ဂေါတမဘုရားပွဲ

>> Wednesday, October 29, 2008


အညာဒေသ ချောင်းပြင်ကျယ်ကြီးမှာ တလနီးပါးကြာအောင် ကျင်းပတဲ့ ဘုရားပွဲတခုရှိပါတယ်။ ကျွန်မတို့မြို့လေးကို အလည်လာကြတဲ့အခါ သီဟိုရ်ရှင်ဘုရားပြီးရင် ဂေါတမဘုရားကိုပါ ဆက်လက်ဘုရားဖူးသွားတတ်ကြပါတယ်။ ဂေါတမဘုရားပွဲတော်ကို ဝါဆိုလမှာကျင်းပလို့ ဝါဆိုပွဲလို့လည်း ခေါ်ကြတယ်။ ဝါဆိုပွဲတော်ကြီးဟာ အနီးဝန်းကျင်ရွာပေါင်းများစွာရဲ့ အသက်လို့လည်း ပြောလို့ရပါတယ်။ မွေးရပ်မြေကိုစွန့်ခွာပြီး အလုပ်သွားလုပ်နေကြတဲ့ ရွာသူရွာသားတွေ၊ ဝန်ထမ်းဆိုင်ရာတွေ အလုပ်များတဲ့ကြားက အိမ်ကို အရောက်ပြန်လာကြတဲ့ပွဲတော်ကြီးဖြစ်လို့ပါ။


ကျွန်မတို့မြို့ရဲ့ နယုန်ပွဲပြီးတဲ့အချိန်မှာ စဉ့်အိုးသည်၊ အဝတ်အစားသည်တွေ၊ မုန့်သည်တွေဟာ ကားကြီးကားငယ်အသွယ်သွယ်နဲ့ ဂေါတမဘုရားခြေရင်း ချောင်းပြင်ကျယ်ကြီးဆီ ရွှေးပြောင်းကြပါတယ်။ ကျွန်မတို့ကတော့ အဒေါ်တွေရှိတဲ့ရွာကို မရောက်ဖြစ်ဘူးဆိုရင် ဝါဆိုပွဲတော့ သေချာပေါက်သွားတာပါ။ အကိုတွေလာခေါ်တဲ့အခါ ဂါဝန်လေးတထည်ကို လွယ်အိမ်မှာထည့်ပြီး လိုက်သွားတတ်တယ်။ ရွာက ကလေးတွေအတွက် သကြားလုံးထုပ်၊ အဒေါ်တို့အတွက် လက်ဖက်ထုပ်နဲ့ အသက်ကြီးတဲ့ အဘွားအရွယ်တွေအတွက်တော့ သဇင်ဘီစကွတ်တို့ကို လက်ဆောင်ယူသွားရတယ်။ အမေတို့မသွားဖြစ်တဲ့အခါ ကျွန်မက လက်ဆောင်တွေပါတဲ့ ခြင်းတောင်းလေးရယ် လွယ်အိတ်လေးရယ်နဲ့ လိုက်သွားရတတ်တယ်။ ရွာရောက်လို့ လွယ်အိတ်ချရင် “ဒို့အိမ်မှာ လွယ်အိတ်မချိတ်ရဘူးနော်” လို့ အကိုတွေက စပါတယ်။ ဒါမျိုးဆို ငိုတော့တာ။ နောက်မှ သူတို့တွေ ပြန်ချော့ကြတာပါ။ သူတို့ရွာတွေမှာ ဧည့်သည်က လွယ်အိတ်လာချိတ်ရင် လွယ်အိတ်မဖြုတ်မချင်း အဲဒီအိမ်က ထမင်းကျွေးထားရတဲ့ အလေ့လေးရှိတယ်။ ညဖက်ရောက်ရင် ကလေးတွေနဲ့ ဖုန်အလိမ်းလိမ်းပေအောင် ထုတ်ဆီးတိုးကြတယ်။ အဒေါ်က မနက်ပွဲသွားဖို့ အိပ်တော့လို့ လိုက်ခေါ်မှ ကလေးတွေကစားဝိုင်းသိမ်းတော့တာ။ အိမ်ရောက်တော့ လူကြီးအားလုံး အိပ်နှင့်နေပြီ။

ကျွန်မတို့က ဘကြီးသိန်းလို့ခေါ်တဲ့ အဒေါ်ယောက်ျားက ကားနဲ့ခရီးထွက်နေတာများပါတယ်။ အဒေါ်နဲ့တအိမ်ထဲနေပေမယ့် စကားမပြောကြပါဘူး။ စကားသာမပြောတာ ပွဲတော်ရက်ဆို ဘကြီးကို အရက်၊ အမြည်းအစုံနဲ့ လိုလေးသေးမရှိလုပ်ပေးတယ်။ ဘကြီးကလည်း ဘုရင်တဆူလို အနားယူတယ်။ ကျွန်မကတော့ ဘကြီးနားကပ်ပြီး သူ့အမြည်းတွေစားရတယ်။ ဝက်သားမီးမြှိုက်ကို အိနေအောင်နှပ်ထားတဲ့ ထမင်းပွဲကလည်း ဘကြီးအတွက်အဆင်သင့်ပါ။ သူ့ခါးပုံစကာထဲမှာ ပိုက်ဆံတွေကအများကြီး။ အိတ်ထောင်ကြီးလည်း ဖောင်းနေတတ်တယ်။ “ဘကြီး“ လို့ခေါ်လိုက်ရင် “ဝေး မုန့်ဖိုးလား ရော့” လို့ အမြဲပေးတယ်။ ပွဲတော်သုံးဖို့ဆိုပြီး ဘကြီးပေးတဲ့မုန့်ဖိုးက အများကြီးရတော့ သိပ်ချစ်တာ။ ဘကြီးက ဝတော့ နေ့ခင်းဖက်အိပ်တာကို ခလူး ခလောနဲ့ အိပ်ရင် ကျွန်မက တခွိခွိနဲ့ အလိုလိုရယ်လို့ အစ်မတွေက မျက်လုံးပြူးပြကြတယ်။ သူတို့က သူတို့အဖေကို ကြောက်တာကိုး။ ဘုရားပွဲလာလည်ကြတဲ့ မြို့က ဧည့်သည်တွေနဲ့ ရွာလေးက စည်ကားလှတယ်။ အဒေါ်တို့အိမ်ဆို အပေါ်ထပ်အောက်ထပ် အပြည့်ပဲ။ စောင်တွေတထပ်ကြီးရှိပေမယ့် လူများတော့ ဦးနိုင်မှာ စောင်ရတာ။ ကျွန်မလို ကစားမက်နေရင် ညကျ ဘယ်နားသွားအိပ်ရမှန်းကို မသိတော့ဘူး။ ဒါပေမယ့် မနက်စောစောထရမှာဆိုတဲ့အသိနဲ့ မြန်မြန်အိပ်ပျော်သွားတာပါပဲ။

မနက် (၂) နာရီလောက်ဆို လူကြီးတွေက ဆွမ်းထချက်ကြပြီ။ ရွာလယ်ဇရပ်မှာ ဒန်အိုးအကြီးကြီးတွေနဲ့ ဆွမ်း၊ ဟင်း စုကြရတယ်။ လပြည့်နေ့မှာ ဘုရားဆွမ်းသွားကပ်ကြဖို့ ရည်ရွယ်လုပ်တာပါ။ လပြည့်နေ့ မနက် (၄) နာရီဝန်းကျင်ဆိုရင်တော့ ရွာတောင်ပိုင်းမှာ ကားတစီး၊ မြောက်ပိုင်းမှာ ကားတစီးနဲ့ လူတွေအုံးအုံးကျွက်ကျွက်ဖြစ်နေကြပါပြီ။ အပျိုအရွယ်မိန်းကလေး ယောကျာ်းလေးတွေက စက်ဘီး၊ ဆိုင်ကယ်၊ ခြေလျင်သွားကြပြီး အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေအတွက် ကားကိုဦးစားပေးပါတယ်။ ကားနှစ်စီးကလည်း “တီ တီ ပွမ် ပွမ်” အပြိုင်တီး လူစုနေတာ။ ကားခမပေးရပါဘူး ရွာက ကားပိုင်တွေ စေတနာအလျောက် လိုက်ပို့ကြတာပါ။ ကားဟွန်းသံကြားလိုက်ရင် အကျီင်္လဲနေရာက ထပြေးချင်နေတော့တာ။ နေရာဦးချင်လို့လေ။ တကယ်တော့ နေရာဦးလည်း မရပါဘူး အားလုံးမတ်တတ်ရပ်လိုက်ရတာ မလို့လေ။ ကားတွေထွက်သွားပြီဆို ရွာထဲမှာ အသက်အတော်ကြီးတဲ့သူတွေပဲ ပွဲပြန်တွေမျှော်ကျန်ခဲ့တော့တာပေါ့။ လမ်းချိုင့်ခွက်ရှိတဲ့နေရာဆို “ဂျိမ်း ဂျောင်း” နဲ့ ကားကြီးမြည်တဲ့အခါ “ဝေး ဟေး ဟေး” နဲ့ ဆူညံသွားအောင် အော်ကြရတယ်။ တခြားရွာက လာတဲ့ ကားတွေနဲ့ အပြိုင်လည်း မောင်းကြတယ်။ ကျွန်မအဒေါ်တို့ရွာလေးတင် မဟုတ်ပါဘူး။ ရွာနီးချုပ်စပ် ဘုရားပတ်ဝန်းကျင်တွေ အကုန်လာကြတာပါ။

အသက်လေးကြီးလာတဲ့အခါ လမ်းလျှောက်သွားရတာ ပိုသဘောကျမိပါတယ်။ (၁) နာရီလမ်းလျှောက်သွားရပေမယ့် မမောပါဘူး။ လမ်းတလျှောက်ရွာတွေက သောက်ရေအိုးတရွှဲရွှဲ ရေမပြတ်ကုသိုလ်လုပ်နေကြတယ်။ ရေတွင်းနဲ့ ရေချမ်းစင်တွေက ကပ်လျက်ဆိုတော့ ကြုံတဲ့သူက ရေခပ်ထည့်ကုသိုလ်ယူကြတာပါ။ ထန်းပင်တွေသိပ်ပေါတဲ့ အညာဒေသမှာ ထန်းလျက်ကလည်း ဖြူဖြူဖွေးဖွေးလေးတွေ မွှေးလှတယ်။ ကျွန်မတို့မြို့မှာ အဒေါ်တို့ရွာက ထန်းလျက်က နာမည်ကြီးတယ်။ ထန်းလျက်ဖြူဖြူတွေကို ထန်းလျှော်တောင်းကြီးတွေနဲ့ ရေချမ်းစင်ဘေးမှာ ပွဲသွားပွဲပြန်တွေ စားသုံးနိုင်တယ်။ ထန်းတောတွေကြားက မုန့်ပြားသလက်၊ ဘယာကြော်ဆိုင်တဲလေးတွေလည်း ရှိတော့ မက်မက်မောမော စားရတာ ပျော်စရာတမျိုးပါ။ တဲထဲမှာ အကြော်ကြော်နေပြီး တဲရှေ့တလင်းဖြူဖြူက စားပွဲပုလေးတွေ လူအပြည့်ပါပဲ။ မုန့်ပျားသလက်ကို စောင့်နေကြတဲ့ ပန်းကန်တွေတန်းစီနေတာ။ မုန့်ရလာရင် အကြော်ဒယ်ဘေးက မြေအိုးနဲ့ထည့်ထားတဲ့ ဆီကို ကြိုက်သလောက်ခတ်ပြီး ဆမ်းယူလာရုံပဲ။ စားပွဲမှာ ထိုင်မစားချင်ရင် မြက်တောထဲခြေပစ်လက်ပစ်နားရင်းလည်း စားလို့ရတာပါပဲ။ မိုးပြဲဒယ်ကြီးနဲ့တည်ထားတဲ့ ရေနွေးတွေကလည်း ပြတ်တယ်မရှိပါဘူး။

ဝါဆိုလဆိုတော့ လက်ယက်ရေတွင်းလေးတွေလည်း ပွဲဈေးတန်းပတ်လည် ပေါပါတယ်။ ဈေးသည်တွေနဲ့ ပွဲက မင်းသားမင်းသမီးတွေပါမကျန် လက်ယက်တွင်းက ရေကို သောက်ကြပါတယ်။ မြို့က လာလည်ကြသူတွေကတော့ လက်ယက်ရေတွင်းလေးကို သဘောတကျငေးမောကြရတယ်။ ရန်ကုန်မြို့မှာ အလုပ်သွားလုပ်ကြတဲ့ ကိုရွှေတောသားများကလည်း နေကာမျက်မှန်တကား၊ ရေမလျှော်ရသေးတဲ့ ပုဆိုးနဲ့ ရှိုးပေးကြတာ အပြိုင်အဆိုင်ပေါ့။ ရွာထဲမှာဆို ဝါဆိုလဆန်းပိုင်းကတည်းက ပွဲတော်အမှီ အိမ်ပြန်လာကြသူတွေ တဖွဲဖွဲရှိတာ။ “ဘယ်သူ့သားကတော့ ငွေတသောင်းပါတယ်”တဲ့။ “ဟယ် ဘယ်သူက ရွှေလက်စွပ်ကြိးနဲ့တော့” ဆိုပြီး ရွာဓလေ့အရ ပါလာတဲ့စာရင်း တရွာလုံးသိကြတယ်။ အသားမဲမဲမှာ ဂျင်းရှော့ပင်ဝတ်ပြီး ရှိုးအပြည့်ထုတ်တဲ့ ရွာသူမမတွေလည်း ရှိသေး။ ဘာပဲဖြစ်ဖြစ် တရွာသူကို တရွာသားက ပိုးကြ၊ ငမ်းကြနဲ့ သူတို့ဓလေ့က ပျော်မွေ့စရာပါ။ တချို့ ကာလသားတွေက မင်းသမီးနဲ့နီးစပ်ချင်လို့ ထမင်းဖိတ်ကျွေးတာလဲ အလုအယက်။ ရွာက ရမ်းကုဒေါက်တာလူပျိုကြီးဆို မင်းသမီးပြန်သွားတော့ ကြွေကျန်နေခဲ့လို့ “ပရော်ဖက်ဆာ ဒေါက်တာကြွေသီး” ဆိုတဲ့ နာမည် ရခဲ့ဖူးသေးတယ်။ မြို့ကလူတွေ ဘယ်အိမ်မှာ ဧည့်သည်ရောက်နေတယ်ကြားရင် ချောင်းကြည့်ကြတဲ့သူတွေလည်း ရှိတယ်။ ညနေခင်းဆိုရင်တော့ နီးစပ်တဲ့ရွာတွေမှာ ဧည့်သည်တွေနဲ့ စည်ကားနေတော့တယ်။ မြို့ကလူတွေလည်း တောဓလေ့သိရနဲ့ မြို့နဲ့တောရွာကို ဖလှယ်တဲ့ ပွဲတော်လေးနဲ့လည်း တူလှတယ်လို့ စိတ်မှာထင်မိပါတယ်။

ပွဲတော်ကိုရောက်ရင် ဘုရားကို အရင်ဦးချကြတယ်။ ပွဲဈေးတန်းတွေလျှောက်ကြ၊ ရဟတ်တွေစီးကြပေါ့။ ပူပြင်းလှတဲ့အညာနေရယ် ချောင်းပြင်မှာခင်းတဲ့ပွဲဈေးတန်းရယ်နဲ့ ရွာသူအပျိုချောတွေခမျာ ဖြူရာမှညို၊ ညိုရာမှပြာကြပြီ။ မည်းပြာနေကြတဲ့အပျိုတွေကို မချောဘူးလို့များ သွားမပြောလေနဲ့။ သူတို့ဆိုင်ရာပိုင်ရာများက ခပ်လှမ်းလှမ်းမှာ ပြုံးပြုံးကြီးတွေ ရှုစားနေတာ တွေ့ရလိမ့်မယ်။ နေပူလို့ ချွေးဒီးဒီးကျနေလည်း တနေကုန်အောင်တော့ ပွဲဈေးပတ်ကြသေးတာ။ ညနေစောင်းမှ ပြန်ကြတယ်။ တချို့လည်း ညပွဲပါကြည့်ကြတာကိုး။ ထန်းလျက်နဲ့ မုန်ဖတ်သာပါတဲ့ မုန့်လက်ဆောင်းသည်ဆိုတာ ဖန်ခွက်မလောက်အောင် ရောင်းကောင်းရှာတယ်။ ပွဲဈေးပတ်လို့ ပင်ပန်းရင် ဘုရားခြေရင်းက ဇရပ်ကြီးထဲမှာ ကိုယ့်ရွာအလိုက် စုရပ်လေးတွေလုပ် နားခိုကြတယ်။ အဲဒီဇရပ်ဝိုင်းထဲမှာပဲ အသက်ကြီးသူတွေ စိးပွားရေးလုပ်ကြတာပေါ့။ ကိုယ့်အိမ်က ထွက်တဲ့ အထည်လေးတွေ စောင်လေးတွေယူလာ၊ ကျွန်းထဲကဈေးသည်တွေက ငရုတ်သီးခြောက်၊ ဆေးရိုး၊ ဆေးရွက်တွေယူလာပြီး ငွေသားမပါ ပစ္စည်းချင်း အလဲအလှယ်လုပ်ကြတယ်။ ရှေးခေတ် ခပ်စောစောအချိန်တွေတုန်းကဆို အဒေါ်တို့ပွဲဈေးသွားရင် ငွေမပါဘူးတဲ့။ အထည်အလိပ်တွေရွက်သွားပြီး အပြန်မှာ အိမ်အတွက်လိုတဲ့ ငရုတ်၊ ဆေးရွက်၊ အဝတ်အစားတွေ ပါလာတော့တာလို့ပြောပါတယ်။ ပွဲဈေးတန်းက စဉ့်အိုးသည်ကအစ ပစ္စည်းချင်းလဲလှယ်ကြတယ်။ မြို့ဖက်ကလာတဲ့ ဈေးသည်တွေဆိုတော့ ရွာကထွက်တဲ့ ချည်ကြမ်းထည်၊ ချည်စောင်၊ ချည်သဘက်တွေကို မက်မောကြတယ်နဲ့ တူပါတယ်။ ဆေးရိုး၊ ဆေးရွက်တွေဆိုတာ ကျွန်းဖက်က ထွက်တာပါ။ ပွဲဈေးကလဲလှယ်လာတဲ့ ဆေးရွက်တွေကို ဖက်ဆေးလိပ်လုပ်သောက်ကြတယ်။ စဉ့်ထည်၊ မြေထည်ပစ္စည်းတွေက ၀ါဆိုလပြည့်ခါနီးလေ ဈေးချိုလေပါပဲ။ ၀ါဆိုပွဲပြီးရင် တခြားကိုကူးဖို့ ပွဲဆက်က ဝေးလေတော့ ဒီပွဲမှ အကုန်ရောင်းတော့တာ။ တချို့ဆို မကုန်ရင် ချောင်းပြင်မှာချန်ထားခဲ့လို့ ပွဲပြီးအရင် မြေထည်အကွဲအရှ၊ ရောင်းမကုန်တာတွေတွေ့ရတတ်ပါတယ်။

တချို့ငွေကြေးတတ်နိုင်တဲ့သူတွေက ဘုရားပွဲမတိုင်ခင် အတော်ခပ်လှမ်းလှမ်းကစပြီး ချည်ထည်တွေ ရက်လုပ်ပြီးစုထားတယ်။ ပွဲဈေးမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းလေးတွေနဲ့ လဲယူရအောင်လို့တဲ့လေ။ ကျွန်မအစ်မကစက်ချုပ်တော့ ဝါဆိုပွဲအမှီအထည်အပ်တာတွေ တပုံတပင်ပါ။ ကလေးလူကြီးအားလုံး ပွဲသွားဝတ်ဖို့ချုပ်ကြတာ။ အစ်မက အပျိုကြီးဆိုတော့ သူ့စက်ချုပ်ခတွေ စုထားတယ်။ နှစ်စဉ်ဝါဆိုပွဲရက်မှ စုဘူးဖောက်တတ်တယ်။ ဘယ်လောက်များလဲဆို သူစုဘူးတခါဖောက်ရင် ရွှေအတော်များများဝယ်နိုင်တယ်တဲ့။ စက်ချုပ်သင်တဲ့သူတွေ အကျီင်္လာအပ်သူတွေနဲ့ စည်ကားနေတဲ့အဒေါ်တို့အိမ်ပါ။ ဒါပေမယ့် လဆန်း (၁၄) ရက်ကစပြီး ဘယ်အထည်မှ မချုပ်ပေးတော့ပါဘူး။ သူက အပျိုခေါင်းဆောင်ဆိုတော့ ပွဲကြည့်ဖို့ ပွဲသွားဖို့ စီစဉ်နေရပြီကိုး။ အကျီင်္လောက်ပဲချုပ်ပြီး လုံချည်ကတော့ ကိုယ်တိုင်ရက် ချည်ချောလုံချည်လေးတွေနဲ့လည်း တမျိုးချောတဲ့ အပျိုလေးတွေပါ။

ဝါဆိုပွဲတော်ကြီးမှာ မြို့သူမြို့သားတွေပါမကျန် တခုတ်တရ စားလေ့ရှိတာက “လက်သုပ်”ပါ။ ကျွန်မတို့အညာဖက်မှာ မုန့်ဟင်းခါးကို ဟင်းရည်နဲ့ဆို “အရည်ဖျော်”၊ မုန့်ဖတ်သုပ်ကို “လက်သုပ်”လို့ ခေါ်ကြတယ်။ မုန့်ဟင်းခါးဆိုင်မှာ “အရည်ဖျော်တပွဲပေးပါ” “လက်သုပ်လေးပေးနော်” လို့ မှာနေကြတဲ့ အညာသူအညာသားတွေကို တွေ့နိုင်ပါတယ်။ ဝါဆိုပွဲမှာ လက်သုပ်ဆိုင်တွေ တတန်းသီးသန့်ရှိတယ်။ နီးစပ်ရာရွာတွေက လာရောင်းကြတာပေါ့။ တချို့လည်း ကိုယ့်ရွာက အသုပ်ဆိုင်ကို အားပေးကြတယ်။ တချို့ကတော့ စားကောင်းတဲ့ နာမည်ရဆိုင်မှာ စားကြတယ်။ နာမည်ရဆိုင်တွေဆို နှစ်စဉ်ဈေးဆိုင်လာရောင်းတာ ဆယ်နှစ်နီးပါးရှိတယ်ဆိုပဲ။ လက်သုပ်ဆိုတာ မုန့်ဟင်းခါးဖတ်ကို ပဲဟင်းပျစ်ပျစ်ရယ် ပဲမှုန့်ရယ် ဆီချက်ရယ်နဲ့ သုပ်ထားတာပါ။ ဘာမှထူးထူးထွေထွေမပါပေမယ့် ဘယ်လိုစားလို့ကောင်းမှန်းမသိအောင် နာမည်ကြီးပါတယ်။ နံနံပင်လတ်လတ်ဆတ်ဆတ်နဲ့ သံပုရာသီးစိပ်က လိုသလောက်ထည့်စားပေါ့။ မြို့ကလူတွေဆိုရင် ဝါဆိုပွဲကို လက်သုပ်သွားစားကြအောင်လို့ ပြောလေ့ရှိကြတယ်။ ဝက်အူချောင်းကြော်ကလည်း နာမည်ကြီးသကိုး။ အဲဒီဒေသက ဝက်အူချောင်းနာမည်ကြီးတော့ ပွဲပြန်ရင် လက်ဆောင်အဖြစ် မြို့ကဧည့်သည်တွေ မမေ့အောင်ဝယ်သွားတတ်ကြတယ်။ အဲ မုန့်ဟင်းခါးဆိုင်တွေမှာ မုန့်ဖတ်ပြင်နေတဲ့သူတွေကိုတောင် မမြင်ရအောင် ဝက်အူချောင်းတွဲတွေ တွဲလွဲချိတ်ဆွဲထားတာကလည်း ဂေါတမဘုရားပွဲမှာ အထင်ကရတခုဖြစ်နေပါတော့တယ်။ မုန့်ဖတ်သုပ်ကို ဘယ်ချိန်စားချင်စားချင် ဝယ်စားနိုင်တဲ့ ဈေးဆိုင်တွေရှိပေမယ့် ပွဲခင်းက လက်သုပ်ကမှ သဲတရှပ်ရှပ်နဲ့ အရသာပိုရှိတယ်လို့ အစွဲလေးတွေရှိကြသေးတာ။ ဝါဆိုလလေတဖောင်ဖောင်နဲ့ ချောင်းပြင်မှာရောင်းတဲ့ မုန့်ဆိုင်ဆိုတော့ ချောင်းသဲလေးတွေ ပါပေမပေါ့လို့ တွေးမိလိုက်သေးတယ်။

စတူဒီယိုခန်းလို့ခေါ်တဲ့ ဓါတ်ပုံဆိုင်တွေကလည်း ပေါများလှတယ်။ ရွာသူရွာသားတွေက စတိုင်လ်အမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်ကြတာ။ ဝါဆိုပွဲမှာ ဓါတ်ပုံရိုက်ချင်လို့ ပိုက်ဆံလေးတွေ စုထားကြတယ်။ “အသားဖြူဖြူလေးဖြစ်အောင် ရိုက်ပေးနော်” လို့ ပြောလာကြသူတွေကို “ဟာဗျာ အသားဖြူတာတော့ မင်းသမီးခင်သန်းနုလေးလိုပဲ” လို့ ပြန်ပြောကြတဲ့ ဆိုင်ရှင်တွေနဲ့ လိုက်ဖက်ညီနေကြတာပါ။ တချို့တွေက လှည်းနဲ့ လာကြတယ်။ လှည်းဝိုးကြီးမှာ ရွာစုလိုက်လှည်းတွေစုပြီး နားကြ၊ ပါလာတဲ့ထမင်းထုပ်တွေ စားကြနဲ့ စည်ကားလှတယ်။ ရွာက အပျိုလူပျိုတွေအနေနဲ့ ဘယ်ရွာက ဘယ်သူ့သမီးကတော့ အတော်ချောတဲ့အကြောင်း၊ ဟိုကောင်မလေးဆံပင်အမောက်က မြို့မှာသွားလုပ်လာတဲ့အကြောင်း မမောနိုင်အောင် ဖလှယ်တဲ့နေရာလည်း ဖြစ်တာပေါ့။ ရွာကိုစောင့်ရှောက်တဲ့ ကာလသားတွေကလည်း သူတို့ရွာသူကို လာပတ်တဲ့တခြားရွာသားကို ရန်တစောင်စောင်နဲ့ ဟန်ရေးပြနေတာတွေလည်း ရှိပါရဲ့။

အသက်ကြီးပိုင်းတွေက ပါလာတဲ့ ဖက်ဆေးလိပ်သောက်ရင်း “မတွေ့တာကြာလှပြီ”၊ “ညည်းက ဘယ်သူ့သမီးလေးလဲ”၊ “မချစ်မယ်ကြီး နေကောင်းရဲ့လားအေ” နဲ့ ဆွေမျိုးစပ်တဲ့အလုပ်ကို တပြုံးပြုံးနဲ့လုပ်နေကြတယ်။ ကျွန်မတို့အဘွားကတော့ “ဟဲ့ ငကျေး၊ ငရေး၊ ငခွေး လက်ဖက်အုပ်ပါတယ် လာစားရင်း ရေနွေးလာသောက်အုံး” လို့ သူ့သူငယ်ချင်း အဘိုးကြီးညီအစ်ကိုကို ဖိတ်ခေါ်တာ ငယ်ငယ်က ကြားဖူးနေကြပါ။ အဲဒီညီအစ်ကိုက အဘွားနဲ့သူငယ်ချင်းတွေဖြစ်တဲ့အကြောင်း အိပ်ယာဝင်ပုံပြင်မှာ ဆွေမျိုးစပ်ပြလို့ သိနေကြတယ်။ ကျွန်မတို့ကလေးတွေ ညအိပ်ခါနီးရင် “အဘွား ဟို ငကျေး၊ ငရေး နောက်ပြီး ဘယ်သူရယ်” လို့ သိသိကြီး မသိယောင်ဆောင် အဘွားရဲ့ ပုံပြင်တွေ ထွက်လာအောင် အစ်ခဲ့ကြဖူးတယ်။ တခါတလေ သိပ်အိပ်ချင်နေတဲ့အခါမျိုး၊ မနက် မိုးမလင်းခင် အိပ်ကောင်းနေတုန်းမျိုး အဘွားဆွေမျိုးစပ်ရင်တော့ “အဘွားရာ ဒါတွေသိပြီးသားတွေ” လို့ မြန်မြန်ပြောပြစ်တတ်တယ်။

ဘုရားနားပိုနီးတဲ့ရွာတွေမှာ အုန်းတောတွေ ကွမ်းခြံတွေလည်း ပေါများလှတယ်။ ကွမ်းခြံတွေစိမ်းညိုပြီး အလယ်မှာ ရေတွင်းက လက်တဖောင်လောက် အနက်ရှိတာ။ ရေတွင်းဘေးမှာ ကျောက်ဖြာနဲ့ ရေကန်ဝိုင်းလေးတွေက တရွာလုံး ဘယ်သူမဆို ရေလာချိုးလို့ရတယ်။ ပွဲတော်ရက်ဆို အတန်ငယ်လှမ်းတဲ့ရွာကလူတွေ၊ မြို့ကလာတဲ့ဧည့်သည်တွေအတွက် ဝင်ရောက်နားခိုရာ နေရာတွေဖြစ်နေတယ်။ ရေအေးအေးလေးချိုးပြီး သနပ်ခါးမွှေးမွှေးအေးအေးလေးလည်း လိမ်းနိုင်ဖို့ ကျောက်ပျဉ်နဲ့သနပ်ခါးတုံးလည်း ရေကန်ဘေးမှာ ထားပေးထားတယ်။ ရေမိုးချိုးပြီးရင် ရေနွေးပွဲကလည်း အဆင်သင့်ပဲ။ ပဲစိမ်းငုံစေ့ပြုတ်သုပ်က အငွေ့လေးတထောင်းထောင်း၊ အုန်းသီးဆံလည်းပါရဲ့။ အုန်းသီးဆိုတာ အခိုင်လိုက်ချိုင်ထားတယ်။ အုန်းရေလည်း ကြိုက်တတ်ရင် အဝသောက်နိုင်တယ်။ အုန်းထန်းလျက်၊ နှမ်းဖတ်ထန်းလျက်၊ ပေါက်ပေါက်ထန်းလျက်ဆိုတာ သိပ်စားကောင်းတာ။ ပေါက်ပေါက်ထန်းလျက်ဆိုလို့ ပေါက်ပေါက်ကို ယောနယ်ဖက်က ဝယ်ရတာပါ။ အကိုတို့ကားပြန်လာရင် ယောဖက်က ပေါက်ပေါက်အိတ်တွေပါလာတယ်။ ဝါဆိုပွဲနားနီးရင် ဧည့်သည်တွေတည်ဖို့ အိမ်တိုင်းနီးပါး ပေါက်ပေါက်ထန်းလျက်ခပ်ကြတယ်။ အဲဒီအချိန်ဆို အဒေါ်တို့အိမ်က ပေါက်ပေါက်အိတ်တွေ ခဏချင်းကုန်သွားရော။ တချို့တွေက “ကြီးဒေါ်ရေ ကျွန်မတို့အတွက် ပေါက်ပေါက်မရလိုက်လို့ တပြည်စ နှစ်ပြည်စ ဝေပါအုံး” နဲ့ လာလုပ်ရတာ။ အဒေါ်လည်း အိမ်အတွက်ချန်ထားတာပါမကျန်အောင် ဝေမျှသုံးရတော့တာပေါ့။ ပေါက်ပေါက်ထန်းလျက်ဆိုတာ လက်သီးဆုပ်ခပ်ကြီးကြီးလောက်ရှိတယ်။ ထန်းတောက ခတ်ပြီးလာစဆို ပွပွလေးနဲ့ စားလို့ပိုကောင်းပါတယ်။ မြို့က သားသမီးတွေပြန်ရင် မိတ်ဆွေတွေပြန်ရင် လက်ဆောင်ထည့်ပေးဖို့ ခြင်းခြားတောင်းကြီးနဲ့ ထန်းလျက်တွေထည့်ထားရတယ်။ ကျွန်မငယ်ငယ်က ပူပူနွေးနွေးပေါက်ပေါက်ဆုပ်ဆို မနားတမ်းယူစားနေခဲ့တာ။ ပေါက်ပေါက်ထန်းလျက်က လေသလပ်ရင် နည်းနည်းမာသွားလို့ သိပ်စားမကောင်းတော့ပါဘူး။

ပွဲတော်ကို (၁) နာရီလောက် သွားရတယ်ဆိုပေမယ့် လမ်းတလျှောက်ချောင်းပြင်မှာ တမေ့တမောထိုင်နားပြီးမှ သွားရတာပါ။ လမ်းတလျှောက်မှာ ပွဲပြန်ကလေးတွေရဲ့ မြေဂျိုးရုပ်မှုတ်သံတွေက တဝီဝီနဲ့ ပျော်စရာကောင်းနေပါတော့တယ်။ မြို့အပြန်မှာတော့ ထန်းလျက်မျိုးစုံ၊ အုန်းသီး၊ သင်္ဘောသီး၊ သနပ်ခါးစတာတွေကို မနိုင်မနင်းသယ်ပေတော့။ “ဂေါတမဘုရားကြီးသို့” ဆိုတဲ့ မုဂ်ဦးကို လက်ပြ၊ ဂေါတမချောင်းကို ငေးမောပြီး နောင်နှစ်လည်း လာအုံးမယ်ဆိုတဲ့အတွေးနဲ့က လူတိုင်းရင်ထဲ ကပ်ပါလာခဲ့တော့တယ်။

မဇနိ

9 comments:

PAUK October 29, 2008 at 7:25 PM  

သွားချင်တယ်..
သွားချင်တယ်...
နိနိရေ..
လိုက်ပို့ပေးပါ..
ပေါက်ပေါက်ဆုပ်ထန်းလျက်လည်းစားချင်တယ်..
လက်သုပ်လည်းစားချင်တယ်(မေမြို့ ထ၄ ကျောင်းမှာ
မုန့်စားတန်းက အဒေါ်ကြီးဆိုင်မှာလည်း အမြှုပ်နဲ့
မုန့်ဖတ်သုတ်ရတယ်တော့)အဟီး ဗိုက်ဆာလာပြီ

khin oo may October 29, 2008 at 7:43 PM  

“အရည်ဖျော်တပွဲပေးပါ” “လက်သုပ်လေးပေးနော်”
စားချင်တယ် စားချင်တယ် စားချင်ပါတယ်ကွယ်။ပန်းကန်ကြီးပါ မြိုချချင်တာဘဲ။

Republic October 30, 2008 at 5:01 AM  

မမကွိရဲ့ အညာဓလေ့တွေ ပွဲတော်တွေ အကြောင်း ဖတ်လို့ အရမ်းကောင်းပါတယ် ၊၊ ပြည့်ပြည့် စုံစုံ နဲ့ ပုံပေါ် အောင်ရေးနိုင်တဲ့ မမကွိရယ်ပါ ၊၊ မမကွိ စာတွေ ဖတ်ပြီး အညာကျေးလက်ဓလေ့တွေ တော်တော်ရင်းနှီးနေပီ ၊၊ ကြုံရင်တော့ မမကွိ အိမ်ဝင်ပြီး လွယ်အိတ်ဝင်ချိတ် အုံးမယ်ဗျာ ၊၊ ကွိကွိ

ကိုကြီးဝီ

Moe Cho Thinn October 30, 2008 at 8:59 AM  

အင်မတန်ချစ်စရာကောင်းတဲ့ အညာကို မမေ့တဲ့ အညာသူလေးပါလား နိနိရယ်။

လင်း October 30, 2008 at 9:40 AM  

ဘလော့ဂါတွေ အားလုံးကို စုပြီး တခါလောက် အဲဒိဘုရားပွဲကို ခေါ်သွားပါလားဟင်။ ပျော်စရာသိပ်ကောင်းမှာဘဲ

မောင်မျိုး October 30, 2008 at 12:38 PM  

ဟုတ်တယ် အညာက ကထိန်ကိုတစ်ခါလောက်တော့ နွှဲချင်တယ် ပျော်စရာကြီးနေမှာ။ မမနိအကြောင်းကတော့ပြောမဆုံးပေါင် တောသုံးကောင်ပဲနော့်း) ပုံလေးတွေအရမ်းချစ်ဖို့ ကောင်းတာပဲ ။

Ko Boyz October 30, 2008 at 3:11 PM  

တစ်အားကို သဘောကျသွားပါတယ်...။ အညာက ပွဲတွေကို ကျောင်းတက်တုန်းက သူငယ်ချင်းတွေနဲ့ သူတို့ဖိတ်လို့ လိုက်သွားဖူးတယ်...။ သူ့အရပ်နဲ့ သူ့ဓလေ့ကတော့ ပျော်စရာကောင်းပါ့...။

nu-san November 2, 2008 at 4:48 PM  

မဇနိရေ.. လာလည်ပြီး လွယ်အိတ်လာချိတ်မယ်နော်.. မပျော် ၃ လ ပျော် ၆ လပေါ့.. ထမင်းကျွေးမယ်မဟုတ်လား.. :) အညာဓလေ့တွေ ဖတ်ရတော့ မရောက်ဖူးတဲ့ အညာဒေသကို အရမ်းလာချင်တယ်... တကယ်လာလည်ချင်တာ... :D

မြစ်ချေသူ November 5, 2008 at 1:08 PM  

မဇနိရေ

တော်တော်လေးကို လွမ်းသွားပါတယ်။ ရွာကိုပြောတာပါ။ ပြာသိုဘုရားပွဲအကြောင်းလေးကောရေးပြီးသွားပြီလားမသိဘူး...
ဂေါတမ ဘုရားပွဲသွားရင်တော့ ဖုန်တလူးလူးနဲ့ နေပူကျဲကျဲအောက်မှာ ချွေးတီးတီးနဲ့ ချေကျင်လမ်းရှောက်ပြီးချီတက်ခဲ့ရတာ ကိုပဲ ပြန်မြင်လာပါတော့တယ်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP