သီတင်းကျွတ်လက်ဆောင်

>> Tuesday, October 14, 2008



သူငယ်ချင်းမိတ်ဆွေ အားလုံးကို သီတင်းကျွတ် လက်ဆောင်ပေးပါရစေ။
ဘာကိုပေးမှာလဲ ဆိုတော့ ကျနော် အရင်တုန်းက ဘာသာပြန်ခဲ့တဲ့ ပုရှကင်ရဲ့ ဝတ္ထုတို တပုဒ်ကို ပေးချင်တာပါ။ တချို့သော သူငယ်ချင်းတွေ ဖတ်ဖူးပြီးသားဖြစ်မှာပါ။
ကျနော် ရုရှားစာတွေဖတ်ရတော့ ဘာသာပြန်ချင်တဲ့ စိတ်တွေ ပေါ်ခဲ့ပါတယ်။ အစဆုံး ဘာသာပြန်ခဲ့တဲ့ ဝတ္ထုတိုလေးတွေမှာ မြန်မာလို မချော့မမွေ့တွေ ဖြစ်ရပါတယ်။ တခါတလေ ဘယ်လို စကားလုံးကို သုံးရမှန်းမသိလည်း ဖြစ်ရပါတယ်။ ရုရှားလို နားလည်ရခက်တာတွေလည်း ပါခဲ့ပါတယ်။ အခု ဘာသာပြန်ကတော့ ကျနော့် ဘဝမှာ ပထမဆုံး ခပ်ရှည်ရှည်ဘာသာပြန်ခဲ့ဖူးတာပါ။ နိုင်ငံခြားဘာသာစကားအနေနဲ့ စထိတွေ့ဖူးတဲ့ ဘာသာစကားက အင်္ဂလိပ်ဘာသာဖြစ်နေပေမယ့် ကျနော့် ဘာသာစပြန်ဖူးတာက ရုရှားဘာသာစကားကနေ ဖြစ်နေပါတယ်။ အခု တင်မယ့် တပုဒ်ကတော့ ကျနော်ကိုယ်တိုင်လည်း အတော်နှစ်သက်တဲ့ ဝတ္ထုတို တပုဒ်ဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာ အမှတ်တရရှိတဲ့ ညီလေးမောင်မျိုးအတွက် အထူးလက်ဆောင်ပေါ့။

ခင်မင်ရတဲ့ ညီမငှေး မေမိုး၊ ကိုကြီးဝီ၊ မမဂွိ.... အားလုံးသော မိတ်ဆွေများအတွက် အမှတ်တရ လက်ဆောင်ပါ...

ကိုဇနိ၊ မဇနိ


အလှည့်

အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်
ဇနိမြန်မာပြန်သည်။

ကျွန်ုပ်တို့ တစ်ဦးကို တစ်ဦး အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။
ဗာရာတင်းစကီး

ကျွန်တော်သည် ဒွေး(တစ်ဦးချင်းစိန်ခေါ်ပွဲ)စည်းမျည်းအရ သူအားပစ်ခတ်ရန် အဓိဌာန်ပြုခဲ့သည်။
(သူ့အားပစ်ခတ်ရန်အလှည့် ကျွန်တော်၏ထံတွင် ကျန်နေခဲ့သည်။)
စခန်း ညနေခင်းပွဲတော်




ကျွန်တော်တို့ မြို့ငယ်လေးတစ်ခုမှာ အခြေချခဲ့ပါတယ်။ စစ်တပ်က အရာရှိတွေရဲ့ ဘ၀ကတော့ သိကြတဲ့အတိုင်းပါပဲ။ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်မယ်၊ မြင်းစီးသင်မယ်၊ နံနက်စာကို တပ်ရင်းမှုးကြီးဆီမှာပဲဖြစ်ဖြစ်၊ ရေဗရီတွေရဲ့ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် စားကြမယ်။ ညနေခင်းရောက်ရင်တော့ ဖဲကစားကြတော့တာပါပဲ။ အဲဒီမြို့လေးမှာက ရင်းနှီးဖော်ရွေတဲ့အိမ်ကမရှိ၊ မိန်းမပျိုကလည်းမရှိဆိုတော့ ကျွန်တော်တို့တွေက တစ်ယောက်ဆီတစ်ယောက် အချင်းချင်းသွားစုမိကြတော့ စစ်ဝတ်စုံတွေကလွဲပြီး တခြားဘာကိုမှ မတွေ့မမြင်ရသလောက်ပါပဲ။

ကျွန်တော်တို့ အသိုင်းအ၀ိုင်းထဲမှာ စစ်တပ်ကမဟုတ်တဲ့ လူတစ်ယောက်တော့ရှိလေရဲ့။ သူရဲ့အသက်က သုံးဆယ့်ငါးနှစ်ဝန်းကျင် ရှိပြီးဆိုတော့ ကျွန်တော်တို့က သူကို လူကြီးတစ်ယောက်လို့ပဲ ယူဆထားကြတယ်။ ကျွန်တော်တို့ အထင်ကြီးစရာ အတွေ့အကြုံတွေ သူ့မှာ အများကြီးရှိတယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက်အတိုင်း သုန်သုန်မှုန်မှုန်နေတတ်တာ၊ စိတ်ဆတ်တာ၊ စကားခပ်ကြမ်းကြမ်းပြောတတ်တာတွေက ကျွန်တော်တို့ အရာရှိငယ်တွေရဲ့ခေါင်းထဲမှာ အတော်ကို လွှမ်းမိုးတာပါ။ လျှို့ဝှက်ချက်တစ်ခုခုကများ သူ့ရဲ့ ကံကြမ္မာကိုလွှမ်းမိုးထားလေသလား။ လူကတော့ ရုရှားလူမျိုးလို့ ယူဆရပြီး၊ နာမည်ကတော့ နိုင်ငံခြားနာမည်ဖြစ်နေလေရဲ့။ တချိန်တခါတုန်းကတော့ သူက မြင်းတပ်တစ်ခုမှာ ပျော်ပျော်ကြီး တာဝန်ထမ်းဖူးသတဲ့။ သူ စစ်တပ်က ဘာ့ကြောင့် အနားယူရသလဲဆိုရယ်၊ ဒီလို ခြောက်ကပ်ကပ်မြို့လေးမှာ ဘာ့ကြောင့် အခြေချနေရသလဲဆိုတာရယ်ကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ မသိပါဘူး။ အဲဒီမြို့လေးမှာ သူက ဆင်းဆင်းရဲရဲနဲ့၊ အသုံးအဖြုန်းကြီးကြီးနေပါတယ်။ ပြဲနေတဲ့ကုတ်အင်္ကျီကြီးကို ၀တ်ပြီး ခြေကျင်သွားတတ်လာတတ်ပေမယ့် တပ်ရင်းက စစ်ဗိုလ်တွေအတွက်တော့ ရက်ရက်ရောရော ကျွေးမွေးတတ်ပါတယ်။ တကယ်ပါ၊ ညစာအတွက် ဟင်းလျာကတော့ တပ်ထွက်စစ်သားကြီးတွေက ချက်ပြုတ်ပေးတဲ့ ဟင်းနှစ်ခွက်၊ သုံးခွက်တည်းပေမယ့် ရှန်ပိန်ကတော့ မြစ်ရေစီးသလိုပါ။ သူ့ရဲ့အခြေအနေ နဲ့ ၀င်ငွေကို ဘယ်သူကမှ မသိသလို၊ ဘယ်သူကမှလည်း အဲဒီအကြောင်းတွေ သူကိုမမေးရဲပါဘူး။ သူဆီမှာ များသောအားဖြင့် စစ်ဘက်ဆိုင်ရာ စာအုပ်တွေနဲ့ဝတ္ထုစာအုပ်တွေ ပေါများပါတယ်။ သူက သူများဖတ်ဖို့ ၀မ်းမြောက်ဝမ်းသာ ငှားတတ်ပြီး၊ ဘယ်တော့မှလည်း ပြန်မတောင်းတတ်ပါဘူး။ အခြားလူရဲ့စာအုပ်တွေကိုလည်း ဖတ်မပြီးသေးဘူးဆိုပြီး ပြန်မပေးတတ်ပါဘူး။ ပစ္စတိုသေနတ်ပစ်လေ့ကျင့်တာကတော့ သူ့ရဲ့အဓိကအလုပ်ပါပဲ။ သူရဲ့ အခန်းနံရံတွေဆိုရင်လည်း ကျည်ဆံရာတွေနဲ့ ပြည့်နေပြီးတော့ ပျားအုံကြီးရဲ့ ပျားလပို့ကြီးလိုဖြစ်နေတာပါပဲ။ ပစ္စတိုသေနတ်တွေ အများအပြားစုဆောင်းထားတာကတော့ သူနေတဲ့အိမ်အအိုကလေးမှာ တစ်ခုတည်းသော ခံ့ညားထည်ဝါမှုတစ်ခုပါပဲ။ မယုံကြည်နိုင်လောက်အောင် သေနတ်ပစ်ကျွမ်းကျင်တဲ့အတွက် တကယ်လို့သူက ခေါင်းမှာဆောင်းထားတဲ့ဦးထုပ်ပေါ်မှာ သစ်တော်သီးတင်ပြီး သေနတ်နဲ့ပစ်ဖို့ တစ်ယောက်ယောက်ကို ခေါ်တယ်ဆိုရင် ကျွန်တော်တို့တပ်ရင်းမှာ ကိုယ့်ခေါင်းကို ထိုးမပေးရဲတဲ့သူလို့ မရှိပါဘူး။ ကျွန်တော်တို့ကတော့ နှစ်ယောက်ခြင်းသေနတ်ယှဉ်ပစ်တဲ့ အကြောင်းပဲ အပြောများတာပါ။ စီ(လ်)ဗီအို(သူ့ကို အဲဒီလိုခေါ်တယ်။) အဲဒီအကြောင်းဆိုရင် ဘယ်တော့မှ ၀င်မပြောဘူး။ သေနတ်ယှဉ်ပစ်ဖို့အကြောင်းပေါ်လာမဲ့ မေးခွန်းမျိုးဆိုရင်လည်း ခပ်မာမာပဲဖြေတယ်။ ဘာဖြစ်တယ်၊ ဘယ်လိုဆိုတာကိုလည်း အသေအချာ ရှင်းမပြဘူးဆိုတော့ သူက အဲဒီလိုမေးခွန်းမျိုးတွေကို မကြိုက်ဘူးဆိုတာ ကျွန်တော်တို့က သိတယ်လေ။ အလွန်ကြောက်စရာကောင်းလောက်အောင် သူတတ်ကျွမ်းတဲ့ပညာရဲ့ စိတ်မချမ်းမြေ့ဘွယ်ရာ ပေးဆပ်ခြင်းတစ်ခုခုက သူ့ရဲ့ လိပ်ပြာကို လွှမ်းမိုးထားတယ်လို့ ကျွန်တော်တို့က ယူဆထားတယ်။ ဒါပေမယ့် သူကြောက်တတ်ပါ့လားဆိုတဲ့ သံသယဖြစ်စရာအတွေးတောင် ကျွန်တော့်တို့ ခေါင်းထဲရောက်မလာပါဘူး။ အပြင်ပန်း သွင်ပြင်ကိုမြင်ရုံနဲ့တင် အဲဒီလိုသံသယမျိုးတွေကို ကင်းဝေးစေတယ်ဆိုတဲ့ လူမျိုးတွေရှိတယ်လေ။ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုက ကျွန်တော်တို့ကို အံ့အားသင့်စေခဲ့ပါတယ်။

တစ်နေ့မှာ ကျွန်တော်တို့ စစ်ဗိုလ်ဆယ်ယောက်လောက်က စီ(လ်)ဗီအိုဆီမှာ ညစာ စားကြတယ်။ ထုံးစံအတိုင်း သောက်ကြပြီဆိုတော့ များတော့ များတာပေါ့။ စားသောက်ပြီးတော့ အိမ်ရှင်ကို ဖဲရိုက်ဖို့ရာ ပြောကြတာပေါ့။ သူက ဖဲကို တစ်ခါမှလို့ပြောလို့ရလောက်အောင် မကစားတာဆိုတော့ အကြာကြီး ငြင်းပါတယ်။ နောက်ဆုံးကြတော့လည်း ဖဲထုပ်ကိုယူခဲ့ဖို့ အမိန့်ပေးလိုက်ပြီး ပိုက်ဆံငါးဆယ်ကို စားပွဲပေါ်တင်ပြီး ဖဲရိုက်ဖို့ထိုင်ပါတော့တယ်။ ကျွန်တော်တို့ကလည်း သူကိုဝိုင်းထိုင်ပြီးတော့ ဖဲစရိုက်တော့တာပါပဲ။ ဖဲကစားနေတုန်းဆိုရင် ဘာမှကိုမပြောဘဲ လုံးဝပါးစပ်ပိတ်ပြီးနေတတ်တဲ့အလေ့အကျင့်က စီ(လ်)ဗီအိုမှာရှိတယ်။ ဘယ်တော့မှလည်း အငြင်းမပွားသလို ဘယ်တော့မှလည်း သူက ရှင်းပြလေ့မရှိပါဘူး။ ကစားနေတုန်းတစ်ယောက်ယောက်က မှားပြီးတွက်တာဖြစ်တယ်ဆိုရင် သူက လိုတဲ့ပိုက်ဆံကိုချက်ခြင်းထုတ်ပေးတယ်၊ အဲသလိုမှ မဟုတ်ရင်လည်း ရေးမှတ်စရာရှိတာကိုရေးမှတ်တယ်။ ကျွန်တော်တို့က သိပြီးသားဆိုတော့လည်း ဘာမှ အနှောက်အယှက်မပေးပါဘူး။ အဲ ဒါပေမယ့် ကျွန်တော်တို့ကစားဝိုင်းထဲမှာ မကြာခင်ကမှကျွန်တော်တို့ဆီကို ပြောင်းလာတဲ့ စစ်ဗိုလ်အသစ်တစ်ယောက်ရှိတယ်။ သူက ကစားနေရင်း ရှုံးလွန်းလို့ သတိလက်လွတ်နဲ့ ဖဲချပ်ရဲ့ထောင့်တစ်နေရာကို အမှတ်တမဲ့ ချိုးခေါက်မိတယ်။ စီ(လ်)ဗီအိုကလည်း သူ့ထုံးစံအတိုင်း မြေဖြူကိုယူပြီး စားရင်းကိုပြင်တယ်။ စစ်ဗိုလ်လေးက သူ့ကို မှားပြီးစာရင်းမှတ်တယ်ထင်ပြီး စရှင်းပြပါတော့တယ်။ စီ(လ်)ဗီအိုကတော့ ဘာမှမပြောဘဲ ဆက်ပြီးဖဲရိုက်ပါတယ်။ စစ်ဗိုလ်လေးက ဒေါသတွေထွက်ပြီး ဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့ ရေးမှတ်ထားတာတွေကို ဖျက်ပါလေရော။ စီ(လ်)ဗီအိုကလည်း မြေဖြူကိုယူပြီး ထပ်ရေးတာပေါ့။ ၀ိုင်သောက်ထားတဲ့အရှိန်ရယ်၊ ဖဲရှိန်ရယ်၊ အပေါင်းအသင်းတွေရဲ့ ရယ်သံတွေနဲ့ ကိုယ်ဟာကို အတော်ကိုပက်ပက်စက်စက်မှားနေတဲ့ကောင်လို့ ထင်ပြီး၊ ဒေါသတကြီးနဲ့ စားပွဲပေါ်က ဖယောင်းတိုင်တင်ထွန်းတဲ့ ကြေးတိုင်ကြီးကို ဆွဲပြီး၊ စီ(လ်)ဗီအိုဆီကို ပစ်လွှတ်လိုက်တယ်။ စီ(လ်)ဗီအိုလည်း မနည်းရှောင်လိုက်ရတယ်။ ကျွန်တော်တို့လည်း အတော်ကို ကသိကရောက်ဖြစ်သွားတယ်။ စီ(လ်)ဗီအိုကလည်း ဒေါသကြောင့် မျက်နှာကြီးက ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး မျက်လုံးက အရောင်တဖျတ်ဖျတ်ထွက်လာပြီး ထပြီးပြောတယ်။ - လူကြီးမင်း ကျေးဇူးပြုပြီးထွက်သွားပါ။ ဒီကိစ္စ ကျုပ်အိမ်ထဲမှာ ဖြစ်သွားတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

ကျွန်တော်တို့က အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို သံသယမရှိဘဲ အပေါင်းအသင်းအသစ်ကိုလည်း သေလူအဖြစ် ယူဆထားပြီးသားပါ။ စစ်ဗိုလ်လေးကလည်း အိမ်ရှင်အဆင်ပြေမယ့်အချိန်မှာ သူ့အမှားအတွက်ရင်ဆိုင်ရန်အသင့်ရှိကြောင်းပြောပြီး ထွက်သွားလေရဲ့။ ကစားပွဲကို မိနစ်အနည်းငယ် ဆက်ကစားကြပေမယ့် အိမ်ရှင်က အဆုံးအထိဆက်မကစားချင်ဘူးလို့ ခံစားရလို့ ကျွန်တော်တို့လည်း တစ်ယောက်ပြီးတစ်ယောက် လူစုခွဲပြီး ကိုယ့်အခန်းကို ကိုယ်စီပြန်သွားကြတော့တာပေါ့။

နောက်နေ့ မြင်းစီးကွင်းမှာ သနားစရာစစ်ဗိုလ်လေး အသက်ရှိသေးရဲ့လားလို့ အချင်းချင်းမေးနေတုန်းပဲ အဲဒီစစ်ဗိုလ်လည်း ရောက်လာတော့ သူကိုလည်း အဲဒီမေးခွန်းကိုပဲ မေးကြတယ်။ သူကလည်း စီ(လ်)ဗီအို ဆီက ဘာကိုမှ အကြောင်းမကြားကြောင်း ပြောတယ်။ အဲသလိုဖြစ်နေတာကိုက ကျွန်တော်တို့ကို အံ့အားသင့်စေတာပါ။ ကျွန်တော်တို့လည်း စီ(လ်)ဗီအိုဆီကိုသွားတော့ ခြံတံခါးမှာ ကပ်ထားတဲ့ စပိတ်ဖဲပွင့်ပေါ်အတည့်ကိုကျည်ဆံတွေတစ်တောင့်ပြီးတစ်တောင့်ထပ်နေအောင် ပစ်နေတဲ့ သူကို အိမ်ဝိုင်းထဲမှာ တွေ့ပါတယ်။ မနေ့ကဖြစ်သွားတဲ့အကြောင်းအရာကို တစ်ခွန်းမှ မဟဘဲ သူက ကျွန်တော်တို့ကို ခါတိုင်းလိုပဲ ဆီးကြိုနှုတ်ဆက်ပါတယ်။ သုံးရက်လောက်ကြာပေမယ့်လည်း ဟိုစစ်ဗိုလ်လေးကတော့ အသက်ရှင်ရက်ပါပဲ။ စီ(လ်)ဗီအိုက သေနတ်ချင်းယှဉ်ပစ်ဖို့ တကယ့်ကိုပဲ မခေါ်တော့ဘူးလားလို့ ကျွန်တော်တို့ တအံ့အသြနဲ့မေးမိတယ်။ စီ(လ်)ဗီအိုက သေနတ်ချင်းယှဉ်ပစ်ဖို့ မခေါ်ပါဘူး။ သူကတော့ နည်းနည်းပါးပါးရှင်းပြတာကို ကျေနပ်ပြီးတော့ ပြန်ပေါင်းထုပ်သွားပါတယ်။

အဲသလိုလုပ်သွားတာက ကျွန်တော်တို့ လူငယ်တွေရဲ့ အမြင်မှာ သူ့ကိုအထင်အမြင်သေးစေပါတယ်။ သတ္တိရှိတယ်ဆိုတာကို လူတစ်ယောက်အတွက် အမြင့်ဆုံးစံလို့ အမြဲမြင်တတ်တဲ့၊ ခွင့်လွှတ်တယ်ဆိုတာကို ဖြစ်နိုင်ချေရှိတဲ့ အပြစ်အနာအဆာလို့ ယူဆတဲ့ ကျွန်တော်တို့ လူငယ်တွေက သူသတ္တိသိပ်မရှိတာကို ခွင့်လွှတ်ကြပါတယ်။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ပဲ အားလုံးကမေ့သွားကြတာပါ။ ပြီးတော့လည်း စီ(လ်)ဗီအိုက အရင်ကအတိုင်း သူ့ရဲ့လွှမ်းမိုးမှုကတော့ ပြန်ရှိတာပါပဲ။

ကျွန်တော်တစ်ယောက်တည်းကသာ သူ့နားကိုပြန်မကပ်နိုင်တာပါ။ ကျွန်တော့်မှာ ကြည်နူးဖွယ်ရာစိတ်ကူးယဉ်တတ်တဲ့ အလေ့အထကရှိတော့ ပဟေဠိဆန်ဆန်ဘ၀ရှိတဲ့၊ ကျွန်တော်အတွက် လျှို့ဝှက်ဆန်းကြယ် ၀တ္ထုတစ်ခုခုက သူရဲကောင်းတစ်ယောက်လို ဖြစ်နေတဲ့ သူနဲ့ ပိုပြီး ရင်းရင်းနှီးနှီးရှိခဲ့တာပေါ့။ သူကလည်း ကျွန်တော့်ကို ခင်ပါတယ်။ သူက ကျွန်တော့်ကိုဆို သူ့ထုံးစံအတိုင်း စကားကို ခပ်ထန်ထန်၊ ခပ်ရိုင်းရိုင်းမပြောဘဲ၊ အကြောင်းအရာအစုံကို ပြောနေကြမဟုတ်တဲ့ ချိုချိုသာသာလေသံနဲ့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ ဒါပေမယ့် စိတ်ညစ်စရာကောင်းတဲ့ ညနေခင်းအပြီးမှာတော့ သူ့အပေါ်ထားတဲ့ လေးစားမှုတွေက သူ့ရဲ့ အမှားကြောင့်ပဲ ပျောက်ဆုံးသွားပါတယ်။ အဲဒီအတွေးက စိတ်ထဲမှာပျောက်မသွားဘဲ အရင်ပုံစံလို သူနဲ့ပြန်မဆက်ဆံနိုင်လောက်အောင်၊ သူကိုမကြည့်ချင်လောက်အောင်ကိုပဲ ဖြစ်ရပါတယ်။ စီ(လ်)ဗီအိုက သိပ်ကိုအတွေ့အကြုံကရှိ၊ ဥာဏ်ကလည်းကောင်းဆိုတော့ ဘာလို့ကျွန်တော်အဲဒီလိုဖြစ်နေတယ်ဆိုတာကို သတိထားမိ၊ ခန့်မှန်းမိမှာပါ။ သူလည်း စိတ်အနှောက်အယှက်တော့ဖြစ်ပုံပေါ်ပါတယ်။ သူက ကျွန်တော့်ကို ရှင်းပြဖို့ နှစ်ခါလောက်ကျိုးစားတာကို ကျွန်တော်က ရှောင်ပြေးနေတော့ သူလည်း လက်တော့လျှော့သွားတယ်။ အဲဒီအချိန်ကစပြီးတော့ အပေါင်းအသင်းတွေနဲ့ အတူပဲ တွေ့တော့တာဆိုတော့ အရင်လို ပွင့်ပွင့်လင်းလင်းပြောတာတွေလည်း မရှိတော့ဘူးပေါ့။

ကိုယ်ကိစ္စနဲ့ကိုယ်အလုပ်ရှုပ်နေတဲ့ မြို့တော်ကလူတွေကတော့ မြို့ငယ်တွေ၊ ရွာတွေကလူတွေရဲ့ ကိစ္စတစ်ချို့ကို နားမလည်လောက်ဘူး။ ဥပမာ - စာတိုက်ဖွင့်တဲ့ရက်ကို စောင့်ရတာမျိုးကိုပေါ့။ အင်္ဂါနဲ့ သောကြာနေ့တွေဆို ကျွန်တော်တို့ တပ်ရင်းရုံးမှာ စစ်ဗိုလ်တွေအပြည့်ပဲ။ ငွေကို စောင့်တဲ့သူက စောင့်၊ စာ၊ သတင်းစာ မျှော်တဲ့သူက မျှော်ပေါ့လေ။ စာအိတ်တွေကိုတော့ အဲဒီမှာပဲ ဖွင့်ပြီးတော့ ဖတ်ကြ၊ သတင်းတွေ ဖလှယ်ကြနဲ့ ရုံးလေးက တကယ့်ကို အသက်ဝင်နေတာပဲ။ စီ(လ်)ဗီအိုလည်း အမြဲရှိနေတတ်ပြီးတော့ ကျွန်တော်တို့ တပ်ရင်းကို လိပ်မူပြီးထားတဲ့ သူ့စာတွေလည်း ရောက်တတ်ပါတယ်။ တစ်နေ့ သူ့ဆီကို စာရောက်တော့ ချက်ချင်းပဲ စာအိတ်ကို အလွန်စိတ်မရှည်တဲ့ပုံစံနဲ့ ဖွင့်ပါတော့တယ်။ စာကို အမြန်အပြေးအလွှား ဖတ်နေရင်း မျက်လုံးက အရောင်တွေကို ထွက်လို့ပေါ့။ စစ်ဗိုလ်တွေကလည်း ကိုယ့်စာတွေနဲ့ကိုယ်ရှုပ်နေတာဆိုတော့ သူ့ကို ဘယ်သူကမှ သတိမထားမိပါဘူး။ - လူကြီးမင်းတို့- စီ(လ်)ဗီအိုက သူတို့ကိုပြောတယ်။ - အခြေအနေတစ်ခုကြောင့် ကျွန်တော် ဒီကနေအမြန်ထွက်ခွာရပါတော့မယ်။ ဒီနေ့ညပဲ သွားမှာဖြစ်လို့ ကျွန်တော့်အိမ်မှာ နောက်ဆုံးအနေနဲ့ ညစားစာဖို့ ဖိတ်ခေါ်တာကို မငြင်းကြစေလိုပါဘူး။ ကျွန်တော်စောင့်နေပါ့မယ်။ - သူက ကျွန်တော့်ဖက်ကိုလှည့်ပြီးတော့ ဆက်ပြောပါတယ်။- အသေအချာကို စောင့်နေပါ့မယ်။ ပြောရင်းဆိုရင်း သူထွက်သွားတော့ ကျွန်တော်တို့လည်း သူ့ အိမ်မှာ ဆုံကြဖို့ ပြောပြီးတော့ အသီးသီး လမ်းခွဲကြပါတယ်။

ကျွန်တော် စီ(လ်)ဗီအိုဆီကို ချိန်းထားတဲ့ အချိန်မှာရောက်တော့ တပ်ကလူတွေ အကုန်နီးပါးရောက်နေပါပြီ။ သူ့ပစ္စည်းတွေက အကုန်ထုပ်ပိုးပြီးပြီဆိုတော့ ကျည်ဆံရာတွေနဲ့ နံရံပဲကျန်နေတော့ပါတယ်။ ကျွန်တော်တို့လည်း စားပွဲခုံရှေ့မှာ ထိုင်နေကြပြီး၊ အိမ်ရှင်ကလည်း အလွန်ကိုပဲ စိတ်လောနေတဲ့ ပုံစံရှိနေပါတယ်။ ခဏနေတော့ စကားပြောရင်းဆိုရင်း သူလည်းပျော်ရွှင်လာပါတော့တယ်။ ပုလင်းဖေါက်သံတွေဆက်တိုက်ကြားလာရပြီးတော့ ခွက်ချင်းတိုက်သံတွေ စကားပြောသံတွေလည်း အဆက်မပြတ်ကြားလာရပါတယ်။ ကျွန်တော်တို့ကလည်း အဆင်ပြေချောမွှေ့သော ခရီးဖြစ်ပါစေလို့ အူလိုက်သည်းလိုက် ဆုတောင်းပေးကြပါတယ်။ ညနေလည်း အတော်စောင်းတော့ အားလုံးလည်း စားပွဲကနေထကြပါတော့တယ်။ စီ(လ်)ဗီအိုရဲ့ ဦးထုပ်ကို စူးစမ်းရင်း အားလုံးက နှုတ်ဆက်နေတုန်း ကျွန်တော်ထွက်ခါနီးမှာပဲ ကျွန်တော့်လက်ကို သူကလှမ်းဆွဲပြီး တားပါတော့တယ်။- ငါမင်းနဲ့ စကားပြောစရာရှိတယ်။- သူက တိုးတိုးလေးပြောပါတယ်။ ကျွန်တော်လည်း ကျန်နေခဲ့ပါတယ်။

ဧည့်သည်တွေလည်းပြန်သွားကြတော့ ကျွန်တော်တို့ နှစ်ယောက်ပဲကျန်ခဲ့ပြီး၊ တစ်ယောက်ကိုတစ်ယောက် မျက်နှာခြင်းဆိုင်ထိုင်ပြီး စကားမပြောဘဲ ဆေးတံတွေ ကိုယ်ဆီထိုင်သောက်နေကြလေရဲ့။ စီ(လ်)ဗီအိုလည်း ပြဿနာတစ်ခုခုဖြစ်နေပုံပါပဲ။ ဟိုအရင်က ပျော်ရွှင်မှုအရိပ်အရောင်လေးတောင်မတွေ့ရပါဘူး။ သုန်သုန်မှုန်မှုန်နဲ့ ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့မျက်နှာရယ်၊ အရောင်တလက်လက်ထွက်နေတဲ့မျက်လုံးတွေရယ်၊ ပါးစပ်ကမှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေက သူ့ကို တကယ်နတ်ဆိုးတစ်ကောင်လို ဖြစ်စေတာပေါ့။ ခဏနေတော့ စီ(လ်)ဗီအိုလည်း စကားစပြောတော့တာပါပဲ။

- တို့တွေ နောင်ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့လည်းဖြစ်သွားနိုင်တယ်။ - သူက ကျွန်တော့်ကိုပြောတယ်။ ထွက်မသွားခင်လေးမှာတော့ ငါမင်းကိုတော့ ရှင်းပြချင်တယ်။ တစ်ခြားလူတွေရဲ့ အမြင်တွေကို ငါသိပ်ပြီးဂရုမစိုက်တတ်ဘူးဆိုတာကို မင်းလည်းသတိထားမိမှာပါ။ ငါ မင်းကို ခင်တယ်ဆိုတော့ မင်းစိတ်ထဲမှာ ငါ့ကို အထင်အမြင်မှားပြီး ကျန်ခဲ့မယ်ဆိုရင်တော့ ငါအနေရခက်နေမှာ။

သူက ခဏရပ်ပြီးတော့ ဆေးတံဆေးထပ်ထည့်ဖို့ ထတယ်။ ကျွန်တော်လည်း မျက်လုံးအောက်စိုက်ပြီး ပါးစပ်ပိတ်နေတယ်။

- မင်းအနေနဲ့ ငါက ဟိုအမူးအရူးကောင်ကို ဘာမှမလုပ်တာကို အံ့ကြနေခဲ့တာမဟုတ်လား ။ - သူက ဆက်ပြောတယ်။ - ဘယ်သေနတ်နဲ့ ပစ်မလဲဆိုတာကို ရွေးချယ်ခွင့်ရှိတယ်ဆိုတော့ ဟိုကောင့်ရဲ့အသက်က ငါ့လက်ထဲမှာရှိပြီး ငါ့မှာ အန္တရာယ် လုံးဝနီးပါးမရှိဘူးဆိုတာကိုတော့ မင်းလည်းသိမှာပါ။ ငါက သဘောထားကြီးကြီးနဲ့ သိပ်ကိုခွင့်လွှတ်တတ်တယ်လို့တော့ မညာချင်ပါဘူး။ ငါက စိန်ခေါ်လိုက်တာက ငါ့အသက်အန္တရာယ်ကို လုံးဝမထိခိုက်နိုင်ဘူးဆိုတာ သိပ်သေချာနေရင်တော့လည်း ဟိုကောင်ကို ခွင့်လွှတ်မိမှာတော့ မဟုတ်လောက်ပါဘူး။

ကျွန်တော် စီ(လ်)ဗီအိုကို တအံ့အသြကြီးနဲ့ကို ကြည့်နေမိတယ်။ သူဒီလိုဝန်ခံတာနေတာက ကျွန်တော့်ကို တော်တော်ကသိကအောက်ဖြစ်စေတာပါ။ စီ(လ်)ဗီအိုက ဆက်ပြောတယ်။

- ငါ့မှာ ကိုယ့်ဟာကို သေတွင်းကို ပို့ဖို့ဆိုတာ အခွင့်မရှိဘူးဆိုတာ အသေအချာပဲ။ လွန်ခဲ့တဲ့ ခြောက်နှစ်က ငါ စိန်ခေါ်ခံရဖူးတယ်၊ ငါ့ရန်သူက အခုထိ အသက်ရှင်တုန်းပဲ။

ကျွန်တော်လည်း သိချင်စိတ်ပြင်းပြင်းထန်ထန်နဲ့ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။

- ခင်ဗျား သူနဲ့ သေနတ်ချင်းယှဉ်မပစ်ခဲ့ဘူးလား။ - ကျွန်တော်က မေးတယ်။ အခြေအနေတွေကြောင့် ခင်ဗျား အဲဒီက ထွက်လာပုံရတယ်၊ ဟုတ်လား။

- ငါ သူနဲ့ သေနတ်ယှဉ်ပစ်ခဲ့ပါတယ်။ - စီ(လ်)ဗီအိုက ဖြေတယ်။ - ဒီမှာ နှစ်ယောက်စိန်ခေါ်ပွဲရဲ့ အမှတ်အသားလေ။

စီ(လ်)ဗီအိုက မတ်တပ်ရပ်ပြီး ဗီရိုလေးထဲကနေပြီး ရွေရောင်အမွှေးတွေနဲ့ အလှဆင်ထားတဲ့ ချည်နဲ့ရက်ထားတဲ့ အပတ်ကလေးပါတဲ့ ဦးထုပ်ကိုထုတ်ပြီးဆောင်းပြတယ်။ နဖူးအထက် နှစ်လက်မလောက်အကွာမှာ ဦးထုပ်မှာ ကျည်ဆံပေါက်ရာကိုတွေ့ရတယ်။

- မြို့လေးတစ်ခုက မြင်းတပ်မှာ ငါတာဝန်ထမ်းခဲ့တယ်ဆိုတာ မင်းသိပါတယ်။- စီ(လ်)ဗီအိုက ဆက်ပြောတယ်။ ငါ့ရဲ့အလေ့အကျင့်ကတော့ မင်းသိပြီးသားပါ။ ပထမနေရာကို အမြဲရနေကြဆိုတော့ ကလေးကတည်းက အဲဒါကို တော်တော်စွဲမက်ခဲ့တာ။ အဲဒီအချိန်တုန်းက ဆိုးတယ်၊ပေတယ်ဆိုတာ တော်တော်လေးကို ရေပန်းစားတာကို။ စစ်တပ်မှာတော့ ငါ့ကိုမှီတဲ့လူဆိုးဆိုတာ မရှိသလောက်ပေါ့။ အရက်ကို အများကြီးသောက်နိုင်တယ်ဆိုတာကိုလည်း ကြွားဝါးတတ်သေးတယ်။ ဒင်းနစ် ဒါဗီဒေါ့(ဗ်) ဧည့်ခံကျွေးမွေးတဲ့ပွဲမှာ သိပ်နာမည်ကြီးတဲ့ ဘူး(ရ်)ဆော့(ဗ်)ကို ငါအနိုင်သောက်ခဲ့တာလေ။ ဒွေး(တစ်ဦးချင်းစိန်ခေါ်ပွဲ)ဆိုတာကလည်း တို့တပ်မှာက ခဏခဏဖြစ်တာလေ။ သတ်သေလုပ်ရင်လုပ်၊ မဟုတ်ရင်လည်း ကိုယ်တိုင်ပစ်တဲ့ သူအဖြစ်နဲ့ ပွဲတိုင်းတော့ ငါပါတယ်။ ပေါင်းအသင်းတွေကလည်း ငါ့ကိုလေးစားကြတယ်။ ခဏခဏပြောင်းနေတဲ့ တပ်ရင်းမှုးတွေဆိုတာ ငါ့ကို သိပ်လိုအပ်နေတဲ့ ဒုစရိုက်ကောင်လိုကြည့်တာ။
သိပ်ကိုချမ်းသာပြီး လျှမ်းလျှမ်းတောက်တဲ့ မျိုးရိုးနာမည်ရှိတဲ့ (နာမည်တော့ မပြောတော့ပါဘူး။)သူတစ်ယောက် ငါတို့ဆီကိုပြောင်းမလာခင်အထိတော့ ငါကလည်း အေးအေးဆေးဆေးနဲ့ (မအေးမဆေးလည်းဖြစ်ရင် ဖြစ်မှာပေါ့လေ။) ဒီလို နာမည်ကျော်နေတာကို ကျေနပ်နေတယ်လေ။ ဒီကောင့်လောက် ပက်ပက်စက်စက် ကံကောင်းတဲ့လူဆိုတာ ငါ့တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။ မင်း ပုံဖော်ကြည့်စမ်းပါ။ အသက်က ငယ်ငယ်၊ ဥာဏ်က ခပ်သွက်သွက်၊ လူက ခန့်ခန့်ငြားငြား၊ ပျော်ရွင်မှုဆိုတာ အရူးသွပ်ဆုံးနဲ့၊ သတ္တိရှိတယ်ဆိုတာ ဂရုကို မစိုက်တတ်တဲ့ကောင်၊ နာမည်ကလည်း အပြန်စား၊ ပိုက်ဆံဆိုတာ ဘယ်လောက်ရှိသလဲ မသိလောက်အောင် စာရင်းလည်း တစ်ခါမှ တွက်မကြည့်ဖူးတဲ့ကောင်နဲ့ ငါ့ဆိုတဲ့ကောင် ကြားထဲမှာ ဘယ်လိုပြဿနာတွေ ပေါ်လာမယ်ဆိုတာကိုသာ စဉ်းစားသာကြည့်ပါတော့။ ငါ့ပထမနေရာဆိုတာကလည်း လှုပ်လာတော့တာပေါ့။ ငါ နာမည်ကြီးတာကြောင့် ဖြစ်မယ်ထင်ပါရဲ့။ အစတော့ သူက ငါနဲ့ အပေါင်းအသင်းလုပ်ဖို့ ကျိုးစားပါသေးတယ်။ ငါကအေးစက်စက်ပြန်ဆက်ဆံတော့ သူလည်းငါနဲ့ ခပ်ဝေးဝေးပဲနေတော့တာပေါ့။ ငါက သူ့ကို စပြီးမုန်းလာတော့တယ်။ တပ်ရင်းမှာ သူ့ရဲ့ အောင်မြင်မှုတွေ၊ ကောင်မလေးတွေကြားမှာ သူ နာမည်ကြီးလာတွေက ငါ့ကိုတော်တော်စိတ်ပျက်လက်ပျက်ဖြစ်စေတာ။ ငါကလည်း သူ့ကိုဆို ပြဿနာစရှာတော့တာပေါ့။ ငါက ခပ်လှောင်လှောင် ကဗျာတိုလေးတွေနဲ့ပြောရင် သူက ချက်ခြင်းကိုပဲ ငါ့ကဗျာတိုတွေထက် ပိုပြီးပြောင်မြောက်တဲ့၊ ပိုပြီးရီရတဲ့ကဗျာတွေနဲ့ပြန်ပြောတတ်တယ်။ သူကရီစရာတွေပိုပြောလေ၊ ငါက ဒေါသပိုထွက်လေပေါ့။ နောက်ဆုံးတစ်နေ့ကြတော့ တပ်ရင်းမှုးတစ်ယောက်ရဲ့ ကပွဲခန်းမမှာ မိန်းမပျိုတွေကလည်း သူ့ကိုပဲ အာရုံက စိုက်နေကြတယ်။ အဆိုးဆုံးက အရင်က ငါနဲ့အဆက်ဖြစ်တဲ့ အိမ်ရှင်မိန်းမပျိုပေါ့။ အဲဒါကိုလည်းမြင်ရော ငါလည်း တော်တော့်ကို ရိုင်းရိုင်းစိုင်းစိုင်း သူ့နားကိုကပ်ပြောလိုက်တယ်။ သူလည်းဒေါသထွက်ပြီး ငါ့ကိုထိုးပါလေရော။ ငါတို့လည်း ဓါးတွေဆီကို ခုန်ပြေးတာပေါ့။ ကောင်းမလေးတွေဆို ကြောက်ကြောက်လန့်လန့်နဲ့ သတိလစ်ပြီးလဲကျသွားကြတယ်။ ပြီးတို့နှစ်ယောက်ကို ၀ိုင်းခွဲကြတာပေါ့။ အဲဒီညမှာပဲ နှစ်ယောက် သေနတ်ချင်း ယှဉ်ပစ်ဖို့ဖြစ်လာတာပေါ့လေ။

အရုဏ်ဦးပေါ့။ ငါက ချိန်းထားတဲ့နေရာမှာ ငါဖက်က သက်သေ သုံးယောက်နဲ့ ရပ်နေတယ်။ ဘယ်လိုပြောရမှန်းကို မသိလောက်အောင်ဖြစ်နေတဲ့ စိတ်မရှည်ခြင်းကြီးစွာနဲ့ ငါ့ရန်သူကို စောင့်နေတာပေါ့။ နွေဦးပေါက်နေလေးလည်း ထွက်လာတော့ စပူတော့တာပေါ့။ ငါက သူလာနေတာကို အဝေးကြီးကတည်းက မြင်တယ်လေ။ စစ်အင်္ကျီတင်ထားတဲ့ဓါးကောက်ရှည်ကိုထမ်းပြီး သူ့သက်သေအပေါင်းအသင်းတစ်ယောက်နဲ့အတူ သူကလမ်းလျှောက်ပြီးလာတယ်။ ငါတို့လည်း သူတို့ဆီကိုတွေ့ဖို့ သွားလိုက်တယ်။ ချယ်ရီသီးတွေ အပြည့်ထည့်ထားတဲ့ ဦးထုပ်ကို ကိုင်ပြီး တဖြည်းဖြည်းနီးလာတယ်။ သက်သေလုပ်မယ့် အပေါင်းအသင်းတွေက ခြေလှမ်း ဆယ့်နှစ်လှမ်းစာ လှမ်းပြီးတိုင်းလိုက်တယ်။ ငါကစပြီး သူ့ကိုပစ်ရမှာလေ။ ဘယ်လိုမကောင်းဆိုးဝါးကြောင့် မသိပါဘူး။ စိတ်တွေက တအားကိုလှုပ်ရှားနေတော့ ကိုယ့်လက်ကိုလည်း မယုံတော့ဘူး။ စိတ်အေးလက်အေးဖြစ်သွားအောင်လို့ အချိန်ရအောင် သူ့ကို ပထမဆုံးပစ်ခွင့်ပေးတာကို သူက သဘောမတူဘူး။ မဲနှိုက်ဖို့ ဆုံးဖြတ်တော့လည်း သိပ်ကံကောင်းနေတဲ့ ကောင်က ပထမပစ်ဖို့ ဖြစ်သွားတယ်။ သူကလည်း သေနတ်ကို ချိန်ပြီး ငါ့ဦးထုပ်ကိုပဲ ပစ်သွားတယ်။ ငါ့အလှည့်ပဲ ကျန်တော့တာပေါ့။ နောက်ဆုံးတော့ သူ့အသက်က ငါ့လက်ထဲမှာပေါ့လေ။ ထိတ်ထိတ်ပြာပြာအရိပ်အရောင်လေးများ တစ်ခုတစ်လေတွေ့ရမလားဆိုပြီး ငါကလည်း သူ့ကို လောဘတကြီးနဲ့ ကြည့်တယ်။ သူက ငါသေနတ်နဲ့ချိန်ထားတာတောင် အမှည့်ဆုံး ချယ်ရီသီးတွေကို ရွေးစားနေလေရဲ့။ အစေ့တွေကို ပါးစပ်ကနေ ထွေးထုတ်လိုက်တာ ငါ့ဆီထိတောက်ရောက်တယ်။ ဘာမှကို သူဂရုမစိုက်တာက ငါ့ကို တော်တော် အခံရခက်စေတာပါ။ သူ့အသက်ကိုတောင်သူတန်းဖိုးမထားတဲ့အချိန်မှာ သူ့ကို သေနတ်နဲ့ ပစ်တော့ရော ဘာအကျိုးရှိမှာလဲလို့ ငါ စဉ်းစားမိတယ်။ ယုတ်မာတဲ့ အကြံအစီတစ်ခု ငါ့ခေါင်းထဲမှာ ပေါ်လာတယ်။ ငါ သေနတ်ကို ချလိုက်တယ်။ - ခင်ဗျားကို ကြည့်ရတာ အခုသေချိန်မကျသေးဘူးထင်ပါရဲ့။ - ငါက သူ့ကိုပြောလိုက်တယ်။ - ခင်ဗျား မနက်စာ စားချင်ရင်လည်း စားလေ။ ကျုပ် ခင်ဗျားကို မနှောက်ယှက်ချင်ပါဘူး။ - ခင်ဗျားက ကျွန်တော့်ကို နည်းနည်းလေးတောင် အနှောက်အယှက် မဖြစ်စေပါဘူး။- သူက အငြင်းပြန်ပြောတယ်။ - ခင်ဗျား အဆင်ပြေသလို သာ ပစ်ပါ။ အလှည့်က ခင်ဗျားဆီမှာပဲ ကျန်တော့တာပါ။ ခင်ဗျား ဆန္ဒရှိသလိုလုပ်ဖို့ ကျွန်တော် ခင်ဗျားအတွက် အမြဲ အဆင်သင့်ရှိပါတယ်။ ငါလည်း သက်သေအပေါင်းအသင်းတွေကို ဒီနေ့ပစ်ချင်တဲ့ စိတ်မရှိကြောင်းပြောလိုက်တော့ သေနတ်ယှဉ်ပစ်တာလည်း အဲဒီမှာ ပြီးသွားတယ်။

ငါလည်းတပ်က ထွက်လာပြီး ဒီမြို့လေးကို ရောက်လာတာပဲ။ ဒီနေ့အထိ လက်စားချေဖို့အကြောင်း မတွေးမိဘူးဆိုတဲ့ရက် တစ်ရက်မှ မရှိဘူး။ ဒီနေ့ကတော့ ငါ့နေ့ဖြစ်ပြီး။

စီ(လ်)ဗီအိုက အိပ်ကပ်ထဲက မနက်ကရထားတဲ့စာကိုထုတ်ပြီး ကျွန်တော့်ကို ပေးဖတ်တယ်။ တစ်ယောက်ယောက် (သူ့ရဲ့ လူယုံဖြစ်ပုံရတယ်) မော်စကိုကနေ ဟိုလူမကြာခင်မှာ ငယ်ရွယ်လှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ တရားဝင်လက်ထပ်တော့မယ်ဆိုတဲ့ အကြောင်း သူ့ဆီကိုရေးထားတာပါ။

- ဟိုလူဆိုတာ ဘယ်သူဖြစ်မယ်ဆိုတာ မင်းခန့်မှန်းမိတယ် မဟုတ်လား။- စီ(လ်)ဗီအိုက ပြောတယ်။ - မော်စကို ကိုသွားမယ်။ မင်္ဂလာမဆောင်ခင်လေးမှာ သေခြင်းတရားကို ဟိုအရင်တစ်ခါကလို ချယ်ရီသီးတွေစားရင်းလို စိတ်အေးလက်အေး သူ လက်ခံနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့လေ။

အဲဒီစကားလုံးတွေပြောရင်း စီ(လ်)ဗီအိုက မတ်တပ်ထရပ်၊ ဦးထုပ်ကို ကြမ်းပြင်ပေါ်ပစ်ချပြီး ကျားက လှောင်ချိုင့်ထဲမှာ လျှောက်သလို အခန်းထဲတွင် ဟိုမှဒီလျှောက်နေတော့တယ်။ သူ့ပြောသမျှကို မလှုပ်မယှက် ကျွန်တော်ထိုင်နားထောင်ပြီးတော့ ထူးဆန်းတဲ့ဆန့်ကျင်ဖက်အတွေးတွေက ကျွန်တော့်ကို စိတ်လှုပ်ရှားစေတာပေါ့။

သူ့အခိုင်းစေက ၀င်လားပြီး မြင်းလှည်းအဆင်သင့်ဖြစ်ကြောင်း ပြောပါတယ်။ စီ(လ်)ဗီအိုက ကျွန်တော့်လက်ကို တင်းတင်းကျပ်ကျပ်ဆွဲပြီး ပွေ့ဖက်နှုတ်ဆက်ပါတယ်။ သေနတ်တွေထည့်ထားတဲ့ အိတ်ရယ်၊ အစ်ခြားပစ္စည်းတွေထည့်ထားတဲ့အိတ်ရယ် ခရီးဆောင်အိတ် နှစ်လုံးတင်ထားတဲ့လှည်းပေါ်မှာ သူကထိုင်ပါတယ်။ကျွန်တော်တို့ နောက်တစ်ကြိမ် နှုတ်ဆက်ပြီး တော့ မြင်းတွေလည်း ကဆုန်ဆိုင်းပြီး စပြေးပါတော့တယ်။



နှစ်တွေ အနည်းငယ်ကြာသည်အထိ ကျွန်တော်မှာလည်း အိမ်အလုပ်တွေပိပြီး ခပ်ခေါင်ခေါင်နယ်တစ်ခုက ရွာလေးတစ်ရွာကနေ ဘယ်ကိုမှမထွက်နိုင်ပါဘူး။ အိမ်အလုပ်တွေရှုပ်နေတာဆိုပေမယ့်လည်း အရင်တုန်းက အပူအပင်ကင်းကင်းနေခဲ့ရတဲ့ ပူညံပူညံဘ၀ကိုလည်း သတိရမိတာပေါ့။ အဆိုးဆုံးကတော့ ဆောင်းဦးပေါက်နဲ့ ဆောင်းညနေခင်းတွေမှာ အထီးကျန်တစ်ယောက်တည်းနေရတာပါပဲ။ အလုပ်သမားခေါင်းတွေနဲ့ စကားပြောလိုက်၊ အလုပ်ကိစ္စနဲ့ ဟိုသွားဒီသွားလုပ်လိုက်၊ အလုပ်အသစ်တွေနဲ့ နပန်းလုံးလိုက်နဲ့ ညစာမစားခင်အထိ အချိန်တွေကုန်အောင် ကျွန်တော်မှာ ကျိုးစားရတယ်။ ခဏနေတော့ မှောင်လည်းလာရော ကျွန်တော်ဘယ်သွားလို့သွားရမှန်းကို မသိပါဘူး။ ဂိုထောင်ထဲ၊ ဗီရိုထဲကနေပြီးရှာတွေ့တဲ့ စာအုပ်အနည်းငယ်ကိုတော့ ကျွန်တော်က အလွတ်တောင်ရနေပြီ။ သော့အထိန်းတော်ကြီး ကီရီလော့ဗနာ တစ်ယောက်သာ မှတ်မိပြီး ပြန်ပြောပြတဲ့ ပုံပြင်တွေကလည်း အထပ်ထပ်ပြောပြီးသားဖြစ်နေပြီးတော့၊ လယ်သူမတွေဆိုပြတဲ့ သီချင်းတွေကိုလည်း နားထောင်ရတာ ကျွန်တော် အတော့်ကိုပျင်းနေပါပြီ။ အရက်ခါးခါးတွေသောက်တော့လည်း ခေါင်းကကိုက်၊ ပြီးတော့ ဒီနယ်က ယစ်ထုတ်ကြီးတွေ ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့ ဥပမာတွေကလည်းရှိနေတော့ ပျင်းပျင်းနဲ့ အရက်သောက်နေလို့ အရက်သမားကြီးလုံးလုံးဖြစ်သွားမှာလည်း ကြောက်တယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ ဘေးဝန်းကျင်မှာ ယစ်ထုတ်ကြီးနှစ်ယောက်၊ သုံးယောက်ကလွဲလို့ ပေါင်းစရာလူကလည်း မရှိဆိုတော့ တစ်ယောက်တည်း အထီးကျန်ဆန်တာကပဲ ခပ်ကောင်းကောင်းဖြစ်နေတော့တာပေါ့။

ကျွန်တော့်ဆီကနေ သုံးမိုင်လောက်ဝေးတဲ့နေရာမှာ မြို့စားကတော်တစ်ယောက်ပိုင်တဲ့ ခြံတစ်ခုရှိပါတယ်။ အဲဒီမှာကလည်း ကြီးကြပ်သူတစ်ယောက်ပဲ နေတာပါ။ မြို့စားကတော်ကလည်း အဲဒီခြံမှာ အိမ်ထောင်ကျတဲ့ နှစ်မှာပဲရောက်လာပြီး နေသွားတာကလည်း တစ်လထက်မပိုပါဘူး။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ အထီးကျန်ဒုတိယနှစ် နွေဦးပေါက်မှာ မြို့စားကတော်က သူ့အမျိုးသားနဲ့ နွေရာသီမှာ အဲဒီခြံကို လာပြီး အပန်းဖြေမယ်လို့ သတင်းကြားရတယ်။ တကယ်ကျတော့လည်း ဇွန်လအစပိုင်းလောက်မှ သူတို့ရောက်လာကြတာပါ။

သူဌေး အိမ်နီးချင်းရဲ့ သတင်းက ကျေးတောသူ၊ ကျေးတောသားတွေအတွက်တော့ အရေးတကြီးပြောစရာဖြစ်နေတာပေါ့။ လယ်လုပ်သူတွေ၊ ခြံက အလုပ်သမားတွေကတော့ သူတို့ရောက်မလာခင် နှစ်လလောက်ကတည်းကကြိုပြီး အဲဒီအကြောင်းကိုပြောကြပြီး၊ ပြန်သွားပြီးရင်လည်း တစ်နှစ်လောက်ကတော့ ဆက်ပြောနေကြဦးမှာပဲ။ ငယ်ရွယ်လှပတဲ့ အိမ်နီးချင်းမြို့စားကတော်ရောက်လာပြီဆိုတဲ့ သတင်းက ကျွန်တော့်ကိုလည်း အတော်လွှမ်းမိုးတယ်ဆိုတာ ကျွန်တော် ၀န်ခံပါတယ်။ ဒါနဲ့ပဲ သူရောက်တဲ့ ပထမတနင်္ဂနွေနေ့မှာ သိပ်ရင်းနှီးတဲ့ အိမ်နီးချင်းကောင်းတစ်ယောက်လို၊ ပြီးတော့ သိပ်ကိုသိမ်မွေ့တဲ့ အခိုင်းအစေကောင်းတစ်ယောက်လိုသူတို့ကို မိတ်ဆက်ဖို့ရာ ညစာစားအပြီးမှာ အဲဒီရွာကို သွားတော့တာပါပဲ။

ဧည့်ကြိုအခိုင်းအစေက ကျွန်တော့်ကို မြို့စားရဲ့ ဧည့်ခန်းဆီကို ခေါ်လာတယ်။ သူကတော့ ကျွန်တော်ရောက်ကြောင်းသံတော်ဦးတင်ဖို့ အခန်းထဲဝင်သွားပါတယ်။ ဧည့်ခန်းအကျယ်ကြီးကို ဖြစ်နိုင်သမျှသော အလှအပတွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့ ဆင်ယင်ထားပြီး၊ နံရံမှာလည်း စာအုပ်တွေ အပြည့်ထည့်ထားတဲ့ ဗီရိုတွေနဲ့၊ အဲဒီဗီရိုပေါ်တွေမှာလည်း ကိုယ်တစ်ပိုင်းပြတ်ကြေးရုပ်တွေ တင်ထားပါတယ်။ စကျင်ကျောက်မီးဖိုကြီးရဲ့ အပေါ်မှာလည်း မှန်အကြီးတစ်ချပ်နဲ့အလှဆင်လို့၊ ကြမ်းပြင်ကိုလည်း ကော်ဇောအစိမ်းရောင်ခင်းထားပါတယ်။ တခြားလူတွေရဲ့ ကြွယ်ဝချမ်းသာမှုတွေကို မမြင်တွေ့ရတာ ကြာလို့ထင်ပါရဲ့၊ ကိုယ့်နေရာလေးမှာပဲ ဘယ်မှမကြည့်တော့ဘဲ နယ်တစ်ခုခုက အသနားခံစာလာတင်တဲ့ လူတစ်ယောက်ယောက်က ၀န်ကြီးတစ်ယောက်ရဲ့ အခန်းဝမှာ စောင့်နေရသလို ကျွန်တော်လည်း စိတ်ထဲမှာ တုန်လှုပ်လာပြီး နည်းနည်းကြောက်လာပါတယ်။ တံခါးပွင့်လာပြီး အသက် သုံးဆယ့်နှစ်နှစ် လောက်ရှိတဲ့ တည်ကြည်ခန့်ညားတဲ့ အမျိုးသားတစ်ဦးဝင်လာပါတယ်။ မြို့စားကပွင့်လင်းဖော်ရွေပြီး၊ ခင်မင်တတ်တဲ့ပုံစံနဲ့ ကျွန်တော့်ဆီကို လျှောက်လာတော့ ကျွန်တော်လည်း အားကျိုးစားယူပြီး ကိုယ်ဟာကို စမိတ်ဆက်မယ်လုပ်တော့ သူကတောင်ကြိုပြီး မိတ်စဆက်ပါတယ်။ ကျွန်တော်တို့ ထိုင်ကြတယ်။ သူစကားပြောတာက လွတ်လွတ်လပ်လပ်ရှိပြီးတော့ နှစ်လိုဖွယ်လည်းကောင်းတယ်။ ခဏကြာတော့မှပဲ ကိုယ့်ရဲ့သိမ်ငယ်စိတ်တွေကို မောင်းထုတ်၊ ပင်ကိုယ်ပုံစံနဲ့စနေနိုင်မယ်လုပ်တုန်း မြို့စားကတော် ၀င်လာတော့ ရှက်သလိုလို၊ရွံ့သလိုလိုစိတ်က အရင်ထက်ပိုဆိုးပါလေရော။ သူမကလည်း အတော့်ကိုလှတာကိုး။ မြို့စားက မိတ်ဆက်ပေးပါတယ်။ ကျွန်တော်ကလည်း ရှိုးတိုးရှန့်တန့်ပုံစံမဖြစ်အောင်နေချင်လို့ အဆင်ပြေပြီး သက်တောင့်သက်သာဖြစ်တဲ့ပုံဖမ်းလေ၊ ကိုယ်ဟာကို ကိုးလို့ကန့်လန့်ကြီးဖြစ်လေပါပဲ။ သူတို့ကလည်း မိတ်ဆွေသစ်ဖြစ်နေလို့ ခပ်တန်းတန်းဖြစ်နေတာကို အသားကျသွားအောင် အချိန်ပေးတဲ့အနေနဲ့ ကျွန်တော့်ကိုလည်း စကားဝိုင်းထဲပါလာအောင် ဘာ ဟန်ကြီးပန်ကြီးမှကိုမလုပ်ဘဲ သူတို့အချင်းချင်းလည်း စကားတွေစပြောတော့တာပါပဲ။ ပန်းချီကားတွေ၊ စာအုပ်တွေကို ကြည့်လိုက်နဲ့ အခန်းထဲမှာ ကျွန်တော်လည်းဟိုဟိုဒီဒီလမ်းလျှောက်ပါတယ်။ ပန်းချီကားအကြောင်းကို ကျွန်တော်အကျွမ်းတ၀င်မရှိပေမယ့် ပန်းချီကားတစ်ချပ်ကတော့ ကျွန်တော့်ကို အတော်ဆွဲဆောင်တာပါ။ ဆွဲထားတဲ့ ပုံကတော့ ဆွစ်ဇာလန်ကတစ်ခုခုပုံဖြစ်ပေမယ့်၊ ဆွဲထားတဲ့ပုံကို ကျွန်တော်စိတ်ဝင်စားတာဟုတ်ပါဘူး၊ ပန်းချီကားပေါ်က တစ်ခုပေါ်တစ်ခုထပ်နေအောင် ပစ်ထားတဲ့ သေနတ်ကျည်ပေါက် နှစ်ပေါက်ပါ။

- သိပ်ကောင်းတဲ့ ပစ်ချက်ပဲ။ - မြို့စားကို ကျွန်တော် လှမ်းပြောလိုက်ပါတယ်။

- ဟုတ်ပဗျာ။ - သူကဖြေတယ်။ သိပ်ကိုကောင်းတဲ့ ပစ်ချက်ပေါ့။ ခင်ဗျားရော ကောင်းကောင်း သေနတ်ပစ်တတ်လား။

- သိပ်မဆိုးပါဘူး။ - နောက်ဆုံး ကျွန်တော် ရင်နှီးကျွမ်းဝင်တဲ့ အကြောင်းအရာကို ရောက်လာတာဆိုတော့ ကျွန်တော်လည်း ၀မ်းသာအားရနဲ့ကို ပြန်ဖြေလိုက်တယ်။ - ပစ်နေကျသေနတ်နဲ့ဆိုရင်တော့ ခြေလှမ်း သုံးဆယ်ကနေပြီး ဖဲချပ်ကို မလွဲအောင်ပစ်နိုင်ပါတယ်ဗျာ။

- ခြေလှမ်းသုံးဆယ်အကွာကနေ မှန်အောင်ပစ်နိုင်တယ်ဆိုတာ တကယ်လား။- စဉ်းစဉ်းစားစားပုံစံနဲ့ မြို့စားကပြောတယ်။

- တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့တွေ စမ်းကြသေးတာပေါ့ဗျာ။ - အရင်တုန်းကတော့ ကျွန်တော်လည်း မဆိုးပါဘူး။ အခုတော့လည်း သေနတ်မကိုင်တာ လေးနှစ်လောက်တောင်ရှိပြီ။ မြို့စားက ဆက်ပြောတယ်။

- အော်- ကျွန်တော် သတိထားမိပြီး ပြောလိုက်တယ်။ - ဒီလို အခြေအနေဆိုရင်တော့ လောင်းရဲတယ်ဗျ။ ခြေ ဆယ့်နှစ်လှမ်းအကွာကနေတောင် ဖဲချပ်ကို မှန်အောင်ပစ်နိုင်မှာ မဟုတ်ဘူး။ ပစ္စတိုပစ်တယ်ဆိုတာက နေစဉ်လေ့ကျင့်ဖို့လိုတယ်ဗျ။ အဲဒါကို အတွေ့အကြုံအရ ကျွန်တော်သိတယ်။ ကျွန်တော်တို့တပ်ရင်းမှာ ကျွန်တော်လည်း သေနတ်ပစ်ကောင်းတဲ့အထဲက တစ်ယောက်ပါပဲ။ တစ်ခါက သေနတ်ကိုပြင်တဲ့ဆီကို ပို့ထားတုန်း တစ်လလောက် ကျွန်တော် သေနတ်နဲ့ ဝေးသွားတယ်။ ဘယ်လိုဖြစ်မယ် ထင်သလဲ မြို့စားရဲ့။ ပထမဆုံးအကြိမ် စပစ်တုန်းကဆို ခြေ နှစ်ဆယ့်ငါးလှမ်းကနေပြီး ပုလင်းတွေကို ပစ်တာ လွဲသဗျာ။ - အင်း.. အရက်ပုလင်းတွေမို့ လက်ကမဖြောင့်တာဖြစ်မယ်- ဆိုပြီး တပ်ရင်းကဗိုလ်ကြီးတွေ၊ စစ်သားတွေ၊ လူရွတ်လူနောက်တွေကဆို ၀ိုင်းစကြတာ။ မြို့စားရဲ့.... လေ့ကျင့်တာက တစ်ကြိမ်တောင်အပျက်ခံလို့ မဖြစ်ဘူးဗျ။ ကျွန်တော်တအံ့အသြဖြစ်လောက်အောင် သေနတ်ပစ်တော်တဲ့ သူတစ်ယောက်ဆိုရင် တစ်နေ့ကို အနည်းဆုံး သုံးကြိမ် နေ့လည်စာ မစားခင် ထပြီ သေနတ်ပစ်လေ့ကျင့်လိုက်တာပဲ။ မစားခင် ဗော်(ဒ)ကာ သောက်သလိုပေါ့။

ကျွန်တော်က စကားတွေခပ်လှိုင်လှိုင်ပြောတော့ မြို့စားရော၊ မြို့စားကတော်ရော ပျော်နေကြတာပေါ့။

- သူ့ပစ်ပုံကရော ဘယ်လိုလဲဗျ။ - မြို့စားက ကျွန်တော့်ကို မေးတယ်။

- အင်း မြို့စားရဲ့ ဒီလို၊ သူက နံရံပေါ်မှာ ယင်ကောင်နားနေတာကို တွေ့ရင်၊ မြို့စားကတော်ရဲ့ မရီပါနဲ့ဦး။ တကယ်ပြောတာပါ။ ယင်ကောင်ကိုမြင်ရင် သူ့တပည့်ကို "ကူဇကာ၊ ပစ္စတို" လို့အော်လိုက်ရင် ကူဇကာ ကလည်းကျည်ထိုးပြီးသား ပစ္စတိုသေနတ်ကိုပေးလိုက်တာပဲ၊ သူကလည်း ဖြောင်းကနဲ့ပစ်၊ ယင်ကောင်လည်း နံရံမှာ ကပ်သွားတော့တာပဲ။

- အံ့စရာပဲ။ - အဲ သူ့နာမည်က ဘယ်လို။ မြို့စားက မေးတယ်။

- စီ(လ်)ဗီအို ပါ မြို့စား။

- စီ(လ်)ဗီအို! - ထိုင်နေရာက ထတဲ့ပြီးတော့ မြို့စားက အော်လိုက်တယ်။ - ခင်ဗျားက စီ(လ်)ဗီအို ကို သိတယ် ဟုတ်လား။

- သိပါတယ် မြို့စားရဲ့။ ကျွန်တော်တို့ ရင်းနှီးတဲ့ မိတ်ဆွေတွေပါ။ တပ်မှာတော့ သူ့ကို အကိုအရင်းတစ်ယောက်လိုကို ခင်တာပါ။ သူ့သတင်းမကြားရတာ ငါးနှစ်တောင်ရှိပါပြီ။ မြို့စားရော သူ့ကို သိတယ်လား။

- သိတယ်။ သိပ်ကိုသိတယ်။ ခင်ဗျားကို မပြောခဲ့ဘူးလား ...အင်း မပြောလောက်ဘူး။ သိပ်ကို ထူးဆန်းတဲ့ အဖြစ်အကြောင်း ခင်ဗျားကို မပြောခဲ့ဘူးလား။

- ကပွဲမှာ ပြဿနာဖြစ်ခဲ့တဲ့အကြောင်းလား။

- ဘယ်လိုပြဿနာဆိုတာရော ပြောသေးလား။

- မပြောခဲ့ပါဘူး မြို့စား။ အား.... မြို့စား.. ခန့်မှန်းကြည့်ရတာ မြို့စားနဲ့လား မသိနော်။

- ဟုတ်ပါတယ်။ ကျွန်တော်နဲ့ပါပဲ။ - အလွန်အမင်း မျက်စိမျက်နှာပျက်နဲ့ ပြောတယ်။ ကျည်ဆံရာပေါက်နဲ့ပန်ချီကားက ကျွန်တော်တို့ နှစ်ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံခြင်း အမှတ်တရပါ။

- အို.. မောင် .... - မြို့စားကတော်က ပြောတယ်။- မပြောပါနဲ့နော်။ နားထောင်ရမှာ ကြောက်လို့ပါ။

- မဟုတ်သေးဘူး။ မောင် အားလုံးပြောမှ ဖြစ်မယ်။ မောင် သူ့အပေါင်းအသင်းကို စိတ်ထဲမှာ နာကျင်အောင် ဘယ်လို လုပ်ခဲ့တယ်ဆိုတာ သူသိတယ်။ စီ(လ်)ဗီအို က ဘယ်လိုပြန်လက်စားချေတယ်ဆိုတာကိုလည်း သူသိပါစေလေ။

မြို့စားက ထိုင်ခုံကိုရှေ့တိုးပြီးပေးတဲ့ထိုင်ခုံပေါ်ထိုင်ပြီး သူပြောပြတဲ့ ဇာတ်ကြောင်းကို စိတ်ဝင်းတစားနဲ့နားထောင်တော့တာပါပဲ။

တစ်နေ့ ညနေခင်းမှာ ကျွန်တော်တို့နှစ်ယောက် မြင်းစီးပြီး ထွက်ခဲ့ကြတယ်။ ကျွန်တော့် အမျိုးသမီးစီးတဲ့ မြင်းက ဘယ်လိုဖြစ်သွားတယ်မသိပါဘူး။ ထိန်းမရတော့ သူကလည်းကြောက်တာပေါ့။ ကျွန်တော့်ကို မြင်းပေးပြီး သူမကတော့ လမ်းလျှောက်ပြီး ပြန်လာတယ်။ ကျွန်တော်က ရှေ့က အရင်အိမ်ကို ကြိုပြီး ရောက်တာပေါ့။ အိမ်ဝင်းထဲမှာ ခရီးသွားမြင်းလှည်းလေးကိုတွေ့တယ်။ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်နဲ့ အလုပ်ကိစ္စရှိပြီး၊ နာမည် မပြောချင်တဲ့ ဧည့်သည်တစ်ယောက် ကျွန်တော့်အခန်းထဲမှာ ထိုင်နေတယ်လို့။ ကျွန်တော် အခန်းထဲ ၀င်လိုက်တော့ အမှောင်ထဲမှာ ဒီမီးဖိုနားမှာ ရပ်နေတဲ့ ဖုန်တွေတင်နေတဲ့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ လူတစ်ယောက်ကိုတွေ့ရတယ်။ သူ့ရဲ့မျက်နှာ ဥပဓိရုပ်ကို မှတ်မိမလားလို့ ကျိုးစားရင်း သူ့နားကို ကျွန်တော်ကပ်ပြီးသွားတယ်။ - ကျုပ်ကိုမမှတ်မိဘူးလား မြို့စားကြီးရဲ့။ - သူက အသံတုန်တုန်နဲ့ပြောတော့မှပဲ - "စီ(လ်)ဗီအို" ကျွန်တော်အော်လိုက်တယ်။ ကြက်သီးမွှေးညှင်းတွေထလောက်အောင်ခံစားလိုက်ရတယ်ဆိုတာ ၀န်ခံပါတယ်။ - ဟုတ်ပဗျာ။ - သူကဆက်ပြောတယ်။ ကျုပ်အလှည့်လေ။ ကျုပ် ပစ္စတိုကိုပစ်ဖို့လာတာဗျ။ အဆင်သင့်ဖြစ်ပြီလား။- သေနတ်က သူ့ဘေးအိတ်ထဲကနေ ထိုးထွက်နေတယ်။ ကျွန်တော်လည်း ခြေလှမ်း ဆယ့်နှစ်လှမ်းလှမ်းပြီး ဟိုထောင့်မှာ သွားရပ်ပြီး ကျွန်တော့်အမျိုးသမီးရောက်မလာခင် မြန်မြန်ပစ်ဖို့ပြောတယ်။ သူက အချိန်ဆွဲတယ်။ မီးထွန်းပေးဖို့ပြောတယ်။ ဖယောင်းတိုင်တွေ ယူလာပေးရတယ်။ တံခါးကို သော့ခတ်ပြီး ဘယ်သူမှ ၀င်မလာဖို့ပြောလိုက်ပြီး သူ့ကို ပစ်ဖို့ထပ်ပြောရတယ်။ ပစ္စတိုကို ထုတ်ပြီး ချိန်တယ်။ ကျွန်တော်လည်း တစ်စက္ကန့်၊နှစ်စက္ကန့်ရေတယ်။ အတွေးတွေ ရောက်ယက်ခတ်နေတယ်။ တကယ့်ကို သိပ်ကြောက်စရာ ကောင်းတဲ့ မိနစ်တွေပါပဲ။ စီ(လ်)ဗီအိုကလည်း ချိန်ထားတဲ့လက်ကို အောက်ချလိုက်တယ်။ - ပစ္စတိုက ချယ်ရီသီးအစေ့တွေထည့်ထားတာ မဟုတ်ဘဲ သေသွားနိုင်တဲ့ ကျည်ဆံတွေထည့်ထားတာဆိုတော့ စိတ်မကောင်းပါဘူး။ -သူကပြောတယ်။ - ကျုပ်အထင်တော့ အခုဟာက နှစ်ယောက်စိန်ခေါ်ပွဲနဲ့မတူဘဲ၊ လူသတ်ပွဲ သတ်သတ်ဖြစ်နေသလားလို့။ လက်နက်မဲ့တစ်ယောက်ကို သေနတ်နဲ့ချိန်တယ်ဆိုတဲ့ အကျင့် ကျုပ်မှာ မရှိဘူး။ နောက်တစ်ကြိမ် မဲပြန်နှိုက်တာပေါ့ ဘယ်သူ ပထမ ပစ်ရမလဲဆိုတာ။ - ကျွန်တော့်ခေါင်းတွေလည်း ချာချာကိုလည်သွားတာပဲ။ ကျွန်တော် သဘောမတူဘူး ထင်တာပဲ။ နောက်ဆုံးကျတော ပစ္စတိုတွေကို ကျည်ဖြည့်၊ မဲနှစ်ခုလိပ်၊ သူက ဟိုအရင်တုန်းက ကျွန်တော်ပစ်ခဲ့တဲ့ ဦးထုပ်ထဲ မဲလိပ်တွေထည့်ပြီး မဲနှိုက်ခိုင်း၊ ကျွန်တော်ပဲ စပစ်ရမှာပါ။ - ဟမ် .. သောက်မြင်ကပ်လောက်အောင် ကံကောင်းပါ့လား။ - ကျွန်တော်ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ ခတ်လှောင်လှောင်အပြုံးနဲ့ပြောတယ်။ ကျွန်တော် ဘယ်လိုဖြစ်ပြီး သူ့ရဲ့လွှမ်းမိုးမှုကို ခံနေရတယ်ဆိုတာ နားကိုမလည်နိုင်ပါဘူး။ ကျွန်တော်ပစ်လိုက်တာ ကျည်ဆံက အဲဒီ ပန်းချီကားကို သွားမှန်တယ်။ ( မြို့စားက ကျည်ပေါက်နေတဲ့ ပန်းချီကားကို လက်ညှိုးထိုးပြတယ်။ သူ့မျက်နှာကလည်း မီးလိုလောင်ကျွမ်းလို့။ မြို့စားကတော်လည်း မျက်နှာကို ဖြူဖတ်ဖြူရော်နဲ့။ ကျွန်တော်လည်း အံ့အားမသင့်ဘဲကို မနေနိုင်ဘူး။)

- ကျွန်တော်ပစ်လိုက်တယ်။ - မြို့စားက ဆက်ပြောတယ်။ - လွဲသွားတယ်။ စီ(လ်)ဗီအို( အဲဒီအချိန်မှာ သူ့မျက်နှာက တကယ့်ကို ရက်စက်တဲ့မျက်နှာပါ။) စီ(လ်)ဗီအို ပစ္စတိုနဲ့ ချိန်တယ်။ ယုတ်တရက် တံခါးပွင့်လာပြီး မားရှာ ကြောက်အားလန့်အားနဲ့ အော်ပြီး ကျွန်တော့်လည်ပင်းကိုပြေးဖတ်တယ်။ သူမ ရှိနေတော့ ကျွန်တော့်ရဲ့ ယောက်ျားမာနလည်း ပေါ်လာတာပေါ့။ - အချစ် တို့တစ်ယောက်နဲ့တစ်ယောက်စနေတာ တကယ်မသိဘူးလား။ ဘာလို့ ကြောက်လန့်နေရတာလဲ။ သွားပြီးရေသောက်လိုက်နော်။ ပြီးတော့ ပြန်လာခဲ့။ ဒီထူးဆန်းတဲ့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမယ်။ မားရှာကလည်း တကယ်မယုံရှာသေးပါဘူး။ - ကျွန်မ အမျိုးသားပြောတာ အမှန်ပဲလားဆိုတာ ပြောပါရှင်။ - ကြောက်စရာကောင်းလှတဲ့ စီ(လ်)ဗီအို ဖက်ကိုလှည့်ပြီးမေးတယ်။ - ရှင်တို့ ကျီစယ်နေကြတာ တကယ်အဟုတ်လားရှင်၊ ပြောပါရှင်။ - သူက အမြဲပဲ ကျီစယ်တတ်ပါတယ် မြိုးစားကတော်။ - စီ(လ်)ဗီအိုက ဖြေတယ်။ ဟိုအရင်တုန်းကလည်း စနောက်ပြီး ကျုပ်ကိုစိန်ခေါ်ခဲ့တယ်၊ ကျီစယ်ပြီး ဒီဦးထုပ်ကို ပစ္စတိုနဲ့ပစ်ခဲ့ပါတယ်။ အခုလည်း ကျီစယ်ပြီး ပစ္စတိုနဲ့လွဲအောင်ပစ်ပြန်ပါပြီး။ အခုဟာက ကျုပ် ကျီစယ်ရတော့မယ့် အလှည့်ပါ။ - အဲဒီစကားလုံးတွေပြောရင် သူက ကျွန်တော့်ကို မားရှာရှေ့မှာပဲ ပစ္စတိုနဲ့ချိန်ပါတော့တယ်။ မားရှာလည်း သူ့ခြေထောက်ကိုပြေးဖတ်တော့တာပေါ့။- ထစမ်း မားရှား။ သိပ်ရှက်ဖို့ကောင်းတယ်။ - ကျွန်တော် ဒေါသတကြီးနဲ့ အော်ပြောလိုက်တယ်။ - သနားစရာကောင်တဲ့ မိန်းမတစ်ယောက်ကို သရော်သလိုလိုပြောတာကို ရပ်မှာလား မရပ်ဘူးလား။ - ခင်းဗျားအလှည့်ကိုရော ပစ်ဦးမှာလား၊ မပစ်တော့ဘူးလား။- - မပစ်တော့ဘူး။ - စီ(လ်)ဗီအို ပြန်ဖြေတယ်။ -ကျုပ်ကျေနပ်တယ်။ ခင်ဗျားရဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ ကြောက်စိတ်တွေကို တွေ့လိုက်ရပြီ။ ကျုပ်ကိုလည်းခင်ဗျာလည်းပစ်ပြီးပြီးဆိုတော့ ကျေနပ်ပါတယ်။ ကျုပ်ကို သတိတရ ရှိနေပါ။ ခင်ဗျားရဲ့လိပ်ပြာက ခြောက်လန့်နေပါလိမ့်မယ်။ - သူထွက်သွားတယ်...တံခါးနားရောက်တော့ ရပ်ပြီး ကျွန်တော်ပစ်လိုက်တဲ့ ပန်းချီကားကို ဖျတ်ကနဲကြည့်ပြီး ချိန်တောင်မချိန်ဘဲ ပစ္စတိုနဲ့ ပစ်ပြီး သူပျောက်သွားတော့တယ်။ ကျွန်တော့်အမျိုးသမိးလည်း မူးမေ့လဲကျပြီး လူတွေကလည်း သူ့ကို ဖမ်းထားအောင်မရဲဘဲ ကြောက်လန့်တကြီးနဲ့ပဲ ကြည့်နေတုန်းပဲ၊ အိမ်ဆင်ဝင်အောက်ကထွက်သွားပြီး လှည်းမောင်းသမားကို လှမ်းခေါ်ပြီး ကျွန်တော် သတိမရခင်လေးမှာပဲ သူထွက်သွားတယ်။

မြို့စားလည်း တိတ်ဆိတ်နေတယ်။ ဒီလိုနဲ့ပဲ ဟိုအရင်က ကျွန်တော့်ကို လွှမ်းမိုးခဲ့ပြီး အစသာ သိခဲ့တဲ့ ဇာတ်လမ်းရဲ့အဆုံးကိုလည်း သိလိုက်ရပါတော့တယ်။ ကျွန်တော့်ရဲ့ သူရဲကောင်းကြီးနဲ့လည်း ထပ်မတွေ့ရတော့ပါဘူး။ အလက်ဇန်းဒါး အီ(ပ်)စီ(လ်)လန်(တ်) ပုန်ကန်မှုမှာ တပ်တစ်ခုကိုခေါင်းဆောင်ရင်း စကူလရန်းတွေနဲ့ တိုက်တဲ့ စစ်ပွဲမှာ စီ(လ်)ဗီအို တိုက်ပွဲကျသွားတယ်လို့ပြောကြတာပဲ။

ပြီး၏။

မူရင်းကို စိတ်ဝင်စားသူများအတွက် လင့်

ကျေးဇူးတင်ပါတယ်။

11 comments:

May Moe October 14, 2008 at 2:21 PM  

ကိုနိရေး သီတင်းကျွတ် လက်ဆောင်အတွက်ကျေးဇူးပါ။ ခင်တယ်လို့သိရ တဲ့အတွက်လဲ အထူးဝမ်းသာမိပါတယ်။ စာကောင်းလေးကို အပင်ပန်းခံပြီ ဘာသာပြန် မျှဝေပေးတာကျေးဇူးပါ ။ သီတင်းကျွတ် ပြီမို့ လက်ဆောင်ပေးချင်နေပါပြီ ။ :D

တန်ခူး October 14, 2008 at 4:31 PM  

ကိုဇနိရေ… တကယ့်ကို ကောင်းမွန်ညက်ညောတဲ့ ဘာသာပြန်လေးပါပဲ… ဆွဲခေါ်သွားလိုက်တာ အသက်ရှုဖို့ မေ့ လျော့သွားတဲ့ အထိပါပဲ… တွေးစရာလေးတွေလဲ ရသွားတယ်… တန်ဖိုးရှိတဲ့ လက်ဆောင်လေးပါ….

တန်ခူး October 14, 2008 at 4:31 PM  

ကိုဇနိရေ… တကယ့်ကို ကောင်းမွန်ညက်ညောတဲ့ ဘာသာပြန်လေးပါပဲ… ဆွဲခေါ်သွားလိုက်တာ အသက်ရှုဖို့ မေ့ လျော့သွားတဲ့ အထိပါပဲ… တွေးစရာလေးတွေလဲ ရသွားတယ်… တန်ဖိုးရှိတဲ့ လက်ဆောင်လေးပါ….

RePublic October 14, 2008 at 5:07 PM  

ကိုနိ ပေးတဲ့ လက်ဆောင် ကို အမှတ်တရလာယူတာပါ၊၊ တန်ဖိုးရှိတဲ့ ပို့စ်လေးကို နှစ်သက်မိပါတယ်၊၊ကျေးဇူးပါ ကိုနိ ၊၊
တစ်ကယ် လက်တွေ့ဘ၀တွေ မှာ ဆင်တူ အဖြစ်အပျက်တွေ ရှိကြပါတယ် ၊၊
အသက်ရှင်လျက်နဲ့ စိတ်ကြောင့် သေသွားရသူတွေ
လိုပေါ့နော်၊၊ စိတ်အမှတ်ကြီးတဲ့သူတွေအတွက်ပေါ့ ၊၊
အောင်နိုင်သူ အတွက်ရော ရှုံးနိမ့်သူအတွက်ပါ တစ်သက်စာကျန်နေမယ့် စိတ်အမာရွတ်ပါပဲ ၊၊သင်ခန်းစာယူရမယ် ကိုနိရေ ၊၊တစ်ပါးသူကို မလုပ်မိအောင်ပါ၊၊
ဘာသာပြန်ကျွမ်းကျင်မှုရော ၊ အရေးအသား အတွက်ရော ပြောပြဖို့ မလိုအောင် ကောင်းမွန်တယ်ဗျာ ၊၊

ကိုကြီးဝီ

ဘလူးဖီးနစ် October 14, 2008 at 5:44 PM  

ဒီစာလေးကို အကြိမ်ကြိမ် ဘာသာ အမျိုးမျိုးနဲ့ ဖတ်ဘူးပေမယ့် ဒီတစ်ခါ ဖတ်ရတာ ပိုကောင်းသလိုပဲဗျာ။

ပြဿနာဖြစ်လာရင် အနိုင်မယူလိုတဲ့ သူ ဖြစ်ချင်ပါတယ်ဗျာ။ .....

Taungoo October 14, 2008 at 6:20 PM  

သီတင်းကျွတ်လက်ဆောင်က ကိုနိမနိတို့က ပေးရမှာထက် ကျွန်တော်တို့က ပေးဖို့စောင့်နေကြတာနော့။

သီတင်းကျွတ်မှာ စီနီယာနောင်တော်နဲ့ အမတော်တို့ စုံတွဲကို ဂါရဝပြုသွားပါတယ်။

မေတ္တာဖြင့်

khin oo may October 14, 2008 at 6:54 PM  

အတော်လေးကို စဉ်းစားဖတ် ရပါတယ်။ အင်္ဂလိလိပ်ဝတ်ထုတွေ နဲ့ မတူဘူး။

PAUK October 14, 2008 at 7:13 PM  

ကိုနိရေ...
ဖတ်နေရင်းးဘေးမှာ ကလေးကစကားလာပြောနေတာ
တောင် မပြန်နိုင်ဘူး...
ဝတ္ထုထဲမှာမျောသွားလို့..

Anonymous October 14, 2008 at 7:59 PM  

ကိုနိရေ့ သတင်းကျွတ်လတ်ဆောင်အတွက် ကျေးဇူး ဖတ်ရတဲ့ သူတောင်ဈန်ဝင်ပြီး မျက်လုံးတွေ ပါညောင်းတယ်ဆိုတော့ ရေးရတဲ့သူဆိုတော်တော်ကြီးကို အချိန်ပေးရမှာပေါ့ စေတနာကို လေးစားပါ၏း)
ဒါနဲ့  ကျွတ်ချင်ပြီဆို လုပ်လေဗျာ “အချစ်ကလေးရေ့ ဘာကြိုက် ညာကြိုက် ” အဲ့လို အဲ့လို ကြွေစေနိုင်တဲ့ စကားတွေနဲ့  မမနိ ကိုချွေပေါ့ဗျ ဟိဟိ မြှောက်ပေးနေတာ ကိုတိုင်တော့မစွန်ဘူးး ။

ကိုနိ /မမနိ သတင်းကျွတ်လပြည့်နေ့ မှာ ပျော်ရွှင်ပါစေ မကြာခင် မင်္ဂလာဆောင်ပွဲလေးကျင်းပနိုင်ပါစေဗျာ ။

မေတ္တာဖြင့်
ငပိန်ရိုး :P

Moe Cho Thinn October 14, 2008 at 8:43 PM  

ကိုနိရေ
ဒီဘာသာပြန်ဝတ္ထုလေး အရင်က ဖတ်ဖူးပါတယ်။ ကိုနိ ပြန်တော့လဲ ကောင်းတာပါပဲ။ အရေးအသား ညက်နေတဲ့အတွက် အသက်ပိုဝင်ပါတယ်။ ဒီလိုလေးတွေ ရွေးဘာသာပြန်တာ ကျေးဇူးပါပဲ ကိုနိ။

သူဘယ်လောက် လက်တည့်တယ် ဆိုတာ ကျည်ရာ ကြည့်တာနဲ့ သိလောက်ပါပြီ။ လူကို မပစ်ပေမဲ့ စိတ်ကို ပစ်သွားတာတော့ တသက်စာပါပဲ။ အတော်ရက်စက်တဲ့ လူလို့ ပြောရမှာပါ။ သူဒီလိုလုပ်သွားတာထက်စာရင် သတ္တိရှိရှိ အပစ်ခံလိုက်ချင်ပါတယ်။
ဒါမျိုးလေးတွေ မျှော်နေမယ်။

Moe Cho Thinn October 14, 2008 at 8:48 PM  

နိနိတို့ မောင်နှံ
သီတင်းကျွတ်မှာ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးအများကြီးပါ။
ငြိမ်းချမ်းသာယာတဲ့ နားလည်မှုရှိတဲ့ အပြန်အလှန် လေးစားချစ်ခင်ရတဲ့ နှစ်ယောက်ဘ၀လေး အမြန် ထူထောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မုန့်ဖိုးလဲ ပေးလိုက်ပါတယ်။ ရုရှား-ဂျပန် အသွားအပြန် လေယာဉ်လက်မှတ်ပါ။ :)
ချစ်သော
အမ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP