စစ်ကိုင်းသူနှင့် MTU ဘဝခရီးအစ

>> Thursday, May 1, 2008


ကိုလူအေး ကျောင်းတုန်းကအကြောင်းတွေ ရေးထားတာ ဖတ်ရတော့ ကျောင်းကို သတိရတယ်။ ပျော်ခဲ့ရတာတွေ၊ စိတ်တိုခဲ့ရတာတွေ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်ခဲ့ရတာတွေကိုပေါ့။ ကျောင်းကို အလွမ်းပြေ သူရေးထားတာတွေကို ဖတ်ရတယ်။ အဲဒါ ထပ်ရေးပါဦးပြောတော့ ဈေးကိုင်နေတယ်လေ။ ရေးခိုင်းလို့ မရဘူး။ ကိုယ့်ဘာသာကိုရေးတဲ့။ ကျောင်းနဲ့ပတ်သတ်ပြီး အမှတ်ရစရာတွေကတော့ အများကြီးပဲပေါ့။ ဒါပေမဲ့ မရေးတတ်ဘူးဟ ဆိုတော့ ရေးကြည့်ပါဦးတဲ့။ အဲဒါနဲ့ပဲ ချရေးကြည့်လိုက်တာ။ ဖတ်လို့မကောင်းဖို့က များမယ်ထင်တယ်။ ဘယ်က စရေးရပါ့။


MTU ကို ယောင်ချာချာနဲ့ စရောက်လာတာက စရေးရင် ကောင်းမယ်ထင်တယ်။ စစ်ကိုင်းသူတို့များ ကျောင်းနဲ့ အဆင်ပြေတယ် မပြေတယ်တော့ စကတည်းက ပြသနာနဲ့ စတာပဲ။ သူများတကာတွေက ကျောင်းတက်ဖို့ လှမ်းခေါ်တဲ့ စာတွေ တကိုင်ကိုင်နဲ့ သွားဖို့ ဟန်ရေးပြင်နေကြပြီ။ စစ်ကိုင်းသူဆီကို စာက မရောက်သေး။ ငါပဲ အရွေးမခံရလို့လား စဉ်းစားလိုက်တော့လဲ မဟုတ်နိုင်ပါဘူးပေါ့။ အဲဒါနဲ့ပဲ ပျာယာတွေခတ်ပြီး ရန်ကုန်ကို ဖုန်းဆက်မေးတော့ စစ်ကိုင်းသူနာမည် စာရင်းထဲမှာ ပါ ပါတယ်တဲ့။ ဝင်ရမဲ့ရက်ကို MTU ကို သွားလိုက်ပါတဲ့။ စာမပါလို့ လက်မခံဘူးဆိုရင် သူတို့ဆီကို ဖုန်းပြန်ဆက်ပါဆိုပဲ။ အဲဒါနဲ့ပဲ တခြား ကိုယ့်မြို့က အရွေးခံရတဲ့ သူတွေနဲ့ အတူ သွားကြတာပေါ့။ သူတို့တွေကတော့ ပြုံးလို့၊ ပျော်လို့။ ကိုယ့်မှာသာ မျက်နှာငယ်လေးနဲ့။ ဘာမှန်းမှ မသိတာကိုး။ ဟိုရောက်ပြီး နာမည်ပြောလိုက်တော့ ကံကောင်းထောက်မစွာပါပဲ ဘာမှ ပြသနာ မတတ်ပါဘူး။ နေရမဲ့ အဆောင်နဲ့ အခန်းကို ပြောပါတယ်။ အဲဒါနဲ့ နေရမဲ့ အဆောင်ကို ချီတက်ရတာပေါ့နော။ အခန်းက ၇ ယောက်ခန်းပါ။ စစ်ကိုင်းသူ အပါအဝင် အညာသူ ၃ ယောက်နဲ့ ရန်ကုန်ဖက်က ၄ ယောက်ပါ။ အဲဒီမှာ ပထမဆုံး စပြီး ရင်ဆိုင်ရတာတော့ MTU ရဲ့ နာမည်ကျော် လေပြင်းပါ။ ရောက်ခါစဆိုတော့ အကြောင်းက မသိဘူးလေ။ စစ်ကိုင်းသူတို့ အခန်းက သုံးထပ်မှာပါ။ အဲဒါ ရောက်ရောက်ချင်း ခေါင်းရင်းက ပြတင်းပေါက်ကို ဖွင့်ပြီး ဘောင်ပေါ်ကို မှန်လေး တင်လိုက်မိပါတယ် တစ်မိနစ်တောင် မကြာဘူး အနိစ္စသဘောနဲ့ ကိစ္စချောသွားပါရောလား။ နှမျောစိတ်နဲ့ ငုံ့ကြည့်လိုက်မိတော့ အဆောင်အောက်မှာ မှုန်မှုန်လေးပဲ မြင်ရတယ်။ တစ်စစီလဲ ဖြစ်ရောပေါ့။ (နောက်မှ သိတာက မှန်ကွဲတာ နိမိတ်မကောင်းဘူးဆိုပဲ။ ရောက်တဲ့နေ့မှာပဲ အိမ်ကတောင် မပြန်သေးဘူး မှန်ကွဲတယ်ဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့။) အိမ်ကလဲ နောက်တစ်ခါ အဲဒီ ပြတင်းပေါက်ကို မဖွင့်နဲ့တော့ဆိုပဲ မှာသွားတယ်။ သူတို့က ဖွင့်ပါလို့ မှာသွားရင်တောင် ဖွင့်လို့လဲ မရပါဘူး။ ဒီလောက်တောင် လေတဟူးဟူးတိုက်နေတာ။ လူပါပါသွားမလား မှတ်ရတယ်။ အဲဒီတုန်းကတော့ ပိန်ပိန်ပါးပါးပဲ ရှိသေးတာကော။ အခုနေတော့ ဝရန်တာ ထွက်ရပ်နေတောင် လေနတ်မင်းလဲ စစ်ကိုင်းသူကို ဘယ်နိုင်ရှာတော့မလဲ။ အဲဒီတုန်းကတော့ ဝရန်တာထွက်ချင်ရင် တံခါးဖွင့်ဖို့ကို တခါတလေ နှစ်ယောက်တောင် မရဘူး၊ ၃ ယောက်လောက်ဖွင့်မှ ကိုရွှေတံခါးက ပွင့်တော်မူတယ်လေ။ ဒုတိယမြောက် ရင်ဆိုင်ရတာတော့ စစ်ကိုင်းသူတို့ သင်တန်းရဲ့ နာမည်ကျော် ပဲဟင်းပေါ့။ ရောက်ခါစဆိုတော့ အိမ်က ဟင်းတွေတော့ ပါလာပါတယ်။ ဒါပေမဲ့ စားဖိုထဲကို ဘာဟင်းမှ အပြင်ကနေ မယူရဘူးဆိုတော့ ကျောင်းပါးကလဲ မဝသေးတော့ ကြောက်တာပေါ့။ နောက်ပိုင်းတော့ သိတဲ့ အတိုင်းပေါ့။ ထမင်းကလဲ အဲဒီတုန်းက ဆန်က ဝန်ထမ်းဆန်ပဲဆိုတော့ကာ စဉ်းစားသာ ကြည့်ကြပါတော့။ တော်သေးတာက စစ်ကိုင်းသူက အညာသူပီပီ ပဲကြိုက်တော့ နည်းနည်းခံသာသေးတယ်။ ရန်ကုန်က သူငယ်ချင်းတစ်ယောက်ဆို စားဖိုထဲကိုရောက် ထမင်းစားပွဲထိုင်ပြီး ထမင်းနဲ့ ဟင်းမြင်တာနဲ့ ငိုတော့တာပဲ။ ကျန်တဲ့သူတွေလဲ ဘာလုပ်လို့ လုပ်ရမှန်းမသိ။ ဆက်ပဲ စားရမှာလား။ သူ့ပဲ ချော့ရမှာလားနဲ့ တော်တော် ဗျာများသွားကြတယ်။ သူကလဲ သူငယ်ချင်းတွေ အားနာလို့နဲ့ တူပါတယ် ကြာကြာတော့ ဆက်မငိုရှာပါဘူး။ အဆောင်ပြန်ရောက်မှပဲ သူ့ကို စိတ်မချလို့ တစ်ရက် နှစ်ရက် စောင့်ကြည့်ဦးမယ်ဆိုပြီး နေ နေတဲ့ သူ့အမေကို ဖက်ပြီး ချုံးပွဲချ ငိုပါတော့တယ်။ အဲ နောက် နှစ်ရက်လားပဲ နေတယ် အောင်မြင်စွာ ဆုတ်ခွာပြီး သူ့အမေနဲ့ ပြန်ပါသွားပါတော့တယ်။ စစ်ကိုင်းသူတို့ အခန်းလဲ အင်အား တစ်ယောက် လျော့သွားပါတော့တယ်။ နေပူ လေတိုက် မြွေပွေးကိုက် ဆိုတဲ့ စာဆိုအတိုင်း တတိယမြောက်ခံစားရတာကတော့ အပူဒဏ်ပါပဲ။ အညာသူဖြစ်တဲ့ စစ်ကိုင်းသူတောင် MTU အပူဒဏ်ကို လှိမ့်နေအောင် ခံရတာ၊ တခြား ရာသီဥတု မျှတတဲ့ ဒေသက လာတဲ့ သူငယ်ချင်းတွေဆိုတာတော့ ပြောနေနဲ့တော့။ ဘယ်သူမှကို ကောင်းကောင်းမအိပ်နိုင်ကြဘူး။ အဲဒီမှာတင် ဇာတ်လမ်းက စတာပါပဲ။ အိပ်လို့ကမရ၊ ရောက်ခါစဆိုတော့ စာကြည့်စရာကလဲ သိပ်မရှိသေး၊ ဒီအတိုင်းထိုင်နေရမှာကလဲ ပျင်းစရာဆိုတော့ကာ စစ်ကိုင်းသူတို့ တစ်သိုက် မိန်းကလေးတွေ ပီပီ Glass Spirit ခေါ်ဖို့ ကြံစဉ်ကြတော့တာပါပဲ။ ဘယ်သူက စလိုက်လဲတော့ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ တကယ်တမ်းခေါ်မယ်လဲ လုပ်ရော ဘယ်လို ခေါ်ရမှန်း ဘယ်သူမှ မသိကြဘူး။ အချိန်ကလဲ ည ၁၂ နာရီ ကျော်နေပါပြီ။ ခေါ်ကလဲ ခေါ်ချင် ခေါ်လဲ မခေါ်တတ်၊ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြတဲ့ အချိန်မှာ တစ်ယောက်ကပြောပါတယ်။ တခြားအခန်းက တောင်ကြီးသူက ခေါ်တတ်တယ်တဲ့။ အဲဒါနဲ့ ဝမ်းသာအားရပဲ အဲဒီတောင်ကြီးသူကို သူများအခန်း ၂ ခန်းဖြတ်၊ မိန်းကလေး ပီပီသသ ဝရန်တာကျော်ပြီး သွားခေါ်ကြပါတယ်။ ည ၆ နာရီ ကျော်ရင် အဆောင်အောက်ကို ဆင်းခွင့် မရှိတော့လို့ပါ။ (အမှန်ကတော့ နေ့ခင်းလဲ အောက်ဆုံးထပ်ထိဆင်း၊ ပြီးရင် ၃ ထပ်၊ ဒါမှမဟုတ် ၄ ထပ်ထိ ပြန်တတ်ရတာမို့ တော်တော်တန်တန် ဘယ်သူမှ မဆင်းပါဘူး။ ဝရန်တာက ကျော်လိုက်ကြတာပဲ များပါတယ်။ ဝရန်တာကလဲ နိမ့်နိမ့်လေးကိုး။) အဆင်သင့်ချင်တော့ အဲဒီတောင်ကြီးသူကလဲ မအိပ်သေးပါဘူး။ (အညာသူတွေတောင် ပူလို့ အိပ်မရတာ၊ တောင်ကြီးသူက ဘယ်အိပ်နိုင်မလဲ။) သူကို ဘယ်လိုခေါ်ရမလဲ မေးတော့ သူကလဲ သိပ်စိတ်မဝင်စားရှာပါဘူး။ ငါလိုက်ခေါ်ပေးမယ်တဲ့။ အဲဒါနဲ့ပဲ အခန်းကို တိုက်ပွဲအောင်ပြီးပြန်လာတဲ့ စစ်သူကြီးတွေလို မင့်မင့်ကြီး ပြန်လာပါတော့တယ်။ အခန်းကလူတွေကလဲ ဝမ်းသာအားရ ကြိုကြပါတယ်။ အဲဒါနဲ့ အခန်းထဲမှာပဲ ပြင်စရာရှိတာတွေ ပြင်ပြီး စခေါ်ပါတယ်။ ၃၊ ၄ ခါ ခေါ်ပေမဲ့လို့ ဖန်ခွက်က တုတ်တုတ်မှ မလှုပ်ပါဘူး။ တောင်ကြီးသူလဲ စဉ်းစား မရ ဖြစ်နေရှာပြီး၊ နောက်တော့ အခန်းထဲက ခေါ်လို့လား မသိဘူး ဆိုပြီး၊ ပြတင်းပေါက်ဘောင်ပေါ်မှာ ထိုင်နေတဲ့ သူငယ်ချင်းကို နင်ခေါ်ကြည့်စမ်းပါလို့ အကြံပေးပါတယ်။ သူလဲ ခေါ်လိုက်ရော စောစောက အိနြေ္ဒကြီးနဲ့ ငြိမ်သက်နေတဲ့ ဖန်ခွက်က စပြီး လှုပ်ရှားပါတော့တယ်။ အဲဒီ သူငယ်ချင်းခမျာ လန့်ဖျတ်ပြီး ချက်ချင်းပဲ အခန်းထဲကို အပြေးအလွှား ဝင်လာရှာပါတယ်။ ဝင်ပြီးတဲ့ နောက်မှာတော့ ဖန်ခွက်နတ်ခမျာလဲ တစက်ကလေးမှ မနားရရှာပါဘူး။ တစ်ယောက်တမျိုး သိချင်တာတွေ အတည်ရော ပေါက်ကရရော မေးလိုက်ကြတာ တော်တော်ကြာမှ ပြန်ထွက်ခွင့်ရပါတော့တယ်။ မေးလိုက်ကြတဲ့ အထဲမှာ ကိုယ့်အကြောင်းတောင် မကဘူး။ ဖန်ခွက်နတ်ကိုတောင် အင်တာဗျူးလုပ်လိုက်ကြပါသေးတယ်။ နောက်ကြုံမှ ဖန်ခွက်နတ် အင်တာဗျူးကို သတ်သတ်ရေးပါဦးမယ်။ MTU ရဲ့ ပထမဆုံး အမှတ်ရစရာ အဖြစ်တစ်ခုပေါ့။

စစ်ကိုင်းသူ

5 comments:

Anonymous May 1, 2008 at 11:19 PM  

စစ်ကိုင်းသူရေ ဖတ်လို့ကောင်းတယ်ဗျ။ ဆက်ရေးပါဦး။ ကျောင်းတုန်းကအကြောင်းတွေ အမှတ်တရ ပြန်ဖတ်ရတာပေါ့ဗျာ။ နောက် ဖန်ခွက်နတ် အင်တာဗျူး ကိုစောင့်နေတယ်ဗျို့။

Anonymous May 1, 2008 at 11:53 PM  

စစ်ကိုင်းသူရေ
ကျွန်တော်ကတော့ MTUရဲ့ရောက်စနေ့တွေပြန်တွေးမိတိုင်း ပျော်ရမှာလိုလို၊ လွမ်းရမှာလိုလိုနဲ့။ ဘာပဲဖြစ်ဖြစ် မှတ်မှတ်ရရတွေတော့ ရှိခဲ့တာအမှန်ပဲဗျို့။ ပထမနှစ်နဲ့ ဒုထိယနှစ်ဘောလုံးပွဲတွေအကြောင်းလဲ သတိရတယ်.....

tmn May 2, 2008 at 12:03 AM  

တော်တော် မှတ်မိတာပဲ... အသေးစိတ်ကို ရေးနိုင်တယ်...ဖတ်လို့ကောင်းတယ်...နောက်ရေးမယ့် အကြောင်းအရာလေးကို စောင့်ဖတ်မယ်ဗျို့... တောင်ကြီးသူဆိုလို့ ကထိန်ခင်းတုန်းက ဘုန်းဘုန်းက ဘာကျွေးမှာလဲဆိုတော့ တောင်ကြီးသူတစ်ယောက်ပဲလေး ပြောလိုက်တာ ၀က်တား ပါဘုရားတဲ့....

Anonymous May 2, 2008 at 9:09 PM  

ကိုဇနိ၊ မောင်ဖြူ၊ tmn
comment အတွက် ကျေးဇူးပါ။ အခုလိုဆိုတော့ ရေးရတာ ပိုပြီး အားရှိသွားပါတယ်။ ပထမဆုံး စရေးတာဆိုတော့ ဖတ်လို့ အဆင်မပြေမှာကို စိုးရိမ်နေတာပါ။ ပြီးတော့လဲ ကျောင်းက သူငယ်ချင်းတွေကလွဲလို့ ကျန်တဲ့လူ စိတ်ဝင်စားဖို့တော့ မလွယ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျောင်းကသူငယ်ချင်းတွေ ကျောင်းကို နည်းနည်းတော့ အလွမ်းပြေမယ် ထင်ပါတယ်။ ဖန်ခွက်နတ်နဲ့ အင်တာဗျူးလဲ ရေးနေပါပြီ။ ဘောလုံးပွဲတွေ အကြောင်းလဲ ရေးပါဦးမယ်။ အဲဒီ အခါကျရင်တော့ ကျန်တဲ့ လူတွေရော ရေးကြပါလို့ တခါတည်း ဖိတ်ခေါ်ထားပါရစေ။ နှစ်ဆောင်လုံးက အမြင်တွေ စုံသွားစေချင်လို့ပါ။ tmn ရေ ကထိန်မှာ ဖြစ်တဲ့ အကြောင်းအရာကိုတော့ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ အဲဒီလေသံကို ကြားတဲ့ အခါ ဖြစ်နိုင်တဲ့သူကို မျက်စိထဲ ပြေးမြင်လိုက်ပါတယ်။

Anonymous May 5, 2008 at 11:44 PM  

98 May 20 လွမ်းပါတယ် စစ်ကိုင်းသူရယ်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP