EURO 2008

>> Monday, June 30, 2008









Austria - Poland နဲ့ ပွဲနေ့
At Praterstern Underground (12.6.08)
Vienna

Read more...

အပျိုကြီး လူပျိုကြီများ ရောင်းရန်ရှိသည်။

အပျိုကြီး လူပျိုကြီများ ရောင်းရန်ရှိသည်။

ကျွန်တော်တို့နယ်မှာ တခါတုန်းက ရဟန္တာပေါ်တယ်ဆိုပြီး ဖြစ်လိုက်သေးတယ်။ ရဟန္တာတကယ် ဟုတ်လားမဟုတ်လားတော့ မပြောတတ်ပါဘူး။ ဘုန်းကြီးတစ်ပါးတော့ သေခြာတယ်။ အဲဒီဆရာတော်က ရွာတွေနဲ့ ဝေးပြီး လူသူအရောက်အပေါက်နဲတဲ့ သင်္ချိုင်း မြေနေရာဟောင်းတစ်ခုက အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်ကို အမှီပြုပြီး တရားအားထုတ်နေခဲ့တာပါ။ ကြာလာတော့ လူတွေက သတိထားမိလာပြီး ရဟန္တာ သမုတ်ကြတာပါပဲ။


ရဟန္တာဆိုတာနဲ့ သိတဲ့အတိုင်း လူသူ အရောက်နဲတဲ့ နေရာလေးလူစီကားလာတယ်။ လူတွေကလည်း တရားနာဖို့၊ အဆုံးအမ ခံယူဖို့ထက် ပုဂ္ဂိုလ်ထူးဆိုပြီး အားကိုးချင်ကြတာများတယ်။ သူတို့စကားနဲ့ပြောရရင် သိဒ္ဓိတင်ချင်ကြတာပေါ့။ ဆရာတော် ပုတီနဲ့ ထိရင်ကံကောင်းတယ်။ ဆရာတော် တောင်ဝှေးက စွမ်းတယ်။ အဲလိုတွေဖြစ်လာတယ်။ နောက်ဆုံးတော့ ဆရာတော်က ဆံပင်ရှည်လာလို့ ဆံချရင်တောင် အလကားဖြစ်မခံဘူး ယုံကြည်သူ ဒကာ၊ ဒကာမတွေက အိပ်လေးတွေနဲ့ သေခြာထုပ်ပြီး ဘုရားစင်နားမှာထားလို့ ကိုးကွယ်ကြတယ်။

တနေ့တော့ အဲဒီဆရာတော်ကို သိပ်ယုံကြည်တဲ့ စောင်ဝယ်/ရောင်း လုပ်တဲ့လူတစ်ယောက်က ပြောတယ်။ "ကျွန်တော်ကတော့ ဆရာတော်တောင်ဝှေးကို ငှားပြီး ထိုးလိုက်တာ လပေါင်းများစွာရောင်းမထွက်တဲ့စောင်တွေ တခါတည်း စွံသွားတယ်။" တဲ့။

အဲဒီစကားကြားတော့ ကျွန်တော်တို့ အရပ်ထဲက လူကြီးတစ်ယောက်ကလည်း "စွမ်းလိုက်တဲ့ တောင်ဝှေး ငါလည်း ခဏသွား ငှားချင်လိုက်တာ" တဲ့။ ခင်ဗျားက ဘာလုပ်ဖို့လည်းမေးတော့၊ "အိမ်က အပျိုကြီး လူပျိုကြီးတွေလေ တစ်ယောက်မှ မစွံဘူး အားလုံး တစ်ယောက်တစ်ချက် လိုက်ထိုးလိုက်ချင်တယ်" ဆိုပဲ။

သူ့မှာလည်း ပြောမယ်ဆို ပြောလောက်ပါတယ်။ အကြီးဆုံးကတော့ သား။ ဘယ်တန်းထိ တက်ခဲ့လည်းမသိဘူး။ အသက်ကတော်တော် ကြီးနေပြီ။ သူ့အောက်က သ္မီးတွေချည်း ၃ ယောက်။ အားလုံးဘွဲ့ရပြီးပေါ့။ အပျိုကြီးတွေချည်းပဲ။ အဲဒီအောက်မှာလည်း ဘွဲ့ရ သားတစ်ယောက်။ တက္ကသိုလ်တန်း သမီးတစ်ယောက်။ အထက်တန်း ကျောင်းသား တစ်ယောက်။ အားလုံး အပျိုလူပျိုတွေ။ ရည်းစား ဘာညာတောင် အသံကြားရတတ်တဲ့ မောင်နှမတွေ ဟုတ်ဘူး။ မိဘအလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်နေကြတာ။ လိမ္မာပုံကတော့ မိဘတောင် စိတ်ပျက်လောက်အောင်ပဲ။

စောစောကလူက သူ့ကိုပြန်ပြောတယ်။ ခင်ဗျားကလည်း ဒီလိုတော့ ဘယ်ဖြစ်ပါ့မလဲ။ "ကျွန်တော့ဟာက စောင်။ ရောင်းကုန်ပစ္စည်း။ ခင်ဗျားဟာတွေက သားသ္မီးတွေ။"
သူပြန်ပြောတာက "မထူးပါဘူးကွာ မင်းလည်း လချီပြီး ရောင်းမစွံတဲ့ စောင်တွေ။ ငါလည်းနှစ်ချီပြီး မစွံတဲ့ အပျိုကြီး လူပျိုကြီးတွေ။ ရောင်းကုန်ပစ္စည်း ဖြစ်ချင်လည်း အပျိုကြီး လူပျိုကြီများ ရောင်းရန်ရှိသည်။ လို့အိမ်ရှေ့စာတမ်းချိတ်ရုံပဲရှိတယ်။ ငါကတော့ ဆရာတော့် တောင်ဝှေးငှားပြီး တစ်ယောက်တစ်ချက်တော့ ထိုးလိုက်ချင်တော့တာပဲ" တဲ့။

(ရွာက ဖြစ်စဉ်လေး သတိရလို့ ရေးလိုက်တာပါ။ အိုးဝေက ကျွန်တော်တို့ ကွန်ထရီဗျူတာ အပျိုကြီး လူပျိုကြီးများကတော့ ရောင်းရန်မဟုတ်ပါ။ စာဖတ်သူ အရေတွက် မြှင့်တင်ရေး သက်သက်တွက်သာ ရည်ရွယ်ပါသည်။ :P )

Read more...

Matryoshka doll

>> Sunday, June 29, 2008



ရပ်ရှားပြည်(မြန်မာဆရာတစ်ယောက်က အဲသလို အသံထွက်တာ သဘောကျလို့လိုက်ရေးတာ)က လက်ဆောင်ပစ္စည်းတခု အကြောင်းပြောပြချင်လို့ပါ။ Matryoshka(မာသရိုရှကာ) အရုပ်လေးတွေပါ။ မာသရိုရှကာ ဆိုတဲ့နာမည်ဘယ်ကရောက်လာပါလိမ့်။ ရုရှားမိန်းကလေးတွေအမှည့်များတဲ့ အမျိုးသမီးနာမည် Matrona(မာသရိုနာ)ကို ချစ်စဖွယ်ခေါ်လိုက်တော့ Matryoshka(မာသရိုရှကာ)လို့ဖြစ်သွားပါလေရော။


၁၈၉၀ ခုနှစ်တွေများက ရုရှားမှာ အရုပ်ထုဆစ်တဲ့သူ ဗာစီးလီ ဇဗျို့ဒေါချကင် က ပထမဆုံးသော မာသရိုရှကာရုပ်ကို ထုဆစ်ခဲ့ပါသတဲ့။ အဲဒီအရုပ်ယဉ်ကျေးမှုက ဂျပန်ကနေ ကူးစက်လာတယ်ပြောပါတယ်။ ကျနော်စပြီး မြင်ဖူးတုန်းကဆို တအံ့တသြနဲ့ပါ။ ဒီလိုလက်မှုပညာတွေလည်း ဒီမှာ ထွန်းကားတာပဲဆိုပြီး။ သစ်သားကိုထွင်းထုပြီး ပြီးတော့ အရုပ်ဆေးချယ်တာပါ။ အရုပ်ကလေးတွေကို ဆင်တူလေးတွေထုဆစ်ပါတယ်။ ကြီးစဉ်ငယ်လိုက်လေးတွေပါ။ အရုပ်အကြီးကြီးထဲကို အရုပ်သေးသေးလေးတွေထည့်ပါတယ်။ အဲဒီ အရုပ်ကြီးထဲထည့်ထားတဲ့ ပုံစံတူ အရုပ်သေးထဲကို နောက်ထပ် ပုံစံတူအရုပ်သေးလေးထပ်ထည့်ပါတယ်။ အဲသလို ပုံစံတူအသေးလေးတွေထပ်ထည့်ထပ်ထည့်နဲ့ နောက်ဆုံးအသေးဆုံးလေးထိဆိုရင် အရုပ်ကလေး ၆ခုကနေပြီး ဒီထက်မကရှိကြပါတယ်။ အရုပ်ပေါ်မှာလည်း ပုံတွေအမျိုးမျိုးဆွဲကြပါတယ်။ အကြီးဆုံးအရုပ်ကြီးကနေ အသေးဆုံးအရုပ်ကလေးအထိ မိန်းကလေးပုံဆို တစ်ပုံတည်းရေးဆွဲတတ်သလို၊ အခြားပုံအမျိုးမျိုးလည်း ရေးဆွဲတတ်ပါတယ်။ အဲ နိုင်ငံ့ခေါင်းဆောင်ပုံတွေလည်း ဆွဲတတ်ပါတယ်။ ဆေးတွေကလည်း အရောင်စုံရင် စုံသလောက် ဈေးတွေကလည်း အမျိုးမျိုးပါပဲ။ အရုပ်အရွယ်ကလေး အတော်သေးသေးလေးတွေရှိသလို တစ်တောင်လောက်ကြီးအောင်တွေ ဒီထက်ကြီးတာတွေလည်း ရှိပါတယ်။ လက်ဆောင်ပေးဖို့ဆိုတော့ တစ်မိုက်လောက် အရုပ်ကလေးတွေဆို အသင့်တော်ဆုံးပေါ့။ ပြီးတော့ မြန်မာပြည်က ယွန်းအစ်လိုဟာမျိုးတွေ၊ ယွန်းဗူးလိုဟာတွေ၊ ယွန်းပန်းချီခေါ်မလား အဲသလိုတွေလည်း အများကြီးပါ။ ကျနော်က အရင်က ဒီဘက်တွေမှာလည်း အဲသလို လက်မှုပညာတွေ ထွန်းကားတယ်ဆိုတာ မသိပါဘူး။ ကိုယ့်ဆီပဲ ရှိတယ်မှတ်နေတာကိုး။ သူတို့ဆီက လက်ရာတွေကပိုပြီး သပ်ရပ်၊ ပိုလှနေသလိုလိုပါ။ သပ်ရပ်တာတော့ ပိုတယ်ထင်ပါတယ်။ ဘာရယ်မဟုတ်ပါဘူး ဒီဘလော့ဂ်ဖတ်တဲ့သူတွေလည်း ရုရှားကလက်ဆောင်ပစ္စည်းအလှအပလေးတွေ မြင်ဖူးအောင်ရယ်၊ အခြားသူတွေကိုလည်း ကိုယ်ရောက်နေတဲ့ ဒေသမှာ အဲသလိုလေးတွေ ရှိရင်လည်း ပြန်လည်ဝေမျှပေးဖို့တောင်းဆိုချင်လို့ပါ။ ကျနော်ကတော့ အင်တာနက်မှာ ပုံတွေရှာတင်ပေးလိုက်ပါပြီ။ အလှကြည့်ကြရတာပေါ့ဗျာ။

မြန်မာပြည်က ယွန်းပစ္စည်းလိုမျိုးတွေ





သော့ချိတ်ကလေးတွေ

ကြက်ဥလုံးလေးတွေ အလှပေါ့


မာသရိုရှကာ အရုပ်ကလေးတွေ






အရုပ်ကလေးတွေကို ဒီလိုအတွင်းထဲ ငုံပြီးထည့်တာ
အထင်ကရ နိုင်ငံရေးသမားတွေ

Read more...

သူဆိုသောမိန်းကလေး

>> Saturday, June 28, 2008

တိုးတိုးလေး…
ဒါပေမယ့် ဟိုး..အနက်ရှိုင်းဆုံးထိ
အဲဒါသူ့အသံလေးပေါ့။
ဖွဖွလေး…
ဒါပေမယ့် အထိရောက်ဆုံးကျူးကျော်မှု
အဲဒါသူ့အနမ်းလေးပေါ့။
အညင်သာဆုံး…
ဒါပေမယ့် အားလုံးကိုသိမ်းကျုံးယူငင်သွားတယ်
အဲဒါသူ့အထိအတွေ့လေးပေါ့။
အနူးညံ့ဆုံး…
ဒါပေမယ့်အရာအားလုံးထက်သာတယ်
အဲဒါသူ့စကားလုံးတွေပေါ့။
အမြတ်နိုးဆုံး
အားလုံးနဲ့မလဲနိုင်တယ်
အဲဒါ ကျွန်တော့်ရဲ့ “သူ”ဆိုသောမိန်းကလေး။ ။

Read more...

ပန်းဝါဆို ပျိုတစ်ပွေ့

>> Thursday, June 26, 2008


ပန်းဝါဆို ပျိုတစ်ပွေ့
ဝါဆိုပန်းခူးချိန်ရောက်တိုင်း ကျွန်မသတိအရဆုံးမှာ ရွာက ချောင်းကလေးကို ဖြစ်သည်။ လှေလှော်တတ်ခြင်း၊ ရေကူးတတ်ခြင်း၊ ရေကျချိန်တွင် နှုံးမြေနုနုကြောင့် ကျွန်းမြေသည် သီးနှံအထွက်တိုးခြင်းတို့မှာ ရွာသားတို့အတွက် ချောင်းကလေးက ပေးသော ဆုလဒ်များဖြစ်သည်။မြစ်နှင့် နှစ်မိုင်ဝေးသော ကျွန်မတို့ရွာသို့ နှစ်စဉ် နယုန်လဆန်းပိုင်းတွင် ချောင်းကလေး ရောက်ရှိလာမြဲဖြစ်သည်။
နယုန်၊ ဝါဆို၊ ဝါခေါင် ၊တော်သလင်း သုံးလတာ လာရောက်အကျိုးပြုလေ့ရှိသော ချောင်းကလေးမှ ဖွေးဖွေးဖြူသော ရေအလျင်သည် လဝါဆိုတွင် ကျွန်းရွာလေးများကို ဝိုင်းရံလျက်ရှိနေပေမည်။



လှေကလေးနဲ့ ဝါဆိုပန်းခူးထွက်ကြပုံမှာ မဆန်းလှသော အလေ့ဖြစ်ပေမဲ့ ကျွန်မတို့ရွာ၏ ကြည်နူးစရာတောဓလေ့ ကိုတော့ ကျွန်မပြောပြချင်ပါသည်။
ပန်းခူးထွက်မည့် လှေကြီးများမှာ နှစ်စင်းဖြစ်သည်။ တစ်စင်းမှာ အပျိုကြီးလေးလေးဝင်းက ပဲ့ကိုင်ဖြစ်၍ ကျန်တစ်စင်းမှာ ပြိုင်ဘက်အပျိုကြီး လေးလေးကြည်က ပဲ့ကိုင်ဖြစ်၏။ ရုပ်ရှင်တွေထဲကလို လူပျိုတွေ ပဲ့မကိုင်ရပေ။
ဝါဆိုပန်းခူးလှေပေါ်တွင် အပျိုလေး၊ အပျိုလတ်၊ အပျိုကြီး (အလွန်စွံကြရာ နည်းနည်းသာပါသည်။) အရွယ်စုံပါသည်။ ရွာသူမိန်းကလေးများမှာ အပျိုဖြန်း အရွယ်ရောက်မှ ဝါဆိုပန်းခူးလိုက်ရသည်ဖြစ်ပြီး ထိုမိန်းကလေးမှာ ဓမ္မစင်္ကြာကို ဝါတွင်းတစ်လျှောက် ဌာန်ကရိုင်းကျကျ ရွတ်ဖတ်နိုင်ပြီဟုလည်း ယူဆနိုင်ပြီဖြစ်သည်။
ချောင်းရေရိုးမှာ ရွာ၏အရှေ့အနောက် သွယ်တန်းနေရာ လှေနှစ်စင်းမှာ ယခုနှစ် အရှေ့ပိုင်း ပတ်သည့်လှေက နောက်နှစ် အနောက်ပိုင်းကို ပတ်ရလေသည်။
နံနက်၁၀နာရီသည် ပန်ခူးစထွက်ချိန်ဖြစ်သည်။ ဝါဆိုမိုးအုံ့ပျပျ၊ တစ်ခါတစ်ရံ မိုးဖွားဖွားလေးအောက်တွင် ခမောက်မဆောင်းပဲ မာဖလာစလှလှလေးများကို ခေါင်းတွင်စီးထားသော မိန်းမပျိုလေးများကို တင်ဆောင်ထားသောလှေမှာ လှပသောဝါဆိုပွင့်လေးများ မခူးခင်ကပြည့်နှင့်နေသည်နှယ်။
လှေပေါ်တွင် လှေဝမ်းမှရေကို တစ်ယောက်တလဲပက်ရသည်။ ပန်းပင်ကြည့်သူက ကြည့် လှေလှော်သူကလှော် ပန်းချိုးသူကချိုး ကိုယ့်တာဝန်ကိုယ်ယူကြရသည်။ ဝါဆိုပန်းခူးရာတွင် လှသောပန်း၊ မွှေးသောပန်း ၊ကြာရှည်ခံသောပန်း စသည်ဖြင့် မျှတအောင် ခူးတတ်ရန်မှာလည်း အရေးကြီးသော အချက်ဖြစ်သည်။
ပုန်းညက်၊ သပြေ၊ ဧကရာဇ်၊ ခရေစသော ပန်းခက်များချိုးရာတွင် အပင်ပေါ်သို့ တက်ရသည်။ အပင်တက် မကျွမ်းကျင်ပဲတက်က ရေထဲသို့ ဂျွမ်းပစ်ကျတတ်သည်။တက်တတ်ပြီး ပြန်မဆင်းတတ်ပါကလည်း ပင်စည်ကိုဖက်၍ လျှောဆင်းရလေရာ ခြေသလုံးနှင့်လက်များ ပွန်းပဲ့ကုန်၏။ သို့သော် ကုသိုလ်အကျိုးကို ရှေးရှု့ကာ သူ့ထက်ငါသာ အပြိုင်တက်ကြ၏။
ချုံနှင်းဆီရုံများမှာ ဝိုင်းပတ်၍ခူးမှ ပန်းများများရလေ၏။ အဖြူရောင်၊ သုံးဘီးကားရောင်၊ အနီရင့်ရင့်စသည်ဖြင့် အရောင်အသွေးစုံ၏။ ဇီဇဝါ၊ ပုဏ္ဏရိတ် နှင့် ရွှေတဆုပ်ပန်းများမှာ တစ်ပင်ဆို ဆိုသလောက် တစ်ပွေ့တစ်ပိုက်ဆုပ်ဆုပ်ခဲခဲ ခူးယူနိုင်၏။ အမျိုးအမည်မသိသော်လည်း ဝါဆိုပန်းအဖြစ် ကုသိုလ်ယူချင်လွန်း၍ ပန်းခူးသူတို့အား ညိုမြလုပ်နေသော ပန်းပွင့်လေးများကိုလည်း ခူးခဲ့ကြ၏။
လှေသည်လည်း ကွေ့သည့်အခါ ကွေ့ရ၏။ မျှောသည့်အခါ မျှောရ၏။ ပြန်ခေါက်သည့်အခါ ခေါက်ရ၏။ မလှော်ပဲ သစ်ကိုင်းတွေဆွဲပြီး လျှိုတွေထဲဝင်ရသည်လည်းရှိ၏။
သပြေ၊ ဇီဇဝါ၊ ခေတ္တာ၊ ချုံနှင်းဆီ၊ ပုဏ္ဏရိတ် ၊ရွှေတဆုပ်၊ ပုန်းညက်၊ ဧကရာဇ်၊ ခရေ စသည်ဖြင့်ပန်းလှေကြီးဖြစ်အောင် စိတ်ရှည်လက်ရှည် ခူးကြလေသည်။ ထိုအချိန်တွင် ပန်းနှင့်ပန်းခူးသူများမှာမှာ တစ်သားတည်း။ ပန်းကလေးနုသလို ဖြူနုသော နှလုံးသားနှင့်။ ပန်းကလေးလှသလို ကြည်စင်သောမျက်နှာထက် အလှတွေယှက်ဖြာလျက်။ ပန်းကလေးမွှေးသလို စိတ်အတွေးကအစ ရနံ့တွေဖြာနေ၏။
မိကျောင်းပန်းဖွေးဖွေးများမှာ နေရာအနှံ့ ကိုင်းချင်းယှက်နေအောင် ပွင့်ကြသည်။ ကြာရှည်မခံသော်လည်း ဝါဆိုပန်းဘွဲ့ခံ မိကျောင်းပန်းသည် ဘုရားရင်ပြင်တော်တွင် အထင်ရှားဆုံး လှနေတတ်မြဲ ဖြစ်ရာ ပန်းတွေအစုံခူးပြီး နောက်ဆုံးတွင် မိကျောင်းပန်းကို မပါမဖြစ်ခူးရသည်။ ကြာပန်းများကိုတော့ လပြည့်နေ့ကတည်းက ကန်မှာ သွားခူးထားပြီးဖြစ်သည်။ ကြာပန်းခူးခြင်းကိုမူ ကာလသားများက တာဝန်ယူကြသည်။
နေ့ ၂နာရီခန့်တွင် ပန်းလှေကြီး ပြည့်လေ၏။ ငှက်ပျောလက်များခုတ်ခဲ့ပြီး ရေလယ်သို့ လှေကိုလှော်ခဲ့ကြသည်။ရေလယ်ရောက်မှ ပန်းများကိုဆေးကာ လှေဝမ်းထဲမှ ငှက်ပျောဖက်အခင်းများပေါ်သို့ ဖြန့်၍စီ၍ ပန်းပုံကြီးပုံသည်။ပန်းခိုင်တစ်ချို့ကို လှေမလှော်သူတွေ ပွေ့ရသည်။
လှေရွာဘက်ဆီပြန်ချိန်တွင် ကမ်းစပ်၌ မောင်းကြီးကို တဒူဒူထု၍ ရွာလူထုမှာကြိုနေကြပေပြီ။ ထိုအချိန်တွင် ရွာမှကာလသားများမှာ ဝါဆိုပန်းများကို ဘုရားစောင်တန်းထိပ်ထိ သယ်ရန်အတွက် ရှိုးစမိုးထုတ်၍ စောင့်နေကြပေပြီ။ ကိုလူပျိုတို့သည် ကမ်းစပ်ဆီမှနေ၍ ပန်းလှေကိုရော လှေပေါ်မှ မိန်းကလေးများကိုရော ခြုံငုံ၍ ကသိုဏ်းရှု့လျက်ရှိကြ၏။ တစ်နှစ်က တက္ကသိုလ်ကျောင်းသား ကိုကိုမျိုးသည် ပဲအပြည့်နှင့် သူ့ရီးစား မမနုယဉ်ပါသောလှေကို စတိုင်နှင့်ငမ်းနေစဉ် ရွာဆော်ကိုဖိုးဆိုးထုလိုက်သော မောင်းလက်ခတ်မှာ ကျွတ်ထွက်သွားကာ ကိုကိုမျိုးကိုမှန်ပြီး နဖူးဟက်တက်ကွဲသွားရာ ရီကြရသည်မှာလည်း မမေ့နိုင်စရာဖြစ်၏။
လှေကမ်းဆိုက်သည်နှင့် မိန်းမပျိုများသည် ညနေပြန်ဆုံမည့်အချိန်ကို သတ်မှတ်ပြီး၊ ရေမိုးချိုးအလှပြင်ရန် ကိုယ်စီအိမ်ပြန်ကြလေ၏။ မပြန်မီ လူပျိုရှိသူက ကိုယ့်လူပျိုကိုယ် မျက်စောင်းထိုးပစ်ခဲ့ကြသေးသည်။ ဒါကလည်း အမြင်ကတ်၍ မဟုတ်။ ချစ်ခြင်းသင်္ကေတပင်။
ရွာသူရွာသားများမှာ ပန်းတွေအစုံပုံ၍ တင်ထားသောလှေကြီးကို (တစ်နှစ်စာစွဲမြဲမှတ်မိအောင် ) ပီတိအပြည့်မျက်နှာများနှင့် ကြည့်ရှု့ကြလေ၏။ ပြီးလျင် ရွာမှကာလသားများမှာ ဘုရားကြီး စောင်းတန်းထိပ်တွင်ရှိ ပန်းစင်ပေါ်သို့ ပန်းများကိုသယ်ခြင်း၊ မိန်းကလေးများတစ်ပွေ့စာ ပန်းစည်းစည်းခြင်းတို့ကို လုပ်ကိုင်ကြတော့သည်။
ပြီးလျင် ဘုန်းကြီးကျောင်းမှ ဝါဆိုပန်းအိုးကြီးကို နေရာချခြင်း၊ ကောဇောများခင်းခြင်း၊ ဝါဆိုပန်းကပ်ချိန်တွင် အဆင်သင့်ဖြစ်စေရန် ဝါဆိုဖယောင်းတိုင်များ နေရာချခြင်းတို့ကို လျင်မြန်စွာလုပ်ကြလေ၏။
လျင်စွာလုပ်ရခြင်းမှာ အကြောင်းရှိသည်။(နတ်ပြည်သို့ လျင်စွာရောက်လို၍ကား မဟုတ်။)
ညနေချမ်း ဝါဆိုပန်းတစ်ပွေ့စီနှင့် ချစ်စဖွယ်မိန်းမပျိုတို့ ဘုရားဆီသွားရာ ဘုရားစောင်းတန်းတစ်လျှောက်တွင် ငေးမောကြည်ရှု့ အငမ်းထူရဦးမည်မို့ပင်။

Read more...

ဘလော့ဂင်း၊ ဘလော့ဂင်း

>> Wednesday, June 25, 2008


အခုတလော ကျနော်နဲ့မဇနိ အဆင်မပြေကြပါဘူး။ မဇနိတယောက် ကျနော့်ကို တတွတ်တွတ်နဲ့ အပြစ်တွေတင်နေတာပါ။ သူမက “ရှင့်ကြောင့်လေ ရှင့်ကြောင့်”တဲ့။ ကျနော်ကလည်း “ဟာကွာ ငါ့ကြောင့်ချည်းပဲ မဟုတ်ပါဘူးဟ။ တခြားလူတွေလည်း ရှိတာပဲ။ သူတို့ကိုလည်း ပြောဦးမှပေါ့” ဆိုတာလည်း သူမက မရပါဘူး လူရင်းဆိုတော့ ကိုယ့်ပဲ နာနာနှက်နေတော့တာပေါ့။ ခက်တော့တာပဲ။ ကျနော်လည်း ဘယ်သူ့ပြန်နှက်ရမှန်းမသိတော့ အဲဒါကြောင့် ဒီ ဂူဂယ်ကို ခက်တယ်ပြောတာပေါ့။ ရှိရှိသမျှ အကုန်အလကားပေးနေ။ အလကားရတော့ လက်အငြိမ်မနေနိုင်။ အလကားရတဲ့ ဇော်ဂျီကို အင်စတောလုပ်ပြီး ဘလော့ဂင်းနေမိတာပေါ့။ (ကျေးဇူးရှင်တွေကို စိတ်ထဲက စော်ကားသေးတာ။) ဘလော့ဂင်းနေတော့ ဘလော့ဂ်ကို လာလည်တဲ့သူ နည်းရင် ဒီပြဿနာကပေါ်လာတာပဲ။


ဘလော့ဂ် လူလာနည်းလို့ အပြစ်ပြောမယ်ဆိုလည်း ပြောလောက်ပါတယ်။ အခုဖြစ်နေတာက ဘယ်အချိန်ရိုက်သတ်သတ်ရတယ်၊ အဲဒါ ကိုယ်ခြံထဲက ကြက်လို့ ယူဆထားတဲ့ ကိုမောင်ဖြူတို့၊ ကိုမောင်လုံးတို့ကတောင် ဒီဘလော့ဂ် ဘက်ကို ခြေမချ၊ ခြေဦးမလှည့်တော့ပါဘူး။ ရေးဖော်ရေးဖက် စစ်ကိုင်းသူနဲ့ မမေအောင်တို့ကလည်း ဘယ်နေရာမှာပျော်မွှေ့နေပြီလဲ။ ခြေရာတွေပျောက်နေပါရောလား။ သံယောဇဉ်များ ဖြတ်နိုင်လိုက်ကြတာ ကိုပီဆာကျယ်နဲ့ ကိုအန်အေဆိုတာ ယောင်လို့တောင် လှည့်ကြည့်ရဲ့လားမသိ။ စာရေးကောင်းလို့ ခေါ်ထားရတဲ့ ကိုလူအေးကလည်း ဘလော့ဂ်ကို အရှင်လတ်လတ်နဲ့ ဖြတ်ထားရစ်ခဲ့ပြန်တယ်။ သံယောဇဉ် ဖြတ်ပြီး ကွန်ထရီဗြူတာလစ်(စ)ကတောင် ထွက်နိုင်သေးတာ၊ အလည်လည်း ရောက်တော့မယ်မထင်ပါဘူး။ ကိုသောကြာကလည်း စီဘောက်မှာ တချက်တချက်ပေါ်တော်မူလာပြီး ခွေးလှည်းလေး စီးတဲ့အခါ စီးရဲ့။ သူလည်း ကြာကြာမနေပါဘူး။

ဘလော့ဂ်မှာ ကိုယ်ရေးထားတာလေးတွေ လာဖတ်သူတွေများတယ်ဟ၊ အဲ ကွန်မန့်တွေ တပုံကြီးရတယ်နဲ့ ပျော်ရွှင်ရတာက ဘလော့ဂင်းရဲ့ အရသာလေ။ စီဘောက်မှာ ရှည်ရှည်ဝေးဝေးရေးသွားတာ မဟုတ်တောင် လာလည်ပါတယ်ခင်ဗျ၊ လည်လည်လာပါတယ်ရှင့် ဆိုပြီး နှုတ်ဆက်သွားတယ်ဆိုရင်တောင် ပျော်နေရတာမဟုတ်လား။

နောက်တချက်ခက်တာက ကျနော်က မဇနိကို statcounter ဘယ်လို့ကြည့်ရတယ်ဆိုတာကို သင်ပေးထားတာဆိုတော့ သူမက ဘယ်လို အိုင်ပီ အဲဒရက်(စ)နဲ့လာရင် ကျော်ခွလာတာ၊ statcounter ထဲမှာ ပေါ်တဲ့ အိုင်ပီကို စီဘောက် အိုင်ပီနဲ့တွဲတိုက်ဆိုင်ပြီး ဘယ်သူလာတယ်ဆိုတာကို label ထိုးလို့ရတယ်ဆိုတာတွေပါ သင်ပေးထားတော့ ဒီနေ့ဆို ဘယ်သူတွေလာတယ်၊ Visit Length က ဘယ်လောက်ရှိတယ်၊ Returning Visits က ဘယ်လောက်၊ Page Loads တွေ၊ Unique Visitor တွေ၊ Returning Visitors လည်း အကုန်သိနေတာကိုး။ ဒီတော့ ဘားဂရပ်ကြီးထိုးကျနေရင် ကျနော့်ကို ပြောတော့ ဆိုတော့တာပဲ။ ရှင်ဘယ်လိုဖြစ်ရတာလဲ ဒီလို အလကားဖတ်ခွင့်ပေးထားတဲ့ ဘလော့ဂ်တောင် လူများများ လာအောင် မစည်းရုံးနိုင်ဘူး၊ အဲ နောင်အချိန် တူနှစ်ကိုယ်ဘ၀မှာ စီးပွားရှာ ဈေးဆိုင်တွေများ ဖွင့်ရင် ရှင်ဘယ်လိုလုပ်စားမလဲတဲ့။ အိမ်ဦးနတ်လောင်းကြီးကို သူမိုလို့ ပြောရက်လိုက်တာ။ ဒီကလည်း ဘယ်ခံနိုင်မလဲ။ ဟေ့ မင်းကလည်း ဒီဘလော့ဂ်က မင်းလည်း ဆိုင်တာပဲကွ။ မင်းလည်း နည်းလမ်းရှာကြံရမှာပေါ့။ မင်း အိမ်လည်များများထွက်ကွာ၊ ကွန့်မန့်တွေရေး၊ စီဘောက်တွေမှာ လိုက်နှုတ်ဆက်ဆိုတော့ ကျမလည်း သွားတာပဲ။ တခါတခါ အလုပ်ရှုပ်တော့ အမြဲကျလည်း မသွားနိုင်ဘူးပေါ့တဲ့။ ရှင့် ကိုဖြူတွေ၊ ကိုလုံးတွေကို ခိုင်းပါ့လားတဲ့။ ဟ မင်းကလည်း ဘယ်နတ်မိမယ်တွေက ဟိုကောင်တွေကို ဘယ်လိုထိန်းချုပ်ထားတယ်ဆိုတာ မင်းသိလို့လား။ တော်ကြာ သူများတွေ အကွဲကွဲ အပြဲပြဲဖြစ်နေဦးမယ်လို့ပြောရတယ်။

ဒီတော့ ဥာဏ်ကြီးရှင် မဇနိက သူတို့ဆီက ဈေးဆိုင်တွေမှာ ဈေးအရောင်းမြှင့်တင်ရေးလုပ်သလို ဘလော့ဂ်အရောင်းမြှင့်တင်ရေးလုပ်မယ်တဲ့၊ ဟာ မင်းကလည်း ဟုတ်သေးပါဘူး။ ဘလော့ဂ် လူလာမြှင့်တင်ရေးလုပ်မယ်လုပ်စမ်းပါဆိုပြီး လူလာများအောင် စပြီး စဉ်းစားလာကြရတယ်။ မင်းတို့ဆီက ဈေးဆိုင်တွေက ဘယ်လိုလုပ်တာလဲ ပြောစမ်းပါဦးဆိုတော့ သူမက သူမဆီမှာ ရှိတဲ့ point card လေးကို ထုတ်၊ ဓာတ်ပုံရိုက်ပြီး ပို့ပေးတယ်။ ပြီး ရှင်းပြလေရော။ အရောင်းမြှင့်တင်ရေး ၀န်းထမ်းလေသံနဲ့ သူမပြောနေတာကို ဆက်ဖတ်ကြည့်ပါဦး။

ဒီကဒ်မှာတော့ အကွက် ၅၀ ကွက်ပြည့်ရင် ၅၀၀ ယန်း ပြန်သုံးလို့ရတဲ့စနစ်လေးလုပ်ထားတယ်။ အကွက်အကုန်ပြည့်မှ ယန်း ၅၀၀ ရမှာဆိုတော့ အကွက် ၅၀ ပြည့်အောင်ဝယ်ရတာလေ။ ဒီတော့ နောက်တခါလည်း ဒီဆိုင်မှာလာဝယ်ချင်စိတ်ပေါ်တာပေါ့။



ဒီကဒ်က gold point card ဆိုတဲ့ နာမည်နဲ့လိုက်အောင် အဖိုးတန်တဲ့ကဒ်ပါ။ သူက အီလက်တရောနစ်ပစ္စည်းဝယ်ရတာဆိုတော့ ၂၀ % လောက် ပွိုင့်ထည့်လိုက်ရင် အများကြီးဝင်နေတဲ့အတွက် သူ့ကိုတော့ မပျောက်အောင်သိမ်းတယ်။ သူကလည်း ၂၀% discount ကို ပိုက်ဆံမပေးဘူး။ သူ့ဆိုင်မှာ ပြန်ဝယ်တဲ့အခါ သုံးရတယ်။

အဲဒါတွေ ပြလည်းပြီးရော သူမက ဆက်ပြောတယ်။ ဒီလိုလုပ်မယ်လေတဲ့ ဒီဘလော့ဂ်ကို ဘယ်နှခေါက်(Returning Visits) လာသလဲဆိုတာရယ် ၊ ဘလော့ဂ်မှာ ဘယ်လောက်ကြာကြာနေသလဲ (Visit Length) ဆိုတာရယ်၊ comment ဘယ်နှခုရေးသလဲ၊ စီဘောက်မှာ ဘယ်နှကြိမ်အော်သွားစလဲဆိုတာပေါ်မူတည်ပြီး အလည်လာသူတွေအတွက် point card လေးတွေလုပ်ကြမယ်တဲ့။ ဒါမှ အပြင်မှာ ဈေးဆိုင်တွေမှာ ဈေးဝယ်သလို point တွေပြည့်တော့မှာ သွားထားမှ ဆိုပြီး ခဏခဏအလည်လာကြမှာတဲ့။ ကျနော်လည်း မင်းကတော့ အိုက်ဒီယာ ကောင်းသိပ်ထွက်ပဲ၊ အဲဒါတွေကြောင့် အကြင်နာပိုရတာဆိုတော့ အရေးထဲ အသားယူနေတယ်ဆိုပြီး ကျနော့်ဗိုက်ခေါက် လိမ်ဆွဲဖို့ အကြိမ်ရေးမှတ်ထားတဲ့ စာရွက်မှာ တာလီတချောင်းတိုးလိုက်သေးသတဲ့။

အိုက်ဒီယာကောင်းတော့ရပြီဆိုပြီး နှစ်ယောက်သား ပြုံးပြုံးကြီးတွေ လုပ်နေကြတာပေါ့။ ဟဲ ဟဲ တို့တွေလည်း စဉ်းစားတတ်တာပဲကွဆိုပြီး မာန်တတ်နေတဲ့ အပြုံးကြီးတွေနဲ့လေ။ ကဲ ဟုတ်ပါပြီ၊ point card မှာ point တွေပြည့်တော့ တို့တွေက ဘာအခွင့်အရေးတွေပေးမှာတုန်းဆိုတော့ အရေးအကြီးဆုံး အိုက်ဒီယာ ကျမပေးပြီးပြီ၊ ကျန်တာတော့ ရှင်စဉ်းစားတဲ့။ ခက်တော့တာပဲ ဒီက ထူပါတယ်ဆိုမှ။ ကဲဟာ ဒါဆိုဒီလိုလုပ်မယ်။ point card ပြည့်သွားတဲ့ မိန်းကလေး visitor တွေဆိုရင် လူပျိုကြီး မောင်ဖြူရဲ့ဓာတ်ပုံပြမယ်၊ ဂျီတော့မှာ မောင်ဖြူနဲ့ ချက်ခွင့်ပေးမယ်။ ဟီးဟီး။ အဲ point card ပြည့်သွားတဲ့ ယောက်ျားလေး visitor တွေအတွက်ကတော့ ဒီဘလော့ဂ်က ကွန်ထရီဗြူတာ အပျိုကြီးတွေဖြစ်တဲ့ စစ်ကိုင်းသူရယ်၊ မမေအောင်ရယ်ရဲ့ ဓာတ်ပုံပြတွေပြမယ်၊ ဂျီတော့မှာ သူတို့နဲ့ စကားပြောခွင့်ပေးမယ်။ ဟီးဟီး သူတို့ဆီကို ခွင့်မတောင်းဘဲ လုပ်လိုက်တာ အကြံမပိုင်လားဗျာ။ သဘောတူရင် လက်ခုပ်တီးပါဗျို့။
(ပြောလို့သာ ပြောရတာ ဒီအခွင့်အရေးတွေ ရမှာကြောက်ပြီး ဒီဘလော့ဂ်ကို လုံးဝအလည်မလာမှာလည်း ကြောက်ရသေးတယ်။)

အပျော်ရေးထားတာဆိုတော့ အပျော်ပဲဖတ်နော်။ မမတွေ ချိတ်ချိုးကြနဲ့နော်။

Read more...

သစ်ပင်စိုက်ခြင်းနှင့် တွေးမိတဲ့အရာ

>> Tuesday, June 24, 2008



အိပ်ယာက နိုးလာရင် ကျောင်းသွားရဦးမယ် ဆိုတဲ့အတွေးတွေနဲ့ မပျော်မရွှင်ဖြစ်သွားမိတယ်။ ဘယ်သူမှမရှိတဲ့ မနက်ခင်းစာကို ၀တ်ကျေတန်းကျေစားရဦးမယ်။ ပြီးတာနဲ့ ရထားတိုးစီးရဦးမယ်။ လမ်းတွေလျှောက်ရဦးမယ်။ မျက်လုံးပိတ်ပြီး လမ်းလျှောက်ရင်းနဲ့ ကျောင်းကိုသွားခဲ့တဲ့နေ့တွေ မနည်းခဲ့ပါဘူးဆိုတာ သတိရမိတယ်။ အခုတော့ ပြန်တွေးပြီး နည်းနည်းပြုံးလာနိုင်ပြီ။ အဲဒီရက်တွေကို လွန်မြောက်လာခဲ့ပြီ။ ကျွန်မရဲ့ မနက်ခင်းအိပ်ယာနိုးလာရင် စိတ်ပျော်ရွှင်မှု ရလာခဲ့ပြီ။



မနက်နိုးလာရင် ကျွန်မစိုက်ပျိုးထားတဲ့ အပင်လေးတွေ ပေါက်နေပြီလား။ အရွက်လေးတွေ ထွက်နေပြီလားဆိုတာ စူးစမ်းချင်စိတ်က အိပ်ယာမြန်မြန်ထစေတဲ့ အကြောင်းတခုဖြစ်လာခဲ့ပြီ ဆိုတာ သတိရမိတော့ တယောက်ထဲပြုံးမိလာပါတယ်။ ငယ်ငယ်တုန်းကဆို အမေစိုက်ပေးတဲ့ အပင်လေးတွေကို အရွက်ထွက်လာပြီလား၊ ဘယ်လောက်ကြီးလာပြီလဲဆိုတာ မောင်နှမတွေ လုပြီး နေ့တိုင်းသွားသွားကြည့်ခဲ့ကြတာ သတိရမိပါတယ်။ ပြီးလျှင် ဘယ်အပင်က ဘယ်လိုဆိုတာ အမေ့ကို အလုအယက်ပြောကြမည်။ နောက်ပိုင်းကျတော့ မလုရအောင် အပင်ခွဲတန်းချ မဲနှိုက်တာဝန်ယူ စောင့်ကြည့်ကြမည်ဟု သဘောတူခဲ့တာတွေကိုလည်း မမေ့နိုင်ခဲ့ပါဘူး။ ကျွန်မကတော့ အမေစိုက်ထားတဲ့ ရှောက်ပင်၊ သံပုရာပင်လေးတွေကို သဘောအကျဆုံးဖြစ်ခဲ့တယ်။ အရွက်နုအသစ်ထွက်လာရင် ဘယ်လိုပျော်မှန်းမသိ ပျော်ရွှင်ခဲ့ဖူးတယ်။ မောင်လေးအကြီးကတော့ နေ့လည်အားလပ်ချိန်တွေဆို သူပိုင် သင်္ဘောပင်မှ သင်္ဘောသီး မမှည့်တမှည့် ခူးပြီး အတူစားဖို့ အမြဲစိတ်ကူးနေတတ်ပါတယ်။ မမှည့်တမှည့်ဆိုတာက သူ့အပင်ကို အမြဲကြည့်ပြီး နည်းနည်းဝင်းလာရင် ခူးတတ်လို့ ဘယ်တော့မှ အသီးမှည့်အောင် သူမစောင့်လို့ ပြောတာပါ။

အမေတို့က သူတို့မွေးဖွားခဲ့တဲ့ ကျွန်မတို့ကို သူတို့စိုက်ပျိုးလာတဲ့အပင်လေးတွေနဲ့တွဲပြီး မှတ်သားထားတတ်တယ်။ ကျွန်မကိုမွေးခဲ့တဲ့အချိန်က သားသမီးအဦးဆိုတော့ အဖေက သိပ်ပျော်ခဲ့တယ်တဲ့။ သမီးလေးမွေးပြီဆိုတာနဲ့ အိမ်ရှေ့မှာ အမှတ်တရ တမာပင်ပြေးစိုက်ခဲ့တယ်။ မောင်လေးအကြီးကို မွေးခဲ့တဲ့အချိန်မှာတော့ အိမ်နောက်မှာ မန်ကျည်းပင်စိုက်ခဲ့ပါတယ်။ မောင်လေးငယ်ငယ်ကဆို မန်ကျည်းပင်နားသွားပြီး “သားနဲ့သူနဲ့ သားက အရပ်ပိုရှည်နေပြီ“လို့ ပြောတာမှတ်မိနေပါတယ်။ မောင်လေးအငယ်မွေးတဲ့အချိန်ကတော့ အမြွာလေးမွေးလို့ အဖေက ဧကရာဇ်ပင် ၂ ပင်စိုက်ခဲ့တယ်။ အခုတော့ မောင်လေးနဲ့ရွယ်တူ မန်ကျည်းပင်က မန်ကျည်းသီးတွေတောင် သီးတဲ့အရွယ်ရောက်နေပါပြီ။ သူတို့စိုက်ခဲ့တဲ့အပင်လေးတွေကိုမြင်တိုင်း အဖေနဲ့အမေက သူတို့ပြုစုခဲ့ရတဲ့ သားသမီးတွေကို သတိရတတ်တယ်တဲ့။


အိမ်မှာ သစ်ပင်စိုက်တုန်းကတော့ မျိုးစေ့လေးချပြီးရင် အညှောင့်ထွက်လာမှ စိတ်ချမ်းသာရတာပါ။ မျိုးစေ့အောင်ပါ့မလား။ မြေကကောင်းရဲ့လားလို့ အမြဲစိတ်ပူခဲ့ရပါတယ်။ ကျွန်မတို့အိမ်က မြေတွေက နည်းနည်းမာတော့ စိတ်ပူရပါတယ်။ ဒီရောက်တော့လည်း ကျောင်းကပေးတဲ့ အဆောင်မှာ နေစဉ်က အပင်စိုက်ဖို့ သတိမရမိပါဘူး။ ဆိုင်တွေမှာ ပန်းအိုးတွေ တွေ့တော့လည်း စိတ်မ၀င်စားမိဘူး။ အခု ကိုယ်တိုင်ငှားနေတဲ့အိမ်မှာတော့ အေးအေးဆေးဆေး အပင်လေးတွေ စိုက်လို့ရတာရယ်၊ ကိုဇနိက သစ်ပင်လေးတွေစိုက်ရင် စိတ်ပျော်တယ်ဆိုတာရယ်နဲ့ စိတ်ထဲမှာ အပင်စိုက်ချင်တယ်ဆိုတဲ့အတွေး ရောက်လာခဲ့တယ်။ အဲလိုတွေးတတ်လာတာနဲ့ ကျောင်းသွားရင် မျက်လုံးပွင့်ပြီး သွားချင်လာတယ်။ ဟိုငေးဒီးငေးလေးတွေ လုပ်တတ်လာတယ်။ အိမ်နဲ့ကျောင်းကို စက်ဘီးတောင် မစီးချင်တော့ဘူး။ လမ်းလျှောက်ရင် အပင်တွေငေးသွားရင် ဘယ်လိုရောက်သွားမှန်းတောင် မသိအောင် ဖြစ်လာတယ်။

ပန်းအိုးတွေ ဈေးဘယ်လောက်ပေးရတယ်၊ ဘယ်မှာဝယ်ရတာလဲဆိုတာကို အမတယောက်ကို ဖုန်းဆက်မေးလိုက်တော့ သူ့စိုက်ခင်းလေးကိုပါ ဓါတ်ပုံပို့ပေးတယ်။ မျိုးစေ့လေးတွေပါ ၀ယ်လို့ရတဲ့အတွက် အဆင်ပြေသွားပါတယ်။ အခုတော့ ပိစိညှောင့်အပင်လေးတွေကို နေ့တိုင်းအရိပ်တကြည့်ကြည့်နေရတာ ပျော်စရာလို့ သတ်မှတ်လာတယ်။ အိမ်တိုင်းလည်း ပန်းပင်လေးတွေ တော်တော်များများစိုက်ကြတယ်။ လမ်းဘေးတွေမှာလည်း စိုက်ကြတယ်။ မြေကြီးထုပ်လေးတွေကလည်း ယန်း ၁၀၀ ပဲပေးရပါတယ်။ မြေသြဇာပါပြီးသားဆိုတော့ ငယ်ငယ်တုန်းကလို အပင်ပေါက်ပါ့မလားလို့ မစိုးရိမ်ရတော့ပါဘူး။ ရက်လည်းမကြာဘဲ အပင်တွေကလည်း ဖွင့်ဖြိုးလှပါတယ်။ အခုမှအပင်ပေါက်လေးတွေကို ကျွန်မက အတော်သံယောဇဉ်တွယ်နေပြီဆိုတော့ အဖေ၊အမေတို့လို နှစ်ရှည်လများ ပြုစုပျိုးထောင်လာတဲ့ မိဘတွေဆိုရင် ဘယ်လောက်သံယောဇဉ်ခိုင်မာမလဲဆိုတာ တွေးကြည့်မိနေတယ်။ သူတို့ပြုစုခဲ့တဲ့အပင်လေးတွေ သူတို့မျက်စိရှေ့ရှိမနေဘူးဆိုရင် အရာရာအတွက် စိတ်ပူနေမလား၊ လွမ်းဆွတ်နေမလား၊ ဒါမှမဟုတ် သူတို့ပြုစုခဲ့တာလေးတွေ ရှင်သန်လာလို့ ဂုဏ်ယူနေမလားဆိုတာ စိတ်မှန်းဖြင့် တွေးတောနေမိပါတော့တယ်။

မဇနိ

Read more...

မြန်မာပြည်တွင် ဆေးစစ်ခြင်း နှင့် သွားဝေဒနာ

>> Monday, June 23, 2008



ငယ်ငယ်တုန်းက ကြားဖူးတာလေးရှိပါတယ်။ သွားနာ၊သွားကိုက်များဖြစ်ရင် သံယောဇဉ်တွယ်မနေရဘူး၊ ဆေးခန်းသွားရတယ်။ နှုတ်ပစ်ရတယ်တဲ့။ ကြားဖူးတာပဲရှိတာပါ။ ကိုယ်တိုင်က သွားနာရင် ဘယ်လိုခံစားရတယ်ဆိုတာ အရင်ကနားမလည်ခဲ့ဘူး။


တခြားနိုင်ငံကို ကျောင်းသွားတက်မယ်ဆိုတော့ ကျွန်မ ဆေးမစစ်မနေရ စစ်ရပါတယ်။ ဆေးရုံတွေကို ပြေးရတာလည်း မောလို့။ ပေးရတဲ့ပိုက်ဆံကလည်း နေရာတိုင်း။ ရွာသာကြီးတောင် သွားလိုက်ရသေးတယ်။ အခုတော့လည်း နေပြည်တော်မှာ တနေ့တည်းပြီးတယ်ဆိုလား။ အဲလိုဆိုရင်တော့ ကံကောင်းကြတယ်မှတ်ရမယ်။ ဟောက်ဆာဂျင်မတွေကလည်း နာမည်နဲ့လိုက်အောင် ငေါက်တတ်ကြတယ်။ အမေပြောသလို စကားကို သာသာယာယာပြောကြပါ “သာသာပြောလည်း ဒီစကား၊ နာနာပြောလည်း ဒီစကား”တဲ့။ အဲလိုပါပဲ။ OG သွားစစ်တဲ့နေ့က အဆိုးဆုံးပါ။ ဒီကုတင်ပေါ်တက်ခိုင်းတာကို “တက် မြန်မြန်တက်၊ ဒီဖက်က မတက်နဲ့ လူထိုင်နေတာ မမြင်ဘူးလား၊ သွား ဟိုဖက်က တက်”လို့ ငေါက်ပြောပါတယ်။ ဒါတောင် စကော်လာနဲ့ ကျောင်းသွားတက်မည့်သူတွေ သူတို့တောင်းသလောက် အလှူငွေထည့်ထားတာ သူတို့သိပါတယ်။ လူကြည့်လိုက်တော့ ကျွန်မတို့နဲ့ ရွယ်တူတွေပါ။ ဒုတိယနှစ်လောက်က ကျွန်မတို့ကျောင်း လာလည်ဖူးတဲ့ တနှစ်တည်း ဆယ်တန်းအောင်တွေပါ။ ကျွန်မတို့အမေတို့လို နယ်ကလာတဲ့ လူကြီးတွေဆို ဘယ်လိုများဆက်ဆံမလဲ တွေးသာကြည့်ပါတော့လေ။

သွေးစစ်တဲ့နေရာမှာ လိုက်လုပ်ပေးတဲ့သူဆိုပြီး ပိုက်ဆံတောင်းတော့ ပေးလိုက်ရတာပါပဲ။ နောက်တစ်ယောက်က သူနဲ့လည်း ဆိုင်တယ်တဲ့။ result မြန်မြန်လိုချင်ရင် သူ့ကိုလည်း ပေးရမယ်တဲ့။ ဓါတ်မှန်ခန်းဝင်မယ်လုပ်တော့ သူတို့က မှာသေးတယ်။ ဖလင်ဆေးတဲ့လူက ပိုက်ဆံတောင်းရင် မပေးနဲ့ မြန်မြန်ထွက်ခဲ့ဆိုလို့ အဲဒီကုလားကို သစ်စိမ်းချိုး ချိုးခဲ့ရသေးတယ်။ သူငယ်ချင်းတွေတော့ ၁ ပတ် ၁၀ ရက် ဆေးစစ်ရတယ်ပြောပါတယ်။ ကျွန်မကတော့ စိတ်က မြန်တဲ့သူ မြန်မြန်ပြီးချင်တာနဲ့ ၃ ရက်နဲ့ အပြီးသွားတော့ ပင်ပန်းခဲ့ပါတယ်။ အတူလိုက်စစ်တဲ့ ညီမတစ်ယောက်ကတော့ ၁ ရက် ပြီး ဖျားတော့တာပဲ။ သူလည်း ကျွန်မလောတိုင်း လိုက်လောရတာ ပင်ပန်းတယ်နဲ့ တူပါတယ်။

စစချင်းနေ့မှာ သွေးစစ်၊ ECG ၀င်၊ သွား အဲဒီ ၃ ခု ဆက်တိုက်သွားပါတယ်။ နေ့လည် ၁၂ မထိုးခင် ၁၀ မိနစ်လောက်ကို ကျောက်ကပ်ဆီပြေးရပါတယ်။ ဒါနဲ့ တရက်ကုန်သွားပါတယ်။ တချို့ ဌာနက အချိန်ကန့်သတ်ပါတယ်။ တချို့ ဌာနက နေ့သတ်မှတ်ထားတယ်။ နောက်တရက်မှာ အရေပြား၊ ဦးနှောက်အာရုံကြောပြေးရပါတယ်။ နေလည် ၁၁ နာရီဝန်းကျင်မှာ အမျိုးသမီးဆေးရုံကို အပြေးသွားရပြန်ပါတယ်။ အမျိုးသမီးဆေးရုံမှာလည်း အထုထောင်းခံရပါတယ်။ သူငယ်ချင်းတွေ ဆေးစစ်တုန်းကတော့ အမျိုးသမီးဆေးရုံက ပြန်လာတဲ့နေ့ဆို မျက်နှာမကောင်းပါဘူး။ ဘာဖြစ်တာလဲ မေးလို့လည်း မရပါဘူး။ နောက်တနေ့မနက်မှာ မျက်စိ၊ နား၊ နှာခေါင်းကို အစောကြီးသွားရတယ်။ အဲဒီက မြန်ပါတယ်။ ပြီးတာနဲ့ ရွာသာကြီးကို သွားရတယ်။ လိုင်းကားနဲ့သွားရင် မှီမှာမဟုတ်တဲ့အတွက် တက္ကစီငှားရပါတယ်။ မိန်းကလေး၂ ယောက်တည်း သွားရမှာ ကြောက်တာနဲ့ သူငယ်ချင်းကို တနေကုန်ခေါ်သွားပြီး နှိပ်စက်ရသေးတယ်။ သူငယ်ချင်းပါတာလည်း ကောင်းပါတယ်။ ရောက်ရောက်ချင်း သူတို့ကို လက်ဖက်ရည်တိုက်ချိန်ဆိုတော့ သူတို့လမ်းတန်းတန်း မသွားဘဲ ကျွန်မတို့ဆီလာပြီး သူ့လာတွေ့တာလားလို့ မျက်လုံးကြီး ပြူးမေးလို့ သူငယ်ချင်းက အသံခပ်မာမာနဲ့ပြောခဲ့ရသေးတယ်။ တချို့လည်း သနားစရာမျက်လုံးတွေကို တွေ့ခဲ့ရတယ်။ ဆေးရုံအုပ်ကြီးက မိတ်ဆွေတယောက်နဲ့ အလာပ သလာပ စကားတွေပြောနေတာကို ၄ နာရီလောက် စောင့်ခဲ့ရပါတယ်။

လိုတာတွေ မနက်ခင်းမှာ စစ်ပြီးတော့ ညနေပိုင်းမှာ သွားဆေးခန်းကို ၃ ခါသွားရပါတယ်။ ငယ်ငယ်ကရှိတဲ့ သွားပိုးပေါက်ပိစိက ဘယ်တုန်းကမှ မနာ၊ မကိုက်ပါဘူး။ အဲဒါကို ခြစ်၊ ချဲ့လုပ်ရပါတယ်။ အငေါက်လည်း ခံရပါတယ်။ အသားလည်း နာ၊ အငေါက်လည်း ခံ၊ ပိုက်ဆံလည်း ၄ သောင်းကျော်ပေးရပါတယ်။ သွားဖာပေးလိုက်တာပါ။ အဲဒါတွေ လုပ်ပြီးမှာ နောက်နေ့မှာ ဆေးရုံက လက်မှတ်ရနိုင်တာဆိုတော့ မလုပ်လို့မဖြစ်ပါဘူး။ လက်မှတ်က အရေးကြီးနေတဲ့ အချိန်ဆိုတော့ သူပြုသမျှနုခဲ့ရပါတယ်။ အမတယောက် နိုင်ငံခြားသွားတော့လည်း အဲဒီဆရာလုပ်ပေးလိုက်တာ အကြောထိပြီး အခု နှုတ်ခမ်းမှာ တခုခုဆို မသိတော့ဘူတဲ့။

ကျွန်မသွားဖာပေးလိုက်တာကတော့ ဒီရောက်ပြီး ၂ လလောက်အကြာမှာ ကျွတ်ထွက်သွားပြီး အခေါင်းပေါက်အကျယ်ပဲ ကျန်တော့ပါတယ်။ ဆေးခန်းလည်း မပြရဲပါဘူး။ နိုင်ငံခြားမှာ ဈေးအရမ်းကြီးတယ်လို့ ကြားဖူးတော့ ဆေးခန်းပြဖို့ စိတ်မကူးတော့ဘူး။ ဒီတိုင်းနေရာကနေ တနေ့ကျတော့ ဘယ်လိုမှ မနေနိုင်အောင် နားထင်ကြောတွေပါ ကိုက်လာပါတယ်။ လူကလည်း အားတွေနည်းပြီး ခြေလှမ်းလှမ်းဖို့ကို မနည်းအားယူနေရပါတယ်။ မဖြစ်တော့ဘူးဆိုပြီး health insurance လည်း ရှိတာနဲ့ သွားလိုက်တော့တယ်။ ဆရာက ၆ ခါလာရမယ်ဆိုတော့ ကျောင်းပြန်ဖွင့်တော့မှာမို့ မြန်မြန်ပျောက်ချင်ပါတယ်ဆိုတော့ ၄ ခါနဲ့ သဘောတူခဲ့တယ်။ အပတ်စဉ် သွားခြစ်တယ်။ ဆေးထည့်တယ်။ treatment ပေးတယ်။ အင်မတန် စိတ်ရှည် ညင်သာတဲ့ ဆရာဝန်ကြီးပါ။ သွားခြစ်တော့လည်း မြန်မာမှာ သွေးတွေထွက်တယ်။ တံတွေးထွေးချင်ရင် အငေါက်ခံပြီးမှ ထွေးရတယ်။ ဒီမှာတော့ သူ့အလိုလိုစက်နဲ့ခြစ်ရင်း အညစ်အကြေးတွေပါ စုပ်သွားတာ။ ဘာမှတောင် မမြင်မသိရပါဘူး။ ဒါတောင် နည်းနည်းနာရင် ငိုချင်လာတော့ ဘေးက အကူနာ့စ်က နာလား၊ နာလား လို့ အမြဲမေးပေးနေပါတယ်။

ပြောချင်တာက ဆေးကုလည်း ဈေးသိပ်မကြီးပါဘူးဆိုတာပါ။ ၄ ခါသွားပြပြီး သွားဖာပေးလိုက်တာကို ယန် ၂၁၀၀၀ ကျပါတယ်။ အဲဒါကို ကျန်းမာရေးကဒ်ရှိတော့ ၃၅%လျော့လိုက်တော့ ဆေးခန်းမှာ ယန်း ၇၃၅၀ပေးရပါတယ်။ ကျောင်းရောက်တော့ ကျောင်းသားရေးရာကို သွားပြောတော့ ဆရာဝန်ဘောင်ချာကို မိတ္တူကူယူပြီး ၃၅% ထပ်ပြီး ဘဏ်မှာထည့်ပေးပါတယ်။ ယန်း ၂၅၇၃ ကို ၂ ပတ်လောက်အကြာမှာ ရပါတယ်။ ကျွန်မကျသင့်ငွေက ယန်း ၅၀၀၀ ကျော်ဆိုတော့ မြန်မာငွေ ၅ သောင်းလောက် ကုန်ပါတယ်။ အစစ အရာရာဈေးကွာလှတဲ့ ဒီနိုင်ငံမှာ သွားဆေးခန်းပြတာ အတော်သက်သာပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ခင်တဲ့သူများ နေမကောင်းလည်း ဆေးခန်းသွားခိုင်းတယ်။ သွားမကောင်းရင် သွားဆေးခန်းသွားလို့ ကျွန်မတော့ ပြောမိနေတော့တယ်။ သွားနာတဲ့ဝေဒနာကိုခံစားဖူးတော့ သွားဆေးခန်းကို အမြန်သွားတာ အကောင်းဆုံးလို့ မြင်မိနေတာပါ။ ဒီနေ့ ပိုက်ဆံသွားထုတ်တော့ အကောင့်ထဲမှာ အရင်လက တင်ထားတဲ့ ယန်း ၂ ထောင်ကျောင်ဝင်နေလို့ သတိရပြီး ပြောပြလိုက်ပါတယ်။

မဇနိ

Read more...

Million scarlet roses

>> Saturday, June 21, 2008



ဒီနေ့တော့ ရုရှားသီချင်းတပုဒ်ကို ဘလောဂ်မှာ တင်ပါ့မယ်။ နားထောင်ကြည့်စေချင်ပါတယ်။ အဲဒီသီချင်းကို ဂျပန်ဘာသာနဲ့လည်း ဆိုထားတာရှိပါတယ်။ သီချင်းလေးက နားဝင်ချိုပါတယ်။ မဇနိ ဂျပန်စာသင်တုန်းက အဲဒီသီချင်းလေးကို ကျောင်းမှာ သင်ခန်းစာအနေနဲ့ နားထောင်ရတယ်ဆိုတော့ ကျနော် အံ့သြသွားပါတယ်။ ကျနော် ရုရှားစာသင်တုန်းကလည်း အဲဒီသီချင်းလေးကို ဖွင့်ပြီး နောက်က လိုက်ဆိုရလို့ပါ။ ရုရှားစကားသင်ပေးခဲ့တဲ့ ပထမဆုံးဆရာမကြီး Елена Александровна Романова ကိုလည်းလွမ်းမိပါတယ်။


သီချင်းကို မြန်မာလို ဘာသာမပြန်တော့ပါဘူး။ အင်္ဂလိပ်လို ဘာသာပြန်ထားတာကိုပဲ ဖတ်ပြီးခံစားစေချင်ပါတယ်။

Million scarlet roses

Once upon a time there was an artist.
He had a cottage and canvasses.
But He loved an actress.
You, who loved flowers.
Therefore he sold his house,
Sold paintings and shelter.
And with all the money he bought
An entire sea of flowers.

Million, million, million scarlet roses
From the window, from the window, from the window you see,
Who is in love, in love, in love and serious.
Would turn his life into flowers for you.

In the morning you stand by the window,
Perhaps you've gone insane?
Like the continuation of a dream,
The square is full of flowers.
Your heart goes cold.

Why these miraculous riches?
But beneath the window, barely breathing.
Stands the poor artist.

A million, million, million scarlet roses
from the window, from the window, from the window you see,
Who is in love, in love, in love and serious,
Would turn his life into flowers for you.

The meeting was short,
That night her train left,
But in her life there was
A crazy song of roses.
The artist lived out his life alone,
He went through many tragedies,
But in his life there had been
A whole square full of flowers!

A million, million, million scarlet roses
from the window, from the window, from the window you see,
Who is in love, in love, in love and serious,
Would turn his life into flowers for you.

Million scarlet roses.mp3 - Alla Pugacheva

ရုရှားသီချင်းစာသားဖတ်ချင်တဲ့သူတွေ အတွက်လည်း ရုရှားလို စာသားတင်ပေးလိုက်ပါတယ်။

«Миллион алых роз»

Жил-был художник один,
Домик имел и холсты.
Но он актрису любил,
Ту, что любила цветы.
Он тогда продал свой дом,
Продал картины и кров
И на все деньги купил
Целое море цветов.

Миллион, миллион,
Миллион алых роз
Из окна, из окна,
Из окна видишь ты.
Кто влюблен, кто влюблен,
Кто влюблен, и всерьез,
Свою жизнь для тебя
Превратит в цветы.

Утром ты встанешь у окна,
Может, сошла ты с ума, -
Как продолжение сна,
Площадь цветами полна.
Похолодеет душа:
Что за богач здесь чудит?
А под окном, чуть дыша,
Бедный художник стоит.

Миллион, миллион,
Миллион алых роз
Из окна, из окна,
Из окна видишь ты.
Кто влюблен, кто влюблен,
Кто влюблен и всерьез,
Свою жизнь для тебя
Превратит в цветы.

Встреча была коротка,
В ночь ее поезд увез,
Но в ее жизни была
Песня безумия роз.
Прожил художник один,
Много он бед перенес,
Но в его жизни была
Целая площадь цветов.

Миллион, миллион,
Миллион алых роз
Из окна, из окна,
Из окна видишь ты.
Кто влюблен, кто влюблен,
Кто влюблен и всерьез,
Свою жизнь для тебя
Превратит в цветы



ဂျပန်လိုလည်း နားထောင်နိုင်ပါတယ်။ ဂျပန်လို စာသားတွေလည်းတင်ပေးပါတယ်။
Million_scarlet _roses(japan rmx) -

ひゃくまんぼんの ばら

ちいさい いえと きゃそばす ほかにわ なにも ない
chiisai ieto kyasobasu hokaniwa nanimo nai
まずしい えかきが じょゆうに こいをした
mazushii ekakiga jyoyuuni koiwoshita

だいすきな あのひとに ばらの はなを あげたい
daisukina anohitoni barano hanawo agetai
あるひ まちじゅうの ばらを かいました
aruhi machijyuuno barawo kaimashita

  * ひゃくまんばんの ばらの はなを
hyakumanbanno barano hanawo
    あなたに あなたに あなたに あげる
anatani anatani anatani ageru

    まどから まどから みえる ひろばを
madokara madokara mieru hirobawo
    まっかな ばらで うめつくして
makkana barade umetsukushite


ある あさ かのじょは まっかな ばらの うみを みて
aru asa kanojyo wa makkana barano umiwo mite
どこかの おかねもちが ふざけたのだと おもった
dokokano okanemochiga fuzaketanodato omotta
ちいさな いえと きゃそばす すべてを うって ばらの はな
chiisana ieto kyasobasu subetewo utta barano hana

かった まずしい えかきは まどの したで かのじょ を みてた
katta mazushii ekaki wa madono shitade kanojyo wo miteta

    ひゃくまんばんの ばらの はなを
hyakumanbanno barano hanawo

    あなたに あにたに あなたに あげる
anatani anatani anatani ageru

    まどから まどから みえる ひろばは
madokara madokara mieru hirobawa
    まっかな まっかな ばらの うみ
makkana makkana barano umi


であいは それで あわり じょゆうは べつの まちへ
deai wa sorede awari jyoyuu wa betsuno machihe
まっかな ばらの うみは はなやかな かのじょの じんせい
makkana barano umi wa hanayakana kanojyono jinsei
まずしい えかきは こどくな ひびを おくった
mazushii ekaki wa kodokuna hibiwo okutta
けれど ばらの おもいでは こころに きえなかった
keredo barano omoidewa kokoroni kienakatta

* ひゃくまんばんの ばらの はなを
hyakumanbanno barano hanawo
    あなたに あなたに あなたに あげる
anatani anatani anatani ageru

    まどから まどから みえる ひろばを
madokara madokara mieru hirobawo
    まっかな ばらで うめつくして
makkana barade umetsukushite


Youtube မှာလည်းရှာတွေ့လို့ ဗွီဒီယိုဖိုင်တင်လိုက်ပါတယ်...



ကျေးဇူးတင်ပါတယ်။

Read more...

နာမည်ပေး၊ ကင်ပွန်းတပ်

>> Friday, June 20, 2008

ကိုဇနိပို့စ်လေးဖတ်ရင်းနဲ့ ကျွန်တော်ဆက်ပြီး ကင်ပွန်းတပ်လိုက်ပါတယ်။

လူ့ဘဝ၏အစမှာ မွေးဖွားခြင်းဟုဆိုလျင် ထိုအစနှင့်ဆက်စပ်နေသော နောက်ဆက်တွဲမှာ မွေးလာသည့်ကလေးကို နာမည်ပေး ကင်ပွန်းတပ်ဖို့ပင်။ သာမန်အားဖြင့် ကလေးငယ်တစ်ယောက်ကို အမည်နာမတစ်ခုပေးလိုက်လျင်၊ ထိုအမည်မှာ ကလေးအဖို့ တစ်သက်လုံးပါသွားပေတော့မည်။ တချို့ကတော့ အခြေအနေအကြောင်းကြောင်းကြောင့် ကြီးလာမှနာမည်ပြောင်းကြသည်။ ငယ်ငယ်က ဘုန်းကြီးက ဗေဒင်ကိန်းခန်းအရ ”မတုတ်“ လို့ပေးထားခဲ့ပေမယ့် အရွယ်ရောက်တော့ ကိုယ့်အတွေးနှင့်ကိုယ် နာမည်လှလှလေးရွေးကာ ”စန္ဒီတုတ်တုတ်” တို့ ”ဟန်နီတုတ်တုတ်” တို့ ဖြစ်ကုန်ကြသည်။ ထားတော့၊ ထိုထိုသောလူများမှာ အရေအတွက်အားဖြင့် အလွန်အင်မတန်နည်းပါသည်။ တချို့မှာလည်း မိဘကနာမည်ကောင်းကောင်းပေးထားပါလျက် အရပ်ထဲက ချစ်စနိုးဖြင့်ခေါ်သော နာမည်မျိုးက ပိုတွင်သွားတတ်သည်။ ”ကျွန်တော့်ကျောင်းနာမည်ကတော့ ပိုင်ဇေရဲထွန်းပါ၊ အရပ်ထဲမှာတော့ ငထွားလို့ခေါ်ကြပါတယ်” ဆိုလျင်လည်း သိပ်မဟုတ်သေး။


နာမည်ပေး၊ ကင်ပွန်းတပ်ရာတွင် အစွဲလေးတွေကလဲရှိတတ်သေးသည်။ ဘာစွဲ၊ညာစွဲစသည်ဖြင့် လူ့သဘာဝ မြင်မြင်ကရာစွဲတတ်ကြသည်။ အရပ်ဒေသကို အစွဲပြုခေါ်ဝေါ်သော အမည်နာမများလဲရှိသေးသည်။ အဖေက တံတားဦးမှာ လေယာဉ်ကွင်းပရော့ဂျက်နဲ့ ရောက်နေတုန်း သမီလေးမွေးတော့ ဒေသစွဲလေးနဲ့ နာမည်လေးပေးလိုက်တယ်၊ ”ကွမ်းနုဝါ”တဲ့။ မကွေးကိုပြောင်းရတော့ သားလေးထပ်မွေးတယ်၊ ”ဖန်ခါးမောင်”တဲ့။ ဂွမြို့တို့၊ ပေါင်မြို့တို့လိုမြို့တွေကို အဖေတာဝန်မကျလို့သာ၊ သူ့သားသမီးတွေသက်သာသွားသည်။ မဟုတ်လို့ကတော့ ”ဂွတို”တို့၊ ”ပေါင်ချိန်”တို့လိုနာမည်တွေ ပေါ်လာနိုင်သေးသည်။

အချို့အချို့သောအမေများကတော့ ရုပ်ရှင်အလွန်ကြိုက်သဖြင့် ကိုယ့်သားသမီးကို မင်းသား၊ မင်းသမီးနာမည်လေးတွေ ပေးကြသည်။ ”ရန်အောင်”ဟုပဲ ဆိုကြပါစို့။ ခွေးချစ်တတ်သူကလဲ သူ့ခွေးကို ချစ်စနိုးဖြင့် ”ရန်အောင်”ဟုခေါ်သည်။ ”ရန်အောင်ရေ” ဟုခေါ်လျင် ကလေးကလဲ ”ခင်ဗျာ”၊ ခွေးကလဲ ”ဝုတ်ဝုတ်”နှင့် ကလေးနှင့်ခွေးကြား ဇာတ်ရှုပ်ကုန်ကြတော့သည်။ ကိုယ်မပိုင်သည့် အမည်နာမဇာတ်ရှုပ်ကြီးပင်မဟုတ်တုံလော။ တချို့မိဘများကတော့ သားသမီးနာမည်များနောက်တွင် မိမိနာမည်ပါမှကြိုက်သည်။ ကိုဇနိပြောသလိုပင် အဖေနာမည် ”ဦးတောက်ကျော်”၊ အမေနာမည် ”ဒေါ်စိမ်းမြ”၊ သမီးနာမည်ကြတော့ ”စိမ်းမြမြတောက်တောက်ကျော်”၊ ဘယ်လောက်များလှလိုက်သည့်နာမည်နည်း။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကျွန်တော်တို့နှင့်အတူ ဒွန်တွဲကပ်ပါလျက်၊ သေလျင်တောင် အခေါင်းမှာရေးပေးရသည်မှာ အမည်နာမများပင်ဖြစ်သည်။

စာရေးဆရာ၊ အဆိုတော်၊ သရုပ်ဆောင်စသည့် အနုပညာရှင်များကတော့ ဒုတိယနာမည်ဟုခေါ်ဆိုနိုင်သော ကလောင်နာမည်လေးတွေပေးကြသည်။ လှမှလှ၊ ရွမှရွ။ တချို့ကလည်း ဗေဒင်ဆရာပေါင်းများစွာ၏အကူအညီဖြင့်၊ ခဏတွင်း အောင်မြင်နိုင်သည့် ကလောင်မျိုးကိုရှာကြသည်။ နာမည်ပေးအထူးဟောသည့်ဗေဒင်ဆရာကြီးများပင်ရှိသည်ဟုကြားဖူးပါသည်။ ဥာဏ်ပူဇော်ခမှာတော့ နည်းသည်၊များသည်မရှိ။ တောင်းသလောက်ပေးရသည်။ (စေတနာရှိသလောက် ကန်တော့ခိုင်းချင်းမဟုတ်ပါ) ဘာပွတ်ညာပွတ်နဲ့ပေးထားတာဆိုတာတွေကရှိသေးသည်။ ဗူးညွန့်၊ ဖရုံညွန့်စသည်ဖြင့် အညွန့်ပေါင်းများစွာဖြင့် မှည့်ခေါ်ကြသည်ကတစ်ဖုံ၊ မခက်တုံလော။ တချို့က နာမည်လှသလို အနုပညာဘဝလှသည်။ တချို့ကြလဲ နာမည်ပေး၊ ကင်ပွန်းတပ်သည့်ဆရာသာပြောင်းသွားသည်၊ ကိုယ်ရုပ်ရှင်မင်းသား (သို့) မင်းသမီးပါဆိုတာကို ကိုယ့်အရပ်ထဲကတောင် စုံအောင်မသိလှ။ ဒါမျိုးတွေလဲကြုံကြိုက်တတ်သည်။

ဟော ဒီခေတ်ကြီးထဲရောက်ပြန်တော့ online nick လေးတွေက ခေတ်စားလာခဲ့ကြပြန်ပြီ။ online မှာလဲ အပျင်းပြေစကားလေးကပြောချင်၊ နာမည်အရင်းကြီးနဲ့ပြောလို့ကလဲမဖြစ်။ အဲဒီတော့ nick name လေးတွေသုံးကြပြီပေါ့။ လူ့သဘာဝ အလှကြိုက်သည်မှာ nick name တောင်ချမ်းသာမပေး၊ လှလှလေးမှ သုံးချင်ကြသည်။ online မှာဆိုတော့ ရွာဦးကျောင်းဆရာတော်လဲမလို၊ နာမည်ပေးဆရာကြီးတွေလဲလာရှုပ်လို့မရ၊ မိမိသဘောကျ ပေးချင်ရာပေးကြပေတော့။ ကင်ပွန်းတတ်ဆိုပြီး မုန့်ကျွေးဖို့မလို၊ သတင်းစာထဲလဲမထည့်ရ။ ဘယ်လောက်များ အဆင်လှလိုက်လဲ။ လူကိုမမြင်ဘူးကြတော့လဲ နာမည်လေးလှလျင် လူလဲလှမှာပဲဟု အတွေးရောက်တတ်ကြတာကိုး။ ရွာမှ “မိအေး“ တို့လဲ အွန်လိုင်းပေါ်ရောက်တော့ “cool_lady“ ဖြစ်လာသည်။ popular ဖြစ်သည့်နာမည်ဆိုလျင်တော့ အတော်ဒုက္ခရောက်သည်။ သူငယ်ချင်းတစ်ယောက်က Tom Cruise ကိုအတော်ကြိုက်သည်။ ထို့ကြောင့် သူ့ nick name ကိုရွေးတော့ Tom Cruise နာမည်ကိုရွေးသည်။ သို့သော် အွန်လိုင်းမှာက Tom Cruise တွေမှိုလိုပေါက်နေသည်။ tom_cruise လို့ပေးလို့လဲမရ၊ tom_cruise2007 ကြတော့လဲ not available တဲ့။ စိတ်ရှည်လက်ရှည်ရွေးရင်း နောက်ဆုံးတော့ Tom Cruise နောက်က ဂဏန်းလေးငါးလုံးလောက်ထည့်လိုက်မှ အဆင်ပြေသွားသည်။ သူငယ်ချင်းက အဲဒီမင်းသားနာမည်သာ ပေးထားတာ၊ ရုပ်ကတော့ လက်ဝှေ့သမား Mike Tyson ရုပ်။ ရောမခေတ်က hero တွေ၊ သမိုင်းကသူရဲကောင်းတွေလဲ online ပေါ်မှာ တစ်စခန်းထလာကြသည်။ Minos, Odysseus, Poseidon, Loki, Odin စသည်ဖြင့်စုံလင်လှသည်။ လူကသာဖလံညောင်၊ ဂိမ်းထဲမှာ nick name ပေးထားတာက Poseidon တဲ့။
ကျွန်တော်လဲ သားလေး ဒါမှမဟုတ် သမီးလေးရလာလျင်တော့ စိမ်းမြမြတောက်တောက်ကျော်ထက်သာသည့်၊ ကွန့်သည်နာမည်မျိုး ပေးဖို့စဉ်းစားရဦးမည်။

Read more...

အမည်နာမခေါ်တွင်ကြပုံတွေ…

>> Thursday, June 19, 2008


WeSheMe မှာ သားလေးနာမည်ပေးတဲ့အကြောင်းဖတ်ရပါတယ်။ သားသမီးအတွက် နာမည်ကို အသေအချာ စဉ်းစားတွက်ချက်လုပ်ကိုင်ပြီးမှပေးတဲ့ ကိုအန်ဒီတို့ကိုလည်း လေးစားမိပါတယ်။ အဲဒီကနေပြီးတော့ နာမည်တွေအကြောင်း ကျနော်လက်လှမ်းမီသလောက် ပြောပြချင်စိတ်ပေါ်လာပါတယ်။ ကျနော့်အကိုမှာလည်း သားလေးတစ်ယောက်မွေးတော့ နာမည်ကောင်းကောင်းလေး စဉ်းစားပေးပါဦးလို့ ပြောတော့ ဘာဗေဒင်ပညာမှမတတ်ကြတဲ့ ကျနော်ရယ် မဇနိရယ် နေ့နံ့လည်းသင့်၊ အဓိပ္ပါယ်လေးလည်းကောင်း၊ လှလည်းလှမယ့် နာမည် ၄၊ ၅ ခုလောက်ပေးခဲ့ပေမယ့် အကိုက အတည်မယူပါဘူး။ နောက်ဆုံး ဆရာသမားတစ်ယောက်ပေးတဲ့နာမည်ပဲ အတည်ဖြစ်သွားကြပါတယ်။


ကျနော်အခုနေတဲ့ရုရှားမှာဆိုရင် ရုရှားလူတစ်ယောက်မှာ နာမည်သုံးလုံးရှိပါတယ်။ ပထမ ကိုယ်ပိုင်နာမည်၊ ဒုတိယ အဖေ့နာမည်၊ တတိယ မျိုးရိုးနာမည်ပါ။ သုံးခုပေါင်းမှ နာမည်တခု ပြည့်စုံတာပါ။ မြန်မာမှာလို နာမည်တွေ ရှည်ချင်သလောက်ရှည်အောင်၊ တိုချင်သလိုတိုအောင် စိတ်ရှိသလိုမှည့်ချင်လို့ရပါဘူး။ ကျနော်တို့ မြန်မာတွေက နာမည်ပေးရတာ အတော့်ကို လွတ်လပ်တယ်ထင်ပါတယ်။ ဒီရုရှားမှာ လူတစ်ယောက်ကို သူ့ရဲ့ခင်မင်တဲ့သူတွေ၊ ရွယ်တူတွေ၊ အကြီးတွေက သူ့နာမည်ခေါ်တော့မယ်ဆိုရင် သူ့ကိုယ်ပိုင်နာမည်ကို ခေါ်ကြတာပါပဲ။ ခင်ခင်မင်မင်ခေါ်တယ်ဆိုရင်တော့ သူတို့နာမည်တွေရဲ့ ချစ်စနိုးနာမည်တွေကိုခေါ်ပါတယ်။ ချစ်စနိုးနာမည်တွေကလည်း ဘယ်နာမည်ဆိုရင် ဘယ်လိုခေါ်ရတယ်ဆိုတာ ပုံသေရှိနေတတ်ကြပါတယ်။ ဥပမာပြောရရင် Alexander ဆိုရင် Sasha လို့ခေါ်ပါတယ်။ ပုံသေပါ၊ ဘယ် Alexander ကိုမဆို Sasha လို့ခေါ်ပါတယ်။ ဒီထက်ပိုပြီးချစ်စနိုးနဲ့အတိုခေါ်ချင်ရင် Sashaka ဆိုပြီး suffix – ka ကိုတပ်ခေါ်လိုက်တာပါပဲ။ အဲသလိုတွေတပ်ရင်းကနေပြီးတော့ ချစ်စနိုးအတိုခေါ်တဲ့နာမည်တွေက မူရင်းနာမည်ထက်လည်း ရှည်သွားတတ်ကြပါတယ်။ လူတစ်ယောက်ကို လေးလေးစားစားနဲ့ နာမည်ခေါ်ရမယ်ဆိုရင် သူ့ကိုယ်ပိုင်နာမည်ရယ်၊ ဒုတိယနာမည်ဖြစ်တဲ့ သူ့အဖေ့ရဲ့နာမည်ကိုပါ ၂ လုံးတွဲခေါ်ရပါတယ်။ ၂ လုံးတွဲမခေါ်ရင် လေးစားရာ မရောက်ပါဘူး။ အဲ ကျောင်းက ဌာနမှာ ဆရာတစ်ယောက်ကို သူရှိလား၊ မရှိလား စုံစမ်းချင်ရင်ကြတော့ family name ကို ပြောပြီးမေးလေ့ရှိပါတယ်။ လူကိုယ်တိုင်တွေ့ရင်တော့ family name ကြီးကိုမခေါ်ရပါဘူး။ သူတို့တွေရဲ့နာမည်ကို ဘယ်လိုပေးသလဲဆိုတော့ သူတို့မှာ နာမည်ပေးတဲ့စာအုပ်ရှိတယ်ဆိုလားပဲ။ အဲဒီထဲက နာမည်တွေကို သူတို့ကြိုက်တာ ယူကြတာပါတဲ့။ ကျနော်တို့က ဘယ်နေ့မွေးတယ်ဆိုတာသိတယ်၊ နေ့အလိုက်နာမည်တွေ မှည့်လေ့ရှိတယ်ပြောတော့ သူတို့ အံ့သြကြပါတယ်။ သူတို့တွေက ဘယ်နေ့မွေးတယ်ဆိုတာ မသိကြပါဘူး။ အဲ နေ့အလိုက် သူ့စရိုက်လေးတွေ ရှိတယ်ဆိုတာ ပြောတော့ ပိုအံ့သြကြပါတယ်။ ဥပမာ သောကြာသား စကားများဆိုတာမျိုးပေါ့။ ကျနော်သတိထားမိသလောက်တော့ ဒီမှာ နာမည်တူတွေ သိပ်များပါတယ်။ လူကြိုက်များတဲ့နာမည်တွေပဲ ဖြစ်မယ်ထင်ပါရဲ့။ ဥပမာ မိန်းကလေးနာမည်ဆိုရင် Natalia, Elena, Victoria တွေအလွန်ပေါပါတယ်။ ယောက်ကျားလေးနာမည်ဆိုရင်လည်း Alexander, Vladimir, Ivan လူကြိုက်များတယ်ထင်ပါရဲ့။ အတွေ့ရများပါတယ်။

ကျနော်တို့တွေ သူတို့ရုရှားတွေရဲ့နာမည်ခေါ်ရတာ အဆင်မပြေဖြစ်တတ်ကြပါတယ်။ နာမည်တွေက စိမ်းတာရယ်၊ အသံထွက်တွေက ခက်တာရယ်၊ ဒါ့အပြင် လေးလေးစားစားခေါ်ရမယ်ဆိုတော့ နာမည် ၂ လုံးတွဲခေါ်ရတာကိုး။ နာမည်တစ်ခုကို လူနှစ်ယောက်စာအတွက်ခေါ်ရသလိုပါပဲ။ ပင်ပန်းလှပါတယ်။ ကျနော့်ပထမဆုံး ရုရှားဘာသာစကားသင်ပေးတဲ့ ဆရာမကြီးပြောတာက သူနိုင်ငံခြားသားတွေကို စာသင်ရတော့မယ်ဆိုရင် နာမည်တွေကို အိမ်မှာကျက်ရပါသတဲ့။ ပြီးစလွယ်မခေါ်ချင်လို့ပါ။ တချို့ကလည်း ကျနော်တို့နာမည်တွေကို ဘယ်လိုအတိုခေါ်ရင်ရလဲ မေးတတ်ပါတယ်။ ကျနော်တို့ကလည်း သူတို့ဆရာတွေကို လူချင်းတွေ့ရင်တော့ နာမည်အပြည့်အစုံခေါ်တတ်ပေမယ့်၊ ကိုယ်အချင်းချင်းဆို မြန်မာလိုနာမည်တွေပေးထားတတ်ပါတယ်။ ဥပမာ ၀င်ဦးနဲ့ တူတဲ့ဆရာဆိုရင် ကိုဝင်းဦးလို့ပေးထားသလို၊ စာသင်ရင် ကျောက်ဒိုးလေးကိုင်ကိုင်သင်တတ်တဲ့ဆရာဆိုလည်း ကိုကျောက်ဒိုး လို့ခေါ်ပါတယ်။ မုတ်ဆိတ်တွေ ဗလပွနဲ့ဆရာကို မုတ်ဆိတ်ကြီးလို့နာမည်ပေးထားပါတယ်။ (စကားမစပ် အကျင့်ပါနေတာကတော့ ဂျပန်က မဇနိဆရာရဲ့မျက်နှာက လေးထောင့်စပ်စပ်မို့လို ဦးဆယ်ပြားလို့ ကျနော်က နာမည်ပေးထားပါသေးတယ်။) ဒီရုရှားမှာ ရီရတာတွေပြောပါဦးမယ်။ ကိုယ့်တိုင်ကြုံတာမဟုတ်ပါဘူး။ ကြားဖူးတာပါ။ ဒီမှာက ဆရာတွေက စာသင်ရင် သူ့စတိုင်နဲ့သူပါ။ Сегодня мы с вами (အသံထွက် အနီးစပ်ဆုံးရေးပြပါ့မယ် - စီဘို့ညာ မီးစဗားမီး) ဆိုပြီး လက်ချာကို စဖတ်တဲ့ဆရာကြီးတစ်ယောက် ရှိပါသတဲ့။ အဓိပ္ပါယ်က (ဒီနေ့ ဆရာနဲ့မင်းတို့တွေ …) ဘာသင်မှာ ညာသင်မှာပေါ့ အဲသလိုဆက်ပြောလေ့ရှိပါတယ်။ ဒီဆရာကြီးက အမြဲတမ်း ((စီဘို့ညာ မီးစဗားမီး)) လို့ပြောပြောနေတာဆိုတော့ အဲဒီဆရာကို မြန်မာလို((မီးစဗားမီး))လို့ နာမည်ပေးထားတာပေါ့။ ကျောင်းသားတစ်ယောက်က အဲဒီ((မီးစဗားမီး))ကို ဆရာ့ရဲ့ တကယ့်နာမည်လိုထင်နေပုံရပါတယ်။ တနေ့ သူက ဌာနမှာဆရာသွားရှာတော့ နာမည်ကို ((မီးစဗားမီး)) ဘယ်မှာရှိသလဲဗျာဆိုပြီး သွားမေးသတဲ။့ ဌာနက ဆရာတွေကလည်း အဲဒီနာမည်ကြီးကို ဘယ်သိပါ့မလဲ။ အဲသလိုတွေလည်း ကြုံရတတ်ပါတယ်။ နောက်တစ်ယောက်ရှိပါသေးတယ်။ ရုရှားဆရာကြီးတစ်ယောက်က မြန်မာက သရုပ်ဆောင်ကြီး ဦးဂျော်လီဆွေ နဲ့ အတော်တူပါသတဲ့။ ဒီတော့လည်း ဆရာလည်း မြန်မာပါးစပ်ဖျားမှာ ဂျော်လီဆွေ ဆိုပြီးနာမည်တွင်တော့တာပေါ့။ ဆရာက ကြာတော့ သတိထားမိတော့ ဂျော်လီဆွေဆိုတာ ဘယ်သူလဲလို့မေးတော့ ဆရာ့ကို မြန်မာက မင်းသားကြီးတစ်ယောက်နဲ့တူလို့ သူ့နာမည်ခေါ်တာပါဆိုတော့ သူလည်း အတော်ပျော်သွားသတဲ့။

ပြီးနောက် နာမည်တွေခေါ်တဲ့နေရာမှာ တစ်ပြဿနာက အသံတွေမပီကြတာပါ။ ကျနော်တို့က ရုရှားနာမည်တွေကို ခေါ်တဲ့အခါ အသံမပီပီသသ မထွက်နိုင်ကြတာရှိသလို၊ သူတို့ကလည်း မြန်မာသံကို အကုန်လုံးပီအောင် မခေါ်တတ်ကြပါဘူး။ ကြာလာတော့ ကိုယ့်မှာ နာမည် ၂ ခုပဲရှိလာသလိုလို ဖြစ်လာပါတယ်။ မြန်မာသံနဲ့ တမျိုး၊ ရုရှားသံနဲ့တမျိုး။ ကြာလာတော့ အကျင့်ပါလာတာက ရုရှားတွေနဲ့ မိတ်ဆက်ရင်တောင် ကိုယ့်နာမည်ကို မြန်မာအသံနဲ့ထွက်ပြီး ကျနော့်နာမည် ဘယ်သူပါလို့ မပြောတော့ဘဲ၊ သူတို့ထွက်လေ့ရှိတဲ့အသံအတိုင်း ရုရှားသံမြန်မာနာမည်ကို ပြောလေ့ရှိနေပါပြီ။

ကျနော်ကြားဖူးတဲ့ မြန်မာပြည်က အကြောင်းလေးတွေ ပြောပြပါဦးမယ်။ အိမ်တစ်အိမ်မှာ သားလေးတစ်ယောက်က ငယ်ငယ်က အတော်လိမ္မာသတဲ့။ ဒီတော့ အိမ်နားမှာ ကောင်လေးတစ်ယောက်မွေးလာတော့ အဖွားလုပ်သူက ဟိုကောင်လေးလို လိမ္မာအောင်၊ တော်အောင်ဆိုပြီး ဟို့ကောင်လေးနာမည်အတိုင်းပဲ သူ့မြေးကိုနာမည်ပေးသတဲ့။ နည်းနည်းကြီးလာတော့ စံနမူထားရတဲ့သူက တဖြည်းဖြည်းဆိုးလာ။ နာမည်ကြီးက ပေးပြီးသားဖြစ်နေ။ နည်းနည်းကြီးလာတော့ သူတို့နှစ်ယောက်တွေ့ရင် နာမည်တူ အကြီးလူက နာမည်တူအငယ်ကလေးကို မေးတတ်တယ်။ မင်း ဘာလို့ဒီနာမည် မှည့်တာလဲမေးရင် ခင်ဗျားလို တော်အောင်လို့ပေါ့ဗျ လို ရယ်ပြီးပြောပြီး ထွက်ပြေးသွားတတ်တယ်။ အဲသလိုပါ။ နောက်ကြုံဖူးတာကတော့ ကောင်မလေးတစ်ယောက်ပါ။ ဗေဒင်စာအုပ်တွေဖတ်ပြီး အဖေအမေပေးတဲ့ နာမည်ကိုမကြိုက်လို့ သူ့ဟာသူတွက်ချက်ပြီး၊ အိမ်ကလူကြီးတွေကို နာမည်အပြောင်းခိုင်းတာပါ။ လူကြီးတွေကလည်း သတင်းစာထဲထည့်ပြီး ပြောင်းပေးရပါသတဲ့။

နောက်ဆုံးနိဂုံးအနေနဲ့ ကြားဖူးတာလေး ပြောချင်ပါတယ်။ မြန်မာတွေ ကိုယ့်သားသမီးကို နာမည်ပေးရင် အဖေ့နာမည်ရော၊ အမေ့နာမည်ပါ ပါအောင်နာမည်ပေးချင်လေ့ရှိတယ်မဟုတ်လား။ ဒီတော့ ပဟေဠိတစ်ခုပေးမယ်၊ အဖြေညှိကြည့်ရအောင်။ ဦးတောက်ကျော်နဲ့ ဒေါ်စိမ်းမြရဲ့ သမီးကို အဖေရော အမေ့နာမည်ပါ ပါအောင် သူ့သမီးကို ဘယ်လိုနာမည်ပေးမယ်ထင်ပါသလဲ။ ဖြေကြည့်ပါ။ အောက်နားကစာကြောင်းကို မကြည့်ပါနဲ့ဦး။ ပြီးမှ ကိုယ်စိတ်ကူးပြီး ပေးထားတဲ့ နာမည်နဲ့ တူသလားတိုက်ကြည့်ပါ။
……
……
……
သမီးလေးနာမည်က စိမ်းမြမြတောက်တောက်ကျော် ပါတဲ့ဗျာ။

Read more...

ဂုဏ်ပြု မုန့်ဟင်းခါး

>> Wednesday, June 18, 2008


မနေ့ညက အိုးဝေမှာ ကေဖိုးနဲ့တွေ့တယ်။ သူက သူချက်ထားတာတွေကို သွားရည်ကျအောင် လာပြောတယ်လေ။ ပြီးတော့ တစ်ယောက်တစ်လှည့် စားချင်တဲ့၊ လွမ်းနေတဲ့ မြန်မာ အစားအသောက်တွေကို ထိုင်ပြောကြတော့တာပါပဲ။ လှည်းတန်းက ကြာဇံချက်၊ မင်းလမ်းက ရခိုင်မုန့်တီ၊ YKKO က ကြေးအိုး၊ ရွှေရည်က မြန်မာမုန့်မျိုးစုံ၊ လှည်းကလေးနဲ့ ဒိန်ချဉ်၊ စုံလို့ပါပဲ။ အဲဒါတွေ မပြောခင်က အိုးဝေမှာ ၃ ယောက်ရှိနေတယ်။ နောက်တစ်ယောက် ဘယ်သူလဲ မသိဘူးဆိုပြီး မေးကြသေးတယ်။ ထွက်တော်မူမလာဘူး။ အစားအသောက် အသံကြားမှပဲ သွားရည်တွေကျပြီး ထွက်လာတော့တယ်။ ဘယ်သူများမှတ်နေ။ Blog ပိုင်ရှင်ကြီးပေါ့။


သူလဲ စားချင်တယ်တဲ့။ အဲဒါနဲ့ စစ်ကိုင်းသူလဲ ဘာရမလဲ ဒီနေ့ မုန့်ဟင်းခါးချက်စားမယ်လို့ သူသွားရည်ပိုကျအောင် ပြောပစ်လိုက်တာပေါ့။ ချက်စားမယ်ဆိုပြန်တော့လဲ တစ်ယောက်တည်း ချက်စားရတာ ပျင်းစရာကြီး၊ အဖော်ကလဲ မရှိ။ နောက်မှ သွားသတိရတယ်။ အိုးဝေက သူငယ်ချင်းတွေနဲ့စားမှာပေါ့လို့။ လာလည်တဲ့သူတွေကိုလဲ ကျွေးမယ်လေ။

အဲဒါနဲ့ပဲ ညက အဆောင်ပြန်ရောက်တော့ မုန့်ဟင်းခါး ချက်ကျွေးတာတော့ ဟုတ်ပါပြီ။ ဘာအထိမ်းအမှတ်နဲ့ ကျွေးရပါ့လို့ စဉ်းစားပြန်တော့၊ ကိုယ့်မွေးနေ့ကလဲ ပြီးသွားတာ ကြာပေါ့။ ဇနိမောင်နှံတို့လို အပြန်အလှန် မွေးနေ့ပွဲကျင်းပပေးစရာလူကလဲ မရှိဆိုတော့ကာ၊ ဘယ်လိုလုပ်ရပါ့ပေါ့။ အို မုန့်ကျွေးတာပဲ ဘာလို့ကျွေးကျွေး စားတဲ့သူက စားမှာပဲ သူတို့ကို ကျွေးခိုင်းတာမှ မဟုတ်တာ။ ဘယ်သူမှ အကြောင်းပြချက် တောင်းမနေပါဘူး။ မနက်ဖြန် ချက်ဖြစ်အောင်ချက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့ အခုတော့ ကံအားလျော်စွာပဲ မုန့်ဟင်းခါးကို ဘယ်အထိမ်းအမှတ်နဲ့ ကျွေးတယ်လို့ ပြောစရာ ရသွားပေါ့။ မနေ့ညက တီဗွီဖွင့်ကြည့်လိုက်တော့ Star Sport နဲ့ ESPN ပြန်ရနေတာ တွေ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကန်မဲ့အသင်းက အီတလီ ဖြစ်နေပါပေါ့လား။ စစ်ကိုင်းသူကလဲ အီတလီအသင်းဆို အရမ်းသဘောကျပဲ။ ၁၉၉၄ ကမ္ဘာ့ဖလားပွဲ ကတည်းကပေါ့။ အသင်းစွဲဆိုတာထက် လူကစ စွဲတာလို့ ပြောရမလားမသိဘူး။ ရောဘတ်တို ဘက်ဂီယိုဘောလုံးကန်တာကို အရမ်းသဘောကျတာနဲ့ အီတလီအသင်းကို အားပေးလာတာ အခုအချိန်ထိဆိုပါတော့။

ကြားဖြတ်ပြီး ၉၄ ကမ္ဘာ့ဖလားပွဲအကြောင်းနည်းနည်းပြောမယ်နော။ ကမ္ဘာ့ဖလားပွဲဆိုတာ အဲဒီနှစ်ကမှ စကြားဖူး၊ ကြည့်ဖူးတာပါ။ 555 က sponsor လို့ထင်တာပဲ။ ပွဲတိုင်းကိုတော့ မပြပါဘူး။ အဲဒီတော့ ဘောလုံးပွဲကို ဘယ်လိုကြည့်ရလဲဆိုတာ ပြောရဦးမယ်။ တီဗွီကလာတဲ့ပွဲတွေတော့ တစ်ဝန်းထဲနေတဲ့ ဦးလေးအိမ်မှာ ကြည့်လို့ရတယ်။ ကျန်တဲ့ပွဲတွေကျ ဘေးအိမ်က ဗွီဒီယိုရုံမှာ ကြည့်တယ်။ အဲဒီကို သွားကြည့်တာတော့ မဟုတ်ပါဘူး။ ဗွီဒီယိုရုံပိုင်ရှင်က ကြည့်တဲ့သူ အရမ်းများတော့ ရုံထဲမှာ မပြဘဲ အပြင်မှာ ထုတ်ပြပါတယ်။ အဲဒါကို စစ်ကိုင်းသူတို့ မောင်နှမတစ်တွေက ဒီဖက်ကနေ အဖေ့ကျူရှင်ခန်းထဲက ခုံတွေကိုထုတ် အဲဒီအပေါ်မှာ ကုလားထိုင်တင်ပြီး၊ ဝန်းထရံ ကျော်ကြည့်ကြတာပါ။

အီတလီပွဲကြည့်တိုင်း ခံစားရတဲ့ခံစားချက်ကို ပြောပြဦးမယ်။ ရင်ဘတ်ထဲ ဘင်ခရာတီးဝိုင်းကြီး ရောက်နေလားမှတ်ရ။ စိတ်ထဲမှာသာ အဲလိုဖြစ်နေတာ။ လူက တခြားပွဲတွေကြည့်သလို အသံလုံးဝမထွက်နိုင်ဘူး။ ဘုရားစာ ရွတ်နေရလို့လေ။ ဘောလုံးက အီတလီခြေထဲမှာ ရှိရင် ဂါထာတစ်ခုရွတ်၊ တစ်ဖက်အသင်းခြေထဲရောက်သွားရင် နောက်တစ်ခု ပြောင်းရွတ်နဲ့ မအားနိုင်ရအောင်ပါပဲ။ အရင် အီတလီပွဲတွေတုန်းက ပွဲတိုင်းကြည့်တယ်။ Final ပွဲကျတော့ လာတာက ည ၂ နာရီလောက်ကြီး။ ကြည့်လို့ ဘယ်လိုမှ အဆင်မပြေ။ ရုံကလဲ အဲဒီအချိန်ကျ လူက ညဦးပိုင်းလောက် မများတော့ ရုံထဲမှာပဲ ပြပါတယ်။ ဒါပေမဲ့ ဗွီဒီယိုရုံနဲ့ စစ်ကိုင်းသူ အိပ်တဲ့ အခန်းနဲ့က ကြားထဲမှာ အသား ဝန်းထရံရယ်၊ ၄၊ ၅ ပေလောက် ကွက်လပ်လေးရယ်ပဲ ခြားတော့၊ အသံတွေက အကုန်ကြားနေရပါတယ်။ အသံပဲ ကြားရပြီး မမြင်ရတော့ ပိုပြီး အသည်းယားပါတယ်။ အားလုံးသိကြတဲ့အတိုင်း အဲဒီနှစ်က Penalty နဲ့ အီတလီလေး ရှုံးသွားပါရောလား။ စစ်ကိုင်းသူရဲ့ ဘက်ဂီယို Penalty ကန်တာ မဝင်တာပါတဲ့။ သူ့အတွက်လဲ စိတ်မကောင်း၊ အသင်းအတွက်လဲ စိတ်မကောင်းပေါ့။ နောက်တစ်နေ့ တီဗွီက အဲဒီပွဲကို ပြန်ပြတော့ လုံးဝကို မကြည့်တော့ပါဘူး။ ကြည့်နိုင်တဲ့အင်အားကို မရှိတော့လို့ပါ။ စစ်ကိုင်းသူက Unlucky လား မသိပါဘူး။ စစ်ကိုင်းသူ အားပေးတဲ့ အသင်းဆို နိုင်ခဲတယ်။ (ကိုဇနိတို့ အသင်းရှုံးတာလဲ အဲဒါကြောင့်များလားမသိ။)

ကဲကဲ မုန့်ဟင်းခါးကိစ္စပြန်ဆက်မယ်။ တော်ကြာ ကေဖိုးတို့၊ ကိုဇနိတို့က ဒီ စစ်ကိုင်းသူနှယ် မုန့်ဟင်းခါးကျွေးမဲ့ အရေး မကျွေးဘဲ ပေရှည်နေတယ်ဆိုပြီး မေတ္တာပို့နေလို့ ဒီဘဝတင်မကဘဲ နောက်ဘဝပါ မစွံ ဖြစ်နေမှာ ကြောက်ရသေးတယ်။

ဒီနေ့ အိုးဝေက သူငယ်ချင်းများနှင့်တကွ အလည်ရောက်လာကြသော မိတ်ဆွေအပေါင်းကို မုန့်ဟင်းခါးကျွေးရခြင်း အကြောင်းကတော့ မနေ့က အီတလီအသင်းရဲ့ အောင်ပွဲကို ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်းနှင့်တကွ အောက်တွင် တည်ခင်း ဧည့်ခံထားသော မုန့်ဟင်းခါးကို အဝ စားသောက်သွားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ခင်ဗျား။



သြော် တစ်ခုပြောဖို့ မေ့သွားတယ်။ စစ်ကိုင်းသူရဲ့ လက်ရာကို သိနေတဲ့ သူငယ်ချင်းတွေက မစားကြမှာမို့၊ စစ်ကိုင်းသူ လက်ရာမဟုတ်ဘဲ မြောင်းမြဒေါ်ချို့လက်ရာသာ ဖြစ်သည့်အတွက် စိတ်ချလက်ချ စားသုံးနိုင်ကြောင်း အသိပေးအပ်ပါသည်။

မုန့်ဖတ်မရှိလို့ ခေါက်ဆွဲနဲ့ပဲ ကျွေးရတာရယ်၊ အဂါင်္မစုံလင် (နံနံပင်၊ ငှက်ပျောအူ၊ ကြက်သွန်ဥမပါ)တာရယ်အတွက်လဲ ခွင့်လွှတ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။

Read more...

စွမ်းလိုက်တဲ့ ယတြာ

>> Tuesday, June 17, 2008

Euro 2008 ဘောလုံးပွဲတွေ လာနေတော့ ငယ်ငယ်က အဖိုးပြောဖူးတာတစ်ခုကို ပြေးသတိရတယ်။ အဖိုးတို့ အုန်းတောဆိုတဲ့ ရွာလေးမှာ တာဝန်ကျနေတုန်းကပါ။ တစ်ခါတော့ အဲဒီရွာက သူကြီးနဲ့ တခြားရွာက (နတ်ခရိုင်လား မသိဘူး) သူကြီးတွေ့ကြတော့ နှစ်ရွာ ဘောလုံးကန်ဖို့ချိန်းကြရောတဲ့။ အဲဒါနဲ့ ရွာမှာ မောင်းထုပြီး အစည်းအဝေးခေါ်၊ ဘောလုံးကန်မယ်ဆိုတဲ့ အကြောင်းပြောတာပေါ့။

ရွာက ကာလသားတွေလဲ တက်တက်ကြွကြွ၊ ကန်မယ်ပေါ့။ ကျန်တဲ့ ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျားတွေကလဲ ဘာမှန်း မသိရင်သာရှိမယ်။ သူများရွာနဲ့ ပြိုင်မယ်ဆိုတော့ ကိုယ့်ရွာဖက်ကနေ အပြတ်အသတ် အားပေးမယ်ပေါ့။ အားခဲထားကြတာလေ။ ဒီလိုနဲ့ ကန်မဲ့နေ့ကို ရောက်လာပါရောလား။ ကန်မဲ့သူတွေကလဲ ဟန်ရေး တပြပြပေါ့။ အဲဒီအချိန်မှာပဲ တစ်ယောက်က မေးပါတယ်။ တစ်ဖက် အသင်းနဲ့ ပြိုင်မှာဆိုတော့ ယတြာလေး ဘာလေး လုပ်မထားဘူးလားတဲ့။ အဲဒီကျမှ အကုန်လုံးက ဟုတ်သားပဲ၊ ကန်တဲ့လူ ဘယ်လောက်ကောင်းကောင်း ဒီလိုမျိုးလေးက ရှိဦးမှပေါ့။ ဘယ်သူကတော့ဖြင့် ဘယ်လိုကောင်းတာနဲ့ ဆူညံ ဆူညံဖြစ်လာကြပါရောလား။ နောက်ဆုံးတော့ မြောက်ကျောင်းက ဆရာတော်က ယတြာအရမ်းစွမ်းတယ်။ ဆရာတော်ဆီ သွားမယ်လို့ ဆုံးဖြတ်ချက်ကျသွားပါတော့တယ်။ ဒါနဲ့ သူကြီးလဲ ဘောလုံးပွဲထဲ မပါတဲ့ ကာလသား တချို့ကို ဘုန်းကြီးဆီသွားပြီး ယတြာတောင်းချေလို့ ခိုင်းပါတယ်။ သွက်သွက်သွား၊ သွက်သွက်ပြန်လို့လဲ မှာလိုက်ပါတယ်။ ဘောလုံးပွဲစဖို့က ဘယ်လောက်မှ မှ မလိုတော့ပဲ။ အဲဒါနဲ့ ကာလသား နှစ်ယောက်လဲ မြောက်ကျောင်းကို အပြေးအလွှားသွားကြတာပေါ့။

ဘုန်းဘုန်းဘုရား ဘုန်းဘုန်းဘုရား တပည့်တော်တို့ ယတြာလိုချင်လို့ မြန်မြန်တွက်ပေးပါဘုရား။

ဟဲ့ ဒကာတို့ရဲ့ မောကြီးပန်းကြီးနဲ့ ဘယ်လိုဖြစ်လာတာလဲ။ ဖြည်းဖြည်းပေါ့။ ရော့ ရော့ ရေနွေးကြမ်းသောက်၊ ထန်းညက်စား။ ဘာအတွက် ယတြာလိုချင်တာတုန်းလဲ ပြောဦးမှပေါ့။

ယတြာက ဘောလုံးပွဲ အတွက်ပါဘုရား။ ဖြည်းလို့ကတော့ မရဘူးဘုရား။ ဘောလုံးပွဲက စတော့မယ်ဘုရား။

အေး ဘောလုံးပွဲရှိတယ်လို့ ကျောင်းက ကျောင်းသားလေးတွေ ပြောနေသံတော့ ကြားသား။ ဒါပေမဲ့ ခက်တာက ဘုန်းကြီးက ဘောလုံးပွဲဆိုတာ ဘာမှန်း မသိဘူး။ ဘယ်လိုဆို နိုင်တာလဲသိမှ ယတြာက လုပ်လို့ရမှာါ့။ အဲဒီတော့ အဲဒါအရင်လျှောက်ကြဦးမှပေါ့။
အို ဘုန်းဘုန်းကလဲ ဘောလုံး ဂိုးထဲဝင်နိုင်တာပါပဲ ဘုရား။ မြန်မြန်လေးသာ လုပ်ပေးပါဘုရား။

တယ်လဲ အလျင်လိုသကိုး။ ကဲပါကွာ တွက်ပါပြီ။
(ကျောက်သင်ပုန်းနှင့် ကျောက်တံယူ။ တဂျောက်ဂျောက်နဲ့ စတွက်ပါတော့တယ်။)

ကဲရော့ရော့ ဒီမှာ ရေးထားတဲ့အတိုင်းသာလုပ်။ လုပ်ရတာက လွယ်ပါတယ်။

တင်ပါ့ ဘုရား။ တပည့်တော်တို့ကို ခွင့်ပြုပါဦး။ ဟိုမှာ စတောင် စနေပြီလား မသိဘူး ဘုရား။

မင်းတို့နှယ်ကွယ် ကြာကြာရန်ကော၊ ဒီမှာ ပွဲက စတောင် စနေပြီ။

သူကြီးနှယ် ဘုန်းဘုန်းက ဘောလုံးပွဲဆိုတာ ဘာမှန်းမသိလို့ ရှင်းပြနေရသေးတာဗျ။ အခုတော့ ရခဲ့ပြီ။

ကဲ ဟိုကောင်မလေးတွေ လာကြစမ်း။ ဒီမှာ ဘုန်းဘုန်းပေးတဲ့ ယတြာ လုပ်ရအောင်။

သူကြီး ယတြာလုပ်ပြီးပြီတော့။

အေး အေး အဲဒါဆိုလဲ နင်တို့လဲ လာအားပေးတော့။ အခုမှ ပွဲက ကြည့်ကောင်းမှာ။

ယတြာလုပ်ပြီးကတည်းက ဝင်လိုက်တဲ့ ဂိုးဆိုတာ ရေတောင် မရေနိုင်အောင်ပါပဲ။ ကွင်းလယ်က ကန်လဲ ဝင်၊ ကော်နာကန်လဲ ဂိုးပေါက်ထဲကို တန်းနေတာပဲ ပရိတ်သတ်ကြီးရေ။
အဲလို ဆိုတော့ ပရိတ်သတ်ကြီးက ထင်လိမ့်မယ်။ အုန်းတော ရွာသူကြီးတော့ မှိုရတဲ့ မျက်နှာကြီးနဲ့ နေမှာပဲလို့။ ဘယ်နှယ့် သူကြီးကို ကြည့်လိုက်တော့ ခရမ်းသီးပိန် နေလှန်းထားသလို ရှုံ့မဲ့နေပါကလား။ ဘယ်လိုဖြစ်ပါ့။

ကြည့်ရတာ ဂိုးတွေ သွင်းလွန်းအားကြီးလို့၊ နတ်ခရိုင် သူကြီးကို အားနာနေပြီထင်တယ်။

ဘယ်နှယ့် ကိုရင်ကလဲ သေချာလေးလဲ ကြည့်ပါဦး။ ဂိုးဝင်တာကတော့ ဟုတ်ပါတယ်။ ကိုယ့်ဂိုးဖက်ကို သွင်းခံနေရတာဗျ။

ဟုတ်ပါ့ဗျား။ ဘုန်းဘုန်းက ဘောလုံးဂိုးထဲဝင်နိုင်တာပဲဆိုတဲ့ စကားအတိုင်း ယတြာလုပ်ပေးလိုက်တာက သူ့ဂိုးဖက်ဝင်ဖို့ မဟုတ်ဘဲ ကိုယ့်ဂိုးဖက် ဝင်ဖို့ဖြစ်နေပါရောလား။
အဲလိုနဲ့ပဲ ယတြာကောင်းလွန်းအားကြီးလို့၊ အုန်းတောရွာလေးခမျာ ဂိုးအပြတ်အသတ်နဲ့ ရှုံးခဲ့ရပါရောလားဗျာ။

Read more...

ခေါင်ရည်(စ)နှင့်ကျွန်မတို့မနောမြေ

>> Monday, June 16, 2008


“အနော..မီးမီး..ယောင်ငွတ်ဆိုင်အိးရ်”
(အနောနဲ့မီးမီးအကုန်ပြီးသွားပြီလား)
“အေးလို..ငွတ်ဆိုင်ယော”
(အေးပြီးပြီဟေ့)
“ဂဂျာအိုင် ဂဂျာအိုင် ဆာလဝမ်ဆာကူဖြီးစက”
(ကောင်းတယ်ကောင်းတယ် ဒါဆိုအမြန်လာတော့ ဆုတောင်းကြစို့)
စာစစ်ပြီးသော အဖြေလွှာထုပ်များကို ဘီရိုထဲစနစ်တကျစီထည့်ပြီး သော့ခတ်နေသော အစ်မခေါင်နောနှင့် ကျွန်မကို အစ်မလုကလာခေါ်ပြီ။ ဆရာမတွေစုမိနေသော ရုံးခန်းဆီသို့ ကျွန်မတို့အစ်မလုနှင့် အတူလျှောက်ခဲ့ကြ၏။


“ ဒိုင်နိတန်းရှီဖြေဆိုင်အီးရ်”
(ဒီနေ့ဆယ်တန်းစဖြေပြီလား။)
ကျောင်းရှေ့မှ စစ်သားအစောင့်တွေကိုကြည့်ရင်း အစ်မလုကမေးလာတော့
“ဟုတ်အစ်မ”
ဖြေရင်း ကျွန်မအကြည့်က ကျောင်းခြံစည်းရိုးဆီမှ စစ်သားတွေဆီရောက်သွား၏။ သစ်ပင်ရိပ်တွင် ငိုက်သူကငိုက်၊ ငေးသူကငေးနှင့်။
မြို့မှအနီးဆုံးစာဖြေစင်တာနှင့်ပင် ၆မိုင်ကျော်ဝေးသော ကျွန်မတို့ကျောင်းရှေ့ထိ စောင့်ကြပ် နေကြရသော စစ်သားတွေမှာ မည်သို့သောရန်သူနှင့် ရင်ဆိုင်ရနိုင်မည်ကို ကျွန်မကမခန့်မှန်းတတ်ပေ။ တာဝန်မတူတော့ အသိမတူတာဖြစ်မည်။
မတ်လလယ်၏နွေကား ပူစပ်စပ်နှင့်။

ကျွန်မတို့ကျောင်းက အလယ်တန်းကျောင်းမို့ ကလေးတွေက ကျောင်းပိတ်သွားပြီး။ ဆရာဆရာမတွေသာ စာစစ်ရင်း ပုံမှန်ကျောင်းတက်နေရ၏။ ယနေ့မူ ကျောင်းအုပ်ကြီးက မြို့တွင် စာမေးပွဲတာဝန်နှင့် ကျောင်းကိုမလာနိုင်သည်ကို အကြောင်းပြုကာ စာစစ်ပြီးသည့် အထိမ်းအမှတ်အဖြစ် ဆရာမတွေ ခေါင်ရည်သောက်ကြမည်ဆို၏။ (ဆရာမတွေဆိုတော့ ဆရာတွေမရှိဘူးလားလို့မေးရင် ဆရာကြီးနှင့် ဆရာဘရန်ရှောင်နှစ်ယောက်မှ လွဲ၍ ကျန်၂၇ယောက်မှာ ဆရာမတွေချည်းပင်) ဆရာဘရန်ရှောင်ကလည်း ရာဘာစိုက်ခင်းသွားမည် ဆိုကာယနေ့မလာပေ။

ရုံးခန်းထဲတွင် ဆရာမ၂၇ယောက်စုံသည်နှင့် အဘောက်လုအောန်က ခေါင်ရည်သောက်ပွဲအတွက် ဝတ်ပြုဆုတောင်းမှုစသည်။ မြန်မာလိုဆုတောင်းပေးသော အဘောက်၏ ဆုတောင်းသံချိုချိုတွင် ကျွန်မသည် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းသည်။
“အာမင်”ဟု ဆုတောင်းသံအဆုံးတွင် မျက်လုံးကိုဖွင့်လိုက်တော့ ခေါင်ရည်ထည့်ထားသည့် ဝါးကျည် တောက်ကြီး ဘေးတွင် တနိုင်းခြောက်ခေါ် တနိုင်းဘက်မှလာသော ကျပ်တင်ထားသော ငါးခြောက်အမြောင်းမွမွကြီးများနှင့် ဆတ်သားခြောက်ဖုတ် (ဆီမဆမ်း) ပန်းကန်ကြီးများကို တွေ့ရလေသည်။ စူးရှပြင်းပြလွန်းသည့် (ကျွန်မအထင်) ခေါင်ရည်ကို ဒီအတိုင်းသောက်ရန် ခက်ခဲသောကျွန်မအတွက် ထိုပန်းကန်ကြီးများမှာ ကယ်ဆယ်ရေးပစ္စည်းများပင်။ ကောက်သစ်စားပွဲဆိုလျင် ခေါင်ရည်တစ်မျိုးကိုသာ အရင်ဆုံးသောက်ရသည်ဖြစ်ရာ တစ်ကျိုက်ဝင်ဖို့ပင် ကျွန်မမှာ မျက်စိမျက်နှာပျက်နေရာ အိမ်ရှင်တို့ကို တော်တော်မျက်နှာပူစရာ ကောင်းသည်။ ဒီနေ့အဖို့တော့ ကျွန်မ အဆင်ပြေနိုင်သည်။

“ကဲသောက်လိုက်ကြရအောင်”
စသောက်ကြသည်နှင့် ရန်ကုန်ဆရာမတွေက တစ်ခွက်ပြီးတစ်ခွက်။ မြိုင်သူက ပုံမှန်သောက်သည်။ ယောသူကလည်း အသက်ငယ်ပေမဲ့ မခေသူဟု နာမည်တစ်လုံးရထားသူပီပီ ကချင်ဆရာမများနှင့် အပြိုင်ချနိုင်သည်။ မုံရွာသူသည်လည်း ဒီနေရာမှာ ကောင်းကောင်းဝင်ဆန့်လေ၏။ ကျွန်မက ငါးခြောက်ကို ပါးစပ်ထဲ အပြည့်နီးပါးငုံထားပြီးမှ ခေါင်ရည်ကို နည်းနည်းသောက်ရသည်။ ဒါတောင် ခေါင်ရည်ပါးစပ်ထဲရောက်သည်နှင့် မျက်နှာက ရှုံ့မဲ့သွားလိုက်သေးသည်။ အသက်အကြီးဆုံး မြန်မာဆရာမကြီး ဒေါ်ကြည်အေးကတော့ အမြည်းပဲ နည်းနည်းစားကာ ကျောင်းနှင့် ကပ်ရက်သူ့အိမ်သို့ ခဏပြန်လေ၏။ ရောဂါနှင့်မို့ဆိုကာ လုံးဝမသောက်သော ဆရာမဒေါ်နှင်းရီမြက သူမသောက်ပေမဲ့ ပျော်လှသည်ဆိုကာ ခွက်တွေထဲသို့ ခေါင်ရည် ဖြည့်ပေးလိုက်၊ ဆတ်သားခြောက်လေး စားလိုက်နှင့်။ ၂၆ယောက်ဝိုင်းကြီးမှာ စည်ကားနေသည်။ မျက်နှာချင်းဆိုင်က မှန်ကြီးထဲတွင် ကျွန်မပါးတွေနီရဲကုန်ပြီ။ ခေါင်ရည်ခွက်ကြီးတစ်ခွက်လည်း ကုန်ပြီ။
သူ့အဖွဲ့နှင့်သူ စကားကောင်းနေကြစဉ်မှာပင် မသိမသာ ကျွန်မအပြင်ထွက်ခဲ့သည်။
ရုံခန်းနှင့်ဆန့်ကျင်ဖက် ရှစ်တန်းဆောင်ဝရန်တာတွင် ခုံတစ်လုံးယူကာ ပတ်ဝန်းကျင်ကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်သည်။ စာသင်ကျောင်း စက်ဘီးထားရာ အဆောင်ဘေးမှ စွယ်တော်ပင်ကြီးတွင် တစ်ပင်လုံးအပွင့်တွေချည်း။ ဒီလိုဆိုပြန်တော့ နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုသည့် စွယ်တော်ရွက်တွေဟာလည်း တစ်ခါတစ်ခါမှာ ကိုယ်ယောင်ဖျောက်တတ်တာပဲပေါ့။

အမြဲစိမ်းသစ်တောများ ပေါက်ရောက်သည့် မနောမြေ၏ ရွက်ဟောင်းကြွေချိန်သည် လွမ်းမောစရာရှာမတွေ့သလို ထင်မှတ်ရသည်။ သစ်ပင်တိုင်းမှာ ကြွေသည့်အရွက်က ဘယ်အချိန်ကကြွေသွားမှန်း မသိသလို၊ ဝေသည့်အရွက်ကလည်း ဘယ်ကဘယ်လိုရောက်လာမှန်း မသိလိုက်အောင် ဝေနှင့်ပြီးဖြစ်သည်။ သဘာဝတရားကို ဆန့်ကျင်နေကြခြင်းလား။ ဒါသည်ပင် သဘာဝတရား အစစ်အမှန်ဖြစ်သလား၊ နုံအသောကျွန်မကတော့ အမှားအမှန်မခွဲခြားနိုင်ပေ။

အမြဲစိမ်းရောင်ရောင်နှင့် ပြောင်းလဲမှု့မရှိသလို ဟန်ဆောင်တတ်လွန်းလှသည့် သစ်ပင်များဟု ကျွန်မက တိတ်တိတ်စွပ်စွဲရင်း၊ တစ်ဘက်ကလည်း အပင်အိုကို အထီးကျန်မဆန်စေသည့် သူတို့အပြုအမူကို ချစ်ခင်နေပြန်၏။
ဒါပေမဲ့ နွေသရုပ်ပီသသောရှု့ခင်းတွေကို မက်မက်မောမောကြည့်ချင်သော ကျွန်မကတော့ အိမ်ပြန်ချိန် နွေကျောင်းပိတ်ရက်ကို မျှော်လင့်လှပြီ။

ကျွန်မက နွေဆို ဝါဖျော့နွမ်းနေသော ရွက်ကြွေကိုမြင်ရမှ၊ လေပူလိုင်းတွေကြားမှ တစ်ချက်တစ်ချက် ဖြတ်သွားသည့် လေအေးအေးလေးကို ထိတွေ့ရမှ၊ ဥသြငှက်၏ သံစဉ်လန်းလန်း ရိုက်ခတ်မှု့ကို ခံစားရမှ၊ ရိုးတံပျိုင်းပျိုင်း သစ်ပင်အိုဆီသို့် အိပ်တန်းပျံသည့် ဗျိုင်းတစ်အုပ်နှင့် အနီရင့်ရောင်စွက်သည့် ညနေဆည်းဆာကို ကြည့်ရှု့ရမှ…….။
မနောမြေ၏နွေဦးတွင် သစ်ရွက်က မကြွေ။
လေရူးတစ်ချက်နော့လိုက်တိုင်း ကျွန်မအတွေးတွေကသာ ဝေကာဝဲကာနှင့် တစ်ဖွဲဖွဲကြွေဆင်းလျက်။
“ဆရာမလေးအမြန်လာခဲ့၊အမြန်လာ”
အပြေးအလွားရောက်လာသော ဆရာမဒေါ်နှင်းရီမြသည် ကျွန်မလက်ကို အတင်းဆွဲခေါ်တော့ အတွေးကမ္ဘာ လွင့်စင်သွားပြီး
“ဘာလဲဟင်ဘာဖြစ်လို့လဲ”
အထိတ်တလန့်မေးရင်း ဆရာမဒေါ်နှင်းရီမြခေါ်ရာနောက် ကျွန်မပါခဲ့၏။။။
“ဆရာမလေး ရုံခန်းထဲမှာတော့ ဖြစ်ပျက်ကုန်ကြပြီ။ အဲဒါဆရာမလေး သွားလိုက်ဦး။ ကျွန်မက နှလုံးမ ကောင်းဘူး နားခန်းထဲနေရစ်တော့မယ်။”

ဆရာနားနေခန်းနားအရောက် ဒေါ်နှင်းရီမြထိုသို့ပြောပြီး နေခဲ့တော့၏။ အလိုရုံးခန်းထဲမှာ ဘာတွေဖြစ်ကုန်ပါလိမ့်။ မေးမလို့လုပ်တော့ နားခန်းတံခါးက ပိတ်သွားပြီ။ ဂျက်ပင်ထိုးလိုက်သေး၏။ မဖြစ်ပါဘူး ရုံးခန်းဆီသို့သာ ကျွန်မပြေးလာခဲ့၏။
ရုံးခန်းနားအရောက် ဖြောင်းကနဲ ပိန်ပေါင်ရိုက်သည့် ဘက်တံတစ်ချောင်းက ပြတင်းပေါက်ဆီသို့ လွင့်ပျံတက်လာသည်ကို မြင်လိုက်ရသည်။ ဟင် ဘယ်သူပစ်လိုက်တာပါလိမ့်။

ကျွန်မရုံးခန်းထဲဝင်လိုက်တော့ ဆရာမဒေါ်နန်ဂရောင်ကို ဆရာမအချို့၊ ယောသူနှင့် ဒေါ်ကွန်ရှင်းရွယ်တို့က ဝိုင်းချုပ်ထားကြသည်။ ဒေါ်နန်ဂရောင်မှာ တောက်တစ်ခေါက်ခေါက်နှင့် ရုန်းကန်လျက်။ ပိန်ပေါင်ဘက်တံဆီသို့ လက်တလှမ်းလှမ်းလုပ်နေ၏။ ဆွဲလို့သာဆွဲနေကြသည်၊ ဆွဲသူတွေကလည်း ယိုင်တိယိုင်ထိုး။ ကိုယ့် ခြေထောက်ကို ပြန်တက်နင်းပြီး အော်သူကအော်နှင့် တစ်ရုံးရုံးကြီးဖြစ်နေ၏။ ဒေါ်နန်ဂရောင်သည် တံခါးပေါက်ဆီကြည့်ကာ ပါးစပ်က အော်ဟစ်ရန်ထောင်နေ၏။ ဆွဲသူတွေကိုလည်း အတင်းတွန်းပစ်နေသည်။

သေချာနားထောင်လိုက်တော့ ဆရာမက သူ့ယောင်္ကျားကိုသတ်မည်ဟု တွင်တွင်ပြောကာ စိမ်ခေါ်နေခြင်းပင်။ ဆရာမယောင်္ကျားက ဘယ်မှာလဲ။ မရှိပါ။ ခက်ကုန်ပြီ။ ကျွန်မဆရာမနားအရောက် ဆွဲသူအားလုံးကို တွန်းလှဲပစ်ကာ လှေကားအတိုင်း ဆရာမက စိုက်စိုက်စိုက်စိုက် ဆင်းသွားလေ၏။
“နင်ကလိုက်သွားလေ ဘာကြောင်နေတာလဲ”
ယောသူသည် သူဘာသာမဟန်နိုင်လို့ လဲသွားရာမှ ကျွန်မကို လှမ်းငေါက်သည်။ အင်း..ဟုတ်သည် ဒီအထဲမှာ ကျွန်မတစ်ယောက်သာ ဖြတ်ဖြတ်လတ်လတ် လှုပ်ရှားနိုင်သည်။
“ဆရာမ၊ ဆရာမ မသွားပါနဲ့။”
ကျွန်မအော်ရင်း အပြေးလိုက်သွား၏။ ကျောင်းဝင်းတံခါးဆီ ဆရာမက အတင်းသွားနေသည်။
“ဆရာမမသွားပါနဲ့ နောက်နေ့မှသတ်ရအောင်၊ အဖွဲ့လိုက်လေနော်” ကျွန်မက မနိုင်မနင်းဆွဲရင်း ပါးစပ်မှလည်း သူကျေနပ်စေငြားလျှောက်ပြောမိသည်။ မရပါ။ ဆရာမမှာ ထောင်ထောင်မောင်းမောင်းနှင့် သန်လှသည်ဖြစ်ရာ ကျွန်မသာဒရွတ်ဒရွတ်နှင့် သူ့နောက်ပါနေ၏။
“ဟေ့မာဂမ်၊ သတ္တိရှိရင်လာခဲ့လေ။ လာစမ်းပါ။၊သြော် ဒီဆရာမကတစ်မျိုး ဖယ်စမ်းပါ။”
ပြောရင်း ကျွန်မကို အရမ်းတွန်းပစ်လေ၏။
“ဟေ့မာဂမ်းးးးး ဒီနေ့နင်မသေရင် ဘယ်သူသေမလဲ”
ကျွန်မလို့ စိတ်ထဲကပြောလိုက်ရင်း
“ဆရာမတို့လာကြပါဦးဗျာ” လို့အပေါ်ထပ်ကို လှမ်းအော်မိ၏။
ဗလုံးဗထွေးအသံများမှလွဲ၍ အပေါ်ထပ်မှာ လူရိပ်ပင်မမြင်ရတော့။ အကုန်မှောက်ကုန်ကြပြီလား။ မဖြစ်နိုင်။ ကျွန်မအသံတိုးနေတာပဲဖြစ်မည်။
“ဆင်းခဲ့ကြဦး…လို့၊ဒီမှာမနိုင်တော့ဘူး”
ထပ်၍ ကျယ်ကျယ်အော်ကြည့်သည်။
ထိုအချိန်ကို အခွင့်ကောင်းယူကာ ဒေါ်နန်ဂရောင်သည် ကျောင်းစည်းရိုးတွင် ထောင်ထားသော စစ်သား၏သေနတ်ကို ပြေးယူလေ၏။
“သေပေတော့မာဂမ်ဆိုတဲ့လူ”
“ဘုရား ဘုရား”
ကျွန်မသည် မျက်နှာကိုလက်ဝါးနှင့်အုပ်ကာ အသက်ပင်ကောင်းကောင်းမရှုရဲတော့။ ဆရာမတို့အိမ်သည် ကျောင်းနှင့်အဝေးကြီး။ သူ့ယောင်္ကျားဦးမာဂမ်ကို သတ်ဖြစ် မသတ်ဖြစ်မသိ၊ ဘယ်ကိုများ ရမ်းပစ်လိုက်မလဲ၊ ကျွန်မကိုများ မှားပြီးပစ်လိုက်မလား၊ စစ်သားတွေဘာလုပ်နေကြလဲ ကယ်ကြပါတော့လား။ စိတ်ထဲမှ ယောက်ယက်ခတ်နေသည်။

ခဏမျှအသံတိတ်သွာပြီး သေနတ်မရှိလည်းလက်နဲ့ သေအောင်သတ်မယ်ဟု ကြိမ်းဝါးသံကြောင့်
အရဲစွန့်ကြည့်လိုက်ရာ သေနတ်ကိုလွယ်ထားပြီး ဟိုဘက်ချိုင်းကြားညှုပ်လိုက် ဒီဘက်ချိုင်းကြားညှပ်လိုက် ချိန်ရန်အထာမကျဖြစ်နေသော ဆရာမကို မြင်ရလေသည်။

မင်သက်မိနေသော စစ်သားများထဲမှ အကြီးအကဲဖြစ်ဟန်တူသူသည်
“ဆရာမပြောင်းပြန်ကြီးဖြစ်နေတာဗျ၊ ဒီလိုကိုင်ရတယ်၊ဒီမှာကြည့်”ဟုပြောရာ ဆရာမ လှမ်းကြည့်လိုက်သည်နှင့် နောက်မှ စစ်သားတစ်ဦးက ဆရာမလက်နှစ်ဖက်ကို မိမိရရ ဆွဲချုပ်လိုက်လေသည်။ အကြီးအကဲသည် ပြေးသွားကာ သေနတ်ကို ဖြုတ်ယူလိုက်ပြီး ဆရာမကို လက်ထိပ်ခပ်ရန်သော့ဖြုတ်နေရာ ကျွန်မမှာ
“အံမယ် ရှင်တို့ဘာလုပ်တာလဲ။ ဖယ်ပါ ဒီလိုလုပ်စရာမလိုဘူး”
လက်ထိပ်ကိုတွန်းဖယ်ပစ်ရင်း ခပ်စွာစွာလေသံနှင့်ပြောလိုက်ရ၏။
ထိုစဉ် “ဒီမှာဦးလေးတို့လာပြီ၊ ဆရာမလေးတော်တော်ဒုက္ခရောက်သွားမှာဘဲကွယ် သူကလူမိုက်”
“ဒီကဗိုလ်ကြီးတို့ခွင့်လွှတ်ကြပါဗျာ။သူမူးရင်တစ်ခါတစ်ခါ ဒီလိုဖြစ်တတ်တယ်။ ခုကျနော်တို့ခေါ်သွားမှာပါ။ ကျနော်သူ့အဖေပါ။”

ဆရာမတို့အိမ်မှ လှည်းကြီးနှင့် အဖေ၊အကိုတွေ လိုက်လာကြသည်။ ဆရာမကို ပါလာသောရေနှင့် မျက်နှာကိုပက်ကာ လှည်းပေါ်ကို ပွေ့တင်သွားကြသည်။
စစ်သားတွေဆီမှ ပြိုင်တူခပ်အုပ်အုပ်ရယ်သံများ ထွက်ခဲ့တော့သည်။
“လာမီးမီး...သူအဲလိုပဲဖြစ်တတ်တယ်”
ကျွန်မကိုလာခေါ်သော ဆရာမကြီးဒေါ်ကြည်အေးနောက်က လိုက်ရင်း ခေါင်ရည်က ဒီလောက်တောင်မူးသလား တွေးနေမိသည်။
“သမီးရေခေါင်ရည်က လေတိုက်လေ မူးလေ၊ မသောက်တတ်ရင် စတိသာသောက်၊ အများကြီးသောက်လို့ကတော့ သတိလက်လွတ်ဖြစ်မှာပဲ၊ အပေါ်မှာဝုန်းဒိုင်းကြဲနေတာက ကိစ္စမရှိဘူး ခုလိုကျခက်ကုန်ရော”
“ကဲ ဆရာမကြီးအောက်ထက်က အဆောင်မှာပဲ ကျောင်းအုပ်ကြီးကို စောင့်လိုက်မယ်၊ ခုပဲဖုန်းလာတယ်။ ကျောင်းကို ခဏလာကြည့်မယ်တဲ့။ အပေါ်မတက်အောင် ကြည့်ပြောလိုက်မယ်။ သမီးအပေါ်ကလူတွေ မဆူအောင်သာ ဂရုစိုက်လိုက်”
သြော် ဆရာကြီးလာမယ်တဲ့လား။
“အပေါ်ကိုမတက်အောင်ကြည့်ပြောပေးနော် ဆရာမကြီး၊ ဒါဆိုသမီးအပေါ်သွားတော့မယ်”

ကျွန်မကျောင်းပေါ်ပြန်တက်ခဲ့သည်။ အပေါ်ရောက်တော့ ဒေါ်ကွန်ရှင်းရွယ်တို့အဖွဲ့မှာ ဆက်တီခုံများကိုမှီလျက် မျက်လုံးဖွင့်ကြည့်လိုက် အိပ်လိုက် လုပ်နေကြ၏။ ယောသူက ပိန်ပေါင်ရိုက်သည့် ခုံရှည်ကြီးအောက်တွင် ခေါင်းထိုးအိပ်ရင်း လက်သီးနှင့် ကြမ်းကို တစ်ချက်တစ်ချက် ထု၏။ အပျိုမသည် အိပ်မက်တွင် သူ့ချစ်သူကို ထုနေပုံရ၏။

ညာဘက်ခြမ်း ရုံခန်းပန်ကာကြီးအောက်တွင် ရန်ကုန်သူများမှာ တခူးခူးနှင့် စက်နေကြ၏။ အံကြိတ်သံတို့တစ်ခါတစ်ခါထွက်လျက်။ ပန်ကာလေကြမ်းကြမ်းမှာ ဒေါ်ခင်မမကြီး၏ ဆံပင်ရှည်တွေက ဝဲပျံကာ၊ဟိုလူ့ထိဒီလူ့ညိ။
အစွန်ဆုံးမှ ဒေါ်ဆွေဆွေက ပါးစပ်ထဲကိုလက်ထည့်ကာ အန်ရန်ကြိုးစားနေသည်။ မအောင်မြင်သေး။
ဂစ်…ဂစ်နှင့်သာမြည်နေ၏။

သူတို့ဘေးတွင် ဒေါ်နန်စိမ်းထုမှာ တအင့်အင့်ရှိုက်ငိုလျက်။ ခေါင်းပင်မဖော်။ မုံရွာသူက မငိုရန်ချော့ရင်း သူပါမျက်ရေတွေကျလျက်။ ဘာဖြစ်လို့ငိုနေပါလိမ့်။ စောစောစာစစ်တုန်းကဖြင့် သူ့အစ်ကို အမေရိကားကပို့လိုက်သည့် နှုတ်ခမ်းနီကိုပြရင်း ပျော်မြူးနေတာပါ။
စာကူးစက်ဘေးရှိ ဒေါ်ခေါဆွေသည် ဝင်လာသောကျွန်မကို လက်ညှိုးထိုးပြီး အူတက်မတတ် ရယ်လေရာ ကျွန်မမှာမလုံမလဲဖြစ်ရ၏။ ဘာပါလိမ့်နော်။ မေးလို့လဲမရ ရယ်ချည်းပဲရယ်နေ၏။ မြိုင်သူဒေါ်စမ်းစမ်းထွေးက ပြတင်းပေါက်နားက ကျောင်းအုပ်ကြီးထိုင်ခုံပေါ်တွင် ဆောင့်ကြောင့်လေးထိုင် မေးထောက်ခါ “အဆိုးအနွဲ့တွေနဲ့ မိဘရဲ့အရိပ်မှာကွယ်…” စသည့်သီချင်းကို ချွဲချွဲနွဲ့နွဲ့ ဆိုနေသည်။ မျက်လုံးကမဖွင့်။ သူ့ဘေးကဒေါ်ရိုဇာကလည်း အားကျမခံ “စော်အေ့…စော့အေ”အစရှိသည့်အချစ်သီချင်းကို အာပေါင်အာရင်းသန်သန်ဆိုလိုက်၏။ (စကားပြောလျင်၊ စာသင်လျင်ဒေါ်ရိုဇာအသံက အေးအေးတိုးတိုးလေးပါ။) တစ်မျိုးတော့ ထူးခြားလှ၏။

ဒါ သူတို့ ခေါင်ရည်တွေ အများကြီးသောက်လို့များလား၊ အယ်လ်ကိုဟောကြောင့် စိတ်ပြောင်းလဲတတ်တာလား။ ကျွန်မရော များများသောက်ရင် ဘယ်လိုဖြစ်မလဲ၊ ကျွန်မတွေးရင်း အဖြေကို သိချင်လှသည်၊ ရန်ဖြစ်မလား၊ တခူးခုးအသံမြည်အောင်ပဲ အိပ်မလား၊ ငိုမလား၊ ရီမလား၊ သီချင်းဆိုမလား ၊အန်မလား... စသည်ဖြင့်။

စားပွဲပေါ်က ဝါးကျဉ်တောက်တွေထဲ လိုက်ကြည့်လိုက်တော့ ခေါင်ရည်အပြည့်နီးပါးရှိသေးသည့် ဝါးကျည်တောက်တစ်ခုကို တွေ့၏။ ကျွန်မသောက်ကြည့်မည်။ ကိုယ့်ကိုကိုယ် သတိထားနိုင်လောက်ရုံထိ မူးအောင် သောက်ကြည့်မည်။ ဒီတစ်ခါရဲရဲ မော့ချလိုက်၏။ ဘာမှမစားပဲ နောက်ထပ်တစ်ခွက် ကုန်အောင်သောက်သည်။ အတုယူစရာ သူရဲကောင်းများက ရှေ့တွင်ရှိနေတော့ သတ္တိကကောင်းလာသည်။ နောက်ထပ်တစ်ခွက်ထပ်အခပ်တွင်
“မီးမီးရေ၊ဆရာကြီးရောက်ပြီဟေ့၊အောက်ခဏဆင်းခဲ့ဦး”
ဟူသော ဆရာမကြီးဒေါ်ကြည်အေး ခေါ်သံကိုကြားလိုက်ရ၏။
“ဟုတ်လာပြီရှင့်”

ခွက်ကိုချထားခဲ့ပြီး အပြေးဆင်းခဲ့ရ၏။ အောက်ရောက်တော့ ဆရာကြီးကစက်ဘီးဆောင် သက်ကယ်မိုးမည့် လက်သမားများ မနက်ဖြန်လာမည့်အကြောင်းပြောရင်း သက်ကယ်မှာရန် တာဝန်ပေး၏။ ဘယ်လောက်မှာရမလဲမေးတော့ သမီးက အတိအကျမှာချင်တာလား ဒါဆိုသွားရေကြည့်ကြတာပေါ့ ဟုဆိုကာ၊ စက်ဘီးဆောင်ဆီသွားရသည်။ ကျွန်မသည် သက်ကယ်ပျစ်ရေရန် ခေါင်မိုးကို မော့ကြည့်လိုက်သောအခါ ဒူးများမှာတဆတ်ဆတ်တုန်လာပြီး ကောင်းကောင်းမရေနိုင်ချေ။ ဆရာမကြီးက
“ဒီပုံစံအတိုင်း မိုးမယ်ဆိုရင် လေးရာငါးဆယ်တော့ မှာရမယ်ဆရာကြီး၊ စိပ်စိပ်မိုးနိုင်တယ်။ ဒီထက်ကျဲရင်တော့ သုံးရာလောက်ဆိုရင်ရပြီနော် မီးမီး”
ဆရာမကြီးက ကျွန်မပုခုံးကို မသိမသာဆုပ်ထားပေးရင်း ကျွန်မနှင့်တိုင်ပင်ပြီးပြောသလိုလိုနှင့် ပြောလိုက်၏။
“ဟုတ်တယ်ဆရာကြီး”
ကျွန်မက မနည်းအသံမှန်အောင် ထိန်းပြောလိုက်ရ၏။
“ဟုတ် ဒါဆိုမနက်ဖြန်အတွက် စိတ်ချပြီနောဆရာမကြီးရေ”
ဆရာကြီးသည် သူ့ထုံးစံအတိုင်း ကျောင်းကိုတစ်ပတ်ပတ်ကြည့်ကာ စက်ဘီးကလေးနှင့် မြို့ကိုပြန်သွားလေ၏။
ထိုအခါမှဆရာမကြီးက
“မီးမီး မင်းလဲများတယ်ထင်တယ်၊ သွားသွားအပေါ်မှာအနားယူချေတော့”
“သမီးသိပ်မသောက်နိုင်ပါဘူးဆရာမကြီးရယ်၊မူးတာတော့မူးတယ်”
ပြောပြီး ကျွန်မလှေကားဆီထွက်လာခဲ့၏။ အယ်လ်ကိုဟောကြောင့် ကျွန်မ ခြေတုန် ဒူးတုန် ဖြစ်ရသည်ကို သတိပြုမိပြီး သူများတွေလောက် သွေးမဆိုးဟု ကိုယ့်ကိုကိုယ်မှတ်ချက်ပေးလိုက်၏။

ပထမဦးဆုံး လှေကားထစ်ကိုတက်ရန် ခြေထောက်မြောက်လိုက်သည်။ သို့သော် တက်ရန်လှေကားထစ်သည်ပျောက်နေရာ ခြေထောက်ပြန်ချရန်ခက်နေ၏။ ချလိုက်ပါက လွဲသွားလျင် လဲမှာလည်းစိုးသည်။ တော်တော်လေးသတိထားပြီး လှေကားထစ်ငြိမ်မှ ကျွန်မတက်လိုက်သည်။ သုံထစ်လောက်ကို အချိန်နည်းနည်းပိုကြာသော်လည်း ကျွန်မတက်နိုင်ခဲ့သည်ထင်၏။ လေးထစ်မြောက်ကိုတော့ မတက်တော့ဘဲ လက်ရမ်းကိုဆွဲကာ လေးဘက်ကုန်းတက်ရသည်။ (အမှန်တော့လေးဘက်ထောက်ပြီး အောက်ဆင်းလာသည်ဟု ဆရာမကြီးကအခိုင်အမာဆို၏။)။ ဒီနောက် ဘာမှမသိတော့။ ဆရာမကြီးနှင့် ဒေါ်နှင်းရီမြက ပွေ့ပြီးအပေါ်တင်ကာ ရန်ကုန်သူတွေဘေး သိပ်ထားခဲ့ရာ ညနေတွင် ကျွန်မနောက်ဆုံးမှ အိပ်ရာကနိုးသည်။

အိပ်ရာကနိုးနိုးခြင်း ယောသူ၏ အရက်နာကျသံပြာအက်အက်နှင့်
“ခေါင်ရည်ကလည်း မူးတာပဲနော်၊ ခုမှဒို့ရွာကမစမ်းပြောသလို ကြက်သားဆိုတာ ကြက်ကြီးပါလားလို့ ပြောရမလိုဖြစ်နေပြီ….ဟီးဟီး”
ဆိုသောအသံကိုကြားလိုက်ရလေသည်။
“အဲဒီအကြောင်းပြောပြ”လို့ ကျွန်မလှမ်းမေးလိုက်ချင်ပေမဲ့ ပြာအက်အက်ပင်မထွက်နိုင်သေးသော ကျွန်မအသံကြောင့်....။

Read more...

စနေ၊ တနင်္ဂနွေ ပျော်ရွှင်ကြပါစေ...

>> Saturday, June 14, 2008


မနေ့က ပါတီအပြန် သူငယ်ချင်းက စနေ၊တနင်္ဂနွေဘာလုပ်မယ် စိတ်ကူးထားလဲလို့ စကားစလာတော့ ဈေးဝယ်သွားမယ်လို့ ပြန်ပြောခဲ့တယ်။ ဒီမှာတော့ အဲဒီ weekend ကို shuumatsu (しゅうまつ) လို့ခေါ်ကြတယ်။ သောကြာနေ့ရောက်ရင် shuumatsu မှာ ဘာလုပ်မယ်စိတ်ကူးသလဲဆိုတဲ့မေးခွန်းက အမြဲလိုလိုပြောဖြစ်ကြတယ်။ အိမ်ပြန်လာတော့လည်း ဘလော့ဂ် လိုက်လည်ရင် မိတ်ဆွေသူငယ်ချင်းတွေလည်း စနေ၊ တနင်္ဂနွေကို ပျော်နေကြတာတွေ့ရပြန်တယ်။ မခင်ဦးမေဆီမှာဆို ချစ်စရာပုံလေးတွေတွေ့ရပြီး ညီမမေမိုးဆိုရင် သူ့စီဘောက်မှာ ပျော်နေတာတွေ့ရတတ်တယ်။ ကျောင်းတက်ရတဲ့သူ၊ ရုံးတက်ရတဲ့သူတွေအတွက် တပတ်စာပင်ပန်းသမျှတွေကို စနေ၊တနင်္ဂနွေရောက်မှ အပန်းဖြေနိုင်တာကိုး။


ကိုယ်ပိုင်အချိန်အပြည့်အ၀ရတဲ့ ဒီ ၂ ရက်မှာတော့ အချိန်တွေကို ကုန်ဆုံးမှာ ကြောက်ကြတာ မထူးဆန်းတော့ပါဘူးလေ။ ဒီရက်လေးမှာပဲ တပတ်စာ အ၀တ်လျှော်၊ ဈေးဝယ်၊ မီးပူတိုက်ရတယ်။ မိသားစုရှိတဲ့သူဆိုရင် ထမင်းလက်ဆုံစားနိုင်တဲ့နေ့လေးတွေပါ။ ကျွန်မက သောကြာနေ့ညနေဆို သိပ်ပျော်ပါတယ်။ တနင်္ဂနွေညရောက်လာရင် ငိုချင်တယ်။ ဒီနေ့လည်း တပတ်စာ ဈေးဝယ်သွားမယ်စိတ်ကူးပြီး အိမ်သန့်ရှင်းရေးလုပ်၊ အ၀တ်လျှော် ဘာညာနဲ့ နေ့လည်မှ ဈေးဝယ်သွားနိုင်ပါတယ်။ ဒီပိတ်ရက်လေးမှာ ဟင်းလည်း ဂရုတစိုက်ချက်စားဖြစ်ပါတယ်။ အချိန်ပေးချက်ရမည့် ဟင်းမျိုးကို ဒီနေ့တွေမှာချက်တယ်။ တပတ်စာ အသားကြော်ထားချင်တယ်ဆိုလည်း ဒီနေ့မှာပဲ ကြော်ထားလိုက်ပါတယ်။

ဒီနေ့လိုတာလေးတွေ ၀ယ်ပြီး ဘလော့ဂ်မှာ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်။


ဒီလိုအဆင်သင့် ထမင်းဗူးလေးတွေလည်း ၀ယ်လို့ရတယ်။


Onigiri အတုံးလေးတွေလည်း ၀ယ်စားလို့ရတယ်။


Tempura မျိုးစုံလည်း ၀ယ်ပြီး တစ်ခါတည်း တန်းစားလို့ရပါတယ်။


ပုဇွန် Tempura ကတော့ ကျမအကြိုက်ဆုံးပေါ့။


အာလူးတွေ၊ကြက်သွန်တွေလည်း ၀ယ်ခဲ့တယ်။




အသားမျိုးစုံပါ။


အိုအိရှိ sushi လည်း ၀ယ်လို့ရပါတယ်။

DAISO, 100 yen shop

အသီးအရွက်မျိုးစေ့လေးတွေ လိုချင်တာရယ်၊ တိုလီမိုလီလေးတွေပါ ၀ယ်ချင်တော့ ယန်း ၁၀၀ ဆိုင်ကိုပါ ၀င်ခဲ့ပါတယ်။ ယန်း၁၀၀ ဆိုင်က ပစ္စည်းစုံလင်လှပါတယ်။ တချို့ပစ္စည်းက ယန်း ၁၀၀ ထက်ဈေးကြီးတာရှိတယ်။ တချို့ပစ္စည်းက ယန်း ၁၀၀ ထက်ဈေးနည်းတာရယ်ရှိပါတယ်။ အားလုံးကို ပျမ်းမျှထားလိုက်ပြီး ဘာပစ္စည်းယူယူ ယန်း၁၀၀ နဲ့ရောင်းလို့ ဂျပန်မှာ ယန်း ၁၀၀ဆိုင်က စိတ်ဝင်စားဖွယ်နေရာတခုပါ။ အပ်ချည်လုံး၊ အပ်၊ စာရေးကိရိယာ၊ ဆပ်ပြာမျိုးစုံကအစ ဂျပန်လက်ဆောင်ပစ္စည်းသေးသေးလေးတွေပါ အမှတ်တရ ၀ယ်လို့ရပါတယ်။ အိမ်ရှင်မတွေအတွက် မီးဖိုချောင်ပစ္စည်းလည်း စုံလင်လှတာမို့ သေးသေးမွှားမွှားလိုတာရှိရင် မသွားမနေသွားရတဲ့ ယန်း ၁၀၀ ဆိုင်တွေပါ။

တိုလီမိုလီထည့်စရာလေးတွေ။


ပန်းအိုး၊မြေနဲ့ မျိုးစေ့တွေ။


တိတ်၊စတစ်ကာမျိုးစုံတွေ။


ပလက်စတစ်အသုံးအဆောင်ခွက်တွေ။


စာရေးကိရိယာတွေ။


ဈေးဝယ်ပြီး အမောပြေ အအေးလေးသောက်သွားပါဦး။

အပျင်းပြေ ပို့စ်ဖတ်ရင်း ဘလော့ဂ်ဈေးလည်း ၀ယ်ရင်းနဲ့ ပျော်ရွှင်သော စနေ၊ တနင်္ဂနွေလေးတွေ ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မဇနိ

Read more...

လွမ်းမိတဲ့အရာ

>> Thursday, June 12, 2008


လွမ်းမိတဲ့အရာ
မဇနိ
4 June 2008

မမေအောင်ရဲ့ ခါဝဿန်ကဗျာကို ဖတ်လိုက်ရတော့ မဆီမဆိုင် အိမ်က ထမင်းဝိုင်းကို သတိရမိတယ်။ သာမန်မဟုတ်တဲ့ မိုးလေးတဖြောက်ဖြောက်ကြားက ထမင်းဝိုင်းပါ။ “မိုးကလေးညိုညို၊ လွမ်းမျက်ရည်လေးလည်၊ ငယ်ငယ်တုန်းက သူငယ်ချင်းကို သတိရပါတယ်….“ ဒီလိုလေး သီချင်းဆိုရရင် အလွမ်းများပြေမလား စိတ်ကူးကြည့်မိတယ်။ တကယ်တော့ ရောက်တဲ့အရပ်မှာ မိုးရွာတိုင်း လွမ်းမိတာက ငယ်ငယ်က သူငယ်ချင်းတွေပါသလို မိသားစု ထမင်းဝိုင်းလေးလည်း ပါပါတယ်။


အိမ်မှာနေတုန်းက မိုးရွာရင် အဖေက အလုပ်မသွားရတော့ သိပ်ပျော်ပါတယ်။ မနက်လင်းလို့ မိုးသံတဖြောက်ဖြောက်ကြားရရင် “ဒီနေ့တော့ ဇိမ်ကျတော့မယ်ဟေ့“လို့ အဖေက ပြောလေ့ရှိပါတယ်။ တချိန်တည်းမှာပဲ အမေရဲ့ ကြေးစည်ထုအမျှဝေသံပါ ကြားလိုက်ရပါတယ်။ အမေက ထကြတော့ဆိုရင် စားတော်ပဲပြုတ်၊ ငါးပိထောင်းနဲ့ သရက်ချဉ်သုပ်ပါတဲ့ ထမင်းပူပူလေးက အဆင်သင့်ဖြစ်နေပါပြီ။ ရေနွေးကြမ်းနဲ့ ထမင်းပူပူလေး စားပြီးရင် အဖေက အိမ်မှာ ပြုပြင်စရာလေးတွေ ပြင်တယ်။ ဘုရားစင်ကို ရှင်းလင်းတယ်။ ကျွန်မနဲ့ အငယ်တွေကတော့ ဆူးပုပ်ညွန့်၊ သြဇာညွန့်၊ ကင်ပွန်းညွန့်စတာတွေကို ခမောက်လေးတွေဆောင်းပြီး ခူးကြတယ်။ အမေ့ကို ကူချင်ကြတာ ပြာယာခတ်နေအောင်ပါပဲ။ အမေကတော့ နေ့လည်စာချက်ဖို့ ပြင်ဆင်နေပါပြီ။ ရွာကအဒေါ်တွေ လက်ဆောင်ပေးထားတဲ့ မြေပဲအစိုတွေကို သန့်စင်ပြီး မြေပဲပြုတ်အိုးလည်း အမေက ပြင်ပြီးပါပြီ။

အိမ်မှာအဖေဆီကပ်နေဖို့ မောင်နှမတွေ နေရာလုရပါတယ်။ အဖေက မျက်မှန်ကြီးတပ်ပြီး ဘုရားဟောဇာတ်တော်တွေကို ဖတ်ပြမှာမလို့ပါ။ ပြီးအဖေ့နားမှာ အတင်းတိုးဝှေ့အိပ်ရတာ အတော်ပျော်စရာကောင်းပါတယ်။ များသောအားဖြင့်တော့ မောင်နှစ်ယောက်က အဖေ့ဘေးမှာ နေရာရပါတယ်။ အဲဒီခါကျတော့ အဖေက ငါးစပ်စောင်လို့ခေါ်တဲ့ အညာစောင်အကြီးကြီးကို ကျွန်မတို့အားလုံးလုံအောင် ခြုံပေးပြီး စာဖတ်ပြတယ်။ ပုံပြင်တွေပြောပြပါတယ်။ ခဏနေရင် မောင်ငယ်တွေက အိပ်ပျော်သွားကြတယ်။ အဖေလည်း မျက်မှန်ကြီးတပ်လျက်နဲ့ အိပ်ချင်အိပ်သွားတတ်တယ်။

ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

ကျွန်မတို့အိမ်မှာ စားပင်တော်တော်များများ ရှိပါတယ်။ အိမ်ရှေ့မှာ ခါးတက်ပင်ဆိုတာ ရှိတယ်။ သူကတော့ အရွက်နုကိုခူး ရေဆေးပြီး စဥ့်အိုးသန့်သန့်မှာ ဆန်ဆေးရည်နဲ့ စိမ်ရပါတယ်။ ပြီးရင် နေပူမှာထားရပါတယ်။ ၃ ညအိပ်ပြီးလောက်ဆိုရင် စားလို့ရပါပြီ။ ခါးတက်ချဉ်လို့ခေါ်ပေမယ့် အချဉ်အရသာမဟုတ်ပါဘူး။ ငါးပိချက်နဲ့ အတို့အမြုပ်လုပ်နိုင်သလို သုပ်စားလည်း စိမ့်တဲ့အရသာ ရှိပါတယ်။ ခါးတက်ရွက်သုပ်မယ်ဆိုရင်တော့ မြေပဲဆန်လှော်ကို ထောင်းရပါတယ်။ ကြက်သွန်ဖြူလေးဆီချက်ပြီး ပုဇွန်ခြောက်၊ ခရမ်းချဉ်သီးတလုံးနဲ့ ခါးတက်ရွက်ကို ကတ်ကြေးနဲ့ နုတ်နုတ်ကိုက်ပြီး သုပ်ရပါတယ်။ အတော်စားကောင်းလှပါတယ်။ မောင်လေးတွေက မနက်စောစော ၅ နာရီလောက်နိုးတဲ့နေ့ဆို အပင်ပေါ်တက်ပြီး အရွက်နုတွေ ခူးပါတယ်။ ကျွန်မက သူတို့ခူးလာတဲ့အရွက်တွေ သန့်စင်ပြီး အမေကို ပေးရပါတယ်။ စားလို့ရတဲ့အနေအထားရောက်လာပြီဆိုရင် အိမ်နားနီးချင်းမိတ်ဆွေများကို လိုက်ဝေငှပေးပါတယ်။ ရင်းနှီးသူတချို့ကလည်း ခါးတက်ချဉ်ရှိရင် ပေးပါလို့ လာတောင်းတတ်ပါတယ်။ ရှိတော့လည်း ပေးလိုက်တာပေါ့နော်။ ဒါလည်း ဘာအစပ်အဟပ်တည့်တယ်တော့ မပြောတတ်ဘူး။ အမေလုပ်တဲ့ ခါးတက်ချဉ်က ပိုအရသာရှိတယ်လို့ ပြောကြပါတယ်။ ကျွန်မကျောင်းသွားတက်တော့မယ်ဆို ခါးတက်ချဉ်က တပုလင်းအမြဲပါတတ်တယ်။ သူငယ်ချင်းတွေကလည်း ကြိုက်တော့ ယူသွားရပါတယ်။ ခါးတက်ချဉ်ကတော့ အိမ်မှာ မပြတ်ရှိတတ်ပါတယ်။ အခုတော့ မောင်လေးတွေလည်း ခူးကြသေးရဲ့လား မမေးမိတော့ဘူး။

ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

သြဇာပင်၊ ဆူးပုပ်လေးပင်၊ ကင်မွန်းချဉ်ပင်၊ ပင်စိမ်းပင်နဲ့ ရှောက်ပင်စတာလေးတွေ အမေက စိုက်ထားတတ်တယ်။ သြဇာပင်က စစချင်းဆို ၃ လုံးသီးတယ်တဲ့။ သြဇာပင် ၃ လုံးစသီးပြီဆိုရင် ကျွန်မကျောင်းက ပြန်လာတတ်တယ်တဲ့ အမေကတော့ အဲလို မှတ်ထားတတ်တယ်။ ဆူးပုပ်လေးပင်ဆိုတာ အရွက်အသေးလေးတွေနဲ့ ဟင်းချိုချက်သောက်ရတယ်။ ကြက်ဥနဲ့ကြော်စားရတယ်။ တပင်ရှိရင် ခူးစားလို့ မနိုင်ပါဘူး။ ဆူးပုပ်ရွက်ခူးတဲ့နေရာမှာလည်း မောင်လေးက တော်ပါတယ်။ ကျွန်မခူးရင် အရွက်လည်းမရဘူး။ ဆူးစူးလို့လည်း ငိုရပါတယ်။ ကင်မွန်းရွက်လည်း မောင်လေးပဲ ခူးပေးတတ်ပါတယ်။ ပြီးတော့ အမေက နှမ်းဖတ်ချဉ်လည်း ထည့်တတ်တယ်။ နှမ်းစေ့၊ မြေပဲစေ့ကနေ ဆီထုတ်ပြီး ကျန်နေတဲ့ အဖတ်ကို နှမ်းဖတ်လို့ခေါ်ပါတယ်။ စက်ကနေထွက်လာတာကို မသုံးပါဘူး။ နွားဆုံနဲ့နယ်ပြီးထွက်လာ တဲ့ အဖတ်ကိုမှ အချဉ်ထည့်ပါတယ်။ နှမ်းဖတ်ချဉ်ပေါ့နော်။ နှမ်းဖတ်ချဉ်ကို ရှောက်ရွက်လေးနဲ့သုပ်စားရင် အတော်အရသာရှိပါတယ်။ နှမ်းဖတ်ချဉ်ကို ၀က်သားနဲ့စပ်စပ်လေးလည်း ချက်စားလို့ကောင်းပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။

ကျွန်မတို့ အညာဖက်တွေက ဟင်းသီးဟင်းရွက်တွေ ဈေးပေါပေါလည်းရတယ်။ လတ်လတ်ဆတ်ဆတ်လည်း ရပါတယ်။ မြို့ဈေးမှာ မနက်ဝေလီဝေလင်းဆိုရင် အနီးအနားကရွာတွေက လာရောက်ရောင်းချတဲ့ ဟင်းသီးဟင်းရွက်သည်တွေနဲ့ စည်ကားလှပါတယ်။ ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ ရွာတွေက လာရောက်ရောင်းချကြပါတယ်။ တချို့လည်း စက်လှေနဲ့လာကြတယ်။ တချို့လည်း ခြေလျင်လာကြတယ်။ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ သခွါးသီး၊ ငရုတ်သီးအစို၊ အခြောက်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်စသည်ဖြင့် မျိုးစုံဝယ်လို့ကောင်းလှတယ်။ ခရမ်းချဉ်သီးဆို ၅၀ သား၊ ၁ပိသာ အနည်းဆုံးထား ၀ယ်ရတယ်။ ခရမ်းချဉ်သီး ခပ်စိမ်းစိမ်းတွေကလည်း သုပ်စားလို့အနေတော်တွေပေါလှတယ်။ ခရမ်းသီးဆိုတာ အစိမ်းရောင် အကြီးကြီးတွေပါ။ တလုံးကို ၅၀ ကျပ်သားလောက်ရှိတတ်ပါတယ်။ အဲလိုအရွယ်ခပ်ကြီးကြီးခရမ်းသီးကို မီးဖုတ်ပြီး နံနံပင်လေးနဲ့ ပဲဆီမွှေးမွှေးလေးနဲ့သာ သုတ်စားလိုက်ရရင် ထမင်းစားမြိန်ပြီပဲ။ ၀က်သားနဲ့ ခရမ်းသီးနှပ်မယ်ဆိုလည်း စားလို့ကောင်းလှပါတယ်။ ဒီမှာတော့ ခရမ်းသီး အညိုရောင်တွေ အတွေ့ရများပါတယ်။ ငရုပ်သီးစိမ်းပုံတွေက ကြီးလွန်းလို့ ဈေးသည်ကိုတောင် ကွယ်လုနီးနီးဖြစ်နေတတ်တယ်။ စားစရာ အသီးတွေကလည်း မျိုးစုံပေါလှပါတယ်။ အမေနဲ့ဈေးလိုက်ရင် အပြန်မှာ မနည်းသယ်ရတယ်။



ဓာတ်ပုံကိုဒီနေရာကယူပါတယ်။


ကျွန်မတို့မြို့မှာ အိမ်ရှေ့ကိုလည်း ခေါင်းရွက်ဈေးသည်တွေ လာရောင်းတတ်ပါတယ်။ သူတို့ကတော့ မြို့ဈေးကို မနက်အစောထသွား ဖောက်သည်ယူလာပြီး တောင်းနဲ့ခေါင်းပေါ်ရွက် တအိမ်ဆင်းတအိမ်တက် လည်ရောင်းပါတယ်။ ဈေးနှုန်းကအတော်လေးကွာတော့ အမေကတော့ အရေးကြီးလှမှ ၀ယ်ပါတယ်။ ချဉ်ပေါင်ရွက်တစည်းကို ၂ ကျပ်လောက်အိမ်ရှေ့မှာပေးဝယ်ရရင် ဈေးမှာဆို ၁၀ဖိုး ၁၅ စည်းလောက်ရပါတယ်။ အပိုဆိုတာ ၂စည်း ၃စည်းပေးလိုက်သေးတယ်။ ငရုပ်သီးစီမ်း၂ကျပ်ဖိုးဆို လက်တဆုပ်စာလောက်ရတဲ့ဟာက ဈေးမှာဆို ၅ကျပ်ဖိုးလောက်ဝယ်ရင် သုံးပေတော့။ သံပုရာသီး၊ ဒညင်းသီးဆို တောင်ပုံရာပုံပေါလှတယ်။ ဒါပေမယ့်လည်း ဟင်းအိုးတည်နေရင် လိုလာတာမျိုးဆိုရင်တော့ ခေါင်းရွက်ဈေးသည်ဆီမှာ ၀ယ်ရပါတယ်။ တချို့ကတော့ ဈေးသွားမည့်သူမရှိတာ၊ သွားမ၀ယ်ချင်တဲ့အိမ်တွေကတော့ ခေါင်းရွက်ဈေးသည်တွေကို ကန်ထရိုက်ဆွဲထားတတ်ပါတယ်။ သူတို့ဖောက်သည်အိမ်ဆို ဈေးသည်တွေက ပါလာတဲ့ ထမင်းထုပ်ဖြေစားရင်း၊ ဖက်ဆေးလိပ်လေးသောက်ရင်း တမေ့တမော ဈေးရောင်းတတ်ပါတယ်။ အဲဒီဈေးသည်တွေကလည်း ဧရာဝတီမြစ်တလျှောက်ရွာတွေကနေ လှေနဲ့လိုက်လာကြပါတယ်။ သူတို့မှာ တောင်းအခွံနဲ့ ထမင်းထုပ်လေးတွေပဲ ပါတတ်ပါတယ်။ အဲဒီကနေမှ ဈေးကို ဖောက်သည်သွားယူပြီး မြို့ထဲမှာ လှည့်လည်ရောင်းချပါတယ်။ နေအတော်မြင့်ရင်တော့ သူတို့လိုတာလေးတွေ မြို့ကနေ၀ယ်ပြီး သူတို့ရွာလေးဆီ ပြန်သွားကြရင်း တနေ့စာ ၀မ်းရေးကို ဖြေရှင်းကြပါတယ်။ မနက် ၃နာရီ ပတ်ဝန်းကျင်ဆို ကျွန်မတို့မြို့လေးဆီလာနေတဲ့ စက်ဘီးသံ၊ ဆိုက်ကားသံတွေကို တောလမ်းဖက်ဆီမှာ ကြားနိုင်ပါတယ်။ တချို့ဆိုရင် ခပ်မှောင်မှောင်လရောင်အောက်မှာ ရှေ့နောက်အထုပ်ကြီး၊ အထုပ်ငယ်အသွယ်သွယ်တင်ပြီး သီချင်းလေးတောင်ညည်းလာတာတွေ တွေ့ရပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။


အမေကတော့ ငရုပ်သီးပေါ်ချိန်၊ သရက်သီးပေါ်ချိန်ဆို အဲဒီဈေးသည်တွေနဲ့ သူတို့ရွာကမှာလိုက်တယ်။ ဈေးလည်း အတော်ချိုတယ်လေ။ ပင်ရင်းကရသလိုဆိုတော့ များများဝယ်ပြီး တနှစ်စာအခြောက်လှမ်းထားတတ်တယ်။ ငယ်ငယ်ကဆို ငရုတ်သီးထောင်းစားချင်ရင် အမေလှမ်းတဲ့ ငရုတ်သီးမှည့် နီနီရဲရဲတွေထဲက ပြေးယူပြီး ထောင်းစားရတာ အတော်ကောင်းပါတယ်။ သူတို့ရွာတွေက လက်ပံကောင်းခြောက်လည်း မှာလို့ရပါတယ်။ လက်ပံပွင့်ကို အခြောက်လှမ်းထားပြီး ၁၆ ပြည်ဆန့်တဲ့တစ်တင်းမှ ၄၀ ကျပ်လောက်ပေးရတာပါ။ လက်ပံခေါင်းခြောက်ကို ပုန်းရည်ကြီး၊ ၀က်သား၊ မျှစ်ခြောက်၊ ပဲပင်ချဉ်လေးနဲ့ရောပြီးချက်ရင်တော့ ထမင်းစားလို့ကောင်းပြီပေါ့နော်။ အဲဒီဈေးသည်တွေဆီကနေ ပျားရည်စစ်စစ်လည်း မှာလို့ရသဗျ။ သရက်သီးခြောက်၊ မျှစ်ခြောက်၊ လက်ပံပွင့်ခြောက်တွေကို များများဝယ်ထားတာက မိုးရာသီဆို အတော်အသုံးဝင်တာကိုး။

နောက်တမျိုးက နေ့လည်ခင်းဆိုရင် ရွာတွေက လာရောင်းတဲ့ဈေးသည်တွေပါ။ သူတို့ကလည်း ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ သမုန်းရွက်၊ သမုန်းဖူး၊ ကင်းမုံရွက်၊ ကင်းမုံသီး၊ ကင်းမုန်ချဉ်၊ ငှက်ပျော်ဖူး၊ အဝေရာရွက်၊ မြင်းခွာရွက်စတာတွေ ရောင်းပါတယ်။ တောကန်းစွန်းခေါ်တဲ့ အညိုရောင်အရိုးနဲ့ ကန်းစွန်းရွက်ညွန့်လေးတွေက ချဉ်ဟင်းချက်ရင် ပိုကောင်းတယ်လို့ အမေကပြောပါတယ်။ သူတို့ဆီက စကောတချပ်နဲ့ ချဉ်ဟင်းချက်ဖို့ အရွက်စုံထည့်ပါဆိုရင် ၁၀ ဖိုးဆို တအိမ်လုံးစားပေတော့။ မြင်းခွာရွက်တွေက ပြောင်းခင်းတောမှာ အတော်ပေါဆိုပဲ။ မြင်းခွာရွက်သုပ်လေးလည်း စားရရင်သိပ်ကောင်းလှပါတယ်။ ကင်းမုန်ရွက်၊ ကင်းမုန်သီး၊ မန်ကျည်းရွက်လေးနဲ့သိပ်ထားတဲ့ ကင်းမုန်းချဉ်ကိုလည်း ငါးပိနဲ့ကြော်လိုက်ရင် စားလို့မြိန်တဲ့ ဟင်းတခွက်ရပါတယ်။


ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

ရွာကို အလည်သွားရင်တော့ အဒေါ်က မျှစ်စိမ်းဆန်ဟင်းအိုး တည်ထားတယ်။ အိမ်နားက ကလေးတွေနဲ့ တောထဲလိုက်သွားမယ်ဆိုပြီး အဒေါ့်ဟင်းအိုးအတွက် ဟင်းရွက်ခူးပေးခဲ့ဖူးတယ်။ အတင်းလိုက်ချင်နေလိုက်သွားဆိုပြီး ခွင့်ပြုချက်ရလို့ကတော့ ပျော်လိုက်တာ ပြောမနေနဲ့တော့။ ခြင်းတောင်းတလုံးဆွဲပြီး လိုက်သွား။ ဟိုရောက်ရင် အရွက်တွေပေါလိုက်တာ။ ကုလားပဲရွက်၊ ရေနဒေါင်းရွက်၊ ပီလောရွက်၊ ကန်းစွန်းရွက်၊ ပဲရွက်၊ ပဲသီးနုနု။ ဖရုံရွက်၊ ဖရုံသီးနု၊ ခရဲသီးနုစတာတွေပေါ့။ ရွာကန်သင်းက ဆူးပုပ်ရွက်လေးရယ်၊ ပီလောရွက်၊ ကန်စွန်းညွန့်လေးကို ရေဆေးပြီး မျှစ်စိမ်းဆန်ဟင်းအိုးထဲထည့်လိုက်လို့ကတော့ ဟင်းချိုအတွက် ပြောစရာမလိုတော့ဘူး။ ချဉ်ပေါင်သီးကို မြေပဲဆန်လေးနဲ့ထောင်း၊ ငါးပိကောင်ကြော်လေးနဲ့ ဟင်းချိုသာရောပြီး လွေးလိုက်ရရင် ဆွေမျိုးမေ့သွားမလားနော်။ အဒေါ်တို့အိမ်ဝန်းထဲက တမာရွက်ကလည်း သိပ်မခါးလှဘူး။ တရွာလုံးက အဲဒီအပင်ကို စားတမာပင်လို့ သတ်မှတ်ပြီး စားကြတယ်။ တခါတလေ တမာရွက်တို့လေးနဲ့ ငပိရည်ဖျော်လေးလည်း လွမ်းမိပါတယ်။ ပဲပိစပ်ကနေလုပ်ထားတဲ့ ပဲပုပ်ပြားကလည်း အဒေါ်တို့ရွာဖက်က အများဆုံးထွက်တာပါ။ ကြက်သွန်ဖြူတောင့်တွေနဲ့ရောလုပ်ထားတဲ့ ပဲပုပ်ပြားကို ကြော်စား၊ မီးကင်စား ကြိုက်သလိုစားလို့ကောင်းပါတယ်။ ကျောင်းသွားတက်ရင် ပဲပုပ်ပြားတွေကို ငရုပ်သီးနဲ့ကြွပ်နေအောင်ကြော်ပြီး လာပို့ပေးတဲ့အဒေါ်ကိုလည်း သတိမိပါတယ်။ မျှစ်စိမ်း၊ မျှစ်ဆူးထိုးဆိုတာတွေကလည်း ကျွန်မတို့မြို့ကို အနယ်နယ်ကတင်သွင်းတဲ့အထဲမှာ အဒေါ်တို့ဆီကလာတဲ့မျှစ်ကမှ အရသာလေးလေးပင်ပင်ရှိတယ်တဲ့။

ပဲရှည်သီးလို့ခေါ်တဲ့ ပဲလင်းမြွေသီး၊ ခ၀ဲသီး၊ ကဆစ်သီးဆိုတာတွေကလည်း ရွာမှာတော့ အတော်ပေါပါတယ်။ ကားလမ်းဘေးရွာတွေမှာဆိုရင် ပန်းမုံလာပွင့်တွေရောင်းနေတာ အလကားပေးနေသလိုပါပဲ။ မြို့ဖက်ကလူတွေဖြတ်သွားကြရင် ကားတွေရပ်ပြီး ၀ယ်ကြတာ အလုအယက်ပါ။ ကျွန်မတို့အိမ်ကတော့ ၀ယ်မစားရတာများပါတယ်။ လူကြုံတိုင်းထည့်ပေးတတ်တဲ့ အဒေါ်လက်ဆောင်တွေနဲ့တင် အိမ်နားနီးချင်းတွေပါ ပေးလို့ရပါတယ်။ တခါတလေ တနဲရည်လို့ခေါ်တဲ့ ထန်းလျက်မလုပ်ခင် သကာရည်ကိုလည်း ပို့ပေးလို့စားရပါတယ်။ ပေါက်ပေါက်ခပ်ထားတဲ့ ပေါက်ပေါက်ထန်းလျက်၊ ဇီးထန်းလျက်ကလည်း အိမ်မှာမပြတ်ပါဘူး။ ပြတ်ရင်လည်း အမေမှာ ၀ယ်ရတာပါ။ အိမ်က မောင်လေးက ထန်းလျက်ကို ဟိုဖက်ပါးစောင် ဒီဖက်ပါးစောင်အပြည့်စားတတ်တယ်။ သူက ထန်းလျက်မရှိရင် အမေ့ကို ဂျီကျတတ်လို့ အမြဲမပြတ်ဆောင်ထားရပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။

ကျွန်မတို့မြို့ကို နောက်လွမ်းစရာတခုကတော့ မွှေးကြိုင်လှတဲ့ သနပ်ခါးပါ။ သနပ်ခါးဆိုရင် အစွဲကြီးတယ်ပြောပြော မြို့ကသနပ်ခါးမှလိမ်းတတ်ပါတယ်။ အပွေးကောင်းမှ အဖြူမျိုးမှဆိုပြီးလည်း ကျွန်မက ရှာဖွေဝယ်တတ်ပါတယ်။ သနပ်ခါးကိုတော့ ကြည့်လိုက်တာနဲ့ ကောင်းမကောင်းတန်းသိပါတယ်။ မြို့လယ်မှာ အရင်က ဘုန်းကြီးကျောင်းဝိုင်းအဟောင်းတခုရှိတယ်။ ခုတော့ သနပ်ခါးပွဲရုံဝိုင်းဖြစ်သွားပါပြီ။ အလည်လာတဲ့ဧည့်သည်တွေ၊ တခြားမြို့ကို လက်ဆောင်ပေးမယ်ဆိုရင် အဲဒီမှာ သွားဝယ်လို့ရပါတယ်။ မွှေးလားဆိုတာ ကျောက်ပျဉ်လေးတွေနဲ့သွေးပြတတ်တယ်။ သနပ်ခါးအ၀ါမျိုးကို တချို့ကတော့ ကြိုက်ပါတယ်။ ကျွန်မကတော့ လိမ်းပြီးနည်းနည်းကြာရင် အရောင်မဲသွားလို့ အ၀ါမျိုးကို မကြိုက်ပါဘူး။ အိမ်ရှေ့ကိုလာရောင်းတဲ့တောသည်တွေဆီကနေ ကျောက်ကုန်းသနပ်ခါးဆိုတာလေးတွေ ၀ယ်လို့ရပါတယ်။ သူတို့ရွာတွေမှာ ယာခင်းကျောက်ကုန်းမြေတွေမှာ အလေ့ကျပေါက်တဲ့ ကုန်းသနပ်ခါးကျစ်ကျစ်လေးတွေက သိပ်မွှေးတာ။ ပိုင်ရှင်မရှိပဲ အလေ့ကျပေါက်တာဆိုတော့ လိုက်ရှာတူးပြီး ရောင်းချပါတယ်။ များသောအားဖြင့်မြေတွင်းက တူးယူရပါတယ်။ အဲဒီသနပ်ခါးတုံးအကျစ်တွေ ပိုမွှေးတော့ အမေက တောသည်တွေဆီက ၀ယ်ဝယ်ထားပါတယ်။ အမေက ၀ယ်ထားလိုက်၊ ကျွန်မက ကျောင်းကိုသယ်သွားလိုက်ပေါ့နော်။ ကျွန်မဒီကိုသွားမယ်ဆိုတော့ “အမေတို့လာရင် သနပ်ခါးတုံးယူခဲ့ပါ။ ယူသွားချင်လို့“ လို့ပြောမိပါတယ်။ အစ်ကိုတွေဝယ်ပေးလိုက်တာဆိုပြီး တတောင်ထွာလောက်ရှိတဲ့ သနပ်ခါး၁၀တုံးသယ်ချလာလို့ ရန်ကုန်က ဆရာမတွေဆီ ပြေးကန်တော့ခဲ့ရပါတယ်။ “အကုန်သယ်သွားပါအေ“ လုပ်နေလို့ အမေ့ကို မနည်းပြောခဲ့ရတာမှတ်မိပါတယ်။

နေ့လည်စာကို ဆူးပုပ်ရွက်ပဲလေးဟင်းချို၊ ငါးပိကောင်ချက်၊ မျှစ်ထောင်းလေးနဲ့ မန်းကျည်းချဉ်သုပ်နဲ့ အမေက ပြင်ဆင်ပြီးရင် တခါလွေးကြပါတော့တယ်။ နေ့လည်စာပြီးရင်တော့ အမေပြုတ်ထားတဲ့ မြေပဲပြုတ်ပူပူလေးစားရတယ်။ ညနေ ၄ နာရီလောက်ဆို အမေက ညစာချက်ပြုတ်နေပြီ။ စောင်ခြုံထဲကနေ ဟင်းနံ့တွေရလို့ ဗိုက်ဆာလှပါပြီ။ ညနေဆိုရင်တော့ မျှစ်နဲ့ချဉ်ပေါင်ကို ငရုတ်သီးစိမ်းစပ်စပ်လေးချက်ရင်ချက်တယ်။ သရက်သီးခြောက်နဲ့ ၀က်သားလေးဖြစ်ဖြစ်။ မိုးတွေရွာနေတုန်း ဟိုအိမ်က ငါးပိကြော်နံ့၊ ဒီအိမ်က ချဉ်ပေါင်ချက်နံ့နဲ့ ကလေးတွေကတော့ ဗိုက်ဆာလို့ အမေ့နားသွားသွားချောင်းနေရပါတယ်။ တအိမ်နဲ့တအိမ်ကလည်း ဘာဟင်းချက်ကြလဲ၊ ဒို့တော့ ကျက်ပြီဆိုတာတဲ့ မေးကြ၊ ဖြေကြ၊ ဟင်းတွေဝေမျှစားကြတာတွေကို မိုးအေးအေးမှာ သတိရမိရင်း အညာဒေသရဲ့ နွေးထွေးလှိုက်လှဲမှုက ဘယ်နေရာနဲ့မှ တူနိုင်မယ်မထင်ဘူးလို့ တွေးမိပါတော့တယ်။

မဇနိ

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP