နာဂစ်နဲ့ ကျွန်မရဲ့အလှူခံ

>> Wednesday, May 21, 2008


ဒီနေ့တော့ ကျောင်းကအပြန် အပျော်တွေပိုက်ပြီးလာခဲ့တယ်၊ ပြန်တွေးကြည့်ရင် ဂျပန်မှာရောက်ကတည်းက ဒီနေ့ကျောင်းပြန်က အပျော်ဆုံးလို့ထင်မိတယ်။ ပျော်ရတဲ့အကြောင်းလေး ပို့စ်ရေးလိုက်ပါတယ်။

နေ့လည် ၁၂ နာရီ ၅၅ မိနစ်၊ စက္ကူဗူးတခုပွေ့ပိုက်ပြီး ဆရာမ၀င်လာပါပြီ၊ ကွန်နိချိဝ ပြိုင်တူနှုတ်ဆက်သံက ဒီနေ့မှပိုစည်ကားနေသလိုပါပဲ၊ စိတ်ထဲမှာတခုခုထူးခြားနေလို့ ဘေးဘီကို တချက်ကြည့်မိတော့ ကျောင်းသားတယောက်စီရှေ့မှာ ဘာရုပ်လေးတွေလဲမသိ ချထားတာတွေ့ရပါတယ်၊ ဆရာမနဲ့ အပြန်အလှန် နှုတ်ခွန်းဆက်ပြီး စာသင်ဖို့ စတင်ပါတော့တယ်။
ကဲ အရင်တပတ်ကပေးထားတဲ့ အိမ်စာတွေစဖတ်ကြမယ်။



ဂျိန်းဘွန်းစံ မင်းရဲ့အိမ်စာဖတ်ပါ။
အဲဒီမှာ အမေရိကန်ကျောင်းသား ဂျိန်းဘွန်းက သူ့ရဲ့ရှေ့က အရုပ်လေးကို မိတ်ဆက်တော့တာပဲ၊ သူက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက တရုတ်ပြည်ကို အလည်သွားလို့ အပြန်အမှတ်တရ ၀ယ်လာတဲ့အကြောင်း၊ အရုပ်ကလေးက စွန်ရုပ်လေးပါ၊ စက္ကူ ပိတ်စ ၀ါးတို့နဲ့ လုပ်ထားတဲ့ ရိုးရာစွန်ရုပ်လေးဆိုတာ ပြောပါတယ်။ အရုပ်လေးကို ယွန်းစက္ကူဗူးလှလှလေးနဲ့ ထည့်ထားတယ်၊ ရောင်စုံဆေးတွေကို လက်နဲ့ခြယ်ထားတာပါတဲ့၊ ချစ်စရာကောင်းတဲ့အရုပ်လေးကို ကျွန်မတို့တတွေ လက်ဆင့်ကမ်းပြီး ကြည့်ကြရတယ်။


နောက် အက်စတာစံ…မင်းရဲ့ ကိုရီးယားအစားအစာကို မိတ်ဆက်ပါအုံး။
ဒါနဲ့ ကိုရီးယားသူငယ်ချင်းမက သူတို့ ကိုရီးယားခေါက်ဆွဲတစ်မျိုးကို ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုအရသာရှိတယ်ဆိုတာ ပြောပြပါတယ်။ အားလုံးကတော့ ဂလု ဂလုနဲ့ တံတွေးတွေ မြိုချသံကြားနေရပြီ။ သူ့လက်ထဲမှာတော့ လူငါးယောက်စာလောက် စားနိုင်တဲ့ ခေါက်ဆွဲထုပ်ခပ်ကြီးကြီးကို မြင်နေရတယ်။

ချိုင်စံရေ မင်းကဘာကိုမိတ်ဆက်မလဲ လုပ်ပါအုံး။
ကမ္ဘောဒီးယားကျောင်းသားပါ။ သူကလူအသေးဆုံး၊ စကားအများဆုံး၊ ရယ်စရာလဲအမြဲပြောတတ်တယ်၊ သူကတော့ ရိုးရာပိုက်ဆံအိတ်အကြောင်းကို ပြောပါတော့တယ်။ အရောင် ၇ မျိုးနဲ့ရောစပ်ထားတဲ့ ပိုက်ဆံအိတ်လေးဖြစ်တဲ့အကြောင်း နေရောင်နဲ့ဆို ငွေရောင်ပြေးနေသလိုထင်ရကြောင်း ဇစ်ကတော့ ရွှေရောင်ကွင်းလေးပါတဲ့အကြောင်းပြောပါတယ်။ ဒီနိုင်ငံတွေက ခရက်ဒစ်ကဒ်၊ အကြွေစေ့ ဒါတွေအလေးထားနေရတော့ သူတို့တွေအတွက် ထည့်စရာနေရာလည်းပါကြောင်း ကြော်ငြာနေတယ်။

ထိုင်းက ချိုလ်စံအလှည့် ပြောပါအုံး။
ချိုစန်ကတော့ အီလက်ထရောနစ် ဒစ်ရှင်နရီလေးအကြောင်းပြောတယ်။ သူရဲ့ ဒစ်ရှင်နရီက ဘာသာစကား ၅ မျိုး အင်စတောလုပ်ထားပါတယ်တဲ့ အင်္ဂလိပ်၊ ရုရှ၊ ထိုင်း၊ ဂျပန် နဲ့ ပြင်သစ်စကားတွေပါတယ်တဲ့။

စန်းစံ မင်းအလှည့်တဲ့။
ဟိဟိ ကျမကတော့ လုပ်လိုက်ရင် အလွဲလွဲ၊ အိမ်စာက တင်ပြီးသွားပြီ။ သူများပြောတာတွေ နားထောင်ရင်းမှ သဘောကပေါက်ပေါက်လာတာ။ ကျမရဲ့ ကြော်ငြာကတော့ စက်ဘီးလေး။ အဖြူရောင်စက်ဘီးလေး ကျမရဲ့ ထိုင်းကသူငယ်ချင်းဆီက လက်ဆောင်ရထားတာ။ စက်ဘီးမရှိခင်က ကျောင်းကို ၂၅ မိနစ်ကြာလာရတဲ့အကြောင်း၊ ခုတော့ ၁၀မိနစ်နဲ့ ကျောင်းရောက်တဲ့အကြောင်း ဈေးဝယ်သွားရင်လဲ အထုပ်အလေးတွေ လက်နဲ့ဆွဲစရာမလိုတော့တဲ့အကြောင်း၊ ကျောင်းပိတ်ရက်ဆို ပန်းခြံထဲ ကလေးတွေကစားတာ သွားကြည့်ရင်း စက်ဘီးလေးနဲ့ အလည်သွားနိုင်ကြောင်းပေါ့၊ ဒါကြောင့် စက်ဘီးလေးဝယ်စီးဖို့ ကြော်ငြာချလိုက်တာ။

နောက်တစ်ယောက်ကတော့ ကမ္ဘောဒီးယားက ချန်ထရာစံအလှည့်ပါ။
ချန်ထရာစံက သူတို့ရိုးရာဘောင်းဘီရှည်အကြောင်း၊ ဘောင်းဘီက ကျွန်မတို့ မြန်မာပြည်က ရှမ်းဘောင်းဘီနဲ့ခပ်ဆင်ဆင်ပါ။ သူက ခါးတဖြောင်းထဲရှိပြီး နောက်ဘက်မှာ ကြိုးနှစ်စပါပါတယ်။ မိန်းကလေးလဲ ၀တ်နိုင်တယ်ပြောပါတယ်၊ သူက ၀တ်ပြသေးတယ်၊ အသားကတော့ ပိုးသားနဲ့ယက်ထားတယ်။

နောက်ဆုံးကတော့ စပိန်စကားပြောနိုင်းငံတစ်ခုက သူငယ်ချင်းအလှည့်ပါ။ သူ့နာမည်က ရှည်တော့မမှတ်တတ်ပါဘူး၊ အရပ်ကလဲ ၆ပေ ၁၁လက်မ ရှိတယ်တဲ့၊ သူကတော့ ဂျပန်မလေးတစ်ယောက်ဆီက လက်ဆောင်ရတဲ့ အင်တာနေရှင်နယ် အမှတ်တရအရုပ်လေးပါ။ အလံတိုင်မှာ ငါးအမေကြီးရယ် ငါးကလေးလေး၂ကောင်ရယ် ရွှေရောင်ခြူလေးတွေ ဆွဲထားတယ်။

အဲဒီထိကတော့ ကိုယ့်အိမ်စာကိုဖတ်ပြတော့ ပြသာနာမဟုတ်ပါဘူး၊ ခုမှပြသနာကစတော့တာ၊ ခုကိုယ်ကြော်ငြာတဲ့ ပစ္စည်းတွေကို ဈေးရောင်းပွဲလုပ်မယ်တဲ့၊ လေလံတင်သလိုပေါ့။ အမေရိကားနဲ့ ပြင်သစ်က သူငယ်ချင်းက အတန်းရှေ့ကို ထွက်ပါတယ်။ ပစ္စည်းတစ်ခုစီကို စစချင်း ယန်း၁၀၀နဲ့ ရောင်းမယ်။ နောက်တယောက်က တိုးပေးတယ်၊ နောက်တိုးပေးတယ်၊ အမေရိကားကကျောင်းသားကလဲ စားပွဲကိုလက်နဲ့ပုတ်ပုတ်ပြီး ဈေးထပ်ခေါ်သလိုလုပ်လို့ ရယ်နေရသေးတယ်။ ဒီလိုနဲ့ အများဆုံးဈေးပေးတဲ့လူကို ရောင်းလိုက်တယ်။ ဆရာမက စက္ကူပုံးနဲ့ပိုက်ဆံလိုက်ယူတယ်၊ အမေရိကားကသူငယ်ချင်းက ပြောလိုက်သေးတယ်၊ သူ့ရဲ့ ဒီစွန်လေးသာ ပိုက်ဆံတွေအများကြီးနဲ့ ရောင်းရရင်ကောင်းမှာနော်တဲ့၊ ဒါမှ မြန်မာက လေဘေးဒုက္ခသည်တွေကို ကူချင်လို့တဲ့၊ သူ့စကားကြားတော့ ကျွန်မတောင် ခဏမှင်သက်မိသွားတယ်၊ ကျွန်မကတော့ ငါးရုပ်လေးလိုချင်တော့ ၅၀၀ ပေးပြီး အနိုင်ရခဲ့တယ်၊ ဒီလိုနဲ့ နောက်ဆုံးဝယ်စရာကုန်သွားပြီ၊ နားလည်လွဲတဲ့ စက်ဘီးပိုင်ရှင် ဒစ်ရှင်နရီပိုင်ရှင်နဲ့ ပြင်သစ်က အိုင်ပေါ့ပိုင်ရှင်ကတော့ ရောင်းစရာမရှိယောင်ခြာခြာနဲ့ အားလုံးပြီးမှ ကိုယ်နားလည်လွဲမိတဲ့ အိမ်စာရဲ့ ရည်ရွယ်ချက်ကို သိလိုက်တော့တယ်၊ ရှက်တော့ရှက်ပေမယ့် ဘ၀တူက တ၀က်လောက်ဆိုတော့ ဟီး..ဟီးလုပ်နိုင်သေးတယ်။

ပိုက်ဆံတွေရေလိုက်တော့ ယန်း ၆ထောက်ကျော်ကျော်ရတယ်၊ ဆရာမက ထပ်ထည့်လိုက်တော့ ၇ ထောင်ဖြစ်သွားတယ်၊ မြန်မာပြည်က ဒုက္ခသည်တွေဆီပို့ပေးပါလို့ ကျွန်မရှေ့ ပိုက်ဆံပုံးကြီးလာချတယ်၊ အားလုံးက လက်ခုပ်တွေတီးကြတယ်၊ ကျွန်မမှာတော့ မအီမလည်နဲ့ ဘာပြောရမှန်းမသိအောင် ဖြစ်သွားတယ်၊ အတော်ကြာမှ မိနစံ..အရိဂတိုး အားလုံးပဲကျေးဇူးပါလို့ ပြောပြီး အဲဒီပုံးကြီးနဲ့ တချိုးထဲ ပိုက်ဆံလွှဲတဲ့ စာတိုက်ကို ပြေးခဲ့ရတော့တယ်၊ ရင်ထဲမှာ ပျော်ပါတယ်၊ မြန်မာလူမျိုးတွေအတွက် လက်တစ်ဖက်ဖြစ်ဖြစ် ကမ်းချင်ပါတယ်၊ ဆရာမရဲ့ ထူးဆန်းတဲ့ အတွေးလေးကို သဘောကျလို့ ပြန်ပြောင်းအောက့်မေ့မိကြောင်းပါ၊ ကျွန်မတို့ရဲ့အလှူလေးက ကျွန်မချစ်တဲ့ မြန်မာလူမျိုးတွေဆီ ရေတစ်ဗူးလောက်ဖြစ်ဖြစ်ရောက်ရင်ကို အတိုင်းမသိ ၀မ်းသာမိကြောင်း ပြောပါရစေ။

(ချိုင်စံဆီက ကမ္ဘောဒီးယားပိုက်ဆံအိတ်ကတော့ ဒီနေ့မပါလာလို့ နောက်တနေ့ ဒီလိုအချိန်မှာ ရောင်းပေးမယ်တဲ့။ ကျွန်မကတော့ ဈေးပိုပေးပြီး ၀ယ်လိုက်မယ်လို့ စိတ်ထဲမှတ်ထားတယ်။)

မဇနိ

7 comments:

Unknown May 21, 2008 at 8:56 PM  

နာဂစ္စ ဒုက္ခသည်တွေအတွက် အလှူပိုက်ဆံရအောင် ပစ္စည်းလေးတွေ လေလံရောင်းချဖို့ စိတ်ကူးရတဲ့ ဆရာမရယ် ကျောင်းသားတွေက ကျေးဇူးတင်စရာပါ။ ကယ်ဆယ်ရေးတွေအတွက် တတ်နိုင်သလောက် ပါဝင်တာ ချီးကျူးစရာပါ။

Anonymous May 21, 2008 at 11:52 PM  

မဇနိရေ
ဘောပွဲကြည့်နေရင်းနဲ့လာဖတ်သွားပါတယ်။
ပို့စ်ကဖတ်လို့ကောင်းတယ်။
နိုင်ငံတကာကကျောင်းသားတွေရဲ့အတွေးတွေက စိတ်ဝင်စားဖို့ကောင်းတယ်။
ဆရာမရဲ့စိတ်ကူးလေးကလှတယ်။
မြန်မာပြည်က လေဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေရလိုက်တာကတော့ ဝမ်းလဲသာ၊ သာဓုလဲခေါ်ပါတယ်။
ပိုက်ဆံအိတ်လေးကြည့်ဖို့လဲမျှော်နေတယ်။

tmn May 22, 2008 at 12:29 PM  

ဆရာမရဲ့ စိတ်ကူးလေးကတော့ လေးစားစရာပါပဲဗျာ…
ကျွန်တော်တို့ မြန်မာပြည်သူအားလုံး ရန်သူမျိုးငါးပါဘေးမှ ကင်းဝေးကြပါစေ…

Anonymous May 22, 2008 at 1:55 PM  

ဆရာမက စိတ်ကူးအရမ်းကောင်းတာပဲ။ ကုသိုလ်လဲရတယ်။ ပျော်လဲ ပျော်ကြရမယ်။ ဒီအတိုင်းပိုက်ဆံလှူလိုက်ရင် နောက်ကျ မေ့သွားကြမှာ။ အခုလို လုပ်ထားတော့ မေ့ကြမှာ မဟုတ်ဘူး။ အမြဲသတိရပြီး ပီတိဖြစ်နေကြမှာ။
စစ်ကိုင်းသူ

Anonymous May 22, 2008 at 6:12 PM  

လုပ်ငန်းခွင်ရောက်ရင်လက်တွေ့အသုံးချမယ်/ရအောင်နော်။
စိတ်ကူးဆန်းဆန်းပေးတဲ့မဇနိလေး.......
ကျေးဇူး

Anonymous May 23, 2008 at 6:50 AM  

စိတ်ကူးလေးကို သဘောကျတယ်ဆိုလို့ ၀မ်းသာမိပါတယ်
လာလည်သူအားလုံး ကျေးဇူးပါနော်
ပိုက်ဆံအိတ်လေးများ ၀ယ်ခွင့်ရခဲ့ရင်လည်း
ဒီနေရာမှာ ဓါတ်ပုံ ပြပေးမယ်
လက်ထဲမှာ ရှိတဲ့ ကချင်လွယ်အိတ်လေးလဲ နောက်တစ်ပတ်မှာ ရောင်းရရင် ကောင်းမလား စိတ်ကူးနေတယ်

ရွှန်းမီ May 23, 2008 at 11:07 AM  

သိပ်စိတ်ကူးကောင်းတာပဲ..
သာဓု သာဓု သာဓု ပါ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP