Dushechaka - A. P. Chekhov
>> Tuesday, April 15, 2008
ဒူရှက်ချကာ
အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်) ရေးပါတယ်။ သူ့အကြောင်းအနည်းငယ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။
(Dusha(ဒူရှာ) ဆိုတာက ရုရှားလို စိတ်နှလုံးကို ပြောတာပါ၊ ဒူရှက်ချကာ ဆိုတော့ စိတ်နှလုံးလှသူလို့ အဓိပ္ပါယ်ရောက်ပါတယ်။)
အငြိမ်းစား ရာဖြတ်အရာရှိကြီးရဲ့သမီး “အော်လျန်ကာ ပလယ်မျန်နီကော့ဗာ”က အိမ်နီးချင်း “ကူကိန်”နဲ့ မကြာခဏဆုံဖြစ်တယ်။ “ကူကိန်”က “တီဗိုလီ” အပမ်းဖြေကဇာတ်ရုံပိုင်ပါ။ ဘ၀ကို အမြဲတမ်းငြီးညူလိုက်၊ ရာသီဥတုမကောင်းတာကို စိတ်တိုလိုက်၊ ပရိတ်သတ်တွေ အလာကျဲတာကိုလည်း စိတ်ပျက်လိုက် ဖြစ်နေတတ်တဲ့သူပါ။ မျက်နှာအမြဲသုန်မှုန်နေတဲ့ “ကူကိန်”က ခန့်ညားလှပမှုမရှိပါဘူး။ တွေ့ပါများတော့ “အော်လျန်ကာ”လည်း သူ့ကို ပြန်ချစ်လိုက်မိတာပါပဲ။ အင်း သူမကတော့ တစ်ယောက်ယောက်ကို ချစ်နေရမှ နေတတ်တာ၊ သူ့စိတ်ထဲ၊ နှလုံးထဲမှာကိုက အဲသလိုကို ဖြစ်နေတာ။ “အော်လျန်ကာ”က သိပ်ကို နူးညံ့သိမ်မွေ့တဲ့၊ အတော်ကိုလှပကျန်းမာတဲ့ အမျိုးသမီးပါ။ သူ့မိတ်တွေကတော့ သူမနဲ့ လမ်းမှာဆုံတာပဲဖြစ်ဖြစ်၊ လ္ဘက်ရည်သောက်ရင်း စကားပြောဖြစ်ရင်ပဲဖြစ်ဖြစ်၊ “အော်လျန်ကာ”ကို ချစ်စနိုးနဲ့ “ဒူရှက်ချကာ”လို့ခေါ်ကြပါတယ်။
မင်္ဂလာဆောင်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေကြပါတယ်။ သူမက သူ့အမျိုးသားရဲ့အလုပ်မှာ ကူပါတယ်။ လက်မှတ်ရောင်းတာမျိုး၊ ပြဇာတ်အကြောင်း ဆွေးနွေးပွဲတွေထဲလည်း သူ့အမျိုးသား ခဏခဏသုံးတတ်တဲ့ စကားလုံးတွေကိုသုံးပြီး ၀င်ဆွေးနွေးတာမျိုးတွေ လုပ်တတ်ပါတယ်။ ပြဇာတ်မင်းသားတွေကို စာနာသနားပြီး ငွေတွေလည်း ထုတ်ချေးတတ်ပါသေးသလို ပြန်မဆပ်ရင်လည်း ၀မ်းမနည်းတတ်ပါဘူး။ အမျိုးသားနဲ့အတူနေပြီး သူမက ကိုယ့်အကြောင်းကို ပြောရင်တောင်မှ ရိုးရိုးလေးနဲ့ “ကျမတို့တွေလေ..”ဆိုပြီး အမျိုးသားနာမည်ကိုပါ ထည့်ပြောလေ့ရှိပါတယ်။
“ကူကိန်” အလုပ်ကိစ္စနဲ့ မော်စကိုသွားပါတယ်။ “အော်လျန်ကာ” ညတွေလည်း မအိပ်ဘဲ သူ့အမျိုးသားကို ပြတင်းမှာထိုင်စောင့်နေတတ်ပါတယ်။ သူ့အမျိုးသား ဆုံးသွားကြောင်း အကြောင်းကြားတဲ့ ကြေးနန်းလဲရရော အင်္ကျီအနက်တွေဝတ်၊ အတော့်ကို ငိုကြွေးတာပါ။
သုံးလလောက်ကြာတော့ ဘုရားကျောင်းမှာ သစ်တောပိုင် “ပူစတော့ဗာလော့(ဗ်)” နဲ့ မိတ်ဆက်ဖြစ်ပါတယ်။ မကြာပါဘူး “ပူစတော့ဗာလော့(ဗ်)”က ချစ်ခင်ကြောင်းပြောလာတော့ သူမက လက်ခံလိုက်တာပါပဲ။ မင်္ဂလာဆောင်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေကြပါတယ်။ “အော်လျန်ကာ”က အမျိုးသားကို ကူပါတယ်၊ စာရင်းတွေရေးပေးတယ်၊ ဂိုထောင်ထဲက ပစ္စည်းတွေ ထုတ်ပေးတာတွေ လုပ်ပါတယ်။ အဲဒီအခါကျတော့ မိတ်ဆွေတွေနဲ့တွေ့တဲ့အခါ သစ်ဈေးတွေအကြောင်း ကောင်းကောင်းသိသလို သူ့အမျိုးသားပြောတဲ့ စကားတွေကိုသုံးပြီး စကားတွေ လှိုင်လှိုင်ကြီး ပြောတော့တာပါပဲ။ သူတို့တွေက အပြင်တောင်သိပ်မထွက်ပါဘူး၊ အိမ်မှာနေရတာကို ပိုသဘောတွေတွေ့ကြပါတယ်။ တစ်ခါတစ်လေများ အမျိုးသားက “အော်လျန်ကာ”ကို ပြဇာတ်သွားကြည့်ဖို့ပြောရင် သူမက ပြန်ဖြေလိုက်ပုံက အကျိုးမရှိတာတွေ လုပ်ဖို့ အချိန်မရှိဘူးတဲ့။ “ပူစတော့ဗာလော့(ဗ်)” အလုပ်ကိစ္စနဲ့ မြို့ပေါ်ကိုသွားတုန်းမှာ “အော်လျန်ကာ”ဆီကို တိရိစ္ဆာန်ဆေးကုဆရာဝန် “စမိ(ရ်)နင်” လာတတ်ပါတယ်။ သူ့မိန်းမနဲ့ အဆင်မပြေကြောင်းတွေ ပြောတတ်တယ်။ သူ့မိန်းမဆိုးလို့ ကွဲသွားပြီး “စမိ(ရ်)နင်”က သားလေးကိုပဲ စိတ်ပူတာပါ။ “အော်လျန်ကာ”က သူ့ကို သနားတော့ လ္ဘက်ရည်တိုက်ဧည့်ခံပြီး သားကိုအကြောင်းပြုပြီး မိန်းမနဲ့ ပြန်ပေါင်းထုပ်အောင် ပြောရတာပေါ့။ “ပူစတော့ဗာလော့(ဗ်)”ပြန်လာတော့ ယောက်ျားကို အကုန်ပြောပြပြီး ဘုရားသခင်ဆီမှာ သားဆုတောင်တောင်းလိုက်ပါသေးတယ်။
တစ်နေ့ ဆောင်းတွင်းကြီးမှ “ပူစတော့ဗာလော့(ဗ်)” အအေးမိပြီး ရုတ်တရက် ဆုံးပါလေရော။ သနားစရာ့ “အော်လျန်ကာ” လည်း ငိုယိုပူဆွေးရပြန်တာပေါ့။ အိမ်တံခါးကိုပိတ်ပြီးနေတာ နှစ်ဝက်လောက်ကြာမှ ပြတင်းတံခါးလေးကို ဖွင့်တော့တယ်။ တိရိစ္ဆာန်ဆေးကုဆရာဝန် “စမိ(ရ်)နင်” ခဏခဏအိမ်ကို ရောက်လာတတ်ပါတယ်။ အဲဒီအခါကျတော့ “အော်လျန်ကာ”က “စမိ(ရ်)နင်”ပြောတဲ့ တိရိစ္ဆာန်ဆေးကုအလုပ်အကြောင်းတွေကို မိတ်ဆွေတွေနဲ့တွေ့တိုင်း ပြန်ပြောမိနေပြန်ရော။ သူမ သိပ်ပြီးကြာကြာ မပျော်လိုက်ရပါဘူး။ “စမိ(ရ်)နင်”က တစ်ခြားမြို့ကို ပြောင်းရတာကိုး။ အဲတော့လည်း သူမတစ်ယောက်တည်းကျန်ခဲ့ရတာပေါ့။ သူမမှာ ကိုယ်ပိုင်အမြင်က မရှိလေတော့ ဘာမှာပြောစရာစကားလည်း မရှိဘဲ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ဘာပျော်ရွှင်မှု၊ ဘ၀အပေါ်ထားတဲ့ အတွေးအမြင် တစ်ခုမှမရှိဘဲ နေသွားတာပါ။
မြို့ကို “စမိ(ရ်)နင်” နောက်တစ်ခေါက် မမျှော်လင့်ဘဲ ရောက်လာပြန်ပါတယ်။ သူ့မိန်းမနဲ့ အဆင်ပြေပြီးတော့ကာ သားလေးလည်းပါလာပါတယ်။ “အော်လျန်ကာ”က မိသားစုလိုက် သူ့အိမ်မှာလာနေဖို့ပြောပြီး သူမကိုယ်တိုင်ကျတော့ အိမ်မကြီးရဲ့ဘေးဆောင်လေးမှာသွားနေပါတယ်။ “စမိ(ရ်)နင်”ရဲ့သား “စားရှာ”ကို သူမက အတော်ခင်တွယ်နေပါပြီ။ ကလေးကို ကျွေးမွေးလိုက်၊ ကလေးကို စာသင်လိုက်၊ နောက် “စမိ(ရ်)နင်”ရဲ့မိန်းမ ပြန်လည်းသွားရော၊ ကလေးကို သူ့ဘေးဆောင်လေးကို ခေါ်ထားပါတယ်။ သူမမှာ ဘ၀အမြင်တွေ ပေါ်ပေါက်လာပြန်ပါပြီ။ အခု မိတ်ဆွေတွေနဲ့တွေ့တဲ့အခါမှာ သူမက မူလတန်းကျောင်းအကြောင်းတွေ၊ ပထမတန်းသင်ခန်းစာရှုပ်ရှုပ်တွေအကြောင်း၊ သင်ရိုးစာအုပ်တွေအကြောင်းတွေကို ကလေးပြောတဲ့ စကားကိုလိုက်နင်းပြီး ပြောပြန်တော့တာပါပဲ။ “အော်လျန်ကာ”ရဲ့အဓိကအလုပ်ကတော့ ကလေးကို ကျောင်းပို့ကျောင်းကြိုလုပ်တာပါပဲ။ ကလေးကို သူ့အမေက ပြန်ခေါ်သွားမှာကို အခု သူမအကြောက်ဆုံးဖြစ်နေပါပြီ။
အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်)
စာဖတ်သူရော “ဒူရှက်ချကာ”-ဆိုတဲ့ အမျိုးသမီးကို သဘောကျပါသလား။ စာဖတ်သူက အမျိုးသားတစ်ယောက်ဆိုရင် သူ့လိုအမျိုးသမီးတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ်ရော ရွေးချယ်လိုပါသလား။ ချက်ဟော့(ဗ်)-ကတော့ သူ့ရဲ့ဇာတ်ကောင်အမျိုးသမီးကို အပေါ်မှာရေးထားသလို နူးညံ့သိမ်မွေ့ပြီး အခြားလူတစ်ယောက်အပေါ်မှာ အလွန်ချစ်တတ်သူတစ်ယောက်အဖြစ် သရုပ်ဖော်သွားပါတယ်။ အမျိုးသမီးတစ်ယောက်ကို နောက်ပုံစံတစ်မျိုးနဲ့ ပုံဖော်ထားတဲ့ ချက်ဟော(ဗ်)ရဲ့ဝတ္ထုအတိုတစ်ပုဒ်ကိုလည်း ဘာသာပြန်ပြီးတင်ပါဦးမယ်။ အခုဘာသာပြန်တာက ၀တ္ထုတိုကို မူရင်းအတိုင်းဘာသာပြန်တာမဟုတ်ပါဘူး။ အတိုချုံ့ပြီးမှ ပြန်ထားတာပါ။
1 comments:
အဲဒီလို စိတ်နှလုံးသားဖြူစင်ပြီး...ကိုယ့်ခင်ပွန်းပေါ်မှာ ပြုစုကြင်နာတတ်တဲ့ မိန်းကလေးကို ကိုဇနိက အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မှာလားဗျို့...:)
Post a Comment