အမှိုက်တွေ...... အမှိုက်တွေ.....လာပြီဗျို့

>> Wednesday, August 29, 2007


အခုပီဆာကျယ် စမ်းချောင်းမှာနေပါတယ်။ ပီဆာကျယ်တို့ စမ်းချောင်းမှာဆိုရင် မနက်မနက်ဆိုရင် အိပ်ရာက နိုးထဖို့ ညကထဲက နာရီနှိုးစက်ပေးအိပ်ဖို့ မလိုပါဘူး။ မနက်(၆)နာရီမှာ အသံသြရှရှနဲ့ “ပူပူလေးနော်..ပဲပြုတ်..ပဲပြုတ်” ဆိုတဲ့လမ်းလျှောက်တောင်းရွက်ဈေးသည်ရဲ့ အသံနဲ့စတင်မိတ်ဆက် လမ်းသူလမ်းသားတွေကို အိပ်ပျက်စေပါတော့တယ်။ မရှေးမနှောင်းမှာပဲ “အီကြာကွေး၊ စမူဆာကြော်”၊ “ထောပတ်ဘိန်းမုန့်”၊ “မုန့်လုံးရေပေါ်၊ ကောက်ညှင်းပေါင်း” အစရှိတဲ့ ဈေးသည်အေးကြွယ်တို့ရဲ့ စူးရှရှ၊ ခုနစ်သံချီ ပရိဒေ၀၀မ်းစာရေးဆွဲလည်းသံတွေဟာ အစီအရီ မရိုးရလေအောင် လေပေါ်မှာ ကြော်ငြာကြပါတော့တယ်။ အဲ... တဖြည်းဖြည်း မနက်(ရ) နာရီလောက် ရောက်ပြီ ဆိုရင်ဖြင့် “ဟင်းစား.......... အရီးရေ ကြက်သား ပါတယ်၊ ၀က်သား ပါတယ်၊ ပုဇွန်ပါတယ်၊ မာလာငါးပါတယ်၊ ကကတစ်ပါတယ်၊ ဘာချက်အုံးမှာလဲ” ဆိုတဲ့ အသံစာစာနဲ့ စူပါမားကက်တစ်ခုလုံး ခေါင်းပေါ်တင်လာတဲ့ ဈေးသည်မလေး လမ်းထဲရောက်လာပါတော့တယ်။ ဒီအချိန်မှာ ပီဆာကျယ်တို့ အိပ်ရာမှ မနှေးအမှန် လေးကန်စွာ ထလာရတဲ့အချိန်ရောက်ပါပြီ။ ဒီဈေးသည်တွေကြားထဲမှာ ထူးထူးခြားခြား ၀ယ်စားစရာလည်း မဟုတ်၊ ပုလင်းခွံ၊အိပ်ခွံလို ရောင်းပြီး ဘတ်ဂျက်ရှာလို့ရတာလည်းမဟုတ်တဲ့ အသည်ကတော့ “အမှိုက်တွေ...... အမှိုက်တွေ.....လာပြီဗျို့” ပါတဲ့။



ကြားခါစက ပီဆာကျယ် ဘယ်လိုမှနားမလည်ခဲ့ပါ။ အရပ်ထဲက လူငယ်လေးတွေ အချင်းချင်းနောက်ပြောင်အော်ဟစ်သွားတာပဲ ထင်မိခဲ့ပါတယ်။ တစ်ရက်မဟုတ်နှစ်ရက်မဟုတ် ကြားလာရတော့ အိမ်ပြင်ထွက် စပ်စုရပါတော့တယ်။ တွန်းလှည်းအဟောင်း ခနော်နီခနော်နဲ့လေးကို ဘေးလေးဘက်လေးတန်က ဗီနိုင်းကြော်ငြာဖျင်စ အဟောင်းတွေနဲ့ကာထားတဲ့ ကိုယ့်အားကိုယ်ကိုး အမှိုက်သိမ်းလှည်းလေးကို တွေ့ရပါတော့တယ်။ အားလားလား.... သေချာစောင့်ကြည့်တော့မှ မန္တလေးသင်္ကြန်ကျုံးဘေးမှာ ဂျစ်ကားတွေတန်းစီနေသလို တန်းစီနေတဲ့လှည်းတွေ တစ်စီးမက တွေ့ရပါတော့တယ်။ တာဝန်သိတတ်ကြပါပေတယ်လို့ ဆိုရလေမလားပဲ။ အိန္ဒြာကျော်ဇင်ရဲ့“ဗိုက်ဆာနေလား၊ မာမားခေါက်ဆွဲကိုစား”၊ ရဲလေးရဲ့ ဘာတံဆိပ်မှန်းမသဲကွဲတော့တဲ့ မုတ်ဆိတ်ရိတ်တံကြော်ငြာ၊ မိုးဟေကိုရဲ့ ဟိုဘက်ကိုလှည့်ပြီး ဂျနီဖာလိုးပက်(ဇ်)ကို အပြိုင်ချဲထားတဲ့ ထီဆိုင်ကြော်ငြာ အစရှိတဲ့ ဗီနိုင်းကြော်ငြာ ဖျင်စအဟောင်းတွေနဲ့ လှည်းလေးတွေဟာ ကြည့်လို့ပဲ ကောင်းပါသေးတယ်။ ရောက်စက ခေတ်မမှီသေးတဲ့ ပီဆာကျယ်တို့ကတော့ ခေါင်လောင်းသံ ဂလောင်ဂလောင်နဲ့ အမှိုက်ကားကို စောင့်ခဲ့မိလို့ နောက်ဖေးက အမှိုက်ပုံးလောက်ကျခဲ့ဘူးပါတယ်။ နောက်တော့သူများနည်းတူ “အမှိုက်တွေ...... အမှိုက်တွေ..... လာပြီဗျို့” ကိုပဲအားကိုးသမှု ပြုရပါတော့တယ်။

နောက်ဆက်တွဲ(၁)
မနေ့မနက်က ထူးထူးခြားခြား ဂလောင်ဂလောင်နဲ့ အမှိုက်ကားခေါင်းလောင်းသံကြားလို့ မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့ ထွက်ကြည့်မိတော့ မောင်မင်းကြီးသားအမှိုက်ကားကို ထူးထူးခြားခြား တွေ့ရပါတော့တယ်။ နိုင်ငံခြားသွားလို့ နှစ်လရှည်ကြာကွဲကွာနေတဲ့ ဆွေမျိုးမိတ်ဆွေကိုပြန်တွေ့ရသလို ၀မ်းသားအားရမျက်နှာတွေနဲ့ ရပ်ကွက်ထဲမှာရှိတဲ့ အိမ်စေ့၊ တိုက်ခန်းစေ့ကလူများ အမှိုက်အိပ်၊ အမှိုက်တောင်းကိုယ်စီနဲ့ ထွက်လာကြပြီးအမှိုက်ကားမှာ သူ့ထက်ငါ အလုအယက် အမှိုက်ပစ်ကြပါတော့တယ်။ စမ်းချောင်းမှာနေတဲ့ (၂) လအတွင်း ဒါဟာ ပထမဆုံးတွေ့ရခြင်းပါ။ ဒီအချိန်မှာ “အမှိုက်တွေ...... အမှိုက်တွေ..... လာပြီဗျို့” လှည်းကလေးတစ်စီးကို ပီဆာကျယ်အမှတ်တမဲ့နဲ့ သတိထားလိုက်မိပါတယ်။ ၀မ်းနည်းတဲ့အကြည့်နဲ့ အမှိုက်ကားကို ကြည့်နေတဲ့ အမှိုက်အိပ်ကောက်နေကျ ကိုယ်ဝန်ဆောင်အမျိုးသမီးကို တွန်းလှည်းတွန်းတဲ့ သူ့ယောက်ျားလုပ်သူက တိုးတိုး တိုးတိုးနဲ့ ဘာတွေဖျောင်းဖျနေလည်းမသိပါဘူး။ နန်းတော်ရှေ့ဆရာတင်ရဲ့ “မြန်မာလူမျိုးတွေ အလုပ်မရှိတော့ တံတားကြီးကို ကြည့်ကာငိုမိသည်” ဆိုတဲ့ သီချင်းတစ်ပိုင်းတစ်စကို သွားသတိရမိလေရဲ့။ ပီဆာကျယ်လည်း ချိုတကူးနဲ့ ဂုဏ်ရည်မတူ လုပ်မနေအားပါဘူး။ အမှိုက်ထည့်ထားတဲ့ကြွပ်ကြွပ်အိပ်နှစ်လုံးဆွဲပြီး တရုတ်သိုင်းကားထဲက ကျန်ကျောင်းရှုံးလောက်တဲ့ အမြန်နှုန်းနဲ့ အမှိုက်ကားနောက်ကို အမြန်လိုက်ရပါတော့တယ်။

နောက်ဆက်တွဲ(၂)
ဒီနေ့မနက် ပီဆာကျယ်တို့လမ်းမှာ အရင်အတိုင်းပါပဲ။
မနက်(၆)နာရီမှာ အသံသြရှရှနဲ့ “ပူပူလေးနော်...ပဲပြုတ်..ပဲပြုတ်” ဆိုတဲ့လမ်းလျှောက်တောင်းရွက်ဈေးသည်ရဲ့အသံနဲ့ စတင်မိတ်ဆက် လမ်းသူလမ်းသားတွေကို အိပ်ပျက်စေပါတော့တယ်။ မရှေးမနှောင်းမှာပဲ “အီကြာကွေး၊ စမူဆာကြော်”၊ “ထောပတ်ဘိန်းမုန့်”၊ “မုန့်လုံးရေပေါ်၊ ကောက်ညှင်းပေါင်း” အစရှိတဲ့ ဈေးသည်အေးကြွယ်တို့ရဲ့ စူးရှရှ၊ ခုနစ်သံချီ ပရိဒေ၀ ၀မ်းစာရေးဆွဲလည်းသံတွေဟာ အစီအရီ မရိုးရလေအောင် လေပေါ်မှာ ကြော်ငြာကြပါတော့တယ်။ အဲ... တဖြည်းဖြည်း မနက်(ရ) နာရီလောက် ရောက်ပြီ ဆိုရင်ဖြင့် “ဟင်းစား......... အရီးရေ ကြက်သား ပါတယ်၊ ၀က်သား ပါတယ်၊ ပုဇွန်ပါတယ်၊ မာလာငါးပါတယ်၊ ကကတစ်ပါတယ်၊ ဘာချက်အုံးမှာလဲ” ဆိုတဲ့ အသံစာစာနဲ့ စူပါမားကက်တစ်ခုလုံး ခေါင်းပေါ်တင်လာတဲ့ ဈေးသည်မလေး လမ်းထဲရောက်လာပါတော့တယ်။ ဒီအချိန်မှာ ပီဆာကျယ်တို့ အိပ်ရာမှ မနှေးအမှန် လေးကန်စွာ ထလာရတဲ့အချိန်ရောက်ပါပြီ။ ဒီဈေးသည်တွေကြားထဲမှာ ထူးထူးခြားခြား ၀ယ်စားစရာလည်း မဟုတ်၊ ပုလင်းခွံ၊အိပ်ခွံလို ရောင်းပြီး ဘတ်ဂျက်ရှာလို့ရတာလည်းမဟုတ်တဲ့ အသည်ကတော့ ဒီအချိန်မှာ “အမှိုက်တွေ...... အမှိုက်တွေ..... လာပြီဗျို့” ပါတဲ့။

4 comments:

မောင်ဖြူ August 29, 2007 at 10:24 AM  

ကိုပီဆာကျယ်ရေ
အရမ်းဖတ်လို့ကောင်းတယ်ဗျာ။
နောက်ထပ်လဲမျှော်နေမယ်။

tmn August 29, 2007 at 11:06 AM  

ဖတ်လို့ကောင်းတယ်ဗျာ၊ ဟော… ပြောရင်းဆိုရင်း အမှိုက်တွေ…..အမှိုက်တွေ….လာပြီဗျို့…:D

မေဓာဝီ August 29, 2007 at 3:02 PM  

ဖတ်လို့လည်း ကောင်းတယ်၊ မြို့ပြရဲ့ နံနက်ခင်း ပုံရိပ်ကိုလည်း ပေါ်လွင်ပါတယ်။ အဲဒီ အမှိုက်သိမ်းစနစ်နဲ့ ပတ်သက်ပြီး ကျမလည်း ရေးဖို့စိတ်ကူးရှိခဲ့တယ်။ ကျမတို့ အိမ်နားမှာလည်း ဒီလို အမှိုက်သမားတွေကိုသာ အားကိုးနေရတာ။ အမှိုက်ကားဆိုတာ မလာတာ အသံမကြားတာ အတော်ကိုကြာနေပြီ။
"မြန်မာလူမျိုးတွေ အလုပ်မရှိတော့ တံတားကြီးကို ကြည့်ကာ ငိုမိသည်" ဆိုတာရယ် "ချိုတကူးနဲ့ ဂုဏ်ရည်မတူ"ရယ်ကို ဒီနေရာမှာ ထည့်ပြီးသုံးနှုန်းသွားတာ အလွန်ပဲ သင့်မြတ်လှပါတယ်။
နောက်ထပ်လည်း ဆက်ရေးပါဦးရှင် ... ။ စောင့်မျှော် ဖတ်ရှုနေပါမယ်။

kay September 12, 2007 at 9:12 PM  

မရောက်တာကြာလို့လာလည်ရင်း..ပီဆာကျယ်ရဲ့..
စမ်းချောင်းရှုခင်းလေးကို..အရမ်းကြိုက်သွားတယ်။
အရေးအသားမြိုင်သလို...အကြောင်းအရာလည်းသင့်လျော်..တင်စားပုံတွေကလဲ ထိမိ။ စောင့်ဖတ်နေပါ့မယ်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP