ကျောက်ပျဉ်နတ်၊ တူနတ်၊ လက်စွပ်နတ်

>> Monday, May 5, 2008

ဒီတစ်ခါတော့ နတ်မင်း သုံးပါး အကြောင်းကို တပြိုင်တည်း ရေးပါ့မယ်။ ရေးတဲ့အခါမှာလဲ ဘယ်လိုခေါ်ရတယ်ဆိုတာကို အဓိကထား ရေးပါ့မယ်။ သူတို့တွေက တခါတလေမှ ခေါ်ဖြစ်လို့ပါ။ ထူးထူးခြားခြားလဲ ဘာမှ မဖြစ်ခဲ့တော့ သိပ်ပြီး ရေးစရာလဲ မရှိလှပါဘူး။ ခေါ်ဖြစ်ခဲ့တဲ့ နတ်တွေ စုံသွားအောင် ရေးချင်လို့သာ ရေးလိုက်တာပါ။ အရင် နတ်မင်း နှစ်ပါးလောက်တော့ စိတ်ဝင်စားစရာ ကောင်းမှာ မဟုတ်လှပါဘူး။

ပထမဆုံး ကျောက်ပျဉ်နတ်အကြောင်းပြောပါ့မယ်။ ကျောက်ပျဉ်နတ်ဆိုတဲ့အတိုင်း မေးတဲ့ နေရာမှာ ကျောက်ပျဉ်က အဓိကပါပဲ။ လုပ်ရတာကတော့ တစ်ယောက်က ကျောက်ပျဉ်ကို ခေါင်းပေါ်ရွက်ပြီး နတ်ကို ခေါ်ရတာပါ။ ဝင်ပြီဆိုတာနဲ့ ခေါ်တဲ့လူက နတ်ဝင်သလို ယိမ်းယိုင်လာတော့တာပါပဲ။ ဘေးကလူတွေက သိချင်တာကို ဝိုင်းမေးကြပါတယ်။ ဖြေတဲ့အခါမှာ မေးတဲ့အမေးအပေါ်မူတည်ပြီး ရှေ့နောက် ယိမ်းပြတာတို့၊ စကောဝိုင်းသလို ဝိုင်းပြတာတို့နဲ့ဖြေပါတယ်။ ကျောက်ပျဉ်ရွတ်ထားတဲ့သူက ယိမ်းသွားတာပါ။ ဘာလို့မှန်းမသိ စစ်ကိုင်းသူစိတ်ထဲမှာ အဲဒီနတ်ကိုတော့ ခေါ်ရမှာ ကြောက်လို့ တစ်ခါမှ ကိုယ်တိုင် မခေါ်ဖူးဘူးပါဘူး။ ရွတ်ထားတဲ့ လူကိုယ်တိုင် နတ်ပူးသလိုဖြစ်နေတာကို ကြောက်တာလားတော့ မသိပါဘူး။ အများအားဖြင့်က ရှမ်းမြောက်က သူငယ်ချင်း တစ်ယောက်က ခေါ်ပါတယ်။ စစ်ကိုင်းသူတို့ကတော့ ဝိုင်းမေးတဲ့ထဲမှာပဲ ပါတာပါ။ နည်းနည်းလဲ ကြောက်တဲ့အပြင် ဟုတ် မဟုတ်လောက်ပဲ မေးရတာမို့ သိပ်မမေးဖြစ်ပါဘူး။

နောက်တစ်ခုကတော့ တူနတ်ပါ။ တူနှစ်စုံနဲ့မေးတာပါ။ လူနှစ်ယောက်လိုပါတယ်။ တစ်ယောက်ကို တူတစ်စုံစီကိုင်ပြီး တူထိပ်ချင်းထိထားရပါတယ်။ ပြီးရင် ကိုင်ထားတဲ့ နှစ်ယောက်ထဲက တစ်ယောက်က ခေါ်ရပါတယ်။ ဝင် မဝင် သိချင်ရင် တူကို စုခိုင်း ချဲခိုင်းပြီး ကြည့်ရပါတယ်။ မေးတဲ့အခါမှာလဲ မှန်ရင် တူကို စုပြပါ၊ ချဲပြပါ စသည်ဖြင့် မေးရပါတယ်။ အမှတ်ရနေတာ တစ်ခုကတော့ တူနတ်မေးတဲ့နေ့က ကျောင်းပိတ်ခါနီးကြီးပါ။ ကျောင်းက တစ်ပတ်ပဲ ပိတ်မယ်လို့ ကြားလို့ အကုန်လုံး စိတ်ညစ်နေကြတာပါ။ အဲဒါနဲ့ပဲ တူနတ်ကို တကယ်ဟုတ် မဟုတ် မေးကြပါတယ်။ ကျောင်းတစ်ပတ်ပဲ ပိတ်မယ်ဆိုရင် တူကို စုပြပါဆိုတော့ မစုပါဘူး။ အဲဒါနဲ့ အကုန်လုံး ဝမ်းသာသွားကြပြီး၊ ရက်တိုးတိုးပြီး မေးတဲ့အခါ ၂ ပတ် ရောက်တဲ့ အခါမှာ တူကို စုပြပါတယ်။ ထပ်တိုးပြီးမေးတော့ စုမပြတော့ပါဘူး။ အဲဒါနဲ့ပဲ နှစ်ပတ်ပိတ်မယ်လို့ ယူဆလိုက်ရပါတော့တယ်။ တကယ်လဲ ကျောင်းက နှစ်ပတ်ပိတ်ပါတယ်။ တိုက်ဆိုင်တာလား။ သူတို့မှာ သိနိုင်တဲ့ အစွမ်းရှိတာလားတော့ မသိပါဘူး။ ခက်တာတစ်ခုက သူ့ကိုက ဘယ်နှစ်ရက်ပိတ်မလဲလို့ တန်းမေးလို့ မရတာပါပဲ။ ကိုယ်ပြောတာကိုပဲ မှန် မမှန် ပြောတာပါ။

နောက်ဆုံး အနေနဲ့ လက်စွပ်နတ်အကြောင်း ပြောပါရစေ။ လက်စွပ်နတ်မေးဖို့ကတော့ လက်စွပ်ရယ်၊ အပ်ချည်ကြိုးရယ်၊ ဖန်ခွက်ရယ်လိုပါတယ်။ လက်စွပ်ကို အပ်ချည်ကြိုးနဲ့ချည်၊ တစ်ယောက်က ကိုင်ပြီး ဖန်ခွက်ထဲမှာ တွဲလောင်းချ၊ မှားရင် ဒါမှ မဟုတ် မှန်ရင် ဖန်ခွက်နံရံကို ရိုက်ပြပါဆိုပြီး မေးရပါတယ်။ ဒီမှာက အရေအတွက်လဲ မေးလို့ ရပါတယ်။ ဥပမာ ကျောင်းဘယ်နှစ်ရက်ပိတ်မလဲဆိုရင် သူ နံရံကို ဘယ်နှစ်ချက်ရိုက်ပြလဲ ဆိုတာကို မှတ်ရပါတယ်။ ဒါပေမဲ့ စစ်ကိုင်းသူတို့က လက်စွပ်မေးရတာကို သိပ်မကြိုက်ပါဘူး။ ဘာလို့လဲ ဆိုတော့ လက်စွပ်ကို ထိမ်းထားတာက အပ်ချည်ကြိုး မျှင်မျှင်လေးပါ။ လေတိုက်ရင်လဲ လှုပ်နိုင်ပါတယ်၊ ကိုင်ထားတဲ့သူရဲ့ လက်မငြိမ်ရင်လဲ လှုပ်နိုင်ပါတယ်။ အဲဒါကြောင့် error ရှိနိုင်တယ်ဆိုပြီး သိပ် စိတ်မဝင်စားကြပါဘူး။

နတ်များ အကြောင်း နိဂုံးချူပ်ပါတော့မယ်။ ဆိုခဲ့တဲ့ အတိုင်းပဲ ကျောက်ပျဉ်နတ်၊ တူနတ်နဲ့ လက်စွပ်နတ်တွေမှာ စစ်ကိုင်းသူတို့ မနှစ်သက်တဲ့ အချက်တွေ ရှိနေတဲ့အတွက် သိပ်မမေးဖြစ်ပါဘူး။ ဖျာလိပ်နတ်ကလဲ တစ်ခါဆို ဆိုသလောက်ဆိုတော့ကာ၊ ဘယ်လိုမေးမေး ဖြေနိုင်တဲ့ ဖန်ခွက်နတ်ကိုပဲ စွဲစွဲမြဲမြဲမေးဖြစ်ပါတော့တယ်။ နတ်များအကြောင်း ဒီမှာပဲ လက်စသတ်ပါတော့မယ်။ သိသမျှနတ်လဲ ကုန်သွားပါပြီ။ ကျန်တဲ့ Contributor တွေ၊ ဒါမှမဟုတ် လာဖတ်တဲ့ သူတွေထဲက သိတာရှိရင်လဲ ဝေမျှပါဦးလို့။

စစ်ကိုင်းသူ

2 comments:

Anonymous May 5, 2008 at 2:50 PM  

စစ်ကိုင်းသူရေ..
နတ်တွေအကြောင်းပြီးသွားတော့ ပွဲတွေအကြောင်း ရေးပါဦး။
မီးမျောပွဲအကြောင်း၊ ကထိန်ခင်းတဲ့အကြောင်း၊ ဘောလုံးပွဲအကြောင်း ပြီးတော့ တိုင်းပွဲတွေအကြောင်းရေးပါဦး။
စစ်ကိုင်းသူက ကျောင်းတုန်းက အလွန်တက်ကြွတဲ့သူဆိုတော့ အဲဒီအကြောင်းတွေရေးရင် စာတွေကသွက်ပြီးဖတ်လို့ကောင်းမှာ။ ရေးပါဦး မျှော်နေတယ်ဗျို့။

Anonymous May 5, 2008 at 11:34 PM  

ဟူး...တော်သေးတာပေါ့။ စစ်ကိုင်းသူရေ။ မေးတာတွေအကုန်လုံးပြန်သတိမရလို့။ အကုန်ပြန်သတိရလို့ကတော့ ကုန်ပါပီ ငယ်ကျိုးငယ်နာတွေ။ စစ်ကိုင်းသူရဲ့ ဦးနှောက်ကို ရွှေချထားချင်တယ်။ ဟီး

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP