ကျွန်တော့်အရီး ဒေါ်ကလေးမ
>> Sunday, July 8, 2007
အရီးဆိုတာ ဘယ်လိုတော်ရင် ခေါ်ကြာတာလဲတော့ မသိဘူး။ ကျွန်တော်နဲ့ ကျွန်တော့်အရီြး့ကား တော်စပ်ပုံကတော့ ဒီလို။ သူက ကျွန်တော့် အမေ့အဖေရဲ့ညီမ။ အမေတို့၊ ကျွန်တော့် ဦးလေးတွေ အဒေါ်တွေကအစ သူကို အရီးလို့ ခေါ်ကြတယ်။ ကျွန်တော်တို့ကလေးတွေကလဲ သူတို့ခေါ်သလို အရီးလို့ လိုက်ခေါ်ရင်း နှုတ်ကျိုးသွားတာ။ တကယ်တမ်း ဆွေမျိုးစပ်ကြမယ်ဆိုရင်တော့ ကျွန်တော့်အဖွားတော်မှာပေါ့။ သူ့နာမည်အရင်းက ကလေးမ။ သူတို့မှာက မောင်နှမနှစ်ယောက်ရှိတယ်။ ကျွန်တော့်အဘရယ် အရီးရယ်ပေါ့။ မိဘတွေက ငယ်ငယ်လေးထဲက ဆုံးပါးသွားကြတော့ ကျွန်တော့်အဘကပဲ လုပ်ကိုင်ကျွေးမွေးလာတာ။ အဘအိမ်ထောင်ကျတော့လဲ အရီးကအဘအိမ်လိုက်လာတယ်။ နောက်တော့ ကုလားတစ်ယောက်နဲ့အိမ်ထောင်ကျတယ်။ မကြာပါဘူး၊ ယောင်္ကျားနဲ့ကွဲသွားတယ်။ ကွဲသွားတယ်ဆိုတာထက်၊ သူ့ကိုထားခဲ့တာပေါ့။ ကုန်ကူးသွားမယ်ဆိုပြီးသွားရင်းက ပြန်ကိုမလာတော့တာ။ အဲဒီထဲက အရီးတစ်ယောက် စိတ်ကတစ်မျိုးဖြစ်သွားတယ်။ ယောင်္ကျားစိတ်ကြောင့်နေမှာပေါ့။ သူက ရူးတာမျိုးတော့ မဟုတ်ဘူး။ တစ်ခါတစ်လေ အဝေးကိုငေးကြည့်ရင်း သူ့ဘာသာ တစ်ယောက်လဲ ပြောချင်ရာတွေပြောနေတတ်တာ။ အဲလိုသူပြောနေတုန်း၊ တစ်ယောက်ယောက်က အရီးဘာတွေပြောနေတာလဲဆိုပြီး သွားမေးရင် အရမ်းစိတ်ဆိုးတာ။ ဆက်လဲမပြောတော့ဘူး။ ကျန်တဲ့အချိန်ကတော့ လုပ်စရာရှိတာလုပ်နေတာပါပဲ။ အစကတော့ သူလဲ ကုန်ရောင်းကုန်ဝယ်လုပ်သေးတယ်။ နောက်တော့ အမြတ်ထက် ပြန်လာရင် အရင်းပါ ပြန်ပါမလာတတ်လို့ အဘက မရောင်းခိုင်းတော့ဘူး။ အိမ်မှာပဲ ထမင်းချက်ပေါ့။
အရီးက လက်ဖက်တော့ အတော်ကြိုက်တယ်။ မြန်မာတော်တော်များများတော့ လက်ဖက်ကြိုက်ကြတာပါပဲ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ငပိဆို လုံးဝမကြိုက်ဘူး။ သူတောင် လက်ဖက်တော့စားတယ်။ အရီးလက်ဖက်ကြိုက်တာက အတော်လွန်တယ်လို့ပြောရမလားမသိဘူး။ နေ့တိုင်းကိုစားတာ။ အများကြီးစားတာတော့မဟုတ်ဘူး။ ပဲခြမ်းကြော်တို့ မြေပဲတို့လဲမပါဘူး။ လက်ဖက်နဲနဲလေးကို ကြက်သွန်ဖြူလေးတွေလှီးထည့်၊ ပုဇွန်ခြောက်လေး နှစ်ကောင်သုံးကောင်နဲ့ သုပ်တာ။ ဆီကတော့ ရွဲနေတာပေါ့။ သုပ်ရင်လဲ သူတစ်ယောက်စာပဲသုပ်တာ။ ပြီးရင် ဧည့်ခန်းက စားပွဲအောက်မှာ ထိုးထားလေ့ရှိတယ်။ ကျွန်တော်တို့ကလေးတွေက သူသုပ်ထားတာ ခိုးပြီးနှိုက်စားရင် မကြိုက်ဘူး။ ဘယ်အစာကိုပဲစားစား သူလုပ်လေ့ရှိတဲ့အလုပ်ကတော့ ဦးရှင်ကြီးတင်တာတဲ့။ စားသောက်မဲ့ပန်းကန်ကို ခေါင်းပေါ်တင်ပြီး ပါးစပ်က ဘာတွေရွတ်လဲမသိဘူး။ အဲလိုလုပ်ပြီးမှစားတယ်။ ထမင်းစားလဲအဲလိုပဲ။ ဘယ်တော့မှမမေ့ဘူး။
အရီးရဲ့နောက်ထပ်အကျင့်တစ်ခုက ရေနွေးသောက်ရင် ဘယ်တော့မှ ရေနွေးခွက်ထဲက ရေနွေးကို ကုန်အောင်မသောက်ဘူး။ နည်းနည်းလေးချန်ထားပြီး သွန်သွန်ပစ်တယ်။ အဘမိန်းမ ကျွန်တော့်အဖွားက အဲဒါကို မကြိုက်လို့ပြောလဲ မရဘူး။ သွန်မြဲသွန်တာပဲ။ ရေနွေးခွက်ကိုလဲသူ့ခွက်ကို သတ်သတ်မှတ်မှတ်ထားတယ်။ သူများတွေ ယူသောက်ရင် ခွက်ကိုဆေးလို့မပြီးတော့ဘူး။ ဆေးလိပ်ကလဲ အတော်ကြိုက်တယ်။ ပြောင်းဖူးဖက်ဆေးလိပ်ပဲသောက်တယ်။ အိပ်ရင်တောင် ဆေးလိပ်ကိုခဲထားရင်း မှေးပြီးအိပ်လို့ သူ့နားထင်မှာဆို ဆေးလိပ်ခိုးငွေ့တွေစွဲနေတတ်တယ်။ သူတစ်ယောက်ထဲပြောနေတတ်တဲ့အကြောင်းတွေမှာ တစ်ချို့အကြောင်းအရာတွေက ထပ်ထပ်နေတတ်တယ်။ ပုံပြင်လိုမျိုးတွေလဲပါတယ်။ တစ်ခါတလေ ကျွန်တော့်အမေက အရီး ဟိုနေ့ကကျားကြီး အကြောင်းပြောပါဦးဆိုရင် စိတ်လိုလက်ရ ပြောပြတတ်တယ်။ အဲ သူစိတ်ရှုပ်နေတဲ့အချိန်ဆိုရင်တော့ ဘယ်ကကျားကြီးလဲ၊ နင့်လင်ကျားကြီးက သေတာကြာပေါ့လို့ ပြန်အော်တော့တာပဲ။ တစ်ခါတစ်လေ မေးတဲ့သူက မေးတဲ့အကြောင်းအရာမှားနေတယ်ဆိုရင်တော့ အရီးက အဲလိုမဟုတ်ဘူး၊ ဒီလိုဆိုပြီး ပြင်ပေးတတ်တယ်။ ကျွန်တော့်အမေမှာက ညီအစ်ကိုမောင်နှမက ရှစ်ယောက်တောင်ရှိတယ်။ အဲဒီ တူတွေ တူမတွေအများကြီးကို အရီးက ဒိုင်ခံထိန်းရတာ။ တူတွေ၊ တူမတွေကလဲ သူ့ကိုချစ်ကြပါတယ်။ အိမ်ထောင်တွေကျတဲ့အထိ သူ့ကို စောင့်ရှောက်ကြတယ်။ တူတွေတူမတွေကြားထဲမှာတော့ အရီးက အသည်းကျော်ပေါ့ဗျာ။
အဘကလဲ သူ့ညီမကို အတော်ချစ်ပါတယ်။ ကလေးမ ကလေးမနဲ့ ပါးစပ်ဖျားကကို မချဘူး။ အရီးက ကျွန်တော်တို့မြေးတွေအပေါ်လဲ တော်တော်ဂရုစိုက်တယ်။ ကျွန်တော်ကျောင်းသွားတက်ပြီး အိမ်ကိုခဏပြန်လာရင် ဟိုဟိုဒီဒီလျောက်မသွားဖို့၊ လိမ်လိမ်မာမာနေဖို့ မှာလို့ကိုမပြီးတော့ဘူး။ မြေးတွေကလဲ ပေါမှပေါ။ မောင်နှမ ရှစ်ယောက်ကမွေးတာဆိုတော့ ခုပြန်ရေကြည့်ရင်တောင် ဘယ်နှစ်ယောက်လဲမသိဘူး။ အလှူအတန်းလုပ်ရင် ဆွေမျိုးနဲ့တင် တစ်ဒယ်လုပ်ရတယ်။ ပျော်တော့ ပျော်စရာကြီးပေါ့။ သင်္ကြန်တွင်းရောက်ပြီဆိုရင် ကျွန်တော်တို့တွေအရမ်းပျော်ရတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဆွေမျိုးတွေအလှည့်ကျလှူကြတာ။ အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိပဲ။ ဘယ်သူဘယ်နေ့ယူမယ်ဆိုတာမျိုးတော့ ပြဿနာနဲနဲရှိတာပေါ့။ အတက်နေ့လို၊ နှစ်ဆန်းတစ်ရက်နေ့လိုမျိုးကို လှူချင်ကြပေမယ့် အကြပ်နေ့လိုမျိုးကျတော့ အင်တင်တင်။ နောက်ဆုံးတော့ နှစ်အလိုက်အလှည့်ကျလှူကြတယ်။ အကြိုနေ့မတိုင်ခင်တစ်ရက်တည်းက အိမ်မှာ ချက်ကြပြုတ်ကြ၊ စားကြသောက်ကြပေါ့။ အကြိုနေ့မနက်အစောကြီးထ၊ ကုန်တင်ကားကြီးပေါ်ကို ချက်ပြီးပြုတ်ပြီးသား ထမင်းအိုး၊ ဟင်းအိုးတွေတင်၊ လူတွေပါတက်ပြီးသွားကြတာ။ ဟိုရောက်မှနဲနဲပါးပါးပြန်နွေးပြီး ဆွမ်းကျွေးကြတာပေါ့။ မနက်ကတော့ နနွင်းမကင်းတို့၊ ခေါပြင်တို့၊ ကောက်ညှင်းပေါင်းတို့လိုသရေစာမျိုးတွေကျွေးတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ပဲနီစေ့ပြုတ်ကို ကြက်သွန်နီလေးနဲ့ ဆီရွှဲရွှဲလေးဆမ်းပြီးသုတ်ထားတာပေါ့။ လူကြီးတွေဥပုပ်စောင့်နေကြချိန် ကျွန်တော်တို့ကလေးတွေက ဘုန်းကြီးကျောင်းဝန်းထဲက ခရေပင်အောက်မှာ ဆော့ကြတယ်။ တစ်ခါတလေ အဖွားက ကျွန်တော်တို့ကို စိတ်မချရင် အရီးကို ကျွန်တော်တို့နဲ့အတူချန်ထားခဲ့တတ်တယ်။ အဲဒီအခါမျိုးဆိုရင်တော့ အရီးက ကျွန်တော်တို့အတွက် ကလေးဘိုကြီးပေါ့။ ကျွန်တော်တို့မကြားဖူးတဲ့ ပုံပြင်အထူးအဆန်းတွေ၊ ကျွန်တော်တို့ မကစားဘူးတဲ့ ကစားနည်းမျိုးစုံကို ပြောပြသင်ပြတော့တာပါပဲ။ အရီးက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းကြီးဆိုလဲ မမှားဘူးပေါ့ဗျာ။
သင်္ကြန်မှာဦးပုပ်စောင့်တယ်ဆိုတာကလဲ မနက်ဦးပုပ်ပါ။ ညနေဆိုထွက်တော့တာပါပဲ။ ဘာလို့လဲဆိုတော့ ဆွမ်းကျွေးပြီးလို့ ကျောင်းကပန်းကန်တွေ ဆေးကြော၊ ခြောက်အောင်သုတ်ပြီး တုန်းလုန်းပက်လက်လှဲသူလဲလှဲ၊ ပုတီးစိပ်သူလဲစိပ်ပေါ့။ နေလေးနည်းနည်းစောင်းရင်တော့ ကားပေါ်ကိုပစ္စည်းတွေတင်ပြီး ပြန်ကြတယ်။ လမ်းတစ်လျောက်လုံးမှာ ဘုန်းကြီးကျောင်းက ပြန်လာတဲ့ကားဆိုပြီး ဘယ်သူမှရေမပက်ကြဘူး။ အဲ ကိုယ့်အိမ်ရှေ့လဲရောက်ပြီဆိုရော အရပ်ထဲကကလေးတွေက ပြောမရဆိုမရ ကားပေါ်ကို ပုံးကြီးပုံးငယ်အသွယ်သွယ်နဲ့ လှမ်းပက်တော့တာပဲ။ ဦးပုပ်စောင့်ထားတဲ့လူကြီးတွေကလဲ မပက်ကြနဲ့လို့ အော်နေကြပေမယ့် သင်္ကြန်ရေလေးစိုတော့ သူတို့လဲ ဘာသားနဲ့ထုထားတာမှတ်လို့၊ မြူးလာကြတာပေါ့။ မကြာပါဘူး သူတို့လဲ အောက်ဆင်းပြီး ပြန်ပက်လိုက်တာ ဦးပုပ်ဆိုတာ ဘယ်ကထွက်သွားမှန်းတောင် သိလိုက်ကြမှာမဟုတ်ဘူး။ အရီးဆိုတာ ကလေးတွေကြားမှာ နို့ဆီခွက်နဲ့ ခွက်စောင်းခုတ်နေလိုက်တာ သူကလက်သံအပြောင်ဆုံးလို့တောင် ထင်ရတယ်။ ကျွန်တော့်အရီးကအဲလိုပါဆို။
အရီးက ဘုရားဆွမ်းတော်သာ မတင်တာ၊ ဆွမ်းတော်တော့ အမြဲစွန့်တယ်။ ပြီးရင် ဆွမ်းတော်စွန့်တဲ့ ထမင်းတွေကို ကျီးတွေစားဖို့ ခွက်ကလေးနဲ့ အမြင့်တစ်ခုမှာ တင်ထားလေ့ရှိတယ်။ မုန့်တွေဘာတွေနဲ့ တင်တဲ့နေ့ဆိုရင်တော့ ကျွန်တော်တို့ကလေးတွေက အရီးထက်ဦးအောင်စွန့်ပြီး မုန့်တွေစားပစ်ကြရင် သူကဆူလို့မပြီးတော့ဘူး။ ဆွမ်းတော်စွန့်တာစားရင် ဥာဏ်ထိုင်းတတ်တယ်လို့လဲ ထပ်တလဲလဲပြောတော့တာ။ အရီးက နတ်တွေဘာတွေလဲ အရမ်းယုံတယ်။ အိမ်အပေါ်ထပ်မှာဆိုရင် နတ်စင်က ဘုရားစင်ထက်တောင် ကျယ်မလားပဲ။ ပူဇော်ထား၊ ပသထားလိုက်တာတွေလဲ ရှုပ်ယှက်ကိုခတ်လို့။ သူတို့ ကိုကြီးကျော်တင်တဲ့နေ့ဆိုရင်တော့ ကျွန်တော့်ဦးလေးအငယ်ဆုံးကအကြိုက်ပေါ့။ ကိုကြီးကျော်အတွက်တင်ထားတဲ့ ထန်းရည်ပုလင်းနဲ့ ကြက်ကျော်ကို ကိုကြီးတရုတ် ကျွန်တော့်ဦးလေးက ကိုကြီးကျော်ရောက်မလာခင် တက်မော့တော့တာ။ အရီးရဲ့ကိုးကွယ်မှုတွေက ကျွန်တော့်အမေအထိကူးစက်လို့ ကျွန်တော်ဆို ၀က်သားဟင်းဆိုတာ ကျောင်းရောက်မှစားဖူးတယ် (အဆောင်ကကျွေးတာတော့မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် ၀ယ်စားရတာ) အရီးက နတ်ပွဲရှိရင်မနေနိုင်ဘူး။ နတ်ဆိုင်းသံကြားရင်ကို လက်ကတလှုပ်လှုပ်ဖြစ်လာတာ။ နတ်ပွဲပေးတဲ့လူနဲ့ သိသိမသိသိ အတင်းဝင်ကတော့တာ။ အဘက သူနှမကိုလိုက်ဆွဲတော့မှ ရပ်တယ်။
ဟိုနေ့က အိမ်ဖုန်းဆက်တုန်းကတော့ သူနဲ့စကားပြောဖြစ်တယ်။ သူကလဲ မေးနေကျ စကားတစ်ခွန်းတော့ အမှတ်တရမေးတယ်။ ခါတိုင်းလဲမေးတာပါပဲ။
‘လူလေး မင်းတို့ဆီမှာ ဘာဂဏန်းကြားလဲတဲ့’။ အင်း ကျွန်တော့်အရီးလဲ ဒီသံသရာက ဘယ်တော့များမှ ကျွတ်နိုင်ပမလိမ့်။ ။

မောင်ဖြူ
1 comments:
hay. It's very nice.because nowadays, in our place most of people like that play. So BAD.
Post a Comment