တံတားများ

>> Friday, October 31, 2008


ဒီနေ့ bridge construction technology နဲ့ ပတ်သက်လို့ တိုကျိုမှာ seminar လုပ်တယ်။ seminar မစခင်မှာ Sumida river ထဲကို တံတားတွေဆရာက လိုက်ပြတယ်။ Sumida river က တိုကျိုကိုဖြတ်စီးနေပြီး တံတားပေါင်း ၂၆ ခုဖြတ်ဆောက်ထားတယ်။ Sumida river က တိုကျိုမြို့ကို ၂၇ ကီလိုမီတာနီးပါး ဖြတ်စီးနေတာဆိုတော့ တံတားတစင်းနဲ့တစင်းက (၁) ကီလိုမီတာခြားလောက် ရှိပါတယ်။ ရာသီဥတုက အုံ့မှိုင်းနေပြီး အတော်အေးလှတယ်။ ဓါတ်ပုံတွေတော့ သိပ်မလှဘူး။ အမှတ်တရအဖြစ် ဘလော့ဂ်မှာ တင်လိုက်တာပါ။ (ကျနော် ဇနိ ဓာတ်ပုံဆိုင်မှာ ပြင်ထားတယ်။) ညဆိုရင် ပိုလှတဲ့ rainbow bridge ကလည်း မိုးအုံ့နေလို့ မလှရှာဘူး။ suspension bridge၊ cable-stayed bridge၊ arch bridge၊ PC highway bridge အမျိုးစုံအောင် တွေ့ရတဲ့အတွက် ပင်ပမ်းရကျိုးနပ်တယ်ပေါ့။






































အရင်ကတင်ဖူးတဲ့ ကမ္ဘာမှာအရှည်ဆုံး suspension bridge ပုံလည်း ပြန်တင်လိုက်ပါတယ်။ Akashikaikyo bridge ဟာ center span 1990 meters ရှိတဲ့ အရှည်ဆုံးကြိုးတံတားဖြစ်ပါတယ်။ Honshu-Shikoku island ကိုဆက်ထားတဲ့ တံတားကြီးဖြစ်ပြီး တံတားဆိုင်ရာ နည်းပညာပေါင်းစုစည်းတွေ့နိုင်ပါတယ်လို့ ဆရာကပြောပြခဲ့ဖူးတယ်။


Tatara bridge ကို Matsuyama မြို့ကနေ သွားခဲ့တုန်းက ပုံပါ။ သူကတော့ 890 meters center span ရှိပြီး ကမ္ဘာ့အရှည်ဆုံး cable-stayed bridge အမျိုးအစားဖြစ်ပါတယ်။


Yokohama Bay Bridge ကတော့ center span 460 meters ရှိပြီး cable-stayed bridge ဖြစ်ပါတယ်။ Yokohama Port ကို အလှဆင်ထားတဲ့ တံတားတစင်းပါပဲ။


မဇနိ

Read more...

ဂေါတမဘုရားပွဲ

>> Wednesday, October 29, 2008


အညာဒေသ ချောင်းပြင်ကျယ်ကြီးမှာ တလနီးပါးကြာအောင် ကျင်းပတဲ့ ဘုရားပွဲတခုရှိပါတယ်။ ကျွန်မတို့မြို့လေးကို အလည်လာကြတဲ့အခါ သီဟိုရ်ရှင်ဘုရားပြီးရင် ဂေါတမဘုရားကိုပါ ဆက်လက်ဘုရားဖူးသွားတတ်ကြပါတယ်။ ဂေါတမဘုရားပွဲတော်ကို ဝါဆိုလမှာကျင်းပလို့ ဝါဆိုပွဲလို့လည်း ခေါ်ကြတယ်။ ဝါဆိုပွဲတော်ကြီးဟာ အနီးဝန်းကျင်ရွာပေါင်းများစွာရဲ့ အသက်လို့လည်း ပြောလို့ရပါတယ်။ မွေးရပ်မြေကိုစွန့်ခွာပြီး အလုပ်သွားလုပ်နေကြတဲ့ ရွာသူရွာသားတွေ၊ ဝန်ထမ်းဆိုင်ရာတွေ အလုပ်များတဲ့ကြားက အိမ်ကို အရောက်ပြန်လာကြတဲ့ပွဲတော်ကြီးဖြစ်လို့ပါ။


ကျွန်မတို့မြို့ရဲ့ နယုန်ပွဲပြီးတဲ့အချိန်မှာ စဉ့်အိုးသည်၊ အဝတ်အစားသည်တွေ၊ မုန့်သည်တွေဟာ ကားကြီးကားငယ်အသွယ်သွယ်နဲ့ ဂေါတမဘုရားခြေရင်း ချောင်းပြင်ကျယ်ကြီးဆီ ရွှေးပြောင်းကြပါတယ်။ ကျွန်မတို့ကတော့ အဒေါ်တွေရှိတဲ့ရွာကို မရောက်ဖြစ်ဘူးဆိုရင် ဝါဆိုပွဲတော့ သေချာပေါက်သွားတာပါ။ အကိုတွေလာခေါ်တဲ့အခါ ဂါဝန်လေးတထည်ကို လွယ်အိမ်မှာထည့်ပြီး လိုက်သွားတတ်တယ်။ ရွာက ကလေးတွေအတွက် သကြားလုံးထုပ်၊ အဒေါ်တို့အတွက် လက်ဖက်ထုပ်နဲ့ အသက်ကြီးတဲ့ အဘွားအရွယ်တွေအတွက်တော့ သဇင်ဘီစကွတ်တို့ကို လက်ဆောင်ယူသွားရတယ်။ အမေတို့မသွားဖြစ်တဲ့အခါ ကျွန်မက လက်ဆောင်တွေပါတဲ့ ခြင်းတောင်းလေးရယ် လွယ်အိတ်လေးရယ်နဲ့ လိုက်သွားရတတ်တယ်။ ရွာရောက်လို့ လွယ်အိတ်ချရင် “ဒို့အိမ်မှာ လွယ်အိတ်မချိတ်ရဘူးနော်” လို့ အကိုတွေက စပါတယ်။ ဒါမျိုးဆို ငိုတော့တာ။ နောက်မှ သူတို့တွေ ပြန်ချော့ကြတာပါ။ သူတို့ရွာတွေမှာ ဧည့်သည်က လွယ်အိတ်လာချိတ်ရင် လွယ်အိတ်မဖြုတ်မချင်း အဲဒီအိမ်က ထမင်းကျွေးထားရတဲ့ အလေ့လေးရှိတယ်။ ညဖက်ရောက်ရင် ကလေးတွေနဲ့ ဖုန်အလိမ်းလိမ်းပေအောင် ထုတ်ဆီးတိုးကြတယ်။ အဒေါ်က မနက်ပွဲသွားဖို့ အိပ်တော့လို့ လိုက်ခေါ်မှ ကလေးတွေကစားဝိုင်းသိမ်းတော့တာ။ အိမ်ရောက်တော့ လူကြီးအားလုံး အိပ်နှင့်နေပြီ။

ကျွန်မတို့က ဘကြီးသိန်းလို့ခေါ်တဲ့ အဒေါ်ယောက်ျားက ကားနဲ့ခရီးထွက်နေတာများပါတယ်။ အဒေါ်နဲ့တအိမ်ထဲနေပေမယ့် စကားမပြောကြပါဘူး။ စကားသာမပြောတာ ပွဲတော်ရက်ဆို ဘကြီးကို အရက်၊ အမြည်းအစုံနဲ့ လိုလေးသေးမရှိလုပ်ပေးတယ်။ ဘကြီးကလည်း ဘုရင်တဆူလို အနားယူတယ်။ ကျွန်မကတော့ ဘကြီးနားကပ်ပြီး သူ့အမြည်းတွေစားရတယ်။ ဝက်သားမီးမြှိုက်ကို အိနေအောင်နှပ်ထားတဲ့ ထမင်းပွဲကလည်း ဘကြီးအတွက်အဆင်သင့်ပါ။ သူ့ခါးပုံစကာထဲမှာ ပိုက်ဆံတွေကအများကြီး။ အိတ်ထောင်ကြီးလည်း ဖောင်းနေတတ်တယ်။ “ဘကြီး“ လို့ခေါ်လိုက်ရင် “ဝေး မုန့်ဖိုးလား ရော့” လို့ အမြဲပေးတယ်။ ပွဲတော်သုံးဖို့ဆိုပြီး ဘကြီးပေးတဲ့မုန့်ဖိုးက အများကြီးရတော့ သိပ်ချစ်တာ။ ဘကြီးက ဝတော့ နေ့ခင်းဖက်အိပ်တာကို ခလူး ခလောနဲ့ အိပ်ရင် ကျွန်မက တခွိခွိနဲ့ အလိုလိုရယ်လို့ အစ်မတွေက မျက်လုံးပြူးပြကြတယ်။ သူတို့က သူတို့အဖေကို ကြောက်တာကိုး။ ဘုရားပွဲလာလည်ကြတဲ့ မြို့က ဧည့်သည်တွေနဲ့ ရွာလေးက စည်ကားလှတယ်။ အဒေါ်တို့အိမ်ဆို အပေါ်ထပ်အောက်ထပ် အပြည့်ပဲ။ စောင်တွေတထပ်ကြီးရှိပေမယ့် လူများတော့ ဦးနိုင်မှာ စောင်ရတာ။ ကျွန်မလို ကစားမက်နေရင် ညကျ ဘယ်နားသွားအိပ်ရမှန်းကို မသိတော့ဘူး။ ဒါပေမယ့် မနက်စောစောထရမှာဆိုတဲ့အသိနဲ့ မြန်မြန်အိပ်ပျော်သွားတာပါပဲ။

မနက် (၂) နာရီလောက်ဆို လူကြီးတွေက ဆွမ်းထချက်ကြပြီ။ ရွာလယ်ဇရပ်မှာ ဒန်အိုးအကြီးကြီးတွေနဲ့ ဆွမ်း၊ ဟင်း စုကြရတယ်။ လပြည့်နေ့မှာ ဘုရားဆွမ်းသွားကပ်ကြဖို့ ရည်ရွယ်လုပ်တာပါ။ လပြည့်နေ့ မနက် (၄) နာရီဝန်းကျင်ဆိုရင်တော့ ရွာတောင်ပိုင်းမှာ ကားတစီး၊ မြောက်ပိုင်းမှာ ကားတစီးနဲ့ လူတွေအုံးအုံးကျွက်ကျွက်ဖြစ်နေကြပါပြီ။ အပျိုအရွယ်မိန်းကလေး ယောကျာ်းလေးတွေက စက်ဘီး၊ ဆိုင်ကယ်၊ ခြေလျင်သွားကြပြီး အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေအတွက် ကားကိုဦးစားပေးပါတယ်။ ကားနှစ်စီးကလည်း “တီ တီ ပွမ် ပွမ်” အပြိုင်တီး လူစုနေတာ။ ကားခမပေးရပါဘူး ရွာက ကားပိုင်တွေ စေတနာအလျောက် လိုက်ပို့ကြတာပါ။ ကားဟွန်းသံကြားလိုက်ရင် အကျီင်္လဲနေရာက ထပြေးချင်နေတော့တာ။ နေရာဦးချင်လို့လေ။ တကယ်တော့ နေရာဦးလည်း မရပါဘူး အားလုံးမတ်တတ်ရပ်လိုက်ရတာ မလို့လေ။ ကားတွေထွက်သွားပြီဆို ရွာထဲမှာ အသက်အတော်ကြီးတဲ့သူတွေပဲ ပွဲပြန်တွေမျှော်ကျန်ခဲ့တော့တာပေါ့။ လမ်းချိုင့်ခွက်ရှိတဲ့နေရာဆို “ဂျိမ်း ဂျောင်း” နဲ့ ကားကြီးမြည်တဲ့အခါ “ဝေး ဟေး ဟေး” နဲ့ ဆူညံသွားအောင် အော်ကြရတယ်။ တခြားရွာက လာတဲ့ ကားတွေနဲ့ အပြိုင်လည်း မောင်းကြတယ်။ ကျွန်မအဒေါ်တို့ရွာလေးတင် မဟုတ်ပါဘူး။ ရွာနီးချုပ်စပ် ဘုရားပတ်ဝန်းကျင်တွေ အကုန်လာကြတာပါ။

အသက်လေးကြီးလာတဲ့အခါ လမ်းလျှောက်သွားရတာ ပိုသဘောကျမိပါတယ်။ (၁) နာရီလမ်းလျှောက်သွားရပေမယ့် မမောပါဘူး။ လမ်းတလျှောက်ရွာတွေက သောက်ရေအိုးတရွှဲရွှဲ ရေမပြတ်ကုသိုလ်လုပ်နေကြတယ်။ ရေတွင်းနဲ့ ရေချမ်းစင်တွေက ကပ်လျက်ဆိုတော့ ကြုံတဲ့သူက ရေခပ်ထည့်ကုသိုလ်ယူကြတာပါ။ ထန်းပင်တွေသိပ်ပေါတဲ့ အညာဒေသမှာ ထန်းလျက်ကလည်း ဖြူဖြူဖွေးဖွေးလေးတွေ မွှေးလှတယ်။ ကျွန်မတို့မြို့မှာ အဒေါ်တို့ရွာက ထန်းလျက်က နာမည်ကြီးတယ်။ ထန်းလျက်ဖြူဖြူတွေကို ထန်းလျှော်တောင်းကြီးတွေနဲ့ ရေချမ်းစင်ဘေးမှာ ပွဲသွားပွဲပြန်တွေ စားသုံးနိုင်တယ်။ ထန်းတောတွေကြားက မုန့်ပြားသလက်၊ ဘယာကြော်ဆိုင်တဲလေးတွေလည်း ရှိတော့ မက်မက်မောမော စားရတာ ပျော်စရာတမျိုးပါ။ တဲထဲမှာ အကြော်ကြော်နေပြီး တဲရှေ့တလင်းဖြူဖြူက စားပွဲပုလေးတွေ လူအပြည့်ပါပဲ။ မုန့်ပျားသလက်ကို စောင့်နေကြတဲ့ ပန်းကန်တွေတန်းစီနေတာ။ မုန့်ရလာရင် အကြော်ဒယ်ဘေးက မြေအိုးနဲ့ထည့်ထားတဲ့ ဆီကို ကြိုက်သလောက်ခတ်ပြီး ဆမ်းယူလာရုံပဲ။ စားပွဲမှာ ထိုင်မစားချင်ရင် မြက်တောထဲခြေပစ်လက်ပစ်နားရင်းလည်း စားလို့ရတာပါပဲ။ မိုးပြဲဒယ်ကြီးနဲ့တည်ထားတဲ့ ရေနွေးတွေကလည်း ပြတ်တယ်မရှိပါဘူး။

ဝါဆိုလဆိုတော့ လက်ယက်ရေတွင်းလေးတွေလည်း ပွဲဈေးတန်းပတ်လည် ပေါပါတယ်။ ဈေးသည်တွေနဲ့ ပွဲက မင်းသားမင်းသမီးတွေပါမကျန် လက်ယက်တွင်းက ရေကို သောက်ကြပါတယ်။ မြို့က လာလည်ကြသူတွေကတော့ လက်ယက်ရေတွင်းလေးကို သဘောတကျငေးမောကြရတယ်။ ရန်ကုန်မြို့မှာ အလုပ်သွားလုပ်ကြတဲ့ ကိုရွှေတောသားများကလည်း နေကာမျက်မှန်တကား၊ ရေမလျှော်ရသေးတဲ့ ပုဆိုးနဲ့ ရှိုးပေးကြတာ အပြိုင်အဆိုင်ပေါ့။ ရွာထဲမှာဆို ဝါဆိုလဆန်းပိုင်းကတည်းက ပွဲတော်အမှီ အိမ်ပြန်လာကြသူတွေ တဖွဲဖွဲရှိတာ။ “ဘယ်သူ့သားကတော့ ငွေတသောင်းပါတယ်”တဲ့။ “ဟယ် ဘယ်သူက ရွှေလက်စွပ်ကြိးနဲ့တော့” ဆိုပြီး ရွာဓလေ့အရ ပါလာတဲ့စာရင်း တရွာလုံးသိကြတယ်။ အသားမဲမဲမှာ ဂျင်းရှော့ပင်ဝတ်ပြီး ရှိုးအပြည့်ထုတ်တဲ့ ရွာသူမမတွေလည်း ရှိသေး။ ဘာပဲဖြစ်ဖြစ် တရွာသူကို တရွာသားက ပိုးကြ၊ ငမ်းကြနဲ့ သူတို့ဓလေ့က ပျော်မွေ့စရာပါ။ တချို့ ကာလသားတွေက မင်းသမီးနဲ့နီးစပ်ချင်လို့ ထမင်းဖိတ်ကျွေးတာလဲ အလုအယက်။ ရွာက ရမ်းကုဒေါက်တာလူပျိုကြီးဆို မင်းသမီးပြန်သွားတော့ ကြွေကျန်နေခဲ့လို့ “ပရော်ဖက်ဆာ ဒေါက်တာကြွေသီး” ဆိုတဲ့ နာမည် ရခဲ့ဖူးသေးတယ်။ မြို့ကလူတွေ ဘယ်အိမ်မှာ ဧည့်သည်ရောက်နေတယ်ကြားရင် ချောင်းကြည့်ကြတဲ့သူတွေလည်း ရှိတယ်။ ညနေခင်းဆိုရင်တော့ နီးစပ်တဲ့ရွာတွေမှာ ဧည့်သည်တွေနဲ့ စည်ကားနေတော့တယ်။ မြို့ကလူတွေလည်း တောဓလေ့သိရနဲ့ မြို့နဲ့တောရွာကို ဖလှယ်တဲ့ ပွဲတော်လေးနဲ့လည်း တူလှတယ်လို့ စိတ်မှာထင်မိပါတယ်။

ပွဲတော်ကိုရောက်ရင် ဘုရားကို အရင်ဦးချကြတယ်။ ပွဲဈေးတန်းတွေလျှောက်ကြ၊ ရဟတ်တွေစီးကြပေါ့။ ပူပြင်းလှတဲ့အညာနေရယ် ချောင်းပြင်မှာခင်းတဲ့ပွဲဈေးတန်းရယ်နဲ့ ရွာသူအပျိုချောတွေခမျာ ဖြူရာမှညို၊ ညိုရာမှပြာကြပြီ။ မည်းပြာနေကြတဲ့အပျိုတွေကို မချောဘူးလို့များ သွားမပြောလေနဲ့။ သူတို့ဆိုင်ရာပိုင်ရာများက ခပ်လှမ်းလှမ်းမှာ ပြုံးပြုံးကြီးတွေ ရှုစားနေတာ တွေ့ရလိမ့်မယ်။ နေပူလို့ ချွေးဒီးဒီးကျနေလည်း တနေကုန်အောင်တော့ ပွဲဈေးပတ်ကြသေးတာ။ ညနေစောင်းမှ ပြန်ကြတယ်။ တချို့လည်း ညပွဲပါကြည့်ကြတာကိုး။ ထန်းလျက်နဲ့ မုန်ဖတ်သာပါတဲ့ မုန့်လက်ဆောင်းသည်ဆိုတာ ဖန်ခွက်မလောက်အောင် ရောင်းကောင်းရှာတယ်။ ပွဲဈေးပတ်လို့ ပင်ပန်းရင် ဘုရားခြေရင်းက ဇရပ်ကြီးထဲမှာ ကိုယ့်ရွာအလိုက် စုရပ်လေးတွေလုပ် နားခိုကြတယ်။ အဲဒီဇရပ်ဝိုင်းထဲမှာပဲ အသက်ကြီးသူတွေ စိးပွားရေးလုပ်ကြတာပေါ့။ ကိုယ့်အိမ်က ထွက်တဲ့ အထည်လေးတွေ စောင်လေးတွေယူလာ၊ ကျွန်းထဲကဈေးသည်တွေက ငရုတ်သီးခြောက်၊ ဆေးရိုး၊ ဆေးရွက်တွေယူလာပြီး ငွေသားမပါ ပစ္စည်းချင်း အလဲအလှယ်လုပ်ကြတယ်။ ရှေးခေတ် ခပ်စောစောအချိန်တွေတုန်းကဆို အဒေါ်တို့ပွဲဈေးသွားရင် ငွေမပါဘူးတဲ့။ အထည်အလိပ်တွေရွက်သွားပြီး အပြန်မှာ အိမ်အတွက်လိုတဲ့ ငရုတ်၊ ဆေးရွက်၊ အဝတ်အစားတွေ ပါလာတော့တာလို့ပြောပါတယ်။ ပွဲဈေးတန်းက စဉ့်အိုးသည်ကအစ ပစ္စည်းချင်းလဲလှယ်ကြတယ်။ မြို့ဖက်ကလာတဲ့ ဈေးသည်တွေဆိုတော့ ရွာကထွက်တဲ့ ချည်ကြမ်းထည်၊ ချည်စောင်၊ ချည်သဘက်တွေကို မက်မောကြတယ်နဲ့ တူပါတယ်။ ဆေးရိုး၊ ဆေးရွက်တွေဆိုတာ ကျွန်းဖက်က ထွက်တာပါ။ ပွဲဈေးကလဲလှယ်လာတဲ့ ဆေးရွက်တွေကို ဖက်ဆေးလိပ်လုပ်သောက်ကြတယ်။ စဉ့်ထည်၊ မြေထည်ပစ္စည်းတွေက ၀ါဆိုလပြည့်ခါနီးလေ ဈေးချိုလေပါပဲ။ ၀ါဆိုပွဲပြီးရင် တခြားကိုကူးဖို့ ပွဲဆက်က ဝေးလေတော့ ဒီပွဲမှ အကုန်ရောင်းတော့တာ။ တချို့ဆို မကုန်ရင် ချောင်းပြင်မှာချန်ထားခဲ့လို့ ပွဲပြီးအရင် မြေထည်အကွဲအရှ၊ ရောင်းမကုန်တာတွေတွေ့ရတတ်ပါတယ်။

တချို့ငွေကြေးတတ်နိုင်တဲ့သူတွေက ဘုရားပွဲမတိုင်ခင် အတော်ခပ်လှမ်းလှမ်းကစပြီး ချည်ထည်တွေ ရက်လုပ်ပြီးစုထားတယ်။ ပွဲဈေးမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းလေးတွေနဲ့ လဲယူရအောင်လို့တဲ့လေ။ ကျွန်မအစ်မကစက်ချုပ်တော့ ဝါဆိုပွဲအမှီအထည်အပ်တာတွေ တပုံတပင်ပါ။ ကလေးလူကြီးအားလုံး ပွဲသွားဝတ်ဖို့ချုပ်ကြတာ။ အစ်မက အပျိုကြီးဆိုတော့ သူ့စက်ချုပ်ခတွေ စုထားတယ်။ နှစ်စဉ်ဝါဆိုပွဲရက်မှ စုဘူးဖောက်တတ်တယ်။ ဘယ်လောက်များလဲဆို သူစုဘူးတခါဖောက်ရင် ရွှေအတော်များများဝယ်နိုင်တယ်တဲ့။ စက်ချုပ်သင်တဲ့သူတွေ အကျီင်္လာအပ်သူတွေနဲ့ စည်ကားနေတဲ့အဒေါ်တို့အိမ်ပါ။ ဒါပေမယ့် လဆန်း (၁၄) ရက်ကစပြီး ဘယ်အထည်မှ မချုပ်ပေးတော့ပါဘူး။ သူက အပျိုခေါင်းဆောင်ဆိုတော့ ပွဲကြည့်ဖို့ ပွဲသွားဖို့ စီစဉ်နေရပြီကိုး။ အကျီင်္လောက်ပဲချုပ်ပြီး လုံချည်ကတော့ ကိုယ်တိုင်ရက် ချည်ချောလုံချည်လေးတွေနဲ့လည်း တမျိုးချောတဲ့ အပျိုလေးတွေပါ။

ဝါဆိုပွဲတော်ကြီးမှာ မြို့သူမြို့သားတွေပါမကျန် တခုတ်တရ စားလေ့ရှိတာက “လက်သုပ်”ပါ။ ကျွန်မတို့အညာဖက်မှာ မုန့်ဟင်းခါးကို ဟင်းရည်နဲ့ဆို “အရည်ဖျော်”၊ မုန့်ဖတ်သုပ်ကို “လက်သုပ်”လို့ ခေါ်ကြတယ်။ မုန့်ဟင်းခါးဆိုင်မှာ “အရည်ဖျော်တပွဲပေးပါ” “လက်သုပ်လေးပေးနော်” လို့ မှာနေကြတဲ့ အညာသူအညာသားတွေကို တွေ့နိုင်ပါတယ်။ ဝါဆိုပွဲမှာ လက်သုပ်ဆိုင်တွေ တတန်းသီးသန့်ရှိတယ်။ နီးစပ်ရာရွာတွေက လာရောင်းကြတာပေါ့။ တချို့လည်း ကိုယ့်ရွာက အသုပ်ဆိုင်ကို အားပေးကြတယ်။ တချို့ကတော့ စားကောင်းတဲ့ နာမည်ရဆိုင်မှာ စားကြတယ်။ နာမည်ရဆိုင်တွေဆို နှစ်စဉ်ဈေးဆိုင်လာရောင်းတာ ဆယ်နှစ်နီးပါးရှိတယ်ဆိုပဲ။ လက်သုပ်ဆိုတာ မုန့်ဟင်းခါးဖတ်ကို ပဲဟင်းပျစ်ပျစ်ရယ် ပဲမှုန့်ရယ် ဆီချက်ရယ်နဲ့ သုပ်ထားတာပါ။ ဘာမှထူးထူးထွေထွေမပါပေမယ့် ဘယ်လိုစားလို့ကောင်းမှန်းမသိအောင် နာမည်ကြီးပါတယ်။ နံနံပင်လတ်လတ်ဆတ်ဆတ်နဲ့ သံပုရာသီးစိပ်က လိုသလောက်ထည့်စားပေါ့။ မြို့ကလူတွေဆိုရင် ဝါဆိုပွဲကို လက်သုပ်သွားစားကြအောင်လို့ ပြောလေ့ရှိကြတယ်။ ဝက်အူချောင်းကြော်ကလည်း နာမည်ကြီးသကိုး။ အဲဒီဒေသက ဝက်အူချောင်းနာမည်ကြီးတော့ ပွဲပြန်ရင် လက်ဆောင်အဖြစ် မြို့ကဧည့်သည်တွေ မမေ့အောင်ဝယ်သွားတတ်ကြတယ်။ အဲ မုန့်ဟင်းခါးဆိုင်တွေမှာ မုန့်ဖတ်ပြင်နေတဲ့သူတွေကိုတောင် မမြင်ရအောင် ဝက်အူချောင်းတွဲတွေ တွဲလွဲချိတ်ဆွဲထားတာကလည်း ဂေါတမဘုရားပွဲမှာ အထင်ကရတခုဖြစ်နေပါတော့တယ်။ မုန့်ဖတ်သုပ်ကို ဘယ်ချိန်စားချင်စားချင် ဝယ်စားနိုင်တဲ့ ဈေးဆိုင်တွေရှိပေမယ့် ပွဲခင်းက လက်သုပ်ကမှ သဲတရှပ်ရှပ်နဲ့ အရသာပိုရှိတယ်လို့ အစွဲလေးတွေရှိကြသေးတာ။ ဝါဆိုလလေတဖောင်ဖောင်နဲ့ ချောင်းပြင်မှာရောင်းတဲ့ မုန့်ဆိုင်ဆိုတော့ ချောင်းသဲလေးတွေ ပါပေမပေါ့လို့ တွေးမိလိုက်သေးတယ်။

စတူဒီယိုခန်းလို့ခေါ်တဲ့ ဓါတ်ပုံဆိုင်တွေကလည်း ပေါများလှတယ်။ ရွာသူရွာသားတွေက စတိုင်လ်အမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်ကြတာ။ ဝါဆိုပွဲမှာ ဓါတ်ပုံရိုက်ချင်လို့ ပိုက်ဆံလေးတွေ စုထားကြတယ်။ “အသားဖြူဖြူလေးဖြစ်အောင် ရိုက်ပေးနော်” လို့ ပြောလာကြသူတွေကို “ဟာဗျာ အသားဖြူတာတော့ မင်းသမီးခင်သန်းနုလေးလိုပဲ” လို့ ပြန်ပြောကြတဲ့ ဆိုင်ရှင်တွေနဲ့ လိုက်ဖက်ညီနေကြတာပါ။ တချို့တွေက လှည်းနဲ့ လာကြတယ်။ လှည်းဝိုးကြီးမှာ ရွာစုလိုက်လှည်းတွေစုပြီး နားကြ၊ ပါလာတဲ့ထမင်းထုပ်တွေ စားကြနဲ့ စည်ကားလှတယ်။ ရွာက အပျိုလူပျိုတွေအနေနဲ့ ဘယ်ရွာက ဘယ်သူ့သမီးကတော့ အတော်ချောတဲ့အကြောင်း၊ ဟိုကောင်မလေးဆံပင်အမောက်က မြို့မှာသွားလုပ်လာတဲ့အကြောင်း မမောနိုင်အောင် ဖလှယ်တဲ့နေရာလည်း ဖြစ်တာပေါ့။ ရွာကိုစောင့်ရှောက်တဲ့ ကာလသားတွေကလည်း သူတို့ရွာသူကို လာပတ်တဲ့တခြားရွာသားကို ရန်တစောင်စောင်နဲ့ ဟန်ရေးပြနေတာတွေလည်း ရှိပါရဲ့။

အသက်ကြီးပိုင်းတွေက ပါလာတဲ့ ဖက်ဆေးလိပ်သောက်ရင်း “မတွေ့တာကြာလှပြီ”၊ “ညည်းက ဘယ်သူ့သမီးလေးလဲ”၊ “မချစ်မယ်ကြီး နေကောင်းရဲ့လားအေ” နဲ့ ဆွေမျိုးစပ်တဲ့အလုပ်ကို တပြုံးပြုံးနဲ့လုပ်နေကြတယ်။ ကျွန်မတို့အဘွားကတော့ “ဟဲ့ ငကျေး၊ ငရေး၊ ငခွေး လက်ဖက်အုပ်ပါတယ် လာစားရင်း ရေနွေးလာသောက်အုံး” လို့ သူ့သူငယ်ချင်း အဘိုးကြီးညီအစ်ကိုကို ဖိတ်ခေါ်တာ ငယ်ငယ်က ကြားဖူးနေကြပါ။ အဲဒီညီအစ်ကိုက အဘွားနဲ့သူငယ်ချင်းတွေဖြစ်တဲ့အကြောင်း အိပ်ယာဝင်ပုံပြင်မှာ ဆွေမျိုးစပ်ပြလို့ သိနေကြတယ်။ ကျွန်မတို့ကလေးတွေ ညအိပ်ခါနီးရင် “အဘွား ဟို ငကျေး၊ ငရေး နောက်ပြီး ဘယ်သူရယ်” လို့ သိသိကြီး မသိယောင်ဆောင် အဘွားရဲ့ ပုံပြင်တွေ ထွက်လာအောင် အစ်ခဲ့ကြဖူးတယ်။ တခါတလေ သိပ်အိပ်ချင်နေတဲ့အခါမျိုး၊ မနက် မိုးမလင်းခင် အိပ်ကောင်းနေတုန်းမျိုး အဘွားဆွေမျိုးစပ်ရင်တော့ “အဘွားရာ ဒါတွေသိပြီးသားတွေ” လို့ မြန်မြန်ပြောပြစ်တတ်တယ်။

ဘုရားနားပိုနီးတဲ့ရွာတွေမှာ အုန်းတောတွေ ကွမ်းခြံတွေလည်း ပေါများလှတယ်။ ကွမ်းခြံတွေစိမ်းညိုပြီး အလယ်မှာ ရေတွင်းက လက်တဖောင်လောက် အနက်ရှိတာ။ ရေတွင်းဘေးမှာ ကျောက်ဖြာနဲ့ ရေကန်ဝိုင်းလေးတွေက တရွာလုံး ဘယ်သူမဆို ရေလာချိုးလို့ရတယ်။ ပွဲတော်ရက်ဆို အတန်ငယ်လှမ်းတဲ့ရွာကလူတွေ၊ မြို့ကလာတဲ့ဧည့်သည်တွေအတွက် ဝင်ရောက်နားခိုရာ နေရာတွေဖြစ်နေတယ်။ ရေအေးအေးလေးချိုးပြီး သနပ်ခါးမွှေးမွှေးအေးအေးလေးလည်း လိမ်းနိုင်ဖို့ ကျောက်ပျဉ်နဲ့သနပ်ခါးတုံးလည်း ရေကန်ဘေးမှာ ထားပေးထားတယ်။ ရေမိုးချိုးပြီးရင် ရေနွေးပွဲကလည်း အဆင်သင့်ပဲ။ ပဲစိမ်းငုံစေ့ပြုတ်သုပ်က အငွေ့လေးတထောင်းထောင်း၊ အုန်းသီးဆံလည်းပါရဲ့။ အုန်းသီးဆိုတာ အခိုင်လိုက်ချိုင်ထားတယ်။ အုန်းရေလည်း ကြိုက်တတ်ရင် အဝသောက်နိုင်တယ်။ အုန်းထန်းလျက်၊ နှမ်းဖတ်ထန်းလျက်၊ ပေါက်ပေါက်ထန်းလျက်ဆိုတာ သိပ်စားကောင်းတာ။ ပေါက်ပေါက်ထန်းလျက်ဆိုလို့ ပေါက်ပေါက်ကို ယောနယ်ဖက်က ဝယ်ရတာပါ။ အကိုတို့ကားပြန်လာရင် ယောဖက်က ပေါက်ပေါက်အိတ်တွေပါလာတယ်။ ဝါဆိုပွဲနားနီးရင် ဧည့်သည်တွေတည်ဖို့ အိမ်တိုင်းနီးပါး ပေါက်ပေါက်ထန်းလျက်ခပ်ကြတယ်။ အဲဒီအချိန်ဆို အဒေါ်တို့အိမ်က ပေါက်ပေါက်အိတ်တွေ ခဏချင်းကုန်သွားရော။ တချို့တွေက “ကြီးဒေါ်ရေ ကျွန်မတို့အတွက် ပေါက်ပေါက်မရလိုက်လို့ တပြည်စ နှစ်ပြည်စ ဝေပါအုံး” နဲ့ လာလုပ်ရတာ။ အဒေါ်လည်း အိမ်အတွက်ချန်ထားတာပါမကျန်အောင် ဝေမျှသုံးရတော့တာပေါ့။ ပေါက်ပေါက်ထန်းလျက်ဆိုတာ လက်သီးဆုပ်ခပ်ကြီးကြီးလောက်ရှိတယ်။ ထန်းတောက ခတ်ပြီးလာစဆို ပွပွလေးနဲ့ စားလို့ပိုကောင်းပါတယ်။ မြို့က သားသမီးတွေပြန်ရင် မိတ်ဆွေတွေပြန်ရင် လက်ဆောင်ထည့်ပေးဖို့ ခြင်းခြားတောင်းကြီးနဲ့ ထန်းလျက်တွေထည့်ထားရတယ်။ ကျွန်မငယ်ငယ်က ပူပူနွေးနွေးပေါက်ပေါက်ဆုပ်ဆို မနားတမ်းယူစားနေခဲ့တာ။ ပေါက်ပေါက်ထန်းလျက်က လေသလပ်ရင် နည်းနည်းမာသွားလို့ သိပ်စားမကောင်းတော့ပါဘူး။

ပွဲတော်ကို (၁) နာရီလောက် သွားရတယ်ဆိုပေမယ့် လမ်းတလျှောက်ချောင်းပြင်မှာ တမေ့တမောထိုင်နားပြီးမှ သွားရတာပါ။ လမ်းတလျှောက်မှာ ပွဲပြန်ကလေးတွေရဲ့ မြေဂျိုးရုပ်မှုတ်သံတွေက တဝီဝီနဲ့ ပျော်စရာကောင်းနေပါတော့တယ်။ မြို့အပြန်မှာတော့ ထန်းလျက်မျိုးစုံ၊ အုန်းသီး၊ သင်္ဘောသီး၊ သနပ်ခါးစတာတွေကို မနိုင်မနင်းသယ်ပေတော့။ “ဂေါတမဘုရားကြီးသို့” ဆိုတဲ့ မုဂ်ဦးကို လက်ပြ၊ ဂေါတမချောင်းကို ငေးမောပြီး နောင်နှစ်လည်း လာအုံးမယ်ဆိုတဲ့အတွေးနဲ့က လူတိုင်းရင်ထဲ ကပ်ပါလာခဲ့တော့တယ်။

မဇနိ

Read more...

လက်ဖက်နှပ်

>> Tuesday, October 28, 2008


မဇနိတစ်ယောက် လက်ဖက်တွေ အိမ်ကရောက်လာတော့ ကြာရှည်ခံအောင် ပြုရပြင်ရပါတယ်။ ပြုပြီးပြင်ပြီးသား ပုံတွေကို ကျနော်က စာရေးပြီးတင်လိုက်တာပါ။ လက်ဖက်လေးတွေက အညွှန့်လေးတွေ မပျက်အောင် နှပ်ရတာပါတဲ့။

ကဲ ကျနော်နဲ့တော့ မဖြစ်ပါဘူး။ သူက ရေးဆိုလို့ရေးတာ အဆင်မပြေတော့ သူ့ (မဇနိ)ပဲ ဆက်အရေးခိုင်းလိုက်တော့တယ်။


လက်ဖက်သားကို ညက်နေအောင်နှပ်ကြတယ်။ ကျွန်မအမေကတော့ အရွက်ပျက်ရင် မကြိုက်ဘူးတဲ့။ ဒါနဲ့ ထောင်းရတာလည်း သက်သာအောင် အမေနှပ်သလိုလေး နှပ်ထားတာပါ။ လက်ဖက်ကို ရေဆေး၊ ရေညှစ်လိုက်ပြီး ဆား၊ သံပုရာရည်၊ ကြက်သွန်ဖြူရယ် နယ်လိုက်ပြီး ဆီပါထည့်လိုက်တယ်။ ဖန်ပုလင်းထဲမှာ ဆီများများလောင်းပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ရင် အကြာစားလို့ရတာပါပဲ။

ဒါကတော့ စားချင်တဲ့အခါမှ ပုလင်းထဲက လိုသလောက်လေးခွဲပြီး ချဉ်ငံစပ်သုပ်လိုက်တာပါ။ ပဲကြော်လေးရှိတုန်း ဒါမျိုးသုပ်စားရတာ။ မဟုတ်ရင် လက်ဖက်နှပ်လေးပဲ ဖြစ်သလိုစားရတာများပါတယ်။ မြန်မာပြည်မှာနေရင်တော့ မထူးဆန်း၊ မရှားပါးတဲ့အရာတွေပါ။



ချင်းကြိုက်တတ်တဲ့ကျွန်မက လက်ဖက်သားထဲကို ချင်းလှီးထည့်ပြီး တပုလင်းနှပ်လိုက်သေးတယ်။ ချင်းကြိုက်တဲ့သူဆိုတော့ မွှေးတယ်ပေါ့။

စောစောကပြောသလို ချင်းကြိုက်တော့ ဒီမှာ ချင်းပေါက်မတွေ့တဲ့အခါ စိတ်ကူးတည့်သလို ချင်းတက်များများ ၀ယ်ထားလိုက်တယ်။ တချို့ကိုလဲ အပပ်စိုက်ထားတယ်။ တချို့ကိုလည်း ဟင်းချက်တဲ့အထဲထည့်။ တခါတလေတော့ ပါးပါးလှီးပြီး သုပ်စားပါတယ်။ အိမ်မှာဆို အမေက ကျွန်မအတွက် ချင်းပေါက်မပြတ်အောင် ၀ယ်ထားပေးရတယ်။ ရန်ကုန်မှာ ကော်ပြန့်ကြော်စားရင် ချင်းချဉ်လေးနဲ့ တို့စားရတာ သိပ်ကြိုက်တာပါ။ ဆိုင်ကလည်း ချင်းဈေးကြီးလို့လားမသိ ပန်းကန်ပေါက်စလေးနဲ့ နည်းနည်းလေးပေးတယ်။ “ကိုဇနိ ချင်းတောင်းပေးနော်” လို့ပြောရင် တောင်းပေးရှာတယ်။ တခါက နှစ်ခါဖြစ်လာရင် သူလည်းရှက်ရှာတယ်ထင်ပါရဲ့ “ချင်းကို အဲလောက်ကြိုက်သလား” လို့ မေးဖူးတယ်။ ကဲ ဒါနဲ့ပဲ ချင်းလှီးပြီး ပဲမှုန့်အကျက်၊ ပုဇွန်ခြောက်လေးနဲ့သုပ်စားလိုက်တော့ အာသာပြေသွားတယ်ဆိုရမယ်။


မဇနိ

Read more...

Red Square

>> Monday, October 27, 2008

မနေ့က ညနေ ကိစ္စရှိလို့ ရင်ပြင်နီဖက်ကို ရောက်လို့ ရိုက်ခဲ့တာပါ။
ရိုးရိုးကင်မရာနဲ့ ရိုက်ထားတာပါ။
ကင်မရာက မကောင်းသလို၊ ဓာတ်ပုံပညာလည်း မပါပါဘူး။
ရင်ပြင်နီဖက်ကို ညဖက်ပုံတွေ အနေနဲ့ အမှတ်တရတင်တာပါ။
မှောင်တူးနေလို့ ဓာတ်ပုံဆိုင်(ဖိုတိုရှော့)နဲ့တော့ ပြင်ထားတယ်။





Read more...

တစ်ဝါကျွတ်ချိန်

>> Saturday, October 25, 2008


ပထမပိုင်း

….မြခက်ကတော့ ခုချိန်မှာ သူ့ချစ်သူ ကိုကိုလေးတို့ အိမ်က သစ်ချိုပင်ကြီးများ ဖြစ်ချင်နေမလား မသိဟု အတွေးက ရောက်လိုက်သေးသည် ဟ ဟ။…ဘာပဲဖြစ်ဖြစ် ကျွန်မတို့အမျိုးတစ်သိုက်၏ ယခုတလော အတွေးတွင် မြခက်ကတော့ ဇာတ်လိုက်ဖြစ်နေပေမည်။




အဖူးတွေဝေနေသော ဟော်လိုသစ္စာပန်း များမှာ ရေတွင်းဘက်ဆီသွားသော လမ်းတစ်လျှောက် ယိမ်းနွဲ့လျက်။ စင်ထိုးထားသော ထားဝယ်မှိုင်းခြုံကြီးအောက်ရှိ ခုံတန်းပေါ်တွင် ကျွန်မ အရင်ထိုင်ရင်း လှလှပပ လမ်းလျှောက်လာသော မြခက်ကို ငေးကြည့်နေမိသည်။ မြခက်သည် ဖေဖေ့အစ်မကမွေးသော ကျွန်မ၏တစ်ဝမ်းကွဲ အစ်မဖြစ်သည်။အစ်မဆိုသော်လည်း နှစ်လလောက်သာ ကျွန်မထက်ကြီးရာ မမတွေ ဘာတွေ မခေါ်ပဲ မြခက်သာခေါ်သည်။ အပျိုဖြစ်လာတော့ မြခက်က ကိုယ်လုံးကိုယ်ပေါက် အချိုးအစားကျကျနှင့် လှပချောမောသည်။ မဟာဆန်သော သူ့အလှသည် ကိုကိုလေးကိုသာမက ကျွန်မတို့ရွာသား တော်တော်များများကို ညှို့ယူဖမ်းစားခဲ့လေသည်။
ဒီတစ်ဝါကျွတ်ချိန်မှာတော့ မြခက်ကို ဖမ်း၍ စားတော့မည့် မြို့ကလူကြီး ပေါ်လာခဲ့ချေပြီ။

ခုံတန်းတစ်ဘက်တွင် မြခက်က ညင်သာစွာထိုင်၏။
“ နင်နဲ့ ကိုကိုလေး ချစ်သူဖြစ်နေကြပြီလား ဟင် မြခက်”
“အင်း” ဟုမြခက်ကမပွင့်တပွင့် ဖြေ၏။
“ဒါဆို နင့်ကို မြို့က ကိုဝင်းဇော်တို့ မိဘတွေ စကားကြောင်းတာရော သူသိလား ”
“အင်း”
“သူ ဘာပြောလဲ”
“မြခက်သဘော တဲ့”
“ အင်း ဒါဆိုနင်ကရော ဘယ်လိုသဘောရှိလဲ ဘယ်လိုပြောလိုက်လဲ”
“ ငါက ….ငါကလေ ကျွန်မမိဘတွေကို လာမြန်းပါလို့ မကြီးရွှေကြည်နဲ့ ပြောခိုင်းတော့ သူက အစီအစဉ်မရှိသေးဘူးတဲ့ ”
“ကဲ ဘယ်လောက်ကောင်းတဲ့ လူလဲ ငါမပြောလိုက်ချင်ဘူး”
စိတ်တိုရ၏။
စကားအဆုံးတွင် မြခက်၏ ရှိုက်သံကို ကြားရ၏။ အင်း မေမေပြောသည့် အတိုင်းပါပဲလား…မလွယ်ပါလား။ “မြခက် ကောင်လေးက မယူချင်သေးဘူး ပြောတယ်တဲ့။ သူ့မှာ ယူဖို့အစီအစီအစဉ် မရှိပါဘူးလို့ ရွာထဲမှာ သတင်းထွက်နေတယ်။ ကောင်လေးမပြောပဲ ရွာထဲက ဘယ်ပြောနေကြမလဲ။ဒါဆို မယူချင်ပဲနဲ့ ဘာလို့ ရီးစားထားရတာလဲ ခက်ပါတယ် တာတာရယ်..မြခက်တစ်ယောက်အတွက် ရင်လေးရတယ်..”
ဟု မနက်စောစောကပဲ မေမေပြောနေသေးသည်။
“ ငါ သူနဲ့ တွေ့ချင်တယ်၊ သူပါးစပ်ကပြောတဲ့ အသံကို ကြားပြီးရင် သူ့ကို ငါမေ့ပစ်နိုင်တယ်။ ခုက ငါ့စိတ်ထဲမှာ သူ့ကိုနာနေတာပဲ ရှိတယ်။ မေ့ဖို့ ခက်လိမ့်မယ်”
မြခက်က ကျွန်မနှင့် ခုံတန်းတစ်ခုထဲ ထိုင်နေသော်လည်း အဝေးကလူကို လှမ်းပြောနေသလို ဆိုလေ၏။

မြခက်အနေနှင့် ကျလည်း ဟုတ်တော့လည်း ဟုတ်ပါသည်။
မြခက်သည် သူချစ်ရသူ၏ သစ်စိမ်းချိုးစကားကို နားနှင့်ဆတ်ဆတ်ကြားကာမှ မျက်ရေတို့ သွေ့ခြောက်သွားပေလိမ့်မည်။ ထို့အတူ အချစ်၏ ပူလောင် ခါးသီးမှု့တွေကိုလည်း ဘဝတစ်လျှောက် သယ်ဆောင် သွားတော့မည် မဟုတ်။
ကိုကိုလေးနှင့် မတွေ့ဖြစ်ပဲ တစ်ဆင့်စကားကြားယုံနှင့် လူကြီးတွေစီစဉ်သလို လိုက်နာခဲ့သော် …သူ့၏ ဘဝအပေါ် ခံယူပုံသည် တစ်မျိုးဖြစ်သွားနိုင်သည်။
အတန်ကြာအောင် အတွေးကိုယ်စီနှင့် ငြိမ်သက်နေကြပြီးနောက်…ကျွန်မကပင်
“နင်တို့ ဘယ်မှာတွေ့နေကြလဲ ။ဒီညချိန်းလိုက် ။မမကို ငါနားလည်အောင်ပြောပေးမယ်။ နင် အပြတ်မေးတော့ ၊တသက်လုံးပေါင်းဖို့ ချစ်တာဆို လူကြီးတွေနဲ့ လာတောင်းလို့ ၊ဒါကို သဘောမတူရင်တော့ နင်သူ့ကို ပြတ်သားရတော့မယ်လို့ ငါထင်တယ်။ နင့်ဆုံးဖြတ်ချက်ပဲ အရေးကြီးတာနော် မြခက် ငါတို့မိန်းကလေးတွေ ဆိုတာ အိမ်ထောင်ကျစကနေ သေတဲ့ထိ နစ်နာတဲ့ ဘက်ကချည်းပဲတဲ့ ငါ နင်စိတ်ဆင်းရဲတာကို မကြည့်ချင်ဘူး”
ကျွန်မ လေယူလေသိမ်း မှန်မှန်နှင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
မြခက်ကိုမကြည့်ပဲ မျက်နှာလွှဲရင်း
“နင်တို့ချိန်းတဲ့ နေရာကို ဒီည ငါလဲလိုက်မယ်နော်။ နင့်လူကို အကြောင်းကြားလိုက်တော့ ငါမမကို သွားကူ ရင်း ပြောလိုက်တော့မယ်”
မြခက်၏ ငိုရှိုက်သံကို ကျွန်မ မကြားရက်စွာ မြန်မြန်ပဲ ထွက်လာခဲ့မိသည်။ ဒီကိုကိုလေးသည် မြခက်ကို လပ်ထပ်ပေါင်းသင်းဖို့ မရည်ရွယ်ပဲ ဘာလို့များ ချစ်သူတော်ခွင့် လိုချင်ခဲ့ပါလိမ့်။မီးဖိုဆီ လာရာလမ်းမှာတော့ သစ်ပင်ချုံနွယ်တို့မှာ စိမ်းတောက်လျက်။

မမနွဲ့က မီးဖိုအနီးတွင် တဖြစ်ဖြစ်မြည်နေသော ငါးချဉ်ကြော်ဒယ်အိုးတွင် ကြက်သွန်ဖြူထောင်းကို ထည့်ပြီးမွှေ လျက်ရှိ၏။
ကျွန်မဝင်လာသည်ကို လှည့်မကြည့်ပဲနှင့်
“မြခက် ကောင်လေးက မယူချင်သေးဘူးလို့ သတင်းထွက်နေတယ်။ မမနွဲ့အနေနဲ့တော့ မြခက်ကို ချစ်သူနဲ့သာ ပေါင်းရစေချင်တယ်။ ဒါပေမဲ့ ကိုယ့်ချစ်တဲ့သူက ကိုယ့်ကိုမလိုလားဘူး ဆိုတဲ့အခါ မိန်းမတစ်ယောက်အနေနဲ့ ဘာများတတ်နိုင်ဦးမလဲ တာတာရယ်” ဟု ရေရွတ်သံလိုလို ဆိုနေလေ၏။
ကျွန်မက ခုံပုလေးပေါ်ထိုင်ရင်း ထမင်းစား စားပွဲပေါ်တင်ထားသော ကန်စွန်းရွက်စည်း တစ်စည်းကို နှီးကြိုးဖြေပြီး သင်နေလိုက်သည်။ ညကိစ္စမမကို ဘယ်လိုပြောရင် ကောင်းမလဲ အကြံထုတ်ရမည်။
“မိန်းကလေး တစ်ယောက် အနေနဲ့ အိမ်ထောင်ပြုဖို့ကိစ္စက ပိုတောင်မလွယ်သေး။ ကိုယ်က ဦးဆောင်ဦးရွက်ပြုလို့ ရတာလဲမဟုတ်။ တစ်ဖက်က မယူနိုင်သေးဘူး ပြောရင် ဘာမှမတတ်နိုင်ဘူး”
“ဒါဆို မြခက်က ဒေါ်ဒေါ်ကြီးတို့ ပေးစားမဲ့လူကိုပဲ ယူရတော့မှာပေါ့နော်…။ကျွန်မဒီလို စဉ်းစားမိတယ် မမ။ ကောင်းမလားတော့မသိဘူး ၊ခုကိုကိုလေးက မယူနိုင်ဘူးပြောတာ အမှန်ပေမဲ့ မြခက်က ရွာထဲကတစ်ဆင့် ကြားရတာမို့ ယုံချင်မှလဲ ယုံမယ် ။ သူကိုကိုလေးနဲ့ တွေ့ပြီး အပြတ်မေးသင့်တယ်။ ကိုကိုလေးဆီက မယူနိုင်ဘူး ဆိုတဲ့ စကားကို မြခက်ကြားရင် သံယောဇဉ်ပြတ်သွားမယ်။ ပူဆွေးနေစရာလဲ မလိုတော့ဘူး ။သူ့ထက်သာတဲ့လူနဲ့ ယူပြလိုက်ရုံပဲ။ ”
မမနွဲ့က မီးသွေးဖိုကို မီးသွေးထပ်ဖြည့်ရင်း
“အင်း ဒါလဲ နည်းလမ်းကောင်း တစ်မျိုးပဲ ”ပဲဟု ကျွန်မကို ထောက်ခံလေသည်။
“မြခက် အိမ်ပြန်သွားရင် ကိုကိုလေးနဲ့တွေ့ဖို့ ကိစ္စ မလွယ်တော့ဘူးမမ။ သူ့အဖေက ရွာထဲက စကားနဲ့တင် မြခက်ကို ချုပ်ချယ်နေလှပြီ။အဲဒီတော့ ဒီည သူတို့ကိုချိန်းခိုင်းပြီး ဆွေးနွေးခိုင်းလိုက်ရင်ရော မကောင်းဘူးလား မမ။ မမက လူကြီးဆိုတော့ မမဆုံးဖြတ်ပေးတာ အကောင်းဆုံးဖြစ်မယ်”
“ ဟဲ့ အိုအေ ဖြစ်ပါ့မလား တာတာရယ် ၊မမက မျက်ရေဆိုမြင်ချင်တာ မဟုတ်ဘူး။ မိမြခက် တွေ့ပြီးပြန်လာရင် ငိုနေဦးမှာကို မကြည့်ရက်ပါဘူး၊ ကွဲခန်း လွမ်းခန်းဆို ရုပ်ရှင်တောင်မကြည့်ချင်တာ၊ မဖြစ်ပါဘူးအေ…”
“ဗျာ မမကလဲ ခုခေတ်က ပြတ်ကြပြီဆိုရင် ငိုတဲ့ခေတ် မဟုတ်တော့ဘူးမမရဲ့ ၊သူ့ထက်ငါ အပြိုင် တိုးတက်ရာတိုးတက်ကြောင်း လုပ်တဲ့ခေတ်။ ကြည့်နေ မြခက်မငိုတဲ့ အပြင် စိတ်ဓာတ်တွေတောင် ပိုမာလာဦးမှာ၊ မတွေ့ဖြစ်ကြရင်သာ မင်္ဂလာပွဲမှာ ငိုနေရင် လူကြားမကောင်းဖြစ်ကုန်မယ်”
“ဒါဆိုလဲ ပြတ်ပြတ်သားသား ဖြစ်သွားအောင် သူတို့ကိုပေးတွေ့လိုက်ကြတာ ကောင်းပါတယ်။ မြခက်ကို သမီးပြောလိုက် နောက်ဖေးခြံထဲမှာပဲ ခေါ်တွေ့ပစေ..၊ ”
…အိုကေပြီ။ မမနွဲ့၏ ခွင့်ပြုချက်သည် အဓိကကျသည်။

ညနေစာကို ကျွန်မတို့ တူအရီးသုံးယောက် ဝိုင်းဖွဲ့၍ စားကြသည်။ ဟင်းတွေက အားလုံးအကြိုက် ဖြစ်သော်လည်း…….မြခက်ကတော့ ပဲဟင်းအရေကိုသာ မကြာမကြာသောက်လေ၏။ ရင်နာကာ ထမင်းမမျိုနိုင်ဖြစ်၍ ပဲဟင်းနှင့်မျှောချရသည်ကို ကျွန်မက မသိချင်ယောင် ဆောင်နေလိုက်သည်။ ကျွန်မက မြခက် စားချင်လာအောင် အားရပါးရ (စားကောင်းချင်ဟန်ဆောင်ကာ) များများ စားပြရသည်။ မမနွဲ့ကတော့ တူမနှစ်ယောက်နှင့် သမာသမတ်ကျအောင် စားပြရှာလေ၏။ မိန်းမတို့တွင် တစ်ဦးအပေါ် တစ်ဦး ညှာတာ စာနာတတ်သော မွန်မြတ်သည့် နှလုံးသားက မွေးရာပါဖြစ်ပေလိမ့်မည် ။

ထိုညတွင် မြခက်သည် မမနွဲ့၏ ခွင့်ပြုချက်အရ ကျွန်မတို့ခြံဝင်းတွင် ကိုကိုလေးနှင့် တွေ့ရလေ၏။ ရှောက်ပန်းသီးပင်တွေ ရှိသည့် ခြံတောင်ပိုင်းတွင် တွေ့၍ ကျွန်မနှင့် မမက အိမ်နောက်ဖေး အုတ်လှေကားထစ်တွေပေါ်က ထိုင်စောင့်ကြ၏။ ဝါကျွတ်ပြီဖြစ်၍ တိမ်ကင်းစင်သော ကောင်းကင်သည် လမင်းကို ပြည့်ပြည့်ဝဝ မမြင်ရသော်လည်း ကြည်စင်လျက်ရှိ၏။
ကျွန်မက မမနွဲ့ပျင်းနေမည်စိုး၍ တစ်ပိုင်းတစ်စသာရသော
လမင်းဝင်းဝင်းပပ သာသောခါ ညချမ်းမှာ မိုးထက်သို့ မျှော်ကာမျှော်ကာ ခင်ခင် မင်မင် ပြုံးကြည့်ကာ ..စသောသီချင်းကို ဆိုပြသည်။
မမနွဲ့ကတော့ မြခက် ငိုပြီးပြန်လာမှာကိုပဲ စိုးရီမ်သည် ဟု တဖွဖွဆိုနေ၏။
ကျွန်မကတော့ ပြတ်သားမှန်ကန်သော ဆုံးဖြတ်ချက်ကြောင့် ကျေနပ်နေသည့် ဟန်ကလေးနှင့် လှမ်းလာမည့် မြခက်ပုံစံကိုသာ မြင်ယောင်နေသည်။
ထိုသို့ ကျွန်မတို့ တူအရီးနှစ်ယောက် ထိုင်နေသည်မှာ အဘယ်မျှ ကြာသွားသနည်း ဆိုသော် ….
ဗူးစင်ပေါ် အိပ်တန်းတက်သော ကြက်ဖကြီး ထတွန်လိုက်မှ
“ဟဲ့ တာတာ ဘယ်နှစ်နာရီလဲ နာရီသွားကြည့်စမ်း ” မမနွဲ့သည် ကဗျာကယာဆိုလေ၏။
ထိုင်တာကြာလျင် ခြေထောက်တွေ ထုံကျင်တတ်သော အကျင့်ကြောင့် ကျွန်မသည် ထော့ကျိုး ထော့ကျိုးနှင့် အိမ်ထဲကို နာရီသွားကြည့်ရ၏။ ၁၂ နာရီထိုးပေပြီ။
“ မမရေ ၁၂ တောင်ထိုးပြီ မြခက်ပြန်မလာသေးဘူး ၊ကျွန်မ လိုက်သွားကြည့်ဦးမယ်”
ကျွန်မ မမကို ပြောလဲပြော ခြံထဲကိုလည်း ဝုန်းဒိုင်း ပြေးဆင်းခဲ့မိသည်။
ရှောက်ပန်းပင်တွေ ဘက်တွင် မြခက်တို့ကို မတွေ့ရတော့ချေ။ ဘယ်နေရာများ သွားထိုင်ကြသလဲ တွေးကာ ရှာမည်လုပ်တော့
“မြခက်ကို ကိုကိုလေး ခိုးပြေးသွားပြီ။ဘယ်မှာ ရှာတွေ့ပါတော့မလဲ တာတာရယ် ”ဟူသော မမနွဲ့၏ အသံကို ကြားလိုက်ရလေသည်။
ဟင်…….ကိုကိုလေးပဲ မြခက်ကို မယူနိုင်ဘူးပြောပြီးတော့…

“သြော် တာတာရယ် သူဒီလိုမှမပြောရင် မြခက်နဲ့ ခုလိုတွေ့ခွင့် ဘယ်ရတော့မလဲ ”

ဟင် ဒါဆို မြခက်ကို ကိုကိုလေး ခိုးပြေးမှာ မမနွဲ့ သိတယ်ပေါ့…..

ထို့ကြောင့် ထို့ကြောင့်ပင်...တစ်ဝါကျွတ်ချိန်တိုင်း သမီးရီးစားစုံတွဲများ၏ အပြောတစ်မျိုး အလုပ်တစ်မျိုးကို သတိရမိသလို အပျိုကြီးများ၏ စာနာတတ်သော နှလုံးသားကိုလည်း နားလည် အောက်မေ့ သတိရမိလေသည်။


Read more...

ကြက်ဟင်းခါးသီးကြော်

>> Friday, October 24, 2008





မနေ့ညက ပေါက်ဆီမှာ မမနုစံက ကြက်ဟင်းခါးသီးကြော် သိပ်မကြိုက်ဘူးလို့ ပြောသွားတာ ဖတ်လိုက်ရတယ်။ ဒါနဲ့ ညစ်ကျယ်ကျယ်ပြီး ဒီနေ့ ပုံလေးတင်လိုက်အုံးမယ်။ တကယ်က စားကြည့်စေချင်တဲ့ စေတနာပါ။ ကြက်ဟင်းခါးသီးကို မခါးအောင် ဟင်းချိုမှုန့်တွေနဲ့ ကြော်ကြတယ်။ အဆောင်မှာ သူငယ်ချင်းကြော်တာကို သွားသတိရမိတယ်။ ဒယ်အိုးကြီးထဲ ကြက်ဟင်းခါးသီးတွေထည့်ပြီး ခါးလို့ သကြားတွေပါ ထည့်ကြော်တော့ နောက်ဆုံး ခါးချိုကြီးဖြစ်သွားရော။
ကျွန်မကတော့ ကြက်ဟင်းခါးသီးကို ပါးပါးလှီး ဆားနဲ့သေချာနယ် ရေဆေးလိုက်တယ်။
ရေပြောင်အောင်ညှစ်ပြီး လိုအပ်တဲ့အစာတွေ ပြင်ဆင်လိုက်ပါတယ်။
မြေပဲဆံကိုထောင်း၊ ကြက်သွန်ဖြူနွှာ၊ ငရုတ်သီးမှုန့်နဲ့ ပုဇွန်ခြောက်လေးကို အဆင်သင့်လုပ်ထားလိုက်တယ်။
ကြက်သွန်ဖြူနဲ့ ငါးပိလေးဆီသတ် မြေပဲဆံပါထည့်ထားလိုက်ပြီး ငရုတ်သီးမှုန့်၊ ပုဇွန်ခြောက်ပါလိုသလောက် ထည့်မွှေထားပါတယ်။

ရေစစ်ထားတဲ့ ကြက်ဟင်းခါးသီးကိုထည့် ဆားလေးပါထည့်ပြီး သေချာမွှေကြော်ပါတယ်။ ငါးပိတွေ အစာတွေ ကြက်ဟင်းခါးသီးထဲ ၀င်သွားရင် ခါးတဲ့အရသာ သက်သာစေပါတယ်။ အချိုမှုန့်မသုံးတဲ့အတွက် ချိုကလီကြီး မဖြစ်တော့ပါဘူး။ မြေပဲဆံနဲ့ ပုဇွန်ခြောက်က စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းသွားရော။ ဆီပြန်ပြန်နဲ့ ခြောက်ခြောက်လေးနေတဲ့အခါ ကြက်ဟင်းခါးသီးကြော်တခွက်ကို လွေးလို့ရပါပြီ။

မဇနိ

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP