တကယ်ချစ်တာရော ဟုတ်ရဲ့လား

>> Thursday, April 3, 2008


တကယ်ချစ်တာရော ဟုတ်ရဲ့လား

တကယ်ချစ်တာရော ဟုတ်ရဲ့လား -ဆိုတဲ့ခေါင်းစဉ်ကို ကျနော်က သူငယ်ချင်းတွေကို ပေးပြီး ချစ်ချင်ရာကိုသာချစ်ကြ၊ ဘာတွေကိုပဲချစ်ချစ် တကယ်ချစ်တာရော ဟုတ်ရဲ့လား ဆိုတဲ့ခေါင်းစဉ်နဲ့ စာရေးပေးပါ။ အတူတူတင်တော့ သူငယ်ချင်းတွေရဲ့အတွေးစုံကို ဖတ်ရတာပေါ့။
ကဲ ပထမဆုံးကတော့ ဖိုးသောကြာရဲ့စာပါ။
ဖတ်ကြည့်ကြပါ။

တကယ်ချစ်တာရော ဟုတ်ရဲ့လား

ချစ်သူရေ...
သူတို့ပြောတော့မင်းကို သိပ်ချစ်ပါတယ်တဲ့။

မင်းမြင်ချင်တာတွေ မြင်ရအောင် မင်းမျက်လုံးတွေ ဖွင့်ခွင့်မပေးကြဘူး။
မင်းကြားချင်တာတွေ ကြားရအောင် မင်းနားတွေကို သူတို့စွင့််ခွင့်မပေးကြဘူး။
မင်းပြောချင်တာ မပြောရလေအောင် မင်းပါးစပ်ကိုလည်း သူတို့ပဲ ပိတ်ထားကြတာ။
မင်းရဲ့လွတ်လပ်ခွင့် အားလုံးဆိုမှ အားလုံးကိုပါပဲ သူတို့တတွေ အနိုင်ကျင့် ထိန်းချုပ်ထားကြတယ်။

ကိုယ့်ရင်ထဲမှာက
မေးချင်တာတစ်ခုတည်းရယ်ပါ
တကယ်ချစ်တာရော ဟုတ်ရဲ့လား...လို့။

ကိုယ်ကတော့....
ဘာမှမမျှော်လင့်တဲ့ အချစ်မျိုးနဲ့ ချစ်တာပါ။

မမြင်နိုင်မှန်းသိရက်နဲ့ မင်းအတွက်အနုပညာတွေ ကိုယ်ဖန်တီးနေမိတယ်။
မကြားနိုင်မှန်းသိရက်နဲ့ မင်းတွက်ကဗျာတွေ ကိုယ်ရွတ်ဖတ်နေတယ်။
ပါးစပ်ဟခွင့်မရှိတဲ့မင်း ဘာများပြောချင်မလဲလို့ ကိုယ်နားစွန့်နေတယ်။
သူတို့သိမ်းယူထားတဲ့ မင်းရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ အတွက်လည်း ကိုယ်ဆုတောင်းပေးနေပါတယ် ချစ်သူ။

ဒါပေမယ့်
မင်းရင်ထဲက မေးခွန်းကိုလည်းကိုယ်သိနေတယ်။
တကယ်ချစ်တာရော ဟုတ်ရဲ့လား...ကို။

တကယ်ချစ်ပါတယ်ကွာ...။
ကိုတာဝန်မယူနိုင်တာက
သူတို့နဲ့ ပတ်သက်ရမယ့် ကိစ္စတွေပါ။
ကိုယ့်ကို ခွင့်လွှတ်ပါချစ်သူ။
လောလောဆယ်တော့
ကိုယ့်ချစ်သူရဲ့ အခွင့်ရေးတွေအတွက်
ဆုတောင်းပေးတာပဲ ကိုယ်တတ်နိုင်သေးတယ်။

ဖိုးသောကြာ




ဒုတိယတစ်ပုဒ်အနေနဲ့ ကိုဖြူရေးထားတာကို တင်ပြလိုက်ပါတယ်။

တကယ်ချစ်တာရော ဟုတ်ရဲ့လား

ကိုဇနိက တောင်းလာတယ်။ စာရေးဆရာကြီးတွေစကားနဲ့ဆိုရင်တော့ စာမူတောင်းတာပေါ့ဗျာ။ ဘော်ဒါလောကမှာတော့ ဟေးကောင်စာရေးဦးဆိုတာလောက်နဲ့ပြီးပါတယ်။
အဲဒါနဲ့ သူကဒီခေါင်းစဉ်နဲ့ ရေးကြမယ်တဲ့။ ဘာရေးတယ်ဆိုတာမပြောဘဲနဲ့ ပြီးမှအတူပေါင်းတင်မယ်တဲ့။ (မျက်နှာကိုပေါင်းတင်တာဟုတ်ဘူးနော်၊ ပေါင်းရေးပြီးမှ ဘလော့ပေါ်တင်မှာကိုပြောတာ) အစကဘာရေးရမှန်းမသိဘူး။ ရေးရင်းနဲ့စဉ်းစားတာပဲကောင်းမယ်ဆိုပြီး၊ ခုစရေးလိုက်တာပါပဲ။
ကျွန်တော့်အမြင် ချစ်တယ်ဆိုတာတော့ အရမ်းလွယ်ပါတယ်။ သက်ရှိကိုပဲချစ်ချစ်၊ သက်မဲ့ကိုပဲချစ်ချစ် လတ်တလောချစ်ပစ်လိုက်လို့ရတယ်။ ဒါပေမယ့် တစ်ကယ်ချစ်ရဲ့လားဆိုတဲ့မေးခွန်းကြီးနဲ့ကြုံလာရင် ပြောရအတော်ခက်တယ်။ အချစ်ဆိုတာ စိတ္တဇနာမ်ဖြစ်နေတာကြောင့် သူ့မှာလက်ဆုတ်လက်ကိုင်ပြစရာ ဒြပ်ဝတ္ထုကလဲမရှိဘူး။ သိပံ္ပလောကနဲ့ဆက်စပ်နေတာမျိုးလဲမဟုတ်တော့ equation လဲမရှိ၊ သက်သေပြစရာ သီအိုရီလဲမရှိဘူး။ အတော်ဂွကျတယ်။ တစ်ကယ်ချစ်ရဲ့လားဆိုတာထက် ဘာကိုချစ်တာလဲဆိုတာကလဲ ဒုက္ခ။ သမီးရည်းစားအချစ်တွေတော့ မပြောတတ်ဘူး၊ တိုင်းပြည်ကိုချစ်တယ်၊ နိုင်ငံကိုချစ်တယ်ဆိုတာတွေပဲ ပြောရင်ကောင်းမယ်။ သက်ရှိကတော့ ခွေးကိုချစ်ရင်ချစ်တယ်၊ ကြောင်ကိုချစ်ရင်ချစ်တယ်၊ လူကိုချစ်ရင်ချစ်တယ် စသည်ဖြင့် လက်ငြိုးထိုးပြလို့ရတယ်။ နိုင်ငံကိုချစ်တယ်ဆိုတာမျိုးကျ ကျွန်တော့်အသိဥာဏ်နဲ့တော့ သိပ်နားမလည်ဘူး။ နိုင်ငံကိုချစ်တယ်ဆိုရင် အဲဒီနိုင်ငံကနိုင်ငံသားတွေကိုချစ်တာလား။ နိုင်ငံသားတွေကိုတော့ ချစ်ပါတယ်၊ အိမ်နီးနားချင်းနဲ့တော့ စကားမပြောဘူးဆိုရင်လဲ မဟုတ်သေးဘူး။ ဒါမှမဟုတ် အဲဒီနိုင်ငံရဲ့ သယံဇာတတွေကို ချစ်တာလား။ သယံဇာတတွေကို ချစ်တာပါဆိုပြီး ပြည်ပကိုမသမာတဲ့နည်းလမ်းတွေနဲ့ ထုတ်ရောင်းနေရင်လဲ အချစ်မမည်ပြန်ဘူး။ အဲဒီနိုင်ငံရဲ့ ရေမြေတောတောင်သဘာဝတွေကို ချစ်တာလား၊ ဒါကတော့ နည်းနည်းနီးစပ်တယ်၊ ရှမ်းပြည်မှာနေတဲ့သူဆိုရင် ကျွန်တော်ကတော့ ဒါကြီးကိုချစ်တာပါဆိုပြီး ရှမ်းတောင်တန်းကြီးကို လက်ညှိုးထိုးပြလို့ရတယ်။ ချင်းပြည်နယ်မှာနေတဲ့သူဆိုလဲ နာဂတောင်တန်းကြီးကို သက်သေတည်လို့ရတယ်။ ဒါပေမယ့် လုံလောက်တဲ့ဆင်ခြေလို့တော့ ယူဆလို့မရပါဘူး။ ငယ်ငယ်တုန်းကတော့ ကျောင်းအားကစားပွဲတွေမှာ နိုင်ငံတော်သီချင်းဆိုရင် ကြက်သီးမွေးညှင်းတွေထလို့ ဘာကြောင့်ရယ်မသိ မျက်ရည်ဝဲခဲ့ရဘူးတယ်။ ဒါငါတို့အသင်း၊ ဒါ ငါတို့သီချင်းဆိုတဲ့ ခံစားမှုမျိုးဖြစ်လာလို့လားတော့ မပြောတတ်။
မိန်းကလေးတစ်ယောက်ကိုချစ်ဖို့အတွက် အနည်းဆုံး အဲဒီမိန်းကလေးမှာ ကိုယ့်ကိုဆွဲဆောင်နိုင်တဲ့အချက် တစ်ချက်တော့ရှိလိမ့်မယ်ထင်ပါတယ်။ တစ်ချက်ထက်လဲပိုချင်ပိုမှာပေါ့။ အဲဒီလိုပဲ နိုင်ငံတစ်နိုင်ငံကို ချစ်ဖို့ဆိုတာ နိုင်ငံသားတစ်ယောက်အတွက် အဲဒီနိုင်ငံက ဂုဏ်ယူစရာတစ်ချက်ချက်တော့ ရှိနေသင့်တယ်ထင်ပါတယ်။ ဂျာမန်လူမျိုးကြီးစိတ်ဓါတ်တို့၊ အမေရိကန်မျိုးချစ်ဝါဒီဆိုတာတွေက မှိုင်းသွင်းထားတဲ့ စိတ်ဓါတ်တွေမဟုတ်ဘဲ၊ ကိုယ့်နိုင်ငံကိုအထင်ကြီးတဲ့၊ အထင်ကြီးစရာအချက်တွေလဲရှိတာကနေ အခြေတည်ပြီးပေါ်ပေါက်လာတာပါ။ မှိုင်းသွင်းခံထားရတဲ့ မျိုးချစ်စိတ်ဓါတ်တွေက အစစ်မဟုတ်လေတော့ ကြာရှည်ခံမှာမဟုတ်ပါဘူး။ အီရတ်လိုနိုင်ငံမှာ မျိုးချစ်စိတ်ရှိလို့ ကုတ်ကပ်နေကြတဲ့လူ ရှားမှာပါ။ နိုင်ငံဆိုတာဖြစ်တည်လာရတဲ့ အကြောင်းရင်းခံကိုက လူသားမျိုးနွယ်စုတွေ ရေကြည်ရာမြက်နုရာကိုရှာရင်းနဲ့ အုပ်စုဖွဲ့မှုတွေကနေ ဇနပုဒ်၊ ကျေးရွာ၊ မြို့၊ တိုင်း၊ နိုင်ငံစသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲလာကြလေတော့ နိုင်ငံသားတိုင်းက ရေကြည်ရာမြက်နုရာကို ရှာဖွေကြမှာအမှန်ပါပဲ။
နောက်ဆုံးတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံကို တစ်ကယ်ချစ်ရဲ့လားဆိုတာထက်၊ တစ်ကယ်ချစ်လာအောင် နိုင်ငံသားတွေကို ဘယ်လိုဆွဲဆောင်မလဲဆိုတာ အဓိကကျလိမ့်မယ်လို့ ယူဆပါတယ်။ အဲလိုဆွဲဆောင်မှုတွေကလဲ ဘယ်သူ့ဘယ်သူမှလုပ်ရမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင်ပဲလုပ်ရမှာပါ။ ဘယ်သူတွေကိုဆွဲဆောင်မလဲဆိုတော့ ကျွန်တော်တို့နောက် မျိုးဆက်သစ်တွေကိုပါ။ ဒီလိုမှမဟုတ်ရင်တော့ စင်္ကာပူ၊ ထိုင်း၊ မလေးရှား စတဲ့အိမ်နီးချင်းနိုင်ငံတွေမှာ ဈေးပေါတဲ့ ရွှေမြန်မာကာယ၊ ဥာဏလုပ်သားလေးတွေ၊ လုပ်သားကြီးတွေကို တွေ့နေရဦးမှာပါပဲခင်ဗျာ။

မောင်ဖြူ

နောက်ဆုံးအနေနဲ့ ကျနော် ဇနိရေးထားကို ဖတ်ကြည့်စေချင်ပါတယ်။

တကယ်ချစ်တာရော ဟုတ်ရဲ့လား
တကယ်ချစ်ရဲ့လားဆိုတဲ့ အတွေးက ရေကူးမတတ်ရခြင်းအကြောင်းကို ပြောရင်းနဲ့ ရလာတာပါ။ အဲဒီတော့ တကယ်ချစ်ရဲ့လားဆိုတာက ဘယ်သူက ဘယ်သူ့ကိုချစ်တာကို ပြောချင်တာလဲဆိုတော့ကာ ပထမဦးဆုံးပြောချင်တာကတော့ မိဘက သားသမီးကို ချစ်တယ်ဆိုတာ အမှန်တကယ်ချစ်တဲ့ဆီရော ရောက်ရဲ့လားဆိုတာကိုပါ။ တနေ့မှာ စာသင်တော့ ကျနော်တို့တွေ ရေမကူးတတ်ဘူးဆိုတာကို ပြောမိတဲ့အချိန်မှာ ရုရှားဆရာမကမေးပါလေရော၊ မိဘတွေက သင်မပေးဘူးလားတဲ့။ ဟုတ် သင်မပေးဘူးဆိုတော့ - သူက ဘာလို့ မိဘတွေက ရေးကူးသင်မပေးတာလဲတဲ့။ ကျနော်တို့တွေ တခုခုဖြစ်ပြီး အသက်အန္တရာယ်ဖြစ်မှာစိုးလို့ မသင်ပေးတာလို့။ ရေကူးမတတ်ရင် နောက် ရေနဲ့ကြုံလာတော့ ဘယ်လိုလုပ်ကြမလဲတဲ့။ အင်း ဟုတ်ပါ့။
ကျနော်တို့အညာမြို့လေးမှာတော့ ရေကူးကန်ဆိုတာလည်း မရှိပါဘူး။ ကလေးတွေကို ရေးကူးသင်ပေးတယ်ဆိုတာကို ကျနော့်ပတ်ဝန်းကျင်မှာ တခါမှမကြားဖူးသလောက်ပါပဲ။ ဒီလိုနဲ့ပဲ ကလေးတွေ ရေခိုးကူးရင်း ရေကူးတတ်တဲ့သူက တတ်သွားကြတာပါ။ လူလိမ္မာလုပ်လာတဲ့ ကျနော်ရေမကူးတတ်ပါဘူး။ မြို့ဘေးမှာ စီးနေတဲ့ မြစ်ကြီးထဲမှာ ကျောင်းသားအရွယ်တွေ မိဘအုပ်ထိမ်းသူတွေ မသိအောင် ခိုးခိုးပြီးရေကူးရင်းနဲ့ အသက်ဆုံးသွားတာတွေ နှစ်စဉ်ရှိနေတတ်ပါတယ်။ မိဘတွေက ရေးကူးသွားမယ်ဆိုရင် စိတ်ပူပြီး ရေကူးလည်းသင်မပေးဘူး၊ ပြီးတော့ကာ မသွားစေချင်တာ။ မသွားစေချင်တော့ ဒီလိုတွေ ပြောတတ်ပါတယ် - မေမေစိတ်ပူအောင်မလုပ်ပါနဲ့သားရယ်။ မေမေက သားတစ်ခုခုဖြစ်မှာ စိတ်ပူလို့။ - ဒီလိုတွေ ပြောပြီး တားမြစ်တတ်ပါတယ်။ အသေအချာပြန်စဉ်းစားတော့ မိဘတွေက ကိုယ့်အတွက်ပဲ ပြောတာဖြစ်နေရော။ သူတို့ စိတ်မပူရအောင်လို့ ပြောတာမျိုးကိုး။ ဟော အသက်တွေလည်းကြီးလာရော ရေမကူးတတ်တာကြီးပဲ အဖတ်တွေတင်လို့။ အကြောင်းရှိလို့ ရေလမ်းခရီးသွားရမယ်ဆို ရင်တွေဘာတွေခုန်လို့။
အလားတူပါပဲ တခြားကိစ္စတွေမှာလည်း မိဘတွေက ကိုယ့်ကိုကိုအားကိုးတတ်အောင်၊ ကိုယ်ဟာကိုယ်ဆုံးဖြတ်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ကိုယ့်ကိုကိုယ် အားကိုးချင်စိတ်တွေ မွေးပေးရမယ်။ ဒီနိုင်ငံမှာတော့ များသောအားဖြင့် ကလေးလေးတွေကို လက်ထဲမှာပွေ့ပြီး မချီကြပါဘူး။ တွန်းလှည်းထဲထည့်တွန်းတယ်။ လမ်းလျှောက်ထွက်ကြတော့လည်း ကလေးတွေက ဘေးကနေ တတောက်တောက်နဲ့ လမ်းလျှောက်တတ်ကြပါတယ်။ လမ်းပေါ်လဲလို့ ငိုနေလည်းဆွဲမထူပါဘူး။ သူ့ဟာသူသာ အထခိုင်းကြတာများပါတယ်။ သဘောက ကိုယ့်ဟာကို အားကိုးတတ်အောင်တွေ လေ့ကျင့်ပေးနေသလိုပါပဲ။ တခါကလည်း ကလေးလေးကို ဓာတ်ပုံရိုက်ချင်တော့ မိခင်ကိုသွားခွင့်တောင်းတာ သူ့ကိစ္စမဟုတ်ဘူး၊ ကလေးကိုမေး ကလေးကသဘောတူရင်ရိုက်ပေါ့လို့ပြောတော့ ကလေးတွေကို ကိုယ်ကိုကိုယ် တခုခုကို ဆုံးဖြတ်တတ်အောင်လေ့ကျင့်ပေးနေသလားပေါ့။ ကလေးတွေ တခုခုဖြစ်မှာသွားမှာစိုးလို့ တခုခုလုပ်မှာတားမြစ်တာတွေဟာ မိဘတွေက ကလေးတွေကို ချစ်တာထက်၊ မိမိကိုယ်ကိုချစ်လို့ မိမိကိုယ်ကို စိတ်မဆင်းရဲရအောင် တားမြစ်ထိမ်းချုပ်တာမျိုးတွေ ဖြစ်နေသလားလို့ စဉ်းစားမိပါတယ်။ တကယ်ချစ်တဲ့သူဆိုရင် ဘ၀မှာ ငါတို့မရှိလည်း ကိုယ်ဟာကိုထိမ်းကြောင်းနေနိုင်အောင် လေ့ကျင့်ပေးသင့်တယ်လို့ မြင်မိပါတယ်။
ဒီလိုပါပဲ တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေမှာလည်း ပညာသင်နေတဲ့ ကျောင်းသူ ကျောင်းသားလူငယ်တွေကို တကယ့်ကို ပညာတွေတတ်စေချင်တယ်ဆိုရင်၊ တကယ့်ကို ကိုယ်ကိုကိုယ် တာဝန်ယူရဲတဲ့သူတွေ ဖြစ်စေချင်တယ်ဆိုရင်၊ တကယ့်ကို နိုင့်ငံအတွက် သားကောင်းရတနာတွေ ဖြစ်စေချင်ရင်၊ သူ့တို့ရဲ့အတွေးတွေကို လွတ်လွတ်လပ်လပ်နဲ့ ဆန့်ထွက်တွေးနိုင်အောင်၊ သူတို့ယုံကြည်ရာတွေကို ရဲရဲရင့်ရင့်လုပ်နိုင်အောင်၊ ပြောနိုင်အောင်၊ တကယ့်လိုအပ်ချက်တွေကို အပေါ်ယံ မြင်ကောင်းယုံ ဖြည့်ဆည်းပေးတာမျိုးမဟုတ်ဘဲ ဥပဒေဘက်ကနေ အကာအကွယ်ပေးတာမျိုးဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာပစ္စည်းအကူအညီတွေ ထောက်ပံ့ပေးတာမျိုးဖြစ်စေ နည်းလမ်းအမျိုးမျိုးကနေ အကူအညီတွေပေး၊ အခွင့်အလမ်းတွေ ဖွင့်ပေးထားသင့်တယ်လို့ မြင်မိပါတယ်။

ဇနိ

1 comments:

Anonymous April 4, 2008 at 9:22 AM  

ကိုဖြု၊ ကိုဇနိ တို့ရဲ့ blog ကို မေအောင် မိတ်ဆက်ပေးလို့ ဖတ်ပါတယ်။ စိတ်ရော၊ ကိုယ်ပါ ခေတ်မှီ၊ ဖွံဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးနဲ့ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေကို ဆွဲဆောင်ပါ။ နိုင်ငံတော်သစ်ကြီး လိုအပ်တဲ့အစိုးရသစ်မှာ တထောင့်တစ်နေရာ (၀န်ကြီးချူပ်စသည်..) ဖြစ်စေ၊ နိုင်ငံ့ သားကောင်းရတနာ ဖြစ်နိုင်ဖို့၊ စင်္ကာပူရောက် ရွှေမြန်မာ ဥာဏလုပ်သားကြီး၏ ဇနီးက သူမရဲ့ မျိုးဆက်သစ်တွေကို ချစ်နေတာက၊ ကိုဇနိ ချစ်စေချင်သလိုနဲ့ တစ်ထပ်တည်းပါ။
(ဈေးမပေါပါ။ ရောက်ခါစကတော့ လုပ်ပေးရတာနဲ့ ရတာမတန်ဟု ထင်ခဲ့ပါသော်လည်း၊ အခုကျတော့လည်း မတန်ပြန်ပါ။ ရတာကပိုနေ၍ ကိုယ့်ကိုယ်ကို upgrade လုပ်မည်ဟု၊ မိမိလုပ်ချင်တာတွေကို လုပ်ခွင့်ရ၍၊ ကျေနပ်နေသော၊ ရွှေမြန်မာ လုပ်သားကြီးက ဆို၏။ )

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP