နှုတ်တစ်ရာ စာတစ်လုံး

>> Wednesday, October 1, 2008



တခုခုဆို မေ့လျော့တတ်တဲ့ကျွန်မအတွက်တော့ စာအုပ်လေးမှာ မှတ်ထားလိုက်ရမှ အဆင်ပြေတယ်။ ပျင်းလို့မမှတ်မိလိုက်ရင် အသုံးလိုတဲ့ချင်တဲ့အချိန် ဒုက္ခရောက်ရော။ မမှတ်မိလို့ ကိစ္စတွေ တလွဲဖြစ်ရတာလဲ ခဏခဏပါ။ အဲဒီလို မှတ်မထားမိတဲ့အခါ “ငါ အမေ့စကား နားမထောင်မိတာကိုး” လို့ ပြန်သတိရမိပေမယ့် နောင်တခါတော့ ဒီလိုပဲ မေ့ထားမိပြန်တယ်။


အဆောင်မှာနေပြီး လိုချင်တဲ့အချိန် ပြေးမေးလိုက်လို့ရနေတော့ စာတလုံးလေးတို့ရမှာ ပျင်းတဲ့အကျင့်ပါနေတာလည်း ဖြစ်မယ်ထင်တယ်။ သူငယ်ချင်းတွေ အများကြီးစုနေကြတော့ ဘယ်ချိန်ဘာလိုလို မေးလိုက်လို့ရတာကိုး။ တခါတလေ ကိုယ့် presentation နေ့တောင် မေ့နေရင် ကိုယ်နဲ့ အုပ်စုတူတဲ့သူဆီပြေးပြီး “ငါတို့တွေ ဘယ်နေ့ presentation” လုပ်ရမှာလဲဆို တယောက်မဟုတ် တယောက်က သိနေကြတာပါ။ ကံဆိုးတဲ့အခါတော့ ကိုယ့်လိုမေ့တတ်ပြီး စာတလုံး မတို့ကြသူချင်း တွေ့တတ်ပါတယ်။ အဲဒီတော့လည်း သဘောကောင်းတဲ့ဆရာမဆီ ဖုန်းဆက်မေးရတာပေါ့။ ကျောင်းပိတ်လို့များ အိမ်ပြန်ရတော့မယ်ဆို ကားလက်မှတ်ဘွတ်ကင်လုပ်ဖို့ ဖုန်းနံပါတ်ရှာပုံတော် ဖွင့်ရတယ်။ ကားလက်မှတ်အဟောင်းလည်း သိမ်းတဲ့အကျင့်မရှိ၊ ဖုန်းနံပါတ်လည်း တို့မထားမိတော့ ဟိုလူ့မေး ဒီလို့မေးနဲ့ သံသရာတွေ တကွေ့ကြီးလည်ပြီးမှ လိုချင်တာ ရတတ်ပါတယ်။ ကိုယ့်အကြောင်းသိတဲ့ အခန်းဖော်သူငယ်ချင်းကတော့ ကိုယ့်မြို့က ကားဂိတ်ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ မဆီမဆိုင်မှတ်ထားပေးဖော်ရတယ်။

ဘာပဲလုပ်လုပ် စာအုပ်မှာ မှတ်ထားတတ်အောင် အဖေက သတိပေးတယ်။ သူကိုယ်တိုင်လည်း အမြဲမှတ်ထားတယ်။ သားသမီးတွေ ဘယ်ခုနှစ်မွေးတယ်ဆိုတာကို အိမ်မှာ မြေဖြူနဲ့မှတ်ထားပြီး ကျွန်မတို့အိမ်ဝင်တာနဲ့ အဖေမှတ်ထားတဲ့ မြေဖြူတန်းလေးကို တန်းမြင်နိုင်ပါတယ်။ တခါကတော့ အဖေမှတ်ထားတဲ့ သားသမီးသုံးယောက်ခုနှစ်တွေကို အလည်လာတဲ့လူတယောက်ကကြည့်ပြီး နောက်ဆုံးတလုံးဆီယူ ချဲထိုးတာ ပေါက်ဆိုပဲ။ အဖေက လူတွေကို အားနာတတ်တယ်။ အားနာတော့ လူတွေက တင်စီးကြတာပေါ့။ အမေက စိတ်တိုလို့ အဖေ့ကိုပြောတဲ့အခါ မှတ်သားတတ်တဲ့အဖေ မြေဖြူလေးနဲ့ တို့တော့တယ် “အားနားလို့သည်းခံတာ “အ” တယ်လို့ မထင်ပါနဲ့၊ မ “အ” လို့ အားမနာသည်းမခံရင် ဆိုးတယ်လို့ ထင်ကြမှာပေါ့” တဲ့လေ။ ဘယ်လောက်ထိ မှတ်တမ်းမှတ်ရာထားတတ်လဲဆို အဖေက ကျွန်မကို ကျောင်းထားတဲ့စရိတ်တွေ ဘယ်နေ့က ဘယ်လောက်ငွေပို့ရတယ်ဆိုတာ အကုန်ရှိတယ်။ ဗလာစာအုပ်တအုပ်တောင် မဆံ့တော့လို့ နောက်အသစ်ထပ်ထားရတယ်ထင်တယ်။ နောင်ကြုံမှ အဖေ့ကို မေးကြည့်ရအုံးမယ် “စုစုပေါင်း ငွေဘယ်လောက်ပို့ရသလဲဆိုတာ”။ ဒီလောက်မှတ်သားတတ်တဲ့အဖေက သူပေးစရာစာရင်းမှတ်ထားတာတော့ မတွေ့ဖူးဘူးရယ်။ ပေးစရာမရှိတာလား၊ အဖေများ မသိချင်ယောင်ဆောင်နေတာလားတော့ မသိဘူး။

ကျွန်မအဖေကမှ မှတ်သားသလားအောက်မေ့တယ် ကိုဇနိတို့အိမ်အလည်သွားတော့ ပိုအံ့သြရပြန်ရော။ ကျွန်မကျောင်းတက်သွားမလို့ သွားနှုတ်ဆက်တော့ ကျောင်းနာမည်၊ သွားရမယ့်မြို့တွေကို သူ့အဖေက မေးပါတယ်။ ကျွန်မပြောတာတွေကို မြန်မာလိုရော အင်္ဂလိပ်လိုပါ သူ့စာအုပ်လေးမှာလိုက်မှတ်တယ်။ ကျွန်မပြောတဲ့နေ့စွဲပါ မှတ်သားနေတာ မြင်ရတော့ “အဲ ငါတော့ ကိုဇနိကို ထားခဲ့လို့မရအောင် သက်သေလုပ်နေပြီလားမသိ” လို့ စိတ်ထဲတွေးမိရင်း ပြုံးစိစိဖြစ်မိတယ်။ တကယ်တော့ သူ့အဖေနဲ့ အမေက ကျောင်းဆရာ၊ဆရာမတွေဖြစ်လို့လားမသိ ပိုမှတ်သားတတ်တယ်။ ပိုပြီးလည်း စနစ်ကျပါတယ်။ မေ့တတ်လို့မှတ်တာထက် စနစ်ကြီးတဲ့သူတွေမို့လို့ မှတ်တာလည်း ဖြစ်မယ်။ ကိုဇနိအမေကလည်း စာအုပ်လေးနဲ့မှတ်တာကိုး သူမမှတ်ချင်ရင် ကိုဇနိတို့အဖေကို “မှတ်လိုက်စမ်းပါ” လို့ ခိုင်းတာတွေ့ဖူးပါတယ်။ ကျွန်မဆီလူကြုံရှိလို့ စားစရာတွေပို့ရင်လည်း စာရွက်လေးမှာ “ဘယ်ဟာဘယ်လောက်ပေးလိုက်တယ်”၊ “ဘယ်ဟာကတော့ ဘာလေးနဲ့ချက်စား” ဆိုပြီး စနစ်တကျ ရေးပို့တတ်ပါတယ်။

သူ့အဖေတွေဆီက အကျင့်ပါလာတယ်ဆိုရမယ် ကိုဇနိလည်း တခုခုဆို စနစ်တကျလုပ်တတ်တယ်။ မှတ်သားတတ်တယ်။ သူငယ်ချင်းတယောက်က ဖုန်းနံပါတ်ပေးတယ်ဆို ကျွန်မကတော့ တွေ့ရာနေရာလေးမှာ မှတ်ထားမိတယ်။ နောက်လိုတဲ့အချိန် ပြန်ရှာဆို ဘယ်မှတ်ထားမိမှန်း မသိတော့ဘူး။ “ကိုဇနိရေ ဟိုနေ့ကလေ ဘယ်သူ့ဖုန်းနံပါတ်လေး ဘယ်ထားမိမှန်းမသိဘူးတော့” နဲ့ လုပ်ရင် သူ့ကွန်ပြူတာမှာ ဂျောက် ဂျောက် လုပ်လိုက်ပြီး “နံပါတ်ဘယ်လောက်လေ”လို့ ပေးပါတယ်။ သူက ကျွန်မကိုလည်း သူလိုမှတ်စေချင်လို့ သတိပေးတဲ့အနေနဲ့ မှတ်ထားတဲ့notepad လေးပါ ပို့ပေးတတ်တယ်။ ကျွန်မကလည်း အမှတ်မရှိဘူး။ အခုတော့ မှတ်ပေးတဲ့သူရှိလို့ ပိုဆိုးလာသလား မသိတော့ပါဘူး ဘာမှကို မမှတ်ချင်တော့သလိုပဲ။ ရန်ကုန်မှာ သူရှိနေတုန်းကတော့ ကျွန်မကို စာရွက်လေးမှာ အရေးကြီးတဲ့ဖုန်းနံပါတ်လေးတွေ စနစ်တကျရေးပေးပြီး ပိုက်ဆံအိတ်ထဲ ထည့်ပေးထားရှာတယ်။

လမ်းခရီးသွားရင်လည်း ကျွန်မက သူများနောက်လိုက်တယ်။ ဘယ်တော့မှ မှတ်မထားဘူး။ ရန်ကုန်မှာဆို မာစတာတက်တော့ သူငယ်ချင်းလက်ကိုဆွဲလိုက်တာများတယ်။ ဘယ်ကားမှ မှတ်မထားဘူး။ မှတ်တိုင်မှာ ကားစောင့်နေပြီး သူငယ်ချင်းက “ကားလာပြီ တက် တက်” ဆိုမှ နံပါတ်မကြည့်ဘဲ တက်ခဲ့တာ။ ကျောင်းပြီးလို့ ကိုယ်ကဆက်တက်နေတော့ သူက မတက်တော့တဲ့အခါ ဒုက္ခလှလှကြီးတွေ့တော့တာပဲ။ စာထည့်ချင်တယ် စာတိုက်ကို ဘယ်ကားစီးသွားရမလဲမသိ။ ဈေးဝယ်ချင်တယ် လှည်းတန်းကို ကားမှားစီးတာ အကြိမ်ကြိမ်၊ ကားကြီးကွင်းသွားလည်း စော်ဘွားကြီးကုန်းမရောက်တဲ့ (၄၅) ကိုစီးမိတဲ့အခါရှိ။ အဆောင်ပြန်ဖို့ အာစီတူးထဲမ၀င်တဲ့ (၅၁) ကိုစီးမိလို့ အဆောင်ပိတ်ချိန်မမှီပြန်။ သင်ခန်းစာအမျိုးမျိုးတွေ ရပြီးနောက်မှ မဖြစ်ချေဘူးနဲ့ သတိလေးထားရတော့တယ်။ စာအုပ်အသေးလေးနဲ့ မှတ်သားထား။ တနေရာသွားမယ်ဆို သိတဲ့သူကို မြေပုံလေးအခြစ်ခိုင်းမှ အဆင်ပြေသွားတော့တာ။ နောက်ပိုင်းတော့ ကိုယ့်တယောက်ထဲ သွားတတ်လာတတ် တိုးတက်လာတဲ့အခြေအနေဖြစ်လာပါတယ်။

အခုဒီရောက်တော့လည်း ဖုန်းနံပါတ်ဆို အကုန်ဖုန်းထဲမှာထည့်ထားတယ်။ အပြင်စာအုပ်လေးနဲ့မှတ်ထားတာ မရှိဘူး။ ကိုဇနိက သတိပေးပါတယ် “စာအုပ်လေးမှာ မှတ်ထားစမ်းပါ၊ ဖုန်းက တခုခုဖြစ်သွားရင် ဘယ့်နှယ့်လုပ်မလဲ” လို့ ပြောတယ်။ “အင်း မှတ်ထားအုံးမှပါ” လို့ တွေးမိပါတယ်။ ဒါပေမယ့် ခုထိတော့ မမှတ်ရသေးပါဘူး။ သူငယ်ချင်းတယောက် အလည်လာတော့ ဘူတာကို သွားကြိုရတယ်။ ဖုန်းမဆက်လာ မဆက်လာနဲ့ သူ့ဖုန်းက ဘက်ထရီကုန်သွားတာတဲ့။ သူ့မှာ ကျွန်မဖုန်းနံပါတ်လည်း မှတ်မထားဘူး။ လူတွေများတော့လည်း ဘယ်မှာသွားရှာမလဲသူမသိဘူး။ ကျွန်မအိမ်လိပ်စာလည်း သူယူမထားဘူးလေ။ တက္ကစီ ငှားသွားမယ်ဆိုရင်တောင် ဘယ်ဆီပို့ခိုင်းရမှန်းမသိဖြစ်တော့ သူက ထိုင်ငိုတယ်။ နောက်ဆုံးတော့ ဂျပန်လူမျိုးတယောက်က ဖုန်းလာပေးလို့ သူမှတ်မိတဲ့သူ့ဆီ ကျွန်မဖုန်းနံပါတ်လှမ်းတောင်းရင်း ရောက်လာခဲ့တယ်။ တနေရာသွားမယ်ဆို ဘယ်တော့မှ စာအုပ်မှာ မမှတ်ချင်ပါဘူး။ နောက်မှ ဖုန်းလေးနဲ့ဆက်ပြီး ချိန်းချင်ကြတာ အကျင့်ပါနေတာကိုး။ တနေ့ကို အကြိမ်များစွာခေါ်ဖြစ်တဲ့ သူငယ်ချင်းတွေဖုန်းနံပါတ်တောင် အလွတ်မရတော့လောက်အောင် ဖုန်းထဲမှတ်တာကို အားကိုးမိနေတောတာပါ။ သူငယ်ချင်းအဲဒီလိုဖြစ်တော့ ငါလည်းစာအုပ်လေးမှာ မှတ်ထားမယ်လို့ စိတ်ကူးမိပါသေးတယ်။ ခုထိတော့ အကောင်အထည်မဖေါ်မိသေးဘူး။

နေရာစိမ်းတဲ့ဆီတွေသွားရင် ဘယ် exit ကနေ ထွက်ရတယ်ဆိုတာသိမှ ကိုယ်သွားချင်တဲ့ဆီရောက်တာကိုး။ အကိဟဘရ က AKKY ကိုသွားချင်ရင် electric town exit သိမှ အဆင်ပြေတယ်။ တခြား exit ကနေ သွားရင် ရောက်တော့ရောက်တယ်။ ကိုယ်က လမ်းသိပ်မသိတော့ ရှာဖွေပြီးမှ လိုချင်တဲ့ဆီရောက်တာကိုး။ ဒီတော့ AKKY electric town exit လို့များ စာအုပ်လေးမှာ မှတ်ထားလိုက်ရင် သွားတဲ့အခါ အဆင်ပြေတာပေါ့။ ဒါလည်း အပျင်းကြီးပြီး မမှတ်ပါဘူး။ ဟိုရောက်လို့ မတွေ့မှ “အမရေ ဘယ် exit လဲ လုပ်ပါအုံး” နဲ့ ဖုန်းဆက်မေးရတာ။ အဆိုးဆုံးက kannai က တရုတ်ဆိုင်ကို သွားတာ။ exit နံပါတ်ကို မမှတ်မိရင် ကိုယ်သိတဲ့တရုတ်ဆိုင်ကို မရောက်တော့ဘူး။ အခေါက်ခေါက်အခါခါ ခြေတိုအောင်သွားပေမယ့် မတွေ့ဘဲပြန်လာရတာလဲ ရှိသေးတယ်။ အခုတော့ သွားချင်တဲ့ဆီနဲ့ exit နံပါတ်လေးတွေတော့ မှတ်တတ်နေပါပြီ။ immigration office ကိုသွားချင်ရင် exit 4 လို့ တွဲမှတ်ထားလိုက်ပြီ။ ဒါတောင် လွဲတဲ့အခါ လွဲတတ်တယ်။ စိတ်ထဲက မှတ်ထားလို့ကတော့ သွားချင်တဲ့ဆီရောက်မှ exit နံပါတ်ကို လှမ်းမေးရတယ်။ ကိုယ်ယူထားတဲ့မေဂျာအရဆိုရင် မြေပုံကို ပိုင်ပိုင်နိုင်နိုင်သိရမှာ မြေပုံလည်း ယောင်ဝါးဝါးကြည့်တတ်တော့ ကိုယ်နားလည်သလို စာအုပ်လေးမှာ မှတ်သွားတာက ပိုအဆင်ပြေလှပါတယ်။ ကိုယ်နဲ့အတူသွားတုန်း စာအုပ်ကြီးနဲ့လိုက်မှတ်နေရင် ရှက်သလိုလိုက ဖြစ်တတ်သေးတာ။ တကယ်ကျ ကိုယ်လည်း အိမ်ပြန်ရောက်ရင် မှတ်ရတာကို မေ့နေတတ်တယ်။

တချို့တော့လည်း အမှတ်အသားလက်ဖျားခါရတယ်။ ကျွန်မတို့အိမ်နားက ကျောင်းဆရာမအပျိုကြီးတယောက်ရှိတယ်။ သူက တခုခုပြောတော့မယ်ဆိုရင် စာအုပ်တွေကြည့်ပြီး ပြောလေ့ရှိတာ။ ရေသောက်တဲ့မတ်ခွက်ကိုတောင် “ဒီခွက်က ဘယ်နှခုနစ်က ဘယ်လောက်ပေးရတာ ဘယ်မှာဝယ်တာလေ၊ ဒီမှာဖတ်ကြည့်ပါလား” နဲ့ သူ့မှတ်စုစာအုပ်ကြီး ပေးဖတ်ပါတယ်။ အဲလိုမှတ်ထားတော့လည်း အဆင်ပြေသားပေါ့။ အခုတော့လည်း အရာရာကို အဆင်ပြေအောင် အဖေသင်ပေးသလို စာတလုံးလေးတို့ထားအုံးမယ်လို့ စိတ်ကူးထားတယ်။ စိတ်ကူးတုန်းရှိသေးတာ တကယ်တော့ မအောင်မြင်သေးပါဘူး။ အော် အမေကလည်း ခဏခဏပြောတတ်ပါတယ် “နှုတ်တစ်ရာစာတစ်လုံးမှတ်နော် သမီး” လို့။ အမေမှတ်ထားတဲ့ စာရွက်ဝါဝါလေးထဲမှာတော့ “သမီး ကဆုန်လပြည့် မနက် ၄ နာရီ လေတိုက်” တဲ့။ကျွန်မမွေးတဲ့အချိန်ကို သူမှတ်ချင်သလိုလေး မှတ်ထားတာ တွေ့ဖူးတာပါ။

မဇနိ

13 comments:

Republic October 1, 2008 at 5:11 PM  

မမကွိရေ ..မမနိ က ကိုကိုနိ အားကိုးရှိတော့ မပူရဘူးပေါ့၊၊ အင်း ..ဟုတ်တယ် ဗျ၊၊ အဲလို ရေးမှတ်တတ်တာ အကျင့်စွဲ တစ်ခုလားတော့ ကျနော်မပြောပြတတ်ဘူး ၊၊ ကျနော်လည်း ငယ်ငယ်ကနေခုထိ ရေးမှတ်နေတတ်တယ် ၊၊ အတန်းတက် စာသင်လည်း ရှေ့က သင်တာကို နောက်က နေလိုက်ရေးနေရမှ၊၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့ ၊၊ တစ်ခါတစ်ခါ ပြောတောင်ယူရတယ် ၊၊ ရေးဖို့မလိုဘူးတဲ့လေ ၊၊ မှတ်ဥာဏ်နည်းတဲ့ ကျနော်အတွက်တော့ ရှုပ်ပွနေအောင် နားလည်သလိုလိုက်ရေးထားတဲ့ စာရွက်ကြမ်းလေးက တန်ဖိုးတွေပါပဲ ၊၊ တစ်ခါတစ်ခါ သူတို့ က ကျနော့်ရဲ့ အကောင်းဆုံး သက်သေတွေပါပဲဗျာ ၊၊

ကိုကြီးဝီ

PAUK October 1, 2008 at 7:05 PM  

နိနိရေ...
ပေါက်လည်းတူတူပဲ..
မမှတ်တတ်ဖူး..
ဖုန်းစာအုပ်နဲ့လည်းမမှတ်တတ်ဖူး...
အလုပ်ကဧည့်သည်တွေရဲ့ဖုန်းနံပါတ်ဆိုအလွတ်ကျက်တာ..
စာအုပ်လှန်ရမှာပျင်းလို့..
ကိုယ့်အသုံးစားရိတ်ဆိုလည်း ဘယ်တော့မှမမှတ်ထားတတ်ဖူး..
အလွန်ဆုံး...အလုပ်ကလိုအပ်တဲ့ဈေးနှုန်းတွေကိုတောင်
ခေါင်းနဲ့ပဲမှတ်တာ..အဟီးး
တူတူအလုပ်တက်တဲ့အမဆို..စာရွက်ကလေးတကိုင်ကိုင်နဲ့မှတ်ထားတယ်
တော်ပြီ..ဆက်မပြောတော့ဘူး..
ကိုယ့်အညံ့တွေဖေါ်ထုပ်ရာကျတယ်..
(မှတ်ချက်။။ လမ်းကိုတော့အသားကုန်မှတ်ထားတတ်တယ်...
ဆိုင်ကယ်နဲ့ဆိုတော့...မမှတ်လို့လဲမရတော့ဘူးလေ)

khin oo may October 1, 2008 at 8:37 PM  

အသက် ကကြီးပြီကိုး ညီမရယ် ။ ဂလောက် တော့ရှိမှာပေါ။။

Moe Cho Thinn October 1, 2008 at 8:45 PM  

ချစ်စရာကောင်းတဲ့ ပို့စ်လေးပါလား နိနိရေ။
တို့အဖေလဲ သူတို့အဖေတွေလိုပဲ။ အရမ်းမှတ်သားတတ်တယ်။ ကဗျာစာအုပ် တအုပ်ပြောင်းရင် သမီးတွေ၊ မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေ တသီကြီး ပြန်ကူးရေးတော့တာပဲ။
တို့ကတော့ နိနိလိုပဲ၊ ဘာမှ မမှတ်ဘူး။ ပိုဆိုးပါတယ်။ အခု လမ်းတွေ မှတ်မိအောင် ပြန်သင်နေတော့ ဥပမာ ကြောင်ဖားကြီးနဲ့တူတဲ့ လူကြီးနေတဲ့ အိမ်ကိုသွားချင်ရင် Garfield Exit ကထွက်ရမယ်လို့ ပြောင်ပြီး မှတ်မှ မှတ်မိတော့တယ် ညီမရေ။ Garfield ဆိုတာ ကာတွန်းထဲက ကြောင်ကြီး နံမည် မဟုတ်လား။
အော်..ဒုက္ခ ဒုက္ခ။

mgngal October 1, 2008 at 9:00 PM  

ကောင်းလိုက်တဲ့ ပို့ စ်လေး မှတ်သားစရာလေးတွေကို မှတ်
သားမိအောင် သတိပေးလိုက်သလိုပဲဗျ ။ ကျေးဇူးပါဗျာ။
အကျင့်တော့ရှိတယ်ဗျ ။တစ်ခါတစ်လေတော့လည်း မေ့တတ်တယ်။ :D

မောင်မျိုး October 2, 2008 at 5:56 AM  

ကျနော်လည်း အဲ့လိုမှတ်ထားတက်တဲ့အကျင့်ရှိတယ် ဒါပေမယ့်မေ့တက်လွန်းလို့  စာအုပ်လေးပါ ခဏခဏပျောက်ကော ။ စည်းကမ်းကြီးတဲ့ ကိုနိ အဖေ အမေ မဇနိ အဖေ အမေ ကဆင်းသက်လာတဲ့ ကိုနိ နဲ့  မနိ တို့ ရဲ့ မျိုးဆက်လေးက ကိုနိလို စာအုပ်လေးမှာ မှတ်ထားတတ်တဲ့သူလေးဖြစ်မလား မဇနိလို မေ့လွယ်တဲ့ သူလေးဖြစ်မလားဆိုတာကို စိတ်ဝင်စားတယ် ဟီးးး အဲ့လိုအချိန်တွေထိ ဘလော့ရေးဖြစ်ရင် သိရမှာပေါ့နော့်း)

အညာသား October 3, 2008 at 12:19 AM  

အစ်မ မဇနိတို့ မောင်နှမ ၃ ယောက်ရဲ့ မွေးနေ့ခုနှစ်တွေ ပေးစမ်းပါဗျာ..။
ကျုပ်လဲ ချဲထိုးကြည့်ချင်လို့..။ :P

Taungoo October 3, 2008 at 7:48 AM  

အဖွားလေးက တယ်မေ့တတ်သကိုး။
အိမ်မှာတော့ အမေက မြေဖြူတစ်ချောင်းနဲ့ ဗီရိုနံရံပေါ်မှာ ရေးထားတယ်။ အဖေအတွက်၊ သားအတွက်၊ သမီးအတွက် ဘယ်သူက ဘာလုပ်ဖို့ရှိတယ်တို့ မနက်စောစောနှိုးဖို့တို့ဆိုရင်။ ဗီရိုက ဖြတ်သွားဖြတ်လာလုပ်ရင် အမြဲမြင်နေရတာဆိုတော့ မမေ့တော့ဘူး။

တန်ခူး October 3, 2008 at 9:44 AM  

ညီမရေ… တူတူပဲ… ကိုဇနိအဖေနဲ့ အမေလို တို့ ဖေဖေနဲ့ မေမေက ဆရာ၊ဆရာမတွေ ဆိုတော့ မိုးလင်းလာတာနဲ့ မျက်မှန်တွေတပ်ပြီးမှတ်လိုက်ကြတာ… သူတို့ အိမ်လာလည်တော့ စာရင်းမရှိ အင်းမရှိတဲ့ တို့ နှစ်ယောက်ကြည့်ပြီး အတော်စိတ်ပျက်သွားတာ… ဒါတောင် ဆင်ခြေပေးလိုက်သေးတယ်… bank transaction ရှိနေတာပဲလို့ … တကယ်တော့ မှတ်စုစာအုပ်လေး တအုပ်က လိုအပ်တာ အမှန်ပဲ…

sin dan lar October 3, 2008 at 5:34 PM  

အိမ်က နံရံတွေမှာ ပွနေအောင်အောင်ရေးမှတ်တဲ့ မေမေနဲ့ နံရံညစ်ပတ်လို့ ပွမ်တတ်တဲ့ ဖေဖေ့ ကိုအရမ်းသတိရသွားတယ်..
ဘာပဲဖြစ်ဖြစ် မှတ်တယ်ဆိုတာ
ကောင်းတဲ့ အကျင့်တစ်ခုလို့ထင်ပါတယ်

တားမြစ် ထားသော... October 6, 2008 at 10:50 AM  

တစ်ခါတစ်ခါကျတော့လည်း မှတ်ထားမိတဲ့ စာရွက်တိုတွေကို ဖျက်ဆီးပြစ်ချင်တယ်ဗျ။
းဝ)

သုခမိန်(E-Journal)

nu-san October 7, 2008 at 7:33 AM  

အဟီး.. အမကတော့ ဘာမှ မမှတ်ထားဘူးရယ်.. အပျင်းကြီးတာလေ.. သွားနေကျတွေဆိုရင် မှတ်မိတာပေါ့ မဇနိရယ်.. တခါကလည်း ဧည့်သည်တွေ ခေါ်ပြီး ဈေးဝယ်ထွက်တာ exit မှားထွက်လို့ အရှက်ကွဲသေးတယ်.. :D

မဇနိဖေဖေက စာရင်းတွေ မှတ်ထားတယ်ဆိုလို့ အမတို့ပါပါးလည်း အဲဒီအတိုင်းပဲ.. ဘယ်နေ့မှာ ဘယ်လောက် ဘယ်သူ့ကို ပေးလိုက်တယ်ဆိုပြီး ဗလာစာအုပ်နဲ့ မှတ်ထားတတ်တယ်.. သူ့ကို တခုခုမေးရင်လေ စာအုပ်ထဲပြန်ရှာရင် ဟိုးအရင်တုန်းက အကြောင်းတွေပါ စာရင်းလေးပြပြီး ပြန်ပြောပြပေးတာ သတိရမိတယ်.. :(

အဲဒါတခုကတော့ ဂျပန်လူမျိုးတွေက တော်တယ်ပြောရမယ်နော်.. သူတို့မှာ အမြဲတမ်း မှတ်စုစာအုပ်လေးတွေ ဆောင်တယ်.. ကိုယ်ကတော့ အလုပ်မရှုတ်ဘူးလား မသိဘူးလို့တောင် တွေးမိတယ်.. ဘာလုပ်မယ်ဟေ့ ဘယ်သွားမယ်ဟေ့လို့ ချိန်းလိုက်ရင်လည်း သူတို့မှာ အသီးသီး စာအုပ်ထဲက နေ့စွဲကို ကြည့်ပြီး အားတယ် မအားဘူး လုပ်ကြတယ်... ကိုယ်ကတော့ သွားစရာ သိပ်မရှိလို့လားမသိဘူးရယ်.. တနေရာရာကိုသွားမယ် ဘယ်နေ့သွားမယ် ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာ ခေါင်းက အလိုလို ထွက်လာပြီးသား.. အဟီး.. :D

မဇနိ October 7, 2008 at 5:52 PM  

အားကိုးရှိတယ်တော့ မဟုတ်ဘူးပေါ့ ကိုကြီး ၀ီ
တကယ်လည်း အကောင်းဆုံးသက်သေတွေပါ

လမ်းတွေအသားကုန် မှတ်ထားတာ ပေါက်က တော်တယ်

ဂလောက်တော့ ရှိမှာပေါ့ မမကေအိုအမ်ရယ်

ဟား ဟား မမချိုသင်းမှတ်ထာလေးကလည်း ချစ်စရာ နော်

ပို့စ်ကောင်းတယ်ဆိုလို့ ကျေးဇူးအထူးပါ မောင်ငယ်

မောင်မျိုးရေ မျိုးဆက်ကလေးရရင် လက်လာတို့အုံးမယ် ပြီးရင် မောင်မျိုးဆီ လာပို့ထားတယ်

ဟား ဟား မလုပ်ပါနဲ့ ကိုအညာသားလေးရယ်

အဲလိုမှတ်တာလား တောင်ငူရေ

ဟုတ်ပါ့နော် အမတန်ခူး လူကြီးတွေက မက်မှန်ကြီးတွေနဲ့ မှတ်ကြတာ

နံရံတွေမှာ ပွအောင်မှတ်တာတော့ မကောင်းဘူးထင်တယ်နော် sin dan lar

အကောင်းဆုံးသက်သေတွေကို သိမ်းထားတာ အကောင်းဆုံးဖြစ်မယ် ကိုတားမြစ်ထားသော

ဟား ဟား exit က ခဏခဏမှားတာ မမနုစံ ရ။
ဂျပန်တွေက မှတ်သားချက်တော့ မုန့်စားသွားဖို့အရေးတောင် သူတို့စာအုပ်ကြီးထဲက နေ့စွဲတွေနဲ့ အချိန်ကြည့်နေတာ။
ညီမလည်း အဲလိုအချိန်ဇယားတော့ မရှိဘူးရယ် သွားစရာလည်း သိပ်မရှိပါဘူးလေ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP