာ တောထဲက သူ၏ တောထဲမှ အိမ်ငယ်တွင် အနားယူရန်သွားလေသည်။ ထိုနေရာသို့ရောက်သောအခါ သူ့အမျိုးသမီးသည် သူမ၏အပေါင်းအသင်းများနှင့် ယင်းအိမ်သို့ ရောက်နှင့်ပြီးဖြစ်ကာ၊ ဒီးမော့(ဗ်)ရောက်လာသောအခါ သူမသည် အလွန်အမင်းပျော်ရွှင်သွားလေသည်။ ပျော်ရွှင်ရခြင်းမှာ သူမသည် နောက်တစ်နေ့တွင် မင်္ဂလာဆောင်တစ်ခုသို့သွားရောက်ရန် အ၀တ်အစား၊ပန်း၊လက်အိတ်စသည်များကို မြို့သို့ပြန်၍ယူခိုင်းရန် ဒီးမော့(ဗ်)ရောက်လာသောကြောင့်ဖြစ်လေသည်။

“အော်(လ်)ဂါ အီဗန်နို(ဗ်)နာ”သည် “ရရာဘော့(ဗ်)စကီး” နှင့်အတူ ဗော်(လ်)ဂါမြစ်တစ်လျှောက် အပန်းဖြေထွက်ပြန်လေသည်။ ဒီးမော့(ဗ်)သည် တစ်ယောက်တည်းကျန်ခဲ့ကာ သူ့ဇနီးသုံးစွဲရန်အတွက် ငွေများပို့ပေးရလေသည်။ သင်္ဘောပေါ်တွင် “ရရာဘော့(ဗ်)စကီး”သည် “အော်(လ်)ဂါ အီဗန်နို(ဗ်)နာ”အား ချစ်စကားဖွင့်ပြောကာ သူမ၏ချစ်သူဘ၀ကိုရောက်သွားတော့သည်။ ဒီးမော့(ဗ်)အား လုံးဝကို သတိမရေတော့ပေ။ သို့သော် သူမသည် “ရရာဘော့(ဗ်)စကီး”အားတွဲရသည်ကို ပျင်းလာသောအခါ၊ တောရွာထဲတွင် နေရသောဘ၀ကို ငြီးငွေ့လာသောအခါ၊ ဗော်(လ်)ဂါမြစ်ကမ်းဘေးမှာ လယ်သမားရွာများတွင်နေရသည်ကို ပျင်းရိလာသောအခါ အမျိုးသားဆီသို့(ဒီးမော့(ဗ်))ဆီသို့ ပျော်ပျော်ပါးပါးကြီးပြန်လေသည်။ “ရရာဘော့(ဗ်)စကီး”သည် အလွန်တော်သော်လည်း ပျင်းရိသူတစ်ယောက်ဖြစ်သည်။ သူသည် ဖန်တီးမှုအဆင့်အတန်း အမြင့်တွင်ရောက်နေသူအဖြစ် သူကိုယ်သူ တစ်ခါတစ်ရံတွင် ထင်မြင်သကဲ့သို့ တစ်ခါတစ်ရံတွင်လည်း အနားမယူဘဲ ဆက်တိုက် အလုပ်တွေလုပ်တတ်သူ ဖြစ်နေပြန်သည်။ သူသည်အနုပညာဖန်းတီးမှုများကိုသာ အလေးထားပြီး မိန်းကလေးများနှင့်တွဲနေရခြင်းအပေါ် လေးလေးနက်နက်မရှိပေ။

ဒီးမော့(ဗ်)သည် ဇနီးအားဝမ်းမြောက်ဝမ်းသာ လက်ခံသည်။ သို့သော် သူမသည် ပန်းချီဆရာနှင့်ဇာတ်လမ်းအကြောင်းကို ဖွင့်ဟ၀န်ခံခြင်းမရှိပေ။ ပန်းချီဆရာဆီသို့ သွားရောက်ကာ ဇာတ်လမ်းပြန်ဆက်လေသည်။ ဒီးမော့(ဗ်)သည် သူ့ဇနီးပြောင်းလဲလာသည်ကို သတိထားမိသော်လည်း သူသည် သတိမထားမိသလိုသာနေပြီး၊ အလုပ်များကိုသာ အရင်ထက် ပို၍လုပ်လေတော့သည်။ တစ်နေ့သောအခါ သူသည် သူပြုစုသောကျမ်းအား ခုခံတင်ပြပြီး သူ့အား ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူအဖြစ် အသိအမှတ်ပြုခံရတော့မည်ဟု ဇနီးသည်အား ပြောပြလေသည်။ ဇနီးသည်ကသာ သူ၏ပျော်ရွှင်မှုများ၊ အောင်မြင်မှုများကို အသိအမှတ်ပြုလျှင် သူမ၏အပြစ်များကို ခွင့်လွှတ်ပေမည်ဟု သိသာလောက်သော ပျော်ရွှင်မှုများ သူ၏မျက်နှာတွင် လွန်စွာပေါ်လွန်နေသော်လည်း ဇနီးသည်သည် ရောဂါဗေဒဆိုသည်ကိုလည်း စိတ်မ၀င်စားဘဲ သူမ ကပွဲနောက်ကျမှာကို စိုးရိမ်ကာ ဂုဏ်ယူသောစကား၊ ချီးမွမ်းစကားတစ်လုံတောင် မပြောနိုင်ပေ။ ဒီးမော့(ဗ်)၏အိမ်သို့ သူ့သူငယ်ချင်းဆရာဝန်တစ်ယောက် ရောက်လာလေ့ရှိကာ သူနဲ့သာလျှင် ဆေးပညာကြောင်းများပြောရင်း အာလပ်ချိန်များကို ဒီးမော့(ဗ်) ဖြတ်သန်းရလေသည်။

“အော်(လ်)ဂါ အီဗန်နို(ဗ်)နာ”၏ ပန်းချီဆရာနှင့်ဆက်ဆံရေးကား အဆုံးသို့ရောက်လေပြီ။ တစ်နေ့သောအခါ “အော်(လ်)ဂါ အီဗန်နို(ဗ်)နာ”သည် “ရရာဘော့(ဗ်)စကီး”၏ ပန်းချီဆွဲခန်းတွင် “ရရာဘော့(ဗ်)စကီး”အား ချစ်သူအမျိုးသမီးတစ်ယောက်နှင့် အတူမြင်လိုက်ရသောအခါ သူမသည် “ရရာဘော့(ဗ်)စကီး”နှင့်လမ်းခွဲရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအချိန်တွင် ဒီးမော့(ဗ်)သည် နေမကောင်းဖြစ်နေသော ကလေးတစ်ယောက်၏ အသက်ကို ကယ်တင်ရန်အတွက် ဆရာဝန်တစ်ယောက် လုပ်လေ့မရှိသော လူနာ၏ရောဂါသက်သာစေရန် ပါးစပ်ထဲမှ စုပ်ယူရန်အချို့အား ပါးစပ်ဖြင့်စုပ်ယူခြင်းအားဖြင့် ဒီးမော့(ဗ်)တွင် ရောဂါကူးစက်ခံစားနေလေသည်။ ဒီးမော့(ဗ်)အား သူငယ်ချင်းဆရာဝန်များ၊ ဆရာများက ကုသသော်လည်း ဒီးမော့(ဗ်)တွင် အသက်ရှင်ရန်မျှော်လင့်ချက်မရှိတော့ပေ။ “အော်(လ်)ဂါ အီဗန်နို(ဗ်)နာ”သည် ယခုမှပင် သူမ၏အမှားများကိုသိမြင်ကာ ဘုရားသခင်ထံတွင် ဒီးမော့(ဗ်)အား ကယ်တင်ရန်ဆုတောင်းတော့လေသည်။ ဒီးမော့(ဗ်)သူငယ်ချင်းဆရာဝန်မှ ဒီးမော့(ဗ်)သေဆုံးသွားပြီဖြစ်ကြောင်း၊ သူမကြောင့် ဒီးမော့(ဗ်)သေဆုံးသွားရတာဖြစ်ကြောင်း၊ ဒီးမော့(ဗ်)သည် အလွန်အောင်မြင်ကျော်ကြားမည့်သူတစ်တယောက်ဖြစ်နိုင်သော်လည်း အိမ်တွင်းမသာယာ မအေးချမ်းခြင်း၊ အချိန်မရခြင်းများကြောင်း သူ့အစွမ်းအစအလျောက်ဖြစ်သင့်သည်များ ဖြစ်မသွားရကြောင်းပြောလေသည်။ “အော်(လ်)ဂါ အီဗန်နို(ဗ်)နာ”သည် ဒီးမော့(ဗ်)သေဆုံးရခြင်းအကြောင်းရင်းမှာ သူမဖြစ်နေကြောင်း နားလည်သွားတော့သည်။ သူမက ဒီးမော့(ဗ်)သည် အလွန်ပါရမီးထူးသောသူတစ်ယောက်ဖြစ်ကြောင်း သိသွားကာ ဒီးမော့(ဗ်)အား ပွေ့ဖတ်ငိုကြွေးသော်လည်း အလွန်ပင်နောက်ကျသွားပြီးဖြစ်လေသည်။

အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်)

“အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော(ဗ်)”က “ဒူရှက်ချကာ” မှာ အမျိုးသမီးစရိုက်ကိုတစ်မျိုးပုံဖော်သွားသလို ဒီ “ပါပရီဂူညာ” မှာလည်း စရိုက်တစ်မျိုးပုံဖော်သွားပါတယ်။ ပြောရရင် ဆန့်ကျင်ဘက်စရိုက်တွေပါ။ တစ်ယောက်က ဘေးမှာရှိတဲ့လူကို(လှလှ မလှလှ၊ တော်တော် မတော်တော်၊ အကျင့်ကောင်းကောင်း မကောင်းကောင်း) အလွန်ချစ်၊ အလွန်ဂရုစိုက်သလောက်၊ နောက်တစ်ယောက်ကျတော့ ဘေးမှာ သိပ်ကိုလေးစားကြည်ညိုဖွယ်၊ အားကိုးလောက်စရာ တည်ကြည်တဲ့ အမျိုးသားရှိတာကိုတောင် ဂရုမစိုက်၊ စိတ်ဂဏာမငြိမ်ဘဲ သူမစိတ်က ပုစဉ်းကောင်လေးလို ဟိုအပင်လေးပေါ် ခုန်းကူးလိုက်၊ ဒီအပင်ပေါ်ခုန်ကူးလိုက်နဲ့ပါ။ ဘာလို့များ ချက်ဟော့(ဗ်)က ဒီလို အမျိုးသမီးနှစ်ယောက်ရဲ့ စရိုက်နှစ်မျိုးကို သူ့ဝတ္ထုအတို နှစ်ပုဒ်မှာ ပုံဖော်ခဲ့ပါလိမ့်။ သူ့ဘ၀မှာရော သူ့ရဲ့ကြင်ရာဖက်က သူလိုချင်တဲ့ ပုံစံရော၊ သူရှိစေချင်တဲ့ အကျင့်စရိုက်တွေ ရှိခဲ့ရဲ့လား မသိ။ စာရေးဆရာဆိုတာ အပြင်မှာ သူမရနိုင်တဲ့ အရာတွေကို စိတ်ကူးယဉ်ပြီး ၀တ္ထုတွေမှာ ပုံဖော်တတ်ကြလေသလား။ ဘာပဲ ပြောပြော ဒီဝတ္ထုအတိုနှစ်ပုဒ်ကိုကြည့်ခြင်းအားဖြင့် ချက်ဟော့(ဗ်)က အမျိုးသမီးတွေအပေါ် အဆိုးမြင်လွန်း၊ အလွန်အမင်းနှိမ့်ချဆက်ဆံလိုခြင်း မရှိတာတော့ မြင်သာတယ်ထင်ပါတယ်။ “ဒူရှက်ချကာ”ထဲက အမျိုးသမီးလိုကောင်မလေးကို မင်းဆို လက်ထပ်မယ်လားဆိုပြီးမေးတုန်းက ကိုဖြူက မယူဘူးတဲ့။ အခု “ပါပရီဂူညာ”နဲ့ယှဉ်ဖတ်ပြီးရင် ကိုဖြူရော စာဖတ်ပရိတ်သတ်ရော ဘယ်သူ့ကို ရွေးချယ်မိမယ်ထင်ပါသလဲ။ “ဒူရှက်ချကာ” ကို ဒီမှာ ဖတ်နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။


Read more...

Examination - A. P. Chekhov

>> Thursday, April 17, 2008


မိဘအုပ်ထိန်းမှုအောက်ကနေ ကင်းလွတ်ချင်နေတဲ့ သူငယ်ချင်းများအတွက် ဘာသာပြန်လိုက်တာပါ။ ရုရှားလိုဖတ်လိုသူများ ဒီမှာဖတ်ကြပါ။
နှစ်သစ်မှာ စိတ်ရော၊ ကိုယ်ပါ ပျော်ရွှင်နိုင်ကြပါစေ။

စာမေးပွဲ
( အလွန်ထက်မြတ်သောလူနှစ်ယောက်၏ စကားဝိုင်းမှ)

တစ်နေ့တွင် ဖခင်၏အခန်းအတွင်းသို့ သားအကြီးသည် ရောက်လာပြီး ဖခင်၏ထိန်းချုပ်မှုအောက်တွင် မနေလိုတော့ဘဲ လူ့လောကထဲတွင် မိမိသဘောအတိုင်းသာ နေလိုကြောင်း ပြောလေသည်။ ယင်းသို့ထုတ်ဖော်ပြောကြားရခြင်း၏ အကြောင်းအရင်းမှာ သိပ်မကြာသေးခင်က သူသည် အသက် နှစ်ဆယ့်တစ်နှစ်ပြည့်မြောက်ခဲ့သောကြောင့်ဖြစ်ပေသည်။


အားလုံးကိုနားထောင်ပြီးသောအခါ ဖခင်မှ - ကောင်းပြီ သား၊ အဖေသဘောတူပါတယ်၊ ကိုယ့်ထိန်းချုပ်မှုနဲ့ စပြီးမနေခင်မှာ အဖေ့ဆီမှာ ဘ၀ဆိုင်ရာ စာမေးပွဲသေးသေးလေးတစ်ခုတော့ မင်းဖြေရမယ်။ ကဲ ထိုင် အခုပဲ စာမေးပွဲ စစ်လိုက်မယ်။

သားကထိုင်လိုက်သောအခါ အဖေက မျက်မှောင်တစ်ချက်ကုတ်လိုက်ပြီး စမေးလေသည်။
- ၀က်သားစားတဲ့အခါ ပါးစပ်က ဘာအနံ့ထွက်သလဲ။
- ၀က်သားဆိုင်တန်းနံ့ ထွက်ပါတယ်။
- အင်း မိန်းမတွေ ဆပ်ပြာမသုံးဘဲ ဘာတွေကို လျှော်ဖွတ်သလဲ။
- ယောက်ျားတွေရဲ့ ခေါင်းတွေကိုပါ။
- အကယ်၍ လူတွေက အထက်ကို ခြေထောက်တွေနဲ့တက်သွားရင် ဘာတွေများ ရှိနေလို့လဲ။
- အဲသလိုဆို ဦးထုပ်မှာ ငှက်မွှေးရှိနေလို့ရင် ဖြစ်ရမယ်၊ ဖိနပ်ကောင်းကောင်းစီးထားလို့ရင်လည်း ဖြစ်ရမယ်။
- သိပ်မှန်တယ်၊ ပင်လယ်ရေ ဘာကြောင့် ငန်သလဲ။
- ပင်လယ်ထဲမှာ ပင်လယ်ငါးတွေ ရေကူးကြလို့ပါ။
- ရှေးရှေးက ဟာကြီးပဲ။ ကိုယ်ပိုင်စဉ်းစားပြီး ဖြေပါဦး။
- ပင်လယ်ရေငံတာက အင်း ပင်လယ်ထဲမှာ တခါတလေ ဟာသသမားတွေ ရေဆင်းကူးလို့ပါ။
- ဟုတ်ပါလိမ့်မယ်၊ နောက်တစ်ခုမမေးခင်မှာကြိုပြောမယ်၊ ငန်းတွေ ဘယ်ကစပြီးရေးကူးသလဲ ဆိုရင် တို့တွေ ကမ်းစပ်ကနေကူးတယ်လို့ ဖြေကြတယ်။ အဲ အခုမင်းဖြေတော့ ငန်းလည်တွေ ဘယ်ကနေ ရေကူးပြေးကြသလဲ။
- အကြွေးတွေ၊ စစ်မှုထမ်းတာဝန်တွေကနေပါ။
- နောက်စေ့မှာ ဘာ့ကြောင့်မျက်မှန် မတပ်သလဲ။
- ဇာတ်ပိုးအုပ်လိုက်ရင် မျက်မှန်ကွဲသွားမှာစိုးလို့ပါ။
- လူကို ဘာလို့ ၀က်လို့ မခေါ်ရတာလဲ။
- သူက ငြိမ်းချမ်းရေးဆီကို ဒရွတ်ဆွဲသွားနေလို့ပါ။
- ဘယ်လို ချီက တက္ကသိုလ်ပြီးသလဲ။ (ချီဆိုတာက ရုရှားလိုဆိုရင် (Siskin)ငှက် လို့လည်းအဓိပ္ပါယ်ရပါတယ်။)
- ဒေါက်တာ ချီ။
- ပြုတ်ကျတဲ့(မအောင်မြင်တဲ့) သတ္တ၀ါလို့ ဘယ်သူတွေကို သတ်မှတ်နိုင်သလဲ။
- မျှော်စင်ပေါ်က ပြုတ်ကျတဲ့သူကိုပါ။
- ပိုက်ဆံကို ဘယ်မှာ သွားချေးနိုင်သလဲ။
သားသည် ခေါင်းကြီးမော့ကာ စဉ်းစားလေသည်။
- မသိဘူးလားကွ သားရ။ အင်း မင်းလူ့လောကထဲ တိုးဝင်ဖို့ထိုက်တန်ပြီလား။ ငါ့အုပ်ထိန်းမှုအောက်မှာပဲ နောက်တစ်လနေပါဦးကွ။
နောက်လတွင် စာမေးပွဲအသစ်တစ်ခုရှိဦးမည်။

၁၈၈၃ ခု။
အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်)

Read more...

သင်္ကြန်မင်းသားကြီးဟု နာမည်ထင်ပေါ်ကျော်ကြားနေသာ ရွှေလုံး၏ ကောလဟာလသတင်းများမျိုးစုံထွက်ရှိနေ

>> Wednesday, April 16, 2008

မင်းသားကြီးရွှေလုံးမှာ လွန်ခဲ့သောအနှစ် ၃၀ ခန့်က မိခင်ကြီး သင်္ကြန်မဏ္ဍပ်တွင် ရေကစားနေစဉ် သင်္ကြန်အသံကြားပြီး မနေနိုင်မထိုင်နိုင်ဖြစ်ကာ မိခင်ဝမ်းတွင်းမှ ခုန်ပေါက်ထွက်လာကြောင်း။ မွေးလျှင်မွေးခြင်း သင်္ကြန်ရေနှင့်ဆော့ကစားခဲ့ချင်းကြောင့် သင်္ကြန်နှင့်ရွှေလုံးမှာ မုန့်လုံးနဲ့စက္ကူကဲ့သို့ ခွဲခြား၍ မရကြောင်း သတင်းများရရှိ။ ထို့ကြောင့် သင်္ကြန်ဟုသောအသံကြားလျှင် မင်းသားကြီးရွှေလုံး၏ စိတ်များသည်လည်း ပုံမှန်မဟုတ် မထိန်းချုပ် နိုင်သည်များလည်းရှိခဲ့ကြောင်း အထောက်အထားများနှင့်ရရှိ။ မင်းသားကြီးရွှေလုံး ငယ်စဉ် အလယ်တန်းကျောင်းသားဘ၀က စာမေးပွဲဖြေနေစဉ်အတွင်း မိခင်ဖြစ်သူက စာမေးပွဲကိုကြိုစားဖြေဖို့နှင့် စာမေးပွဲပြီး သင်္ကြန်ကာလတွင် ရွှေလုံးကိုထော်လာဂျီပေါ်တင်ကာ ရွာကိုတစ်ပတ်ပတ်ပြီး ရေပတ်ခံထွက်စေမည်ဆိုကြောင်း။ ရွာမှအပျိုများအားလုံးကိုလည်း ရွှေလုံးအား မပျက်မကွက်ရေလောင်းရန် သူကြီးအမိန့်လည်းထုတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ရာ။ ရွှေလုံးမှာ စိတ်တွေ ကယောင်ချောက်ချားဖြစ်ပြီး ၄င်းနေ့ဖြေရမည့်ဘာသာရပ်အစား တွေ့ရာတခြားဘာသာရပ်စာအုပ်ကိုဆွဲ၍ စာကျက်ခဲ့သဖြင့်စာမေးပွဲခန်းတွင် မေးခွန်းဝေသောအခါမှ မိမိဘာသာရပ်မှား၍ စာကျက်မိခဲ့ချင်းကိုသတိရခြင်းဖြစ်ကြောင်း မင်းသားကြီးရွှေလုံးမှ ရင်းနှီးသူများကို ၀န်ခံပြောဆိုဖူးသည် ဟုလည်းသတင်များရရှိထားပါသည်။
၎င်းအပြင် မင်းသားကြီးရွှေလုံး၏ အရင်းနှီဆုံးလူများထဲမှ အမည်မဖော်လိုသူတစ်ဦးက မင်းသားကြီးရွှေလုံး ယခုလက်ရှိရင်ဆိုင်နေရသော ပြသနာအချို့ကိုလည်း ယခုကဲ့သိုပြောဆိုသွားခဲ့သည်။ (သူ့အမေက သူ့ကို အိမ်ထောင်ပြုစေချင်ပြီလေ။ အဲဒါသူကျောင်းမပြီးသေးလို့ ကျောင်းပြီးမှယူမယ့်အကြောင်းသူ့အမေကိုပြောတာပေါ့။ သူအမေကလည်း သူအခုဒေါက်တာစာတမ်းအတွက်လုပ်နေတဲ့ခေါင်းစဉ်ကိုမေးလို့ သူအရင်လက စာထဲမှထည့်ရေးပေးလိုက်တာ။ နောက်လဖုန်းဆက်တော့ သူ့အမေရဲ့ဝေဖန်ပစ်တင်မှုတွေနဲ့ရင်ဆိုင်နေရတယ်ဗျ။ သူ့အမေက သူရေးပေးလိုက်တဲ့ အင်္ဂလိပ်လိုခေါင်းစဉ်ကို ရွာကအထက်တန်းကျောင်းသားလေးတစ်ယောက်ကို ဘာသာပြန်ခိုင်းလိုက်တာပေါ့။ ပြီးတော့သူ့သားကိုဖုန်းဆက်တော့ပြောပါလေရာ။ “ငါ့သားလူလေးရယ် မင်းနှယ် မီးဖိုတစ်လုံးထိန်းချုပ်ဖို့များ နိုင်ငံရပ်ခြားသွားပြီး ဒေါက်တာဘွဲ့လုပ်နေသေးတယ်ကွယ်။ မီးဖိုဆိုတာ အုတ်ခဲသုံးလုံးရှိရင်ဖြစ်တာပဲ။ လိုချင်သလိုအပူညှိဖို့ဆိုတာ ထင်းနဲ့ယက်တောင်ရှိပြီးတာပါကွယ် ဒါနဲ့များ အချိန်တွေကုန်လိုက်တာ” ဆိုပြီးပြောတော့ သူကပြန်ရှင်းပြပါတယ် သူလုပ်နေတာ ဟင်းချက်တဲ့မီးဖိုမဟုတ်တဲ့အကြောင်း ပြောတော့ သူအမေက လည်း အားမလျော့ပဲ “မင်းအဲလိုတွေပြောမယ်ဆိုတာသိလို့ ရွာထိပ် ပန်းပဲဖိုက ဘကြီးအောင်ကို ငါပြောထားပြီးသား။ သူကလည်းပြောတယ် မင်းသာ စိတ်ပါဝင်စားသင်လို့ကတော့ တစ်နှစ်အတွင်း ဆရာတစ်ဆူဖြစ်စေရမယ်လို့ တာဝန်ယူထားတယ်။ မင်းမိန်မ မလိုချင်တိုင်းလျောက်အကြောင်းပြမနေနဲ့ ဒီနှစ်ကုန်အမှီ ရွာကိုပြန်လာခဲ့” လို့ အမိန့်ထုတ်ခံထားရကြောင်း) သတင်းများရရှိပါသည်။

သတင်းထောက်လူအေး အိုးဝေဘလော့ခ်စာမျက်နှာ

Read more...

Kamakura Matsuri

>> Tuesday, April 15, 2008


















Kamakura Matsuri
Celebration honoring heroes of the past takes place in Kamakura on the second and third Sundays. Horseback archery, a parade of portable shrines and sacred dances unfold at the Hachiman-gu Shrine.

၁၃-၄-၂၀၀၈(တနင်္ဂနွေနေ့) မှာ ကမကုရ-ဘုရားကိုသွားတာ လမ်းမှာ မြန်မာလိုဆိုရင် ဘုရားလှည့်လိုမျိုး၊ ၀န်းခင်းတာမျိုးလိုလိုတွေ့ခဲ့လို့ ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။ အင်တာနက်မှာနောက်မှ ရှာဖတ်မယ်ဆိုတော့လည်း အဲဒီအကြောင်းကို သေသေချာချာရှာမတွေ့ပါဘူး။ ဆာမူရိုင်းလိုဝတ်ထားတာတွေ၊ လမ်းပေါ်မှာ သွားရင်းလာရင်း အမျိုးသမီးတွေ ယိမ်းကသလိုကတာတွေ၊ ကလေးလေးတွေလည်း ညီညီညာညာကတာတွေတွေ့တော့ ဓာတ်ပုံရိုက်ပြီးဝေမျှလိုက်ပါတယ်။

Read more...

Dushechaka - A. P. Chekhov


ဒူရှက်ချကာ
အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်) ရေးပါတယ်။ သူ့အကြောင်းအနည်းငယ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။
(Dusha(ဒူရှာ) ဆိုတာက ရုရှားလို စိတ်နှလုံးကို ပြောတာပါ၊ ဒူရှက်ချကာ ဆိုတော့ စိတ်နှလုံးလှသူလို့ အဓိပ္ပါယ်ရောက်ပါတယ်။)


အငြိမ်းစား ရာဖြတ်အရာရှိကြီးရဲ့သမီး “အော်လျန်ကာ ပလယ်မျန်နီကော့ဗာ”က အိမ်နီးချင်း “ကူကိန်”နဲ့ မကြာခဏဆုံဖြစ်တယ်။ “ကူကိန်”က “တီဗိုလီ” အပမ်းဖြေကဇာတ်ရုံပိုင်ပါ။ ဘ၀ကို အမြဲတမ်းငြီးညူလိုက်၊ ရာသီဥတုမကောင်းတာကို စိတ်တိုလိုက်၊ ပရိတ်သတ်တွေ အလာကျဲတာကိုလည်း စိတ်ပျက်လိုက် ဖြစ်နေတတ်တဲ့သူပါ။ မျက်နှာအမြဲသုန်မှုန်နေတဲ့ “ကူကိန်”က ခန့်ညားလှပမှုမရှိပါဘူး။ တွေ့ပါများတော့ “အော်လျန်ကာ”လည်း သူ့ကို ပြန်ချစ်လိုက်မိတာပါပဲ။ အင်း သူမကတော့ တစ်ယောက်ယောက်ကို ချစ်နေရမှ နေတတ်တာ၊ သူ့စိတ်ထဲ၊ နှလုံးထဲမှာကိုက အဲသလိုကို ဖြစ်နေတာ။ “အော်လျန်ကာ”က သိပ်ကို နူးညံ့သိမ်မွေ့တဲ့၊ အတော်ကိုလှပကျန်းမာတဲ့ အမျိုးသမီးပါ။ သူ့မိတ်တွေကတော့ သူမနဲ့ လမ်းမှာဆုံတာပဲဖြစ်ဖြစ်၊ လ္ဘက်ရည်သောက်ရင်း စကားပြောဖြစ်ရင်ပဲဖြစ်ဖြစ်၊ “အော်လျန်ကာ”ကို ချစ်စနိုးနဲ့ “ဒူရှက်ချကာ”လို့ခေါ်ကြပါတယ်။


မင်္ဂလာဆောင်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေကြပါတယ်။ သူမက သူ့အမျိုးသားရဲ့အလုပ်မှာ ကူပါတယ်။ လက်မှတ်ရောင်းတာမျိုး၊ ပြဇာတ်အကြောင်း ဆွေးနွေးပွဲတွေထဲလည်း သူ့အမျိုးသား ခဏခဏသုံးတတ်တဲ့ စကားလုံးတွေကိုသုံးပြီး ၀င်ဆွေးနွေးတာမျိုးတွေ လုပ်တတ်ပါတယ်။ ပြဇာတ်မင်းသားတွေကို စာနာသနားပြီး ငွေတွေလည်း ထုတ်ချေးတတ်ပါသေးသလို ပြန်မဆပ်ရင်လည်း ၀မ်းမနည်းတတ်ပါဘူး။ အမျိုးသားနဲ့အတူနေပြီး သူမက ကိုယ့်အကြောင်းကို ပြောရင်တောင်မှ ရိုးရိုးလေးနဲ့ “ကျမတို့တွေလေ..”ဆိုပြီး အမျိုးသားနာမည်ကိုပါ ထည့်ပြောလေ့ရှိပါတယ်။

“ကူကိန်” အလုပ်ကိစ္စနဲ့ မော်စကိုသွားပါတယ်။ “အော်လျန်ကာ” ညတွေလည်း မအိပ်ဘဲ သူ့အမျိုးသားကို ပြတင်းမှာထိုင်စောင့်နေတတ်ပါတယ်။ သူ့အမျိုးသား ဆုံးသွားကြောင်း အကြောင်းကြားတဲ့ ကြေးနန်းလဲရရော အင်္ကျီအနက်တွေဝတ်၊ အတော့်ကို ငိုကြွေးတာပါ။

သုံးလလောက်ကြာတော့ ဘုရားကျောင်းမှာ သစ်တောပိုင် “ပူစတော့ဗာလော့(ဗ်)” နဲ့ မိတ်ဆက်ဖြစ်ပါတယ်။ မကြာပါဘူး “ပူစတော့ဗာလော့(ဗ်)”က ချစ်ခင်ကြောင်းပြောလာတော့ သူမက လက်ခံလိုက်တာပါပဲ။ မင်္ဂလာဆောင်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေကြပါတယ်။ “အော်လျန်ကာ”က အမျိုးသားကို ကူပါတယ်၊ စာရင်းတွေရေးပေးတယ်၊ ဂိုထောင်ထဲက ပစ္စည်းတွေ ထုတ်ပေးတာတွေ လုပ်ပါတယ်။ အဲဒီအခါကျတော့ မိတ်ဆွေတွေနဲ့တွေ့တဲ့အခါ သစ်ဈေးတွေအကြောင်း ကောင်းကောင်းသိသလို သူ့အမျိုးသားပြောတဲ့ စကားတွေကိုသုံးပြီး စကားတွေ လှိုင်လှိုင်ကြီး ပြောတော့တာပါပဲ။ သူတို့တွေက အပြင်တောင်သိပ်မထွက်ပါဘူး၊ အိမ်မှာနေရတာကို ပိုသဘောတွေတွေ့ကြပါတယ်။ တစ်ခါတစ်လေများ အမျိုးသားက “အော်လျန်ကာ”ကို ပြဇာတ်သွားကြည့်ဖို့ပြောရင် သူမက ပြန်ဖြေလိုက်ပုံက အကျိုးမရှိတာတွေ လုပ်ဖို့ အချိန်မရှိဘူးတဲ့။ “ပူစတော့ဗာလော့(ဗ်)” အလုပ်ကိစ္စနဲ့ မြို့ပေါ်ကိုသွားတုန်းမှာ “အော်လျန်ကာ”ဆီကို တိရိစ္ဆာန်ဆေးကုဆရာဝန် “စမိ(ရ်)နင်” လာတတ်ပါတယ်။ သူ့မိန်းမနဲ့ အဆင်မပြေကြောင်းတွေ ပြောတတ်တယ်။ သူ့မိန်းမဆိုးလို့ ကွဲသွားပြီး “စမိ(ရ်)နင်”က သားလေးကိုပဲ စိတ်ပူတာပါ။ “အော်လျန်ကာ”က သူ့ကို သနားတော့ လ္ဘက်ရည်တိုက်ဧည့်ခံပြီး သားကိုအကြောင်းပြုပြီး မိန်းမနဲ့ ပြန်ပေါင်းထုပ်အောင် ပြောရတာပေါ့။ “ပူစတော့ဗာလော့(ဗ်)”ပြန်လာတော့ ယောက်ျားကို အကုန်ပြောပြပြီး ဘုရားသခင်ဆီမှာ သားဆုတောင်တောင်းလိုက်ပါသေးတယ်။

တစ်နေ့ ဆောင်းတွင်းကြီးမှ “ပူစတော့ဗာလော့(ဗ်)” အအေးမိပြီး ရုတ်တရက် ဆုံးပါလေရော။ သနားစရာ့ “အော်လျန်ကာ” လည်း ငိုယိုပူဆွေးရပြန်တာပေါ့။ အိမ်တံခါးကိုပိတ်ပြီးနေတာ နှစ်ဝက်လောက်ကြာမှ ပြတင်းတံခါးလေးကို ဖွင့်တော့တယ်။ တိရိစ္ဆာန်ဆေးကုဆရာဝန် “စမိ(ရ်)နင်” ခဏခဏအိမ်ကို ရောက်လာတတ်ပါတယ်။ အဲဒီအခါကျတော့ “အော်လျန်ကာ”က “စမိ(ရ်)နင်”ပြောတဲ့ တိရိစ္ဆာန်ဆေးကုအလုပ်အကြောင်းတွေကို မိတ်ဆွေတွေနဲ့တွေ့တိုင်း ပြန်ပြောမိနေပြန်ရော။ သူမ သိပ်ပြီးကြာကြာ မပျော်လိုက်ရပါဘူး။ “စမိ(ရ်)နင်”က တစ်ခြားမြို့ကို ပြောင်းရတာကိုး။ အဲတော့လည်း သူမတစ်ယောက်တည်းကျန်ခဲ့ရတာပေါ့။ သူမမှာ ကိုယ်ပိုင်အမြင်က မရှိလေတော့ ဘာမှာပြောစရာစကားလည်း မရှိဘဲ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ဘာပျော်ရွှင်မှု၊ ဘ၀အပေါ်ထားတဲ့ အတွေးအမြင် တစ်ခုမှမရှိဘဲ နေသွားတာပါ။

မြို့ကို “စမိ(ရ်)နင်” နောက်တစ်ခေါက် မမျှော်လင့်ဘဲ ရောက်လာပြန်ပါတယ်။ သူ့မိန်းမနဲ့ အဆင်ပြေပြီးတော့ကာ သားလေးလည်းပါလာပါတယ်။ “အော်လျန်ကာ”က မိသားစုလိုက် သူ့အိမ်မှာလာနေဖို့ပြောပြီး သူမကိုယ်တိုင်ကျတော့ အိမ်မကြီးရဲ့ဘေးဆောင်လေးမှာသွားနေပါတယ်။ “စမိ(ရ်)နင်”ရဲ့သား “စားရှာ”ကို သူမက အတော်ခင်တွယ်နေပါပြီ။ ကလေးကို ကျွေးမွေးလိုက်၊ ကလေးကို စာသင်လိုက်၊ နောက် “စမိ(ရ်)နင်”ရဲ့မိန်းမ ပြန်လည်းသွားရော၊ ကလေးကို သူ့ဘေးဆောင်လေးကို ခေါ်ထားပါတယ်။ သူမမှာ ဘ၀အမြင်တွေ ပေါ်ပေါက်လာပြန်ပါပြီ။ အခု မိတ်ဆွေတွေနဲ့တွေ့တဲ့အခါမှာ သူမက မူလတန်းကျောင်းအကြောင်းတွေ၊ ပထမတန်းသင်ခန်းစာရှုပ်ရှုပ်တွေအကြောင်း၊ သင်ရိုးစာအုပ်တွေအကြောင်းတွေကို ကလေးပြောတဲ့ စကားကိုလိုက်နင်းပြီး ပြောပြန်တော့တာပါပဲ။ “အော်လျန်ကာ”ရဲ့အဓိကအလုပ်ကတော့ ကလေးကို ကျောင်းပို့ကျောင်းကြိုလုပ်တာပါပဲ။ ကလေးကို သူ့အမေက ပြန်ခေါ်သွားမှာကို အခု သူမအကြောက်ဆုံးဖြစ်နေပါပြီ။

အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်)

စာဖတ်သူရော “ဒူရှက်ချကာ”-ဆိုတဲ့ အမျိုးသမီးကို သဘောကျပါသလား။ စာဖတ်သူက အမျိုးသားတစ်ယောက်ဆိုရင် သူ့လိုအမျိုးသမီးတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ်ရော ရွေးချယ်လိုပါသလား။ ချက်ဟော့(ဗ်)-ကတော့ သူ့ရဲ့ဇာတ်ကောင်အမျိုးသမီးကို အပေါ်မှာရေးထားသလို နူးညံ့သိမ်မွေ့ပြီး အခြားလူတစ်ယောက်အပေါ်မှာ အလွန်ချစ်တတ်သူတစ်ယောက်အဖြစ် သရုပ်ဖော်သွားပါတယ်။ အမျိုးသမီးတစ်ယောက်ကို နောက်ပုံစံတစ်မျိုးနဲ့ ပုံဖော်ထားတဲ့ ချက်ဟော(ဗ်)ရဲ့ဝတ္ထုအတိုတစ်ပုဒ်ကိုလည်း ဘာသာပြန်ပြီးတင်ပါဦးမယ်။ အခုဘာသာပြန်တာက ၀တ္ထုတိုကို မူရင်းအတိုင်းဘာသာပြန်တာမဟုတ်ပါဘူး။ အတိုချုံ့ပြီးမှ ပြန်ထားတာပါ။

Read more...

လောင်းမယ်နော်……..

>> Monday, April 14, 2008


လောင်းမယ်နော်……..

မ၀ံ့မရဲပြောလာသော သူ့အသံသြရှရှကို ခေါင်းငုံ့နားထောင်ရင်း
“အင်း”ဟု မော့မကြည့်ဘဲ ဆိုလိုက်၏။
ဆံနွယ်တွေဆီမှ ကျလာသော အေးစိမ့်သည့် ရေစက်အချို့မှာ ရှက်စိတ်နှင့် ပူနွေးနေသော မျက်နှာပေါ်သို့…။
နှာခေါင်းကို လက်နှင့် ဖွဖွပိတ်ခါ အသက်ရှုရင်း သူရေလောင်းပြီးရင် ဘာပြောလာမလဲ…..ဘာပြန်ပြောရမလဲ။
ရင်ခုံသံ တဒိတ်ဒိတ်က နားဆီထိရိုက်ခတ်နေသည်။
“ကိုယ်…သိပ်ပျော်တယ်သိလား”
ဆံပင်အချို့ကို သပ်တင်ရင်းကြည့်လိုက်တော့ ရေခွက်ကိုပိုက်ရင်း သူကပြုံးတုံ့တုံ့နှင့် ငုံ့ကြည့်ကာ တိုးဖွဖွဆို၏။
သူ့အကြည့်ကို ကြာကြာရင်မဆိုင်ရဲစွာ လွှဲဖယ်ရင်း…ဟုတ်…လို့ပဲဆိုမိပြန်သည်။


နှစ်ဆန်းတစ်ရက်နေ့ မရောက်သေးပဲနဲ့ မမတိုးတို့ရေတွင်း ဘယ်သူလာဆည်သွားလည်း
“ရေတွေမရှိတော့ဘူးတော့”
နှင်းနှင်းအော်သံကို ကြားသည်နှင့် “သွားတော့မယ်..”ဟု နှုတ်ဆက်တော့ သူက
“ညကြ ဒွေးလေးတို့အိမ်ဘက် ခဏလာခဲ့ဦးနော်”ဟု တည်တည်ငြိမ်ငြိမ်ပြောရင်း နှင်းနှင်းတို့ရှိသော မာလကာပင်တန်းဆီသို့ အရင်သွားနှင့်သည်။
တစ်ကိုယ်လုံးစိုကပ်သွားသည့် အ၀တ်အစားတွေကို ဆွဲဆန့်ရင်း နှင်းနှင်းတို့ဆီ မသွားတော့ပဲ အိမ်ဘက်ဆီ ကို ပြန်လာခဲ့သည်။ နှင်းနှင်းတို့ စမှာကြောက်တာရော သူ့ကိုရှက်နေတာရော။
အဘသည် ရေနွေးကြမ်းအိုးတစ်လုံးနှင့်…။.ခါတိုင်းလိုပဲ အ၀တ်စုတ်တစ်ခုနှင့် စားပွဲကိုပြောင်လက်အောင် ပွတ်တိုက်နေသည်။
တန်းလျားဘောင်နားကပ်၍ “ဘ……” လို့ခေါ်လိုက်တော့အဘက “ဗျို”လို့ထူးရင်း
”ဘာလိုလိုနဲ့ ငါ့မြေးတောင်အရွယ်ရောက်လာပြီပေါ့ ဟုတ်လား”ဟု ပြုံးပြုံးကြီး ဆိုလေသည်။
သည်လို ဘကလျင်သည်။
“ဘ….အမေကြီးကို မပြောသေးနဲ့ဦးနော် သမီးကြောက်တယ်”
“ဟားဟား ငါ့မြေးကိုဆူရင် ဘက ဟေ့ မမြရွှေ ညည်းကို ကျုပ်ခေါင်းကနေ ရေဖြိုလောင်းတုန်းက ညည်းအသက် ငါ့ မြေးလောက်မရှိသေးဘူးလို့ တစ်ခွန်းပဲပြောလိုက်မယ်”
“သွား အ၀တ်အစားလဲချေ မကြောက်နဲ့ဘရှိတယ်”
ပြောရင်း ဘက တဟားဟားရယ်နေတာကိုတွေ့မှ ဘနှင့်အတူလိုက်ရယ်ရင်း အခန်းထဲကို ပြေးဝင်လာခဲ့သည်။
အရင်ဆုံး ရေစိုနေသည့်ခေါင်းကို တဘက်နှင့် ဖွဖွသုတ်ရင်း ဒီနေ့သင်္ကြန်အကြတ်နေ့မှာ ချစ်သူအဖြစ်စတင် တော်လိုက်တဲ့ သူ့မျက်နှာချိုချိုပြုံးကို မြင်ယောင်နေမိသည်။
(သင်္ကြန်အကြတ်နေ့တွင် ကိုယ်ပြန်လည်မေတ္တာမျှနိုင်သူကို ခေါင်းမှရေဖြိုလောင်းခွင့်ပြုချင်းဖြင့် အဖြေပေး တတ်သော အလေ့ရှိသည့် မေတို့ရွာက အပျိုမတွေကို အောက်မေ့ရင်း…..ကိုဇနိနှင့်မဇနိက သင်္ကြန်မှာချစ်သက်တမ်းခြောက်နှစ်ပြည့်တာဆိုတော့ အဲလိုများ အဖြေပေးရင်း ချစ်သူတွေ ဖြစ်သွားကြတာလားလို့တွေးကြည့်ရင်း……ဆောင်းကမကုန်သေးပဲ မိုးကသဲသဲမဲမဲရွာနေတော့ တုန်ချမ်းချမ်းတုန်ချမ်းနဲ့ သင်္ကြန်ကိုအလွမ်းသည် လိုက်ရပါသည်။)

မေအောင်

Read more...

နှစ်ကူးဆုတောင်း

>> Thursday, April 10, 2008

နှစ်ကူးဆုတောင်း
အဖိုးတန်မြေ
အမွေဗုဒ္ဓ
မြတ်သီလနှင့်
သံဃာင်္ဂုဏ်ရောင်
ထွန်းရှိန်ပြောင်ဝင်း
တင့်အဆင်းနှင့်…။
အဖိုးတန်မြေ
ရွှေငွေရတနာ
မြသန္တာကျောက်
လျှံပယ်တောက်၍
ဖြိုးမောက်ပြည့်ဝန်း
ရေနံတွင်းနှင့်….။
အဖိုးတန်မြေ
သွေချင်းတွေသည်
စိတ်ရင်းဖြူလွှ
တူမျှတာဝန်
ကျေပွန်ကြိုးပမ်း
သက်စွန့်ထမ်း၍…။
အဖိုးတန်မြေ
ချစ်ခြင်းတစ်ခု
သွေးစည်းမှု့ဖြင့်
ထုဆစ်တည်ထောင်
တို့ပြည်ထောင်စု
ခေါ်တွင်ပြုရာ
ပြည်မြန်မာသို့
ဦးမာဃရောက်
ဖနောင့်ပေါက်၍
မှတ်လေခွေးသားရေ
ပုရပိုက်ရှည်တွင်……ငါလေမပါပါစေနှင့်။



Read more...

Anton Pavlovich Chekhov



အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်)

အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်) (၁၈၆၀-၁၉၀၄) က အလွန့်ကို အောင်မြင်ကျော်ကြားတဲ့ ရုရှားစာရေးဆရာပါ။ ပြဇာတ်တွေလည်းရေးပါတယ်။ သူကတော့ နေ့စဉ်လူနေမှုဘ၀တွေကို သရုပ်ဖော်ပါတယ်။ ဟာသဥာဏ်အလွန်ရွှင်ပါတယ်။ သူ့ဝတ္ထုအတိုတွေမှာ ရီစရာမောစရာဖြစ်အောင်ရေးတတ်သလို စာဖတ်သူတွေအဖို့ကြေကွဲဖွယ်ရာတွေလည်း တပါတည်း ခံစားရအောင်ရေးနိုင်ပါတယ်။

ချက်ဟော့(ဗ်)ရဲ့သွင်ပြင်

ချက်ဟော့(ဗ်)ကို သူနဲ့ခေတ်ပြိုင်တွေက မြင်တာတွေကို ကျနော်အနည်းငယ် ပြောပြချင်ပါတယ်။ ပထမဆုံး ပန်းချီဆရာကြီး( ဘရာ့(ဇ) - Braz ) ရေးတဲ့ ချက်ဟော့(ဗ်)ရဲ့ပုံတူမှာ ချက်ဟော့(ဗ်)က ကုလားထိုင်ပေါ်မှာ ပိန်သေးပါးလှတဲ့မျက်နှာကို သွေးမရှိတဲ့လက်နဲ့ထောက်ပြီး ခန့်ညားတဲ့သွင်ပြင်နဲ့ ထိုင်နေပုံပါ။ ကိုင်းမပါနှာခေါင်းပေါ်ချိတ်မျက်မှန်ရဲ့နောက်မှာလည်း ခြောက်သွေ့ကျေကွဲနေတဲ့ မျက်လုံးတစုံလည်း ရှိနေတာပါ။ ချက်ဟော့(ဗ်)ကိုယ်တိုင် အဲဒီသူ့ပုံတူကို မနှစ်သက်ပါဘူး။ ချက်ဟော့(ဗ်)ပြောပါတယ် - ဒီပုံတူထဲက ကျနော့်မျက်နှာမှာ ကျနော်ပိုင်မဟုတ်တဲ့ အရာတချို့ရှိနေတယ်၊ ကျနော့်မှာရှိတာတွေတချို့ကျတော့လည်း ရှိမနေပြန်ဘူး။
- အကယ်၍ ကျနော်သာ အဆိုးမြင်တစ်ယောက်ဖြစ်ခဲ့ပြီး ကြေကွဲဖွယ်ဝတ္ထုတွေကိုပဲရေးတယ်ဆိုင်ရင်တော့ ဒီပုံတူမှားသွားတာ အဲဒီအချက်မှာပါပဲ။ - လို့ပြောခဲ့ပါတယ်။

ချက်ဟော့(ဗ်)ရဲ့သွင်ပြင်ကို လူတွေအတော်များများက အမျိုးမျိုးပြောကြပါတယ်။ အရပ်က ပုတယ်၊ တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးမကောင်းလို့ ဖြစ်နေတဲ့ အသံခပ်တိုးတိုးနဲ့ဆိုတာတွေပါ။ တကယ်တော့ ချက်ဟော့(ဗ်) က အရပ် ၁၈၀ စင်တီမီတာကျော်(၅ပေ-၁၁လက်မ၀န်းကျင်) ရှည်ပါတယ်။ အသံကတော့ ဘယ်သံခပ်တိုးတိုးနဲ့ပါ။

သူနဲ့အတော်ခင်တဲ့ ဂိုး(ရ်)ကီး(Gorky) ကပြောတာတော့ ချက်ဟော့(ဗ်)ကို တွေ့လိုက်ရတိုင်း အမြဲတမ်းသေသေသပ်သပ်၊ သန့်သန့်ရှင်းရှင်း၊ ခန့်ခန့်ညားညား ၀တ်စားထားတာပါပဲ။ နှစ်လိုတဲ့မျက်နှာရှိတယ်။ သိပ်ကို နူးညံ့တဲ့သူပါ။ အသွားအလာပေါ့ပါးတယ်။ အရာတိုင်းကို သေသေသပ်သပ်နဲ့ စနစ်တကျ၊ အစီအစဉ်တကျဖြစ်နေတာကို နှစ်လိုတဲ့သူပါလို့ ပြောပါတယ်။

တော်(လ်)စတွိုင်း(Tolstoy)က တော့ ချက်ဟော(ဗ်) ကို ဒီလို ပုံဖော်ပါတယ် - တကယ့်ကိုနူးညံ့သိမ်မွေ့တဲ့ ပါရမီရှင်တယောက်ပါ၊ သူမျက်နှာက မ၀င့်မကြွားနဲ့ ဣနြေ္ဒအလွန်ရှိတဲ့သူပါ။ သွားတာလာတာများဆို မိန်းမပျိုလေးတစ်ယောက်လိုပါပဲ။

ပန်းချီဆရာကြီး ရယ်ပင်(Repin)ကတော့ ချက်ဟော(ဗ်)ဟာ ကျန်းမာတယ်၊ ရုပ်ပိုင်းဆိုင်ရာာခွန်အားတွေရှိပါတယ်လို့ပြောခဲ့သလို စဲရော့(ဗ်)(Serov)ကတော့ ချက်ဟော့(ဗ်)မျက်နှာပေါ်မှာ ရှင်းပြလို့မရတဲ့ နူးညံ့ပျော့ပြောင်းမှုတခုခုရှိနေတယ်လို့ ဆိုပါတယ်။

ဘယ်လိုတွေပဲ ချက်ဟော(ဗ်)ကို ချက်ဟော့(ဗ်)ရဲ့ ခေတ်ပြိုင်တွေက ပုံဖော်ဖော် သူတို့တွေ ချက်ဟော့ရဲ့သွင်ပြင်ကို နှောင်းလူတွေ သိစေဖို့တိတိကျကျ ပြောမသွားနိုင်ခဲ့ကြပါဘူး။

ချက်ဟော့(ဗ်)ရေး၊ ဆရာမောင်ထင်ဘာသာပြန်ထားသော၊ ဧရာဝတီအင်တာနက်မဂ္ဂဇင်း၊ရသလွင်ပြင်မှ လူ့ပုတ်သင်

ကျနော်တို့ ဘာသာပြန်ထားတဲ့ ချက်ဟော့(ဗ်) ၀တ္ထုတိုတချို့ရယ် သူပြောခဲ့တဲ့စကားတချို့ကို ပြန်ဖတ်နိုင်အောင် အောက်မှာလင့်တွေ ပြန်ထည့်လိုက်ပါတယ်။
ကိုလူဝနဲ့ကိုပိန်လှီ
ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး
အလောင်းအစား
ချက်ဟော့(ဗ်)ပြောခဲ့သောစကားအချို့

Read more...

တကယ်ချစ်တာရော ဟုတ်ရဲ့လား

>> Thursday, April 3, 2008


တကယ်ချစ်တာရော ဟုတ်ရဲ့လား

တကယ်ချစ်တာရော ဟုတ်ရဲ့လား -ဆိုတဲ့ခေါင်းစဉ်ကို ကျနော်က သူငယ်ချင်းတွေကို ပေးပြီး ချစ်ချင်ရာကိုသာချစ်ကြ၊ ဘာတွေကိုပဲချစ်ချစ် တကယ်ချစ်တာရော ဟုတ်ရဲ့လား ဆိုတဲ့ခေါင်းစဉ်နဲ့ စာရေးပေးပါ။ အတူတူတင်တော့ သူငယ်ချင်းတွေရဲ့အတွေးစုံကို ဖတ်ရတာပေါ့။
ကဲ ပထမဆုံးကတော့ ဖိုးသောကြာရဲ့စာပါ။
ဖတ်ကြည့်ကြပါ။

တကယ်ချစ်တာရော ဟုတ်ရဲ့လား

ချစ်သူရေ...
သူတို့ပြောတော့မင်းကို သိပ်ချစ်ပါတယ်တဲ့။

မင်းမြင်ချင်တာတွေ မြင်ရအောင် မင်းမျက်လုံးတွေ ဖွင့်ခွင့်မပေးကြဘူး။
မင်းကြားချင်တာတွေ ကြားရအောင် မင်းနားတွေကို သူတို့စွင့််ခွင့်မပေးကြဘူး။
မင်းပြောချင်တာ မပြောရလေအောင် မင်းပါးစပ်ကိုလည်း သူတို့ပဲ ပိတ်ထားကြတာ။
မင်းရဲ့လွတ်လပ်ခွင့် အားလုံးဆိုမှ အားလုံးကိုပါပဲ သူတို့တတွေ အနိုင်ကျင့် ထိန်းချုပ်ထားကြတယ်။

ကိုယ့်ရင်ထဲမှာက
မေးချင်တာတစ်ခုတည်းရယ်ပါ
တကယ်ချစ်တာရော ဟုတ်ရဲ့လား...လို့။

ကိုယ်ကတော့....
ဘာမှမမျှော်လင့်တဲ့ အချစ်မျိုးနဲ့ ချစ်တာပါ။

မမြင်နိုင်မှန်းသိရက်နဲ့ မင်းအတွက်အနုပညာတွေ ကိုယ်ဖန်တီးနေမိတယ်။
မကြားနိုင်မှန်းသိရက်နဲ့ မင်းတွက်ကဗျာတွေ ကိုယ်ရွတ်ဖတ်နေတယ်။
ပါးစပ်ဟခွင့်မရှိတဲ့မင်း ဘာများပြောချင်မလဲလို့ ကိုယ်နားစွန့်နေတယ်။
သူတို့သိမ်းယူထားတဲ့ မင်းရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ အတွက်လည်း ကိုယ်ဆုတောင်းပေးနေပါတယ် ချစ်သူ။

ဒါပေမယ့်
မင်းရင်ထဲက မေးခွန်းကိုလည်းကိုယ်သိနေတယ်။
တကယ်ချစ်တာရော ဟုတ်ရဲ့လား...ကို။

တကယ်ချစ်ပါတယ်ကွာ...။
ကိုတာဝန်မယူနိုင်တာက
သူတို့နဲ့ ပတ်သက်ရမယ့် ကိစ္စတွေပါ။
ကိုယ့်ကို ခွင့်လွှတ်ပါချစ်သူ။
လောလောဆယ်တော့
ကိုယ့်ချစ်သူရဲ့ အခွင့်ရေးတွေအတွက်
ဆုတောင်းပေးတာပဲ ကိုယ်တတ်နိုင်သေးတယ်။

ဖိုးသောကြာ




ဒုတိယတစ်ပုဒ်အနေနဲ့ ကိုဖြူရေးထားတာကို တင်ပြလိုက်ပါတယ်။

တကယ်ချစ်တာရော ဟုတ်ရဲ့လား

ကိုဇနိက တောင်းလာတယ်။ စာရေးဆရာကြီးတွေစကားနဲ့ဆိုရင်တော့ စာမူတောင်းတာပေါ့ဗျာ။ ဘော်ဒါလောကမှာတော့ ဟေးကောင်စာရေးဦးဆိုတာလောက်နဲ့ပြီးပါတယ်။
အဲဒါနဲ့ သူကဒီခေါင်းစဉ်နဲ့ ရေးကြမယ်တဲ့။ ဘာရေးတယ်ဆိုတာမပြောဘဲနဲ့ ပြီးမှအတူပေါင်းတင်မယ်တဲ့။ (မျက်နှာကိုပေါင်းတင်တာဟုတ်ဘူးနော်၊ ပေါင်းရေးပြီးမှ ဘလော့ပေါ်တင်မှာကိုပြောတာ) အစကဘာရေးရမှန်းမသိဘူး။ ရေးရင်းနဲ့စဉ်းစားတာပဲကောင်းမယ်ဆိုပြီး၊ ခုစရေးလိုက်တာပါပဲ။
ကျွန်တော့်အမြင် ချစ်တယ်ဆိုတာတော့ အရမ်းလွယ်ပါတယ်။ သက်ရှိကိုပဲချစ်ချစ်၊ သက်မဲ့ကိုပဲချစ်ချစ် လတ်တလောချစ်ပစ်လိုက်လို့ရတယ်။ ဒါပေမယ့် တစ်ကယ်ချစ်ရဲ့လားဆိုတဲ့မေးခွန်းကြီးနဲ့ကြုံလာရင် ပြောရအတော်ခက်တယ်။ အချစ်ဆိုတာ စိတ္တဇနာမ်ဖြစ်နေတာကြောင့် သူ့မှာလက်ဆုတ်လက်ကိုင်ပြစရာ ဒြပ်ဝတ္ထုကလဲမရှိဘူး။ သိပံ္ပလောကနဲ့ဆက်စပ်နေတာမျိုးလဲမဟုတ်တော့ equation လဲမရှိ၊ သက်သေပြစရာ သီအိုရီလဲမရှိဘူး။ အတော်ဂွကျတယ်။ တစ်ကယ်ချစ်ရဲ့လားဆိုတာထက် ဘာကိုချစ်တာလဲဆိုတာကလဲ ဒုက္ခ။ သမီးရည်းစားအချစ်တွေတော့ မပြောတတ်ဘူး၊ တိုင်းပြည်ကိုချစ်တယ်၊ နိုင်ငံကိုချစ်တယ်ဆိုတာတွေပဲ ပြောရင်ကောင်းမယ်။ သက်ရှိကတော့ ခွေးကိုချစ်ရင်ချစ်တယ်၊ ကြောင်ကိုချစ်ရင်ချစ်တယ်၊ လူကိုချစ်ရင်ချစ်တယ် စသည်ဖြင့် လက်ငြိုးထိုးပြလို့ရတယ်။ နိုင်ငံကိုချစ်တယ်ဆိုတာမျိုးကျ ကျွန်တော့်အသိဥာဏ်နဲ့တော့ သိပ်နားမလည်ဘူး။ နိုင်ငံကိုချစ်တယ်ဆိုရင် အဲဒီနိုင်ငံကနိုင်ငံသားတွေကိုချစ်တာလား။ နိုင်ငံသားတွေကိုတော့ ချစ်ပါတယ်၊ အိမ်နီးနားချင်းနဲ့တော့ စကားမပြောဘူးဆိုရင်လဲ မဟုတ်သေးဘူး။ ဒါမှမဟုတ် အဲဒီနိုင်ငံရဲ့ သယံဇာတတွေကို ချစ်တာလား။ သယံဇာတတွေကို ချစ်တာပါဆိုပြီး ပြည်ပကိုမသမာတဲ့နည်းလမ်းတွေနဲ့ ထုတ်ရောင်းနေရင်လဲ အချစ်မမည်ပြန်ဘူး။ အဲဒီနိုင်ငံရဲ့ ရေမြေတောတောင်သဘာဝတွေကို ချစ်တာလား၊ ဒါကတော့ နည်းနည်းနီးစပ်တယ်၊ ရှမ်းပြည်မှာနေတဲ့သူဆိုရင် ကျွန်တော်ကတော့ ဒါကြီးကိုချစ်တာပါဆိုပြီး ရှမ်းတောင်တန်းကြီးကို လက်ညှိုးထိုးပြလို့ရတယ်။ ချင်းပြည်နယ်မှာနေတဲ့သူဆိုလဲ နာဂတောင်တန်းကြီးကို သက်သေတည်လို့ရတယ်။ ဒါပေမယ့် လုံလောက်တဲ့ဆင်ခြေလို့တော့ ယူဆလို့မရပါဘူး။ ငယ်ငယ်တုန်းကတော့ ကျောင်းအားကစားပွဲတွေမှာ နိုင်ငံတော်သီချင်းဆိုရင် ကြက်သီးမွေးညှင်းတွေထလို့ ဘာကြောင့်ရယ်မသိ မျက်ရည်ဝဲခဲ့ရဘူးတယ်။ ဒါငါတို့အသင်း၊ ဒါ ငါတို့သီချင်းဆိုတဲ့ ခံစားမှုမျိုးဖြစ်လာလို့လားတော့ မပြောတတ်။
မိန်းကလေးတစ်ယောက်ကိုချစ်ဖို့အတွက် အနည်းဆုံး အဲဒီမိန်းကလေးမှာ ကိုယ့်ကိုဆွဲဆောင်နိုင်တဲ့အချက် တစ်ချက်တော့ရှိလိမ့်မယ်ထင်ပါတယ်။ တစ်ချက်ထက်လဲပိုချင်ပိုမှာပေါ့။ အဲဒီလိုပဲ နိုင်ငံတစ်နိုင်ငံကို ချစ်ဖို့ဆိုတာ နိုင်ငံသားတစ်ယောက်အတွက် အဲဒီနိုင်ငံက ဂုဏ်ယူစရာတစ်ချက်ချက်တော့ ရှိနေသင့်တယ်ထင်ပါတယ်။ ဂျာမန်လူမျိုးကြီးစိတ်ဓါတ်တို့၊ အမေရိကန်မျိုးချစ်ဝါဒီဆိုတာတွေက မှိုင်းသွင်းထားတဲ့ စိတ်ဓါတ်တွေမဟုတ်ဘဲ၊ ကိုယ့်နိုင်ငံကိုအထင်ကြီးတဲ့၊ အထင်ကြီးစရာအချက်တွေလဲရှိတာကနေ အခြေတည်ပြီးပေါ်ပေါက်လာတာပါ။ မှိုင်းသွင်းခံထားရတဲ့ မျိုးချစ်စိတ်ဓါတ်တွေက အစစ်မဟုတ်လေတော့ ကြာရှည်ခံမှာမဟုတ်ပါဘူး။ အီရတ်လိုနိုင်ငံမှာ မျိုးချစ်စိတ်ရှိလို့ ကုတ်ကပ်နေကြတဲ့လူ ရှားမှာပါ။ နိုင်ငံဆိုတာဖြစ်တည်လာရတဲ့ အကြောင်းရင်းခံကိုက လူသားမျိုးနွယ်စုတွေ ရေကြည်ရာမြက်နုရာကိုရှာရင်းနဲ့ အုပ်စုဖွဲ့မှုတွေကနေ ဇနပုဒ်၊ ကျေးရွာ၊ မြို့၊ တိုင်း၊ နိုင်ငံစသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲလာကြလေတော့ နိုင်ငံသားတိုင်းက ရေကြည်ရာမြက်နုရာကို ရှာဖွေကြမှာအမှန်ပါပဲ။
နောက်ဆုံးတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံကို တစ်ကယ်ချစ်ရဲ့လားဆိုတာထက်၊ တစ်ကယ်ချစ်လာအောင် နိုင်ငံသားတွေကို ဘယ်လိုဆွဲဆောင်မလဲဆိုတာ အဓိကကျလိမ့်မယ်လို့ ယူဆပါတယ်။ အဲလိုဆွဲဆောင်မှုတွေကလဲ ဘယ်သူ့ဘယ်သူမှလုပ်ရမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင်ပဲလုပ်ရမှာပါ။ ဘယ်သူတွေကိုဆွဲဆောင်မလဲဆိုတော့ ကျွန်တော်တို့နောက် မျိုးဆက်သစ်တွေကိုပါ။ ဒီလိုမှမဟုတ်ရင်တော့ စင်္ကာပူ၊ ထိုင်း၊ မလေးရှား စတဲ့အိမ်နီးချင်းနိုင်ငံတွေမှာ ဈေးပေါတဲ့ ရွှေမြန်မာကာယ၊ ဥာဏလုပ်သားလေးတွေ၊ လုပ်သားကြီးတွေကို တွေ့နေရဦးမှာပါပဲခင်ဗျာ။

မောင်ဖြူ

နောက်ဆုံးအနေနဲ့ ကျနော် ဇနိရေးထားကို ဖတ်ကြည့်စေချင်ပါတယ်။

တကယ်ချစ်တာရော ဟုတ်ရဲ့လား
တကယ်ချစ်ရဲ့လားဆိုတဲ့ အတွေးက ရေကူးမတတ်ရခြင်းအကြောင်းကို ပြောရင်းနဲ့ ရလာတာပါ။ အဲဒီတော့ တကယ်ချစ်ရဲ့လားဆိုတာက ဘယ်သူက ဘယ်သူ့ကိုချစ်တာကို ပြောချင်တာလဲဆိုတော့ကာ ပထမဦးဆုံးပြောချင်တာကတော့ မိဘက သားသမီးကို ချစ်တယ်ဆိုတာ အမှန်တကယ်ချစ်တဲ့ဆီရော ရောက်ရဲ့လားဆိုတာကိုပါ။ တနေ့မှာ စာသင်တော့ ကျနော်တို့တွေ ရေမကူးတတ်ဘူးဆိုတာကို ပြောမိတဲ့အချိန်မှာ ရုရှားဆရာမကမေးပါလေရော၊ မိဘတွေက သင်မပေးဘူးလားတဲ့။ ဟုတ် သင်မပေးဘူးဆိုတော့ - သူက ဘာလို့ မိဘတွေက ရေးကူးသင်မပေးတာလဲတဲ့။ ကျနော်တို့တွေ တခုခုဖြစ်ပြီး အသက်အန္တရာယ်ဖြစ်မှာစိုးလို့ မသင်ပေးတာလို့။ ရေကူးမတတ်ရင် နောက် ရေနဲ့ကြုံလာတော့ ဘယ်လိုလုပ်ကြမလဲတဲ့။ အင်း ဟုတ်ပါ့။
ကျနော်တို့အညာမြို့လေးမှာတော့ ရေကူးကန်ဆိုတာလည်း မရှိပါဘူး။ ကလေးတွေကို ရေးကူးသင်ပေးတယ်ဆိုတာကို ကျနော့်ပတ်ဝန်းကျင်မှာ တခါမှမကြားဖူးသလောက်ပါပဲ။ ဒီလိုနဲ့ပဲ ကလေးတွေ ရေခိုးကူးရင်း ရေကူးတတ်တဲ့သူက တတ်သွားကြတာပါ။ လူလိမ္မာလုပ်လာတဲ့ ကျနော်ရေမကူးတတ်ပါဘူး။ မြို့ဘေးမှာ စီးနေတဲ့ မြစ်ကြီးထဲမှာ ကျောင်းသားအရွယ်တွေ မိဘအုပ်ထိမ်းသူတွေ မသိအောင် ခိုးခိုးပြီးရေကူးရင်းနဲ့ အသက်ဆုံးသွားတာတွေ နှစ်စဉ်ရှိနေတတ်ပါတယ်။ မိဘတွေက ရေးကူးသွားမယ်ဆိုရင် စိတ်ပူပြီး ရေကူးလည်းသင်မပေးဘူး၊ ပြီးတော့ကာ မသွားစေချင်တာ။ မသွားစေချင်တော့ ဒီလိုတွေ ပြောတတ်ပါတယ် - မေမေစိတ်ပူအောင်မလုပ်ပါနဲ့သားရယ်။ မေမေက သားတစ်ခုခုဖြစ်မှာ စိတ်ပူလို့။ - ဒီလိုတွေ ပြောပြီး တားမြစ်တတ်ပါတယ်။ အသေအချာပြန်စဉ်းစားတော့ မိဘတွေက ကိုယ့်အတွက်ပဲ ပြောတာဖြစ်နေရော။ သူတို့ စိတ်မပူရအောင်လို့ ပြောတာမျိုးကိုး။ ဟော အသက်တွေလည်းကြီးလာရော ရေမကူးတတ်တာကြီးပဲ အဖတ်တွေတင်လို့။ အကြောင်းရှိလို့ ရေလမ်းခရီးသွားရမယ်ဆို ရင်တွေဘာတွေခုန်လို့။
အလားတူပါပဲ တခြားကိစ္စတွေမှာလည်း မိဘတွေက ကိုယ့်ကိုကိုအားကိုးတတ်အောင်၊ ကိုယ်ဟာကိုယ်ဆုံးဖြတ်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ကိုယ့်ကိုကိုယ် အားကိုးချင်စိတ်တွေ မွေးပေးရမယ်။ ဒီနိုင်ငံမှာတော့ များသောအားဖြင့် ကလေးလေးတွေကို လက်ထဲမှာပွေ့ပြီး မချီကြပါဘူး။ တွန်းလှည်းထဲထည့်တွန်းတယ်။ လမ်းလျှောက်ထွက်ကြတော့လည်း ကလေးတွေက ဘေးကနေ တတောက်တောက်နဲ့ လမ်းလျှောက်တတ်ကြပါတယ်။ လမ်းပေါ်လဲလို့ ငိုနေလည်းဆွဲမထူပါဘူး။ သူ့ဟာသူသာ အထခိုင်းကြတာများပါတယ်။ သဘောက ကိုယ့်ဟာကို အားကိုးတတ်အောင်တွေ လေ့ကျင့်ပေးနေသလိုပါပဲ။ တခါကလည်း ကလေးလေးကို ဓာတ်ပုံရိုက်ချင်တော့ မိခင်ကိုသွားခွင့်တောင်းတာ သူ့ကိစ္စမဟုတ်ဘူး၊ ကလေးကိုမေး ကလေးကသဘောတူရင်ရိုက်ပေါ့လို့ပြောတော့ ကလေးတွေကို ကိုယ်ကိုကိုယ် တခုခုကို ဆုံးဖြတ်တတ်အောင်လေ့ကျင့်ပေးနေသလားပေါ့။ ကလေးတွေ တခုခုဖြစ်မှာသွားမှာစိုးလို့ တခုခုလုပ်မှာတားမြစ်တာတွေဟာ မိဘတွေက ကလေးတွေကို ချစ်တာထက်၊ မိမိကိုယ်ကိုချစ်လို့ မိမိကိုယ်ကို စိတ်မဆင်းရဲရအောင် တားမြစ်ထိမ်းချုပ်တာမျိုးတွေ ဖြစ်နေသလားလို့ စဉ်းစားမိပါတယ်။ တကယ်ချစ်တဲ့သူဆိုရင် ဘ၀မှာ ငါတို့မရှိလည်း ကိုယ်ဟာကိုထိမ်းကြောင်းနေနိုင်အောင် လေ့ကျင့်ပေးသင့်တယ်လို့ မြင်မိပါတယ်။
ဒီလိုပါပဲ တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေမှာလည်း ပညာသင်နေတဲ့ ကျောင်းသူ ကျောင်းသားလူငယ်တွေကို တကယ့်ကို ပညာတွေတတ်စေချင်တယ်ဆိုရင်၊ တကယ့်ကို ကိုယ်ကိုကိုယ် တာဝန်ယူရဲတဲ့သူတွေ ဖြစ်စေချင်တယ်ဆိုရင်၊ တကယ့်ကို နိုင့်ငံအတွက် သားကောင်းရတနာတွေ ဖြစ်စေချင်ရင်၊ သူ့တို့ရဲ့အတွေးတွေကို လွတ်လွတ်လပ်လပ်နဲ့ ဆန့်ထွက်တွေးနိုင်အောင်၊ သူတို့ယုံကြည်ရာတွေကို ရဲရဲရင့်ရင့်လုပ်နိုင်အောင်၊ ပြောနိုင်အောင်၊ တကယ့်လိုအပ်ချက်တွေကို အပေါ်ယံ မြင်ကောင်းယုံ ဖြည့်ဆည်းပေးတာမျိုးမဟုတ်ဘဲ ဥပဒေဘက်ကနေ အကာအကွယ်ပေးတာမျိုးဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာပစ္စည်းအကူအညီတွေ ထောက်ပံ့ပေးတာမျိုးဖြစ်စေ နည်းလမ်းအမျိုးမျိုးကနေ အကူအညီတွေပေး၊ အခွင့်အလမ်းတွေ ဖွင့်ပေးထားသင့်တယ်လို့ မြင်မိပါတယ်။

ဇနိ

Read more...

အလေးထားမှု မတူညီကြပုံတွေ

>> Tuesday, April 1, 2008

အလေးထားမှု မတူညီကြပုံတွေ

ဘလော့ဂါ ညီကိုမောင်နှမ အားလုံးနဲ့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တဲ့ ကိုဇနိတို့ အိုးဝေ အဖွဲ့သား အားလုံးတို့ကို မင်္ဂလာပါဗျာ။

ရုရှားတွေနဲ့ မြန်မာတွေ အလေးထားမှု မတူတာလေးတွေ ပြောပြချင်လို့ပါ။ ရုရှားတွေက တစ်နှစ်မှ တစ်ခါကျတဲ့ မွေးနေ့ ရက်စွဲ(date) ကို အရမ်းအလေးထားကြတယ်။ အခမ်းနား၊ ပွဲလမ်းသဘင်တွေလည်း ကျင်းပကြတယ်။ သောက်ကြစားကြတာပဲ ထင်ပါတယ်။ လူတွေ့ စာမေးပွဲတွေမှာဆိုရင်လည်း ဆရာ၊ ဆရာမတွေကလည်း စာမေးပွဲနဲ့ မွေးနေ့ တစ်ထပ်တည်းကျနေရင် အဲလိုတစ်ထပ်တည်းကျနေတဲ့ ကျောင်းသားကို မွေးနေ့လက်ဆောင်ခေါ်မလား မသိ ဂုဏ်ပြုတဲ့ အနေနဲ့ လျှော့လျှော့ပေါ့ပေါ့ မေးပေးတယ်၊ အမှတ်လည်း ပိုပေးတတ်တယ်တဲ့။ ကြားဖူးတာပါ။ တစ်ခါမှတော့ အဲလို ခွင့်ရေးမရဖူးသေးပါဘူး။


မွေးနေ့ (date) ကို အဲဒီလောက် အလေးထားကြပေမယ့်၊ မွေးနေ့ (day) ကိုကျတော့ မသိတဲ့ လူက အရမ်းများတယ်။ မင်းဘာနေ့သမီးလဲ ဘာနေ့သားလဲလို့ မေးလိုက်ရင် မသိဘူးဆိုတဲ့လူက များတယ်။ ကျွန်တော်က တော့စဉ်းစားကြည့်တယ်။ ဘာလို့ ကိုယ့်မွေးတဲ့နေ့လေး ကိုယ်တောင် မသိကြတာလဲ။ သူတို့က ဗေဒင်မမေးကြဖူးလား။ ဒါမှမဟုတ် သူတို့ဗေဒင်တွေက ဘာနေ့သားလဲဆိုတာ မသိဘဲဟောကြလား။ အခုခေတ်ကြီးမှာ ပြန်တွက်ကြည့်လိုက်လည်း ခက်တာလည်း မဟုတ်ဘဲနဲ့။ နောက်ဆုံးတော့ သူတို့စိတ်မ၀င်စားတာဘဲ ဖြစ်ရမယ်လို့ တွေးမိတယ်။

ကျွန်တော်တို့ မြန်မာတွေများကျတော့လည်း မွေးတဲ့နေ့ (day) ကအရမ်းကို အရေးကြီးတယ်။ လူတိုင်းလိုလိုလောက်ကို အလေးထားကြတယ်။ အက္ခရာတွေကိုတောင် သူ့ရက်လေးတွေနဲ့သူ သတ်မှတ်ပေးထားပြီး နေ့သင့်နံသင့်ဆိုပြီး နာမည်ပေးတတ်ကြတယ်။ ဒီတော့ အများစုက ကိုယ့်ကိုကိုယ်တင်မကပဲ နာမည်ကြားလိုက်ရုံနဲ့ သူက ဘာနေ့သမီးလဲ၊ သူက ဘာနေ့သားလဲ ဆိုတာသိကြတယ်။ ဗေဒင်တွေ မေးကြရင်လဲ ဗေဒင်ဆရာရဲ့ တောင်းဆိုချက်က အဲဒါနံပါတ် ၁ ပဲထင်တယ်။ ဗေဒင်မဟောတတ်လည်း ဘယ်ကသယ်လာတဲ့ အစဉ်အလာတွေလည်း မသိဘူး ပြောတတ်ကြတာတွေ ရှိသေးတယ်။ စနေသားမို့ ဒေါသကြီတယ်၊ တနင်္ဂနွေသားမို့ စိတ်ဆိုး၊ စိတ်ကောက်လွယ်တယ်၊ စသဖြင့်ပေါ့ ဟုတ်လား မဟုတ်လားတော့ မသိဘူး။ လူတိုင်းပြောနေကြတာပဲ။ နောက်ပြီးတော့ အဲဒီနေ့တွေ နာမ်တွေကြည့်ပြီးတော့ အိမ်ထောင်ဖက်ရွေးကြသေးတယ်။ "ဦးသာစိန် ဘာဖြစ်တယ်ဆိုလား။ အင်းဝဘုရင် ဘာဖြစ်တယ်ဆိုလား။" အဲလိုစာတွေ ကဗျာတွေရွတ်ပြီး ဘယ်သူနဲ့ ဘယ်သူနဲ့ တည့်တယ် မတည့်ဘူးတွေကလည်း လုပ်တတ်ကြသေးတယ်။

တစ်ချို့ဆို ဘယ်လောက်ထိ အလေးထားလဲဆိုရင် အဲလိုမွေးနေ့ ကို ရောက်တိုင်း တစ်ပတ်တစ်ခါ သတ်သတ်လွတ်စားတယ် ဆိုတာလည်းရှိသေးတယ်။ ကျွန်တော်က တော့တစ်ခါမှ မစားဖူးပါဘူး။ ဒါပေမယ့် ကျွန်တော် အလေးထားတာက တစ်မျိုး ဘလော့ဂ်ပေါ်တတ်ပြီး စာရေးမယ်ဆိုတော့မှ ကလောင်နာမည်ကို ချစ်သူရဲ့ မွေးရက်ယူပြီး ဖိုးသောကြာလို့ သုံးလိုက်တာ။ ရူးတယ်လို့ ပြောလို့ရမလားတော့မသိဘူး။

မွေးနေ့ကျတော့ မြန်မာတွေ မသိကြတာ အရမ်းများတယ်ထင်တယ်။ ကျွန်တော်ကပဲ ရွာမှာနေလို့လား မသိဘူး။ ကျွန်တော့်ပတ်ဝန်းကျင်မှာ မွေးနေ့ပွဲလည်း တစ်ခါမှ မကြားဖူးဘူး။ ဒီနေ့တော့ ငါ့မွေးနေ့လို့ သတ်သတ်မှတ်မှတ် ပြောသံတောင် မကြားဖူးဘူး။ ပြက္ခဒိန် ၂ ခုရှိနေလို့လားတော့မပြောတတ်။ ကျွန်တော့် အစ်ကိုတစ်ယောက်တော့ရှိတယ်။ သူက မွေးနေ့ရောက်ရင် ဆွမ်းတွေ ဟင်းတွေ ထူးထူးခြားခြားချက်ပြုတ်ပြီး ဘုန်ကြီးကျောင်းတွေ လှူတတ်တယ်။ အဲဒါလည်း သူ့မွေးနေ့က မြန်မာပြက္ခဒိန်ကို ကြည့်ပြီးလုပ်တာပဲ။ အင်္ဂလိပ်လို မဟုတ်ဘူး။ ဧည့်ခံပွဲကတော့ တစ်ခါမှ လုပ်ဖူးဘူး။ ကျွန်တော်တို့ ရွာကလူတွေကတော့ မွေးနေ့ကိုတင်မဟုတ်ဘူး၊ ကိုယ့်အသက်ကိုယ်တောင်မသိတဲ့ လူတော်တော်များတယ်။ မေးသူရှိမှ ပြန်တွက်ကြည့်ပြီး ဖြေကြရတယ်။

မြန်မာရုပ်ရှုင်တွေ ဗွီဒီယိုတွေ ထဲမှာတော့ မကြာမကြာဆိုသလို မွေးနေ့ဧည့်ခံပွဲတွေ ပါတတ်တာတွေ့ရတယ်။ ကောင်းတာမကောင်းတာတော့ မပြောတတ်ဘူး။ ဒါပေမယ့် မြန်မာ့ဓလေ့တော့ မဟုတ်ဘူးထင်တာပဲ။ တစ်ချို့ဆိုရင် သောက်ကြစားကြပေါ့။ ကျွန်တော်တို့ မြန်မာတွေလည်း ခုတော့ တော်တော်လေးကို လုပ်လာကြပါပြီ။ မြန်မာနိုင်ငံနေတုန်းက လုပ်ဖူးကြလားတော့မသိဘူး မော်စကိုကျမှ မွေးနေ့ကိတ်လှီးရတာနဲ့ အရက်နဲ့၊ သူငယ်ချင်းတွေကို ဧည့်ခံကျွေးမွေးတာနဲ့ ဒါတွေ နဲနဲပို ပြီးတော့ တွင်ကျယ်လာတယ်ထင်တယ်။

မွေးနေ့ဟုတ်တာရော မဟုတ်တာရော အသာထား။ အရက်တွေ သောက်ကြတာတော့ သိပ်မကောင်းပါဘူး။ တစ်ချို့လည်းရှိပါတယ်။ ဘုရားခန်းမှာ တစ်ခုခုကြွေးပြီး သီလလေး၊ ဘာလေး ဆောက်တည်ကြတယ်ပေါ့။ အဲဒါလည်း မွေးနေ့မှ မဟုတ်ပါဘူး။ ဘယ်နေ့လုပ်လုပ် ကောင်းပါတယ်။ နေ့တိုင်းရှိရင် နေ့တိုင်း သွားစားရတာပေါ့။ နေ့တိုင်း ကိုသိုလ်ဖြစ်တာပေါ့လို့ ပြောတာပါ။

ကျွန်တော်ဆိုရင် မွေးနေ့ကို အရင်က လုံးဝမသိဘူး ကျောင်းစာရင်းထဲမှာ ပါနေတာကို မှားမှန်းလည်းသိတယ်။ အမှန်သိရအောင်လည်း အားမထုတ်ဘူး။ မော်စကိုရောက်မှ လူတွေက အရမ်းအလေးထားကြလွန်းတာသိလို့ ကြည့်ထားဦးမှပါဆိုပြီး ဇာတာထဲမှာ ပြန်ဖတ်ကြည့်တယ်။ ဇာတာထဲမှာ ကအင်္ဂလိပ်လိုရော မြန်မာလိုရောပါတယ်။ မြန်မာပြက္ခဒိန်မွေးရက်ကို ခုတော့မေ့သွားပြီ။ လုံးဝမသိဘဲတောင် နေခဲ့သေးတာပဲဆိုပြီး ခုတော့ ထပ်မကြည့်ဖြစ်တော့ဘူး။ မွေးနေ့မှာ ကြွေးတာမွေးတာလည်း တစ်ခါမှ မလုပ်ဖူးဘူး။ သူငယ်ချင်းတွေကပြောလည်း ငါကမွေးနေ့ အမှန်မသိလို့ပါလို့ ပြောထားလိုက်တယ်။ မွေးနေ့အမှန်ကလည်း ၃၀ နားနီးမှပဲသိတော့တယ်။ ဒါနဲ့စကားစပ်လို့ပြောရဦးမယ်။ လူတိုင်းလူတိုင်း ၂၈ နှစ်ပြည့် မွေးနေ့က နေ့နဲ့ ရက်နဲ့ တစ်ထပ်တည်းကျတယ်ဗျာ့။

မွေးနေ့ပွဲနဲ့ကျတော့လည်း ဖိုးသောကြာ အလေးထားတာက တစ်မျိုး။ ပထမဆုံးလှီးဖူးတာက အဝေးရောက် ချစ်သူရဲ့ မွေးနေ့ကိတ်လေ။ သူကလုပ်ပေးလိုက်ပါ၊ သူငယ်ချင်းတွေကို တစ်ခုခုတော့ ကြွေးလိုက်ပါဆိုလို့ လုပ်ဖြစ်သွားတာ။ အဲဒီနေ့က ရှက်လိုက်တာဗျာ မပြောနဲ့တော့။ ဒီလူကြီး ကိုယ့်မွေးနေ့ကိုယ်တောင် တစ်ခါမှ မလုပ်ပဲ ချစ်သူမွေးနေ့ကျမှ ထလုပ်တယ်။ အချစ်ရူးရူးတယ် ပြောမှာစိုးလို့ အနီးကပ်သူငယ်ချင်း ငါးယောက်ပဲ ကြွေးလိုက်တယ်။ ဘယ်သူမှ မပြောရဘူးလို့လည်း ပိတ်လိုက်သေးတယ်။ ခုမှ ပို့စ်ရေးပြီး ကိုယ့်ဟာကိုယ်ဖွတာ။ :)

အိုးဝေ တစ်ဖွဲ့လုံးကို ကျေးဇူးတင်ပါတယ်။

Read more...

မျှော်သူ


မျှော်သူ

အပြစ်ရှိရင် ခွင့်လွှတ်တော်မူပါ
မိုးရည်ချိန် ကျဲပါးသော
ရာသီဥတုအလွတ်တစ်လုံးထဲတွင်
ကျွန်တော် ၀င်ပုန်းခဲ့ရဖူးပါသည်။

အပြစ်ရှိရင် ခွင့်လွှတ်တော်မူပါ
ဤပေါက်ချွန်းဖြင့် တစိုက်စိုက်တူးရင်း
ဟင်းလင်းပြင်ထဲတွင် ညပ်နေသည့် သစ်သီးတစ်လုံးကို
ကျွန်တော်ခူးခဲ့မိပါသည်။
ထိုသစ်သီးမှာ ပြာသောရနံ့ရှိပါသည်။

အပြစ်ရှိရင် ခွင့်လွှတ်တော်မူပါ
သို့တည်းမဟုတ် ... အပြစ်ယူတော်မူပါ
မည်သို့ပင်ဖြစ်စေ ...
သင်လာသောအခါတွင် တိုက်ကျွေးရန်အတွက်
အေးချမ်းတတ်သော သောက်ရေဖြူဖြူတစ်ခွက်ကို
ယခုပင်လျှင်
ဤလက်များဖြင့် ခပ်ယူခဲ့ပြီးဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ...
ကျွန်တော်ကတော့ မျှော်နေမည် ဖြစ်ပါသည်။

တာရာမင်းဝေ

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP