ကမ္ဘာသစ်သို့ အလည်သွားခြင်း

>> Sunday, October 12, 2008



ယခု အေးတိအေးစက် အထီးကျန် ကမ္ဘာကြီးပေါ်တွင် အကျွန်ုပ် ဘယ်လောက်နေရဦးမယ်မသိ။ ကျွန်ုပ်အတွက် ခေါ်စာလက်မှတ်ကို မဇနိ ပို့ပြီးဖြစ်သော်လည်း စိတ်ထဲတွင် ချက်ချင်းသွားရမည်ဟု မထင်မိ။ လောကကြီးသည်ကား အနှောက်အယှက် များလှပေစွ။ ကျောပြင်ဖက်မှ အေးစက်စက်အရသာကို ခံစားရသဖြင့် လက်ဖြင့် အသာအယာစမ်းလိုက်မိသည်။ ဘဇာအရေးကြောင်း အအေးလှိုင်းပြားများ အကျွန်ုပ်ကျောတွင် ကပ်ထားလေသနည်း။ အလိုလေး ဒီတိုင်းတော့ မဖြစ်ခြေ။ အကျွန်ုပ်၏ အန္တရာယ်ခြုံထည်လွှာကို ဖြတ်ကနဲ ဆွဲယူခြုံလိုက်သော်လည်း အကျွန်ုပ်မှာ အန္တရာယ်အပေါင်းမှ လုံခြုံသည်ဟု စိတ်တွင် မထင်မိ။ ခက်ချေပြီ။ မဇနိထံပါးတွင် ခိုနားမှ လုံခြုံပေတော့မည်။


ထိုအခိုက် နားခေါင်းဝအတွင်းသို့ အောက်စူးစူးရနံ့များ အတင်းရောဇွတ်ပါ တိုးဝင်လာလေသည်။ ယင်းအနံ့ကို ကျွန်ုပ်မနှစ်သက်မိ။ အခြားဂြိုလ်မှ မနုဿဂြိုလ်သားများ ဖြစ်ချိမ့်မယ်။ သေချာရန် အလို့ငှာ မျက်လုံးတစ်ဖက်အား အသာအယာ ဖွင့်ပြီးကြည့်မိသော် မီးနီပွင့်ကလေးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် လက်နေသည်ကို မြင်ရသောအခါ အခြားဂြိုလ်မှ မနုဿလူသားများ သူတို့၏ စီးတော်ယာဉ် ယူအက်ဖ်အိုများဖြင့် အကျွန်ုပ်၏ ကမ္ဘာကို လာရောက်နှောက်ယှက်နေသည်မှာ သေချာပေပြီ။ လုံခြုံရေးကို ခန့်ထားသော်လည်း အမောင်လုံခြုံရေး ဘယ်တွင် သွားကွေးနေသနည်း။ လေကြောင်းရန်၊ အာကာသရန် ကာကွယ်ရန်ကား အလုံးစုံအား ကျွန်ုပ်စီစဉ်ပြီးသား ဖြစ်သော်လည်း ဤကမ္ဘာကြီးတွင် မည်သည့်အရာကမှ အစိုးမရသည်မှာ သေချာလွန်းနေသည်။

ထိုအချိန် ဂြိုလ်သားရှည်ကြီးထဲမှ စုပ်ချွန်းချွန်းစကားသံ ထွက်လာပေ၏။ အားစိုက်၍ နားထောင်သော်လည်း မည်သို့မျှ နားမလည်။ နားမလည်ကြောင်းကို အကျွန်ုပ်က ပြန်ပြောချေသော် အမောင်ဂြိုလ်သားတို့ ဒေါသအပြိုင်းပြိုင်း ထွက်ကုန်ကြလေ၏။ တစ်ယောက်သောသူထံမှ ရွှီးတောက် ဆိုကာ ရောင်ခြည်သေနတ်တချက်ပွင့်သွားလေသည်။ အကျွန်ုပ်ညာဖက်သို့ ယိမ်းကာ အလျင်အမြန် ရှောင်လိုက်လို့သာ လွှတ်ပေတော့သည်။ အန္တရာယ်ကြီးလှပေစွ။ လက်ဖြင့်ကာရံသော်လည်း အချို့သောရောခြည်များကာ မျက်လုံးအိမ်အတွင်းသို့ ဝင်သွားလေ၏။ အကျွန်ုပ်၏ စက္ခုဒိဗ္ဗနှစ်လုံးကား ယို့ယွင်း၍ကား မဖြစ်။ လူဆက်လုပ်ရန် နှစ်ပေါင်းများစွာကျန်သေး၏။

မိုက်ရိုင်းလှသော၊ အကြင်နာတရားမရှိသော၊ စာနာမှုတရားခေါင်းပါးကုန်သော အနှီးဂြိုလ်သားတို့သည် မည်သို့သော စိတ်ကူးများရကုန်သည်မသိ။ "ခေါင်ကွေး သော့ပေတေ"ဟု အကျယ်ကြီးအော်ကာ အကျွန်ုပ်အား ဆွဲရမ်းချုပ်ကာ သူတို့ယာဉ်ပျံပေါ်တွင် တင်လေသည်။ အတင်းရုန်းကန်သောအခါ ယင်းသူတို့သည် အကျွန်ုပ်၏ ခြေလက်တို့ကို ဆွဲချုပ်လေသည်။ တောင့်တင်းသန်မာလှသော ယင်းတို့၏ လက်တံများ၏ ကြမ်းတမ်းမှုဒဏ်ကို မခံနိုင်သောအခါ အကျွန်ုပ် ငြိမ်၍သာနေလိုက်တော့သည်။ စက္ကန့်အနည်းငယ်ကြာသောအခါ ဘုတ်ဆိုသော အသံကိုကြားလိုက်ရလေသည်။ လန့်သွားသည်လည်း တကြောင်း၊ အနည်းငယ် နာကျင်ရသည်က တကြောင်းဖြင့် အကျွန်ုပ်လည်း ယောင်းရမ်းကာ "မဇနိ"ဟု အသံကျယ်ကြီးဖြင့် တချက်အော်လိုက်လိုက်သည်။ ထိုအခိုက်တွင်ပင် ယာဘက်မှ "သူးယောက်" ဟု အော်သံနဲ့ပြိုင်တူ ဂျိုင်းကနဲမြည်အောင် ယာဉ်ပျံတခါးကို ပိတ်၍ ဂြိုလ်သားကြီးများလည်း ထွက်ခွာသွားကြလေတော့သည်။ ယင်းနေရာမှာကား မဇနိနဲ့ ချိန်းထားသော ကမ္ဘာသစ်ပင်ဖြစ်ပေလိမ့်မည်။ မဇနိအား ယင်းနေရာမှပင် စောင့်ရန်စိတ်တွင် ဆုံးဖြတ်လိုက်သည်။

***
မိတ်ဆွေဘော်ဘော်တို့ရေ အကျွန်ုပ်မောင်ဇနိတစ်ယောက် မဇနိက ဒီနေ့ ပို့စ်ရေးဆိုသောကြောင်း ခေတ်လွန်လိုလို စတိုင်ချိုးကာ အပေါ်မှ စာကိုရေးခြင်းဖြစ်ပါ၏။ အကျွန်ုပ်ဘာတွေကို အူကြောင်ကြောင်ရေးလိုက်သနည်းဆိုတာကို အနည်းငယ်ရှင်းပြမှသာ အသင်တို့ သဘောပေါက်ချိမ့်မည်။ ရှင်းပြအံ့။

ပထမစာပိုဒ်တွင် မဇနိကို လွမ်းလွမ်းဖြင့် ချမ်းတမ်းတမ်းရာသီဥတုတွင် ကွေးနေသည်ကို ပုံဖော်ပါသည်။ အိမ်မက်ထဲတွင်ကား မဇနိနှင့် နီးစပ်ဖို့အရေးတွေးနေပေသည်။ အချမ်းလွန်ကဲသော ဤဟေမန္တတွင် စောင်ခြုံသော်လည်း မလုံခြုံသည်ကို ဖော်ညွှန်း၍ ချစ်သူ့ရင်ခွင်သည်သာ နွေးထွေး(ငြိမ်းချမ်း)နယ်မြေဟု ကြွေးကြော်ထားခြင်းဖြစ်ပါသည်။

ဒုတိယစာပိုဒ်တွင်ကား အရက်မူးနေသော အပေါင်းအသင်းရောင်းရင်းများ ဆေးလိပ်ဖွာကာ အကျွန်ုပ်အခန်းတွင်းသို့ ဝင်လာသည်ကို ဖော်ကြူးပါသည်။ အရက်နံ့ဆေးလိပ်နံ့တို့လှိုင်ကာ နေလေပေသည်။ အနီရောင် မှိတ်တုန်မှိတ်တုတ် မီးရောင်များကား အပေါင်းအသင်းများ ဆေးလိပ်ဖွာလိုက်သဖြင့် ရဲကနဲဖြစ်သွားသော ဆေးလိပ်မီးရောင်ဖြစ်ပါသည်။ ယင်းကို စာဖတ်သူများ အထင်မမြင် လွှဲစေချင်၍ ယူအက်ဖ်အို လိုလိုလျှောက်ရေးထားခြင်းဖြစ်ပါသည်။ အစောင့်ဆိုသည်မှာကား အခန်းဖော် ဘော်ဘော် ကို ဆိုလိုခြင်းဖြစ်ပါသည်။

တတိယစာပိုဒ်ရှိ သူတို့ ဝူးဝူးဝါးဝါးပြောသည်မှာကား သူတို့နှင့် အရက်အတူလာသောက်ရန် ဖိတ်ခေါ်ခြင်းဖြစ်ပေသည်။"အိပ်မက်ကောင်းနေတာ မသောက်ချင်ဘူးကွာ"ဟုပြော၍ သူငယ်ချင်းများ ဒေသထွက်ကုန်၏။ "ရွှီးတောက်" ဆိုသည်မှာကား ရောင်ခြည်သေနတ်ဖြင့် ပစ်ခြင်းမဟုတ်ပါချေ၊ မီးသေသွားသော ဖက်ကြမ်းဆေးလိပ်အား သူငယ်ချင်းက ဂတ်စ်မီးခြစ်ခြစ်ကာ မီးငြိ့ခြင်းဖြစ်ပေသည်။ အိပ်ချင်မူးတူးဖြစ်နေချိန်တွင် အလင်းရောင်ကိုမြင်ရသောအခါ မျက်လုံး နှစ်လုံးအား ဇွတ်အတင်းပိတ်ခြင်းဖြစ်ပေသည်။

နောက်ဆုံးစာပိုဒ်တွင် သူငယ်ချင်းများက ခေါ်တာမရ၍ ကျွန်ုပ်အား အိပ်ယာပေါ်မှ "ခွေးကောင် သေပေတာ့"ဟု အော်ကာ ခြေနှစ်ချောင်းဆွဲ၍ အောက်ကြမ်းပြင်ပေါ်သို့ ဆွဲချခြင်းဖြစ်လေသည်။ ကျွန်ုပ်က အောက်ကြမ်းပြင်ပေါ်သို့ ဘုတ်ကနဲ ပြုတ်ကြသွားသော် "မဇနိ"ဟု အကျယ်ကြီး အော်လိုက်သဖြင့် "သောက်ရူး" ဟု ကောင်းချီးပေးကာ အခန်းတံခါးကို ဂျိုင်းကနဲ ပိတ်၍ ထွက်သွားပါသည်။ ကျွန်ုပ်သည်လည်း ကုတင်အောက်က ကြမ်းပြင်ကို မဇနိနှင့် ချိန်းထားသော ကမ္ဘာသစ်ထင်ကာ မဇနိအား ဆက်စောင့်ရင်း ယင်းအောက်ကြမ်းပြင်မှာပင် ကွေးနေလေတော့သည်။
***
ကျွန်ုပ်၏ စာပေါအား ဆုံးအောင် ဖတ်သွားသော မိတ်ဆွေအား ကျေးဇူးတင်ကြောင်းပြောပါရစေ။

မောင်ဇနိ

11 comments:

khin oo may October 12, 2008 at 5:54 PM  

ဖတ်ပါတယ်။ ကျေးဇူးတင်ပါ။ ကောင်းပါသည်။ ခောတ်သစ်လား မော်ဒန်လားတော.မသိ.။

PAUK October 12, 2008 at 6:57 PM  

ဟားဟား...
လို့အော်ရီနေလိုက်တယ်..
ဖတ်လို့ကောင်းတယ်..

mgngal October 12, 2008 at 7:04 PM  

ဟားဟားဟား
ကိုနိကတော့ လုပ်ချလိုက်ပြီ ။အတွေးရော အရေးရောေ ကာင်းတယ်ဗျာ။ တော်သေးတာပေါ့ ပြန်ရှင်ပြပေလို့ သာပေါ့
မဟုတ်ရင် လည်ကန် လည်ကန် ဖြစ်နေမှာ ဟီးဟီး ။
ကိုနိ ကမ္ဘာ သစ်ကြီးကလည်း ကဗျာမဆန်လိုက်တာဗျာ။
:P

မောင်မျိုး October 12, 2008 at 7:31 PM  

ကိုနိ....ဘီလိုလုပ်တာတုန်း လူကကြောင်နေပါတယ်ဆိုနော်း) မဇနိကို လွမ်းရင်နဲ့  ဆောင်ချုံထဲမှာကွေးနေတယ်ပေါ့လေ ဟိဟိ ဖက်ခေါင်းအုံးကြီးဖက်နေတယ်ဟုတ် :P

Moe Cho Thinn October 12, 2008 at 7:48 PM  

အလွမ်းစာကို နားမလည်မှာစိုးလို့ မြန်မာပြန်သည် လုပ်ထားပါလား။ တို့တွေကို ရှင်းပြသလိုလိုနဲ့ မဇနိကို လှမ်းကြူ လှမ်းချွဲထားတာ။ သိသားပဲ..ရိုး ဟိုး ဟိုး..

မောင်ဖြူ October 12, 2008 at 10:36 PM  

လုပ်လိုက်ဟ ကိုနိ!

sin dan lar October 13, 2008 at 3:18 AM  

မိဇန လို့ မအော်ဘူးနော်..:D

Republic October 13, 2008 at 9:58 AM  

ကိုနိ ပုံဖော်ချက်ကတော့ ပျော်စရာ ကောင်းတယ်ဗျာ ၊၊ မမကွိ ကို လွမ်းနေတယ်ပေါ့ ၊၊ကွိကွိ

zml October 13, 2008 at 10:41 AM  

har har!!! very funny! This is Classic-modern!

မေအောင် October 13, 2008 at 8:50 PM  

ဖတ်၍ ကောင်းလှပေရာ အကျွန်ုပ်မှာ ကွန်မန့်ရေးချင်စိတ်များ တဖွားဖွား ဖြစ်ရချေပြီ တမုံ့ ..။

တားမြစ် ထားသော... October 18, 2008 at 9:16 AM  

မရောက်တာကြာ၍ စာတွေလာဖတ်သည်။ အများစုက ကောင်းနေတော့ ပိုစ့်တိုင်းကွန်မန့်ရမှာ စိတ်အားငယ်နေသည်သာ။ ပုဆိုးတစ်ထည်နှင့် အသပြာ လက်ဆောင်ပါးလိုက်မှဖြင့် ခက်ချေပေါ့လို့ အတွေးရောက်မိစေခြင်းသာပါ။ ဤကား ယနေ့ဖတ်ဖြစ်သော ပိုစ့်အားလုံးအတွက် ကွန်မန့်လည်းခေါ်ဆိုနိုင်သည်။ တစ်ခုသာ ထုတ်နုတ်၍ ပြောပါမည်။ “အလှည့်”ကို သဘောကျ၏။ စာရေးဆရာတစ်ကောက် ဘာသာပြန်ထားတာကိုလည်း ဖတ်ဖူး၏။ ဒီဆရာ ဇနိလည်း ဘာသာပြန်ကောင်းတစ်ယောက်ပါပဲ။ ပျော်ရွှင် ကျန်းမာကြပါစေသား။ ချစ်သူနှစ်ဦးနှင့် အိုးဝေဝိုင်းတော်သား အားလုံးအား ရည်ညွှန်းပါ၏။

အားပေးလျှက်၊

သုခမိန်(E-Journal)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP