သမီးအတွက် မွေးနေ့ဆုတောင်း

>> Monday, May 5, 2008


သမီးရေ သမီးရဲ့မွေးနေ့မင်္ဂလာမှာ ဖေဖေ အမှတ်တရစာရေးလိုက်ပါတယ်။ ဒီနှစ်မှာ သမီးမွေးနေ့ရော၊ မွေးရက်ရော ထပ်တယ်နော်။ ဖေဖေရယ်၊ မေမေရယ် သမီးမွေးနေ့မှာ ဘုရားကိုသွားကြမယ်။ ဘုရားမှာလည်း ၀တ်ပြုဆုတောင်းပြီး သမီးအတွက် ရည်ရွယ်ပြီး ရွှေသင်္ကန်းလှူခဲ့မယ်နော်။ အိမ်ကိုဆွမ်းခံကြွတဲ့ ရဟန်းတွေကိုလည်း သမီးမွေးနေ့မှာ ၀တ္ထုပစ္စည်းတွေ၊ ဆွမ်းတွေ အထူုးချက်ပြီး ပြီး ဘေးဘရာတွေ ဝေးကွာကျော်အောင်လို့ ဘယာကြော်လေးရောပါ အလှူအတန်းတွေလုပ်မယ်။ သမီးရေ အခုဆိုသမီး ဖေဖေတို့နဲ့ အဝေးမှာခွဲနေရတာ နှစ်တွေ မနည်းတော့ဘူးနော်။ ဖေဖေတို့လည်း သမီးလေးနဲ့ ဘယ်ခွဲနေချင်ပါမလဲ သမီးရယ်။ သမီးကို ပညာတွေအများကြီးတတ်တဲ့ သူတစ်ယောက်ဖြစ်စေချင်လို့သာ သမီးနဲ့ခွဲနေရတာလေ။


သမီးရေ သမီးအတွက် အဖေအမြဲဂုဏ်ယူရတယ် သမီး။ ဘယ်တုန်းကမှလည်း သမီးကြောင့် မျက်နှာမငယ်ခဲ့ရဘူးလေ။ အခုရက်ပိုင်း ဖေဖေ သမီးငယ်ငယ်တုန်းက အကြောင်းတွေကို ပြန်စဉ်းစားနေမိတယ်။ ဖေဖေ့သမီးက ငယ်ငယ်ကလေးကတည်းက အလွန်သွက်တာကိုး။ အလွန်လည်း ချက်ချက်ချာချာရှိတယ်လေ။ သမီးကို သွက်လက်ချက်ချာတဲ့ မယ်မျှင်လေးလို့ ခေါ်တာကိုရော သတိရရဲ့လား။ သွက်သွက်လက်လက်နဲ့ အလွန်လာဘ်မြင် ဥာဏ်အလွန်ထက်တဲ့ သမီးလေး၊ တစ်နေ့နေ့မှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်မယ်ဆိုတာ သမီးငယ်ငယ်ကတည်းက ဖေဖေကြီးက သိတာပေါ့ကွယ်။ မေမေက ဟင်းချက်နေတုန်းများ ငရုတ်သီးစိမ်းဆိုတဲ့ အသံကြားလိုက်ရင် သမီးက နောက်ဖေးစိုက်ခင်းထဲက ငရုတ်ခင်းဆီ သမီးက အပြေးရောက်သွားပြီးသား။ လူကြီးက ရေပုံးတွေနဲ့ ရေခပ်သယ်တာလုပ်ရင်၊ မလုပ်ပါနဲ့လည်းပြောမရ သမီးကလည်း ရေပုံးသေးသေးလေးနဲ့ ရေဆွဲတာလေ။ ကြီးလာတော့ ငါ့သမီးလေး အရပ်ပုတာ အဲဒါတွေပါမယ်ကွ။ သမီးက သမီးမေမေ ထမင်းဟင်းချက်တဲ့ နေရာတွေမှာ၊ အိမ်မှုကိစ္စတွေလုပ်တဲ့နေရမှာ ချက်ချက်ချာချာနဲ့ ကူညီညာလုပ်တတ်တာတွေ ဖေဖေ့မျက်စိထဲက မထွက်ဘူး။

သမီးငယ်ငယ်ကလေ လွယ်အိတ်လေးတလွယ်လွယ်နဲ့ အရွယ်မတိုင်ခင် ကျောင်းသွားတတ်ချင်တာလေ။ သမီးက အသက်မပြည့်သေးလို့ နောက်နှစ်မှ ကျောင်းတက်ရမှာကို အရမ်းသွားချင်နေတော့ သမီးမေမေက ကျောင်းလိုက်ပို့၊ ပြန်လာရင် သမီးထက် အသက်တစ်နှစ်ကြီးတဲ့ ကလေးတွေက ဆိတ်ဆိတ်ဆွဲလို့ သမီးလက်တွေမှာ လက်သည်းရာတွေပါလာရင် ဖေဖေတို့၊ မေမေတို့မှာ စိတ်မကောင်းဖြစ်ရသေးတယ်။ ဒါပေမယ့် ငါ့သမီးက ကျောင်းမှာ အသက်တစ်နှစ်ကြီးတွေက အနိုင်ကျင့်လို့ဆိုပြီး ကျောင်းတက်ချင်တဲ့ စိတ်ပျောက်မသွားဘူးလေ။ သမီးမှတ်မိသေးလား သမီးသူငယ်တန်းအကြို စတတ်တုန်းကလေ မေမေက သမီးကို ကျောင်းလိုက်ပို့တာ၊ အိမ်မှာ မောင်လေးငယ်တို့ ရှိနေတော့ အိမ်ကို မေမေကပြန်ပြေး၊ သမီးတို့ ကျောင်းသူ၊ ကျောင်းသားလေးတွေ ကျောင်းအားလပ်ချိန်မှာ ကျောင်းစာသင်ခန်းမှာ ထိုင်ခုံအရှည်တန်းတွေ အပေါ်တစ်ခုကနေတစ်ခု ခုန်ကူးပြီးကစားကြတာလေ။ သမီးက ထိုင်ခုံရှည်တစ်ခုကနေ လှမ်းအကျော် နောက်ထိုင်ခုံတစ်ခုအပေါ်ကို ခြေမချမိတော့ ပြုတ်ကြ။ ဖေဖေ့သမီး နဖူးကွဲတာလေ။ အိမ်ကို လူအခေါ်လွှတ်လို့ မေမေကျောင်းကိုပြေးပြီး လိုက်ရတာလေ။ ဟိုမှာ သူနာပြုဆရာမတွေက သမီးနဖူးအကွဲကို အစိမ်းချုပ်ချုပ်တော့ “ အမလေး မမရဲ့ နာလိုက်တာနော်၊ နောက်ဒီလို မကစားတော့ပါဘူး မမရဲ့ ၊ မမ မနာအောင်ချုပ်ပေးနော်။” လို့ ငိုယိုပြီးပြောတော့ ဒီ အရွယ်သမီးကလေးက သူနာပြုဆရာမတွေကို မမနဲ့ခေါ်လို့ သူနာပြုဆရာမတွေရော သမီးမေမေရောက စကားတတ်လိုက်တာနော် ဆိုပြီး ရီရီမောမောဖြစ်ခဲ့ရသေးတယ်လေ။ အဲဒီချုပ်ရာလေးရော နဖူးမှာ ရှိသေးတယ်မဟုတ်လား။

စာကိုသိပ်ခင်တွယ်တဲ့ သမီး ငယ်ငယ်က အတန်းစဉ်တိုင်း ဆုမရတာ မရှိခဲ့ဘူး။ သမီးရဲ့ စာဖတ်သံတွေဟာ ဖေဖေအလုပ်လုပ်လို့ ပင်ပန်းသမျှကို ဆွဲထုတ်ယူပစ်တတ်တဲ့ ဆေးတွေပါ။ အလုပ်တွေ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ဖေဖေအလုပ်က ပြန်လာတာမြင်ရင် အိမ်ရှေ့ထွက်ပြီး ဖေဖေ့ကို ဆီးကြိုတတ်တဲ့သမီးကို မြင်လိုက်ရရင် အမောတွေ ပြေသွားရတာပဲ။ ဆုယူသွားဖို့ အလှပြင်တယ်ဆိုတာလည်း သမီးက ကိုယ်တိုင်ပြင်တာလေ။ ဟ ဟ မှတ်မိသေးတယ်၊ ဆံပင်အတိုလေးကို အုန်းဆီတွေရွှဲနေအောင်လိမ်းထားတော့ ဆီတချို့ပါးပေါ်စီးကျလာတော့ ပါးပေါ်က သနပ်ခါးပါးကွက်မှာ အုန်းဆီစီးကြောင်းလေတွေနဲ့လေ။ မေမေ၀ယ်ပြီး သီထားတဲ့ စပယ်ပန်းကုံးလေးကိုပန်ပြီး အဖေတို့ အမေတို့ကိုတောင် မစောင့်ဘဲ ဆုယူဖို့ ကျောင်းကိုပြေးတာလေ။ ဆုယူတဲ့နေရာမှာ စတိုင်အကျဆုံးနဲ့ အမှားအယွင်းအနဲဆုံးက သမီးပဲလို့ ဆရာမတွေကတောင် ပြောတာလေ။ ဆုပေးတဲ့ စင်ကြီးပေါ်မှာ အ၀ိုင်းနှစ်ဝိုင်းရှိတာလေ။ ဒီတစ်ဝိုင်းက ကျောင်းအုပ်ကြီးမတ်တပ်ရပ်ဖို့၊ ဒီတစ်ဝိုင်းက ဆုယူတဲ့သူရပ်ဖို့။ သမီးက အမှားအယွင်းမရှိဆုယူနိုင်တယ်၊ အောက်က ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်မယ်ဆိုတော့လည်း သမီးက မျက်နှာလေးက ကင်မရာဘက်ကိုလှည့်ပြီး ပြုံးလို့၊ နေတတ်လိုက်တာ သမီးရယ်ဆိုတော့ “ သမီးက နှစ်တိုင်းဆုယူတော့ ဒီဟာတွေက ရိုးနေပေါ့” လို့ ပြောတော့ သဘောတွေ ကျလိုက်ရတာ သမီးရယ်။ “ ဆုရတာက ၁၅ ကျပ်၊ ဓာတ်ပုံဖိုးက ၂၅ ကျပ်ဆိုတော့ မတန်ပါဘူး အဖေရယ်”လို့ ပြောတော့ သမီးလေးက စီးပွားရေးတွက်လည်း တွက်တတ်သကိုးဆိုပြီး ၀မ်းသာရတာပါပဲ။

သမီးလေး လေး၊ငါးတန်း ရောက်တော့ ဖေဖေ့အလုပ်က စာရင်းတွေကို ကူတွက်နေပြီလေ။ ဖေဖေ့အလုပ်သမားတွေကို ငွေရှင်းတော့လည်း သမီးလေးလေ။ ငယ်စဉ်ကတည်းက အားကိုးရတာကိုး။ လူကြီးလေးကျနေတာပဲ။ မှတ်မိသေးလားသမီး။ အလုပ်သမားတွေရဲ့ အိမ်တွေဆီကို ကိစ္စရှိလို့ ဖေဖေသွားရင် ဖေဖေနဲ့အတူ သမီးက လိုက်လိုက်လာတတ်တာလေ။ ဖေဖေ့အလုပ်သမားတွေကလည်း ဆင်းရဲကြတော့ အိမ်ဆိုတာ နေဖြစ်ရုံဆောက်ထား၊ ကလေးတွေဆိုတာကလည်း ပေတူးလန်လို့၊ အလုပ်သမားကလည်း ဆရာခေါ်တာကလည်း မိုးမွှန်နေ၊ ဘေးအိမ်ကလူတွေက ၀ိုင်းကြည့်နေကြ၊ အလုပ်သမားရဲ့ဇနီးတွေ ကလေးတွေရောက ရို့ရို့ကျိုးကျိုးနဲ့ ဆက်ဆံကြတော့၊ အဲဒီအိမ်ကအပြန် သမီးပြောတာလေ “အဖေရယ် အဖေ့ကို ရှင်ဘုရင်ကြီး၊ သမီးကို ဘုရင်သမီးတော်ကြနေတာပဲ ၀ိုင်းကြည့်နေလိုက်တာနော်၊ သနားပါတယ်အဖေရယ်”လို့ပြောပြီး လူဆင်းရဲတွေအပေါ် စာနာတတ်တဲ့စကားတွေ ပြောတော့ အဖေ့မှာ ငါ့သမီးလေးက ကြင်နာသနားတတ်တဲ့ စိတ်ထားရှိရှာပါ့ပဲ ဆိုပြီး ၀မ်းသာရတာပါပဲ။

သမီးရန်ကုန်သွားပြီး ကျောင်းတက်တော့လည်း အဖေတို့ကို အမြဲသတိရနေပြီး၊ အိမ်အတွက် အဝေးကတောင်လှမ်းပြီး စီမံသေးတာပဲ။ ရာသီဥတုအေးရင် ဘယ်လိုနေ၊ နေတွေအရမ်းပူလာရင်ဘယ်လိုနေ၊ မောင်လေးတွေကို ဘာလုပ်ပေးပါ၊ ဘာသင်တန်းတွေတက်ခိုင်းပါ ဆိုပြီးလေ။ ကျောင်းပိတ်လို့ အိမ်ပြန်ရင် သမီးလေးက ဖေဖေတို့ဒေသမှာရှားတဲ့ ငါးပိ၊ ငါးခြောက်တွေကို အလေးခံဝယ်လာ၊ သယ်လာတာပဲ။ သမီးကတော့ ဖေဖေတို့အတွက် တကယ့်မှ ရတနာတစ်ပါးပါပဲ။ ဟော အခုလည်း သမီးလေးက နိုင်ငံရပ်ခြားမှာ ကိုယ့်ကိုကိုဦးစီးပြီး တစ်ယောက်တည်း ဘ၀လမ်းကြောင်းပေါ်မှာ အဆုတ်မနှစ်ကြိုးစားနေဆဲလေ။ သမီးငယ်ငယ်တုန်းက ချွဲချွဲနွဲ့နွဲ့၊ တီတီတာတာ ပြောခဲ့တာတွေ၊ လုပ်ခဲ့တာတွေကို အဖေဘယ်လိုမှ မေ့လို့မရလို့ သတိတရ ပြန်ရေးပြနေတာနဲ့ စာတောင် အတော်ရှည်သွားပြီ။ ကဲ သမီးရေ အခုမွေးနေ့မှသည် နောင်မွေးနေ့ပေါင်းမျာစွာအထိ၊ မိမိအကျိုး၊ မိသားစု အကျိုး၊ လူအများအကျိုး၊ တိုင်းပြည်အကျိုးကို များစွာဆောင်ရွက်နိုင်တဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစားနိုင်ပါစေ၊ အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ်။

သမီးကို အများကြီး ချစ်တဲ့
ဖေဖေ
၆-မေလ-၂၀၀၈။

7 comments:

Anonymous May 5, 2008 at 9:16 PM  

မဇနိရေ
မွေးနေ့မှသည် နောက်နှစ်ပေါင်း တစ်ရာတိုင်အောင် ကိုဇနိနဲ့အတူ တစ်ဦးအပေါ်တစ်ဦး နားလည်ပြီး ခွင့်လွှတ်နေရင်းနဲ့ ချစ်ကြတဲ့သူတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Anonymous May 5, 2008 at 9:18 PM  

ကိုဇနိရေ
ကိုဇနိသမီးလေးလဲ ကိုဇနိပြောသလို မိမိအကျိုး၊ မိသားစု အကျိုး၊ လူအများအကျိုး၊ တိုင်းပြည်အကျိုးကို များစွာဆောင်ရွက်နိုင်တဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစားနိုင်ပါစေ၊ အောင်မြင်နိုင်ပါစေလို့ ထပ်လောင်းဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကိုဇနိတို့ကတော့ သမီးမွေးရကျိုးနပ်ပဗျာ။ :P
ကိုမောင်လုံးကြီးတို့တော့ သမီးတစ်ကောင်၊ နွားတစ်ထောင်ဖြစ်နေပြီလားသိဘူး။ အဟီး။

tmn May 5, 2008 at 9:36 PM  

Happy Brithday မဇနိ...

Anonymous May 5, 2008 at 11:36 PM  

Happy Birthday Ms. Zani
ကိုဇနိရဲ့ သမီးလေးက အရင်းလား။ ၀မ်းကွဲလားဟင်

ဇနိ May 6, 2008 at 12:20 AM  

စစ်ကိုင်းသူရေ ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။
ကိုဖြူရေ ကိုမောင်လုံးကြီးက နွားကျောင်းနေတာလားဗျ။ အခန်းထဲ ခလောက်သံတွေများ ဆူညံနေသလား။
တိုတိုတုတ်တုတ် ကိုမောင်လုံး မဇနိက ကျေးဇူးတင်သတဲ့ဗျာ။ နွားကျောင်းရ အဆင်ပြေလား။
ကေဖိုးရေ သမီးက ကျွန်တော့်ရဲ့ တရင်းကွဲလေးပါ။

Anonymous May 6, 2008 at 6:43 AM  

ံHAPPY BIRTHDAY မယ်ဇနိ
သြော်....ဒါကြောင့်ကိုး။

Anonymous May 6, 2008 at 9:09 AM  

ချစ်လှစွာသောအစ်မတော်...သက်တော်ရာကျော်ရှည်စေသော်...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP