ကြက်ဟင်းခါးသီးကြော်

>> Friday, October 24, 2008





မနေ့ညက ပေါက်ဆီမှာ မမနုစံက ကြက်ဟင်းခါးသီးကြော် သိပ်မကြိုက်ဘူးလို့ ပြောသွားတာ ဖတ်လိုက်ရတယ်။ ဒါနဲ့ ညစ်ကျယ်ကျယ်ပြီး ဒီနေ့ ပုံလေးတင်လိုက်အုံးမယ်။ တကယ်က စားကြည့်စေချင်တဲ့ စေတနာပါ။ ကြက်ဟင်းခါးသီးကို မခါးအောင် ဟင်းချိုမှုန့်တွေနဲ့ ကြော်ကြတယ်။ အဆောင်မှာ သူငယ်ချင်းကြော်တာကို သွားသတိရမိတယ်။ ဒယ်အိုးကြီးထဲ ကြက်ဟင်းခါးသီးတွေထည့်ပြီး ခါးလို့ သကြားတွေပါ ထည့်ကြော်တော့ နောက်ဆုံး ခါးချိုကြီးဖြစ်သွားရော။
ကျွန်မကတော့ ကြက်ဟင်းခါးသီးကို ပါးပါးလှီး ဆားနဲ့သေချာနယ် ရေဆေးလိုက်တယ်။
ရေပြောင်အောင်ညှစ်ပြီး လိုအပ်တဲ့အစာတွေ ပြင်ဆင်လိုက်ပါတယ်။
မြေပဲဆံကိုထောင်း၊ ကြက်သွန်ဖြူနွှာ၊ ငရုတ်သီးမှုန့်နဲ့ ပုဇွန်ခြောက်လေးကို အဆင်သင့်လုပ်ထားလိုက်တယ်။
ကြက်သွန်ဖြူနဲ့ ငါးပိလေးဆီသတ် မြေပဲဆံပါထည့်ထားလိုက်ပြီး ငရုတ်သီးမှုန့်၊ ပုဇွန်ခြောက်ပါလိုသလောက် ထည့်မွှေထားပါတယ်။

ရေစစ်ထားတဲ့ ကြက်ဟင်းခါးသီးကိုထည့် ဆားလေးပါထည့်ပြီး သေချာမွှေကြော်ပါတယ်။ ငါးပိတွေ အစာတွေ ကြက်ဟင်းခါးသီးထဲ ၀င်သွားရင် ခါးတဲ့အရသာ သက်သာစေပါတယ်။ အချိုမှုန့်မသုံးတဲ့အတွက် ချိုကလီကြီး မဖြစ်တော့ပါဘူး။ မြေပဲဆံနဲ့ ပုဇွန်ခြောက်က စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းသွားရော။ ဆီပြန်ပြန်နဲ့ ခြောက်ခြောက်လေးနေတဲ့အခါ ကြက်ဟင်းခါးသီးကြော်တခွက်ကို လွေးလို့ရပါပြီ။

မဇနိ

8 comments:

PAUK October 24, 2008 at 6:12 PM  

နိနိလေးရေ...
မြေပဲဆံထည့်ပြီးမချက်ဖူးသေးဘူး..
ချိုကလီကြီးကိုတော့..ပေါက်လည်းမကြိုက်ပါ..
ဟီးဟိ..

Anonymous October 24, 2008 at 6:44 PM  

မယ်မျှင်ရေ ကြက်ဟင်းခါးသီးကြော်က ရှယ်ပဲ။
ကိုနိကြီးတော့ ထမင်းစားမြိန်တော့မယ်။

khin oo may October 24, 2008 at 9:35 PM  

မချက်တတ်တော့။ သိတ် ခေါင်း်ရှုပ်တယ် မဇနိရယ် ။အစ်မတော့ ဒီ အတိုင်းဘဲ တို့စားလိုက် တော့တယ်။ ရေလေးဆေး။ ရေနွေးထဲ ခဏလေးထဲ့။ ဒါဘဲ။ အဲဒီ ခါးတဲ့ အရသာ ကိုဘဲ လိုချင်တာပါ။

Taungoo October 24, 2008 at 10:46 PM  

ကြက်ဟင်းခါးသီး လုံးဝ မကြိုက်ဘူး။ ခါးလွန်းလို့ဗျ။ တကယ်တော့ စားတောင်မစားကြည့်ဘူး။
မမနိနော် ကိုကိုနိကို ခါးခါးတွေ သိပ်မချက်ကျွေးနဲ့လေ။ ခါးခါးတွေ စားစားနေရင်
များများလေ ထွားထွားနေဦးမယ်။ ;D
အလကားစတာနော့။ ကာရန်အညှိလွန်သွားလို့။ ဟိ

Moe Cho Thinn October 24, 2008 at 11:04 PM  

အခါးဆို မီးမီး ကြောက် ကြောက်။
တို့က ချို မှ..။

Anonymous October 25, 2008 at 5:12 AM  

ညတည်းက လာစားပြီးသား မဇနိရေ့ ကျနော်က အခါးမကြိုက်တော့ ခက်ပါ့ ဒါမျိုးလေးတော့ တစ်ခါလောက်စားကြည့်ချင်လိုက်တား)

RePublic October 25, 2008 at 5:41 AM  

မမနိ ၊ ကျနော် ကြက်ဟင်းခါးသီး နဲ့
ဝက်သားရော ကြော်တာကြိုက်တယ်ဗျ ၊၊ မေမေရှိတုန်း ကတော့ခဏ ခဏစားရတယ် ၊၊ ခုတော့ ကြာပေါ့ ၊၊

မမကွိ ချက်စားတာ ကိုပဲလာငေးကြည့်သွားတယ်ဗျာ ၊၊

ကိုကြီးဝီ

nu-san October 25, 2008 at 8:15 AM  

မဇနိလေးရေ.. အမကြက်ဟင်းခါးသီးကို ငယ်ငယ်တုန်းက လုံးဝ မကြိုက်ဘူး.. ကြီးလာတော့လည်း မကြိုက်ပါဘူး... ဒါပေမယ့် နည်းနည်းချင်းတော့ စားဖြစ်တယ်.. အခုလည်း ကြော်စားဖြစ်တာ အရမ်းရှားပါတယ်.. အခါးဓာတ်လေး စားဦးမှလို့ သတိရမိတဲ့အချိန်လောက်သာ စားဖြစ်တာ... မဇနိပြောပြတဲ့ အတိုင်းလေး ချက်စားကြည့်ဦးမယ်.. ငါးပိလေးနဲ့ မြေပဲနဲ့ဆို စားကောင်းမှာ.. အဟီး.. ဘယ်တော့စားဖြစ်မလဲ မသိသေးဘူး ညီမလေးရေ... ကြော်စားဖြစ်ရင် လက်တို့လိုက်မယ်နော်.. :D

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP