ချက်(စ)ကစားခြင်း

>> Friday, October 10, 2008



အဖေနဲ့ အမေကွဲကြတော့ ကျနော့်အသက် ၇-နှစ်ပဲရှိပါသေးတယ်။ အမေက နောက်အိမ်ထောင်ပြုဖို့ပြင်ဆင်ပါလေရော၊ သူယူမယ့်သူက ကာမာရော့(ဗ်)လို့ နာမည်ပဲ ကျနော် သိတာပါ။ ပြီးတော့ ကာမာရော့(ဗ်)ဆီမှာ ကားရှိတယ်ဆိုတာလည်း ကြားရော ကျနော်က သူ့ကို တွေ့တွေ့ခြင်း ကားစီးချင်တယ်လို့ တန်းပူဆာမယ်လို့ ဆုံးဖြတ်လိုက်တာပါပဲ။ နောက်ရက်အနည်းငယ်ကြာတော့ အမေရယ် ကျနော်ရယ် သူ့အိမ်ကို အလည်သွားကြတယ်လေ။


သူ့အိမ်လည်းရောက်ရော ကာမာရော့(ဗ်)က အိမ်မှာရှိမနေပါဘူး။ ကျနော်တို့ကို သူ့ညီမက ဆီးကြိုပါတယ်။ "လာပါဦး လာပါဦး ငါ့တူအသစ်လေးကို မြင်ဖူးချင်နေတာ" လို့ ပြောပါတယ်။ "မျက်လုံးကြီးတွေက ဝိုင်းနေတာပဲနော် လှလိုက်တာ" ဆိုပြီး ကျနော့်ပါးကို နမ်းပါလေရော။ ကျနော်ကလည်း ပါးကို လက်နဲ့ သုတ်ပစ်လိုက်တယ်၊ ဘာလို့လဲဆိုတော့ အနမ်းပေးတာတွေကနေ ရောဂါတွေ ကူးစက်တတ်တယ်ဆိုတာကို ဆရာဝန်ဖြစ်တဲ့ အဖိုးပြောထားတာရှိတယ်လေ။

ကျနော့်အဖိုးက ကျနော့်ဘဝမှာ အလွန်းအရေးပါတဲ့သူပါ။ သူက နိုင်ငံရေးကို စိတ်ဝင်စားပြီး အလုပ်က ပြန်လာချိန်၊ ညစာစားချိန်ဆိုရင် ကျနော့်အဖေနဲ့ အဖွားကို အာဖရိကနိုင်ငံတွေမှာ အခြေအနေဘယ်လိုရှိကြောင်း၊ အမေရိကန်ရဲ့ နိုင်ငံတကာဆက်ဆံရေးကဘယ်လို ရှိကြောင်း ပြောတော့တာပါပဲ။ ကျနော်ကတော့ ဘာမှ မလုပ်တတ်ပါဘူး။ ကျနော်မှာ ဂီတကို ခံစားနိုင်စွမ်းလည်း မရှိသလို၊ ပန်းချီဘက်လည်း မထူးချွန်ပါဘူး။ ဒီတော့လည်း အဖိုးပြောတာတွေကို မှတ်ထားပြီး ပြန်ပြောတာပဲ ကျနော်လုပ်တာပေါ့။ ကာမာရော့(ဗ်)ရဲ့ ညီမက အစားအသောက်တွေ ပြင်ဆင်နေတုန်း ကျနော်က ကလေးပေမယ့် အတော်ကို သိနေတတ်နေတယ် ဖြစ်ကြောင်း သွားကြွားလိုက်တယ်။ ကျနော်က သူမနားကပ်ပြီး အန်ဂိုလာရဲ့ အခြေအနေတွေကို ပြောပြနေတယ်။ သူမက အလွန်အံ့သြသွားတယ်။ ကျနော်က အဖိုးပြောတာတွေကို ပြန်ပြောနေတယ်ဆိုတာ သူမှ မသိတာ။ အခြေအနေကတော့ ရုရှားနဲ့ အမေရိကန်က အတူတကွ အဖြေရှာမှရတော့မယ်လို့ ဆက်ပြီးတော့ ပြောလိုက်တယ်။ သူမလည်း ဘာပြောရမှန်းမသိဖြစ်သွားတယ်။ "အဲ ကြည့်စမ်း အလက်ဇန်းဒါးပြောတာလည်း အဲဒီအတိုင်းပဲ" လို့ ပြောပါတယ်။ အလက်ဇန်းဒါဆိုတာ သူမ အကို ကာမာရော့(ဗ်)ပါပဲ။ အဲဒီနေ့ကတော့ ကာမာရော့(ဗ်) အလုပ်က ပြန်တာနောက်ကျလို့ သူနဲ့ မတွေ့ခဲ့ရပါဘူး။ သိပ်မကြာခင်မှာပဲ ကာမာရော့(ဗ်)က တိုက်ခန်းအသစ်ရလို့ မေမေလည်း အဲဒီကို ပြောင်းပြီး နေပါတော့တယ်။

မေမေလည်း ကာမာရော့(ဗ်)ဆီကို ပြောင်းသွားတဲ့ နောက်ပိုင်း အဖိုးနဲ့အဖွားက မေမေ့အကြောင်း၊ ကာမာရော့(ဗ်)အကြောင်း၊ အထူးသဖြင့် ဖေဖေ့အကြောင်းကို ပြောပါတယ်။ ဖေဖေက အဲဒီတုန်းက အသက် ၃၀ လောက်ပဲရှိသေးတာပါ။ ကျောင်းမှာ ရုက္ခဗေဒသင်ပါတယ်။ မေမေက ဖေဖေဆီကနေ ဘာ့ကြောင့်ထွက်သွားတယ်ဆိုတာကို ဘယ်သူမှ နားမလည်ပါဘူး။ သူတို့နှစ်ယောက် တခါမှလည်း စကားများပါဘူး။ ဒါပေမယ့် တခါတုန်းကတော့ မေမေက ဖေဖေကို စိတ်တွေဆိုးတာ တွေ့ဖူးပါတယ်။ ဘာ့ကြောင်းစိတ်ဆိုးရသလဲဆိုတာကတော့ နားမလည်နိုင်ပါဘူး။

နွေဦးရဲ့တရက်မှာ ဖေဖေအလုပ်ကနေ ပန်းတွေနဲ့ ပြန်လာပါတယ်။ "ပန်းလေးတွေက လှလိုက်တာရှင်၊ ကျမအတွက်လား" လို့မေမေက မေးတော့ "မင်းကြိုက်တယ် သဘောကျတယ်ဆို ယူလေ"လို့ ဖေဖေက ပြန်ပြောပါတယ်။ မေမေက ဖေဖေကို တအံတသြနဲ့ကြည့်နေပါတယ်။ ဖေဖေက ဆက်ပြောပါတယ်
"ပန်းတွေကို သဘောကျတယ်ဆိုရင် ယူပါ။ အလုပ်အတွက် အိမ်ကို ယူလာတာပါ၊ ဒါပေမယ့် ကြိုက်တယ်ဆိုရင် ယူလို့ရပါတယ်။ အကုန်လုံးလည်း ယူလို့ရတယ်၊ နည်းနည်းပဲ ခွဲယူရင်လည်းရတယ်။ သူတို့က အနံ့ပြင်းတော့ အိပ်ယာမဝင်ခင် အခန်းထဲကထုတ်ဖို့တော့ မမေ့ဖို့လိုတယ်။"
ဒီတော့ မေမေက "ကျမ မယူတော့ပါဘူး" လို့ ပြန်ပြောလိုက်တယ်။ မေမေ့မျက်ဝန်းထဲမှာ မျက်ရည်တွေ စို့လာတယ်။ "ငါထင်တာက ဒီလိုလေ.." လို့ ဖေဖေက ပြောတော့ မေမေက "ရှင်က အမြဲတမ်း တခုခုဆို အဲသလိုပါပဲ" လို့ အော်ပြောပြီး အခန်းထဲက ထွက်သွားတယ်။ နောက်ရက်အနည်းငယ်ကြာတော့ မေမေ ကာမာရော့(ဗ်)ဆီကို အပြီးထွက်သွားတော့တာပါပဲ။

မေမေထွက်သွားကတည်းက ဖေဖေက မေမေ့အကြောင်းလည်း လုံးဝမပြောတော့ဘူး။ ညနေတိုင်းလောက်ပဲ အခန်းထဲမှာ တစ်ယောက်တည်း ထိုင်ပြီး ချက်(စ)(Chess) ထိုးနေတတ်တယ်။ စစ်တပ်ထဲက သူငယ်ချင်းတစ်ယောက်နဲ့ ဖေဖေက စာအပေးအယူလုပ်ပြီး ချက်(စ) ထိုးတာပါ။ သူတို့ ကစားနေတာ ၁ နှစ်ကျော်ပါပြီ။ သူငယ်ချင်းဆီက စာကလည်း တလမှ ၁ ခါ၂ ခါလောက်ပဲ ရောက်ပေမယ့် ဖေဖေကတော့ အခန်းထဲမှာ ညနေတိုင်း တယောက်တည်းထိုင်ပြီး သူဟာသူ စကားလေးပြောပြီး ချက်(စ်)ထိုးနေတော့တာပါပဲ။ အဖိုးနဲ့အဖွားက ဘာကြောင်းလဲတော့ မသိဘူး၊ အဲသလိုကြီး ဖြစ်နေတာကို မကြိုက်ပါဘူး။ ဖေဖေမရှိတုန်း အဖိုးက ချက်(စ)ခုံကို သွားပြီး အရုပ်တွေကို ဆွေးဆွေးမြေ့မြေ့နဲ့ ကြည့်နေပါတယ်။ "အဲဒါ လျူးစာ(မေမေ့နာမည်) ရှိတုန်းကတည်းက စဖြစ်နေတာလား" အဖိုးက ဖေဖေကိုမေးတော့ ဖေဖေက "ဟုတ်တယ်"လို့ ပြောပါတယ်။ အဖိုးက "ဒါတွေအားလုံးက အာရုံကြောကြောင့်ဖြစ်တာပဲ လာ ငါစမ်းသပ်ပေးမယ်" လို့ ပြောပေမယ့် ဖေဖေက သူအားလုံးအဆင်ပြေကြောင်းပြောပြီး ငြင်းပါတယ်။


တရက်ကျတော့ မေမေက သူ့တိုက်ခန်းအသစ်ဆီကို ကျနော့်ကို ခေါ်သွားပါတယ်။ အခန်းက သန့်ရှင်းပြီး ပြောင်လက်နေတာပါပဲ။

အဲဒီတော့မှ ကျနော် သူ့ကို ပထမဆုံးစမြင်ဖူးတော့တာပဲ။ အရပ်ရှည်ရှည် ခပ်ဝဝ၊ တောင့်တောင့်တင်းတင်းနဲ့ ဖေဖေထက်တောင် ပိုသန်မယ့် ပုံစံရှိတယ်။ အဲသလိုတွေးရတာ စိတ်မချမ်းသာပါဘူး၊ ဒါပေမယ့် ရုတ်တရက် ကျနော် မြင်လိုက်တယ်၊ သူ ထိပ်ပြောင်နေတာကို ကျနော့် မြင်လိုက်တယ်။ ဒီလိုထိပ်ပြောင်တယ်ဆိုတာ လူတစ်ယောက်အတွက် တကယ့်ကို မပျော်ရွှင်မှုပါ။ ကျနော့်အဖိုးက အရေပြားအထူးကု ဆရာဝန်ဆိုတော့ ထိပ်ပြောင်တဲ့ လူတွေက ဆံပင်ပေါက်ချင်လို့ လာကြတာကို ကျနော်တွေ့ဖူးတာကိုး။ အဘိုးကပြောတာတော့ သိပ္ပံပညာက အဲဒီကိစ္စအတွက်ဘာမှ အကူအညီ မပေးနိုင်ပါဘူးဆိုပြီး သူ့ထိပ်ပြောင်ကြီးကို ထိုးပြတတ်တယ်။ ဆေးခန်းလာပြတဲ့သူတွေလည်း နောက်ပိုင်းကျ ပိုပြီး ဝမ်းနည်းသလိုလိုဖြစ်လာတယ်၊ အဲဒါကြောင်း ထိပ်ပြောင်တယ်ဆိုတာ တကယ့်ကို မပျော်ရွှင်မှုအကြီးကြီးပါလို့ ကျနော်တွေးတာပေါ့။

ကာမာရော့(ဗ်)က မပျော်ရွှင်တဲ့ ပုံလည်း မပေါက်ဘူးဗျ။ ဟာသတွေပြောတယ် ပြုံးရွှင်ပြီး ပျော်ပျော်နေတယ်။ ကောင်းတာပေါ့ ဆိုပြီးတွေးပြီး သူ့ကို နိုင်ငံတကာရေးရာအကြောင်းတွေ ပြောဖို့ စဉ်းစားမိတယ်။ "စားသောက်ပြီးရင် ကားမောင်းသွားမယ်" လို့ သူကပြောပါတယ်။ ပြီးတော့ ကားမောင်းသွားတော့ ကာမာရော့(ဗ်)က မော်စကိုက လမ်းတွေအကြောင်း၊ ရင်ပြင်တွေအကြောင်း၊ မြေအောက်ရထားတွေအကြောင်း အစုံပြောပြပါတယ်။ ညနေစောင်းသည်အထိ ကားမောင်းကြတာပါ၊ အိမ်လည်းပြန်လာတော့ ကျနော် အတော့်ကို ပျော်နေပါတယ်။

ကျနော် ကာမာရော့(ဗ်)ကို အတော် သဘောကျနေပါတယ်။ အလွန့်ကို သဘောကျတာပါ။ အရင်က အဲသလို တခါမှ မဖြစ်ဖူးပါဘူး။ အရင်တုန်းကဆို ဖေဖေကသာ အကောင်းဆုံး၊ အသန်မာဆုံး၊ ချစ်စရာအကောင်းဆုံးလို့ ထင်ခဲ့တာပါ၊ အခုတော့ ဖေဖေရှုံးနေပါပြီ။ ဖေဖေက ကာမာရော့(ဗ်)ထက်လည်း အရပ်နည်းနည်း ပုပါတယ်၊ သူ့လိုလည်း သိပ်ပြီး ရွှင်ရွှင်ပြပြမနေပါဘူး။ ပြီးတော့ ကားလည်း မရှိပါဘူး။

မဖြစ်သေးပါဘူး.. ကာမာရော့(ဗ်)ဆီမှာ အားနည်းချက်တခုခုရှာရမယ်။ အဲ မှတ်မိပြီ.. သူက ထိပ်ပြောင်ကြီး။ ဖေဖေမှာ ဆံပင်ပျော့ပျော့လေးတွေ ရှိတယ်။ ကျနော်လည်း နေရထိုင်ရတာ နည်းနည်းသက်သာသွားတယ်။ "သနားစရာကောင်းတဲ့ ကာမာရော့(ဗ်)ပဲ၊ ဆံပင်လေးတချောင်းတောင်မရှိတော့ ဆောင်းရောက်တော့ အေးတော့မှာပဲ၊ သိပ်သနားစရာကောင်းတာပဲလို့ အားလုံးကို ပြောလိုက်မယ်"လို့ ကျနော်တွေးမိတယ်။

အိမ်ကို မြန်မြန်ပြန်ပြီး ဖေဖေ၊ အဖိုးနဲ့ အဖွားကို ကာမာရော့(ဗ်) သိပ်ရုပ်ဆိုးတယ်လို့ ပြောမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မေမေက ကျနော်နဲ့အတူလိုက်လာပြီး "အလက်ဇန်းဒါးကို သဘောကျရဲ့လား"လို့ မေးတယ်။ "ထိပ်ပြောင်တာတခုကလွဲပြီး မဆိုးပါဘူး"လို့ ဖြေလိုက်တယ်။ "မဟုတ်တာ သားရယ် မေမေက သားကို သူ့လို ယောက်ျားတစ်ယောက် ဖြစ်စေချင်တာ" လို့ မေမေက ပြောပါတယ်။

အိမ်ပြန်ရောက်တော့ အားလုံးက ကျနော့်ကို မျှော်နေပါတယ်။ "မင်း မေမေ့ဆီရောက်ခဲ့တယ်လား"လို့ မေးပြီး ဖေဖေက မျက်လွှာချသွားပါတယ်။
"ဟုတ်"
"အခန်းတွေက အကျယ်ကြီးတွေပဲလားကွ"
"သန့်ရှင်းပြီး လှနေတာပဲ"
"ကာမာရော့(ဗ်)ဆိုတဲ့ သူကိုရော တွေ့ခဲ့လား" - အဖွားက မေးပါတယ်။
"တွေ့ခဲ့ပါတယ်"
"သူက ဘယ်လိုလူလဲကွ၊ စိတ်ထားကောင်းမယ့် ပုံပဲလားကွ" - အဖိုးကမေးပါတယ်။


ကျနော့်မှာ ဖြေစရာ အဖြေက အဆင်သင့်ပါပဲ။ ဒါပေမယ့် ပါးစပ်ပိတ်နေမိတယ်။ ကာမာရော့(ဗ်)နဲ့ အတူတူ သွားခဲ့တာတွေ၊ သူက မော်စကိုမြို့အကြောင်းပြောပြတာတွေ၊ ပျော်စရာကောင်းတဲ့ အချိန်တွေကို သတိရနေမိတယ်။ ဖေဖေက ကျနော့်အဖြေကို မစောင့်ပါဘူး၊ အခန်းထဲက ထွက်သွားတယ်။ "ဘာလို့ မဖြေတာလဲ" လို့ အဘွားကမေးတော့ "သူက အရပ်အရှည်ကြီးပဲ၊ လူကလည်း အကြီးကြီးပဲ" လို့ပြောမိတယ်။ "သူ့ဆံပင်အရောင်ကရော အရောင်အဖျော့လား၊ အညိုလား။"

"ဆံပင်က အကောက်ဗျ အကောက်"လို့ ကျနော်က ပြောတော့ အဖွားက "မင်းကတော့ ကာမာရော့(ဗ်)ကို သဘောကျနေပြီ ထင်ပါတယ်ကွယ်"လို့ ကျနော့်ကို အသေအချာကြည့်ပြီး ပြန်ပြောပါတယ်။ ကျနော်လည်း ရုတ်တရက် ပါးစပ်ကထွက်သွားပါတယ် "အသက်ကြီးလာရင် သူ့လို ယောက်ျားကြီး ဖြစ်ချင်တယ်။"

ဖြူဖက်ဖြူရော်ဖြစ်နေတဲ့ ဖေဖေ့မျက်နှာကို တံခါးနောက်ကွယ်မှာ တွေ့လိုက်ရတယ်လို့ ကျနော်ထင်လိုက်တယ်။ ဒါပေမယ့် ကျနော်က သူ့အခန်းထဲကို ဝင်သွားတော့ ဖေဖေက ခါတိုင်းညနေခင်းတွေမှာအတိုင်း ချက်(စ)ခုံရှေ့မှာ ထိုင်နေတယ်။ ကျနော် အိပ်ယာဝင်ပါတယ်။ ပြီး ညရောက်တော့ နိုးလာပြီး၊ အိပ်ယာထဲကနေ မျက်လုံးဖွင့်ကြည့်မိတော့ ဖေဖေက ချက်(စ)ခုံရှေ့မှာ အရင်လိုပဲ ထိုင်နေတာတွေ့ပါတယ်။ "သိပ်ဆန်းတဲ့ အကွက်ပဲ၊ နားတောင်မလည်နိုင်ဘူး" လို့ ဖေဖေက တိုးတိုးလေး ရေရွတ်နေပါတယ်။ "Check အခေါ်ခံလိုက်ရတာလား" တွေးမိပြီး ကျနော် အသေအချာကြည့်လိုက်တော့ ကျနော့်နှလုံးတွေ အကြမ်းအရမ်းကို ခုန်သွားပါတယ်။ အခုအကြိမ်မှာတော့ ဖေဖေ့ရှေ့မှာ ချက်(စ်)ရုပ်လေးတွေ ရှိမနေပါဘူး။

Вечный шах
По М. Бременеру.

8 comments:

:P October 10, 2008 at 4:58 AM  

ဒီပို့စ်လေးက အီးမေးလ်ကိုရောက်မလာသေးဘူး..
ဘလော့ကိုလာလည်ရင်း ဖတ်သွားပါတယ်. .
တစ်မျိုးလေးပဲခံစားရတယ်..အိမ်ထောင်ကွဲဇာတ်လမ်း တွေက ကလေးတွေရဲ့ စိတ်အားငယ်မှုကို ရေးတတ် ကြတာများတယ်လေ..ဇနီးကိုချစ်ပေမယ့် ထုတ်ဖော်မပြ တတ်ပဲ အလုပ်ကိုဦးစားပေးတတ်တဲ့ ခင်ပွန်း၊ မိန်းမ သဘာဝ ခင်ပွန်းရဲ့ ဂရုစိုက်ခံချင်တတ်ကြတဲ့ဇနီး အဲ့လိုအိမ်ထောင်ဖက်တွေမှာ ဒီလို အဖြစ်အပျက်မျိုး ဖြစ်တတ်သလားလို့ သက်ပြင်းအကြိမ်ကြိမ်ချရင်း စဉ်းစားနေမိပါတော့တယ်

PAUK October 10, 2008 at 6:35 AM  

sin dan lar ပြောသလိုပါပဲ..
ဖတ်ပြီးတော့ တွေးနေတုန်းပဲ..

Anonymous October 10, 2008 at 7:18 AM  

ဇတ်ရှိန်တက်တက်နဲ့ ဖတ်သွားတယ် ကိုနိရေ့ ပန်းတွေကို ဘာကြောင့် ညဘက်အပြင်ထုတ်ဖို့ ပြောမယ့်ခင်းပွန်းရဲ့ စကားကို နားထောင်မိရင် ၊ မုသားစကားနဲ့  အချစ်သက်သေပြတက်တဲ့ ယောက်ျားတစ်ယောက်ဖြစ်ရင် ဒီဇတ်လမ်းလေးက စိတ်ဝင်စားဖို့ ကောင်းတော့မှာတော့မဟုတ်ဘူးး ခလေးအတွေးလေးပေမယ့် ဖခင်နဲ့  သူလေးစားသူကြား ဗျာများနေမယ့် စိတ်တွေနဲ့ ကောင်လေးရဲ့ စိတ်ဓာတ်ကိုလည်းလေးစားတယ် ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ "သိပ်ဆန်းတဲ့ အကွက်ပဲ၊ နားတောင်မလည်နိုင်ဘူး" လို့ တိုးတိုးလေး ရေရွတ်နေတဲ့ သူတစ်ယောက်နေရာက ခံစားကြည့်လိုက်တော့ ရင်ထဲမချိဖြစ်ပြီး ခံစားချက်တွေက နင့်ကနဲဖြစ်ပြီးတွေးးးးးးးနေတုန်းးး ...။

ဒီပို့ စ်ကောင်းလေးအတွက် ကိုနိ ကိုကျေးဇူးအထူးးးးး။

RePublic October 10, 2008 at 8:43 AM  

ဖခင်ရင်းတစ်ယောက်ရဲ့ မျှော်လင့်ချက်လေး တစ်ခုကို လျစ်ပြနေသလိုပါပဲဗျာ ၊၊ အရာရာရှုံးနိမ့်မှု တွေကြားမှာ သူ့အတွက်အဖိုးတန်ဆုံး အရာတစ်ခုက သူဘ၀မှာ နောက်ဆုံးရှိနေမယ့် သူ့ကလေးဖြစ်မှာပါ ၊၊ကစားဖို့ မလိုတော့တဲ့ ပွဲအတွက် ချက်စ်ရုပ်လေးတွေ မလိုအပ်တော့ဝူးထင်ပါတယ် ၊၊ ဖတ်ရတာလေး ကောင်းတယ် ကိုနိရေ ၊၊ ကျေးဇူးပါ ၊၊

Anonymous October 10, 2008 at 10:36 AM  

ဒီဘာသာပြန်လေး ကြိုက်တယ် ကိုဇနိ။ အချိန်ပေး ဘာသာပြန်ပေးတာ ကျေးဇူးပါ။

Moe Cho Thinn October 10, 2008 at 8:48 PM  

ဘာသာပြန်တာ ကောင်းလိုက်တာ ကိုဇနိရေ..။
အဲဒါမျိုးလေးတွေ ရွေးပြန်ပါအုံး။ သဘောကျလွန်းလို့။

အဖေကတော့ ဆွေးရှာပြီ ထင်ပါရဲ့။ အမေရော သားရော သူ့ယုံကြည်မှုရော ပျောက်ဆုံးသွားလို့လေ..။

လူ့ဘ၀က ဆန်းကြယ်တယ်။ ချစ်လို့ ယူထားကြတာ ဖြစ်ပေမဲ့ ယူပြီး ပြီးရော မဟုတ်ဘဲ တယောက်နဲ့ တယောက် ယုယ ကြင်နာမှုတွေ လိုကို လိုအပ်ပါတယ်။ မဖြစ်သင့်ဘဲ ဖြစ်ရတာပါ။ တို့ ဗမာအမျိုးသမီး ဆိုရင်တော့ ကိုယ့်အတွက် ကြင်နာယုယ ဂရုစိုက်မှုထက် သားလေး ကို အဖော်လုပ်နေမှာပဲ ထင်ပါရဲ့လေ..။

khin oo may October 11, 2008 at 6:36 AM  

ဒီဘာသာပြန်လေးကောင်းတယ် ကိုနိ. အသေးစိတ် မဝေဖန်လိုဘူး. ခံစားသွားတယ်. တကယ်ပါ.

Minn Yoon Thit October 11, 2008 at 12:12 PM  

အက်ဆေးသွားလေးနဲ့ရေးထားတဲ့ ဇာတ်လမ်းလေးက တခုခုဖီလင်ပေးသွားတယ်ဗျ... ကောင်းတယ်ဗျ..။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP