ချည်ထည်မြို့တော်

>> Tuesday, October 7, 2008


Akihabara (အကိဟဘရ)ကို လျှပ်စစ်မြို့တော်လို့ သတ်မှတ်သလို Nippori ကိုလည်း ချည်ထည်မြို့တော်လို့ ခေါ်နိုင်ပါတယ်။ ချည်ထည်မြို့တော်လို့ တင်စားရလောက်အောင် အထည်အလိပ်ဆိုင်တွေလည်း ပေါများပါတယ်။ ချည်ထည်၊ ပိုးထည်တွေ အသားကောင်းသလို အဆင်တွေလည်း လှတယ်။ မြန်မာပြည်ကနေ အလည်လာတဲ့အခါ ဒါမှမဟုတ် မြန်မာပြည်ကို လက်ဆောင်ပေးချင်တဲ့အခါ မဖြစ်မနေသွားဖြစ်တဲ့နေရာလေးပါ။


ခဏလာကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို လိုက်ပို့ရတာလည်း Nippori ကိုပါပဲ။ အဲဒီဘူတာက Ueno, Akihabara တို့နဲ့ လမ်းသင့်တာကြောင့် Yamanote line စီးရင်လည်း အဆင်ပြေပါတယ်။ South Exit ကိုထွက်လိုက်ပြီး ညာဖက်လှေကားလေးအတိုင်း လိုက်သွား၊ နောက် တည့်တည့်ဆက်သွားမယ်ဆိုရင် လမ်းတလျှောက်မှာ အထည်ဆိုင်တွေ တွေ့နိုင်ပါတယ်။ လမ်းသုံးပြလောက်လျှောက်ပြီးရင်တော့ မြန်မာတွေ အ၀ယ်များတဲ့ ကီမိုနိုဆိုင်ကို လမ်းဗယ်ဘက်ခြမ်းမှာ မြင်ရမှာပါ။ သွားဖြစ်တဲ့အခါတိုင်း လာဝယ်တဲ့မြန်မာတွေ တွေ့ရတတ်ပါတယ်။ တချို့ဆိုင်တွေက အလိပ်လိုက်ထောင်ထားတာတွေရှိတော့ ကိုယ်လိုချင်တဲ့ မီတာအတိုင်း ဝယ်လို့ရပါတယ်။ မြန်မာတွေ အဝယ်များတဲ့ဆိုင်လို့ပြောတာက အမျိုးသမီးတွေ ဝတ်လေ့ရှိတဲ့ မြန်မာလုံချည်ကွင်းအတိုင်း ဖြတ်ထားပြီးသားတွေ ရောင်းနေလို့ပါ။ (၂) မီတာဖြတ်၊ (၁.၈)မီတာဖြတ်ဆိုပြီး ရွေးဝယ်လို့ရသလို ဒီဇိုင်းဆန်းတာ၊ အသားကောင်းတာရယ် လိုက်ပြီးတော့လည်း ရွေးဝယ်နိုင်ပါတယ်။ ဈေးလည်း အမျိုးမျိုးကြည့်ဝယ်လို့ ကောင်းတယ်။

မသွားခင်ကတော့ အများကြီး မ၀ယ်တော့ဘူးလို့ စိတ်ကူးထားပေမယ့် ပြန်လာရင် မနိုင်မနင်း သယ်ပြန်ရတာချည်းပါ။ အဆင်တွေကလှ၊ ဟိုဟာလေးလိုချင်၊ ဒီဟာလေးလည်း လက်ကမချချင်နဲ့ လုံချည်စတွေပေါ်မှာ လက်နှစ်ဖက်လုံး ရှုပ်ရှက်ခတ်နေပါတော့တယ်။ အကျီင်္စလေးတွေကလည်း လှရှာတယ်ဆိုတာထက် အသားကောင်းတာပါ။ ချည်သားစစ်စစ်တွေဆိုတော့ အမေကတော့ လူကြီးဖြစ်လို့ အေးအေးလေးတွေ ဝတ်ရတာကြိုက်သတဲ့။ ချည်သားပါတိတ်တွေကလည်း အသားကောင်းတယ်။ ကီမိုနိုဆိုင်ကပြန်လာရင် မြန်မာပြည်ပြန်ချင်စိတ်တွေ ကြီးစိုးနေတော့တာပါ။ မြန်မာလုံချည်လေးဝတ်ချင်လို့။ အိမ်ရောက်ပြန်ရင် လက်ဆောင်ပေးဖို့ လူပုံစံနဲ့ လိုက်မယ်ထင်တဲ့အဆင်တွေ ခွဲခြားတဲ့အခါ အတော်ဒုက္ခရောက်ပါတယ်။ “ဒါလေးက သိမ်းထားပေး ပြန်လာရင် ဝတ်မယ်၊” “အယ် ဒီအဆင်လေးက ကြိုက်တယ် အပြန်ကျ ဝတ်မှာနော်”၊ “ဒါကတော့ အသားလေးက အိနေတာ ငါယူမယ်” ဆိုပြီး ဖယ်ထားလိုက်တာ နောက်ဆုံး လက်ဆောင်မပေးချင် ဖြစ်ရတော့တယ်။ နောက်တော့လည်း ပြန်ရွေးပြီး မျက်နှာလေးအသာလွှဲ လက်ဆောင်ပို့ပေးလိုက်ရတော့တာပါ။

စိတ်ဝင်စားလို့ သွားဝယ်ချင်တဲ့သူတွေ ဖတ်မိစေချင်တာရော အပျင်းပြေ ဓါတ်ပုံလေးတွေကြည့်စေချင်တာရောနဲ့ ဒီပို့စ်လေး တင်လိုက်ပါတယ်။










မဇနိ

14 comments:

May Moe October 7, 2008 at 6:37 PM  

မမနိ စာတွေပိုင်နေပြီထင်တယ် Shopping သွားနေတယ် ။ အဆင်လေးတွေလှလိုက်တာ စလုံးကို လက်ဆောင်ပို့လိုက်လို့ရတယ်နော်

သက်ဝေ October 7, 2008 at 6:46 PM  

ဟုတ်တယ်နော် နိနိရေ...
ချစ်စရာ အဆင်ကလေးတွေနဲ့  ၀တ်ချင်စရာလေးတွေ။
ဒီမှာလဲ Arab Street ဆိုတာရှိတယ်...
အဲဒီမှာလဲ ချည်သားစစ်စစ်လေးတွေ၊ ဇာဆန်းဆန်းလှလှတွေ၊ ပိုးသားစစ်စစ် အိအိလေးတွေ၊ ပါတိတ်အဆင် ဆန်းဆန်းတွေ ရတယ်..။
ရန်ကုန်ကို လက်ဆောင်ပေးလို့ အရမ်းကောင်းတဲ့ ပစ္စည်းတွေပေါ့...။
ကိုယ့်အတွက် ကတော့လား....
နဲနဲတော့ ဝေးနေပါသေးတယ်လေ...။

တားမြစ် ထားသော... October 7, 2008 at 7:20 PM  

လှ၏။ ချစ်သူရှိရင် လက်ဆောင်ဝယ်ပေးအုံးမယ်။း)

သုခမိန်(E-Journal)

PAUK October 7, 2008 at 7:53 PM  

နိနိရေ..
ပေါက်ကတော့ ခုထိကီမိုနိုမ၀တ်ဖူးသေးဘူး
ဝမ်းတွင်းဖက်ကချည်သားလုံချည်တွေပိုဝတ်ဖြစ်တယ်
ရခိုင်ချည်ထည်လေးတွေလည်းကြိုက်တယ်

khin oo may October 7, 2008 at 8:01 PM  

မဇနိက မမ က ပါတိတ်ဝယ်ပေးမယ်း ရုပှ်၇ှက်လဲ ပြမယ် လို.ပြောပြီးသားနော်.။ ကီမိုနိုတစ်ထည် ပို့လိုက်ပါ။

PAUK October 7, 2008 at 8:59 PM  

မကေအိုအမ်ရေ...
ကျွန်တော် ပါတိတ်လည်းမ၀တ်ဖူးဘူး
ကျွန်တော့်ကိုလည်းဝယ်ပေးပါ။။
မကေအိုအမ်အတွက် တရုတ်ဝတ်စုံ(ချီဖောင်)၀ယ်ပေးမယ်နော်။။

Moe Cho Thinn October 7, 2008 at 10:22 PM  

နိနိရေ
အောက်ဆုံး ဓာတ်ပုံက အဖြူအဆင်လေးတွေက ချုပ်ဝတ်ရရင် သိပ်အေးမှာ။ သဘောကျလိုက်တာ။
ကျန်တဲ့ ကီမိုနိုဆင်လေးတွေကတော့ ဂျပန်ဝတ်စုံချုပ်မှ လိုက်သလိုပဲ။ အမလဲ အဲဒီလိုလေး စိတ်ကူးနဲ့ ၀တ်ကြည့်လိုက်တယ်။
ဝယ်သာဝယ် ညီမရေ။ ကိုဇနိ မကြားအောင် အားပေးအားမြှောက် ပြုလိုက်တာ..။

RePublic October 8, 2008 at 4:14 AM  

အင်း ... မမကွိ ..ကြားတော့ ကြားဘူးတယ် ဂျပန် ကီမိုနို က နာမယ်ကြီးတယ် ဆိုပဲ ၊၊ ဟုတ်မှာပါ ၊၊ မမကွိ ဒီလောက်တောင် ညွှန်းနေရင် တော့ ..သေချာပဲ ၊၊
မမကွိ ..သူငှေး ၊၊ ကွိကွိ .. စာကျက်ပါ ၊၊ ဟီး

ကိုကြီးဝီ

မြရွက်ဝေ October 8, 2008 at 6:48 AM  

မမနိရေ အားကြီးကျေးဇူးတင်သွားပြီ။ အဲလိုဆိုင် လိုက်ရှာနေတာ။ ညီမတို့နေရာကနေ nipporiက နီးတယ်။ ၄မှတ်တိုင်လောက်ဘဲ ရှိတယ်။ ဒါပေမယ့် အဲဒီမှာ ဆိုင်တွေရှိမှန်း မသိဘူး။ ခုမနိပြောမှ တယ်ဟုတ်ပါလားလို့ သွားကြည့်ချင်လိုက်တာ။ လိပ်စာအတိကျ သိလို့ရမလားမနိရေ။ တောင်ဘက်အဝက ထွက်ပြီး ဘယ်လမ်းလဲဆိုတာရယ်၊ မြန်မာတွေ အဝယ်များတဲ့ ဆိုင်အမည်ရယ် သိချင်လို့ပါ။ ဒါနဲ့ ဈေးကော တော်လားဟင်? မေးခွန်းတွေ များသွားပြီ။ :D

thonn thonn October 8, 2008 at 1:51 PM  

အင်း..ကီမိုနိုသားမှ ကြိုက်တဲ့ တက္ကသိုလ်က ဘာသာဗေဒ ပါမောက္ခကို သွားသတိရတယ်။ ဆရာညီညီ(ဓါတုဗေဒ) ရဲ့ အမရင်း။ သူကလည်း ကီမိုနိုနဲ့ဆို အတော်ခန့်တာ။

fionamg October 8, 2008 at 5:42 PM  

Many Thanks... Ma Za Ni.

really nice..I like the small flower pattens at the last photo.

I would like to know price range and shop address too.

tmn October 8, 2008 at 11:19 PM  

မဇနိ ပြန်လာရင် ဂျပန်ဝတ်စုံဝယ်ခဲ့ဗျာ... ၀တ်ကြည့်ချင်တယ်...အဟီး.. စတာနော...၀ယ်လာလဲ စိတ်မဆိုးဘူးရယ်....

nu-san October 9, 2008 at 7:38 AM  

မဇနိရေ.. အမလည်း တိုကျိုရောက်ဖြစ်ရင် (မုန့်ဆီကြော်ပေါ့..အဟီး..) သွားကြည့်ဦးမယ်.. ကီမိုနိုထက် အင်္ကျီဆင်လေးတွေ ပိုသဘောကျတယ်.. မြန်မာပြည်ပြန်ဖို့လက်ဆောင်တွေ ၀ယ်ရင်ခေါင်းရှုတ်၊ စိတ်ရှုတ်ပေမယ့် ပြန်ရမှာမို့ ပျော်လည်းပျော်ပေါ့ မဇနိရေ.. ပိုက်ဆံတွေလည်း ပျော်ပျော်ကြီးထွက်တာပေါ့.. :D

Anonymous October 11, 2008 at 2:29 PM  

လက်ဆောင်ပို့လိုက်မယ် သာမီး မေမိုး လိပ်စာ ပေါက်ပေါက်ဆုပ် ပေးပါ။

ဇာဆန်းဆန်းလေးတွေလည်း လိုချင်တယ် မမသက်ဝေ

ချစ်သူမရှိခင် ၀ယ်စုထားလေ ကိုသုခမိန်

ချည်ထည်လေးတွေကြိုက်ရင် ဒီကချည်သားတွေလည်း ကြိုက်မှာ ပေါက်

မမကိုလည်း လက်ဆောင် ပို့လိုက်ပြီ ရရင် အကြောင်းပြန်ပါ

မမချိုသင်းက မြင်တတ်တယ်နော်။ ဟုတ်တယ် အဲဒီအစလေးတွေက သိပ်အေးတာဗျ။ အသားလည်း အိတယ်။ ၀ယ်မယ် ၀ယ်မယ် မမရေ။

သေချာတယ် ကိုကြီး ၀ီ။ ကိုကြီး ၀ီ ကောင်မလေးရှိရင် လက်တို့လိုက်ပါ လက်ဆောင်ပေးမှာပါ။

ညီမ မြရွက်ဝေရေ ဆိုင်နာမည် မပြောတတ်တာ ခွင့်လွှတ်ပါ။ အခုပြန်လာပီလား။

ဟုတ်တယ် ညီမသွန်းသွန်းရေ တချို့ ကီမိုနိုပဲ ၀တ်တဲ့သူတွေရှိတယ်နော်။

fionamg ရေ လာလည်တာ ကျေးဇူးပါ။ ဈေးတွေကတော့ တော်ပါတယ်။ ယန်း ၆၀၀ ကျော်ကနေ အစားစားရှိပါတယ်။ လိပ်စာကတော့ နိပိုးလီတောင်ဖက်ထွက်ပေါက်ကနေထွက်ရင် တွေ့နိုင်ပါတယ်။ ဆိုင်နာမည်တော့ မမှတ်ထားမိလို့ပါ။

စိတ်ဆိုးမှာဆိုးတယ် ၀ယ်လာတော့ဘူး ကို tmn

မမနုစံ တိုကျိုလာရင် ၀ယ်သာဝယ်။ အကျီင်္စလေးတွေ သိပ်လှတာ။ ချည်သားက မြန်မာပြည်ကချည်သားတွေထက် ကောင်းတယ်။ ပြန်ရတုန်းဝယ်ရတာ မဟုတ်ရင် ပိုက်ပိုက်တွေ မှိုတက်နေမယ်နော်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP