နီကာ (၃)

>> Wednesday, August 22, 2007


(၃)
သက်တောင့်သက်သာရှိတယ်၊ မရှိဘူးဆိုတာကလည်း နီကာအတွက်က ဘာမှထူးခြားပုံလည်း မပေါ်ပါဘူး။ ကျွန်တော်ထိုင်ချင်နေတဲ့ ပက်လက်ကုလားထိုင်ပေါ်မှာ သူမက နာတာရှည်ရောဂါသည်ကြီးလိုထိုင်နေပါလေရော။ ပစ္စည်းပစ္စယဆိုတာ သူမက သုံးနေတုန်းဆိုရင် သူမအတွက်ပဲ ရုတ်တရက် ပေါ်လာသလိုလို၊ သူမက အသုံးမလိုတော့ရင်ကျလည်း သူ့အလိုလို ပစ္စည်းပစ္စယတွေက ပျောက်သွားသလိုလိုနဲ့။ ဖြစ်နိုင်တာကတော့ ဒီလို၊ သူမမှာ ကိုယ်ပိုင်ပစ္စည်းဆိုတာ မရှိလို့များလားမသိဘူး။ စရိုက်မကောင်းတာတော့လည်း မဟုတ်ဘူးရယ်။ တစ်ခြားတစ်ယောက်ရဲ့ စိတ်ခံစားမှုကိုထည့်မတွက်တာက အကျင့်ပါနေတာဆိုတော့ သူ ဒီလိုခံစားသွားမှာပဲလို့ မတွေးတတ်တာနေမှာ။ ဗီရိုပေါ်ကသကြားထည့်တဲ့ ရှေးဟောင်းဖန်ခွက်ကလေးကို သူမက မတော်တဆတိုက်ကျကွဲတာကို အစက ကျွန်တော် မသိပါဘူး။ နောက်တစ်နာရီလောက်ကြာမှ ကျွန်တော်လည်း ဖန်ခွက်ကလေးကျကွဲတာကို သိပါရော၊ အဲတော့ ကျွန်တော်လည်း ရုတ်တရက် သူမကိုရိုက်လိုက်မိတာပေါ့။ နီကာက တကယ့်ကို ရိုးရှာပါတယ်။ ဘာကိစ္စနဲ့သူမကိုရိုက်မှန်းမသိပါဘူး။ ထပြီးအဝေးကို ပြေးပါလေရော။ သူမကိုချော့ဖို့သွားတော့လည်း အသံတိတ်ကလေးနဲ့ နံရံဖက်ကိုပြန်ကပ်လာတာပါပဲ။ နီကာဖက်ကကြည့်တော့ သကြားထည့်တဲ့ဖန်ခွက်က စက္ကူတွေနဲ့ပတ်၊ အရောင်တဖျတ်ဖျတ်လက်နေတဲ့ ပစ္စည်းနဲ့လုပ်ထားတဲ့ ကတော့ချွန်ထိပ်ဖြတ်တစ်ခုထက် မပိုပါဘူး။ ကျွန်တော့်အတွက်ကျတော့လည်း ပိုက်ဆံစုဗူးလိုလိုပေါ့။ အဲဒီထဲမှာ တစ်ဘ၀စာ စုဆောင်းထားတဲ့ အမှန်တကယ်ရှိခဲ့တဲ့ ဖြစ်တည်မှုရဲ့ သက်သေအထောက်အထားတွေကို သိမ်းထားတာပါ။ ဥပမာ တစ်ခါမှ မဆက်တော့တဲ့ ဖုန်းတစ်ခုရဲ့နံပါတ်ကို ရေးမှတ်ထားတဲ့ အခုမရှိတော့တဲ့ဖုန်းစာအုပ်လေးထဲက စာရွက်စုတ်ကလေးလို ဟာမျိုး၊ ဆုတ်ဖြဲမထားရသေးတဲ့ ရုပ်ရှင်လက်မှတ်တစ်စောင်လိုဟာမျိုး၊ ဓာတ်ပုံသေးသေးလေးတစ်ခုလိုဟာမျိုး၊ ဆေးညွှန်းစာရွက်အသေးအမွှားလိုဟာမျိုးတွေပါ။ နီကာရှေ့မှာ ကျွန်တော်လည်း ကိုယ့်ဟာကို ပြန်ရှက်နေတာပါပဲ။ ခွင့်လွှတ်ဖို့တောင်းပန်ရတာလည်း ကြောင်တောင်တောင်နဲ့။ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိတော့၊ စကားလုံးအနုအလှတွေသုံးရင်း၊သုံးရင်း ရှုတ်လာပါလေရော။

- နီကာရယ်၊ စိတ်မဆိုးပါနဲ့နော်။ အမှိုက်တွေလို့ ဆိုလို့ရပေမယ့် လူတစ်ဦးတစ်ယောက်အတွက်ကျတော့ စာရွက်အစုတ်လေးတွေကလည်း ထူးဆန်းတဲ့ တန်ခိုးတွေ ရှိရင်ရှိနေတတ်တာကွ။ အက်နေတဲ့ မျက်မှန်ကို လွှင့်ပစ်တယ်ဆိုတာက သူကနေဖြတ်ကြည့်မှ မြင်ရတဲ့ တစ်ကမ္ဘာလုံးကို ကိုယ့်နောက်မှာ ပစ်ထားလိုက်တာမျိုးလေ။ နီကာရယ် ငါ့ကို နားလည်ပါကွာ။ ပျက်ဆီးသွားတဲ့ သင်္ဘောပျက်အပိုင်းအစတွေကလည်း ကျောက်ဆူးနဲ့ အချိတ်အဆက်ရှိသလိုမျိုး၊ မရှိတော့တဲ့ အရာတွေကလည်း စိတ်ခံစားမှုနဲ့ တစ်နည်းနည်းဆက်စပ်မှုရှိတာပေါ့။


ကျွန်တော့် လက်အောက်ကနေကြည့်လိုက်တော့ သူမကတော့ သန်းဝေတောင်နေပြီ။ သူမ ဘာတွေတွေးနေတယ်ဆိုတာကတော့ ဘုရားမှ သိတော့မှာပဲ။ ကျွန်တော့်စကားလုံးတွေက သူမရဲ့ လှတပတ ခေါင်းသေးသေးလေးထဲလည်း ရောက်မှာ မဟုတ်ပါဘူး။ သူမထိုင်နေတဲ့ ကုတင်ကြီးနဲ့ပဲ ဒီလိုခန့်ခန့်ငြားငြားကို ကျွန်တော်ပြောနေတော့တာပေါ့။


အဲဒီညနေကတော့ ကျွန်တော် နီကာနဲ့ အဆင်ပြေအောင် နူးနူးညံ့ညံ့ဆက်ဆံခဲ့ပါတယ်။ ကျွန်တော်က သူမ ခန္ဓာကိုယ်ကို ပွတ်သတ်ပေးနေတာက ဟိုးအရင် သစ်တောအုပ်ထဲမှာ နှစ်ယောက်သား လမ်းအတူလျှောက်ခဲ့ကြတုန်းက သစ်ရွက်၊ သစ်ခက်တွေ သူမခန္ဓာကိုယ်ကို လာထိသလိုထက် မပိုသလိုမျိုး သူမအတွက် ဖြစ်နေတယ်လို့ ကျွန်တော်ခံစားလိုက်ရတယ်။

1 comments:

Hlaing Htun August 27, 2007 at 12:41 PM  

နီကာရယ်၊ စိတ်မဆိုးပါနဲ့နော်။ အမှိုက်တွေလို့ ဆိုလို့ရပေမယ့် လူတစ်ဦးတစ်ယောက်အတွက်ကျတော့ စာရွက်အစုတ်လေးတွေကလည်း ထူးဆန်းတဲ့ တန်ခိုးတွေ ရှိရင်ရှိနေတတ်တာကွ။
အက်နေတဲ့ မျက်မှန်ကို လွှင့်ပစ်တယ်ဆိုတာက သူကနေဖြတ်ကြည့်မှ မြင်ရတဲ့ တစ်ကမ္ဘာလုံးကို ကိုယ့်နောက်မှာ ပစ်ထားလိုက်တာမျိုးလေ။
နီကာရယ် ငါ့ကို နားလည်ပါကွာ။
ပျက်ဆီးသွားတဲ့ သင်္ဘောပျက်အပိုင်းအစတွေကလည်း ကျောက်ဆူးနဲ့ အချိတ်အဆက်ရှိသလိုမျိုး၊ မရှိတော့တဲ့ အရာတွေကလည်း စိတ်ခံစားမှုနဲ့ တစ်နည်းနည်းဆက်စပ်မှုရှိတာပေါ့။
***ဖတ်လို့ကောင်းတယ်။ (ကို)မောင်ဖြူ ပြောသလို စကားလုံးတွေက ဆွဲဆောင်တယ်။ တခါတလေ ကျွန်တော်တို့လဲ နီကာမဟုတ်တဲ့ အိမ်က နီကာလေးတွေကို ချော့ခဲ့ရတယ်။
မျက်စိလျှမ်းသလားတော့ မသိပါ၊ ဘယ်ကနေ ဘာသာပြန်လဲ မတွေ့ဘူး။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP