ကျောင်းတော်ရာ၏နိဒါန်း

>> Tuesday, May 20, 2008

(20.05.1998 မှ 20.05.2008)
ဆယ်စုနှစ်တစ်ခုအကြာမှာ ကျောင်းတော်ရာ၏နိဒါန်း ကိုပြန်ပြောင်းအောင့်မေ့ဖွယ် အမှတ်တရလေးတွေ ရေးပေးဖို့။
ရောက်လေရာအရပ်ကနေ သူငယ်ချင်းတစ်တွေ ဒီစာမျက်နှာပေါ်မှာ ပြန်လည်ဆုံတွေကြရအောင်လို့ ဆန္ဒပြုရင်း ဒီ Post လေးကိုဖွင့်လိုက်ပါတယ်။
ကျောင်းတော်ရဲ့နံရံမှာ အုတ်နီခဲနဲ့ရေးထားတဲ့ အမည်မသိ နောင်တော်တစ်ယောက်ရဲ့ ကဗျာလေးကို အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ်။
“နေပူလေတိုက်
မြွေပွေးကိုက်သည်
လူမိုက်နေသည့် အမ်အိုင်တီ”
ကိုလူအေး

၁၉၉၈ မေလ ၂၀ ရက် တို့တွေရဲ့ဘဝတွေကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ နေ့တစ်နေ့။ သူငယ်ချင်းအားလုံး သတိရနေမှာ သေချာတယ်။ အခု ၁၀ နှစ်တင်းတင်းပြည့်သွားပြီ။ ပြန်ကြည့်လိုက်တဲ့အခါ တချို့ကလဲ လမ်းတစ်ဝက်မှာ လမ်းခွဲသွားကြ။ တချို့ကလဲ ခရီးဆုံးထိ အတူတူလိုက်ပါ။ ရထားတစ်စီးတည်း အတူတူတွေရှိသလို၊ အရင်ရောက်နှင့်တဲ့လူ၊ ခရီးနှင်နေဆဲလူတွေလဲ အများကြီး။ တချို့ကတော့ ရထားပေါ်ကနေခွဲခွာ လေယာဉ်ပျံကြီးစီးပြီး တခြားမှာ။ ကံဆိုးရှာတဲ့ တစ်ယောက်ကတော့ ဘဝရထားကနေ အပြီးဆင်းသွားရရှာပြီ။ အကြွေစောတဲ့ သူငယ်ချင်းအတွက် တို့အားလုံး စိတ်မကောင်းစွာနဲ့ ကောင်းမွန်ရာရောက်ဖို့ ဆုတောင်းပေးခဲ့ကြတယ်။ သဘာဝအရ ရထားတစ်စီးတည်း ခရီးသွားဖော်အချင်းချင်း ပိုရင်းနှီးလာကြ။ ဒါပေမဲ့ သေချာတာတစ်ခုက ကျန်တဲ့လူတွေနဲ့လဲ အခင်အမင်မပျက်၊ တွေ့တာနဲ့ အရင်လိုပဲ ဖက်လှဲတကင်း။ ရထားပေါ်က အများစုက same class မှာစီးလို့။ တချို့ကလဲ special class မှာပေါ့။ special class က တချို့တွေ (အရမ်းကို နည်းပါတယ်)ရဲ့ ပြောင်းလဲမှု့တွေကို တွေ့ရတဲ့ သူငယ်ချင်းတွေက တအံ့တသြနဲ့ပေါ့။ လူ့သဘာဝမို့ နားလည် ပေးကြမယ်ထင်ပါတယ်။ ရထားပေါ်ကလူတချို့က အမိမြေမှာ ကျရာတာဝန်ကိုထမ်း၊ တချို့လဲ အဝေးတစ်နေရာမှာ အမိနိုင်ငံအတွက် ချစ်သောမြေကိုခွဲခွာ ပညာရင်နို့သောက်စို့ဖို့ ရောက်နေကြလေရဲ့။ ခြင်္သေ့ကျွန်းနိုင်ငံက သူငယ်ချင်းတွေကလဲ တိုင်းပြည်အတွက် ဘဏ္ဍာရှာ၊ အတွေ့အကြုံတွေ တပွေ့တပိုက်နဲ့ နိုင်ငံကို အကျိုးပြုဖို့ ပြန်လာကြလိမ့်မယ်။ အားလုံးရဲ့ခံစားချက်ကို ကိုယ်ချင်းစာကြည့်မိတော့ တချို့လဲ ကိုယ်ဖြတ်သန်းခဲ့တဲ့လမ်းအတွက် ပိတိတွေဖြာ၊ ဂုဏ်တွေယူလို့၊ တချို့က စိတ်သွားတိုင်း ကိုယ်မပါ၊ အနိစ္စတရားကို အမြဲဆင်ခြင်နှလုံးသွင်းနေရတဲ့ ဘဝတွေအတွက် စိတ်ဓာတ်တွေကျ၊ ကိုဇနိရဲ့ “စာတွေသင် ဘွဲ့တွေရ အလုပ်တွေလုပ်တဲ့အခါမှာ“ ထဲကလို ခံစားရသူတွေလဲ မရှား။ ရထားပေါ်က ခွဲထွက်သွားသူတွေကလဲ ရုန်းကန်ဆဲလူက အားမာန် အပြည့်နဲ့ ရုန်းကန်၊ အောင်မြင်ပြီးသူတွေက ပျော်မဆုံး၊ ခွဲထွက်မိလို့ နောင်တ ရသူက ရလို့ပေါ့။ အများစုက တစ်ကိုယ်တည်း ခရီးဆက်၊ တချို့တလေက ဘေးမှာ အားပေးမဲ့ ကြင်ဖော်အပြင် အိမ့်ဆည်းလည်းလေးတွေ ဝေဝေဆာဆာနဲ့။ အားကျတဲ့လူက အားကျလို့။ ဘယ်လိုပဲ အခြေအနေတွေကွဲကွဲ၊ ခံစားချက်တွေ ဘယ်လိုပဲ မတူတူ၊ တို့အားလုံးမှာ တူညီတာတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ တို့တွေအားလုံးကြားမှာရှိတဲ့ သူငယ်ချင်း သံယောဇဉ်။ အဲဒီသံယောဇဉ်နဲ့ပဲ တစ်ယောက်နဲ့တစ်ယောက်နားလည်ပြီး တစ်ယောက်ကို တစ်ယောက် အားပေး၊ လက်တွဲခေါ်ရမဲ့သူကိုခေါ်လို့၊ ကူညီနိုင်တဲ့သူကလဲ မငြင်းစတမ်း၊ ဘဝခရီးဆုံးတဲ့အထိ ဒီအတိုင်း ဆက်သွားချင်ပါသေးတယ်။
စစ်ကိုင်းသူ

အားလုံးသော IT သူငယ်ချင်းတွေနဲ့ ပြန်ဆုံချင်တယ်။ အခြားမေဂျာ သူငယ်ချင်း တွေကို လည်းသတိရနေပါတယ်။ဘရုတ်ကျဖော်များ ဖြစ်သော သူငယ်ချင်းတွေကို လွမ်းတယ်။ အဲဒီအချိန်တွေကို ခဏရချင်တယ်။ဆရာ/မတွေကိုလည်း ကျေးဖူးတင်ရင်း သတိနေမိတယ်။
စာကလေး IT

သူငယ်ချင်းတွေပြောတော့မှ သတိရတယ်. ဒီနေ့ ကိုယ်တို့တွေ ဆုံခဲ့ကြတာ ဆယ်နှစ်ပြည့်ကြပြီလေ. စစ်ကိုင်းသူ. ကိုလူအေး. မောင်ဖြူ. tmnတို့တွေနဲ့ ဆုံကြတယ်. လွမ်းတယ်ကွာ. ကျောင်းသားဘ၀ကို. ကိုအငဲသီချင်းနဲ့ပြောရရင် လွမ်းမိတယ် ဟိုးတုန်းက မန္တလေးညလို့ပဲ အော်လိုက်ချင်တော့တယ်. မန်းချယ်ရီဆောင်. တိုက်ဝါဆောင်. ကနောင်ဆောင်. ကိုယ်တို့တွေနဲ့ အသက်သွင်းခဲ့တဲ့ ကျောင်းတော်ကြီး အခုတော့လည်း ကိုယ်တို့နဲ့ မသက်တော့သလိုပါပဲလား။ ဒီရက်ပိုင်းအတွင်း တရားရစရာတွေများနေတယ်. အခုချိန်မှာ ကျောင်းတော်ကြီးရဲ့ ကြိုဆိုမှုတွေက အေးစက်နေတယ်. ကိုယ်တို့တွေပျော်ခဲ့တဲ့ Building 13 . Main Building. T1. T2. T3. T4. စတဲ့နေရာတွေလေ. ဘယ်လိုမှ မမေ့နိုင်အောင်ပါပဲ. Main Building အပေါ်ထပ်က ကိုယ်တို့တွေရဲ့စာသင်ခန်းလေးတွေ. Main Building အောက်ဆုံးထပ်မှာ မောင်ဖြူနဲ့ ကိုလူအေး ကိုယ့်ကိုလွယ်အိတ်ကိုင်ပြီး ရပ်စောင့်ပေးရတဲ့နေရာလေ. ဟိဟိ. ထမင်းစားချိန်ပြန်လာရင် ဟိတ်ကောင်တွေခနစောင့်ဆိုပြီး လွယ်အိတ်ကိုင်ခိုင်းခဲ့တဲ့နေရာလေးတွေ. ခြေရာကောက်ရင်းနဲ့ လွမ်းတယ်သူငယ်ချင်းတို့ရေ. . နောက် ကျောင်းရှေ့က ရေနီမြောင်း. တန်ဆောင်တိုင် မီးမြောပွဲမှာ မောင်ဖြူ. ကိုလူအေး tmn တို့ဆီက မုန့်ဘိုးတောင်းခဲ့တာတွေ. တို့တွေရဲ့ မေဂျာ ပုဂံ လေ့လာရေးခရီး ကတော့ မမေ့နိုင်အောင်ပါပဲဟာ. အားလုံးရဲ့ စိတ်ထဲမှာလဲ အမှတ်ရနေမယ်လို့ ကိုယ်ယုံကြည်နေပါတယ်ကွာ။ ကိုယ်တို့ဆုံနေကြ Black and White လည်း မရှိတော့ဘူးဟာ. နောက် ဂိတ်ပေါက်ဝက ကာရာအိုကေဆိုင်လေးရော. အကြော်ဆိုင်လေးရော. ဘာမှမရှိတော့ဘူး . ဒါပေမယ့် သေချာတာက တို့တွေရဲ့ ရင်ထဲက ခင်မင်မှုတွေကတော့ ဘယ်တော့မှ မပျောက်နိုင်ကြဘူးဆိုတာ ကိုယ်ယုံကြည်နေတယ်လေ. လွမ်းတယ်ကွာ. ပြောရရင် ကိုယ်နဲ့ ကန်တင်းထိုင်ဖေါ်ထိုင်ဖက်ကလေးမ. ပေါ့ဆိမ့်တူတူသောက်နေကျကောင်မလေးရော. သူကပြောပါတယ်. သူသာ ဘဲမရခဲ့ရင် ကိုယ့်ကိုသတိရနေမယ်တဲ့. ဘဲရသွားရင်မသေချာဘူးတဲ့လေ. အဲလိုပါပဲဟာ. အခုတော့လည်း ....နောက်ဆုံးနှစ်ခွဲခါနီး ကိုယ့်ရဲ့ အော်တိုစာအုပ်ထဲ လက်စွမ်းပြခဲ့တဲ့ tmn ရဲ့ဆေးစွမ်းကလည်း မထက်ဘူးထင်တယ်. ကိုယ့်ရဲ့ weight က ဒီအတိုင်းက ဒီအတိုင်းပဲဟာ။ ကိုလူအေး. မောင်ဖြူနဲ့ tmn တို့ရေ... မင်းတို့တွေ ကိုယ်တို့ကိုစခွဲခါစက စိုင်းစိုင်းရဲ့ သူငယ်ချင်းများစွာဗီစီဒီထွက်တယ်လေ. "တချို့တွေက ပူပြင်းတဲ့ဒေသ. တချို့တွေက အေးမြတဲ့ဒေသ" ဆိုတဲ့စာသားလေးကို နားထောင်ရတိုင်း ကိုယ်အရမ်းလွမ်းတယ်ကွာ။ မမေ့နိုင်ဆုံးကတော့ ကိုယ့်ရဲ့ နောက်ဆုံးနှစ်က မွေးနေ့ပွဲလေ. မှတ်မိနေသေးတယ်. မောင်ဖြူတစ်ကောင် ရည်းစားရပြီး မကြာဘူး. ကိုယ့်မွေးနေ့ရောက်တယ်. ကိုယ့်မွေးနေ့မှာ လူစုံမှကျေနပ်မယ်ဆိုလို့ မောင်ဖြူတစ်ယောက် ကိုယ့်မွေးနေ့ကို ညနေထိနေပေးသွားတယ်. K4ကျတော့ နေမကောင်းဘူး. ဗိုက်အောင့်လို့တဲ့. ကိုယ်ပြုတ်ကျွေးတဲ့ ဟော့ပေါ့. ကိုယ်ကြော်ပေးခဲ့တဲ့ ခေါက်ဆွဲကြော်တွေ. မင်းတို့တွေလည်း လွမ်းနေမယ်လို့ ကိုယ်သိနေတယ်သူငယ်ချင်းတို့ရေ. ကံမကုန်ရင်တို့တွေ ပြန်ဆုံကြရမှာပေါ့နော်. အခုတော့လည်း......
အားလုံးကိုလွမ်းနေတယ်...

နိုင်းနဒီ IT

သူငယ်ချင်းအားလုံးသတိရတယ်….
ပို့စ်ဖတ်တော့ ပိုသတိရတယ်
ဝမ်းသာတယ်…..
ဝမ်းသာတာက ခုထိ အဆက်အသွယ်တွေရနေလို့
ဝမ်းနည်းတယ်….
ဝမ်းနည်းတာက သူငယ်ချင်းတချို့ခွဲသွားလို့ နေခဲ့ရတယ်
မလွန်ဆန်နိုင်တဲ့ သေမင်းကသူငယ်ချင်းကို ခွင့်မတောင်းပဲခေါ်သွားတယ်
လွမ်းမိတယ်....
ကျောင်းတော်ကြီးရယ်
ပညာများစွာပေးခဲ့တယ်

အခန်းဖော်ရယ်….
အမြဲတန်း အတူရှိခဲ့ဖူးတယ်၊ ဖေးမတယ်၊ မေတ္တာပေးတယ်၊ စာတူတူကျက်တယ်၊ နေမကောင်းရင်ဆေးတိုက်တယ်၊ ခုတော့အနားမှာဘယ်သူမှမရှိဘူး

အတန်းဖော်ရယ်……
စက်ဘီးတွေနဲ့တူတူသွားတယ်
စာတွေမသိရင်ရှင်းပြကြတယ်၊ ခုတော့ တစ်နယ်ဆီမှာ

မန်းချယ်ရီရယ်…..
ဒုတိယအိမ်လေးရခဲ့တယ်၊ခိုလှုံခဲ့ရတယ်၊
မြို့ထဲကပြန်လာရင် သူ့အရိပ်ရောက်တာနဲ့ အမောတွေလွင့်သွားတယ်၊ ခုကျသူက သူစိမ်းဆန်တယ်၊အလည်သွားရင်နှုတ်မဆက်တော့ဘူး၊ အသစ်တွေနဲ့ပျော်နေတယ်
အိမ်ပေါင်းများစွာ ပြောင်းခဲ့ရတယ်၊ ဒုတိယအိမ်လောက်နွေးထွေးမှူမရတော့ဘူး

ကနောင်ရယ်…….
အဲဒီမှာ ၁၅၀ဆိုတဲ့ အသိတူတဲ့သူငယ်ချင်းတွေရှိတယ်၊ ဘာဖြစ်ဖြစ် အမြဲအကူအညီတွေပေးခဲ့တယ်၊ မရှိအတူ ဝေမျှစားသောက်ခဲ့ကြဖူးတယ်၊ ခုတော့ လှမ်းကြည့်လဲ အဲအဆောင် မမြင်ရတော့တဲ့နေရာတွေမှာ အဲဒီလူတွေ မပျော်လည်းနေ ပျော်လည်းနေ နေကြတယ်

ရေနီမြောင်းရယ်……
အမြဲစီးဆင်းနေတယ်၊ ရေသွားချိုးခဲ့ကြတယ်၊ တန်ဆောင်မုန်းလကို ဘယ်တော့မှမမေ့အောင် သူကပြုစားခဲ့တယ်၊ ခုတော့ သူနဲ့ တန်ဆောင်မုန်းလဲမတွဲ ဖြစ်တော့ဘူးကြားတယ်

အကြော်ဆိုင်ရယ်…..
သူငယ်ချုင်းတွေ ညနေခင်းမှာ ဆုံနိုင်တယ်၊ ရယ်သံလွင်လွင်တွေ ကြားခဲ့ကြဖူးတယ်၊ ခုတော့သူက အသွင်ပြောင်းသွားပြီ၊ လွမ်းစရာတွေ အများကြီးနဲ့ အားလုံးကိုလွမ်းမိတယ်…..
ငိုချင်လာမိတယ်….ဆက်မရေးနိုင်တော့ဘူး။

မဇနိ

ကနောင်မင်းသားကြီးမျိုးဆက် (သို့) မှတ်မိနေသောနေ့စွဲများ
မန္တလေးမှာကျောင်းတက်တုန်းက ပထမနှစ်မှာ အဆောင်နိမ့်နိမ့်လေးတွေနဲ့ ခြောက်ယောက်တစ်ခန်းနေရတယ်။ (အမှန်က ရှစ်ယောက်တစ်ခန်း၊ နှစ်ယောက်ကဆက်မတက်တော့လို့ ကျွန်တော်တို့အခန်းက ခြောက်ယောက်ခန်းဖြစ်သွားတာ) အဲဒီအဆောင်တွေကလဲ ကျောင်းသားတွေထားတဲ့အဆောင်မဟုတ်ပါဘူး။ ဒုတိယနှစ်ယောက်တော့မှ ကျောင်းသားဆောင်မှာနေရတယ်။ ကနောင်ဆောင်တဲ့။

အဆောင်ကတောင်ခြေမှာဆောက်ထားတာဆိုတော့ တောင်ခြေဆင်ခြေလျောအတိုင်းဆောက်ထားတာ။ နှစ်ထပ်ဆောင်ပေါ့။ အောက်ထပ်ကတော့ အောက်ဘက်ကိုလျောဆင်းသွားလေ မျက်နှာကျက်ကပိုမြင့်သွားလေပဲ။ အခန်းတွေက နှစ်ယောက်ခန်းတွေ။ အဆောင်ကအရှည်လိုက်ဆောက်ထားတာဆိုပေမယ့်၊ အတွန့်အတွန့်လေးတွေနဲ့။ အခန်းအကျယ်က တစ်ခန်းနဲ့တစ်ခန်းမတူတော့ဘူး။ ကျယ်တာတော့ကျယ်တယ်။ ကျောင်းသားတစ်ယောက်ကို ကုတင်တစ်လုံး၊ စာကြည့်စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးပေးတယ်။ စာကြည့်စားပွဲနားမှာတော့ ကြိုးတန်းလန်းနဲ့ မီးလုံးထိုးလို့ရတဲ့ ပလပ်ခေါင်းတစ်ခုရှိတယ်။ အခန်းအပြင်ဘက်မှာဝရန်တာလေးလဲပါတယ်။ နှစ်ခန်းတွဲရက်တစ်ခုကို ဝရန်တာတစ်ခုပါတာပေါ့။ ကျွန်တော်က ကျွန်တော်နဲ့ ဆိုက်မတူ၊ ဂိုက်မတူတဲ့ ”ကိုချစ်”ဆိုတဲ့ တစ်ယောက်နဲ့နေတယ်။ ကျောင်းဝန်းထဲကအဆောင်နာမည်တွေက၊ ရှေးခေတ်နာမည်တွေပေးထားတာ။ အစကတော့ “A, B, C, D” စသည်ဖြင့်ပေးတယ်ထင်ပါတယ်။ နောက်တော့မှ ပြင်စည်၊ ကနောင်၊ မက္ခရာ၊ ညောင်ရမ်းစသည်ဖြင့် ဖြစ်ကုန်တာ။ အဆောင်နဲ့စာသင်ခန်းတွေက အတော်လှမ်းတော့ စက်ဘီးလေးတွေနဲ့သွားကြတယ်။ အသွားကတော့ ဆင်ခြေလျောဆိုတော့ အသာလေးဆင်းသွားရုံပဲ။ အပြန်ကုန်းတက်ကြရင်တော့ နင်းပေတော့။ နောက်ကတစ်ယောက်လောက်ပါလာရင်၊ ပိုဆိုးရော။

အဆောင်နေကျောင်းသားဘဝကတော့ ပျော်စရာကောင်းသလို အတော်လဲစိတ်ဝင်စားဖို့ကောင်းတယ်။ မြန်မာပြည်အရပ်ရပ်ကလာကြသူတွေစုကြတာဆိုတော့၊ လူတွေကလဲ အမျိုးစုံ၊ အသံစုံ၊ ဓလေ့အစုံပဲ။ အဲဒီကြမှပဲ မြန်မာစကားမှာ မြန်မာတွေမသိသေးတဲ့စကားလုံးတွေလဲရှိသေးပါလားဆိုတာ သိသွားတော့တယ်။ ကျွန်တော်တို့ဆီမှာခေါ်တဲ့ လက်နှိပ်ဓါတ်မီး (သို့) ဓါတ်မီးကို အညာကတချို့က ဒုတ်မီးတဲ့၊ ပုရွက်ဆိတ်ကိုတော့ ကျင်ကောင်တဲ့၊ ဈေးကြီးတာကို ဈေးတန်တယ်တဲ့။ ကျွန်တော်သိတာက ပစ္စည်းတစ်ခုတန်တယ်ဆိုရင်၊ ဝယ်လို့သင့်တော်တယ်ပေါ့။ သူတို့ကြအဲလိုမဟုတ်ဘူး၊ ဈေးတန်လိုက်တာဆိုရင်၊ ဈေးကြီးတာ။ ”မဟုတ်ဘူး” လို့ပြောရင်လဲ ”မဟုတ်ဘူးရယ်”လို့ပြောတယ်။ တချို့ကြတော့ ”ဟုတ်တယ်”ကို ”ဟုတ်တယ်ဆရာ” လို့ပြောကြတယ်။ ”တကယ်ပြောတာ” ကို ”အတည်ပြောတာ”တဲ့။ တောင်ငူသားတစ်ယောက်ကြတော့ ”ချ” နဲ့ ”ရှ”နဲ့မပီဘူး။ အဆောင်မှာ ”ချည်ရည်ဟင်း”ချက်တယ်ဆိုရင် ”ရှည်ရည်ဟင်း”ဖြစ်သွားရော။ ပခုက္ကူဘက်ကပုဂ္ဂိုလ်တွေကြတော့တစ်မျိုး။ သူတို့က “ရေတွင်း”ကို “ရေတွန်း”၊ “ခွန်”ဆိုရင် “ခွင်”တဲ့။ ကလေးဘက်ကတစ်ယောက်ရှိသေးတယ်၊ “လွင်မိုး”ကို “လန်မိုး”တဲ့။ ပြောရရင်တော့အစုံပဲ၊ ချင်းပြည်နယ်ကသူငယ်ချင်းတစ်ယောက်နာမည်က “တလွန်ဇထန်း”တဲ့၊ ကျွန်တော်တို့ကသူ့ကိုခေါ်တော့ “တမလွန်စခန်း”ဖြစ်သွားတယ်။ ရယ်လဲရယ်စရာကောင်းတယ်၊ ခုကြတော့လဲ လွမ်းစရာလေးတွေပေါ့။

အဆောင်အဝင်ဝမှာက မလေးရှားပိတောက်ဆိုလား အရွက်အရမ်းကြွေတဲ့အပင်တွေက အဆောင်ခြံစည်းရိုးကိုတန်းစီစိုက်ထားတယ်။ လေတိုက်ရင် အဲဒီအပင်တွေဆီက အနံ့သိပ်မပြင်းတဲ့အမွှေးနံ့လေးတွေရတတ်တယ်။ အဆာင်သန့်ရှင်းရေးလုပ်တဲ့အစ်မကတော့ ဒီအပင်တွေကိုသိပ်ကြည်မှာမဟုတ်လောက်ဘူး။ သူ့နာမည်ကဒေါ်ရှမ်းမတဲ့။ အရပ်ပုပုလေးနဲ့ မိုးလင်းရင်အဆောင်ခြံစည်းရိုးတလျှောက်ကြွေကျနေတဲ့ မလေးရှားပိတောက်ရွက်ခြောက်တွေကိုလိုက်သိမ်းတယ်။ အဆောင်မှူးကလဲ မျက်စိဒေါက်ထောက်ပြီးသူတို့ကိုလိုက်ခိုင်းတတ်တယ်။ အဆောင်သန့်ရှင်းရေးလုပ်တဲ့အဒေါ်ကြီးတစ်ယောက်ရှိသေးတယ်။ သူ့နာမည်တော့မသိဘူး၊ သူကတော့သူ့ကိုယ်သူ ဒေါ်ကြီး၊ဒေါ်ကြီးနဲ့ပြောတတ်တယ်။ ဒေါ်ကြီးကဆောင်ကော်ရစ်ဒါတို့၊ အဆောင်မှူးအခန်းတို့ကိုသန့်ရှင်းရေးလုပ်ပေးရတာ။ တစ်ခါပေါ့၊ အဲဒီဒေါ်ကြီးတစ်ယောက် ပင်ပန်းလို့ထင်ပါရဲ့ အဆောင်အပေါ်ထပ်ကအခန်းလွတ်တွေကိုသန့်ရှင်းရေးလုပ်ရင်းနဲ့ ခုတင်လွတ်တစ်ခုပေါ်မှာခိုးအိပ်နေတာ။ ကျောင်းသားတစ်ယောက်က အပေါ်ထပ်ကိုလျှောက်ကြည့်ရင်းနဲ့ ဒေါ်ကြီးအိပ်နေတာကိုတွေ့သွားတယ်။ မောင်ကျောင်းသားကတော့ ဘာမှမလုပ်ပါဘူး၊ ဒါပေမယ့်ဒေါ်ကြီးက သူ့ကိုအဆောင်မှူးနဲ့ပြန်မတိုင်ဘို့ မောင်ကျောင်းသားကိုတောင်းပန်လိုက်ရတာအမော။ ဒေါ်ရှမ်းမနဲ့ဒေါ်ကြီးနဲ့က အဆောင်ကို ဟိုဘက်ခြမ်း၊ဒီဘက်ခြမ်းခွဲပြီးသန့်ရှင်းရေးလုပ်တယ်။ ဒေါ်ကြီးကကျွန်တော်တို့အရှေ့ဘက်ခြမ်းကိုတာဝန်ယူရတာ။ ဒေါ်ရှမ်းမကတော့ အဆောင်အနောက်ဘက်ခြမ်းပေါ့။ ဒေါ်ရှမ်းမယောက်ျားက အဆောင်စားဖိုမှာအလုပ်လုပ်တယ်။ သူကလဲအရပ်ကပုပြတ်ပြတ်နဲ့၊ စကားသိပ်မပီဘူး။

အဆောင်အစောင့်လုပ်ကြသူတွေက အဖိုးကြီးတွေ။ ဘိုးသိန်းတဲ့၊ ဘိုးလုံးတဲ့။ ဘိုးသိန်းကအရပ်ရှည်ရှည်၊ အသားဖြူဖြူ။ မျက်လုံးမကောင်းတာလား၊ ဘာလားတော့မသိဘူး၊ လူကိုကြည့်ရင်၊ မျက်မှောင်ကြုတ်ပြီးတော့ကြည့်တယ်။ သူက လူကသာချောင်းတဟွတ်ဟွတ်ဖြစ်နေတာ၊ ကျွန်တော်တွေ့မိသလောက် ဆေးလိပ်တိုတစ်လိပ်က သူ့လက်ထဲမှာအမြဲရှိတယ်။ ဘိုးလုံးကတော့ အရပ်ပုပုလေး၊ အသားကလဲမည်းတယ်။ ကုလားလားတော့မသိဘူး၊ ကုလားအဖိုးကြီးတွေနဲ့အတော်ဆင်တယ်။ သူတို့နှစ်ယောက်က၊ နေ့ဆိုင်း၊ညဆိုင်းခွဲပြီး အဆောင်ကိုစောင့်ရတာ။ ကျောင်းသားတွေက သူတို့နဲ့တော့လေပေးဖြောင့်တယ်၊ ဘာလို့လဲဆိုတော့၊ တစ်ခါတလေညဘက် အဆောင်ပြန်နောက်ကျလို့ အဆောင်တံခါးပိတ်ထားရင် အဲဒီအဖိုးကြီးတွေကပဲ အဆောင်တံခါးသော့ကိုလာဖွင့်ပေးရတာကိုး။ ဘိုးလုံးကအသက်ကြီးနေပေမယ့်၊ အခုထိစာဖတ်တုန်း။ သူ့ခေါင်းအုံးအောက်မှာ အမြဲတမ်းစာအုပ်တစ်အုပ်တော့ရှိတယ်။ တစ်ခါတော့ သူ့ခုတင်ပေါ်မှာသွားထိုင်ပြီး သူနဲ့စကားပြောရင်း သူ့ခေါင်းအုံးအောက်က စာအုပ်ကိုသွားနှိုက်ကြည့်မိတယ်။ ဘာစာအုပ်လဲပေါ့၊ ဒီအရွယ်ဆိုတော့ ဘာသာရေးစာပေတွေပဲနေမှာဆိုပြီးကြည့်လိုက်တာ၊ ဘယ်ဟုတ်မလဲ၊ အချစ်ဝတ္ထုစစ်စစ်။ မျက်နှာဖုံးမှာကိုက ကောင်မလေးလှလှလေးပုံကိုဆွဲထားတာ။ သူလဲရှက်သွားတယ်နဲ့တူပါတယ်၊ ရယ်ကျဲကျဲနဲ့ သူ့သမီးငှားထားတာကို အပျင်းပြေဖတ်ဖို့ယူလာတာတဲ့၊ ဖတ်ချင်တယ်ဆိုရင်ယူသွားလေတဲ့။ ကျွန်တော်လဲရီချင်တာနဲ့ မဖတ်တော့ပါဘူးလို့ပြောပြီး သူ့ဆီကထွက်လာခဲ့တယ်။ ဘိုးလုံးက ပုတီးလဲအသေစိပ်တာ။ ခြင်ရိုက်ရင်းလဲစိတ်တယ်၊ အိပ်ငိုက်ရင်းလဲစိပ်တယ်။

အဆောင်နဲ့ထမင်းစားဆောင်နဲ့က ငါးမိနစ်လောက်လမ်းလျှောက်ရတယ်။ အရင်ကတော့ကျောင်းသားတွေအများကြီးစာအတွက်လုပ်ထားတာလားတော့မသိဘူး၊ ထမင်းစားဆောင်ကြီးတွေက အတော်ကျယ်တယ်။ ကနောင်ဆောင်နဲ့မက္ခရာဆောင်နဲ့က ထမင်း၊ဟင်းချက်တဲ့ဖိုကတစ်ခုတည်း။ ထမင်းစားဆောင်ကလဲကပ်လျက်။ အဆောင်မှာဒိုင်ခံကျွေးတာကတော့ ပဲဟင်းပေါ့။ ကျွန်တော်မှတ်မိသလောက်တော့ ပထမနှစ်တစ်နှစ်လုံးက ပဲဟင်းတစ်မျိုးတည်းပဲကျွေးတာ။ အသားဟင်းက ကိုယ့်ဘာသာကင်တင်းကနေမှာစားရတယ်။ မန္တလေးတို့၊စစ်ကိုင်းတို့ကသူတွေကတော့ အိမ်ကထည့်ပေးလိုက်တဲ့အခြောက်အခြမ်းတွေနဲ့ဆိုတော့ ပိုအဆင်ပြေတာပေါ့။ နောက်ပိုင်းတော့ ကြက်ဥချက်တို့၊ ဝက်အူချောင်းချက်တို့၊ ဝက်သား၊အမဲသား၊ငါးတို့ကျွေးတယ်။ လူအများစာဆိုတော့ စားကောင်းတယ်ရယ်လဲမဟုတ်ဘူး၊ စားဖြစ်တယ်ဆိုရုံပဲ။ နောက်တော့ ထမင်းစားဆောင်အဝမှာ အသားဟင်းဆိုင်လေးတွေ၊ ရွာထဲကနေလာလာရောင်းကြတယ်။ အဲဒါလေးတွေကဈေးလဲသက်သာတော့ ကျောင်းသားတွေနဲ့ကိုက်တယ်။ ဘယ်မှလဲသွားစရာမလိုဘူး၊ စားကာနီးမှာဝယ်စားလိုက်ရုံပဲ။ ပိုက်ဆံပြတ်နေတဲ့အချိန်မျိုးဆိုရင်တော့ သူငယ်ချင်းတွေဆီကအခြောက်အခြမ်းလေးကပ်စားလိုက်၊ မရှိတော့လဲ အဆောင်ထမင်းဟင်းကို ပဲဟင်းနဲ့မျှောချတဲ့အခါလဲချပေါ့။ ဒါပေမယ့် စိတ်ညစ်စရာရယ်လို့တော့တစ်ခါမှမတွေးမိပါဘူး။ ဘိုင်ပြတ်လိုက်၊ထိုင်ငတ်လိုက်နဲ့ ဒီလိုပဲပျော်နေကြတယ်။

လွန်ခဲ့တဲ့သုံးနှစ်လောက်ကတော့ ကနောင်ဆောင်ကိုတစ်ခေါက်ပြန်ရောက်သေးတယ်။ အကြာကြီးနေခဲ့ဖူးပေမယ့်၊ အဆောင်ရဲ့ဆီးကြိုမှုကသူစိမ်းဆန်နေသလိုပဲ။ အကြာကြီးခိုလှုံခဲ့ဖူးတဲ့ အမိရင်ခွင်ဟောင်းကြီးရဲ့ရင်ငွေ့က အေးစက်လွန်းလိုက်တာ။ ဒီအဆောက်အဦးကြီးက ကိုယ်နဲ့မဆိုင်တော့သလိုလဲခံစားရတယ်။ ကျောင်းသားတွေရဲ့မြူးထူးတက်ကြွတဲ့အသံတွေနဲ့ဖုံးလွှမ်းနေခဲ့တဲ့အဆောင်ကြီးက ခုတော့လဲခြောက်ကပ်လို့။ အမြဲလိုလိုဆူညံနေခဲ့တဲ့ အဆောင်ကော်ရစ်ဒါကလဲ တိတ်ဆိတ်လို့။ အပြင်ဘက်ဆင်ဝင်မှာတော့ နွယ်ပင်လေးတချို့က အပေါ်ဘက်လေသာဆောင်ကိုတွယ်ကပ်တက်နေလေရဲ့။ ဆင်ဝင်ဒေါက်တိုင်ကြီးတွေမှာလဲ ရေညှိတက်နေတဲ့ရေစီးကြောင်းကြီးတွေနဲ့။ အရင်ကရှိခဲ့ဖူးတဲ့အဆောင်ရှေ့ကဘော်လီဘောကွင်းလေးကတော့ ချုံနွယ်၊ပိတ်ပေါင်းနဲ့ မြက်ပင်ရှည်ရှည်တွေနဲ့ဖုံးအုပ်နေတယ်။ ဒါကအဆောင်တစ်ခုမှာရှိရမယ့်ဂုဏ်ပုဒ်တွေမဟုတ်ဘူးလေလို့လဲ၊ စိတ်ထဲမှာမချင့်မရဲနဲ့တွေးနေမိတယ်။ ဘိုးလုံးကတော့ အရင်ထက်အိုစာသွားသလိုပဲ။ မျက်ခုံးတွေတောင်ဖြူနေပြီ။ အပေါက်ဖာထားတဲ့ စစ်ဆွယ်တာအစိမ်းလေးကိုဝတ်လို့နှုတ်ဆက်တယ်။ ကျွန်တော့်စိတ်ထင် အသံတွေတောင်တုန်နေသလိုပဲ၊ ကျွန်တော့်အကြားအာရုံတွေတုန်ယင်နေတာလဲ ဖြစ်နိုင်တာပဲလေ။ ။
မောင်ဖြူ



သူငယ်ချင်းအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
ဘောမ်မျှော်



“တွေ့ဆုံကြုံကွဲ ဖြစ်စမြဲ“ တဲ့ သူငယ်ချင်းတွေနဲ့အတူ MTU ကျောင်းတော်ကြီးမှာ ဆုံတွေ့ခွင့်ရခဲ့တာ ဆယ်နှစ်ပြည့်ခဲ့ပြီလေ။ သူငယ်ချင်းတချို့ကလဲ MTU မှာ ပြန်ခိုလှုံနေတယ်။ တချို့ကတော့ ကျောင်းတော်ကြီးမှာ တချိန်ချိန်မှာ ပြန်လည်ခြေချခွင့်ရပေမဲ့ တချို့ကတော့ ထာဝရကို ခွဲခွာသွားပြီလေ။ သူငယ်ချင်းအားလုံးကို သတိရပါတယ်။အချိန်မတန်ခင်ခွဲခွာသွားတဲ့ သူငယ်ချင်းအတွက်လဲ အားလုံးဆုတောင်းပေးကြပါလို့။
ရွှေငါး

ကျွန်တော်တို့တတွေအား ပညာသင်ပေးခဲ့သော ဆရာကြီး ဆရာမကြီးများအား လက်ဆယ်ဖြာထိပ်မှာ မိုးလို့ ရှိခိုးပါတယ်ခင်ဗျား…
လွမ်းမိတယ် ဟိုတုန်းက မန္တလေးညတွေ… ဒီအချိန်ကျောင်းတော်ကြီးရဲ့အလယ်မှာ တမာပန်းတွေလဲ ပွင့်နေလောက်ပီ… သူငယ်ချင်းများစွာ…ကန်တီးမှာလဲ အတူထိုင်ခဲ့ကြတယ်… အတန်းအတူ လစ်ခဲ့ကြတယ်.. ဘောလုံးအတူ ကစားခဲ့ကြတယ်… မာရသွန်ပြေးပွဲမှာ အတူပါဝင်ဆင်နွှဲခဲ့ကြတယ်… နိုက်စတာရီအတူ ၀င်ခဲ့ကြတယ်… ထန်းရည် အတူသောက်ခဲ့ကြတယ်… ကျောင်းကထိန်ပွဲတွေမှာ ဒိုးပတ်အတူတီးပြီး သီချင်းတွေ ဆိုခဲ့ကြတယ်… တန်ဆောင်းမုန်းလပြည့်ည ဆီးမီးပူဇော်ပွဲတွေ… မီးပုံပျံလွှတ်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ကြတယ်… ကျောင်းစည်းကမ်းဖောက်လို့ ၀န်ခံကတိလက်မှတ်တွေ လည်း အကြိမ်ကြိမ်ထိုးခဲ့ကြတယ်… ဒီဇင်ဘာ(၂၅)ရောက်တိုင်း ပြင်ဦးလွင်ကို ပျော်ပွဲစားထွက်ခဲ့ကြ တယ်… အီးစီ-အိုင်တီ သူငယ်ချင်းများနဲ့ ပုဂံကို ဘုရားဖူးသွားခဲ့ကြတယ်… တိုင်းမိသားစုအနေနဲ့ မင်းကွန်းကို ဘုရားဖူးသွားခဲ့ကြတယ်…စစ်ကိုင်းကောင်းမှုတော်…ရွှေစံရာပွဲကိုလည်း ရောက်ခဲ့သေး တယ်… အခုတော့လဲ သူငယ်ချင်းများ တစ်ယောက်တစ်နယ်စီမှာနေ ပိတောက်နဲ့ ချယ်ရီပမာလေ ဖြစ်နေပီပေါ့… ပထမနှစ်က Calculus သင်တဲ့ဆရာကြီးကိုလဲ သတိရတယ်… ဘာလို့လဲဆိုတော့ ဆရာကြီးက စာရှင်းတာတော်တယ်… ဒုတိယနှစ် Drawing စာမေးပွဲကိုတော့ မမေ့ဘူး… နေ့လည်မှာဖြေရတာ … နေကပူ… ပုံတွေကဘာတွေမှန်းမသိ…စာရွက်ပေါ်ချွေးတွေကျ… တတိယနှစ် Digital သင်တဲ့ ဆရာမ နဲ့ A+ သင်တဲ့ဆရာကတော့ ကျွန်တော်တို့နဲ့ကတော့ သူငယ်ချင်းလဲဖြစ် .. ဆရာလဲဖြစ်ပဲ… စတုတ္ထနှစ် Networking ကိုလဲ အဲဒီဆရာပဲ ဆက်သင်တာ… ပဉ္စမနှစ် နဲ့ နောက်ဆုံးနှစ် Control သင်တဲ့ဆရာမ နဲ့ Dbase, OOP, Cryptography, Management, PLC, Data Communication သင်တဲ့ ဆရာမကြီးတွေလဲ သတိရတယ်... အီးစီ-အိုင်တီ ဌာနမှူးဆရာမကြီး စာသင်တော့ ဆရာမကြီးက မင်းတို့ နားတော့မလားလို့မေးရင်… ဟုတ်ကဲ့ဆိုတော့… ဆရာမကြီးက မင်းတို့ အိုင်ကျူတော်တော်မြင့်လာပီိလို့ မှတ်ချက်ပေးတယ်… ဆက်သင်လို့ရပါသေးတယ်ဆိုရင်တော့ မင်းတို့ အိုင်ကျူက အရမ်းနိမ့်တယ် လို့မှတ်ချက်ပေးပါတယ်… ကဲဒီလောက်ပါပဲဗျာ… ကျန်ခဲ့တာရှိသေးလဲ သူငယ်ချင်းတို့ ထပ်ဖြည့်ရေးကြပါဦး။

မောင်လုံး



အမ်တီယူကိုရောက်ပြီး ၁၀ နှစ်အကြာမှာ ဘေးဘီကိုကြည့်လိုက်တော့…
တွေ့လိုက်ရတယ် အပေါင်းအသင်းတွေကို…
တစ်ချို့ကလည်း မမြီးငုတ်စိနဲ့ ( ဘီအီးကို သံယောဇဉ်ကြီးကြတာလေ)
တစ်ချို့က အမြီးတွေရှည်လို့ ( ဘွဲ့တွေရကြတာကို ပြောတာပါ)
တစ်ချို့ကလည်း တွင်းနက်ကြီးထဲကမထွက်နိုင်သေး ( ဟိုတောထဲပြေးရ၊ ဒီတောထဲပြေးရ၊ ခြံစည်းရိုးကို ခွကျော်လို့ကျော်)
တစ်ချို့ကလည်း ကျွန်းပေါ်တွေရောက်…
တစ်ချို့က တွဲလောင်း…(ကလေးတွေနဲ့)
တစ်ချို့က ဗိုက်ဖောင်း…( စားရသောက်ရလို့ ဗိုက်ဖောင်းတာဟုတ်ဘူး၊ ဟီးဟီး ကလေးတွေရတော့မယ်သူတွေ…)
တစ်ချို့ ကလည်း အဲဒါတွေကို သဘောကျ…
တစ်ချို့ကလည်း ဟောက်သူတွေဖြစ်…
တစ်ချို့ကြလည်း အငေါက်ခံတွေထိလို့…
ကဲလေ ဘယ်လိုတွေပဲ ဖြစ်ဖြစ်..
နောင် ၁၀ နှစ်မှာ တို့တွေ ပြန်ဆုံကြသေးတာပေါ့ကွယ်။
ဇနိ

၁၀နှစ်ပြည့် အမှတ်တရအနေနဲ့ ကျွန်တော်တို့ သူငယ်ချင်း အဖွဲ့ ကောင်းမှုအတူလုပ်ပြီး ကုသိုလ်ယူခဲ့ကြတာလေးတွေတော့ ပြောချင်နေတယ်...စပြီးအမှတ်ရတာကတော့ ဒုတိယနှစ်နဲ့ တတိယနှစ်ကူးချိန်တုန်းက ကျောင်းဂိတ်ဝမှာရှိတဲ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ ကလေးတွေကို စာသွားသင်ပေးကြတယ်လေ...ဘယ်သူတွေစခဲ့ကြလဲတော့ သေချာမမှတ်မိတော့ဘူး...နောက်ပိုင်း ကလေးတွေကများလာ၊ ကျောင်းစာတွေနဲ့ မနိုင်မနင်းဖြစ်လာတော့ ဆရာ၊ဆရာမနှစ်ယောက်ကို ကျွန်တော်တို့ကိုယ်စား စာသင်ပေးဖို့ အကူအညီတောင်းပြီး လခသဘောနဲ့ တစ်လတစ်ယောက်ကို ၁၀ စီစုပြီး ကလေးတွေရဲ့ပညာရေးကို ကူခဲ့ကြတယ်...အဲဒီတုန်းက ၁၀ ဆိုတာ လန်ဒန်ဆေးလိပ်တစ်လိပ်စာပေါ့...အဲဒီတုန်းက လကုန်ရက်ဆို ပိုက်ဆံတစ်ဆယ်ကောက်ကောက်နေတဲ့ သူငယ်ချင်းကို မှတ်မိနေကြဦးမလားမသိ...နောက်နှစ်လည်းရောက်ရော ကလေးတွေမှာ စာသင်ဆောင်ကောင်းကောင်းမရှိတာနဲ့ ကျွန်တော်တို့ ၁၉၉၇၊ ၁၉၉၈ batch တွေတစ်ယောက် ၅၀၀ စီစုပြီး စာသင်ကျောင်းဆောင် လှူဖြစ်ခဲ့တယ်...ကနောင်အဆောင်မှူးမှလည်း...စာသင်ခုံတို့ ဘလက်ဘုတ်တို့ အလှူငွေတို့ ပါဝင် လှူဒါန်းခဲ့ပါသေးတယ်...လိုအပ်တဲ့ကျောင်းသုံးဖတ်စာအုပ်၊ စာအုပ်၊ ခဲတံ၊ ပေတံတွေကို သီးသန့်လှူတဲ့သူတွေလည်း ရှိပါသေးတယ်...စာသင်ကျောင်းဆောင် ရေစက်ချပွဲကို ဆရာကြီးဦကျော်ဆန်းလည်း တက်ရောက် ချီးမြှင့်ခဲ့ပါသေးတယ်...

မှတ်မိသလောက် နောက်လကျတော့ သချာင်္ဆရာမကြီးဒေါ်နုနု တဆင့် ရေတံခွန်တောင်ဆရာတော်ဘုရားက စေတီတည်ဖို့ အလှူခံတဲ့အချိန်၊ ကျောင်းသားတွေကလည်း စာသင်ဆောင်ဆောက်ဖို့လှူထားတာ ပြီးခဲ့တဲ့လကဆိုတော ဘတ်ဂျက်ကြပ်နေတဲ့အချိန် ...ဒါပေမဲ့ ကျွန်တော်တို့ ဖြစ်အောင်ကြိုးစားလှူခဲ့ကြတယ်လေ...ခုချိန် ရေတံခွန်တောင် ကိုရောက်တဲ့သူတိုင်းမြင်နေရတဲ့ မတ်တတ်ကိုယ်တော်တွေဆိုတာ...ကျွန်တော်တို့စေတီလှူပြီးမှ တည်ထားတဲ့ကိုယ်တော်တွေပါ...ကျွန်တော်တို့စေတီကိုတော့...တောင်ခြေရောက်ရင်ကို လှမ်းမျှော်ဖူးနိုင်ပါတယ်...နှစ်ဆယ့်ရှစ်ဆူဘုရားတွေရဲ့ အမိုးပေါ်ကစေတီသုံးဆူမှာ...ဘယ်ဘက်အစွန်က စေတီကတော့ ကျွန်တော်တို့ ၁၉၉၇ batch တွေရဲ့ကုသိုလ် ပဲဖြစ်ပါတယ်...

နောက်ဆုံးနှစ်ကတော့ မှတ်မှတ်ရရပါပဲ...အားလုံးသိတဲ့ ပါချုပ်ရုံးတည့်တည့်က ယိုင်နဲ့နဲ့ ဓမ္မာရုံလေးမှာ သီတင်းသုံးနေတဲ့ မြတ်စွာ ဘုရားပလ္လင်တော်လှူဖို့ဖြစ်လာတာပါပဲ...အစကတော့ first batch့ အားလုံး အမှတ်တရအနေနဲ့ တက္ကသိုလ်ဓမ္မာရုံကို ပြုပြင်ဖို့ မတည်ငွေထည့်မလို့ပါပဲ...နောက်ကျောင်းတော်ကြီးရဲ့ ဘဏ္ဍာရေးမှူး ဆရာကြီးဦးဖေသန်းရဲ့ အကြံပေးချက်အရ...ပလ္လင်တော်လှူဖို့ဖြစ်လာတာပါ... ပလ္လင်တော်ဆိုတာက မြတ်စွာဘုရားသီတင်းသုံးတဲ့နေရာကို လှူဒါန်းခြင်းဖြစ်တာဖြစ်တဲ့အတွက်...နေရာဌာနတည်မြဲခြင်းဆိုတဲ့ အကျိုးတရားကို ရရှိနိုင်ပါတယ်ဆိုတဲ့စကားအရ ကျွန်တော်တို့တွေဟာလည်း နောက်ဆုံးနှစ်ပြီးဆုံးရင် ကိုယ့်တာဝန်ကျရာ ကိုယ်ထမ်းဆောင်ရမယ့်အခါမှာ အလုပ်နေရာအတည်တကျ ဖြစ်ချင်ကြလိမ့်မယ်ဆိုပြီး ပလ္လင်တော်လှူဖို့ ဆုံးဖြတ်လိုက်ကြတယ်...အဲပြဿနာကတော့ ကျွန်တော်တို့ final စာမေးပွဲနောက်ဆုံးနေ့မှာ ရေစက်ချ လှူဖို့စီစဉ်ထားခဲ့ပေမဲ့...ဆရာကြီးဦးဖေသန်းက လကုန်ရက်နဲ့စာမေးပွဲနောက်ဆုံးရက် မှားပြီးစီစဉ်လိုက်တော့...ရေစက်ချပွဲကလူမသိသူမသိ ခြောက်တီးခြောက်ချက်နဲ့ ပြီးသွားပါလေရောလား...ခုတော့ ကျောင်းမှာ ဓမ္မာရုံ အသစ်နဲ့ ကျွန်တော်တို့ရဲ့ပလ္လင်တော်ကြီးလည်း ပဏာရနေပြီထင်ပါရဲ့...
ကျောင်းတော်ကြီးမှာ အတူပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို သတိရလျှက်….
ပြောင်ကြီး



ကော်နက်ရှင်မကောင်းပေမယ့် ထိုင်ဖတ်နေတယ်။ သူငယ်ချင်းအားလုံးနဲ့ အရာအားလုံးကို သတိရနေတယ်၊ လွမ်းတယ်။
မယ်သီတာ(EP)

34 comments:

Anonymous May 20, 2008 at 12:29 PM  

သတိရရင် ပြီးတာပဲ........

Anonymous May 20, 2008 at 1:48 PM  

၁၉၉၈ တုန်းကတော့ အဲဒီနေရာကြီး... ကျောင်းတော်ကြီးက ဒီလောက်လွမ်းစရာကောင်းမယ်မထင်ခဲ့မိဘူး...။

ကျောင်းပြီးသွားတော့လည်း.. အဲဒီနေရာမှာ ဘာအမှတ်တရမှ ပြောလောက်စရာကောင်းအောင် မကျန်ရစ်ခဲ့ဘူး ... ( ကိုယ်တိုင်က သူငယ်ချင်း မိတ်ဆွေ သိပ်နည်းခဲ့လို့ပါ .. ) လို့ ထင်ထားခဲ့တယ်...။

၂၀၀၈ မှာတော့ အဲဒီနေရာက ... အဲဒီတုန်းက ကျောင်းသားဘ၀ ကို တအားလွမ်းနေမိပြန်တယ် ...။

သူငယ်ချင်းများအားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ ...။

P.s. အရင်တုန်းက T3၊ T4 .. နံရံတွေပေါ်မှာ ... စာသင်ခုံတွေ ပေါ်မှာ .... ဆော့ကစားနေတဲ့ လက်တွေ အွန်လိုင်းပေါ် ပျော်နေရှာရော့ပေါ့ ... just kidding !!! :P

လေးမ

Anonymous May 20, 2008 at 2:33 PM  

ူသူငယ်ချင်းအားလုံးကို သတိရပါတယ်။ ပျော်ရွှင်ကြပါစေ။
မေဇင်

Anonymous May 20, 2008 at 2:41 PM  

ကျောင်းတုန်းက အလှူလုပ်တဲ့ အကြောင်းတွေကို Post တစ်ခု ရေးမလို့ဟာကို ပြောင်ကြီးက ဦးသွားတယ်။ နောက်မှ သူရေးဖို့ ကျန်ခဲ့တာတွေ ထပ်ရေးတော့မယ်။
စစ်ကိုင်းသူ

Anonymous May 20, 2008 at 3:03 PM  

၂၀နှစ်ပြည့်အမှတ်တရအနေနဲ့ အရင်တုန်းကရေးခဲ့တဲ့ ကျွန်တော့် postလေးကို link ပြန်လုပ်လိုက်ပါတယ်။
http://o-way.blogspot.com/2007/12/blog-post_10.html

Anonymous May 20, 2008 at 5:14 PM  

ဆယ်နှစ်တိုင်တိုင် ကားတားနေဆဲ သူငယ်ချင်းများသို့.... အဆင်ပြေဆုံး ကား အမြန်ဆုံး ရကြပါစေ...

Anonymous May 20, 2008 at 5:17 PM  

သူငယ်ချင်းများအားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ ...။

Anonymous May 20, 2008 at 5:19 PM  

သူငယ်ချင်းများအားလုံးကို သတိရလျှက်ပါ...အဆင်ပြေ ပျော်ရွှင်ကြပါစေ ...။ ကျော်သီဟ (ငပိန်)

Anonymous May 20, 2008 at 5:34 PM  

Let me write in English coz myanmar font hasn´t been installed in my PC....
I really miss my friends and those days....and so sorry for two of them passed away so early.....
I am also the one who came back to stay in our place for the second time for quite along time....happy and sad days we all passed through......
but wish you all to be happy and get what you want in lives....
and hope to keep in touch many many years over.......

Anonymous May 20, 2008 at 10:20 PM  

I remember all about this especially when i feel upset .
and sometime when i saw students.
I wanna advice u all we sh do some party like dinner on the following 5 or 10 yr anniversary.
I THINK we all can do whatever we want to do on that day.
no matter what happened, thanks alots for the founders & writers who can try to take out from our hearts what already have been.

Anonymous May 21, 2008 at 2:27 AM  

During the last 10 years, I was really joyful in such a student life at MTU. Whenever I met any difficulties or challenges it reminds me our good times at MTU. It is an unforgettable memory. Although it cannot happen in reality, I wish to get it again. Hopefully we will meet at a gathering party at least.
May you all be happy.

Anonymous May 21, 2008 at 7:31 AM  

ရုပ်ရှင်အပိုင်းတိုလေးတွေကြည့်ရသလိုပဲ။
အားလုံးပျော်ရွှင်ငြိမ်းချမ်းပါစေ။

Anonymous May 21, 2008 at 8:57 AM  

သူငယ်ချင်းအားလုံးကို သတိရပါတယ်။ အလုပ်အကိုင် အဆင်ပြေပြီး ရောက်နေတဲ့ နေရာတွေမှာ ပျော်ရွှင်နိုင်ပါစေ။ ဆုံးသွားတဲ့ မေဂျာတူသူငယ်ချင်းအတွက်လဲ စိတ်မကောင်းဖြစ်မိပါတယ်။
KMO

Sayar May 21, 2008 at 12:58 PM  

Oh friends!
I miss that time so much!
Can i get that time again?

Anonymous May 21, 2008 at 1:43 PM  

Hey
All friends!
I'm also miss u.

Mg Pain(kse)

ShweNaw May 21, 2008 at 4:21 PM  

အားလုံး ကို သတိရတယ်။

ဒါပေမယ့် အသက်မရှိတဲ့ အရာတွေကို တော့ မလွမ်းတတ်ပါဘူး။
အားလုံးကိုတော့ ခင်တယ် ။ လွမ်းနေပါတယ်လို့ ။

အားလုံးဟာ ကံဇာတ်ဆရာအလိုကျ ဖြစ်နေပျက်နေကြတာချည်းပါပဲ။
ဒါပေမယ့် ကံ ဆိုတာ အလုပ်လို့ ဆိုပြန်ရော။

အဲဒီတော့ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မူတည်ပြီး ကံကောင်းကံဆိုး ဖြစ်နေကြတယ်လို့ 
တော့ တို့ ထင်တာပဲ။

အဲဒီတော့ ကံကောင်း အောင် ကိုယ်လုပ်မယ့် အလုပ်ကို မလုပ်ခင် သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီး
လုပ်ကြတာပေါ့။

အားလုံးရဲ့ 

စိုင်းရန်နိုင်ဦး

Anonymous May 22, 2008 at 11:28 AM  

တစ်ယောက်တည်း အထီးကျန်နေတိုင်း MTU မှာ သူငယ်ချင်းတွေနဲ့ ပျော်ခဲ့ရတာကို တမ်းတမိတယ်
အားငယ်တဲ့အခါတိုင်းလည်း ၀ိုင်းဝန်းအားပေးတတ်တဲ့ သူငယ်ချင်းတွေကို လွမ်းတယ်
၁၀နှစ်ပြည့်တဲ့အချိန်မှာ သူငယ်ချင်းတွေအားလုံး အိုးဝေမှာ ဆုံတွေ့ရတာ အရမ်းပျော်ပါတယ်
နောက်နှစ်တွေမှာတော့ MTU မြေမှာ သူငယ်ချင်းတွေ ပြန်ဆုံနိုင်ရင် သိပ်ကောင်းမှာပဲ
ပြန်တွေ့ဖို့ ကြိုးစားကြရအောင်နော်
k4

Anonymous May 22, 2008 at 4:39 PM  

၁၀ နှစ်မြောက်မှာ MTU ကျောင်းတော်ထွက်တွေ
o-way မှာ gathering လုပ်တယ်...။ ၁၁ နှစ်.. ၁၂ နှစ်မြောက်ဆိုရင် ဘယ်မှာ gathering လုပ်မှာလဲ ..။

ပျော်ရွှင်ကြပါစေ..။
တင့်တင့်စန် ( any question )

Anonymous May 22, 2008 at 4:39 PM  

၁၀ နှစ်မြောက်မှာ MTU ကျောင်းတော်ထွက်တွေ
o-way မှာ gathering လုပ်တယ်...။ ၁၁ နှစ်.. ၁၂ နှစ်မြောက်ဆိုရင် ဘယ်မှာ gathering လုပ်မှာလဲ ..။

ပျော်ရွှင်ကြပါစေ..။
တင့်တင့်စန် ( any question )

မောင်ဖြူ May 22, 2008 at 5:08 PM  

နောက်တစ်ကြိမ်ကတော့ ကိုဇနိ၊မဇနိတို့မင်္ဂလာဆောင်မှာပဲဖြစ်ဖြစ်ပေါ့။ မကောင်းဘူးလား :P
သဘောတူတဲ့သူလက်ခုပ်တီးပါဗျို့။ သဘောမတူတာမရှိဘူးဆိုရင် ငြိမ်နေကြပါ။ :D

Anonymous May 22, 2008 at 5:13 PM  

တူပါတယ် (ဖြောင်း) power infinity

Anonymous May 24, 2008 at 1:54 PM  

တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့တတွေ တစ်နေရာတည်းမှာ တစ်ပြိုင်တည်း ပြန်ဆုံတွေ့ကြရမယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ထားတယ်။ MTU ကျောင်းတော်ကြီးထဲမှာ မဟုတ်ခဲ့ရင်တောင် ကျွန်တော်တို့ကျောင်းသားဘ၀က အလှူလုပ်ခဲ့ဖူးတဲ့ ဘုန်းကြီးကျောင်းလေးမှာ ဖြစ်ဖြစ်ပေါ့။
အမှတ်တရ ကုသိုလ်ဒါနလေးပြုရင်း သူငယ်ချင်းတွေပြန်ဆုံ ကြမယ်လေ။ ဒီအလှူပွဲဖြစ်မြောက်ဖို့ကို ကိုပြောင်ကြီးနဲ့ စစ်ကိုင်းသူတို့က ကမကထပြု ဆောင်ရွက်ပါလိမ့်မယ်။ :D
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ။
ဂျင် ဝေယန်

Anonymous May 24, 2008 at 6:18 PM  

တချိန်မှာ သူငယ်ချင်းတွေအကုန်လုံးပြန်ဆုံဖို့ စိတ်ကူးထားတယ်။ မန္တလာမြေမှာပေါ့။ အဲဒီနေ့ကို အရမ်း မျှော်လင့်ထားတယ်။ မျှော်လင့်ထားသလို ဖြစ်မလာမှာလဲ ကြောက်တယ်။

Anonymous May 27, 2008 at 7:15 PM  

ုစာတွေ တ၀ကြီးဖတ်လိုက်၇လို. တခါမှလွမ်းမယ်မထင်ထားတဲ့ MTU ကို တော်တော်တောင်လွမ်းသွားတယ်....

whoo...so tired trying to type mm font.:(

little boy

Anonymous May 29, 2008 at 7:01 PM  

စောစောကအကြောင်းမကြားကျဘူးးးအမီပြေးလာမှာပေါ့...ရန်ဖြစ်လို့ဝသေးဘူး...ကျောင်းထဲရောက်သွားရင်..တမျိုးပဲလွမ်းသလိုခံစားရတယ်..အခုလိုအစပျိုးပေးတဲ့သူကိုတော့တော်တော်ကျေးဇူးတင်ပါတယ်...ဘော်ဒါမများပေမယ်...အခုပြန်ဆုံတော့တကယ်ကိုငယ်ပေါင်းတွေနဲ့တွေ့ရသလိုပဲ....ပျော်တယ်ဗျို့..............ကြံချောင်း(ခ)ကျန်ကျောင်း....ခိခိ

Anonymous May 29, 2008 at 11:02 PM  

စောစောက အကြောင်းမကြားကျဘူးးး အမီပြေးလာမှာပေါ့... ရန်ဖြစ်လို့ဝသေးဘူး... ကျောင်းထဲရောက်သွားရင်.. တမျိုးပဲလွမ်းသလိုခံစားရတယ်.. အခုလိုအစပျိုးပေးတဲ့သူကိုတော့ တော်တော်ကျေးဇူးတင်ပါတယ်... ဘော်ဒါမများပေမယ်... အခုပြန်ဆုံတော့ တကယ်ကို ငယ်ပေါင်းတွေနဲ့တွေ့ရသလိုပဲ.... ပျော်တယ်ဗျို့.............. ကြံချောင်း(ခ)ကျန်ကျောင်း....ခိခိ

Anonymous May 31, 2008 at 5:46 AM  

ss

Anonymous May 31, 2008 at 5:46 AM  

ss

Anonymous May 31, 2008 at 5:46 AM  

ss

Anonymous May 31, 2008 at 5:46 AM  

ss

Anonymous May 31, 2008 at 5:47 AM  

Drinking time tay ko .. yae ohn ko tun ya ...

Anonymous June 7, 2008 at 4:47 AM  

သူငယ်ချင်းတွေအားလုံးကိုပြန်ဆုံချင်သေးတယ်… တနေ့နေ့ပေါ့….. ကျောင်းသားဘ၀က တကယ်လွမ်းစရာ
အကောင်းသားနော်….
ဟိန်းစိုး

Anonymous June 7, 2008 at 4:47 AM  

သူငယ်ချင်းတွေအားလုံးကိုပြန်ဆုံချင်သေးတယ်… တနေ့နေ့ပေါ့….. ကျောင်းသားဘ၀က တကယ်လွမ်းစရာ
အကောင်းသားနော်….
ဟိန်းစိုး

ဖိုးစိုင်း March 18, 2009 at 4:21 PM  

comment ထဲက သဇင်အိ က ဇီးကုန်းကလား ...
gental_81@yahoo.com

သူငယ်ချင်းတစ်ယောက်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP