Blogging

>> Wednesday, October 8, 2008



လူတယောက်နဲ့တယောက် အမြင်တွေ ခံယူချက်တွေ မတူတာနဲ့ ပတ်သက်ပြီး ဒီနေ့တွေးမိနေတယ်။ ခံယူချက်ပေါ်မူတည်ပြီး တန်ဖိုးထားတာတွေလည်း ကွဲပြားကုန်ကြတာပါ။


စာရေးဝါသနာပါလို့ စာရေးဆရာ လုပ်စားနေတဲ့သူတယောက်ကို “ဟင် ရူးလိုက်တာ ပိုက်ဆံလည်းမရဘဲနဲ့ အူကြောင်ကြောင် အလုပ်ကြီး သူမို့လုပ်တယ်” ဆိုပြီး ကျွန်မသွားပြောမိရင် ဘာဖြစ်သွားမလဲ။ ရလာမည့်အကျိုးဆက်ကတော့ ကျွန်မမှာ စာပေအပေါ် တန်ဖိုးထားတဲ့ အမြင် မရှိလို့ဆိုတာ လူတိုင်းက ထောက်ခံကြမှာပါ။ စာရေးတာစိတ်ဝင်စားတဲ့သူအတွက် နာမည်ကြီးစာရေးဆရာတယောက်ကို အပြင်မှာ တွေ့ဖူးတဲ့အခါ အတိုင်းမသိ ဝမ်းသာမိမယ်။ အရမ်းသဘောကျလွန်းရင် ဒီလူတွေရဲ့ ဓါတ်ပုံလေးတွေပါ သိမ်းထားမယ်။ ကျွန်မရှစ်တန်းတုန်းက ဆရာလယ်တွင်းသားစောချစ်တို့ စာပေဟောပြောပွဲကို မှတ်စုစာအုပ်လေးနဲ့အတူ သွားတက်တော့ သူငယ်ချင်းတွေမေးတာ ခံရပါတယ်။ “နင် မပျင်းဘူးလား အဲဒီစာရေးဆရာတွေရဲ့ စာပေဟောပြောပွဲဆိုတာ သိပ်လေရှည်တာ ပျင်းစရာကောင်းတယ်” တဲ့။ ကျွန်မစိတ်ဝင်စားလို့ လေရှည်တယ်လည်း မထင်မိပါဘူး။ ဒါကတော့ ကိုယ်က ဒီပွဲကို စိတ်ဝင်စားမိသူဖြစ်နေလို့ပါ။

ကိုရီးယားဇာတ်ကားတွေ ခေတ်စားတုန်းက အဆောင်ကတီဗွီရှေ့မှာ နေရာဦးကြတယ်။ စာမေးပွဲတွင်းဆိုလည်း စာကြည့်ရင်း ခဏပြေးကြည့်ကြတယ်။ အဲဒီအချိန်က ကျွန်မဘာဇာတ်ကားမှ မကြည့်ဖြစ်ပါဘူး။ မကြည့်ချင်ဘူးဆိုတဲ့စိတ်က ရှိနေတော့ နေရာဦးရတာတွေကို စိတ်က မရှည်တော့ဘူး။ အခုနောက်ပိုင်းလည်း အားတဲ့အခါ မြန်မာဇာတ်ကားလေးကြည့်ဖြစ်တယ်။ စိတ်မရှည်ရင် ကျော်ပြစ်လိုက်တာပါပဲ။ ကိုဇနိက နိုင်ငံခြားရုပ်ရှင်ကားတွေ ပြချင်တယ်။ နာမည်ကြီးဇာတ်ကားတွေဆို ကြည့်စေချင်တယ်။ ကျွန်မက စိတ်မဝင်စားတော့ ပို့လာတဲ့ဖိုင်ကိုတောင် မယူပါဘူး။ ဖိုင်တခုပို့ရင် “ဘာပို့တာလဲ ဇာတ်ကားဆို ငါမကြည့်ဘူးနော်” လို့ ပြောတတ်တယ်။ မနေ့ညကလည်း ဆင်လိမ်မာနဲ့ ဆင်စိတ်ဆိုးကား ကြည့်ရတယ်။ ဆင်စိတ်ဆိုးကားကြည့်ပြီတော့ စိတ်ညစ်တာရော ကြောက်တာရောပေါင်းပြီး နောက်ထပ်ပို့တဲ့ ဆင်လိမ်မာကားကို မယူချင်ဘူးလို့ပြောမိတယ်။ သူကတော့ တခုခုဆို ယူကျုမှာ ချက်ချင်းရှာတယ်။ ကြည့်တယ်။ သူနဲ့ကျွန်မ တန်ဖိုးထားတာတွေ မတူနေတာကိုး။

ကျွန်မက တခုခုဆို မသိရင်လည်း နောက်တော့ သိလာလိမ့်မယ်။ မသေချာရင်လည်း “အင်း ဟုတ်လောက်ပါတယ်” လို့ ထားချင်သူပါ။ ကိုဇနိကတော့ မဟုတ်ပါဘူး။ တခုခုမသိရင် သူ့လက်က ကီးဘုတ်ပေါ်နှိပ်ပြီးသား။ ဝီကီမှာ ရှာဖတ်ပြီးသားပါ။ နေရမသိရင် Google earth နဲ့ရှာတယ်။ မြေပုံတွေရှာတယ်။ သူ့ဟာသူကြည့်ရုံတင်မကဘူး ကျွန်မကိုလည်း ကြည့်ခိုင်းတယ်။ စိတ်ကြည်နေရင် အတူတူလိုက်ကြည့်ပေမယ့် ကျောင်းစာတွေ အဆင်မပြေဖြစ်နေတဲ့အခါဆို မကြည့်ပါဘူး။ လာပြတဲ့ သူ့ကိုပါ စိတ်ဆိုးတယ်။ စကားပြောနေရင်း တခုခုဆို သူက ဂျောက် ဂျောက်နဲ့ ဂူဂယ်မှာရှာဖို့ပြင်ရင်ကို ကျွန်မက “ဟိတ် ဘာမှ ရှာဖတ်မနေနဲ့နော်” လို့ တားလိုက်တယ်။ သူက “ဘယ်နားမှာလည်း သိချင်လို့ မြေပုံရှာတာပါ”လို့ ပြောလာရင်း “အင်း ဒါဆို ဒီဖက်ကို လာမပြနဲ့ တနေကုန်ကွန်ပြူတာကြည့်လာရတာ ဘာမှ မကြည့်ချင်တော့ဘူး” လို့ ညစ်ကျယ်ကျယ်တတ်တယ်။ သူက ရှာဖွေစူးစမ်းချင်တယ်။ တိကျချင်တယ်။ သူက ဂူဂယ်ကို တန်ဖိုးသိပ်ထားတာ။

ဒီလိုပဲ ကျွန်မက “ဘာဟင်းကိုလေ ဘယ်လိုချက်တာ သိလား” နဲ့ ကိုဇနိကို သွားမပြောလေနဲ့ သူစိတ်မဝင်စားပါဘူး။ ဝက်သားနဲ့ ခရမ်းသီးလိုမျိုးဆိုရင်တော့ သူနည်းနည်း များ စိတ်ဝင်စားမလား မသိပါ။ တနေ့ကလည်း ကျွန်မက ချဉ်ပေါင်ချက်စားချင်နေလို့ အိမ်ကို ချဉ်ပေါင်ပို့ခိုင်းနေတာ။ သူသိသွားတော့ “မင်းကွာ ချဉ်ပေါင်များ မက်မောနေတယ် ငါ့ဆီကနေပို့လိုက်မယ်” တဲ့။ သူ့အတွက် သူ့အိမ်က ပို့ထားတာတွေကို ကျွန်မဆီပြန်ပေးဖို့ စိတ်ကူးနေတာ။ ကျွန်မက တကူးတကရတဲ့ မြန်မာစာတွေကို ကြိုက်တယ်။ မက်မောတယ်။ သူကတော့ စိတ်မဝင်စားပါဘူး။ သူ့အိမ်ကပေးထားတဲ့ ပုဇွန်ခြောက်တွေ ချဉ်ပေါင်ခြောက်တွေက ဒီတိုင်းပစ်ထားတာ များပါတယ်။ ကျွန်မက မြန်မာပြည်ကနေ အပင်ပန်းခံပို့လိုက်တဲ့ ငါးရံ့ခြောက်တွေလည်း မှိုတက်အောင်ထားတာပါ။ အစတော့ သူလည်း အားနာလို့ မပြောပါဘူး။ နောက်ပိုင်းမှာ “မင်း ငါးခြောက်တွေ မြန်မာဟင်းချက်စရာတွေ မပို့ပေးနဲ့ ငါက မစားဘူး၊ တန်ဖိုးလည်း မထားဘူး” လို့ ပြောလာပါတယ်။ သူ့စကားတွေက စိတ်နာစရာကောင်းပေမယ့် အကြိုက်မှမတူတာလို့ပဲ ဖြေလိုက်ရတယ်။

နိုင်ငံခြားမှာ ရောက်နေတဲ့အခါ (၂၄) နာရီ အချိန်ပြည့် စာပြီးရင်း စာ မလုပ်နိုင်ပါဘူး။ သူငယ်ချင်းဆိုတာလည်း လူမျိုးမတူတော့ ထဲထဲဝင်ဝင် ပေါင်းသင်းလို့ မရပါဘူး။ ကျွန်မရဲ့ ကျောင်းခန်းမှာ နိုင်ငံခြားသားလည်း သုံးယောက်ရှိပေမယ့် သူတို့တွေက အသက်လည်းကြီးတယ်။ အိမ်ထောင်ရှင်တွေဆိုတော့ သူတို့လည်း ကိုယ့်ကို အချိန်ပေး စကားသိပ်မပြောနိုင်ပါဘူး။ အကြောင်းကြီးငယ်ရှိမှ ကူညီတာလောက်ပဲ ရှိတာပါ။ ငယ်ငယ်ကတည်းက စာဖတ်ချင်တော့ ဘလော့ဂ်တွေဖတ်တယ်။ ကိုယ်မရောက်ဖူးတဲ့နေရာတွေ ရောက်ရတယ်။ မကြားဖူးတာတွေ သိရတယ်။ အချင်းချင်း မမြင်ဖူးဘဲ သံယောဇဉ်လေးတွေနဲ့ ခင်မင်နေကြတာ တယောက်ထဲနေရတဲ့သူကျွန်မအတွက် စိတ်ပျော်ရွှင်ပါတယ်။ ကိုယ်ဖတ်ချင်တာတွေဖတ်ရ ကိုယ်သိချင်တာတွေ သိနေရတဲ့အတွက် အချိန်ရတဲ့အခါ ဘလော့ဂ်တွေ လည်တယ်။ ကိုယ်လုပ်ချင်တာ လုပ်ရတဲ့အတွက် စိတ်ချမ်းသာတယ်။ ကိုယ်ပြောချင်တာလေးတွေ ကိုယ်တတ်သလောက်နဲ့ မှတ်တမ်းသဘောမျိုးရေးတယ်။ ဘယ်သူ့ကိုမှ ထိခိုင်စေမည့် အကြောင်းအရာမျိုး မရေးပါဘူး။

ကျွန်မက စာရေးဆရာမလည်း မဟုတ်ဘူး။ ဒီဘလော့ဂ်ရေးဖြစ်တာလည်း တကယ်တော့ ကိုဇနိကို တယောက်ထဲသနားလို့ လိုက်လုပ်ရင်း ပျော်မွေ့နေတာပါ။ ဒီဘလော့ဂ်ထဲမှာ သူတယောက်ထဲ တလည်လည်ဖြစ်နေတယ်။ စကားနဲတဲ့သူဆိုတော့ လိုက်လည်း နှုတ်မဆက်တတ်ဘူး။ သူ့ကို ခင်တဲ့သူကလည်း နည်းတယ်။ သူငယ်ချင်းတွေကလည်း အလုပ်များနေကြတော့ ပို့စ်တွေ မရေးနိုင်ကြဘူး။ မှတ်တမ်းမှတ်ရာလုပ်ချင်တာ ဝါသနာပါတဲ့သူ၊ စာဖတ်ချင်တဲ့သူကတော့ ပင်တိုင်ဒီဘလော့ဂ်ထဲမှာ သူတယောက်ထဲ တကုတ်ကုတ်လုပ်နေတတ်တယ်။ နောက်ပိုင်းတော့ “ဘယ်သူတွေဆီ သွားလည်ပါ၊” “ဘယ်ဘလော့ဂ်လေးက ကောင်းတယ် မဇနိဖတ်ကြည့်” နဲ့ သူက ကိုယ့်ကိုပြောလိုက်၊ ကိုယ်ကသူ့ကိုပြောလိုက်နဲ့ ကျေနပ်နေကြတာပါ။ ကိုယ်နေခဲ့တဲ့အကြောင်းအရာလေးတွေကို မှတ်တမ်းလုပ်ချင်တယ်။ ခင်မင်ရတဲ့မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါးတွေ့နိုင်တယ်။

“အချိန်တွေအားနေလို့များ ဘလော့ဂ်နေတာလား” လို့ လာမမေးပါနဲ့လေ။ ကျွန်မပြောခဲ့ပါတယ် (၂၄) နာရီလုံးလုံးတော့ စာမကြည့်နိုင်ပါဘူးလို့။ ကျွန်မကပဲ အချိန်ပြည့်စာမကြည့်နိုင်တာလားတော့ မသိဘူး။ ဘလော့ဂ်ရေးနေတဲ့သူတွေအားလုံးလည်း ကိုယ့်အလုပ်တွေနဲ့ကိုယ်၊ တချို့လည်း အိမ်ထောင်မှုကိစ္စတွေလုပ်ရင်း ရတဲ့အချိန်လေးတွေ စာပေလေးတွေ ရေးကြတယ်။ သိထားတဲ့ အကြောင်းအရာလေးတွေ ဝေမျှကြတယ်။ ခင်မင်စရာကောင်းသလို၊ လေးစားစရာလည်းကောင်းပါတယ်။ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေဆီက လူကြီးအတွေး၊ အသိအမြင်တွေရသလို၊ ကိုယ့်ထက်အသက်ငယ်တဲ့ဘလော့ဂါတွေဆီကနေ ငယ်ရွယ်သူအတွေးတွေလည်း သိခွင့်ရပါတယ်။ ကဗျာဥာဏ်ကွန့်မြူးတတ်သူတွေဆီက ကဗျာလေးတွေ ဖတ်ရတယ်။ သူတို့တွေမအားတဲ့ကြားက တက်လာတဲ့ ပို့စ်တိုင်းက ကြည်နူးမှု၊ ဝမ်းနည်းမှု၊ အကောင်း၊ အဆိုးတွေ မြင်တွေ့ခွင့်ရတယ်။ သူတို့တွေက ကြည်နူးစရာတွေရေးရင် ကိုယ်လည်းဖတ်ပြီး ကြည်နူးမိတယ်။ ဝမ်းနည်းစရာတွေရေးရင် ဝမ်းနည်းမိတယ်။ အလုပ်များတဲ့သူတွေဆို ပို့စ်တပိုဒ်နဲ့တပိုဒ် အချိန်အတော်ကြာအောင် စောင့်ဖတ်ရတယ်။ တချို့လည်း မအားလပ်ပေမည့် လာဖတ်တဲ့သူတွေအတွက် ပုံမှန်လေးတွေရေးကြတယ်။ ပေါ့ပေါ့ပါးပါးလေးတွေဖတ်ရတဲ့အခါရှိသလို လေးနက်တာတွေဖတ်ရတာလည်းရှိတယ်။ ကိုယ်ဥာဏ်မှီတာလေးဆို လိုက်စဉ်းစားလိုက်၊ ဥာဏ်မမှီတာမျိုးဆို ထားခဲ့လိုက်တယ်။ ကိုယ်ဖတ်ချင်တဲ့အချိန်သွားဖတ်နိုင်တဲ့ လွတ်လပ်နယ်မြေလေးတွေပါ။ ကိုယ်ကြိုက်ရင် သွားဖတ်လိုက်တယ်။ မကြိုက်ရင် မကြိုက်တဲ့အပိုင်းမှာ လှည့်ပြန်လာခဲ့တယ်။ စိတ်ဝင်စားရင် ပို့စ်အဟောင်းတွေပါ ရှာဖတ်လိုက်တယ်။ ကွန်းမန့်ပေးချင် ပေးလိုက်မိတယ်။ မပေးလို့လည်း ဘယ်သူကမှ စိတ်မဆိုးပါဘူး။

ကျွန်မ အခုဆိုရင် ဟင်းတွေချက်ပြီး ဒီမှာ ဓါတ်ပုံတွေတင်တယ်။ တကယ်တော့ ကျွန်မချက်တဲ့ဟင်းတွေက ကိုယ်တတ်သလို ချက်တာပါ။ အညာချက်လို့ပြောလည်း ရပါတယ်။ ဘာကိုရည်ရွယ်တယ်မဟုတ်ပေမယ့် ကိုယ်နေ့စဉ်ချက်စားတာကို စိတ်ကူးရတဲ့အခါ ဓါတ်ပုံရိုက်ထားလိုက်တယ်။ ပြီးရင် ဒီမှာ တင်လိုက်တယ်။ အမှတ်တရ အပျော်လုပ်နေတာပါ။ ဒီဘလော့ဂ်ပေါ်မှာ တင်ဖို့အတွက် သီးသန့်မချက်ပါဘူး။ မပြင်ဆင်ပါဘူး။ သီးသန့်ချက်လောက်အောင်လည်း ကျွန်မ အချက်အပြုတ် မပိုင်ပါဘူး။ ညီမ မြရွက်ဝေ စကားယူသုံးရရင် ရမ်းသမ်း cook အဆင့်ပါ။ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နေရတဲ့အတွက် ကျေနပ်ပါတယ်။ မအားလပ်ရင်လည်း ဘလော့ဂ်ကို ပစ်ထားမိတယ်။ တခါတလေ သုံးလေးရက်လောက် ဝင်မကြည့်မိတာလည်း ရှိပါတယ်။ “အလုပ်တွေ အရမ်းများတာပဲ” လို့လည်း မပြောနေတော့ပါဘူး။ ဟိုတလောက စာအဆင်မပြေလွန်းလို့ ခင်တဲ့ ကိုကြီး ဝီ၊ မမဂွိ၊ ခွိခွိတို့ကို ညည်းမိပါသေးတယ်။ တော်တော်တန်တန် မညည်းမိအောင်နေတာပါ။ ကိုဇနိကိုလည်း မအားလွန်းမှ ထုတ်ပြောတာပါ။

နောက်ဆုံးတော့လည်း ကိုယ်စိတ်ဝင်စားတာလေးကို ကျေကျေနပ်နပ်လုပ်နေအုံးမှာပါ။ မအားတဲ့အခါ မရေးဘူးပေါ့။ အားတဲ့အခါ ပြန်ရေးလိုက်မပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ပျော်ရွှင်မှုတွေ ၀မ်းနည်းမှုတွေကို မျှဝေခံစားရင်း လာလည်ကြသူတွေ ကွန်းမန့်ပေးကြသူတွေကို အထူးကျေးဇူးတင်မိပါတယ်။ လာလည်တဲ့ မိတ်ဆွေသူငယ်ချင်းတွေကြောင့် ဒီဘလော့ဂ်လေးလည်း သက်ဝင်လှုပ်ရှားနေတာပါ။

မဇနိ

16 comments:

မြရွက်ဝေ October 8, 2008 at 4:42 PM  

မနိ နဲ့ ကိုနိက "မင်း" တို့ "နင်"တို့နဲ့ ပြောကြတာလားဟင်? ပို့စ်ထဲမှာမို့ ဖြစ်မှာပါနော်။ ကြင်ကြင်နာနာလေးရေးပါဂျ။ :D ညီမလဲ လမ်းတွေများနေတာ၊ ဘလော့က ဖုန်အပြင် ပင့်ကူမျှင်တွေပါ ကပ်နေပြီ။ ဘလော့ရှေ့ရောက်ရင် ကိုယ့်စာရေးဖို့ထက် readerထဲက တက်နေတဲ့စာတွေ လိုက်ဖတ်နေတာနဲ့ အချိန်ကုန်သွားပြန်ရော။ လိုက်နှုတ်ဆက် ကွန့်မန့်တွေ လိုက်ရေးဖို့တောင် ပျက်ကွက်တာ ကြာပေါ့။ မနိ ရမ်းသမ်းcook က အရမ်းgoodပါတယ်။ လာကြည့်တိုင်း သွားရည်ကျတယ်။
လူတကိုယ် အကြိုက်တမျိုးမို့ အမြင်ချင်းလည်း မတူနိုင်တာအမှန်ဘဲ မနိရေ။ မနိတို့ အသစ်တင်တိုင်း လာဖတ်ပါတယ်။ မရေးနိုင်ရင်လည်း မအားတာဖြစ်မှာလို့ ထင်သား။ စာတွေက များတယ်ဟုတ်! အဆင်ပြေသလိုရေးပါ မနိရေ။ ညီမက အစိမ်းရောင်သာကြိုက်ပေမယ့် မစိမ်းကားပါဘူးနော။ :)

sonata-cantata October 8, 2008 at 5:22 PM  

Blog ဆိုတာကို Blogging ရင်းနားလည်အောင် ကြိုးစားနေတဲ့ Blogger တစ်ယောက်ပါ။

သူငယ်ချင်းတစ်ယောက်က ကျမနားလည်တဲ့ ဘလော့ဂါ ရေးတော့ ကိုယ့်ကိုယ်ကို အတွက် စဉ်းစားမိတာလေးပါ။
မကေ က ဘလော့မှတ်စု ရေးတော့ လည်း အထက်က စာလေးအတိုင်း comment မှာ အမှတ်တရ သွားရေးလိုက်တယ်။

- October 8, 2008 at 5:40 PM  

အစ်မ
ကျွန်တော်လည်း သံယောဇဉ်တစ်ခုတည်းနဲ့ ဘလောဂ့်ကို မပစ်နိုင်ဖြစ်ရပါတယ်။ အလုပ်များတာကတစ်ပိုင်းပေါ့၊ ရတဲ့ အချိန်လေးမှာတော့ ကိုယ်ဝါသနာပါရာ၊ သံယောဇဉ်ရှိ တာလေးတော့ စိတ်လွတ်ကိုယ်လွတ် ရေးချချင်ပါသေးတယ်၊ ပြောပစ်ချင်ပါသေးတယ်။
လေးစားလျက်-ဝင်းဇော်

mgngal October 8, 2008 at 5:43 PM  

ရမ်းသမ်း ကွတ်ကလည်း အရမ်အရမ်း ဂွတ်တယ်ဗျ။
ဟင်းမကောင်းရင် မဇနိ လက်ရာတွေကြည့်ပြီး တရေ
ကျနေတာ ။ဟီးဟီး
အားလုံးအဆင်ပြေပါစွာ blogging နိုင်ပါစေဗျာ။ စောင့်မျှော်
အားပေးလျက်ပါ ။ ကို ဇနိ ကြီးလည်း အခုတစ်လော
ပျောက်နေပါလား ။မတွေတာကြာပြီ။ :)

khin oo may October 8, 2008 at 5:58 PM  

အင်း ပြောသမျှ နားထောင်သွားတယ်။ မုနှ်ုကျွေး။

khin oo may October 8, 2008 at 5:59 PM  

ကိုဇနိ.ဘာမှ အားမငယ်နဲ့ ဂွိက ဗလ တောင့်တယ်။ အားကိုးပါ။

May Moe October 8, 2008 at 6:07 PM  

မမနိ ရဲ့ ရမ်းသမ်း cook က အရမ်းအရမ်းgood ပါတယ် ။ ခင်တဲ့ ထဲမှာပါလို့ ကျေးဇူးကျေးဇူးပါနော် ။ :D

PAUK October 8, 2008 at 6:44 PM  

နိနိရေ...
ပေါက်လည်း ဇာတ်ကားတွေမကြိုက်တတ်ဖူး...
သူငယ်ချင်းတွေ ဘာပို့ပို့ အရင်မေးပြီးမှ ယူတတ်တာ..
မကြိုက်တာဆို လုံးဝမယူဘူး..
သီချင်းတော့ အသားကုန်ကြိုက်တယ်..
ဒါကလည်း ကိုယ်သဘောကျတဲ့အဆိုတော်မှ..
ကိုနိလည်း သူစိတ်ဝင်စားတာပဲ သူလုပ်မှာပေါ့..
အစစ အရာရာ နိနိနဲ့ဘယ်တူနိုင်ပါ့မလဲ ..နော့..

Republic October 8, 2008 at 7:05 PM  

မမနိ ပြောပြသလိုပါ .. ခံယူချက် နဲ့ ခံစားချက် မှာ လုံးဝမတူတဲ့ ကွဲပြားခြားနားတဲ့ အဓိပ္ပါယ် ရပ်တည်မှု ကိုယ်စီရှိပါတယ် ၊၊ မိမိခံယူချက်တစ်ခုကို ဘ၀ တစ်ခုလုံးနဲ့ ရင်းပေးခဲ့တဲ့ သူတွေရှိသလို မိမိခံစားချက် တစ်ခုကို အချိန်ပိုင်းအတွင်း မေ့ပျောက်ပြစ်တတ် သူတွေလည်းဒုနဲ့ဒေး ပါ ၊၊ တန်ဖိုးခြင်း ကွာခြားလှပါတယ် ၊၊ လက်ခံတဲ့ သူပေါ်မူ အဓိက တည်ပါမှာပါ ၊၊
မမနိ လိုပါပဲ "ကိုယ်စိတ်ဝင်စားတာလေးကို ကျေကျေနပ်နပ်လုပ်နေအုံးမှာပါ။ " ထပ်တူထပ်မျှပါပဲဗျာ ၊၊ ဖော်ရွှေ ခင်မင်စရာ ကောင်းတဲ့ မမကွိ ..အမြဲပျော်ရွှင်ပါစေ ၊၊

ကိုကြီးဝီ

Moe Cho Thinn October 9, 2008 at 12:09 AM  

နိနိရေ
ဘလော့ဂ်တယ်ဆိုတာ အမအဖို့တော့ ကိုယ်ရေးချင်တာလေးကို ကိုယ်ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ပြောပြသလို ရေးနေ၊ ခံစားနေမိတာမို့ အစစအရာရာ stress ပေါတဲ့နေရာကြီးမှာ အများကြီး စိတ်သက်သာရာရနေတာပါ။ လာလည်ကြတဲ့သူများကလဲ ဘယ်သူ၊ ဘယ်ဝါဆိုတာ ကိုယ်မသိချင်သလို အရေးလဲ မကြီးတော့ဘူး။ လူအမျိုးမျိုး ရှိတာ မငြင်းနိုင်ဘူးပေါ့။ သူ့ဆီလိုက်လည်၊ ကိုယ့်အိမ်လာလည်နဲ့ စိတ်တူရင် အမြဲသွားလာဖြစ်တယ်။ ကိုယ့်အိမ်လာတုန်း ကိုယ့်အတွေ့အကြုံလေးတွေကို စကားစမြည်ပြောရင်း ဧည့်ခံတဲ့ သဘောပါပဲ။ သီးခြားကမ္ဘာလေးတခုလိုပဲ။
နိနိဟင်းချက်တော့လဲ တို့မြည်းကြည့်ချင်တာပဲ။ ကိုယ်ခင်တော့လဲ ဘာလေးရေးရေး ဘာလေးချက်ချက် ကောင်းလိုက်တာချည်း ထင်တာပဲ။ (ညီမ ချက်တာတော့ တကယ်ကောင်းတာပါလေ)
ကွန်မန့်တောင် အတော်ရှည်ပြီ။ ရေးချင်လို့ ရေးနေတာ။ ဒါတောင် ဆက်ရေးချင်နေသေးတာ။

sin dan lar October 9, 2008 at 4:30 AM  

ကျမ စာဖတ်အရမ်းဝါသနာပါတယ်..ဘလော့ရေးတဲ့လူတွေရှိနေလို့...မြန်မာကဗျာ၊၀တ်ထု(ပါဌ်ဆင့်မရေးတတ်လို့ :)))၊ဆောင်းပါး၊ သရော်စာ၊
ပြဇာတ်စာမျိုးစုံ၊ နည်းပညာ၊သမိုင်းကြောင်းတွေ၊ ဟင်းချက်နည်းတွေ၊ လူမှုဆက်ဆံရေး အတွေ့အကြုံတွေ၊ အများကြီး၊အများကြီး ဖတ်ခွင့်ရတယ်..Blogger တွေအားလုံး ကျေးဇူးတင်ဖို့ကောင်းပါတယ်...စာဖတ်ချင်သူတွေအတွက် အချိန်ပေးပြီး Blog ရေးပေးကြတာ....

nu-san October 9, 2008 at 7:44 AM  

မဇနိကသာ ရမ်းသမ်း cook ဆိုရင်တော့ အမတို့က အာပလာ cook လို့ပြောရတော့မယ်.. :D :D လူတိုင်းဟာ ကိုယ့်အတွက် စိတ်အပန်းဖြေစရာ ထွက်ပေါက်လေးတွေ ရှာတတ်ကြတာပါပဲ.. ကိုယ်ဝါသနာ ပါတာတွေ လုပ်နေရတော့ပျော်တာပေါ့.. ဒီဘလော့ခ်ကိုလည်း အရင်တုန်းက ရောက်ဖြစ်ပေမယ့် မဇနိတို့ ကိုဇနိတို့နဲ့ခင်ပြီးတဲ့နောက်ပိုင်းမှ အရောက်ပိုများလာတာ.. မဇနိချက်သမျှ ရေးသမျှကို အမြဲ အားပေးနေမှာပါနော်.. (ဟင်းပုံတွေ ကြည့်ပြီး သွားရည်တွေကျရင်းပေါ့).အဟီး..

မောင်မျိုး October 9, 2008 at 10:59 AM  

အစ်မရေ့ စိတ်ထွက်ပေါ့ ဘလော့လေးနဲ့  မမြင်နိုင်ပဲ သံယောဇဉ်တွေတွယ်မိတဲ့ ဒီနေရာလေးမှာ ရိုးသားပြီး ပျော်စရာကောင်းတဲ့စာတွေရေးပေးတဲ့ သူတွေကို ကျနော်ကတော့ ခင်တယ် ။မဇနိ လာမှ ဒီဘလော့ကိုသိတာ ကိုနိကိုသိတောင်မသိသေးဘူး ဟိဟိ ပဲများနေတဲ့ အစ်ကိုကြီးလို့ ထင်တား) ကျနော်ကတော့ ဒီကို လာရရင် အစ်ကိုရင်း အစ်မရင်းတွေဆီကိုလာရသလိုမို့  အမြဲလာမှာ ..ကဲ...စိတ်ညစ်စရာတွေမပြောပဲ ကိုယ်ပိုင် ဘလော့မြင်းလေးတွေကို အပြင်းမောင်းနှင်ကြတာပေါ့ဗျာာာာ ။

ဝါ၀ါခိုင်မင်း October 9, 2008 at 2:28 PM  

မနိ ရေ..
ဟုတ်တယ်နော်.. ဘလော့လေးဆိုတာ stress တွေပြေ
စေတဲ့ စိတ်ထွက်ပေါက်လေးတစ်ခုပါပဲနော်။ ၀ါဝါ လည်း
စိတ်ထဲမှာ ရေးချင်စိတ်ပေါက်တာလေးတွေ ရေးပြီးတင်
လိုက်တာပဲ..ရေးချင်တာရေးပြီးသွားရင် စိတ်ချမ်းသာ
ကျေနပ်သွားသလိုပဲ။း) မနိ ရေးတာတွေအားလုံးက
အလွန်ကောင်းပါတယ်။ ၀ါဝါ ကသာ စိတ်ထဲရှိတာတွေ
ပဲလျှောက်ရေးနေလို့ တစ်ခါတလေ လာလည်သူတွေ
ကိုတောင်အားနာမိတယ်။ စာကြီးပေကြီး ရေးတတ်ဖူး
လေ။ မနိ ဟင်းချက်တာလေးတွေကို စိတ်ဝင်
စားပါတယ်။ ၀ါဝါ လည်းဟင်းကောင်းကောင်းချက်ဖြစ်
ရင် မနိလိုပဲ ပို့စ်လေးတင်ရေးရမလားလို့ ပန်ကန်လှလှ
လေးဝယ်ဖို့ စိတ်ကူးမိထားတယ်။ အဟဲ...
ဘာချက်ပြီးတင်ရမလဲ မသိသေးဘူး။ မနိ ချက်ပြီး
ပုံတွေနဲ့တင်ရင် ဟင်းချက်ကောင်းလိုက်တာ ငါနဲ့များ
ကွာပါ့လို့ တွေးမိခဲ့သေးတာ ။ အဟုတ်း)
ပျော်ပျော်ရွှင်ရွှင် ဆက်လက်ဘလောဂင်ကြတာပေါ့မနိ
ရေ.. ။

သက်ဝေ October 10, 2008 at 4:45 AM  

ဟုတ်တယ် နိနိရေ...
စိတ်ဖိစီးမှုတွေ များများလာတဲ့ အခါ စိတ်သက်ရာ သက်သာကြောင်း ရေးချင်တာလေးတွေ စိတ်ထဲရှိတာလေးတွေကို ချရေးဖြစ်တယ်.. အရင်ကတော့ စာရွက်တွေပေါ်မှာ...
အခုတော့ ဘလော့ဂ်စာမျက်နှာတွေပေါ်မှာပေါ့...
စာရွက်တွေပေါ်မှာရေးတုန်းကတော့ စာရေးသူနဲ့  စာဖတ်သူက တစ်ယောက်ထဲသာ...
အခုတော့ ဘလော့ဂ်တွေက တဆင့် ချစ်စရာ ခင်စရာ သူငယ်ချင်း မိတ်ဆွေလေးတွေ တနေ့ တခြား တိုးပွားလို့ ...တစ်ယောက်ဆီကို တစ်ယောက် အချိန်ရရင် ရသလို လည်ပတ်သွားလာကြ... နှုတ်ဆက်စကားလေးတွေ ဆိုသွားကြ... နေမကောင်းရင် သတင်းမေးကြ... စာဖတ်ပြီးရင် ထင်မြင်ချက်ကလေးတွေ ရေးသွားကြ...
ကျေနပ်စရာ ဘယ်လောက်ကောင်းလဲနော်...
ဒါကြောင့် Blogging ဆိုတာကို ဘ၀ရဲ့  ပျော်စရာ အစိတ်အပိုင်းလေး တစ်ခုလို့ ...

မဇနိ October 11, 2008 at 2:56 PM  

ဟား ဟား ဘယ်လိုခေါ်လဲ ပြောပြဘူး သတ်ချင်သတ်လိုက် ညီမမြရွက်ဝေ ရေ။ မစိမ်းကားဘူးဆို ကျေးဇူးပါ။

ညီမလည်း နားလည်အောင်ကြိုးစားနေသူတယောက်ပါ မမ sonata-cantata။

လွတ်လွတ်လပ်လပ် ရေးနေရတာ ပျော်စရာကောင်းပါတယ် နော် ၀င်းဇော်ရေ။

ရမ်းသမ်းကွတ်ကလည်း ကောင်းပါတယ်လို့ပြောတာ ကျေးဇူးပါ မောင်ငယ်။

ဗလတောင့်ပေမယ့် မကြောက်ပါ မမကေအိုအမ်။

ဒီကလည်း ကျေးဇူးအထူးပါ မေမိုး။

ဟုတ်ပါ့ ပေါက်ရေ အကြိုက်မတူပေမယ့် ခင်မှာပါနော်။

ထပ်တူထပ်မျှဆိုလို့ ကျေးဇူးပါ ကိုကြီး ၀ီ။ ပျော်ရွှင်ပါစေ ဗျာ။

မမချိုသင်းရေ စိတ်ဖိစီးနေတဲ့အချိန် ထွက်ပေါက်လေးပေါ့နော်။ လာလည်တဲ့မမတို့ကို နိနိချက်တတ်တာလေးတွေ ရေးတတ်တာလေးတွေနဲ့ ဧည့်ခံတာပါနော်။

အမြဲလာအားပေးနေတာ မဇနိကလည်း ကျေးဇူးတင်မိနေပါတယ် မ sin dan lar။

မမနုစံ အာပလာကွတ်လည်း ကောင်းမှာ သိတယ်ရယ်။ အိမ်နားနီးရင် လာစားပြီးပြီနော်။ အချိန်လုပြီး လာလာလည်တဲ့ မမကိုလည်း အားတောင်နာနေတာ။

ကိုနိက ပဲများတယ် မောင်မျိုးလေး ထင်တာ မမှားဘူးရယ်။

မမ၀ါဝါက စာရေးလည်းကောင်းပါတယ်။ ဟင်းကတော့ ပိုချက်တာမှာ သေချာတယ်။ မမစာတွေလည်း reader ကနေရော ဖတ်ပါတယ် နော်။

blogging ဆိုတာ ဘ၀ရဲ့ ပျော်စရာအစိတ်အပိုင်းလေး တစ်ခု ဟုတ်လိုက်တာ မမသက်ဝေ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP