စစ်ကိုင်းသူ၊ ဖျာလိပ်နတ်နှင့် ချောက်ခြားဖွယ် ညတစ်ည
>> Saturday, May 3, 2008
ဖန်ခွက်နတ်အကြောင်းပြီးတော့ ဖျာလိတ်နတ်အကြောင်း ရေးပါဦးမယ်။ ဖျာလိတ်နတ်ကိုတော့ တော်တော်များကြားဖူးကြမယ် ထင်ပါတယ်။ မအောင်ဖြူလို့ ခေါ်ပါတယ်။ သူက တနင်္ဂနွေ သမီးပါ။ မိန်းကလေးဆိုတော့ အလှအပကလဲ ကြိုက်ပါတယ်။ အဲဒီတော့ကာ သူ့ကို မခေါ်ခင်မှာ အရင် အလှပြင်ပေးရပါတယ်။ ပထမဆုံး အဝတ်အစားဆင်ပေးရပါတယ်။ အနီကြိုက်တော့ အနီဖြစ်ရင် ပိုကောင်းပါတယ်။ ပြီးရင် သနပ်ခါးလိမ်းပေးရပါတယ်။ နှုတ်ခမ်းနီဆိုးပေးရပါတယ်။ မှန်ကိုလဲ အဆင်သင့်ယူထားရပါတယ်။ သူဝင်လာရင် မှန်ကြည့်ချင်လို့ပါ။ မေးနေတုန်းလဲ မှန် ခဏ ခဏ ပြပေးရပါတယ်။ အဲဒါဆို သူပိုပျော်ပါတယ်။ သြော် နောက်အရေးကြီးတဲ့ တစ်ချက်ရှိပါသေးတယ်။ မအောင်ဖြူက ယောက်ျား အရမ်းမုန်းပါတယ်။ ယောက်ျားလေး အသံကြားရင် လုံးဝမဝင်ပါဘူး။ ဝင်ပြီးမှ ယောက်ျားလေး အသံကြားရင်လဲ လုံးဝ မလှုပ်တော့ပါဘူး။ တခါတလေ စိတ်တောင်ဆိုးပါတယ်။ ဒါကတော့ ဖျာလိပ်နတ်အကြောင်း အကျဉ်းချုပ်ပါ။ အခု စစ်ကိုင်းသူတို့နဲ့ ပတ်သက်ခဲ့တဲ့ အကြောင်းလာပါမယ်။
အဲဒီနေ့က ကျောင်းပိတ်ရက်ကြီးပါ။ ထုံးစံအတိုင်းပဲ အပူဒဏ်ကြောင့် အိပ်လို့ မရကြပါဘူး။ အစောပိုင်းမှာတော့ အေးအေးဆေးဆေး စကားထိုင်ပြောနေကြတာပါ။ ဒီတစ်ခေါက်က လူအုပ်တော်တော်တောင့်ပါတယ်။ အခန်း ၃ ခန်းပေါင်းမိနေတာပါ။ စစ်ကိုင်းသူတို့ အခန်းမှာတော့ မဟုတ်ပါဘူး။ ၃ ခန်းဆိုတော့ကာ အစွန်နှစ်ခန်းက အလယ်ခန်းကို လာစုကြတာပါ။ ဟိုရောက် ဒီရောက် ပြောရင်းကနေ တစ်ယောက်က စကားပြောရတာ ပျင်းလာလို့ဆိုပြီး တစ်ခုခု လုပ်ကြဖို့ အကြံပြုပါတယ်။ အဲဒီမှာတင် ဖျာလိတ်နတ်မေးကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အချိန်ကလဲ တကယ့် အချိန်ကောင်းပါ။ ည ၁၂ နာရီပါ။ ဒီတစ်ခါမှာတော့ အခက်အခဲ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ စစ်ကိုင်းသူက အရင်က ခေါ်ဖူးလို့ပါ။ အဲဒါနဲ့ပဲ ခေါ်ဖို့ ပြင်ဆင်ကြတော့ ရန်ကုန်သူ ဖြူဖြူသေးသေးလေးက သူ့ရဲ့ ဝမ်းဆက် အနီရောင်ကို ထုတ်ပေးပါတယ်။ ဖျာကိုတော့ စတည်းချရာ အခန်းက တစ်ယောက်ကပေးပါတယ်။ ဘယ်သူလဲလို့ မမှတ်မိတော့ပါဘူး။ မိတ်ကပ်ကိုတော့ ဝိုင်းဝန်း လက်စွမ်းပြလိုက်တာ ခဏချင်းမှာပဲ မအောင်ဖြူတစ်ယောက် အပျံစား ဖြစ်သွားပါတော့တယ်။ အဲဒါနဲ့ပဲ စပြီး ခေါ်ကြပါတော့တယ်။ အဆင်သင့်ပြင်ထားတဲ့ ဖျာလိတ်(မအောင်ဖြူ)ကို အနည်းဆုံး ၃ ယောက်က ကိုင်ထားပေးရပါတယ်။ ဖျာလိတ် အခြေကနေ ကိုင်ရတာပါ။ (လူလဲ လဲပြီးကိုင်ရပါတယ်။ အကြာကြီးမ မထားနိုင်လို့ပါ။)
စစ်ကိုင်းသူ : တနင်္ဂနွေသမီး ဖျာလိတ်နတ် မအောင်ဖြူ ညီမလေးတို့နဲ့ ကစားရအောင်လာပါ။
(၂ ခါ ၃ ခါလောက် ခေါ်ပါတယ်)
စစ်ကိုင်းသူ : မအောင်ဖြူရောက်ပြီ ဆိုရင် စကောဝိုင်း ဝိုင်းပြပါ။
ဖျာလိတ်နတ်: ဖျာကို ဆန်ပြာတဲ့အခါ ဝိုင်းသလို ဝိုင်းပြပါတယ်။
စစ်ကိုင်းသူ : မအောင်ဖြူရောက်ပြီ ဆိုရင် မှန်ကြည့်လိုက်ပါဦး။
ဖျာလိတ်နတ်: မှန်ထောင်ထားတဲ့ဖက်ကို ဖျာကို လှဲချပါတယ်။
(တခါတလေ အဲလို မှန်ကြည့်ပြီဆိုရင် တော်တော်နဲ့ ဖျာကို ပြန်မတ်လို့ မရပါဘူး)
စစ်ကိုင်းသူ : မအောင်ဖြူ ညီမလေးတို့နဲ့ ဆော့ရတာ ပျော်သလား။ ပျော်ရင် အရှေ့အနောက်
ယိမ်းပြပါ။
ဖျာလိတ်နတ်: အရှေ့အနောက် ယိမ်းပြပါတယ်။
စစ်ကိုင်းသူ : မအောင်ဖြူ ဒီထဲမှာ ဘယ်သူ့ကို အချစ်ဆုံးလဲ။
ဖျာလိတ်နတ်: သူပြောချင်တဲ့လူရဲ့ခေါင်းကို ဖျာလိတ်နဲ့ ရိုက်ပြပါတယ်။
(အများအားဖြင့် တနင်္ဂနွေသမီးကို အချစ်ဆုံးလို့ ပြောတတ်ပါတယ်)
စစ်ကိုင်းသူ : မအောင်ဖြူ ဒီထဲမှာ ဘယ်သူ အချောဆုံးလဲ။
ဖျာလိတ်နတ်: သူပြောချင်တဲ့လူရဲ့ခေါင်းကို ဖျာလိတ်နဲ့ ရိုက်ပြပါတယ်။
စစ်ကိုင်းသူ : မအောင်ဖြူ ဒီထဲမှာ ရည်းစားရပြီးသားလူပါလား။ ပြောပါဦး။
ဖျာလိတ်နတ်: နှစ်ယောက် သုံးယောက်လောက် ရိုက်ပြပါတယ်။
(အဲဒီတုန်းကတော့ တက္ကသိုလ်စတက်ခါစ ရှိသေးတာကိုး၊ အခုနေများ ရိုက်ခိုင်းရင် ဘယ်လိုနေမယ်မသိ။ မရှိသေးတဲ့လူရိုက်ရတာ ပိုသက်သာတယ်လို့ ပြောမယ်ထင်တယ်။)
စစ်ကိုင်းသူ : မအောင်ဖြူ ဒီထဲမှာ ဘယ်သူ အရင်ဆုံး အိမ်ထောင်ကျမလဲ။ အစဉ်အလိုက်
ရိုက်ပြပါ။
ဖျာလိတ်နတ်: တစ်ယောက်ပြီးတစ်ယောက် အစဉ်အလိုက် ရိုက်ပြပါတယ်။
(စစ်ကိုင်းသူတို့ တသိုက်ကတော့ တစ်ယောက်ရိုက်လိုက်၊ တစ်ခါ စလိုက်၊ ဆူလိုက်နဲ့ပေါ့)
စစ်ကိုင်းသူ : မအောင်ဖြူ မရိုက်ဘဲ ထားခဲ့တဲ့ သူတွေ ရှိတယ်နော်။ အဲဒီလူတွေက
အပျိုကြီးဖြစ်မှာမို့လား။ ဟုတ်ရင် စကောဝိုင်း ဝိုင်းပြပါ။
ဖျာလိတ်နတ်: ဝိုင်းလိုက်တာမှ သွက်သွက်ကို ခါနေတာပါပဲ။
(စိတ်မကောင်းစရာကတော့ ဖျာလိတ်နတ် ထိပ်မပုတ်တဲ့ထဲမှာ စစ်ကိုင်းသူက ထိပ်ဆုံးက ပါနေတာပါပဲ။)
စစ်ကိုင်းသူ : မအောင်ဖြူ မှန်ကြည့်လိုက်ပါဦး။ ပြီးရင် အိမ်ထောင်ကျမဲ့လူတွေထဲမှာ ဘယ်သူ
ကလေးအများဆုံးရမှာလဲ ပြောပါဦး။ ရမဲ့ အရေအတွက်ကို ရိုက်ပြပါ။
ဖျာလိတ်နတ်: တစ်ယောက်ပြီးတစ်ယောက် တန်းစီပြီးရိုက်ပါတော့တယ်။
(တစ်ယောက်ဆို ၇ ချက်ထိ အရိုက်ခံလိုက်ရပါတယ်။ စစ်ကိုင်းသူတို့တွေလဲ တဟားဟားပေါ့။ အဲဒီ သူငယ်ချင်းကိုလဲ စလို့ မဆုံးတော့ပါဘူး။)
အဲဒီလိုနဲ့ မေးလိုက်ဖြေလိုက်လုပ်နေကြရင်းကနေ ရုတ်တရက်၊ အသည်းငယ်တတ်တဲ့ ရန်ကုန်သူတစ်ယောက်က ”အား ဘာကောင်ကြီးလဲ” ဆိုပြီး ငယ်သံပါအောင် အော်လိုက်ပါတယ်။ ကျန်တဲ့ သတ္တိခဲတော်တော်များများကလဲ ဘာမှန်းမသိ ညာမှန်းမသိနဲ့ ငယ်သံပါအောင် လိုက်အော်ကြပြီး၊ ဝရုန်းသုန်းကား ဖြစ်သွားပါတော့တယ်။ ဆိုးသွားတာက အဲဒီအချိန်မှာ ဖျာလိပ်ကို ကိုင်ထားတဲ့ ကျန်တဲ့ ၃ ယောက်ကလဲ အဲဒီ သတ္တိခဲတွေထဲမှာ ပါနေပါတယ်။ ရလဒ်ကတော့ ဖျာလိတ်ကိုင်ထားတဲ့လက်တွေကို လွှတ်ချလိုက်တဲ့အတွက် စစ်ကိုင်းသူခမျာ ဖျာလိတ်ကြီးကို တစ်ယောက်တည်း မနိုင်မနင်းဖြစ်ပြီး မအောင်ဖြူခမျာမှာလဲ ကြမ်းပြင်ပေါ်ကို ဂျွမ်းပြန်ပြီး ကျပါတော့တယ်။ အဲဒီကျမှ အကုန်လုံးလဲ ထိတ်ထိတ်ပျာပျာဖြစ်ပြီး မအောင်ဖြူကို ကမန်းကတမ်း ထူကြရပါတော့တယ်။ မအောင်ဖြူလဲ တော်တော်ကို စိတ်ဆိုးသွားပါတယ်။ ပြန်မေးတဲ့အခါ အကုန် ကိုးလိုးကန့်လန့်တွေ လုပ်ပါတော့တယ်။ အဲဒီ အချိန်မှာ တစ်ယောက်က ”ဒုက္ခပါပဲ ကြောက်လိုက်တာ” လို့ ပြောလိုက်ပါတယ်။ စစ်ကိုင်းသူလဲ အဲဒီ တစ်ယောက်ကို ကမန်းကတမ်းလှမ်းဟန့်ပေမဲ့ မမီတော့ပါဘူး။ အကောင်တွေ့လိုက်လို့ အော်လိုက်တဲ့ သူငယ်ချင်းခမျာလဲ မျက်နှာငယ်လေးနဲ့ သူ့ကို စိတ်မဆိုးဖို့ တတွတ်တွတ် တောင်းပန်ပါတော့တယ်။ သူက စကားပြောလဲ ကောင်းပါတယ်။ အသံလေးကလဲ ချိုပါတယ်။ အဲဒီတော့ နောက်ဆုံးတော့ မအောင်ဖြူလဲ သူ့ကို စိတ်ဆိုးပြေပြီး ခွင့်လွှတ်လိုက်ပါတော့တယ်။ အဲဒီမှ စစ်ကိုင်းသူလဲ သက်ပြင်းချနိုင်ပြီး နောက်ထပ် ပြသနာမပေါ်ခင် မအောင်ဖြူကို မှန်ကြည့်ခိုင်းပြီး ပြန်ခိုင်းပါတယ်။ ဒါပေမဲ့ မအောင်ဖြူက မထွက်ပါဘူး။ အဲဒါနဲ့ မအောင်ဖြူက ညီမလေးတို့နဲ့ ဆော့ချင်သေးတာလားလို့ မေးတော့လဲ မဟုတ်ဘူးတဲ့။ စစ်ကိုင်းသူခမျာလဲ ဘာလုပ်ရမှန်း မသိပေါ့။ နောက်မှ ဖျတ်ကနဲ သတိရလိုက်တာက တစ်ယောက်က သူ့ကို ကြောက်တယ်လို့ ပြောလိုက်တာကိုပါ။ အဲဒါနဲ့ပဲ အဲဒါကြောင့်လားလို့ မေးလိုက်တော့ ဟုတ်ပါသတဲ့။ အဲဒါနဲ့ပဲ အဲဒီ တစ်ယောက်ကို တောင်းပန်ခိုင်းရပါတယ်။ ဖြစ်ချင်တော့ အဲဒီ တစ်ယောက်က အရမ်း စကားနည်းတဲ့ တစ်ယောက်ဖြစ်နေပါတယ်။ သူလဲ တတ်သမျှ မှတ်သမျှတော့ တောင်းပန်ရှာပါတယ်။ စစ်ကိုင်းသူတို့ အကုန်လုံးလဲ ဝိုင်းပြီး တောင်းပန်ကြပါတယ်။ ဒါပေမဲ့ နာရီဝက်လောက် ကြာတဲ့ထိ မအောင်ဖြူက လုံးဝ မထွက်ပါဘူး။ စစ်ကိုင်းသူကိုယ်တိုင်လဲ ချွေးပြန်စ ပြုလာပါပြီ။ ကျန်တဲ့သူတွေ ကြည့်လိုက်တော့လဲ အကုန်လုံး မျက်နှာငယ်လေးတွေနဲ့ပါ။ တကယ်တမ်းမှာတော့ အကုန်လုံး တော်တော်ကြောက်နေကြပါပြီ။ ဖျာလိတ်နတ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေကလဲ ကြားဖူးထားတာ အများကြီးကိုး။ ကြောက်သာ ကြောက်တာ တစ်ယောက်မှ ကြောက်တယ်လို့ ပြောဖို့နေနေသာသာ မျက်နှာ မပျက်အောင်တောင် သတိထားနေရပါတယ်။ သူ့ကို ကြောက်တယ်လို့ ပြောလို့ စိတ်ဆိုးနေတာကိုး။ တောင်းပန်ရင်း တောင်းပန်ရင်းနဲ့ အကုန်လုံးလဲ တော်တော် သွေးပျက်နေကြပါပြီ။ ဖျာလိတ်ပိုင်ရှင်ဆို မျက်နှာလေးကို ဇီးရွက်လောက်ပဲ ကျန်ပါတော့တယ်။ အသက်တောင် ပြင်းပြင်းမရှူရဲကြပါဘူး။ နောက်ဆုံး ရှိသမျှလူအကုန်ဝိုင်းတောင်းပန်ပြီး၊ အကုန်လုံး မောသလောက်ရှိတော့မှ (၁နာရီနီးနီး ကြာပါတယ်) မှန်ကို အားရအောင် ကြည့်ပြီး ထွက်သွားပါတော့တယ်။ အဲဒီတော့မှ အကုန်လုံး အသက်ကိုဝအောင်ရှူ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၊ ဖွင့်မပြောဘဲနဲ့ သဘောတူညီမှု့တစ်ခု ရလိုက်ကြပါတော့တယ်။ ဘာသဘော တူညီချက်လဲ ဆိုတာတော့ ပြောစရာမလိုတော့ဘူး ထင်ပါတယ်နော။ သြော် ပြောဖို့ တစ်ခု ကျန်သွားတယ်။ ဖျာလိတ်ပိုင်ရှင် သူငယ်ချင်းခမျာ အဲဒီညအဖို့ သူ့ဖျာကို ပြန်မဖြန့်ရဲတော့ပဲ သူများကုတင်မှာ ပူပူအိုက်အိုက် ကြပ်ကြပ်ညပ်ညပ်နဲ့ သွားအိပ်လိုက်ရတာပါပဲ။
စစ်ကိုင်းသူ
5 comments:
ကျောင်းသူဆောင်က မိန်းကလေးတွေ ဖျာလိတ်နတ်မေးနေတဲ့ အချိန် ယောက်ျားလေးဆောင်က ကိုဖြူတို့ဘာလုပ်နေပါလိမ့်။ :D
စားဖိုဆောင်က ဦးကြီးတွေဆီကနေ မယ်ဒလင်ငှားပြီး မယ်ဒလင်များတီးနေသလား။
ဝီတွေကို လူပေါ့နေအောင်ပဲ မှီဝဲနေမလား။
ကိုလုံးကြီးရော… စာတွေကုန်းဖတ်အောင် လူရှင်းတဲ့နေရာ ချောင်းနေသလား။
ကိုလူအေးကတော့ မေတ္တာတွေပို့၊ ပရိတ်ကြီးတွေပဲ ရွတ်ဖတ်နေသလား။
သူများတွေနတ်မေးတုန်း ဘော်ဘော်တို့က ဘာလုပ်နေကြလည်း ရေးကြပါဦး။
စစ်ကိုင်းသူရေ တခြားနတ်တွေလည်း လုပ်ပါဦး..ပြီးရင် စာအုပ်ထုတ်ရအောင် … “နတ်များနှင့် ကျွန်မ” ဆိုပြီးလေ။
ဟဟ
တော်သေးတယ် ဖျာလိပ်နတ်ကထွက်သွားလို့။ တော်ကြာမထွက်ပါဘူး အဆောင်မှာပဲ နေမယ်ဆိုရင် သူ့ကိုဘယ်သူထမင်းကျွေးမှာလဲ။ ဒါပေမယ့် ကိစ္စတော့မရှိဘူး။ အဆောင်ထမင်းမကောင်းတာနဲ့ ဖျာလိပ်နတ် တစ်ရက်တောင်ခံမှာမဟုတ်ဘူး၊ လစ်သွားမှာ။
ကိုဇနိရေ ကျွန်တော်တို့က ပုလင်းနတ်မေးတာလေဗျာ။ မှန်လိုက်တာမှ၊ တောင်ငူကတစ်ယောက်ဆို ကက်ဆက်ခွေနဲ့တောင် အသံဖမ်းထားရတယ်။ :p
စစ်ကိုင်းသူရေ...ပျော်စရာကောင်းတယ်ဖတ်ရတာ....အဆောင်သူတွေဘ၀ကိုလွမ်းလာတယ်......စစ်ကိုင်းသူက အရေးအသားကလဲကောင်းတယ်ဗျာ....ဘာတွေလုပ်နေတယ်ဆိုတာ စစ်ကိုင်းသူတို့နားလာကြည့်ရသလိုပဲ..ရေးလဲရေးတတ်တယ်.....အားပေးနေတယ်ဗျို.....
ကိုဇနိရေ... မန်းချယ်ရီမှာ နတ်မေးနေတုန်း ကနောင်မှာ ဆန်အကြွေးလာတောင်းမှာကြောက်လို့ မောင်ဖြူတို့ ကုတင်အောက် ၀င်ပုန်းနေဆိုပဲ
ဟဟ ကေဖိုး -ရေ ဟုတ်တယ်ဗျ မောင်ဖြူက လူကောင်ကကြီးတော့ ကုတင်အောက်ဝင်ပုန်းပေမယ့် မလုံမခြုံနဲ့ ဖင်ဘူးတောင်းကြီးထောင်လို့၊ သူငယ်ချင်းတွေက ဘာလုပ်နေတာလဲဟ ဆိုပြီးမေးမှ ညနေကပြားငါးဆယ်ကျပျောက်လို့ လိုက်ရှာတာပါဆိုပြီး စပ်ဖြီးဖြီးနဲ့ပြန်ဖြေတယ်။ မောင်လူအေးတောင် ကိုဖြူဖင်ဆောင့်ကန်လိုက်သေးတယ်။
Post a Comment