Proposal - A. P. Chekhov

>> Tuesday, April 22, 2008


ခွင့်ပန်ခြင်း
အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်)

ဗာလန်တီ(န်) ပျယ်သရိုးဗိ(ခ်ျ) ပျယ်ရယ်ဂျိုး(ရ်)ကင်က ရုပ်ရည်ချောမောပြေပြစ်တဲ့ လူရွယ်တစ်ယောက်ပါ။ သူက ပွဲတက်ဝတ်စုံကို အသေအချာဝတ်၊ ပြောင်လက်နေအောင် တိုက်ထားတဲ့ အဖျားချွန်ပြီး ကော့ပြန်နေတဲ့  ရူးဖိနပ်ကိုစီး၊ အော်ပရာထဲမှာဆောင်တဲ့ ဦးထုပ်ကို လက်နက်တခုသဖွယ် ခေါင်းမှာတပ်ဆင်၊ စိတ်ကို မနည်းငြိမ်အောင်ထားပြီး၊ မြို့စားသမီးတော် ဗျယ်ရာ ဇာပိစကင်နာ ဆီကိုသွားတော့တာပေါ့။



အင်း၊ မြို့စားသမီးတော် ဗျယ်ရာ ဇာပိစကင်နာကို မသိဘူးလား၊ အော် စိတ်တောင်မကောင်းဘူး။ သူက ကောင်းကင်ပြာရောင်နူးညံ့မျက်ဝန်းလေးတွေနဲ့၊ ပိုးသားမျှင်လေးတွေလို လှိုင်းထပြီးနေတဲ့ ဆံနွယ်လေးတွေ အခွေလိုက်အခွေလိုက်နဲ့ ချစ်ခင်စွဲမက်စရာကောင်းတဲ့ ဖြည်တည်မှုလေးတစ်ခုပါ။

ပင်လယ်လှိုင်းလုံးတွေဆိုတာက ကျောက်ဆောင်နဲ့တွေ့ရင် ကွဲသွားကြတာ မဟုတ်လား၊ သူမရဲ့လှိုင်းလို ဆံနွယ်ခွေလေးတွေနဲ့ တွေ့ရင်ကြတော့ ပြောင်းပြန်၊ ဘယ်လိုကျောက်ဆိုင်ကျောက်သားပဲ ဖြစ်နေဖြစ်နေ ကွဲသွားပြီး၊ အမှုန်တွေအဖြစ် လွင့်စင်ထွက်သွားမယ်။ သူမရဲ့ အပြုံးနုတွေကို ရင်ဆိုင်နိုင်ဖို့ဆိုရင်၊ သေသေသပ်သပ်ထုဆစ်ထားသလို အပိုအလိုရှိ လှသွေးကြွယ်တဲ့ သူမရဲ့ သေးသွယ် ခန္ဓာကိုယ်လေးက အသက်ရှုလိုက်တိုင်း ပေါ်ထွက်လာတဲ့ သူမ၏နူးညံ့မှုတွေကို ခံနိုင်ရည်ရှိဖို့ဆိုရင်၊ ဘာကိုမှမခံစားတတ်တဲ့ လူ့ငတုံးတစ်ယောက်တော့ဖြစ်ဖို့လိုတယ်။ အဲ သူမစကားပြောတဲ့အခါ၊ မျက်စိတွေကန်းသွားလောက်အောင် ဖြူတဲ့ သွားတွေပေါ်အောင် သူမပြုံးတဲ့အခါ စိတ်ထဲပေါ်လာတဲ့ ကြည်နူးမှုတွေကို မခံစားချင်ဘူးဆိုရင်တော့ သစ်သားနဲ့ထုထားတဲ့ တိရိစ္ဆာန်တစ်ကောင်ဖြစ်နေရင်တော့ ရမယ်။

ပျယ်ရယ်ဂျိုး(ရ်)ကင် ကို မြို့စားသမီးတော်က လက်ခံစကားပြောပါတယ်။
သူက မြို့စားသမီးတော်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပါတယ်၊ စိတ်တွေအရမ်းလှုပ်ရှားနေပြီး စကားစပြောပါတယ်။

- မင်းသမီး၊ ကျနော်ပြောတာကို နားထောင်ပေးပါလားဗျာ။
- အော် ဟုတ်ကဲ့ပါရှင်။
- မင်းသမီးရဲ့ တောင်းပန်ပါတယ်၊ ဘယ်ကစပြောရမှန်းတောင် မသိတော့ပါဘူး၊ မင်းသမီးအတွက်တော့ မျှော်လင့်မထားတဲ့အရာဖြစ်နေပါ့မယ်၊ အမျက်တော်တော့ မထွက်စေချင်ပါဘူး။

သူက ချွေးသုတ်ဖို့ အိတ်ကပ်ထဲက လက်ကိုင်ပ၀ါကိုထုတ်နေတဲ့အချိန်မှာ မင်းသမီးက ချစ်စဖွယ်အပြုံးလေးနဲ့ ဘာတွေပြောမလို့ပါလိမ့်ဆိုတဲ့ အကြည့်နဲ့ သူ့ကို ကြည့်ပါတယ်။

- မင်းသမီးခင်ဗျာ၊ မင်းသမီးကိုမြင်လိုက်ပြီးကတည်းက ကျနော့်စိတ်ထဲ့မှာ တားမရဆီးးမနိုင်တဲ့ ဆန္ဒတစ်ခုပေါ်လာပါတယ်၊ ဒီဆန္ဒကြောင့်ပဲ နေ့လည်း အေးအေးချမ်းချမ်းမနေနိုင်၊ ညလည်းအိပ်မရ၊ တကယ်လို့သာ ဒီဆန္ဒသာမပြည့်ဝခဲ့ရင် ကျနော်အလွန့်ကို စိတ်မကောင်းဖြစ်ရမှာပါ။

မြို့စားသမီးတော် မျက်လွှာလေးကို အသာအယာချသွားပါတယ်။ ပျယ်ရယ်ဂျိုး(ရ်)ကင်တစ်ချက်ငြိမ်သွားပြီး စကားဆက်ပြောပါတယ်။

- တကယ့်ကို မင်းသမီး အံ့သြသွားမှာပါ၊ မင်းသမီးက နတ်သမီးတစ်ပါးပါ၊ အင်း ကျနော်နဲ့လည်း အသင့်တော်ဆုံးပါ။

နှစ်ယောက်လုံးတိတ်ဆိတ်သွားကြလေသည်။

- ပြီးတော့ကာ - ပျယ်ရယ်ဂျိုး(ရ်)ကင် သက်ပြင်းချပြီး ဆက်ပြောပါတယ် - ကျနော့်ရဲ့မြေယာတွေကလည်း မင်းသမီးရဲ့မြေယာတွေနဲ့လည်း တဆက်တည်းပါ၊ ကျနော်က လူချမ်းသာတစ်ယောက်ပါ။
- အော် အဲဒီတော့ ဘာဖြစ်လဲ။ - မြို့စားသမီးက တိုးတိုးညင်းညင်းမေးလိုက်ပါတယ်။
- ဘာဖြစ်ရလဲ မင်းသမီးရဲ၊ - ပျယ်ရယ်ဂျိုး(ရ်)ကင် ခေါင်းမော့လာပြီး အလောတကြီး ပြောပါတယ်။ - မင်းသမီးကို တောင်းပန်ပါတယ်ဗျာ။ မငြင်းဆန်စေချင်ပါဘူး။ မင်းသမီးငြင်းလိုက်ရင် ကျနော့်စိတ်ကူးအိပ်မက်တွေ အကုန်ပျက်ဆီးကုန်တော့မှာပါ။ မင်းသမီးခင်ဗျာ ကျနော် တစ်ခု ခွင့်ပန်ပါရစေ။

ပျယ်ရယ်ဂျိုး(ရ်)ကင် အမြန်ထိုင်လိုက်ပြီး မြို့စားသမီးတော်ဖက်ကို ခါးစောင်းကာ တိုးတိုးလေးပြောလိုက်လေသည်-

- ဒီခွင့်ပန်တာက မင်းသမီး အမြတ်အစွန်းကြီးကြီး ရစေမှာပါ၊ ကျနော်တို့ တစ်နှစ်ကို ၀က်ဆီတန်ချိန် သန်းချီပြီး ရောင်းရမှာပါ။ ကျနော်တို့ နှစ်ဦးပိုင်မြေကွက်မှာ ၀က်ဆီချက်စက်ရုံဆောက်ကြစို့။

မြို့စားသမီးသည် တချက်စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်လေသည်။

- ၀မ်းမြောက်ဝမ်းသာ လက်ခံပါတယ်ရှင်။

ပျော်ရွှင်စရာကောင်းတဲ့ ပြဇာတ်ဆန်ဆန်အဆုံးသတ်ကို မျှော်လင့်နေသော စာဖတ်သူမိန်းမပျိုသည်လည်း စိတ်လက်အေးချမ်းသွားနိုင်ပေလိမ့်မည်။




သူငယ်ချင်းကိုဖြူက “ဒူရှက်ချကာ” ရယ် “ပါပရီဂူညာ” ၀တ္ထုအတိုတွေထဲက ဇာတ်ကောင် အမျိုးသမီးတွေကို သဘောမကျဘူးတဲ့။ “ဒီနှစ်ယောက်နဲ့ သွေဖယ်တဲ့ တခြားစရိုက်လေး တစ်ပုဒ်လောက်လုပ်ပါဦး”လို့ဆိုလို့ အခုတစ်ခုကို ဘာသာပြန်ပြီးတင်လိုက်တာပါ။ ကိုဖြူရေ ဒီ Story ထဲကမြို့စားသမီးတော်ကို ဆိုရင်ရောဗျာ၊ သဘောကျရဲ့လား။ ချက်ဟော့(ဗ်)က ဒီလို paradox အတိုလေးတွေလည်း ရေးသဗျ။ နောက် ဒီလို paradox အတိုလေးတခုလည်း ဘာသာပြန်ဦးမယ်။ ကြော်ငြာကြိုဝင်ထားပေမယ့် ဖတ်ချင်သူတွေရော ရှိရဲ့လားမသိ။ ဘာပဲ ပြောပြော လာဖတ်သူအားလုံကို ကျေးဇူးတင်ပါတယ်။

6 comments:

မောင်ဖြူ April 22, 2008 at 9:18 AM  

ဟဟဟ
ကိုဇနိ
သုံးပုဒ်ထဲမှာ ဒီအပုဒ်အကြိုက်ဆုံးပဲ။
မနေ့ညက စောင့်ဖတ်မလို့ပဲ။ အိပ်ချင်သွားလို့။
ဒီမြို့စားသမီးက မဆိုးပါဘူးဗျ။
ကျွန်တော်လဲ ဝက်ဆီချက်စက်ရုံဆောက်ချင်နေတာနဲ့အတော်ပဲ။
နောက်ထပ် အကောင်းစားလေးတွေစောင့်မျှော်နေတယ်ဗျို့.....

kay April 22, 2008 at 9:36 AM  

ကိုဇနိ..ချက်ကော့ဗ် စာလေး တွေဘာသာပြန်ပေး တာ ကောင်းတယ်..ကျေးဇူးပဲ.. တိုက်ရိုက် ပြန် တာ ထင်တယ်နော်

Anonymous April 22, 2008 at 3:12 PM  

“ပျယ်ရယ်ဂျိုး(ရ်)ကင်” ကို ကိုဖြူက အားကျတယ်ဆိုတော့ ကိုဖြူကို “ဖြူရယ်ဂျိုး(ရ်)ကင်”လို့ပဲခေါ်တော့မယ်။
ချက်ကော့(ဗ်)ကြီးက အမျိုးသမီးတွေကို အဆိုးမမြင်လွန်းဘူးလို့ထင်တယ်လို့ ကျနော်ပြောခဲ့ပေမယ့် သူ့ဇာတ်ကောင်အမျိုးသမီးတွေကိုတော့ အကောင်းဆုံးသော စရိုက်တွေနဲ့ ဖွဲ့တာလည်းကျနော်တော့ မတွေ့သေးဘူးဗျ။

ကျေးဇူးတင်ပါတယ် ကေ။ ဖတ်တယ်ဆိုတော့လည်း ၀မ်းသာရပါတယ်။ ဘာသာပြန်တာက ရုရှားဘာသာကနေ တိုက်ရိုက်ပြန်တာပါ။ ကျနော်ဘာသာပြန်တာ ထောင့်တောင့်ကြီးတွေ ဖြစ်နေလားမသိ။ အဆင်ပြေပြေဖတ်လို့ရအောင်တော့ ကြိုးစားပြီးတော့ ဘာသာပြန်ပါတယ်။ လိုအပ်တာရှိရင်လည်း ပြောပြပါ။

tmn April 22, 2008 at 3:40 PM  

ကိုဇနိ ကြိုက်တယ်ဗျို့... နောက်တစ်ပုဒ်...

မောင်ဖြူ April 22, 2008 at 3:50 PM  

ကိုဇနိရေ
ဖြူရယ်ဂျိုး(ရ်)ကင် တော့မလုပ်ပါနဲ့ဗျာ။ ဖြူရယ်ကြက်ကင်လောက်ဆိုမဆိုးဘူး။ ကြက်တုပ်ကွေးတော့ကြောက်ရတာပေါ့။ ဒါပေမယ့် ကြက်ကင်ပဲကြိုက်တယ်။ ဒါနဲ့ ကျွန်တော် စိတ်ကူးပြောင်းသွားပြီဗျ။ မြန်မာပြည်မှာ ဝက်သားဈေးတွေတက်နေတယ်ကြားတယ်။ ဝက်ဆီချက်စက်ရုံမဆောက်တော့ဘူး။ ကြက်ဆူဆီစက်ရုံပဲဆောက်တော့မယ်။ အဟီး...ဒါမှ ဖြူရယ်ကြက်ကင်ဆိုတဲ့နာမည်နဲ့လဲ နီးစပ်သွားအောင်။ ဘယ်လိုလဲ ကိုဇနိ၊ ရှယ်ယာဝင်ဦးမလား။ ဦးရာလူစနစ်နော်။ နေရာကတော့ ပျဉ်းမနားနားက ရွာတစ်ရွာရွာပေါ့။ :P

Anonymous April 22, 2008 at 5:11 PM  

ကိုဖြူရေ
ကြက်ဖြူဂျိုး(ရ်)ကင် လုပ်လိုက်။ ကြက်ဆူဆီထုတ်လိုက်၊ ကြက်ကြော်ရောင်းလိုက်၊ ဂျိုးကြော်ရောင်းလိုက်ပေါ့။ အောင်မြင်မှာပါ။ ရှယ်ရာတော့မ၀င်တော့ဘူးနော။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP