အမှတ်တရ၏ နောက်ဆက်တွဲ

>> Saturday, August 11, 2007

သူကြားစေချင်သော
စကားတို့ဖြင့်
သူ့ကိုကြိုဆိုချင်ပါသည်။
သော့ပိတ်ထားသော
အိမ်လေးကိုပြန်အလာတွင်
အထီးကျန်ဖြစ်နေမည့်
သူ့ဆိုင်းဘုတ်ပြားလေးကိုလဲ
ကျွန်တော်မြင်ယောင်မိပါသည်။
မိုးတစ်ဖွဲဖွဲနှင့် ချမ်းစိမ့်စိမ့်အရာသာကိုခံစားရင်း
တစ်ခါက အတူနေခဲ့ဖူးသော
ကျွန်တော်တို့နှစ်ယောက်၏ အိမ်လေးဆီကို
ကျွန်တော်လှမ်းခဲ့မိသည်။
သူသတိတယနဲ့ပဲလား
အမှတ်တမဲ့နဲ့လား
ထားခဲ့သော သော့လေးမှာ
ကျွန်တော့်လက်ထဲမှာ အေးစက်လို့။
ဤတံခါးကို နောက်တစ်ကြိမ်ဖွင့်ဖြစ်လိမ့်မည်ဟု
ကျွန်တော်ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါ။
ခုတော့ ပြန်ဖွင့်မိပြန်ပါပြီ။
ဒီတံခါးလေးကနေ
ကျွန်တော်အတိတ်တွေဆီလဲ
ပြန်သွားဖြစ်ပါဦးမည်
သူနဲ့ကျွန်တော့်ရဲ့အနာဂတ်အတွက်
ဖွင့်လိုက်သောတံခါးလေးလဲ
ဖြစ်နေနိုင်ပါသေးသည်။
မိန်းမတစ်ယောက်ကို အဲဒီလောက်ထိ စွဲလမ်းစွာ ချစ်ခဲ့လိမ့်မည်ဟု ကျွန်တော်ဘယ်တုန်းကမှ မထင်ခဲ့ပါ။ အထူးသဖြင့် ကျွန်တော့်လို ကိုယ့်ကိုယ်ကိုသာ ချစ်တတ်သူတစ်ယောက်အတွက် ပို၍ပင် ဖြစ်နိုင်ချေနည်းလှသည်။ ကျွန်တော်ချစ်မြတ်နိုးလိုသော မိန်းမတစ်ယောက်အတွက်ထားသော စံတွေမှာလဲမနည်းလှ။ သို့သော် သူ့ကိုကျွန်တော်ချစ်ခဲ့သည်။ အကယ်၍ တစ်ယောက်ယောက်က ကျွန်တော်ထားသော မိန်းမတစ်ယောက်အတွက်စံများနှင့် ယခုလက်ရှိ ကျွန်တော်ချစ်နေသူကို နှိုင်းယှဉ်ကြည့်ပါက ကွာဟချက်မှာ တစ်ရာရာနှုန်းဖြစ်နေသည်ကို အံ့သြစွာ တွေ့ရှိရမည်သာ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ချစ်ခြင်းနှင့် ကြိုက်ခြင်းကို ကျွန်တော်ဝေခွဲမိလာသည်။
ကျွန်တော်တို့နှစ်ယောက်တွေ့ကြသည်မှာ မန္တလေးဆေးတက္ကသိုလ် ပထမနှစ်မှာဖြစ်သည်။ ယောကျာင်္းဆန်ဆန်နှင့် ပွင့်ပွင့်လင်းလင်းနေတတ်သောသူနှင့် အပေါင်းအသင်းမ၀င်ဆန့်သော်လဲ အားနာတတ်သော ကျွန်တော်တို့နှစ်ယောက် သူငယ်ချင်းဖြစ်သွားကြသည်မှာတော့ သိပ်မဆန်းလှသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ သူကယောကျာင်္းလေးအပေါင်းအသင်းပေါသည်။ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး သူဖတ်ဖူးသော စာအုပ်များအကြောင်း၊ သူသိသောစာရေးဆရာများအကြောင်း စိတ်ဝင်တစားပြောနေရလျှင် ဘာကိုမဆိုမေ့နေတတ်သည်။ ကျွန်တော်ကြိုက်လိုသောမိန်းကလေးထဲတွင် လက်ဖက်ရည်ဆိုင်ထိုင်တတ်သော မိန်းကလေးများမပါဝင်ပါ။ သို့သော် သူ့တစ်ယောက်ကိုဖြင့် ချွင်းချက်အဖြစ် မြင်နေမိသည်မှာ ဘက်လိုက်တတ်သောအတ္တစိတ်မှလာသည့် ကျွန်တော့်အချစ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ သူ့စရိုက်ထဲတွင် ကျွန်တော်အကြိုက်ဆုံးအချက်မှာ ပွင့်လင်းစွာပြောတတ်ခြင်းဖြစ်သည်။ သူကရုပ်ရှင်လဲ အလွန်ကြိုက်သည်။ ရုပ်ရှင်ကားတိုင်းကို ကြည့်တာမျိုးမဟုတ်ပေမယ့် သူကြိုက်သည့်ကားဆိုလျင် ဘယ်လိုအကြောင်းမျိုးရှိနေနေ ကြည့်ဖြစ်အောင်ကိုကြည့်သည်။ တစ်ခါတလေ အတန်းချိန်နှင့်တိုက်နေသည့်တိုင်အောင် စနေ၊ တနင်္ဂနွေအထိမစောင့်ပဲ အတန်းလစ်၍သွားကြည့်တတ်သည်။ ချစ်သူတွေဖြစ်လာကြတော့လဲ၊ အဲဒီအချက်က ကျွန်တော်တို့နှစ်ယောက်ကို ခဏခဏစကားများစေသော အကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။
- “မောင် ဒီနေ့ ရုပ်ရှင်သွားကြည့်ကြမယ်။ ၀င်းလိုက်မှာတင်တဲ့ကားကောင်းတယ်တဲ့။ မောင်လိုက်ခဲ့မယ်မို့လား’
- ‘မောင်ဒီနေ့ လက်တွေ့ခန်းဝင်ရဦးမှာ၊ နက်ဖြန်မှသွားကြမယ်လေ။ နက်ဖြန်ဆို ကျောင်းပိတ်တယ်’
- ‘ဟာ မောင်ကလဲ ချစ်ကဒီနေ့ကြည့်ချင်တာ။ ရုံတင်တင်ချင်းကြည့်မှ ပိုပြီးအရသာရှိတာမောင်ရ’
အဲဒီနေ့က ကျွန်တော်လိုက်မသွားဖြစ်ခဲ့ပါ။ ကျွန်တော်မလိုက်လဲ သူသွားကြည့်လိမ့်မည်ဟု ကျွန်တော်ထင်နေခဲ့သည်။ သူကလဲ သေချာပေါက်ကိုသွားကြည့်ဖြစ်ခဲ့သည်။ သူငယ်ချင်းတောင်မပါ၊ သူတစ်ယောက်တည်း။ ယောကျာင်္းလေးတစ်ယောက်တည်း ရုပ်ရှင်သွားကြည့်သည်မှာ သိပ်ပြီးထူးဆန်းလှသောအလုပ်မဟုတ်သော်လည်း၊ မိန်းကလေးတစ်ယောက်တည်းရုပ်ရှင်သွားကြည့်သည်ကို လုံးဝမသင့်တော်သော လုပ်ရပ်အဖြစ် ငယ်စဉ်တည်းက အရိုးစွဲစွာ ယုံကြည်ခဲ့သော ကျွန်တော့်အဖို့ သူ့လုပ်ရပ်ကို အရမ်းစိတ်ဆိုးမိသည်။ သူနှင့်လုံးဝမတွေ့တော့ပဲ နန်းရှေ့က ကျွန်တော့်အိမ်လေးတွင် ကျွန်တော်တစ်ယောက်ထဲ သွားပြီးအခန်းအောင်းနေမိတော့သည်။
ထိုအိမ်လေးမှာလဲ သူနှင့်ကျွန်တော်၏ ဘူမိနက်သန်နေရာမှန်လေးဖြစ်သည်။ သူက အဆောင်ရသော်လည်း ကျွန်တော်ကအဆောင်မရ။ အဆောင်နေသူငယ်ချင်းများနှင့် နေလိုရသော်လည်း၊ ဇီဇာကြောင်တတ်သော ကျွန်တော့်စိတ်က ခွင့်မပြု။ ဤသို့နှင့် ဒီအိမ်လေးငှားဖို့ဖြစ်လာသည်။ စဘော်တင်ဖို့ ပိုက်ဆံကလဲ ထိုအချိန်က အလုံအလောက်မရှိ။ သူကတစ်ဝက်စိုက်ထားပေးမယ်၊ နောက်မှပြန်ဆပ်ပေါ့ဆိုသည်နှင့် အိမ်လေးကို ငှားဖြစ်သွားသည်။
ကျွန်တော်စိတ်ဆိုးသည့်အခါတိုင်း စိတ်ရှည်လက်ရှည်ချော့တတ်သောသူ့ကို ထိုနေ့ကလဲ ကျွန်တော်မျှော်နေမိသည်။ ကျွန်တော်ကထမင်းကို ကိုယ်တိုင်ချက်မစား။ ဆိုင်မှဝယ်စားသည်။ တစ်ခါတရံ (သို့သော် ခဏခဏ) ပိုက်ဆံပြတ်သည့်အခါများတွင် သူငယ်ချင်းတွေနှင့် အဆောင်မှာလိုက်ကပ်စားသည်။ ကျွန်တော်ပိုက်ဆံပြတ်နေသည်ကို သူရိပ်မိလျင်တော့ အဆောင်မှထမင်းကို နှစ်ယောက်စာ သိပ်ထည့်လာပြီး ကျွန်တော်နှင့်အတူလာစားတတ်သည်။ ထိုအချိန်မျိုးဆိုလျင်တော့ အမြဲမကောင်းတတ်သော အဆောင်ထမင်းမှာ နှစ်ယောက်စားလို့ပင်မလောက်။ သူကလဲ အံ့သြရလောက်အောင် မိန်းမမပီသသော မိန်းမဖြစ်သည်။ အချက်အပြုတ်ကို လုံးဝစိတ်မ၀င်စား။ အလွယ်တကူစားလို့ရသော ပေါင်မုန့်လိုမျိုးကိုသာ အမျိုးမျိုးလုပ်စားတတ်သည်။ စိတ်လိုလက်ရရှိလျှင်တော့ အမျိုးစုံအောင်ချက်ကျွေးတတ်သည်။ ကျွန်တော်စိတ်ဆိုးနေလျင် သူချော့တတ်သည်မှာ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ကျွန်တော့်ကို စားစရာတစ်ခုခုနှင့် ခွံ့၍ချော့သည်။ နောက်တစ်မျိုးမှာ တစ်အိမ်လုံး ကျွန်တော်ရှုပ်ထားသမျှတွေ ဖဲချပ်တွေ၊ အ၀တ်ညစ်တွေကို စနစ်တကျ သိမ်းဆည်းလျှော်ဖွတ်ပေးတတ်ခြင်းဖြစ်သည်။ ကျွန်တော်မှတ်မိသလောက် သူ့ကို ဘယ်တုန်းကမှ ကျွန်တော်မချော့ဖူးခဲ့ပါ။ သူကစိတ်ကောက်ဖို့ကြိုးစားလျင် ကျွန်တော်က သူ့ထက်ဦးအောင် အရင်ကောက်ပစ်လိုက်သည်။ နောက်ဆုံးတော့ သူပဲကျွန်တော့်ကိုချော့ရသည်။ အဲဒီနေ့ကလဲ သူဘယ်ပုံမျိုးချော့မည်ဆိုသည်ကို ကျွန်တော်မျော်နေမိသည်။ ညနေဆောင်းတော့ သူရောက်လာသည်။ သူရောက်ပြီဆိုတာသိမှ ကျွန်တော်က ခုတင်ပေါ်မှာ မှောက်နေလိုက်သည်။
‘ဟော မောင် ဘာမှမစားရသေးဘူးလား။ ကြည့်ပါဦး မှောက်အိပ်နေတယ်၊ လာ ချစ်ခွံ့ကျွေးမယ် ထ’
ကျွန်တော်က မကြားချင်ဟန်ဆောင်၍ ပေကပ်ပြီး ဆက်လှဲနေသည်။
‘မောင်ကလဲကွာ အဲလိုကြီးမနေပါနဲ့။ မောင်စိတ်ကောက်တော့ ချစ်လဲဘယ်စိတ်ကောင်းပမလဲ၊ မောင်မကြိုက်ရင် ချစ်တစ်ယောက်တည်း ရုပ်ရှင်သွားမကြည့်တော့ဘူးနော်။ ခုဟာကလဲ လက်မှတ်ကအဆင်ပြေသွားလို့ လက်လွတ်မခံချင်လို့ သွားကြည့်လိုက်တာ’
‘မင်းက ငါ့ကိုတော့လက်လွတ်ခံနိုင်တယ်ပေါ့လေ။ ဒါဆိုဘာလို့လာနေသေးလဲ၊ ရုပ်ရှင်ပဲသွားကြည့်ပါလား’
ကျွန်တော်က သူ့ကိုစိတ်ဆိုးလျင် မင်းနှင့်ငါနှင့်ပြောတတ်ပြီး၊ ကျန်တဲ့အချိန်များမှာတော့ ချစ်နှင့်မောင်နှင့် ချစ်မောင်ပြောတတ်သည်။
‘လက်လွတ်မခံနိုင်ပါဘူးမောင်ရယ်၊ အဲဒါကြောင့်လဲ ခုရောက်လာခဲ့ပြီလေ။ ကဲထပါတော့ ဒီမှာ ပေါင်မုန့်ကိုထောပတ်သုတ်ပြီး သကြားလေးဖြူးထားတယ်။ စားလိုက်နော်၊ ချစ်ခွံ့ကျွေးမယ်။ ကဲလာ’
သူက ကျွန်တော့်ကိုယ်လုံးကြီးကို မနိုင်မနင်းနဲ့ ဆွဲမတယ်။ ကျွန်တော်က အလိုက်သင့်လိုက်ထိုင်မိသော်လဲ မျက်နှာကို အတတ်နိုင်ဆုံးသုန်မှုန်ထားလိုက်တယ်။
‘မောင်က စိတ်ဆိုးနေလဲ ချစ်ဖို့ကောင်းတာပဲနော်။ တစ်ကယ်ပြောတာ ဒီထက်ပိုပြီးမဲ့ပြလိုက်ရင် မောင်ပိုချောလာမယ်သိလား။ မောင့်ကိုချစ်လိုက်တာကွာ’
သူကပြောပြောဆိုဆို ကျွန်တော့်ပါးကိုတစ်ချက်နမ်းလိုက်တယ်။ ပြီးတော့ ကျွန်တော့်နှုတ်ခမ်းဆီကိုပေါ့။
“သွားစမ်းပါကွာ၊ တစ်ကယ်လဲမနမ်းတတ်ပဲနဲ့’။ ကျွန်တော်က ရယ်ကျဲကျဲနဲ့ပြန်ပြောလိုက်တော့ သူပျော်သွားတယ်ဆိုတာ သူ့မျက်နှာမှာ တွေ့လိုက်ရတယ်။ ကျွန်တော်စိတ်ဆိုးပြေသွားပြီဆိုတာ သူသိသွားပြီလေ။ သူ့ကြိုးစားမှုလဲ အောင်မြင်သွားပြီပေါ့။
‘ဘာလို့မနမ်းတတ်ရမှာလဲ ဟိုဖက်တောင်လွန်သေး’
တကယ်က သူ့အနမ်းတွေကို ကျွန်တော်ခုံမင်ပါတယ်။ ရမက်မပါပဲ အချစ်သက်သက်ရဲ့အတွေ့အထိတွေဆိုတာ ကျွန်တော့်အာရုံတွေကနေ ခံစားနေမိတယ်လေ။
“ရည်းစားရမှပဲ နမ်းတဲ့အလုပ်က အခက်ဆုံးဆိုတာသိတော့တယ် မောင်ရေ’
ဒီလိုကျတော့လဲ သူကအရမ်းချစ်ဖို့ကောင်းနေပြန်ရော။ ကျွန်တော့်ရင်ခွင်ထဲမှာ တင်းကျပ်နေအောင် သူ့ကို ပွေ့ဖက်ထားမိတယ်။
သြော်ခုဆိုရင်တော့ သူဘယ်သူ့ရင်ခွင်မှာရောက်နေပြီလဲ။ သတင်းစာထဲမှာ လက်ထပ်သတင်းမတွေ့ရသေးပေမယ့်၊ ချစ်သူရည်းစား နောက်တစ်ယောက်ရမနေဘူးလို့ ဘယ်သူကပြောနိုင်လို့လဲ။
အိမ်တံခါးလေးကို တွန်းဖွင့်လိုက်တော့ မဖွင့်တာကြာလို့လားမသိ ကျွီဆိုသောမြည်သည့်အသံက ကျွန်တော့်စိတ်ကို ပိုမိုလှုပ်ရှားစေသည်။ မနေတာကြာပြီဆိုတော့ အိမ်လေးမှာ ဖုံကတထောင်းထောင်း။ ဟိုတုန်းကတော့ ဒီအိမ်လေးမှာ ကျွန်တော်ပစ်ထားခဲ့သော အ၀စ်တွေ တို့လို့တွဲလောင်းရှိနေမည်၊ ဆေးလိပ်တိုစတွေလဲ ကြမ်းပေါ်မှာ ဟိုတစ်စဒီတစ်စတွေ့နိုင်သေးသည်။ တစ်ခါတရံတော့ သူသိမ်းဆည်းပေးသွားတတ်လို့ အတော်သပ်ရပ်နေတတ်သည်။ သူ့အနံ့တွေကတော့ အိမ်လေးထဲမှာ ကျန်ရစ်နေသယောင်ယောင်။ အိမ်လေးအတွင်းသို့ သူဝင်လာတိုင်းပြောလေရှိသည့်စကားတစ်ခွန်းကတော့
‘မောင် ဒီအိမ်လေးထဲကိုဝင်တိုင်း ကျွန်မတော့ သစ်တော်သီးနံ့ရသလိုလိုပဲနော်၊ မောင်ရော အဲဒီအနံ့မျိုးရလားဟင်’
‘ဟုတ်လား’ - ကျွန်တော်က စိတ်မ၀င်စားသလိုမျိုးနဲ့၊ ဘာအဖြေမှပြန်မပြောဖြစ်ခဲ့။ ခုတော့ ကျွန်တော့်စိတ်ထဲမှာလဲ သစ်တော်သီးနံ့လိုလို အနံ့တစ်မျိုးမျိုးရနေသလိုလို။ ဖြစ်နိုင်လျှင် ဒီလိုညနေမျိုးမှာ ဒီအိမ်လေးဆီ သူ့ကိုပြန်လာစေချင်ပါသေးသည်။ မိုးရေထဲမှာ ထီးယူဖို့ဘယ်တော့သတိမရတတ်သော မိန်းမတစ်ယောက်ကို၊ တံခါးဝကနေ ခါးထောက်၍ ကရုဏာဒေါသောနှင့် ဆူချင်ပါသေးသည်။ အဲဒီလို ကျွန်တော်ကဆူလိုက်လျင် အရင်ကလိုပဲ သူက မချိုမချဉ်ပုံစံမျိုးနဲ့ ပုခုံးတွန့်ပြကာ
-‘ဆောရီး ဆရာ၊ ကျွန်မထီးယူဖို့မေးသွားတယ်’ လို့ပြန်ပြောဦးမှာလား။ ခုချိန်ဆိုရင်တော့ ကျွန်တော့်နေရာမှာ သူ့ဆံပင်တွေကို ခြောက်သွေ့အောင် သုတ်ပေးမယ့် သဘက်တစ်ထည်နဲ့စောင့်နေတဲ့ ယောကျာင်္းတစ်ယောက်ယောက် သူ့နားမှာရှိနေနိုင်တာပဲလေ။ ကျွန်တော်မီးခလုတ်လေးကို နှိပ်လိုက်တော့ ကံကောင်းစွာပင် မီးလာနေချိန်နှင့် တိုင်ဆိုင်နေလို့လားမသိ၊ အခန်းလေးမှာမီးလင်းသွားသည်(မီးခဏခဏပြတ်သည့်ကိစ္စမှာလဲ သူနှင့်ကျွန်တော် ဆွေးနွေးလို့မဆုံးနိုင်သောကိစ္စတစ်ခုဆိုသည်ကို ခုထိကျွန်တော် မမေ့နိုင်သေးပါ)။ ခုမှ အခန်းထောင့်ရှိ ရေအိုးစင်လေးမှာ သောက်သုံးသူမဲ့ ရေဖြည့်သူမဲ့နှင့် ခြောက်သွေ့အက်ကွဲ၍နေသည်ကို မြင်ရသည်။ အရင်တုန်းကတော့ ရေအိုးစင်လေးမှာ အမြဲစိုပြေလျက်။ အဲဒီအိုးလေးကလဲ သူကိုယ်တိုင်ပဲ ရွေးဝယ်ပေးခဲ့သည်။
- ‘သဲအိုးလေးက ပိုအေးတယ်မောင်၊ အကြီးကြီးလဲ မကောင်းဘူး။ ရေကအိုးထဲမှာ အကြာကြီးရှိနေရင်မအေးတော့ဘူး။ ရေထည့်ဖို့မပျင်းနဲ့နော်။ အမြဲစိုနေမှ ရေကအေးတာ’
- ‘အေးပါကွာ’
- ‘ရေအိုးစင်ဆိုတာ စိုစိုပြေပြေမှ မင်္ဂလာရှိတာမောင်ရဲ့။ အိုးအပြင်ဖက်ကိုလဲ ရေလောင်းပေးနော်။ ရေအိုးစင်လေး စိုစိုပြေပြေရှိမှ မောင်ဘိုင်မပြတ်မှာ ဟဟ’
သူက အိမ်ကိုလာရင်လဲ ရေအိုးစင်က ရေတစ်ခွက်လောက်သောက်ရင်း
- ‘ခုမှပဲ ရင်ထဲမှာအေးသွားတော့တယ်။ မောင့်မျက်နှာကိုကြည့်ရင်း မောင့်ရေအိုးစင်ကရေကိုသောက်ရလို့ကတော့၊ မန္တလေးနေ ဘယ်လောက်ပြင်းပြင်း မမှုပါဘူး’
အခန်းဟိုဖက်ထောင့်မှာတော့ လိပ်ထောင်ထားတဲ့ သင်ဖျာလေးနှစ်ချပ်က ဖုန်အလိမ်းလိမ်းထလို့။ တစ်ခါတရံ ကျောင်းအားရက်တွေဆိုရင်တော့ သင်ဖျာလေးတစ်ချပ်ခင်းကာ သူဘယ်တော့မှသင်၍မတတ်သည့် ဖဲကစားနည်းမျိုးစုံကို ကျွန်တော်စိတ်မရှည်စွာ သင်ပေးခဲ့ဖူးသည်။ သူကလဲ စိတ်လိုလက်ရသင်ယူပြီးနောက်၊ စိတ်ဝင်စားစွာပင် မေ့ဖျောက်ပစ်တတ်သည်။ မီးဖိုချောင်ထဲမှာတော့ သူကျွန်တော့်အတွက်ထားခဲ့ဟန်ရှိတဲ့ ဖောက်လက်စ နှိုဆီဗူးတစ်ဗူးနှင့် ကော်ဖီမှုန့်ဗူးလေးကိုတွေ့ရသည်။ ကျွန်တော့်အိပ်ခန်းထောင့်က စားပွဲလေးမှာတော့ သူနောက်ဆုံးလာသွားစဉ်က ထိုးသွားသော နှင်းဆီပန်းခြောက်လေးမှာ အိုးထဲတွင် ရိုးတံသာကျန်တော့သည်။ ပွင့်ခြောက်လေးတွေမှာ အောက်သို့ကြွေကျပြီး ဖုန်အလိမ်းလိမ်းနှင့် အလှမဲ့နေသည်။ ကျွန်တော်အသာကောက်ယူနမ်းရှိုက်ကြည့်တော့ ဖုန်နံ့နှင့်ရောနေသော နှင်းဆီနံ့ ပျယ်ပျယ်လေးက ရနေတုန်းပင်။ အိပ်ခန်းထောင့်စားပွဲလေးပေါ်မှာ သူ့ဝတ္ထုများစွာ ရေးခဲ့ဖူးသည်။
- ‘ကျွန်မရေးတဲ့ စာတွေကို မောင်ဘယ်လိုထင်လဲ’ လို့မေးတိုင်း ကျွန်တော့်မှာ အတော်အကျပ်ရိုက်ရသည်။ သူ့စာတွေကို ကျွန်တော်အမြဲမပြတ်ဖတ်ဖြစ်သော်လဲ ဘယ်လိုထင်မိတယ်ဆိုတဲ့ထိအောင် မစဉ်းစားဖူးခဲ့။ ဖတ်ပြီးပြီးရော သဘောမျိုးမဟုတ်သော်လဲ ကျောင်းစာလို လေးလေးနက်နက်ဖတ်ခဲ့တာမျိုးတော့ မဟုတ်။
- ‘အင်း ကောင်းပါတယ်။ သေချာတော့နားမလည်ဘူး’ သူက ကျွန်တော့်အဖြေကို သဘောမကျပုံရသော်လဲ ဘာမှပြန်မပြောပဲ နှုတ်ဆိတ်နေတတ်သည်။ စာပေနှင့် ပတ်သက်လျင်လဲ သူကအစွဲအလမ်းကြီးသည်။ သူ့အပေါင်းအသင်းများထဲတွင် စာအုပ်အဟောင်းရောင်းသော ကုလားလေးများလဲပါသည်။ တစ်ခါတလေ ညဈေးတန်းဖက် စာအုပ်အဟောင်းကြည့်ဖို့ခေါ်လျင် ကျွန်တော်မလိုက်ဖြစ်ခဲ့။ သူက စာအုပ်ဟောင်းဆိုင်တွေရောက်လျင် နှစ်နာရီ သုံးနာရီကြာသည်ကို စောင့်ဖို့လောက်အထိ ကျွန်တော် စိတ်မရှည်နိုင်ခဲ့ပါ။ ခုနေများ သူစာအုပ်ဟောင်းဆိုင်သွားဖို့ လာခေါ်ဖြစ်ခဲ့လျင်တော့ တနေကုန်လဲ ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်ပေးချင်ပါသေးသည်။ အခွင့်အလမ်းဆိုတာကို တစ်ခါပဲပေးတတ်သည့် လောကကြီးက မျက်စိလည်လမ်းမှားပြီး ကျွန်တော့်အလှည့်ကျမှ နှစ်ခါပေးခဲ့ရင်ပေါ့။ သူ့စာပေမိတ်ဆွေများနှင့် ပတ်သက်၍လဲ ကျွန်တော်က နည်းနည်းလေးမှ သဘောထားမကြီးနိုင်ပါ။ သူ့စာကို သဘောကျ၍ လာရောက်မိတ်ဆက်ကြသော ယောကျာင်္းလေး ပရိသတ်များနှင့်လဲ ကျွန်တော်က သ၀န်တိုတတ်သည်။ သူ့ဖက်ကကြည့်လျင် လူမှုရေးကရှိသေးသည်ကို ကျွန်တော်နားလည်သော်လဲ သူ့အပေါ်စိတ်မချရာမှ ဖြစ်ပေါ်လာသည့် ကျွန်တော့်သ၀န်တိုစိတ်ကိုတော့ ဘယ်တုန်းကမှ ကျွန်တော်မတားဆီးနိုင်ခဲ့ပါ။
- ‘ချစ်သာ မင်းသမီးဆိုရင်တော့ မောင်တော့မလွယ်ဘူး။ စာရေးဆရာမဖြစ်နေလို့ ကံတရားကို ကျေးဇူးတင်ရတယ်တော်ရေ’
- ‘မင်းရုပ်ရည် မင်းအရပ်နဲ့ မင်းသမီးဖြစ်ဖို့အထိ စိတ်ကူးတာတော့ လွန်တာပေါ့ကွာ’
- ‘အဲဒီရုပ်ရည်နဲ့ အဲဒီအရပ်ကိုပဲ မောင်ကိုယ်တိုင်ရွေးချယ်ခဲ့တာမို့လား”
- ‘အဲဒီတုန်းက မလိမ်မိုးမလိမ်မာမို့ပါကွာ’
- ‘အင်းပါ မောင်နဲ့ စကားအနိုင်လုမိတာကိုက ကျွန်မအမှားပါ’
သူက ကျွန်တော့်ကို ဘယ်တုန်းကမှ စကားအနိုင်မယူခဲ့သလို ကျွန်တော်ကလဲ သူ့ကို ဘယ်တုန်းကမှ အရှုံးမပေးခဲ့ ပါ။ ကျွန်တော့်အရပ်မှာ ခြောက်ပေနီးပါးရှိသလောက် သူ့အရပ်မှာတော့ မိန်းကလေးထဲမှာ ပုသည်ဟု သတ်မှတ်ခံထားရသည်။ ကျွန်တော်တို့ အတူလျှောက်သွားလျင် ဘေးလူတွေရီနေကြလိမ့်မည်ဟု ကျွန်တော်က မလုံမလဲတွေးမိသော်လည်း၊ သူကထိုအချက်ကိုပင် ဂုဏ်ယူနေတတ်သည်။
- ‘ကျွန်မက အရပ်ပုပေမယ့်၊ ရည်းစားထားရင်တော့ အရပ်ရှည်တဲ့သူကိုမှထားမယ်လို့ စိတ်ကူးယဉ်ခဲ့တာလေ။ ခုတော့မောင်က ကျွန်မစိတ်ကူးတွေကို ဖြည့်ဆည်းပေးလိုက်ပြီ။ ဘယ်လောက်ပျော်စရာကောင်းလဲနော်မောင်’
- ‘မောင်ကတော့ မောင့်ရည်းစားက လှယဉ်ကျေးမယ်တွေလို ရှည်ရှည်သွယ်သွယ်လေးရှိရမယ်လို့ စိတ်ကူးယဉ်ခဲ့တာ။ ဘယ်လိုဖြစ်လို့များ ဒီအပုနဲ့လာတွေ့နေရပါလိမ့်’ လို့ ကျွန်တော်က သူမခံချင်အောင်ပြောရင်
- ‘ဒီခေတ်က အိုင်တီခေတ်လေ။ စုံတွဲတွေလဲ အိုင်တီပဲဖြစ်ရမှာပေါ့’ လို့ ရယ်ရယ်မောမောနဲ့ပြန်ပြောတတ်တယ်။
သူ့အရပ်နှင့်လှမ်းမမှီသော ကျွန်တော့်နံရံကပ်စာအုပ်စင်လေးပေါ်မှာတော့ ဖုန်တင်နေသော မဂ္ဂဇင်းတချို့က ဖတ်သူမဲ့စွာ လဲလျောင်းလျက်။ အိမ်လေးထဲမှာရှိတဲ့ ပစ္စည်းတိုင်းက ခုတော့ ပိုင်ရှင်မဲ့နေပြီလေ။ ပစ္စည်းတွေတင်မဟုတ်ပါဘူး၊ ကျွန်တော်ကိုယ်တိုင်လည်း ပိုင်ရှင်မဲ့နေတာပဲမို့လား။ အစကတော့ ခုတင်ပေါ်မှာတက်လှဲရင်း သူနဲ့ကျွန်တော့်အကြောင်းတွေဆက်စဉ်းစားမလို့ပါပဲ။ နောက်တော့ ခုတင်ကလှဲလို့မရအောင် ဖုန်တွေရှိနေတာရယ်၊ ဘာမှလုပ်ချင်စိတ်မရှိတာရယ်ကြောင့်၊ အပြင်ဖက်ကိုထွက်လာခဲ့တယ်။
ခြံအ၀င်လမ်းလေးတစ်လျောက်က မိုးရာသီသွားလဲအဆင်ပြေအောင် အုတ်ချပ်လေးတွေစီပြီး သူနဲ့ကျွန်တော်ခင်းခဲ့တယ်။ စိတ်ကူးယဉ်တတ်တဲ့ သူ့အတွေးတွေအတိုင်း အုတ်ချပ်လေးတွေကို ဆေးဖြူသုတ်ပြီးမှ စိတ်ရှည်လက်ရှည် နှစ်ယောက်သားခင်းခဲ့တာပေါ့။
‘အုတ်ချပ်လေးတွေကို ဆေးသုတ်လိုက်တော့ ရေညှိလဲမတက်တော့ဘူးလေ။ ညဖက်ရောက်တော့လဲ အလွယ်တကူမြင်နိုင်တာပေါ့။ လှလဲလှတယ်နော်မောင်’
‘ဒါမျိုးကျတော့ ချစ်က စာရေးဆရာမပီသသွားပြန်ရော’
အုတ်ခင်းလမ်းလေးရဲ့ ဘေးတစ်ဖက်တချက်မှာတော့ နှင်းဆီပန်းရုံလေးတွေ ဟိုတစ်စုဒီတစ်စုစိုက်ထားတယ်။ အဲဒီအပင်တွေကလဲ သူပဲ စိတ်လိုလက်ရ ပြုစုတာပါ။ ကျွန်တော်က ရေလောင်းဖို့တောင် အမြဲမေ့နေတတ်တယ်။ ခုတော့ တစ်ချို့အပင်တွေက ခြောက်တောင်နေကြပြီ။ ပြုစုသူမဲ့မှတော့ ဘာမဆို ခြောက်သွေ့နေကြပြီပေါ့။
ဘာလိုလိုနဲ့ သူနဲ့ကျွန်တော်မတွေ့ဖြစ်ကြတာ တစ်နှစ်တောင်ရှိလောက်ရောပေါ့။ တစ်နှစ်ဆိုတာဘာမှမကြာလိုက်ပေမယ့် အပြောင်းအလဲတွေကတော့ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့တယ်။ အဓိကကတော့ ကျွန်တော့်ရဲ့ခေါင်းမာမှုနဲ့ သူ့အပေါ်မယုံကြည်မှုတွေကြောင့်ပါ။ ချစ်ခဲ့ကြတုန်းကတော့ ဒီနေရာပတ်ဝန်းကျင်လေးတွေမှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ခြေရာမရှိတဲ့နေရာဆိုတာ မရှိသလောက်ပါပဲ။ ဆောင်းရာသီလို မနက်စောစောစီးစီးမှာ ရန်ကင်းတောင်ခြေအထိ စက်ဘီးလေးစီးရင်း နွားနို့သွားသောက်ကြတယ်။
‘ဒီဖက်ကနေဆက်သွားရင် သမကောလိပ်ကိုရောက်တယ်လေ။ မောင်အားရင် အဲဒီက ကောင်မလေးတွေ သွားရှိတ်ပေါ့။ ဟိုဖက်ဆက်သွားရင်တော့ စက်မှုတက္ကသိုလ်ရောက်ပြီ။ အဲဒီတော့သွားမရှိတ်နဲ့၊ မောင့်ကို တီနဲ့ဝိုင်းရိုက်ကြလိမ့်မယ်’
‘မင်းက ဒီနေရာတွေကျွမ်းတယ်ပေါ့လေ’
‘ကျွမ်းတာပေါ့။ ဟိုဖက် ရေတံခွန်တောင်အထိရောက်ဖူးတယ်။ တောင်ခြေမှာ ဘုန်းကြီးကျောင်းရှိတယ်လေ။ အဲဒီနားက အရမ်းသာယာတယ်။ အရှေ့ဖက်မှာက တောင်တန်းကြီးတွေ။ ဘေးပတ်ပတ်လည်မှာက လယ်ကွင်းတွေချည်းပဲ။ နောက်အားရင် မောင်နဲ့အတူသွားကြမယ်လေ။’
‘ချစ်ကတောင်တန်းတွေကို ကြည့်ရတာကြိုက်လား’
‘ကြိုက်တာပေါ့။ သူတို့ကိုကြည့်ရင်း သူတို့ဆီက ခွန်အားတစ်ခုခုရသလိုမျိုးခံစားရတယ်။ တောင်တန်းတွေကို သဘောကျလို့လဲ တောင်ပေါ်သားကို ရည်းစားတော်ခဲ့တာပေါ့’
ကျွန်တော်ကတစ်ကယ်တော့ တောင်ပေါ်သားအစစ်မဟုတ်ပါဘူး။ မြန်မာပြည်အောက်ပိုင်းကပဲ။ မိဘတွေတာဝန်ကျရာ လိုက်ပြောင်းရင်း တောင်ပေါ်မြို့မှာပဲ သောင်တင်နေတာ။
‘မောင်လဲ တောင်ပေါ်ဒေသမှာ နေနေရပေမယ့်၊ တောင်တန်းတွေကို ကြည့်ရတာ မငြီးငွေ့ဘူး။ ဘယ်တော့ကြည့်လိုက်ကြည့်လိုက် စိတ်ကြည်နူးမှုအမြဲရတယ်။’
‘ဟိုးရှေးဖက်ကတောင်တန်းတွေပေါ်ကို ဆက်တက်သွားရင် မြခနောက်တောင်ဆိုတာကို ရောက်တယ်။ အဲဒီတောင်ပေါ်မှာ ဘုန်းကြီးကျောင်းရှိတယ်။ တောင်ပေါ်ကိုရောက်သွားရင် စစ်ကိုင်းအထိလှမ်းမြင်ရတယ်တဲ့။ ကျွန်မတော့လေ တစ်ခါတလေ အမြင့်ဆုံးဆိုတဲ့နေရာကိုတက်ပြီး လူတွေကိုအပေါ်စီးကနေ ကြည့်ကြည့်ချင်တယ်။ လူဆိုတာ တစ်ကယ့်အစက်ပြောက်လေးပါလားဆိုတာ မြင်လာတဲ့အထိလေ။ မနိုင်မနင်းအတ္တတွေကို သူတို့ခန္ဓာကိုယ်သေးသေးလေးနဲ့ ကို့ရို့ကားရားထမ်းပိုးထားတာကို အရသာခံကြည့်ချင်တာ။ ပြောကြတာတော့ အဲဒီတောင်ပေါ်ကို သုံးခေါက်တက်ဖူးရင် နိုင်ငံခြားသွားရတယ်ဆိုလား။ စက်မှုကျောင်းက ကျောင်းသားတွေတော့ တက်ကြတယ်ပြောတယ်။ နိုင်ငံခြားမသွားရရင်နေပါ၊ ခဏတာစိတ်ချမ်းသာမှုရတယ်ဆိုရင်လဲ နည်းလားလေနော်’
‘မောင်တို့လဲ အဆင်ပြေတဲ့အချိန်တက်ကြတာပေါ့’
သူက ထမင်းဟင်းချက်ရတာ ပျင်းသလို၊ ထမင်းဟင်းကိုလဲ ဟက်ဟက်ပက်ပက်မကြိုက်ပါ။ မင်းသီဟပဲကိတ်လို၊ မန်းမြို့တော် ပေါက်စီလိုမျိုးကိုတော့ ထမင်းလွတ်ပင်စားတတ်သေးသည်။ သူနဲ့ကျွန်တော် နန်းရှေ့ဈေးနားက လက်ဖက်ရည်ဆိုင်မှာထိုင်တုန်းက၊ ဆိုင်မှာချိတ်ထားသောစုဗူးကြီးကို သူစိတ်ဝင်စားသွားသည်။ စုဗူးကြီးက ကျွန်တော်တို့တွေ့ဖူးသမျှထဲတွင် အကြီးဆုံးလောက်ရှိသည်။ ဆီတိုင်ကီကိုများဖြတ်လုပ်ထားလားမပြောတတ်။ ဆိုင်ရှင်က စုဗူးကြီးပေါ်တွင်လဲ စုဗူးဖောက်မည့်နေ့ကိုရေးထားသေးသည်။
- ‘မောင် ကျွန်မတို့လဲ အဲလိုစုကြမယ်လေ။ သူတို့လို အကြီးကြီးတော့မဟုတ်ဘူးပေါ့။ အဲဒီစုဗူးကြီးပြည့်မှ မောင်နဲ့ကျွန်မလက်ထပ်ရမယ်ဆိုရင် ဆယ်နှစ်ကြာရင်တောင် လက်ထပ်ရမှာမဟုတ်ဘူး’
သူနဲ့ကျွန်တော် အနာဂတ်အတွက် စိတ်ကူးထားတာတွေအများကြီးပါ။ ဘုရားကြီးနောက်ဖက်က တစ်ခါစားထမင်းဆိုင်လေးတွေမှာ အတူထိုင်စားချင်ခဲ့သော သူ့ဆန္ဒကိုလဲ ကျွန်တော်မဖြည့်ဆည်းပေးဖြစ်ခဲ့ပါ။ တကယ်လို့ ခုနေများ သူပြန်လာခဲ့ရင် ကျွန်တော်တို့နှစ်ယောက်ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ချင်ပါသေးတယ်။ ဒီအိမ်လေးကို ကျွန်တော်လာသွားခဲ့တယ်ဆိုတာ သူသိရင် ဘယ်လိုများနေမလဲလို့ ကျွန်တော်သိချင်လိုက်တာ။ ကတီပါဖိနပ်ပါးလေးကိုစီးထားသော ခြေဖမိုးဖောင်းဖောင်းနဲ့ ခြေထောက်တစ်စုံကို ကျွန်တော်မျော်နေမိသော်လည်း၊ တကယ်တမ်းတွေ့ရမှာကို ကျွန်တော်ကြောက်ရွံ့နေတာအမှန်ပါ။
- ဒီအိမ်လေးကို မောင်ပြန်လာတယ်လား - ဆိုတဲ့ အံ့သြ၀မ်းသာမှုမျိုးနဲ့ သူနှုတ်ဆက်မှာလား။ ဒါမှမဟုတ်
- ဒါက ကျွန်မနဲ့ကျောင်းတုန်းက သူငယ်ချင်းပေါ့ - လို့ သူ့ဘေးကပါလာနိုင်တဲ့ တစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးမှာလား။ ကျွန်တော်ဆက်မတွေးတတ်တော့ပါ။ ။
(ဂျူး၏အမှတ်တရမှရလာသော စိတ်ကူးလေးတစ်ခုပါ။)
မောင်ဖြူ

3 comments:

ဇနိ August 11, 2007 at 1:17 PM  

ဆရာဖြူ
အခုမှပဲ အပြီးဖတ်ရတော့တယ်။
ဒီလိုတွေလည်းဖြစ်သားပဲ။

ရွက်ဝါ August 11, 2007 at 2:18 PM  

ဆရာဖြူသားလည်းလာဖတ်တယ်နော်။ တော်တော်ဖတ်လို့ကောင်းတယ်။ မောင် နဲ့ ချစ် ဆိုတာကို သဘောကျတယ်။

Anonymous August 11, 2007 at 5:22 PM  

ကိုဇနိနဲ့ ကိုရွက်ဝါရေ ကျေးဇူးပါဗျာ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP