ငယ်ငယ်က မယ်မျှင်

>> Thursday, October 23, 2008



“သွက်လက်ချက်ချာတဲ့ မယ်မျှင်” လို့ ကိုဇနိခဏခဏပြောတာနဲ့ ကြားဖူးနေတာပါ။ ကိုယ်တိုင်တော့ မယ်မျှင်အကြောင်းကို မဖတ်ဖူးပါဘူး။ ကျွန်မငယ်ငယ်ကအကြောင်းတွေ မရိုးနိုင်လောက်အောင် ပြောပြတဲ့အခါ ကိုဇနိက သဘောတွေကျနေတတ်တယ်။ တခါတလေ ပြောပြနေရင်းနဲ့ “မယ်မျှင်လေး မျှင် မျှင်လေး” လို့ စတတ်ပါတယ်။ ဆရာတွတ်ပီရဲ့ မသေးမျှင်တော့ မဟုတ်ပါဘူးနော်။


မယ်မျှင်ငယ်ငယ်က အခုနဲ့ နေထိုင်ပုံတွေ တခြားစီပါ။ လူနှစ်ယောက်လား ထင်ရလောက်အောင် ငယ်ငယ်က သွက်လက်ချက်ချာပြီး အခုတော့ ထုံထိုင်းထိုင်း၊ စကားလည်းမသွက်တော့ပါဘူး။ ခင်ခင်မင်မင်စကားတွေ ဝေဆာနေအောင် မပြောတတ်ဘဲ တခွန်းလောက်ပြောပြီးရင် ဘာမှပြောစရာမကျန်တော့သလို ပါးစပ်ကြီးပိတ်နေတတ်တယ်။ ကျောင်းပိတ်လို့များ အိမ်ပြန်ရင် အိမ်မှုကိစ္စတွေသာ ကုန်းရုန်းလုပ်ပြီး အပြင်ကို မထွက်ဖြစ်ပါဘူး။ အိမ်နားလည်း ဘယ်မှမသွားဖြစ်တော့ တချို့တွေကပြောကြတယ် “အလည်ပြန်လာတာလည်း မသိလိုက်ဘူး ပြန်ခါမှ မြင်လိုက်ရတယ် ဘယ်တုန်းက ပြန်လာတာလဲ” တဲ့။ “ကျောင်းသူကြီးက မာနတွေကြီးသွားတာလား မသိဘူး” လို့လည်း အမေးခံရပါတယ်။ သူတို့တွေမေးတာ မလွန်ပါဘူး။ ကျွန်မငယ်ငယ်က မယ်မျှင်လိုသွက်လက်ချက်ချာခဲ့တာ သူတို့မျက်စိရှေ့တင်ကိုး။

ကိုယ့်ဟာကိုယ် ပါလေရာလုပ်ခဲ့တဲ့အကြောင်းတွေ မှတ်မိတာတွေရှိသလို ငယ်လွန်းတဲ့အချိန်က မမှတ်မိတာတွေလည်း ရှိခဲ့တယ်။ မမှတ်မိပေမယ့် စိတ်တော့မပူရဘူး။ အထောက်အထားတွေက အိမ်နားမှာ ပြေးမလွတ်ဘူးရယ်။ ကျွန်မတို့အညာမှာ ဓါတ်ပုံတွေကို မှန်ဘောင်သွင်းပြီး ထရံကာအိမ်လေးတွေရဲ့ နံရံမှာ ချိတ်ထားတတ်ကြတယ်။ မိသားစုပုံတွေ အလှူမင်္ဂလာပုံတွေ ချိတ်ဆွဲထားကြတော့ ဒါတွေက မယ်မျှင်လုပ်ခဲ့တဲ့ သက်သေတွေ လာဖြစ်နေတယ်။ ဘယ်အိမ်သွားကြည့်ကြည့် အလှူမင်္ဂလာပုံတွေရှေ့ဆုံးမှာ ဒူးလေးထောက်ပြီး စံပယ်ပန်းလေးပန်ထားတဲ့ မယ်မျှင်ပုတုကွေးကို တွေ့ရပါတယ်။ ငယ်ငယ်က အကိုဝမ်းကွဲတောင်ကြီးပြန်လက်ဆောင် ဂါဝန်အနီရောင်လေးနဲ့ နေရတကာပါခဲ့တာ။ အိမ်ရှေ့အိမ်က အပျိုမတွေ အပြင်သွားဖို့ မိတ်ကပ်လိမ်းနေရင် မေးလေးလက်ထောက်ပြီး ငေးမောနေခဲ့တယ်။ သူတို့တွေ ပွဲလမ်းသွားမယ်ပြောသံကြားရင် မယ်မျှင်က ဂါဝန်အနီလေး လဲပြီးသား။ အိမ်ပေါက်မှာ အဆင်သင့်ချောင်းနေတာ။ အမေက အားနာလို့ မလိုက်စေချင်ပေမယ့် သူတို့ကလည်း ချစ်တော့ ခေါ်ချင်တယ်။ ကျွန်မကလည်း သူတို့လက်ကို ဆွဲထားပြီးသားဆိုတော့ ဘယ်သူတားတားလိုက်ဖြစ်အောင် လိုက်တော့တာ။

အိမ်နားကလူတွေ သူငယ်တန်းတက်တော့ ကိုယ်က အသက်မပြည့်သေးလို့ မတက်ရဘူး။ အတင်းပူဆာလွန်းလို့ သူငယ်တန်းအကြိုသွားနေရတယ်။ ကိုယ်က အပျော်တက်တာ ငယ်တဲ့သူဆိုတော့ သူငယ်တန်းအကြီးတွေက ဆွဲဆိတ်လို့ လက်မှာ လက်သည်းရာတွေကြီးပဲ။ အဖေတို့က သည်းမခံနိုင်တော့ ကျောင်းမသွားစေချင်ပေမယ့် ကျွန်မက ကျောင်းမသွားရရင် ဖျားတော့တာ။ ဒါနဲ့ လက်လျှော့ပြီး ကျောင်းသွားခိုင်းခဲ့တယ်။ အခုနဲ့တော့ တခြားစီပါ။ အခုက ကျောင်းသွားရမှကြောက်လို့ ဖျားနေတာ။ တနေ့တော့ အမေက မောင်လေးကို ပုခက်လွှဲနေတုန်း အိမ်နားက အန်တီတယောက်က အပြေးလာပြောတယ် “ကလေးကျောင်းမှာ နဖူးပေါက်လို့”တဲ့။ အဲဒီအချိန်မှာ အမေ့ခမျာ မွှန်ထူသွားတယ်လို့ အမေပြောပြဖူးတယ်။ နဖူးပေါက်တာက တန်းစီထားတဲ့ စာသင်ခုံတန်းတွေပေါ်ကို ဂါဝန်ကိုမ ကျော်ခွသွားကြတာလေ။ မရပ်မနား ခုံတွေကို ဆက်တိုက်ကျော်ခွသွားကြတမ်းကစားတော့ အတော်လှမ်းတဲ့ခုံတန်းနှစ်ခုကို အကျော်မှာ ဟိုဖက်မရောက်ဘဲ ကြားထဲတင် ပြုတ်ကျပြီး နဖူးပေါက်ပါလေရော။ အစိမ်းချုပ်ရတော့ သူနာပြုဆရာမကို “အမလေး မမရဲ့ သမီးနာလွန်းလို့ပါ နောက်တခါဆို ခုံမကျော်တော့ပါဘူး နော် နော်” လို့ အော်ဟစ်ငိုခဲ့တဲ့ ပျာကလပ်စိန်မလေးလို့ အမေတို့အမြဲပြန်ပြောတတ်တယ်။ အခုထိလည်း အဲဒီအမာရွတ်လေးနဲ့ သိပ်လှနေခဲ့တာ။

အိမ်နားကလည်း ငယ်ငယ်က ရွယ်တူကောင်လေးတွေပဲရှိခဲ့တော့ သူတို့နဲ့အပြိုင် သစ်ပင်တက်ဆို ထိပ်ဆုံးထိ ကုပ်ကပ်တက်တယ်။ အမေက “ဟယ် ခရမ်းချဉ်သီးကုန်နေတယ် ခက်တော့တာပဲ ရှိသေးတယ်မှတ်လို့ မ၀ယ်မိဘူး” လို့ ပြောနေသံကြားရင် မယ်မျှင်တို့လှစ်ခနဲပြေးပြီ။ “မမရေ အမေက ခရမ်းချဉ်သီးလိုလို့တဲ့” လို့ အရှေ့ဖက်အိမ်က အမဆီပြေးပြောပြီး ယူလာ “ရော့ အမေ ခရမ်းချဉ်သီး” လုပ်တာ။ အမေက “ငါ့နှယ်အေ ဘယ်လိုကလေးမမှန်းမသိဘူး လှစ်လှစ်ဆို ပျောက်သွားပြီး ဟိုဖက်အိမ်သွားချွဲ လိုချင်တာတောင်းလာခဲ့တာ” လို့ ပြောတယ်။ အိမ်မှာ မီးမလာလို့ရေပြတ်ရင် အိမ်အနောက်နားက ခြေထောက်နဲ့နင်းရတဲ့ဆီမှာ သောက်ရေခပ်ရတယ်။ အမေတို့ခပ်ပြီးလည်း လောဘကြီးတဲ့မယ်မျှင်က ရေကန်တွေထဲပါ ခပ်ထည့်တယ်။ လူတကိုယ်လုံးရွှဲနေလို့ တော်ပါတော့ပြောလည်း ပြောမရဘူး။ အဲသလောက် နေရာတကာပါတာ။

ကျွန်မတို့ဆီမှာ အိမ်နားနီချင်းတွေ ဘုရားကိုးဆူကပ်တဲ့ညဆို ဖိတ်ထားတဲ့သူတွေကလည်း အကမ်းပေးဖို့သွားကြတဲ့ ထုံးစံရှိတယ်။ ကြိမ်ခြင်းပေါက်စလေးတလုံးနဲ့ တဘက်သေးသေးလေးက ကျွန်မအတွက် အမြဲဆောင်ထားပေးရတဲ့ ပစ္စည်းလေးတွေ။ ဘုရားကိုးဆူဖိတ်ရင် စက်ဘီးတစီးနဲ့ ဈေးဝယ်ပြေးတော့တာ။ ဘုရားဖူးလာတဲ့သူတွေကို လက်ဆောင်အကမ်းပေးဖို့ ဆေးလိပ်၊ ဇီးတော်ဖီ၊ ချိုချဉ်စတာလေးတွေ သွားဝယ်တာပါ။ အမေ ပိုက်ဆံပေးလို့ တောင်းပြီးရင် ကိုယ်သွားချင်တဲ့ဈေးဆိုင်ကို တန်းမသွားပါဘူး။ “မမ ဘာမှာလိုက်မလဲ၊ အန်တီကရော ဆေးလိပ်မှာ မှာလား” နဲ့ တလမ်းလုံးမေးပြီး သူတို့ဖို့ပါ ၀ယ်လာပေးတယ်။ ညနေစောင်းလာရင်တော့ ကိုယ့်ဟာကိုယ်အလှပြင်ပြီး ကြိမ်ခြင်းလေးဆွဲ ဘုရားကိုးဆူကပ်တဲ့အိမ်ကို ရှေ့ဆုံးက ဦးအောင် သွားနေတော့တာ။ “အန်တီရေ သမီးဆီက ဇီးတော်ဖီလေး အရင်ယူပါ”၊ “ အယ် အန်တီ ဖိတ်ကုန်ပြီ ပေးပေး သမီးယူထားပေးမယ် ပုဝါလေးကိုဖြန့်ပြီးထည့် အန်တီ” နဲ့ မယ်မျှင်အသံ တစာစာဖြစ်နေတတ်တယ်။

သင်္ကြန်တွင်းရောက်လာရင် အဖေ၀ယ်ပေးတဲ့ ရေပုံးသေးသေးလေးမှာ ရေထည့်ပြီး အိမ်ထဲမှာ ဖွက်ထားတယ်။ လာသမျှလူကို ရေလိုက်မပက်ဘဲ “ဟယ် ဟိုအစ်ကိုကြီးက ရေမစိုသေးဘူး ဒါမှ ရေလောင်းချင်တာ”နဲ့ အလစ်ချောင်းရေပက်တတ်တဲ့ လူလည်မလေးပါ။ ဒါတွေပြောပြရင် ကိုဇနိက “ထုချင်တယ်” တဲ့။ တချို့နေ့တွေမှာ ဥပုသ်ကျောင်းလိုက်ပြီး “ငါ့ကို ရေမပက်နဲ့နော် ငါဥပုသ်စောင့်ထားတယ်” လို့လည်း ရုပ်တည်ကြီးနဲ့ လူကြီးလေးလိုနေသေးတယ်။ အိမ်နားက အမတွေနဲ့ ပွဲလမ်းတွေတင် လိုက်ချင်တာမဟုတ်ပါဘူး။ ဘယ်နားမှာ တရားပွဲလုပ်လုပ် တရားနာလည်းလိုက်ချင်တာပါ။ အမေတို့ကလည်း “သမီး တဘက်လေး ဒီမှာ” ဆိုပြီး တရားပွဲလည်း ထည့်တယ်။ တရားတွေနာပြန်လာပြီး အမေတို့ကို တွတ်တီးတွတ်တာပြန်ဟောရင် သူတို့သိပ်သဘောကျတာ။ အိမ်နောက်ဖက်က ဧကရာဇ်ပန်းတွေကောက် အကွက်အမျိုးမျိုးသီပြီးတော့ ဆရာမတွေကို နေ့တိုင်းပန်းလက်ဆောင်ပေးတဲ့ မယ်မျှင်လည်း ဖြစ်ခဲ့ဖူးတယ်။ တခါတလေး နှင်းဆီပွင့်အကြီးကြီးကို ဘိုကေထိပ်မှာ ပန်ထားလို့ သူများသားရေကွင်းနဲ့ထုတာလည်း ခံခဲ့ရတယ်။ သားရေကွင်းခုန်တိုင်း ကစားတဲ့အခါ သူများခုန်ခါနီးရင် သတ်မှတ်နေရာထက် (၁)လက်မလောက် သူမသိအောင် အပေါ်ကိုမြှောက်ပြီး ညစ်ဖူးတယ်။

အိမ်ကို နေ့တိုင်းလာလည်တဲ့ မျက်စောင်းထိုးအိမ်က အဘိုးကြီးတယောက်ရှိတယ်။ ကျွန်မတို့မောင်နှမတွေက လူကြီးကို စချင်တာနဲ့ သူလာရင်ထိုင်တဲ့တန်းလျားလေးရဲ့ ကြမ်းခင်းကို ဘေးဖယ်ထားလိုက်တယ်။ ဖျာကြမ်းလေးကို ပြန်ခင်းပြီး ချောင်းကြည့်နေကြတာ။ အဘိုးကြီးရောက်လာပြီး “ဘာဟင်းတွေချက်လဲ” လို့ စကားမဆုံးခင် ဖျာပေါ်ထိုင်ချလိုက်တာ ဖင်ထိုင်ကြီးပြုတ်ကျတာပေါ့။ ကလေးတွေ တခွိခွိသဘောကျပေမယ့် အဖေရိုက်လို့ ငိုခဲ့ရသေးတယ်။ မောင်လေးအငယ်လေးက ချူချာတော့ ဆိတ်သားကြော်ကို နေ့တိုင်းကျွေးရတယ်။ သူ့အတွက်အမြဲမပြတ် ဆိတ်သားကြော်ထားရတယ်။ တနေ့တော့ အကြီးမောင်လေးနဲ့မယ်မျှင်တို့ မောင်လေးဆိတ်သားကြော်တွေ အကုန်စားပစ်ပြီး ဘီရိုကြားမှာ ပုန်းနေကြတာ။ ညရောက်တော့ မောင်လေးငိုမှ အမေတို့ဆိတ်သားကြော် ကျွေးစရာမရှိမှန်းသိ ဘယ်ရောက်ကုန်လည်း စဉ်းစားရခက်။ မယ်မျှင်တို့က ဘီရိုကြားမှာ တုတ်တုတ်မျှ မလှုပ်ခဲ့ဘူး။ နောက်မှ အမေက မရိုက်ဘူး ထွက်လာခဲ့ကြ ပြောယူရတယ်။ အဲနောက်နေ့ကစပြီး မယ်မျှင်တို့လည်း ဆိတ်သားကြော်ဝေစုရခဲ့တယ်။ (၁၀) တန်းမှာ အအိပ်ပုပ်နေလို့ အဖေက ခဏခဏလာနှိုးရတယ်။ “သမီး ဆယ်တန်းဆိုတာ လက်ဖမိုးနားက အဆုံနေရာကို ရောက်နေပြီ။ ငါ့သမီး လက်မလမ်းကိုသွားမလား၊ လက်ညိုးလမ်းကိုသွားမလား၊ ကြိုက်ရာရွေးခွင့်ရှိနေတယ်နော်၊ အအိပ်ပုပ်နေရင်တော့ လမ်းမကောင်းတဲ့ဆီ သွားရလိမ့်မယ်” လို့ အဖေက သူ့လက်လေးလာပြရင် ကုန်းရုန်းထထိုင် စာကျက်တယ်။ လူလည်ကျတတ်နေတဲ့ မယ်မျှင်ပေါ့။

တခါကလည်း ရွာဖက်က အရီးတယောက် ပုဂံပြန် အိမ်မှာ ည၀င်အိပ်တယ်။ အစကတည်းက လက်ဆောင်ပါမလာလို့ မျက်နှာပူနေတဲ့သူကို ကျွန်မက “အရီး ဘာမှ မပါဘူးလား” နဲ့မေးတော့ “အေးကွာ အရီးလည်း ဘာမှ မ၀ယ်ခဲ့ရဘူး” လို့ ပြန်ဖြေရသတဲ့။ ဒါလည်းမရဘူး သတိရတိုင်း “အရီး ဘာမှ မပါဘူးလား”နဲ့ လာလာမေးနေတော့ အတော်မျက်နှာပူ အနေရခက်ခဲ့တယ်လို့ ကျွန်မကြီးမှ ပြန်ပြောကြတယ်။ အိမ်မှာ တက္ကသိုလ်လာတက်နေတဲ့ “အကိုကြည်”ကိုလည်း မပီကလာ ပီကလာနဲ့ “အကိုကီ” လို့ ကပ်ချွဲတတ်သေးသတဲ့။ “တ၀မ်းကွဲအကို” လို့ လူကြီးတွေပြောတာမှတ်ထားပြီး “အမေ ဒါဆို အကိုကီနဲ့သမီးက တရင်းကွဲတော်တာနော်” လို့ တလွဲတွေလည်း ပြောတတ်သေးတယ်။

တချောင်းထိုး၊ နှစ်ချောင်းထိုး ဇာထိုးတာလည်း မတောက်တခေါက်တတ်ခဲ့သေးတယ်။ အရှေ့အိမ်က အမတွေ ဇာထိုးကြတော့ မယ်မျှင်ကို ကလေးဆိုပြီး ရှုပ်လို့ အနားကပ်မခံဘူး။ နေပေါ့ သူတို့နောက်ကျောပြတင်းပေါက်ကနေ ချောင်းကြည့်ပြီး သူတို့ကို ပြန်လုပ်ပြတော့မှ နောက်သင်ပေးခဲ့တယ်။ ရှစ်တန်းဖြေပြီးကျောင်းပိတ်တော့ ပိတ်အုပ်တွေနဲ့ စက်ချုပ်သင် အဖေက လွှတ်လို့ အမ၀မ်းကွဲဆီ သွားနေရတယ်။ လက်ချုပ်လိုက်ရမှာပျင်းတိုင်း သူတို့အိမ်က ယက္ကန်းစင်ပေါ်တက် ယက္ကန်းရက်နေလို့ အမထိပ်ခေါက်တာလည်း ခံခဲ့ရတယ်။ အမေ့အစ်မအကြီးဆုံးအဒေါ်ကတော့ “ကြီးလာလို့ နိုင်ငံခြားတွေ ပညာသင်သွားတဲ့အခါ ဒါတွေလည်း လုပ်တတ်တယ်လို့ ပြောရအောင် လုပ်ကြည့်” လို့ သင်သင်ပေးတယ်။ ကျွန်မငယ်ငယ်က အိမ်အတွက်ခြုံစောင်ရက်ဖို့ အမေကိုယ်တိုင် အားတဲ့အခါ ဗိုင်းငင်တယ်။ ချည်ချောတာလေးလိုချင်လို့ အမေက သူကိုယ်တိုင်နည်းနည်းချင်း ငင်ပြီး စုထားတယ်။ ပြီးမှ ရွာဖက်က အမတွေကို ရက်ခိုင်းတယ်။ အမေငင်တဲ့ဗိုင်းရစ်ခွင်နား ၀န်ရိုးစူးမှာစိုးလို့ မလာရဘူး မှာထားပေမယ့် အမေထမင်းသွားချက်နေရင် ၀င်လုပ်ကြည့်ချင်တယ်။ နောက်တော့ အတော်ချောပြီး ညီတဲ့ ချည်ရအောင် ဗိုင်းငင်တတ်သွားတယ်။ လောဘကြီးလွန်းလို့ ဗိုင်းငင်ရင် ဒူးထောက်ငင်တာ။ နောက်တော့ အဖေက ၀န်ရိုးတွေစူးမယ်၊ မဟုတ်တာဘဲ လုပ်နေကြတယ်ဆိုပြီး ဗိုင်းရစ်ခွင်လေးပါ သူများပေးပစ်လိုက်လို့ မငင်ရတော့ဘူး။

အခုတော့ ထုံထိုင်းထိုင်းဖြစ်နေပြီး ကပ်သီးကပ်ဖဲ့လည်း လုပ်တတ်နေတယ်။ ကျောင်းလည်း မသွားချင်ဘူး၊ လစ်ချင်လာတယ်။ ဖျားချင်လာတယ်။ ကိုဇနိက တရားနာခိုင်းရင် “တရားနာတယ်ဆိုတာ သေချာနာမှ စိတ်ထဲရောက်တာ နောက်တော့မှ နာမယ်” လို့ ဆင်ခြေပေးပြီး ရှောင်ပြေးတတ်နေပြိ။ ငယ်ငယ်ကလို သွက်လက်ချက်ချာမနေတော့တာ ဘာဖြစ်လို့ပါလိမ့်လို့ ပြန်တွေးမိတိုင်း “အင်း အသက်တွေလည်း ကြီးလာပြီကိုး” လို့ ဖြေတွေးလေးတွေး၊ သက်သာသလိုလေးနေတော့တယ်။

မဇနိ

စကားပို
- မယ်မျှင် ဝတ္ထုတိုလေးကို ဆရာဦးဖိုးကျားရေးတယ်လို့ထင်ပါတယ်။ မှားနေရင် ပြင်ပေးစေချင်ပါတယ်။ အဲဒီဝတ္ထုတိုလေးရှိရင်လည်း ပြန်လည်ဝေမျှစေချင်ပါတယ် ခင်ဗျား။

10 comments:

မောင်မျိုး October 23, 2008 at 1:35 PM  

မယ်မျှင် (မမနိ) အကြောင်းက စိတ်ဝင်စားစရာတွေ များလွန်းလို့  မယ်မျှင်အတ္တုပတ္တိရေးပြီး ၀တ္ထုထုတ်ပါလားဗျ ကျနော် ဘယ်သူ့ ပို့ စ်မှ ဒီလောက်ရှည်တာ မဖတ်ဖူးဘူး ဟိဟိ ကျော်ဖတ်ပြီးး ဖော်ရွှီးလုပ်ပြီးပဲ ကော့မန့် လိုက်တယ် အခုတော့ တစ်ပုဒ်လုံးကို တစ်ရှိန်ထိုး ဘရိတ်မနင်းပဲဖတ်သွားတယ်ဗျ ။ စိတ်မပူနဲ့  ဘယ်လောက် အသက်ကြီးလာလာ ငယ်သွေးငယ်နာက ပြန်ပြန်ထတာပဲ အဲ့အချိန်ကျ အပီသာသောင်းကျန်း သစ်ပင်တော့ မတက်နဲ့ တော့ပေါ့ ကိုနိနဲ့  မင်္ဂလာဆောင်ကျရင် အငယ်လေးက ကြိုက်ခဲ့တဲ့ ဂါဝန်လေးနဲ့ ဆောင်နော့် မမနိ အသားနဲ့ ဆို ဂါဝန်အဖြုလေးနဲ့  ဟပ်နေမှာပဲ ကိုနိကအာဖရိက ၀တ်စုံ ဟုတ်ပါဘူး လွဲလို့  ဥရောပ ၀တ်စုံ နေ နဲ့  လ မြ နဲ့  ရွှေ တယ်လိုက်တဲ့ စုံတွဲပါလားဝေ့....ဟရိုးးးးးးးးးးးးးးးးးးးးးးးးးးး

May Moe October 23, 2008 at 1:48 PM  

ဟားဟား ပထမဆုံးကွ။ မမနိ ငယ်ငယ်က သာမီးနဲ့တော့ တခြားစီပဲ။ ငယ်ငယ်က ဘယ်အမျိုးနဲ့မှ စကားမပြောလို့ အမျိုးတွေအမြင်ကတ်ကြမယ်ထင်တယ် :P အိမ်မှာတော့ အကြီးဆုံးဆိုတော့ ဗိုဟ်ပဲ :D အသက်ကြီးလာမှ ရေလိုက်ငါးလိုက်ဆိုတာကို နားလည်လာတာ။ ၁၀ တန်းအောင်ပြီး ဆိုင်ဝိုင်းထွက် တော့မှ ပေါင်းသင်းဆက်ဆံရေးကောင်းလာတာ။ ငယ်ငယ်ကလို သွက်လက်ချက်ချာမနေတော့တာ မဟုတ်ပါဘူး။ ရင့်ကျက်တည်ငြိမ်လာတာနေမှာပါ။ မယ်မျှင် ဝတ္ထုတိုလေး မဖတ်ဖူးဘူး ဖတ်ချင်လိုက်တာ။

Taungoo October 23, 2008 at 6:42 PM  

မမမျှင်ငါးပိ အဲ... မှားလို့ မမမျှင်ဇနိ
ခွိခွိ

PAUK October 23, 2008 at 7:01 PM  

နိနိရေ...
အခုက..
တည်ငြိမ်ရင့်ကျက်လာတဲ့သဘောပေါ့နော်...
ဟီးဟိ
ဖတ်လို့ကောင်းတယ်...
ပြီးတော့ နိနိက တော်လည်းတော်တယ်..
ပေါက် ငယ်ငယ်က အမေကစက်ချုပ်သင်ခိုင်း
ရင် ဘယ်တော့မှမသင်ဘူး..တစ်ချောင်းထိုးဘာညာလဲ..
အပျော်ပဲ..ဘာမှဖြစ်မြှောက်အောင် မလုပ်ဖူးဘူး
အင်င်္ကျီကြယ်သီးတောင် မနေ့တစ်နေ့ကမှတပ်တတ်
တာ...(ကြွားစရာမရှိကပ်ကြွားပြနေတာ)

nu-san October 23, 2008 at 7:13 PM  

မယ်မျှင်လေး အခုလည်း ဘလော့ခ်မှာ သွက်လက်နေတုန်းပါပဲ.. မဟုတ်ဘူးလား... အသက်ကြီးလာလေ ကိုယ်လုပ်ရတဲ့ တာဝန်တွေက များလာတာလို့ ထင်တာပဲ မဇနိရယ်.. တခါတလေ ကလေးတုန်းက အပူအပင်မရှိ စားမယ် အိပ်မယ် ကစားမယ် ဘ၀ကို တောင် ပြန်လွမ်းတယ်.. အခုတော့ အိပ်ဖို့အချိန် စားဖို့အချိန် အလုပ်ချိန်.. အချိန်တွေ ခွဲနေရတာနဲ့ လူလည်း စိတ်အပန်းဖြေတဲ့အချိန်ဆိုတာ ရှားပါးလာပြီ။ အခု ဘလော့ခ်လည်တာတခုပဲ စိတ်ထွက်ပေါက်ရှိတာ.... ဒါကပဲဘ၀ လားမသိဘူးဆိုပြီး စကားကြီး စကားကျယ်ပြောရတော့မှာပဲ.. :)

Moe Cho Thinn October 23, 2008 at 9:18 PM  

နိကလေးရေ လို့ ခေါ်မလို့ဟာ မျှင်ကလေးရေ လို့ ပြောင်းခေါ်ရမလို ဖြစ်နေပြီ။
ဒီပို့စ်လေးကို ကြိုက်လိုက်တာ ညီမရေ။
ဒါကြောင့်လဲ ကိုဇနိကိုကျော်ပြီး နိနိကို ချစ်ခင်မိတာ နည်းတောင် နည်းသေး။ :))

Republic October 24, 2008 at 10:06 AM  

မယ်မျှင် ကလေး မမကွိ ၊၊ငယ်ငယ်က မယ်မျှင် ကလေး က အရမ်းဆော့တာပေါ့ ၊၊ စာလေးတွေဖတ်ပြီး မမကွိ စိတ်ထဲမှာ ပိုခင်မင်မိပါတယ် ၊၊ ကိုနိ နဲ့လည်း အမြန်ဆုံးအတူ နေရပါစေဗျာ၊၊

ခင်မင်တဲ့
ကိုကြီးဝီ

တားမြစ် ထားသော... October 24, 2008 at 5:46 PM  

တနေ့က အိုးဝေဝိုင်းတော်သား တစ်ယောက်နဲ့ အပြင်မှာဆုံပါတယ်။ ဟိုပြောဒီပြောနဲ့ ဇနိတို့မောင်နှံအကြောင်းရောက်ပါတယ်။ နှစ်ဦးသဘောတူ မှတ်ချက်ပြုမိတာလေးရှိပါတယ်။ “မဇနိ အရေးအသားဟာ ဆရာမကြီး ဒေါ်အမာလိုပဲ”လို့ပါ။ မြန်မာ့ဓလေ့ကိုလည်း ချစ်တတ်။ ခေတ်ပညာလည်းတတ်တဲ့ မဇနိ “စာပေနဲ့နေရင် အေးချမ်းတယ်”လို့လည်း ပြောဖူးတဲ့မဇိနိ ဘလော့ဂ်လောကလေးတင်မဟုတ်ပဲ မြန်မာအများစုရဲ့ စာဖတ်နိုင်တဲ့အသိုင်းအဝိုင်းမှာပါ စာတွေရေးလာနိုင်ပါစေ။ ရေးချင်စိတ်များ ထကြွသောင်းကျန်းပါစေ။

ပျော်ရွှင်အဆင်ပြေပါစေခင်ဗျား။

သုခမိန်(E-Journal)

missthonnthonn October 25, 2008 at 4:13 AM  

ဟိုသီချင်းသွားသတိရတယ်။

"အပူအပင်ကင်းတဲ့ ကလေးဘဝကို ...တစ်ခါပြန်ပြီးရချင်သေးတယ် ..အပြစ်မရှိသေးတဲ့ ကလေးလေးဘဝကို..."

မင်းညို October 25, 2008 at 6:21 PM  

ဦးဖိုးကျား စာအုပ်တွေအပြင် စာအုပ်မျိုးစုံကို www.linhtet.com ကို သွားပြီး ဒေါင်းလုပ်ဖတ်နိုင်ပါတယ်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP