တစ်ဝါကျွတ်ချိန်

>> Saturday, October 25, 2008


ပထမပိုင်း

….မြခက်ကတော့ ခုချိန်မှာ သူ့ချစ်သူ ကိုကိုလေးတို့ အိမ်က သစ်ချိုပင်ကြီးများ ဖြစ်ချင်နေမလား မသိဟု အတွေးက ရောက်လိုက်သေးသည် ဟ ဟ။…ဘာပဲဖြစ်ဖြစ် ကျွန်မတို့အမျိုးတစ်သိုက်၏ ယခုတလော အတွေးတွင် မြခက်ကတော့ ဇာတ်လိုက်ဖြစ်နေပေမည်။




အဖူးတွေဝေနေသော ဟော်လိုသစ္စာပန်း များမှာ ရေတွင်းဘက်ဆီသွားသော လမ်းတစ်လျှောက် ယိမ်းနွဲ့လျက်။ စင်ထိုးထားသော ထားဝယ်မှိုင်းခြုံကြီးအောက်ရှိ ခုံတန်းပေါ်တွင် ကျွန်မ အရင်ထိုင်ရင်း လှလှပပ လမ်းလျှောက်လာသော မြခက်ကို ငေးကြည့်နေမိသည်။ မြခက်သည် ဖေဖေ့အစ်မကမွေးသော ကျွန်မ၏တစ်ဝမ်းကွဲ အစ်မဖြစ်သည်။အစ်မဆိုသော်လည်း နှစ်လလောက်သာ ကျွန်မထက်ကြီးရာ မမတွေ ဘာတွေ မခေါ်ပဲ မြခက်သာခေါ်သည်။ အပျိုဖြစ်လာတော့ မြခက်က ကိုယ်လုံးကိုယ်ပေါက် အချိုးအစားကျကျနှင့် လှပချောမောသည်။ မဟာဆန်သော သူ့အလှသည် ကိုကိုလေးကိုသာမက ကျွန်မတို့ရွာသား တော်တော်များများကို ညှို့ယူဖမ်းစားခဲ့လေသည်။
ဒီတစ်ဝါကျွတ်ချိန်မှာတော့ မြခက်ကို ဖမ်း၍ စားတော့မည့် မြို့ကလူကြီး ပေါ်လာခဲ့ချေပြီ။

ခုံတန်းတစ်ဘက်တွင် မြခက်က ညင်သာစွာထိုင်၏။
“ နင်နဲ့ ကိုကိုလေး ချစ်သူဖြစ်နေကြပြီလား ဟင် မြခက်”
“အင်း” ဟုမြခက်ကမပွင့်တပွင့် ဖြေ၏။
“ဒါဆို နင့်ကို မြို့က ကိုဝင်းဇော်တို့ မိဘတွေ စကားကြောင်းတာရော သူသိလား ”
“အင်း”
“သူ ဘာပြောလဲ”
“မြခက်သဘော တဲ့”
“ အင်း ဒါဆိုနင်ကရော ဘယ်လိုသဘောရှိလဲ ဘယ်လိုပြောလိုက်လဲ”
“ ငါက ….ငါကလေ ကျွန်မမိဘတွေကို လာမြန်းပါလို့ မကြီးရွှေကြည်နဲ့ ပြောခိုင်းတော့ သူက အစီအစဉ်မရှိသေးဘူးတဲ့ ”
“ကဲ ဘယ်လောက်ကောင်းတဲ့ လူလဲ ငါမပြောလိုက်ချင်ဘူး”
စိတ်တိုရ၏။
စကားအဆုံးတွင် မြခက်၏ ရှိုက်သံကို ကြားရ၏။ အင်း မေမေပြောသည့် အတိုင်းပါပဲလား…မလွယ်ပါလား။ “မြခက် ကောင်လေးက မယူချင်သေးဘူး ပြောတယ်တဲ့။ သူ့မှာ ယူဖို့အစီအစီအစဉ် မရှိပါဘူးလို့ ရွာထဲမှာ သတင်းထွက်နေတယ်။ ကောင်လေးမပြောပဲ ရွာထဲက ဘယ်ပြောနေကြမလဲ။ဒါဆို မယူချင်ပဲနဲ့ ဘာလို့ ရီးစားထားရတာလဲ ခက်ပါတယ် တာတာရယ်..မြခက်တစ်ယောက်အတွက် ရင်လေးရတယ်..”
ဟု မနက်စောစောကပဲ မေမေပြောနေသေးသည်။
“ ငါ သူနဲ့ တွေ့ချင်တယ်၊ သူပါးစပ်ကပြောတဲ့ အသံကို ကြားပြီးရင် သူ့ကို ငါမေ့ပစ်နိုင်တယ်။ ခုက ငါ့စိတ်ထဲမှာ သူ့ကိုနာနေတာပဲ ရှိတယ်။ မေ့ဖို့ ခက်လိမ့်မယ်”
မြခက်က ကျွန်မနှင့် ခုံတန်းတစ်ခုထဲ ထိုင်နေသော်လည်း အဝေးကလူကို လှမ်းပြောနေသလို ဆိုလေ၏။

မြခက်အနေနှင့် ကျလည်း ဟုတ်တော့လည်း ဟုတ်ပါသည်။
မြခက်သည် သူချစ်ရသူ၏ သစ်စိမ်းချိုးစကားကို နားနှင့်ဆတ်ဆတ်ကြားကာမှ မျက်ရေတို့ သွေ့ခြောက်သွားပေလိမ့်မည်။ ထို့အတူ အချစ်၏ ပူလောင် ခါးသီးမှု့တွေကိုလည်း ဘဝတစ်လျှောက် သယ်ဆောင် သွားတော့မည် မဟုတ်။
ကိုကိုလေးနှင့် မတွေ့ဖြစ်ပဲ တစ်ဆင့်စကားကြားယုံနှင့် လူကြီးတွေစီစဉ်သလို လိုက်နာခဲ့သော် …သူ့၏ ဘဝအပေါ် ခံယူပုံသည် တစ်မျိုးဖြစ်သွားနိုင်သည်။
အတန်ကြာအောင် အတွေးကိုယ်စီနှင့် ငြိမ်သက်နေကြပြီးနောက်…ကျွန်မကပင်
“နင်တို့ ဘယ်မှာတွေ့နေကြလဲ ။ဒီညချိန်းလိုက် ။မမကို ငါနားလည်အောင်ပြောပေးမယ်။ နင် အပြတ်မေးတော့ ၊တသက်လုံးပေါင်းဖို့ ချစ်တာဆို လူကြီးတွေနဲ့ လာတောင်းလို့ ၊ဒါကို သဘောမတူရင်တော့ နင်သူ့ကို ပြတ်သားရတော့မယ်လို့ ငါထင်တယ်။ နင့်ဆုံးဖြတ်ချက်ပဲ အရေးကြီးတာနော် မြခက် ငါတို့မိန်းကလေးတွေ ဆိုတာ အိမ်ထောင်ကျစကနေ သေတဲ့ထိ နစ်နာတဲ့ ဘက်ကချည်းပဲတဲ့ ငါ နင်စိတ်ဆင်းရဲတာကို မကြည့်ချင်ဘူး”
ကျွန်မ လေယူလေသိမ်း မှန်မှန်နှင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
မြခက်ကိုမကြည့်ပဲ မျက်နှာလွှဲရင်း
“နင်တို့ချိန်းတဲ့ နေရာကို ဒီည ငါလဲလိုက်မယ်နော်။ နင့်လူကို အကြောင်းကြားလိုက်တော့ ငါမမကို သွားကူ ရင်း ပြောလိုက်တော့မယ်”
မြခက်၏ ငိုရှိုက်သံကို ကျွန်မ မကြားရက်စွာ မြန်မြန်ပဲ ထွက်လာခဲ့မိသည်။ ဒီကိုကိုလေးသည် မြခက်ကို လပ်ထပ်ပေါင်းသင်းဖို့ မရည်ရွယ်ပဲ ဘာလို့များ ချစ်သူတော်ခွင့် လိုချင်ခဲ့ပါလိမ့်။မီးဖိုဆီ လာရာလမ်းမှာတော့ သစ်ပင်ချုံနွယ်တို့မှာ စိမ်းတောက်လျက်။

မမနွဲ့က မီးဖိုအနီးတွင် တဖြစ်ဖြစ်မြည်နေသော ငါးချဉ်ကြော်ဒယ်အိုးတွင် ကြက်သွန်ဖြူထောင်းကို ထည့်ပြီးမွှေ လျက်ရှိ၏။
ကျွန်မဝင်လာသည်ကို လှည့်မကြည့်ပဲနှင့်
“မြခက် ကောင်လေးက မယူချင်သေးဘူးလို့ သတင်းထွက်နေတယ်။ မမနွဲ့အနေနဲ့တော့ မြခက်ကို ချစ်သူနဲ့သာ ပေါင်းရစေချင်တယ်။ ဒါပေမဲ့ ကိုယ့်ချစ်တဲ့သူက ကိုယ့်ကိုမလိုလားဘူး ဆိုတဲ့အခါ မိန်းမတစ်ယောက်အနေနဲ့ ဘာများတတ်နိုင်ဦးမလဲ တာတာရယ်” ဟု ရေရွတ်သံလိုလို ဆိုနေလေ၏။
ကျွန်မက ခုံပုလေးပေါ်ထိုင်ရင်း ထမင်းစား စားပွဲပေါ်တင်ထားသော ကန်စွန်းရွက်စည်း တစ်စည်းကို နှီးကြိုးဖြေပြီး သင်နေလိုက်သည်။ ညကိစ္စမမကို ဘယ်လိုပြောရင် ကောင်းမလဲ အကြံထုတ်ရမည်။
“မိန်းကလေး တစ်ယောက် အနေနဲ့ အိမ်ထောင်ပြုဖို့ကိစ္စက ပိုတောင်မလွယ်သေး။ ကိုယ်က ဦးဆောင်ဦးရွက်ပြုလို့ ရတာလဲမဟုတ်။ တစ်ဖက်က မယူနိုင်သေးဘူး ပြောရင် ဘာမှမတတ်နိုင်ဘူး”
“ဒါဆို မြခက်က ဒေါ်ဒေါ်ကြီးတို့ ပေးစားမဲ့လူကိုပဲ ယူရတော့မှာပေါ့နော်…။ကျွန်မဒီလို စဉ်းစားမိတယ် မမ။ ကောင်းမလားတော့မသိဘူး ၊ခုကိုကိုလေးက မယူနိုင်ဘူးပြောတာ အမှန်ပေမဲ့ မြခက်က ရွာထဲကတစ်ဆင့် ကြားရတာမို့ ယုံချင်မှလဲ ယုံမယ် ။ သူကိုကိုလေးနဲ့ တွေ့ပြီး အပြတ်မေးသင့်တယ်။ ကိုကိုလေးဆီက မယူနိုင်ဘူး ဆိုတဲ့ စကားကို မြခက်ကြားရင် သံယောဇဉ်ပြတ်သွားမယ်။ ပူဆွေးနေစရာလဲ မလိုတော့ဘူး ။သူ့ထက်သာတဲ့လူနဲ့ ယူပြလိုက်ရုံပဲ။ ”
မမနွဲ့က မီးသွေးဖိုကို မီးသွေးထပ်ဖြည့်ရင်း
“အင်း ဒါလဲ နည်းလမ်းကောင်း တစ်မျိုးပဲ ”ပဲဟု ကျွန်မကို ထောက်ခံလေသည်။
“မြခက် အိမ်ပြန်သွားရင် ကိုကိုလေးနဲ့တွေ့ဖို့ ကိစ္စ မလွယ်တော့ဘူးမမ။ သူ့အဖေက ရွာထဲက စကားနဲ့တင် မြခက်ကို ချုပ်ချယ်နေလှပြီ။အဲဒီတော့ ဒီည သူတို့ကိုချိန်းခိုင်းပြီး ဆွေးနွေးခိုင်းလိုက်ရင်ရော မကောင်းဘူးလား မမ။ မမက လူကြီးဆိုတော့ မမဆုံးဖြတ်ပေးတာ အကောင်းဆုံးဖြစ်မယ်”
“ ဟဲ့ အိုအေ ဖြစ်ပါ့မလား တာတာရယ် ၊မမက မျက်ရေဆိုမြင်ချင်တာ မဟုတ်ဘူး။ မိမြခက် တွေ့ပြီးပြန်လာရင် ငိုနေဦးမှာကို မကြည့်ရက်ပါဘူး၊ ကွဲခန်း လွမ်းခန်းဆို ရုပ်ရှင်တောင်မကြည့်ချင်တာ၊ မဖြစ်ပါဘူးအေ…”
“ဗျာ မမကလဲ ခုခေတ်က ပြတ်ကြပြီဆိုရင် ငိုတဲ့ခေတ် မဟုတ်တော့ဘူးမမရဲ့ ၊သူ့ထက်ငါ အပြိုင် တိုးတက်ရာတိုးတက်ကြောင်း လုပ်တဲ့ခေတ်။ ကြည့်နေ မြခက်မငိုတဲ့ အပြင် စိတ်ဓာတ်တွေတောင် ပိုမာလာဦးမှာ၊ မတွေ့ဖြစ်ကြရင်သာ မင်္ဂလာပွဲမှာ ငိုနေရင် လူကြားမကောင်းဖြစ်ကုန်မယ်”
“ဒါဆိုလဲ ပြတ်ပြတ်သားသား ဖြစ်သွားအောင် သူတို့ကိုပေးတွေ့လိုက်ကြတာ ကောင်းပါတယ်။ မြခက်ကို သမီးပြောလိုက် နောက်ဖေးခြံထဲမှာပဲ ခေါ်တွေ့ပစေ..၊ ”
…အိုကေပြီ။ မမနွဲ့၏ ခွင့်ပြုချက်သည် အဓိကကျသည်။

ညနေစာကို ကျွန်မတို့ တူအရီးသုံးယောက် ဝိုင်းဖွဲ့၍ စားကြသည်။ ဟင်းတွေက အားလုံးအကြိုက် ဖြစ်သော်လည်း…….မြခက်ကတော့ ပဲဟင်းအရေကိုသာ မကြာမကြာသောက်လေ၏။ ရင်နာကာ ထမင်းမမျိုနိုင်ဖြစ်၍ ပဲဟင်းနှင့်မျှောချရသည်ကို ကျွန်မက မသိချင်ယောင် ဆောင်နေလိုက်သည်။ ကျွန်မက မြခက် စားချင်လာအောင် အားရပါးရ (စားကောင်းချင်ဟန်ဆောင်ကာ) များများ စားပြရသည်။ မမနွဲ့ကတော့ တူမနှစ်ယောက်နှင့် သမာသမတ်ကျအောင် စားပြရှာလေ၏။ မိန်းမတို့တွင် တစ်ဦးအပေါ် တစ်ဦး ညှာတာ စာနာတတ်သော မွန်မြတ်သည့် နှလုံးသားက မွေးရာပါဖြစ်ပေလိမ့်မည် ။

ထိုညတွင် မြခက်သည် မမနွဲ့၏ ခွင့်ပြုချက်အရ ကျွန်မတို့ခြံဝင်းတွင် ကိုကိုလေးနှင့် တွေ့ရလေ၏။ ရှောက်ပန်းသီးပင်တွေ ရှိသည့် ခြံတောင်ပိုင်းတွင် တွေ့၍ ကျွန်မနှင့် မမက အိမ်နောက်ဖေး အုတ်လှေကားထစ်တွေပေါ်က ထိုင်စောင့်ကြ၏။ ဝါကျွတ်ပြီဖြစ်၍ တိမ်ကင်းစင်သော ကောင်းကင်သည် လမင်းကို ပြည့်ပြည့်ဝဝ မမြင်ရသော်လည်း ကြည်စင်လျက်ရှိ၏။
ကျွန်မက မမနွဲ့ပျင်းနေမည်စိုး၍ တစ်ပိုင်းတစ်စသာရသော
လမင်းဝင်းဝင်းပပ သာသောခါ ညချမ်းမှာ မိုးထက်သို့ မျှော်ကာမျှော်ကာ ခင်ခင် မင်မင် ပြုံးကြည့်ကာ ..စသောသီချင်းကို ဆိုပြသည်။
မမနွဲ့ကတော့ မြခက် ငိုပြီးပြန်လာမှာကိုပဲ စိုးရီမ်သည် ဟု တဖွဖွဆိုနေ၏။
ကျွန်မကတော့ ပြတ်သားမှန်ကန်သော ဆုံးဖြတ်ချက်ကြောင့် ကျေနပ်နေသည့် ဟန်ကလေးနှင့် လှမ်းလာမည့် မြခက်ပုံစံကိုသာ မြင်ယောင်နေသည်။
ထိုသို့ ကျွန်မတို့ တူအရီးနှစ်ယောက် ထိုင်နေသည်မှာ အဘယ်မျှ ကြာသွားသနည်း ဆိုသော် ….
ဗူးစင်ပေါ် အိပ်တန်းတက်သော ကြက်ဖကြီး ထတွန်လိုက်မှ
“ဟဲ့ တာတာ ဘယ်နှစ်နာရီလဲ နာရီသွားကြည့်စမ်း ” မမနွဲ့သည် ကဗျာကယာဆိုလေ၏။
ထိုင်တာကြာလျင် ခြေထောက်တွေ ထုံကျင်တတ်သော အကျင့်ကြောင့် ကျွန်မသည် ထော့ကျိုး ထော့ကျိုးနှင့် အိမ်ထဲကို နာရီသွားကြည့်ရ၏။ ၁၂ နာရီထိုးပေပြီ။
“ မမရေ ၁၂ တောင်ထိုးပြီ မြခက်ပြန်မလာသေးဘူး ၊ကျွန်မ လိုက်သွားကြည့်ဦးမယ်”
ကျွန်မ မမကို ပြောလဲပြော ခြံထဲကိုလည်း ဝုန်းဒိုင်း ပြေးဆင်းခဲ့မိသည်။
ရှောက်ပန်းပင်တွေ ဘက်တွင် မြခက်တို့ကို မတွေ့ရတော့ချေ။ ဘယ်နေရာများ သွားထိုင်ကြသလဲ တွေးကာ ရှာမည်လုပ်တော့
“မြခက်ကို ကိုကိုလေး ခိုးပြေးသွားပြီ။ဘယ်မှာ ရှာတွေ့ပါတော့မလဲ တာတာရယ် ”ဟူသော မမနွဲ့၏ အသံကို ကြားလိုက်ရလေသည်။
ဟင်…….ကိုကိုလေးပဲ မြခက်ကို မယူနိုင်ဘူးပြောပြီးတော့…

“သြော် တာတာရယ် သူဒီလိုမှမပြောရင် မြခက်နဲ့ ခုလိုတွေ့ခွင့် ဘယ်ရတော့မလဲ ”

ဟင် ဒါဆို မြခက်ကို ကိုကိုလေး ခိုးပြေးမှာ မမနွဲ့ သိတယ်ပေါ့…..

ထို့ကြောင့် ထို့ကြောင့်ပင်...တစ်ဝါကျွတ်ချိန်တိုင်း သမီးရီးစားစုံတွဲများ၏ အပြောတစ်မျိုး အလုပ်တစ်မျိုးကို သတိရမိသလို အပျိုကြီးများ၏ စာနာတတ်သော နှလုံးသားကိုလည်း နားလည် အောက်မေ့ သတိရမိလေသည်။


13 comments:

ညီမ October 25, 2008 at 12:50 PM  

ပေါ်မလာတာကြာတော့ မမေအောင် ဒီတစ်ဝါတကယ်ကျွတ်သွားပြီလို့ ထင်နေတာ။ အင်း....ထင်တဲ့အတိုင်းလည်းဖြစ်နိုင်တာဆိုတော့...ဆိုတော့...

Moe Cho Thinn October 25, 2008 at 5:02 PM  

အကြံပိုင်တဲ့ ကိုကိုလေးပါလား။ :P

Anonymous October 25, 2008 at 5:20 PM  

ဖြူစင်တဲံ စိတ်ကောင်းလေးတွေကို လှလှပပ ပေါ်အောင် ရေးသွားတယ်။. အစအဆုံး ဖတ်လို့ သိပ်ကောင်းတယ်။ အဆုံးကတော့ စုံထောက်ဝတ္ထုလိုပဲ။ ဒီလို ဇာတ်သိမ်းမယ် ထင်မထားတော့ ပရိသတ် ခံလိုက်ရတယ်။ hee

PAUK October 25, 2008 at 6:43 PM  

ဝတ္ထုလေးက အလှည့် အကွက်လေးတွေနဲ့...
ဖတ်လို့ကောင်းပါ့...ဟီးး

တန်ခူး October 25, 2008 at 9:39 PM  

စာရေးသူရဲ့ ပညာနော်… ထင်တားတာနဲ့ ဇာတ်သိမ်းတာလေးက မတူတော့ ဇာတ်သိမ်းခန်းမှာ ပိုပျော်သွားတယ်… မမနွဲ့ တို့ က သွက်ပါ့… ကိုကိုလေးများ မြခက်ကို ဒီလောက်မချစ်ဖူးလားလို့ စိတ်ထဲ စနိုးစနောင့်ဖြစ်တာလေး အဆုံးကျမှ ပြုံးနိုင်တယ်…

ဇနိ October 25, 2008 at 10:41 PM  

ဖတ်လို့ကောင်းတယ် မမေအောင်ရေ..
အလှည့်လေးတွေနဲ့ပေါ့လေ

mgngal October 26, 2008 at 2:22 AM  

ကောင်းမှကောင်း ။ အဆုံးသတ်လေး ကောင်းတယ် ။
အားပေးနေပါတယ် ။
ခင်မင်လျက်
မောင်ငယ် ။

khaingzm October 26, 2008 at 3:49 AM  

မမေအောင် .. ရေးတတ်ပါပေ့ .. အရမ်းကောင်းတယ် .. စာများများရေးပေးပါလား မမရေ ..

sin dan lar October 26, 2008 at 6:04 AM  

very cool post!! :))

Yu Wa Yi October 26, 2008 at 6:17 AM  

မဇနိလေးက ပိုင်တယ်ကွာ။ ဒါနဲ့ ခြင်မကိုက်ဘူးလား ညဖက်ကြီးကို။

Republic October 26, 2008 at 7:12 AM  

မမေအောင် လည်း စာရေးကောင်းတယ်ဗျာ ၊၊ ပို့စ်ထဲ က မမနွဲ့ လို သဘောကောင်းပါစေဗျာ ၊၊

ကိုကြီးဝီ

Heartmuseum October 27, 2008 at 3:21 AM  

ဖတ်လို့ကောင်းတယ်ဗျို့....
နိဂုံးထိဆွဲခေါ်သွားတယ်။

tmn October 27, 2008 at 3:37 PM  

ဖတ်လို့ကောင်းတယ်ဗျို့... အားပေးနေပါတယ်...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP