တပေါင်းလနဲ့ အညာရိုးရာပွဲ

>> Saturday, May 31, 2008


တပေါင်းလနဲ့ အညာရိုးရာပွဲ
မဇနိ
27 May 2008

အိမ်ကို ဖုန်းဆက်တော့ ဒီနေ့ ကျွန်မရဲ့ မြန်မာနှစ်မွေးနေ့တဲ့။ မုန့်မှုန့်တွေရှိတာနဲ့ မုန့်ဆီကြော်ကြော်ဖြစ်တယ်တဲ့။ အိမ်ကို ကြွလာတဲ့ သံတော်တွေကို ဆွမ်းနဲ့ မုန့်ကြော်ကပ်လှူတယ်ဆိုလို့ သတိရသွားမိတယ်။ မုန့်ဆီကြော်လည်း စားချင်လာတယ်။ ရန်ကုန်မှာဆိုရင်တော့ ၀ယ်စားလို့ရတတ်တယ်။ လှည်းတန်းဈေးနဲ့ သိမ်ကြီးဈေးမှာ တခါတရံတွေ့ရတယ်။ ကျွန်မတို့မြို့မှာတော့ မြို့ဈေးမှာ အမြဲဝယ်လို့ရပါတယ်။ အိမ်မှာကြော်တာလောက်တော့ စားလို့မကောင်းတာအမှန်ပဲ။ မုန့်ဆီကြော်ကိုတော့ အညာသူ အညာသားတွေ ပိုနှစ်သက်ကြမယ်ထင်ပါတယ်။ ကျွန်မတို့ အညာက အစားအသောက်၊ ဓလေ့တွေက အောက်ပြည်အောက်ရွာနဲ့ ကွာခြားမှုတွေ ရှိတတ်ပါတယ်။ အညာက ရိုးရာပွဲတော်တခုအကြောင်း ဖတ်ကြည့်ကြပါဦးနော်။


တပို့တွဲလကုန်ခါနီးပြီဆိုရင်တော့ ကျွန်မက အထုပ်ပြင်ပြီး အမေ့ အစ်မတွေ ရှိတဲ့ ရွာကို အစ်ကိုတွေလာခေါ်တာနဲ့ လိုက်တော့တာ။ အမေတို့ရွာက မြို့ကနေ လိုင်းကားနဲ့ဆို မိနစ် ၅၀ သာသာ စီးရတယ်။ နောက် ကားလမ်းဘေးကနေ ၁၅ မိနစ်လောက် ရွာဆီခြေလျင်သွားရတယ်။ ခြေလျင်သွားရလဲ မမောဘူးရယ်။ ကားပေါ်ကဆင်းပြီဆိုတာနဲ့ လမ်းဘေးတလျှောက်မှာ ထန်းပင်တန်းတွေ လှမ်းမြင်ရတယ်။ လေလေးများဝေ့လာရင် ထန်းလျက်နံ့သင်းလာပြီပေါ့။ ကိုဇနိကို အလည်ခေါ်သွားရင်တော့ ထန်းရည်နံ့သင်းတယ်လို့များ ပြောလေမလားတွေးမိတယ်။ လမ်းလျှောက်ရင်းမောရင် အမောပြေနားပါဦးဆိုတဲ့ အသံတွေက ဟိုတဲကခေါ် ဒီတဲကခေါ်ပေါ့၊ အသိဖြစ်လို့ခေါ်တာမဟုတ်ဘူးနော်။ လာတဲ့လူတိုင်းကို ဖိတ်ခေါ်တတ်တယ်။ ကဲ ထန်းလျက်လေးစားရင် ထန်းရည်လေးများ မြည်းချင်သပဆိုရင် အညာရွာကိုသာ အလည်လာခဲ့တော့နော်။



ရွာအ၀င်ရောက်ရင် လာကြိုတဲ့ ကလေးတသိုက်က ဆူဆူညံလို့။ အများအားဖြင့်ကျွန်မတို့ရောက်ပြီး နောက်တနေ့ဆို တပေါင်းလဆန်း ၁ ရက်နေ့ရောက်တော့တာပဲ။ အစ်ကိုတွေက မြို့ကို ငါးခြောက်အဓိက လာဝယ်ရတယ်။ တပေါင်းလမှာ ရွာသူရွာသားတွေအတွက် အင်မတန်ပျော်စရာကောင်းတဲ့ ရိုးရာပွဲတော်တခုရှိတယ်။ ဘယ်ဆီရောက်ရောက် တပေါင်းလဆို မုန့်ဆီကြော်စားချင်လိုက်တာလို့ တမ်းတမိတတ်ပါတယ်။ ကျွန်မတို့ အညာမှာ တပေါင်းလဆိုရင် မိရိုးဖလာ မိဆိုင်ဖဆိုင်နတ်များ ပူဇော်ပသတဲ့ပွဲဆိုပြီး ရွာတိုင်းအိမ်တိုင်း လုပ်ကြပါတယ်။ မြို့တွေမှာတော့ တချို့အညာဒေသက မဟုတ်ဘဲပြောင်းလာတာတို့ဆိုရင်တော့ အဲဒီဓလေ့သိပ်မရှိပါဘူး။ ဒါကတော့ အညာဒေသရဲ့ရိုးရာဓလေ့တခုပါ။

တပေါင်းလဆန်း ၁ ရက်နေ့မှာ ဆန်ရေစိမ်၊ ၂ ရက်နေ့မှာ မုန့်ထောင်း၊ ၃ ရက်နေ့ မုန့်ကြော် ပြီး ၄ရက်နေ့မှာ နတ်တင်ပွဲလုပ်ပါတယ်။ အရှင်ကြီးတင်တဲ့ပွဲလို့လဲ ခေါ်ကြတယ်။ ၁ ရက်နေ့ မနက်ဆို အမေ့အစ်မအကြီးဆုံး အဒေါ်က ပုဆိုးစခေါင်းပေါင်းပြီး ကောက်ညှင်ဆန်တွေ သန့်စင်တယ်၊ စပါးလုံးရွေးတယ်၊ ကျွန်မတို့ကတော့ သူသန့်စင်ပေးတဲ့ကောက်ညှင်းကို စပါးလုံးရွေးကူရတယ်။ ဆန်သန့်စင်ဖို့ကလည်း မိန်းမကြီး ၄ ယောက်လောက် လာကူပါတယ်။ အဒေါ်က အိမ်မှာ ယက္ကန်းယက်နေတဲ့ ကလေးတွေကို ဘယ်သူတွေကို မနက်ဆန်ပြာလာခဲ့ဆိုပြီး အခေါ်လွှတ်လိုက်တယ်။ မနက်ဆို သူတို့တွေလည်း လာကြတယ်။ သူတို့ကို ကျွေးဖို့ဆိုပြီး ထောပတ်ပဲနီပြုတ်ထားတဲ့အိုးကြီးက အငွေ့တထောင်းထောင်းနဲ့ တနေကုန်မီးဖိုပေါ်ထားပါတယ်။ မနက်ခင်းအတွက်က ဘယာကြော်နဲ့ မုန့်ပြားသလက် ရေနွေးကြမ်းဆိုပြီး လာသမျှလူတွေ အားမနာစားနိုင်အောင် ချက်ပြုတ်ထားတယ်။ အဒေါ်က မချက်ရပါဘူး။ လာကူတဲ့သူတွေ ဟိုလူက ထမင်းချက်၊ ဒီလူက ဆန်ပြာဆိုပြီးခိုင်းတယ်။ အဒေါ်က သူကြီးကတော်ဆိုတော့ ကူမယ့်သူက တရွာလုံးရှိတယ်။ ရွာထိပ်က အမေချစ်ကတော့ အိမ်ရှေ့တလင်းပြင်မှာ ပြောင်းဖူးဖက်နဲ့ ဆေးလိပ်တွင်တွင်လိပ်နေတော့တယ်။ သူ့အနားမှာလည်း လက်ဖက်ခွက်က မပြတ်ပို့ပေးထားရတယ်။ ကျွန်မကတော့ သိပ်ပျော်တာ။ ဟိုစပ်စပ် ဒီစပ်စပ်လုပ်ရလို့လေ။

၂ ရက်နေ့မနက်ခင်းဆိုရင် မိန်းမကြီးတွေက ဆန်တွေ ရေဆေးပြီး စကာကုံးတွေနဲ့ ရေစစ်၊ ပိတ်ဖြူစတွေ အုပ်ကြတယ်။ ည ၇ နာရီလောက်ဆို မောင်းထောင်းသွားဖို့ ပြင်ဆင်နေကြပြီ။ အိမ်တိုင်းအိမ်တိုင်း မုန့်ကြော်ဖို့ပြင်ဆင်ရတယ်ဆိုတော့ မောင်းကို နေရာမှတ်ထားရတယ်။ ဘယ်အိမ်က နံပါတ်စဉ်ဘယ်လောက်ပေါ့။ အပျိုချောတွေက မောင်းထောင်းကြမှာဆိုတော့ ဒီဟာကတော့ဖြင့် ရွာကာလသားတွေ ဂွင်မိပြီပေါ့။ ညဘယ်မှမထွက်ရလောက်အောင် စည်းကမ်းကြီးတဲ့အိမ်က အပျိုတွေလည်း မောင်းထောင်းထွက်မှာဆိုတော့ အချိန်းအချက် အတော်ဟုတ်နေပြီ။ တအိမ်နဲ့တအိမ်ကူထောင်းပေးကြတာပါ။ သူပြီး သူက ကူနဲ့ အလှည့်ကျ ကူသွားတယ်။ မမောတဲ့အပြင် ပျော်စရာအကောင်းသား။ အပျိုမတွေကလဲ လူပျိုကြောင်းပြောရင်း မောင်းထောင်းရတာဆိုတော့ မမောဘူးတဲ့။ ကျွန်မတို့ကတော့ သူတို့ပြောတာ ခိုးနားထောင်တယ်။ သူတို့က ညာညာပြီး နှင်ထုတ်တယ်။ မသွားပါဘူး။ နောက်ဆုံးမနိုင်တော့ သူတို့လဲ ပြောချင်ရာပြောတော့တာ။

ရွာမှာက မောင်းရှိတဲ့အိမ်က ၄ နေရာလောက်ရှိတယ်။ နီးစပ်ရာထောင်းကြတာပေါ့။ ကျွန်မ အစ်မကတော့ ရွာလယ်မောင်းမှာ ထောင်းကြတယ်။ တချို့တွေကလည်း ရွာအရှေ့ပိုင်းမှာ မောင်းရှိပေမယ့် ရွာလယ်ကိုလာကြတယ်။ ရွာလယ်က ပိုစည်ကားတာကိုး။ ရေနံဆီမီးကွက်လေးက လိုအပ်ရင်ထွန်းတယ်။ မလိုရင်တော့ လရောင်နဲ့ မောင်းထောင်းကြတယ်။ အဲ ရွာလယ်ဇရပ်မှာတော့ ကာလသားတွေ တတီတီတတောင်တောင် မယ်ဒလင်ခေါက်နေကြပြီ။ သူ့နှမကိုယ်ပိုး ကိုယ့်နှမသူပိုးပေါ့။ အဆင်ပြေတဲ့သူကတော့ အပြန် ဆန်မှုန့်ဘန်းကို ရွက်ရတယ်။ အဲဒီမှာ ဇာတ်လမ်းစတာက ကျွန်မအစ်မ မဌေး။ သူက တက္ကသိုလ်ကျောင်းသူ။ တောသူသာဆိုတယ် အသားကဖြူတယ်။ အိမ်မှာ တစ်ဦးတည်းသောသမီးပေါ့။ သူကြီးသမီးကျောင်းသူဆိုတော့ သူ့ခေတ်လို့ပြောရမှာပေါ့။ သူ့ကို ရွာက ကာလသားတွေ မကြိုက်ရဲဘူး။ တခါလယ်ထဲသွားတော့ သူ့ကို ရွာက ကောင်လေးက စကားလိုက်ပြောတော့ ဒီရွာမှာ ငါဘယ်သူ့မှ မစဉ်းစားဘူးဆိုပြီး ခုံဖိနပ်နဲ့ ချခဲ့တယ်တဲ့။ သူက စွာတေးလန်တယ်။

တညတော့ ကူတဲ့လူတွေကို မုန့်ထောင်းခိုင်းပြီး ကျွန်မကို သူ့လူပျိုကြည့်မလားတဲ့။ ကြည့်မယ်လို့ပြောတော့ သူက မောင်းရှိတဲ့အိမ်ပေါ်ကို ခေါ်သွားတယ်။ တွေ့တာပေါ့ သူ့လူပျို။ ကျွန်မက ငိုပြီး အတင်းအိမ်ပြန်ခေါ်တာ။ အဲဒီလူက ခဏလေးနေပါအုံး မုန့်ကျွေးမယ်တဲ့။ မရဘူး အစ်ကို့တွေတိုင်မှာဆိုပြီး ငိုတော့ အစ်မလည်း မနေရဲဘူး ပြန်လိုက်လာတာ။ တခြားရွာက အဲဒီလူက အရုပ်ကဆိုးတာ တာတေလန်လို့။ သူဌေးသားတဲ့။ အရပ်ကလန်ကလားနဲ့။ ကျွန်မက မမြင်ဘူးလို့ သူ့အကြောင်းကိုက ကြားကြားနေတာ။ အစ်မတို့ရွာနဲ့ အဲဒီလူရဲ့ရွာက ချောင်းခြားတယ်။ ဒါကို အဲဒီလူက ညတိုင်းလာတယ်တဲ့။ အစ်မက အိမ်ကနေ ဘယ်မှမသွားရဘူး။ အစ်ကို ၄ ယောက်ကို ကြောက်ရတယ်။ အစ်ကိုတွေကလဲ အဲကောင်ကို အမြင်ကပ်တယ်။ အစ်ကိုတို့က ကုန်သည်လုပ်တော့ စပါးတွေ အဲကောင်ရောင်းရင် လိုချင်ရင်တောင် မ၀ယ်ဘူးတဲ့။ အဲဒီလောက်ချစ်တာ။ ကျွန်မကလဲ ထင်တာပေါ့။ ဒီလူကြီးကိုတော့ အစ်မကြိုက်မယ်မထင်ဘူးလို့။ အမက တက္ကသိုလ်တက်ရင် ကျွန်မတို့အိမ်မှလာနေတော့ သူ့ကိုကြိုက်တဲ့လူတွေ ကျွန်မက သိထားတာကိုး။ ပြောချင်တာက တပေါင်းလရဲ့ ညတညမှာ မောင်းထောင်းဆိုပြီး အစ်မက အဲလူကြီးနောက် လိုက်ပြေးသွားတယ်တဲ့။ ကျွန်မက ကျောင်းသွားတက်နေရလို့ အစ်မတို့ဆီမရောက်တော့ အစ်မလည်း ပါသွားတယ်ထင်ပ။ အခုတော့ မတွေ့တာ ကြာကြာလှပြီလေ။

မောင်းထောင်းတဲ့အကြောင်း ဆက်သွားဦးမှ။ ၂ ရက်နေ့မောင်းထောင်းပြီး ၃ ရက်နေ့မနက်ဆို မုန့်ကြော်ဖို့ ပြင်ရတော့တယ်။ မနက် ၄ နာရီဆို လူစုပြီး ရွာအရှေ့ထိပ်က ထန်းတောကို သွားရတယ်။ လှည်းတွေနဲ့ လိုတဲ့ပစ္စည်းတွေတင်ပြီး။ ဒယ်အိုးကအစ ထင်းအဆုံးပေါ့။ ၃ နာရီလောက် အိပ်ယာထကြရတယ်။ အစ်မက အဒေါ်လိမ်းဖို့ သနပ်ခါးကို ကျောက်ပြင် ၂ ချပ်နဲ့သွေးပေးရတယ်။ နံ့သာဖြူနဲ့ ကရမက်ပါရောသွေးပေးရတယ်။ အဒေါ်က သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်းတယ်။ ညှော်နံ့ခံနိုင်အောင်လို့တဲ့လေ။ ရွာထိပ်က ထန်းတောမှာ အသီးသီး နေရာယူပြီး မုန့်ကြော်ဖို့ ပြင်ဆင်ရတယ်။ ထန်းလျက်အရည်ကျိုရတယ်။ မုန့်နယ်ရတယ်။ ပဲလွန်းပြုတ်ရတယ်။ ဂျင်း၊ ကြက်သွန်ဖြူထောင်းရတယ်။ ကြက်သွန်နီလှီးရတယ်၊ ခရမ်းသီးလှီးရတယ်။ ငါးသေးသေးလေးတွေ ရေဆေးရတယ်။ မြင်းခွာရွက်၊ ဆူးပုပ်ရွက်၊ ရုံးပတီသီးတွေကို ရေဆေးရတယ်။



ထန်းလျက်ရည်အေးရင် မုန့်ဆီကြော်အတွက် မုန့်နယ်ပြီး စကြော်ပါတယ်။ ဒယ်ပြားကြီးတွေနဲ့ ကြော်ရတယ်။ မုန့်ဆီကြော်ပြီးရင် မုန့်ကြက်ဥဆိုတာ ကြော်တယ်။ မုန့်ကြက်ဥက အ၀ိုင်းအကြီးကြီးတွေ။ နောက် ငါးပေါင်းကြော်၊ ကြက်သွန်ပေါင်းကြော်၊ ရုံးပတီသီးကြော်၊ ဆူးပုပ်ရွက်ပေါင်းကြော်၊ ခရမ်းသီးကို လေးစိပ်စိပ်ပြီး အပေါင်းကြော်ဆိုပြီး အမျိုးမျိုးလုပ်တယ်၊ ကျွန်မအကြိုက်ဆုံးကတော့ ပဲမုန့်လို့ခေါ်တဲ့ မုန့်အနှစ်မှာ ပဲလွန်းနီထည့် ဂျင်း၊ ကြက်သွန်ဖြူထောင်းထည့်ပြီး ကြော်ရတဲ့မုန့်ပါ။ မုန့်ကြော်တဲ့နေရာမှာ မုန့်ဖြူဆိုတာ မုန့်သားအဖြူကိုပဲ ကြော်တာပါ။ မုန့်ဆီကြော်ကိုတော့ မုန့်နီလို့ခေါ်ပါတယ်။ မုန့်ဖြူ၊ မုန့်နီက အရေးအကြီးဆုံးပါ။ နတ်တင်မြှောက်တဲ့အခါ မုန့်ဖြူ၊မုန့်နီက မပါမဖြစ်ပါရပါတယ်။ အဒေါ်က မုန့်ဖြူ၊ မုန့်နီထဲမှာ သူလိုချင်တဲ့ အရုပ်လေးတွေကို အရင်လုပ်ပါတယ်။ သားတွေ ကားလုပ်ငန်း ကောင်းအောင်ဆိုပြီး ကားရုပ်လေးတွေ၊ အိမ်ကဈေးဆိုင် ရောင်းကောင်းအောင်ဆိုပြီး ချိန်ခွင်ပုံစံ၊ လယ်ယာလုပ်ငန်းတွေ ကောင်းဖို့အတွက် နွားရုပ်၊ လှည်းရုပ်၊ တံစဉ်၊ ခမောက်စတဲ့အရုပ်လေးတွေ ပုံဖေါ်ပါတယ်။ ကျွန်မတို့အတွက်တော့ လူရုပ်လေးတွေ လုပ်ပေးပါတယ်။

မုန့်ကြော်ကြတာ တစီတတန်းကြီးဆိုတော့ ထိပ်ကနေကြည့်ရင် အတော်လှပါတယ်။ ကလေးတွေကတော့ အစုံလှည့်စားနေရတာ ပျော်စရာကောင်းလှတယ်။ လူကြီးတွေကလည်း ဘယ်အိမ်ကတော့ မုန့်ဆီကြော်ပြီးပြီဟေ့။ ဘယ်အိမ်ကတော့ မုန့်ဖြူစကြော်ပြီဆိုပြီး အော်ဟစ်ပြောရင်း တက်ညီလက်ညီ ကြော်နေတော့တာပဲ။ အားလုံးလက်စသပ်ပြီဆိုရင်တော့ ဒန်အိုး အဆင့်ဆင့်မှာ မုန့်တွေထည့်ရတယ်။ မီးဖိုတွေ ငြိမ်းသတ်ပြီး လှည်းနဲ့ ပြန်လာကြပါတယ်။ မပြီးသေးတဲ့အိမ်ကတော့ ဆက်ကြော်နေကြပါတယ်။ တချို့အိမ်ကျတော့ ဆင်းရဲလို့ ဒယ်အိုးမရှိတာမျိုးဆို သူများပြီးအောင်စောင့်ပြီး ကြော်ရပါတယ်။ လုံးဝမှ ပိုက်ဆံဆင်းရဲတဲ့သူတွေ အဒေါ်တို့အိမ်က အလုပ်သမားတွေဆို မုန့်ကြော်စရာမလိုပါဘူး။ တတ်နိုင်တဲ့အိမ်တွေက ပိုကြော်ပြီး ခွဲဝေပေးပါတယ်။

နောက်တနေ့ ၄ ရက်နေ့မှာတော့ မနက်အစော ထမင်းချက်ရတယ်။ ငါးရံ့ခြောက်ကို တုံးတစ်ပြီး ကြော်ရတယ်။ ငါးခြောက်က အမြီးစုံ၊ ခေါင်းစုံပါတာမှ နတ်တင်လို့ရတယ်လို့ ပြောကြတယ်။ ပဲကြီးဖြူကို ခပ်ပျစ်ပျစ်လေး နှပ်ရပါတယ်။ ပဲကြီးနှပ်ရင် အဒေါ်က မြေအိုးနဲ့နှပ်လို့ မှာတတ်ပါတယ်။ ပိုပြီး အရသာရှိတယ်၊ မနက် ၆ နာရီလောက်ဆိုရင် သင်ဖြူးတချပ်၊ သောက်ရေခွက် အဆင်သင့်ဖြစ်အောင် လုပ်ပေးထားရတယ်။ အရပ်မျက်နှာတိုင်းမှာ မိဆိုင်ဖဆိုင်နတ်မင်းများကို ထမင်း၊ ပဲနှပ်၊ ငါးခြောက်ကြော်နဲ့ မုန့်ဖြူ၊ မုန့်နီပါ တင်မြှောက်ရပါတယ်။ ကျွန်မကတော့ အဒေါ်လုပ်သမျှကို လိုက်ကြည့်ရတာပျော်တယ်။ ပြီးရင် ထမင်းစားရတော့မှာမလို့လဲပါတယ်။ အရပ်မျက်နှာကို တင်မြှောက်ပြီးရင် ဆန်အိုး၊ ဆီအိုး၊ စားပွဲ၊ ကုလားထိုင်၊ နွားလှည်း၊ ကား၊ ယက္ကန်းစင်၊ ပဲထည့်ထားတဲ့ကျီ၊ စပါးကျီတွေပေါ်မှာ ချိုင့်နဲ့ အစုံထည့်ပြီး အဲဒီမှာ စောင့်တဲ့ နတ်မင်းများကိုလည်း တင်မြှောက်ရပါတယ်။ “တပေါင်းလ အခါကြီးမှာ တင်ပါ၊ မြှောက်ပါတယ်၊ တိုးပါ၊ ပွားပါ၊ စောင့်ရှောက်ပါ“ဆိုပြီး ပါးစပ်က ပွစိပွစိနဲ့ အဒေါ်က နတ်တင်တာတွေ မှတ်မိပါတယ်။ ဆန်အိုးထဲမှာတော့ ပုန်းမကြည်မကို တင်မြှောက်ရတယ်။ သူက လယ်ယာလုပ်ငန်းတွေ အဆင်ပြေအောင် စောင့်ရှောက်တယ်လို့ ကြားဖူးတာပါ။ နေ့လည် ၁၂ နာရီ ထိုးခါနီးရင် ကျွန်မတို့က ပျော်လာတော့တာ။ အဲဒီမတိုင်ခင်ဆို ကျွန်မတို့ ကလေးတွေ မဆူရပါဘူး။ ပုန်းမကြည်မလန့်နိုးမှာ စိုးလို့တဲ့လေ။ ၁၂ ထိုးပြီဆို အဒေါ်က စပါးကျီတွေ ဆန်အိုးတွေထဲက ပုန်းမကျီမကို နှိုးရပါတယ်။ “ပုန်းမကြည်မ ထပါ၊ အပေါ့အပါးသွားပါ၊ စုံ့ပါ၊ မြုံ့ပါ၊ တိုးအောင် ပွားအောင် စောင့်ရှောက်ပါ“ ဆိုပြီး ပါးစပ်က တတွတ်တွတ်ဆိုတယ်။ ကလေးတွေမဆူညံမှ ပုန်းမကြည်မက အိမ်မှာပျော်ပြီး လယ်ယာလုပ်ငန်း၊ စီးပွားရေးတွေ ကောင်းမွန်အောင် မစမယ်လို့ ပြောတာပဲ။

နတ်တင်ပြီးပြီဆိုရင်တော့ မုန့်တွေ စားချင်တိုင်းစားရပါတယ်။ နောက်ပိုင်းရက်တွေမှ မုန့်က စားနိုင်တာပါ။ အစောပိုင်းက ညှော်နံ့တွေနဲ့ ဘာမှမစားချင်ဘူး။ မုန့်တွေက ဘယ်လောက်များလဲဆို ၁ လ၊ ၂ လစားလို့ မကုန်နိုင်တော့ပါဘူး။ ကြာလာလေ ရှားလာလေ စားကောင်းလာလေလို့ ထင်မိတယ်။ ကျွန်မတို့ အမေကတော့ ငြိမ်းပါတယ်။ ရွာကအဒေါ်က ပိုလုပ်ပြီး အဆင်သင့်အမေ့ဆီ ၄ ရက်နေ့ မတိုင်ခင်အရောက် ပို့ပေးပါတယ်။ သူက ညှော်နံခံစရာမလိုပါဘူး။ အခုနောက်ပိုင်းတော့ အမေလည်း သူ့ဟာသူမြို့မှာ မုန့်ကြော်တယ်ပြောတာပဲ။ အဒေါ်တို့ကလည်း အသက်ကြီးတဲ့အဘိုးအဘွားတွေကို မုန့်တွေနဲ့ လိုက်ကန်တော့ပါတယ်။ အဒေါ်တို့အိမ်မှာလည်း သူများက လာကန်တော့တာတွေ ပုံနေတော့တာ။ လာကန်တော့တဲ့သူတွေကို အဒေါ်ကလည်း မုန့်ဖိုးတို့ သူ့မုန့်တို့ ပြန်ပေးတတ်တယ်။ တချို့အိမ်တွေမှာ အရွက်တွေနဲ့ အပေါင်းကြော်တို့ ငါးကြော်တို့ကို အလုပ်ရှုပ်လို့ မကြော်တော့ အဲဒါတွေ ပြန်လက်ဆောင်ပေးလိုက်တာပေါ့။ ခုတော့ အဒေါ်လည်း မုန့်ကြော်ရမည့် တပေါင်းလရောက်ရင် သူ့သမီးကို စိတ်ဆိုးပြီး မုန့်ကို စိတ်မပါဘဲများ ကြော်နေမလားလို့ ကျွန်မတွေးကြည့်နေမိတယ်။ ကျွန်မကတော့ ဘယ်တော့ဖြစ်ဖြစ် အဲဒီမုန့်တွေပဲ စားချင်နေတော့တယ်။ လွမ်းမိတဲ့အရာတွေထဲမှာ အညာထန်းတောအောက်က မုန့်တွေလည်း တ၀ဲလည်လည်ပါနေတတ်တော့တယ်။

မဇနိ

Read more...

ဖြိုး vs ဒိုး စကားဝိုင်း

ကျွန်တော် ကျောင်းပိတ်ရက် ဘကြီးဖြိုးတို့အိမ်ဘက်ကိုထွက်လာခဲ့မိတယ်။ ဘကြီးဖြိုးရဲ့အိမ်ကိုရောက်တော့ ဘကြီးဖြိုးသတင်းစာဖတ်နေတာကို တွေ့လိုက်ရတယ်။ ကျွန်တော်ကပဲ… ဘကြီးဖြိုး ဒီလောက်တောင် သတင်းစာကို သဲကြီးမဲကြီးဖတ်နေတော့ ဘာတွေများ စိတ်ဝင်စားစရာပါလို့လဲဟု စကားစလိုက်တော့…
ဘကြီးဖြိုး ။ ။ သဘာဝ ဘေးအန္တရာယ်ဆိုတာက မည်သူမျှ လွန်ဆန်လို့ မရနိုင်ဘူး၊ ရှောင်လွှဲရန်လည်း မတတ်နိုင်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပဲကွ။
ဒိုးကလေး။ ။ ဟုတ်ကဲ့ ဘကြီးဖြိုး… ဆက်ပြောပါဦး။
ဘကြီးဖြိုး။ ။ အခုကြည့်လေကွာ တို့နိုင်ငံမှာ မကြာသေးမီကပဲ နာဂစ်ဆိုင်ကလုန်း မုန်းတိုင်းကြီးရဲ့ ဒဏ်ကို နဖူးတွေ့ဒူးတွေ့ ခံစားခဲ့ရပြီလေ။ ဘကြီးဖြိုး တစ်သက်နှင့်တစ်ကိုယ် မကြုံစဖူးပါဘူးကွာ။ ဒီလောက်ပျက်စီးဆုံးရှုံးတာကလဲ အဲဒီအရပ် မှာနေတဲ့သူတွေ မုန်တိုင်းနဲ့ ပတ်သက်လို့ အတွေ့အကြုံ ကြီးကြီးမားမား မရှိလို့ပဲ ဖြစ်ရမယ်။
ဒိုးကလေး။ ။ အဲဒါတော့ ကျွန်တော်လက်မခံဘူး ဘကြီးဖြိုး။ ဒီလောက် ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးမှာ ဆက်သွယ်ရေး အင်တာနက်ကောင်းနေတာ အချိန်မီ သတင်းပေးနိုင်ရမှာပေါ့။ အဲဒါဆိုရင် အဲဒီအရပ်က လူတွေ ကြိုကြိုတင်တင် ပြောင်းလို့ရွှေ့လို့ ရတာပေါ့။ အခုတော့ မုန်းတိုင်းနဲ့တိုက်ခတ်နိုင်တဲ့ အရပ်ကလူတွေကို ပြောင်းရွှေ့ထားရင် ဒီလောက် သေပမလား။ ရွှေ့လို့မရတဲ့ ပစ္စည်းတွေကတော့ ပျက်စီးမှာပဲလေ။ ဘကြီးဖြိုး ပြောသလို သဘာဝ ဘေးအန္တရာယ် ဆိုတော့ ရှောင်လို့မှ မရတာ။
ဘကြီးဖြိုး။ ။ အင်း… မင်းကတော့ ဘကြီးဖြိုးက ဒါဆို ဟိုဟာ မပြောပါနဲ့ကွ။ ငါကလူကြီး မင်းထက် အတွေ့အကြုံများတယ်။ အခုကြည့်ကွာ… မုန်းတိုင်းတိုက်ပြီး ပျက်စီးတဲ့ဒေသတွေကို မီဒီယာတွေက အချိန်နဲ့တပြေးညီ လွင့်ထုတ်နေတာပဲ။ လူကြီးပိုင်းတွေကလဲ ဒုက္ခသည်များနဲ့အတူ မိုးထဲရေထဲမှာ ရုန်းကန် လက်တွဲလှုပ်ရှားနေကြတယ်လေကွာ။ ပြီးတော့ တရင်းတနှီး အားပေးစကားတွေပြောနေတာပဲကွ။
ဒိုးကလေး။ ။ ဒီလောက်မက လုပ်ပေးသင့်ပါတယ် ဘကြီးဖြိုးရာ။ ကြိုတင်ကာကွယ်လို့ ရတဲ့အရာမဟုတ်ပေမယ့် အဲဒီအရပ်ကနေ ရှောင်နေလို့တော့ ရပါတယ်။ ဘကြီးဖြိုးပြောတာတွေကိုတော့ ကျွန်တော်လဲ မသိဘူး။
ဘကြီးဖြိုး။ ။ မင်းက ဘယ်သိမလဲကွ။ မြန်မာ့ရုပ်မြင်ကိုမှ မကြည့်တာကိုးကွ။
ဒိုးကလေး။ ။ ဘကြီးဖြိုး ကလဲ သိသိကြီးနဲ့ပြောနေပြန်ပါပြီ။ ကျွန်တော်တို့ရပ်ကွက်က ဘကြီးဖြိုးတို့ ရပ်ကွက်လို လျှပ်စစ်မီး ပုံမှန်မလာဘူး… လျှပ်စစ်မီးလာတဲ့အချိန်ကြတော့လဲ ကျောင်းစာက ကြည့်ရသေးတယ်။ မီးလာတဲ့အချိန်ကြ အင်တာနက် ကိုတော့ သုံးဖြစ်တယ်။ ခဏပဲ သုံးဖြစ်ပါတယ် ဘကြီးဖြိုးရာ အင်တာနက်စပိက နှေးလို့ဗျ။
ဘကြီးဖြိုး။ ။ ဘေးပြောတာကို မယုံနဲ့ သွေးပြောတာကို ယုံစမ်းပါကွ။ အမှန်တကယ်တော့ အစိုးရနဲ့ ပြည်သူဆိုတာက မိဘနဲ့ သားသမီးလိုပဲကွ။ ကိုယ့်သားသမီး ဒုက္ခရောက်ရင် ဘယ်မိဘမျိုးကမှ မျက်နှာ လွှဲမနေနိုင်ဘူး။ မင်းတို့အစား ငါတို့ပဲ ဒုက္ခခံလိုက်ချင်တယ် လို့ မိဘတွေက ပြောလေ့ရှိတယ်။
ဒိုးကလေး။ ။ ဘကြီးဖြိုး ဆိုလိုချင်တာက အစိုးရဆိုတာ မိဘ လို့ပြောချင်တာလား။

ဘကြီးဖြိုး။ ။ အေးကွ… မင်းလည်း တော်တော်တိုးတက်လာပြီပဲ။ ပြောလိုက်ရင် ချက်ချင်းသဘောပေါက်တယ်။
ဒိုးကလေး။ ။ အဲဒါဆိုရင်တော့ အဲဒီအဓိပ္ပါယ်က ဘကြီးဖြိုးပြောမှ ကြားဘူးတော့်တယ်။ ဘာလို့လဲ ဆိုတော့ ၀ီကီထဲမှာ အဲလို အဓိပ္ပါယ်မဟုတ်ဘူး။ အစိုးရဆိုတာ အဖွဲ့အစည်းတစ်ခုဆိုပဲ။ ဘကြီးဖြိုးပြောသလို “မင်းတို့အစား ငါတို့ပဲ ဒုက္ခခံလိုက်ချင်တယ်” ဆိုရင် အဲဒီကလူတွေနဲ့ သူတို့နဲ့ နေရာချင်းလဲလိုက်ပေါ့။
ဘကြီးဖြိုး။ ။ ဥပမာပြောတာကွ။ ဒီလိုနေရာချင်းလဲရင် အတွေ့အကြုံရင့်ကျက်ပြီး အမြော်အမြင်ကြီးသူတွေ ဒုက္ခရောက်ကုန်မှာပေါ့။ အေး… မင်းကို ဘကြီးဖြိုး အကြံဥာဏ်တစ်ခုပေးလိုတယ်။ မြန်မာ့ရုပ်မြင်သတင်းကို နေ့တိုင်းကြည့်ပို့ပဲ။ ပြီးရင် ဘကြီးဖြိုးနှင့် ထပ်ဆွေးနွေးပေါ့ကွာ… ဟုတ်ပီလား။ အခုတော့ ငါလဲ CNN ကြည့်လိုက်ဦးမယ်။
ဒိုးကလေး။ ။ တစ်နေ့ကို ၂၄ နာရီမှာ ၂၃ နာရီ လျှပ်စစ်မီးရရင် ဘကြီးဖြိုးပြောတဲ့အတိုင်းလုပ်ပမယ်။ ဒါတောင် တစ်နာရီက troubleshooting time ပေါ့။ အခုတော့ မြို့ထဲ ခဏသွားဦးမယ်။ သူငယ်ချင်းတွေနဲ့ ချိန်းထားတာ…ဂိန်းကစားမလို့။

Read more...

ကြားဖူးနားဝ ရယ်စရာများ (၁၁)

>> Friday, May 30, 2008




ကိုမောင်ဖြူရယ်စရာပို့စ်တင်လိုက်မှ သတိရလို့ ကြားဖူးတာလေးတွေ ပြန်တင်ပေးလိုက်ပါတယ်။ တခါရယ်ဖူးပြီးသားဆိုရင်လည်း နောက်ထပ်ပြီး အိုးဝေစာမျက်နှာပေါ်မှာ ပျော်ပျော်ပါးပါး ရယ်သွားလိုက်အုံးနော်။

ဟာသ(၁) တခါက ဘုန်းဘုန်းတစ်ပါးဟာ ဆွမ်းခံရပ်ကြွလာတယ်။ အိမ်တအိမ်ရှေ့မှာ ရပ်တော်မူနေတာ အတော်ကြာတဲ့အထိ အိမ်ရှင်တွေက အလုပ်ရှုပ်နေတာနဲ့ သတိမပြုမိဘူး။ အဲတော့ ဘုန်းကြီးဆိုတော့လဲ ရောက်နေတာ ဘယ်လိုပြောရမလဲ မသိဘူပေါ့။ ဒါနဲ့ သီချင်းတပိုဒ် ကောက်ဆိုလိုက်ပါတယ်။ အိမ်ရှင်တွေ သတိပြုမိအောင် လုပ်လိုက်တာတဲ့။ ကဲ စဉ်းစားပြီး ဖြေကြပါအုံး။ ဘာသီချင်းလေးများ ဖြစ်မလဲ။
အဖြေလေးရောပေးလိုက်ပါတယ်ကွယ်။ “ခြေစုံကိုရပ်လို့ တွေဝေနေဆဲကွယ်၊ ဒီကစ ရှေ့ဆက်ဖို့ မနက်ဖြန်များစွာကျန်သေးတယ်…“တဲ့။

ဟာသ(၂) လူတယောက်က သူ့ မိန်မရဲ့ကလေးကို ပုခက်ထဲမှာ ချော့သိပ်နေတယ်၊ သူ့နဲ့ရတဲ့ကလေး မဟုတ်ပါဘူး။ အဲဒီလူက သီချင်းလေးနဲ့ ချော့သိပ်နေတယ်ဗျ။ ဘာသီချင်းလေးများလဲ စဉ်းစားကြည့်မယ်နော်။
“တို့သွေးလဲမဟုတ် တို့သားလဲမဟုတ်……“ဒီသီချင်းလေးနဲ့ ပုခက်လွှဲနေပါတယ်တဲ့နော်။

ဟာသ(၃) အတန်းထဲမှာ အဆင့်(၁) ရလာတဲ့ မောင်ရိုးကလေးက အိမ်ကို အပြေးလေးပြန်လာပြီး သူ့အမေကို ရီပို့ကဒ်ပြတယ်။
မောင်ရိုး။ ။“မေမေရေ သားသား အဆင့်(၁)ရတယ်ဗျ“
မောင်ရိုးအမေ။ ။“သားရယ် နောက်တခါ စာမေးပွဲဆို အဆင့်(၀)ရအောင် ကြိုးစားခဲ့နော်။ ဒါမှ အဆင့်(၁)ရှေ့ရောက်မှာသားရဲ့“ဟူသတည်း။

ဟာသ(၄) ရွာက ဘကြီးမောင် မြို့ကိုတက်မယ်ဆိုတော့ လူတိုင်းမှာချင်တာပေါ့။ ဒွေးလေးမြလည်း သူ့မြေး ဖိုးမောင်အတွက် ဒုတိယတန်းဖတ်စာအုပ် မှာလိုက်တယ်။ ကျောင်းပြန်ဖွင့်တော့မှာဆိုတော့ မြို့ကို သွားသူရှိတုန်းမှာရတာကိုး။ မြို့ရောက်တော့ စာအုပ်ဆိုင်မှာ ဘကြီးမောင် လိုက်ကြည့်တယ်။ ဖတ်စာအုပ်တွေက ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းဆိုပြီး သူ့အပုံနဲ့သူရှိနေတယ်။ ဘကြီးမောင် ရွေးဝယ်လိုက်တာကတော့ ပထမတန်းဖတ်စာအုပ်တဲ့။ ဈေးချင်းတူလို့ကတော့ ပထမတန်းစားပဲ သုံးမယ်ဆိုပြီး ၀ယ်ချလာပါတော့တယ်။

ဟာသ(၅) ငါးချဉ်သည် မိအေး ငါးချဉ်ရောင်းထွက်ရင်း စဉ်းစားမိလာတယ်။ သူများတွေ မြို့က တရားပွဲမှာ တရားနာနေတာ သီတင်းတပတ်ရှိတော့မယ်။ သူ့ကို တရားမနာဘူးလားလို့ လူတိုင်းကလဲ မေးနေကြပြီ။ ဒီနေ့တော့ နောက်ဆုံးနေ့ သွားနာလိုက်အုံးမယ်ဆိုပြီး မကုန်သေးတယ် ငါးချဉ်တောင်းလေးနဲ့ နောက်နားမှာ သွားဝင်ထိုင်နေလိုက်တယ်။ တနေကုန် ပင်ပန်းလာတော့ ခဏနေ အိပ်ပျော်သွားတော့တယ်။ အိပ်မက်ထဲမှာ သူ့ငါးချဉ်တွေပဲ မက်နေတော့တယ်။ ဒါနဲ့ နောက်ဆုံး ဘုန်းကြီးက ဆဒ္ဒန်ဆင်မင်းတရားကို နိဂုံးချုပ်ပြီး အမျှဝေတော့တယ်။ ကဲ ကဲ အမျှဝေကြစို့လို့ပြောတာနဲ့ ငါးချဉ်သည်မိအေးလဲ လန့်နိုးလာပြီး
“ဟောဒီက ကျွန်မ ငါးချဉ်လေးတွေ ၀ယ်ကြပါအုံးတော့“ ဆိုပြီး ထအော်တယ်။ လူအများလည်း အမျှမဝေနိုင်ဖြစ်ပြီး ပွဲကျသွားရတယ်။ ဒါနဲ့ မိအေးလဲ ရှက်ရှက်နဲ့ အိမ်ပြန်လာတော့ အိမ်က အမျိုးသားက
“ဟဲ့ မိန်းမရေ ဒီနေ့တရားကောင်းလား ဟေ့၊ ဘာအကြောင်းတွေများလဲကွ“ လို့ မေးလိုက်တယ်။ မိအေးပြန်ဖြေပုံကတော့ “ဆားတန်းကြီး ဆင်နင်းသွားတာ သနားစရာကောင်းလိုက်တာတော်“ တဲ့။ တကယ်တော့ တရားအဆုံးသတ်က ဆန္ဒန်ဆင်မင်း အစွယ်ဖြတ်ခံရတဲ့အကြောင်းနဲ့ တရားနာပြန်လာတဲ့လူတွေကလည်း လမ်းတလျှောက်မှာ ဆန္ဒန်ဆင်မင်းသနားစရာကောင်းကြောင်း မိအေးက အဖျားအနားကြားလာတာနဲ့ ရောချလိုက်တာဆိုပဲ။

မဇနိ

Read more...

အကြင်နာတွေနဲ့ဖေးကူပါ

လေဘေးဒုက္ခသည်များအတွက် အဆိုတော်ပေါင်းစုံသီဆိုထားတဲ့သီချင်းလေးတစ်ပုဒ် မျှဝေလိုက်ပါတယ်။ သီချင်းလဲတင်ပေးထားပါတယ်။ နားသောတဆင်ရင်း ဂရုဏာပွားနိုင်ကြပါစေ။

အကြင်နာတွေနဲ့ဖေးကူပါ
အဆိုတော်ပေါင်းစုံ
ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ ငါတို့ရဲ့ဘ၀တွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား
ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘ၀ဟာ မမြဲခြင်းတရားတဲ့လား
ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင်ပျက်စီးသွား
ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ
အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော်
မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ
ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြားေ
ရပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား
(အူး.. အားလုံးရဲ့အဖြေလား)
ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ
ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘ၀တွေ
တစ်ခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)
မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ
ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူးအချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)
မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာကူညီသူကို စောင့်စားအချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲနာကြင်အဖေါ်မဲ့ ဘ၀တွေ

သီချင်းကို ကူးယူချင်သူများ ဒီနေရာမှာ ကူးယူနိုင်ပါတယ်ခင်ဗျာ။
သီချင်းရော၊စာသားပါပို့ပေးတဲ့ သူငယ်ချင်းကြီးနိုင်းနဒီကို ကျေးဇူးပါ။

Read more...

ကျွန်တော်ဘွဲ့ရပါ

ကုန်ပဒေသာဆိုင်ကြီးတစ်ဆိုင်မှ ငှားရမ်းခြင်းခံရသော လူငယ်တစ်ဦးသည် အလုပ်စတင်ဝင်ရောက်ကြောင်းသတင်းပို့သည်။ မန်နေဂျာက လှိုက်လှဲပျူငှာစွာ ပြုံးပြလက်ဆွဲနှုတ်ဆက်ပြီး တံမြက်စည်းတစ်ချောင်းပေးသည်။
“မင်းရဲ့ ပထမဆုံးအလုပ်က ဆိုင်အနှံ့ တံမြက်စည်းလှည်းဖို့ပဲ”
“တံမြက်စည်းလှည်းရအောင် ကျွန်တော်က တက္ကသိုလ်ဘွဲ့ရပါ” ဟု လူငယ်က ဘုဆတ်ဆတ်ပြန်ပြောသည်။ ထိုအခါ မန်နေဂျာက
“သြော် ဝမ်းနည်းပါတယ်။ ကျွန်တော်မသိလို့ပါ။ ကျွန်တော့်ကို တံမြက်စည်းပေးပါ။ ဘယ်လိုလှည်းရမယ်ဆိုတာ ကျွန်တော်ပြပါ့မယ်” ဟု ပြောလေသည်။

Read more...

ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားခြင်း (၂)။

>> Thursday, May 29, 2008



သုံးလောက ထိပ်ထား မြတ်စွာဘုရား အဖြစ်ကို ရောက်တော်မူပြီးတဲ့ အခါမှာ မြတ်စွာဘုရားသခင်ဟာ လူ၊ နတ်၊ ဗြဟ္မာတွေကို ချွေချွတ်ဖို့ ကြည့်တော်မူတဲ့အခါမှာ ဘုရားရှင်ရဲ့ ဉာဏ်တော်နဲ့ ၃၁ ဘုံသားတွေရဲ့ ဉာဏ်တော်ဟာ အဆမတန် ကွာခြားနေတာကို တွေ့ရတဲ့အတွက် တရားတော်တွေကို နားလည်နိုင်မှာ မဟုတ်လို့ မချွေချွတ်တော့ရန် စဉ်းစားမိပါသတဲ့။ အဲဒီအခါမှာ ဟုန်ဟုန်က ဗြဟ္မာကြီးက ဘုရားသခင်ရဲ့အကြံကို သိတဲ့အတွက် လာရောက်လျှောက်ထား တောင်းပန်ပါသတဲ့။ အရှင်ဘုရားအတွက်သာဆိုရင် ဒီပင်္ကရာမြတ်စွာဘုရားရှေ့မှောက်မှာကတည်းက ကျွတ်တမ်းဝင်ခဲ့ပြီးပါပြီ။ အရှင်မြတ်ဘုရားက သတ္တဝါအများအတွက် ဘုရားဆုကိုပန်ခဲ့ခြင်းဖြစ်ပါတယ်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးကာမှ သတ္တဝါအများကို ပစ်ထားတော်မမူပါနဲ့လို့ လျှောက်တင်ပါသတဲ့။ အဲဒီအခါမှာ ရှင်တော်မြတ်ဘုရားက ရှေ့က ဘုရားသခင်များ ဘာလုပ်ခဲ့သလဲ ပြန်ပြီး စဉ်းစားဆင်ခြင်တော်မူတဲ့အခါ တရားဦး ဓမ္မစကြာဟောတော်မူတာကို သိတဲ့အတွက် တရားဦးဟောဖို့ ပြင်ဆင်ပါတော့တယ်။



ဓမ္မစကြာ တရားဦးဟောတော်မူရာနေရာ (သံဝေဇနိယလေးဌာန၊အဝိဇဟိတ လေးဌာန)

တရားဦးဟောဖို့ရာ ဘယ်သူတွေကို ဟောရမလဲ ကြည့်တော်မူတဲ့အခါမှာ ပထမဆုံး ကျေးဇူးရှိဖူးခဲ့တဲ့ ဥရုဝေလတောက ရသေ့ညီနောင်များကို သတိရပါတယ်။ ဒါပေမဲ့ ရသေ့ညီနောင်များဟာ အရှင်မြတ် ဘုရားအဖြစ်ကို ရောက်တော်မမူခင်ကပဲ ပျံလွန်တော်မူသွားကြပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ဥရုဝေလတောက ရသေ့ညီနောင်များ အကြောင်းနည်းနည်းပြောပါရစေ။ အဲဒီရသေ့ညီနောင်ထဲက တစ်ပါးဟာ မြတ်စွာဘုရား ဖွားတော်မူစဉ်တုန်းက နိမိတ်ဟောခဲ့ကြတဲ့ ပုဏ္ဏား ၅ ယောက်ထဲက တစ်ယောက်ပါ။ ကျန်တဲ့ ပုဏ္ဏားတွေက လက်ညှိုးနှစ်ချောင်းထောင်ပြီး၊ စကြဝတေးမင်းသော်လည်းကောင်း၊ ဘုရား သော်လည်းကောင်းဖြစ်မယ်လို့ ပြောတဲ့အချိန်မှာ လက်ညှိုးတစ်ချောင်းတည်းထောင်ပြီး၊ ဘုရား စင်စစ် ဧကန်ဖြစ်မယ်လို့ ဟောခဲ့တဲ့သူပါ။ အဲလိုဟောပြီးတဲ့နောက်မှာ သူ့ညီအစ်ကိုတွေကို အဲဒီအကြောင်းပြောပြပြီး လူဝတ်ပယ်ကာ မြတ်စွာဘုရား တောထွက်လာမဲ့အချိန်ကို စောင့်နေခဲ့ပြီး ဘုရားရှင်တောထွက်လာတဲ့ အချိန်မှာ ရေပူ ရေချမ်း ကမ်းလှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီကျေးဇူးကြောင့် ဘုရားက သူတို့ကို အရင်ကြည့်တော်မူတာ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ပဉ္စဝဂ္ဂီငါးပါးကို ဟောဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ ပဉ္စဝဂ္ဂီငါးပါးရှိရာ မိဂဒါဝုန်တောကို ကြွတော်မူပါတယ်။ လမ်းမှာ သုဇာတာရဲ့ ဖခင် ကုန်သည်ကြီးနဲ့ တွေ့ပါတယ်။ အဲဒီတော့ ကုန်သည်ကြီးက ဘုရားရှင်မရောက်ခင် ပဉ္စဝဂ္ဂီငါးပါးကို အရှင်မြတ် ဘုရားဖြစ်ပြီး ကြွလာတဲ့အကြောင်း ကြိုပြောထားနှင့်ပါတယ်။ ပဉ္စဝဂ္ဂီငါးပါးက မယုံပါဘူး။ သူတို့က ဘုရားရှင် ဒုက္ကရစရိယာ ကျင့်နေရာကနေ မဇ္ဈိမလမ်းစဉ် ကူးပြောင်းသွားတဲ့အခါမှာ ဘုရားမဖြစ်နိုင်တော့ဘူးဆိုပြီး ဘုရားရှင်ကို စွန့်ခွာလာတာ ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတုန်းကတောင် ဘုရားမဖြစ်တာ အခုဘုရားဖြစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ လာရင် မကြိုကြေးဆိုပြီး တိုင်ပင်ထားကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဘုရားရှင်ကြွလာတဲ့အခါမှာ ဘုရားရှင်ရဲ့ ကျက်သရေတော်ကို မြင်လိုက်တာနဲ့ တိုင်ပင်ထားတာတွေမေ့ ထပ်ညှိနှိုင်းစရာတောင် မလိုဘဲနဲ့ သပိတ်လှမ်းယူတဲ့လူကယူ၊ ခြေဆေးရေကပ်တဲ့လူက ကပ်နဲ့ အရိုအသေပေးမိကြပါတယ်။






ဒီနေရာကတော့ မြတ်စွာဘုရား သခင်ကို ပဉ္စဝဂ္ဂီငါးပါး ဆီးကြိုတဲ့နေရာဖြစ်ပါတယ်။


ဒါပေမဲ့ အခု မြင်နေရတာက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းပါ။ အောက်ဆုံးတစ်ဆင့်ကပဲ စေတီရဲ့ အုတ်ဖိနပ်ဖြစ်ပါတယ်။ ဖြစ်ရပုံက ဒီလိုပါ။ ပထမဆုံး အသောက မင်းကြီးက စေတီတည်ခဲ့ပါတယ်။ အဲဒါကို ဟိန္ဒူတွေက သူတို့ ဘုရားရဲ့ နေရာပါဆိုပြီး အပေါ်ကနေ သူတို့ ဘုရားကျောင်းဆောက်ပါတယ်။ အဲလိုပဲ နောက်ဆုံး အစ္စလာမ်တွေက အပေါ်ဆုံးကနေပြီး သူတို့ဘုရားဆိုပြီး တည်ထားလို့ပါ။ (ဘယ်လိုဖြစ်လို့လဲ မသိပါဘူး။ ဘုရားရဲ့ တချို့နေရာတွေမှာ ဟိန္ဒူတွေက သူတို့ ဘုရားရဲ့နေရာပါဆိုပြီး အမှတ်အသားထားထားတာ တွေ့ရပါတယ်။ မဟာဗောဓိထဲမှာလဲ Lord Shiva ရဲ့ အထိမ်းအမှတ်တစ်ခု ရှိပါတယ်။)





တရားဦး ဓမ္မစကြာဟောတဲ့ နေရာပါ။

ဟောပြီးတဲ့ အခါမှာ အရှင်ကောဏ္ဍညတစ်ပါးပဲ သောတာပန် အဖြစ်ကို ရောက်ခဲ့ပါတယ်။ ကျန်တဲ့ လေးပါးက သောတာပန်တောင်မှ မဖြစ်ပါဘူး။ အဲဒါနဲ့ ဒုတိယအနေနဲ့ အနတ္တလက္ခနသုတ်ကို ဟောပါတယ်။ အဲဒီသုတ်ကို ဟောပြီးတဲ့ အခါမှာတော့ ငါးပါးစလုံး ရဟန္တာ အဖြစ်ကို ရောက်တော်မူခဲ့ပါတယ်။




အနတ္တလက္ခဏသုတ်ဟောတဲ့နေရာမှာ တည်ထားတဲ့ စေတီပါ။

မှတ်ချက်။ ။မအားတဲ့ကြားကနေ မဇနိ အတင်း နှိုးဆော်နေတာနဲ့ ရေးဖြစ်သွားတာပါ။ မဇနိရေ ကျေးဇူးပါ။ တစ်ခုခု အမှားပါသွားရင်လဲ သည်းခံပြီး ပြင်ပေးကြပါနော။

Read more...

တစ်ယောက်တည်းစကားပြောခြင်း


တစ်ယောက်တည်းစကားပြောခြင်း

ဒီလောကကြီးမှာ ကောင်းချီးအပေးခံရတဲ့သူ ဘယ်သူမှ မရှိဘူးဆိုတာ ယုံကြည်လိုက်စမ်းပါ။
ဘာအတွက်လဲ နက်နက်ရှိုင်းရှိုင်းမျှော်မြင်တတ်မှုတွေ၊ အောင်မြင်မှုကို ဆာလောင်နေမှုတွေ၊
ပါရမီတွေ၊ လွတ်လပ်ခြင်းရဲ့ရမ္မက်ပြင်းချစ်ခြင်းတွေ၊
ဘယ်သောအခါများ ဒါတွေကို တို့ အသုံးမပြုနိုင်မှာလဲ။
ငါတို့ မြောက်အရပ်က ကလေးငယ်တွေ၊ ဒီအရပ်က အပင်တွေလို၊
အလျင်စလိုပွင့်ပြီး အမြန်ကြွေကြတယ်။
မီးခိုးရောင် မိုးကုတ်စက်ဝိုင်းက ဆောင်းရာသီနေမင်းလို
တို့ဘ၀တွေ မှုန်မှိုင်းလို့နေ၊
ဒီလောက် မရှည်ကြာပါ
အပြောင်းအလဲနည်းတဲ့ ဘ၀ရေစီးကြောင်းဟာ။
ဇာတိမြေမှာ မွန်းမွန်းကြပ်ကြပ်ဖြစ်နေပုံပဲ၊
အသည်းနှလုံးတွေလေးလံစွာ၊ စိတ်နှလုံးတွေ ငြီးငွေ့စွာ
အချစ်ကိုမသိ၊ ချိုမြိန်တဲ့ ခင်မင်မှုကိုမသိ
ကန္တာရအလယ် မုန်တိုင်းကြားမှာ တို့ရဲ့ငယ်ရွယ်မှုတွေ စုတ်ပြတ်သွား၊
အာဃာတအဆိပ်တွေက ဘ၀ကို တိမ်ညိုမှောင် အလျင်အမြန် လွှမ်းသွားစေတယ်၊
ငြီးငွေ့ဖွယ်ဘ၀ကော်ဖီခွက်ဟာ တို့အတွက် ခါးသီးစွာ
ဘယ်အရာကမှ စိတ်နှလုံးကို မရွှင်လန်းနိုင်စေတော့ပါ။


မီဟိုင်း(လ်) လယ်(ရ်)မွန်တော့(ဗ်)

Монолог

Поверь, ничтожество есть благо в здешнем свете.
К чему глубокие познанья, жажда славы,
Талант и пылкая любовь свободы,
Когда мы их употребить не можем?
Мы, дети севера, как здешние растенья,
Цветем недолго, быстро увядаем...
Как солнце зимнее на сером небосклоне,
Так пасмурна жизнь наша. Так недолго
Ее однообразное теченье...
И душно кажется на родине,
И сердцу тяжко, и душа тоскует...
Не зная ни любви, ни дружбы сладкой,
Средь бурь пустых томится юность наша,
И быстро злобы яд ее мрачит,
И нам горька остылой жизни чаша;
И уж ничто души не веселит.

Михаил Лермонтов

Read more...

နိပွန်ပြည်နဲ့ကျွန်မ

>> Tuesday, May 27, 2008


(နိပွန် ခေါ် ဂျပန်ပြည်ကို Kanji ဖြင့်ရေးထားပုံ။)

“နိပွန်ကြီးက တိုကျိုခေါ်၊ ဘိရုမာတွေ အရမ်းပဲပျော်။“ ..ဒီသီချင်းထဲကလို နိပွန်ခေါ် ဂျပန်ပြည်မှာ ဘိရုမာသူတွေ ပျော်နေကြတယ်။ ကျွန်မနဲ့တော့ အတော့်ကို သဟဇာတမတည့်တာလေးတွေရှိပါတယ်။ ကျွန်မကပဲ အများနဲ့ မတူနေလို့လား။ ကာလံဒေသံဆိုတဲ့ ကာလဒေသနဲ့များ လိုက်လျောညီထွေအောင် အနေမတတ်ဘူးလား။ နိပွန်ပြည်သားတွေကပဲ တခုခုလွဲနေလား။

ပြောရရင်တော့ စရောက်တဲ့နေ့ကတည်းက ဒီနေ့ထိဆိုပါတော့။ ကျွန်မစရောက်တော့ လေဆိပ်ကို ကျူတာလာကြိုပါတယ်။ သူကတော့ အသက် ၂၃ နှစ် ဂျပန်မ ၀တုတ်တုတ်လေးပါ။ သူက ခုချိန်ထိ ကျွန်မလိုအပ်တာ ကူညီပေးရမယ့် ကိုယ်ပိုင်ကျူတာဆိုပါတော့။ စရောက်တဲ့နေ့က လာကြိုပြီး အဆောင်လိုက်ပို့တယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာ။ ပင်ပမ်းလာတော့ အိပ်လိုက်ချင်တာ။ အဆောင်ရုံးက မမဂျပန်ကြီးလေ ၁ နာရီလောက်ကြာအောင် မှာတမ်းခြွေနေလို့။ သူ့စကားလဲ ဆုံးရော သူ့လက်ကလွတ် ကျွတ်ပြီထင်တာ။ ဘယ်ဟုတ်မလဲ။ မရွှေကျူတာက အခန်းမှာ ပစ္စည်းထားပြီးရော လာသွားကြမယ် ရပ်ကွက်ရုံးတဲ့။ သူ့မှာပါလာတဲ့ အစီအစဉ်တွေ ကြည့်လိုက်တော့ သွားစရာတွေအများကြီး။ သေသာသေလိုက်ချင်တော့တယ်။ လေယာဉ်ပေါ်မှာ ချမ်းလွန်းလို့ အိပ်မပျော်ခဲ့ပါဘူးဆို။ ကဲ ဘယ်တတ်နိုင်မလဲ။ သွားကြတာပေါ့။ အဲဒီနေ့ တနေကုန်သွားရတော့တာပဲ။ ဘာမှလည်းမစားရဘူး။ နောက်ဆုံးမှ ဗိုက်ဆာပြီလားတဲ့။ အမလေး မေးဖေါ်ရသေးပလို့ ကိုယ့်လည်း ၀မ်းသာအားရ ခေါင်းငြိမ့်မိတယ်။ ဒုက္ခနဲ့စတွေ့တော့တာပဲ။ ဘယ်လိုအနံ့မှန်းမသိတဲ့ ခေါက်ဆွဲကို ငါးအစိမ်းတွေနဲ့။ ဗိုက်ဆာတာတွေတောင် ဘယ်ဆီပြေးကုန်လဲ မသိတော့။ ဒီလိုနဲ့ အဲဒီနေ့က ခြေတိုအောင်သူ့နောက်က လိုက်နေခဲ့ရတာ။ နောက်မှသိလာရတယ်။ အတော်လမ်းလျှောက်နိုင်တဲ့ ဂျပန်မတွေပါလားလို့။ ဒေါက်ဖိနပ်အမြင့်နဲ့ လက်ကိုင်အိတ်နဲ့ အလှမပျက် ပြေးလွှားနေတာ သူတို့တွေပဲ။

အရေးကြီးတာ ပြောရရင် ကျွန်မနဲ့ ပါတီဒုက္ခ။ ကိုယ်က အလိုလိုမှ မြန်မာပြည်မှာ အကျင့်မှ မရှိတာ။ သူတို့က တော်ရုံလည်း မဟုတ်ဘူး။ တစ်လကို ၄ ခါ ၅ ခါ လုပ်တယ်။ တစ်ခါကို ယန်း၃၀၀၀ ဆိုတာ အနည်းဆုံး။ ပိုက်ဆံပေးရပြီး စိတ်ဝင်စားရင် တော်သေးတယ်။ ကိုယ့် lab ခန်းမှာက ကျူတာရယ် ဆီးရီးယားက မိန်ကလေးရယ် ကျွန်မရယ်ပဲ မိန်းကလေးရှိတယ်။ အားလုံးပေါင်း ၂၅ ယောက်လောက်ရှိတာပါ။ ကျူတာက ပါတီမှာ လိုတာတွေ စီစဉ်ရတယ်။ ဆီးရီးယားသူက သူ့အမျိုးသားက ဂျပန်ဆိုတော့ သူက အားလုံးကို သိပြီးသား။ အရက်လဲ အိုကေတဲ့သူ။ ကိုယ်က ဘာလုပ်လို့ ဘာလုပ်ရမှန်းကို မသိအောင် စိတ်ညစ်ရတယ်။ ပါတီမှာ အရက်သောက်ကြတာတော့ အံ့တွေများသြောလို့။ အရက်ပုလင်းဆိုတာ တောင်ပုံရာပုံ။ လာပို့တဲ့လူ မနိုင်အောင်ကုန်တာ။ သူတို့ယဉ်ကျေးမှူဆိုပြီး အချင်းချင်း အရက်ထည့်ပေးရသေးတယ်။ စဉ်းစားသာကြည့်ပေတော့။ သူတို့အရက်မြည်းတဲ့ စားစရာကို ကိုယ့်မှာ မကြိုက်လဲစား ကြိုက်လဲစားရတယ်။ ဆရာတွေ ကျေနပ်အောင် စားပြနေရတယ်။ တခါတလေတော့ ရူးရူးမိုက်မိုက်တွေးမိတယ် ငါဘာလို့ ဒီအရက်ဝိုင်းမှာလာပြီး အရက်မြည်းတွေ စားနေရလဲလို့။ နောက်တော့လည်း စိတ်ကို ပြောင်းလဲယူတတ်လာပါပြီ။ သူ့အရပ်နဲ့ သူ့ဇာတ်လိုက်အောင် ကရတော့မယ်လို့လေ။

မပျော်လဲ ပျော်ချင်ယောင်ဆောင်ပြီး ပါးစပ်မပိတ် ပြုံးနေရတယ်။ ရယ်စရာမကောင်းတဲ့ စကားတလုံးကို အတင်းလိုက် ရယ်နေရတယ်။ စိတ်ဝင်စားစရာ ဘာမှမရှိတဲ့ အကြောင်းအရာကို လူပေါင်းများစွာ စိတ်ဝင်စားနေကြတယ်။ အဲဒီ အချိန်လေးမှာပဲ စိတ်ဝင်စားချင်ယောင်ဆောင်နေကြတာပါ။ အပြင်မှာဆို သူများကိစ္စ ဘယ်လောက်အရေးကြီးကြီး စိတ်ဝင်စားမပေးဘူး။ အတော်အသဲမာတယ်။ ဟန်ဆောင်တတ်တယ်လို့ အနောက်နိုင်ငံသားတွေနဲ့ ကျွန်မတို့ ပြောလေ့ရှိကြတယ်။ အဲ ပထမပါတီက ၂ နာရီလောက် ကြာတတ်တယ်။ အစားအစာတွေ အဲဒီမှာ ဗိုက်ပြည့်အောင် အတော်အသင့် စားကြတယ်။ သိပ်မပြင်းတဲ့ အရက်၊ ဘီယာလောက် သောက်ကြတယ်။ ဂျပန်မတွေလည်း အတော်သောက်တယ်နော်။ သူတို့မျက်နှာလှလှတွေ နီရဲနေအောင် သောက်ကြတယ်။ ကျွန်မကတော့ နာရီကြည့်နေရတယ်။ ပျင်းလွန်းလို့ လိမ်ဖည်နေပြီ။ မဟုတ်လဲ ဖုန်းမက်ဆေ့ခ်ျရိုက်နေရတယ်။

အစားအစာတခုစားပြီဆိုရင် အရသာမကောင်းလဲ “အိုအိရှိ“ လို့ပြောကြတယ်။ သူတို့မျက်နှာကတော့ ရှုံ့မဲ့နေတာ။ ဒါကြောင့် ဟန်ဆောင်ကောင်းတယ် မျက်နှာ ၂မျိုးရှိတယ်လို့ပြောကြတယ်။ ရှေ့မှာတော့ အရမ်းတော်တယ်ပြောပေမယ့် ဒီလူကွယ်သွားရင် မျက်နှာမဲ့တတ်တယ်။ လူတိုင်းတော့ မဟုတ်ဘူးပေါ့။ အတော်များများကတော့ စက်ရုပ်လူတွေများတယ်။ဘာသာစကားအတန်းတက်ရင်တော့ ဂျပန်တစ်ယေက်မှမပါဘူး။ ကျွန်မတို့က သူတို့အကြောင်းတွေ ပြောကြတော့တာ။ မုန့်တခုစားရင် မျက်နှာက ရှုံ့မဲ့နေပြီး ပါးစပ်ကတော့ အိုအိရှိ လို့ ပြောပြီး ရယ်ကြတယ်။ အနောက်နိုင်ငံက သူငယ်ချင်းတွေက ပြောပါတယ်။ မကြိုက်ရင် မကြိုက်ဘူးပေါ့တဲ့။ အရသာမရှိဘဲတော့ ကောင်းတယ်လို့ မပြောနိုင်ဘူးတဲ့။ ပစ္စည်းတစ်ခု၊ ကလေးတစ်ယောက်တွေ့တဲ့အခါ ဂျပန်မတွေလို “ခ၀အိအိ“လို့ လှလိုက်တာလို့ ကျွန်မတို့ အတန်းဖော်တွေ အော်တတ်လာတယ်။ အော်ပြီးရင် တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး ပြိင်တူရယ်ပစ်လိုက်တာပဲ။

ပါတီက တစ်ညကို ၄ခါလောက်လုပ်တယ်။ အတော်တော့ ထူးဆန်းမိတာပဲ။ ကျွန်မတို့ နိုင်ငံခြားကျောင်းသူ ကျောင်းသားတွေက အများအားဖြင့် ပတမပါတီပြီးရင် ပြန်ပြေးကြတာ။ နိုင်ငံခြားကျာင်းသားတချို့ အရက်ကြိုက်တဲ့သူကတော့ နောက်ပါတီတွေပါ တက်လေ့ရှိကြတယ်။ နောက်ပါတီတွေမှာ စားစရာသိပ်မပါတော့ဘူး။ အရက်ခပ်ပြင်းပြင်းတွေသောက်တယ်။ ကာရာအိုကေဆိုတယ်။ ဂိမ်းကစားကြတယ်။ တချို့ညတွေဆို မနက် ၅နာရီလောက်မှ ပြန်လာကြတယ်တဲ့။ ကျွန်မအတွက်တော့ ပါတီရှိတယ်လို့ လာခေါ်မှာ အကြောက်ဆုံးပဲ။ ငြင်းလို့လဲ မရဘူး။ မသွားရင် ဆရာတွေကလဲ မကြိုက်ဘူး။ လူမှူရေးမရှိဘူးလို့ ယူဆကြတယ်။ အဲတော့ မပျော်လည်းသွား ပျော်လည်းသွားနေရတယ်။ ကျောင်းမြန်မြန်ပြီးချင်နေပြီ။ ပါတီမသွားချင်လို့။


(ဂျပန်ယောက်ျားလေးတွေပုံကို မြင်ဖူးရအောင် အင်တာနက်မှာ ရှာတွေ့တာကို တင်လိုက်တာပါ။)
နောက်တစ်ခုက ဂျပန်ကောင်လေးတွေ ရှက်တတ်တာ။ ကျောင်းမှာ သူတို့က ကိုယ့်လာပြီး ရှက်နေလို့ ဘယ်လိုစကားပြောရမှန်းတောင် မသိဖြစ်ရပါ့။ သူတို့က တခြားယောက်ျားလေးတွေနဲ့ အပြင်အဆင် အတော်ကွာတယ်။ မိန်းကလေးကိုင်တဲ့ လက်ကိုင်အိတ်တွေ သူတို့က စတိုင်နဲ့လွယ်တယ်။ လက်ကိုင်အိတ်မျိုးစုံကိုင်တယ်။ လမ်းလျှောက်ရင် နွဲ့နွဲ့လေးလျှောက်တယ်။ ရောက်စကတော့ အတော်ထူးဆန်းတာ။ တနေ့က မြန်မာက သူငယ်ချင်းလာလို့ သူ့ကို ကွန်ပြူတာဆိုင်လိုက်ပို့ပါတယ်။ သူနေရတဲ့ကျောင်းက နည်းနည်းမြို့အစွန်ဆိုတော့ လူသိပ်မရှုပ်ဘူးတဲ့။ ကွန်ပြူတာဆိုင်သွားတော့ ဟာ..ခေါင်းလဲ မဖြီးကြဘူး နော်တဲ့။ တလမ်းလုံး ဒီစကားပဲ ထပ်ထလဲလဲ ပြောနေလို့ ကျွန်မ ရယ်ခဲ့ရတယ်။ သူက မြန်မာပြည်ပြန်ရင် သူများကို ပြမယ်ဆိုပြီး ခေါင်းစုပ်ဖွားနဲ့ ကောင်လေးကောင်မလေးတွေဆို ဓါတ်ပုံလိုက်ရိုက်နေတော့တာ။ ကောင်လေးတွေကိုလဲ အခြောက်လေးတွေလားလို့ မေးလာသေးတယ်။ သူငယ်ချင်းကတော့ လေဆိပ်ကနေ သူနေတဲ့ဆီ သူ့ဟာသူ သွားရတော့ ရထားမစီးခင် လက်မှတ်ဝယ်ရတယ်။ သူက မ၀ယ်တတ်၊ မေးတော့လဲ သူပြောနားမလည် ကိုယ်ပြောနားမလည်နဲ့ မ၀ယ်ပဲ သူ့ဟာသူ ပိတ်ထားတဲ့ လက်မှတ်ပေါက်က်ု တိုးဝင်လာခဲ့တာတဲ့။ သူ့နည်းကလည်း အကောင်းသား။ ယန်း ၂၀၀၀ လောက်ကုန်မယ့်ခရီး အလကားရောက်လာတာ။ ဒါလဲ သူ့ကို ဘယ်လို လွှတ်ပေးလိုက်တယ် မသိ။ တကယ်တော့ အဲဒီ တံခါးတွေတိုးဝင်ရင် ရထားတာဝန်ရှိတွေက လှမ်းခေါ်တာပါ။ သူကတော့ ကံကောင်းလို့ နေပါလိမ့်မယ်။

တခါကလဲ မြန်မာ အစ်မကြီးတယောက်နဲ့ ဖုန်းဘီလ်တွေ များနေလို့ သွားပြောကြတယ်။ ရောက်စဆိုတော့ ဂျပန်စကားက သိပ်မပြောတတ်ဘူး။ ဆိုင်က ကောင်မလေးက ဖုန်းတွေဆက်ပြီး အကြာကြီးလုပ်နေတယ်။ အဖြေက ပေါ်မလာဘူး။ အစ်မကြီးကလဲ စိတ်ကမရှည်တော့ is it ok? ဆိုတဲ့ စကားကို မျက်လုံးကြီးပြူးပြီး သွားအော်နေလို့ မနည်းဆွဲခေါ်ခဲ့ရသေးတယ်။ သူတို့က တချို့က လုံးဝနားမလည်ဘူးလေ အင်္ဂလိပ်စကားကို။ တချို့ကတော့ နားလည်တယ်။ ပြောလဲပြောတတ်တယ်။ ပြောရမှာ ရှက်နေတာ။ ကိုယ်ကလဲ သူတို့စကား ရေလည်အောင်မပြောတတ်၊ သူတို့ကလည်း နားမလည်နဲ့ အတော် ဒုက္ခရောက်ရတယ်။ ဆံပင်ညှပ်ဆိုင်များသွားမယ်ဆို စကားမပြောတတ်ရင် ပြန်လွှတ်တယ်။ မြန်မာပြည်မှာလို ကြည့်ကောင်းသလိုညှပ်ပေးနော်လို့ ပြောလို့မရဘူး။ ရှေ့က ဘယ်လောက် စင်တီမီတာ နောက်နားက ဘယ်လောက်ပါဆိုတာ ပြောရတယ်။ ကိုယ်က ယောင်ချာချာဆိုရင် သူတို့က အရမ်းညှပ်မပေးဘူး ပြန်လွှတ်တာ။ ပိုက်ဆံပေးပါမယ်ဆိုတာကို မယူဘူး။

နောက်တခုထူးဆန်းတာက မင်္ဂလာဆောင်၊ မွေးနေ့ အခမ်းအနား။ ဖိတ်ခံရပြီဆိုရင် ယန်း ၂ သောင်းလောက်ကတော့ အနည်းဆုံး။ ခန်းမ၀င်ကြေး၊ အစားအသောက်ကြေးကို ကိုယ်က ပေးရတယ်၊ ကာယကံရှင်က ပေးစရာမလိုဘူး။ အဲဒီမှတင် ၁ သောင်းက အနည်းဆုံးပေးရတယ်။ လက်ဆောင်ပစ္စည်းက ၁ သောင်းဆိုရင်တော့ မြန်မာပိုက်ဆံ ၂ သိန်းလောက် ကုန်ပြီသာမှတ်တော့။ နောက်ဂျပန်မတွေ အလှပြင်တာတော့ ပြောမနေနဲ့။ သူတို့ နဂိုရုပ်ကို မမြင်ရဘူး။ မြန်မာက အစ်ကိုကြီးတယောက်ပြောတာ သတိရမိတယ်။ သူဒီကိုရောက်စက ဂျပန်မတွေက အားလုံးရုပ်တူနေလို့တဲ့။ စက်ရုံတစ်ခုထဲက ထွက်လာတဲ့လူတွေလိုပဲ သူမခွဲခြားတတ်ဘူးတဲ့။ သူတို့အလှပြင်တာက အရုပ်မတွေလိုကို ပြင်တာ။ အဆင့်ဆင့်နဲ့။ မျက်တောင်ကလဲ အတုတပ်တဲ့သူများတယ်။ သူတို့က မနက်ဆို ရထားပေါ်ရောက်မှ အလှပြင်တာ။ သူတို့ စလင်းဘက်အိတ်ထဲမှာ မိတ်ကပ်ပစ္စည်းအစုံပါတယ်။ မျက်တောင်တုတပ်တယ်။ တမျိုးပြီးတမျိုး ချနေတော့တာ။ ဘေးကလူလဲ ဂရုကို မစိုက်ဘူး။ ထိုင်စရာနေရာမရလည်း သူတို့က ကိစ္စမရှိဘူး။ မတ်တတ်ရပ်ကို အလှပြင်တတ်တယ်။ ကိုယ်ကံမကောင်းရင်တော့ သူတို့ရဲ့ ၃ လက်မလောက် ဒေါက်ဖိနပ်စာ မိတတ်တယ်။ တက်နင်းလဲ တောင်းပန်ချင်မှ တောင်းပန်တာ သူတို့က အရေးကြီးတဲ့ အလှပြင်အလုပ်လုပ်နေတာဆိုတော့လေ။ကိုယ်ကပဲ ကြည့်ရှောင်ပေါ့နော်။

အမျိုးမျိုးသော ဒုက္ခတွေကိုတော့ နောက်များမှ ကြုံရင် ပြောပြအုံးမယ်။ ကိုဇနိ၊ ကိုမောင်ဖြူ၊ ကိုမောင်လုံးနဲ့ ကိုလူအေးတို့လို အရက်ကြိုက်တတ်တဲ့သူတွေနဲ့ နေရာချင်းသာ လဲလိုက်ချင်တော့တယ်။ မနက်ဖြန်များစွာမှာလည်း ပါတီတွေ သွားနေရအုံးမယ်။ အင်း…ဘယ်တော့များမှ ဒီသံသရာဆုံးပါ့မလဲ။

မဇနိ


Read more...

အညာဘုရားပွဲ

>> Sunday, May 25, 2008




သူငယ်ချင်း မောင်ပိန်(၀က်သားဒုတ်ထိုး)က စာနဲ့ လိုက်ဖက်မယ်ထင်တဲ့ ပုံတွေပို့ပေးလို့ တင်လိုက်ပါတယ်။ မူရင်း ပန်းချီပိုင်ရှင်များဆီကို ခွင့်ပြုချက်မတောင်းဘဲ တင်လိုက်တဲ့အတွက် အဆင်မပြေဖြစ်ရင် ပြောခဲ့ပါ။ ပြန်ဖြုတ်ပေးပါ့မယ်။


ဒီနေ့ မေလ ၂၅ ရက်နေ့ဆိုတော့ စိတ်က အလိုလိုနေရင်းကို မြို့လေးဆီ သတိရသွားတယ်။ ဒီချိန်ဆို အိမ်မှာ ဧည့်သည်တွေ ဘယ်နှစ်ယောက်များရောက်နေမလဲ။ အမေတယောက် ထမင်းချက် ဟင်းချက်နေရတာ အတော်ပင်ပန်းနေရှာရော့မယ်။ နေကလဲပူတယ်ဆိုတော့ စိတ်မော လူမောဖြစ်နေမလား။ ဒါမှမဟုတ် သူ့တူတွေ တူမတွေလာလို့ ပျော်နေမလား။ သေချာတာကတော့ အမေ ကျွန်မကို သတိရလိမ့်မည်။ အမေသာမက တအိမ်သားလုံးရော အိမ်နားနီးချင်းမိတ်ဆွေများ အစ်ကိုဝမ်းကွဲများပါ ကျွန်မကို သတိရနေမှာပါ။ ကျွန်မက သူတို့ရဲ့တောက်တိုမယ်ရ ကူညီတဲ့သူ ဖြစ်နေလို့ပါ။


ကျွန်မတို့ မြို့လေးသည် မကွေးတိုင်းတွင်း မြို့တမြို့ဖြစ်ပြီး နေအင်မတန်ပူပြင်းတဲ့ အညာပီသသော မြို့လေးဖြစ်ပါတယ်။ ကျောင်းသွားတက်တော့ စကားမပီတဲ့ ကျွန်မကို သူငယ်ချင်းတွေက စတတ်တယ်။ အညာသူ စကားလဲ မပီဘူးတဲ့။ ဟုတ်တယ် ကျွန်မက အညာသူမှ ရိုးရိုးမဟုတ်ဘူး၊ အညာသူစစ်စစ်ကြီးလို့ ပြန်ပြောလေ့ရှိပါတယ်။ မြို့အရှေ့ဖက်ယွန်းယွန်းမှာ ရွှေမောဌောဘုရား၊ မြို့လယ်မှာ ရွှေကူဘူရားနဲ့ မြို့အနောက်ဖက်ဆီမှာတော့ သီဟိုရ်ရှင်ဘုရားဆိုပြီး မြို့ကျက်သရေဆောင် ဘုရားများနဲ့ စိတ်ချမ်းသာစရာကောင်းလှပါတယ်။

သီဟိုရ်ရှင်ဘုရားပွဲတော်ကို နှစ်စဉ် မေ ၂၅ လောက်ဆိုစတင်နေပါပြီ။ သတ်မှတ်ရက်ကတော့ မေ၂၅ ရက်ကနေ ဇွန်လ ၉ရက်လို့ရှိပေမယ် ဇွန်လကုန်ခါနီးထိ ပွဲခင်းရှိပါသေးတယ်။ ပွဲတော်ရက်က တစ်လကျော်ကျော်ကြာပါတယ်။ မြန်မာလိုတော့ နယုန်လမှာကျင်းပလို့ နယုန်ပွဲလို့ မြို့သူမြို့သားတွေ အလွယ်ခေါ်ကြပါတယ်။ ကျွန်မတို့ မိတ်ဆွေ ရန်ကုန်ကလာလည်ကြရင်တော့ နင်တို့မြို့ အညာဘုရားပွဲ ဒီနှစ်လာလည်မယ်လို့ ဖုန်းဆက်အကြောင်းကြားတတ်တယ်။ အမေက မိတ်ဆွေတွေ တူမတွေ တူတွေလာတော့မယ်ဆို မမောနိုင်၊ မပန်းနိုင်ဘူး။ လက်ဖက်ကို စောင်းရှားသီး၊ ကြက်သွန်ဖြူတို့နဲ့ နှပ်တယ်။ မုန့်သြဇာ၊ ထန်းလျက်စတဲ့ မုန့်တွေ ၀ယ်ပြီး ပုလင်းကြီးတွေနဲ့ ထည့်ထားတယ်။ အမဲသား၊ ၀က်သားကို ကြော်တယ်၊ ညှင်းပြီး နေလှမ်းတယ်။ သရက်သီးကို ပိုးတီရစ်ပြီး သရက်ချဉ်ဖြစ်အောင် စဉ့်အိုးသေးသေးတွေနဲ့ သိပ်ရတယ်။ အဖေကတော့ သရက်သီးပိုးတီတာဝန်ယူရတယ်။ မန်ကျည်းရွက်နုကို ခူးပြီး ဆားနဲ့ချဉ်သိပ်ရတယ်။ အမေသိပ်တဲ့ မန်ကျည်းချဉ်က အရွက်အခက်မပျက်ဘူး၊ မာပြီး အရောင်က ၀င်းနေတာ။ မန်ကျည်းချဉ်ကို ကြက်သွန်ဖြူလေးပါးပါးလှီးပြီး ပဲဆီမွှေးမွှေးများ ဆမ်းပြီး သုပ်စားလိုက်ရရင် အခုတောင် ဗိုက်ဆာလာသလိုပါပဲ။ ငရုပ်သီးတွေထောင်း ပုဇွန်ခြောက်နဲ့ မန်ကျည်းသီးရောပြီး ဘာလချောင်ကြော်က ပုလင်းကြီး၊ ပုလင်းသေး မနည်းကြော်ထားရတယ်။ ဒါမှ ဘုရားပွဲတော်ရက်မှာ ဧည့်သည်တွေလာရင် အဆင်သင့်ဖြစ်အောင်လို့တဲ့လေ။ အမေတို့များ မမောနိုင်ဘူး စီစဉ်နေတော့တာ။

သင်္ကြန်တွင်းမတိုင်မီ တပတ်လောက်အကြိုကတည်းက နယုန်ပွဲ အတွက် ဈေးတန်းကြီးစဆောက်နေကြပြီ။ ဈေးတန်းက ခန့်မှန်းခြေ တန်း၁၀ တန်းလောက်ရှိပါတယ်။ တစ်တန်းကို ဈေးဆိုင်၁၅၀ ၂၀၀ ထိရှိတယ်။ ဓနိမိုး ၀ါးတိုင်နဲ့ပေါ့။ ဈေးတန်းအ၀င်မှာတော့ သဲဖြူပါးပါးခင်း မြေဇာမြက်စိမ်းစိမ်းခင်းပြီး အညာရေအိုးစိုစိုနဲ့ ရေချမ်းစင်က ကြိုဆိုနေပါတယ်။ ပခန်းရေအိုးလို့ အညာမှာ နာမည်ကြီးလောက်အောင် နွေရာသီမှာ ဘာရေခဲသေတ္တာမှ မလိုအောင် အအေးဓါတ်ရတယ်။ ကျွန်မတို့ အမေဆိုပြောတတ်တယ်။ ဟဲ့ကလေးတွေ အမေ့ကို ရေအိုးထဲက ရေအေးအေးတစ်ခွက်ခပ်ခဲ့စမ်း၊ ရေခဲသေတ္တာထဲက မဟုတ်ဘူးနော်တဲ့။ အဲလိုပြောလေ့ရှိတယ်။ ကျွန်မဆို တခြားမြို့ကျောင်းတက်သွား ပြန်လာရင် အမေ့ရေအိုးစင်ကရေများ သောက်လိုက်ရရင် ရင်ထဲအေးသွားတာပဲ။ ဘုရားပွဲလာ လူအများလည်း နေကပူပူ ဖုန်ကထူထူဆိုတော့ ရေချမ်းစင်ဆီ မ၀င်မနေရ ၀င်ခိုနားကြရတာပဲ။

ဈေးတန်းတွေက ဘုရားပတ်ပတ်လည်မှာ ရှိတာ။ ဈေးတန်းတွေ အလယ်မှာတော့ ရဟတ်စီးစရာ၊ ပွဲခင်းဇာတ်ရုံ၊ အခြောက်ကပွဲ၊ ရုပ်သေး၊ မျက်လှည့်၊ ဦးမောင်မောင်ဆပ်ကစတဲ့ ငေးမောကြည့်စရာတွေက စုံလင်လှတယ်။ အဲအများအားဖြင့် ဒီမြို့လေးနဲ့ အနီးဝန်းကျင်က ရွာတွေဆို ကဆုန်လလောက်ဆို လယ်ယာလုပ်ငန်း တောင်သူလုပ်ငန်းတွေ လက်စသတ်နေပြီ။ အပျင်းထူတဲ့ ကလေးတွေတောင် အလုပ်တွေ ကြိုးစားလုပ်နေကြပြီတဲ့။ လူကြီးတွေက နယုန်ပွဲ လိုက်ချင်ပိုက်ဆံစုထား ခေါ်မယ်လို့ ပြောထားတယ်။ အပျိုခေါင်းဆောင်တစ်ယောက်က ဦးဆောင်လိုက်ပို့တယ်။ တချို့ရွာတွေက လှည်းနဲ့လာကြတယ်။ မိသားစုလိုက် ထမင်း၊ဟင်းအိုးတွေပါ ယူလာပြီး တပတ် ဆယ်ရက်နေကြတယ်။

ညဦးပိုင်းဆို ရဟတ်စီးမလား ဆပ်က ကြည့်မလားပေါ့။ ညပိုင်းရောက်လာရင် ဇာတ်ရုံရှေ့မျာ လူတွေအပြည့်။ ကျွန်မငယ်ငယ်ကဆို အစ်ကိုဝမ်းကွဲတွေနဲ့ ပွဲကြည့်လိုက်ရတယ်။ သူတို့လာရင် သိပ်ပျော်တာ။ သူတို့က သူတို့ပိုးပမ်းနေတဲ့ ရွာကအပျိုချောချောတွေကို ပွဲကြည့်ဖို့ ဖျာလက်မှတ်နဲ့ ဖားရတယ်။ ရှေ့နားနေရအောင်ကလဲ အစောကတည်းက ဆိုင်ရာပိုင်ရာဆီမှာ ဈေးကြီးပေးဝယ်ထားရတာ။ အဲ ဖျာနေရာကောင်းမှ သူတို့လဲ အပျိုတွေက မျက်နှာသာပေးတာ။ မဟုတ်လို့ကတော့ ဘေးနားမှာ ခပ်ကုပ်ကုပ်နေပေတော့။ နေရကောင်းကောင်း ၀ယ်ပေးနိုင်ရင်တော့ ဇိမ်အတော်ကျတယ်ဗျ။ မိန်းကလေးအုပ်စုက ပွဲကြည့်လာရင် ဖီးလိမ်ပြင်ဆင်တာတော့ မင်းသမီးရှုံးပဲ။ စံပယ်ပန်းတွေကလဲ ပန်လာတော့ ပွဲခင်းထဲမှာ စံပယ်ပန်းနံ့ကလည်း သင်းသဗျ။ ဒါတင်ဘယ်ကမလဲ လက်ဖက်သုပ်ဆို ပုဇွန်ခြောက်နဲ့ ဂျင်းလေးကပါလိုက်သေး။ ဆီအနစ်စားပေါ့။ အသေအချာနှပ်လာတဲ့ ကော်ဖီဗူးလဲပါတယ်။ မိုးကုပ်လက်ဖက်ခြောက်နဲ့ ရေနွေးကြမ်းဗူးကလဲ မွှေးသကိုး။ အဲကောင်မလေးကို နေရာကောင်းကောင်းဝယ်ပေးနိုင်လို့ကတော့ အဲဒီစားစရာတွေနဲ့ နှပ်နေပေတော့ပဲ။ ကျွန်မကတော့ ပိုအခွင့်ကောင်းရတယ်။ အစ်ကိုတွေမျက်နှာနဲ့ သူတို့က ဦးစားပေးတယ်။ မုန်းမျိုးစုံစားရတယ်။ ဒါပေမယ့် ခဏနေရင်တော့ ကျွန်မက အိပ်ချင်တော့တာ။ အစ်ကိုတွေ ကျွန်မကို အိပ်ပြန်ပို့ပေးရရင် တယောက်နဲ့တယောက်လွှဲချနေတော့တာ။ သူတို့ကောင်မလေးတွေနား နေချင်ကြတာကိုး။ ကျွန်မကို ပြန်ပို့ပြီးရင်တော့ သူတို့က မိုးလင်းထိ ပွဲကြည့်ကြတယ်။ အမေကတော့ သူ့တူတွေအတွက် ပွဲကြည့်ပြန်လာရင် အိပ်ယာအဆင်သင့်ပြင်ထားပေးတယ်။

ဘုရားဝန်းအတွင်းမှာတော့ သနပ်ခါး၊ ယောလုံချည်၊ မြို့ကထွက်တဲ့ ချည်စောင်၊ ချည်လုံချည်၊ ၀ါးဘီး၊ သနပ်ခါးဘီး၊ နံ့သာဖြူဘီး၊ ပုတီးအမျိုးစုံ ရောင်းချနေတဲ့ ဈေးသည်တွေနဲ့ ပြည့်ညပ်နေပါတော့တယ်။

စဥ့်အိုး၊ မြေအိုး၊ ဒန်အိုး၊ အိုးခွက်ပန်းကန်ရောင်းချတဲ့ ဈေးတန်း၊ အင်္ကျီအ၀တ်အထည်ဈေးတန်း၊ ဖျာ ခမောက် စကောစကာ ကြိမ်ခြင်းစတဲ့ ကြိမ်ဝါးဈေးတန်း၊ ဘီရို စားပွဲ ခုတင်စတဲ့ ပရိဘောဂဈေးတန်း၊ မုန့်ဈေးတန်းဆိုပြီး ခွဲထားတဲ့ အတွက် ဈေးဝယ်ရတာ လွယ်ကူပါတယ်။ ကျွန်မတို့ မြို့ကလူတွေ အတော်များများက စဥ့်အိုးတို့ စကောစကာစတဲ့ အိမ်အတွက်လိုတာမျိုးကို အဲဒီ နယုန်ပွဲမှာပဲ များများဝယ်ထားကြလေ့ရှိတယ်။ အမေနဲ့များ ပွဲဈေးတန်းလိုက်ရင် အပြန်မှာ မြင်းလှည်း၂စီးလောက်နဲ့ ပြန်လာတယ်။ သူလိုတာတွေ ၀ယ်လိုက်တာ မနက်ကသွားရင် ညနေမှပြန်ရတယ်။ ခြေထောက်တွေများညောင်းလို့ ပြန်လာရင် အိပ်လို့ကောင်းတော့တာပဲ။ အမေ့တူမတွေလာရင်လည်း ဈေးဝယ်ထွက်လို့ကို မပြီးနိုင်တော့ဘူး။ တချို့နှစ်ဆိုရင် ပွဲဈေးတန်းကို ၁၀ ခါ ၁၅ ခါရောက်တယ်။ အိမ်လာတဲ့ ဧည့်သည်တိုင်း လိုက်ပို့နေရတာရယ်၊ အမေသွားလို့လိုက်တာရယ်၊ သူငယ်ချင်းတွေနဲ့ သွားတာရယ်၊ အစ်ကိုတွေနဲ့ ညမုန့်သွားစားတာရယ်ဆိုပြီး အခေါက်ပေါင်းမနည်းရောက်ခဲ့တာ။ နယုန်ပွဲပြီးစဆို ကျောင်းတွေဖွင့်ပြီဆိုတော့ သူငယ်ချင်းတွေနဲ့ ပြန်ကြွားကြတာ၊ စကားနိုင်လုရတာလဲ အမောပဲ။ ငါက ဘယ်နှခေါက်ရောက်တာ၊ သူကဘယ်နှခေါက်ရောက်တာတို့အစချီပြီး ပွဲဈေးက ဘာတွေဝယ်တာ ဘာတွေကြည့်တာအဆုံးထိပေါ။ အမေ့ကို ကော်လက်ကောက်တွေ လက်အပြည့်ပူဆာတယ်။ ကျောင်းဖွင့်ရင် တချွင်ချွင်နဲ့ လက်လေးမြှောက်မြှောက်နေရတာ လက်တွေများညောင်းလို့။ အချင်းချင်းကြွားကြတာ။ လွယ်အိတ်အသစ် ဂါဝန်အသစ်နဲ့ ကျောင်းတက်ရတာလဲ ဘယ်လိုပျော်မှန်းကို မပြောတတ်တာ။

ကျွန်မတို့ငယ်ငယ်ကတော့ အခုလို ဆိုင်ကယ်လဲ မပေါသေးတော့ ပွဲတော်ရက်ဆို ဂျစ်ကားပိုင်ရှင်တွေ ဈေးကွက်ပဲ။ ဂျစ်ကားတွေကို အမိုးဖြုတ်ပြီး မြို့ထဲမှာ ပတ်မောင်းတယ်။ မြို့ထဲကလူတွေကို ပွဲတော်ကို ပို့ပေးတယ်။ ကားစပယ်ယာမလိုဘုး။ လူငယ်တွေက “ပွဲတော်ကို ပွဲတော်ကို ၅ကျပ် ၅ကျပ်” ဆိုပြီး အော်ခေါ်ပေးတယ်။ ၅မိနစ်လောက်ပဲ စီးရတာပါ။ တချို့ကလဲ ခြေလျင်သွားကြတာများတယ်။ အမေနဲ့ဆို ခြေကျင်သွားတယ်။ ငယ်ငယ်က ကျွန်မရယ် မောင်လေးတွေရယ် အမေရယ် ဘုရားပွဲဈေးကို မနက်ခင်းသွားခဲ့တယ်။ အမေက ထုံးစံအတိုင်း အိမ်အတွက်လိုတာတွေ ၀ယ်တော့တာ။ မိုးရွာရင်ဆောင်းဖို့ ခမောက်တွေဝယ်ပြီးတော့မှ တယောက်တခုခေါင်းပေါ်ဆောင်းကြဆိုပြီး ကလေးတွေကို လှည့်ကြည့်တယ်။ အဲ ကျွန်မမောင်လေးနဲ့ တူလေးက မရှိတော့ဘူး။ ဘယ်ရှာရှာမတွေ့တော့ဘူး။ အလှူခံကြေငြာနေတဲ့ ဘုရားလူကြီးဆီ လူပျောက်အော်ခိုင်းရသေးတယ်။ ဒါလဲ မတွေ့တော့ ကျွန်မက ထိုင်ငိုနေရတယ်။ အမေတို့ လူကြီးတွေကတော့ ရှာရတယ်။ ညနေ ၅နာရီလောက်မှ ကလေး ၂ယောက်ကိုယ်တုံးလုံးလေးတွေ ငိုမဲ့မဲ့နဲ့ ပြန်လာကြတယ်။ မေးကြည့်တော့ သူတို့ကို လူကြီးတစ်ယောက်က ခေါ်သွားတယ်တဲ့။ စကားတတ်တဲ့ သာလိကာလေး ယူမလားမေတယ်တဲ့။ ယူမယ်ဆိုပြီး သူတို့ ၂ယောက်က လိုက်သွားကြတာ နောက်ဆုံး သူတို့ ဦးထုပ်တွေ အ၀တ်အစားတွေနဲ့ သာလိကာကို ဖမ်းဖို့တောင်းလို့ ပေးလိုက်ရတယ်တဲ့။ သာလိကာလဲမရခဲ့ပါဘူး ညာပြီး ပြန်လွှတ်လိုက်တယ်။ ကျွန်မတို့လဲ အဲတော့မှ ရယ်နိုင်တော့တယ်။

မုန့်ဈေးတန်းက တခြားမြို့တွေက လာရောင်းတာ။ မုန့်သိုင်းခြုံ၊ မုန့်ပျားအုံ မုန့်အမျိုးမျိုးပေါ့။ အအေးဆိုင်၊ ကြံရည်ဆိုင်တွေကလဲ ပေါမှပေါ။ မှတ်မှတ်ရရ “ဦးမဲဂွ ဒန်ပေါက်“ ကို မမေ့ဘူး။ ပွဲဈေးတန်းမှာ ဦးမဲဂွဒန်ပေါက် မစားဖူးရင် ခေတ်မမှီသလိုလို သတ်မှတ်ကြတာ။ အဖေက ညဆို ဒန်ပေါက်ထုပ်လေးဆွဲပြီး ပြန်လာရင် အဖေ့ကို သိပ်ချစ်တာ။ ကရေကရာ၊ မုန့်သြဇာဆိုတာ တောင်ပုံရာပုံပါပဲ။ နွေရာသီရောက်လာပြီဆိုတော့ နှီးယပ်တောင်၊ ကျူယပ်တောင်တွေလဲ ၀ယ်ပြီး လမ်းမှာတောင် ခပ်လာကြတာ။ ဘုရားဝန်းထဲက ကျယ်တော့ အကြော်ပန်းပင်တွေနဲ့ ခုံတန်းတွေလဲ ဆောက်ပေးထားတယ်။ ကောင်လေးတွေကတော့ အဲဒီခုံတန်းတွေကို နေရာအပြည့်ဦးထားတယ်။ ဒါမှသူတို့က ကောင်မလေးတွေကို နားနားနေနေပိုးလို့ရမှာကိုး။

ဇာတ်ပွဲတွေကလဲ သိန်းဇော်၊ ချမ်းသာ၊ ၀င်းမင်းဆိုပြီး ဇာတ်ရုံ ၃ ခုလောက်တော့ နှစ်တိုင်းဆောက်ရတယ်။ ချစ်ချစ်ဇော်၊ တင့်တင့်ထွန်းတို့တောင် စတိတ်ရှိုးဆိုတာ မှတ်မိသေးတယ်။ ပွဲဈေးတန်းမှာ စတိုးဆိုင်အကြီးကြီး တစ်ဆိုင်လာရောင်းဖူးတယ်။ ကုလားတွေပိုင်တာ။ သူတို့က မှတ်မိသလောက်တော့ နှစ်တိုင်းလာရောင်းတယ်။ သူတို့လာတဲ့ နှစ်တိုင်း ကျွန်မတော့ ငိုခဲ့ရတယ်။ ဘိုမရုပ်လှလှကြီးကို ဆိုင်ရှေ့မှာ ထားတော့ ကျွန်မလည်း ဒါကိုပဲ လိုချင်နေတယ်။ ပူဆာတယ်။ သူတို့က မရောင်းဘူး။ ငိုခဲ့ရတာ သူ့ကိုမြင်တိုင်းပဲ။ ခုတော့ မြို့မှာ ဂျစ်ကားတွေ မြင်းလှည်းတွေနဲ့လည်း မသွားကြတော့ဘူးထင်ပ။ အရင်လိုရော ပွဲတော်ကြီး စည်ကားပါရဲ့လားလို့ မရောက်တာ ၁၀ နှစ်နီးပါးရှိပြီမို့ စိတ်မှန်းနဲ့ပဲ လွမ်းမောနေမိတော့တယ်။

မဇနိ

Read more...

နာဂစ်နှင့် အလှူခံ(၂)

>> Friday, May 23, 2008

လူသားတွေဟာ ဘာသာမတူ၊ လူမျိုးမတူ၊ နေရာဌာနတွေ မတူပေမယ့် တစ်ဦးတစ်ယောက်က ဒုက္ခရောက်လာပြီဆိုရင် လူသားချင်းစာနာတဲ့စိတ်တွေနဲ့ တတ်နိုင်တဲ့ဖက်ကနေ ရိုင်းပင်းကူညီကြတယ်။ မျှဝေခံစားပေးကြတယ်။ လက်တဖက်တတ်နိုင်ရင် တဖက်နဲ့ ၀ိုင်းဝန်းဖေးမပေးကြတယ်။ တကယ်တော့ မိဘ၊ မောင်နှမ၊ သူငယ်ချင်းများနဲ့ ဝေးကွာတဲ့ နေရာမှာ တစ်ယောက်ထဲ နေရတဲ့သူတွေအတွက် အမိမြန်မာပြည်မှာ နာဂစ်မုန်တိုင်းက ၀င်တယ်ကြားရတော့ အတော်စိတ်မကောင်းဖြစ်မိ၊ အားငယ်မိတာပါ။ အားငယ်သူကို လက်ကူတွဲပြီး အားပေးစကားပြောလာတဲ့အခါမှာ အင်မတန်ကြည်နူးမိပါတယ်။ စိတ်အားငယ်နေသူကို ၀ိုင်းဝန်းဖေးမအားပေးစကားတွေပြောပြီး ကူညီရုံသာမက ကိုယ်တိုင်ကိုယ်ကျ အလှူခံကူညီပေးမှုပါတွေ့ရတော့ ၀မ်းသာမိပါတယ်။

ဒါကတော့ နာဂစ် ဆိုင်ကလုံးဒဏ်ခံရတဲ့ မြန်မာလူမျိုးအတွက် တတ်နိုင်တဲ့ဖက်က အလှူခံနောက်တစ်မျိုးပါ။ အိုဆာကာတက္ကသိုလ်ရဲ့ ကျောင်းဝင်းအတွင်းမှာ ကျောင်းသားတစ်စု ဟိုနားလည်းတွေ့ရ ဒီနားလည်းတွေ့ရနဲ့။ သူတို့မျက်နှာက အပြုံးနဲ့ ကြည်လင်တဲ့ သူတို့အသံတွေကြောင့် ကျောင်းသူကျောင်းသားတွေ လှည့်မကြည့်ဘဲ မနေနိုင် ဖြစ်ရပါတယ်။ မြန်မာလေဘေးနဲ့ တရုတ်ငလျင် ဒုက္ခသည်တွေ အတွက် တတ်နိုင်သလောက် ပါဝင်လှူဒါန်းကြဖို့ အလှူခံနေကြတာပါ။ သူတို့တွေက မြန်မာ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ နီပေါ နဲ့ အီရန်က ကျောင်းသူကျောင်းသားတွေ ဖြစ်ကြပါတယ်။ ထိုင်းကျောင်းသားတစ်ယောက်ဆိုရင် ဂျပန်စကားမပီကလာ ပီကလာနဲ့ အတော်လေး တက်တက်ကြွကြွ အလှူခံနေတယ်။ ဒီတပတ်လုံး နေ့လည်ထမင်းစားချိန်မှာ အလှူခံကြတာပါ။ ဒီလို ဖြစ်မြောက်လာဖို့ကို နိုင်ငံခြားကျောင်းသားရေးရာရုံးမှ ဂျပန်ဝန်ထမ်းများက စီစဉ်ပြီး မိမိတို့ စိတ်ဝင်စားမှုရှိရင် ကူညီဖို့ ပြောပါတယ်။ နာမည်တပ်အကူအညီတောင်းတာ မဟုတ်ပါဘူး။ နိုင်ငံတကာက ကျောင်းသားပေါင်းစုံ သတင်းကြားတာနဲ့ လာရောက်ကူညီကြတာပါ။ နေ့လည် ၁၁ နာရီ ၅၀ မိနစ်ပတ်ဝန်းကျင်ဆို အလှူခံလိုက်ပါကူညီမည့် ကျောင်းသားများက အဆင်သင့်ဖြစ်နေပါတယ်။ တရက်ကို တနေရာပြောင်းပြီး အလှူခံဖြစ်ပါတယ်။ လူစည်ကားတဲ့ ကျောင်းဘတ်စ်ကားမှတ်တိုင်အနီး၊ ကင်တင်းအနီး နဲ့ တခြားကျောင်းသားကျောင်းသူ အသွားအလာများတဲ့ နေရာများမှာ သွားရောက်အလှူခံခဲ့ပါတယ်။ မြန်မာပြည်က ဒုက္ခသည်တွေကို ကူညီပါဆိုတဲ့ စကားကို အလှူခံသူကျောင်းသားကျောင်းသူတွေက သူတို့မိခင်ဘာသာစကားတွေနဲ့လည်း ပြောပြအလှူခံကြပါတယ်။ မြန်မာဒုက္ခသည်များပုံတွေကို အလှူခံပုံးမှာလည်း ကပ်ထားပြီး ဂျပန်စာများနဲ့ ပိုစတာများကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။
“မြန်မာ ဆိုင်ကလုံး အဲနော့ ဘိုကင်း အို့ ယိုရိုရှီခု အိုနဲငအိရှီမ(စ်)“
“မြန်မာဆိုင်ကလုံးဒုက္ခသည်များကို ကျေးဇူးပြု၍ ကူညီပါ”ဆိုတဲ့ အသံတွေ ဒီတပတ်လုံး အိုဆာကာတက္ကသိုယ်ဝန်းမှာ လွှမ်းခြုံနေပါတော့တယ်။

နေ့လည် ၁၂ နာရီမှ ၁ နာရီအတွင်း တပတ်ကြာ အလှူခံလုပ်ဖြစ်တဲ့ အကြောင်းနဲ့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မြန်မာသူငယ်ချင်းမလေးကိုလေး ဒီပို့စ်နဲ့အတူ မြန်မာလူမျိုးများကိုယ်စား ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။

အလှူခံဓါတ်ပုံတွေကို ဒီမှာကြည့်နိုင်ပါတယ်။
















Read more...

ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားခြင်း (၁)။

>> Thursday, May 22, 2008

“မသိကြလတ် တွေးဆအပ် နေ့မြတ်ခုနှစ်ထွေ
သံ၊ ဖွား၊ တော၊ ပွင့်၊ စက် ၊ စု၊ သင့်
ရှင်ပင့်သာကီဆွေ“
သုံးလူ့ထိပ်ထားမြတ်စွာဘုရားနဲ့ ပတ်သက်တဲ့ နေ့တွေကို မှတ်မိအောင် သီကုံးထားတဲ့ ငယ်ကတည်းက ရနေတဲ့ အလင်္ကာလေးရဲ့ အစပိုင်းပါ။ နောက်ပိုင်းမှာ တစ်နေ့ချင်းစီ အတွက် အသေးစိတ် တစ်ပိုဒ်စီရှိပါတယ်။ အဓိပြောချင်တာက နေ့ ခုနှစ်နေ့နဲ့ အဲဒီနေ့နဲ့ ပတ်သက်နေတဲ့ နေရာတွေပါ။
သံ = သန္ဓေယူသောနေ့
ဖွား = ဖွားမြင်သောနေ့
တော = တောထွက်တော်မူသောနေ့
ပွင့် = ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့
စက် = ဓမ္မစကြာ တရားဦး ဟောတော်မူသောနေ့
စု = ပရိနိဗ္ဗာန်စံတော်မူသောနေ့
သင့် = တေဇောဓာတ်လောင်သောနေ့
အဲဒီခုနှစ်နေ့ထဲမှာမှ ဖွား၊ ပွင့်၊ စက်၊ စု လေးနေ့ ဖြစ်ပေါ်ခဲ့ရာ နေရာတွေကို သံဝေဇနိယ လေးဌာနလို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း တလေးတမြတ်ထားပြီး သွားချင်ကြတဲ့ နေရာတွေပေါ့။ အများအားဖြင့် ကံမကောင်းတတ်တဲ့ စစ်ကိုင်းသူ တစ်ယောက် ဒီတစ်ခါတော့ အရမ်းကို ကုသိုလ်ထူးစွာနဲ့ ဗုဒ္ဓဂါယာကို ဘုရားဖူးသွား နိုင်ခဲ့ပါတယ်။ မေတ္တာရှင်ရဲ့မြေကို ခြေချရတာ အဲဒီတစ်ချက်တည်းနဲ့တင်ကို အရမ်း ကျေနပ်မိပါတယ်။

စောစောက ပြောခဲ့တဲ့ သံဝေဇနိယ လေးဌာနက ဂေါတမ မြတ်စွာဘုရားနဲ့ ပတ်သတ်တဲ့ နေရာတွေပါ။ ဘုရားရှင်က သူရှိစဉ်အချိန်မှာ အင်မတန် စည်ကားခဲ့တဲ့ အဲဒီနေရာတွေဟာ နောင်တချိန်မှာ မစည်ပင်တော့မှာကို မြင်လို့ သံဝေဂယူနိုင်အောင် သံဝေဇနိယလေးဌာနအဖြစ် သတ်မှတ်ခဲ့တာလို့ ပြောပါတယ်။ အများအားဖြင့် သိကြတာကလဲ သံဝေဇနိယလေးဌာနကိုပါ။ နောက်ထပ် ဌာနလေးခု ရှိပါသေးတယ်။ အဲဒါကိုတော့ အဝိဇဟိတ လေးဌာနလို့ ခေါ်ပါတယ်။ အဲဒီ လေးဌာနကတော့ ဒီ ဘဒ္ဒကမ္ဘာမှာ ပွင့်မဲ့ ဘုရားငါးဆူလုံးနဲ့ ပတ်သက်ပါတယ်။ အဲဒီနေရာတွေကတော့ ဘုရားအဖြစ်ကို ရောက်တော်မူတဲ့နေရာ၊ ဓမ္မစကြာတရားဦး ဟောတဲ့ နေရာ၊ သလွန်ညောင်စောင်း အခြေလေးဖက်ချတဲ့နေရာနဲ့ မယ်တော်နတ်သားကို တရားဟောပြီး ပြန်ဆင်းလာတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ပွင့်တော်မူပြီးတဲ့ ဘုရားလေးဆူ (ကကုသန်၊ ကောဏာဂုန်၊ ကဿပ၊ ဂေါတမ)လုံး အဲဒီနေရာမှာပဲ ပွင့်တော်မူတယ်၊ ဓမ္မစကြာတရားဦးဟောတယ်၊ ကျိန်းစက်တော်မူတယ်၊ နတ်ပြည်က ပြန်ဆင်းလာတဲ့ အခါမှာလဲ တစ်နေရာတည်းကိုပဲ ပြန်ဆင်းတော်မူပါတယ်။ နောက်ပွင့်တော်မူမဲ့ အရိမေတ္တေယျ ဘုရားကအတွက်လဲ အဲဒီနေရာတွေပါပဲ။ စုစုပေါင်း ဌာန ရှစ်ခုပေမဲ့ ဘုရားပွင့်တဲ့ နေရာနဲ့၊ ဓမ္မစကြာတရားဦးဟောတဲ့ နေရာက နှစ်ခုလုံးမှာ ပါနေတဲ့ အတွက် သွားစရာ ခြောက်နေရာ ရှိပါတယ်။ ခွင့်ရတဲ့ရက်နည်းတဲ့ အတွက် နေရာ အကုန်လုံးကိုတော့ မရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ဘယ်နေရာတွေဆိုတာရယ်၊ ဖြစ်ပျက်တဲ့ အကြောင်း အကျဉ်းချုပ်ရယ်ကို နေရာအားလုံးအတွက် ဖော်ပြပေးပါ့မယ်။ ရောက်ခဲ့တဲ့ နေရာတွေမှာတော့ ဓာတ်ပုံနဲ့ တကွ တင်ပြပေးပါ့မယ်။

ဘုရားရှင်ဖွားမြင်ရာ နေရာ (သံဝေဇနိယ လေးဌာန)
ဂေါတမ မြတ်စွာဘုရားဟာ ကပိလဝတ်ပြည်နဲ့ ဒေဝဒဟပြည်ကြားမှာရှိတဲ့ လုဗ္ဗိနီသာမော အင်ကြင်းတောမှာ ဖွားမြင်တော်မူခဲ့တာ ဖြစ်ပါတယ်။ လမ်းခုလတ်မှာ ဖွားမြင်ရခြင်း အကြောင်းရင်းက မယ်တော်မာယာဟာ ခင်ပွန်းဖြစ်သူ သုဒ္ဓေါဓနမင်းကြီးရှိရာ ကပိလဝတ်ပြည်မှာနေရင်း ဘုရားအလောင်းတော်ကို ပဋိသန္ဓေရှိလာတဲ့အခါ မိဘနေရပ်ဖြစ်တဲ့ ဒေဝဒဟကို ပြန်ပြီး မီးဖွားချင်တဲ့အတွက် မင်းတရားကြီးကို အကြိမ်ကြိမ်တောင်းပန်ပြီး ဒေဝဒဟကို အပြန် လမ်းခရီး လုဗ္ဗိနီဥယျာဉ်မှာ အလောင်းတော်ဖြစ်ကို မွေးဖွားသန့်စင်ခဲ့တာ ဖြစ်ပါတယ်။ (လုဗ္ဗိနီဥယျာဉ်က နီပေါနိုင်ငံအတွင်းမှာမို့ စစ်ကိုင်းသူ သွားဖို့ အခွင့်မသာခဲ့တဲ့ အတွက် ဘုရားရှင် ဖွားတော်မူရာ အင်ကြင်းတောကို စိတ်ကူးနဲ့ပဲမှန်းကြည့်ကြပါတော့နော်။)

ဘုရားပွင့်တော်မူရာ နေရာ (သံဝေဇနိယလေးဌာန၊အဝိဇဟိတ လေးဌာန)
ဒီနေရာကတော့ ဘုရားလေးဆူလုံးပွင့်တော်မူခဲ့တဲ့ နေရာဖြစ်ပါတယ်။ ဗုဒ္ဓဂါယာလို့ ခေါ်တာ ဒီနေရာကို ဖြစ်ပါတယ်။ မြို့နာမည်ကိုက ဗုဒ္ဓဂါယာလို့ ပေးထားတာပါ။
ဒီပုံကတော့ ဘုရားပွင့်တော်မူရာမှာရှိတဲ့ မဟာဗောဓိကျောင်းတော်ပါ။
မဟာဗောဓိကျောင်းတော်ထဲက ဆင်းတုတော်ပုံပါ။
(အရမ်းကို သပ္ပါယ်ပါတယ်။ ဓာတ်ပုံတော့ ဘယ်လိုနေလဲ မသိဘူး)
ပွင့်တော်မူပြီးတဲ့ ဘုရားရှင်တွေအားလုံး ဒီနေရာမှာ ပွင့်ကြတာပါ။ အခုလက်ရှိကတော့ ဂေါတမမြတ်စွာဘုရားဖြစ်တဲ့အတွက် ဂေါတမဘုရားနဲ့ဆိုင်တဲ့ တခြားနေရာတွေကိုပါ ဖော်ပြသွားပေးပါ့မယ်။ အဲဒီနေရာတွေကတော့ သတ္တဌာနလို့ အမည်တွင်တဲ့ နေရာ ခုနှစ်ခုပါ။ မြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ်ကို ရောက်တော်မူပြီးတဲ့နောက်မှာ တစ်နေရာကို ခုနှစ်ရက်စီနဲ့ ခုနှစ်နေရာ (စုစုပေါင်း ၄၉ ရက်) သီတင်းသုံးခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။

ပထမသတ္တဟ (ပလ္လင်က သတ္တဟ)
ဘုရားအဖြစ်သို့ ရောက်တော်မူရာ ပလ္လင်
ဒါကတော့ ဘုရားအဖြစ်ရောက်ရာ ဗောဓိညောင်ပင်ပါ။
(4th Generation လို့ ပြောပါတယ်။ မူရင်း အပင်ကြီးက မရှိတော့ပါဘူးတဲ့)

အားလုံးသိကြပြီးတဲ့အတိုင်း ဘုရားအလောင်းတော်ဟာ ဒုက္ကရစရိယာ ၆ နှစ်တိုင်တိုင် ကျင့်ပြီးတဲ့အခါ မဇ္ဈိမလမ်းစဉ်ကို ကူးပြောင်းခဲ့ပါတယ်။ ဘုရားအဖြစ်ကို ရောက်တော်မူမဲ့ ကဆုန်လပြည့်နေ့မှာတော့ သုဇာတာ သတိုးသမီး ကပ်လှူတဲ့ ဃနာနို့ဆွမ်းကို ၄၉ လုတ်တိတိ ဘုန်းပေး၊ နေရဉ္စရာမြစ်ကိုဆင်း၊ ယနေ့ ဘုရားစင်စစ် ဧကန်ဖြစ်မယ်ဆိုရင် ရွှေခွက်က မြစ်ကို ဆန်တက်ပါစေဆိုပြီး အဓိဌာန်နဲ့မျှော၊ မြက်ထမ်းသမားလှူတဲ့ မြက်ရှစ်ဆုပ်ကို ပလ္လင်ပြုပြီး၊ ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ အဲလိုနဲ့ ညဦးယံ (၉နာရီ)မှာ ပုဗ္ဗေနိဝါသနဿနုသတိဉာဏ်၊ သန်းခေါင်ယံ (၁၂နာရီမှာ) ဒိဗ္ဗစက္ခုဉာဏ်နဲ့ မိုးသောက်ယံ (၃နာရီ)မှာ အာသဝက္ခယဉာဏ်တို့ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်။ ဒီနေရာမှာ ကြားဖြတ်ပြီး တစ်ခုပြောပါရစေ။ မြန်မာတွေက ကဆုန်လပြည့်နေ့ကို ဘုရားပွင့်တဲ့နေ့အဖြစ် ယူကြပါတယ်။ ဒီမှာကျတော့ မနက် ၃ နာရီ အချိန်မှာမှ ဘုရားအဖြစ်ကို ရောက်တာမို့ လပြည့်ကျော် တစ်ရက်နေ့ကို ယူပါတယ်။ ဘုရားအဖြစ်ကို ရောက်တော် မူပြီးတဲ့ အချိန်မှာ အဲဒီနေရာမှာပဲ ခုနှစ်ရက်တိတိ ထိုင်တော်မူပြီး ရရှိခဲ့တဲ့ တရားတော်များကို ဆင်ခြင်သုံးသပ်ပါတယ်။ ပထမသတ္တဟပါ။ ပထမသတ္တဟ (ပလ္လင်က သတ္တဟ)အတွက် သူတို့ထိုးထားတဲ့ စာတမ်းကတော့ ဒီလိုပါ။

ဒုတိယသတ္တဟ (အနိမိဿ သတ္တဟ)
ဒီနေရာကတော့ ဘုရားသခင်က ဘုရားဖြစ်ရာ ဗောဓိညောင်ပင်ရဲ့ ကျေးဇူးကို ဆင်ခြင် အောက်မေ့ပြီး ညောင်ပင်ကို မျက်တောင်မခတ်ကြည့်ပြီး တစ်ပတ်လုံးလုံး ရပ်တော်မူခဲ့တဲ့ နေရာ ဖြစ်ပါတယ်။

တတိယသတ္တဟ (စင်္ကမ သတ္တဟ)
တတိယ သတ္တဟမှာတော့ ဘုရားသခင်ဟာ လေထဲမှာ စင်္ကြန်ကြွပြီး တစ်ပတ်လုံးလုံး နေခဲ့တာ ဖြစ်ပါတယ်။ အဲလို တန်ခိုးနဲ့ စင်္ကြန်ကြွရခြင်း အကြောင်းကတော့ နတ်တွေရဲ့ သံသယကို ဖြေဖျောက်ဖို့ ဖြစ်ပါတယ်။ အလောင်းတော် ဘုရားအဖြစ်ကို ရောက်တော်မူတဲ့အခါမှာ များစွာသော နတ်အပေါင်းတို့က ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ ဘုရားသခင်ရဲ့ အပြုအမူ အနေအထိုင်ကို ကြည်ညိုစွာ စောင့်ကြည့်နေခဲ့ ကြတာပါ။ ဒါပေမဲ့ ဒုတိယ သတ္တဟမှာ ဘုရားသခင် သီတင်းသုံးတော်မူတဲ့ အခါမှာတော့ နတ်တွေမှာ သံသယတစ်ခု ဝင်ခဲ့ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ ညောင်ပင်ကို မျက်တောင်မခတ် ကြည့်နေခဲ့တဲ့ ကိစ္စပါပဲ။ ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီဆိုလျက်နဲ့ ညောင်ပင်ကို သံယောဇဉ်မကုန်ဘူး။ ကိလေသာ မစင်သေးဘူးလို့ သံသယ ဖြစ်သွားကြတာပါ။ အဲဒါကို ဘုရားသခင်က သိတော်မူတဲ့အတွက် သံသယ ပြေပျောက်အောင် တတိယသတ္တဟမှာ ဒီလိုအနေအထားနဲ့ သီတင်းသုံးခဲ့ခြင်း ဖြစ်ပါတယ်။

စတုတ္ထသတ္တဟ (ရတနာဃရ သတ္တဟ)
စတုတ္ထမြောက်နေရာမှာတော့ အဘိဓမ္မာကျမ်းကို ဆင်ခြင်သုံးသပ်တဲ့ နေရာ ဖြစ်ပါတယ်။ ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့နေတဲ့ အချိန်မှာ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးတော်မူပါတယ်။ အဘိဓမ္မာကျမ်း သုံးသပ်တဲ့အချိန်မှာ ရောင်ခြည်တော် ကွန့်မြူးတယ်လို့ ပြောပေမဲ့ ခုနှစ်ကျမ်းရှိတဲ့ အထဲမှာ နောက်ဆုံး ပဌာန်းကျမ်းကို သုံးသပ်တဲ့အချိန်မှာမှ ကွန့်မြူးတာလို့ ပြောပါတယ်။

ပဉ္စမသတ္တဟ (အဇပါလ သတ္တဟ)
ဒီနေရာကိုတော့ ဆိတ်ကျောင်းညောင်ပင်လို့သိကြပါတယ်။ ဆိတ်ကျောင်းသမားလေးတွေ နေနေကျ ညောင်ပင်မို့ပါ။ ဆိတ်ကျောင်းသမားလေးတွေက ဘုရားရှင်ကို ဘုရားရှင်မှန်းလဲ မသိကြပါဘူး။ ကိုးကွယ်ဆည်းကပ်ရကောင်းမှန်းလဲ မသိခဲ့ကြပါဘူး။ အဲဒါကြောင့် ဘုရားရှင်ရဲ့ ပထမဆုံး ဥပသကာဖြစ်ဖို့ အခွင့်အရေးရှိလျက်နဲ့ ဖြစ်ခွင့် မရခဲ့ရှာပါဘူး။

ဆဌမသတ္တဟ (မုန္စလိန္တ သတ္တဟ)
ဆဌမမြောက်သီတင်းသုံးတဲ့ နေရာကတော့ မုန္စလိန္တာအိုင်ဖြစ်ပါတယ်။ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်မှာ လေကြီးမိုးကြီးကျလာတဲ့အတွက် ရေကန်ထဲက နဂါးမင်းထွက်လာပြီး ဘုရားကို မိုးလေဒဏ်က အကာအကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှာမြင်ရသလို မဟုတ်ပါဘူးတဲ့။ ဘုရားရှင်ကို အနှောင့်အယှက်မပေးဘဲ အခွေကို ဘေးကနေ အကာအနေနဲ့ခွေပြီး ပါးပျဉ်းနဲ့ မိုးထားပေးတာလို့ ပြောပါတယ်။

သတ္တမသတ္တဟ (ရာဇဂစ သတ္တဟ)

နောက်ဆုံး သီတင်းသုံးတာကတော့ လင်းလွန်းပင်အောက်မှာ ဖြစ်ပါတယ်။ ၄၉ ရက်မြောက်နေ့မှာ တရားထိုင်ရာက ထတဲ့ အချိန်မှာပဲ တဖုဿနဲ့ ဗလိက ကုန်သည်ညီနောင်နဲ့ ရောက်ရှိလာပါတယ်။ အရင်ဘဝဟောင်းက မိခင်တော်ခဲ့ဖူးတဲ့ နတ်သားရဲ့ လမ်းညွှန်မှု့ကြောင့်ရောက်လာတာ ဖြစ်ပါတယ်။ ကုန်သည်ညီနောင်က ဘုရားရှင်ကို ပေါက်ပေါက်ဆုပ်နဲ့ မုန့်ကြွပ်ကပ်လှူပါတယ်။ သုဇာတာရဲ့ ဃနာနို့ဆွမ်းကို ဘုန်းပေးပြီးကတည်းက ၄၉ ရက်လုံးလုံး ဆွမ်းဘုန်းမပေးခဲ့တာ အခု အကြိမ်ဟာ ဘုရားဖြစ်ပြီး ပထမဆုံး ဘုန်းပေးတဲ့ဆွမ်းဖြစ်ပါတယ်။ ဆွမ်းဘုန်းမပေးခင်မှာ သိကြားမင်းနဲ့ ဗြဟ္မာမင်း ရောက်လာပြီး ၄၉ ရက်လုံးလုံး ဆီး၊ ဝမ်းမသွားခဲ့တာအတွက် ဆေးဆက်ကပ်တယ်လို့ ပြောပါတယ်။ တဖုဿနဲ့ ဗလိကဟာ ပထမဆုံး ဥပသကာ နှစ်ယောက်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားက သူတို့ကို သရဏဂုံ ၂ ပါး ( ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ) တည်စေခဲ့ပါတယ်။ သံဃာတော်မရှိသေးလို့ သံဃံ သရဏံ ဂစ္ဆာမိ မပါသေးပါဘူး။ ဘုရားရှင်ရဲ့ ဆံတော် ၈ ဆူကိုလဲ ကိုးကွယ်ဖို့အတွက် စွန့်ကြဲလိုက်ပါတယ်။ အဲဒီ ဆံတော် ၈ ဆူထဲက ၄ ဆူကို မြန်မာနိုင်ငံက ရွှေတိဂုံ ဘုရားမှာ ဌာပနာထားတာ အားလုံး အသိဖြစ်ပါတယ်။

မှတ်ချက်။ ။ အရင်က ဖတ်ထားတာတွေရယ်၊ လိုက်ပို့ပေးတဲ့ အစ်မကြီး ပြောပြတာတွေရယ် ပေါင်းပြီး မှတ်မိသလောက် ပြန်ရေးထားတာပါ။ မှားနေတာ တွေ့ရင်လဲ ပြင်ပေးကြပါ။ ကျန်တဲ့ ဌာနတွေကိုလဲ အားရင် အားသလို ဆက်ရေးပါဦးမယ်။

Read more...

ကျွန်တော် မန်ယူပရိတ်သတ်




မင်းကတော့လုပ်ပြီ။ ဖလားရခါမှ ဒီစကားလာပြောနေတယ်ဆိုလည်း ငြိမ်ခံယုံပါပဲဗျာ။ ကျွန်တော် မန်ယူပရိတ်သတ်လို့ ပြောရတဲ့ အကြောင်းအရင်းက ဒီလိုပါ။ ကျွန်တော် တက္ကသိုလ်တက်ခဲ့တဲ့တစ်လျောက်လုံး အပေါင်းအသင်းတွေနဲ့ အတူ ညညမှာ ကျောင်းအဆောင်ကနေလစ်ပြီး ဘောလုံးပွဲ သွားကြည့်တယ်။ ဘောပွဲလောင်းတာလည်း အမြဲတော့မဟုတ်ပါဘူး၊ တစ်ခါတစ်ရံ လောင်းတတ်ပါတယ်။ ပိုက်ဆံရဖို့ကို ကြည့်ပြီးလောင်းတာ မဟုတ်ဘဲ ငါ့အသင်းဆိုတဲ့ စိတ်နဲ့ လောင်းရတာဆိုတော့ အထက်ကြေးပေါက်လည်း အပေါ်ကထိုင်လောင်းတော့ ရှုံးတဲ့အခါလည်း ရှုံး၊ ပြားပေါက်စလေး စားရတဲ့အခါကလည်း စားပေါ့။ ဒီလိုနဲ့ ကျောင်းတစ်ကျောင်းပြီးသွား၊ ငယ်ပေါင်းတွေနဲ့ဝေးသွားတော့၊ ကျွန်တော်လည်း ဘောလုံးပွဲတွေနဲ့ အလိုလိုဝေးသွားပါတယ်။ တစ်ခါတစ်ရံမှာ တီဗွီမှာလာရင် ကြည့်တတ်ပေမယ့်၊ ကြည့်ဖြစ်အောင်ကို အားထည့်ကြည့်တာတော့ အတော်ရှားသွားပါပြီ။ အသက်ကလေးမဖြစ်စလောက်ကြီးလားလို့ စိတ်ဝင်စားမှုတွေ ပြောင်းကုန်တာထင်ပါရဲ့လို့လည်း တွေးမိတယ်။


မနေ့ညက (၂၁၊မေ၊၂၀၀၈) ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ တီဗွီကလာမည်ဆိုတော့ ကြည့်မယ်ပေါ့၊ ညီလေးတစ်ယောက်က အကိုနဲ့လာကြည့်မယ်ဆိုတော့ လာခဲ့၊ ကြည့်ရတာ အဖော်ရတာပေါ့ကွာဆိုပြီး ခေါ်လိုက်တယ်။ သူက ချဲ(လ်)စီး သမားပါ။ သူကတော့ ကျွန်တော့်အသင်းက ဘယ်လို ဘာညာဆိုပြီး အထူးမပြောသလို၊ ကျွန်တော်လည်း ဘယ်ဖက်ကို အားပေးမယ်ဆိုတဲ့ စိတ်က အထူးမရှိပါဘူး။ ကြည့်နေရင် မန်ယူက စီးနေတော့ ကိုယ်က သဘောတွေကျနေတာပေါ့၊ ရော်နယ်ဒိုလည်း ခေါင်းတိုက်သွင်းရော ကျွန်တော် ပါးစပ်က “အဲသလိုမှပေါ့ကွ” လို့ ထွက်သွားပါတယ်။ အော်တိုမက်တစ်ပါ။ ပြီး မန်ယူဂိုးရှေ့မှာ ချယ်(လ်)စီးတွေ အလုပ်ရှုပ်နေတော့ ကျွန်တော့်ရင်ထဲလည်း အတော် လှုပ်နေပါတယ်။ လမ်းပတ်ထင်ပါတယ် ကန်လိုက်တာ ဂိုးဘားကိုထိသွားတော့ ကျွန်တော်က “ဟာ တော်သေးတာပေါ့ကွာ” လို့ အော်မိသလို ကျွန်တော်နဲ့အတူကြည့်နေတဲ့ ညီကလည်း “ဟာ နည်းနည်းလေးလွဲတာကွာ” တဲ့။ အလိုလို ပါးစပ်ထဲက လျှံထွက်လာကြတာပါ။ အဲဒီတော့ ကျွန်တော် ကိုယ့်ဟာကို သတိထားမိလိုက်ပါတယ်။ ငါ့ဆီမှာ မန်ယူဆိုတဲ့ စိတ်တွေ ကျန်နေပါသေးလားလို့။

Read more...

နာဂစ်နဲ့ ကျွန်မရဲ့အလှူခံ

>> Wednesday, May 21, 2008


ဒီနေ့တော့ ကျောင်းကအပြန် အပျော်တွေပိုက်ပြီးလာခဲ့တယ်၊ ပြန်တွေးကြည့်ရင် ဂျပန်မှာရောက်ကတည်းက ဒီနေ့ကျောင်းပြန်က အပျော်ဆုံးလို့ထင်မိတယ်။ ပျော်ရတဲ့အကြောင်းလေး ပို့စ်ရေးလိုက်ပါတယ်။

နေ့လည် ၁၂ နာရီ ၅၅ မိနစ်၊ စက္ကူဗူးတခုပွေ့ပိုက်ပြီး ဆရာမ၀င်လာပါပြီ၊ ကွန်နိချိဝ ပြိုင်တူနှုတ်ဆက်သံက ဒီနေ့မှပိုစည်ကားနေသလိုပါပဲ၊ စိတ်ထဲမှာတခုခုထူးခြားနေလို့ ဘေးဘီကို တချက်ကြည့်မိတော့ ကျောင်းသားတယောက်စီရှေ့မှာ ဘာရုပ်လေးတွေလဲမသိ ချထားတာတွေ့ရပါတယ်၊ ဆရာမနဲ့ အပြန်အလှန် နှုတ်ခွန်းဆက်ပြီး စာသင်ဖို့ စတင်ပါတော့တယ်။
ကဲ အရင်တပတ်ကပေးထားတဲ့ အိမ်စာတွေစဖတ်ကြမယ်။



ဂျိန်းဘွန်းစံ မင်းရဲ့အိမ်စာဖတ်ပါ။
အဲဒီမှာ အမေရိကန်ကျောင်းသား ဂျိန်းဘွန်းက သူ့ရဲ့ရှေ့က အရုပ်လေးကို မိတ်ဆက်တော့တာပဲ၊ သူက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက တရုတ်ပြည်ကို အလည်သွားလို့ အပြန်အမှတ်တရ ၀ယ်လာတဲ့အကြောင်း၊ အရုပ်ကလေးက စွန်ရုပ်လေးပါ၊ စက္ကူ ပိတ်စ ၀ါးတို့နဲ့ လုပ်ထားတဲ့ ရိုးရာစွန်ရုပ်လေးဆိုတာ ပြောပါတယ်။ အရုပ်လေးကို ယွန်းစက္ကူဗူးလှလှလေးနဲ့ ထည့်ထားတယ်၊ ရောင်စုံဆေးတွေကို လက်နဲ့ခြယ်ထားတာပါတဲ့၊ ချစ်စရာကောင်းတဲ့အရုပ်လေးကို ကျွန်မတို့တတွေ လက်ဆင့်ကမ်းပြီး ကြည့်ကြရတယ်။


နောက် အက်စတာစံ…မင်းရဲ့ ကိုရီးယားအစားအစာကို မိတ်ဆက်ပါအုံး။
ဒါနဲ့ ကိုရီးယားသူငယ်ချင်းမက သူတို့ ကိုရီးယားခေါက်ဆွဲတစ်မျိုးကို ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုအရသာရှိတယ်ဆိုတာ ပြောပြပါတယ်။ အားလုံးကတော့ ဂလု ဂလုနဲ့ တံတွေးတွေ မြိုချသံကြားနေရပြီ။ သူ့လက်ထဲမှာတော့ လူငါးယောက်စာလောက် စားနိုင်တဲ့ ခေါက်ဆွဲထုပ်ခပ်ကြီးကြီးကို မြင်နေရတယ်။

ချိုင်စံရေ မင်းကဘာကိုမိတ်ဆက်မလဲ လုပ်ပါအုံး။
ကမ္ဘောဒီးယားကျောင်းသားပါ။ သူကလူအသေးဆုံး၊ စကားအများဆုံး၊ ရယ်စရာလဲအမြဲပြောတတ်တယ်၊ သူကတော့ ရိုးရာပိုက်ဆံအိတ်အကြောင်းကို ပြောပါတော့တယ်။ အရောင် ၇ မျိုးနဲ့ရောစပ်ထားတဲ့ ပိုက်ဆံအိတ်လေးဖြစ်တဲ့အကြောင်း နေရောင်နဲ့ဆို ငွေရောင်ပြေးနေသလိုထင်ရကြောင်း ဇစ်ကတော့ ရွှေရောင်ကွင်းလေးပါတဲ့အကြောင်းပြောပါတယ်။ ဒီနိုင်ငံတွေက ခရက်ဒစ်ကဒ်၊ အကြွေစေ့ ဒါတွေအလေးထားနေရတော့ သူတို့တွေအတွက် ထည့်စရာနေရာလည်းပါကြောင်း ကြော်ငြာနေတယ်။

ထိုင်းက ချိုလ်စံအလှည့် ပြောပါအုံး။
ချိုစန်ကတော့ အီလက်ထရောနစ် ဒစ်ရှင်နရီလေးအကြောင်းပြောတယ်။ သူရဲ့ ဒစ်ရှင်နရီက ဘာသာစကား ၅ မျိုး အင်စတောလုပ်ထားပါတယ်တဲ့ အင်္ဂလိပ်၊ ရုရှ၊ ထိုင်း၊ ဂျပန် နဲ့ ပြင်သစ်စကားတွေပါတယ်တဲ့။

စန်းစံ မင်းအလှည့်တဲ့။
ဟိဟိ ကျမကတော့ လုပ်လိုက်ရင် အလွဲလွဲ၊ အိမ်စာက တင်ပြီးသွားပြီ။ သူများပြောတာတွေ နားထောင်ရင်းမှ သဘောကပေါက်ပေါက်လာတာ။ ကျမရဲ့ ကြော်ငြာကတော့ စက်ဘီးလေး။ အဖြူရောင်စက်ဘီးလေး ကျမရဲ့ ထိုင်းကသူငယ်ချင်းဆီက လက်ဆောင်ရထားတာ။ စက်ဘီးမရှိခင်က ကျောင်းကို ၂၅ မိနစ်ကြာလာရတဲ့အကြောင်း၊ ခုတော့ ၁၀မိနစ်နဲ့ ကျောင်းရောက်တဲ့အကြောင်း ဈေးဝယ်သွားရင်လဲ အထုပ်အလေးတွေ လက်နဲ့ဆွဲစရာမလိုတော့တဲ့အကြောင်း၊ ကျောင်းပိတ်ရက်ဆို ပန်းခြံထဲ ကလေးတွေကစားတာ သွားကြည့်ရင်း စက်ဘီးလေးနဲ့ အလည်သွားနိုင်ကြောင်းပေါ့၊ ဒါကြောင့် စက်ဘီးလေးဝယ်စီးဖို့ ကြော်ငြာချလိုက်တာ။

နောက်တစ်ယောက်ကတော့ ကမ္ဘောဒီးယားက ချန်ထရာစံအလှည့်ပါ။
ချန်ထရာစံက သူတို့ရိုးရာဘောင်းဘီရှည်အကြောင်း၊ ဘောင်းဘီက ကျွန်မတို့ မြန်မာပြည်က ရှမ်းဘောင်းဘီနဲ့ခပ်ဆင်ဆင်ပါ။ သူက ခါးတဖြောင်းထဲရှိပြီး နောက်ဘက်မှာ ကြိုးနှစ်စပါပါတယ်။ မိန်းကလေးလဲ ၀တ်နိုင်တယ်ပြောပါတယ်၊ သူက ၀တ်ပြသေးတယ်၊ အသားကတော့ ပိုးသားနဲ့ယက်ထားတယ်။

နောက်ဆုံးကတော့ စပိန်စကားပြောနိုင်းငံတစ်ခုက သူငယ်ချင်းအလှည့်ပါ။ သူ့နာမည်က ရှည်တော့မမှတ်တတ်ပါဘူး၊ အရပ်ကလဲ ၆ပေ ၁၁လက်မ ရှိတယ်တဲ့၊ သူကတော့ ဂျပန်မလေးတစ်ယောက်ဆီက လက်ဆောင်ရတဲ့ အင်တာနေရှင်နယ် အမှတ်တရအရုပ်လေးပါ။ အလံတိုင်မှာ ငါးအမေကြီးရယ် ငါးကလေးလေး၂ကောင်ရယ် ရွှေရောင်ခြူလေးတွေ ဆွဲထားတယ်။

အဲဒီထိကတော့ ကိုယ့်အိမ်စာကိုဖတ်ပြတော့ ပြသာနာမဟုတ်ပါဘူး၊ ခုမှပြသနာကစတော့တာ၊ ခုကိုယ်ကြော်ငြာတဲ့ ပစ္စည်းတွေကို ဈေးရောင်းပွဲလုပ်မယ်တဲ့၊ လေလံတင်သလိုပေါ့။ အမေရိကားနဲ့ ပြင်သစ်က သူငယ်ချင်းက အတန်းရှေ့ကို ထွက်ပါတယ်။ ပစ္စည်းတစ်ခုစီကို စစချင်း ယန်း၁၀၀နဲ့ ရောင်းမယ်။ နောက်တယောက်က တိုးပေးတယ်၊ နောက်တိုးပေးတယ်၊ အမေရိကားကကျောင်းသားကလဲ စားပွဲကိုလက်နဲ့ပုတ်ပုတ်ပြီး ဈေးထပ်ခေါ်သလိုလုပ်လို့ ရယ်နေရသေးတယ်။ ဒီလိုနဲ့ အများဆုံးဈေးပေးတဲ့လူကို ရောင်းလိုက်တယ်။ ဆရာမက စက္ကူပုံးနဲ့ပိုက်ဆံလိုက်ယူတယ်၊ အမေရိကားကသူငယ်ချင်းက ပြောလိုက်သေးတယ်၊ သူ့ရဲ့ ဒီစွန်လေးသာ ပိုက်ဆံတွေအများကြီးနဲ့ ရောင်းရရင်ကောင်းမှာနော်တဲ့၊ ဒါမှ မြန်မာက လေဘေးဒုက္ခသည်တွေကို ကူချင်လို့တဲ့၊ သူ့စကားကြားတော့ ကျွန်မတောင် ခဏမှင်သက်မိသွားတယ်၊ ကျွန်မကတော့ ငါးရုပ်လေးလိုချင်တော့ ၅၀၀ ပေးပြီး အနိုင်ရခဲ့တယ်၊ ဒီလိုနဲ့ နောက်ဆုံးဝယ်စရာကုန်သွားပြီ၊ နားလည်လွဲတဲ့ စက်ဘီးပိုင်ရှင် ဒစ်ရှင်နရီပိုင်ရှင်နဲ့ ပြင်သစ်က အိုင်ပေါ့ပိုင်ရှင်ကတော့ ရောင်းစရာမရှိယောင်ခြာခြာနဲ့ အားလုံးပြီးမှ ကိုယ်နားလည်လွဲမိတဲ့ အိမ်စာရဲ့ ရည်ရွယ်ချက်ကို သိလိုက်တော့တယ်၊ ရှက်တော့ရှက်ပေမယ့် ဘ၀တူက တ၀က်လောက်ဆိုတော့ ဟီး..ဟီးလုပ်နိုင်သေးတယ်။

ပိုက်ဆံတွေရေလိုက်တော့ ယန်း ၆ထောက်ကျော်ကျော်ရတယ်၊ ဆရာမက ထပ်ထည့်လိုက်တော့ ၇ ထောင်ဖြစ်သွားတယ်၊ မြန်မာပြည်က ဒုက္ခသည်တွေဆီပို့ပေးပါလို့ ကျွန်မရှေ့ ပိုက်ဆံပုံးကြီးလာချတယ်၊ အားလုံးက လက်ခုပ်တွေတီးကြတယ်၊ ကျွန်မမှာတော့ မအီမလည်နဲ့ ဘာပြောရမှန်းမသိအောင် ဖြစ်သွားတယ်၊ အတော်ကြာမှ မိနစံ..အရိဂတိုး အားလုံးပဲကျေးဇူးပါလို့ ပြောပြီး အဲဒီပုံးကြီးနဲ့ တချိုးထဲ ပိုက်ဆံလွှဲတဲ့ စာတိုက်ကို ပြေးခဲ့ရတော့တယ်၊ ရင်ထဲမှာ ပျော်ပါတယ်၊ မြန်မာလူမျိုးတွေအတွက် လက်တစ်ဖက်ဖြစ်ဖြစ် ကမ်းချင်ပါတယ်၊ ဆရာမရဲ့ ထူးဆန်းတဲ့ အတွေးလေးကို သဘောကျလို့ ပြန်ပြောင်းအောက့်မေ့မိကြောင်းပါ၊ ကျွန်မတို့ရဲ့အလှူလေးက ကျွန်မချစ်တဲ့ မြန်မာလူမျိုးတွေဆီ ရေတစ်ဗူးလောက်ဖြစ်ဖြစ်ရောက်ရင်ကို အတိုင်းမသိ ၀မ်းသာမိကြောင်း ပြောပါရစေ။

(ချိုင်စံဆီက ကမ္ဘောဒီးယားပိုက်ဆံအိတ်ကတော့ ဒီနေ့မပါလာလို့ နောက်တနေ့ ဒီလိုအချိန်မှာ ရောင်းပေးမယ်တဲ့။ ကျွန်မကတော့ ဈေးပိုပေးပြီး ၀ယ်လိုက်မယ်လို့ စိတ်ထဲမှတ်ထားတယ်။)

မဇနိ

Read more...

ကောင်းကင်နှင့်ကြယ်များ


ကောင်းကင်နှင့်ကြယ်များ

ညနေခင်းကောင်းကင် ၀င်းပလို့ကြည်လင်
ဟိုးအဝေးမှ ကြယ်စင်များ ရွှန်းလက်လို့တောက်ပ
ကလေးငယ်တစ်ယောက်ရဲ့ ပျော်ရွှင်မှုများလိုပါ့။
အို ဘာ့ကြောင့်များ ငါ စိတ်ကူးယဉ်လို့ မရရမှာလဲ
ကြယ်လေးတွေရေ မင်းတို့တောက်ပနေတာ ငါ့ရဲ့ပျော်ရွှင်မှုများလိုပဲလို့။
ဘာအကြောင်းများ ပူဆွေးနေရလဲ
ပြောပြပါလို့ လူတွေကပြောကြတယ်။
ချစ်ဆွေတို့ရေ ကြယ်တွေနဲ့ ကောင်းကင် - ကြယ်တွေနဲ့ကောင်းကင်
ငါက လူသားလေ။
လူသားတွေ တစ်ယောက်ကို တစ်ယောက် မနာလိုဝန်တိုနေ
ငါကျတော့ တစ်မျိုးလေ
လှပတဲ့ကြယ်တွေကိုပဲ မနာလိုဝန်တိုမိ
သူတို့နေရာမှာ ငါနေရာယူနေချင်မိ။

မီဟိုင်း(လ်) လယ်(ရ်)မွန်တော့(ဗ်)

Небо и звезды

Чисто вечернее небо,
Ясны далекие звезды,
Ясны, как счастье ребенка;
О! для чего мне нельзя и подумать:
Звезды, вы ясны, как счастье мое!
Чем ты несчастлив? —
Скажут мне люди.
Тем я несчастлив,
Добрые люди, что звезды и небо —
Звезды и небо! — а я человек!..
Люди друг к другу
Зависть питают;
Я же, напротив,
Только завидую звездам прекрасным,
Только их место занять бы хотел.

Михаил Лермонтов

Read more...

ကျောင်းတော်ရာ၏နိဒါန်း

>> Tuesday, May 20, 2008

(20.05.1998 မှ 20.05.2008)
ဆယ်စုနှစ်တစ်ခုအကြာမှာ ကျောင်းတော်ရာ၏နိဒါန်း ကိုပြန်ပြောင်းအောင့်မေ့ဖွယ် အမှတ်တရလေးတွေ ရေးပေးဖို့။
ရောက်လေရာအရပ်ကနေ သူငယ်ချင်းတစ်တွေ ဒီစာမျက်နှာပေါ်မှာ ပြန်လည်ဆုံတွေကြရအောင်လို့ ဆန္ဒပြုရင်း ဒီ Post လေးကိုဖွင့်လိုက်ပါတယ်။
ကျောင်းတော်ရဲ့နံရံမှာ အုတ်နီခဲနဲ့ရေးထားတဲ့ အမည်မသိ နောင်တော်တစ်ယောက်ရဲ့ ကဗျာလေးကို အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ်။
“နေပူလေတိုက်
မြွေပွေးကိုက်သည်
လူမိုက်နေသည့် အမ်အိုင်တီ”
ကိုလူအေး

၁၉၉၈ မေလ ၂၀ ရက် တို့တွေရဲ့ဘဝတွေကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ နေ့တစ်နေ့။ သူငယ်ချင်းအားလုံး သတိရနေမှာ သေချာတယ်။ အခု ၁၀ နှစ်တင်းတင်းပြည့်သွားပြီ။ ပြန်ကြည့်လိုက်တဲ့အခါ တချို့ကလဲ လမ်းတစ်ဝက်မှာ လမ်းခွဲသွားကြ။ တချို့ကလဲ ခရီးဆုံးထိ အတူတူလိုက်ပါ။ ရထားတစ်စီးတည်း အတူတူတွေရှိသလို၊ အရင်ရောက်နှင့်တဲ့လူ၊ ခရီးနှင်နေဆဲလူတွေလဲ အများကြီး။ တချို့ကတော့ ရထားပေါ်ကနေခွဲခွာ လေယာဉ်ပျံကြီးစီးပြီး တခြားမှာ။ ကံဆိုးရှာတဲ့ တစ်ယောက်ကတော့ ဘဝရထားကနေ အပြီးဆင်းသွားရရှာပြီ။ အကြွေစောတဲ့ သူငယ်ချင်းအတွက် တို့အားလုံး စိတ်မကောင်းစွာနဲ့ ကောင်းမွန်ရာရောက်ဖို့ ဆုတောင်းပေးခဲ့ကြတယ်။ သဘာဝအရ ရထားတစ်စီးတည်း ခရီးသွားဖော်အချင်းချင်း ပိုရင်းနှီးလာကြ။ ဒါပေမဲ့ သေချာတာတစ်ခုက ကျန်တဲ့လူတွေနဲ့လဲ အခင်အမင်မပျက်၊ တွေ့တာနဲ့ အရင်လိုပဲ ဖက်လှဲတကင်း။ ရထားပေါ်က အများစုက same class မှာစီးလို့။ တချို့ကလဲ special class မှာပေါ့။ special class က တချို့တွေ (အရမ်းကို နည်းပါတယ်)ရဲ့ ပြောင်းလဲမှု့တွေကို တွေ့ရတဲ့ သူငယ်ချင်းတွေက တအံ့တသြနဲ့ပေါ့။ လူ့သဘာဝမို့ နားလည် ပေးကြမယ်ထင်ပါတယ်။ ရထားပေါ်ကလူတချို့က အမိမြေမှာ ကျရာတာဝန်ကိုထမ်း၊ တချို့လဲ အဝေးတစ်နေရာမှာ အမိနိုင်ငံအတွက် ချစ်သောမြေကိုခွဲခွာ ပညာရင်နို့သောက်စို့ဖို့ ရောက်နေကြလေရဲ့။ ခြင်္သေ့ကျွန်းနိုင်ငံက သူငယ်ချင်းတွေကလဲ တိုင်းပြည်အတွက် ဘဏ္ဍာရှာ၊ အတွေ့အကြုံတွေ တပွေ့တပိုက်နဲ့ နိုင်ငံကို အကျိုးပြုဖို့ ပြန်လာကြလိမ့်မယ်။ အားလုံးရဲ့ခံစားချက်ကို ကိုယ်ချင်းစာကြည့်မိတော့ တချို့လဲ ကိုယ်ဖြတ်သန်းခဲ့တဲ့လမ်းအတွက် ပိတိတွေဖြာ၊ ဂုဏ်တွေယူလို့၊ တချို့က စိတ်သွားတိုင်း ကိုယ်မပါ၊ အနိစ္စတရားကို အမြဲဆင်ခြင်နှလုံးသွင်းနေရတဲ့ ဘဝတွေအတွက် စိတ်ဓာတ်တွေကျ၊ ကိုဇနိရဲ့ “စာတွေသင် ဘွဲ့တွေရ အလုပ်တွေလုပ်တဲ့အခါမှာ“ ထဲကလို ခံစားရသူတွေလဲ မရှား။ ရထားပေါ်က ခွဲထွက်သွားသူတွေကလဲ ရုန်းကန်ဆဲလူက အားမာန် အပြည့်နဲ့ ရုန်းကန်၊ အောင်မြင်ပြီးသူတွေက ပျော်မဆုံး၊ ခွဲထွက်မိလို့ နောင်တ ရသူက ရလို့ပေါ့။ အများစုက တစ်ကိုယ်တည်း ခရီးဆက်၊ တချို့တလေက ဘေးမှာ အားပေးမဲ့ ကြင်ဖော်အပြင် အိမ့်ဆည်းလည်းလေးတွေ ဝေဝေဆာဆာနဲ့။ အားကျတဲ့လူက အားကျလို့။ ဘယ်လိုပဲ အခြေအနေတွေကွဲကွဲ၊ ခံစားချက်တွေ ဘယ်လိုပဲ မတူတူ၊ တို့အားလုံးမှာ တူညီတာတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ တို့တွေအားလုံးကြားမှာရှိတဲ့ သူငယ်ချင်း သံယောဇဉ်။ အဲဒီသံယောဇဉ်နဲ့ပဲ တစ်ယောက်နဲ့တစ်ယောက်နားလည်ပြီး တစ်ယောက်ကို တစ်ယောက် အားပေး၊ လက်တွဲခေါ်ရမဲ့သူကိုခေါ်လို့၊ ကူညီနိုင်တဲ့သူကလဲ မငြင်းစတမ်း၊ ဘဝခရီးဆုံးတဲ့အထိ ဒီအတိုင်း ဆက်သွားချင်ပါသေးတယ်။
စစ်ကိုင်းသူ

အားလုံးသော IT သူငယ်ချင်းတွေနဲ့ ပြန်ဆုံချင်တယ်။ အခြားမေဂျာ သူငယ်ချင်း တွေကို လည်းသတိရနေပါတယ်။ဘရုတ်ကျဖော်များ ဖြစ်သော သူငယ်ချင်းတွေကို လွမ်းတယ်။ အဲဒီအချိန်တွေကို ခဏရချင်တယ်။ဆရာ/မတွေကိုလည်း ကျေးဖူးတင်ရင်း သတိနေမိတယ်။
စာကလေး IT

သူငယ်ချင်းတွေပြောတော့မှ သတိရတယ်. ဒီနေ့ ကိုယ်တို့တွေ ဆုံခဲ့ကြတာ ဆယ်နှစ်ပြည့်ကြပြီလေ. စစ်ကိုင်းသူ. ကိုလူအေး. မောင်ဖြူ. tmnတို့တွေနဲ့ ဆုံကြတယ်. လွမ်းတယ်ကွာ. ကျောင်းသားဘ၀ကို. ကိုအငဲသီချင်းနဲ့ပြောရရင် လွမ်းမိတယ် ဟိုးတုန်းက မန္တလေးညလို့ပဲ အော်လိုက်ချင်တော့တယ်. မန်းချယ်ရီဆောင်. တိုက်ဝါဆောင်. ကနောင်ဆောင်. ကိုယ်တို့တွေနဲ့ အသက်သွင်းခဲ့တဲ့ ကျောင်းတော်ကြီး အခုတော့လည်း ကိုယ်တို့နဲ့ မသက်တော့သလိုပါပဲလား။ ဒီရက်ပိုင်းအတွင်း တရားရစရာတွေများနေတယ်. အခုချိန်မှာ ကျောင်းတော်ကြီးရဲ့ ကြိုဆိုမှုတွေက အေးစက်နေတယ်. ကိုယ်တို့တွေပျော်ခဲ့တဲ့ Building 13 . Main Building. T1. T2. T3. T4. စတဲ့နေရာတွေလေ. ဘယ်လိုမှ မမေ့နိုင်အောင်ပါပဲ. Main Building အပေါ်ထပ်က ကိုယ်တို့တွေရဲ့စာသင်ခန်းလေးတွေ. Main Building အောက်ဆုံးထပ်မှာ မောင်ဖြူနဲ့ ကိုလူအေး ကိုယ့်ကိုလွယ်အိတ်ကိုင်ပြီး ရပ်စောင့်ပေးရတဲ့နေရာလေ. ဟိဟိ. ထမင်းစားချိန်ပြန်လာရင် ဟိတ်ကောင်တွေခနစောင့်ဆိုပြီး လွယ်အိတ်ကိုင်ခိုင်းခဲ့တဲ့နေရာလေးတွေ. ခြေရာကောက်ရင်းနဲ့ လွမ်းတယ်သူငယ်ချင်းတို့ရေ. . နောက် ကျောင်းရှေ့က ရေနီမြောင်း. တန်ဆောင်တိုင် မီးမြောပွဲမှာ မောင်ဖြူ. ကိုလူအေး tmn တို့ဆီက မုန့်ဘိုးတောင်းခဲ့တာတွေ. တို့တွေရဲ့ မေဂျာ ပုဂံ လေ့လာရေးခရီး ကတော့ မမေ့နိုင်အောင်ပါပဲဟာ. အားလုံးရဲ့ စိတ်ထဲမှာလဲ အမှတ်ရနေမယ်လို့ ကိုယ်ယုံကြည်နေပါတယ်ကွာ။ ကိုယ်တို့ဆုံနေကြ Black and White လည်း မရှိတော့ဘူးဟာ. နောက် ဂိတ်ပေါက်ဝက ကာရာအိုကေဆိုင်လေးရော. အကြော်ဆိုင်လေးရော. ဘာမှမရှိတော့ဘူး . ဒါပေမယ့် သေချာတာက တို့တွေရဲ့ ရင်ထဲက ခင်မင်မှုတွေကတော့ ဘယ်တော့မှ မပျောက်နိုင်ကြဘူးဆိုတာ ကိုယ်ယုံကြည်နေတယ်လေ. လွမ်းတယ်ကွာ. ပြောရရင် ကိုယ်နဲ့ ကန်တင်းထိုင်ဖေါ်ထိုင်ဖက်ကလေးမ. ပေါ့ဆိမ့်တူတူသောက်နေကျကောင်မလေးရော. သူကပြောပါတယ်. သူသာ ဘဲမရခဲ့ရင် ကိုယ့်ကိုသတိရနေမယ်တဲ့. ဘဲရသွားရင်မသေချာဘူးတဲ့လေ. အဲလိုပါပဲဟာ. အခုတော့လည်း ....နောက်ဆုံးနှစ်ခွဲခါနီး ကိုယ့်ရဲ့ အော်တိုစာအုပ်ထဲ လက်စွမ်းပြခဲ့တဲ့ tmn ရဲ့ဆေးစွမ်းကလည်း မထက်ဘူးထင်တယ်. ကိုယ့်ရဲ့ weight က ဒီအတိုင်းက ဒီအတိုင်းပဲဟာ။ ကိုလူအေး. မောင်ဖြူနဲ့ tmn တို့ရေ... မင်းတို့တွေ ကိုယ်တို့ကိုစခွဲခါစက စိုင်းစိုင်းရဲ့ သူငယ်ချင်းများစွာဗီစီဒီထွက်တယ်လေ. "တချို့တွေက ပူပြင်းတဲ့ဒေသ. တချို့တွေက အေးမြတဲ့ဒေသ" ဆိုတဲ့စာသားလေးကို နားထောင်ရတိုင်း ကိုယ်အရမ်းလွမ်းတယ်ကွာ။ မမေ့နိုင်ဆုံးကတော့ ကိုယ့်ရဲ့ နောက်ဆုံးနှစ်က မွေးနေ့ပွဲလေ. မှတ်မိနေသေးတယ်. မောင်ဖြူတစ်ကောင် ရည်းစားရပြီး မကြာဘူး. ကိုယ့်မွေးနေ့ရောက်တယ်. ကိုယ့်မွေးနေ့မှာ လူစုံမှကျေနပ်မယ်ဆိုလို့ မောင်ဖြူတစ်ယောက် ကိုယ့်မွေးနေ့ကို ညနေထိနေပေးသွားတယ်. K4ကျတော့ နေမကောင်းဘူး. ဗိုက်အောင့်လို့တဲ့. ကိုယ်ပြုတ်ကျွေးတဲ့ ဟော့ပေါ့. ကိုယ်ကြော်ပေးခဲ့တဲ့ ခေါက်ဆွဲကြော်တွေ. မင်းတို့တွေလည်း လွမ်းနေမယ်လို့ ကိုယ်သိနေတယ်သူငယ်ချင်းတို့ရေ. ကံမကုန်ရင်တို့တွေ ပြန်ဆုံကြရမှာပေါ့နော်. အခုတော့လည်း......
အားလုံးကိုလွမ်းနေတယ်...

နိုင်းနဒီ IT

သူငယ်ချင်းအားလုံးသတိရတယ်….
ပို့စ်ဖတ်တော့ ပိုသတိရတယ်
ဝမ်းသာတယ်…..
ဝမ်းသာတာက ခုထိ အဆက်အသွယ်တွေရနေလို့
ဝမ်းနည်းတယ်….
ဝမ်းနည်းတာက သူငယ်ချင်းတချို့ခွဲသွားလို့ နေခဲ့ရတယ်
မလွန်ဆန်နိုင်တဲ့ သေမင်းကသူငယ်ချင်းကို ခွင့်မတောင်းပဲခေါ်သွားတယ်
လွမ်းမိတယ်....
ကျောင်းတော်ကြီးရယ်
ပညာများစွာပေးခဲ့တယ်

အခန်းဖော်ရယ်….
အမြဲတန်း အတူရှိခဲ့ဖူးတယ်၊ ဖေးမတယ်၊ မေတ္တာပေးတယ်၊ စာတူတူကျက်တယ်၊ နေမကောင်းရင်ဆေးတိုက်တယ်၊ ခုတော့အနားမှာဘယ်သူမှမရှိဘူး

အတန်းဖော်ရယ်……
စက်ဘီးတွေနဲ့တူတူသွားတယ်
စာတွေမသိရင်ရှင်းပြကြတယ်၊ ခုတော့ တစ်နယ်ဆီမှာ

မန်းချယ်ရီရယ်…..
ဒုတိယအိမ်လေးရခဲ့တယ်၊ခိုလှုံခဲ့ရတယ်၊
မြို့ထဲကပြန်လာရင် သူ့အရိပ်ရောက်တာနဲ့ အမောတွေလွင့်သွားတယ်၊ ခုကျသူက သူစိမ်းဆန်တယ်၊အလည်သွားရင်နှုတ်မဆက်တော့ဘူး၊ အသစ်တွေနဲ့ပျော်နေတယ်
အိမ်ပေါင်းများစွာ ပြောင်းခဲ့ရတယ်၊ ဒုတိယအိမ်လောက်နွေးထွေးမှူမရတော့ဘူး

ကနောင်ရယ်…….
အဲဒီမှာ ၁၅၀ဆိုတဲ့ အသိတူတဲ့သူငယ်ချင်းတွေရှိတယ်၊ ဘာဖြစ်ဖြစ် အမြဲအကူအညီတွေပေးခဲ့တယ်၊ မရှိအတူ ဝေမျှစားသောက်ခဲ့ကြဖူးတယ်၊ ခုတော့ လှမ်းကြည့်လဲ အဲအဆောင် မမြင်ရတော့တဲ့နေရာတွေမှာ အဲဒီလူတွေ မပျော်လည်းနေ ပျော်လည်းနေ နေကြတယ်

ရေနီမြောင်းရယ်……
အမြဲစီးဆင်းနေတယ်၊ ရေသွားချိုးခဲ့ကြတယ်၊ တန်ဆောင်မုန်းလကို ဘယ်တော့မှမမေ့အောင် သူကပြုစားခဲ့တယ်၊ ခုတော့ သူနဲ့ တန်ဆောင်မုန်းလဲမတွဲ ဖြစ်တော့ဘူးကြားတယ်

အကြော်ဆိုင်ရယ်…..
သူငယ်ချုင်းတွေ ညနေခင်းမှာ ဆုံနိုင်တယ်၊ ရယ်သံလွင်လွင်တွေ ကြားခဲ့ကြဖူးတယ်၊ ခုတော့သူက အသွင်ပြောင်းသွားပြီ၊ လွမ်းစရာတွေ အများကြီးနဲ့ အားလုံးကိုလွမ်းမိတယ်…..
ငိုချင်လာမိတယ်….ဆက်မရေးနိုင်တော့ဘူး။

မဇနိ

ကနောင်မင်းသားကြီးမျိုးဆက် (သို့) မှတ်မိနေသောနေ့စွဲများ
မန္တလေးမှာကျောင်းတက်တုန်းက ပထမနှစ်မှာ အဆောင်နိမ့်နိမ့်လေးတွေနဲ့ ခြောက်ယောက်တစ်ခန်းနေရတယ်။ (အမှန်က ရှစ်ယောက်တစ်ခန်း၊ နှစ်ယောက်ကဆက်မတက်တော့လို့ ကျွန်တော်တို့အခန်းက ခြောက်ယောက်ခန်းဖြစ်သွားတာ) အဲဒီအဆောင်တွေကလဲ ကျောင်းသားတွေထားတဲ့အဆောင်မဟုတ်ပါဘူး။ ဒုတိယနှစ်ယောက်တော့မှ ကျောင်းသားဆောင်မှာနေရတယ်။ ကနောင်ဆောင်တဲ့။

အဆောင်ကတောင်ခြေမှာဆောက်ထားတာဆိုတော့ တောင်ခြေဆင်ခြေလျောအတိုင်းဆောက်ထားတာ။ နှစ်ထပ်ဆောင်ပေါ့။ အောက်ထပ်ကတော့ အောက်ဘက်ကိုလျောဆင်းသွားလေ မျက်နှာကျက်ကပိုမြင့်သွားလေပဲ။ အခန်းတွေက နှစ်ယောက်ခန်းတွေ။ အဆောင်ကအရှည်လိုက်ဆောက်ထားတာဆိုပေမယ့်၊ အတွန့်အတွန့်လေးတွေနဲ့။ အခန်းအကျယ်က တစ်ခန်းနဲ့တစ်ခန်းမတူတော့ဘူး။ ကျယ်တာတော့ကျယ်တယ်။ ကျောင်းသားတစ်ယောက်ကို ကုတင်တစ်လုံး၊ စာကြည့်စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးပေးတယ်။ စာကြည့်စားပွဲနားမှာတော့ ကြိုးတန်းလန်းနဲ့ မီးလုံးထိုးလို့ရတဲ့ ပလပ်ခေါင်းတစ်ခုရှိတယ်။ အခန်းအပြင်ဘက်မှာဝရန်တာလေးလဲပါတယ်။ နှစ်ခန်းတွဲရက်တစ်ခုကို ဝရန်တာတစ်ခုပါတာပေါ့။ ကျွန်တော်က ကျွန်တော်နဲ့ ဆိုက်မတူ၊ ဂိုက်မတူတဲ့ ”ကိုချစ်”ဆိုတဲ့ တစ်ယောက်နဲ့နေတယ်။ ကျောင်းဝန်းထဲကအဆောင်နာမည်တွေက၊ ရှေးခေတ်နာမည်တွေပေးထားတာ။ အစကတော့ “A, B, C, D” စသည်ဖြင့်ပေးတယ်ထင်ပါတယ်။ နောက်တော့မှ ပြင်စည်၊ ကနောင်၊ မက္ခရာ၊ ညောင်ရမ်းစသည်ဖြင့် ဖြစ်ကုန်တာ။ အဆောင်နဲ့စာသင်ခန်းတွေက အတော်လှမ်းတော့ စက်ဘီးလေးတွေနဲ့သွားကြတယ်။ အသွားကတော့ ဆင်ခြေလျောဆိုတော့ အသာလေးဆင်းသွားရုံပဲ။ အပြန်ကုန်းတက်ကြရင်တော့ နင်းပေတော့။ နောက်ကတစ်ယောက်လောက်ပါလာရင်၊ ပိုဆိုးရော။

အဆောင်နေကျောင်းသားဘဝကတော့ ပျော်စရာကောင်းသလို အတော်လဲစိတ်ဝင်စားဖို့ကောင်းတယ်။ မြန်မာပြည်အရပ်ရပ်ကလာကြသူတွေစုကြတာဆိုတော့၊ လူတွေကလဲ အမျိုးစုံ၊ အသံစုံ၊ ဓလေ့အစုံပဲ။ အဲဒီကြမှပဲ မြန်မာစကားမှာ မြန်မာတွေမသိသေးတဲ့စကားလုံးတွေလဲရှိသေးပါလားဆိုတာ သိသွားတော့တယ်။ ကျွန်တော်တို့ဆီမှာခေါ်တဲ့ လက်နှိပ်ဓါတ်မီး (သို့) ဓါတ်မီးကို အညာကတချို့က ဒုတ်မီးတဲ့၊ ပုရွက်ဆိတ်ကိုတော့ ကျင်ကောင်တဲ့၊ ဈေးကြီးတာကို ဈေးတန်တယ်တဲ့။ ကျွန်တော်သိတာက ပစ္စည်းတစ်ခုတန်တယ်ဆိုရင်၊ ဝယ်လို့သင့်တော်တယ်ပေါ့။ သူတို့ကြအဲလိုမဟုတ်ဘူး၊ ဈေးတန်လိုက်တာဆိုရင်၊ ဈေးကြီးတာ။ ”မဟုတ်ဘူး” လို့ပြောရင်လဲ ”မဟုတ်ဘူးရယ်”လို့ပြောတယ်။ တချို့ကြတော့ ”ဟုတ်တယ်”ကို ”ဟုတ်တယ်ဆရာ” လို့ပြောကြတယ်။ ”တကယ်ပြောတာ” ကို ”အတည်ပြောတာ”တဲ့။ တောင်ငူသားတစ်ယောက်ကြတော့ ”ချ” နဲ့ ”ရှ”နဲ့မပီဘူး။ အဆောင်မှာ ”ချည်ရည်ဟင်း”ချက်တယ်ဆိုရင် ”ရှည်ရည်ဟင်း”ဖြစ်သွားရော။ ပခုက္ကူဘက်ကပုဂ္ဂိုလ်တွေကြတော့တစ်မျိုး။ သူတို့က “ရေတွင်း”ကို “ရေတွန်း”၊ “ခွန်”ဆိုရင် “ခွင်”တဲ့။ ကလေးဘက်ကတစ်ယောက်ရှိသေးတယ်၊ “လွင်မိုး”ကို “လန်မိုး”တဲ့။ ပြောရရင်တော့အစုံပဲ၊ ချင်းပြည်နယ်ကသူငယ်ချင်းတစ်ယောက်နာမည်က “တလွန်ဇထန်း”တဲ့၊ ကျွန်တော်တို့ကသူ့ကိုခေါ်တော့ “တမလွန်စခန်း”ဖြစ်သွားတယ်။ ရယ်လဲရယ်စရာကောင်းတယ်၊ ခုကြတော့လဲ လွမ်းစရာလေးတွေပေါ့။

အဆောင်အဝင်ဝမှာက မလေးရှားပိတောက်ဆိုလား အရွက်အရမ်းကြွေတဲ့အပင်တွေက အဆောင်ခြံစည်းရိုးကိုတန်းစီစိုက်ထားတယ်။ လေတိုက်ရင် အဲဒီအပင်တွေဆီက အနံ့သိပ်မပြင်းတဲ့အမွှေးနံ့လေးတွေရတတ်တယ်။ အဆာင်သန့်ရှင်းရေးလုပ်တဲ့အစ်မကတော့ ဒီအပင်တွေကိုသိပ်ကြည်မှာမဟုတ်လောက်ဘူး။ သူ့နာမည်ကဒေါ်ရှမ်းမတဲ့။ အရပ်ပုပုလေးနဲ့ မိုးလင်းရင်အဆောင်ခြံစည်းရိုးတလျှောက်ကြွေကျနေတဲ့ မလေးရှားပိတောက်ရွက်ခြောက်တွေကိုလိုက်သိမ်းတယ်။ အဆောင်မှူးကလဲ မျက်စိဒေါက်ထောက်ပြီးသူတို့ကိုလိုက်ခိုင်းတတ်တယ်။ အဆောင်သန့်ရှင်းရေးလုပ်တဲ့အဒေါ်ကြီးတစ်ယောက်ရှိသေးတယ်။ သူ့နာမည်တော့မသိဘူး၊ သူကတော့သူ့ကိုယ်သူ ဒေါ်ကြီး၊ဒေါ်ကြီးနဲ့ပြောတတ်တယ်။ ဒေါ်ကြီးကဆောင်ကော်ရစ်ဒါတို့၊ အဆောင်မှူးအခန်းတို့ကိုသန့်ရှင်းရေးလုပ်ပေးရတာ။ တစ်ခါပေါ့၊ အဲဒီဒေါ်ကြီးတစ်ယောက် ပင်ပန်းလို့ထင်ပါရဲ့ အဆောင်အပေါ်ထပ်ကအခန်းလွတ်တွေကိုသန့်ရှင်းရေးလုပ်ရင်းနဲ့ ခုတင်လွတ်တစ်ခုပေါ်မှာခိုးအိပ်နေတာ။ ကျောင်းသားတစ်ယောက်က အပေါ်ထပ်ကိုလျှောက်ကြည့်ရင်းနဲ့ ဒေါ်ကြီးအိပ်နေတာကိုတွေ့သွားတယ်။ မောင်ကျောင်းသားကတော့ ဘာမှမလုပ်ပါဘူး၊ ဒါပေမယ့်ဒေါ်ကြီးက သူ့ကိုအဆောင်မှူးနဲ့ပြန်မတိုင်ဘို့ မောင်ကျောင်းသားကိုတောင်းပန်လိုက်ရတာအမော။ ဒေါ်ရှမ်းမနဲ့ဒေါ်ကြီးနဲ့က အဆောင်ကို ဟိုဘက်ခြမ်း၊ဒီဘက်ခြမ်းခွဲပြီးသန့်ရှင်းရေးလုပ်တယ်။ ဒေါ်ကြီးကကျွန်တော်တို့အရှေ့ဘက်ခြမ်းကိုတာဝန်ယူရတာ။ ဒေါ်ရှမ်းမကတော့ အဆောင်အနောက်ဘက်ခြမ်းပေါ့။ ဒေါ်ရှမ်းမယောက်ျားက အဆောင်စားဖိုမှာအလုပ်လုပ်တယ်။ သူကလဲအရပ်ကပုပြတ်ပြတ်နဲ့၊ စကားသိပ်မပီဘူး။

အဆောင်အစောင့်လုပ်ကြသူတွေက အဖိုးကြီးတွေ။ ဘိုးသိန်းတဲ့၊ ဘိုးလုံးတဲ့။ ဘိုးသိန်းကအရပ်ရှည်ရှည်၊ အသားဖြူဖြူ။ မျက်လုံးမကောင်းတာလား၊ ဘာလားတော့မသိဘူး၊ လူကိုကြည့်ရင်၊ မျက်မှောင်ကြုတ်ပြီးတော့ကြည့်တယ်။ သူက လူကသာချောင်းတဟွတ်ဟွတ်ဖြစ်နေတာ၊ ကျွန်တော်တွေ့မိသလောက် ဆေးလိပ်တိုတစ်လိပ်က သူ့လက်ထဲမှာအမြဲရှိတယ်။ ဘိုးလုံးကတော့ အရပ်ပုပုလေး၊ အသားကလဲမည်းတယ်။ ကုလားလားတော့မသိဘူး၊ ကုလားအဖိုးကြီးတွေနဲ့အတော်ဆင်တယ်။ သူတို့နှစ်ယောက်က၊ နေ့ဆိုင်း၊ညဆိုင်းခွဲပြီး အဆောင်ကိုစောင့်ရတာ။ ကျောင်းသားတွေက သူတို့နဲ့တော့လေပေးဖြောင့်တယ်၊ ဘာလို့လဲဆိုတော့၊ တစ်ခါတလေညဘက် အဆောင်ပြန်နောက်ကျလို့ အဆောင်တံခါးပိတ်ထားရင် အဲဒီအဖိုးကြီးတွေကပဲ အဆောင်တံခါးသော့ကိုလာဖွင့်ပေးရတာကိုး။ ဘိုးလုံးကအသက်ကြီးနေပေမယ့်၊ အခုထိစာဖတ်တုန်း။ သူ့ခေါင်းအုံးအောက်မှာ အမြဲတမ်းစာအုပ်တစ်အုပ်တော့ရှိတယ်။ တစ်ခါတော့ သူ့ခုတင်ပေါ်မှာသွားထိုင်ပြီး သူနဲ့စကားပြောရင်း သူ့ခေါင်းအုံးအောက်က စာအုပ်ကိုသွားနှိုက်ကြည့်မိတယ်။ ဘာစာအုပ်လဲပေါ့၊ ဒီအရွယ်ဆိုတော့ ဘာသာရေးစာပေတွေပဲနေမှာဆိုပြီးကြည့်လိုက်တာ၊ ဘယ်ဟုတ်မလဲ၊ အချစ်ဝတ္ထုစစ်စစ်။ မျက်နှာဖုံးမှာကိုက ကောင်မလေးလှလှလေးပုံကိုဆွဲထားတာ။ သူလဲရှက်သွားတယ်နဲ့တူပါတယ်၊ ရယ်ကျဲကျဲနဲ့ သူ့သမီးငှားထားတာကို အပျင်းပြေဖတ်ဖို့ယူလာတာတဲ့၊ ဖတ်ချင်တယ်ဆိုရင်ယူသွားလေတဲ့။ ကျွန်တော်လဲရီချင်တာနဲ့ မဖတ်တော့ပါဘူးလို့ပြောပြီး သူ့ဆီကထွက်လာခဲ့တယ်။ ဘိုးလုံးက ပုတီးလဲအသေစိပ်တာ။ ခြင်ရိုက်ရင်းလဲစိတ်တယ်၊ အိပ်ငိုက်ရင်းလဲစိပ်တယ်။

အဆောင်နဲ့ထမင်းစားဆောင်နဲ့က ငါးမိနစ်လောက်လမ်းလျှောက်ရတယ်။ အရင်ကတော့ကျောင်းသားတွေအများကြီးစာအတွက်လုပ်ထားတာလားတော့မသိဘူး၊ ထမင်းစားဆောင်ကြီးတွေက အတော်ကျယ်တယ်။ ကနောင်ဆောင်နဲ့မက္ခရာဆောင်နဲ့က ထမင်း၊ဟင်းချက်တဲ့ဖိုကတစ်ခုတည်း။ ထမင်းစားဆောင်ကလဲကပ်လျက်။ အဆောင်မှာဒိုင်ခံကျွေးတာကတော့ ပဲဟင်းပေါ့။ ကျွန်တော်မှတ်မိသလောက်တော့ ပထမနှစ်တစ်နှစ်လုံးက ပဲဟင်းတစ်မျိုးတည်းပဲကျွေးတာ။ အသားဟင်းက ကိုယ့်ဘာသာကင်တင်းကနေမှာစားရတယ်။ မန္တလေးတို့၊စစ်ကိုင်းတို့ကသူတွေကတော့ အိမ်ကထည့်ပေးလိုက်တဲ့အခြောက်အခြမ်းတွေနဲ့ဆိုတော့ ပိုအဆင်ပြေတာပေါ့။ နောက်ပိုင်းတော့ ကြက်ဥချက်တို့၊ ဝက်အူချောင်းချက်တို့၊ ဝက်သား၊အမဲသား၊ငါးတို့ကျွေးတယ်။ လူအများစာဆိုတော့ စားကောင်းတယ်ရယ်လဲမဟုတ်ဘူး၊ စားဖြစ်တယ်ဆိုရုံပဲ။ နောက်တော့ ထမင်းစားဆောင်အဝမှာ အသားဟင်းဆိုင်လေးတွေ၊ ရွာထဲကနေလာလာရောင်းကြတယ်။ အဲဒါလေးတွေကဈေးလဲသက်သာတော့ ကျောင်းသားတွေနဲ့ကိုက်တယ်။ ဘယ်မှလဲသွားစရာမလိုဘူး၊ စားကာနီးမှာဝယ်စားလိုက်ရုံပဲ။ ပိုက်ဆံပြတ်နေတဲ့အချိန်မျိုးဆိုရင်တော့ သူငယ်ချင်းတွေဆီကအခြောက်အခြမ်းလေးကပ်စားလိုက်၊ မရှိတော့လဲ အဆောင်ထမင်းဟင်းကို ပဲဟင်းနဲ့မျှောချတဲ့အခါလဲချပေါ့။ ဒါပေမယ့် စိတ်ညစ်စရာရယ်လို့တော့တစ်ခါမှမတွေးမိပါဘူး။ ဘိုင်ပြတ်လိုက်၊ထိုင်ငတ်လိုက်နဲ့ ဒီလိုပဲပျော်နေကြတယ်။

လွန်ခဲ့တဲ့သုံးနှစ်လောက်ကတော့ ကနောင်ဆောင်ကိုတစ်ခေါက်ပြန်ရောက်သေးတယ်။ အကြာကြီးနေခဲ့ဖူးပေမယ့်၊ အဆောင်ရဲ့ဆီးကြိုမှုကသူစိမ်းဆန်နေသလိုပဲ။ အကြာကြီးခိုလှုံခဲ့ဖူးတဲ့ အမိရင်ခွင်ဟောင်းကြီးရဲ့ရင်ငွေ့က အေးစက်လွန်းလိုက်တာ။ ဒီအဆောက်အဦးကြီးက ကိုယ်နဲ့မဆိုင်တော့သလိုလဲခံစားရတယ်။ ကျောင်းသားတွေရဲ့မြူးထူးတက်ကြွတဲ့အသံတွေနဲ့ဖုံးလွှမ်းနေခဲ့တဲ့အဆောင်ကြီးက ခုတော့လဲခြောက်ကပ်လို့။ အမြဲလိုလိုဆူညံနေခဲ့တဲ့ အဆောင်ကော်ရစ်ဒါကလဲ တိတ်ဆိတ်လို့။ အပြင်ဘက်ဆင်ဝင်မှာတော့ နွယ်ပင်လေးတချို့က အပေါ်ဘက်လေသာဆောင်ကိုတွယ်ကပ်တက်နေလေရဲ့။ ဆင်ဝင်ဒေါက်တိုင်ကြီးတွေမှာလဲ ရေညှိတက်နေတဲ့ရေစီးကြောင်းကြီးတွေနဲ့။ အရင်ကရှိခဲ့ဖူးတဲ့အဆောင်ရှေ့ကဘော်လီဘောကွင်းလေးကတော့ ချုံနွယ်၊ပိတ်ပေါင်းနဲ့ မြက်ပင်ရှည်ရှည်တွေနဲ့ဖုံးအုပ်နေတယ်။ ဒါကအဆောင်တစ်ခုမှာရှိရမယ့်ဂုဏ်ပုဒ်တွေမဟုတ်ဘူးလေလို့လဲ၊ စိတ်ထဲမှာမချင့်မရဲနဲ့တွေးနေမိတယ်။ ဘိုးလုံးကတော့ အရင်ထက်အိုစာသွားသလိုပဲ။ မျက်ခုံးတွေတောင်ဖြူနေပြီ။ အပေါက်ဖာထားတဲ့ စစ်ဆွယ်တာအစိမ်းလေးကိုဝတ်လို့နှုတ်ဆက်တယ်။ ကျွန်တော့်စိတ်ထင် အသံတွေတောင်တုန်နေသလိုပဲ၊ ကျွန်တော့်အကြားအာရုံတွေတုန်ယင်နေတာလဲ ဖြစ်နိုင်တာပဲလေ။ ။
မောင်ဖြူ



သူငယ်ချင်းအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
ဘောမ်မျှော်



“တွေ့ဆုံကြုံကွဲ ဖြစ်စမြဲ“ တဲ့ သူငယ်ချင်းတွေနဲ့အတူ MTU ကျောင်းတော်ကြီးမှာ ဆုံတွေ့ခွင့်ရခဲ့တာ ဆယ်နှစ်ပြည့်ခဲ့ပြီလေ။ သူငယ်ချင်းတချို့ကလဲ MTU မှာ ပြန်ခိုလှုံနေတယ်။ တချို့ကတော့ ကျောင်းတော်ကြီးမှာ တချိန်ချိန်မှာ ပြန်လည်ခြေချခွင့်ရပေမဲ့ တချို့ကတော့ ထာဝရကို ခွဲခွာသွားပြီလေ။ သူငယ်ချင်းအားလုံးကို သတိရပါတယ်။အချိန်မတန်ခင်ခွဲခွာသွားတဲ့ သူငယ်ချင်းအတွက်လဲ အားလုံးဆုတောင်းပေးကြပါလို့။
ရွှေငါး

ကျွန်တော်တို့တတွေအား ပညာသင်ပေးခဲ့သော ဆရာကြီး ဆရာမကြီးများအား လက်ဆယ်ဖြာထိပ်မှာ မိုးလို့ ရှိခိုးပါတယ်ခင်ဗျား…
လွမ်းမိတယ် ဟိုတုန်းက မန္တလေးညတွေ… ဒီအချိန်ကျောင်းတော်ကြီးရဲ့အလယ်မှာ တမာပန်းတွေလဲ ပွင့်နေလောက်ပီ… သူငယ်ချင်းများစွာ…ကန်တီးမှာလဲ အတူထိုင်ခဲ့ကြတယ်… အတန်းအတူ လစ်ခဲ့ကြတယ်.. ဘောလုံးအတူ ကစားခဲ့ကြတယ်… မာရသွန်ပြေးပွဲမှာ အတူပါဝင်ဆင်နွှဲခဲ့ကြတယ်… နိုက်စတာရီအတူ ၀င်ခဲ့ကြတယ်… ထန်းရည် အတူသောက်ခဲ့ကြတယ်… ကျောင်းကထိန်ပွဲတွေမှာ ဒိုးပတ်အတူတီးပြီး သီချင်းတွေ ဆိုခဲ့ကြတယ်… တန်ဆောင်းမုန်းလပြည့်ည ဆီးမီးပူဇော်ပွဲတွေ… မီးပုံပျံလွှတ်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ကြတယ်… ကျောင်းစည်းကမ်းဖောက်လို့ ၀န်ခံကတိလက်မှတ်တွေ လည်း အကြိမ်ကြိမ်ထိုးခဲ့ကြတယ်… ဒီဇင်ဘာ(၂၅)ရောက်တိုင်း ပြင်ဦးလွင်ကို ပျော်ပွဲစားထွက်ခဲ့ကြ တယ်… အီးစီ-အိုင်တီ သူငယ်ချင်းများနဲ့ ပုဂံကို ဘုရားဖူးသွားခဲ့ကြတယ်… တိုင်းမိသားစုအနေနဲ့ မင်းကွန်းကို ဘုရားဖူးသွားခဲ့ကြတယ်…စစ်ကိုင်းကောင်းမှုတော်…ရွှေစံရာပွဲကိုလည်း ရောက်ခဲ့သေး တယ်… အခုတော့လဲ သူငယ်ချင်းများ တစ်ယောက်တစ်နယ်စီမှာနေ ပိတောက်နဲ့ ချယ်ရီပမာလေ ဖြစ်နေပီပေါ့… ပထမနှစ်က Calculus သင်တဲ့ဆရာကြီးကိုလဲ သတိရတယ်… ဘာလို့လဲဆိုတော့ ဆရာကြီးက စာရှင်းတာတော်တယ်… ဒုတိယနှစ် Drawing စာမေးပွဲကိုတော့ မမေ့ဘူး… နေ့လည်မှာဖြေရတာ … နေကပူ… ပုံတွေကဘာတွေမှန်းမသိ…စာရွက်ပေါ်ချွေးတွေကျ… တတိယနှစ် Digital သင်တဲ့ ဆရာမ နဲ့ A+ သင်တဲ့ဆရာကတော့ ကျွန်တော်တို့နဲ့ကတော့ သူငယ်ချင်းလဲဖြစ် .. ဆရာလဲဖြစ်ပဲ… စတုတ္ထနှစ် Networking ကိုလဲ အဲဒီဆရာပဲ ဆက်သင်တာ… ပဉ္စမနှစ် နဲ့ နောက်ဆုံးနှစ် Control သင်တဲ့ဆရာမ နဲ့ Dbase, OOP, Cryptography, Management, PLC, Data Communication သင်တဲ့ ဆရာမကြီးတွေလဲ သတိရတယ်... အီးစီ-အိုင်တီ ဌာနမှူးဆရာမကြီး စာသင်တော့ ဆရာမကြီးက မင်းတို့ နားတော့မလားလို့မေးရင်… ဟုတ်ကဲ့ဆိုတော့… ဆရာမကြီးက မင်းတို့ အိုင်ကျူတော်တော်မြင့်လာပီိလို့ မှတ်ချက်ပေးတယ်… ဆက်သင်လို့ရပါသေးတယ်ဆိုရင်တော့ မင်းတို့ အိုင်ကျူက အရမ်းနိမ့်တယ် လို့မှတ်ချက်ပေးပါတယ်… ကဲဒီလောက်ပါပဲဗျာ… ကျန်ခဲ့တာရှိသေးလဲ သူငယ်ချင်းတို့ ထပ်ဖြည့်ရေးကြပါဦး။

မောင်လုံး



အမ်တီယူကိုရောက်ပြီး ၁၀ နှစ်အကြာမှာ ဘေးဘီကိုကြည့်လိုက်တော့…
တွေ့လိုက်ရတယ် အပေါင်းအသင်းတွေကို…
တစ်ချို့ကလည်း မမြီးငုတ်စိနဲ့ ( ဘီအီးကို သံယောဇဉ်ကြီးကြတာလေ)
တစ်ချို့က အမြီးတွေရှည်လို့ ( ဘွဲ့တွေရကြတာကို ပြောတာပါ)
တစ်ချို့ကလည်း တွင်းနက်ကြီးထဲကမထွက်နိုင်သေး ( ဟိုတောထဲပြေးရ၊ ဒီတောထဲပြေးရ၊ ခြံစည်းရိုးကို ခွကျော်လို့ကျော်)
တစ်ချို့ကလည်း ကျွန်းပေါ်တွေရောက်…
တစ်ချို့က တွဲလောင်း…(ကလေးတွေနဲ့)
တစ်ချို့က ဗိုက်ဖောင်း…( စားရသောက်ရလို့ ဗိုက်ဖောင်းတာဟုတ်ဘူး၊ ဟီးဟီး ကလေးတွေရတော့မယ်သူတွေ…)
တစ်ချို့ ကလည်း အဲဒါတွေကို သဘောကျ…
တစ်ချို့ကလည်း ဟောက်သူတွေဖြစ်…
တစ်ချို့ကြလည်း အငေါက်ခံတွေထိလို့…
ကဲလေ ဘယ်လိုတွေပဲ ဖြစ်ဖြစ်..
နောင် ၁၀ နှစ်မှာ တို့တွေ ပြန်ဆုံကြသေးတာပေါ့ကွယ်။
ဇနိ

၁၀နှစ်ပြည့် အမှတ်တရအနေနဲ့ ကျွန်တော်တို့ သူငယ်ချင်း အဖွဲ့ ကောင်းမှုအတူလုပ်ပြီး ကုသိုလ်ယူခဲ့ကြတာလေးတွေတော့ ပြောချင်နေတယ်...စပြီးအမှတ်ရတာကတော့ ဒုတိယနှစ်နဲ့ တတိယနှစ်ကူးချိန်တုန်းက ကျောင်းဂိတ်ဝမှာရှိတဲ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ ကလေးတွေကို စာသွားသင်ပေးကြတယ်လေ...ဘယ်သူတွေစခဲ့ကြလဲတော့ သေချာမမှတ်မိတော့ဘူး...နောက်ပိုင်း ကလေးတွေကများလာ၊ ကျောင်းစာတွေနဲ့ မနိုင်မနင်းဖြစ်လာတော့ ဆရာ၊ဆရာမနှစ်ယောက်ကို ကျွန်တော်တို့ကိုယ်စား စာသင်ပေးဖို့ အကူအညီတောင်းပြီး လခသဘောနဲ့ တစ်လတစ်ယောက်ကို ၁၀ စီစုပြီး ကလေးတွေရဲ့ပညာရေးကို ကူခဲ့ကြတယ်...အဲဒီတုန်းက ၁၀ ဆိုတာ လန်ဒန်ဆေးလိပ်တစ်လိပ်စာပေါ့...အဲဒီတုန်းက လကုန်ရက်ဆို ပိုက်ဆံတစ်ဆယ်ကောက်ကောက်နေတဲ့ သူငယ်ချင်းကို မှတ်မိနေကြဦးမလားမသိ...နောက်နှစ်လည်းရောက်ရော ကလေးတွေမှာ စာသင်ဆောင်ကောင်းကောင်းမရှိတာနဲ့ ကျွန်တော်တို့ ၁၉၉၇၊ ၁၉၉၈ batch တွေတစ်ယောက် ၅၀၀ စီစုပြီး စာသင်ကျောင်းဆောင် လှူဖြစ်ခဲ့တယ်...ကနောင်အဆောင်မှူးမှလည်း...စာသင်ခုံတို့ ဘလက်ဘုတ်တို့ အလှူငွေတို့ ပါဝင် လှူဒါန်းခဲ့ပါသေးတယ်...လိုအပ်တဲ့ကျောင်းသုံးဖတ်စာအုပ်၊ စာအုပ်၊ ခဲတံ၊ ပေတံတွေကို သီးသန့်လှူတဲ့သူတွေလည်း ရှိပါသေးတယ်...စာသင်ကျောင်းဆောင် ရေစက်ချပွဲကို ဆရာကြီးဦကျော်ဆန်းလည်း တက်ရောက် ချီးမြှင့်ခဲ့ပါသေးတယ်...

မှတ်မိသလောက် နောက်လကျတော့ သချာင်္ဆရာမကြီးဒေါ်နုနု တဆင့် ရေတံခွန်တောင်ဆရာတော်ဘုရားက စေတီတည်ဖို့ အလှူခံတဲ့အချိန်၊ ကျောင်းသားတွေကလည်း စာသင်ဆောင်ဆောက်ဖို့လှူထားတာ ပြီးခဲ့တဲ့လကဆိုတော ဘတ်ဂျက်ကြပ်နေတဲ့အချိန် ...ဒါပေမဲ့ ကျွန်တော်တို့ ဖြစ်အောင်ကြိုးစားလှူခဲ့ကြတယ်လေ...ခုချိန် ရေတံခွန်တောင် ကိုရောက်တဲ့သူတိုင်းမြင်နေရတဲ့ မတ်တတ်ကိုယ်တော်တွေဆိုတာ...ကျွန်တော်တို့စေတီလှူပြီးမှ တည်ထားတဲ့ကိုယ်တော်တွေပါ...ကျွန်တော်တို့စေတီကိုတော့...တောင်ခြေရောက်ရင်ကို လှမ်းမျှော်ဖူးနိုင်ပါတယ်...နှစ်ဆယ့်ရှစ်ဆူဘုရားတွေရဲ့ အမိုးပေါ်ကစေတီသုံးဆူမှာ...ဘယ်ဘက်အစွန်က စေတီကတော့ ကျွန်တော်တို့ ၁၉၉၇ batch တွေရဲ့ကုသိုလ် ပဲဖြစ်ပါတယ်...

နောက်ဆုံးနှစ်ကတော့ မှတ်မှတ်ရရပါပဲ...အားလုံးသိတဲ့ ပါချုပ်ရုံးတည့်တည့်က ယိုင်နဲ့နဲ့ ဓမ္မာရုံလေးမှာ သီတင်းသုံးနေတဲ့ မြတ်စွာ ဘုရားပလ္လင်တော်လှူဖို့ဖြစ်လာတာပါပဲ...အစကတော့ first batch့ အားလုံး အမှတ်တရအနေနဲ့ တက္ကသိုလ်ဓမ္မာရုံကို ပြုပြင်ဖို့ မတည်ငွေထည့်မလို့ပါပဲ...နောက်ကျောင်းတော်ကြီးရဲ့ ဘဏ္ဍာရေးမှူး ဆရာကြီးဦးဖေသန်းရဲ့ အကြံပေးချက်အရ...ပလ္လင်တော်လှူဖို့ဖြစ်လာတာပါ... ပလ္လင်တော်ဆိုတာက မြတ်စွာဘုရားသီတင်းသုံးတဲ့နေရာကို လှူဒါန်းခြင်းဖြစ်တာဖြစ်တဲ့အတွက်...နေရာဌာနတည်မြဲခြင်းဆိုတဲ့ အကျိုးတရားကို ရရှိနိုင်ပါတယ်ဆိုတဲ့စကားအရ ကျွန်တော်တို့တွေဟာလည်း နောက်ဆုံးနှစ်ပြီးဆုံးရင် ကိုယ့်တာဝန်ကျရာ ကိုယ်ထမ်းဆောင်ရမယ့်အခါမှာ အလုပ်နေရာအတည်တကျ ဖြစ်ချင်ကြလိမ့်မယ်ဆိုပြီး ပလ္လင်တော်လှူဖို့ ဆုံးဖြတ်လိုက်ကြတယ်...အဲပြဿနာကတော့ ကျွန်တော်တို့ final စာမေးပွဲနောက်ဆုံးနေ့မှာ ရေစက်ချ လှူဖို့စီစဉ်ထားခဲ့ပေမဲ့...ဆရာကြီးဦးဖေသန်းက လကုန်ရက်နဲ့စာမေးပွဲနောက်ဆုံးရက် မှားပြီးစီစဉ်လိုက်တော့...ရေစက်ချပွဲကလူမသိသူမသိ ခြောက်တီးခြောက်ချက်နဲ့ ပြီးသွားပါလေရောလား...ခုတော့ ကျောင်းမှာ ဓမ္မာရုံ အသစ်နဲ့ ကျွန်တော်တို့ရဲ့ပလ္လင်တော်ကြီးလည်း ပဏာရနေပြီထင်ပါရဲ့...
ကျောင်းတော်ကြီးမှာ အတူပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို သတိရလျှက်….
ပြောင်ကြီး



ကော်နက်ရှင်မကောင်းပေမယ့် ထိုင်ဖတ်နေတယ်။ သူငယ်ချင်းအားလုံးနဲ့ အရာအားလုံးကို သတိရနေတယ်၊ လွမ်းတယ်။
မယ်သီတာ(EP)

Read more...

ကွန်နာဂစ်

>> Saturday, May 17, 2008


ကွန်နာဂစ်

ကျွန်မဘယ်လိုပင် မြန်မြန်အရောက်သွားဖို့ ကြိုးစားခဲ့ပေမဲ့ တကယ်တမ်း ကျွန်မရောက်ရှိသွားချိန်မှာတော့ လယ်စပ်ချောင်းစပ်နှင့် မြစ်ရိုးတစ်လျှောက်တွင် သနားစဖွယ်အသံလေးဖြင့် အော်မြည်နေသော ကွန်နာဂစ်ငှက်ကလေးများစွာကိုပဲ တွေ့မြင်ခွင့်ရခဲ့တော့သည်။ ကွန်နာဂစ်ငှက်ကလေးများမှာ အဖို၊ အမ၊ ငှက်ပေါက်စသည်ဖြင့် အရွယ်စုံပင်။ သားငယ်သမီးငယ်ရှာသူအသံကတစ်မျိုး၊ အဖေအမေပျောက်ရှာသူအသံကတစ်ဘာသာ၊ တပည့်ပျောက်ဆရာ့အသံကတစ်ဖုံပေမဲ့ အလုံးစုံသောအသံများ၏ တူညီသောကာရန်မှာ ကြေကွဲခြင်းသာဖြစ်နေ၏။ “မြစ်တစ်စင်းမှ၊ ချစ်ခြင်းအားဖြင့် ချောင်းကိုဆင့်ရာ.. “အစရှိသည့်မြစ်နှင့်ချောင်းတို့၏ လူသားများအပေါ် အကျိုးပြုပုံကိုဖွဲ့ထားသော ကျွန်မကဗျာတစ်ပုဒ်သည်လည်း ကွန်နာဂစ်ငှက်ကလေးများ၏ မျက်ရေဖြင့် ဆွေးမြည့်စုတ်ပြတ်သွားခဲ့ပြီ။



ကွန်ဂဒူး
မင်းသုဝဏ်

ချောင်းရေကလျှံ ကန်ရေကတိုး၊ ကြိုလာပါနဲ့ ရွှေရောင်ရစ်ကယ်၊ ရေနစ်မှာပါတဲ့စိုး။ ။
သားငယ်ကလေးကို ခါးထစ်ခွင်ချီ၍လည်းကောင်း၊ ကောက်စိုက်တံကို လက်တစ်ဖက်တွင် စွဲကိုင်၍လည်းကောင်း၊ ပီလမခေါ်သော ဂဒူးကြီးကို ဦးခေါင်းထက်တွင်အုပ်ဆောင်း၍လည်းကောင်း မွန်ကောက်စိုက်မလေးသည် သီချင်းကလေးတကြော်ကြော်နှင့် တော်ထနီးရွာကလေးမှထွက်လာသည်ကို မွန်လူမျိုးတို့ မတိမ်ကောသေးမီရှေးအခါက တွေ့ရပေသည်။ သီချင်းကလေးတအေးအေးနှင့်ပင်ဖြစ်သော်လည်း အဆိုပါမွန်မလေးသည် ပျော်ပါးရွှင်ပျနေသည်မဟုတ်၊ နှလုံးအတွင်း၌ တောက်လောင်လျက်ရှိသော ပရိဒေဝမီး၏ အေးယောင်ယောင်နှင့် ပူလောင်လှသောမီးလျှံသည် သီချင်းအဖြစ်နှင့်ထွက်ပေါ်လာခြင်းဖြစ်သည်။ အနောက်တောင် ဒီဆိုင်ကျွန်းညို့ကြီးမှ တမည်းမည်း တက်ရောက်ပွားများလာသော တိမ်တောင် တိမ်လိပ် မိုးသားမိုးသွေးတို့က လွမ်းဟောင်းတွင် လွမ်းသစ်ကို လောင်းလေသောကြောင့် ကွယ်လွန်သူယောက်ျားသည် အချစ်ဦးအား တမ်းတလျက် စိတ်ရူးပေါက်တိုင်း သီဆိုခြင်းဖြစ်၏။ မိုးသည်အလွမ်းဓာတ်ကို ပွားများစေတတ်၏။ ထို့ကြောင့်ပင်လျင် ရှေးစာဆိုကဝိကြီးများက မိုးရာသီရွာသွန်းသောမိုးကို “လွမ်းတုန်းရွာသောမိုး“ဟု ခေါ်ဝေါ်သမုတ်၍ အသိအမှတ်လုပ်ကြလေသည်။ စစ်ပွဲသဘင်စံရွှင်တော်မူခိုက် ခေတ္တမျှကွဲကွာနေသော တောင်ငူဘုရင်နတ်ရှင်နောင်ကို မြောက်သားတော် ရာဇဓာတုကလျာက “ညွှတ်ရုံးကြာတူ၊ ဖော်နည်းသူကို၊ သည်းအူပြတ်ခေါင်၊ ကြွေလွယ်အောင်လျင်၊ လေဆောင်ပြင်းထန် ကြောက်ဖွယ်လွန်စွ“ စသည်ဖြင့် ဖွဲ့နွဲ့လွမ်းဆွတ်ပါလျင် မပြန်သောခရီးကို တစ်ကိုယ်တည်းသွားရရှာသော ခင်ပွန်းသည်အား အဆိုပါမွန်မုဆိုးမလေးသည် မည်မျှလွမ်းဆွတ်တသမည်ကို မတွေးတတ်အောင်ရှိတော့သည်။ လွန်ခဲ့သောမိုးရာသီက ဤသို့မိုးညို့သောအခါတွင် ဤရွာထွက်ခရီး၌ မိမိတို့မောင်နှံစုံတို့သည် ပျော်ပျော်ပါးပါးခရီးသွားခဲ့ကြဖူး၏။ ထိုမျှမကသေး၊ ငယ်စဉ်တောင်ကျေးကလေးဘဝစဉ်ကလည်း ဤခရီးတွင် နှစ်ယောက်တွဲ၍ အကြိမ်ပေါင်းများစွာရွှင်နွှဲခဲ့ဖူးကြ၏။ ယခုအခါတွင်ကား သားငယ်နှင့်မိမိသာရှိ၏။ သားငယ်၏ဖခင်ကား ရွာပြင်ကထိန်ပင်အောက်တွင် တစ်ယောက်တည်းဆွေးမြည့်ရှာလေပြီ။ မြေသြဇာဖြစ်ရလေပြီ။ ထို့ကြောင့်ပင်လျင် အသည်းအူပြောင်းပြန်လန်လောက်အောင် လွမ်းဆွတ်ကြေကွဲရခြင်းဖြစ်၏။ မိခင်၏တေးသံဖြင့် ဘာမသိညာမသိမြူးထူးနေသော သားငယ်သည်ကား မိခင်၏ဆံပင်ကို ဆွဲလိုက်၊ တွတ်တီးတွတ်တာပြောလိုက်၊ ပြုံးလိုက်ရယ်လိုက်ရှိရှာ၏။ မိုးသာလျင် မွန်မလေး၏အလွမ်းကို ပွားများစေသည်မဟုတ်။ သားငယ်ကလေးသည်လည်း ပွားများစေသည်ဖြစ်သည်။ မိုးနှင့်သားငယ်သာမဟုတ်သေး။ ဤရပ်ဤရွာ ဤခရီး ဤလမ်း ဤလယ် ဤတောတို့သည် မိမိတို့၏ ရှေးဖြစ်ရှေးဟောင်းရာဇဝင်ကြောင်းကို ကွက်ကွက်ကွင်းကွင်း ဇာတ်ခင်း၍ပြလေသောကြောင့် အလွမ်းအားဆေးကြီးဖြစ်တော့သည်။ တဖြည်းဖြည်းနှင့်ပင် မွန်မလေး၏မျက်နှာသည် မိုးမင်းကို ဂုဏ်ပြိုင်၍ ညှိုးမှိန်လာလေ၏။ မိုးရွာလျင် ရွာချင်းယိုထွက်ပါအံ့ ဟူသော အဓိဋ္ဌာန်ကြီးဖြင့် အခါလင့်၍ ရှိသောမျက်ရည်တို့သည်ကား ပန်းပြေးပွဲတွင် တာစူနေသောသူတို့နှင့်သာ တူတော့၏။
ထိုသို့လွမ်းတစ်ခါဆွေးတစ်လှည့်နှင် တေးဖွဲ့၍့လာခဲ့ရာ မိမိတွက်တာဝေပုံချထားသောငန်းဦးသို့ ရောက်လာလေ၏။ ကူညီမည့်သူလည်းမရှိ၊ အားပေးမည့်သူလည်းမရှိ။ အားငယ်ဖွယ်ပင်ဖြစ်တော့၏။ အလုပ်တွင်စိတ်မပါတော့။ ကန်သင်းပေါ်တွင် ထိုင်၍ချောင်းပေါက်အောင် ငိုကြွေးချင်တော့၏။ တစ်မိုးလုံးပြည့်နေသောတိမ်တိုက်များ လွှင့်စဉ်ပျောက်ပျက်သွားအောင် ဟစ်အော်လိုက်ချင်တော့၏။ သို့ပါသော် လည်း သားငယ်နှင့် မိမိအတွက်ဝမ်းစာရေးက ရှိလေသေးသည်။ ပြည်တွင်းရေးထက်ဝမ်းရေးခက်၊ ဝမ်းရေးထက် လွမ်းရေးခက်ဟုဆိုသော်လည်း ဝမ်းရေးကို လုံးလုံးလျစ်လျူမရှု့နိုင်။ မိမိတစ်ကိုယ်အတွက် မထောင်းသာသော်လည်း ဖတဆိုးသားလေးအတွက် အရေးကြီးလေသည်။ လွမ်းဆွေးနေ၍ မည်သူကမျှ ကြင်နာမည်မဟုတ်။ ပြည့်စုံခြင်း သမတ္တိသာ အရသာကို ခံစားနေရသော လောကကြီးကား မိမိ၏ပရိဒေဝမီးကို နားလည်နိုင်မည် မဟုတ်ပေ။ အရိပ်အမြွက်မျှ သိဖို့ပင်လျင်ခဲယဉ်းလှ၏။ ဆင်းရဲသူ မုဆိုးမကလေးဖြစ်လေသောကြောင့် အထူးတလည် လျစ်လျူရှု့ကြမည်ဖြစ်၏။ ထို့ကြောင့် လမုပင်ကြီးတစ်ခု၏ အရိပ်အောက်မြေညီ၌ သားငယ်ကလေးကိုဂဒူးထဲတွင် သိပ်ထား၍ နောက်ဆံတငင်ငင်နှင့်ပင် လုပ်ငန်းသို့ ဝင်ရလေတော့၏။ လုပ်ငန်းသို့ဝင်ရသော်လည်း အလုပ်တွင်စိတ်မရှိ။ ကောက်စိုက်တံနှင့် ပျိုးပင်ကလေးတို့သည်လည်း မိမိတို့ဘာဝအလျောက် စိုက်သူကစိုက် ပေါက်သူကပေါက်လျက် အကွက်ကျကျ ဖြစ်နေကြကုန်၏။ မတည်သောစိတ်သည်ကား အရပ်ဆယ်မျက်နှာတွင် လွင့်ပါးလျက်ရှိ၏။ ဗျိုင်းဖြူကလေးများ ပျံသည်ကိုမြင်လျင် သူတို့နှင့်ရော၍ပျံ၏။ တိမ်တိုက်ကြီးများလွင့်နေသည်ကို မြင်လျင် သူတို့နှင့်ရော၍လွင့်၏။ လယ်ကတွတ်ပေါက်မှ တသွင်သွင်စီးကျနေသော ရေသံကိုကြားလျင် ယင်းတို့နှင့်ရော၍ ကြွေးကြော်သီဆို၏။ လောကဓာတ်တစ်ခုလုံးတွင် မည်သည့်အရာကိုမျှ အတည်တကျ သတိရသည်မရှိ။ သားငယ်ကလေးကိုပင်လည်း တစ်ချက်တစ်ချက် မေ့လျော့မိတော့၏။ ပရိဒေဝမီးကား ပူပြင်းလေစွတကား။ သို့ဖြင့် မွန်းတည့်ရာတွင်မှ မွန်းတိမ်း၊ မွန်းတိမ်းရာမှ နေစောင်းခဲ့၏။ အလုပ်ချိန်လည်းကုန်လေပြီ။ တစ်ကိုယ်လုံးလည်း အေးစက်တောင့်တင်း၍ မောပန်းနွမ်းလျလေပြီ။ သားငယ်ကိုပိုက်၍ အိမ်ပြန်ဖို့သာ ကျန်တော့သည်။ ကန်သင်းမျှမပေါ်နိုင်။ တက်ရေဖြင့်ဖွေးလျက် ပင်လယ်ပြင်နှင့်တူသောလယ်ကွင်းကို ဖြတ်ကျော်၍ သားငယ်ရှိရာသို့ မျှော်ကြည့်လေ၏။ မြေပြင်ကိုမမြင်ရ။ ရေပြင်ကိုသာမြင်ရလေတော့၏။ ထိုအခါမှမျက်လုံးမျက်ဆန်ပြူး၍ ပူပန်ခြင်းပြင်းစွာနှင့် ပြေးသွားရှာဖွေသော်လည်း မတွေ့ရတော့ချေ။ သားငယ်နှင့်တကွသော ဂဒူးကြီးသည်ကား တက်ရေတွင် မျောပါသွားရှာလေပြီ။ ကယ်ပါယူပါနှင့် တစာစာအော်သော်လည်း အနီးပတ်လည်တွင် လူမရှိ။ ဆူးခြုံထဲတွင် ရှိနိုးနိုး၊ ဓနုတောထဲတွင် မြင်ရနိုးနိုးနှင့် တောင်ပြေးကာ၊ မြောက်ကူးကာ ဒေါင်းတောက်အောင်ရှာသော်လည်း ဖတဆိုးလူမမည်လေးကို ဘယ်တွင်မျှမတွေ့ရတော့ချေ။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာပြီတကား။

“အိုလူကလေးရဲ့၊ ရွှေသွေးရဲ့၊ မင်းဘယ်ကိုသွားလေပြီလဲ။ မင်းအဖေရေနံချောင်းကို မုန့်ပေါင်းသွားဝယ်တာ မစောင့်နိုင်လို့ လိုက်သွားပြီလားကွယ့်။ မပဋာရဲ့သားတွေလို ရေတွင်နစ်၍ဆုံးရှာပြီလား။ စွန်ချီ၍ပျောက်ရှာပြီလား။ ယောက်ျားသေစဉ်က ဖြေစရာသားကျန်သေး၏။ သားသေပြန်တော့မိခင်မှာ ဘယ်လိုခဲလို့ဖြေရပါ့မလဲ။ ရွာပြန်သွားလို့ ညည်းသားဘယ်မှလည်း မေးရင်မိခင်ဘယ်လိုပြောရမယ်။ မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့တဲ့လူတွေကိုမှ မစောင့်နိုင်တော့ဘူးလားကွယ်။ လူကလေးအိပ်ချိန်တန်လို့ ဗျိုင်းရှေ့ကပျံပါပြီ။ လူကလေးထွက်ခဲ့ပါတော့။ မြစ်ဧရာနဒီတွင်းမှာ ငါးကြင်းဖမ်းသွားရော့သလားကွယ်။”
မွန်မကလေးမှာ လင်သေရာတွင် သားဆုံးပြန်သဖြင့် အရူးလုံးလုံးဖြစ်ရလေတော့သည်။ “တစ်ပူပေါ်တစ်ပူထပ် မလပ်ကလေးရယ်တဲ့ ဘယ်ညာ“ဆိုသော ဘဝသို့ရောက်ရလေတော့၏။ ထမင်းမှန်း မသိဟင်းမှန်းမသိ၊ ရင်ဘတ်ကလေးထုကာ၊ နဖူးကလေးရိုက်ခါနှင့် ငိုကြွေးမြည်တမ်းလျက် ရေစုန်ရေဆန်လိုက်၍ သားပျောက်ကိုရှာ၏။ တွေ့သမျှ လှေသမားတို့ကိုလည်း “သားငယ်ကလေးတစ်ယောက် မျက်လုံးဝိုင်းကလေးနှင့် ဂဒူးကြီးစီးပြီးသွားတာ မတွေ့လိုက်ကြဘူးလားရှင့်။ တော်ထနီးရွာက သူ့မိခင်ကို ဘာလက်ဆောင်ပါးလိုက်သေးလဲရှင့်”စသည်ဖြင့် မေးမိမေးရာမေးလေတော့၏။ ညဉ့်မှန်မသိ၊ နေ့မှန်းမသိ တငိုငိုတယိုယိုနှင့် သားပျောက်ကိုရှာရင်း ပင်မြစ်ရိုးတွင် ရင်ကွဲ၍ သေပွဲသို့ဝင်ရှာလေတော့၏။ အလွမ်းဇာတ်သိမ်း၍ အပူဇာတ်ဆုံးလေတော့၏။

သို့သော် ထိုမွန်မကလေးသည် သားငယ်ကိုစွဲလန်းသောစိတ်နှင့် သေရှာလေသောကြောင့် နောင်ဘဝ၌ “ကွန်ဂဒူး“ငှက်ကလေးဖြစ်လာသည်ဟု လူကြီးသူမများက ပြောပြန်လေသည်။ သို့ဖြစ်လျင် အပူဇာတ်မဆုံးသေး။ အကြောင်းသော် နေညိုညိုညနေစောင်းအခါများ၌ မြစ်ရိုးတစ်လျှောက်တွင် သနားစဖွယ် အားငယ်သောအသံကလေးနှင့် အော်မြည်နေသော ကွန်ဂဒူးငှက်ကလေးကို ယနေ့ထက်တိုင်အောင် ကြားမြင်ရပါသေးသည်။ ပျောက်ဆုံးရှာသော သားငယ်လေးကို တွေ့ရနိုးမြင်ရနိုးနှင့် မြစ်ရိုးတစ်လျှောက်တွင် ရှာဖွေနေတုန်းပင် ဖြစ်လေရော့သလားမသိ။
(“ကွန်”ကား မွန်အခေါ်ဖြင့် “သားငယ်”ဟု ဆိုလို၏ ။“ဂဒူး”ကားဓနိအင်ဖက်၊ စလူရွက်တို့ဖြင့် ချုပ်စပ်ပြုလုပ်ထားသော ဆောင်းစရာပီလမဖြစ်လေသည်။)

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP