ရွက်လှေ

>> Sunday, June 1, 2008


မိုးပြာရောင်ပင်လယ်ကြီးထဲက မြူမှုန်တွေအကြား
ရွက်လှေငယ်တစ်စင်း အထီးကျန်ရွက်လွှင့်နေလေရဲ့…
အပြောကျယ်လှတဲ့ပင်လယ်ပြင်ကြီးထဲမှာ သူဘာကိုများရှာဖွေနေတာပါလိမ့်…
မွေးရပ်မြေကဝေးရာဆီ သူဘာကိုများစွန့်ပစ်ချင်နေပါလိမ့်…

လှိုင်းတွေလဲပြေးဆော့၊ လေရူးကလဲရွှင်မြူးစွာတရွှီရွှီချွန်လို့
ရွက်တိုင်လေးကလဲ ခိုင်မြဲစွာချည်နှောင်ထားရင်းက ယိမ်းနွဲ့နေလေရဲ့…
အိုးရွက်လှေငယ်… ပျော်ရွှင်ခြင်းကိုသူရှာဖွေနေတာမဟုတ်
ပျော်ရွှင်ခြင်းကနေလဲ သူစွန့်ခွာပြေးနေတာမဟုတ်…

သူ့ရဲ့အောက်မှာ အပြာရောင်တောက်နေတဲ့ပင်လယ်ပြင်ကြီး
သူ့ရဲ့အထက်မှာတော့ သူရိန်နေမင်းကြီးရဲ့ ရွှေဝါရောင် ရောင်စဉ်တန်းတွေ…
ဒါပေမယ့် ရွက်လှေငယ်တောင်းဆိုနေတာက ဂဏာမငြိမ်ဖြစ်နေမယ့်မုန်တိုင်းတစ်ခု
မုန်တိုင်းတွေကြားမှာပဲ တည်ငြိမ်မှုဆိုတာရှိနေလေရော့လား…
Lermontov

ПАРУС
Белеет парус одинокой
В тумане моря голубом!..
Что ищет он в стране далекой?
Что кинул он в краю родном?..
Играют волны - ветер свищет,
И мачта гнется и скрыпит...
Увы, - он счастия не ищет
И не от счастия бежит!
Под ним струя светлей лазури,
Над ним луч солнца золотой...
А он, мятежный, просит бури,
Как будто в бурях есть покой!
Лермонтов (1832)

9 comments:

မဇနိ June 1, 2008 at 10:00 PM  

အပြာရောင်ပင်လယ်ြပင်ကြီး၊ သူရိန်နေမင်းနဲ့ ရွှေဝါရောင်စဉ်တန်းတွေရှိတာကို မပျော်မွေ့နိုင်ပဲ
သူ့ကို ဒုက္ခပေးမယ့် မုန်တိုင်းကို မျှော်လင့်နေတဲ့ ရွက်လှေငယ်လေးရယ် မင်းအစား ရင်မောလှတယ်။
“ရတာမလို၊ လိုတာမရ“ “ရှိတာလေးနဲ့လှအောင်မ၀တ်“ “ရောက်တဲ့အရပ်မှာ ပျော်အောင်မနေ“ မရောင့်ရဲတတ်တဲ့ လူသားတွေကိုများ ရွက်လှေငယ်လေး ရည်ညွှန်းနေလား ထင်မိတယ် ကိုမောင်ဖြူရေ။

Anonymous June 1, 2008 at 10:13 PM  

ဘာသာပြန်လေး ဖတ်လိုက်ရတာ ပိုပြီးနာလည်သွားတယ်ဗျာ... ကိုဖြူ once more ... နောက်တစ်ပုဒ်... အင်း...မဇနိပြောသလို လူသားတွေရဲ့ အပြုအမူတွေကို ရည်ညွှန်းနေတာပဲ ဖြစ်ရမယ်...
tmn

ဇနိ June 2, 2008 at 2:58 AM  

အခက်အခဲတွေကြားမှာ နေသားကျနေတော့ကာ
မုန်တိုင်းမရှိရင် မနေတတ်တော့တာလားမသိနော် ကိုဖြူ
း)

ဗိုလ်ဟိန်း June 2, 2008 at 3:54 AM  

ကောင်းလိုက်တဲ့ ဘာသာပြန်လေးဗျာ။ လေးစားမိပါ၏။

မောင်မျိုး June 2, 2008 at 5:38 AM  

ဒီဘာသာပြန် ကဗျာလေး ကောင်းလိုက်တာ အရမ်းကြိုက်တယ် ကျေးဇူး နောက်လည်း ပြန်ပေးပါအုံးး ။

မေအောင် June 2, 2008 at 8:55 AM  

မိုးပြာရောင်ပင်လယ်ပြင်ကြီး၊မြူမှုန်
မွေးရပ်မြေ၊လှိုင်း၊လေရူး၊၊သူရိန်နေမင်းကြီး
ရွှေဝါရောင်ရောင်စဉ်တန်းတွေ၊မုန်တိုင်း
...သဘာဝတရားရဲ့မြင့်မြတ်မှု့ကိုမှီခိုဖက်တွယ်ရင်း
ရွက်လှေငယ်ပေါ်မှာစွန့်စားလိုက်ပါနေသူတွေ
အများကြီးရှိနေမယ်ထင်တယ်။
ကိုဖြူကတော့သဘာဝတရားကိုဆန့်ကျင်ပြီး
ပဲ့ကြီးကိုင်နေမလားမသိ။
ဒါပဲ မူးရင်မပဲ့နဲ့....ပဲ့ရင်မမူးနဲ့ဗျို့။

မောင်ဖြူ June 2, 2008 at 12:49 PM  

comment ပေးတဲ့သူအားလုံးကို ကျေးဇူးပဲဗျို့။
Lermontov က ဒီကဗျာမှာ သူ့ဘဝကိုသူပြန်မြင်ပုံရတယ်လို့ထင်လို့ ဒီကဗျာလေးကိုကြိုက်သွားတာ။ ဒီကဗျာကိုခံစားပြီးရေးဆွဲတဲ့ ပန်းချီကားတွေလဲရှိတယ်။ Lermontov ဘဝက ပင်လယ်ပြင်ကြီးရဲ့တည်ငြိမ်မှုတွေလဲရှိတယ်၊ သူရိန်နေမင်းကြီးရဲ့ နွေးထွေးတဲ့ရောင်စဉ်တန်းတွေကိုလဲ ပိုင်ဆိုင်ခွင့်ရတဲ့ဘဝဆိုရင်မမှားပါဘူး။ သူ့အဖွား (သူ့အမေရဲ့အမေ)ဘက်က ဆွေကြီးမျိုးကြီးတွေပါ။ အမေသေပြီးတဲ့နောက်ပိုင်း အဖွားလုပ်တဲ့သူကပဲ မြေးလုပ်သူကို သူလိုချင်တဲ့ပုံစံရောက်အောင် ရိုက်သွင်းရင်းနဲ့ ထိမ်းကျောင်းခဲ့ပါတယ်။ သူ့ဘဝမှာ လိုချင်တာအားလုံးလိုလိုရခဲ့ပါတယ်။ ဒါပေမယ့် စည်းစိမ်ဥစ္စာကြွယ်ဝမှု၊ အခြွေအရံအသင်းအပင်းပေါများမှုထဲမှာ Lermontov တစ်ယောက် ဘဝရဲ့အနှစ်သာရကိုရှာတွေ့ခဲ့ဟန်မတူပါဘူး။ အဲဒီလိုနဲ့ပဲ မုန်တိုင်းနဲ့တူတဲ့ဘဝတစ်ခုကို သူဖန်တီးရင်းနဲ့ ဘဝရဲ့ငြီးငွေ့ရမှုတွေကနေ အနှစ်သာရတစ်ခုကို ရှာဖွေဖို့ကြိုးစားခဲ့ပါတယ်။ (A hero of our time (Герой нашего времени) ထဲက Pechorin ရဲ့စရိုက်တွေမှာတွေ့နိုင်ပါတယ်။) Pechorin က Lermontov ရဲ့ကိုယ်ပွားလို့ပြောရင်ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Pechorin ရဲ့ဇာတ်သိမ်းဟာ၊ Lermontov ရဲ့ဇာတ်သိမ်းနဲ့ထပ်တူပါပဲ။ နှစ်ယောက်ချင်း သေနတ်ယှဉ်ပစ်ရာမှာ၊ သေနတ်ကချက်ကောင်းကိုမမှန်ခဲ့လို့ရှိရင်လဲ ချောက်ထဲကိုပြုတ်ကျသွားအောင်၊ ချောက်ကမ်းပါးစွန်းမှာရပ်ပြီးတော့ ယှဉ်ပစ်ရာကနေ၊ Lermontov တစ်ယောက် သေနတ်မှန်ပြီး၊ ချောက်ထဲပြုတ်ကျကာ အသက် ၂၇-နှစ်မှာပဲ ဘဝဇာတ်သိမ်းသွားခဲ့ပါတယ်။
တစ်ခါတလေ၊ လူတွေကလိုချင်တာတွေအားလုံးနီးပါးရနေကြချိန်မှာ၊ ဘဝဟာအဓိပ္ပါယ်မဲ့သလိုခံစားရတတ်ပါတယ်။ အမြဲတမ်းနိုင်နေတဲ့ဂိမ်းတစ်ခုကို ကစားသူတွေပျင်းသွားကြသလိုပဲပေါ့။

~J-Quen ~ June 6, 2008 at 1:31 AM  

OMG... အဲဒါ ဂျေရဲ့ စိတ်ကြိုက်ကဗျာတစ်ပုဒ်ပဲ။ ဘာသာပြန်ထားတာလေးက ထိတယ်။ မျှဝေတဲ့တွက်ကျေးဇူးပဲ =)

~J-Quen ~ June 6, 2008 at 1:31 AM  

OMG... အဲဒါ ဂျေရဲ့ စိတ်ကြိုက်ကဗျာတစ်ပုဒ်ပဲ။ ဘာသာပြန်ထားတာလေးက ထိတယ်။ မျှဝေတဲ့တွက်ကျေးဇူးပဲ =)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP