အညာဘုရားပွဲ

>> Sunday, May 25, 2008




သူငယ်ချင်း မောင်ပိန်(၀က်သားဒုတ်ထိုး)က စာနဲ့ လိုက်ဖက်မယ်ထင်တဲ့ ပုံတွေပို့ပေးလို့ တင်လိုက်ပါတယ်။ မူရင်း ပန်းချီပိုင်ရှင်များဆီကို ခွင့်ပြုချက်မတောင်းဘဲ တင်လိုက်တဲ့အတွက် အဆင်မပြေဖြစ်ရင် ပြောခဲ့ပါ။ ပြန်ဖြုတ်ပေးပါ့မယ်။


ဒီနေ့ မေလ ၂၅ ရက်နေ့ဆိုတော့ စိတ်က အလိုလိုနေရင်းကို မြို့လေးဆီ သတိရသွားတယ်။ ဒီချိန်ဆို အိမ်မှာ ဧည့်သည်တွေ ဘယ်နှစ်ယောက်များရောက်နေမလဲ။ အမေတယောက် ထမင်းချက် ဟင်းချက်နေရတာ အတော်ပင်ပန်းနေရှာရော့မယ်။ နေကလဲပူတယ်ဆိုတော့ စိတ်မော လူမောဖြစ်နေမလား။ ဒါမှမဟုတ် သူ့တူတွေ တူမတွေလာလို့ ပျော်နေမလား။ သေချာတာကတော့ အမေ ကျွန်မကို သတိရလိမ့်မည်။ အမေသာမက တအိမ်သားလုံးရော အိမ်နားနီးချင်းမိတ်ဆွေများ အစ်ကိုဝမ်းကွဲများပါ ကျွန်မကို သတိရနေမှာပါ။ ကျွန်မက သူတို့ရဲ့တောက်တိုမယ်ရ ကူညီတဲ့သူ ဖြစ်နေလို့ပါ။


ကျွန်မတို့ မြို့လေးသည် မကွေးတိုင်းတွင်း မြို့တမြို့ဖြစ်ပြီး နေအင်မတန်ပူပြင်းတဲ့ အညာပီသသော မြို့လေးဖြစ်ပါတယ်။ ကျောင်းသွားတက်တော့ စကားမပီတဲ့ ကျွန်မကို သူငယ်ချင်းတွေက စတတ်တယ်။ အညာသူ စကားလဲ မပီဘူးတဲ့။ ဟုတ်တယ် ကျွန်မက အညာသူမှ ရိုးရိုးမဟုတ်ဘူး၊ အညာသူစစ်စစ်ကြီးလို့ ပြန်ပြောလေ့ရှိပါတယ်။ မြို့အရှေ့ဖက်ယွန်းယွန်းမှာ ရွှေမောဌောဘုရား၊ မြို့လယ်မှာ ရွှေကူဘူရားနဲ့ မြို့အနောက်ဖက်ဆီမှာတော့ သီဟိုရ်ရှင်ဘုရားဆိုပြီး မြို့ကျက်သရေဆောင် ဘုရားများနဲ့ စိတ်ချမ်းသာစရာကောင်းလှပါတယ်။

သီဟိုရ်ရှင်ဘုရားပွဲတော်ကို နှစ်စဉ် မေ ၂၅ လောက်ဆိုစတင်နေပါပြီ။ သတ်မှတ်ရက်ကတော့ မေ၂၅ ရက်ကနေ ဇွန်လ ၉ရက်လို့ရှိပေမယ် ဇွန်လကုန်ခါနီးထိ ပွဲခင်းရှိပါသေးတယ်။ ပွဲတော်ရက်က တစ်လကျော်ကျော်ကြာပါတယ်။ မြန်မာလိုတော့ နယုန်လမှာကျင်းပလို့ နယုန်ပွဲလို့ မြို့သူမြို့သားတွေ အလွယ်ခေါ်ကြပါတယ်။ ကျွန်မတို့ မိတ်ဆွေ ရန်ကုန်ကလာလည်ကြရင်တော့ နင်တို့မြို့ အညာဘုရားပွဲ ဒီနှစ်လာလည်မယ်လို့ ဖုန်းဆက်အကြောင်းကြားတတ်တယ်။ အမေက မိတ်ဆွေတွေ တူမတွေ တူတွေလာတော့မယ်ဆို မမောနိုင်၊ မပန်းနိုင်ဘူး။ လက်ဖက်ကို စောင်းရှားသီး၊ ကြက်သွန်ဖြူတို့နဲ့ နှပ်တယ်။ မုန့်သြဇာ၊ ထန်းလျက်စတဲ့ မုန့်တွေ ၀ယ်ပြီး ပုလင်းကြီးတွေနဲ့ ထည့်ထားတယ်။ အမဲသား၊ ၀က်သားကို ကြော်တယ်၊ ညှင်းပြီး နေလှမ်းတယ်။ သရက်သီးကို ပိုးတီရစ်ပြီး သရက်ချဉ်ဖြစ်အောင် စဉ့်အိုးသေးသေးတွေနဲ့ သိပ်ရတယ်။ အဖေကတော့ သရက်သီးပိုးတီတာဝန်ယူရတယ်။ မန်ကျည်းရွက်နုကို ခူးပြီး ဆားနဲ့ချဉ်သိပ်ရတယ်။ အမေသိပ်တဲ့ မန်ကျည်းချဉ်က အရွက်အခက်မပျက်ဘူး၊ မာပြီး အရောင်က ၀င်းနေတာ။ မန်ကျည်းချဉ်ကို ကြက်သွန်ဖြူလေးပါးပါးလှီးပြီး ပဲဆီမွှေးမွှေးများ ဆမ်းပြီး သုပ်စားလိုက်ရရင် အခုတောင် ဗိုက်ဆာလာသလိုပါပဲ။ ငရုပ်သီးတွေထောင်း ပုဇွန်ခြောက်နဲ့ မန်ကျည်းသီးရောပြီး ဘာလချောင်ကြော်က ပုလင်းကြီး၊ ပုလင်းသေး မနည်းကြော်ထားရတယ်။ ဒါမှ ဘုရားပွဲတော်ရက်မှာ ဧည့်သည်တွေလာရင် အဆင်သင့်ဖြစ်အောင်လို့တဲ့လေ။ အမေတို့များ မမောနိုင်ဘူး စီစဉ်နေတော့တာ။

သင်္ကြန်တွင်းမတိုင်မီ တပတ်လောက်အကြိုကတည်းက နယုန်ပွဲ အတွက် ဈေးတန်းကြီးစဆောက်နေကြပြီ။ ဈေးတန်းက ခန့်မှန်းခြေ တန်း၁၀ တန်းလောက်ရှိပါတယ်။ တစ်တန်းကို ဈေးဆိုင်၁၅၀ ၂၀၀ ထိရှိတယ်။ ဓနိမိုး ၀ါးတိုင်နဲ့ပေါ့။ ဈေးတန်းအ၀င်မှာတော့ သဲဖြူပါးပါးခင်း မြေဇာမြက်စိမ်းစိမ်းခင်းပြီး အညာရေအိုးစိုစိုနဲ့ ရေချမ်းစင်က ကြိုဆိုနေပါတယ်။ ပခန်းရေအိုးလို့ အညာမှာ နာမည်ကြီးလောက်အောင် နွေရာသီမှာ ဘာရေခဲသေတ္တာမှ မလိုအောင် အအေးဓါတ်ရတယ်။ ကျွန်မတို့ အမေဆိုပြောတတ်တယ်။ ဟဲ့ကလေးတွေ အမေ့ကို ရေအိုးထဲက ရေအေးအေးတစ်ခွက်ခပ်ခဲ့စမ်း၊ ရေခဲသေတ္တာထဲက မဟုတ်ဘူးနော်တဲ့။ အဲလိုပြောလေ့ရှိတယ်။ ကျွန်မဆို တခြားမြို့ကျောင်းတက်သွား ပြန်လာရင် အမေ့ရေအိုးစင်ကရေများ သောက်လိုက်ရရင် ရင်ထဲအေးသွားတာပဲ။ ဘုရားပွဲလာ လူအများလည်း နေကပူပူ ဖုန်ကထူထူဆိုတော့ ရေချမ်းစင်ဆီ မ၀င်မနေရ ၀င်ခိုနားကြရတာပဲ။

ဈေးတန်းတွေက ဘုရားပတ်ပတ်လည်မှာ ရှိတာ။ ဈေးတန်းတွေ အလယ်မှာတော့ ရဟတ်စီးစရာ၊ ပွဲခင်းဇာတ်ရုံ၊ အခြောက်ကပွဲ၊ ရုပ်သေး၊ မျက်လှည့်၊ ဦးမောင်မောင်ဆပ်ကစတဲ့ ငေးမောကြည့်စရာတွေက စုံလင်လှတယ်။ အဲအများအားဖြင့် ဒီမြို့လေးနဲ့ အနီးဝန်းကျင်က ရွာတွေဆို ကဆုန်လလောက်ဆို လယ်ယာလုပ်ငန်း တောင်သူလုပ်ငန်းတွေ လက်စသတ်နေပြီ။ အပျင်းထူတဲ့ ကလေးတွေတောင် အလုပ်တွေ ကြိုးစားလုပ်နေကြပြီတဲ့။ လူကြီးတွေက နယုန်ပွဲ လိုက်ချင်ပိုက်ဆံစုထား ခေါ်မယ်လို့ ပြောထားတယ်။ အပျိုခေါင်းဆောင်တစ်ယောက်က ဦးဆောင်လိုက်ပို့တယ်။ တချို့ရွာတွေက လှည်းနဲ့လာကြတယ်။ မိသားစုလိုက် ထမင်း၊ဟင်းအိုးတွေပါ ယူလာပြီး တပတ် ဆယ်ရက်နေကြတယ်။

ညဦးပိုင်းဆို ရဟတ်စီးမလား ဆပ်က ကြည့်မလားပေါ့။ ညပိုင်းရောက်လာရင် ဇာတ်ရုံရှေ့မျာ လူတွေအပြည့်။ ကျွန်မငယ်ငယ်ကဆို အစ်ကိုဝမ်းကွဲတွေနဲ့ ပွဲကြည့်လိုက်ရတယ်။ သူတို့လာရင် သိပ်ပျော်တာ။ သူတို့က သူတို့ပိုးပမ်းနေတဲ့ ရွာကအပျိုချောချောတွေကို ပွဲကြည့်ဖို့ ဖျာလက်မှတ်နဲ့ ဖားရတယ်။ ရှေ့နားနေရအောင်ကလဲ အစောကတည်းက ဆိုင်ရာပိုင်ရာဆီမှာ ဈေးကြီးပေးဝယ်ထားရတာ။ အဲ ဖျာနေရာကောင်းမှ သူတို့လဲ အပျိုတွေက မျက်နှာသာပေးတာ။ မဟုတ်လို့ကတော့ ဘေးနားမှာ ခပ်ကုပ်ကုပ်နေပေတော့။ နေရကောင်းကောင်း ၀ယ်ပေးနိုင်ရင်တော့ ဇိမ်အတော်ကျတယ်ဗျ။ မိန်းကလေးအုပ်စုက ပွဲကြည့်လာရင် ဖီးလိမ်ပြင်ဆင်တာတော့ မင်းသမီးရှုံးပဲ။ စံပယ်ပန်းတွေကလဲ ပန်လာတော့ ပွဲခင်းထဲမှာ စံပယ်ပန်းနံ့ကလည်း သင်းသဗျ။ ဒါတင်ဘယ်ကမလဲ လက်ဖက်သုပ်ဆို ပုဇွန်ခြောက်နဲ့ ဂျင်းလေးကပါလိုက်သေး။ ဆီအနစ်စားပေါ့။ အသေအချာနှပ်လာတဲ့ ကော်ဖီဗူးလဲပါတယ်။ မိုးကုပ်လက်ဖက်ခြောက်နဲ့ ရေနွေးကြမ်းဗူးကလဲ မွှေးသကိုး။ အဲကောင်မလေးကို နေရာကောင်းကောင်းဝယ်ပေးနိုင်လို့ကတော့ အဲဒီစားစရာတွေနဲ့ နှပ်နေပေတော့ပဲ။ ကျွန်မကတော့ ပိုအခွင့်ကောင်းရတယ်။ အစ်ကိုတွေမျက်နှာနဲ့ သူတို့က ဦးစားပေးတယ်။ မုန်းမျိုးစုံစားရတယ်။ ဒါပေမယ့် ခဏနေရင်တော့ ကျွန်မက အိပ်ချင်တော့တာ။ အစ်ကိုတွေ ကျွန်မကို အိပ်ပြန်ပို့ပေးရရင် တယောက်နဲ့တယောက်လွှဲချနေတော့တာ။ သူတို့ကောင်မလေးတွေနား နေချင်ကြတာကိုး။ ကျွန်မကို ပြန်ပို့ပြီးရင်တော့ သူတို့က မိုးလင်းထိ ပွဲကြည့်ကြတယ်။ အမေကတော့ သူ့တူတွေအတွက် ပွဲကြည့်ပြန်လာရင် အိပ်ယာအဆင်သင့်ပြင်ထားပေးတယ်။

ဘုရားဝန်းအတွင်းမှာတော့ သနပ်ခါး၊ ယောလုံချည်၊ မြို့ကထွက်တဲ့ ချည်စောင်၊ ချည်လုံချည်၊ ၀ါးဘီး၊ သနပ်ခါးဘီး၊ နံ့သာဖြူဘီး၊ ပုတီးအမျိုးစုံ ရောင်းချနေတဲ့ ဈေးသည်တွေနဲ့ ပြည့်ညပ်နေပါတော့တယ်။

စဥ့်အိုး၊ မြေအိုး၊ ဒန်အိုး၊ အိုးခွက်ပန်းကန်ရောင်းချတဲ့ ဈေးတန်း၊ အင်္ကျီအ၀တ်အထည်ဈေးတန်း၊ ဖျာ ခမောက် စကောစကာ ကြိမ်ခြင်းစတဲ့ ကြိမ်ဝါးဈေးတန်း၊ ဘီရို စားပွဲ ခုတင်စတဲ့ ပရိဘောဂဈေးတန်း၊ မုန့်ဈေးတန်းဆိုပြီး ခွဲထားတဲ့ အတွက် ဈေးဝယ်ရတာ လွယ်ကူပါတယ်။ ကျွန်မတို့ မြို့ကလူတွေ အတော်များများက စဥ့်အိုးတို့ စကောစကာစတဲ့ အိမ်အတွက်လိုတာမျိုးကို အဲဒီ နယုန်ပွဲမှာပဲ များများဝယ်ထားကြလေ့ရှိတယ်။ အမေနဲ့များ ပွဲဈေးတန်းလိုက်ရင် အပြန်မှာ မြင်းလှည်း၂စီးလောက်နဲ့ ပြန်လာတယ်။ သူလိုတာတွေ ၀ယ်လိုက်တာ မနက်ကသွားရင် ညနေမှပြန်ရတယ်။ ခြေထောက်တွေများညောင်းလို့ ပြန်လာရင် အိပ်လို့ကောင်းတော့တာပဲ။ အမေ့တူမတွေလာရင်လည်း ဈေးဝယ်ထွက်လို့ကို မပြီးနိုင်တော့ဘူး။ တချို့နှစ်ဆိုရင် ပွဲဈေးတန်းကို ၁၀ ခါ ၁၅ ခါရောက်တယ်။ အိမ်လာတဲ့ ဧည့်သည်တိုင်း လိုက်ပို့နေရတာရယ်၊ အမေသွားလို့လိုက်တာရယ်၊ သူငယ်ချင်းတွေနဲ့ သွားတာရယ်၊ အစ်ကိုတွေနဲ့ ညမုန့်သွားစားတာရယ်ဆိုပြီး အခေါက်ပေါင်းမနည်းရောက်ခဲ့တာ။ နယုန်ပွဲပြီးစဆို ကျောင်းတွေဖွင့်ပြီဆိုတော့ သူငယ်ချင်းတွေနဲ့ ပြန်ကြွားကြတာ၊ စကားနိုင်လုရတာလဲ အမောပဲ။ ငါက ဘယ်နှခေါက်ရောက်တာ၊ သူကဘယ်နှခေါက်ရောက်တာတို့အစချီပြီး ပွဲဈေးက ဘာတွေဝယ်တာ ဘာတွေကြည့်တာအဆုံးထိပေါ။ အမေ့ကို ကော်လက်ကောက်တွေ လက်အပြည့်ပူဆာတယ်။ ကျောင်းဖွင့်ရင် တချွင်ချွင်နဲ့ လက်လေးမြှောက်မြှောက်နေရတာ လက်တွေများညောင်းလို့။ အချင်းချင်းကြွားကြတာ။ လွယ်အိတ်အသစ် ဂါဝန်အသစ်နဲ့ ကျောင်းတက်ရတာလဲ ဘယ်လိုပျော်မှန်းကို မပြောတတ်တာ။

ကျွန်မတို့ငယ်ငယ်ကတော့ အခုလို ဆိုင်ကယ်လဲ မပေါသေးတော့ ပွဲတော်ရက်ဆို ဂျစ်ကားပိုင်ရှင်တွေ ဈေးကွက်ပဲ။ ဂျစ်ကားတွေကို အမိုးဖြုတ်ပြီး မြို့ထဲမှာ ပတ်မောင်းတယ်။ မြို့ထဲကလူတွေကို ပွဲတော်ကို ပို့ပေးတယ်။ ကားစပယ်ယာမလိုဘုး။ လူငယ်တွေက “ပွဲတော်ကို ပွဲတော်ကို ၅ကျပ် ၅ကျပ်” ဆိုပြီး အော်ခေါ်ပေးတယ်။ ၅မိနစ်လောက်ပဲ စီးရတာပါ။ တချို့ကလဲ ခြေလျင်သွားကြတာများတယ်။ အမေနဲ့ဆို ခြေကျင်သွားတယ်။ ငယ်ငယ်က ကျွန်မရယ် မောင်လေးတွေရယ် အမေရယ် ဘုရားပွဲဈေးကို မနက်ခင်းသွားခဲ့တယ်။ အမေက ထုံးစံအတိုင်း အိမ်အတွက်လိုတာတွေ ၀ယ်တော့တာ။ မိုးရွာရင်ဆောင်းဖို့ ခမောက်တွေဝယ်ပြီးတော့မှ တယောက်တခုခေါင်းပေါ်ဆောင်းကြဆိုပြီး ကလေးတွေကို လှည့်ကြည့်တယ်။ အဲ ကျွန်မမောင်လေးနဲ့ တူလေးက မရှိတော့ဘူး။ ဘယ်ရှာရှာမတွေ့တော့ဘူး။ အလှူခံကြေငြာနေတဲ့ ဘုရားလူကြီးဆီ လူပျောက်အော်ခိုင်းရသေးတယ်။ ဒါလဲ မတွေ့တော့ ကျွန်မက ထိုင်ငိုနေရတယ်။ အမေတို့ လူကြီးတွေကတော့ ရှာရတယ်။ ညနေ ၅နာရီလောက်မှ ကလေး ၂ယောက်ကိုယ်တုံးလုံးလေးတွေ ငိုမဲ့မဲ့နဲ့ ပြန်လာကြတယ်။ မေးကြည့်တော့ သူတို့ကို လူကြီးတစ်ယောက်က ခေါ်သွားတယ်တဲ့။ စကားတတ်တဲ့ သာလိကာလေး ယူမလားမေတယ်တဲ့။ ယူမယ်ဆိုပြီး သူတို့ ၂ယောက်က လိုက်သွားကြတာ နောက်ဆုံး သူတို့ ဦးထုပ်တွေ အ၀တ်အစားတွေနဲ့ သာလိကာကို ဖမ်းဖို့တောင်းလို့ ပေးလိုက်ရတယ်တဲ့။ သာလိကာလဲမရခဲ့ပါဘူး ညာပြီး ပြန်လွှတ်လိုက်တယ်။ ကျွန်မတို့လဲ အဲတော့မှ ရယ်နိုင်တော့တယ်။

မုန့်ဈေးတန်းက တခြားမြို့တွေက လာရောင်းတာ။ မုန့်သိုင်းခြုံ၊ မုန့်ပျားအုံ မုန့်အမျိုးမျိုးပေါ့။ အအေးဆိုင်၊ ကြံရည်ဆိုင်တွေကလဲ ပေါမှပေါ။ မှတ်မှတ်ရရ “ဦးမဲဂွ ဒန်ပေါက်“ ကို မမေ့ဘူး။ ပွဲဈေးတန်းမှာ ဦးမဲဂွဒန်ပေါက် မစားဖူးရင် ခေတ်မမှီသလိုလို သတ်မှတ်ကြတာ။ အဖေက ညဆို ဒန်ပေါက်ထုပ်လေးဆွဲပြီး ပြန်လာရင် အဖေ့ကို သိပ်ချစ်တာ။ ကရေကရာ၊ မုန့်သြဇာဆိုတာ တောင်ပုံရာပုံပါပဲ။ နွေရာသီရောက်လာပြီဆိုတော့ နှီးယပ်တောင်၊ ကျူယပ်တောင်တွေလဲ ၀ယ်ပြီး လမ်းမှာတောင် ခပ်လာကြတာ။ ဘုရားဝန်းထဲက ကျယ်တော့ အကြော်ပန်းပင်တွေနဲ့ ခုံတန်းတွေလဲ ဆောက်ပေးထားတယ်။ ကောင်လေးတွေကတော့ အဲဒီခုံတန်းတွေကို နေရာအပြည့်ဦးထားတယ်။ ဒါမှသူတို့က ကောင်မလေးတွေကို နားနားနေနေပိုးလို့ရမှာကိုး။

ဇာတ်ပွဲတွေကလဲ သိန်းဇော်၊ ချမ်းသာ၊ ၀င်းမင်းဆိုပြီး ဇာတ်ရုံ ၃ ခုလောက်တော့ နှစ်တိုင်းဆောက်ရတယ်။ ချစ်ချစ်ဇော်၊ တင့်တင့်ထွန်းတို့တောင် စတိတ်ရှိုးဆိုတာ မှတ်မိသေးတယ်။ ပွဲဈေးတန်းမှာ စတိုးဆိုင်အကြီးကြီး တစ်ဆိုင်လာရောင်းဖူးတယ်။ ကုလားတွေပိုင်တာ။ သူတို့က မှတ်မိသလောက်တော့ နှစ်တိုင်းလာရောင်းတယ်။ သူတို့လာတဲ့ နှစ်တိုင်း ကျွန်မတော့ ငိုခဲ့ရတယ်။ ဘိုမရုပ်လှလှကြီးကို ဆိုင်ရှေ့မှာ ထားတော့ ကျွန်မလည်း ဒါကိုပဲ လိုချင်နေတယ်။ ပူဆာတယ်။ သူတို့က မရောင်းဘူး။ ငိုခဲ့ရတာ သူ့ကိုမြင်တိုင်းပဲ။ ခုတော့ မြို့မှာ ဂျစ်ကားတွေ မြင်းလှည်းတွေနဲ့လည်း မသွားကြတော့ဘူးထင်ပ။ အရင်လိုရော ပွဲတော်ကြီး စည်ကားပါရဲ့လားလို့ မရောက်တာ ၁၀ နှစ်နီးပါးရှိပြီမို့ စိတ်မှန်းနဲ့ပဲ လွမ်းမောနေမိတော့တယ်။

မဇနိ

13 comments:

မောင်ဖြူ May 25, 2008 at 2:38 PM  

ဖတ်လို့ကောင်းပ မဇနိရေ...
အညာဘုရားပွဲတွေအကြောင်း လူထုဒေါ်အမာရေးတာတော့ ဖတ်ဖူးတယ်။ အညာဘုရားပွဲတွေက တစ်ခါလုပ်ရင်လဲ အကြာကြီးလုပ်ကြတာနော်။ မဇနိတို့ဘုရားပွဲကလဲ အတော်ပျော်စရာကောင်းမယ့်ပုံပဲ။ ကျွန်တော်တို့ဆီမှာတော့ စွယ်တော်ပွဲပေါ့။ ကျွန်တော်တို့ဆီကပွဲက တော်သလင်းလမှာလုပ်တာ။ အရမ်းကြီးမကြာဘူး။ တစ်ပတ်လောက်ပဲ။ မဇနိပို့စ်ဖတ်ရတာ ကျွန်တော်တို့မြို့ကစွယ်တော်ပွဲကိုလွမ်းလိုက်တာ။ ကျွန်တော်လဲစွယ်တော်ပွဲကိုမရောက်တာ ဆယ်နှစ်လောက်ရှိရောပေါ့။ ငယ်ငယ်တုန်းကပူဆာတာတော့ ရမ်းသေနတ်။ ဆိုင်ရှင်က တဒိုင်းဒိုင်းပစ်ပြလေ၊ ကျွန်တော်တို့ညီအစ်ကိုတွေက လိုချင်လေပဲ။ တစ်ချက်ပစ်သေနတ်၊ ဆက်တိုက်ပစ်လို့ရတဲ့သေနတ် အစုံပဲ။ ကျွန်တော်တို့ဘက်ကို ဆယ့်နှစ်ရာသီပွဲတော်ဈေးသည်တွေလဲ လာကြတယ်။ မြို့ကအထွေအထူးထွက်တာဘာမှမရှိတော့ သူများဆီကလာရောင်းတာပဲ ဝယ်ကြတယ်။ မုန့်သိုင်းချုံတို့၊ မုန့်ပျားအုံတို့ဆိုတာတွေပေါတယ်။ ရဟတ်စီးရတာလဲ ပျော်စရာကောင်းတယ်။ ရွာကလာလည်တဲ့ အပျိုအစ်မဝမ်းကွဲတွေနဲ့ ဒုတ်ထိုးရုပ်သေးတိုးကြည့်ရတာလဲ မှတ်မိသေးတယ်။ ဘုရားပွဲမှာ ထိုးကွင်းထိုးကြတာလဲခေတ်စားတယ်။ ခုတော့ဘယ်လိုနေလဲမသိဘူး။ ကိုဇနိဆီအလည်လာမှပဲ မန်ကျည်းရွက်ချည်သုပ်စားရင်းနဲ့ အညာဘုရားပွဲ တစ်ပွဲလောက်နွှဲချင်သေးသဗျာ။ ဇာတ်ပွဲမှာ ဖျာလက်မှတ်ကြိုဦးဖို့ကတော့ ကိုဇနိကိုပဲအပူကပ်ရတော့မယ်ထင်ပ။

စစ်ကိုင်းသူ May 25, 2008 at 2:38 PM  

မဇနိရေ အညာဘုရားပွဲကို လွမ်းလိုက်တာ။ မဇိနိတို့ဆီမှာရော လှည်းဝိုင်းတွေ မရှိဘူးလား။ ကောင်းမှု့တော်ဘုရားပွဲမှာတော့ လှည်းဝိုင်းက နာမည်ကြီးပဲ။ တချို့လူကြီးတွေဆို ဘုရားဖူးပြီးတာနဲ့ ရွာနီးစပ်ချုပ်က လာကြတဲ့ လှည်းဝိုင်းမှာ ဆွေမျိုးသားချင်းတွေ အသိမိတ်ဆွေတွေနဲ့ တစ်နေကုန် စကားပြောကြတော့တာလား။ ဘုရားပွဲမရောက်ရတာလဲ ဘယ်လောက်တောင်ကြာနေမှန်းမသိတော့ပါဘူး။ အညာမုန့်တွေလဲ စားချင်တယ်။ မဇနိတို့ရဲ့ ဘုရားပွဲကိုလဲ တစ်ခေါက်လောက် ရောက်အောင်လာချင်ပါသေးတယ်။

ညီမ May 25, 2008 at 3:34 PM  

ဖတ်လို့ကောင်းတယ်အစ်မရေ..ရွာကဘုရားပွဲကိုလည်း
ပြေးလွမ်းလိုက်မိပါရဲ့..အိမ်ဘေးနားကအပျိုတစ်သိုက် ညပွဲကြည့်သွားခါနီး အလှလုပြင်နေတာကိုလည်းပြန်မြင်ယောင်မိတယ်..သီဟိုရ်ရှင်ဘုရားပွဲတော်ကိုတစ်ခေါက်တော့သွားဦးမယ်ဟဲ့လို့အားခဲလိုက်ပြီအစ်မရေ...ရိုးသားအေးချမ်းတဲ့အစ်မအမေနဲ့တခုခုဆိုသူ့မဒီချောရဲ့ထောက်ခံချက်ကိုလှမ်းတောင်းတတ်တဲ့အစ်မအဖေ တို့မိသားစုနဲ့နောက်တစ်ခေါက်ဘုရားဖူးသွားဖို့မျှော်လင့်မိပါတယ်...

tmn May 25, 2008 at 5:07 PM  

မဇနိတို့ မြို့က ဘုရားပွဲက တော်တော်စည်ကားမှာပဲနော်... အခွင့်ကြုံရင်တော့ တစ်ခေါက်လောက် လာလည်ချင်သေးတယ်... အဲဒီကျရင်တော့ ကိုဇနိကြီး ပုန်းမနေနဲ့... :P

မေအောင် May 25, 2008 at 5:54 PM  

နယုန်ပွဲကိုနှစ်ခေါက်ရောက်ဖူးတယ်။
ပထမနှစ်ကအစ်ကိုတွေပြောလွန်းလို့ဝါခေါင်လဘုရားပွဲနဲ့ဘယ်ကပိုစည်စည်ပြိုင်ရင်းကျောင်းကခွင့်ယူပြီးလိုက်
ကြည့်တာ။သိန်းဇော်ကနယုန်ပွဲမှာကပြီးသားပြဇာတ်တွေကိုရွာဘုရားပွဲမှာပြန်ကတော့ရှုံးသွားတယ်။
နောက်နှစ်ကျသီဟိုရှင်ဘုရားဆုတောင်းပြည့်လို့ ။
ရွှေမောဌောဘုရားသွားရတာလဲအဲဒီတုန်းကစက်ဘီးနဲ့ဆိုတော့ရင်ခုံစရာကြီး....လမ်းကလေ။
ရွှေချောင်းတံတားကိုလည်းသတိရပါ့။
လာလည်မယ်နော်၊မဇနိရယ်အမေ့ဟင်း
တွေကိုခုတောင်ပြေးပြီးစားချင်လိုက်တာ။

ဖိုးသောကြာ May 26, 2008 at 2:20 AM  

မဇနိရေ..
ဖတ်ရတာ အမေ့ကိုလွမ်း၊ ရွာကိုလွမ်းပဲ။
တိုက်ဆိုင်တဲ့ အကြောင်းတွေကြောင့်ပါ။
ကျွန်တော့ အမေကလည်း မဇနိ အမေလိုပဲ အစားအသောက်တွေ ပြင်ဆင်တတ်တယ်ဗျာ့။
မဇနိလို ဖတ်ကောင်းအောင် ချမရေးတတ်လို့။
တော်တော်များများကို တူပါတယ်။
အမေ့လက်ရာ လက္ဖက်သုတ်တောင် သတိရလာပေါ့။
ဆောင်းရာသီ ဘုရားပွဲတော်တွေမှာ ထန်းပင်မြစ်တွေလည်း ၀ယ်စားရတယ်ဗျာ့။
မိန်းကလေးတွေကလည်း အနွေးထည်တွေ လှလှပပ ၀တ်ပြီး ကြွားကြတာဗျာ့။
ပြောရင်း အညာကိုလွမ်းတယ်။

ဇနိ May 26, 2008 at 2:57 AM  

ကိုဖြူရေ အညာဘုရားပွဲကို လာခဲ့။ ကျနော်လည်း ငယ်ငယ်က ရမ်းသေနတ်ပေါ့ဗျာ။ ပြီး လေသေနတ်။ ဇာတ်ပွဲအဆွက် ဖျာကတော့ ခင်ဗျားရောက်မှ အတူသွားဝယ်တာပေါ့ဗျာ။ ကျနော်က ဆပ်ကပ်ပဲ ကြည့်ဖူးတာ၊ဇာတ်ပွဲက ကြည့်ဖူးဘူး။ ကိုကြီးလုံးရေ တစ်ခေါက်တော့အနည်းဆုံးရောက်အောင်လာဦး။ ဘုရားတွေ စုံအောင် လိုက်ပို့ဦးမယ်။ မဇနိတို့ စာရေး ကောင်းချက်က အညာမြို့ကို တခါတည်း လွမ်းသွားတာပဲ။ အတူနေရရင်လည်း အတူတူသွားကြမယ်နော။ ဟီးဟီး သူငယ်ချင်းတွေကိုလည်း အတူတူလိုက်ပို့မယ်နော။

စစ်ကိုင်းသူ May 26, 2008 at 3:26 PM  

ကိုဇနိတို့တော့ ကိုယ့်ငါးချဉ်ကို အတင်းချဉ်နေတော့တာပါပဲလား။ ချဉ်လဲ ချဉ်လောက်ပါတယ်။ မဇနိကလဲ တကယ်စာရေးကောင်းတာကိုး။ မဇနိအမေတုန်းက ပြန်ရင် မြင်းလှည်းနှစ်စီးနဲ့ ပြန်ရတယ်တဲ့။ ဇနိမောင်နှံဆိုရင်တော့ သားတစ်ရာအတွက် ဝယ်ရမှာဆိုတော့ ဘယ်လို ပြန်ကြပါ့။

ဇနိ May 26, 2008 at 5:55 PM  

စစ်ကိုင်းသူရေ သားတစ်ရာ အတွက် ထော်လာဂျီ နဲ့ဝယ်ပြန်မှာ။ အခု ကျွန်တော်တို့ဆီက သုံးဘီးဆိုင်ကယ်တွေပေါနေပြီဗျ။ မြင်းလှည်းတွေတောင် နည်းကုန်ပြီးတဲ့။ သုံးဘီးဆိုင်ကယ်တွေ (တုတ်တုတ်တွေ) ပေါလာတော့ မြင်းလှည်းစီးသူနည်းတော့ တွက်ခြေမကိုက် ဖြစ်ပြီး မြင်းလှည်းတွေရှားကုန်ပြီတဲ့။

Anonymous May 26, 2008 at 7:14 PM  

Hi Zani
I miss our region when I read ur passage.

မင်းကျန်စစ်။ May 27, 2008 at 2:37 AM  

ဖတ်ရင်း လွမ်းရင်းနဲ့ အများကြီးကိုတောင် ဆုံးလို့ ဆုံးသွားမှန်းတောင် မသိလိုက်ဘူး။ ကျနော်က နှစ်နှစ်ပဲ ခွဲရသေးတာကို တော်တော် ခံစားနေရတာ ၁၀ နှစ်လောက်များ ခွဲနေရရင်တော့ မလွယ်ဘူးဗျာ။ မတွေးရဲဘူး။ ကျေးရွာစရိုက်လေးကို ပေါ်လွင်စေတဲ့ အရေးအသားကတော့ အ၇မ်းကောင်းတယ်ဗျာ။

k4 May 27, 2008 at 2:16 PM  

မဇနိက စာရေးတော်လိုက်တာ... ကိုယ်တို့မြို့က ၀ါခေါာင်ပွဲတော်ကို အရမ်းလွမ်းသွားတယ်

မဇနိ May 27, 2008 at 3:26 PM  

လာလည်သူအားလုံးကို စာရင်းမှတ်ထားမယ်
အညာဘုရားပွဲကို လည် လည်ခေါ်မယ်
အကျွေးအမွေးကတော့ အမေ့တာဝန်။
ပွဲဈေးလိုက်ပို့ဖို့က ကျွန်မတာဝန်။
ဦးမဲဂွ ဒံပေါက်လေးရော မမေ့အောင်ကျွေးမယ်လေ။
မောင်ဖြူလိုက်ရင်တော့ ဒို့မြို့သူတွေကို မရှိုးကြေးနော်။
ဖျာလက်မှတ်ဝယ်ပေးပြီး ကိုမောင်ဖြူ ကိုမောင်လုံးနဲ့ ကိုဇနိတို့ ကြည့်ကြပေါ့နော်။
စစ်ကိုင်းသူကိုတော့ အညာမုန့်တွေ အ၀ကျွေးမယ်
ဧည့်သည်တော်တွေကို အမေက အညာဟင်းနဲ့ ထမင်းကျွေးပါ့မယ်တဲ့။ အမေ့ဆီ ကြိုတင်အကြောင်းကြားလိုက်ပြီနော်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP