အလှည့် (ဒုတိယပိုင်း)

>> Monday, July 16, 2007


အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်
ဇနိမြန်မာပြန်သည်။

ဧည့်သည်တွေလည်းပြန်သွားကြတော့ ကျွန်တော်တို့ နှစ်ယောက်ပဲကျန်ခဲ့ပြီး၊ တစ်ယောက်ကိုတစ်ယောက် မျက်နှာခြင်းဆိုင်ထိုင်ပြီး စကားမပြောဘဲ ဆေးတံတွေ ကိုယ်ဆီထိုင်သောက်နေကြလေရဲ့။ စီ(လ်)ဗီအိုလည်း ပြဿနာတစ်ခုခုဖြစ်နေပုံပါပဲ။ ဟိုအရင်က ပျော်ရွှင်မှုအရိပ်အရောင်လေးတောင်မတွေ့ရပါဘူး။ သုန်သုန်မှုန်မှုန်နဲ့ ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့မျက်နှာရယ်၊ အရောင်တလက်လက်ထွက်နေတဲ့မျက်လုံးတွေရယ်၊ ပါးစပ်ကမှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေက သူ့ကို တကယ်နတ်ဆိုးတစ်ကောင်လို ဖြစ်စေတာပေါ့။ ခဏနေတော့ စီ(လ်)ဗီအိုလည်း စကားစပြောတော့တာပါပဲ။
- တို့တွေ နောင်ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့လည်းဖြစ်သွားနိုင်တယ်။ - သူက ကျွန်တော့်ကိုပြောတယ်။ ထွက်မသွားခင်လေးမှာတော့ ငါမင်းကိုတော့ ရှင်းပြချင်တယ်။ တစ်ခြားလူတွေရဲ့ အမြင်တွေကို ငါသိပ်ပြီးဂရုမစိုက်တတ်ဘူးဆိုတာကို မင်းလည်းသတိထားမိမှာပါ။ ငါ မင်းကို ခင်တယ်ဆိုတော့ မင်းစိတ်ထဲမှာ ငါ့ကို အထင်အမြင်မှားပြီး ကျန်ခဲ့မယ်ဆိုရင်တော့ ငါအနေရခက်နေမှာ။
သူက ခဏရပ်ပြီးတော့ ဆေးတံဆေးထပ်ထည့်ဖို့ ထတယ်။ ကျွန်တော်လည်း မျက်လုံးအောက်စိုက်ပြီး ပါးစပ်ပိတ်နေတယ်။
- မင်းအနေနဲ့ ငါက ဟိုအမူးအရူးကောင်ကို ဘာမှမလုပ်တာကို အံ့ကြနေခဲ့တာမဟုတ်လား ။ - သူက ဆက်ပြောတယ်။ - ဘယ်သေနတ်နဲ့ ပစ်မလဲဆိုတာကို ရွေးချယ်ခွင့်ရှိတယ်ဆိုတော့ ဟိုကောင့်ရဲ့အသက်က ငါ့လက်ထဲမှာရှိပြီး ငါ့မှာ အန္တရာယ် လုံးဝနီးပါးမရှိဘူးဆိုတာကိုတော့ မင်းလည်းသိမှာပါ။ ငါက သဘောထားကြီးကြီးနဲ့ သိပ်ကိုခွင့်လွှတ်တတ်တယ်လို့တော့ မညာချင်ပါဘူး။ ငါက စိန်ခေါ်လိုက်တာက ငါ့အသက်အန္တရာယ်ကို လုံးဝမထိခိုက်နိုင်ဘူးဆိုတာ သိပ်သေချာနေရင်တော့လည်း ဟိုကောင်ကို ခွင့်လွှတ်မိမှာတော့ မဟုတ်လောက်ပါဘူး။
ကျွန်တော် စီ(လ်)ဗီအိုကို တအံ့အသြကြီးနဲ့ကို ကြည့်နေမိတယ်။ သူဒီလိုဝန်ခံတာနေတာက ကျွန်တော့်ကို တော်တော်ကသိကအောက်ဖြစ်စေတာပါ။ စီ(လ်)ဗီအိုက ဆက်ပြောတယ်။
- ငါ့မှာ ကိုယ့်ဟာကို သေတွင်းကို ပို့ဖို့ဆိုတာ အခွင့်မရှိဘူးဆိုတာ အသေအချာပဲ။ လွန်ခဲ့တဲ့ ခြောက်နှစ်က ငါ စိန်ခေါ်ခံရဖူးတယ်၊ ငါ့ရန်သူက အခုထိ အသက်ရှင်တုန်းပဲ။
ကျွန်တော်လည်း သိချင်စိတ်ပြင်းပြင်းထန်ထန်နဲ့ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
- ခင်ဗျား သူနဲ့ သေနတ်ချင်းယှဉ်မပစ်ခဲ့ဘူးလား။ - ကျွန်တော်က မေးတယ်။ အခြေအနေတွေကြောင့် ခင်ဗျား အဲဒီက ထွက်လာပုံရတယ်၊ ဟုတ်လား။
- ငါ သူနဲ့ သေနတ်ယှဉ်ပစ်ခဲ့ပါတယ်။ - စီ(လ်)ဗီအိုက ဖြေတယ်။ - ဒီမှာ နှစ်ယောက်စိန်ခေါ်ပွဲရဲ့ အမှတ်အသားလေ။
စီ(လ်)ဗီအိုက မတ်တပ်ရပ်ပြီး ဗီရိုလေးထဲကနေပြီး ရွေရောင်အမွှေးတွေနဲ့ အလှဆင်ထားတဲ့ ချည်နဲ့ရက်ထားတဲ့ အပတ်ကလေးပါတဲ့ ဦးထုပ်ကိုထုတ်ပြီးဆောင်းပြတယ်။ နဖူးအထက် နှစ်လက်မလောက်အကွာမှာ ဦးထုပ်မှာ ကျည်ဆံပေါက်ရာကိုတွေ့ရတယ်။
- မြို့လေးတစ်ခုက မြင်းတပ်မှာ ငါတာဝန်ထမ်းခဲ့တယ်ဆိုတာ မင်းသိပါတယ်။- စီ(လ်)ဗီအိုက ဆက်ပြောတယ်။ ငါ့ရဲ့အလေ့အကျင့်ကတော့ မင်းသိပြီးသားပါ။ ပထမနေရာကို အမြဲရနေကြဆိုတော့ ကလေးကတည်းက အဲဒါကို တော်တော်စွဲမက်ခဲ့တာ။ အဲဒီအချိန်တုန်းက ဆိုးတယ်၊ပေတယ်ဆိုတာ တော်တော်လေးကို ရေပန်းစားတာကို။ စစ်တပ်မှာတော့ ငါ့ကိုမှီတဲ့လူဆိုးဆိုတာ မရှိသလောက်ပေါ့။ အရက်ကို အများကြီးသောက်နိုင်တယ်ဆိုတာကိုလည်း ကြွားဝါးတတ်သေးတယ်။ ဒင်းနစ် ဒါဗီဒေါ့(ဗ်) ဧည့်ခံကျွေးမွေးတဲ့ပွဲမှာ သိပ်နာမည်ကြီးတဲ့ ဘူး(ရ်)ဆော့(ဗ်)ကို ငါအနိုင်သောက်ခဲ့တာလေ။ ဒွေး(တစ်ဦးချင်းစိန်ခေါ်ပွဲ)ဆိုတာကလည်း တို့တပ်မှာက ခဏခဏဖြစ်တာလေ။ သတ်သေလုပ်ရင်လုပ်၊ မဟုတ်ရင်လည်း ကိုယ်တိုင်ပစ်တဲ့ သူအဖြစ်နဲ့ ပွဲတိုင်းတော့ ငါပါတယ်။ ပေါင်းအသင်းတွေကလည်း ငါ့ကိုလေးစားကြတယ်။ ခဏခဏပြောင်းနေတဲ့ တပ်ရင်းမှုးတွေဆိုတာ ငါ့ကို သိပ်လိုအပ်နေတဲ့ ဒုစရိုက်ကောင်လိုကြည့်တာ။
သိပ်ကိုချမ်းသာပြီး လျှမ်းလျှမ်းတောက်တဲ့ မျိုးရိုးနာမည်ရှိတဲ့( နာမည်တော့ မပြောတော့ပါဘူး။)သူတစ်ယောက် ငါတို့ဆီကိုပြောင်းမလာခင်အထိတော့ ငါကလည်း အေးအေးဆေးဆေးနဲ့( မအေးမဆေးလည်းဖြစ်ရင် ဖြစ်မှာပေါ့လေ) ဒီလို နာမည်ကျော်နေတာကို ကျေနပ်နေတယ်လေ။ ဒီကောင့်လောက် ပက်ပက်စက်စက် ကံကောင်းတဲ့လူဆိုတာ ငါ့တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။ မင်း ပုံဖော်ကြည့်စမ်းပါ။ အသက်က ငယ်ငယ်၊ ဥာဏ်က ခပ်သွက်သွက်၊ လူက ခန့်ခန့်ငြားငြား၊ ပျော်ရွင်မှုဆိုတာ အရူးသွပ်ဆုံးနဲ့၊ သတ္တိရှိတယ်ဆိုတာ ဂရုကို မစိုက်တတ်တဲ့ကောင်၊ နာမည်ကလည်း အပြန်စား၊ ပိုက်ဆံဆိုတာ ဘယ်လောက်ရှိသလဲ မသိလောက်အောင် စာရင်းလည်း တစ်ခါမှ တွက်မကြည့်ဖူးတဲ့ကောင်နဲ့ ငါ့ဆိုတဲ့ကောင် ကြားထဲမှာ ဘယ်လိုပြဿနာတွေ ပေါ်လာမယ်ဆိုတာကိုသာ စဉ်းစားသာကြည့်ပါတော့။ ငါ့ပထမနေရာဆိုတာကလည်း လှုပ်လာတော့တာပေါ့။ ငါ နာမည်ကြီးတာကြောင့် ဖြစ်မယ်ထင်ပါရဲ့။ အစတော့ သူက ငါနဲ့ အပေါင်းအသင်းလုပ်ဖို့ ကျိုးစားပါသေးတယ်။ ငါကအေးစက်စက်ပြန်ဆက်ဆံတော့ သူလည်းငါနဲ့ ခပ်ဝေးဝေးပဲနေတော့တာပေါ့။ ငါက သူ့ကို စပြီးမုန်းလာတော့တယ်။ တပ်ရင်းမှာ သူ့ရဲ့ အောင်မြင်မှုတွေ၊ ကောင်မလေးတွေကြားမှာ သူ နာမည်ကြီးလာတွေက ငါ့ကိုတော်တော်စိတ်ပျက်လက်ပျက်ဖြစ်စေတာ။ ငါကလည်း သူ့ကိုဆို ပြဿနာစရှာတော့တာပေါ့။ ငါက ခပ်လှောင်လှောင် ကဗျာတိုလေးတွေနဲ့ပြောရင် သူက ချက်ခြင်းကိုပဲ ငါ့ကဗျာတိုတွေထက် ပိုပြီးပြောင်မြောက်တဲ့၊ ပိုပြီးရီရတဲ့ကဗျာတွေနဲ့ပြန်ပြောတတ်တယ်။ သူကရီစရာတွေပိုပြောလေ၊ ငါက ဒေါသပိုထွက်လေပေါ့။ နောက်ဆုံးတစ်နေ့ကြတော့ တပ်ရင်းမှုးတစ်ယောက်ရဲ့ ကပွဲခန်းမမှာ မိန်းမပျိုတွေကလည်း သူ့ကိုပဲ အာရုံက စိုက်နေကြတယ်။ အဆိုးဆုံးက အရင်က ငါနဲ့အဆက်ဖြစ်တဲ့ အိမ်ရှင်မိန်းမပျိုပေါ့။ အဲဒါကိုလည်းမြင်ရော ငါလည်း တော်တော့်ကို ရိုင်းရိုင်းစိုင်းစိုင်း သူ့နားကိုကပ်ပြောလိုက်တယ်။ သူလည်းဒေါသထွက်ပြီး ငါ့ကိုထိုးပါလေရော။ ငါတို့လည်း ဓါးတွေဆီကို ခုန်ပြေးတာပေါ့။ ကောင်းမလေးတွေဆို ကြောက်ကြောက်လန့်လန့်နဲ့ သတိလစ်ပြီးလဲကျသွားကြတယ်။ ပြီးတို့နှစ်ယောက်ကို ၀ိုင်းခွဲကြတာပေါ့။ အဲဒီညမှာပဲ နှစ်ယောက် သေနတ်ချင်း ယှဉ်ပစ်ဖို့ဖြစ်လာတာပေါ့လေ။
အရုဏ်ဦးပေါ့။ ငါက ချိန်းထားတဲ့နေရာမှာ ငါဖက်က သက်သေ သုံးယောက်နဲ့ ရပ်နေတယ်။ ဘယ်လိုပြောရမှန်းကို မသိလောက်အောင်ဖြစ်နေတဲ့ စိတ်မရှည်ခြင်းကြီးစွာနဲ့ ငါ့ရန်သူကို စောင့်နေတာပေါ့။ နွေဦးပေါက်နေလေးလည်း ထွက်လာတော့ စပူတော့တာပေါ့။ ငါက သူလာနေတာကို အဝေးကြီးကတည်းက မြင်တယ်လေ။ စစ်အင်္ကျီတင်ထားတဲ့ဓါးကောက်ရှည်ကိုထမ်းပြီး သူ့သက်သေအပေါင်းအသင်းတစ်ယောက်နဲ့အတူ သူကလမ်းလျှောက်ပြီးလာတယ်။ ငါတို့လည်း သူတို့ဆီကိုတွေ့ဖို့ သွားလိုက်တယ်။ ချယ်ရီသီးတွေ အပြည့်ထည့်ထားတဲ့ ဦးထုပ်ကို ကိုင်ပြီး တဖြည်းဖြည်းနီးလာတယ်။ သက်သေလုပ်မယ့် အပေါင်းအသင်းတွေက ခြေလှမ်း ဆယ့်နှစ်လှမ်းစာ လှမ်းပြီးတိုင်းလိုက်တယ်။ ငါကစပြီး သူ့ကိုပစ်ရမှာလေ။ ဘယ်လိုမကောင်းဆိုးဝါးကြောင့် မသိပါဘူး။ စိတ်တွေက တအားကိုလှုပ်ရှားနေတော့ ကိုယ့်လက်ကိုလည်း မယုံတော့ဘူး။ စိတ်အေးလက်အေးဖြစ်သွားအောင်လို့ အချိန်ရအောင် သူ့ကို ပထမဆုံးပစ်ခွင့်ပေးတာကို သူက သဘောမတူဘူး။ မဲနှိုက်ဖို့ ဆုံးဖြတ်တော့လည်း သိပ်ကံကောင်းနေတဲ့ ကောင်က ပထမပစ်ဖို့ ဖြစ်သွားတယ်။ သူကလည်း သေနတ်ကို ချိန်ပြီး ငါ့ဦးထုပ်ကိုပဲ ပစ်သွားတယ်။ ငါ့အလှည့်ပဲ ကျန်တော့တာပေါ့။ နောက်ဆုံးတော့ သူ့အသက်က ငါ့လက်ထဲမှာပေါ့လေ။ ထိတ်ထိတ်ပြာပြာအရိပ်အရောင်လေးများ တစ်ခုတစ်လေတွေ့ရမလားဆိုပြီး ငါကလည်း သူ့ကို လောဘတကြီးနဲ့ ကြည့်တယ်။ သူက ငါသေနတ်နဲ့ချိန်ထားတာတောင် အမှည့်ဆုံး ချယ်ရီသီးတွေကို ရွေးစားနေလေရဲ့။ အစေ့တွေကို ပါးစပ်ကနေ ထွေးထုတ်လိုက်တာ ငါ့ဆီထိတောက်ရောက်တယ်။ ဘာမှကို သူဂရုမစိုက်တာက ငါ့ကို တော်တော် အခံရခက်စေတာပါ။ သူ့အသက်ကိုတောင်သူတန်းဖိုးမထားတဲ့အချိန်မှာ သူ့ကို သေနတ်နဲ့ ပစ်တော့ရော ဘာအကျိုးရှိမှာလဲလို့ ငါ စဉ်းစားမိတယ်။ ယုတ်မာတဲ့ အကြံအစီတစ်ခု ငါ့ခေါင်းထဲမှာ ပေါ်လာတယ်။ ငါ သေနတ်ကို ချလိုက်တယ်။ - ခင်ဗျားကို ကြည့်ရတာ အခုသေချိန်မကျသေးဘူးထင်ပါရဲ့။ - ငါက သူ့ကိုပြောလိုက်တယ်။ - ခင်ဗျား မနက်စာ စားချင်ရင်လည်း စားလေ။ ကျုပ် ခင်ဗျားကို မနှောက်ယှက်ချင်ပါဘူး။ - ခင်ဗျားက ကျွန်တော့်ကို နည်းနည်းလေးတောင် အနှောက်အယှက် မဖြစ်စေပါဘူး။- သူက အငြင်းပြန်ပြောတယ်။ - ခင်ဗျား အဆင်ပြေသလို သာ ပစ်ပါ။ အလှည့်က ခင်ဗျားဆီမှာပဲ ကျန်တော့တာပါ။ ခင်ဗျား ဆန္ဒရှိသလိုလုပ်ဖို့ ကျွန်တော် ခင်ဗျားအတွက် အမြဲ အဆင်သင့်ရှိပါတယ်။ ငါလည်း သက်သေအပေါင်းအသင်းတွေကို ဒီနေ့ပစ်ချင်တဲ့ စိတ်မရှိကြောင်းပြောလိုက်တော့ သေနတ်ယှဉ်ပစ်တာလည်း အဲဒီမှာ ပြီးသွားတယ်။
ငါလည်းတပ်က ထွက်လာပြီး ဒီမြို့လေးကို ရောက်လာတာပဲ။ ဒီနေ့အထိ လက်စားချေဖို့အကြောင်း မတွေးမိဘူးဆိုတဲ့ရက် တစ်ရက်မှ မရှိဘူး။ ဒီနေ့ကတော့ ငါ့နေ့ဖြစ်ပြီး။
စီ(လ်)ဗီအိုက အိပ်ကပ်ထဲက မနက်ကရထားတဲ့စာကိုထုတ်ပြီး ကျွန်တော့်ကို ပေးဖတ်တယ်။ တစ်ယောက်ယောက်( သူ့ရဲ့ လူယုံဖြစ်ပုံရတယ်) မော်စကိုကနေ ဟိုလူမကြာခင်မှာ ငယ်ရွယ်လှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ တရားဝင်လက်ထပ်တော့မယ်ဆိုတဲ့ အကြောင်း သူ့ဆီကိုရေးထားတာပါ။
- ဟိုလူဆိုတာ ဘယ်သူဖြစ်မယ်ဆိုတာ မင်းခန့်မှန်းမိတယ် မဟုတ်လား။- စီ(လ်)ဗီအိုက ပြောတယ်။ - မော်စကို ကိုသွားမယ်။ မင်္ဂလာမဆောင်ခင်လေးမှာ သေခြင်းတရားကို ဟိုအရင်တစ်ခါကလို ချယ်ရီသီးတွေစားရင်းလို စိတ်အေးလက်အေး သူ လက်ခံနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့လေ။
အဲဒီစကားလုံးတွေပြောရင်း စီ(လ်)ဗီအိုက မတ်တပ်ထရပ်၊ ဦးထုပ်ကို ကြမ်းပြင်ပေါ်ပစ်ချပြီး ကျားက လှောင်ချိုင့်ထဲမှာ လျှောက်သလို အခန်းထဲတွင် ဟိုမှဒီလျှောက်နေတော့တယ်။ သူ့ပြောသမျှကို မလှုပ်မယှက် ကျွန်တော်ထိုင်နားထောင်ပြီးတော့ ထူးဆန်းတဲ့ဆန့်ကျင်ဖက်အတွေးတွေက ကျွန်တော့်ကို စိတ်လှုပ်ရှားစေတာပေါ့။
သူ့အခိုင်းစေက ၀င်လားပြီး မြင်းလှည်းအဆင်သင့်ဖြစ်ကြောင်း ပြောပါတယ်။ စီ(လ်)ဗီအိုက ကျွန်တော့်လက်ကို တင်းတင်းကျပ်ကျပ်ဆွဲပြီး ပွေ့ဖက်နှုတ်ဆက်ပါတယ်။ သေနတ်တွေထည့်ထားတဲ့ အိတ်ရယ်၊ အစ်ခြားပစ္စည်းတွေထည့်ထားတဲ့အိတ်ရယ် ခရီးဆောင်အိတ် နှစ်လုံးတင်ထားတဲ့လှည်းပေါ်မှာ သူကထိုင်ပါတယ်။ကျွန်တော်တို့ နောက်တစ်ကြိမ် နှုတ်ဆက်ပြီး တော့ မြင်းတွေလည်း ကဆုန်ဆိုင်းပြီး စပြေးပါတော့တယ်။
ဆက်ရန်။

2 comments:

Anonymous July 16, 2007 at 2:20 AM  

ko zenith,
Great!!!
Carry on!!!

s0wha1 August 3, 2007 at 8:43 AM  

အလှည့် တတိယပိုင်းကို စောင့်မျှော်နေပါတယ် ကိုဇနိ...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP