ဗုဒ္ဓဘာသာရဟန်းတော်များနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများ

>> Sunday, October 19, 2008


Weekly Eleven News Journal - Vol: 4 No:1 Page :21 မှာ ဒေါက်တာအရှင်ဉာဏိဿရ ရဲ့ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများ ကို မြန်မာကျူးပစ်မှာ မန်ဘာတဦးက ပြန်ကူးရေးပြထားတာကို ဖတ်ရပါတယ်။ သဘောကျလွန်းလို့ ဘော်ဘော်တို့ကို ပြန်လည်ဝေမျှတာလည်း ဖြစ်ပါတယ်။ အမှတ်တရ ဘလော့ဂ်ပေါ်မှာ သိမ်းထားတာလည်း ဖြစ်ပါတယ်။



ဗုဒ္ဓဘာသာရဟန်းတော်များနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများ
ဒေါက်တာအရှင်ဉာဏိဿရ

မြတ်ဗုဒ္ဓသည် ဘုရားဖြစ်ရန် စတင်ကျင့်သုံးစဉ်ကပင် ဗုဒ္ဓဖြစ်ရန် ဗောဓိဉာဏ်ကို ရရှိရန်သာ ရည်ရွယ်ခဲ့သည် မဟုတ်ပါ။ သတ္တလောက၏ အကျိုးစီးပွားကို ဆောင်ရွက်ရန်ဟူသော (လောကတ္ထစရိယ) ပထမဦးစားပေးဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓ၏ တပည့်သားရဟန်းတော် တို့သည်လည်း မိမိ၏ ဗောဓိဉာဏ်ရခြင်းတည်းဟူသော အကျိုးစီးပွားနှင့် သတ္တလောက၏ အကျိုးစီးပွား များကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

လူသားများသည် တစ်ယောက်တည်းတည်း နေလို့မဖြစ်နိုင်ပါ။ လူ့အဖွဲ့အစည်းနှင့် ဆက်ဆံ၍ နေကြရသည်သာ ဖြစ်ပါသည်။ တောရဆောက်တည်၍ ဧကစာရီကျင့်သော တောရပ်မှီ ရဟန်းသည်ပင် ဆွမ်းတစ်နပ်စာအတွက် ဆွမ်းခံရွာကိုမှီရပါသည်။ ထိုတောရ ရဟန်းသည်ပင် မိမိအား ဆွမ်းကျွေးသော ထိုတောရွာ၏ အကျိုးကျေးဇူးကို ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ယနေ့ကမ္ဘာသည် အရာရာ လိုနေသည် ချည်းသာဖြစ်ပါသည်။ (ဦနောသဗ္ဗောလောကော) လိုနေသော လူ့လောက ကမ္ဘာကြီး အတွက် ဖြည့်စွက်ပေးရန်တာဝန်သည် လူသားတိုင်းမှာ ရှိပါသည်။ ရဟန်းတော်တို့သည် လူ့လောကကြီးထဲက ထွက်ခွာလာခဲ့သော လူသားတစ်ယောက်ပင် ဖြစ်လင့်ကစား လူ့လောကကြီးကို ကျေးဇူးပြုရမည်ဖြစ်ပါသည်။

ဤကမ္ဘာလုံးကြီးနှင့် တသီးတခြား လည်ပတ်၍နေသော နေနှင့် လတို့သည် ဤကမ္ဘာမြေပြင်ကို နွေးထွေးသော အရောင်ပေးခြင်း အေးမြသော အရောင်ပေးခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ ကျွနိုပ်တို့ ရဟန်းတော်များသည် လူ့လောကကြီး၏ အပြင်ဘက်မှနေ၍ လူ့လောကကြီးကို နွေးထွေးစေဖို့ လူ့လောကကြီးကို အေးမြစေဖို့ အလင်းရစေဖို့ ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့မှသာ လူ့လောကကို ကျေးဇူးပြုသူအဖြစ် လူသားတို့၏ ကျေးဇူးရှင်အဖြစ် လူသားတို့၏ အသိ အမှတ်ပြုခြင်းကို ရရှိနိုင်ကြမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် လူ့လောကကြီးကို နေလို လလို နွေးထွေးစေခြင်း အေးမြစေခြင်း၊ အလင်းရောင်ပေးခြင်းဖြင့် ကျေးဇူးပြု အထောက်အကူပြုနေကြသေးသမျှ ကာလပတ်လုံး လူ့လောကကြီး၏ ကျေးဇူးတင်ခြင်း ဟူသော တုံ့ပြန်မှုကို ရနေကြမည်ဖြစ်ပါသည်။ လူတို့က ရဟန်းတော်တို့ အပေါ် သာသာရေးရှုထောင့်ကချည်း မဟုတ်ဘဲ လူမှုရေးရှုထောင့်ကပါ ကြည့်၍ ကျေးဇူးတင်နေကြ ဝမ်းမြောက်နေကြသေးလျှင် ရဟန်းတော်တို့၏ သာသနာပြုလုပ်ငန်းများသည် ဘယ်သောအခါမျှ ကျဆုံးသွားဖွယ် အကြောင်းမရှိ အစဉ်သဖြင့် ဖြစ်ထွန်အောင်မြင် နေကြမည်သာ ဖြစ်ပါသည်။

သာသာရေးရှုထောင့်မှ ကြည့်၍ သာသာတရားကို ကျွန်ုပ်တို့ ကောင်းစွာမကျင့်သုံးနိုင်ကြဘူး ဆိုလျှင် လူမှုရေးရှုထောင့်မှကြည့်၍ လူသားအကျိုးပြုလုပ်ငန်းများကို ကျွန်ုပ်တို့ မဆောင်ရွက်နိုင်ကြဘူးဆိုလျှင် ကျွန်ုပ်တို့၏ သာသာနာပြုလုပ်ငန်းများသည် အထောက်အပံ့ကင်းမဲ့၍ မကြာမီ ကျဆုံးပျောက်ကွယ် သွားနိုင်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်များသည် လူမှုရေးလုပ်ငန်းများကို သာသနာပြု လုပ်ငန်းများ နှင့် တွဲဖက်၍ လုပ်ဆောင်ရမည်သာ ဖြစ်ပါသည်။

သာသနာပြုလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းများကို နေနှင့်လ ကဲ့သို့ တွဲဖက်၍ ဆောင်ရွက်ရာ၌ သာသာရေး ခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်တို့မှာ အရည်အချင်းနှစ်ခုလိုအပ်ပါသည်။ ထိုအရည် အချင်းနှစ်ခုမှာ ကရုဏာနှင့် ပညာဖြစ်ပါသည်။ ထိုအရည်အချင်း နှစ်ပါး ဟန်ချက်ညီညီ ပြည့်စုံပါမှ ခေါင်းဆောင်တို့၏ အရည်အချင်းပြည့်စုံသည်ဟု ဆိုနိုင်ပါသည်။

ကရုဏာတရားပြည့်စုံလျှင် မေတ္တာတရား၊ ချစ်ခင်သနားခြင်း၊ ကြင်နာယုယခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ရက်ရက်ရောရောပေးကမ်းခြင်း စသည့် ခေါင်းဆောင်တို့၏ အရည်အချင်းတို့သည် ကရုဏာထဲ၌ ပူးပေါင်းပါဝင်ကြပါသည်။ သနားခြင်း၊ ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ ယုယခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ ရက်ရောခြင်းတို့သည် နုလုံးသား၏ အရည်အချင်း (qualities of the heart)တို့ဖြစ်ပါသည်။

အခြားတစ်ဖက်မှာ ကရုဏာနှင့် တွဲဖက်ရန် ပညာတည်းဟူသော အရည်အချင်း မရှိမဖြစ်လိုအပ် ပါသည်။ ပညာဆိုသည်ကား အကြောင်းအကျိုးကို စိစစ်ခြင်း (reasoning)၊ ဝေဖန်ဖြင်း (critique)၊ စုံစမ်းခြင်း (investigation)၊ စီမံကိန်းတစ်ခုကို လုပ်မည်ကြံလျှင် အချက်အလက်စုဆောင်းခြင်း(collection of information)၊ ပုံထုတ်ခြင်း (designing)၊ စီမံချက်ချခြင်း (planning)၊ ခန့်မှန်းတွက်ချက်ခြင်း (estimating and calculation)၊ တည်ဆောက်ခြင်း (construction)၊ လည်ပတ်ခြင်း (running)၊ လုပ်ငန်းအားလုံးကို အကျိုးသက်ရောက်မှု ရှိ မရှိ ပြန်လည်သုံးသပ်ခြင်း(evalution of result)၊ မိမိလုပ်ငန်းသည် အကျိုးသက်ရောက်မှုရှိလျှင် ဆက်လက်၍ ဆောင်ရွက်ခြင်း (continuation)၊ အကျိုးသက်ရောက်မှု မရှိလျှင် စီမံချက်အသစ် ပြုလုပ်ခြင်း(replaning)၊ လုပ်ငန်း အသစ်ပြုလုပ်ခြင်း (reconstruction) တို့သည် ပညာ (wisdom)၏ အလုပ်ကိစ္စများ ဖြစ်ပါသည်။

ထို့အပြင် ပညာပိုင်း၌ (Man power, Material power, Money power, Mind power)တို့ကို လုံလုံလောက်လောက် စုဆောင်းနိုင်ပါမှ သာသနရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းတို့မှာ ထိရောက် အောင်မြင်မည် ဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် ပညာဟူသည် စိတ်၏ အရည်အချင်း (quality of the mind) ကရုဏာဟူသည် နှလုံးသား၏ အရည်အချင်း (quality of the heart)တို့ဖြစ်ပါသည်။ ခေါင်းဆောင် တစ်ယောက်သည် မည်သည့်ခေါင်းဆောင်ဖြစ်စေ လူသားတို့၏ ဒုက္ခနှင့် အခက်အခဲတို့ကို သိမြင်ခံစားတတ်ရမည် ဖြစ်ပါသည်။ ထိုအခက်အခဲနှင့် ဒုက္ခတို့ကို ငါ ဘယ်လို ကူညီဖြေရှင်းပေးနိုင်မည်နည်းဟု နိုးကြားခံစားတတ်သော နှလုံးသားရှိရမည်။ ထို့နောက် အထက်တွင် ဖော်ပြခဲ့သော ပညာဖြင့် လူသားတို့ကို ကူညီစောင့်ရှောက်သော လုပ်ငန်းတို့ကို စတင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ကရုဏာသာရှိ၍ ပညာမရှိခဲ့လျှင် ထိုသူသည် (good hearted fool) စိတ်နှလုံးကောင်းသော လူအ တစ်ယောက်ဖြစ်နေပေလိမ့်မည်။ တချို့ပုဂ္ဂိုလ်တို့မှာ ပညာကိုသာ ကြိုးစားသင်ကြပြီး မေတ္တာ၊ ကရုဏာ၊ ဘာဝနာလုပ်ငန်းတို့ကို မေ့လျော့နေတတ်ကြသည်။ ထိုသို့ဖြစ်လျှင် မေတ္တာ၊ ကရုဏာကင်းမဲ့သော ထိုပညာတတ်သည်(hard hearted wise man) စိတ်နှလုံးကြမ်းတမ်းသော ပညာတတ်ဖြစ်နေပေလိမ့်မည်။ သို့ဖြစ်ခြင်းကြောင့် ပြည့်စုံသော လူမှုရေးခေါင်းဆောင်၊ သာသာရေးခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ရန်မှာ ကရုဏာ ပညာတည်းဟူသော သူမြတ်တို့၏ အရည်အချင်း နှစ်ပါးကို ပွားများဖို့ အထူးလိုအပ်ကြောင်း ပြောကြားလိုပါသည်။

မြတ်ဗုဒ္ဓ၏ အဆုံးအမများသည် လူသားတို့၏ ဘဝပြဿနာကို ဖြေရှင်းရာ၌ တိကျမှန်ကန်သော အဖြေကို လူ့ဘဝနှင့် တစ်ထပ်တည်းဖြစ်အောင် ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များသည် လူသားတို့၏ ဘဝနှင့် ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံကို အရှိအတိုင်း အမှန်အတိုင်း ပီပီပြင်ပြင် ဖော်ပြသည်။ မြတ်ဗုဒ္ဓသည် လူသားတိုင်းကို ပွင့်လင်းသော စိတ်ဓာတ် လွတ်လပ်သော အတွေး ယုတ္တိရှိသော ကိုးကွယ်မှုတို့အတွက် မျက်စိဖွင့်ပေးတော်မူသည်။ ကမ္ဘာ့သာသာရေး သမိုင်း၌ ကျေးကျွန်စနစ်ကို ဖျက်သိမ်းဖို့ အမျိုးဇတ်သတ်မှတ်သည့် စနစ်ကို ဖျက်သိမ်းဖို့ စတင်အားထုတ်သူမှာ မြတ်ဗုဒ္ဓပင် ဖြစ်ပါသည်။ (ဝသလသုတ်၊ သောဏဒဏ္ဍသုတ်ကိုကြည့်)

လူများစွာတို့၏ ခြေဖဝါးအောက်၌ အနင်းခံထားရသော ပြည့်တန်ဆာအမ္ဗပါလီ၊ မစင်ကျုံးသမား သုနီတ တို့၏ ဘဝကို နှမတော်ဇနပဒကလျာဏီ၊ ညီတော်အာနန္ဒာတို့၏ ဘဝနှင့် တန်းတူ အဆင့်ရောက်အောင်မြှင့်တင်ပေးခဲ့သူမှာ မြတ်ဗုဒ္ဓပင်ဖြစ်ပါသည်။ လူသားစားဘီလူးကြီး အာဋ္ဌာဝက၊ လူသတ်သမား လူဆိုးကြီး အင်္ဂုလိမာလ စသောသူတို့ လျှောက်လှမ်းနေခဲ့သော ဆူးခင်းသည့် ဘဝခရီးလမ်းကြီးကို အဆုံးသတ်စေခဲ့သည်မှာလည်း မြတ်ဗုဒ္ဓပင်ဖြစ်ပါသည်။

သားသမီးများစွာတို့၏ စွန့်ပစ်ခြင်းကိုခံကြရသဖြင့် အသက်တစ်ချောင်း ရပ်တည်နိုင်ရေးအတွက် ပင်ပန်းနေကြကုန်သော ဘိုးအို ဘွားအို (ရာဓပုဏ္ဏား၊ ဗဟုဓီတရပုဏ္ဏား၊ ဗဟုပုတ္တိကသောဏာ) တို့၏ အားကိုးရာ မှီခိုရာသည် ဘိုးဘွားရိပ်သာမရှိသေးမီ ထိုခေတ်က ဗုဒ္ဓကျောင်းတော်များပင် ဖြစ်သည်။ သုသာန်မှာ လည်းကောင်း၊ လမ်းကြိုလမ်းကြားမှ လည်းကောင်း၊ မိမဲ့ ဖမဲ့ ကလေးငယ်များကို (သောပါက၊ သံကစ္စ၊ လောသက) ကောက်ယူမွေးမြူစောင့်ရှောက်ခဲ့ကြ သည်မှာလည်း မိဘမဲဂေဟာ မရှိသောခေတ်က မြတ်ဗုဒ္ဓ၏ ကျောင်းတော်များပင်ဖြစ်ပါသည်။

ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တို့၏ သမိုင်း၌ ဂီလာနပြုစုစောင့်ရှောက်သည့် လုပ်ငန်းစတင် တည်ထောင်ဖန်ဆင်းသူမှာလည်း မြတ်ဗုဒ္ဓသည်သာ ရှေးသွားခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ ထို့ကဲ့သို့သော လောကတ္ထစရိယ လုပ်ငန်းတို့ကို ဆောင်ရွက်ရာ၌ ကရုဏာ၊ မေတ္တာ၊ ခန္ဓီ၊ သီလတရား တို့သည် ပဓာနလိုအပ်သော နှလုံးသား၏ အရည်အချင်းများ ဖြစ်ကြပါသည်။

အခြားတစ်ဖက်၌လည်း မွန်မြတ်သော စိတ်ဓာတ်အတွက် ပညာ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ သစ္စာတရားတို့မှာ မရှိမဖြစ်သော အရည်အချင်းများ ဖြစ်ပါသည်။ ထို့ကြောင့် လောကတ္ထစရိယ၊ ပရဟိတ အလုပ်လုပ်ကြမည့် လူအပေါင်းတို့သည် ဗျဿန အမျိုးမျိုးကြောင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲ ကြကုန်သော လူအပေါင်းတို့အား "လ" ၏ အရောင်ကဲ့သို့ ကရုဏာဓာတ်ဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းအောင် စောင့်ရှောက်ဖို့လိုပါသည်။ ပညာဓာတ်ဖြင့်လည်း နေမင်း၏ အရောင်ကဲ့သို့ လူ့လောကကြီးကို နွေးနွေးထွေးထွေး ပြုစုစောင့်ရှောက်ဖို့လိုပါသည်။

နိဂုံးချုပ်မှာ ယနေ့မျက်မှောက်ခေတ်၌ လူတစ်ယောက်ချင်းဘဝမှာပဲဖြစ်စေ၊ လူ့အဖွဲ့အစည်း၏ ဘဝမှာပဲ ဖြစ်စေ၊ လူမှုရေးလောကမှာဖြစ်စေ၊ နိုင်ငံရေးလောကမှာဖြစ်စေ တစ်ကိုယ်ကောင်းဆန်သော တပ်မက်မှုများ၊ ကောက်ကျစ်ယုတ်မာသော အတွေးအခေါ်များ မုန်းတီးမှုများ၊ ရန်ငြှိုးဖွဲ့တတ်သော အတွေးအခေါ်များ၊ ညှဉ်းပန်းနှိပ်စက်တတ်သော အတွေးအခေါ်များ ဖြစ်ပေါ်နေကြသည်မှာ ကရုဏာ ပညာ ကင်းမဲ့ခြင်း၏ အကျိုးကျေးဇူးဖြစ်ပါသည်။

သို့ဖြစ်ခြင်းကြောင့် လူမှုရေးနှင့် ဘာသာရေးကို ဆောင်ရွက်ကြမည့် ကျွန်ုပ်တို့၏ သာသာရေး ခေါင်းဆောင်များမှာ ကိုယ်ကျိုးစွန့်လွှတ်မှု (selfless renunciation) မိမိ၏ အကျိုးစီးပွား၌ သံယောဇဉ်ကင်းပြတ်မှု (selfless detachment) သတ္တဝါတို့ကို ချစ်ခင်မှု (loving kindness or non-hatred) မည်သူ့ကိုမျှ ရန်ငြိုးမဖွဲ့ခြင်း မည်သူ့ကိုမျှ မနှောက်ယှက်မနှိပ်စက်ခြင်း (non-violance) ဟူသော မွန်မြတ်သော အရည်အချင်းတို့နှင့် ပြည့်စုံမှသာလျှင် ကျွန်ုပ်တို့ သင်ကြားတတ်မြောက်ထား သော ပညာများသည် စစ်မှန်သောပညာ (true wisdom)ဖြစ်နိုင်ပါကြောင်းနှင့် ကရုဏာ ပညာ ဟူသော ဂုဏ်အရည်အချင်းနှင့် ပြည့်စုံမှသာ ကျွန်ုပ်တို့ သာသာရေး၊ နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင် တို့သည် True men သို့မဟုတ် True leaders များဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

သီတဂူစန်းလပမာ၊ ချမ်းမြသာယာရှိကြပါစေ။
ဒေါက်တာအရှင်ဉာဏိဿရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊
စစ်ကိုင်းတောင်၊ စစ်ကိုင်း။
နေ့စွဲ - ၂၂ - ၈ - ၂ဝဝ၈

3 comments:

PAUK October 19, 2008 at 5:45 PM  

ကိုနိရေ...
ဖတ်သွားပါတယ်..
ဂရုဏာ မကင်းမဲ့အောင် ကြိုးစားနေပါတယ်။။

တားမြစ် ထားသော... October 19, 2008 at 8:18 PM  

အင်း... ပြောတတ်၊ ဟောတတ်တဲ့ ဆရာတော်နဲ့မှပဲ တစ်ချို့ကိစ္စမှာ ဘာလိုနေလည်း တွေ့မိသဗျ။
ဝေမျှတာ ကျေးဇူးပါ။ သာဓုလည်းခေါ်၏။

သုခမိန်(E-Journal)

RePublic October 22, 2008 at 11:40 AM  

ဝေမျှပေးတာ ကျေးဇူးပါ ကိုနိ ၊၊ သိထားသင့် သိထားအပ်တဲ့ အရာလေးတွေပါပဲဗျာ ၊၊

ကိုကြီးဝီ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP