နှုတ်ဆက်ချိန်

>> Friday, October 17, 2008

ဝါကျင့်ကျင့်အရွက်လေးတွေ
ညှာတံထက်ဆီတွဲခိုရင်း
သံယောဇဉ်မပြတ်နိုင်သေး
မြဲနိုင်သလောက်မြဲထားတယ်။

လေပြေတစ်ချက်အဝေ့မှာ
ညှာတံရွက်ကျောမျှင်လေးတွေပြတ်တောက်
သွေးတစ်ပေါက်ပေါက်ကျနိုင်မှန်းသိရက်
မခွဲနိုင်သေးတဲ့ဒီအနှောင်တွေက
ရွက်ဝါတွေမြေမှာခဖို့ကို
စိုးရွံ့နေမိကြတယ်လေ။

ဟူး……..
ရက်စက်လိုက်တာ လေပြေကြမ်းရယ်
ဆောင်းကုန်ကစခဲ့တဲ့
ရော်ရွက်ဝါနဲ့ ညှာတံလေးတို့ရဲ့ချစ်ခြင်း
မင်းမသိလေရော့သလား….
တကယ်ပဲ မင်းမသိလေရော့သလားကွာ။

ဖလပ်…ဖလပ်…
ကြွေသွားပြီ…
တကယ်ကြွေလွင့်သွားပြီ
ကြည့်စမ်းပါဦး၊ ကြည့်ကြစမ်းပါဦးဗျာ
မြေပြင်ထက်မှာ
ပက်လက်တစ်မျိုး၊ မှောက်ခုံတစ်ဖုံနဲ့
မြေခကြွေကျရတဲ့ ရွက်ဝါလေးတို့ရဲ့ဘဝ
ဆိုးရွားလှပါလားနော်။

အဝါရောင်အမှိုက်သိမ်းကားကြီးရဲ့
ကြမ်းရှရှလက်တံကြီးတွေက
ဝိညာဉ်မဲ့ ရော်ရွက်ဝါတွေကို
သိမ်းဆည်းသဂြိုင်္လ်လိုက်ကြပြီ။

နောက်ဘဝ…
ဟုတ်တယ် မြေဆီလွှာအဖြစ်နဲ့နောက်ဘဝမှာတော့
ရိုးတံလေးအသက်ဆက်ဖို့
ငါတို့သွေးသားတွေနဲ့ထပ်လောင်းပေါင်းသင်နေဦးမှာပါ။

6 comments:

မဇနိ October 17, 2008 at 12:38 PM  

ကိုမောင်ဖြူ့လက်ရာလေးကို မျှော်နေတာ။ ရင်တွင်းဖြစ်ကဗျာလေးက သိပ်ကောင်းပါတယ်။ အင်း ထပ်လောင်းပေါင်းသင်နေမိအုံးမှာပါ။

မောင်မျိုး October 17, 2008 at 1:30 PM  

ကဗျာလေး တော်တော်လှတယ် ပုံလေးနဲ့ လိုက်ဖက်ပြီး ဖလပ် ဖလပ် ဆိုတဲ့ မြည်သံစွဲအလကာင်္လေးနဲ့  ချစ်ဖို့ ကောင်းတဲ့ကဗျာလေး အားပေးလျှက် ။

mgngal October 17, 2008 at 8:36 PM  

အတွေးလေးကောင်းတယ်ဗျာ။ နှစ်ခေါက်ပြန်ဖတ်သွားတယ်
ကိုမောင်ဖြူ က ဘယ်သူလည်း မသိ ။ :) အားပေးနေ
လျက်ပါ။

PAUK October 17, 2008 at 8:51 PM  

ကိုမောင်ဖြူ
ကဗျာဖတ်သွားပါတယ်
တစ်ခေါက်နဲ့နားမလည်လို့..
အခါခါဖတ်သွားပါတယ်..။။

khin oo may October 17, 2008 at 9:40 PM  

ကောင်းပါသည်ခင်ဗျား။

ဇနိ October 18, 2008 at 7:22 PM  

ဆရာဖြူလည်း - သူ့လို အကျိုးပြုနိုင်ပါစေနော
း)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP