မိုး
>> Tuesday, May 13, 2008
အပြင်မှာ မိုးတွေရွာနေတယ်။ မိုးရောလေရောပဲ။ အိမ်ကိုသတိရလိုက်တာ။ ကျွန်တော်တို့အရပ်က မြန်မာပြည်အောက်ပိုင်းဆိုတော့ မိုးများတဲ့အရပ်။ ငယ်ငယ်ကနေရတဲ့အိမ်ရှေ့မှာ ရေကန်ကြီးရှိတယ်။ မိုးတွေအရမ်းသည်းရင် အမေရယ်၊ ကျွန်တော်တို့မောင်နှမတွေရယ်၊ အဖေ့ကိုမျှော်ရင်း ရေကန်ထဲကိုပလုံစီကျနေတဲ့ မိုးစက်တွေကို အိမ်ထဲကနေ ကုပ်ချောင်းချောင်းလေးနဲ့ ငေးစိုက်ကြည့်နေဖူးတယ်။ အဲဒီတုန်းက ညီအငယ်ဆုံးလေး မမွေးသေးဘူး။ ညီမလေးက အမေ့ရင်ခွင်ထဲမှာ ခေါင်းမှီပြီး ထိုင်နေတယ်။ ကျွန်တော်က အမေ့ဘယ်ဘက်မှာ ဒူးကိုထောင်၊ ထောင်ထားတဲ့ဒူးကို လက်နှစ်ဖက်နဲ့ ပြန်ပိုက်ရင်းနဲ့ထိုင်နေတယ်။ အစ်ကိုကတော့ အမေ့ညာဘက်ပုခုံးကို မှီထားတယ်။ မိုးတွေအရမ်းရွာလာပြီဆိုရင်၊ မီးကလဲမလာတော့ဘူး။ အိမ်မှောင်မှောင်မဲမဲထဲမှာ သားအမိလေးယောက် ငုတ်တုတ်လေးတွေထိုင်လို့၊ အငြိုးကြီးတဲ့မိုးကို အဓိပ္ပါယ်မဲ့ငေးစိုက်ကြည့်နေကြတယ်။ အမေကတော့ အဖေဘာလို့ အိမ်ပြန်နောက်ကျနေပါလိမ့်လို့ တွေးနေမလားမသိဘူး။ ညီမလေးကတော့ ကြောက်နေပုံပဲ၊ အမေ့ရင်ခွင်ထဲမှာ သူ့ကိုယ်လုံးသေးသေးလေးကို ကွေးပြီးထားလိုက်ပုံများ တကယ့်ပုစွန်ထုပ်လေးပဲ။ အစ်ကိုကတော့ မိုးရွာရင်ကမ်းကပ်တတ်တဲ့ငါးတွေကို ကိုင်းထောက်ဖို့များ စဉ်းစားနေမလားပဲ။ ကျွန်တော်ကတော့ ရေကန်ကြီးရေပြည့်ရင် အော်တတ်တယ်ဆိုတဲ့အကြောင်းစဉ်းစားရင်း ကျောချမ်းနေတယ်။
ဟုတ်တယ်လေ၊ အဲဒီရေကန်ကြီးက ရေတွေပြည့်လျှံတက်လာရင် အော်တယ်တဲ့။ ပြီးရင်ကလေးတွေကို စားတယ်တဲ့။ အဲဒါကြောင့် တစ်နှစ်တစ်ခါ ကန်တော်ရှင်မဆိုတာကိုခေါ်ပြီး အမဲသားကျွေးရတယ်။ မိုးရာသီဆိုရင် ရေကန်ကြီးက အဝါရောင်မှော်တွေနဲ့ ပြည့်နေတော့တာ။ အနီးအနားကလူတွေကလဲ ဒီရေကန်ကိုပဲအမှီပြုနေရတယ်။ အဲဒီတုန်းက ရေစုပ်စက်ဆိုတာတွေကလဲ ဒီလောက်ခေတ်မစားသေးဘူး။ ရေကန်ကရေကိုပဲခပ်ပြီးသုံးကြတယ်။ ကျွန်တော်အပျော်ဆုံးကတော့ ရေကန်ကြီးထဲကမှော်တွေကို ဆယ်တဲ့အချိန်ပေါ့။ အဲဒီအချိန်မှာဆို ရေကန်ထဲကို တရားဝင်ဆင်းလို့ရတယ်။ နို့မို့ဆိုရင်ဆင်းလို့မရဘူး။ ရပ်ကွက်ထဲက လူငယ်တွေက ရေကန်ထဲကိုဆင်းပြီး ရေမှော်တွေကို ဝါးတန်အရှည်ကြီးတွေနဲ့စုပိုက်ပြီး ကမ်းကိုကပ်ပေးတယ်။ ကမ်းရောက်တော့ ကလေးတွေ၊ မိန်းမတွေက ခြင်းတောင်းကိုယ်စီနဲ့ မှော်တွေကိုသယ်ရင်း ကန်ဘောင်ပေါ်ကို သွားပစ်ကြတယ်။ တကယ်တော့ မှော်ကအရမ်းယားတာ၊ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ ယားတာလဲသတိတောင်မရပါဘူး။ ကျွန်တော်တို့ကလေးတွေက ရေမှော်တွေကို ကူဆယ်ပေးလိုက်၊ ရေမှော်တွေကမ်းကို မရောက်သေးရင်၊ ရေစပ်ကိုဆင်း၊ ကမ်းစပ်မှာရေခပ်လို့ရအောင် ခင်းထားတဲ့တံတားကို လက်နှစ်ဖက်ကကိုင်၊ ခြေထောက်နှစ်ဖက်ကိုနောက်မှာ ဘောင်ဘင်ခတ်ပြီးရေကူးတယ်။ ခြေထောက်နဲ့ရေခတ်သံက တဗွမ်းဗွမ်းနဲ့ တကယ့်ပျော်စရာကြီး။ လူကြီးတွေကလဲ သူတို့မျက်စိအောက်မှာတင် ရေကစားနေကြတော့ ဘာမှမပြောကြဘူး။ ဘယ်လောက်များ လွတ်လပ်ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေလဲနော်။ နောက်ထပ်ပျော်စရာကောင်းတာက အဖေ့လက်ရာမော်တော်ဘုတ်ကို ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် အပြိုင်လွှတ်ကြတာ။ အဖေက သစ်သားပြားနောက်မှာ သားရေကွင်းနဲ့ရေဒလက်လေးလုပ်ပြီး၊ မော်တော်ဘုတ်လေးလုပ်တယ်။ မော်တော်ဘုတ်ကိုမလွှတ်ခင် သားရေကွင်းကိုပတ်ထားရတာ။ ရေထဲချလိုက်တော့မှ ပတ်ထားတဲ့သားရေကွင်းက ပြန်ပြေပြီး ဒလက်ကိုလှဲ့တော့ မော်တော်ဘုတ်ကပြေးရော။ တစ်ခါတလေတော့ မော်တော်ဘုတ်ပေါ်မှာ ရမ်ဘိုလိုက်တယ်၊ တစ်ခါတလေစက်ရုပ်လိုက်တယ်။ တစ်ခါတလေတော့ ကျွန်တော်တို့မော်တော်ဘုတ်က စစ်ရေယဉ်ကြီးဖြစ်သွားရော။
ခုလိုမိုးဦးကျဆိုရင် ကျွန်တော်တို့အရပ်မှာ ငါး၊ဖားအရမ်းပေါတယ်။ အရပ်ထဲကို ငါးတောင်စေးလို့ခေါ်တဲ့ ငါးအသေးလေးတွေ လာရောင်းတယ်။ ဘာအလေးချိန်မှမလိုဘူး၊ နို့ဆီဗူးနဲ့ချင်ရောင်းတာ။ ကျွန်တော်မှတ်မိတဲ့အရွယ်မှာ၊ ငါးတောင်စေးတစ်ဗူးကို ငါးကျပ်ပဲရှိတယ်။ အမေကအဲဒါကို အိုးကပ်လေးချက်တယ်။ ငါးတောင်စေးအိုးကပ်လေးကို ရေနွေးနဲ့မြည်းရင်း ငါးတောင်စေးအိုးကပ်က ဆီလျှော့ထည့်ထားတော့ ကျန်းမာရေးအတွက်ကောင်းတာပေါ့ကွာလို့ အဖေကအမေ့ကိုစလေ့ရှိတယ်။ အဖေက ငါးတောင်စေး တအားကြိုက်တာ။ ပုစွန်ဆိတ်အသေးလေးတွေကို ပဲသီးနဲ့ကြော်တာမျိုးလဲ မိုးဦးကျမှာစားရလေ့ရှိတယ်။ ပြီးတော့ဖားသား။ ကျော်စံကေးလို့ခေါ်တဲ့ဖားသေးသေးလေးတွေကို စင်းကောကောပြီး အမွှေးအကြိုင်အစုံအလင်နဲ့ချက်တာ၊ အဲဒီလိုနေ့မျိုးကတော့ ထမင်းအတော်မြိန်တယ်။ ဗိုက်ကားသွားရင် သွပ်ပြားပေါ်တဖျောက်ဖျောက်နဲ့ကျနေတဲ့ မိုးရာသီရဲ့ဂီတသံကို နားသောတဆင်ရင်းနဲ့ တရေးတမောအိပ်ပေတော့။ ညဘက်တွေဆိုရင်တော့ အုံး၊ဂွမ်လို့အော်တဲ့ ဝသန်ဦးရဲ့အဆိုရှင်တွေက ဖျော်ဖြေတတ်သေးတာ။ မိုးရာသီရဲ့ညတွေမှာ အိပ်များမပျော်ရင် တစ်နှစ်သုံးလေးလဲမရေနဲ့၊ ဝင်လေ၊ထွက်လေလဲမရှုနဲ့၊ အုံး၊ဂွမ်ကိုသာနားဆင်နေ၊ အဟုတ်အိပ်ပျော်တယ်။ ကျွန်တော်ကကိုယ်တွေ့။
တစ်ခါတလေ မနက်အစောကြီးမိုးရွာရင် အဖေက ထပြီးရေခပ်တယ်။ ရေခပ်တယ်ဆိုတာက ရေတလျှောက်ပေါ်ကနေ ကျောက်စည်ထဲကို ကျတဲ့ရေတွေက များပြီးလျှံကျလာတော့ တခြားစည်တွေထဲကိုခပ်ပြီး ပြောင်းထည့်ပေးရတယ်။ ရေနွေးတည်ရင် မိုးရေမှသောက်လို့ ကောင်းတာမို့လား။ တစ်မိုးလုံးလှောင်ထားတဲ့ရေက တစ်နှစ်စာလုံးသောက်မကုန်ဘူး။ အက်ဆစ်ဓာတ်တို့၊ ဘာဓာတ်၊ ညာဓာတ်တို့တော့ မသိဘူး၊ မိုးရေသောက်ရတာ ကျန်တဲ့ရေသောက်ရတာနဲ့ မတူဘူး၊ အရသာတစ်မျိုးထူးတယ်။ အဖေက မြောင်းတွေထဲမှာ ပိတ်နေတတ်တဲ့ အမှိုက်တွေကို ပေါက်ပြားတစ်လက်နဲ့ ဖယ်တယ်။ ရေမြောင်းကကောနေရင်လဲ ပေါက်ပြားနဲ့ရေလမ်းကြောင်းဖော်ပေးရတယ်။ အကုန်လုပ်ပြီးပြီဆိုရင် ကျွန်တော်တို့ညီအစ်ကိုတွေကို မိုးရေချိုးဖို့အတင်းနှိုးတော့တာ၊ အိပ်ယာထကာစကတာပျင်းနေတာ၊ မိုးရေလဲထိရော လူကလန်းသွားပြီး ပျော်သွားတော့တာ။ မိုးရေက ဆပ်ပြာတိုက်လို့လဲ အရမ်းကောင်းတယ်၊ အမြုပ်တွေ အများကြီးထွက်တယ်။ မိုးရေချိုးပြီး၊ နွေးနွေးထွေးထွေးဝတ်ထားရင်း အမေပြင်ထားတဲ့ မနက်ထမင်းကြမ်းစားရတာ ဘာနဲ့မှမလဲနိုင်ဘူး။
လွမ်းကောင်းကောင်းနဲ့ လွမ်းရတာ အပြင်မှာမိုးတောင် တိတ်သွားပြီး နေပြန်ပူနေပြန်ပြီ။ ဆောင်းရာသီကုန်သွားပြီမှတ်တာ အရင်ရက်က အတော်ပြန်အေးနေတယ်။ ခုနောက်ရက်တွေတော့ ပူတော့မယ်တဲ့။ ဒီအချိန်က အတော်နေလို့တော့ ကောင်းတယ်။ ပန်းသီးပင်လေးတွေလဲ အဖူးဖူးကုန်ကြပြီ။ ဒီလိုနဲ့နွေဦးပေါက်ရာသီလေးလဲ အသက်ဝင်လာပြန်ပြီပေါ့။ ဒီနှစ်မိုးတော့ အိမ်မပြန်နိုင်တော့ဘူး၊ နောက်နှစ်မိုးဦးကျတော့ အိမ်ပြန်ရကောင်းပါရဲ့လေ။ ။
3 comments:
ကိုဖြူရေ ကျနော် ရေမှော်က ယားတတ်တယ်ဆိုတာကိုလည်း မသိဘူးဗျ၊ ငါးတောင်စေး ကိုလည်းမသိဘူးဗျ၊ ကျော်စံကေးရောပဲ။ နောက်မှ အလည်လိုက်ပြီး စာဦးမယ်ဗျာ။ ကိုဖြူလွမ်းတာနဲ့ ကျနော်ပါ အိမ်ကိုပြေးလွမ်းလိုက်သေးတယ်။ အညာမှာလည်း မိုးရွာရင်တော့ မိုးရေထဲထွက်ပြီး ရေချိုးခဲ့ဖူးတာပဲ။ နောက်နှစ်မိုးဦးကျမှာ အိမ်ကိုရောက်နိုင်ပါစေဗျာ။
မိုးရွာရင် အိမ်ကိုလွမ်းတာ လူတွေမှ မဟုတ်ဘူးဗျ...တိရိစ္ဆာန်တွေလဲ သူတို့ အရင်နေခဲ့တဲ့အိမ်ကို လွမ်းတယ်ဆိုပဲ...လူကြီးတွေ ပြောတာ ကြားဖူးတာ...ကိုဇနိ နဲ့အတူ ငါးတောင်စေးအိုးကပ် လိုက်စားဦမယ်...
တကယ့်ကိုဖတ်လို့ကောင်းကြောင်းပါ။
နောက်ထပ်လဲရေးပါဦးဆောင်းတို့နွေတို့ရဲ့
ရာသီအလှနဲ့ခံစားချက်လေးတွေ....
Post a Comment