၂-မှတ်

>> Friday, August 31, 2007


လမ်းလျှောက်ရင်း ငါသေဆုံးခဲ့တာ နှစ်တွေကြာပေါ့
အခက်အခဲတွေက ငါ့အပေါ်တစ်ရွက်ချင်း ကြွေကျနိုင်လွန်းတယ် ... ။
ဝဋ်ဒုက္ခဆိုတာ ၀ပ်နေတဲ့ဒုက္ခ မဟုတ်ဘူး
ဖေဖေက မေ့မေ့ကို ပြောနေတာ
(ငါ့ကိုမမွေးခင်ကတည်းက) နားစွန်နားဖျားတော့ ကြားမိသား။

ခွေးတွေပြေးသလို ယုန်လည်းပြေးတတ်ပါရဲ့
ဒါပေမယ့်
ခြေလေးချောင်းချင်းအတူတူ သူတို့က "အူ"လို့ရတယ်လေ
ကဲ ...
ငါကောက်ရထားတဲ့ ရွှေခါးပတ်နဲ့ ဘယ်သူ့ကို စိမ်ခေါ်ရင်ကောင်းမလဲ
ဖြစ်နိုင်မယ်ဆိုရင် မနက်ဖြန်နည်းနည်းလိုချင်တယ်။ ။


တာရာမင်းဝေ

Read more...

အမှိုက်တွေ...... အမှိုက်တွေ.....လာပြီဗျို့

>> Wednesday, August 29, 2007


အခုပီဆာကျယ် စမ်းချောင်းမှာနေပါတယ်။ ပီဆာကျယ်တို့ စမ်းချောင်းမှာဆိုရင် မနက်မနက်ဆိုရင် အိပ်ရာက နိုးထဖို့ ညကထဲက နာရီနှိုးစက်ပေးအိပ်ဖို့ မလိုပါဘူး။ မနက်(၆)နာရီမှာ အသံသြရှရှနဲ့ “ပူပူလေးနော်..ပဲပြုတ်..ပဲပြုတ်” ဆိုတဲ့လမ်းလျှောက်တောင်းရွက်ဈေးသည်ရဲ့ အသံနဲ့စတင်မိတ်ဆက် လမ်းသူလမ်းသားတွေကို အိပ်ပျက်စေပါတော့တယ်။ မရှေးမနှောင်းမှာပဲ “အီကြာကွေး၊ စမူဆာကြော်”၊ “ထောပတ်ဘိန်းမုန့်”၊ “မုန့်လုံးရေပေါ်၊ ကောက်ညှင်းပေါင်း” အစရှိတဲ့ ဈေးသည်အေးကြွယ်တို့ရဲ့ စူးရှရှ၊ ခုနစ်သံချီ ပရိဒေ၀၀မ်းစာရေးဆွဲလည်းသံတွေဟာ အစီအရီ မရိုးရလေအောင် လေပေါ်မှာ ကြော်ငြာကြပါတော့တယ်။ အဲ... တဖြည်းဖြည်း မနက်(ရ) နာရီလောက် ရောက်ပြီ ဆိုရင်ဖြင့် “ဟင်းစား.......... အရီးရေ ကြက်သား ပါတယ်၊ ၀က်သား ပါတယ်၊ ပုဇွန်ပါတယ်၊ မာလာငါးပါတယ်၊ ကကတစ်ပါတယ်၊ ဘာချက်အုံးမှာလဲ” ဆိုတဲ့ အသံစာစာနဲ့ စူပါမားကက်တစ်ခုလုံး ခေါင်းပေါ်တင်လာတဲ့ ဈေးသည်မလေး လမ်းထဲရောက်လာပါတော့တယ်။ ဒီအချိန်မှာ ပီဆာကျယ်တို့ အိပ်ရာမှ မနှေးအမှန် လေးကန်စွာ ထလာရတဲ့အချိန်ရောက်ပါပြီ။ ဒီဈေးသည်တွေကြားထဲမှာ ထူးထူးခြားခြား ၀ယ်စားစရာလည်း မဟုတ်၊ ပုလင်းခွံ၊အိပ်ခွံလို ရောင်းပြီး ဘတ်ဂျက်ရှာလို့ရတာလည်းမဟုတ်တဲ့ အသည်ကတော့ “အမှိုက်တွေ...... အမှိုက်တွေ.....လာပြီဗျို့” ပါတဲ့။



ကြားခါစက ပီဆာကျယ် ဘယ်လိုမှနားမလည်ခဲ့ပါ။ အရပ်ထဲက လူငယ်လေးတွေ အချင်းချင်းနောက်ပြောင်အော်ဟစ်သွားတာပဲ ထင်မိခဲ့ပါတယ်။ တစ်ရက်မဟုတ်နှစ်ရက်မဟုတ် ကြားလာရတော့ အိမ်ပြင်ထွက် စပ်စုရပါတော့တယ်။ တွန်းလှည်းအဟောင်း ခနော်နီခနော်နဲ့လေးကို ဘေးလေးဘက်လေးတန်က ဗီနိုင်းကြော်ငြာဖျင်စ အဟောင်းတွေနဲ့ကာထားတဲ့ ကိုယ့်အားကိုယ်ကိုး အမှိုက်သိမ်းလှည်းလေးကို တွေ့ရပါတော့တယ်။ အားလားလား.... သေချာစောင့်ကြည့်တော့မှ မန္တလေးသင်္ကြန်ကျုံးဘေးမှာ ဂျစ်ကားတွေတန်းစီနေသလို တန်းစီနေတဲ့လှည်းတွေ တစ်စီးမက တွေ့ရပါတော့တယ်။ တာဝန်သိတတ်ကြပါပေတယ်လို့ ဆိုရလေမလားပဲ။ အိန္ဒြာကျော်ဇင်ရဲ့“ဗိုက်ဆာနေလား၊ မာမားခေါက်ဆွဲကိုစား”၊ ရဲလေးရဲ့ ဘာတံဆိပ်မှန်းမသဲကွဲတော့တဲ့ မုတ်ဆိတ်ရိတ်တံကြော်ငြာ၊ မိုးဟေကိုရဲ့ ဟိုဘက်ကိုလှည့်ပြီး ဂျနီဖာလိုးပက်(ဇ်)ကို အပြိုင်ချဲထားတဲ့ ထီဆိုင်ကြော်ငြာ အစရှိတဲ့ ဗီနိုင်းကြော်ငြာ ဖျင်စအဟောင်းတွေနဲ့ လှည်းလေးတွေဟာ ကြည့်လို့ပဲ ကောင်းပါသေးတယ်။ ရောက်စက ခေတ်မမှီသေးတဲ့ ပီဆာကျယ်တို့ကတော့ ခေါင်လောင်းသံ ဂလောင်ဂလောင်နဲ့ အမှိုက်ကားကို စောင့်ခဲ့မိလို့ နောက်ဖေးက အမှိုက်ပုံးလောက်ကျခဲ့ဘူးပါတယ်။ နောက်တော့သူများနည်းတူ “အမှိုက်တွေ...... အမှိုက်တွေ..... လာပြီဗျို့” ကိုပဲအားကိုးသမှု ပြုရပါတော့တယ်။

နောက်ဆက်တွဲ(၁)
မနေ့မနက်က ထူးထူးခြားခြား ဂလောင်ဂလောင်နဲ့ အမှိုက်ကားခေါင်းလောင်းသံကြားလို့ မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့ ထွက်ကြည့်မိတော့ မောင်မင်းကြီးသားအမှိုက်ကားကို ထူးထူးခြားခြား တွေ့ရပါတော့တယ်။ နိုင်ငံခြားသွားလို့ နှစ်လရှည်ကြာကွဲကွာနေတဲ့ ဆွေမျိုးမိတ်ဆွေကိုပြန်တွေ့ရသလို ၀မ်းသားအားရမျက်နှာတွေနဲ့ ရပ်ကွက်ထဲမှာရှိတဲ့ အိမ်စေ့၊ တိုက်ခန်းစေ့ကလူများ အမှိုက်အိပ်၊ အမှိုက်တောင်းကိုယ်စီနဲ့ ထွက်လာကြပြီးအမှိုက်ကားမှာ သူ့ထက်ငါ အလုအယက် အမှိုက်ပစ်ကြပါတော့တယ်။ စမ်းချောင်းမှာနေတဲ့ (၂) လအတွင်း ဒါဟာ ပထမဆုံးတွေ့ရခြင်းပါ။ ဒီအချိန်မှာ “အမှိုက်တွေ...... အမှိုက်တွေ..... လာပြီဗျို့” လှည်းကလေးတစ်စီးကို ပီဆာကျယ်အမှတ်တမဲ့နဲ့ သတိထားလိုက်မိပါတယ်။ ၀မ်းနည်းတဲ့အကြည့်နဲ့ အမှိုက်ကားကို ကြည့်နေတဲ့ အမှိုက်အိပ်ကောက်နေကျ ကိုယ်ဝန်ဆောင်အမျိုးသမီးကို တွန်းလှည်းတွန်းတဲ့ သူ့ယောက်ျားလုပ်သူက တိုးတိုး တိုးတိုးနဲ့ ဘာတွေဖျောင်းဖျနေလည်းမသိပါဘူး။ နန်းတော်ရှေ့ဆရာတင်ရဲ့ “မြန်မာလူမျိုးတွေ အလုပ်မရှိတော့ တံတားကြီးကို ကြည့်ကာငိုမိသည်” ဆိုတဲ့ သီချင်းတစ်ပိုင်းတစ်စကို သွားသတိရမိလေရဲ့။ ပီဆာကျယ်လည်း ချိုတကူးနဲ့ ဂုဏ်ရည်မတူ လုပ်မနေအားပါဘူး။ အမှိုက်ထည့်ထားတဲ့ကြွပ်ကြွပ်အိပ်နှစ်လုံးဆွဲပြီး တရုတ်သိုင်းကားထဲက ကျန်ကျောင်းရှုံးလောက်တဲ့ အမြန်နှုန်းနဲ့ အမှိုက်ကားနောက်ကို အမြန်လိုက်ရပါတော့တယ်။

နောက်ဆက်တွဲ(၂)
ဒီနေ့မနက် ပီဆာကျယ်တို့လမ်းမှာ အရင်အတိုင်းပါပဲ။
မနက်(၆)နာရီမှာ အသံသြရှရှနဲ့ “ပူပူလေးနော်...ပဲပြုတ်..ပဲပြုတ်” ဆိုတဲ့လမ်းလျှောက်တောင်းရွက်ဈေးသည်ရဲ့အသံနဲ့ စတင်မိတ်ဆက် လမ်းသူလမ်းသားတွေကို အိပ်ပျက်စေပါတော့တယ်။ မရှေးမနှောင်းမှာပဲ “အီကြာကွေး၊ စမူဆာကြော်”၊ “ထောပတ်ဘိန်းမုန့်”၊ “မုန့်လုံးရေပေါ်၊ ကောက်ညှင်းပေါင်း” အစရှိတဲ့ ဈေးသည်အေးကြွယ်တို့ရဲ့ စူးရှရှ၊ ခုနစ်သံချီ ပရိဒေ၀ ၀မ်းစာရေးဆွဲလည်းသံတွေဟာ အစီအရီ မရိုးရလေအောင် လေပေါ်မှာ ကြော်ငြာကြပါတော့တယ်။ အဲ... တဖြည်းဖြည်း မနက်(ရ) နာရီလောက် ရောက်ပြီ ဆိုရင်ဖြင့် “ဟင်းစား......... အရီးရေ ကြက်သား ပါတယ်၊ ၀က်သား ပါတယ်၊ ပုဇွန်ပါတယ်၊ မာလာငါးပါတယ်၊ ကကတစ်ပါတယ်၊ ဘာချက်အုံးမှာလဲ” ဆိုတဲ့ အသံစာစာနဲ့ စူပါမားကက်တစ်ခုလုံး ခေါင်းပေါ်တင်လာတဲ့ ဈေးသည်မလေး လမ်းထဲရောက်လာပါတော့တယ်။ ဒီအချိန်မှာ ပီဆာကျယ်တို့ အိပ်ရာမှ မနှေးအမှန် လေးကန်စွာ ထလာရတဲ့အချိန်ရောက်ပါပြီ။ ဒီဈေးသည်တွေကြားထဲမှာ ထူးထူးခြားခြား ၀ယ်စားစရာလည်း မဟုတ်၊ ပုလင်းခွံ၊အိပ်ခွံလို ရောင်းပြီး ဘတ်ဂျက်ရှာလို့ရတာလည်းမဟုတ်တဲ့ အသည်ကတော့ ဒီအချိန်မှာ “အမှိုက်တွေ...... အမှိုက်တွေ..... လာပြီဗျို့” ပါတဲ့။

Read more...

ပန်းသီးချဉ်ပုံပြင်

>> Monday, August 27, 2007

အချိန်အခါကာ သြဂုတ်လ လလည်ခန့်ဖြစ်လေသည်။


သူရိန်နေမင်းက ပူပူပြင်းနေပြီး၊
လူအများလည်း အလုပ်ပါးကာ၊
အားချင်တိုင်းအားပြီးသကာလ၊
အိမ်တွင်းမအောင်းဘဲ၊
အပေါင်းအသင်းစုကာ၊
ဟိုဟိုဒီဒီလည်ပတ်၍ ၊
အေးရာအေးကြောင်း ခိုအောင်းစရာ၊
နေရာပေါင်းစုံ လိုက်ရှာကြလေသတည်း။
အချိုရှာ သကာမှာတွေ့၊ အရိပ်ရှာ ပန်းခြံမှာတွေ့။ ပန်းခြံမှာရှာ အတွဲတွေတွေ့။ ဟာ... ဟုတ်သေးပါဘူး။ ပြောရင်း ပြောရင်း ဘယ်ရောက်သွားပါလိမ့်။ ဒီလို ဒီလို ပန်းခြံမှာ အရိပ်ရှာ၊ အေးအေးဆေးဆေးနားနားနေနေနဲ့ ရေဘူးကို ထုတ်သောက်၊ ဟိုငေး ဒီငေး။ တစ်ချို့ကလည်း ဆွေးမိ ဆွေးရာ ဆွေးနေသပေါ့လေ။ အသပြာငွေကလည်း ခြောက်ကပ်တော့ စိမ်းစိမ်းမြင်ရာ၊ စားစရာလို့မှတ်ဆိုပြီး ပြောတဲ့သူကပြော။ လူဆိုတာမျိုးကလည်း ကိုယ်ကသာကြိုက်မိပြီဆိုရင် ဘာမှာမတွေးဘူးရယ်၊ ပြောချင်ရာတွေ ပြောတတ်ကြတာပေါ့။ ဘာတဲ့ရယ် တစ်ယောက်က ပြောပါလေရော - " မင်းကွာ၊ မြေပဲဆံသာရှိမယ်ဆိုရင် မြက်တောင် သုတ်စားလို့ကောင်းမယ်ကွ" တဲ့။ သူလုပ်ပုံနဲ့ နွားတွေတောင် မျက်ခုံးလှုပ်သွားလောက်တယ်။

ဒီလိုအချိန်အခါ ဒီလိုရာသီမှာ ပန်းသီးပင်တွေမှာ ပန်းသီးတွေ အပြုံလိုက်၊ အဆုပ်လိုက်တွေ သီးနေကြပါပြီ။ မြင်သမျှ ပန်းသီးပင်တွေမှာလည်း ပန်းသီးတွေကိုပဲ တွေ့တော့တာပေါ့။ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးကလည်း ပန်းသီးတွေ ဘုန်းပေါလအော သီးနေတာကိုမြင်တော့ သူမှတ်မိမှတ်ရာ ပြောပြပါရော။

"ပန်းသီးကြွေကျတာကို လူအများက တွေးချင်ရာတွေးတာကွ၊ အမျိုးမျိုး စဉ်စားချင်ရာစဉ်းစာပြီးတော့ ဟိုဖော်ထုတ်၊ဒီဖော်ထုတ်လုပ်တော့ ဟိုဥပဒေသ၊ဒီဥပဒေသတွေပေါ်လို့က ပေါ်ခဲ့တာပေါ့ကွာ" - လို့ ပြောတာလည်းပြောရဲ့။ တိတိကျကျလည်း မှတ်သားထားတတ်ပါပေတယ်။

သူပြောနေကျ စကားကတော့- " ဘာမှမလုပ်ရင်၊ ဘာမှ ဖြစ်မလာဘူး"။
သူဆိုတတ်တဲ့သီချင်းက- "ထိုင်နေလို့ကတော့ ဘာမှဖြစ်မလာဘူး"။
"ကိုလံဘတ်(စ)ဆိုလား၊ ဗာစကိုဒဂါးမားဆိုလား ဆိုတဲ့သူက လျှာလျှာရှည်ရှည်၊ စူးစူးစမ်းစမ်းလုပ်လို့ အမေရိကားကိုဆိုလား၊ အင်ဒီယားဆိုလား ရှာဖွေတွေ့ရှိဖော်ထုတ်ခဲ့တာကွ" -လို့လည်း ပြောပြပါရဲ့။

ပန်းသီးပင်တွေ၊ ပန်းသီးတွေမြင်တော့ သူလည်း ဟိုတွေး၊ ဒီတွေးနဲ့ပေါ့လေ။ ပန်းသီးတွေကလည်း ခပ်စိမ်းစိမ်းလေးတွေ။ ရေဆေးစားကြည့်တော့ ခပ်ချဉ်ချဉ်ရယ်။ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးကလည်း စူးစူးစမ်းစမ်း ရှာဖွေဖော်ထုတ်တတ်ပါတယ်။ စောင့်သာကြည့်။ ဒီသကောင် အကြံကြီးတယ်။

ခဏနေတော့ သူက- "ပန်းသီးတွေ ခူးကွာ။ ဟိုသကောင့်သား စတိုင်လေးနဲ့ ပဲပေးမယ်မကြံနဲ့။ ရော့ မင်းအိတ်ထဲထည့်။"

ဒီလိုနဲ့ ဒီလိုနဲ့ အိမ်ကိုပြန်ရောက်။ လမ်းလျှောက်ခဲ့ရလို့ ပင်ပန်းတာ အသာထား။ လာစမ်း လာစမ်း။ ပန်းသီးလာ လှီး။ သြော် အတင်းအဓမ္မ။
လုပ်အားပေး။ ပေးချင်းပေး၊ မပေးချင်ပေး။ စားချင်တော့လည်း လုပ်ပေါ့လေ။
အင်း ခန္တီစ - မနိုင်၍သီးခံခြင်းသည် မင်္ဂလာမည်၏။
ဟာ မဟုတ်သေးပါဘူး။
နောက်ဆုံတော့ ဘာဖြစ်သွားတယ်ထင်လဲ။ အောက်မှာ ပြထားတဲ့ ပုံပြ အစီအစဉ်ကိုသာ ကြည့်ပါတော့လေ။

လုပ်နည်းကိုင်နည်း နိဿရည်း

၁။ အစောပိုင်းကာလမှာ ဒီလို လှပ ကျော့ရှင်းအပြစ်ကင်းတဲ့၊ ပန်းတွေနဲ့ ဝေနေတဲ့ ပန်းသီးပျိုသခင်မပါ။


၂။ အချိန်တန် အရွယ်ရောက် ပွင့်ချိန်တန်ပြီးတော့၊ သီးချိန်တန်တော့လည်း သီးရတော့တာပါ။

၃။ သန့်ရှင်းနေအောင် အတော်အတန်ရေဆေးပေးရသေးတာပေါ့။


၎။ သေးသေးသွယ်သွယ် လှတပတဖြစ်အောင် ဒီလိုစနစ်တကျလှီး။


၅။ ပြီးတော့ ဆားရည်စိမ်ပြီး တစ်ပါတ်လောက်ထား။


၆။ အဆုံးတော့လည်း ဒီလို ဒီလို ပန်းသီးချဉ် ရတာပေါ့။



ပန်းသီးချဉ်ပုံပြင် ဤတွင် ပြီး၏။
ဇနိ
Ref: S. Kar(A. Z. Oo), N. Hein, Z. Ni, K. Z. Wai, L. Win

Read more...

ဝဋ်ရှိလို့ တော်ကြတာပါဗျာ


ဝဋ်ရှိလို့ တော်ကြတာပါဗျာ
မြင့်သန်း
စတိုင်သစ်၊ ဇူလိုင်၊ ၂၀၀၃။

ဦးမှန်က နာမည်တစ်လုံးနဲ့နေတာ။ ဓာတ်ဆရာဦးမှန်ဆိုတာကိုသာ ကြည့်။ ဒီတစ်ကြောမှာတော့ သူ့ကို ယုံကြတယ်။ ယုံဆို ဦးမှန်က မဟုတ်တာ မပြောဘူး။ စကားပြောရာမှာလည်း အပိုဆာဒါးနဲ့ မလိုတာများ မပါဘူး။ စမ်းတွင်းဘက်ဆီက သြဠာရိက ဆရာခဆိုရင် ဆေးဝါးတင်မကဘူး၊ စာတွေဘာတွေ အတော်ရတယ်။ ဒီတော့ ဆေးပေးဖို့ကို သူက အတော်ညွှန်းနေသေးတာ။ အညွှန်းကြားရတာနဲ့ကို လူနာက အဖျားပျောက်ချင်သလောက်တောင် ဖြစ်တတ်တယ်။ အဲဒီလိုပဲ အထက်ဘက်ဆီက မကြာမကြာလာတတ်တဲ့ အာယုဗေဒ ဦးဖိုးလှများဆိုရင်လည်း လူနာကို မကြည့်ခင် လေတစ်လုံး မိုးတစ်လုံး ပြောနေတာနဲ့ကို လူနာက သူငယ်အိမ်စိုက်သွားရော။ ဦးမှန်တို့က အဲဒီလိုမဟုတ်ဘူး။ ပြောတော့ပြောတယ်။ လေထွားတာ၊ လောကြွားတာမျိုးတွေ မဟုတ်ဘူး။ သူက စကားအခံကလေးနဲ့ ဆေးကုတာ။ "၀ဋ်နာ၊ ကံနာကလွဲလို့တော့ ဆရာ ဘာမှမကြောက်ဘူး။ သူများလို ဇာမချဲ့ဘူး။ ဦးမှန်ပြောတာ မမှန်လို့များတော့ အကြောက်အကန်မပြောဘူး။ ကိုယ့်အိမ်ကိုယ်ပဲ ပြန်မယ်"တဲ့။ အဲဒီအပြောကို ဘယ်သူက ဘယ်လို စလိုက်တယ်မသိဘူး။ "ဦးမှန် မမှန်၊ အိမ်ကိုပြန်"ရယ်လို့ ကလေးတွေ ပါးစပ်ထဲမှာ တစ်ဘောင်ပေါ်သလို ဖြစ်နေတယ်။

ခက်တာတစ်ခုက ၀ဋ်နာကံနာဆိုတဲ့ ကိစ္စပဲ။ ဘယ်လိုဟာမျိုးက ၀ဋ်နာကံနာပဲရယ်လို့တော့ လူတွေက သိချင်တာပေါ့။ စာသင်တိုက်ကြီးက တိုက်အုပ်ကတော့ ပြောတာပဲ။ ၀ဋ်နာကံနာဆိုတာက ကုလို့မရနိုင်တဲ့ရောဂါတဲ့။ ၀ဋ်ကြွေးရှိလို့ဖြစ်တာ။ ကံကြွေးရှိလို့ ဖြစ်တာတဲ့။ ဒီတော့ ဦးမှန်ကုလို့မရတဲ့လူမှန်သမျှ ၀ဋ်ကြွေးကံကြွေးရှိတဲ့ လူတွေချည်းလို့ပဲ ပြောရတော့မှာပဲ။ ဆယ်ပင်စုက မောင်အုန်းကိုပဲ ကြည့်တော့။ ထန်းတက်နေတာ အကောင်းသား။ အလကား လျှာရှည်ပြီး ဟိုဘက်ကမ်း လိုက်သွားတယ်။ သင်္ဘောကူလီသွားလုပ်သတဲ့။ အဲဒီက ဖျားနာပြီး ပြန်လာတယ်။ မကြာမကြာ မြစ်ထဲရေဆင်းချိုးရာက အပူရှပ်တယ်ဆိုပဲ။ ရွာပြန်ရောက်တော့ ဦးမှန်နဲ့ ကုတယ်။ မရပါဘူး။ သူနဲ့အတူ ဟိုဘက်ကမ်းသွားပြီး အလုပ်လုပ်တဲ့ သူငယ်တွေပြောတော့ ဒီကောင်က ဇကလေးရှိတယ်။ မိန်းမလိုက်စားတယ်တဲ့။ ရောဂါက အပူရှပ်တာမှမဟုတ်ဘဲ။ ကာလသားရောဂါ ဆိုသလားပဲ။ ဦးမှန်ကတော့ အပူရှပ်တာက ဓာတ်သဘောနဲ့ဆိုင်လေတော့ အုန်းစိမ်းရေကလေးတိုက်ပြီး နေမကျခင် ခေါင်းက ရေလောင်းချိုးခိုင်းနေတာ။ မောင်အုန်းခမျာမလဲ မသေခင် ချမ်းလွန်းလို့ ဆတ်ဆတ်ကို တုန်နေတာ။ နောက်ဆုံးတော့ မရပါဘူး။
ဦးမှန်ကြီး လက်လျှော့ရမလို ဖြစ်နေတုန်း မောင်အုန်းဇာတ်လမ်းကို လူကြီးတွေ သိသွားကြတယ်။ ကာလသားခေါင်း သောင်းစိန်က တိုက်အုပ်ကို လျှောက်လိုက်တယ်။ ဒီတော့ တိုက်အုပ်လည်း မနေသာဘူး။ ဦးမှန်ကို အကြောင်းစုံ ခေါ်ပြောပြရတယ်။ ဒီတော့ ဦးမှန်ကပြောသတဲ့ "တပည့်တော်လည်း အထင်သား"တဲ့၊ "ဒီကိစ္စက ၀ဋ်နာကံနာပဲ"တဲ့။ ဒီတော့ ဘုန်းကြီးလေးက "ခုခေတ်အပြောတော့ ကာလသားရောဂါပေါ့ဗျာ"လို့ မယုတ်မလွန်လေး ပြောတယ်။ ဒီတော့ ဦးမှန်ကပြောသတဲ့။ "အဲဒါကို တပည့်တော်ပြောတာပေါ့၊ တဏှာကြောင့်၊ ဥပါဒါန်ကြောင့်၊ အ၀ိဇ္ဇာကြောင့်ဖြစ်တာတွေဟာ ကိလေသာဝဋ်ပဲ မဟုတ်ပေဘူးလား ကိုယ်တော်။ ကိလေသာဝဋ်လည်း ၀ဋ်တစ်ပါးပဲဗျ"တဲ့။ ဒီတော့လည်း တိုက်အုပ်ဘုန်းကြီးကလေးက ဘာပြန်ပြောနိုင်တော့မှာတုန်း။ အသာခေါင်းညိတ်ရုံပဲ။ ဒါတောင် နောက်ဆုံးအနေနဲ့ ရသမျှ ဓာတ်နဲ့တွက်ချက်ပြီး ကိလေသာကို တန်ပြန်နိုင်အောင် စီးပစ်ရမယ်ဆိုပြီး ကာလီသီးထောင်းပြီး မောင်အုန်းပါးစပ်ထဲ အတင်းခွံ့ခိုင်းတာ။ မောင်အုန်းခမျာ သေသာသွားရော၊ ခေါင်းက ရေလောင်းလောင်းပြီး ချိုးပေးကြတာများလို့ ချမ်းကလည်းချမ်း၊ ကာလီသီးထောင်း ခွံ့တာ မြိုရလို့ ပါးစပ်ကလည်း စပ်လို့ ပြဲနေရှာတာ။ သေတော့ မျက်စိတောင် အတော်ပိတ်ယူကြရတယ် ပြောတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ သေမှတော့ ၀ဋ်နာကံနာချည်းပဲလို့ ပြောကြရတော့တာပဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ဘယ်သူကမှ ဦးမှန်ကို အပြစ်မပြောကြပါဘူး။ သူလက်လွှတ်ရသမျှ ၀ဋ်နာကံနာလို့ သူက ပြောပြီးသားကိုး။ ဒါပေတဲ့ တောင်ရွာက ကာလသားခေါင်း သောင်းစိန်ကတော့ သိပ်ဘ၀င်မကျဘူး။ လမ်းမှာ ဦးမှန်နဲ့တိုးရင် တံတွေးကို ပစ်ခနဲထွေးပြီး၊ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေလို့ ဦးမှန်ကြားအောင် ပြောတယ်။ ဒိပြင် "ကျုပ်များ မပြောကောင်း မဆိုကောင်း၊ သေကောင်ပေါင်းလဲ ဖြစ်လို့များတော့ သင်္ချိုင်းကုန်းမှာသွားပြီး ပစ်သာထားလိုက်ကြ။ ဦးမှန်နဲ့တော့ မကုကြနဲ့"လို့ လူထူထူမှာ ဦးမှန်ကြားအောင်လည်း ပြောတတ်တယ်။ ဦးမှန်ကတော့လည်း သောင်းစိန်ကြားအောင် မကြားတကြားပြောတယ်။ "မင်းနဲ့ငါ တွေ့ကြရဦးမှာပါ"တဲ့။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့ဆုံလို့ တခြားတစ်ယောက်အကြောင်း ပြောကြပြီဆိုရင်ဖြင့် သူကြီး ဦးကံရက "မင်းတို့နှစ်ယောက်မှာလည်း ဘယ်ဝဋ်နဲ့ ဒီမှာလာဆုံနေကြတယ် မသိဘူး"လို့ သူကိုယ်တိုင် ဘယ်တော့မှ ဖြေနိုင်မှာမဟုတ်တဲ့ မေးခွန်းကို အမြဲမေးလေ့ရှိတယ်။
ဖြစ်ချင်တော့ ရွာနှစ်ရွာကြားမှာနေတဲ့ စံထားသေတယ်။ စံထားညီ ငခွေးနဲ့ သောင်းစိန်က အတူကြီးကြတာ။ စံထားတို့အိမ်က သောင်းစိန်ရဲ့ စားအိမ်သောက်အိမ်။ ငခွေးက သောင်းစိန်ရဲ့ လက်ရုံး။ သောင်းစိန်က ကာလသားခေါင်း။ အရိုက်ကောင်းတယ်၊ လက်ယဉ်တယ်ဆိုပေတဲ့ တကယ်ရိုက်တာ ငခွေးကရိုက်တာ။ ငခွေးက မူးကွဲ၊ မတ်ကွဲလောက်တင် မဟုတ်ဘူး။ ဂျိုဇောင်း ဗွေပေါက်လို့ခေါ်တဲ့ ခေါင်းမကွဲဘဲ၊ ဘေးဘက်မှာ အဖုကြီး သီးထွက်လာရုံလောက် ရိုက်တာမျိုးလည်း ပိုင်တယ်။ ခေါင်းဘေးမှာ အသီးကြီးထွက်နေတော့ လူတိုင်းမြင်တယ်မဟုတ်လား။ ဒါမျိုးက လူရိုက်ခံရတယ်လို့ သိက္ခာကျရုံ ကျစေချင်လို့ ရိုက်တာမျိုး။ ကွဲစေချင်လို့ တုတ်နဲ့ရိုက်တာ မဟုတ်ဘူး။ ကြေးပြားစေ့တွေကို အတောင့်လိုက်ဖြစ်အောင် အိတ်ထဲထည့်ပြီး ချုပ်ထားတာနဲ့ ရိုက်ရတာ။ အသီးထွက်ရုံမကဘူး၊ ဂျိုဇောင်းမှာ ရိုက်ရာကျန်စေချင်ရင် ဂုန်နီကြမ်းစပတ်ပြီး ရိုက်ဆွဲရိုက်ရသတဲ့။ ဆာလာအိတ်စနဲ့ဆို မဖြစ်ဘူး။ နည်းနည်းနုတာကိုး။ ထားဦး။ ငခွေးရဲ့ ရိုက်နည်းတွေ။ သူ့အစ်ကို စံထားအကြောင်း ဆက်ရအောင်။ စံထားက ၀က်အမွေးကောင်းတယ်။ သားစပ်ကောင်းတယ်ပြောရမယ်။ ဒီတစ်ကြောမှာ နာမည်ရတယ်။ လိုချင်တဲ့လူတွေက မှာတောင်ထားရတယ်။ တံတားထိပ်ကားဆိပ်က အာ့စိန်ကြီးသူငယ်ချင်း အာ့ဖောင်ဆိုရင် ပိုက်ဆံတွေဘာတွေတောင် ကြိုပေးပြီး မှာတယ်လို့ကြားရတာပဲ။ ညီအစ်ကိုနှစ်ယောက် ၀က်မွေးကြတယ်ဆိုပေတဲ့၊ စံထားက အစကအဆုံးလုပ်တာပဲ။ သူများကို ခိုင်းလည်း စိတ်တိုင်းမကျတတ်တဲ့လူမျိုး။ ခိုင်းဖို့စေဖို့ ကောင်ကလေးတွေ ရှိပေတဲ့ သူ့ဘာသာလုပ်ရမှ ကျေနပ်တဲ့လူမျိုး။ ဟိုတစ်လောဆီကတော့ ၀က်ပေါက်ကလေးတွေ ထပ်ကျတော့ ခြံထောင့်နားက လူးကျင်းကို နည်းနည်းထပ်ချဲ့တယ်။ ကောင်ကလေးတွေ လုပ်ပြီးသားပဲ။ အဲဒါကို သူက မနေနိုင် မထိုင်နိုင်နဲ့ သွားပြီး နွံတွေကို နင်းကြည့်တာ၊ မြေကြီးထဲမြုပ်ပြီး သံချေးတွေဘာတွေ တက်နေတဲ့ သံကပေါ်ပြီး စံထားကို စူးပါလေရော။ စူးတော့လည်း သိပ်ဂရုမစိုက်ဘူး။ ထုံးစံအတိုင်း သေးနဲ့ပန်း၊ မြေကြီးနဲ့သိပ်။ ဒိထက်နည်းနည်း ပိုဆိုးလာတော့ နနွင်းမှုန့်သိပ်။ နောက်ဆုံးတော့ အနာရှိန်က မကျဘဲ ငန်းဖမ်းသလို ဖြစ်တာတော့၊ ဟိုလူဒီလူက ၀ိုင်းပြောကြတာနဲ့ ဦးမှန်ဆီရောက်သွားပါလေရော။ လိုရင်းပြောရရင်တော့ ဦးမှန်လည်း ဘာမှမတတ်နိုင်တဲ့ အခြေအနေဆိုတော့ စံထားသေပါလေရော။
စံထားသေတော့ သောင်းစိန်က ရွာမှာမရှိဘူး။ ဟိုဘက်ကမ်းမှာ။ သူ့ဆရာတိုက်အုပ်ဘုန်းကြီးနဲ့ သူကြီးဦးကံရကို ဟိုဘက်ကမ်းက ကိုယ်တော်တွေက တာဝတိံသာ ဘုရားပွဲကြီး လုပ်ဖို့ကိစ္စ အပင့်အဖိတ်ရှိလို့ သွားကြတော့ ဘုန်းကြီးလေးက သောင်းစိန်နဲ့ မောင်ဆင်ကို ခေါ်သွားတယ်။ ဘုန်းကြီးလေးနဲ့ သူကြီးပြန်လာတော့ သူတို့နှစ်ယောက်ပါမလာဘူး။ ဘုရားဝင်းထဲက ဇရပ်တစ်ဆောင်ပြင်ဖို့ နေရစ်ခဲ့ကြတာ။ တစ်ပတ်ဆယ်ရက်လောက်ကြာသွားတယ်။ သောင်းစိန်တို့ဒီဘက်ကမ်းပြန်ရောက်လို့ တံတားထိပ်ကားဆိပ်မှာတင် စံထားသတင်းကြားရတော့တာပဲ။ အာ့စိန်ကြီးကများဆို "ဒီကောင်၊ လူကောင်း။ ဒီကောင်၊ လူကောင်း"လို့ ပါးစပ်က တတွတ်တွတ်နဲ့ မျက်ရည်မကျရုံတင်ပဲ။ အာ့စိန်ကြီးဆိုင်လာတဲ့ ဆရာဝန်ကလေးကလည်း "ဒီကောင်မသေသင့်ဘဲ သေရတာ"လို့ ပြောလည်းပြောတော့ သောင်းစိန် ဒေါထပါလေရော။ ဘာလို့ မသေသင့်တယ်၊ ဘာ့ကြောင့် သေသွားရတယ်ဆိုတာ သူ့အတွက် အရေးမကြီးတော့။ အဓိကကတော့ ဦးမှန်ကြောင့်ပဲ။ ဦးမှန်ဆီရောက်မှ စံထား သေရတာကိုး။
သောင်းစိန်တို့ ရွာပြန်ရောက်တော့ အတော်ကလေး မိုးချုပ်နေကြပြီ။ မောင်ဆင်နဲ့ လမ်းခွဲကြမယ်လုပ်တော့ သောင်းစိန်က မောင်ဆင်ကို ပြောသတဲ့။ "ငါ ဦးမှန်ကို သွားသတ်ဦးမယ်"။ ဒီတော့ မောင်ဆင်က ရယ်စရာသဘောနဲ့ ပြန်ပြောတယ်။ "မင်းသတ်ပြီးရင်ပြော၊ ငါအခေါင်းစပ်ပေးမယ်"။ သူတို့နှစ်ယောက်စလုံးက တံတားထိပ် ကားဆိပ်မှာတင် အတော်သောက်ထားကြတော့ မောင်ဆင့်စိတ်ထဲမှာတော့ မူးလို့ပြောတာပဲလို့ထင်တာ။ သောင်းစိန်ကတော့ ဒီလိုမဟုတ်ဘူး။ ကပြင်ပြုတ်မှတော့ တိုင်ငုတ်ချည်း ချန်ထားလို့ မဖြစ်ဘူးဆိုတဲ့ သဘောပဲ။ ဒီတော့ အိမ်ပြန်ပြီး ကိုင်းခုတ်တဲ့ဓား သွားယူတယ်။ မီးတုတ်ယူတယ်။ မီးတုတ်ကို ရေနံနှစ်ရင်း ရေနံချေး အပိုနည်းနည်းကို ဟောလစ်ပုလင်းလွတ်လိုဟာမျိုးထဲ ထည့်တယ်။ ပြီးတော့ အာ့စိန်ကြီးဆိုင်က ၀ယ်လာတဲ့ အဖြူပုလင်းကို ခါးကြားမှာထိုးပြီး၊ ဦးမှန်အိမ်ဘက်ကို ထွက်သွားပါလေရော။ ဦးမှန်အိမ်က နောက်ဖေးတန်း အလယ်နားလောက်မှာဆိုတော့ ရွာလယ်လမ်းနဲ့ ဦးတိုက်ပဲ။ လှည်းဦးတိုက်၊ လှေဦးတိုက် ခိုက်တတ်တယ်ဆိုလို့ လူတော်တော်များများက မကြိုက်ပေမယ့် ဦးမှန်ကတော့ မမှုဘူး။ သူကဓာတ်ဆရာကိုး။ ဓာတ်ဆရာမှာ ပြဿနာမရှိဘူးဆိုပဲ။ ဦးမှန်တို့အိမ်က အိမ်ရှေ့တံခါးတောင် ပိတ်ထားပြီ။ အရပ်ထဲမှာလည်း အိမ်တော်တော်များများ မီးမှိတ်ထားကြပြီ။ သောင်းစိန်ကတော့ ဦးမှန်အိမ်ရှေ့ရောက်တာနဲ့ မီးတုတ်ကို မြေမှာစိုက်လိုက်ပြီး မြေစိုင်ခဲကောင်းကောင်းတစ်လုံးကို ကောက်ပြီး အိမ်ရှေ့တံခါးကို ပစ်လိုက်တော့တာပဲ။ ညဘက်မို့ တိတ်နေတော့ ဦးမှန်အိမ်ရှေ့တံခါးကို မှန်လိုက်တဲ့ မြေစိုင်ခဲသံကို တစ်ရပ်လုံးလိုလို ကြားလိုက်ကြရတယ်။ ပြီးတော့မှ သောင်းစိန်ရဲ့ မအေ၊ နှမ အစုံအလင်နဲ့ ဂုဏ်တင်ပြီး ဦးမှန်ကို ဆဲလိုက်သံ ဆက်တိုက်ကြားလိုက်ရတယ်။ အရပ်က သောင်းစိန့်အသံမှန်း ချက်ချင်းသိလိုက်ကြတယ်။ အိမ်တွေထဲက ပြူတစ်ပြူတစ်လုပ်နေကြပေတဲ့ ဘယ်သူမှ ထွက်မလာရဲဘူး။ ဦးမှန်တို့အိမ်ထဲမှာလည်း လုံးလုံးအမှောင်ချထားတယ်။ ဦးမှန်အိမ်ဝင်းအပြင်ဘက်က လှည်းလမ်းပေါ်မှာပဲ မီးတုတ်အရောင်အောက်မှာ သောင်းစိန်ကို ဓားတရမ်းရမ်းနဲ့ တွေ့နေရတယ်။ သင်းက လူပါး။ အိမ်ဝိုင်းထဲ မ၀င်ဘူး။ အပြင်ကနေသာ စိန်ခေါ်နေတာ။ "ကျုပ်နဲ့တွေ့ဦးမှာဆို ထွက်ခဲ့စမ်း"လို့ အော်ရင်း ဦးမှန်တို့ တစ်မျိုးလုံး ကုန်လောက်အောင် ဆဲနေတော့တာပဲ။
သိပ်မကြာလိုက်ဘူး။ သောင်းစိန်တစ်ယောက် ဦးမှန်အိမ်ရှေ့မှာ ရမ်းနေတဲ့သတင်း ဟိုဘက်ရွာ ဒီဘက်ရွာ ရောက်သွားတယ်။ သူ့အဖွဲ့သားတွေက ခပ်လှမ်းလှမ်းကနေ လာပြီး အော်ရင်းဖျောင်းဖျပေတဲ့ မရဘူး။ "ငါ့အနားလာတဲ့အကောင် ဦးမှန်နဲ့အတူတူ မသာဖြစ်သွားမယ်"လို့ အော်တော့ သောင်းစိန်အနား ဘယ်သူမှ မကပ်ဝံ့ဘူး။ စမ်းတွင်းက သူကြီး ဦးကံရတစ်ယောက် အိပ်မယ်လုပ်တုန်း ဆယ်အိမ်ခေါင်း ကိုဘရုန်းက သတင်းလာပေးတယ်။ ဦးကံရကြီးကတော့ "ဒီကောင် မူးလို့ပါကွာ၊ ဒီအတိုင်းထားလိုက်"လို့ပဲ ပြောတယ်။ ဒီတော့ ဆယ်အိမ်ခေါင်းကိုဘရုန်းလည်း အိမ်ပြန်ပြီး အိပ်နေလိုက်တော့တယ်။ အမှန်မှာတော့ ဦးကံရကြီးက ဦးမှန်ကို အရင်ကလိုမဟုတ်ဘူး။ သိပ်မညွတ်ဘူး။ သူ့ယောက်ခမကြီး သေကောင်ပေါင်းလဲဖြစ်နေတာ သွားရော့ဆိုတဲ့သဘောမျိုးနဲ့ ဦးမှန်လက်ထဲအပ်လိုက်တာ၊ ဦးမှန်ကောင်းမှု၊ ခုတော့ သူ့ယောက်ခမကြီး ထူထူထောင်ထောင် ဖြစ်လာရုံတင်မကဘူး၊ သူငယ်ပြန်ပြီး လမ်းပေါ်က မိန်းကလေးမှန်သမျှ လှမ်းလက်ပြနေတော့တာ။ ဒီတော့လည်း သူကြီးက ဘယ်ညွတ်ပါတော့မလဲ။ သောင်းစိန်ကိုနိုင်တဲ့ တောင်ရွာက မောင်တာတို့၊ သူကြီးတူမောင်မူတို့လည်း ဦးမှန်အိမ်နားရောက်လာကြတယ်။ လူလုံးမပြဘဲ၊ အသံမပေးဘဲ၊ မှောင်ရိပ်ထဲပဲနေတယ်။ တခြားလူဆိုရင်တော့ တစ်မျိုးဖြစ်ချင်ဖြစ်မှာ။ ဦးမှန်ကတော့ နဂိုထဲက သူတို့နဲ့ မျက်ကြောမတည့်ဘူး။ ဦးမှန်ကို နမုန်းခြံထုတ် လုပ်ပစ်လိုက်ချင်နေကြတာ ကြာပြီ။ ဒီတော့ မှောင်ရိပ်ထဲကနေရင်း ဗလာဆိုင်းနာသလို လုပ်နေကြတော့တယ်။ နောက်တစ်ချက်ကတော့ သောင်းစိန်ကိုယ်တိုင်ကလည်း သူတို့ခိုင်းသမျှ ဖင်ပေါ့ပေါ့နဲ့ လုပ်ပေးနေတဲ့ သူမျိုးကိုး။ သောင်းစိန်တပည့်တွေကတော့ မောင်မူတို့၊ မောင်တာတို့ ဘာလုပ်မယ်ဆိုတာပဲ စောင့်နေကြတယ်။ တစ်ရပ်လုံးတိတ်ပြီး သောင်းစိန်ရဲ့ ပုံမှန်ဆဲသံပဲ ကြားနေရတယ်။ အတော်ကြာတော့မှ မောင်မူနဲ့ မောင်တာ နှစ်ယောက်သားတိုင်ပင်ပြီး စာသင်တိုက်က တိုက်အုပ်ကို သွားလျှောက်ကြတယ်။ တိုက်အုပ်ကတော့ မေးသေးတယ်။ "ဒီကောင် ရမ်းနေတာ ဘယ်လောက်ကြာသွားပြီလဲ"တဲ့။ မောင်မူတို့က "တစ်နာရီသာသာလောက်တောင် ရှိရောပေါ့ဘုရား"လို့ ဖြေတော့၊ ဘုန်းကြီးလေးက "အေ၊ ဒီလောက်ဖြင့် တော်လောက်ပြီ"လို့ ပြောရင်း လှဲနေရာက ထလိုက်လာတယ်။ ဘာလို့ ဒီလောက်ဖြင့် တော်လောက်ပြီလို့ မိန့်တယ်ဆိုတာတော့ မောင်မူတို့က ပြန်မေးမကြည့်ကြဘူး။ သို့ပေသိ၊ သူတို့အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးကြတယ်။
ဦးမှန်တို့ အိမ်ရှေ့နား ဘုန်းကြီးလေးရောက်တာနဲ့ သောင်းစိန်တပည့်တစ်ယောက်က "ဘုန်းကြီး ကြွလာတယ်"လို့ လှမ်းပြီး အော်လိုက်တယ်။ သောင်းစိန်က "ဘယ်ကဘုန်းကြီးတုန်း"လို့ ပြန်မေးသေးတာ။ အောင်မင်္ဂလာကျောင်းဘက်က ကိုယ်တော်တွေဆို သူက မှုမှမမှုဘဲ။ ဒီတော့ သူ့တပည့်တစ်ယောက်က "ဗိုက်ဥာဏ်ရယ်ဗျ"လို့ လှမ်းဖြေလိုက်တယ်။ အဲဒီတုန်းမှာပဲ ဘုန်းကြီးလေးက လှမ်းအသံပေးလိုက်တယ်။ "ဟဲ့ကောင် သောင်းစိန် ..."။ ဒီတော့ သောင်းစိန်က အသံလာရာ မှောင်ရိပ်ထဲကို လှည့်ကြည့်လိုက်ရင်း လက်အုပ်ချီလိုက်တယ်။ ပြီးတော့ မြေကြီးပေါ်ဒူးထောက်ရင်း ၀တ်ချတယ်။ ဘုန်းကြီးလေးကတော့ မှောင်ရိပ်ထဲမှာတောင် ရပ်မနေဘူး။ သောင်းစိန်နားအထိ လျှောက်သွားတယ်။ ဘုန်းကြီးလေး နောက်နားက မောင်မူတို့၊ မောင်တာတို့လည်း ပါသွားတော့၊ သောင်းစိန်ရဲ့ တပည့်တွေလည်း မှောင်ရိပ်က ထွက်ပြီး သောင်းစိန်အနားဆီသွားကြတယ်။ သောင်းစိန်က မူးနေပေတဲ့ သူ့ဆရာကိုတော့ သိတယ်။ ဒီတော့ "တပည့်တော် ဒီကောင်ကြီးကို လုပ်ထည့်လိုက်ပြီးမှ လာမယ်ဘုရား"လို့ ဖြေသေးတယ်။ ဘုန်းကြီးလေးကတော့ "ဟကောင်၊ တော်ပြီ။ ငါ့ကျောင်းလိုက်ခဲ့ချေ"လို့ ပြောပြီး "မင်းလက်ထဲကဓား မောင်တာကြီးကို ပေးလိုက်။ မောင်မူ မီးတုတ်နဲ့ ရေနံပုလင်းယူစမ်း။ ဟိုကောင်တွေ သောင်းစိန်ကို တွဲစမ်း"ဆိုပြီး ညွှန်ကြားချက်တွေ ပေးနေတယ်။ ပြီးတော့မှ ငါ့နောက်လိုက်ခဲ့ကြလို့ ပြောပြီး သူကရှေ့ဆောင်ရင်း ကျောင်းဘက်ကို လာခဲ့ကြတယ်။
ကျောင်းနားနီးလို့ ရွာလယ်ရပ်က မမယ်ဆင့်ကြီး အိမ်နားရောက်တော့ ဘုန်းကြီးက ၀င်းမောင်ကို ရေတစ်ပုံးသွားကဲ့ခိုင်းပြီး သောင်းစိန်ခေါင်းက လောင်းချခိုင်းလိုက်တယ်။ သောင်းစိန်လည်း နည်းနည်း ထူထူထောင်ထောင် ဖြစ်လာတယ်။ အသံထွက်လာတယ်။ ဘုန်းကြီးနဲ့ မီးတုတ်ကိုင်ထားတဲ့ မောင်မူကြီးက ရှေ့နားဆီက လျှောက်နေကြတယ်။ စာသင်တိုက်ကြီးကို လှမ်းမြင်ရတော့ ဘုန်းကြီးလေးက ရပ်လိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်တယ်။ နောက်ကလိုက်လာတဲ့ သူတွေလည်း ရပ်သွားကြတယ်။ နောက်က လူအုပ်ကို ဦးဆောင်လာတဲ့ မောင်တာကြီးက "ဒီကောင့်ကို သူ့အိမ်ပဲ ခေါ်သွားလိုက်တော့မယ်ဘုရား"လို့ လျှောက်တယ်။ ဒီတော့ ဘုန်းကြီးလေးက "သေချာရဲ့လား"လို့ လှမ်းမေးတယ်။ ဘာမှန်းမသိပေတဲ့ မောင်တာကြီးက "သေချာပါသဘုရား"လို့ ဖြေတယ်။ ဒီတော့ ဘုန်းကြီးလေးက မောင်မူ့ကိုကြည့်ရင်း၊ "မင်းလည်း ပြန်ချေတော့။ ကျောင်းဝင်းထိပ်မှာ မီးရောင်မြင်တယ်။ ကိုရင်ကြီးစံမောင် ဖြစ်လိမ့်မယ်။ မနက်ကျ ဦးကံရများ ပေါက်ချလာပြီး ဘာဘာညာညာ ပြောရင် ငါ့ဆီလွှတ်လိုက်"လို့ မှာလိုက်တယ်။
မောင်မူတို့လူသိုက် ထွက်သွားကြဖို့ လုပ်နေတုန်း သောင်းစိန်အသံ ကြားလိုက်ရတယ်။ "ဘုန်းကြီး တပည့်တော် လျှောက်စမ်းပါရစေ"တဲ့။ ဘုန်းကြီးလေးက "ဆို"လို့ပဲ ပြန်ပြောတယ်။ ဒီတော့ သောင်းစိန်က လျှောက်တယ်။ "တပည့်တော် မခံနိုင်တာက အားတိုင်းယားတိုင်း ၀ဋ်နဲ့ကံကိုပဲ လှည့်ချနေတာဘုရား။ လူဆိုတာ ၀ဋ်ရှိလို့ ကံရှိလို့ပေါ့ဘုရား။ ၀ဋ်မရှိ၊ ကံမရှိတော့ရင် သိကြား၊ ဗြဟ္မာတောင် မဟုတ်ဘူး၊ နိဗ္ဗာန်ရောက်ကုန်ကြမှာ မဟုတ်လား"။ ဘုန်းကြီးလေးကတော့ ဘာမှ ပြန်မဖြေဘူး။ မီးတိုင်နဲ့လှမ်းနေတော့ မှောင်ရိပ်ထဲမှာ အသာပြုံးနေတယ်။ ဒီတော့ သောင်းစိန်အသံ ထပ်ကြားရပြန်တယ်။ "၀ဋ်ရှိလို့ ကံရှိလို့ လူဖြစ်တာပါ ဘုန်းကြီးရာ။ ကျုပ်ပြောတာ မဟုတ်လား"လို့ ထပ်မေးတယ်။ ဘုန်းကြီးလေးက မဖြေဘူး။ ဒါပေတဲ့ "ကိုင်း၊ သွားကြချေတော့။ ညဥ့်နက်လှပြီ။ သောင်းစိန် မင်းလည်း သွားအိပ်ချေတော့"လို့ လှမ်းပြောလိုက်တယ်။ ပြီးတော့မှ တောင်ဘက်ဆီထွက်သွားကြတဲ့ သူတို့လူသိုက်ရဲ့ ကျောဘက်ကို မှောင်ထဲမှာ အတော်ကြာအောင် ရပ်ကြည့်နေလိုက်မိတယ်။
ခပ်လှမ်းလှမ်းရောက်သွားကြတော့မှ ဘုန်းကြီးလေးက ကျောင်းဘက်ကို လှည့်ထွက်လာတယ်။ ၀ဋ်ရှိလို့ ကံရှိလို့ လူဖြစ်တာပါ ဘုန်းကြီးရာလို့ သောင်းစိန်စကားကို နားထဲမှာ ပြန်ပြီးကြားလိုက်မိတော့ ထပ်ပြီးပြုံးမိပြန်တယ်။ ဒီကောင်မူးနေပေတဲ့ အတော်သားလို့ စိတ်ထဲမှာ သူ့တပည့်ကို ချီးကျူးလိုက်မိတယ်။ ကျောင်းဘက်နား အတော်နီးလာတော့ သောင်းစိန့်စကားကို ထပ်ကြားလိုက်မိပြန်တယ်။ ဒီတော့လည်း ထပ်ပြီး ပြုံးမိပြန်တယ်။ ဒီတစ်ခါ ပြုံးမိတာကတော့ ဒီကောင်အတော်သားလို့ချည်း တွေးမိလို့မဟုတ်ဘူး။ ဒီကောင်က ငါ့တပည့်၊ ငါ့ကျောင်းထွက်ကိုးလို့ ဆက်တွေးမိလိုက်လို့ပဲ။ ဒီတော့လည်း အပြုံးက နည်းနည်း ရှည်သွားတယ်။ ။
မြင့်သန်း

Read more...

ရုပ်ရှင်ကြည့်ခြင်း

>> Sunday, August 26, 2007



ချစ်သူနဲ့ ကိုယ့်ကြားမှာ
လက်တန်းမပါတာကလွဲလို့
ဘ၀လေးက အပျော်ဖတ်ရုပ်ရှင်ဖြစ်တယ်
ရှင်သန်ခြင်းဟာ အသံထွက်ညံ့တဲ့
ဒိုင်ယာလော့ဖြစ်လိုဖြစ်
မျှော်လင့်ခြင်းက ပိတ်ကားပေါ်မှာ
ပြဇာတ်ဆန်ဆန်သိမ်းလို့သိမ်း
ဒီလိုနဲ့
ဆုံးရှုံးခြင်းဟာ သမားရိုးကျအဖွဲ့အနွဲ့မှာ ဇာတ်နာခဲ့။


လက်မှတ်မလိုဘဲ ရောက်ခဲ့ရတဲ့နေရာလေးမှာ
မကြာမကြာ ဗိုက်ဆာတတ်တာကလွဲရင်
ကံကြမ္မာဟာ ကြမ်းပိုးတစ်ကောင်လို
နာကျင်စေမယ်လို့
ဘယ်တုန်းကမှ ကြိုပြီး စာတမ်းမထိုးခဲ့ဘူး။


လူကြမ်းတစ်ယောက်လို ၀ိုင်းဝန်းကျိန်ဆဲကြ ဘ၀ကို
မကြည့်တတ်တော့ အပြစ်တွေက တသီတတန်းကြီး
မျက်ရည်တွေ ခိုးခိုးသုတ်ကြတဲ့ အခန်းတွေပေါ
ချစ်သူကို လက်တို့ပြီးရယ်မောရ။
တော်ပါပြီ
ဘယ်သူကများ ဇာတ်ကြောင်းကို ကြိုပြောထားပါလိမ့်
တို့တွေ တစ်နေ့နေ့သေရမယ်လို့ ...။ ။




သစ္စာပိုင်စိုး

Read more...

လေတိုက်ချိန်

>> Saturday, August 25, 2007



ရေဒီယိုက
ခေတ်ဟောင်းတေးတစ်ပုဒ်ဆိုနေတယ်
ညနေခင်းဟာ စိတ်အပြောင်းအလဲမြန်တယ်၊
ကောင်းကင်မှာ
အေးအေးလူလူ ကျက်စားနေတဲ့ တိမ်တစ်အုပ်
အရောင်ရင့်ချိန်
အုန်းပင်တို့ ခေါင်းခါပြပုံက ခါးခါးသီးသီး
အိမ်ခေါင်မိုးပေါ်
တမာပွင့်ခြောက်တွေ ထင်ရာစိုင်းနေပုံကလည်း
ခါးခါးသီးသီး
ပန်းပွင့်တစ်ချို့ဟာ
အလှတရားကြောင်းမှ ကောင်းကောင်းသိမသွားခင်
ကြွေနှင့်ပြီ
လေဟာ
ပြတင်းတံခါးကို အသံမြည်အောင် ဆောက်ပိတ်
လွင့်နေတဲ့စိတ်
ကိုယ်ထည်ပေါ် ပြုတ်ကျလာပုံက
အလန့်တကြား။ ။



မင်းထက်ညိမ်း

Read more...

ပယောဂ


မှော်အတတ်နဲ့ လ ကိုဖျောက်
အမှောင်တွေ တပေါက်ပေါက် ရွာချခိုင်းတော့



လရောင်မက်တဲ့
ငှက်တစ်သိုက်
သစ်ရွက်ကြို သစ်ရွက်ကြားမှာ
ငိုက်နေလေရဲ့။

ချမ်းမင်းအိမ်

Read more...

နမော်နမဲ့



ဘာသိဘာသာနေတတ်တဲ့ ငါ့အပေါ်
သာမိတဲ့ 'လ' လည်း
နောင်တတွေ ထမ်းပိုးပြီး
တိမ်မည်းတွေဆီ လမ်းကြုံဝင်သွားလေရဲ့။


ဓါတ်သိပတ်သိ လေပြည်ညှင်းကတော့
ငါ့ရင်ဘတ်နဲ့ပျိုးတဲ့
ပွင့်တူရွက်တူကို
ရနံ့မယူတော့ဘူးတဲ့။


ကြီးကြီးကျယ်ကျယ် အခမ်းအနားချဲ့တတ်တဲ့
ဧည့်ခံစကားလုံးတွေ
စိမ်းစိုအောင် မပျိုးတတ်ကတည်းက
ငါ့ဆီမှာ
ဖိတ်စာတွေ ရောက်မလာကြတော့ဘူး။




မိုးသျှန်း

Read more...

ပဉ္စလက်



မနက်ခင်းကလည်း
ချက်နို့ဆီနဲ့ အရောတ၀င်ဖြစ်လို့
အီကြာကွေးသေးသေးလေးနဲ့ စစ်ပြေငြိမ်းလို့
သတင်းစာနဲ့ လက်မထပ်ဘဲ အတူနေလို့။

နေ့ခင်းကတော့
ရေလိုက်ငါးလိုက်ဝါဒကို မျက်မှန်တပ်လို့
အစာအိမ်ကို ဗြူတီဆလွန်းပို့ရ
မျှော်လင့်ချက်နဲ့ စစ်တုရင်ထိုးရနဲ့
(သူပဲ ပွဲတိုင်းရှုံးလေ့ရှိတယ်။)

ညကျရင်
ဂျနီဖာလိုပက်ကို
အိပ်မက် မက်ပစ်မယ်။



သစ္စာနီ

Read more...

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်

>> Wednesday, August 22, 2007

ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုတာ အဲဒီမိန်းမနဲ့ ပတ်သက်သမျှအရာရာကို သူတစ်ဦးတည်း စိုးမိုးပိုင်ဆိုင်လိုခြင်းပဲဖြစ်ပါတယ်။ သူချစ်တဲ့ မိန်းမ သူ့တစ်ယောက်တည်းအပေါ် စွဲလမ်းတမ်းတအောင် သူဘယ်လိုဆွဲဆောင် ကြိုးစားရမလဲဆိုတဲ့ လောဘနဲ့ အတ္တဟာ ယောက်ျားရဲ့ အချစ်ဖြစ်တယ်။ ဒါပေမယ့် မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်ပြီဆိုတဲ့အခါ မိန်းမရဲ့ဘ၀ဟာ ယောက်ျားရဲ့ဘ၀ထဲကို အလိုအလျောက် စီးဝင်သွားရတယ်။ ကိုယ်ချစ်တဲ့သူကို ကိုယ်ဘာတွေပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်ဟာ မိန်းမတိုင်းမှာရှိနေပါတယ်။ ဒါဟာမိန်းမရဲ့ ဗီဇစိတ်သာဖြစ်တယ်၊ စွန့်လွှတ်အနစ်နာခံမှုလည်းမဟုတ်ဘူး။ ဒါဟာ အလိုအလျောက်ဖြစ်ပေါ်တဲ့ အညံ့ခံစိတ်ပါ။ ဒါကိုမြင့်မြတ်မှုလို့ ကိုယ်မပြောလိုပါဘူး။ ဖြစ်ချင်းဖြစ်ရင် ဒါဟာ မိုက်မဲမှုသာဖြစ်ပါလိမ့်မယ်။

မိန်းမတွေကို မိုက်မဲတဲ့ သတ္တ၀ါတွေ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့ သတ္တ၀ါတွေအဖြစ် ဟိုးရှေးကာလတွေကတည်းက စကားပုံတွေ၊ ပုံဝတ္ထုတွေနဲ့ ခိုင်းနှိုင်းကိုးကားပြောခဲ့ကြတယ်။ ဒါဟာ မိန်းမတွေဘက်က နာစရာလို့ထင်ရပေမယ့် အထိုက်အလျောက်တော့လည်း မှန်ကန်နေပြန်ပါတယ်။

ယောက်ျားတွေရဲ့အချစ်ဟာ ဘ၀မှာ အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်၊ မိန်းမတွေရဲ့အချစ်ကတော့ သူမရဲ့ဘ၀တစ်ခုလုံးဖြစ်တယ်။ ဘ၀တစ်ခုလုံးကိုပုံအပ် ရင်းနှီးပြီးချစ်လိုက်ရတဲ့ မိန်းမတစ်ယောက်မှာ ဦးနှောက်ရဲ့ စဉ်းစားဆုံးဖြတ်မှုအပိုင်းက ဘယ်မှာလဲ၊ ဘယ်နေရာမှာများ ရှိနေနိုင်ဦးမှာလဲကွယ်။

ယုံကြည်ကိုးစားမှုကနေ အချစ်တစ်ခုပေါက်ဖွားလာနိုင်တယ်…လို့ ကိုယ်ထင်ခဲ့မိတဲ့အချိန်မှာ သူ့ကိုလက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

အချစ်ဆိုတာ အလွန်တာဝန်ကြီးတဲ့ အနုပညာတစ်ခုပါ။

အချစ်ဆိုတာ ပေါင်းစပ်ခြင်းလည်းဖြစ်ပါတယ်။ ကိုယ်ခန္ဓာနှစ်ခုကနေ တစ်ခုတည်း၊ စိတ်ဝိညာဉ်နှစ်ခုကနေ တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ခြင်းပါ။

ပတ်ဝန်းကျင်သည် ယောက်ျားတစ်ယောက်ကို ကြည့်သောအခါ ပကတိမျက်လုံးသက်သက်ဖြင့်ကြည့်ပြီး၊ မိန်းမတစ်ယောက်ကိုကြည့်သောအခါ မိန်းမအတွက် သတ်မှတ်ထားသော စံနှုန်းတစ်ခုကို ဖြည့်စွက်ပြီး ကြည့်ကြလေ့ရှိပါသည်။

ပတ်ဝန်းကျင်နဲ့ တူညီအောင်ညှိဖို့ နည်းလမ်းနှစ်မျိုးပဲရှိတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးကို ကိုယ်ကပြောင်းလဲပေးရင်ပေး၊ ဒီလိုမှမဟုတ်ရင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ကိုယ်ကို ပြောင်းလဲပေးဖို့ပဲပေါ့။

ယောက်ျားသည် မိန်းမကို မိမိပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ မြေယာတို့အနက် တစ်ခုအပါအ၀င်ဖြစ်သော တပ်မက်ဂုဏ်ယူစွာ စောင့်ရှောက်ရမည့် ပစ္စည်းသစ်တစ်ခုဖြစ်လာရန် လက်ထပ်ယူလေ့ရှိပြီး မိန်းမသည် ယောက်ျားကို တစ်သက်တာ မိမိအား အကာအကွယ်ပေးမည့် လေးစားမြတ်နိုးဖွယ် ကောင်းကင်သစ်တစ်ခုအဖြစ် လက်ထပ်ခြင်းဖြစ်သည်။

မိန်းမတွေဟာ ဇနီးမယားအဖြစ် ရယူဖန်တီးဖို့ အဓိကစိတ်အခြေခံငါးမျိုးရှိပါတယ်။ အဲဒါတွေကတော့
- မိခင်စိတ် (sense of maternity)
- လုံခြုံစိတ်ချလိုစိတ် (sense of security)
- အချစ်စိတ် (sense of love)
- ဖန်တီးလိုစိတ် (sense of creation) နဲ့ နောက်ဆုံးဖြစ်တဲ့ စိတ်ကတော့
- လိင်ကိစ္စခွင့်ပြုချက် (sexual licence) ပဲဖြစ်တယ်။

လက်ထပ်ခြင်းဟာ ကြိုးတစ်ချောင်းဖြစ်တယ်ဆိုရင် ဒီကြိုးဟာ လင်ယောက်ျားကို ချည်တဲ့ကြိုးမဟုတ်ဘဲ၊ ဇနီးကိုသာ ချည်နှောင်ထားတဲ့ကြိုးပဲ။

မိန်းမတစ်ယောက်က ယောက်ျားအပေါ်အနိုင်ရတယ်ဆိုတဲ့ နေရာမှာ အလွန်ဆုံး စိတ်ခံစားမှုကိုသာ အနိုင်ရတာပါ။ အဲဒီယောက်ျားရဲ့ဘ၀နဲ့ ပတ်ဝန်းကျင်အပေါ်မှာတော့ ဘယ်နည်းနဲ့မှ အနိုင်မရနိုင်ပါဘူး။

မိန်းမတစ်ယောက်သည် မိမိ၏ခင်ပွန်း သို့မဟုတ် ချစ်သူအပေါ်မှာမနှစ်သက်စွာ ငြင်းပယ်လိုမှုကို ခံစားလာရချိန်တွင် ထိုခံစားချက်သည် မိန်းမကို သူမ၏ချစ်သူထံမှ ခွဲခွာစေသည်ထက် ပိုမိုငြိတွယ်အောင် တွန်းအားပေးလေ့ရှိပါသည်။ ယောက်ျားတစ်ယောက်သည် မိမိ၏ဇနီးသည်ကို မုန်းတီးစပြုလာချိန်၌ သူမထံမှ ဝေးနိုင်သမျှ ဝေးဝေးထွက်ခွာပြေးဖို့ ကြိုးစားတတ်သော်လည်း မိန်းမတစ်ယောက်အတွက်တော့ ဆန့်ကျင်ဘက်ဖြစ်၏။ မိန်းမတစ်ယောက်သည် မိမိမုန်းတီးသော ချစ်သူသို့မဟုတ် ခင်ပွန်းသည်ကို မိမိ၏အနီးမှာ ရှိနေဖို့ ဆန္ဒရှိတတ်သည်။ အဘယ်ကြောင့်ဆိုသော် မိန်းမသည် မိမိမုန်းတီးသော ချစ်သူထံမှ မိမိခံစားခဲ့ရသမျှကို ပြန်လည်ပေးဆပ်စေလိုသောကြောင့်ဖြစ်သည်။ (Simone de Beauvoir - 1908-86, French existentialist novelist and feminist, whose works include Le sang des autres (1944), Le deuxième sexe (1949), and Les mandarins (1954))

စာရေးဆရာမဂျူး၏ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်စာအုပ်မှ ထုတ်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။ အရှည်ဖတ်လိုသူများအတွက်လဲ upload လုပ်ပေးထားပါတယ်ခင်ဗျာ။ ပျော်ရွှင်နိုင်ကြပါစေ။
စေတနာအရင်းခံဖြင့်
မောင်ဖြူ

Read more...

နီကာ (၃)


(၃)
သက်တောင့်သက်သာရှိတယ်၊ မရှိဘူးဆိုတာကလည်း နီကာအတွက်က ဘာမှထူးခြားပုံလည်း မပေါ်ပါဘူး။ ကျွန်တော်ထိုင်ချင်နေတဲ့ ပက်လက်ကုလားထိုင်ပေါ်မှာ သူမက နာတာရှည်ရောဂါသည်ကြီးလိုထိုင်နေပါလေရော။ ပစ္စည်းပစ္စယဆိုတာ သူမက သုံးနေတုန်းဆိုရင် သူမအတွက်ပဲ ရုတ်တရက် ပေါ်လာသလိုလို၊ သူမက အသုံးမလိုတော့ရင်ကျလည်း သူ့အလိုလို ပစ္စည်းပစ္စယတွေက ပျောက်သွားသလိုလိုနဲ့။ ဖြစ်နိုင်တာကတော့ ဒီလို၊ သူမမှာ ကိုယ်ပိုင်ပစ္စည်းဆိုတာ မရှိလို့များလားမသိဘူး။ စရိုက်မကောင်းတာတော့လည်း မဟုတ်ဘူးရယ်။ တစ်ခြားတစ်ယောက်ရဲ့ စိတ်ခံစားမှုကိုထည့်မတွက်တာက အကျင့်ပါနေတာဆိုတော့ သူ ဒီလိုခံစားသွားမှာပဲလို့ မတွေးတတ်တာနေမှာ။ ဗီရိုပေါ်ကသကြားထည့်တဲ့ ရှေးဟောင်းဖန်ခွက်ကလေးကို သူမက မတော်တဆတိုက်ကျကွဲတာကို အစက ကျွန်တော် မသိပါဘူး။ နောက်တစ်နာရီလောက်ကြာမှ ကျွန်တော်လည်း ဖန်ခွက်ကလေးကျကွဲတာကို သိပါရော၊ အဲတော့ ကျွန်တော်လည်း ရုတ်တရက် သူမကိုရိုက်လိုက်မိတာပေါ့။ နီကာက တကယ့်ကို ရိုးရှာပါတယ်။ ဘာကိစ္စနဲ့သူမကိုရိုက်မှန်းမသိပါဘူး။ ထပြီးအဝေးကို ပြေးပါလေရော။ သူမကိုချော့ဖို့သွားတော့လည်း အသံတိတ်ကလေးနဲ့ နံရံဖက်ကိုပြန်ကပ်လာတာပါပဲ။ နီကာဖက်ကကြည့်တော့ သကြားထည့်တဲ့ဖန်ခွက်က စက္ကူတွေနဲ့ပတ်၊ အရောင်တဖျတ်ဖျတ်လက်နေတဲ့ ပစ္စည်းနဲ့လုပ်ထားတဲ့ ကတော့ချွန်ထိပ်ဖြတ်တစ်ခုထက် မပိုပါဘူး။ ကျွန်တော့်အတွက်ကျတော့လည်း ပိုက်ဆံစုဗူးလိုလိုပေါ့။ အဲဒီထဲမှာ တစ်ဘ၀စာ စုဆောင်းထားတဲ့ အမှန်တကယ်ရှိခဲ့တဲ့ ဖြစ်တည်မှုရဲ့ သက်သေအထောက်အထားတွေကို သိမ်းထားတာပါ။ ဥပမာ တစ်ခါမှ မဆက်တော့တဲ့ ဖုန်းတစ်ခုရဲ့နံပါတ်ကို ရေးမှတ်ထားတဲ့ အခုမရှိတော့တဲ့ဖုန်းစာအုပ်လေးထဲက စာရွက်စုတ်ကလေးလို ဟာမျိုး၊ ဆုတ်ဖြဲမထားရသေးတဲ့ ရုပ်ရှင်လက်မှတ်တစ်စောင်လိုဟာမျိုး၊ ဓာတ်ပုံသေးသေးလေးတစ်ခုလိုဟာမျိုး၊ ဆေးညွှန်းစာရွက်အသေးအမွှားလိုဟာမျိုးတွေပါ။ နီကာရှေ့မှာ ကျွန်တော်လည်း ကိုယ့်ဟာကို ပြန်ရှက်နေတာပါပဲ။ ခွင့်လွှတ်ဖို့တောင်းပန်ရတာလည်း ကြောင်တောင်တောင်နဲ့။ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိတော့၊ စကားလုံးအနုအလှတွေသုံးရင်း၊သုံးရင်း ရှုတ်လာပါလေရော။

- နီကာရယ်၊ စိတ်မဆိုးပါနဲ့နော်။ အမှိုက်တွေလို့ ဆိုလို့ရပေမယ့် လူတစ်ဦးတစ်ယောက်အတွက်ကျတော့ စာရွက်အစုတ်လေးတွေကလည်း ထူးဆန်းတဲ့ တန်ခိုးတွေ ရှိရင်ရှိနေတတ်တာကွ။ အက်နေတဲ့ မျက်မှန်ကို လွှင့်ပစ်တယ်ဆိုတာက သူကနေဖြတ်ကြည့်မှ မြင်ရတဲ့ တစ်ကမ္ဘာလုံးကို ကိုယ့်နောက်မှာ ပစ်ထားလိုက်တာမျိုးလေ။ နီကာရယ် ငါ့ကို နားလည်ပါကွာ။ ပျက်ဆီးသွားတဲ့ သင်္ဘောပျက်အပိုင်းအစတွေကလည်း ကျောက်ဆူးနဲ့ အချိတ်အဆက်ရှိသလိုမျိုး၊ မရှိတော့တဲ့ အရာတွေကလည်း စိတ်ခံစားမှုနဲ့ တစ်နည်းနည်းဆက်စပ်မှုရှိတာပေါ့။


ကျွန်တော့် လက်အောက်ကနေကြည့်လိုက်တော့ သူမကတော့ သန်းဝေတောင်နေပြီ။ သူမ ဘာတွေတွေးနေတယ်ဆိုတာကတော့ ဘုရားမှ သိတော့မှာပဲ။ ကျွန်တော့်စကားလုံးတွေက သူမရဲ့ လှတပတ ခေါင်းသေးသေးလေးထဲလည်း ရောက်မှာ မဟုတ်ပါဘူး။ သူမထိုင်နေတဲ့ ကုတင်ကြီးနဲ့ပဲ ဒီလိုခန့်ခန့်ငြားငြားကို ကျွန်တော်ပြောနေတော့တာပေါ့။


အဲဒီညနေကတော့ ကျွန်တော် နီကာနဲ့ အဆင်ပြေအောင် နူးနူးညံ့ညံ့ဆက်ဆံခဲ့ပါတယ်။ ကျွန်တော်က သူမ ခန္ဓာကိုယ်ကို ပွတ်သတ်ပေးနေတာက ဟိုးအရင် သစ်တောအုပ်ထဲမှာ နှစ်ယောက်သား လမ်းအတူလျှောက်ခဲ့ကြတုန်းက သစ်ရွက်၊ သစ်ခက်တွေ သူမခန္ဓာကိုယ်ကို လာထိသလိုထက် မပိုသလိုမျိုး သူမအတွက် ဖြစ်နေတယ်လို့ ကျွန်တော်ခံစားလိုက်ရတယ်။

Read more...

ဝေမျှခြင်း

>> Tuesday, August 21, 2007

ဂျူးရဲ့အကောင်းဆုံးတွေထဲက အကောင်းဆုံးတစ်ခုဖြစ်တဲ့ “ကျွန်မ၏သစ်ပင်” စာအုပ်လေးတင်ပေးလိုက်ပါတယ်။ စာဖတ်ရင်းနဲ့ ပျော်ရွှင်နိုင်ပါစေခင်ဗျာ။
မောင်ဖြူ

Read more...

နီကာ (၂)


(၂)
ကျွန်တော့်မိတ်ဆွေတွေကလည်း သူမကို ချက်ချင်းကြီးကို မကြိုက်ကြတာပါ။ နီကာကလည်း တစ်ခြားလူတွေရဲ့ စိတ်ခံစားမှုကို စိတ်မ၀င်စားပါဘူး။ ဒါပေမယ့်လည်း စိတ်ထဲမှာတော့ သူ့မကို ဘယ်လိုသဘောထားတယ် ဆိုတာတွေကိုတော့ အလိုအလျောက်သိပုံပေါ်ပါရဲ့။ သူတို့တွေ ရောက်လာတယ်ဆိုရင် သူမကတော့ ခဏခဏ ထလိုက်၊ မီးဖိုထဲကိုသွားလိုက်နဲ့။ သာမန်ခင်မင်တဲ့ အပေါင်းအသင်းတွေကလည်း သူမနဲ့က ခပ်ရိုင်းရိုင်းမဆက်ဆံဘူးပေမယ့်၊ အနီးအနားမှာ သူမ မရှိဘူးဆိုရင်ကြလည်း တန်းတူထားမဆက်ဆံနိုင်ဘူးဆိုတာပြောကြတာပါပဲ။ တကယ်တန်းကျတော့ အဆင့်အတန်းတူတယ်လို့ ဘယ်သူကမှ မယူဆကြပါဘူး။

- နေပါဦး။ မင်းရဲ့ နီကာက ဘာကိစ္စ ငါ့ကိုမကြည့်ချင်ရတာလဲကွ။ - ဧည့်သည်ထဲက တစ်ယောက်က သရော်ပြုံးပြုံးပြီး မေးပါရော။

ဘာကြောင့် ဒီလိုဖြစ်နေရတယ်ဆိုတာလည်း သူက တွေးကြည့်မိပုံလည်း မရပါဘူး။

- မင်းကြည့်ရတာ ထိန်းသိမ်းသွန်သင်နိုင်စွမ်းလည်း ရှိပုံမရပါဘူးကွာ။ - အရက်ဝိုင်းမှာ မူးမူးနဲ့ ကြားမိကြားရာ တစ်ယောက်က ၀င်နှိပ်ကွပ်ပါလေရော။ - ဟိုအရင်အပတ်တုန်းကတော့ ငါ့ဆီမှာ ပိုးသားရောင်လေး ရှိသကွ။

-ကျွန်တော် ကောင်းကောင်းသိတာပေါ့ ဒီလူ ဒီလိုကိစ္စတွေမှာ သိပ်ကျွမ်းကျင်တယ်ဆိုတာ။ ဘာလို့လည်းဆိုတော့ သူ့မိန်းမက သူ့ကို ကောင်းကောင်းကြီးကို လေးနှစ်လောက် လေ့ကျင့်ပေးထားတာလေ။ ကျွန်တော်ကလည်း ဘ၀မှာ တစ်စုံတစ်ခုကို ပြုစုပျိုးထောင်ပေးနိုင်တဲ့သူတော့ အနည်းဆုံး ဖြစ်ချင်တာပေါ့လေ။

Read more...

နီကာ


Nika
V. Pelevin

မြန်မာပြန်-ဇနိ

(၁)

သူမရဲ့ ညင်သာတဲ့ အသက်ရှုခြင်းက ကမ္ဘာမြေပေါ်မှာ၊ တိမ်ထပ်ထူတဲ့ ကောင်းကင်ပေါ်မှာ၊ နွေဦးပေါက်ရဲ့ လေပြေအေးထဲမှာ နောက်တစ်ခေါက် ပျံ့လွင့်လာတဲ့ အချိန်အခါမှာပဲ လေးလံထူထပ်တဲ့ ဘူနင်ရဲ့ စာအုပ်အတွဲတွေကို ကျွန်တော့်ရဲ့ ပေါင်ပေါ်မှာတင်ထားပြီး၊ ဖတ်နေတဲ့ စာမျက်နှာက တစ်ခါတစ်ခါ ခွာပြီး သူမကို မတော်တဆရိုက်ယူထားမိတဲ့ ဓာတ်ပုံကို ချိတ်ဆွဲထားတဲ့ နံရံကို ကျွန်တော် ငေးပြီးကြည့်မိတယ်။

သူမက ကျွန်တော့်ထက် အသက်အများကြီးငယ်ပါတယ်။ ကံကြမ္မာက ကျွန်တော်တို့ကို ရုတ်ချည်းပေါင်းဖက်ပေးလိုက်ပေမယ့်လည်း ကျွန်တော်က သူမရဲ့တွယ်တာမှုကို ကျွန်တော့်အတွက် ပြီးပြည့်စုံမှုလို့ မတွက်ဆခဲ့ပါဘူး။ မကြာခင်မှာတော့လည်း ကျွန်တော်ဟာ သူမအတွက် ဖြစ်သွားပါလေရော။ ခန္ဓာဗေဒက စကားလုံးကို ယူသုံးရမယ်ဆိုရင် လှုံ့ဆော်ကောင်လို့ ရိုးရိုးပဲခေါ်ရမယ်။ မပြောင်းမလဲ ကျန်ခဲ့ကောင်းကျန်ခဲ့နိုင်တဲ့ အလိုအလျောက်တုန့်ပြန်မှု နဲ့ ရိုးရိုးတုန့်ပြန်မှုကို ဖြစ်စေတဲ့အရာပေါ့။ တကယ်လို့ ကျွန်တော့်နေရာမှာ ဘယ်သူတစ်ယောက်ပဲဖြစ်ဖြစ်ပေါ့၊ ငတ်မွတ်ခေါင်းပါးလှတဲ့ မြောက်ပိုင်းအရပ်က တိုင်းပြည်တစ်ခုမှာ လွဲမှားစွာမွေဖွားခဲ့သောသူမရဲ့ မဲမှောင်တဲ့ တောင်းပိုင်းနယ်က ချစ်ဖွယ်ရာ စွဲမက်မှုကို တန်ဖိုးထားနိုင်စွမ်းရှိတဲ့၊ ရှေးကျတဲ့မွေးရပ်မြေက စွန့်ခွာခဲ့လို့ ဖြစ်ပေါ်လာတဲ့ သူမရဲ့ ခက်ထန်မာကျောမှုတွေကိုလည်း ပျော့ပျောင်းနူးညံ့သွားအောင်စွမ်းဆောင်ပေးနိုင်သူသာဖြစ်ခဲ့ရင်.........

ကျွန်တော်က သူမကို ဘယ်တုန်းကမှ နာမည်အပြည့်အစုံမခေါ်ခဲ့ပါဘူး။ သူမနာမည် " ဗျယ်ရိုနီကာ" ဆိုတာကလည်း ကျွန်တော့်အတွက်တော့ ရုက္ခဗေဒက စကားလုံးတစ်ခုလိုလို၊ မှတ်ဥာဏ်တွေထဲမှာ အသက်ရှုမွန်းကျပ်နေအောင်ရနံ့သင်းနေတဲ့ ဟိုအဝေးမှာကျန်ခဲ့တဲ့ ကလေးဘ၀ တောင်းပိုင်းနယ် ပန်းလွင်ပြင်က အဖြူရောင်ပန်းလေးတွေလိုလို။ ကျွန်တော်ကတော့ နောက်ဆုံးနှစ်လုံးကိုပဲ ဖြတ်ခေါ်တယ်။ သူမအတွက်တော့ ဘာမှလည်းမထူးခြားပါဘူး။ ဂီတကို ခံစားနိုင်စွမ်းကလည်း လုံးဝမရှိ၊ ဦးခေါင်းမရှိတော့ဘဲ၊ အတောင်လှလှတွေသာရှိတော့တဲ့ နာမည်တူ နတ်ဘုရားမ ရှိတယ်ဆိုတာတောင် သူမက မသိပါဘူး။

Read more...

ဆွေးမြေ့သူ့ည

>> Friday, August 17, 2007



ဟာနေတဲ့ ငါ့ရင်ထဲ
အိမ်မက်ဟောင်းတွေ ပြန်အသက်သွင်းတိုင်း
တိတ်ဆိတ်တဲ့ သူ့ရယ်သံကလွဲလို့
ဘယ်အရာကမှ အောင်ပွဲမခံခဲ့ဘူး။



ကြယ်တွေကို ကြိုးနဲ့သီပြီး
ချစ်သူရဲ့လည်မှာ
(စိတ်ကူးနဲ့) ဆင်ခဲ့ဖူးတယ်။
(လမင်းကတောင် မနာလိုဖြစ်သေးတယ်။)


ဒါပေမယ့်ကွာ
ပန်းတွေတအားပွင့်တဲ့ ရာသီမှာတောင်
ငါဆိုတဲ့ကောင်က
အဖူးအငုံလောက်တောင် ဖြစ်ခွင့်မရခဲ့ပါဘူး။


ဒီလိုနဲ့ပဲ
ယုံကြည်မှုမိုးတိမ်တွေ ပြိုကွဲပြီး
ဝမ်းနည်းမှုမြစ်ရေတွေပဲ
တ၀ုန်းဝုန်းစီးဆင်းခဲ့တာပေါ့။


ဘယ်လောက်ပဲ
မျက်ရည်မုန်းတိုင်းတွေ
ရင်ထဲမှာထန်ခဲ့ပေမယ့်
အချစ်သစ်ပင်ရဲ့အမြစ်ကို
မတွန်းလှန်နိုင်ခဲ့ပါဘူး။


နောက်ဆုံးတော့
ကြေကွဲမှုအပိုင်းအစတွေကို
တစ်စစီပြန်ဆက်လိုက်တိုင်း
ဆွေးမြေ့ညတွေပဲ
ငါ့အတွက် ကျန်ခဲ့တာပေါ့။


ဇနိ
(စာရိုက်၊စာသိမ်း ရွှေမြင်း)

Read more...

အလွမ်းမပါတဲ့ ပြဇာတ်

>> Thursday, August 16, 2007


ကမ္ဘာကျော်စာရေးစရာကြီးကပြောဘူးတယ်။
ဘ၀ဆိုတာ (ဇာတ်ခုံတစ်ခု)လိုပါပဲတဲ့။
ကံဇာတ်ဆရာ အလိုကျ ကနေကြရတယ်တဲ့လေ။
ကျုပ်တို့အသိုင်းအ၀ိုင်းမှာလည်း ဒီဇာတ်တစ်ခုပဲအပ်ကြောင်းထပ်အောင် အပေါင်းအသင်းတစ်စုနဲ့ ကနေတုန်းပါပဲ။
အံ့စရာကောင်းတာက ဘယ်သူမှ အခုထိမျက်ရည်တစ်စက် မကျကြဘူး။
ပျော်လွန်းလို့တော့မထင်နဲ့။
နေရာပြောင်း၊ဒေသပြောင်း၊ဆရာပြောင်းနဲ့ တမေ့တမော ကတဲ့သူက က။
သူတို့ကြည့်ရတာ ရင်ခုံသံမပါတော့တဲ့ သံပါတ်ပေးစက်ရုပ်တွေနဲ့တူနေတာလား။ စက်ရုပ်တွေဖြစ်သွားကြလေသလားတော့ မသိ။
ကျုပ်လည်းဇာတ်ကောင်တစ်ကောင်ဆိုတော့ မျက်ရည်လည်းမကျမိတော့ပါဘူး။
ကဲမိတ်ဆွေတို့ရေ
လွမ်းလည်း မလွမ်းကြပါနဲ့။
ကသာဆက်ကကြပါတော့။


အလွမ်းမပါတဲ့ ပြဇာတ်

တွေဝေခြင်းပင်လယ်ထဲမှာ

မျောနေပြီးတော့
သတိလည်ခြင်းမေခဠာ
လာကယ်တာတောင်
ထမကြည့်တဲ့အကောင်။

ကိန်းမျဉ်းတစ်ခုလိုဘ၀မှာ
သုညကစပြီးရင်
အပေါင်းဖက်ပဲသွားမယ်လို့ထင်နေတဲ့
အနုတ်ကောင်။

သေမင်းကအတောင်ပံနဲ့
ရိုက်နှိုးမယ်ကြံကာမှ
ှနိုးလာတဲ့အကောင်၊
မိုက်မဲမှုခွေးတွေဟောင်နေတာ
မဆန်းဘူး။

ခမ်းနားကြီးကျယ်မှုမှန်သမျှ
အိပ်မက်ကစတယ်ဆိုတာ သိရက်နဲ့
တောက်!
အိပ်ရမှာတောင်ပျင်းသတဲ့။

တော်ပါတော့လေ…
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ်ရောက်ရာ ကိုယ့်ဘဝ
မျက်ရည်များတော့ ကျမနေပါနဲ့။ ။

ဇနိ
(စာရိုက်၊စာသိမ်း ရွှေမြင်း)

Read more...

နားလည်ပေးပါ

နှုတ်ခမ်းပါးလေးတလှပ်လှပ်၊ မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့နဲ့ ငါ့ကိုဖမ်းစားသွားတဲ့မိန်းကလေးရေ၊ မင်းအသံတွေကိုပဲကြားချင်လွန်းလို့၊ ညနေများရောက်ပြီဆိုရင် ငါ့မှာမပျက်မကွက် ထိုနေရာကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ရတယ်။ နောက်တော့လဲ စက်ခေါင်းမဲ့ရထားတစ်စင်းလို၊ လိုရာခရီးဘယ်လိုများစက်ရပ။ ထားလိုက်ပါတော့လေ၊ တစ်ခုပဲပေးခဲ့ပါ။ အသံတွေမရှိတဲ့အရပ်ကိုပြမယ့် မြေပုံညွန်းတစ်ခုပဲဖြစ်ဖြစ်ပေါ့။
(ဆြာဖြူနိ)

************

နားလည်ပေးပါ

-ပလီပလာ တီတီတာတာလည်း
ရယ်ရယ်မောမော ခပ်သောသောနဲ့ပြောရဲ့။

-အတင်းအဖျင်း သတင်းစုံလည်း
အားရပါးရ တစ်တစ်ခွခွလည်းပြောရဲ့။

-လိမ်လည်လှည့်ဖြား ညာစကားလည်း
ရေကုန်ရေခမ်း မနားတမ်းလည်းပြောရဲ့။

-သူတို့ပြောသမျှ ပြန်အန်ချရပေမယ့်
တကယ်တမ်းကျ
ကျုပ်ဘ၀ကို သူတို့နားမလည်ကြဘူး။
တစ်ခါတစ်လေ အလုပ်များလို့
ခဏနားနေရင်
သူတို့ပဲ ၀ုန်းကနဲ ဖုန်းကနဲ
မညှာမတာပစ်ချ
တကယ်ဗျာဆုတောင်းတိုင်းသာ ပြည့်ဝမယ်ဆိုရင်
အများသုံးတဲ့
ကျောင်းတယ်လီဖုန်းရဲ့ဘဝ
နောက်များ မရပါရစေနဲ့။ ။

ဇနိ
(စာရိုက်၊ စာသိမ်း - ရွှေမြင်း)

Read more...

ထွက်စာတင်သွားသောအလွမ်းများ



ကျွန်ုပ်ထံ၌
အချစ်၊ အကြမ်း၊ အလွမ်းရယ်လို့
ဝန်ထမ်းသုံးဦး ရှိခဲ့ဖူးတယ်။

တအားချစ်၊ တအားလွမ်း
တအားခံစားခဲ့တဲ့ အတွေးအခေါ်က
အလွမ်းကိုခေါ်ခန့်လို့
ကျုပ်ဝန်ထမ်း(အလိုလို)ဖြစ်သွားခဲ့တယ်။

၂၁-ရာစုအ၀င်မှာပဲ
အတွေးအခေါ်ဟောင်းတွေကို
ပင်စင်ပေးလိုက်တော့
အလွမ်းဟာ မဖြေသာ နေစရာမရှိတော့တဲ့အတွက်
(သူ့ဘာသာသူပဲ)ကျွန်ုပ်ထံ ထွက်စာတင်သွားခဲ့ပါတယ်။ ။

ဇနိ
(စာရိုက်၊ စာသိမ်း - ရွှေမြင်း)

Read more...

တိုးတက်နေပြီ



BBC မှကြားလိုက်ရတဲ့ Golden Land အကြောင်းတစေ့တစောင်းပါ…
The Golden Land မှာတော့ တိုးတက်နေပြီတဲ့။ ဘယ်နေရာမှာလဲဆိုတာ့ …
ဘတ်စ်ကားမှတ်တိုင်မှာ လူတွေတိုးတက်နေကြတယ်…
ဈေးထဲမှာ ကုန်ဈေးးနှုန်းတွေတိုးတက်နေကြတယ်…


အင်း…ကြားရ နားဝမှာ မသက်သာပလားနော်။

Read more...

ရယ်ရွှင်ဖွယ် (သို့မဟုတ်) ငိုရှက်ဖွယ်


ပေါင်းလဒ်ကသုည ကစားပွဲမှာ
အရှုံးအမြတ်ဆိုတာ
အားလုံးညီနေရမယ်…။။


အဆိပ်သင့်ပန်းတစ်ပွင့်ရဲ့
တင့်တယ်တဲ့လှပမှုမှာ
ဘယ်သူ့ကို တရားခံရှာမှာလဲ…။။


ညဆိုတာ မရှိတော့တဲ့
လတစ်စင်းမှာရော
ထည်ဝါမှုဆိုတာရှိပါ့မလား…။။


သံပတ်ပေးထားတဲ့
ငှက်တစ်ကောင်ရဲ့ သီချင်းသံမှာ
သူ့ရင်ခုန်သံ ပါပါ့မလား။။


ယိမ်းထိုးနေတဲ့ ပုံရိပ်တွေကြားမှာ
မညီမညာမတည်ငြိမ်နိုင်သေးတာ
ဘယ်သူ့အပြစ်လဲ…။။


ဒါပေမယ့်…
ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်
လမ်းထွက်မလျှောက်ရဘဲ
ခရီးအတော်ရောက်နေလိမ့်မယ်။။


ဇနိ
(ကဗျာစာအုပ်ကို သိမ်းထားပြီး၊ စာပြန်ရိုက်ပေးသော ရွှေမြင်း အားကျေးဇူးတင်ပါတယ်။)

Read more...

ပိုင်ရှင်ဆီမရောက်ဖြစ်ခဲ့သော ပန်းနုရောင်စာအိတ်လေး

ကျွန်တော်သည် ကျွန်တော့်ပတ်ဝန်းကျင် သပ်သပ်ရပ်ရပ်ဖြစ်နေသည်ကိုကြိုက်သော်လည်း၊ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ရမည်ကို အလွန်ပျင်းသောသူတစ်ယောက်ဖြစ်သည်။ ထိုနေ့ကတော့ စာအုပ်တွေရှင်းဦးမှဟူသော စိတ်ကူးက ဘယ်ကဘယ်လိုဝင်လာသည်မသိ။ ဟိုတစ်စဒီတစ်စနှင့် ဖွာလန်ကျဲကာ ဖြစ်ချင်သလိုဖြစ်နေသော စာအုပ်များကို လိုက်စု၊ စာအုပ်စင်မှာ အစီအရီတင်လိုက်တော့ အခန်းက နည်းနည်းကျက်သရေရှိသွားသရောင်ရောင်။ အခန်းထဲက စာအုပ်တွေရှင်းပြီးသည့်နောက်၊ စိတ်လိုလက်ရရှိသည်နှင့် စာအုပ်ဟောင်းတွေစုထည့်ထားသည့် ဗီရိုအပုလေးကို ဖွင့်ရန်စိတ်ကူးမိသည်။ ဗီရိုလေးကိုဖွင့်လိုက်တော့ အတွင်းထဲတွင် ဖြစ်သလိုထိုးထည့်ထားသော ဗူးခွံများ၊ ဒိုင်ယာရီစာအုပ်ဟောင်းများနှင့်၊ စာအိတ်ဟောင်းများ၊ စာရွက်စာတမ်းများမှာ ရှုပ်ယှက်ခတ်လို့။ လက်ကဘယ်လိုကဘယ်လို ဒိုင်ယာရီစာအုပ်ဟောင်းများကို လှန်မိသည်မသိ၊ သတိရတော့ ဇန်န၀ါရီလ၏ရက်အချို့တောင် အတော်ကျော်လွန်နေမိပေပြီ။
ဇန်န၀ါရီလဆိုတော့ နှင်းဖွဲဖွဲကျသော ဟေမာန်လပေါ့။ ချမ်းချမ်းစီးစီးနဲ့ ကျွန်တော်ဘာတွေများရေးခဲ့မိပါလိမ့်။ ဦးပုညကတော့ မန်းဆောင်းရာသီအေးလွန်းလှလို့၊ “မန်းတုန်အောင်၊ လမ်းဆုံကဟစ်” ချင်တယ်တဲ့။ ခင်ညွန့်ရီကတော့ မယ်တစ်ရွာမောင်တစ်မြို့နေရတဲ့ကအချိန်မှာ “ဆောင်းလရာသီ ပြောင်းရရင်လဲ ပြောင်းပစ်ချင်ပါသည်” လို့ လွမ်းလွမ်းဆွေးဆွေးဆိုသွားဖူးသည်။ အဲဒီဆောင်းရာသီတွေတုန်းက ကျွန်တော်တစ်ယောက်ယောက်ကိုလွမ်းနေမိလား၊ ကျွန်တော်မမှတ်မိတော့ပါ။ သို့သော် ကျွန်တော့်ဒိုင်ယာရီလေးကတော့ ကျွန်တော်တစ်စုံတစ်ယောက်သောသူကို တမ်းတမ်းတတ လွမ်းနေမိကြောင်း အသေးစိတ်ဖော်ပြထားပါသည်။ အတိတ်ကိုပြန်သွားရသည်မှာ၊ အလွန်ကြိုက်သောရုပ်ရှင်ကားတစ်ကားကို အတော်ကြာမှပြန်ကြည့်ရသလိုပင်။ နောက်ဆုံးဇာတ်သိမ်းခန်းတွင် မင်းသားနှင့်မင်းသမီးမပေါင်းရဘူးဆိုသည်ကိုကြိုသိနေသော်လည်း အလွမ်းခန်းအရောက်တွင် ပြန်လည်လွမ်းဆွေးရစမြဲသာ။ ထိုနည်းတူပင် အတိတ်ကအကြောင်းလေးတွေပြန်တွေးရသည်မှာ လွမ်းဆွေးစရာများပါလာသည့်အခါမျိုးတွင် ပြန်လွမ်းရတတ်စမြဲ။
ကျွန်တော့်ဒိုင်ယာရီမှာ ဒိုင်ယာရီဟုကျွန်တော်ခေါ်လိုက်သော်လည်း ဘုရားစူးဒိုင်ယာရီဖြစ်သည်။ ကျွန်တော်ရေးထားသည့်ရက်က တစ်နှစ်အတွင်းမှာ ရက်တစ်ရာတောင်သိပ်မပြည့်ချင်။ တစ်ခါတရံ အကြွေးစာရင်းတွေကပါလာတတ်သေးသည်။ ကဗျာအတိုအစလေးတွေကိုလဲ ဟိုချစ်ဒီချစ် ချစ်ထားတာ မနည်းပြန်ဖတ်ယူရသည်။ ဟိုစာအုပ်ဒီစာအုပ်မှ ကူးရေးထားသော မှတ်သားဖွယ်စာတိုစာစလေးများ၊ ရုပ်ရှင်ရုံလက်မှတ်ဟောင်းအချို့၊ အလှူခံစာရွက်ဖြတ်ပိုင်းလေးတွေ၊ အနံ့ပြယ်နေပြီဖြစ်သော ပိတောက်ပန်းဟုယူဆရသော ပန်းခြောက်လေးများ၊ စသည်ဖြင့် အမျိုးကစုံလို့။ မင်ရောင်မှာလဲ အပြာလဲပါသည်။ အနက်ရောင်မှင်အချိုကိုလဲတွေ့ရသည်။ အနီရောင်နှင့် စတားပြထားသည်ကလဲတစ်ဖုံ။ အချို့နေရာများတွင်မင်ရောင်ကဖျော့သွားလိုက်၊ အချို့နေရာတွင် မင်ကထူသွားလိုက်။
တချို့စာသားတွေကို အသေအချာဖတ်လိုက်၊ တချို့ကိုကျော်ဖတ်လိုက်နှင့် တစ်နေရာအရောက်တွင် စာအုပ်ထဲမှာညှပ်ထားသော စာအိတ်လေးတစ်အိတ်ကိုလက်ကစမ်းမိသွားသည်။ စာအိတ်ကလေးမှာဖောင်းဖောင်းလေးဖြစ်နေသဖြင့် အတွင်းထဲမှာ စာရှိနေသည်မှာ သိသာသည်။ သို့သော် စာအိတ်ပေါ်တွင်လိပ်စာတတ်ထားသည်ကိုလဲမတွေ့ရ။ စာအိတ်အရောင်မှာ ပန်းနုရောင်ဖျော့ဖျော့လေး။ ရေမွှေးနံ့မှာလဲမပြယ်သေး။ အထူးခြားဆုံးမှာစာအိတ်ကမဖောက်ရသေးခြင်းပင်။ စာအိတ်ဆိုသည်မှာ အတွင်းထဲကစာရှိနေပါလျက် ခုလောက်ချိန်ကြာလာသည်အထိ (ဆယ်နှစ်နီးပါးခန့်ရှိပြီ) မဖောက်ရသေးဘူးဆိုသည်မှာ သဘာဝသိပ်မကျလှ။ ဖောက်ထားသည့်နေရာ ရှိလိုရှိငြား ကျွန်တော်ရှာကြည့်သော်လဲ ခြေရာလက်ရာပျက်သည့်နေရာပင်မတွေ့ရ။ ဒါဆိုရင် ကျွန်တော်ပေးချင်ခဲ့သော ပိုင်ရှင်လက်ထဲသို့မရောက်ခဲ့သော ပန်းနုရောင်စာအိတ်လေးပဲပေါ့။ အဲလိုစာအိတ်လေးတွေ ကျွန်တော့်မှာ အမြောက်အမြားမရှိခဲ့ပါ။ အသေအချာပြောရလျင် ထိုစာအိတ်လေးတစ်အိတ်တည်းသာ။ သည်စာအိတ်လေးကိုမြင်တော့ အတွင်းထဲက စာရွက်လေးကိုလဲ ကျွန်တော်မြင်ယောင်မိသည်။
စာအိတ်လေးကို ဖောက်ရရင်ကောင်းမလား မဖောက်ရရင်ကောင်းမလားဟု ကျွန်တော်ချီတုံချတုံဖြစ်မိသည်။ သို့သော် အတွင်းထဲကစာရွက်ပေါ်မှာ ကျွန်တော်ဘာတွေများရေးထားခဲ့ပါလိမ့်ဟူသော သိချင်သည့်စိတ်က စာအိတ်လေးကိုဖောက်ဖြစ်သွားအောင် ကျွန်တော့်ကို တွန်းအားပေးလိုက်တော့ လက်ကတုန်ကယင်နှင့် စာအိတ်လေးကို ဖောက်ဖြစ်သွားသည်။ အတွင်းထဲက စာရွက်လေးမှာလဲ ပန်းနုရောင်ဖျော့ဖျော့ကို နောက်ခံထားလျက် ပန်းခက်လေးတွေကို စာရွက်၏ ထောင့်လေးထောင့်မှာဆွဲထားသည်။ အထူးခြားဆုံးကတော့ ပန်းနုရောင်နောက်ခံပေါ်မှ ကောင်မလေးတစ်ယောက်၏ပုံ။ ကောင်မလေး၏ပုံမှာ မှုန်မှုန်လေးဖြစ်နေသော်လဲ ကျွန်တော်ကောင်းကောင်းမှတ်မိပါသည်။ သြော်သူကိုး… သည်စာအိတ်လေးမှာသူ့အတွက်မှလွဲ၍ ဘယ်သူ့အတွက်မှမဟုတ်ဆိုသည်ကို ကျွန်တော်သိသော်လဲ၊ စာရွက်ပေါ်မှ သူ့ဓါတ်ပုံ ၀ါးတားတားလေးကို ပြန်တွေ့ရတော့ ပိုင်ရှင်မဲ့သွားခဲ့သော ကျွန်တော့်စာအိတ်လေးအတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ ဓါတ်ပုံလေးမှာ သိပ်ပြီးထူးထူးခြားခြားကြီးမဟုတ်။ ဆယ့်ရှစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်၏ ကိုယ်တစ်ပိုင်းပုံ။ အတိအကျပြောရလျင် အဖြူအမည်း ပတ်စ်ပို့ပုံဖြစ်သည်။ ဓါတ်ပုံကမှုန်ဝါးဝါးလေးဖြစ်နေသော်လည်း စာရွက်ပေါ်မှ ကောင်မလေး၏မျက်လုံးများမှာ တောက်ပရွှန်းလဲ့နေသည်။ သည်မျက်လုံးတွေပေါ့ တစ်ချိန်တုန်းက ညအိပ်ရာဝင်တိုင်း ကျွန်တော့်အတွေးတွေထဲ ရောက်ရောက်လာခဲ့တာ။ ခုတောင် ကျွန်တော့်ကို စိုက်ကြည့်နေသယောင်ယောင်။
ဒီဓါတ်ပုံလေးရလာခဲ့တာကလဲ သိပ်တော့မလွယ်ကူလှ။ ကျောင်းစာကြည့်တိုက်၏ထောင့်တစ်ထောင့်မှ စာကြည့်တိုက်ကဒ်ပြားဟောင်းထဲမှ စာကြည့်တိုက်မှူးမသိအောင် ခိုးခွာခဲ့ခြင်းဖြစ်သည်။ စာကြည့်တိုက်ထောင့်မှာ စာကြည့်တိုက်ကဒ်ပြားဟောင်းတွေထားသည်ဆိုသည်ကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က လ္ဘက်ရည်တစ်ခွက်ဖိုး သတင်းပေးသည်။ သူ့သတင်းသေချာအောင် သူ့ကိုပါခေါ်၍ စာကြည့်တိုက်သို့ချီတက်ကြသည်။ စာကြည့်တိုက်ထဲရောက်တော့ ရင်ထဲကပူတာလား၊ စာကြည့်တိုက်အခန်းကပဲပူတာလားမသိ၊ ချွေးတောင်စို့လာသည်။ သူပြောသည့်ထောင့်ရောက်တော့၊ လေးထောင့်စက္ကူပုံးထဲမှာ ကဒ်ပြားဟောင်းလေးတွေစီထည့်ထားတာတွေ့ရသည်။ သူငယ်ချင်းက ဘယ်လိုလဲ ဟူသောစတိုင်လ်နှင့် မျက်စပစ်ပြသည်။ ကျွန်တော်ကသူ့ကို အခြေအနေကြည့်ခိုင်း၍ ရာပေါင်းများစွာသောစာကြည့်တိုက်ကဒ်များထဲမှာ ကျွန်တော်လိုချင်သောတစ်ယောက်၏ပုံကိုရှာသည်။ “မောင်ထွန်းမင်းဇော်”၊ “မောင်မျိုးသူရရှိန်”၊ “မောင်ဇာနည်ကို့” အဲ ဒါငါ့သူငယ်ချင်းတွေပဲ။ ဒီကောင်တွေက အပြင်မှာတင်ရုပ်ဆိုးတာမဟုတ်၊ ဓါတ်ပုံထဲမှာလဲ ရုပ်ကမလှပါလား။ ရှာနေရင်းနဲ့ သူငယ်ချင်းတွေကဒ်တွေတွေ့တော့ စိတ်ကသူငယ်ချင်းတွေဆီရောက်သွားသည်။
- “ဟေးကောင် မတွေ့သေးဘူးလားဟ”
- “တွေ့တော့မှာပါ၊ ခဏလေး ဒီမှာမင်းကဒ်တောင်တွေ့သေးတယ်” - စောင့်ပေးရတဲ့သူငယ်ချင်းကလဲ သိပ်စိတ်မရှည်ချင်။ ကျွန်တော်လဲ ချွေးတွေက ရွှဲနစ်နေပြီ။ တစ်နေရာအရောက်တွင် မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဓါတ်ပုံတစ်ပုံက ကဒ်ပြားလေးပေါ်မှ ကျွန်တော့်ကို စိုက်ကြည့်နေသည်ကို ကျွန်တော်သတိထားလိုက်မိသည်။ သူနဲ့တော့တူတယ်။ သေချာအောင် ကဒ်လေးကိုဆွဲထုတ်ကြည့်တော့ သူ့နာမည်ကိုပါကဒ်ပေါ်မှာတွေ့လိုက်ရသည်။ အင်း.. အလျင်လိုပြီး ခုချက်ချင်းဆွဲခွာရင် ဓါတ်ပုံပြဲသွားနိုင်တယ်။ အဆောင်ရောက်မှ အေးအေးဆေးဆေးခွာတာကောင်းတယ်ဟု စိတ်ကူးမိသည်နှင့်၊ ကဒ်လိုက် အင်္ကျီအိတ်ထဲထည့်ကာ စာကြည့်တိုက်မှ အောင်မြင်စွာဆုတ်ခွာလာခဲ့လေသည်။ ဘယ်ဖက်ထောင့်က ကျွန်တော့်အင်္ကျီအိတ်ကပ်ထဲမှာတော့ သူဘယ်လိုပါလာသည်မသိ၊ ကျွန်တော့်မှာတော့ ပျော်လိုက်တာ။ ကျွန်တော့်စိတ်ကူးတွေ မိုးထိများပျံတက်သွားလားထင်ရသည်။ အခန်းပြန်ရောက်တော့ ဓါတ်ပုံလေးကို မခွာသေးပဲ ကဒ်ပြားလိုက် သေတ္တာအမိုးမှာ ထိုးထားလိုက်သည်။ ညဖက်ရောက်တော့မှ လက်နက်ကိရိယာအစုံအလင်ဖြင့် ဓါတ်ပုံခွာသည့်လုပ်ငန်းစတင်သည်။ ကံကောင်းစွာပင်၊ အပွန်းအပဲ့မရှိ ချော့မွေ့ကောင်းမွန်သော သူ့ကိုယ်စားဓါတ်ပုံလေးတစ်ပုံ ကျွန်တော်ပိုင်ဆိုင်ခွင့်ရသွားခဲ့လေသည်။ ပန်းနုရောင်စာရွက်လေးပေါ်မှာ ဒီပုံလေးကို အကြီးချဲ့၍ နောက်ခံအဖြစ်ထည့်ဖြစ်သွားသည်မှာ သူငယ်ချင်းတစ်ယောက်နှင့်အတူ နန်းရှေ့မှာ အင်္ကျီတံဆိပ်တွေရိုက်ဖို့လုပ်ကြတုန်းကဖြစ်သည်။ စိတ်ကူးရလာချိန်တွင် ဓါတ်ပုံလေးမှာ ကျွန်တော့်ပိုက်ဆံအိတ်ထဲတွင် အဆင်သင့်ပါသဖြင့် ဆိုင်ရှင်အစ်ကိုကြီးကို ပြောကြည့်ရာ၊ သူကလုပ်ပေးမယ်ဆိုသဖြင့် ချက်ချင်းအိုကေသွားသည်။ သည်လိုနှင့်ဈေးချိုတွင် ပန်းနုရောင်စာရွက်လေးတွေအပြေးအလွှားသွားဝယ်သည်။ ဒီဇိုင်နာအစ်ကိုကြီးကလဲ စိတ်ရှည်လက်ရှည်နှင့်ကူညီသည်။ သည်လိုနှင့် သူ့ဓါတ်ပုံနောက်ခံ ပန်းနုရောင်စာရွက်လေးတွေဖြစ်လာခဲ့သည်။ စာရွက်လေးတွေ ပရင်တာထဲကနေထွက်လာတော့ နွေးနွေးလေးနှင့် စာရွက်နှင့်လက်ထိလိုက်ရတာကိုက အဓိပါယ်တစ်ခုခုပြီးပြည့်စုံနေသလိုလို။
ကျွန်တော့်အတွက် အခက်ဆုံးအလုပ်ထဲတွင် ရည်းစားစာရေးသည့်အလုပ်သည် ရှေ့ဆုံးမှပါဝင်သည်ဟု ၀န်ခံရလေမည်။ စာစီစာကုံးရေးရသည့်အခါ စာလုံးပေါင်းသတ်ပုံအမှားနည်းတတ်သော်လည်း၊ ရည်းစားစာသုံးကြောင်းလောက်ရေးမိလျင်၊ စာလုံးငါးလုံးလောက်က သတ်ပုံမှားတော့သည်။ ရေးပြီးသားကို ပြန်ဖတ်ကြည့်တော့လဲ ထောက်တောက်တောက်နှင့်သိပ်မကြိုက်ပြန်။ သည်လိုနှင့် စာရွက်ငါးရွက်လောက်ကို လုံးချေပြီးမှ ဆယ်ကြောင်းခန့်သော ရည်းစားစာအကြမ်းတစ်စောင်ထွက်လေသည်။ အကြမ်းမှအချောသို့ပြန်ကူးလျင်လဲ တစ်ခါနှင့်ဘယ်တော့မှမပြီး။ ရည်းစားစာဆိုသည်မှာ ဖျက်ရာပြင်ရာပါကောင်းသောအရာမဟုတ်။ ဖတ်ကြည့်မည့်မိန်းကလေးမှာ ဖျက်ရာပြင်ရာပါသည်ကို ကြိုက်မကြိုက်မသေချာသော်လည်း၊ ကိုယ်မြတ်နိုးသောကောင်မလေးတစ်ယောက်ကိုပေးမည့်စာထဲတွင် ဖျက်ရာပြင်ရာပါနေမည်ကို ဘယ်လိုယောကျာင်္းလေးမျိုးမှ ကြိုက်မည်မထင်ပါ။ သည်လိုနှင့် တစ်ပါတ်ခန့်အားထုတ်လိုက်တော့ အတော်အတန်ဖတ်လို့ကောင်းသော ရည်းစားစာတစ်စောင်ဖြစ်မြောက်လာခဲ့သည်။ စာရေးရတာခက်သလောက်၊ စာပေးဖို့ကြတော့ ပိုတောင်ခက်သေးဟု ဆိုရပေမည်။ စာတိုက်ကနေထည့်ဖို့သူငယ်ချင်းအချို့ကအကြံပေးသော်လည်း၊ တစ်ဝန်းတည်းနေကြသူချင်းကို စာတိုက်ကနေစာထည့်ရမည့်အလုပ်မှာ အလွန်ကြောင်သောအလုပ်ဖြစ်သည်။ နောက်ဆုံးကြံရာမရဖြစ်သည်တွင်၊ ဒွေးပုံပါသော ကဒ်ထူစက္ကူဖုံးထားသည့် ဗလာစာအုပ်ထူထူလေးထဲတွင် စာအိတ်ကိုညှပ်ကာ သူ့အလစ်တွင် သူ့စက်ဘီးခြင်းထဲသို့ အသာသွားထည့်ထားလိုက်သည်။ ဗလာစာအုပ်မှာကဘာမှရေးမထား။ ကျွန်တော့်နာမည်သာထိုးထားသည်။ ဒီလိုဆိုရင်တော့ ကျွန်တော်စာပေးတယ်ဆိုတာသူသိမှာပေါ့။ နောက်တစ်နေ့အတန်းဆင်းချိန်တွင် သူ့သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုလှမ်းခေါ်ကာ
- “ဟေးဒီမှာ နင့်စာအုပ်ကျန်ခဲ့တယ်၊ ရော့ “ ဟု ကျွန်တော့်စာအုပ်ကိုလှမ်းပေးလိုက်တော့၊ ကျွန်တော့်မှာ ကြောင်အမ်းအမ်းနှင့် ပြန်လက်ခံထားလိုက်ရလေသည်။ အတွင်းထဲမှ စာအိတ်မှာလက်ရာမပျက်။ ဒါဆိုရင်တော့ ကျွန်တော့်စာသူမဖတ်ဖြစ်ဘူးပေါ့။ ပိုင်ရှင်ထံသို့ပို့ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း၊ ကံတရားကြောင့်ပဲလား၊ အခြေအနေတွေကြောင့်ပဲလားမသိ၊ ပန်းနုရောင်စာအိတ်လေးမှာ ဆယ်စုနှစ်တစ်ခုနီးနီးကြာသည့်တိုင်၊ အရာမယွင်းပဲ ကျွန်တော့်ထံတွင်ရှိနေခဲ့သည်။ ဘယ်အချိန်မှာ ဒီစာအိတ်လေးကို ဖြောက်ဖျက်ပစ်လိမ့်မည်မှာမသေချာသော်လည်း၊ အခုအချိန်ထိတော့ ဆက်လက်ထိန်းသိမ်းထားချင်သေးသည်။ ဟိုတွေးဒီတွေးနှင့် အဲဒီနေ့ကလဲ စာအုပ်ဗီရိုလေးကို မရှင်းဖြစ်ခဲ့။ ဒိုင်ယာရီစာအုပ်ကိုရင်ဘတ်ပေါ်တင်ကာ ကုတင်ပေါ်မှာပက်လက်လှန်လျက် အတိတ်ကိုလမ်းလျှောက်ထွက်ခဲ့ရာ၊ အခန်းဖေါ်သူငယ်ချင်းက ခြေဖြင့်ခတ်ဆတ်ဆတ်ကန်မှ ညနေစောင်းတွင် ပစ္စုပ္ပန်သို့ အကောင်းပကတိပြန်လည်ရောက်ရှိလေသတည်း။ ။
မောင်ဖြူ

Read more...

"ကျား" ချော့တေး

ငါ့တူလူလေး မောင်ရွှေသွေး
တဂျီဂျီအော်ငို
ဘာကိုအလိုမကျ
ပြောပြစမ်းပါ့။


တီတီတာတာ မပီကလာနဲ့
လိုအင်ဆန္ဒ ဖော်ထုတ်ပြအောင်
နုနယ်ငယ်ရွယ် မင်းမှာလည်းကွယ်
စကားဆိုလဲ လေးလုံးမကွဲသေး။

လာရော့လဟယ်....
အငိုပြေးအဝေး
စိတ်ကလေးရွှင်လန်း အပြုံးသန်းစေဖို့
အဟုတ်တကယ် ကျားလိုကွယ်
ခုန်အုပ် ကစားပြပါ့မယ်။

ပုဆိုးကတောင်းကျိုက်
ကျားမိုက်ပုံဆင်
မာန်ဟုန်သွင်းထား
တ "ကျား" "ကျား" နဲ့။

ခဏတိုင်း ထခုန် အားတွေ ကုန်လို့
မောပန်းနွမ်းလျ ဦးမှာတော့ကွယ်။
ဒါပေမယ့်လည်း...
ရွှင်ပျော်ကြည်နူး မင်းမြူးထူးပုံက
"အဟတ်"ဆိုရုံ သာသာကလေး။

ဇနိ
15/8/2007

Read more...

ဟင်းလျာစာရင်းစာရွက်ပေါ်က နွေဦးပေါက်ရာသီ

>> Wednesday, August 15, 2007

ဒီဇာတ်လမ်းက မတ်လရဲ့ နေ့တစ်နေ့မှာ ဖြစ်ခဲ့တာပါ ….
ကောင်မလေးတစ်ယောက် ဟင်းလျာစာရင်းစာရွက်ပေါ်မှာ မျက်နှာကိုအပ်လျက် ငိုနေခဲ့တယ်။ နယူးယောက်မြို့သူတစ်ယောက် ငိုနေရတာ ဘာကြောင့်လို့ထင်သလဲ။
သူစားတော့မယ့် ပန်းကန်ထဲက ပုဇွန်ထုပ်ကြီး ပျောက်သွားလို့လား၊ ဒါမှမဟုတ် ကြက်သွန်ဥနီတွေကို မှာယူစားသောက်နေလို့လား၊ ဒါမှမဟုတ် ၀မ်းနည်းစရာကောင်းသော ရုပ်ရှင်ကားကြည့်ပြီးစ ဖြစ်နေလို့လား …. အဲဒီခန့်မှန်းချက်တွေ တစ်ခုမှမဟုတ်ပါဘူး။
ကောင်မလေးက သူကိုယ်တိုင်လက်နှိပ်စက်ရိုက်ထားတဲ့ ဟင်းလျာစာရင်းစာရွက်ပေါ်မှာ မျက်နှာကိုအပ်လျက် ငိုနေခဲ့တယ်။ သူမရဲ့ အသက်မွေးဝမ်းကြောင်းက စာစီစာရိုက်လုပ်ငန်းပါ။ အဲဒီလုပ်ငန်းကို သူမရဲ့အိမ်မှာ လုပ်ပါတယ်။
သူမရဲ့နာမည် Sarah လို့ခေါ်ပါတယ်။ Sarah ရဲ့ ဘ၀တိုက်ပွဲမှာ အအောင်မြင်ဆုံးလုပ်ငန်းတစ်ခုကတော့ စားသောက်ဆိုင်ပိုင်ရှင်သဌေး Schulenberg နဲ့ သဘောတူညီမှု ရရှိခဲ့တဲ့လုပ်ငန်းပါ။ အဲဒါကတော့ စားသောက်ဆိုင်ရဲ့နေ့စဉ် ဟင်လျာစာရင်းကို စာစီစာရိုက်လုပ်ပေးပို့ပါ။ စားသောက်ဆိုင်က သူမနေတဲ့ အိမ်အိုကြီးရဲ့နောက်ဘက် ကပ်လျက်ရှိတာဆိုတော့ သူမအတွက် အဆင်ပြေတာပေါ့။ တနေ့သောညနေခင်းမှာ Sarah အဲဒီစားသောက်ဆိုင်မှာ ညစာစားပြီး ဟင်းလျာစာရင်းစာရွက်တွေကို သူမနဲ့အတူ ယူဆောင်ခဲ့ပါတယ်။ စာရွက်ပေါ်မှာရေးထားတဲ့ ဟင်းလျာစာရင်းတွေက အင်္ဂလိပ်ဘာသာလား၊ ဂျာမန်ဘာသာလား ခွဲခြားမရဘူး။ လှလှပပလက်ရေးမဟုတ်တော့ ဖတ်လို့မရအောင် ရှုပ်ထွေးနေတယ်။ တကယ်လို့ ခင်ဗျား စာရင်းကိုသေသေချာချာ မဖတ်ပဲ အစားသောက်မှာမယ်ဆိုရင် ခင်ဗျား ပထမ အချိုပွဲကို စားရလိမ့်မယ်၊ နောက်ဆုံးကြမှ ဟင်းချိုကိုသောက်ရလိမ့်မယ်။
နောက်တနေ့မှာ Sarah ဟာ သူမအလှပဆုံးစာရိုက်ထားတဲ့ ဟင်းလျာစာရင်းကို Schulenberg ကို ပြခဲ့တယ်။ ဒီဆိုင်းဆန်းပြီး လှပသောစာလုံးလေးများကိုမြင်တော့ အလွန်သဘောကျကျေနပ်ကာ သူမနဲ့ အလုပ်အတူတွဲလုပ်ဖို့ သဘောတူခဲ့တယ်။ သဘောတူညီချက်ထဲမှာ Sarah က နေ့စဉ် နံနက်စာ၊ နေ့လည်စာ၊ ညစာ စာရင်းကို စားပွဲနှစ်ဆယ့်တစ်ပွဲအတွက် စာရိုက်ပေးရပါမယ်။ အဲဒီအတွက် Schulenberg က နေ့စဉ်အစားအသောက်စာရင်းကို Sarah ဆီကို ပို့ပေးရပါတယ်။
ဒီသဘောတူညီချက်က နှစ်ဦးနှစ်ဖက်စလုံးကို အဆင်ပြေစေခဲ့ပါတယ်။ Schulenberg ရဲ့ဖောက်သည်တွေလည်း အခုတော့ သူတို့မှာယူစားသောက်နေတဲ့ အစားအစာတွေရဲ့နာမည်တွေကို သိခဲ့ရပြီလေ။ Sarah အတွက်တော့ အလွန်အေးမြပြီး အုံ့မှိုင်းနေတဲ့ ဆောင်းရာသီကာလမှာ စားဖို့အတွက် စားစရိတ် ရရှိခဲ့တယ်။ အဲဒါဟာ သူမအတွက်တော့ အရေးကြီးဆုံးပါပဲ။
တနေ့မှာတော့ ပြက္ခဒိန်လေးက ဟေး … Sarah “နွေဦးပေါက်ရာသီက ပြီးသွားပြီက”ွလို့ လိမ်ပြောခဲ့တယ်။ Sarah က “နွေဦးပေါက်ရာသီက မရောက်သေးပါဘူးကွာ၊ ဟိုးမှာကြည့်ပါလား နယူးယောက်မြို့ကြီးကတော့ အလွန်အေးမြတဲ့ ဆောင်းရာသီအောက်မှာ အိပ်ပျော်နေတုန်းပဲကွ၊ လမ်းမတွေပေါ်မှာ ဇန်န၀ါရီလရဲ့ ဆီးနှင်းခဲကြီးတွေ မလှုပ်မရှား ငြိမ်သက်လဲလျောင်းနေတုန်းပဲ” … လို့ ပြန်ပြောတာပေါ့။
ဆောင်းရာသီရဲ့ တနေ့သောနေ့လည်ခင်းမှာ Sarah တစ်ယောက် ခိုက်ခိုက်တုန်အောင်ချမ်းနေလို့ သူမရဲ့အိပ်ရာထဲမှာ ကွေးနေခဲ့တယ်။ သူမမှာ စာစီစာရိုက်လုပ်ငန်းကလွဲလို့ တခြားလုပ်ငန်း မရှိပါဘူး။ သူမ ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ရင်း ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ နံရံပေါ်မှာချိတ်ထားတဲ့ ပြက္ခဒိန်လေးက ငိုပြီးတော့ပြောတယ်… “Sarah နွေဦးပေါက်ရာသီက ဒီမှာ … ငါ့ပုံစံက နွေဦးပေါက်ရာသီနဲ.တူတယ် … ငါ့ကိုကြည့်ပါကွာ … မင်းက လှပတဲ့ လက်ချောင်းလေးတွေကို ပိုင်ဆိုင်ထားသလို ငါကလည်း အလှပဆုံး နွေဦးပေါက်ရာသီပုံစံကို ပိုင်ဆိုင်ထားပါတယ် … ဘာကြောင့် ပြတင်းပေါက်ကနေ အပြင်ဘက်ကို အလွန်ဝမ်းနည်းကျေကွဲတဲ့ပုံစံနဲ့ ငေးကြည့်နေတာလဲ ”
သူမနေတဲ့အခန်းက အိမ်တစ်လုံးရဲ့နောက်ဖက်မှာပါ။ ပြတင်းပေါက်ကနေ အပြင်ဘက်ကိုကြည့်နေပေမယ့် လူသွားလမ်းတစ်ဖက်မှာရှိတဲ့ သေတ္တာစက်ရုံရဲ့ ပြတင်းပေါက်သေးသေးလေးတွေရှိတဲ့ အုတ်နံရံကို သူမ မြင်နိုင်ခဲ့တာပါ။ သူမအတွက်တော့ အဲဒီအုတ်နံရံတွေကိုကြည့်ရတာဟာ ချယ်ရီပင်များ၊ ရပ်စ်ဘယ်ရီပင်များ၊ နှင်းဆီပင်များနဲ့ ချယ်မှုန်းထားသော မြက်ခင်းထူထူရှိသော လမ်းကျဉ်းလေးကိုကြည့်ရတာနဲ့တူနေပါတယ်။
တဆက်တည်း သူမ သူ့ချစ်သူကို သတိရရင်း အတိတ်ကအကြောင်းတွေကို စဉ်းစားနေမိတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ သူမဒေါ်လေးရှိရာ တောရွာကျေးလက်ဒေသကို သွားခဲ့တယ်။ သူမ Sunnybrook လယ်ကွင်းကြီးမှာ နှစ်ပတ်ကြာနေခဲ့တယ်။ အဲဒီလယ်ကွင်းမှာ အလုပ်လုပ်နေတဲ့ လယ်သမားကြီး Franklin ရဲ့သား Walter နဲ့ မေတ္တာရှိခဲ့ကြတယ်။ ပြီးတော့ ချယ်ရီပင်များ၊ ရပ်စ်ဘယ်ရီပင်များ၊ နှင်းဆီပင်များနဲ့ ချယ်မှုန်းထားသော မြက်ခင်းထူထူရှိသော လမ်းကျဉ်းလေးမှာ Walter က သူမကို ချစ်ခွင့်ပန်ခဲ့တာ။ သူတို့နှစ်ယောက်အတူတူထိုင်ပြီး လွှသွားပုံအရွက်နှင့် အ၀ါရောင်ပန်းတွေပွင့်တဲ့ ဒုဇလီအပင်ကြီးက ပန်းပွင့်တွေကိုအတူကောက်ခဲ့ကြတယ်။ ပြီးတော့ Walter က အဲဒီပန်းပွင့်တွေကို သရဖူပုံစံလုပ်ပြီး သူမရဲ့ဆံပင်မှာ ပန်ပေးခဲ့တယ်။ Walter က သူမရဲ့အညိုရောင် ဆံပင်တွေနဲ့ ဆန့်ကျင်ဘက် အ၀ါရောင်ပန်းတွေရဲ့ နှစ်လို့ဖွယ်ရာအလှကို ချီးမွမ်းနေခဲ့တယ်။ သူမကတော့ ဒုဇလီပန်းပွင့်တွေကို အဲဒီနေရာမှာပဲထားခဲ့ပြီး ဂျုံဦးထုပ်ကိုလက်ကနေကိုင်က လှုပ်ရမ်းရင်း အိမ်ဘက်ကိုပြန်လာခဲ့တယ်။ သူတို့ နွေဦးပေါက်ရာသီမှာ လက်ထပ်ကြမယ်လို့ သဘောတူညီခဲ့ကြတယ်။ ပြီးတော့ Sarah သူမနေထိုင်ရာမြို့ကို ပြန်လာခဲ့တယ်။
အတိတ်ရဲ့အကြောင်းတွေပြန်သတိရနေခိုက် တံခါးခေါက်သံကြားလိုက်ရတော့ သူမရဲ့ပျော်ရွှင်ခဲ့ရသော နေ့တစ်နေ့ရဲ့ အိပ်မက်များဟာ အဝေးကိုလွင့်စင်ပျောက်ကွယ်ခဲ့ပါတော့တယ်။
စားပွဲထိုးတစ်ယောက် နောက်တစ်နေ့အတွက် အကြမ်းဖျင်းရေးထားတဲ့ အစားအသောက်စာရင်းမူကြမ်းကို သူမဆီကို ယူဆောင်လာခဲ့တယ်။
Sarah သူမရဲ့လက်နှိပ်စကရှေ့မှာ ထိုင်လိုက်တယ်။ ဒီနေ့ အစားအသောက်စာရင်းက အရင်နေ့တွေနဲ့နှိုင်းယှဉ်ရင် ထူးထူးခြားခြား ပြောင်းလဲနေတယ်၊ စာရင်းတစ်ခုလုံးမှာ နွေဦးပေါက်ရာသီရဲ့ ၀ိညာဉ်တွေ ပြည့်လို့နေပါတယ်။ Sarah ရဲ့ လက်ချောင်းလေးများက လက်နှိပ်စက်ခလုတ်တွေပေါ်မှာ လှလှပပ ကခုန်နေကြပါတယ်။ ဒီလိုနဲ့ အချိုပွဲစာရင်းရဲ့အထက်က ဟင်းသီးဟင်းရွက်စာရင်းကို စာရိုက်ပို့ရောက်လာတော့ … မုန်လာဥ၀ါနဲ့ရွှေပဲတောင့်၊ ပေါင်မုန့်မီးကင်နဲ့ကညွတ်ရွက်၊ ခရမ်းချဉ်သီးနဲ့ဂျုံ၊ ဂေါ်ဖီထုပ်…
သူမ အစားအသောက်စာရင်းကိုကြည့်ရင်း ရုတ်တရက် ငိုမိနေခဲ့တယ်။ အနက်ရှိုင်းဆုံး နှလုံးသားမှ ဖြစ်ပေါ်လာသောမျက်ရည်တွေဟာ သူမရဲ့မျက်ဝန်းအစုံမှာ စုစည်းလာတယ်။ သူမရဲ့ဦးခေါင်းက လက်နှိပ်စက်သေးသေးလေးပေါ်မှာ ငိုက်စိုက်ကျလျက်…ကီးဘုတ်ရိုက်သံက သူမရဲ့ငိုရှိုက်သံနဲ့အတူ ခြောက်သွေ့ပြင်းရိဖွယ်ကောင်းသောတီးမှုတ်ကခုန်သံကဲ့သို့ ဆက်မပြတ်အသံတွေမြည်လို့နေပါတယ်။
သူမ ချစ်သူဆီက စာရောက်မလာတာ နှစ်ပတ်တိတိကြာခဲ့ပြီ။ စာရင်းစာရွက်ပေါ်က နောက်ရိုက်ရမယ့် ဟင်းလျာအမြည်က ဒုဇလီပွင့် - ဒုဇလီပွင့်နဲ့ ကြက်ဥအချို့- ဒါပေမယ့် ကြက်ဥကအရေးမကြီးပါဘူး၊ ဒုဇလီပွင့်တွေက သူမရဲ့အပျော်ရွှင်ဆုံးနေ့ရက်များကို ပြန်လည်သတိရစေခဲ့တဲ့ သင်္ကေတ၊ နွေဦးပေါက်ရာသီရဲ့ တမန်တော်။ ပြီးတော့ Water က သူ့ရဲ့အလှဘုရင်မ၊ တနည်းအားဖြင့် သူ့ရဲ့ သတို့သမီးလောင်း Sarah ကို ရွှေဝါရောင်အဆင်းရှိတဲ့ ဒုဇလီပွင့်တွေနဲ့ အလှသရဖူဆောင်းပေးခဲ့တယ်။
အိုး စုန်းမကြီးနဲ့တူတဲ့ နွေဦးပေါက်ရာသီရယ်၊ ကျောက်တုံးကျောက်ခဲ သံချောင်း တွေနဲ့ဆောက်လုပ်ထားတဲ့ အလွန်တိတ်ဆိတ်သော မြို့ကြီးထဲကို တမန်တော်ကို ဘာကြောင့်များစေလွတ်ခဲ့တာလဲ၊ တမန်တော်ရဲ့အလှကို ခံစားတတ်သူ ဒီမှာတစ်ယောက်မှမရှိဘူး၊ ဒါပေမယ့် တမန်တော်ရှိရာ အစိမ်းရောက်လယ်ကွင်းထဲက လူတွေနည်းနည်းကပဲ တမန်တော်ရဲ့အလှကို ခံစားတတ်ကြတာပါ။
မကြာမီ Sarah မျက်ရည်တွေကို သုတ်လိုက်ပြီး ရိုက်လက်စစာရင်းတွေကိုပြီးအောင် လုပ်ဖို့တာဝန်ရှိသေးကြောင်း သတိရခဲ့တယ်။ ဒါပေမယ့် ဒုဇလီပန်းပွင့်အိပ်မက်ကနေဖြစ်ပေါ်လာတဲ့ ရွှေဝါရောင်အလင်းတန်းအချို့ သူမဆီသို့ တိတ်ဆိတ်စွာဝင်ရောက်လာတယ်။ အဲဒီအချိန်မှာပဲ တခဏကြာ သူမ ကီးခလုတ်တွေကို လွဲမှားစွာ ရိုက်နေမိတယ်။ သူမရဲ့စိတ်၊ သူမရဲ့နှလုံးသားဟာ ချစ်သူနဲ့အတူ မြက်ခင်းလမ်းကလေးမှာ ရောက်ရှိလို့နေတယ်။ ဒါပေမယ့် မကြာလိုက်ပါဘူး၊ အတွေးတွေဟာ သူမနေထိုင်ရာ ကျောက်ခင်းလမ်းဆီကို ပြန်ရောက်လာတော့၊ လက်နှိပ်စက်မှ ကီးခလုတ်များဟာ ကားတစ်စီးသွားသလို ဂျောက်ဂျောက်ဂျက်ဂျက်မြည်သံတွေနဲ့ ခုန်ပေါက်လို့နေပါတယ်။
ညနေခြောက်နာရီမှာ စားပွဲထိုးက သူမအတွက် ညစာလာပို့ရင်း စာရိုက်ပြီးသား စာရွက်တွေကို ပြန်ယူသွားခဲ့တယ်။ သူမ ညစာစားတဲ့အခါ သက်ပြင်းချရင်း ဒုဇလီပန်းပွင့်တွေပါတဲ့ ဟင်းပန်းကန်ကို ဘေးမှာချထားတယ်။ Shakespeare ပြောခဲ့သလို “အချစ်က အချစ်ကို စားနိုင်တယ်” ဒါပေမယ့် သူမဘ၀ရဲ့ အပျော်ရွှင်ဆုံးနေ့ရက်များကို သတိရစေတဲ့ ဒုဇလီပန်းပွင့်တွေကို စားနိုင်လောက်တဲ့ သတ္တိခွန်အား Sarah မှာမရှိခဲ့ဘူး။
ခုနစ်နာရီခွဲတော့ အခန်းချင်းကပ်လျက်က လင်မယား စတင်ရန်ဖြစ်ကြတယ်။ အပေါ်ထပ်အခန်းနေမှာနေတဲ့ လူက အေလိုင်းကလွင့်သော ပုလွေတေးဂီတအစီအစဉ်ကို ကြည့်နေတယ်။ နောက်ဘက်ခြံစည်းရိုးပေါ်က ကြောင်ကလေးများရဲ့ အော်သံကို ကြားနေရတယ်။ ဓာတ်ငွေ့မီးဖိုမှ အလင်းရောင်က တဖြည်းဖြည်းမှိန်လာတယ်။ ဒီအရိပ်လက္ခဏာများက သူမကို စာဖတ်ဖို့အချိန်ရောက်ပြီဖြစ်ကြောင်း သတိပေးသလိုဖြစ်နေတယ်။ သူမ စာအုပ်တစ်အုပ်ယူပြီး စာဖတ်နေခဲ့တယ်။
မကြာမီ အိမ်ရှေ့တံခါးမှ ခေါင်းလောင်းသံကို သူမကြားမိတယ်။ အိမ်ရှင်အမျိုးသမီးနဲ့ လူငယ်တစ်ဦး စကားပြောသံကို သူမနားထောင်နေခဲ့တယ်။ ပြီးတော့ အောက်ထပ်အခန်းက ကြည်လင်ပြတ်သားသောအသံကိုကြားလိုက်ရတော့ သူမ ဖတ်လက်စစာအုပ်ကို ကြမ်းပြင်ပေါ်ကိုပြစ်ချပြီး အခန်းတခါးဆီသို့ ပြေးထွက်သွားခဲ့တယ်။
သူမလှေကားထိပ်ကိုရောက်တော့ သူမရဲ့ချစ်သူလှေကားအတိုင်း တက်လာနေတာကို မြင်ရတော့ ရုတ်တရက် အံ့သြကာ ခန္ဓာကိုယ်ထဲကသွေးကြောများရပ်ဆိုင်းသလို ခံစားခဲ့ရတယ်။ သူမ သတိပြန်ဝင်လာတော့ ချစ်သူရဲ့နွေးထွေးစွာပွေ့ဖက်မှုကို ခံစားခဲ့ရတယ်။ အိပ်မက်လား တကယ်လား သူမ ဝေခွဲမရခဲ့ဘူး။ အိပ်မက်မဖြစ်ပါစေနဲ့လို့ စိတ်ထဲက ဆုတောင်းနေခဲ့မိတယ်။
Sarah ၀မ်းနည်းစွာ ငိုရှိုက်ရင်း ချစ်သူ Walter ကို “ မင်း ဘာကြောင့် … အို ဘာကြောင့် ငါ့ဆီကို စာမရေးတာလဲ … ငါ မင်းဆီကို စာတွေအများကြီး ရေးခဲ့တယ် … မင်း ဒီစာတွေကို မရဘူးလားကွာ … ဒါနဲ့ မင်း ငါရှိတဲ့နေရာကို ဘယ်လိုရှာတွေ့ခဲ့လဲ ”
ချစ်သူရဲ့မေးခွန်းတွေများတော့ Walter ဘယ်မေးခွန်းကိုစဖြေရမှန်း မသိဘူးဖြစ်သွားတယ်။ Walter က နွေဦးပေါက်ရာသီရဲ့အပြုံးဖြင့် ချစ်သူရှာပုံတော်အကြောင်း Sarah ကို ရှင်းပြခဲ့တယ်။ “ နယူးယောက်မြို့ကြီးက အရမ်းလှပတဲ့ မြို့ကြီးကွ … ငါ မင်းနေတဲ့ နေရာဟောင်းကို ပြီးခဲ့တဲ့နှစ်ပတ်အကြာက ရောက်ခဲ့တယ် … ဒီတစ်ပတ်ကြာသာပတေးနေ့ကမှ မင်း နေရာသစ်ကိုပြောင်းသွားတယ်လို့ သိခဲ့ရတယ် … ဒါနဲ့ပဲ ရဲတစ်ယောက်အကူအညီနဲ့ ငါ မင်းရှိနိုင်မယ့်နေရာကို နေ့တိုင်းရှာခဲ့တယ် … တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ညနေမှာ ဟောဒီအိမ်အိုကြီးရဲ့နောက်ဘက် ကပ်လျက်က စားသောက်ဆိုင်ထဲကို နောက်ဘေးပေါက်ကနေ ၀င်လာခဲ့မိတယ် … ငါဒီလိုဝင်လာတာကို ဘယ်သူတွေသိသိ ငါကဂရုမစိုက်ပါဘူး … ငါက နှစ်တိုင်း ဒီလိုအချိန်ရောက်ရင် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် အစားအစာကို စားရတာကြိုက်တယ်ကွ … ငါ စားပွဲပေါ်က အစားအသောက်စာရင်းကို ဖတ်လိုက်တော့ ငါ့စိတ်ထဲမှာ တစုံတခုကို သတိထားမိသလိုပဲ … ငါ အစဉ်လိုက် စာရင်းတွေကိုဖတ်လာရင်းက မုံလာထုပ်အောက်နားရောက်တော့ ငါ ဆိုင်ပိုင်ရှင်ဆီကိုသွားပြီး ဒီစာရိုက်တဲ့သူ ဘယ်မှာနေလဲ မေးလိုက်တယ် … သူက မင်းနေတဲ့နေရာကို ငါ့ကိုပြောပြတယ်လေ ”
Sarah က သက်ပျင်းချပြီး “ ငါ မင်းကို အရမ်းသတိရတာပဲ ” ပြီးတော့ ပျော်ရွှင်သောအမူအရာနဲ့ “မုံလာထုပ်ပြီးတော့ ဒုဇလီပန်းပွင့်” လို့ပြောလိုက်တယ်။
Walter က “ မဟုတ်ပါဘူး … ဒုဇလီပန်းပွင့် နေရာမှာ Walter လို့ရေးထားတယ် … ပြီးတော့ W စာလုံးက အပေါ်ဘက်ကို နည်းနည်းရောက်နေတယ် … ဒီစာလုံးကို ရေးတဲ့သူဟာ ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ ရှိမှာပဲဆိုတာ ငါသိနေတယ် ” လို့ပြောလိုက်တော့
Saran က တအံ့တသြနဲ့ “ ဒုဇလီပန်းပွင့်မှာ ဘာကြောင့် W စာလုံး ပါရမှာလဲ ” လို့ပြန်ပြောခဲ့တယ်။
လူငယ်က သူ့အိတ်ထဲက ဟင်းလျာစာရင်းစာရွက်ကို ထုတ်ပြပြီး မှားနေတဲ့စာကြောင်းကို ထောက်ပြတာပေါ့။
Sarah ဒီစာရင်းကတ်ပြားလေးကို ခုနေ့လည်ခင်းကမှ ရိုက်ခဲ့တာကို သတိရသွားတယ်။ ကတ်ပြားလေးရဲ့ ညာဘက်ထောင့်မှာ သူမရဲ့မျက်ရည်စတွေစွန်းထင်နေတဲ့ အမှတ်အသားလေးတွေ ရှိနေဆဲပါပဲ။ အဲဒီအချိန်တုန်းက ရွှေဝါရောင်ပန်းပွင့်လေးရဲ့အမည်ကို ဖတ်လိုက်ရတော့ သူမရင်ထဲမှာ တစုံတယောက်ကို သတိရခဲ့လို့ ၀မ်းနည်းကျေကွဲစွာ ခံစားခဲ့ရတယ်။ ဒီခံစားချက်က သူမရဲ့လက်ချောင်းလေးတွေ မှားရွင်းစွာ ကီးဘုတ်ခလုတ်တွေကို ရိုက်ခတ်စေပို့ ခွင့်ပြုခဲ့တာပဲ။
သူမ ရိုက်ခဲ့တာက မုံလာရွက်နီ နဲ့ ပန်းငရုတ်နီ ကြားမှာ “ အလွန်အရသာရှိသော ဒုဇလီပွင့်နဲ့ ကြက်ဥပြုတ်” လို့ရေးရမည့်အစား “ အလွန်အရသာရှိသော Walter နဲ့ ကြက်ဥပြုတ်” လို့ရေးထားခဲ့တယ်လေ။
(O. Henry ၏ Springtime on the Menu ကိုဘာသာပြန်ပါသည်။)


tmn

Read more...

စင်ကြယ်သော စိတ်

>> Tuesday, August 14, 2007


Just as a man would tie to a post a calf that should be tamed, even so here should one tie one's own mind tight to the object of mildfulness.


နွားတစ်ကောင်ကို ယဉ်ကျေးရန်အလို့ငှာ ချည်ထားရသကဲ့သို့၊
ထို့အတူပင် အကြင်လူတစ်ယောက်သည် သူ၏စိတ်အား သတိရှိနေခြင်းနှင့် ချည်နှောင်ထားရမည်။

စာမျက်နှာ(၁၉)၊ ချင်းတွင်းမဂ္ဂဇင်း၊ အမှတ်(၃)၊ မတ်လ၊ ၂၀၀၆။

Read more...

ငါမသိတဲ့ငါ...

>> Monday, August 13, 2007

-မွန်းကြပ်ပိတ်လှောင်မှုတွေနဲ့
အမြဲတမ်းလွဲချော်မှုအပြည့်နဲ့
နာကျင်စရာတို့ ရင်မှာပိုက်ရင်း
တစ်စထက်တစ်စ နစ်မွန်းနေတဲ့ဘ၀များစွာ
လွတ်မြောက်မှုအလင်းတစ်စ ဖွေရှာရင်းနဲ့ပဲ
ဝင်္ကဘာတစ်ခုမှာ တ၀ဲလည်လည်
ကမ္ဘာသာပျက်သုဉ်းခဲ့မယ်…
ထွက်ပေါက်ကတော့ မဲ့နေဆဲ…

-ငယ်ရွယ်နုပျိုမှုတို့ပျောက်ဆုံး
တက်ကြွဖျတ်လတ်မှုတို့နည်းပါး
ရေစီးကြောင်းတစ်ခုနောက်မျောပါရင်းနဲ့
အိပ်မက်တစ်ခုမှာပျော်ဝင်
နိုးထရဖို့လည်းငါကြောက်ရွံ့
ဆက်မက်နိုင်ဖို့အားအင်ကလည်းမရှိ
ဘ၀ဆိုတာဘာလဲ…
အမေးသာရှိခဲ့
အဖြေမဲ့နေသူများ…

-ပျောက်ဆုံးနေတဲ့အလင်းတစ်စကိုဖွေရှာ
အမှောင်ထဲပဲပျော်ဝင်
လမ်းသစ်ဖောက်ဖို့အားမဲ့နေရင်း
လမ်းဟောင်းလဲမလိုက်ချင်
အားအင်တို့ပျောက်ဆုံး
ဒီဘ၀တစ်ခုကိုပဲနာကျည်း
ဒီဘ၀တစ်ခုကိုပဲမက်မော
သြော်… နောက်ဆုံးတော့လည်း
ငါကိုယ်တိုင်မသိတဲ့
ငါပါလားနော်…..

နိုင်းနဒီ

Read more...

အလင်းစက်

- ရိုက်ချိုးခံခဲ့ရတဲ့ အတောင်ပံတစ်စုံ
မွန်းကြပ်နေတဲ့ ခံစားချက်တစ်ချို့
ဖေါက်ထုတ်ခံခဲ့ရတဲ့ မျက်ဝန်းတစ်စုံနဲ့
ေ၀၀ါးနေတဲ့ ခရီးလမ်း
ငါမှန်းလို့ လျှောက်လှမ်းခဲ့တာဖြင့်
ဆယ်စုနှစ်တစ်ခု ပြည့်လုပြီ..

- စုတ်ဖြဲခံထားရတဲ့ စာရွက်အချို့
ဝါးမြိုခံခဲ့ရတဲ့ ငါ့အတွေးတို့နဲ့
ရွှေရည်စိမ်တံဆိပ်တစ်ချို့ကတော့
ငါ့ခရီးလမ်းပျက်တစ်ခုမှာ
အဖေါ်အဖြစ်နဲ့ လိုက်ပါခဲ့လေရဲ့..

- ခါးသက်မှုတို့ကို ကျိတ်မှိတ်မြိုချ
ပျော်ရွှင်မှုမျက်နှာဖုံးတစ်ခုနဲ့
အဝေးကလမင်းတစ်စင်း
ငါမက်လို့မောခဲ့မိပြန်တော့
ဟားတိုက်လို့ရယ်မော
ကမ္ဘာဆုံးတိုင်မိုက်မဲ
အလင်းတစ်စက် ငါမက်လို့ရှာဖွေရင်းနဲ့
ဝင်္ကဘာတစ်ခု
ငါမြတ်နိုးလို့ နေမိခဲ့လေပြီ …
နိုင်းနဒီ

Read more...

သတင်းလူ

>> Sunday, August 12, 2007

လူဆိုတာ သတင်းနဲ့အတူမွေးပြီး သတင်းများနဲ့ကြီးးပြင်းလို့ နောက်ဆုံးကွယ်လွန်ချိန်အထိ သတင်းနဲ့ကင်းလို့မရပါဘူးခင်ဗျား။
လူတစ်ယောက် လူ့ပြည်ရောက်လာတာနဲ့ အုဝဲဆိုအော်လိုက်ချိန်မှာ သတင်းနဲ့စတင်ဆုံဆည်းရတော့တာပါပဲ။
“ဘာလေးလဲ”
“ယောကျာင်္းလေး”
“ဘယ်နှစ်ပေါင်လဲ”
“နှစ်ပေါင်တည်းပါ”
“မကလောက်ပါဘူး”
“ဒီမှာကြည့်ပါလား”
(မအေက အနှီးလှန်ပြ)
“ငါက အဲဒီပေါင်မေးတာမဟုတ်ဘူး။ အလေးချိန်မေးတာ။”
“ရှစ်ပေါင်”
အဲသလို… အဲသလိုပေါ့ခင်ဗျာ။ ကလေးက မဖြေတတ်သေးတော့ ကလေးရဲ့သတင်းကို မိဘများက ပြောပြပေးရပါတယ်။ လူရယ်လို့ဖြစ်လာတာနဲ့ အင်တာဗျူးနဲ့စကြုံရတယ်လို့ပြောရင်လည်း ရပါတယ်ခင်ဗျ။ အင်တာဗျူးနောက်က ကပ်ပါလာတာက ဝေဖန်ရေးပါပဲ။
“အသားက မည်းတယ်နော်”
“အင်း နောက်တော့ဖြူသွားမှာပါ။ သနပ်ခါးလေး ဆယ့်ငါးရက်လိမ်းပေးလိုက်ရုံပါပဲ”
“ခေါင်းကြီးတာနဲ့ နားရွက်ကားတာကတော့ ပြင်လို့မရနိုင်ဘူး”
“ဥာဏ်ကောင်းတာပေါ့”
“ဥာဏ်ကောင်းမကောင်းတော့မသိဘူး။ စွပ်ကျယ်လည်ပင်းပေါက်ကျယ်မှာတော့ သေချာတယ်”
အဲသလို… အဲသလို ဝေဖန်ရေးများဟာ နာမည်ပေး ပုခက်တင်ဆိုပြီး ဒံပေါက်ကြွေးလိုက်တော့မှ …
ကလေးက ချစ်စရာလေး နာမည်က ရှင်းသန့်ခန့်တဲ့ဆိုပြီး ဒံပေါက်တန်ခိုးနဲ့ ချွန်မြစေသော်ရယ်လို့ ဖြစ်ရပြန်ရော။ ဒီလိုနဲ့ အဲဒီကလေးကြီးလာတော့ ဘယ်သူကမှ ရှင်းသန့်ခန့်လို့ မခေါ်ပါဘူး။ နဖူးကကျယ်တော့ နိုင်ငံတကာလေဆိပ် (အင်တာနေရှင်နယ် အဲယားပို့) ကို အစွဲပြုပြီး “အင်တာ” လို့ ခေါ်ကြရော။ ကလေးချင်းကလည်း အင်တာပဲ။ လူကြီးကလည်း “အင်တာ” ပဲ။ သူ့အမေအဖေက “ရှင်းသန့်ခန့်” လို့ခေါ်ရင်ကိုပဲ သူ့ခေါ်မှန်းမသိဘူး။ “အင်တာ” ခေါ်မှဗျာထူးတော့တာ။ လူတွေသိဖို့ အခက်ဆုံးက လူ့အကြောင်းပဲနော်။ ဒံပေါက်ကျွေးပြီး အခေါ်ခိုင်းတဲ့နာမည်ကျတော့ မခေါ်ကြဘူးခင်ဗျ။ ဒီလိုနဲ့ ကျောင်းအပ်ရမယ့်အရွယ်ရောက်လာရောဆိုပါတော့။
အရပ်ထဲက ကျောင်းမှာပဲ အပ်တာပါ။ ကျောင်းအုပ်ဆရာကြီးက ကလေးရဲ့ဘကြီးတော်တာပါပဲ။ အလွန်ရိုးပြီး ရှေးဆန်တယ်ပဲ ပြောကြပါစို့။ ခေတ်ဆန်တာတွေ ကို့ယို့ကားယားတွေ မကြိုက်ဘူး။ ဒါကြောင့် ကျောင်းအပ်ဖို့ ရောက်လာတာနဲ့ -
“ကျောင်းနာမည်ကိုတော့ ခေါ်လို့လွယ်တဲ့ နာမည်ပေးလိုက်ပေါ့။ ကလေးက ညိုချောဆိုတော့ … ”
“ဘကြီး … ချောညိုလို့ပေးရင်မကောင်းဘူးလား။ သျှားညိုနဲ့လည်း ဆင်တူသွားရော”
“မကောင်းဘူး။ ခေါ်လို့လွယ်အောင် မောင်ညိုပဲခေါ်မယ်။ နာမည်ဆိုတာ ကြီးလာတော့ ကြိုက်သလောက် ပြောင်းလို့ရတာပဲ။”
ဆိုလိုက်တော့ အင်တာဟာ မောင်ညိုဖြစ်သွားရော။ မောင်ညိုဆယ်တန်းအောင်သွားတော့ …
“သား နာမည်တစ်ခုထပ်မှည့်လိုက်ပြီ အမေ”
“ပြောင်းတာမဟုတ်ဘူးလား”
“ထပ်တိုးတာ”
“ဘယ်သူတဲ့တုန်း”
“ဘွန်ဗွိုင်”
သတင်းစာဖတ်နေတဲ့ အဖေက မျက်ခုံးပင့်ပြီး
“ဘာတဲ့”
“ဘွန်ဗွိုင်”
“ဘာအဓိပ္ပာယ်လဲ”
“ဟာ … အဖေကလည်း … အဓိပ္ပာယ်တစ်ခုခု ရှိနေရင် ဘယ်ခေတ်မှီပါ့မလဲ။ ဒါကြောင့် ဘယ်လိုမှ အဓိပ္ပာယ်မရှိတဲ့နာမည်ကို သေသေချာချာရှာရတာ။ ဒါဆိုတော့ နာမည်တူပြဿနာလည်း မပေါ်နိုင်တော့ဘူး။ သီချင်းဆိုမလား။ စာရေးမလား။ ကုမ္ပဏီထောင်မလား။ ဟိုတယ်ဖွင့်မလား။ ဒီနာမည်က တကယ် အံဝင်တာ”
အမေဖြစ်သူကတော့ သားကို အထင်ကြီးပြီးရင်း ကြီးနေတာပါပဲ။ အမေက ပြုံးပြုံး ပြုံးပြုံး။ ဘွန်ဗွိုင် ကုမ္ပဏီလီမိတက်၊ ဘွန်ဗွိုင် ဟိုတယ်၊ ဘွန်ဗွိုင်ရဲ့ ဆီးရီးသစ်ဆိုတာတွေပါ တွေးမိသွားတာကိုး။
“အဲဒါ သားနာမည်ကို သူငယ်ချင်းတွေက အသိအမှတ်ပြုအောင် ဧည့်ခံချင်လို့ … ”
ဒီလိုနဲ့ ဘွန်ဗွိုင်ရဲ့ လှုပ်ရှားမှုတွေဟာ စာစောင်ဂျာနယ်များရဲ့ စာမျက်နှာပေါ် ရောက်လာရဦးမှာပါပဲ။ တကယ် တော့ သတင်းကို စိတ်ဝင်စားနေတဲ့ လူတွေကိုယ်တိုင်လည်း သတင်းတွေပဲ။ သေသေချာချာစောင့်ကြည့်မယ်ဆိုရင် လူတိုင်းလူတိုင်းဟာ နေ့စဉ် သတင်းတွေနဲ့ ပတ်သက်ယှက်နွယ်နေကြတယ်။ သတင်းကို ဖြန့်ဝေရေးသားနေသူ။ သတင်းဖန်တီးနေသူ။ သတင်းကို စိတ်ဝင်စား ဖတ်ရှုနေသူ။ သတင်းတွေကို သိချင်နေသူ။ ကိုယ့်သတင်းကို သိစေ့ချင်သူ။ စုံလို့ပါပဲ။ စာနယ်ဇင်းဆရာများအား ခေါ်ယူရှင်းလင်းတယ်ဆိုတာ ကိုယ့်လုပ်ငန်းကြောင်း ကိုယ့်နေရာအကြောင်း သတင်းပါချင်လို့ပဲပေါ့။
တကယ်တော့ သတင်းသမားများဟာ လှေကားထစ်လိုပါပဲ။ သတင်းသမားများကို နင်းပြီး တက်သွားကြသူတွေ အများကြီးပါ။ သတင်းသမားများကလည်း ကိုယ့်ကြောင့် စင်ပေါ်ရောက်သွားသူတွေကိုကြည့်ပြီး မုဒိတာပွားနေသူတွေပါ။ မအောင်မြင်ခင် လူက သတင်းနောက်လိုက်၊ လူကအောင်မြင်သွားတော့ သတင်းက အဲဒီလူနောက်လိုက်။ အပြန်အလှန် သိတတ်သူလည်းရှိ၊ မသိတတ်သူလည်းရှိ။
လူဆိုတာ သိတတ်စကတည်းက ကလေးဘ၀မှာ “မုန့်သတင်း” စုံစမ်းရင်း ကြီးပြင်းခဲ့တာပါ။ ဘယ်ဆိုင်က ၀ယ်တာလဲ။ မုန့်နဲ့အတူ အွန်စော၊ ဂျွန်စောပုံပါသလား ဆိုတာမျိုးပေါ့။ နောက်တော့ လှတဲ့မိန်းကလေးသတင်းကို စိတ်ဝင်စားပြန်ရော။ အဲဒီကာလကတော့ တော်တော်ကြာတတ်ပါတယ်။ တချို့ဆိုရင် နှစ်လေးငါးဆယ် ကြာတာပါ။ (မယုံမရှိနဲ့ ကိုယ်တွေ့)
အရွယ်လေးရလာကြတော့ စိတ်ဝင်စားတဲ့သတင်းတွေကတော့ ကွဲပြားကုန်တာပေါ့ ခင်ဗျာ။
နေ စတင်ဖြစ်ပေါ်လာခဲ့တာဟာ နှစ်သန်းပေါင်း သန်းငါးဆယ်ရှိပြီဖြစ်ပြီး ဒီလောင်ကျွမ်းမှုဟာ နောက်ထပ် နှစ်သန်းပေါင်း သန်းငါးဆယ် ကြာဦးမှာဖြစ်ကြောင်း၊ အဲဒီလောက်ကြာပြီးတဲ့နောက်မှာတော့ လောင်ကျွမ်းမှု အရှိန်တွေလျော့သွားပြီး အပူရှိန်ပျောက်သွားမှာဖြစ်ကြောင်း၊ နောက်ထပ် နှစ်ဆယ်သန်းကျော်ကြာပြီး တဖြည်းဖြည်း မှိန်ဖျော့လို့ လုံးဝ ပျောက်ကွယ်သွားမှာဖြစ်ကြောင်း စိတ်ဝင်တစားပြောပြီး စိတ်ပူနေသူများလည်းရှိပါတယ်။
အသက်ငါးဆယ်ကျော် တစ်ယောက်နဲ့ အသက်သုံးဆယ်ကျော်တစ်ယောက်ကတော့ ရော်နယ်ဒိုနဲ့ပီလီ ဘယ်သူက ပိုတော်သလဲဆိုတာ အငြင်းပွားနေတာလည်း တွေ့ဖူးပါတယ်။ ဒါကြောင့် သတင်းနဲ့လူဟာ ခွဲမရပါဘူး။
ကံချွန်တို့ဟာ လူတွေ စိတ်ဝင်စားတဲ့သတင်းတွေကို ဘယ်လောက်ပေးနိုင်မလဲ၊
အကြိုက်နဲ့တိုက်ဆိုင်မှု ဘယ်လောက်ရှိမလဲ။ဘွန်ဗွိုင်တို့ပါ လက်ခံအောင်တော့ ကြိုးစားရမှာပေါ့ ခင်ဗျာ။
(ကံချွန်ရဲ့ မန္တလေးမြို့ကလူတွေအကြောင်းစာအုပ်ထဲမှ ကူးယူဖော်ပြပါသည်။)
ကံချွန်

Read more...

အမှတ်တရ၏ နောက်ဆက်တွဲ

>> Saturday, August 11, 2007

သူကြားစေချင်သော
စကားတို့ဖြင့်
သူ့ကိုကြိုဆိုချင်ပါသည်။
သော့ပိတ်ထားသော
အိမ်လေးကိုပြန်အလာတွင်
အထီးကျန်ဖြစ်နေမည့်
သူ့ဆိုင်းဘုတ်ပြားလေးကိုလဲ
ကျွန်တော်မြင်ယောင်မိပါသည်။
မိုးတစ်ဖွဲဖွဲနှင့် ချမ်းစိမ့်စိမ့်အရာသာကိုခံစားရင်း
တစ်ခါက အတူနေခဲ့ဖူးသော
ကျွန်တော်တို့နှစ်ယောက်၏ အိမ်လေးဆီကို
ကျွန်တော်လှမ်းခဲ့မိသည်။
သူသတိတယနဲ့ပဲလား
အမှတ်တမဲ့နဲ့လား
ထားခဲ့သော သော့လေးမှာ
ကျွန်တော့်လက်ထဲမှာ အေးစက်လို့။
ဤတံခါးကို နောက်တစ်ကြိမ်ဖွင့်ဖြစ်လိမ့်မည်ဟု
ကျွန်တော်ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါ။
ခုတော့ ပြန်ဖွင့်မိပြန်ပါပြီ။
ဒီတံခါးလေးကနေ
ကျွန်တော်အတိတ်တွေဆီလဲ
ပြန်သွားဖြစ်ပါဦးမည်
သူနဲ့ကျွန်တော့်ရဲ့အနာဂတ်အတွက်
ဖွင့်လိုက်သောတံခါးလေးလဲ
ဖြစ်နေနိုင်ပါသေးသည်။
မိန်းမတစ်ယောက်ကို အဲဒီလောက်ထိ စွဲလမ်းစွာ ချစ်ခဲ့လိမ့်မည်ဟု ကျွန်တော်ဘယ်တုန်းကမှ မထင်ခဲ့ပါ။ အထူးသဖြင့် ကျွန်တော့်လို ကိုယ့်ကိုယ်ကိုသာ ချစ်တတ်သူတစ်ယောက်အတွက် ပို၍ပင် ဖြစ်နိုင်ချေနည်းလှသည်။ ကျွန်တော်ချစ်မြတ်နိုးလိုသော မိန်းမတစ်ယောက်အတွက်ထားသော စံတွေမှာလဲမနည်းလှ။ သို့သော် သူ့ကိုကျွန်တော်ချစ်ခဲ့သည်။ အကယ်၍ တစ်ယောက်ယောက်က ကျွန်တော်ထားသော မိန်းမတစ်ယောက်အတွက်စံများနှင့် ယခုလက်ရှိ ကျွန်တော်ချစ်နေသူကို နှိုင်းယှဉ်ကြည့်ပါက ကွာဟချက်မှာ တစ်ရာရာနှုန်းဖြစ်နေသည်ကို အံ့သြစွာ တွေ့ရှိရမည်သာ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ချစ်ခြင်းနှင့် ကြိုက်ခြင်းကို ကျွန်တော်ဝေခွဲမိလာသည်။
ကျွန်တော်တို့နှစ်ယောက်တွေ့ကြသည်မှာ မန္တလေးဆေးတက္ကသိုလ် ပထမနှစ်မှာဖြစ်သည်။ ယောကျာင်္းဆန်ဆန်နှင့် ပွင့်ပွင့်လင်းလင်းနေတတ်သောသူနှင့် အပေါင်းအသင်းမ၀င်ဆန့်သော်လဲ အားနာတတ်သော ကျွန်တော်တို့နှစ်ယောက် သူငယ်ချင်းဖြစ်သွားကြသည်မှာတော့ သိပ်မဆန်းလှသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ သူကယောကျာင်္းလေးအပေါင်းအသင်းပေါသည်။ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး သူဖတ်ဖူးသော စာအုပ်များအကြောင်း၊ သူသိသောစာရေးဆရာများအကြောင်း စိတ်ဝင်တစားပြောနေရလျှင် ဘာကိုမဆိုမေ့နေတတ်သည်။ ကျွန်တော်ကြိုက်လိုသောမိန်းကလေးထဲတွင် လက်ဖက်ရည်ဆိုင်ထိုင်တတ်သော မိန်းကလေးများမပါဝင်ပါ။ သို့သော် သူ့တစ်ယောက်ကိုဖြင့် ချွင်းချက်အဖြစ် မြင်နေမိသည်မှာ ဘက်လိုက်တတ်သောအတ္တစိတ်မှလာသည့် ကျွန်တော့်အချစ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ သူ့စရိုက်ထဲတွင် ကျွန်တော်အကြိုက်ဆုံးအချက်မှာ ပွင့်လင်းစွာပြောတတ်ခြင်းဖြစ်သည်။ သူကရုပ်ရှင်လဲ အလွန်ကြိုက်သည်။ ရုပ်ရှင်ကားတိုင်းကို ကြည့်တာမျိုးမဟုတ်ပေမယ့် သူကြိုက်သည့်ကားဆိုလျင် ဘယ်လိုအကြောင်းမျိုးရှိနေနေ ကြည့်ဖြစ်အောင်ကိုကြည့်သည်။ တစ်ခါတလေ အတန်းချိန်နှင့်တိုက်နေသည့်တိုင်အောင် စနေ၊ တနင်္ဂနွေအထိမစောင့်ပဲ အတန်းလစ်၍သွားကြည့်တတ်သည်။ ချစ်သူတွေဖြစ်လာကြတော့လဲ၊ အဲဒီအချက်က ကျွန်တော်တို့နှစ်ယောက်ကို ခဏခဏစကားများစေသော အကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။
- “မောင် ဒီနေ့ ရုပ်ရှင်သွားကြည့်ကြမယ်။ ၀င်းလိုက်မှာတင်တဲ့ကားကောင်းတယ်တဲ့။ မောင်လိုက်ခဲ့မယ်မို့လား’
- ‘မောင်ဒီနေ့ လက်တွေ့ခန်းဝင်ရဦးမှာ၊ နက်ဖြန်မှသွားကြမယ်လေ။ နက်ဖြန်ဆို ကျောင်းပိတ်တယ်’
- ‘ဟာ မောင်ကလဲ ချစ်ကဒီနေ့ကြည့်ချင်တာ။ ရုံတင်တင်ချင်းကြည့်မှ ပိုပြီးအရသာရှိတာမောင်ရ’
အဲဒီနေ့က ကျွန်တော်လိုက်မသွားဖြစ်ခဲ့ပါ။ ကျွန်တော်မလိုက်လဲ သူသွားကြည့်လိမ့်မည်ဟု ကျွန်တော်ထင်နေခဲ့သည်။ သူကလဲ သေချာပေါက်ကိုသွားကြည့်ဖြစ်ခဲ့သည်။ သူငယ်ချင်းတောင်မပါ၊ သူတစ်ယောက်တည်း။ ယောကျာင်္းလေးတစ်ယောက်တည်း ရုပ်ရှင်သွားကြည့်သည်မှာ သိပ်ပြီးထူးဆန်းလှသောအလုပ်မဟုတ်သော်လည်း၊ မိန်းကလေးတစ်ယောက်တည်းရုပ်ရှင်သွားကြည့်သည်ကို လုံးဝမသင့်တော်သော လုပ်ရပ်အဖြစ် ငယ်စဉ်တည်းက အရိုးစွဲစွာ ယုံကြည်ခဲ့သော ကျွန်တော့်အဖို့ သူ့လုပ်ရပ်ကို အရမ်းစိတ်ဆိုးမိသည်။ သူနှင့်လုံးဝမတွေ့တော့ပဲ နန်းရှေ့က ကျွန်တော့်အိမ်လေးတွင် ကျွန်တော်တစ်ယောက်ထဲ သွားပြီးအခန်းအောင်းနေမိတော့သည်။
ထိုအိမ်လေးမှာလဲ သူနှင့်ကျွန်တော်၏ ဘူမိနက်သန်နေရာမှန်လေးဖြစ်သည်။ သူက အဆောင်ရသော်လည်း ကျွန်တော်ကအဆောင်မရ။ အဆောင်နေသူငယ်ချင်းများနှင့် နေလိုရသော်လည်း၊ ဇီဇာကြောင်တတ်သော ကျွန်တော့်စိတ်က ခွင့်မပြု။ ဤသို့နှင့် ဒီအိမ်လေးငှားဖို့ဖြစ်လာသည်။ စဘော်တင်ဖို့ ပိုက်ဆံကလဲ ထိုအချိန်က အလုံအလောက်မရှိ။ သူကတစ်ဝက်စိုက်ထားပေးမယ်၊ နောက်မှပြန်ဆပ်ပေါ့ဆိုသည်နှင့် အိမ်လေးကို ငှားဖြစ်သွားသည်။
ကျွန်တော်စိတ်ဆိုးသည့်အခါတိုင်း စိတ်ရှည်လက်ရှည်ချော့တတ်သောသူ့ကို ထိုနေ့ကလဲ ကျွန်တော်မျှော်နေမိသည်။ ကျွန်တော်ကထမင်းကို ကိုယ်တိုင်ချက်မစား။ ဆိုင်မှဝယ်စားသည်။ တစ်ခါတရံ (သို့သော် ခဏခဏ) ပိုက်ဆံပြတ်သည့်အခါများတွင် သူငယ်ချင်းတွေနှင့် အဆောင်မှာလိုက်ကပ်စားသည်။ ကျွန်တော်ပိုက်ဆံပြတ်နေသည်ကို သူရိပ်မိလျင်တော့ အဆောင်မှထမင်းကို နှစ်ယောက်စာ သိပ်ထည့်လာပြီး ကျွန်တော်နှင့်အတူလာစားတတ်သည်။ ထိုအချိန်မျိုးဆိုလျင်တော့ အမြဲမကောင်းတတ်သော အဆောင်ထမင်းမှာ နှစ်ယောက်စားလို့ပင်မလောက်။ သူကလဲ အံ့သြရလောက်အောင် မိန်းမမပီသသော မိန်းမဖြစ်သည်။ အချက်အပြုတ်ကို လုံးဝစိတ်မ၀င်စား။ အလွယ်တကူစားလို့ရသော ပေါင်မုန့်လိုမျိုးကိုသာ အမျိုးမျိုးလုပ်စားတတ်သည်။ စိတ်လိုလက်ရရှိလျှင်တော့ အမျိုးစုံအောင်ချက်ကျွေးတတ်သည်။ ကျွန်တော်စိတ်ဆိုးနေလျင် သူချော့တတ်သည်မှာ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ကျွန်တော့်ကို စားစရာတစ်ခုခုနှင့် ခွံ့၍ချော့သည်။ နောက်တစ်မျိုးမှာ တစ်အိမ်လုံး ကျွန်တော်ရှုပ်ထားသမျှတွေ ဖဲချပ်တွေ၊ အ၀တ်ညစ်တွေကို စနစ်တကျ သိမ်းဆည်းလျှော်ဖွတ်ပေးတတ်ခြင်းဖြစ်သည်။ ကျွန်တော်မှတ်မိသလောက် သူ့ကို ဘယ်တုန်းကမှ ကျွန်တော်မချော့ဖူးခဲ့ပါ။ သူကစိတ်ကောက်ဖို့ကြိုးစားလျင် ကျွန်တော်က သူ့ထက်ဦးအောင် အရင်ကောက်ပစ်လိုက်သည်။ နောက်ဆုံးတော့ သူပဲကျွန်တော့်ကိုချော့ရသည်။ အဲဒီနေ့ကလဲ သူဘယ်ပုံမျိုးချော့မည်ဆိုသည်ကို ကျွန်တော်မျော်နေမိသည်။ ညနေဆောင်းတော့ သူရောက်လာသည်။ သူရောက်ပြီဆိုတာသိမှ ကျွန်တော်က ခုတင်ပေါ်မှာ မှောက်နေလိုက်သည်။
‘ဟော မောင် ဘာမှမစားရသေးဘူးလား။ ကြည့်ပါဦး မှောက်အိပ်နေတယ်၊ လာ ချစ်ခွံ့ကျွေးမယ် ထ’
ကျွန်တော်က မကြားချင်ဟန်ဆောင်၍ ပေကပ်ပြီး ဆက်လှဲနေသည်။
‘မောင်ကလဲကွာ အဲလိုကြီးမနေပါနဲ့။ မောင်စိတ်ကောက်တော့ ချစ်လဲဘယ်စိတ်ကောင်းပမလဲ၊ မောင်မကြိုက်ရင် ချစ်တစ်ယောက်တည်း ရုပ်ရှင်သွားမကြည့်တော့ဘူးနော်။ ခုဟာကလဲ လက်မှတ်ကအဆင်ပြေသွားလို့ လက်လွတ်မခံချင်လို့ သွားကြည့်လိုက်တာ’
‘မင်းက ငါ့ကိုတော့လက်လွတ်ခံနိုင်တယ်ပေါ့လေ။ ဒါဆိုဘာလို့လာနေသေးလဲ၊ ရုပ်ရှင်ပဲသွားကြည့်ပါလား’
ကျွန်တော်က သူ့ကိုစိတ်ဆိုးလျင် မင်းနှင့်ငါနှင့်ပြောတတ်ပြီး၊ ကျန်တဲ့အချိန်များမှာတော့ ချစ်နှင့်မောင်နှင့် ချစ်မောင်ပြောတတ်သည်။
‘လက်လွတ်မခံနိုင်ပါဘူးမောင်ရယ်၊ အဲဒါကြောင့်လဲ ခုရောက်လာခဲ့ပြီလေ။ ကဲထပါတော့ ဒီမှာ ပေါင်မုန့်ကိုထောပတ်သုတ်ပြီး သကြားလေးဖြူးထားတယ်။ စားလိုက်နော်၊ ချစ်ခွံ့ကျွေးမယ်။ ကဲလာ’
သူက ကျွန်တော့်ကိုယ်လုံးကြီးကို မနိုင်မနင်းနဲ့ ဆွဲမတယ်။ ကျွန်တော်က အလိုက်သင့်လိုက်ထိုင်မိသော်လဲ မျက်နှာကို အတတ်နိုင်ဆုံးသုန်မှုန်ထားလိုက်တယ်။
‘မောင်က စိတ်ဆိုးနေလဲ ချစ်ဖို့ကောင်းတာပဲနော်။ တစ်ကယ်ပြောတာ ဒီထက်ပိုပြီးမဲ့ပြလိုက်ရင် မောင်ပိုချောလာမယ်သိလား။ မောင့်ကိုချစ်လိုက်တာကွာ’
သူကပြောပြောဆိုဆို ကျွန်တော့်ပါးကိုတစ်ချက်နမ်းလိုက်တယ်။ ပြီးတော့ ကျွန်တော့်နှုတ်ခမ်းဆီကိုပေါ့။
“သွားစမ်းပါကွာ၊ တစ်ကယ်လဲမနမ်းတတ်ပဲနဲ့’။ ကျွန်တော်က ရယ်ကျဲကျဲနဲ့ပြန်ပြောလိုက်တော့ သူပျော်သွားတယ်ဆိုတာ သူ့မျက်နှာမှာ တွေ့လိုက်ရတယ်။ ကျွန်တော်စိတ်ဆိုးပြေသွားပြီဆိုတာ သူသိသွားပြီလေ။ သူ့ကြိုးစားမှုလဲ အောင်မြင်သွားပြီပေါ့။
‘ဘာလို့မနမ်းတတ်ရမှာလဲ ဟိုဖက်တောင်လွန်သေး’
တကယ်က သူ့အနမ်းတွေကို ကျွန်တော်ခုံမင်ပါတယ်။ ရမက်မပါပဲ အချစ်သက်သက်ရဲ့အတွေ့အထိတွေဆိုတာ ကျွန်တော့်အာရုံတွေကနေ ခံစားနေမိတယ်လေ။
“ရည်းစားရမှပဲ နမ်းတဲ့အလုပ်က အခက်ဆုံးဆိုတာသိတော့တယ် မောင်ရေ’
ဒီလိုကျတော့လဲ သူကအရမ်းချစ်ဖို့ကောင်းနေပြန်ရော။ ကျွန်တော့်ရင်ခွင်ထဲမှာ တင်းကျပ်နေအောင် သူ့ကို ပွေ့ဖက်ထားမိတယ်။
သြော်ခုဆိုရင်တော့ သူဘယ်သူ့ရင်ခွင်မှာရောက်နေပြီလဲ။ သတင်းစာထဲမှာ လက်ထပ်သတင်းမတွေ့ရသေးပေမယ့်၊ ချစ်သူရည်းစား နောက်တစ်ယောက်ရမနေဘူးလို့ ဘယ်သူကပြောနိုင်လို့လဲ။
အိမ်တံခါးလေးကို တွန်းဖွင့်လိုက်တော့ မဖွင့်တာကြာလို့လားမသိ ကျွီဆိုသောမြည်သည့်အသံက ကျွန်တော့်စိတ်ကို ပိုမိုလှုပ်ရှားစေသည်။ မနေတာကြာပြီဆိုတော့ အိမ်လေးမှာ ဖုံကတထောင်းထောင်း။ ဟိုတုန်းကတော့ ဒီအိမ်လေးမှာ ကျွန်တော်ပစ်ထားခဲ့သော အ၀စ်တွေ တို့လို့တွဲလောင်းရှိနေမည်၊ ဆေးလိပ်တိုစတွေလဲ ကြမ်းပေါ်မှာ ဟိုတစ်စဒီတစ်စတွေ့နိုင်သေးသည်။ တစ်ခါတရံတော့ သူသိမ်းဆည်းပေးသွားတတ်လို့ အတော်သပ်ရပ်နေတတ်သည်။ သူ့အနံ့တွေကတော့ အိမ်လေးထဲမှာ ကျန်ရစ်နေသယောင်ယောင်။ အိမ်လေးအတွင်းသို့ သူဝင်လာတိုင်းပြောလေရှိသည့်စကားတစ်ခွန်းကတော့
‘မောင် ဒီအိမ်လေးထဲကိုဝင်တိုင်း ကျွန်မတော့ သစ်တော်သီးနံ့ရသလိုလိုပဲနော်၊ မောင်ရော အဲဒီအနံ့မျိုးရလားဟင်’
‘ဟုတ်လား’ - ကျွန်တော်က စိတ်မ၀င်စားသလိုမျိုးနဲ့၊ ဘာအဖြေမှပြန်မပြောဖြစ်ခဲ့။ ခုတော့ ကျွန်တော့်စိတ်ထဲမှာလဲ သစ်တော်သီးနံ့လိုလို အနံ့တစ်မျိုးမျိုးရနေသလိုလို။ ဖြစ်နိုင်လျှင် ဒီလိုညနေမျိုးမှာ ဒီအိမ်လေးဆီ သူ့ကိုပြန်လာစေချင်ပါသေးသည်။ မိုးရေထဲမှာ ထီးယူဖို့ဘယ်တော့သတိမရတတ်သော မိန်းမတစ်ယောက်ကို၊ တံခါးဝကနေ ခါးထောက်၍ ကရုဏာဒေါသောနှင့် ဆူချင်ပါသေးသည်။ အဲဒီလို ကျွန်တော်ကဆူလိုက်လျင် အရင်ကလိုပဲ သူက မချိုမချဉ်ပုံစံမျိုးနဲ့ ပုခုံးတွန့်ပြကာ
-‘ဆောရီး ဆရာ၊ ကျွန်မထီးယူဖို့မေးသွားတယ်’ လို့ပြန်ပြောဦးမှာလား။ ခုချိန်ဆိုရင်တော့ ကျွန်တော့်နေရာမှာ သူ့ဆံပင်တွေကို ခြောက်သွေ့အောင် သုတ်ပေးမယ့် သဘက်တစ်ထည်နဲ့စောင့်နေတဲ့ ယောကျာင်္းတစ်ယောက်ယောက် သူ့နားမှာရှိနေနိုင်တာပဲလေ။ ကျွန်တော်မီးခလုတ်လေးကို နှိပ်လိုက်တော့ ကံကောင်းစွာပင် မီးလာနေချိန်နှင့် တိုင်ဆိုင်နေလို့လားမသိ၊ အခန်းလေးမှာမီးလင်းသွားသည်(မီးခဏခဏပြတ်သည့်ကိစ္စမှာလဲ သူနှင့်ကျွန်တော် ဆွေးနွေးလို့မဆုံးနိုင်သောကိစ္စတစ်ခုဆိုသည်ကို ခုထိကျွန်တော် မမေ့နိုင်သေးပါ)။ ခုမှ အခန်းထောင့်ရှိ ရေအိုးစင်လေးမှာ သောက်သုံးသူမဲ့ ရေဖြည့်သူမဲ့နှင့် ခြောက်သွေ့အက်ကွဲ၍နေသည်ကို မြင်ရသည်။ အရင်တုန်းကတော့ ရေအိုးစင်လေးမှာ အမြဲစိုပြေလျက်။ အဲဒီအိုးလေးကလဲ သူကိုယ်တိုင်ပဲ ရွေးဝယ်ပေးခဲ့သည်။
- ‘သဲအိုးလေးက ပိုအေးတယ်မောင်၊ အကြီးကြီးလဲ မကောင်းဘူး။ ရေကအိုးထဲမှာ အကြာကြီးရှိနေရင်မအေးတော့ဘူး။ ရေထည့်ဖို့မပျင်းနဲ့နော်။ အမြဲစိုနေမှ ရေကအေးတာ’
- ‘အေးပါကွာ’
- ‘ရေအိုးစင်ဆိုတာ စိုစိုပြေပြေမှ မင်္ဂလာရှိတာမောင်ရဲ့။ အိုးအပြင်ဖက်ကိုလဲ ရေလောင်းပေးနော်။ ရေအိုးစင်လေး စိုစိုပြေပြေရှိမှ မောင်ဘိုင်မပြတ်မှာ ဟဟ’
သူက အိမ်ကိုလာရင်လဲ ရေအိုးစင်က ရေတစ်ခွက်လောက်သောက်ရင်း
- ‘ခုမှပဲ ရင်ထဲမှာအေးသွားတော့တယ်။ မောင့်မျက်နှာကိုကြည့်ရင်း မောင့်ရေအိုးစင်ကရေကိုသောက်ရလို့ကတော့၊ မန္တလေးနေ ဘယ်လောက်ပြင်းပြင်း မမှုပါဘူး’
အခန်းဟိုဖက်ထောင့်မှာတော့ လိပ်ထောင်ထားတဲ့ သင်ဖျာလေးနှစ်ချပ်က ဖုန်အလိမ်းလိမ်းထလို့။ တစ်ခါတရံ ကျောင်းအားရက်တွေဆိုရင်တော့ သင်ဖျာလေးတစ်ချပ်ခင်းကာ သူဘယ်တော့မှသင်၍မတတ်သည့် ဖဲကစားနည်းမျိုးစုံကို ကျွန်တော်စိတ်မရှည်စွာ သင်ပေးခဲ့ဖူးသည်။ သူကလဲ စိတ်လိုလက်ရသင်ယူပြီးနောက်၊ စိတ်ဝင်စားစွာပင် မေ့ဖျောက်ပစ်တတ်သည်။ မီးဖိုချောင်ထဲမှာတော့ သူကျွန်တော့်အတွက်ထားခဲ့ဟန်ရှိတဲ့ ဖောက်လက်စ နှိုဆီဗူးတစ်ဗူးနှင့် ကော်ဖီမှုန့်ဗူးလေးကိုတွေ့ရသည်။ ကျွန်တော့်အိပ်ခန်းထောင့်က စားပွဲလေးမှာတော့ သူနောက်ဆုံးလာသွားစဉ်က ထိုးသွားသော နှင်းဆီပန်းခြောက်လေးမှာ အိုးထဲတွင် ရိုးတံသာကျန်တော့သည်။ ပွင့်ခြောက်လေးတွေမှာ အောက်သို့ကြွေကျပြီး ဖုန်အလိမ်းလိမ်းနှင့် အလှမဲ့နေသည်။ ကျွန်တော်အသာကောက်ယူနမ်းရှိုက်ကြည့်တော့ ဖုန်နံ့နှင့်ရောနေသော နှင်းဆီနံ့ ပျယ်ပျယ်လေးက ရနေတုန်းပင်။ အိပ်ခန်းထောင့်စားပွဲလေးပေါ်မှာ သူ့ဝတ္ထုများစွာ ရေးခဲ့ဖူးသည်။
- ‘ကျွန်မရေးတဲ့ စာတွေကို မောင်ဘယ်လိုထင်လဲ’ လို့မေးတိုင်း ကျွန်တော့်မှာ အတော်အကျပ်ရိုက်ရသည်။ သူ့စာတွေကို ကျွန်တော်အမြဲမပြတ်ဖတ်ဖြစ်သော်လဲ ဘယ်လိုထင်မိတယ်ဆိုတဲ့ထိအောင် မစဉ်းစားဖူးခဲ့။ ဖတ်ပြီးပြီးရော သဘောမျိုးမဟုတ်သော်လဲ ကျောင်းစာလို လေးလေးနက်နက်ဖတ်ခဲ့တာမျိုးတော့ မဟုတ်။
- ‘အင်း ကောင်းပါတယ်။ သေချာတော့နားမလည်ဘူး’ သူက ကျွန်တော့်အဖြေကို သဘောမကျပုံရသော်လဲ ဘာမှပြန်မပြောပဲ နှုတ်ဆိတ်နေတတ်သည်။ စာပေနှင့် ပတ်သက်လျင်လဲ သူကအစွဲအလမ်းကြီးသည်။ သူ့အပေါင်းအသင်းများထဲတွင် စာအုပ်အဟောင်းရောင်းသော ကုလားလေးများလဲပါသည်။ တစ်ခါတလေ ညဈေးတန်းဖက် စာအုပ်အဟောင်းကြည့်ဖို့ခေါ်လျင် ကျွန်တော်မလိုက်ဖြစ်ခဲ့။ သူက စာအုပ်ဟောင်းဆိုင်တွေရောက်လျင် နှစ်နာရီ သုံးနာရီကြာသည်ကို စောင့်ဖို့လောက်အထိ ကျွန်တော် စိတ်မရှည်နိုင်ခဲ့ပါ။ ခုနေများ သူစာအုပ်ဟောင်းဆိုင်သွားဖို့ လာခေါ်ဖြစ်ခဲ့လျင်တော့ တနေကုန်လဲ ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်ပေးချင်ပါသေးသည်။ အခွင့်အလမ်းဆိုတာကို တစ်ခါပဲပေးတတ်သည့် လောကကြီးက မျက်စိလည်လမ်းမှားပြီး ကျွန်တော့်အလှည့်ကျမှ နှစ်ခါပေးခဲ့ရင်ပေါ့။ သူ့စာပေမိတ်ဆွေများနှင့် ပတ်သက်၍လဲ ကျွန်တော်က နည်းနည်းလေးမှ သဘောထားမကြီးနိုင်ပါ။ သူ့စာကို သဘောကျ၍ လာရောက်မိတ်ဆက်ကြသော ယောကျာင်္းလေး ပရိသတ်များနှင့်လဲ ကျွန်တော်က သ၀န်တိုတတ်သည်။ သူ့ဖက်ကကြည့်လျင် လူမှုရေးကရှိသေးသည်ကို ကျွန်တော်နားလည်သော်လဲ သူ့အပေါ်စိတ်မချရာမှ ဖြစ်ပေါ်လာသည့် ကျွန်တော့်သ၀န်တိုစိတ်ကိုတော့ ဘယ်တုန်းကမှ ကျွန်တော်မတားဆီးနိုင်ခဲ့ပါ။
- ‘ချစ်သာ မင်းသမီးဆိုရင်တော့ မောင်တော့မလွယ်ဘူး။ စာရေးဆရာမဖြစ်နေလို့ ကံတရားကို ကျေးဇူးတင်ရတယ်တော်ရေ’
- ‘မင်းရုပ်ရည် မင်းအရပ်နဲ့ မင်းသမီးဖြစ်ဖို့အထိ စိတ်ကူးတာတော့ လွန်တာပေါ့ကွာ’
- ‘အဲဒီရုပ်ရည်နဲ့ အဲဒီအရပ်ကိုပဲ မောင်ကိုယ်တိုင်ရွေးချယ်ခဲ့တာမို့လား”
- ‘အဲဒီတုန်းက မလိမ်မိုးမလိမ်မာမို့ပါကွာ’
- ‘အင်းပါ မောင်နဲ့ စကားအနိုင်လုမိတာကိုက ကျွန်မအမှားပါ’
သူက ကျွန်တော့်ကို ဘယ်တုန်းကမှ စကားအနိုင်မယူခဲ့သလို ကျွန်တော်ကလဲ သူ့ကို ဘယ်တုန်းကမှ အရှုံးမပေးခဲ့ ပါ။ ကျွန်တော့်အရပ်မှာ ခြောက်ပေနီးပါးရှိသလောက် သူ့အရပ်မှာတော့ မိန်းကလေးထဲမှာ ပုသည်ဟု သတ်မှတ်ခံထားရသည်။ ကျွန်တော်တို့ အတူလျှောက်သွားလျင် ဘေးလူတွေရီနေကြလိမ့်မည်ဟု ကျွန်တော်က မလုံမလဲတွေးမိသော်လည်း၊ သူကထိုအချက်ကိုပင် ဂုဏ်ယူနေတတ်သည်။
- ‘ကျွန်မက အရပ်ပုပေမယ့်၊ ရည်းစားထားရင်တော့ အရပ်ရှည်တဲ့သူကိုမှထားမယ်လို့ စိတ်ကူးယဉ်ခဲ့တာလေ။ ခုတော့မောင်က ကျွန်မစိတ်ကူးတွေကို ဖြည့်ဆည်းပေးလိုက်ပြီ။ ဘယ်လောက်ပျော်စရာကောင်းလဲနော်မောင်’
- ‘မောင်ကတော့ မောင့်ရည်းစားက လှယဉ်ကျေးမယ်တွေလို ရှည်ရှည်သွယ်သွယ်လေးရှိရမယ်လို့ စိတ်ကူးယဉ်ခဲ့တာ။ ဘယ်လိုဖြစ်လို့များ ဒီအပုနဲ့လာတွေ့နေရပါလိမ့်’ လို့ ကျွန်တော်က သူမခံချင်အောင်ပြောရင်
- ‘ဒီခေတ်က အိုင်တီခေတ်လေ။ စုံတွဲတွေလဲ အိုင်တီပဲဖြစ်ရမှာပေါ့’ လို့ ရယ်ရယ်မောမောနဲ့ပြန်ပြောတတ်တယ်။
သူ့အရပ်နှင့်လှမ်းမမှီသော ကျွန်တော့်နံရံကပ်စာအုပ်စင်လေးပေါ်မှာတော့ ဖုန်တင်နေသော မဂ္ဂဇင်းတချို့က ဖတ်သူမဲ့စွာ လဲလျောင်းလျက်။ အိမ်လေးထဲမှာရှိတဲ့ ပစ္စည်းတိုင်းက ခုတော့ ပိုင်ရှင်မဲ့နေပြီလေ။ ပစ္စည်းတွေတင်မဟုတ်ပါဘူး၊ ကျွန်တော်ကိုယ်တိုင်လည်း ပိုင်ရှင်မဲ့နေတာပဲမို့လား။ အစကတော့ ခုတင်ပေါ်မှာတက်လှဲရင်း သူနဲ့ကျွန်တော့်အကြောင်းတွေဆက်စဉ်းစားမလို့ပါပဲ။ နောက်တော့ ခုတင်ကလှဲလို့မရအောင် ဖုန်တွေရှိနေတာရယ်၊ ဘာမှလုပ်ချင်စိတ်မရှိတာရယ်ကြောင့်၊ အပြင်ဖက်ကိုထွက်လာခဲ့တယ်။
ခြံအ၀င်လမ်းလေးတစ်လျောက်က မိုးရာသီသွားလဲအဆင်ပြေအောင် အုတ်ချပ်လေးတွေစီပြီး သူနဲ့ကျွန်တော်ခင်းခဲ့တယ်။ စိတ်ကူးယဉ်တတ်တဲ့ သူ့အတွေးတွေအတိုင်း အုတ်ချပ်လေးတွေကို ဆေးဖြူသုတ်ပြီးမှ စိတ်ရှည်လက်ရှည် နှစ်ယောက်သားခင်းခဲ့တာပေါ့။
‘အုတ်ချပ်လေးတွေကို ဆေးသုတ်လိုက်တော့ ရေညှိလဲမတက်တော့ဘူးလေ။ ညဖက်ရောက်တော့လဲ အလွယ်တကူမြင်နိုင်တာပေါ့။ လှလဲလှတယ်နော်မောင်’
‘ဒါမျိုးကျတော့ ချစ်က စာရေးဆရာမပီသသွားပြန်ရော’
အုတ်ခင်းလမ်းလေးရဲ့ ဘေးတစ်ဖက်တချက်မှာတော့ နှင်းဆီပန်းရုံလေးတွေ ဟိုတစ်စုဒီတစ်စုစိုက်ထားတယ်။ အဲဒီအပင်တွေကလဲ သူပဲ စိတ်လိုလက်ရ ပြုစုတာပါ။ ကျွန်တော်က ရေလောင်းဖို့တောင် အမြဲမေ့နေတတ်တယ်။ ခုတော့ တစ်ချို့အပင်တွေက ခြောက်တောင်နေကြပြီ။ ပြုစုသူမဲ့မှတော့ ဘာမဆို ခြောက်သွေ့နေကြပြီပေါ့။
ဘာလိုလိုနဲ့ သူနဲ့ကျွန်တော်မတွေ့ဖြစ်ကြတာ တစ်နှစ်တောင်ရှိလောက်ရောပေါ့။ တစ်နှစ်ဆိုတာဘာမှမကြာလိုက်ပေမယ့် အပြောင်းအလဲတွေကတော့ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့တယ်။ အဓိကကတော့ ကျွန်တော့်ရဲ့ခေါင်းမာမှုနဲ့ သူ့အပေါ်မယုံကြည်မှုတွေကြောင့်ပါ။ ချစ်ခဲ့ကြတုန်းကတော့ ဒီနေရာပတ်ဝန်းကျင်လေးတွေမှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ခြေရာမရှိတဲ့နေရာဆိုတာ မရှိသလောက်ပါပဲ။ ဆောင်းရာသီလို မနက်စောစောစီးစီးမှာ ရန်ကင်းတောင်ခြေအထိ စက်ဘီးလေးစီးရင်း နွားနို့သွားသောက်ကြတယ်။
‘ဒီဖက်ကနေဆက်သွားရင် သမကောလိပ်ကိုရောက်တယ်လေ။ မောင်အားရင် အဲဒီက ကောင်မလေးတွေ သွားရှိတ်ပေါ့။ ဟိုဖက်ဆက်သွားရင်တော့ စက်မှုတက္ကသိုလ်ရောက်ပြီ။ အဲဒီတော့သွားမရှိတ်နဲ့၊ မောင့်ကို တီနဲ့ဝိုင်းရိုက်ကြလိမ့်မယ်’
‘မင်းက ဒီနေရာတွေကျွမ်းတယ်ပေါ့လေ’
‘ကျွမ်းတာပေါ့။ ဟိုဖက် ရေတံခွန်တောင်အထိရောက်ဖူးတယ်။ တောင်ခြေမှာ ဘုန်းကြီးကျောင်းရှိတယ်လေ။ အဲဒီနားက အရမ်းသာယာတယ်။ အရှေ့ဖက်မှာက တောင်တန်းကြီးတွေ။ ဘေးပတ်ပတ်လည်မှာက လယ်ကွင်းတွေချည်းပဲ။ နောက်အားရင် မောင်နဲ့အတူသွားကြမယ်လေ။’
‘ချစ်ကတောင်တန်းတွေကို ကြည့်ရတာကြိုက်လား’
‘ကြိုက်တာပေါ့။ သူတို့ကိုကြည့်ရင်း သူတို့ဆီက ခွန်အားတစ်ခုခုရသလိုမျိုးခံစားရတယ်။ တောင်တန်းတွေကို သဘောကျလို့လဲ တောင်ပေါ်သားကို ရည်းစားတော်ခဲ့တာပေါ့’
ကျွန်တော်ကတစ်ကယ်တော့ တောင်ပေါ်သားအစစ်မဟုတ်ပါဘူး။ မြန်မာပြည်အောက်ပိုင်းကပဲ။ မိဘတွေတာဝန်ကျရာ လိုက်ပြောင်းရင်း တောင်ပေါ်မြို့မှာပဲ သောင်တင်နေတာ။
‘မောင်လဲ တောင်ပေါ်ဒေသမှာ နေနေရပေမယ့်၊ တောင်တန်းတွေကို ကြည့်ရတာ မငြီးငွေ့ဘူး။ ဘယ်တော့ကြည့်လိုက်ကြည့်လိုက် စိတ်ကြည်နူးမှုအမြဲရတယ်။’
‘ဟိုးရှေးဖက်ကတောင်တန်းတွေပေါ်ကို ဆက်တက်သွားရင် မြခနောက်တောင်ဆိုတာကို ရောက်တယ်။ အဲဒီတောင်ပေါ်မှာ ဘုန်းကြီးကျောင်းရှိတယ်။ တောင်ပေါ်ကိုရောက်သွားရင် စစ်ကိုင်းအထိလှမ်းမြင်ရတယ်တဲ့။ ကျွန်မတော့လေ တစ်ခါတလေ အမြင့်ဆုံးဆိုတဲ့နေရာကိုတက်ပြီး လူတွေကိုအပေါ်စီးကနေ ကြည့်ကြည့်ချင်တယ်။ လူဆိုတာ တစ်ကယ့်အစက်ပြောက်လေးပါလားဆိုတာ မြင်လာတဲ့အထိလေ။ မနိုင်မနင်းအတ္တတွေကို သူတို့ခန္ဓာကိုယ်သေးသေးလေးနဲ့ ကို့ရို့ကားရားထမ်းပိုးထားတာကို အရသာခံကြည့်ချင်တာ။ ပြောကြတာတော့ အဲဒီတောင်ပေါ်ကို သုံးခေါက်တက်ဖူးရင် နိုင်ငံခြားသွားရတယ်ဆိုလား။ စက်မှုကျောင်းက ကျောင်းသားတွေတော့ တက်ကြတယ်ပြောတယ်။ နိုင်ငံခြားမသွားရရင်နေပါ၊ ခဏတာစိတ်ချမ်းသာမှုရတယ်ဆိုရင်လဲ နည်းလားလေနော်’
‘မောင်တို့လဲ အဆင်ပြေတဲ့အချိန်တက်ကြတာပေါ့’
သူက ထမင်းဟင်းချက်ရတာ ပျင်းသလို၊ ထမင်းဟင်းကိုလဲ ဟက်ဟက်ပက်ပက်မကြိုက်ပါ။ မင်းသီဟပဲကိတ်လို၊ မန်းမြို့တော် ပေါက်စီလိုမျိုးကိုတော့ ထမင်းလွတ်ပင်စားတတ်သေးသည်။ သူနဲ့ကျွန်တော် နန်းရှေ့ဈေးနားက လက်ဖက်ရည်ဆိုင်မှာထိုင်တုန်းက၊ ဆိုင်မှာချိတ်ထားသောစုဗူးကြီးကို သူစိတ်ဝင်စားသွားသည်။ စုဗူးကြီးက ကျွန်တော်တို့တွေ့ဖူးသမျှထဲတွင် အကြီးဆုံးလောက်ရှိသည်။ ဆီတိုင်ကီကိုများဖြတ်လုပ်ထားလားမပြောတတ်။ ဆိုင်ရှင်က စုဗူးကြီးပေါ်တွင်လဲ စုဗူးဖောက်မည့်နေ့ကိုရေးထားသေးသည်။
- ‘မောင် ကျွန်မတို့လဲ အဲလိုစုကြမယ်လေ။ သူတို့လို အကြီးကြီးတော့မဟုတ်ဘူးပေါ့။ အဲဒီစုဗူးကြီးပြည့်မှ မောင်နဲ့ကျွန်မလက်ထပ်ရမယ်ဆိုရင် ဆယ်နှစ်ကြာရင်တောင် လက်ထပ်ရမှာမဟုတ်ဘူး’
သူနဲ့ကျွန်တော် အနာဂတ်အတွက် စိတ်ကူးထားတာတွေအများကြီးပါ။ ဘုရားကြီးနောက်ဖက်က တစ်ခါစားထမင်းဆိုင်လေးတွေမှာ အတူထိုင်စားချင်ခဲ့သော သူ့ဆန္ဒကိုလဲ ကျွန်တော်မဖြည့်ဆည်းပေးဖြစ်ခဲ့ပါ။ တကယ်လို့ ခုနေများ သူပြန်လာခဲ့ရင် ကျွန်တော်တို့နှစ်ယောက်ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ချင်ပါသေးတယ်။ ဒီအိမ်လေးကို ကျွန်တော်လာသွားခဲ့တယ်ဆိုတာ သူသိရင် ဘယ်လိုများနေမလဲလို့ ကျွန်တော်သိချင်လိုက်တာ။ ကတီပါဖိနပ်ပါးလေးကိုစီးထားသော ခြေဖမိုးဖောင်းဖောင်းနဲ့ ခြေထောက်တစ်စုံကို ကျွန်တော်မျော်နေမိသော်လည်း၊ တကယ်တမ်းတွေ့ရမှာကို ကျွန်တော်ကြောက်ရွံ့နေတာအမှန်ပါ။
- ဒီအိမ်လေးကို မောင်ပြန်လာတယ်လား - ဆိုတဲ့ အံ့သြ၀မ်းသာမှုမျိုးနဲ့ သူနှုတ်ဆက်မှာလား။ ဒါမှမဟုတ်
- ဒါက ကျွန်မနဲ့ကျောင်းတုန်းက သူငယ်ချင်းပေါ့ - လို့ သူ့ဘေးကပါလာနိုင်တဲ့ တစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးမှာလား။ ကျွန်တော်ဆက်မတွေးတတ်တော့ပါ။ ။
(ဂျူး၏အမှတ်တရမှရလာသော စိတ်ကူးလေးတစ်ခုပါ။)
မောင်ဖြူ

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP