စာတွေသင် ဘွဲ့တွေရ၊ အလုပ်တွေလုပ်တဲ့အခါမှာ

>> Thursday, May 1, 2008


သူငယ်ချင်းတစ်ယောက်နဲ့ စကားတွေပြောရင်းက သူက ပြောလာပါရော.. ငါက လူကြီးကြိုက်ကိုကွ တဲ့။ ကဲပါ စကားက အပြည့်အစုံမပြောလိုက်တော့ စာဖတ်သူလည်း သူငယ်ချင်းကို လူကြီးက ဘာလို့ကြိုက်တာလဲဆိုတာ သိကြမှာ မဟုတ်ဘူး။ ပြီး သူ့လူကြီးကြိုက်က ငယ်ငယ်တုန်းကပါ။ ကြီးလာတော့ လူကြီးကြိုက်အောင် သူလည်း မနေတတ်တော့ပါဘူး။



သူငယ်ချင်းနဲ့ စကားပြောဖြစ်တဲ့ အကြောင်းအရာက ဒီလိုပါ၊ သူက ငယ်ငယ်တုန်းကတည်းက စာတော်သတဲ့၊ အတန်းစဉ်တိုင်းလောက်မှာလည်း ဆုတွေရခဲ့ရှာမှာပေါ့။ ဆယ်တန်းမှာလည်း သူက လောက်လောက်လားလား အောင်ခဲ့တာကိုး။ သဘောက သူ့မှာ ပိုက်ဆံရယ်၊ ၀ါသနာရယ်ရှိလို့ကတော့ ဗမာပြည်ပညာရေးစနစ်မှာ အဆင့်အမြင့်ဆုံးဆိုတဲ့ တက္ကသိုလ်တွေမှာ တက်ချင်ရင် တက်ခွင့်ရှိတာကိုး။ သူ့အကိုကကျတော့ ဆယ်တန်းတောင်မအောင်ဘူးလေ။ ညီကျတော့လည်း ဒုတိယံတွေ၊တတိယံတွေ ပိကာမှ ဆယ်တန်းက ကျွတ်တာကိုး။ ဟကောင်ရ မင်းကလည်း ဘယ်လိုဖြစ်ရတာလဲကွ၊ မင်းက အတန်းတွေ ဟုတ်တိပတ်တိအောင်ပြီး၊ အကိုတွေ၊ညီတွေကတမျိုးကိုးဆိုလို့ “ငါက လူကြီးကြိုက်ကိုကွ”ဆိုတာကို ပြောတာပါ။

လူကြီးကြိုက်ရတဲ့သဘောက ဒီလိုပါ၊ သူက အိမ်မှာ ငြိမ်ငြိမ်ကုတ်ကုတ်နေတယ်၊ ပြဿနာကောင်မဟုတ်ဘူး၊ စာတွေလုပ်စရာ ရှိရင် အေးအေးဆေးဆေးပုံမှန်လုပ်တော့ လူကြီးတွေက သဘောကျတာကိုး။ အဲဒီ လူကြီးကြိုက်ပါပဲ တက္ကသိုလ်တွေတက်၊ ပြီး စာချုပ်စာတမ်းကလည်း ရှိနေတော့ကာ အစိုးရ၀န်းထမ်းလုပ်ရတော့တာကိုး။ ကိုယ်ဝန်ထမ်းဖြစ်တော့ကာ လခပိုက်ဆံလေး မလောက်မငှနဲ့၊ စာတတ်ရင် လူချမ်းသာဖြစ်မယ်လို့ ငယ်ငယ်ကထင်ခဲ့တာလည်း တက်တက်စင်အောင် လွဲတော့တာပေါ့လေ။ မိဘကိုထောက်ပံ့နိုင်ဖို့ဝေးရော၊ ရတဲ့လခနဲ့ တစ်ယောက်တည်း အနိုင်နိုင်စားရတာ။ သူငယ်ချင်းပြောပြတာကို ပြန်ပြောလိုက်ရင် မျက်ရည်တောင် ၀ဲ သွားမလားပဲ။ ၀ဲ ချင်မှလည်း ၀ဲမှာပါလေ။ မင်းသူငယ်ချင်း မျက်ရည် ၀ဲတာလောက်တော့ တို့က ရီတာပေါ့၊ ရီတာပေါ့ လို့များ ပြောပြီး ငိုပြမယ့် သူက ပိုများနေမလားပဲ။

ကျောင်းတက်ခဲ့စဉ် တစ်လျှောက်လုံး မိဘအထောက်အပံ့နဲ့ တက်ခဲ့တာဆိုတော့ကာ တိုင်းပြည်တာဝန်ထမ်းဆောင်တဲ့ အချိန်ရောက်လာတော့ မိဘတွေကို တိုင်းပြည်တာဝန်တွေ ကူမထမ်းစေချင်တော့ဘူးလေ။ ကြုံတုန်းပြောရဦးမယ် သူငယ်ချင်းတစ်ယောက်အိမ်မှာဆို သားသမီးတွေက ၀န်ထမ်းတွေချည်းပဲတဲ့၊ ဘွဲ့ရပြီးကာစလေးတွေပေါ့၊ အကုန်လုံးက ရတဲ့လခမလောက်တော့ အိမ်ကိုပြန်ပြန်ပြီး ပိုက်ဆံတောင်းရတာတဲ့။ မင်းတို့ကလည်းကွာ မိဘတွေကိုပဲ တိုင်းပြည်တာဝန်အထမ်းဆောင်ခိုင်းနေကြတယ်လို့ ပြောပြောပြီးရီရသေးတယ်။

ခေါင်တဲ့ဒေသ သွားပြီး တာဝန်ထမ်းဆောင်ရ၊ ရတဲ့လခကို တစ်လစာ စားလို့ရအောင် ခွဲခြမ်းစိတ်ဖြာရတာကိုး။ ကြက်ဥ မနက်တစ်ခြမ်း၊ ညနေတစ်ခြမ်းဆိုတာ နေ့တိုင်းစားရတာမဟုတ်ဘူး။ တစ်လစာ ဆန်က ဘယ်နှစ်ပြည်၊ ကြက်သွန်နီဆိုတာတောင် ဘယ်နှစ်ဥသုံးမယ်ဆိုတာကို တွက်ရတာကိုး။ မင်းကွာ ငါ့မှာ သေမယ့်ရက်ကို ထိုင်စောင့်နေရသလိုပဲတဲ့။ ဒီနေရာကနေ ထွက်ပြေးသွားလို့ကလည်း မဖြစ်။ ရှေးဘ၀ ၀ဋ်ကြွေးတွေလို့ပဲ ပြောရမလိုပါပဲ။ ငယ်ငယ်တုန်းက ဒါတွေ နားမလည်ခဲ့ဘူး။ တစ်ရစ်တစ်ရစ်နဲ့ ချည်နှောင်တတ်တယ်ဆိုတာ သံယောဇဉ်တင်မဟုတ်ဘူး၊ အစိုးရအလုပ်ရောပါတယ်ဆိုတာကို။ နောက်များ မတော်တဆ မိန်းမရလို့ သားမမီးတွေများရှိလာရင် သူတို့ကို အစိုးရ၀န်ထမ်းမလုပ်စေချင်ဘူးတဲ့။ ဒီလိုခေတ်ထဲ လုပ်ရကိုင်ရတာ ပိုကျပ်သေးတယ်တဲ့။ အနေမတတ်ရင် ဟိုကမုန်း၊ ဒီကမုန်းနဲ့။

သူငယ်ချင်းက ဆက်ပြောပြပါတယ်။ ဘွဲ့ရအောင်စာမသင်ဘဲ တစ်ခြားနိုင်ငံသွားပြီး အလုပ်လုပ်တဲ့ ညီက အလုပ်အကိုင်အဆင်ပြေပြီး မိဘတွေဆီကို ပိုက်ဆံတွေပို့လို့တဲ့။ စာတွေတသီကြီး သင်ထားတဲ့ အကိုက မိဘတွေဆီ ညီပို့တဲ့ ပိုက်ဆံထဲကနေ နောက်ကျပြန်ဆပ်မှာပါအမေလို့ပြောပြီး ပိုက်ဆံချေး၊ ခေတ်နဲ့အဆက်မပြတ်အောင် နေချင်လို့ဆိုပြီး ကွန်ပြူတာကို ၀ယ်ရတာပါ။ ညီလေးကလည်း အကိုကြီးကို လေးစားဓာတ်အခံရှိတော့ အကိုကြီးက ဒီလိုလုပ်သွားတယ်ဆိုတော့လည်း အပြစ်အထူးမမြင်ပါဘူး။ ဒါတောင် ညီလေးလုပ်ကိုင်နေရတာက အလုပ်ကြမ်းတဲ့။ သူငယ်ချင်းပြောတာတော့ ငါတော့ကွာ ယူထားတဲ့ ဘွဲ့တွေကိုတောင် လွှင့်ပစ်ချင်စိတ်တွေ ပေါက်နေပါပြီတဲ့ဗျာ။

6 comments:

မောင်ဖြူ May 1, 2008 at 7:07 AM  

ကိုဇနိရေ
ကောင်းတယ်ဗျို့။
ဝန်ထမ်းဆိုတဲ့စကားလုံးကြီးကိုက၊ ပြင်သင့်တာကြာပါပြီဗျာ။
စာမတတ်တော့ ဆန်အိတ်၊ ပဲအိတ်လောက်ပဲထမ်းရတာ။
စာလဲတတ်ရော (တကယ်တတ်မတတ်တော့မသိဘူးပေါ့ဗျာ) ရှိသမျှဝန်ကိုအကုန်ထမ်းရတဲ့ "ဝန်ထမ်း" ကြီးလုံးလုံးဖြစ်ရော။ ဒီစကားလုံးတော့လား လပ်ကီးကိုမကောင်းဘူးဗျာ။

Anonymous May 1, 2008 at 11:02 AM  

ကိုဇနိရေ ဒို့လဲပြောပါရစေ
ရေငတ်တုန်းရေတွင်းထဲကျသလိုပဲ ကိုဇနိစာဖတ်လိုက်ရတာ..ဒို့ကတော့ လူကြီးကြိုက်မကြိုက်တော့ မသိဘူး..ကလေးကြိုက်တာတော့ခံစားဖူးတယ်..အိမ်ကမောင်လေးအကြီးကောင်က ငယ်ငယ်..ဒို့ကပထမနှစ် ဒုတိယနှစ်ပေါ့..သူကအထင်ကြီးရှာတယ်..သူ့စိတ်ထဲက စံပြလူက ဒို့ဖြစ်လာတယ်..အဟီးးး နောင် ၄ နှစ်လောက်ကြာလာတော့ ဟုတ်တော့ဘူး..အဲဒီဝန်ထမ်းကြီးနဲ့တွေ့တော့ မောင်လေးစိတ်ကောက်သွားတာ..လားလား ၂နှစ်လောက်စကားကိုမပြောတော့တာ..ဒို့အိမ်ရှေ့မှာရှိရင် အိမ်အနောက်ကို သွားနေတော့တာ..သူ့ရဲ့စာတွေလဲမကျက်တော့ပဲ ၀န်ထမ်းမမကို ဂုဏ်ပြုတာ..အဟဲ ကျိတ်မှိတ်ခံခဲ့ရတယ်..သူခံစားရတာက အင်ဂျင်နီယာကျောင်းတက်လဲ အလကားပါတဲ့..သူ့စိတ်ထဲမှာစွဲသွားတယ်..မောင်ငယ်တစ်ယောက်ရဲ့ခံစားချက်ကို သတိရသွားတာရယ်..ကိုယ်လိုများခံစားဖူးသူရှိလေမလားရယ်နဲ့ အိုးဝေမှာလာပြီးပြောချလိုက်တာ..
ကြုံတုန်းလေးပြောပါရစေ
အိုးဝေအဖွဲ့သားအားလုံးကျန်းမာပျော်ရွှင်ကြပါစေ
စာတွေလဲအားပေးနေပါတယ်
ဘာသာပြန်တွေလဲဖတ်လို့ကောင်းကြောင်း
ကိုဖြူရဲ့ဘာသာပြန်တွေကလဲအင်မတန်ကောင်းကြောင်း
ကိုမောင်လုံးရဲ့ ရယ်စရာလေးတွေလဲ မျှော်လင့်နေကြောင်း
ကိုလူအေးရဲ့ ကျောင်းတက်တုန်းကစာများလဲ အားပေးနေပါကြောင်း
တစ်ခါတစ်ရံတွေ့ရတတ်တဲ့ ကိုပီဆာကျယ်..ကိုNA..ကိုဖိုးသောကြာ..မမေအောင်တို့ကိုလဲ စာတွေတင်ပေးပါအုံးလို့
တစ်ဖွဲ့သားလုံးကို ကျေးဇူးတင်ပါတယ်

Anonymous May 1, 2008 at 1:25 PM  

တို့လဲ ပြောဦးမယ်။ အိမ်က ဝန်ထမ်းမိသားစုပါပဲ။ ဒါပေမဲ့ တို့ကိုတော့ အတော်စိတ်ညစ်နေပုံရပြီ။ ဘာမှ မသေချာတဲ့ အတူတူ အိမ်မှာ အမေ့နားမှာပဲ နေပါလားတဲ့။ သူ့နားမှာလဲ ဘယ်သူမှ မနေနိုင်တော့ တစ်ယောက်ရှိ မနည်းဘူးလို့ အောက်မေ့ပါလိမ့်မယ်။ ပြီးတော့ အိမ်မှာ ကျွေးထားရပေမဲ့ ဘာနေနေ အမေ အဖော်ရသေးတယ်လေ။ မထူးလဲ အိမ်က တချိန်လုံး ပြန်တောင်းနေရတာပဲလေ။ ဘယ်တော့များမှ အိမ်ကို မမှီခိုဘဲ ကိုယ့်ဟာ ကိုယ်ကို ရပ်တည်နိုင်ပါ့။

tmn May 2, 2008 at 12:17 AM  

ကိုဇနိ ဖတ်လို့ကောင်းတယ်...မောင်ဖြူပြောတာတော့ ထောက်ခံတယ်ဗျ....၀န်ထမ်း ဆိုတဲ့ စကားလုံးကြီးကို ပြောင်းသင့်ပီ...လခစား ဆိုတာလဲ မကောင်းဘူး...လခစားဆိုတာက အခုခေတ်မှာ လခဆပ် ဖြစ်နေပီ...လကုန်တာနဲ့ ရတဲ့လခကို အကြွေးဆပ်ရလို့...

Anonymous May 2, 2008 at 1:30 PM  

ဝန်ထမ်းဆိုတာ ၀န်ထုပ်ဝန်ပိုးတွေကို ထမ်းနေရတာဗျ။ ဘာပဲဖြစ်ဖြစ်လေ။ လူတိုင်းက ကိုယ့်ခံယူချက်ကို မှန်တယ်လို့ မာနထပ်ပြီး လျှောက်နေကြတာပဲ မဟုတ်လား။

တော်တော်ကောင်းတဲ့ ပို့စ်လေးပါ။

Anonymous May 2, 2008 at 1:35 PM  

ဟန်သစ်ငြိမ်ရေ ((လူတိုင်းက ကိုယ့်ခံယူချက်ကို မှန်တယ်လို့ မာနထပ်ပြီး လျှောက်နေကြတာပဲ မဟုတ်လား။)) ဆိုတာတော့ ဟုတ်သေးဘူးဗျ။ လမ်းမှားနေလဲ တခါတခါ အပြင်ရခက်တာကိုပဲ ပြောချင်တာပါ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP