အလှည့် (နောက်ဆုံးပိုင်း)

>> Tuesday, August 7, 2007

.

ပထမပိုင်း

ဒုတိယပိုင်း


အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်
ဇနိမြန်မာပြန်သည်။

နှစ်တွေ အနည်းငယ်ကြာသည်အထိ ကျွန်တော်မှာလည်း အိမ်အလုပ်တွေပိပြီး ခပ်ခေါင်ခေါင်နယ်တစ်ခုက ရွာလေးတစ်ရွာကနေ ဘယ်ကိုမှမထွက်နိုင်ပါဘူး။ အိမ်အလုပ်တွေရှုပ်နေတာဆိုပေမယ့်လည်း အရင်တုန်းက အပူအပင်ကင်းကင်းနေခဲ့ရတဲ့ ပူညံပူညံဘ၀ကိုလည်း သတိရမိတာပေါ့။ အဆိုးဆုံးကတော့ ဆောင်းဦးပေါက်နဲ့ ဆောင်းညနေခင်းတွေမှာ အထီးကျန်တစ်ယောက်တည်းနေရတာပါပဲ။ အလုပ်သမားခေါင်းတွေနဲ့ စကားပြောလိုက်၊ အလုပ်ကိစ္စနဲ့ ဟိုသွားဒီသွားလုပ်လိုက်၊ အလုပ်အသစ်တွေနဲ့ နပန်းလုံးလိုက်နဲ့ ညစာမစားခင်အထိ အချိန်တွေကုန်အောင် ကျွန်တော်မှာ ကျိုးစားရတယ်။ ခဏနေတော့ မှောင်လည်းလာရော ကျွန်တော်ဘယ်သွားလို့သွားရမှန်းကို မသိပါဘူး။ ဂိုထောင်ထဲ၊ ဗီရိုထဲကနေပြီးရှာတွေ့တဲ့ စာအုပ်အနည်းငယ်ကိုတော့ ကျွန်တော်က အလွတ်တောင်ရနေပြီ။ သော့အထိန်းတော်ကြီး ကီရီလော့ဗနာ တစ်ယောက်သာ မှတ်မိပြီး ပြန်ပြောပြတဲ့ ပုံပြင်တွေကလည်း အထပ်ထပ်ပြောပြီးသားဖြစ်နေပြီးတော့၊ လယ်သူမတွေဆိုပြတဲ့ သီချင်းတွေကိုလည်း နားထောင်ရတာ ကျွန်တော် အတော့်ကိုပျင်းနေပါပြီ။ အရက်ခါးခါးတွေသောက်တော့လည်း ခေါင်းကကိုက်၊ ပြီးတော့ ဒီနယ်က ယစ်ထုတ်ကြီးတွေ ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့ ဥပမာတွေကလည်းရှိနေတော့ ပျင်းပျင်းနဲ့ အရက်သောက်နေလို့ အရက်သမားကြီးလုံးလုံးဖြစ်သွားမှာလည်း ကြောက်တယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ ဘေးဝန်းကျင်မှာ ယစ်ထုတ်ကြီးနှစ်ယောက်၊ သုံးယောက်ကလွဲလို့ ပေါင်းစရာလူကလည်း မရှိဆိုတော့ တစ်ယောက်တည်း အထီးကျန်ဆန်တာကပဲ ခပ်ကောင်းကောင်းဖြစ်နေတော့တာပေါ့။

ကျွန်တော့်ဆီကနေ သုံးမိုင်လောက်ဝေးတဲ့နေရာမှာ မြို့စားကတော်တစ်ယောက်ပိုင်တဲ့ ခြံတစ်ခုရှိပါတယ်။ အဲဒီမှာကလည်း ကြီးကြပ်သူတစ်ယောက်ပဲ နေတာပါ။ မြို့စားကတော်ကလည်း အဲဒီခြံမှာ အိမ်ထောင်ကျတဲ့ နှစ်မှာပဲရောက်လာပြီး နေသွားတာကလည်း တစ်လထက်မပိုပါဘူး။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ အထီးကျန်ဒုတိယနှစ် နွေဦးပေါက်မှာ မြို့စားကတော်က သူ့အမျိုးသားနဲ့ နွေရာသီမှာ အဲဒီခြံကို လာပြီး အပန်းဖြေမယ်လို့ သတင်းကြားရတယ်။ တကယ်ကျတော့လည်း ဇွန်လအစပိုင်းလောက်မှ သူတို့ရောက်လာကြတာပါ။

သူဌေး အိမ်နီးချင်းရဲ့ သတင်းက ကျေးတောသူ၊ ကျေးတောသားတွေအတွက်တော့ အရေးတကြီးပြောစရာဖြစ်နေတာပေါ့။ လယ်လုပ်သူတွေ၊ ခြံက အလုပ်သမားတွေကတော့ သူတို့ရောက်မလာခင် နှစ်လလောက်ကတည်းကကြိုပြီး အဲဒီအကြောင်းကိုပြောကြပြီး၊ ပြန်သွားပြီးရင်လည်း တစ်နှစ်လောက်ကတော့ ဆက်ပြောနေကြဦးမှာပဲ။ ငယ်ရွယ်လှပတဲ့ အိမ်နီးချင်းမြို့စားကတော်ရောက်လာပြီဆိုတဲ့ သတင်းက ကျွန်တော့်ကိုလည်း အတော်လွှမ်းမိုးတယ်ဆိုတာ ကျွန်တော် ၀န်ခံပါတယ်။ ဒါနဲ့ပဲ သူရောက်တဲ့ ပထမတနင်္ဂနွေနေ့မှာ သိပ်ရင်းနှီးတဲ့ အိမ်နီးချင်းကောင်းတစ်ယောက်လို၊ ပြီးတော့ သိပ်ကိုသိမ်မွေ့တဲ့ အခိုင်းအစေကောင်းတစ်ယောက်လိုသူတို့ကို မိတ်ဆက်ဖို့ရာ ညစာစားအပြီးမှာ အဲဒီရွာကို သွားတော့တာပါပဲ။

ဧည့်ကြိုအခိုင်းအစေက ကျွန်တော့်ကို မြို့စားရဲ့ ဧည့်ခန်းဆီကို ခေါ်လာတယ်။ သူကတော့ ကျွန်တော်ရောက်ကြောင်းသံတော်ဦးတင်ဖို့ အခန်းထဲဝင်သွားပါတယ်။ ဧည့်ခန်းအကျယ်ကြီးကို ဖြစ်နိုင်သမျှသော အလှအပတွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့ ဆင်ယင်ထားပြီး၊ နံရံမှာလည်း စာအုပ်တွေ အပြည့်ထည့်ထားတဲ့ ဗီရိုတွေနဲ့၊ အဲဒီဗီရိုပေါ်တွေမှာလည်း ကိုယ်တစ်ပိုင်းပြတ်ကြေးရုပ်တွေ တင်ထားပါတယ်။ စကျင်ကျောက်မီးဖိုကြီးရဲ့ အပေါ်မှာလည်း မှန်အကြီးတစ်ချပ်နဲ့အလှဆင်လို့၊ ကြမ်းပြင်ကိုလည်း ကော်ဇောအစိမ်းရောင်ခင်းထားပါတယ်။ တခြားလူတွေရဲ့ ကြွယ်ဝချမ်းသာမှုတွေကို မမြင်တွေ့ရတာ ကြာလို့ထင်ပါရဲ့၊ ကိုယ့်နေရာလေးမှာပဲ ဘယ်မှမကြည့်တော့ဘဲ နယ်တစ်ခုခုက အသနားခံစာလာတင်တဲ့ လူတစ်ယောက်ယောက်က ၀န်ကြီးတစ်ယောက်ရဲ့ အခန်းဝမှာ စောင့်နေရသလို ကျွန်တော်လည်း စိတ်ထဲမှာ တုန်လှုပ်လာပြီး နည်းနည်းကြောက်လာပါတယ်။ တံခါးပွင့်လာပြီး အသက် သုံးဆယ့်နှစ်နှစ် လောက်ရှိတဲ့ တည်ကြည်ခန့်ညားတဲ့ အမျိုးသားတစ်ဦးဝင်လာပါတယ်။ မြို့စားကပွင့်လင်းဖော်ရွေပြီး၊ ခင်မင်တတ်တဲ့ပုံစံနဲ့ ကျွန်တော့်ဆီကို လျှောက်လာတော့ ကျွန်တော်လည်း အားကျိုးစားယူပြီး ကိုယ်ဟာကို စမိတ်ဆက်မယ်လုပ်တော့ သူကတောင်ကြိုပြီး မိတ်စဆက်ပါတယ်။ ကျွန်တော်တို့ ထိုင်ကြတယ်။ သူစကားပြောတာက လွတ်လွတ်လပ်လပ်ရှိပြီးတော့ နှစ်လိုဖွယ်လည်းကောင်းတယ်။ ခဏကြာတော့မှပဲ ကိုယ့်ရဲ့သိမ်ငယ်စိတ်တွေကို မောင်းထုတ်၊ ပင်ကိုယ်ပုံစံနဲ့စနေနိုင်မယ်လုပ်တုန်း မြို့စားကတော် ၀င်လာတော့ ရှက်သလိုလို၊ရွံ့သလိုလိုစိတ်က အရင်ထက်ပိုဆိုးပါလေရော။ သူမကလည်း အတော့်ကိုလှတာကိုး။ မြို့စားက မိတ်ဆက်ပေးပါတယ်။ ကျွန်တော်ကလည်း ရှိုးတိုးရှန့်တန့်ပုံစံမဖြစ်အောင်နေချင်လို့ အဆင်ပြေပြီး သက်တောင့်သက်သာဖြစ်တဲ့ပုံဖမ်းလေ၊ ကိုယ်ဟာကို ကိုးလို့ကန့်လန့်ကြီးဖြစ်လေပါပဲ။ သူတို့ကလည်း မိတ်ဆွေသစ်ဖြစ်နေလို့ ခပ်တန်းတန်းဖြစ်နေတာကို အသားကျသွားအောင် အချိန်ပေးတဲ့အနေနဲ့ ကျွန်တော့်ကိုလည်း စကားဝိုင်းထဲပါလာအောင် ဘာ ဟန်ကြီးပန်ကြီးမှကိုမလုပ်ဘဲ သူတို့အချင်းချင်းလည်း စကားတွေစပြောတော့တာပါပဲ။ ပန်းချီကားတွေ၊ စာအုပ်တွေကို ကြည့်လိုက်နဲ့ အခန်းထဲမှာ ကျွန်တော်လည်းဟိုဟိုဒီဒီလမ်းလျှောက်ပါတယ်။ ပန်းချီကားအကြောင်းကို ကျွန်တော်အကျွမ်းတ၀င်မရှိပေမယ့် ပန်းချီကားတစ်ချပ်ကတော့ ကျွန်တော့်ကို အတော်ဆွဲဆောင်တာပါ။ ဆွဲထားတဲ့ ပုံကတော့ ဆွစ်ဇာလန်ကတစ်ခုခုပုံဖြစ်ပေမယ့်၊ ဆွဲထားတဲ့ပုံကို ကျွန်တော်စိတ်ဝင်စားတာဟုတ်ပါဘူး၊ ပန်းချီကားပေါ်က တစ်ခုပေါ်တစ်ခုထပ်နေအောင် ပစ်ထားတဲ့ သေနတ်ကျည်ပေါက် နှစ်ပေါက်ပါ။

- သိပ်ကောင်းတဲ့ ပစ်ချက်ပဲ။ - မြို့စားကို ကျွန်တော် လှမ်းပြောလိုက်ပါတယ်။

- ဟုတ်ပဗျာ။ - သူကဖြေတယ်။ သိပ်ကိုကောင်းတဲ့ ပစ်ချက်ပေါ့။ ခင်ဗျားရော ကောင်းကောင်း သေနတ်ပစ်တတ်လား။

- သိပ်မဆိုးပါဘူး။ - နောက်ဆုံး ကျွန်တော် ရင်နှီးကျွမ်းဝင်တဲ့ အကြောင်းအရာကို ရောက်လာတာဆိုတော့ ကျွန်တော်လည်း ၀မ်းသာအားရနဲ့ကို ပြန်ဖြေလိုက်တယ်။ - ပစ်နေကျသေနတ်နဲ့ဆိုရင်တော့ ခြေလှမ်း သုံးဆယ်ကနေပြီး ဖဲချပ်ကို မလွဲအောင်ပစ်နိုင်ပါတယ်ဗျာ။

- ခြေလှမ်းသုံးဆယ်အကွာကနေ မှန်အောင်ပစ်နိုင်တယ်ဆိုတာ တကယ်လား။- စဉ်းစဉ်းစားစားပုံစံနဲ့ မြို့စားကပြောတယ်။

- တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့တွေ စမ်းကြသေးတာပေါ့ဗျာ။ - အရင်တုန်းကတော့ ကျွန်တော်လည်း မဆိုးပါဘူး။ အခုတော့လည်း သေနတ်မကိုင်တာ လေးနှစ်လောက်တောင်ရှိပြီ။ မြို့စားက ဆက်ပြောတယ်။

- အော်- ကျွန်တော် သတိထားမိပြီး ပြောလိုက်တယ်။ - ဒီလို အခြေအနေဆိုရင်တော့ လောင်းရဲတယ်ဗျ။ ခြေ ဆယ့်နှစ်လှမ်းအကွာကနေတောင် ဖဲချပ်ကို မှန်အောင်ပစ်နိုင်မှာ မဟုတ်ဘူး။ ပစ္စတိုပစ်တယ်ဆိုတာက နေစဉ်လေ့ကျင့်ဖို့လိုတယ်ဗျ။ အဲဒါကို အတွေ့အကြုံအရ ကျွန်တော်သိတယ်။ ကျွန်တော်တို့တပ်ရင်းမှာ ကျွန်တော်လည်း သေနတ်ပစ်ကောင်းတဲ့အထဲက တစ်ယောက်ပါပဲ။ တစ်ခါက သေနတ်ကိုပြင်တဲ့ဆီကို ပို့ထားတုန်း တစ်လလောက် ကျွန်တော် သေနတ်နဲ့ ဝေးသွားတယ်။ ဘယ်လိုဖြစ်မယ် ထင်သလဲ မြို့စားရဲ့။ ပထမဆုံးအကြိမ် စပစ်တုန်းကဆို ခြေ နှစ်ဆယ့်ငါးလှမ်းကနေပြီး ပုလင်းတွေကို ပစ်တာ လွဲသဗျာ။ - အင်း.. အရက်ပုလင်းတွေမို့ လက်ကမဖြောင့်တာဖြစ်မယ်- ဆိုပြီး တပ်ရင်းကဗိုလ်ကြီးတွေ၊ စစ်သားတွေ၊ လူရွတ်လူနောက်တွေကဆို ၀ိုင်းစကြတာ။ မြို့စားရဲ့.... လေ့ကျင့်တာက တစ်ကြိမ်တောင်အပျက်ခံလို့ မဖြစ်ဘူးဗျ။ ကျွန်တော်တအံ့အသြဖြစ်လောက်အောင် သေနတ်ပစ်တော်တဲ့ သူတစ်ယောက်ဆိုရင် တစ်နေ့ကို အနည်းဆုံး သုံးကြိမ် နေ့လည်စာ မစားခင် ထပြီ သေနတ်ပစ်လေ့ကျင့်လိုက်တာပဲ။ မစားခင် ဗော်(ဒ)ကာ သောက်သလိုပေါ့။

ကျွန်တော်က စကားတွေခပ်လှိုင်လှိုင်ပြောတော့ မြို့စားရော၊ မြို့စားကတော်ရော ပျော်နေကြတာပေါ့။

- သူ့ပစ်ပုံကရော ဘယ်လိုလဲဗျ။ - မြို့စားက ကျွန်တော့်ကို မေးတယ်။

- အင်း မြို့စားရဲ့ ဒီလို၊ သူက နံရံပေါ်မှာ ယင်ကောင်နားနေတာကို တွေ့ရင်၊ မြို့စားကတော်ရဲ့ မရီပါနဲ့ဦး။ တကယ်ပြောတာပါ။ ယင်ကောင်ကိုမြင်ရင် သူ့တပည့်ကို "ကူဇကာ၊ ပစ္စတို" လို့အော်လိုက်ရင် ကူဇကာ ကလည်းကျည်ထိုးပြီးသား ပစ္စတိုသေနတ်ကိုပေးလိုက်တာပဲ၊ သူကလည်း ဖြောင်းကနဲ့ပစ်၊ ယင်ကောင်လည်း နံရံမှာ ကပ်သွားတော့တာပဲ။

- အံ့စရာပဲ။ - အဲ သူ့နာမည်က ဘယ်လို။ မြို့စားက မေးတယ်။

- စီ(လ်)ဗီအို ပါ မြို့စား။

- စီ(လ်)ဗီအို! - ထိုင်နေရာက ထတဲ့ပြီးတော့ မြို့စားက အော်လိုက်တယ်။ - ခင်ဗျားက စီ(လ်)ဗီအို ကို သိတယ် ဟုတ်လား။

- သိပါတယ် မြို့စားရဲ့။ ကျွန်တော်တို့ ရင်းနှီးတဲ့ မိတ်ဆွေတွေပါ။ တပ်မှာတော့ သူ့ကို အကိုအရင်းတစ်ယောက်လိုကို ခင်တာပါ။ သူ့သတင်းမကြားရတာ ငါးနှစ်တောင်ရှိပါပြီ။ မြို့စားရော သူ့ကို သိတယ်လား။

- သိတယ်။ သိပ်ကိုသိတယ်။ ခင်ဗျားကို မပြောခဲ့ဘူးလား ...အင်း မပြောလောက်ဘူး။ သိပ်ကို ထူးဆန်းတဲ့ အဖြစ်အကြောင်း ခင်ဗျားကို မပြောခဲ့ဘူးလား။

- ကပွဲမှာ ပြဿနာဖြစ်ခဲ့တဲ့အကြောင်းလား။

- ဘယ်လိုပြဿနာဆိုတာရော ပြောသေးလား။

- မပြောခဲ့ပါဘူး မြို့စား။ အား.... မြို့စား.. ခန့်မှန်းကြည့်ရတာ မြို့စားနဲ့လား မသိနော်။

- ဟုတ်ပါတယ်။ ကျွန်တော်နဲ့ပါပဲ။ - အလွန်အမင်း မျက်စိမျက်နှာပျက်နဲ့ ပြောတယ်။ ကျည်ဆံရာပေါက်နဲ့ပန်ချီကားက ကျွန်တော်တို့ နှစ်ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံခြင်း အမှတ်တရပါ။

- အို.. မောင် .... - မြို့စားကတော်က ပြောတယ်။- မပြောပါနဲ့နော်။ နားထောင်ရမှာ ကြောက်လို့ပါ။

- မဟုတ်သေးဘူး။ မောင် အားလုံးပြောမှ ဖြစ်မယ်။ မောင် သူ့အပေါင်းအသင်းကို စိတ်ထဲမှာ နာကျင်အောင် ဘယ်လို လုပ်ခဲ့တယ်ဆိုတာ သူသိတယ်။ စီ(လ်)ဗီအို က ဘယ်လိုပြန်လက်စားချေတယ်ဆိုတာကိုလည်း သူသိပါစေလေ။

မြို့စားက ထိုင်ခုံကိုရှေ့တိုးပြီးပေးတဲ့ထိုင်ခုံပေါ်ထိုင်ပြီး သူပြောပြတဲ့ ဇာတ်ကြောင်းကို စိတ်ဝင်းတစားနဲ့နားထောင်တော့တာပါပဲ။

တစ်နေ့ ညနေခင်းမှာ ကျွန်တော်တို့နှစ်ယောက် မြင်းစီးပြီး ထွက်ခဲ့ကြတယ်။ ကျွန်တော့် အမျိုးသမီးစီးတဲ့ မြင်းက ဘယ်လိုဖြစ်သွားတယ်မသိပါဘူး။ ထိန်းမရတော့ သူကလည်းကြောက်တာပေါ့။ ကျွန်တော့်ကို မြင်းပေးပြီး သူမကတော့ လမ်းလျှောက်ပြီး ပြန်လာတယ်။ ကျွန်တော်က ရှေ့က အရင်အိမ်ကို ကြိုပြီး ရောက်တာပေါ့။ အိမ်ဝင်းထဲမှာ ခရီးသွားမြင်းလှည်းလေးကိုတွေ့တယ်။ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်နဲ့ အလုပ်ကိစ္စရှိပြီး၊ နာမည် မပြောချင်တဲ့ ဧည့်သည်တစ်ယောက် ကျွန်တော့်အခန်းထဲမှာ ထိုင်နေတယ်လို့။ ကျွန်တော် အခန်းထဲ ၀င်လိုက်တော့ အမှောင်ထဲမှာ ဒီမီးဖိုနားမှာ ရပ်နေတဲ့ ဖုန်တွေတင်နေတဲ့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ လူတစ်ယောက်ကိုတွေ့ရတယ်။ သူ့ရဲ့မျက်နှာ ဥပဓိရုပ်ကို မှတ်မိမလားလို့ ကျိုးစားရင်း သူ့နားကို ကျွန်တော်ကပ်ပြီးသွားတယ်။ - ကျုပ်ကိုမမှတ်မိဘူးလား မြို့စားကြီးရဲ့။ - သူက အသံတုန်တုန်နဲ့ပြောတော့မှပဲ - "စီ(လ်)ဗီအို" ကျွန်တော်အော်လိုက်တယ်။ ကြက်သီးမွှေးညှင်းတွေထလောက်အောင်ခံစားလိုက်ရတယ်ဆိုတာ ၀န်ခံပါတယ်။ - ဟုတ်ပဗျာ။ - သူကဆက်ပြောတယ်။ ကျုပ်အလှည့်လေ။ ကျုပ် ပစ္စတိုကိုပစ်ဖို့လာတာဗျ။ အဆင်သင့်ဖြစ်ပြီလား။- သေနတ်က သူ့ဘေးအိတ်ထဲကနေ ထိုးထွက်နေတယ်။ ကျွန်တော်လည်း ခြေလှမ်း ဆယ့်နှစ်လှမ်းလှမ်းပြီး ဟိုထောင့်မှာ သွားရပ်ပြီး ကျွန်တော့်အမျိုးသမီးရောက်မလာခင် မြန်မြန်ပစ်ဖို့ပြောတယ်။ သူက အချိန်ဆွဲတယ်။ မီးထွန်းပေးဖို့ပြောတယ်။ ဖယောင်းတိုင်တွေ ယူလာပေးရတယ်။ တံခါးကို သော့ခတ်ပြီး ဘယ်သူမှ ၀င်မလာဖို့ပြောလိုက်ပြီး သူ့ကို ပစ်ဖို့ထပ်ပြောရတယ်။ ပစ္စတိုကို ထုတ်ပြီး ချိန်တယ်။ ကျွန်တော်လည်း တစ်စက္ကန့်၊နှစ်စက္ကန့်ရေတယ်။ အတွေးတွေ ရောက်ယက်ခတ်နေတယ်။ တကယ့်ကို သိပ်ကြောက်စရာ ကောင်းတဲ့ မိနစ်တွေပါပဲ။ စီ(လ်)ဗီအိုကလည်း ချိန်ထားတဲ့လက်ကို အောက်ချလိုက်တယ်။ - ပစ္စတိုက ချယ်ရီသီးအစေ့တွေထည့်ထားတာ မဟုတ်ဘဲ သေသွားနိုင်တဲ့ ကျည်ဆံတွေထည့်ထားတာဆိုတော့ စိတ်မကောင်းပါဘူး။ -သူကပြောတယ်။ - ကျုပ်အထင်တော့ အခုဟာက နှစ်ယောက်စိန်ခေါ်ပွဲနဲ့မတူဘဲ၊ လူသတ်ပွဲ သတ်သတ်ဖြစ်နေသလားလို့။ လက်နက်မဲ့တစ်ယောက်ကို သေနတ်နဲ့ချိန်တယ်ဆိုတဲ့ အကျင့် ကျုပ်မှာ မရှိဘူး။ နောက်တစ်ကြိမ် မဲပြန်နှိုက်တာပေါ့ ဘယ်သူ ပထမ ပစ်ရမလဲဆိုတာ။ - ကျွန်တော့်ခေါင်းတွေလည်း ချာချာကိုလည်သွားတာပဲ။ ကျွန်တော် သဘောမတူဘူး ထင်တာပဲ။ နောက်ဆုံးကျတော ပစ္စတိုတွေကို ကျည်ဖြည့်၊ မဲနှစ်ခုလိပ်၊ သူက ဟိုအရင်တုန်းက ကျွန်တော်ပစ်ခဲ့တဲ့ ဦးထုပ်ထဲ မဲလိပ်တွေထည့်ပြီး မဲနှိုက်ခိုင်း၊ ကျွန်တော်ပဲ စပစ်ရမှာပါ။ - ဟမ် .. သောက်မြင်ကပ်လောက်အောင် ကံကောင်းပါ့လား။ - ကျွန်တော်ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ ခတ်လှောင်လှောင်အပြုံးနဲ့ပြောတယ်။ ကျွန်တော် ဘယ်လိုဖြစ်ပြီး သူ့ရဲ့လွှမ်းမိုးမှုကို ခံနေရတယ်ဆိုတာ နားကိုမလည်နိုင်ပါဘူး။ ကျွန်တော်ပစ်လိုက်တာ ကျည်ဆံက အဲဒီ ပန်းချီကားကို သွားမှန်တယ်။ ( မြို့စားက ကျည်ပေါက်နေတဲ့ ပန်းချီကားကို လက်ညှိုးထိုးပြတယ်။ သူ့မျက်နှာကလည်း မီးလိုလောင်ကျွမ်းလို့။ မြို့စားကတော်လည်း မျက်နှာကို ဖြူဖတ်ဖြူရော်နဲ့။ ကျွန်တော်လည်း အံ့အားမသင့်ဘဲကို မနေနိုင်ဘူး။)

- ကျွန်တော်ပစ်လိုက်တယ်။ - မြို့စားက ဆက်ပြောတယ်။ - လွဲသွားတယ်။ စီ(လ်)ဗီအို( အဲဒီအချိန်မှာ သူ့မျက်နှာက တကယ့်ကို ရက်စက်တဲ့မျက်နှာပါ။) စီ(လ်)ဗီအို ပစ္စတိုနဲ့ ချိန်တယ်။ ယုတ်တရက် တံခါးပွင့်လာပြီး မားရှာ ကြောက်အားလန့်အားနဲ့ အော်ပြီး ကျွန်တော့်လည်ပင်းကိုပြေးဖတ်တယ်။ သူမ ရှိနေတော့ ကျွန်တော့်ရဲ့ ယောက်ျားမာနလည်း ပေါ်လာတာပေါ့။ - အချစ် တို့တစ်ယောက်နဲ့တစ်ယောက်စနေတာ တကယ်မသိဘူးလား။ ဘာလို့ ကြောက်လန့်နေရတာလဲ။ သွားပြီးရေသောက်လိုက်နော်။ ပြီးတော့ ပြန်လာခဲ့။ ဒီထူးဆန်းတဲ့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမယ်။ မားရှာကလည်း တကယ်မယုံရှာသေးပါဘူး။ - ကျွန်မ အမျိုးသားပြောတာ အမှန်ပဲလားဆိုတာ ပြောပါရှင်။ - ကြောက်စရာကောင်းလှတဲ့ စီ(လ်)ဗီအို ဖက်ကိုလှည့်ပြီးမေးတယ်။ - ရှင်တို့ ကျီစယ်နေကြတာ တကယ်အဟုတ်လားရှင်၊ ပြောပါရှင်။ - သူက အမြဲပဲ ကျီစယ်တတ်ပါတယ် မြိုးစားကတော်။ - စီ(လ်)ဗီအိုက ဖြေတယ်။ ဟိုအရင်တုန်းကလည်း စနောက်ပြီး ကျုပ်ကိုစိန်ခေါ်ခဲ့တယ်၊ ကျီစယ်ပြီး ဒီဦးထုပ်ကို ပစ္စတိုနဲ့ပစ်ခဲ့ပါတယ်။ အခုလည်း ကျီစယ်ပြီး ပစ္စတိုနဲ့လွဲအောင်ပစ်ပြန်ပါပြီး။ အခုဟာက ကျုပ် ကျီစယ်ရတော့မယ့် အလှည့်ပါ။ - အဲဒီစကားလုံးတွေပြောရင် သူက ကျွန်တော့်ကို မားရှာရှေ့မှာပဲ ပစ္စတိုနဲ့ချိန်ပါတော့တယ်။ မားရှာလည်း သူ့ခြေထောက်ကိုပြေးဖတ်တော့တာပေါ့။- ထစမ်း မားရှား။ သိပ်ရှက်ဖို့ကောင်းတယ်။ - ကျွန်တော် ဒေါသတကြီးနဲ့ အော်ပြောလိုက်တယ်။ - သနားစရာကောင်တဲ့ မိန်းမတစ်ယောက်ကို သရော်သလိုလိုပြောတာကို ရပ်မှာလား မရပ်ဘူးလား။ - ခင်းဗျားအလှည့်ကိုရော ပစ်ဦးမှာလား၊ မပစ်တော့ဘူးလား။- - မပစ်တော့ဘူး။ - စီ(လ်)ဗီအို ပြန်ဖြေတယ်။ -ကျုပ်ကျေနပ်တယ်။ ခင်ဗျားရဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ ကြောက်စိတ်တွေကို တွေ့လိုက်ရပြီ။ ကျုပ်ကိုလည်းခင်ဗျာလည်းပစ်ပြီးပြီးဆိုတော့ ကျေနပ်ပါတယ်။ ကျုပ်ကို သတိတရ ရှိနေပါ။ ခင်ဗျားရဲ့လိပ်ပြာက ခြောက်လန့်နေပါလိမ့်မယ်။ - သူထွက်သွားတယ်...တံခါးနားရောက်တော့ ရပ်ပြီး ကျွန်တော်ပစ်လိုက်တဲ့ ပန်းချီကားကို ဖျတ်ကနဲကြည့်ပြီး ချိန်တောင်မချိန်ဘဲ ပစ္စတိုနဲ့ ပစ်ပြီး သူပျောက်သွားတော့တယ်။ ကျွန်တော့်အမျိုးသမိးလည်း မူးမေ့လဲကျပြီး လူတွေကလည်း သူ့ကို ဖမ်းထားအောင်မရဲဘဲ ကြောက်လန့်တကြီးနဲ့ပဲ ကြည့်နေတုန်းပဲ၊ အိမ်ဆင်ဝင်အောက်ကထွက်သွားပြီး လှည်းမောင်းသမားကို လှမ်းခေါ်ပြီး ကျွန်တော် သတိမရခင်လေးမှာပဲ သူထွက်သွားတယ်။

မြို့စားလည်း တိတ်ဆိတ်နေတယ်။ ဒီလိုနဲ့ပဲ ဟိုအရင်က ကျွန်တော့်ကို လွှမ်းမိုးခဲ့ပြီး အစသာ သိခဲ့တဲ့ ဇာတ်လမ်းရဲ့အဆုံးကိုလည်း သိလိုက်ရပါတော့တယ်။ ကျွန်တော့်ရဲ့ သူရဲကောင်းကြီးနဲ့လည်း ထပ်မတွေ့ရတော့ပါဘူး။ အလက်ဇန်းဒါး အီ(ပ်)စီ(လ်)လန်(တ်) ပုန်ကန်မှုမှာ တပ်တစ်ခုကိုခေါင်းဆောင်ရင်း စကူလရန်းတွေနဲ့ တိုက်တဲ့ စစ်ပွဲမှာ စီ(လ်)ဗီအို တိုက်ပွဲကျသွားတယ်လို့ပြောကြတာပဲ။
ပြီး၏။
ကျေးဇူးတင်ပါတယ်။

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP