ဟောလာပြီ ဟောပြန်သွားပြီ

>> Thursday, June 5, 2008


ဟောလာပြီ ဟောပြန်သွားပြီ
5 June 2008

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ဘာသာပြန်ဝတ္ထုတိုလေးတစ်ပုဒ်ကို ပြန်ဝေမျှချင်တာပါ၊ အဲဒီဝတ္ထုတိုရဲ့ မူရင်းစာရေးဆရာကို သိဖို့ဝေးစွ၊ ဘာသာပြန်သူကိုတောင် မမှတ်မိပါဘူး။ မဂ္ဂဇင်းတစ်ခုထဲမှာ ဖတ်ဖူးတာပါ။ သုတပဒေသာ မဂ္ဂဇင်းထဲမှာ ဖတ်ဖူးတာလို့ ထင်ပါတယ်။ မှတ်မိသလောက်ပဲ ပြန်ပြောပြမှာပါ။


ဇာတ်လမ်းက စားသောက်ဆိုင်တစ်ခုထဲမှာ အလောင်းအစားဖြစ်သွားတာကို ရေးထားတာပါ။ စားသောက်ဆိုင်က ခရီးဝေးသွားလမ်းမကြီးရဲ့ဘေးမှာရှိတဲ့ ဆိုင်တစ်ခုပါ။ သဘောက ခရီးသွား လူစိမ်းသူစိမ်းတွေ ၀င်လေ့ထွက်လေ့ရှိတယ်ပေါ့။ တနေ့ အဲဒီဆိုင်ကို ခရီးသွားတစ်ယောက်ရောက်လာတယ်။ ဆိုင်ထဲက ထောင့်တစ်နေရာ စားပွဲမှာ ထိုင်ပြီး စားစရာ သောက်စရာတွေကို မှာယူစားတယ်ပေါ့ဗျာ။ ဆိုင်ရှင်လုပ်သူကလည်း အဲဒီအချိန် ဆိုင်မှာလူရှင်းတော့ ဧည့်သည်နဲ့ အလာပ သလာပ သွားပြီးစကားပြောတာပေါ့။

ဆိုင်ရဲ့နံရံတနေရာမှာ ချိန်သီးလွှဲ တိုင်ကပ်နာရီတစ်လုံးရှိတယ်ဗျ။ စကားတွေပြောရင်းနဲ့ ဆိုင်ရှင်က ပြောတယ် - သူက နာရီ ချိန်သီးကို စိုက်ကြည့်ပြီး ချိန်သီးက ဒီဘက်ကို လွှဲလာရင် ဟောလာပြီ၊ ပြီး ဟိုတစ်ဘက်ကို လွှဲသွားရင် ဟောသွားပြီ - အဲသလို အကြာကြီးပြောနိုင်သတဲ့။ ခရီးသွားကလည်း မဖြစ်နိုင်တာဗျာ၊ ချိန်သီးလေး လွှဲတာ တချက်ကလေးတောင် အပျက်မခံဘဲ ပြောနိုင်တယ်ဆိုတာတော့ ဟုတ်သေးပါဘူးပေါ့။ ဆိုင်ရှင်ကလည်း ဟုတ်ပါတယ်ဆိုဗျာ။ လောင်းမလားတဲ့။ ကဲဗျာ ဒါဆို လောင်းတဲ့။ အချိန်တော့ သတ်မှတ်မယ် နာရီဝက်လုပ်ဗျာ။ ဆိုင်ရှင် က နာရီဝက်မဟုတ်ဘူး တစ်နာရီဗျာ။ လောင်းကြေးကတော့ ကျနော်က တစ်နာရီပြည့်အောင် ဟောလာပြီ၊ ဟောပြန်သွားပြီလို့ မပြောနိုင်ရင် ခင်ဗျားစားထားတဲ့ အဖိုးအခတွေ မပေးနဲ့။ ပိုက်ဆံ ဒီလောက်ထပ်ပေးလိုက်ဦးမယ်။ ကျွန်တော်က တစ်နာရီ ပြည့်အောင် ပြောနိုင်ရင်တော့ ခင်ဗျားက လောင်ကြေး ပိုက်ဆံ ဘယ်လောက်ပေးပေါ့။ သဘောတူညီမှုရပြီး အလောင်းအစားပွဲ စပါတော့တယ်။

ဆိုင်ပိုင်ရှင်က မတ်တပ်ကြီးရပ်၊ တိုင်ကပ်နာရီက ချိန်သီးကို ကြည့်ပြီး စပါတော့တယ်။ ချိန်သီးလွှဲချက်နဲ့အညီ
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ဟောလာပြီ …ဟောပြန်သွားပြီ..

နာရီဝက်လောက် ကြာတော့ ချွေးတွေ ဘာတွေ ထွက်လာတယ်၊ မောပန်းလာတယ်ပေါ့ဗျာ။ အာရုံစိုက်ရတာကိုး။ တချက်လေးတောင် လွတ်မသွားရအောင် နာရီချိန်သီးကို ကြည့်နေရတာ။ ပါစပ်ကလည်း နာရီချိန်သီး တချက်အလွှဲလေးတောင် အလွတ်မခံဘဲ ဟောလာပြီ …ဟောပြန်သွားပြီ…ကလည်း အော်ရသေးတာကို။ နိုင်ချင်ဇောလေးကပ်ထားတော့ အာခေါင်ခြောက်လာလည်း ရေသောက်မရပ်ရဲပါဘူး။

တစ်နာရီပြည့်ကာနီးကျတော့ သူ့မိန်းမ ဆိုင်ကို ရောက်လာပါရော။ သူ့ယောက်ျား ဘာလုပ်နေပါလိမ့်ပေါ့။ တစ်ယောက်တည်း မတ်တပ်ကြီး ရပ်၊ တိုင်ကပ်နာရီကို ကြည့် ဟောလာပြီ ဟောသွားပြီ တွေအော်နေတယ်။ ရူးများသွားသလားပေါ့။
လူကို သွားပုတ်ပြီး
- ရှင်ဘာလုပ်နေတာလဲ။
- ခွမ်း
(ဟောလာပြီ …ဟောပြန်သွားပြီ..အော်တာပျက်မှာ စိုးလို့ ဘေးနားစားပွဲပေါ်က ပန်ကန်တစ်ချပ်နဲ့ မိန်းမကို ပစ်ပေါက်လိုက်တာပါ။)
- ပြောလေ ဆိုးလေပါလား ရှင်ဘာလုပ်နေတာလဲ ပြောပါဆို။
- ခွမ်း ခွလွမ်း
(ပါးစပ်မှ မအားတာ၊ ဟောလာပြီ …ဟောပြန်သွားပြီ..ကို ရပ်ပြီး ပြန်လည်း မဖြေအားဘူးလေ။)

ငါ့ယောက်ျားတော့ ဘာဖြစ်နေပါလိမ့်ဆိုပြီး တမျိုးပြီး တမျိုးမေးလေ ယောက်ျားလုပ်သူကလည်း ဘေးနားရှိတာနဲ့ ထုလေ။ ရှိသမျှ ပန်းကန်တွေ၊ ကော်ဖီခွက်တွေလည်း ကုန်ပါပြီ။
တစ်နာရီပြည့်ကာနီး လေးငါးမိနစ်လောက်ပဲ ကျန်တော့တာဆိုတော့ အားတင်းရတော့တာပေါ့
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း ခွလွမ်း
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း ခွလွမ်း

တစ်နာရီလည်း ပြည့်ရော
- ဟောလာပြီ …ဟောပြန်သွားပြီ..တစ်နာရီပြည့်ပြီ၊ ကဲ ကျုပ်နိုင်ပြီ - တဲ့။

လှည့်ကြည့်လိုက်တော့ ခရီးသွားဧည့်သည်လည်း မရှိတော့ပါဘူး။ သူ ဟောလာပြီ …ဟောပြန်သွားပြီ..လုပ်နေတုန်း အသာလေး ထွက်သွားတာပေါ့။
ကိုယ့်အတ္တကို ရှေ့တန်းတင်၊ တခြားဆုံးရှုံးတာတွေကို ထည့်မတွက်ဘဲ နေရာတကာမှာ အနိုင်လိုချင်လို့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့အရာတွေ လုပ်ရင်း၊ ကိုယ့်ဘက်က ဆုံးရှုံးသွားတာတွေကို မြင်လိုက်တိုင်း
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း ခွလွမ်း
ဆိုတဲ့ အသံတွေပဲ နားထဲကြားနေပါတော့တယ်။

7 comments:

မဇနိ June 5, 2008 at 4:14 PM  

အလောင်းအစားဆိုမှတော့ မကောင်းဘူးပေါ့ ကိုဇနိရယ်။

တားမြစ် ထားသော... June 5, 2008 at 5:00 PM  

ဟောလာတယ်....ဟောပြန်သွားပြီ။ (ပိုစ့်တွေ ဖတ်ပြီးလို့)

မေအောင် June 5, 2008 at 5:49 PM  

ကိုဇနိ
တူးဇီး(ခွမ်း၊ခလွမ်း)မလုပ်လိုက်နဲ့နော်
မဇနိကပိုလက်သံပြောင်မယ်ထင်တယ်။
စာကောင်းလေးတစ်ပုဒ်မို့ဝေမျှပေးတာကျေးဇူးပါ။

tmn June 5, 2008 at 6:46 PM  

ကိုဇနိ ဟောလာပြီ ... ဟောပြန်သွားပြီဆိုတာ ကျွန်တော်တို့ ကျောင်းဂိတ်ပေါက်ကို ဘောလုံးပွဲ သွားကြည့်သလိုပဲနော်... :P

မောင်ဖြူ June 5, 2008 at 7:31 PM  

ဟိုက်ကိုဇနိ၊
ဟောလာပြန်ပြီ၊ ဟောပြန်သွားပြန်ပြီ။
ပြီးတော့ရော၊
ပြီးတော့လား၊
ဘာ...............မှလဲထူးမလာပါဘူးကိုဇနိရယ်။
ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ဟောလာပြီ၊ ဟောပြန်သွားပြီမဟုတ်ဘူး။ ဟောလာပြီ၊ ဟောပြန်ပြတ်သွားပြီတဲ့ဗျ။ မီးလေ။
ခုတော့၊ ဟောပြတ်ပြီ၊ ဟောထပ်ပြတ်သွားပြန်ပြီလို့ ပြောရမလားမသိဘူး။ အဟီး။

Heartmuseum June 5, 2008 at 8:40 PM  

ဟား....ဟား... ကောင်းတယ်ဗျာ။
ခွမ်း ခွလွမ်း ဖုန်းဒိုင်း မိန်းမက နားရင်း ရိုက်သံ
မိုက်တယ်။ အတွေးတခု ရသွားတယ်ဗျာ။

ကိုရင်နော်ခင်လေးငယ် June 5, 2008 at 9:50 PM  

ဖတ်လို့ကောင်းတယ်...
ကိုဇနီ နှင့် မဇနီ peace...
;P

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP