တရားခံဘာလဲ

>> Saturday, October 11, 2008



မနက်နိုးလာတော့ ခေါင်းတွေ အုံနေတယ်။ ဘာစားမိလို့လဲ၊ ဘာဖြစ်တာပါလိမ့်လို့ စဉ်းစားမိတော့ ရာသီဥတု။ ဟုတ်တယ် ရာသီဥတုက အကူးအပြောင်းဖြစ်လာပြီ။ တော်ကြာနေပူလိုက်၊ တော်နေကြာ မိုးတွေအုံ့လာလိုက်နဲ့။ သေချာတာကတော့ မနက်လင်းခါနီးလာရင် အအေးဓါတ်ဝင်လာနေပြီ။ အေးလာမှာပေါ့ အခုပဲ အောက်တိုဘာလလယ်ရောက်နေပြီကိုး။ အမလေး အောက်တိုဘာဆိုတာများ ကြောက်လွန်လွန်းလို့။ မနှစ်က အောက်တိုဘာပေါ့ လူကိုနှိပ်စက်ခဲ့တာ။


အဲဒီအကြောင်းရေးမယ်ရေးမယ်နဲ့ အာရုံက ပျောက်သွားလိုက်ပေါ်လာလိုက် ဖြစ်နေတာ အခုတော့ အထမြောက်တော့မယ် ထင်ပါရဲ့။ ပြီးခဲ့တဲ့ အောက်တိုဘာက စခဲ့တာလေ။ အကြောက်တရားတွေ ကြီးစိုးခဲ့တာ စာသင်နှစ်တနှစ်လုံး။ ဆောင်းကုန်လို့ စာသင်နှစ်တနှစ်ကုန်မှပဲ အကြောက်တရားရန်က ကင်းဝေးခဲ့တာပါ။ အခုမှသာ ဒါတွေကို စာချရေးနိုင်တာ။ အဲဒီအချိန်ကဆို တုတ်တုတ်တောင် မလှုပ်ရဲဘူး။ ကိုဇနိလည်း တနေ့တနေ့ စိတ်ဆင်းရဲရရှာတယ်။ အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာတော့ဘူးလေ။ ကျောင်းကများ တခုခုဖြစ်လာရင် သူလည်း နေစရာမရှိတော့ဘူး။ မဇနိလည်း ပြောစရာ၊ တိုင်ပင်စရာက သူပဲရှိတော့ သူခမျာ သည်းခံရတယ်။ ကျောင်းကအဆင်ပြေလာလို့ ပျော်လာရင်လည်း သူအိပ်ချိန်တွေ သူအတန်းတက်နေချိန်တွေ နားမလည်ဘူး ဖုန်းခေါ်ပြီး ပြောလိုက်မိတာ။ နောက်မှ “ဟဲ ဟဲ ဆောတီးနော်” လို့ တောင်းပန်ရတာပေါ့။

ကြောက်တဲ့အကြောင်းက ပြောရအုံးမယ်။ အောက်တိုဘာတန်းမှာ ခရက်ဒစ် (၂) မှတ်လေးရဖို့ ကြောက်ခဲ့ရတဲ့အကြောင်းပါ။ ကျွန်မတို့ကျောင်းမှာတော့ ပီအိပ်ခ်ျဒီရဖို့ ခရက်ဒစ် (၈)မှတ်လိုပါတယ်။ တစ်ဘာသာ (၂) မှတ်နဲ့ (၄) ဘာသာ အတန်းတက်ရတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ (၄) ဘာသာကို ကြိုက်သလိုရွေးလို့ ရပါတယ်။ တချို့လည်း စာသင်နှစ်တနှစ်မှ တစ်ဘာသာပဲ ယူတယ်။ တချို့လည်း တနှစ် (၂) ဘာသာယူတယ်။ (၄) ဘာသာလုံး တခါထဲ အပြီးယူထားလည်း ရပါတယ်။ ဒါလည်း ကျောင်းတကျောင်းနဲ့တကျောင်း တူမယ်မထင်ပါဘူး။ တချို့ကျောင်းတွေမှာ ပီအိပ်ခ်ျဒီဆို အတန်းတက်စရာမလိုဘဲ သုတေသနတန်းလုပ်ရတာတွေရှိပါတယ်။ အမျိုးမျိုးနေမှာပါ။ ကျွန်မရွေးလိုက်မိတဲ့ (၄)ဘာသာမှာ နိုင်ငံခြားသားအဖော်မပါဘဲ တယောက်ထဲသွားတက်ရတွေလည်း ရှိခဲ့ပါတယ်။ ရောက်အောင်လာပြီးမှတော့ ထွက်ပြေးလို့မှ မရတာ။ အတန်းဘယ်နားမှာလည်း ကိုယ့်ဟာကိုယ်ရှာတက်ပေတော့ပေါ့။ ကိုယ်က ဂျပန်စာလည်း မကျွမ်းကျင်တော့ သူစိမ်းတို့အလယ်မှာ ကလယ်ကလယ်နဲ့ မျက်စိသူငယ်၊ နားသူငယ်ပါ။ အခုတော့လည်း အဲဒီကာလတွေ လွန်မြောက်သွားပြီး နောက်ထပ် ဒုက္ခတွေထဲ တဝဲလည်လည်ဖြစ်နေရပြန်တယ်။

Earth Engineering ခေါင်းစဉ်ကို တစ်ဘာသာယူမိကတည်းက ဆောင်းတွင်းတတွင်းလုံး ဒူးတုန်ခဲ့ရတာပါ။ မြေပုံတွေ သိပ်မကျွမ်းကျင်တဲ့ ကျွန်မအတွက် ကျောင်းကပြန်ရောက်ရင် “ကိုဇနိရေ ဘယ်မြစ်က ဘယ်နားလည်း လုပ်ပါအုံး ရှာပေးပါအုံး” နဲ့ လုပ်ရတော့တာ။ ခရက်ဒစ် (၂) မှတ်က အတန်းမှန်မှန်တက်ရသလို report နဲ့ အမှတ်ပေးတာလည်း ရှိပါတယ်။ တချို့ဆရာတွေက စာသင်နှစ်ကုန်ရင် ဖိုင်နယ်စာမေးပွဲဖြေရတာနဲ့ ခရက်ဒစ်ပေးပါတယ်။ အခု ကျွန်မကြောက်တဲ့ဆရာကတော့ ဖိုင်နယ်စာမေးပွဲမရှိပါဘူး။ “ဟာ စာမေးပွဲမဖြေရတော့ သက်သာလိုက်တာ” လို့ ထင်မိတာ မှားလိုက်လေခြင်း။ အဲဒီဆရာက အရယ်အပြုံးလုံးဝမရှိပါဘူး။ တကျောင်းလုံးက သူ့ကိုသိကြပါတယ်။ ဂျပန်ကျောင်းသူကျောင်းသားတွေလည်း သူ့ကိုသိပ်ကြောက်ဆိုတာ သူ့အတန်းတက်လို့ တဝက်လောက်မှ သိရတာပါ။ မွန်ဂိုလီယားသူတယောက်ကတော့ မာစတာတက်နေတာ သူ့ supervisor က အဲဒီဆရာတဲ့။ သူက ဆရာချိန်းတဲ့နေ့ရောက်ရင်ကို ဖျားဖျားနေတာ ကြောက်လွန်းလို့ဆိုပဲ။ ဒါတွေကို ကျွန်မ မသိဘူးရယ်။

အတန်းစတက်တက်ချင်းပဲ ကမ္ဘာ့ငလျင်ကြောတွေကို အတန်းရှေ့ထွက် မြေပုံမှာ ရှာပြခိုင်းတယ်။ နာမည်အကြီးဆုံးငလျင်လမ်းကြောင်းကို ပြောပါလို့ မေးလာတယ်။ ခက်ပြီ။ သူ့အတန်းတက်တဲ့ကျောင်းသားတွေက သူ့တပည့်တွေများပါတယ်။ ကမ္ဘာမြေကြီးအကြောင်းတွေ research လုပ်နေကြတော့ သိတာများပါတယ်။ ကျွန်မတယောက်သာ ကိုးလို့ကန့်လန့်ဖြစ်နေတာ။ ဒါပေမယ့် ဆရာက ကြောက်စရာကောင်းမှန်း သိပ်မသိတော့ ကျွန်မကြောက်ရကောင်းမှန်း မသိခဲ့ပါဘူး။ ဆရာက “သူ့အင်္ဂလိပ်စကား နားလည်ရဲ့လား”လို့ မေးပါတယ်။ ကျွန်မကလည်း "အင်္ဂလိပ်စကား နားလည်ပါတယ်၊ ဒါပေမယ့် ဆရာပြောတဲ့ ကမ္ဘာမြေကြီးသဘောတရားတွေကတော့ ကျွန်မလေ့လာရအုံးမယ်၊ ကြိုးစားမှာပါ" လို့ ခပ်တည်တည်ပြောခဲ့တာ။ အိမ်ပြန်ရောက်တော့ “ကဲ ကိုဇနိရေ ဆရာ့ကိုတော့ ကတိပေးခဲ့ပြီ စာတွေကူဖတ်ပေးပါ” လို့ ပြောရတယ်။ မြေပုံတွေ ပြူးပြဲကြည့်ရတယ်။ ဆရာနဲ့က အတန်းသာပြီးသွားတာ အတော်ပြေလည်ခဲ့တာ။ ကိုယ်ကလည်း ကလေးလိုလို ကလားလိုလိုမလို့ ခွင့်လွှတ်လိုက်တာလားတော့ မသိဘူးပေါ့။

ဆရာက အပတ်တိုင်း စာမေးပွဲလုပ်ပါတယ်။ နောက်တပတ်ဖြေရမည့် အပိုင်းကို အရင်တပတ်က အိမ်မှာဖတ်ဖို့ သတ်မှတ်ပေးတယ်။ အပတ်စဉ် စာမျက်နှာ ၃၅ မျက်နှာပေးပါတယ်။ ဖတ်တယ်ဆိုပေမယ့် အလွတ်နီးပါးကျက်ရတာပါ။ သူ့မေးခွန်းပုံစံက ကွက်လပ်ဖြည့်တွေဆိုတော့ ခုနှစ်လိုဟာမျိုး နာမည်လိုဟာမျိုးကအစ အသေးစိတ်မေးတာ။ ဘာသာပြန်ရတယ် မှတ်ရတယ်ပေါ့။ ကိုဇနိရော နှစ်ယောက်သမား လုံးချာလိုက်ခဲ့ရတာ အပတ်စဉ်တိုင်းပါပဲ။ အတန်းကိုရောက်တာနဲ့ စာမေးပွဲစစ်ပြီးရင် အဖြေတန်းတိုက်ပြီး အမှတ်လိုက်ပေးပါတယ်။ ပြီးလို့ကတော့ တယောက်ချင်း ချာလည်ပတ်လည် သူမေးချင်ရာ ကောက်မေးနေတော့တာပါ။ အဆိုးဆုံးကတော့ အတန်းရှေ့ထွက် ပုံဆွဲပြရတယ်။ လျှပ်တပြက်ရိုက်ချက်တွေနဲ့ ခဏခဏနှိပ်စက်တဲ့ဆရာကြီးပါ။ ဒါတင်လား ဟုတ်သေးဘူးရယ်။ Research title အသေးလေးတွေရှာ ကိုယ့်ဟာကို အဖြေနဲ့ တင်ပါ။ လက်တွေ့လုပ်တဲ့ အဆင့်ဆင့်ရောပေါ့။ ပြီးရင် အတန်းရှေ့ထွက်ရှင်း။ သူမကြိုက်ရင် မျက်လုံးကြီးပြူးမေးတော့တာ။ ဂျပန်ကောင်လေးတွေလည်း ကြောက်ကြတာ တုန်နေတာပါပဲ။

အဖြေမှားရင်လည်း သူကမကြိုက်ဘူး။ ညံ့လိုက်တာဆိုတာ ခဏခဏပြောတယ်။ အဆိုးဆုံးက အတန်းချိန် မနက်(၈) နာရီခွဲ စတာပါ။ (၅) မိနစ်နောက်ကျရင် မဝင်ရဲဘူး။ ဝင်လာလည်း သူက မကြိုက်ဘူး။ roll call လည်း မပေးတော့ပါဘူး။ နောက်ကျမှာကြောက်တဲ့ကျွန်မက (၈) နာရီဆို အခန်းထဲရောက်အောင် သွားနေရတယ်။ အဆောင်နဲ့ကျောင်းနဲ့က (၁) နာရီ သွားရတော့ (၇) နာရီမှာ အဆောင်နားက ဘူတာကနေ ထွက်ရတယ်။ (၇) နာရီဆို ရုံးသွားကြတဲ့အချိန်ဖြစ်လို့ ရထားတွေက ခြေတချောင်းအနိုင်နိုင်။ (၇) နာရီ ဘူတာကိုရောက်ဖို့ (၅) နာရီခွဲမှာ အိပ်ယာထရတယ်။ ချမ်းလှတဲ့ဆောင်းရာသီမှာ ဘယ်လိုမှ အိပ်ယာမထချင်ပါဘူး။ ကျောင်းရောက်တော့ တနေ့တာရင်ဆိုင်ဖို့ စာပြန်ကြည့်ရတယ်။ ကိုယ့်အလှည့်ဘယ်တော့လာမလဲ စောင့်ဆိုင်းနေရတယ်။ စာသင်ခန်းက မြေအောက်ခန်း။ ဘာလို့မှန်းမသိဘူး အဲဒီဆရာအချိန်ဆို heater ကမဖွင့်ရဘူး။ အအေးကြောက်တဲ့ကျွန်မ အနွေးထည်၊ လက်အိတ်၊ ခေါင်းစွပ်ပါပေမယ့် ခိုက်ခိုက်တုန်နေတာပါ။

ခြေထောက်တွေက ရပ်ထားလို့မရအောင် တဇတ်ဇတ်တုန်နေခဲ့ရတာ တဆောင်းတွင်းလုံး။ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားကြည့်တယ် “ငါ့နှယ်နော် အခန်းက အေးလို့လား၊ ဆရာ့ကိုကြောက်လို့လား ဒီလောက်တုန်နေရတာ” လို့။ စဉ်းစားတာသာရှိတယ်။ အခုထိ အဖြေမထွက်သေးပါဘူး။ စာတွေကတော့ သူပေးတာ ပုံမှန်လိုက်ဖတ်၊ ကိုယ့်ဟာကိုယ်ရှာမှတ်နဲ့ အောင်မြင်စွာတော့ ပြီးသွားပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာတော့ အတန်းရှေ့ထွက်ရမှာမျိုးဆို သိပ်ကြောက်တာကိုး။ ယောက်ျားလေးတွေရှေ့ မသွားရဲတာလိုလို၊ ရှက်တာလိုလို ဘာလိုလို ညာလိုလိုတွေနဲ့ ကျင့်သားရလာတော့ ဒူးတုန်တတ်နေတာလား မသိပါဘူး။ အခုထိ ပြန်ပြောမိတယ် ကိုဇနိကို “ခရက်ဒစ် (၂)မှတ်ထဲမှာတော့ အဲဒီဆရာဟာ အတန်ဆုံးပဲနော်” လို့လေ။ ပြီးခဲ့တဲ့လက Czech Republic က ဆရာတယောက်လက်ချာလည်း အဲဒီမြေအောက်ခန်းလေးမှာ တက်ခဲ့ရတာပါ။ ဆရာကပဲ သဘောကောင်းလို့လား။ အောက်တိုဘာလမဟုတ်သေးလို့လား။ အတန်း (၂) ပတ်နဲ့ ခရက်ဒစ်ရခဲ့တာမလို့လား။ အရင်နှစ်က ခရက်ဒစ်လောက် ကြောက်ဒူးမတုန်ခဲ့ရပါဘူး။

ဒါဆိုရင် ကျွန်မအကြောက်တရားရခဲ့ရတာတွေဟာ ရာသီဥတုကြောင့် အခန်းကအေးနေလို့လား။ ဆရာ့ကိုကြောက်နေလို့လား။ အတန်းရှေ့ထွက်ရမှာတွေ ကြောက်နေခဲ့တာလား။ Earth Engineering ကပဲ ကျွန်မနဲ့ စိမ်းနေခဲ့လို့လား။ ဘာက တရားခံဖြစ်ခဲ့သလဲ ကျွန်မ မစဉ်းစားတတ်အောင် အမှတ်ထင်နေပါတော့တယ်။

မဇနိ

8 comments:

RePublic October 11, 2008 at 3:33 PM  

မမနိ ကိုယ့်ကိုကိုယ် အမြဲ ယုံကြည်စိတ်မွေးဗျာ ၊၊ ဒီအဆင့်မှာ အရာရာကိုပြတ်သားခိုင်မာ နေ ဖို့လိုတယ်၊၊ပရောဂျက် အောင်မြင်အဆင်ပြေပါစေနော်၊၊
ကိုယ့်ထက်တော်တဲ့ မမကွိ ကိုအားပေးတာဗျာ ၊၊ မုချယုံကြည်ပါတယ် မမနိ ၊၊ အောင်မြင်မှာပါ ၊၊

ကိုကြီးဝီ

May Moe October 11, 2008 at 3:52 PM  

Phd တဲ့ အားကျလိုက်တာ မမနိ ခွိခွိလေ Uni မှာ ကျောင်းပြေးလွန်ပြီး Grad သိပ်မကောင်းဘူး ဒီဘဝတော့ Phd မဖြစ်တော့ပါဘူး ။ ဒါပေမဲ့ Phd သူငယ်ချင်းတွေအများကြီးပဲနော် ။ Blog မှာလေ။ အပြင်မှာတွေ့ရင် မသိချင်ရောင်မဆောင်ရဘူးနော် ။လိုက်အော်မှာပဲ ။ မမနိ ကော ကိုနိကော ok ပါစေနော် :D

mgngal October 11, 2008 at 5:20 PM  

အေးလို့ ရော ၊ကြောက်လို့ ရော ၊အရှေ့ ထွက်ရမှာရော
အကုန်လုံးပဲ ။ဟီးဟီး နောက်တာပါ။
ကြိုးစားပါအစ်မရေ ။အားပေးနေပါတယ် ။ကိုနိ ရော မနိ
ရော အောင်မြင် အဆင်ပြေပါစေ။

Moe Cho Thinn October 11, 2008 at 6:57 PM  

ညီမက တကယ်တော်တယ်။
ဘယ်လောက်ပဲ ဆရာက ကြောက်စရာကောင်းကောင်း ကျော်ဖြတ်ခဲ့တာပဲ မဟုတ်လား။ တုန်ရကျိုး နပ်ပြီပေါ့။
ကိုဇနိကလဲ ဒီလို ကူပေးတော့ အခက်အခဲကို နှစ်ယောက်သားပူးပေါင်းဖြေရှင်းကြတာပဲ။ ဒါကမှ အောက်က ရေးထားတဲ့ အချစ် ပို့စ် ထင်လိုက်တယ်။ :)
ခင်မင်တဲ့
အမ

khin oo may October 11, 2008 at 7:36 PM  

အစ်မလဲ မစဉ်းစားတတ်ဘူး။ ကြောက်စရာ မို.လို.ကြောက်ပါသည် လို. ကွန်ကလူးရှင်း ဆွဲကြည့်ကြစို.။
ဖြစ်ဘို.များတာ က စာကြောက် တာရယ်.။။ တကယ်လို. အဆင် မပြေခဲ့ရင် ဘယ်လို ရင် ဆိုင် ရပါ့မလဲ လို့ မသိစိတ် ကတွေးပြီး ကြေက်တယ်ထင်ပါရဲ့။

Anonymous October 11, 2008 at 7:42 PM  

မဇနိ..အေးလို့ဖြစ်မှာပါဗျာ အစ်မကတော်ပြီးသားပဲနော့်လေဗျာ ကိုနိလည်းရှိတယ် အားမငယ်နဲ့း) မသိတာရှိကျနော့်ကိုမေး ဘာဂျာခေါင်ပေးမယ် ဟိဟိ ။

PAUK October 11, 2008 at 7:46 PM  

ကျွန်တော်ထင်တာကတော့..
မနက် ၅နာရီထရလို့ ထင်တာပဲ..
ကျားယို...နိနိ
ကန်ပါတဲ ...နိနိ..

little moon October 13, 2008 at 12:03 PM  

စကားမစပ်... ဖတ်ရတာမှောင်လိုက်တာဗျာ ... အနော်က မျက်စိသိပ်မကောင်းဘူး

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP