တောရွာသူတွေအိမ်မယ်မောင်ရယ်....

>> Wednesday, May 7, 2008

ဖြူဖွေးနူးညံ့သော တောစံပယ်ပွင့်လေးတွေကို ချည်ပုဆိုးကြမ်းစုတ်တွင် ရေဖွဖွဆွတ်၍ထုပ်ထားလိုက်၏။ ခမောက်အတွင်းကျန်နေသော အဝါရောင်ခေါင်းလောင်းပန်းတွေကိုတော့ ရေအိုးစဉ်အောက် ကရေအိုးဖုန်းပေါ်မှာ အညှာတွေကိုရေတွင်နှစ်၍ စနစ်တကျစီ၏။ ပြီးလျင် ခေါင်းပေါင်းကိုဖြုတ်ထန်းရွက်တဲလေကြောင်းတွင် မြေကြီးပေါ်ခြေပစ်လက်ပစ်ထိုင်ရင်း ခေတ္တအမောဖြေ၏။ အာရုံမတက်မီက တောတက်ကာ ပေါင်းနှုတ်မြောင်းထိုး တကုပ်ကုပ်လုပ်ခဲ့ရသော ချောသွဲ့။ အညာနွေလေပူတွေကြားက တစ်ချက်တစ်ချက်တိုက်ခတ်သော စင်းစင်းအေးအေးလေက ချောသွဲ့၏မျက် တောင်တို့ကို မှေးစဉ်းလာစေ၏။ ကွပ်ပျစ်တိုင်ကိုမှီချလိုက်တော့ အိပ်ငွေ့ချခံရသူလို တစ်ခါတည်းအိပ်ပျော်သွား၏။ ဘုန်းကြီးကျောင်းနာရီကြီးမှ သုံးချက်တီးသံကြားတော့ ချောသွဲ့အလိုလိုနိုးလာရ၏။ ညနေစာချက်ပြုတ်ရတော့မည်။ လွယ်အိတ်ထောင်လေးထဲတွင် တောကခူးလာခဲ့သော ဂွေးတောက်ရွက်များကို စကောထဲသွန်ချလိုက်တော့ပူငွေ့ငွေ့ရှိနေ၏။ ကိုင်းတွေကိုသပ်ချလာခြင်းဖြစ်သော်လည်း ဂွေးတောက်ရွက်များမှာ သင်စရာမလိုအောင် နုခက်နေ၏။ မိုးမကျမီမို့ မခါးသေးဘဲ အလွန်အရသာရှိသော ဟင်းရွက်မျိုးဖြစ်၏။ ကပ်နေသော လက်ပံမှို့အနည်းငယ်ကိုဖယ်ပစ်ပြီးတော့ မီးဖိုသို့ တစ်ခါတည်းယူလာခဲ့၏။ ဘွားလေးသည် မီးမွှေးပြီး၍ ထင်းမကြီးသုံးချောင်းကိုပင် စီထည့်နေပြီ။ “ဘွားလေးပူကပူသနဲ့ သွားတဲထဲကို၊ ကျုပ်လုပ်နိုင်ပါတယ်“
“ဒါလောက်တော့လုပ်နိုင်ပါသေးတယ်အေ၊ မယ်နီ့မယ် မိုးမလင်းခင်ကတောထဲ၊ မွန်တိမ်းမှပြန်လာ၊ ပင်ပန်းလိုက်တာ လွန်ပါရော“
ချောသွဲ့ ဘွားလေးလက်ကိုဆွဲကာ မီးဖိုနားမှထစေပြီး
“ဘွားလေးရောကျုပ်အရွယ်က ဒီအလုပ်တွေအပျော့ပဲမို့လား၊ ခုကျုပ်အလှည့်၊ သွားတဲထဲကကွပ်ပစ်အရှေ့ဘက်အခြမ်း၊ အပေါ်မတက်နဲ့လေကြောင်းအေးတယ်“
ဘွားလေးကိုချော့ရ၏။ ဘွားလေးသွားတော့ အကြမ်းရည်အိုးကို မီးဖိုပေါ်တင်ကာ ဆန်ဆေးခြင်းတောင်းထဲဆန်ထည့််ဆေး၊ ဂွေးတောက်ရွက်ဆေး။ ငရုပ်သီးတစ်ဆုံထောင်း။ အကြမ်းအိုးပွက်တော့ လဘ္ဘက်ခြောက်ခပ်။ ဒယ်အိုးထဲဆီထည့်ကာ မြေပဲဆံကြော်၏။ ချကာနီးမှာ ထန်းညက်ထည့်ပြီး မွှေကာချလိုက်၏။ ထမင်းအိုးတည်ထားခဲ့ပြီး အကြမ်းရည်နှင့်မြေပဲထန်းညက်ကြော်ကို ဘွားလေးတို့ဝိုင်းသွားပို့၏။ ပြောင်းဖူးဖက်လှီးနေသော အဖေနှင့် ဖက်စီနေသောအမေက ထညက်ကြော်နှင့်အကြမ်းရည်သောက်ရင်းနားကြ၏။
“အမေဒေါ်ဆယ်ဟင်းထုပ်ပေးသွားလား“
“အေးလုံမရေ..အိုးထုတ်ထဲမဟဲ့“
မီးဖိုချောင်သုံးရေအိုးများကြားက အိုးထုပ်ထဲမှဟင်းထုပ်ကိုယူ၏။ ဈေးလေးမှဝယ်ရာ ဆိုင်ကအပြီးတုံးပေးလိုက်သော ဝက်သားတုံးတွေကို ရေဆေးဟင်းအိုးထဲထည့်ကာ ကြာညှို့နှင့်အဆာပလာတွေကိုထည့်နယ်ပြီး ဆီလောင်း၏။ ထမင်းအိုးငှည့်၊ တစ်ခွင်မှာမီးကျီးနှင့်နှပ်ပြီး ဝက်သားအိုးတည်သည်။ ဟင်းရွက်အိုးပြင်ဆင်ပြီးတော့ မီးဖိုမှထွက်ပြီး ရေချိုးဖို့ရေငင်၏။ တစ်ဆက်တည်း သုံးရေအိုးတွေကို ရေဆွဲဖြည့်လိုက်သည်။ ရေငင်ပြီးတော့ဝက်သားအိုးကျပြီ။ ဟင်းရွက်အိုးကိုတင်ပြီး မီးအေးအေးနှင့်ပစ်ထားခဲ့၏။ စားကာနီးမှဟင်းရွက်ခပ်မည်။ မနက်အကျန်ငါးပိကြော်၊ ဝက်သားဟင်း၊ ဂွေးတောက်ရွက်ဟင်း။ ညနေစာအတွက်ပြီးရော။ ကျောင်းနာရီကြီးငါးချက်တီးမှာ ချောသွဲ့ရေချိုးပြီ။ တယော်ကင်ပွန်းနှင့် ခေါင်းလျှော်ကာချိုး၊ ပြီးတော့ သနပ်ခါးတုံးအပွေးထူထူကို ညက်နေအောင်သွေး၊လိမ်းလိုက်တော့ ဖွေးညက်၍ သနပ်ခါးပွေးတက်နေသော ချောသွဲ့မျက်နှာလေးက ဝင်းဝင်းမွှတ်မွှတ်။ မျက်ခုံးမွှေးကိုပါးချစ်တံနှင့် ချစ်ပြီးတော့အလှပြင်တာပြီးပြီ။ မခြောက်သေးသော ဆံပင်ရှည်တွေကို ဘီးတွင်အုန်းဆီပွတ်ပြီး ရှင်းလင်းဖြီးသင်။ ပြီးတော့ရေအိုးစဉ်မှ ပန်းထုပ်ယူပြီး ပန်းသီ။ တောစံပယ်ဖွေးဖွေးကို ခေါင်းခုနေရာချန်ပြီး ရစ်ခွေပန်လိုက်၏။ ခေါင်းလောင်းပန်းဝါဝါကိုတွေကိုတော့ နောက်မှာပဲ ကလစ်နှင့်ထိုးပန်လိုက်သည်။ ဒီအချိန်မှာပဲ
“ချောသွဲ့ရေ.........“
ဟူသောမကြီးစိုး၊ နှင်းလတ်၊ ရွှေစင်တို့အသံကိုကြားရပြီ။
“လာပြီတော်ရေ“
ခေါင်းခုကိုပခုံးပေါ်တင်၊ ရေအိုးကိုခါးတွင်ပိုက်ရင်း ပြေးထွက်လာခဲ့၏။
“ချောသွဲ့ ငါမမလေးကိုခွဲပေးလိုက်ရလို့ ခေါင်းလောင်းပန်းကျန်သေးရင်ပေးဦး“
“ဟင်! သူ့ခေါင်းမှာဖြင့် ပန်အိုးကြီးကျနေတာပဲတော်.....ဒါတောင်အားမရသေးဘူးလား“
“အင်း ကျန်တယ်ခဏစောင့်“
“ရော့ကလစ်နှစ်ချောင်းရော..ပေးရေအိုး“
နှင်းလတ်က ကျစ်ဆံမြီးနှစ်ဖက်မှာ ပန်းတွေကို ထပ်ထပ်စီစီလေးပန်လိုက်သည်။ ပြီးလျင်ရေချိုတွင်းရှိရာ သိမ်တော်ကျောင်းသို့ အပျိုစင်တို့ ရေချိုခပ်သွားကြချေပြီ။

7 comments:

Anonymous May 7, 2008 at 10:53 PM  

အမရေ ဖတ်ရတာ အိမ်ကိုလွမ်းတယ်
ဖတ်လို့ကောင်းတုန်းရှိသေး ပို့စ်က
ပြီးသွားပြီ တောဓလေ့လေးတွေ
ဆက်ပါအုံးဗျ

Anonymous May 7, 2008 at 11:26 PM  

မြို့သူတွေမော်ဒယ်လျှောက်တာ
ကြည့်ကောင်းသလိုတောရွာသူတွေရေချိုခပ်တာ ကြည့်ကောင်းလွန်းလို့ပါမဇနိရေ.....
ငလျင်ကိုကြောက်ကြောက်နဲ့ဖတ်ပေးတာ
ကျေးဇူးကမ္ဘာ။

Anonymous May 8, 2008 at 12:01 AM  

စိုင်းစိုင်ခမ်းလှိုင်သီချင်းကိုတောင် သွားသတိရသဗျာ

အိုးကလေးလှုပ်ပါဟေ့ ရေအိုးကလေး လှုပ်ပါဟေ့

မမေအောင်ရေ ဖတ်ကောင်းတုန်း တန်းလန်းကြီးဗျ
ညပိုင်း ချိန်းတွေ့တာတွေပါရေးဦး
ကိုယ်တွေ့တွေဆို ပိုဖတ်ကောင်းမယ်

Anonymous May 8, 2008 at 12:30 AM  

~~တောရွာသူတွေအိမ်မယ်မောင်ရယ်...ရှစ်ခွင်ကသိုင်း...မိုးမျှော်ငရုတ်သီးဆားထောင်း....ကိုဘိုကေရယ်လေ... ဒေါင်းတန်းကြီးရဲ့အလယ်...ဒန်တန်တန့်တန့်..(အဲဒီနေရာမေ့နေလို့ :P).. အသက်ရှည်ရှည်ခင်ခင်မင်မင် ရှေးကတော့ပိုချစ်ကြတယ်~~~~
မမေအောင်စာရေးကောင်းတယ်။ ရေးသွားလိုက်တာ ဒေါက်စေ့နေတာပဲ။ နေညိုညို လေပြိုချိန်၊ ပျိုပျိုမေရေခပ်ဆင်းတော့၊ ခါးတောင်ကိုမြောင်အောင်ကြိုက်ထားတဲ့ ကာလသားတွေက ခြင်းခတ်ရင်းငမ်းကြမယ်ထင်ပ။

tmn May 8, 2008 at 3:35 AM  

ကောင်းပဗျို့...ဖတ်ရတာ....ရွာကို သတိရမိတယ်...ဘာတဲ့ဗျာ ဟိုသီချင်း...စာဥ..စာဥ...နေညိုညိုတိမ်တောက်တဲ့အခါ ရွာလမ်းနံဘေးမှာ...စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ...သီချင်းလေး သံသာသာ...မရောက်တာကြာပီ မတွေ့တာကြာပီ...သတိရလိုက်တာ စာဥရယ်...ဒန့်...တန်..တန်...စာဥရေ စာမဗိုက်ထဲမှာ....

Anonymous May 8, 2008 at 11:27 AM  

ကိုမောင်လုံးနဲ့ ကိုမောင်ဖြူက ဒန်တန့်တန်တဲ့ ကောင်မလေးတွေ ငမ်းဖူးတယ်နေမယ်

Anonymous May 8, 2008 at 12:29 PM  

မမေအောင်ရေ ရေခပ်ဆင်းတော့ ... ဟိုရှေ့က ခင်ပျိုရယ် ရုပ်အဆင်းက ချောလှတယ်၊ တောရွာမှာ မနေနဲ့ကွယ်၊ မြို့ကိုသာ မောင်ခေါ်မယ်... လို့ ဆိုတဲ့ မြို့သား လူပျိုချောချောနဲ့ရော မတွေ့ဘူးလား။ အဲလိုခေါ်ရင်တော့ ... အထုပ်ကလေးပိုက်လို့ ဘယ်ဆီကိုဆိုက် လိုက်မယ်အစ်ကို ... ဆိုပြီး လိုက်မသွားနဲ့ဦးနော။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP