နတ်မင်းများတောင် မနေနိုင်ပေါင်

>> Saturday, May 3, 2008

အင်ဂျင်နီယာကျောင်းဆင်းလျင် နတ်ပညာအစုံအလင် နှင့် ခြောက်ကြိုးကဝေကို အလိုလိုတတ်စေရမည် ဆိုသော ရည်ရွက်ချက်နှင့်အညီ... စစ်ကိုင်းသူ ဦးဆောင်သော ၀ုန်းဒိုင်းကျဲ။ အော်ကြောလန်အဖွဲ့သည် ဖန်ခွက်စောင့်နတ်၊ ဖျာလိပ်နတ်၊ ကျောက်ပျဉ်နတ်…စသည့် စသည့် နတ်အပေါင်းကို မကြာမကြာ ခေါ်ယူ နှိပ်စက်တတ်ပုံအား စာဖတ်သူ ဖတ်ရူပြီးသည့်အတိုင်းပင်ဖြစ်ပေသည်။
ကျွန်တော်လူအေးသည်လည်း တစ်ညသောအခါ အိပ်မပျော်ပါသောကြောင့် လသာသောလမ်းမတွင် ထွက်ခါလျောက်မိ၏။ အမှတ်မထင်... ညသန်းခေါင် လရောင်အောက်တွင် အူယားဖားယား ပြေးလွှားကာလာကြသော ဖျာလိပ်။ ဖန်ခွက်။ ကျောက်ပျဉ်။ တံမျက်စည်းတို့အားတွေ့သဖြင့် အကြောင်းစုံကိုမေးမြန်းရာ။ နတ်မင်းများတောင် မနေနိုင်အောင် ခေါ်ယူနှိပ်စက်တတ်သော စစ်ကိုင်းသူ၏ စနက်ကြောင့်ဖြစ်သည်ကို သိရှိရသဖြင့် များစွာစိတ်မကောင်းဖြစ်မိလေသည်။
သို့သော် ထိုထိုပေါင်းစုံသောနတ်မင်းတို့သည်လည်း စစ်ကိုင်းသူအား တန်ပြန်ကျိမ်စာခတ်လေရော။ စစ်ကိုင်းသူမှာ ဘယ်သောအခါမှ ကြင်သူမရှိ ဖြစ်နေရမည့်အဖြစ်ကိုလည်း သိရှိရလေသည်။
ဇာတ်ပေါင်းသော်.. အားလုံးမျှတသော အကြောင်းဖြစ်လေသဖြင့် ကျွန်တော်လူအေးသည် “ကောင်းလေစွ နတ်မင်းတို့” ဟု.... အားပေးစကားဆိုကာ။ အခန်းသို့ပြန်ပြီး ကွေးလေတော့သတည်း။
အမှတ်မထင် အိပ်မက်ထဲတွင်လည်း စစ်ကိုင်းသူအခန်း၏ ၀ရန်တာရှေ့မှသစ်ပင်ဗိမာန်တွင် စံမြန်းတော်မူသော ရုက္ခစိုးနတ်မင်းမှာ သနားစဖွယ်နတ်သံနှောကာ လူအေးကိုပြောလေတော့သည်။ “အမယ်မင်း… ကိုလူအေးရယ်… ပြောရတော့မယ်ရယ်တဲ့မှ…ပြောရတော့မယ်… ဟီးရွှတ်… အဲ့ဒီ အခိုင်းထူတဲ့။ စစ်ကိုင်းသူရယ်ပေါ့လေ…။ ညမှောင်မှောင်မှာ ဂစ်တာသံဒေါင်ဒေါင်ကြားရင်ဖြင့်၊ ၀ရန်တာကိုထွက်ကာ… အတောမသတ်အောင် ပြုံးပြုံးပြတာရယ်ကြောင့်။ ကျွန်တော်မျိုးနတ်မင်းမှာ ဒင်းရဲ့အပြုံးကို မြင်တိုင်းကြောက်လာပြီး နှလုံးရောဂါကြီး ကောက်ရပါပေါ့လား….” ဟုဆိုကာ ငိုချင်းချလေတော့၏။ လူအေးလည်း မည်သို့မည်ပုံလုပ်ရမည်မသိ။ နတ်အခွင့်အရေးဆိုင်ရာရုံးသို့ဖုန်းဆက်ကာ နတ်မင်းများအားညှင်းပန်းနှိပ်စက်မှုဥပဒေအရ စစ်ကိုင်းသူကို အရေးယူစေရန် တိုင်ကြားပေးပါ့မည်ဟု ၄င်းနတ်မင်ကိုးလည်း ချော့မော့ဖြေသိမ့်ပေးလိုက်ရလေတော့သတည်း။

ထိုကြောင့်…စစ်ကိုင်းသူ ဆိုသည်မှာ
နတ်မင်းများကိုပင် အခိုင်းထူ တတ်သူ
သူငယ်ချင်းမျာကိုလည်း blind ကြီးဆူ တတ်သူ
..............
.............
အာဂမိန်းမဖြစ်ကြောင်း စာဖတ်သူအပေါင်းအား ကျွန်တော်လူအေးမှ မိတ်ဆက်ပေးလိုက်ပေသည်တကား။

မိတ်ဆက်စာ ဤတွင်ပြီး၏တည်း။

ပုံ
လူအေး
၁၃၇၀ ပြည့်နှစ်၊ ဦးတန်ခူးလပြည့်ကျော် ၁၃ ရက်။ မွန်းတည့် ၃ ချက်တီး။

3 comments:

Anonymous May 4, 2008 at 8:29 AM  

မောင်လူအေးအကြောင်းစာချိုးလေးကိုယ်တိုင်ရေးပါဦး။ သူများရေးလိုက်ရင် နောင်ပူဆွေးသွားမယ်နော....။

Anonymous May 4, 2008 at 11:50 AM  

ဟုတ်တယ်
ကိုလူအေးအကြောင်းစာချိုးလေးနဲ့လုပ်ပါဦး။ မျှော်နေတယ်ဗျို့။

အညာသား May 4, 2008 at 4:36 PM  

မောင်လူအေး သတိပေးတာ ကျေးဇူးဗျာ။ စစ်ကိုင်းသူဆို ဝေးဝေးကရှောင်မှ !

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP